Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ အခြား

တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားပြုစုသော ဗုဒ္ဓဂုဏ်တော်နှင့် ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ ”ခေါင်းဖြတ်ချင်သူ” ဆောင်းပါး

ခေါင်းဖြတ်ချင်သူ

သုခဝေဒနာ၊  စိမ့်ရည်ဖြာသည့်
ရသာမြိန်ရွှမ်း၊ အစိမ့်မွှန်းက
သွန်းသွန်းဆူကြွ၊  ထိုသုခကို
ပိယဟူသား၊  အချစ်ပွား၍
ခြောက်ပါးဝေဒနာ၊  မြိန်ယှက်စွာကို
လွယ်ကာမနှေး၊ လိုတိုင်းပေးသည်
သူဌေးရတနာ၊  ပမာအလား
ကြင်မယားနဲ့၊ ဝတ်စားရွှေငွေ
လယ်မြေလုပ်ခင်း၊ ထမင်းဘောဇဉ်
သဘင်ပွဲလမ်း၊  အခန်းခန်းတည်း
ပန်းမျိုးနံ့သာ၊  အဖြာဖြာလျှင်
ရူပါရမ္မဏ၊  စသည့်အပုံ
ပဉ္စာရုံနှင့်၊ ခြောက်စုံဖဿ
စက္ခုစသား၊  ဒွါရခြောက်မည်
အကြည်အလင်း၊  ကိုယ်တွင်းဓာတ်စု
အစုစုလျှင်၊  ဗဟုဘေဒါ
များပြားစွာသည်၊  ဓမ္မာရမ္မဏ
ကာမဝတ္ထု၊ အစုအပုံ
ခြောက်အာရုံ  ၊  ခုံတမင်မင်
ခင်တများများ၊ နေ့စဉ်ပွား၍
တရားအချက်၊ သဘောနက်ကို
အိပ်မက်တွင်မျှ၊  မမြင်ကြဘဲ
ကာမထောင်တွင်း၊  ခန္ဓာကင်းသည်
ခြောက်သင်းတဏှာ   စွမ်းရည်တည်း။

(လယ်တီဆရာတော်၊  ပဋိစ္စသမုပ္ပါဒ်ဒီပနီ၊  အပိုဒ် -၇)

ရှင်သာမဏေဘဝက  ကျက်မှတ်ခဲ့ဘူးတဲ့  ဆရာတော်ကြီးရဲ့  သံဝေဂတရားကဗျာတွေထဲက  အကြိုက်နှစ်သက်ဆုံး  ကဗျာတစ်ပိုဒ်ပါ။   ကံတရားအစစ်မှာ  မျက်စိရှေ့တင်ရှိနေပါလျှက်   အရှာရခက်သလို   ရှိနေကြတဲ့  ပုထုဇဉ်  လူသားတွေကို  ရှင်းခနဲ၊  လင်းခနဲမြင်အောင်  ပြလိုက်တဲ့ကဗျာလေးပါ။  သိအောင်မြင်အောင်  နှိုက်နှိုက်ချွတ်ချွတ်  လေ့လာကြဖို့ဝေးလို့  အိပ်မက်တောင်  ယောင်လို့  မမက်ကြပါဘူးတဲ့။

“ကာမဘုံသား   ဆုံလည်နွား   ဆိုတဲ့အတိုင်း   ထောင်ကြီးနဲ့တူတဲ့  ကာမဘုံကြီးထဲမှာပဲ   ဘဝတဏှာရဲ့  အကြိုက်ကိုလိုက်ပြီး  ဒီတဏှာရဲ့  အစီးအပွားကိုပဲ  အားထုတ်ပြီး  လုံ့လပြုုုကြ၊  တဏှာတွေတန်းလန်းနဲ့ပဲ  ဘဝကို  နိဂုံးချုပ်ကြ၊  ဒုက္ခပင်လယ်ကြောမှာ  မျောနေကြတာပဲ  မဟုတ်လား။ ” ဘဝတာတိုတိုမှာ  အရသာချိုချိုရှာရင်း  အချိန်ကုန်ကြမယ်”   ဆိုတဲ့  စကားဟာ  မက်မောစရာကောင်းသယောင်ယောင်နဲ့  ကြောက်စရာကြီးပါလား  ဆိုတာကို  ပုထုဇဉ်တွေ  မရိပ်စားမိကြပါဘူး။

ဗုဒ္ဓ ဟောကြားခဲ့တဲ့  သစ္စာတရား  ဟာ  ဆံချည်တစ်မျှင်  အပ်တစ်ထောက်စာတောင်  မလွဲဘူး။  ကောင်းမှုကုသိုလ်တွေ  လုပ်တော့မယ်ဆိုရင်  ပတ်ဝန်းကျင်အနှောက်အယှက်ရှိတတ်သလို  မိမိစိတ်ရဲ့  မလုံခြုံမှု   အနှောက်အယှက်လည်း   ရှိနေတတ်ပါတယ်။   သံဝေဂဉာဏ်  သတိအသိနဲ့  ယှဉ်ပြီး  ဆင်ခြင်ကြဖို့ပါ။  စစ်မှန်တဲ့တရားကိုသိမှ  ကျင့်မှပဲရင့်သန်တဲ့  ဘဝပါရမီဆိုတာက  ဖြစ်လာစမြဲပါ။  ဓာတ်ခံရအောင်  အလေ့အကျင့်ကောင်းတွေ  များများလုပ်ပေးပါလို့  တိုက်တွန်းချင်တာပါ။   ဒီနေရာမှာ  အထူးပြောချင်တာကတော့  ယောဂီ  အကြောင်းပါပဲ။  ယောဂီ  ဆိုတာရိုးသားဖို့  အရေးကြီးပါတယ်။   မရိုးသားရင်တရားမရနိုင်ပါဘူး။

ယောဂီအင်္ဂါ ၅- ပါး

“ယုံကြည်ကျန်းမာ၊  စိတ်ဖြောင့်စွာနှင့်၊  လွန်စွာအားထုတ်၊  နာမ်နှင့်ရုပ်ကို၊  ဖြစ်ချုပ်ဉာဏ်မြင်၊  ဤငါးအင်၊  မှန်ပင်မဂ်ရကြောင်း”   လို့   ယောဂီအင်္ဂါ ငါးပါးရှိပါတယ်။

“ယုံကြည်” ဆိုတာက   ဗုဒ္ဓဘုရားရှင်အပေါ်မှာရော၊  ဟောကြားတော်မူခဲ့တဲ့  တရားတော်မြတ်တွေကိုရော  မမှိတ်မသုံ  မဝေမဝါးဘဲ   ယုံကြည်အားထားဖို့ကို  ဆိုတာပါ။  ကျန်းမာဆိုတာက  တရားကိုအားထုတ်နိုင်လောက်အောင်   ကျန်းမာရေးနဲ့ ပြည့်စုံရမယ်။  ဒီနေရာမှာ  တွေ့တတ်တာက  ယောဂီကိုယ်တိုင်က  ကျန်းမားရေးချို့ယွင်းနေတာမျိုး၊  မကျန်းမာမမာဘူးလို့  စိတ်ကထင်မြင်ပေမယ့်  တရားအားထုတ်လိုက်တဲ့အခါမှာ  ထင်ထားတာထက်တောင်  ဒေါင်ဒေါင်မြည်အောင်  ကျန်းမာနေတာ၊   ကျန်းမာလာတာတွေကို  တွေ့ရတတ်ပါတယ်။

ယနေ့ကမ္ဘာမှာ  နာမည်ကျော်နေတဲ့  အိန္ဒိယနိုင်ငံက  ဝိပဿ       နာဆရာကြီး  ဂိုအင်ကာဟာ   ဆရာကြီးဦးဘခင်ဆီမှာ  တရားအားထုတ်ခဲ့ရတာဟာ  ကျန်းမာရေးချိုယွင်းလို့ပါ။  ယခုတော့  ဆရာကြီးဟာ  ကျန်းမာရေးကောင်းသလောက်  ထိရောက်အောင်မြင်နေတဲ့  ဝိပဿ       နာတရားပြဆရာကြီး  ဖြစ်နေပါပြီ။   “စိတ်ဖြောင့်စွာ”နှင့်   ဆိုတာက   ယောဂီဟာ  ရိုးသားမှု  ရှိရပါမယ်။  ယောဂီ အချောင်သမား၊  ယောဂီ   အတုအယောင်၊  ယောဂီညာ၊  ယောဂီဖြီး  မဖြစ်ဖို့လိုပါတယ်။  အတွေ့အကြုံထဲက  တစ်ချို့ကိုပြောချင်ပါတယ်။

တရားအလုပ်ကို  လုပ်ကြတဲ့အခါမှာ  ဘယ်ဉာဏ်စဉ်က  ဘယ်လိုခံစားရတယ်။  ဘယ်ဉာဏ်စဉ်က  ဘယ်လို  အရိပ်နိမတ်တွေ  ပြတယ်ဆိုတာကို  တချို့ယောဂီတွေက  သိနေပါတယ်။  စာတွေ့အရရော၊  တစ်ဆင့်စကားအရပေါ့လေ။  အဲဒီတော့  အညံ့မခံချင်တဲ့  သဘောနဲ့  အာကျမခံစိတ်  ဖြစ်လာပြီး  မဖြစ်တာကို  တကယ်ဖြစ်လေသယောင်ယောင် လုပ်ကြံ ပြောတတ်ကြပါတယ်။ မသိတာကိုသိလေသယောင်ယောင် ပြောတတ်ကြပါတယ်။

တစ်ချို့ကြတော့  သူများထိုင်သလို  ထိုင်ပါတယ်။  ကမ္မဋ္ဌာန်းသင်ပြသလို  လုပ်ပါတယ်။  ဒါပေမယ့်  တစ်ရက်၊  ဆယ်ရက်စတဲ့ကြာလို့တောင်မှ  ဘာမှမထူးခြားပါဘူး။  ဆရာသမားတွေကို  အားနာလာပါတယ်။  မျက်နှာပူလာပါတယ်။  အတူတူလုပ်ကြတဲ့  သူတွေကိုလည်း  ရှက်လာပါတယ်။  ဒီတော့  မထူးဘူးဆိုပြီး  သူများပြောသလိုပြော၊  သူများခိုင်းသလိုပြော၊  စာထဲကအတိုင်း  ပြောဆိုတာတွေ  ဖြစ်ကုန်ကြပါတယ်။  ကမ္မဋ္ဌာန်းဆရာမေးရင်  ကိုယ့်မှာဖြစ်သလောက်၊  သိသလောက်ပဲ  ပြောပြစေချင်ပါတယ်။

ဒီလိုပြောမှကောင်းတယ်၊  ဒီလိုပြောမှ  တရားရတယ်လို့  သိထားတော့  ဒီလိုပဲ  ပြောချလိုက်တာတွေ၊  တရားစခန်းက  တရားရှင်ကြီးအဖြစ်  ခပ်တည်တည်ကြီးနဲ့  ထွက်သွားကြတာတွေ  အများကြီး  တွေ့ဖူးကြုံဖူး  ကြပါတယ်။   တကယ်လုပ်ပါ။  တကယ်လုပ်တဲ့  သူဟာ  ကိုယ့်ဘာသာ  အသိဆုံးပါ။  ဘယ်သူကမှ  ဘယ်အဆင့်  ရောက်ပြီ  လို့  “စံ”  သတ်မှတ်မပေးနိုင်ပါ။  တရားအားထုတ်တဲ့ကိစ္စမှာ  အမှတ်ပေးလက်မှတ်  ပေးသလိုမျိုး  လုပ်လို့မဖြစ်နိုင်ပါ။

တတိယအချက်ဖြစ်တဲ့  “လွန်စွာအားထုတ်” ဆိုတာက  ကုသိုလ်တရားတွေ  များလာအောင်  လုံ့လဝီရိယရှိကြဖို့  ဆိုလိုတာပါ။  အမှန်လုပ်ရင်  အကုသိုလ်အလိုလို  နည်းပါးသွားစမြဲပါ။  လျောင်း၊  ထိုင်၊  ရပ်၊  သွားဆိုတဲ့  ဣရိယာပုထ်  ၄ ပါးစလုံးမှာ  အကုသိုလ်ဖြစ်မနေဖို့၊  ကုသိုလ်အမြဲ  ဖြစ်နေဖို့  ထားရတဲ့ဝီရိယကို  လွန်စွာအားထုတ်ဖို့  ဆိုလိုတာပါ။  ထိုင်ပြီး  အားထုတ်နိုင်ချိန်မှာတော့  ငြိမ်သက်လို့ပါပဲ။  ထိုင်ရာက  ထသွားတော့  အချင်းချင်း  စကားပြောကြ၊  အိပ်နေကြရင်  ရှုပွားမှုမှာ  သတိလက်လွတ်သွားတာပါပဲ။  အကုသိုလ်ဝင်တာပါပဲ။  တစ်ကြိမ်လောက်ပဲ  အားထုတ်ပြီး ကျင့်တဲ့အချိန်တွေမှာ  စိတ်တွေပျံ့လွင့်ပြီး  ဗာဟိရအမှုတွေလုပ်၊  စိတ်တွေ  ထွေပြားနေကြမယ်ဆိုရင်လည်း အကုသိုလ်ဝင်တာပဲ။

ဒါကြောင့်   လွန်စွာအားထုတ်ဆိုတဲ့  ဝီရိယဟာ    ဣရိယာပုထ် ၄ ပါးစလုံးမှာ  ကုသိုလ်နဲ့ပဲ  နေဖို့၊ တရားနဲ့သတိနဲ့နေဖို့  ရည်ညွန်းတာဖြစ်ပါတယ်။  “နာမ်နှင့်ရုပ်ကို၊  ဖြစ်ချုပ်ဉာဏ်မြင်”  ဆိုတာက  နာမ်နဲ့ ရုပ်နဲ့  အဖြစ်အပျက်ကို  နိယာမမြင်နိုင်တဲ့ ဉာဏ်ပညာကို  ခေါ်ဆိုခြင်းဖြစ်ပါတယ်။  ဘွဲ့ထူးဂုဏ်ထူးတွေကို  ဆိုလိုတာမဟုတ်ပါ။  ရုပ်နှင့်နာမ်တို့ရဲ့  ဖြစ်ပျက်နှစ်ဝကို  အနိစ္စ၊  ဒုက္ခ၊  အနတ္တဆိုတဲ့  လက္ခဏာရေးသုံးပါးတင်ရှုနိုင်တဲ့  ဉာဏ်ရည်မျိုးကို  ရလာရင်တော့  ဒီပုဂို္ဂလ်ကို  ပေးစရာဘွဲ့ထူးမရှိတော့ဘူးလို့ ပြောရမှာပါ။  သိပ် အဖိုးတန်လွန်းတဲ့ အလုပ်ဆိုတာထင်ရှားလွန်းလို့ပါ။  အဲဒီ  အင်္ဂ ါငါးပါးပြည့်စုံမှ  မဂ်ရဖို့  နီးစပ်ပါလိမ့်မယ်။

မြတ်ဗုဒ္ဓ ရဲ့  ဂုဏ်တော်တရားတော်တွေကို  ယုံကြည်ဖို့  မိမိကိုယ်တိုင်အားထုတ်တဲ့  တရားအပေါ်မှာယုံကြည်ဖို့  သဒ္ဒ ါတရားထက်သန်ဖို့၊ တရားအားထုတ်နိုင်လောက်အောင်  ကျန်းမာဖို့၊ စိတ်ထားဖြူစင်ဖြောင့်မတ်ဖို့  ဒါကတော့  ယောဂီကိုယ်တိုင်  မွေးယူကျင့်ကြံယူမှ  ရနိုင်တဲ့ကိစ္စပါ။  ယောဂီတွေဟာဝီရိယရှိရမယ်။  အချိန်ကျလာရင်  ပျင်းရိနေတာတွေ၊  စိတ်မပါသလိုလို  လုပ်နေတာတွေကိုရှောင်ကြဉ်ကြရပါတယ်။

ဖြစ်ချုပ်ဉာဏ်မြင်ဆိုတဲ့  နာမ်နဲ့ရုပ်နဲ့  အဖြစ်အပျက်ကို  သိမြင်နိုင်စွမ်းရှိတဲ့  ပညာကလည်း  လုပ်ယူလို့ဘယ်တော့မှ မရနိုင်ပါ။  ပဋိသန္ဓေပါ။  ပညာပါ။  အတိတ်က  ကုသိုလ်ကံအကြောင်းတွေ  အများကြီးပါဝင်နေပါတယ်။   မေ့လျော့ပေါ့ဆခြင်းဟာ  သေခြင်းတရားနဲ့  လက်တွေ့ဆိုရင်  စွမ်းနိုင်သူတွေ  နည်းပါးတယ်။  တွေဝေမိန်းမောတာတွေ၊  ကြောက်လန့်တကြား  စိုးရိမ်ချောက်ချားတာတွေ  ဖြစ်တတ်ပါတယ်။ ဘဝကူးကောင်းဖို့  အလွန်ခဲယဉ်းပါတယ်။  ခနာကိုယ်ကို  ဉာဏ်နဲ့ရှုကြ၊  ဆင်ခြင်ကြပြီး  သဒ္ဒါ စေတနာ  ဖြူစင်မှန်ကန်ဖို့  လိုအပ်ပါတယ်။

ဇွဲကပင်မှ  ခြိမ်းခြောက်သံ

ဇွဲကပင်တောင်ပေါ်မှာ  အဓိဋ္ဌာန်  ဝင်ခဲ့ပါတယ်။  အဓိဋ္ဌာန်ရက်ကို  ၉ ရက်သတ်မှတ်ပါတယ်။  အဓိဋ္ဌာန်ရက်  မပြည့်ခင်  ရှစ်ရက်နေ့မြောက်ညမှာ  တောင်တစ်ခုလုံး  ထူးထူးခြားခြား  ငြိမ်သက်နေတာကို  သတိထားမိပါတယ်။  ခါတိုင်းဆိုရင်  ကျေးငှက်ကလေးတွေ အိပ်တန်းပြန်လာကြပြီဆိုရင် ညံမစဲကြားရတယ်။  ဒီညမှာတော့  သစ်ရွက်လှုပ်သံ၊  လေတိုးတဲ့  အသံတွေကလွဲလို့  တိတ်ဆိတ်နေပါတယ်။  တစ်ချက်  တစ်လေတော့  စေတီတော်မြတ်ရဲ့  ဆည်းလဲသံကြားရပါတယ်။  စေတီတော်မြတ်ရဲ့  ရင်ပြင်တော်ပေါ်မှာ  အာနာပါနာ  နုဿ       တိကမ္မဋ္ဌာန်း  စီးဖြန်းပွားများပါတယ်။  အထူးခြားဆုံးကတော့  အရှင်ရဲ့ခန္ဓာကိုယ်ဟာ  ထုရိုက်ထားသလိုပဲ  မခံမရပ်နိုင်လောက်အောင်  နာကျင်တဲ့ဝေဒနာ  ခံစားရပါတယ်။

ခန္ဓာမှာရှိတဲ့ ဓာတ်ကြီးလေးပါး ဖောက်ပြန်မှုတွေကို သတိမလွတ်စေဘဲ သည်းခံစိတ်နဲ့ ရှုမှတ်နေပါတယ်။ ဖောက်ပြန်တဲ့ ရုပ်သဘော၊ ရွေ့လျား၊ လှုပ်ရှားတတ်တဲ့ စိတ်သဘော သို့မဟုတ် နာမ်သဘောကို သတိကပ်ပြီး ရှုမှတ်နေပါတယ်။

ခုလို  ပြင်းပြင်းထန်ထန်  ဝေဒနာခံစားရတာကို  ပဲခူးတိုင်း၊မင်းလှမြို့၊  ဝေဠုဝန်စာသင်တိုက်၊  ပဓာနနာယက  ဆရာတော်ကြီးရဲ့ သြဝါဒကို  သတိရပြန်မိပါတယ်။

“ပရိယတ်ဆိုတာ  သင်ကြားနာယူရတာကွဲ့၊  ပဋိပတ်ဆိုတာကတော့  ကိုယ်တိုင်  ကျင့်ကြံအားထုတ်ရတဲ့အလုပ်ပဲ။  ဝေဒနာကို  မကျော်လွှားနိုင်ရင်  အောင်မြင်မှု  နည်းပါးပြီဆိုတာ  သတိကြပ်ကြပ်ထား၊  တရားများများထိုင်၊  များများရှုပါ။  ဒါမှ  အကျိုးရှိမယ်။  တရားအားထုတ်ပြီဆိုရင်လည်း  “တရားရရင်ရ၊  မရရင်သေ ” ဆိုတဲ့  စိတ်ဓာတ်မျိုးလည်း  ထားရတယ်။  အရိုးပဲကြေကြေ  အရေပဲခန်းခန်း  ကြိုးပမ်းအားထုတ်ရမယ်၊  ကိလေသာကုန်ခမ်းရေး  မဟုတ်လား”

ကမ္မဋ္ဌာန်းဖြုတ်ပြီး  နားနေတဲ့အချိန်မှာ  ဆုံးမခဲ့ဖူးတဲ့  ဆရာတော်ကြီးတွေရဲ့  သြဝါဒ  စကားတော်တွေကို  စဉ်းစားပြီး  နေတတ်တဲ့အကျင့်ရှိပါတယ်။  ဂုဏ်တော်တွေ၊  သံဝေဂဉာဏ်ကဗျာတွေလည်း  နှလုံးအိမ်ထဲမှာသွင်းပြီး  ပွားများလေ့ရှိပါတယ်။  ဝါးကျည်ေတောက်တစ်ခုကို  ခေါင်းအုံးလုပ်ပြီး  လျောင်းနေပါတယ်။  လျောင်းရာကနေ  ပြန်ထိုင်လိုက်မယ်လို့  လုပ်တဲ့အခါ  ထိုင်လို့မရဘဲဖြစ်နေပါတယ်။  တစ်ဦးတစ်ယောက်ကဖိထားသလို  လေးလေးကန်ကန်ကြီးနဲ့ ခံစားရပါတယ်။  ဟိုဘက်ဒီဘက်  နေရာအပြောင်းအရွှေ့  ကြိုးစားကြည့်ပေမဲ့ မရပါ။  ကြာလေလေးလာလေ  ဖြစ်နေပါတယ်။  နောက်ဆုံးဘာမှလှုပ်ရှားလို့မရပါ။  ဆရာတော်ကြီးတွေပြောခဲ့ဖူးတဲ့  ဝေဒနာဆိုတာ  ဒါတွေများလား၊  အကြောအချဉ်တွေ ရပ်ဆိုင်းပြတ်တောက်ကုန်ပြီလို့တောင်  ထင်မိတယ်။

ကိုယ့်ကိုယ်လည်း  “ငါ သရဏဂုံပျက်သွားပြီလား”  လို့ ထင်မိပါတယ်။  ဗုဒ္ဓစာပေမှာတော့ သရဏဂုံပျက်စီးတဲ့  အကြောင်းတရားနှစ်ပါးပြပါတယ်။

၁။  တစ်ခြားသောဘာသာအယူဝါဒကို  ပြောင်းလွဲယုံကြည်ကိုးကွယ်ခြင်းနဲ့
၂။  ကွယ်လွန်သေဆုံးခြင်းတို့ပဲ  ဖြစ်ပါတယ်။

အယူဝါဒ  ပြောင်းလဲလိုက်လို့  သရဏဂုံပျက်သွားရင်  မိစ္ဆ ာ၊  ဒိဋ္ဌိ၊  တဏှာစတဲ့  ကိလေသာတွေ  တိုးပွားလာလို့  အပြစ်များလှပါတယ်။  သေဆုံးသွားလို့   ပျက်တာမျိုးကတော့  အပြစ်မရှိပါဘူး။  ဒီလိုပါပဲ  မိမိဆောက်တည်ထားတဲ့  သရဏဂုံကိုညစ်နွမ်း  ညှိုးနွမ်း  ညှိူးရော် စေတဲ့  အကြောင်းတရား  လေးပါးရှိပါသေးတယ်။  အဲဒါတွေက …

၁။  ရတနာသုံးပါးရဲ့  ဂုဏ်များကို  မသိခြင်း၊
၂။  ရတနာသုံးပါးရဲ့  ဂုဏ်များကို  အသိမှားခြင်း၊
၃။  ရတနာသုံးပါးကို  ယုံမှား  သံသယရှိခြင်း၊
၄။  ရတနာသုံးပါးကို   မရိုမသေ၊  မလေးမစားခြင်း၊  တို့ပဲဖြစ်ပါတယ်။

သရဏဂုံ  ညစ်နွမ်းသွားခဲ့ရင်  ကြီးကျယ်ကောင်းမွန်တဲ့  ကောင်းကျိုးတွေရမှာ  မဟုတ်ပါ။          (ခုဒ္ဒကပါဋ္ဌ၊ ဋ္ဌ၊ ရ )

ဒါတွေသိထားတဲ့ အရှင်ဟာ  ကိုယ့်ကိုယ်ကို  သရဏဂုံ ပျက်လေပြီလားလို့  စိုးရိမ်သွားခဲ့မိတာပါ။  ခနာကိုယ်လှုပ်ရှားလို့  မရတော့တဲ့အခါမှာ  အေးစက်နေတဲ့  လက်အေးကြီးတစ်ဘက်က  အရှင်ရဲ့ဦးခေါင်းကို  အသေအချာ  မိမိရရလာပြီး  ဖိကိုင်ပါတယ်။  သံမံတလင်းနဲ့  တစ်ချက်ကိုင်ဆောင့်ခံထိတယ်။  ကြောက်စိတ်ဝင်သွားတယ်။  နောက်တော့မှ  ကြောက်စိတ်ထက်  သည်းခံခွင့်လွှတ်တဲ့  စိတ်ကိုပဲ  အလေးကဲထားလိုက်ပါတယ်။  လှုပ်ရှားလို့မရအောင်  ဖိထားတဲ့ကြားက  နားဝကိုကပ်ပြီး ခြိမ်းခြောက်  ကြုံးဝါးသွားပါသေးတယ်။

“မင်းကို  ဦးခေါင်း  ဖြတ်ပစ်လိုက်မယ်”

အသံက  မာရေကြောရေ  ရှိပါတယ်။  အရှင်က  သရဏဂုံ  သုံးပါးကိုပဲ  ပွားများပါတယ်။  ငါဖြစ်နေတာ၊  ငါခံစားနေရတာတွေဟာ  အိပ်မက်  မဟုတ်ပါလား၊  စိတ်လှည့်စားနေတာတွေ  မဟုတ်ပါလားဆိုတာကို  သိတော့ဖိနှိပ်ခံထားနေရင်းက  ဗုဒ္ဓဂုဏ်တော်၊ သရဏဂုံသုံးပါးကို  ကြည်ညိုပွားများနေပါတယ်။ ကြာလာတဲ့အခါ  တဖြည်းဖြည်းနဲ့  ပေါ့လာပါတယ်။  လှုပ်ရှားလို့  ရသွားပါတယ်။  လှုပ်လို့  မရတဲ့အချိန်က  ဗုဒ္ဓဂုဏ်တော်ကို  ပွားများနေတဲ့  အချိန်မှာ  ရေစက်၊ ရေပေါက်တွေ  ရုတ်တရက်လာပြီး  စင်ထိတဲ့အခါ  ပိုပြီးတော့ကြောက်မိပါတယ်။အရှင်ဟာ  လူ့ဘဝကိုလူမှန်းသိတတ်တဲ့အရွယ်ကစပြီး  ကံငါးပါးကို  မလွန်ကျူးခဲ့ဘူးပါ။  သစ္စာကိုလည်းပြုမိလိုက်ပါတယ်။

ခေါင်းကိုကိုင်ထားတဲ့  လက်အေးကြီးရဲ့ရန်က  လွတ်သွားပြီဆိုတော့  ထထိုင်လိုက်ပါတယ်။  စိတ်ထဲမှာ  တစ္ဆေ  သရဲဆိုတာ အမှန်ရှိပါတယ်။  ခု ဖြစ်နေတာတွေဟာ  ဘယ်လိုအကျိုးဆက်တွေ၊ အကြောင်းဆက်တွေပါလိမ့်၊ အတွေးချာချာလည်နေပါတယ်။  တကယ်တော့ အရှင်တို့အတွေ့အကြုံဟာ  နက်နဲလှတဲ့  နာမ်လောက  အကြောင်းတွေကို  နားမလည်နိုင်သေးပါ။

စိတ်အေးချမ်းသွားလို့  ပြန်လည် ဆန်းစစ်လိုက်တဲ့အခါကျမှ  မိမိရဲ့  အားနည်းချက်ကို  သိလိုက်ပါတယ်။  အဲဒါကတော့ ” မေတ္တာဘာဝနာ” အားနည်းချက်ပါပဲ။  အဓိဋ္ဌာန်တရားဘာဝနာ  ပွားများအားထုတ်မယ့်သူဟာ  မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို  အလေ့အကျင့်ခိုင်ခိုင်မာမာ  ထူထောင်ထားရပါတယ်။  ဒါမှ  နိက္ခမပါရမီဓာတ် ပြည့်စုံမယ်။

နိက္ခမပါရမီဓာတ်ကို  လိုလားတောင့်တကြတဲ့  သူဟာမေတ္တာ  ဘာဝနာတရားကို  နက်နက်နဲနဲ  အလေးထားပြီး  မပေါ့မဆ၊  မမေ့မလျော့ဘဲလုပ်ကြရမယ်။  သီလရှိ  မရှိ  စမ်းသပ်တာ  မဟုတ်ပေမယ့်  ဆိုင်ရာပိုင်ရာ  နယ်မြေနဲ့ စကားပြောလာပြီဆိုရင်  မေတ္တာဘာဝနာအားနည်းလို့ကတော့  စိတ်မခိုင်ဘဲ  ရူးသွားနိုင်ပါတယ်။  တရားကြောင့်ရူးသွားတာမဟုတ်ပါ။ အပ ကပေးတဲ့  အစွဲအလန်းကြောင့်ပါ။  ကံ၊ စိတ်၊  ဥတု၊  အာဟာရဆိုတဲ့  အကြောင်းတရား  လေးပါးဟာ  လူကို   ပြုပြင်စီရင်စေတဲ့သဘောရှိပါတယ်။  ဒီတရားရှိနေပါလျက်  ဒါတွေကို  လိုအပ်သေးလို့လား  စောဒက  တက်ချင်တက်ကြပါလိမ့်မယ်။  ဓူတင်ဆောက်တည်နေတဲ့ပုဂို္ဂလ်၊  ဗုဒ္ဓဂုဏ်တော်ပွားများနေတဲ့ပုဂို္ဂလ်တွေကို  ဖမ်းစားခြောက်လန့်တတ်တဲ့  တစ္ဆေ၊  သရဲတွေ (ခြောက်လန့်တာတွေ)  တွေ့ကြုံခဲ့ဖူးပါသလားလို့  မေးကြည့်လိုက်ပါ။  အဖြေတစ်ခုရပါလိမ့်မယ်။

အရှင်တို့ရဲ့ဆရာတော်ကြီးက ” ယုံကြည်ချက်နဲ့  စိတ်ဓာတ်ရေးရာရဲ့  အဓိကကျပုံကို  မမေ့ကြပါနဲ့ ” ဆိုတဲ့စကားကို  အမှတ်ရမြဲဖြစ်ပါတယ်။  အနန္တ ငါးပါး  ဂုဏ်ကျေးဇူးတရားကို  မပေါ့မဆဘဲ  ယုံကြည်ကြဖို့နဲ့  ပေါ့ပေါ့တန်တန်မထားဖို့ဖြစ်ပါတယ်။  ဒီနေ့တွေ့ကြုံရတဲ့  အဖြစ်မျိုးဟာ  စိတ်ကူးထဲမှာတောင်မထည့်ခဲ့ဘူးပါ။  စိတ်ကူးထဲမှာ  မရှိခဲ့ဘူးတဲ့  ခုလိုအဖြစ်မျိုးကို  တောရဆောက်တည်  တရားအားထုတ်သွားကြမယ့်  အရှင်သူမြတ်တွေအတွက်  သတိထားစရာ  အချက်တစ်ရပ်ပါပဲ။  ဒီလို  မဖြစ်အောင် …

၁။  မေတ္တာဘာဝနာ  ပွားစီးဖို့မပျက်နဲ့
၂။  ရုပ်၊  နာမ်  နှစ်ပါးကို  ဖြစ်  ပျက်ရှုဖို့  မမေ့ဘဲ
၃။  မိမိခန္ဓာကို  တရားနဲ့အပ်နှံဖို့  မမေ့ဖို့ဘဲ ဖြစ်ပါတယ်။

Photo by veeterzy on Unsplash

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ

အနေမမြတ်ရင်သေတတ်မှာ မဟုတ်ဘူး

တစ်နေ့ ‘ကိုယ်လဲသေရဦးမှာပဲ’ ဆိုတာ ခုကတည်းကသိထားပြီးဖြစ်ပါတယ်။

ရှောင်လွှဲလို့မရတဲ့ ဒီလမ်းအတွက်အသက်သာဆုံး နည်းကောင်းကိုရှာဖွေထားဖို့ အရေးကြီးပါတယ်။

မအို၊ မနာ၊ မသေခင် ရှင်နေစဉ်မှာ မိဘကိုလုပ်ကျွေး။
ဘဝလည်း အေးမြအောင် စိတ်ဓာတ်မြင့်မြင့်ထားမှ တော်မယ်လို့ခံယူလိုက်မိပါတယ်။

ဘဝနေညိုချိန် မရောက်ခင် အင်အားရှိရှိ လုပ်ကိုင်နိုင်တုန်းမှာ ဒါန၊ သီလ၊ ဘာဝနာတွေ လုပ်ထားဖို့၊ ကိုယ်ခံအားကောင်းဖို့ အရေးကြီးပါတယ်။

‘အနေမမြတ်ရင် သေတတ်မှာမဟုတ်ဘူး’

ဆိုတဲ့စကားဟာ လူသားအားလုံးကို မီးမောင်းထိုးပြတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။

တောမှီရဟန်း၏ ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ…

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁) 

အကြမ်းဖက်မှုမပါဘဲ (နှလုံးရည်သက်သက်) တရားဥပဒေဘောင် အတွင်းသက်သက်နဲ့ အောင်မြင်လာတဲ့ နိုင်ငံရေးဟာ အဟိံသာ၊ သို့မဟုတ် အဝိဟိံသာ၊ သို့မဟုတ် သစ္စာဂရဟ၊ သို့မဟုတ် အကြမ်းမဖက်တဲ့ မေတ္တာတရား အောင်နည်း နိုင်ငံရေးလို့ ပဏာမနိဒါန်းအဖြစ် ဖွင့်ဆိုပြလိုက်ချင်ပါတယ်။ 

အကင်းပါးတဲ့ ပြုပြင်ပြောင်းလဲရေး 

ထင်ရှားပေါ်လွင်တဲ့ အဖြေတစ်ခုရဖို့ (ဘယ်သူမဆို မိမိ) အလုပ်နဲ့ သက်သေပြရတယ်။ ကိုယ်တိုင်လည်း ဆုံးဖြတ်ရတယ်။ စောင့်ကြည့်တဲ့သူတွေကတော့ ဖြစ်ပျက်မှုအပြီးမှာ ဆုံးဖြတ်ပေးကြမှာပဲ။ စိတ်တိုင်းကျ၊ မကျတော့ မဆိုနိုင်ပါ။ အကြမ်းဖက်မှုမပါတဲ့ နှလုံးရည် သက်သက် လုပ်တဲ့ အလုပ်တွေအားလုံးဟာ ဘယ်သူမှတော့ အားရကျေနပ်ကြမယ် မထင်ပါ။ ဉာဏ်နီဉာဏ်နက်များတဲ့သူတွေဆိုရင် ပိုဆိုးတာပေါ့။ အကြမ်းမဖက် (မပါ) တဲ့ အလုပ်ဟာ ဟန့်တားလို့လည်း မရနိုင်ပါ။ ပိတ်ပင်တားဆီးလို့လည်း မရပါ။ အကြမ်းမဖက်တဲ့ အလုပ်ဟာ သင်္ချာနည်းပုံစံလိုမျိုးလည်း သေချာပေါက် တွက်ချဲ့ (တွက်ချက်) ထားလို့လည်း မရပါ။ 

အဖြစ်အပျက်တစ်ခု၊ သို့မဟုတ် အခြေအနေတစ်ရပ်ကို (ပြုပြင်) ပြောင်းလဲဖို့ဟာ အကြမ်းဖက်မှုမပါတဲ့နည်းနဲ့ ပြုပြင်ပြောင်းလဲမှုပြုမယ်ဆိုရင် အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာ မပြောနိုင်ပါ။ အခွင့်အလမ်းကို ကြည့်ပြီး လုပ်စရာရှိသမျှကို လုပ်ဖို့ပဲ အရေးကြီး ပါတယ်။ အကင်းပါးတဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်အောင်တော့ လုပ်ရမယ်။

အများကြိုက်တဲ့ ငြိမ်းချမ်းရေး 

ဉာဏ်ထက်မြက်တဲ့သူ၊ ပညာရှိတဲ့သူ၊ လူရည်လူသွေးသွက်လက်တဲ့ လူတစ်ယောက် ဖြစ်ပေမယ့် ဒီအကြမ်းမဖက်တဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ကိုင်နိုင်ဖို့ဟာ အရေးကြီးတယ်။ အကြမ်းမဖက်တဲ့ နိုင်ငံရေးသဘောတရားဟာ ရေရှည်လုပ်ဆောင်ကြတဲ့ နိုင်ငံရေးသိပ္ပံ နည်းလမ်း မဟုတ်ပေမယ့် မိမိခံယူချက်နဲ့ ညီညွတ်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို အများပြည်သူ လက်ခံကျင့်သုံးနိုင်တဲ့ နည်းစနစ်ဖြစ်အောင် ပြုပြင်ပြောင်းလဲမှု လုပ်ပေးနိုင်မယ် ဆိုရင်၊ တစ်နည်း ပြည်သူ့သဘောရှိတဲ့ (သဘောထား) အတိုင်း နိုင်ငံရေးလမ်းစဉ်များကို ပြုလုပ်ပေး နိုင်မယ်ဆိုရင် လက်နက်မပါတဲ့ ပြုပြင်ပြောင်းလဲမှ နိုင်ငံရေးသမိုင်းဟာ အများကြိုက်တဲ့ ငြိမ်းချမ်းရေးပြုပြင်ပြောင်းလဲမှ ဖြစ်မှာပါပဲ။

ဒီနေရာမှာ –
(၁) လက်နက်ကိုင်တဲ့ နိုင်ငံရေးခံယူချက်နဲ့
(၂) လက်နက်ကိုင်ခြင်းမရှိတဲ့ နိုင်ငံရေးလမ်းစဉ် 
နှစ်မျိုးကို လေ့လာကြည့်ရှုနိုင်ပါတယ်။

လူတွေဟာ အကြမ်းမဖက်တဲ့၊ လက်နက်မကိုင်တဲ့ နိုင်ငံရေးလမ်းစဉ်ကို ကိုယ်စီ ကိုယ်င နားလည်ကြမယ် ဆိုရင်၊ သို့မဟုတ် ကျင့်သုံးကြမယ် ဆိုရင် အသက်သေကျေမှု ကင်းမဲ့တဲ့ နိုင်ငံရေးမူဝါဒကောင်းတွေ ဖြစ်လာမှာပါပဲ။ လူသားတို့ရဲ့ အရင်းအမြစ် နိုင်ငံရေး လမ်းစဉ်ဟာ အကြမ်းမဖက်တဲ့ နိုင်ငံရေးလမ်းစဉ်မှအပ အခြားသော နိုင်ငံရေးလမ်းစဉ်ဟာ အဆုံးအဖြတ်ပေးခြင်း မကောင်းတာ အမှန်ပါပဲ။

လူမှုဘဝနိုင်ငံရေးမူဝါဒ

အဆုံးအဖြတ်ပေးခြင်းမကောင်းတဲ့ လူမှုဘဝနိုင်ငံရေးလမ်းစဉ်ဟာ ဒီမိုကရေစီ လမ်းစဉ် မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံရေးလမ်းစဉ် ဆိုတာလည်း အကြမ်းဖက်မှုကင်းမဲ့တဲ့ နိုင်ငံရေးလမ်းစဉ် မဟုတ်လေတော့ လူမှုဘဝနိုင်ငံရေးလမ်းစဉ်၊ သို့မဟုတ် လူမှုဘဝနိုင်ငံရေး မူဝါဒ မဟုတ်သေးကြောင်း တွေ့မြင်နိုင်တယ်။ နိုင်ငံရေးကို အများအားဖြင့် တောင်းပွဲ၊ တိုက်ပွဲလုပ်လို့ရတဲ့ အနိုင်ရခြင်းကို နိုင်ငံရေးလို့ ဂုဏ်တင်ချင်ကြတယ်။ နိုင်ငံရေးဆိုတာ တောင်းပွဲ၊ တိုက်ပွဲမပါဘဲ အကြမ်းဖက်မှုမပါတဲ့ ညင်ညင်သာသာ လှလှပပ ပြုပြင်ပြောင်းလဲ တတ်တဲ့ နိုင်ငံရေးသည်သာ လူမှုဘဝကို အထောက်အကူပြုတဲ့ နိုင်ငံရေးလို့ ဆိုရမှာ ဖြစ်ပါတယ်။

လှည့်ကွက်

ခေတ်ကာလအခြေအနေကို သုံးသပ်ကြည့်တဲ့အခါ အခြားသော နိုင်ငံရေး လမ်းပြ မြေပုံတွေဟာ စုပေါင်း ပူးပေါင်း လုပ်ဆောင်တဲ့ နိုင်ငံရေးလမ်းပြမြေပုံအနေနဲ့ ရေးဆွဲတင်ပြလက်ခံကြတယ်။ ဒီနည်းဟာ နိုင်ငံရေးနည်းလမ်း မှန် မမှန်၊ ဟုတ် မဟုတ် သေချာစွာ မစဉ်းစားကြဘဲ ကြားခံလိုက်လံဆောင်ရွက်လုပ်ကိုင်တဲ့ နိုင်ငံရေးပါ။ အကျိုးအမြတ် ရယူ လိုကြတဲ့သူတွေရဲ့ လုပ်ကွက်၊ လှည့်ကွက် နိုင်ငံရေးပါပဲ။ အဲဒီလို နိုင်ငံရေးမျိုးဟာ အစိုးရနဲ့ ပြည်သူများ ခံစားရတဲ့ နိုင်ငံရေးပါ။ နိုင်ငံရေးပေါင်း တော်တော်များများ ခံစားခဲ့ကြရတယ်။ ဒီအပြောင်းအလဲဟာ တကယ့်ဒီမိုကရေစီကျင့်သုံးတဲ့ တိုင်းပြည်ကြီးတောင်မှ အလူးအလဲ ခံစားကြရတယ်။ ဒီလို ခံစားနေကြရတာကို လူတိုင်း နားလည်အောင်၊ သိအောင် အကင်း ပါးပါးလေးနဲ့ ပြုပြင်ပြောင်းလဲပေးရတာကြောင့် လူမှုဘဝနိုင်ငံရေးလမ်းစဉ်ဟာ အလွန် ခက်ခဲပြီး အလွန်သိမ်မွေ့အောင် ဆောင်ရွက်ရပါတယ်။

အခြေခံဥပဒေအစစ်

များသောအားဖြင့် ယနေ့ကျင့်သုံးနေကြတဲ့ နိုင်ငံရေးလမ်းစဉ်ဟာ စံနှုန်းမပါတဲ့ နိုင်ငံရေးလမ်းစဉ်တွေ တွေ့ရတယ်။ မူရင်း မိမိတိုင်းပြည်ရဲ့ အခြေခံဥပဒေကို အားထားရမှာကို မတွေ့မမြင်ကြဘဲ အပြည်ပြည်ဆိုင်ရာက အခွင့်အရေးဥပဒေကို ပိုမိုပြီး လေးစားလိုက်နာရခြင်းမျိုး လုပ်နေကြရတယ်။ အဲဒီလို တက်လာမည့် နိုင်ငံရေးလမ်းစဉ်မျိုးဟာ မိမိတိုင်းပြည်အတွက် နိုင်ငံရေးလမ်းစဉ်မူဝါဒ အားနည်းပြီး တစ်ယောက်လာတစ်မျိုး၊ တစ်ဖွဲ့လာတစ်မျိုးနဲ့ လိုက်လံပြုပြင်ရေးဆွဲရတဲ့ ဥပဒေတွေ အမျိုးမျိုးဖြစ်လာပြီး အခြေအမြစ် မပိုင်တဲ့ အခြေခံတိုင်းပြည်အတွက် အခြေခံဥပဒေအစစ်တွေ ပျောက်သွားတတ်တယ်။

အခြေခံဥပဒေအစစ် ဆိုသည်မှာ မိမိလူမျိုးစရိုက်၊ အလေ့အကျင့်၊ တရားနဲ့ လျော်ကန်တဲ့ ဥပဒေပဲ ဖြစ်ရမယ်။ မိမိလူမျိုး အကျင့်စရိုက်နဲ့ မလျော်ညီတဲ့ အခြေခံဥပဒေ များကို ပြဋ္ဌာန်းကျင့်သုံးကြမည်ဆိုလျှင် ထိုဥပဒေကြောင့် နည်းလမ်းတွေ ပျက်စီးပြီး ပြည်သူ တွေပါ အမူအကျင့်တွေ ပျက်စီးကြကုန်တယ်။ လူတွေကို အုပ်ချုပ်တဲ့ပညာရေးဟာ နည်းဗျူဟာပညာရေးစနစ် ဖြစ်သည်ကြောင့် နိုင်ငံရေးနည်းဗျူဟာစနစ်ကို လိုက်နာခြင်း နည်းပညာဖြစ်အောင် နိုင်ငံတော် အခြေခံဥပဒေ ရေးဆွဲသည့်အချိန်မှာ စေ့စေ့စပ်စပ် သေသေချာချာ ရေးဆွဲရမှာ ဖြစ်ပါတယ်။

နည်းပညာ

ဒီနေရာမှာ ဒီလို စကားကို ဆိုချင်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ လွတ်လပ်ရေးဟာ မှန်ကန်တဲ့ အဓိပ္ပာယ်ရှိတဲ့ လွတ်လပ်ရေးလိုပဲ တန်ဖိုးထားရင် မိမိရဲ့ အမျိုးသားနိုင်ငံရေး မူဝါဒကိုလည်း မိမိရဲ့ လွတ်လပ်ရေးလိုပဲ၊ သို့မဟုတ် မိမိ တိုင်းပြည်လွတ်လပ်ရေးနေ့လိုပဲ တန်ဖိုးထားရမယ်။ နိုင်ငံရေးနည်းပညာဟာ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ နိုင်ငံပေါင်းစုံအသင်းကြီး မပေါ်ပေါက်မီက နိုင်ငံရေးအတွေ့အကြုံရှိတဲ့ နိုင်ငံရေးခေါင်းဆောင်အချို့က ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတိုင်းကို မိမိ တွေးခေါ်ထားတဲ့ နိုင်ငံရေးမူဝါဒလမ်းစဉ်ကို လိုက်နာကျင့်သုံးနေထိုင် ကြအောင် ပြည်သူလူထုတွေကို သင်ကြားမှုပြုခဲ့တယ်။ သင်ကြားပေးထားတဲ့ နိုင်ငံရေးမူဝါဒ လမ်းစဉ်ဟာ လူမှုဘဝပြောင်းလဲမှု၊ ရပ်တည်မှု ဖွံ့ဖြိုးမှု၊ တိုးတက်မှုမပါတဲ့ နိုင်ငံရေးပညာ ဖြစ်သည့်အတွက်ကြောင့် အချို့နိုင်ငံရေးလမ်းစဉ်ဟာ အသုံးမဝင်တော့ဘဲ လူဘုံအလယ်မှာ ပျောက်ကွယ်သွားကြရတယ်။

တာဝန်မဲ့လွန်းတာကြောင့်

ယနေ့တော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်အရ လူတိုင်းနှုတ်ဖျားက ဒီမိုကရေစီသက်သက်ပဲ ဆိုကြပြောကြတယ်။ ဒီမိုကရေစီ ခေတ်ရေစီးကြောင်းအရ ဒီနိုင်ငံရေး မူဝါဒဟာ လူသားဆန်တဲ့ နိုင်ငံရေးလို့၊ ဒါမှမဟုတ် လူသားအားလုံးကို အခွင့်အလမ်းနည်း ကောင်း နည်းမှန်ပေးတဲ့ နိုင်ငံရေးလို့ ဆိုလို့ ဖြစ်၊ မဖြစ် လေ့လာရမယ်။ များသောအားဖြင့် မြန်မာပြည်သူတွေဟာ တစိုက်မတ်မတ် လေ့လာရမယ့် နိုင်ငံရေးအကြောင်းကို နှစ်ပေါင်း များစွာက သင်ကြားရမယ် ဆိုတာကို အလေးမမူ ဂရုမထားဘဲ ခေတ်ရေစီးအတိုင်း သူထ ကိုယ်ထ၊ သူထိုင်ကိုယ်ထိုင် ပုံစံမျိုးနဲ့ နိုင်ငံရေးကို အကင်းမပါးကြတာကြောင့် နိုင်ငံတကာ နိုင်ငံရေး အပြောင်းအလဲကြောင့် အလူးအလဲနဲ့ ခံကြရတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးအကြောင်းကို ကောင်းကောင်းသိတဲ့ ရှေးခေတ် အဆက်ဆက်က မြန်မာနိုင်ငံရေးပညာကို နားလည်တဲ့ နိုင်ငံရေးပညာရှင်တွေဟာ လူးလူး လွန့်လွန့် နိုင်ငံရေးအတွေးအခေါ်တွေ မသင်၊ မပြပေးတာကြောင့် ယနေ့ မြန်မာလူထုတွေဟာ နိုင်ငံရေးအတွေးအမြင်တွေ အားနည်းကြပြီး ကမ္ဘာ့နိုင်ငံရေးမြင်ကွင်းကျယ်အလယ်မှာ မျက်နှာ ငယ်ရတယ်။ ဒီလို မျက်နှာငယ်ရလို့ အပြစ်တင်စောဒကတက်တာ မဟုတ်ပါ။ တာဝန်ရှိတဲ့ သူတွေဟာ တာဝန်မဲ့လွန်းတာကြောင့် ပြောရခြင်း ဖြစ်ပါတယ်။

သမိုင်းပြသောစကား

ယနေ့လည်း အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ မြန်မာ့လူငယ်တွေဟာ နိုင်ငံရေးအတွေး အမြင် အားနည်းနေကြတာကို တွေ့ရတယ်။ နိုင်ငံရေး အလျင်အမြန် ပြန်လည်နိုးကြားလာ အောင် စည်းရုံးဟောပြောပြရသော လူငယ်အချို့ရဲ့ စကားတွေချည်း ကြားရတော့ အကြမ်း ဖက်မှုမပါတဲ့ နိုင်ငံရေးနည်း၊ သို့မဟုတ် မြန်မာလူမှုဘဝ နိုင်ငံရေးနည်းလမ်းကို ညွှန်ပြနိုင်တဲ့ နိုင်ငံရေးစကားတွေ မပြောတတ် မဆိုတတ် ဖြစ်နေတာကို တွေ့ရတယ်။

ဝေဖန်ရေးအတိုင်းသာ ပြောရမယ်ဆိုရင် 
(၁) အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံ အားနည်းခြင်း။ 
(၂) စာပေ၊ ဗဟုသုတ ဆည်းပူးမှု အားနည်းခြင်းကြောင့်
ပြောစကား ဆိုစကားတွေမှာ အညာအဖျင်းတွေပါတယ်။ အတည်စကားကို ဆိုတတ် ခြင်းကြောင့် နိုင်ငံရေးစကားကို ဆိုနိုင်မယ်။ နိုင်ငံရေးစကားဟာ သမိုင်းပြသောစကား ဖြစ်ရမယ်။ အဆင့်ကျော်ပြီး စိတ်လောလောလားလား ပြောဟောတဲ့ စကားဟာ နိုင်ငံရေး မဟုတ်ပါ။ 

ခနော်ခနဲ့နိုင်ငံရေး

နိုင်ငံရေးအမြင်ဟာ လူတိုင်းမှာ ရှိဖို့လိုပေမယ့် လူတိုင်း နိုင်ငံရေးကို စိတ်မဝင်စား ပါ။ နိုင်ငံရေးပညာ ဆိုတာ မိမိ နေထိုင်တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ အဓိကပညာရေးပါပဲ။ မိမိတိုင်းပြည်ကို ခနော်ခနဲ့နိုင်ငံရေးပညာနဲ့ အုပ်ချုပ်ပြီးနေရင် နိုင်ငံရေးဝါးဝတဲ့သူတွေရဲ့ လက်ချက်ကြောင့်နဲ့ လူမျိုးရော၊ တိုင်းပြည်၊ နိုင်ငံပါ ပျောက်ကွယ်သွားနိုင်တယ်။ အကြိမ်ကြိမ် အခါခါ ကျွန်သက်ရှည်ရတဲ့ မြန်မာပြည်သူတွေရဲ့ ဘဝသမိုင်းကို ပြန်ကြည့်ရင် မိမိတိုင်းပြည် ကို အုပ်ချုပ်စီမံတဲ့ မြန်မာပြည်နိုင်ငံရေး အုပ်ချုပ်မှုစီမံမှု အားနည်းနေသည်ကြောင့် ဆိုးကျိုးမှု တွေ အမျိုးမျိုး ခံစားနေရတယ်။ ယခုလည်း မြန်မာနိုင်ငံရေး နည်းပညာစွမ်းအင်ကို တိုးမြှင့် နိုင်ရန် မြန်မာနိုင်ငံမှာ နိုင်ငံရေးသင် တက္ကသိုလ်ကျောင်းများ တည်ထောင်ဖန်တီးသင့်လောက် ပြီလို့ မြင်ပါတယ်။ မြန်မာ့နန်းစဉ်အုပ်ချုပ်မှု မြန်မာနိုင်ငံရေး ဗဟုသုတစာပေတွေဟာ ယနေ့တိုင် ထင်ရှားနေဆဲ ရှိပါသေးတယ်။ မြန်မာ့နိုင်ငံရေး ပညာသင်ကျောင်း ဖွင့်လှစ်မယ် ဆိုရင် လုံလောက်မှု အပြည့်အဝ ရှိပါတယ်။ ဘာကြောင့် စိတ်မဝင်စားကြပါသလဲ။ 

မြင့်မြတ်တဲ့ ဦးတည်ချက်

နိုင်ငံရေးဆိုတာ ယုတ်မာမှုရဲ့ စွမ်းအားတစ်မျိုး ဖြစ်တာကြောင့် ယုတ်မာမှု စွမ်းအား တွေ မတိုးတက်မီ လူမှုဘဝအဖွဲ့အစည်းတွေကို မလွှမ်းမိုးနိုင်တဲ့ နိုင်ငံရေးပညာသင်ကျောင်း တစ်ကျောင်း မြန်မာ့လူ့အဖွဲ့အစည်းလောကမှာ တည်ထောင်ဖန်တီးသင့်ပါတယ်။ လူမှုအဖွဲ့ အစည်းဟာ ပုံစံတွေ အမျိုးမျိုး ပြောင်းလဲတတ်တယ်။ နိုင်ငံရေးနည်းလမ်းဟာလည်း ပုံစံ၊ စနစ် ပြောင်းလဲနေတယ်။ ပြောင်းလဲမှုအခြေခံသဘောတရားကို နားမလည်ရင် နားလည် သူတွေက လူတွေရဲ့ ပြုမူမှု အချက်အလက်တွေနဲ့ပဲ ခံစားရမယ်။

ပြည်သူတွေဟာ ခေတ်ပညာတွတ်မြောက်မှု များစွာ ရှိဖို့လိုတယ်။ အမြော်အမြင် ရှိဖို့ လိုတယ်။ ခေတ်ပညာ၊ အမြော်အမြင်အားနည်းရင် အုပ်ချုပ်မှု မူဝါဒတစ်ခုခုနဲ့ ထိတွေ့ လာရင် အုပ်စိုးမှုဒဏ် မခံမရပ်နိုင်ဘဲ တစ်ပါးသော အဖွဲ့အစည်းများ အပြစ်တင်ဖွယ်တွေ၊ ဆန့်ကျင်ဘက်တွေ လုပ်လာတတ်တယ်။ စိတ်ပျက်အားလျော့နေတဲ့ ပြည်သူတွေကို ရဲရင့်မှု၊ တည်ကြည်မှု၊ သတ္တိရှိမှုများ နည်းမျိုးစုံ ပညာပေးရမယ်။

ဘယ်သူမဆို စိတ်ဓာတ်ကြံ့ခိုင်မှု ရှိရမယ်။ မြင့်မြတ်တဲ့ ဦးတည်ချက် ထားရမယ်။ မိမိတိုင်းပြည်ရဲ့ အခြေအနေကို လက်တွေ့အကောင်အထည်ဖော်ရမယ်။ တိုင်းပြည်နဲ့ ပတ်သက် လာရင် ဘယ်လိုပဲ ကိုယ်၊ စိတ်ဆင်းရဲမှုတွေ ခံရခံရ အားလုံးအတွက်ဖြစ်အောင် အဲဒီဒုက္ခမျိုး ကို မငြင်းဆန်ဘဲ အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းလမ်းကို ထိုးဖောက်ပြီးတော့ တိုင်းပြည်ရဲ့ ကြမ္မာကောင်းရောက်အောင် စွန့်စားရမယ်။ စတေးရမယ်။

လောကပဓာန

ဦးတည်ချက်နဲ့ ပတ်သက်လို့ –
(၁) မိမိအကျိုးကို ပဓာနထားသူ
(၂) လောကအကျိုးကို ပဓာနထားသူ နှစ်မျိုး ရှိပါတယ်။

ဦးတည်သူက အကျင့်မှားရင် ဒုစရိုက်သို့ရောက်သွားနိုင်တယ်။ ဒုစရိုက်သို့ ရောက် သွားတဲ့ ဦးတည်ချက်မှန်သမျှဟာ မှန်သောအကျင့်ကောင်း မဟုတ်။ အတ္တပဓာန ဖြစ်ပါတယ်။ လောကပဓာန မဟုတ်ပါ။ ဦးတည်ချက်မှန်သမျှဟာ ဝဋ်ချမ်းသာလို့ ဦးမတည်ရ။ (ဦးတည် ခြင်း မဖြစ်ရ)

လူဟာ ပတ်ဝန်းကျင်ချင်း တူညီပေမယ့် အလုပ်လုပ်ချင်း မတူညီပါ။ အလုပ် လုပ်ချင်း တူညီသော်လည်း ဦးတည်ချက်ခြင်း မတူညီပါ။ မြင့်မြတ်သောသူက လောကပဓာန ထားတယ်။ လောကကို မသိမ်းပိုက်၊ လောကကို ခုတုံးမလုပ်၊ မျက်နှာဖုံးမလုပ်။ ငါမပါ၊ ငါမထား။

လောကအကျိုးအတွက် ကိုယ်ကို စွန့်သော သတ္တိ ရှိရမယ်။
(၁) စိုးရိမ်ခြင်း။
(၂) ကြောက်ရွံ့ခြင်းတရား မရှိရ။ (မထားရ)

မိမိဘဝ၊ မိမိစည်းစိမ်ကို အများအတွက်ဖြစ်အောင် စွန့်လွှတ်နိုင်ရမယ်။ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းကြောင့် သတ္တိမဲ့တဲ့ အမှတ်အသားတွေ ဖြစ်လာမယ်။

နိုင်ငံရေးကို လုပ်တဲ့သူဟာ ချစ်စိတ်၊ မုန်းစိတ်၊ တွေဝေစိတ် မထားရ။ မြင့်မြတ် သော အကျိုးတရားကို ဆောင်ရွက်တဲ့သူဟာ (တစ်လမ်း)တစ်ခုတည်းကိုသာ မြင်ရမယ်။ ကြည့်ရမယ်။ ဘောင်ရှိတဲ့သဘော၊ ဘောင်မဲ့တဲ့သဘောကို မြင်ရမယ်။ မြင့်မြတ်တဲ့သူဟာ အရေအတွက် မဟုတ်ပါ။ အရည်အချင်းပါ။ 

“လောကမှာ အချင်းချင်း ကွဲပြားမှု ရှိ၏။ တူသည် ဟူ၍ မရှိ။ ကွဲပြားကြ၏။ ကံ၊ ဉာဏ်ချင်းလည်း ကွဲပြားကြ၏။ အကျိုးပေးချင်း၊ စရိုက်ချင်းများလည်း ကွဲပြား၏။ တူသောအချက်ကား သံသရာခရီးသည်ချင်း တူ၏။ ဝဋ်ဒုက္ခချင်း တူ၏” 

(တောမှီရဟန်း၊ ပါရမီဆယ်ပါး သြဝါဒများ)

စွန့်လွှတ်မှုတရားနဲ့ စိတ်ဓာတ်

သစ္စာဂရဟီ – အကြမ်းမဖက်တဲ့ နိုင်ငံရေးသမားတစ်ယောက်ဟာ ဘယ်သူ့ကိုမှ မညှဉ်းပန်းဘဲ လုပ်နေတဲ့ နိုင်ငံရေးအလှကိုသာ ဆင်ခြင်ပြီး ဉာဏ်စွမ်းအကုန် ကြိုးစားနေမှာပါ။ မာန်မာန ထောင်လွှားဖို့၊ ဒဏ်ခံရဖို့အကြောင်း မစဉ်းစားပါ။ ကြောက်လို့ မိမိတာဝန်ကို သွေဖည်သွားမှာ မဟုတ်ပါ။ စွန့်လွှတ်မှုတရားနဲ့ စိတ်ဓာတ် တည်မြဲ (ခိုင်တည်)နေမှာပါ။ သူ့မှာ ခံစားနေရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို မည်သို့မည်မျှ ပြင်းပြခံစားနေရပါတယ်လို့ ပြောပြမှာ မဟုတ်ပါ။ နက်ရှိုင်းတဲ့ သတ္တိတွေလည်း ဖော်ပြမှာ မဟုတ်ပါ။

အဲဒီလို စွန့်လွှတ်နိုင်တဲ့ မိမိဘဝတစ်ခုလုံးကို အပြီးအပိုင် အပ်နှံလိုက်သော နိုင်ငံရေး သမားကို ပြည်သူတွေ မကူညီလည်း Civil Disobedience ဆိုတဲ့ သူ့ရဲ့အလုပ်က နောက် မဆုတ်ဘဲ လုပ်နေမှာပါပဲ။

နိုင်ငံရေးအမြင်ဟာ လူတိုင်းမှာ ရှိဖို့လိုပေမယ့် လူတိုင်းနိုင်ငံရေးကို စိတ်မဝင်စားပါ။ နိုင်ငံရေးပညာဆိုတာ မိမိ နေထိုင်တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ အဓိက ပညာရေးပါပဲ။ မိမိတိုင်းပြည်ကို ခနော်ခနဲ့ နိုင်ငံရေးပညာနဲ့ အုပ်ချုပ်ပြီးနေရင် နိုင်ငံရေးပါးဝတဲ့သူတွေရဲ့ လက်ချက်ကြောင့်နဲ့ လူမျိုးရော၊ တိုင်းပြည်၊ နိုင်ငံပါ ပျောက်ကွယ်သွားနိုင်တယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၇၇-၈၃၊ အဝိဟိံသာနိုင်ငံရေး (၁)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး(၂)

တရားရေးဆိုတာ ဘာသာရေးတစ်ခုကို ဆိုလိုတာ မဟုတ်သလို နိုင်ငံရေး ဆိုတာလည်း ဘာသာရေးတစ်ခုကို ဆိုလိုတာ မဟုတ်ကြောင်း နားလည်ထားသင့်တယ်။

လူ့ဘဝတန်ဖိုး

လူ့ဘဝမှာ လူရဲ့အခြေခံတရားက လူတိုင်းလိုလို ချမ်းသာပျော်ရွှင်မှုကို လိုလား ကြတယ်။ လူတိုင်း မိမိရဲ့ဘဝကို ရှင်သန်နိုင်ဖို့ ကြိုးစားနေကြတယ်။ ချမ်းသာပျော်ရွှင်အောင်၊ ဘဝရှင်သန်အောင် ကြိုးပမ်းရေးအတွက်ဟာ သူတစ်ပါး ပျော်ရွှင်မှု၊ ရှင်သန်မှု မထိခိုက်အောင် သတိကြီးစွာနဲ့ ထားရမယ်။ မိမိပျော်ရွှင်မှု၊ ချမ်းသာမှု၊ ရှင်သန်မှုက အများအတွက် ကိုယ် စိတ် ဆင်းရဲမှုမဖြစ်အောင် သတိကြီးစွာ ထားရမယ်။ တိုတောင်းတဲ့ အချိန်ကာလအတွက်၊ ရေရှည်အတွက် ဖြစ်ထွန်းမယ့် အကျိုးကျေးဇူးကို အချင်းချင်း ခြားနားမှု မရှိအောင် အထူး သိရမယ်။ ဘယ်အရာမဆို ရေရှည်အတွက် အကျိုးဖြစ်ထွန်းမှု အားကောင်းဖို့ဟာ အရေး ကြီးပါတယ်။

အရှင်တို့တစ်တွေဟာ လူသားတွေပါ။ စက်ရုပ်မဟုတ်ပါ။ အရှင်တို့ရဲ့ အတွင်း စွမ်းအင်နဲ့ အရည်အချင်းတွေကို လေးနက်စွာ စဉ်းစားပြီးမှ နက်ရှိုင်းလေးနက်တဲ့ လူ့ဘဝ တန်ဖိုးကို နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ အရှင်တို့ရဲ့ အတွင်းအားဟာ ဘာသာ တရားနဲ့ ဆက်စပ်ထားတဲ့အား မဟုတ်ပါ။ လူသားတို့ရဲ့ မွန်မြတ်ကောင်းမွန်တဲ့ အရည်အချင်း အားပါ။

အရည်အချင်း ဆိုတာ – 
(၁) ချစ်ခင်မှ 
(၂) ရိုးသားမှ
(၃) စည်းကမ်းလိုက်နာမှ
(၄) မွန်မြတ်သော အသိစိတ်ဓာတ်ရှိမှုတို့ကို ဆိုလိုပါတယ်။

ဘာသာရေးဟာ အရှင်တို့ကို အစဉ်အလာအရ လူကောင်း၊ လူတော်များဖြစ်ကြဖို့၊ စိတ်ဓာတ်ကောင်းတွေ မွေးမြူကြဖို့ သွန်သင်ပေးတာချည်းပါပဲ။ ဒါကြောင့် အရှင်တို့ မွေးရာပါ ကောင်းတဲ့အရည်အသွေးတွေ ပိုမိုခိုင်မြဲအောင်၊ အားရှိအောင် ဘာသာတရားတွေက သွန်သင် ပေးနေတာပေါ့။

လျှောက်လှမ်း

ခေတ်အချိန်အခါအရ တရားဥပဒေဆိုတာ ဘယ်နေရာ၊ ဒေသမှာမဆို စိုးမိုးမှ ကင်းမဲ့နေတဲ့အချိန်မှာ ထားကြရစမြဲပါ။ တာဝန်အရ မတရားတဲ့ အမိန့်အာဏာတွေ မသုံးမိဖို့ လည်းလိုပါတယ်။ ဆန့်ကျင်လှုပ်ရှားမှု ပြုနေတဲ့သူတွေကိုလည်း အချိန်ပေးပြီး စောင့်ဆိုင်းဖို့ လိုတယ်။ အဲဒီလို စိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီး လူတွေရဲ့လှုပ်ရှားမှုတွေကိုပေးရင် ကြမ်းတမ်းမှ တွေ အားလျော့စေပါတယ်။

မှန်ကန်မှုကို အခြေခံတဲ့မူဝါဒဟာ အကြမ်းမဖက်မှုကို လျှောက်လမ်းအဖြစ် ထားကြ တယ်။ ဘယ်နိုင်ငံရေးမူဝါဒ မဆို –
(၁) အမှန်တရား (Truth)
(၂) မညှဉ်းဆဲမှု (Ahimsa) တရားပါမှသာ ဖီဆန်မှု ကင်းတယ်။ ကောင်းမွန်မှ မြင့်မယ်။ နားလည်မှု ရှိမယ်။ ဘယ်လုပ်ရပ်မဆို အချင်းချင်း(လူမျိုး)အကြားမှာ အကြမ်းဖက်မှု များ ပေါက်ကွဲစေအောင် မီးစာမဖြစ်သင့်ပါ။ ဘယ်လုပ်ရပ်မှာမဆို တရားဥပဒေစိုးမိုးရေး အတွက် အထောက်အပံ့ဖြစ်နိုင်တဲ့လုပ်ရပ်မျိုး ဖြစ်နေဖို့ လိုမယ်။ ဘယ်နိုင်ငံရေးသမားမဆို အကြမ်းမဖက်မှု မူဝါဒကို လက်ခံထားသူ မှန်ရင် ငြိမ်ဝပ်ပိပြားမှုနဲ့ တရားဥပဒေစိုးမိုးမှ ကင်းမဲ့အောင် ရှောင်ရှားရမယ်။ စိတ်နေစိတ်ထားအရ ပြောရရင် မိမိရဲ့ရှေ့မှောက်မှာ ဖြစ်ပျက်တဲ့အခြေ အနေတစ်ခုကို ပိုမဆိုးသွားအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောင်းလာ နိုင်အောင် လုပ်နိုင်တဲ့သူ ဖြစ်အောင် ကြိုးစားအားထုတ်ရမယ်။

လူထုဟာ အကြမ်းမဖက်တဲ့မူဝါဒကို လက်ခံရမယ်။ စွဲလမ်းရမယ်။ မြဲမြံစွာ လက်ခံကျင့်သုံးရမယ်။ ဒီမူကို စွဲမြဲစွာ လက်ခံကျင့်သုံးနိုင်ကြပြီဆိုရင် မတရားတဲ့အမိန့်တွေ ရုပ်သိမ်းပျောက်ကွယ်သွားမှာ သေချာတယ်။ ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်သို့ ပြောင်းလဲ သွားမှာ သေချာတယ်။

ဒီနေရာမှာ – 
(၁) အပြင်အန္တရာယ်နဲ့
(၂) အတွင်းအန္တရာယ် နှစ်မျိုးထဲက အတွင်းအန္တရာယ် မဖြစ်ဖို့ သိထားရမယ်။ အတွင်းအန္တရာယ် ဖြစ်ပေါ်ခဲ့ရင် အမှန်တရားနဲ့ အကြမ်းမဖက်မှုတရားနှစ်ပါး ပျက်စီးဆုံးရှုံး မှာ သေချာတယ်။ 

ရန်သူအစစ်

အရှင်တို့ဟာ ဒေါသနဲ့ မုန်းတီးမှုကို ရန်သူအစစ် ဖြစ်ကြောင်း မြင်တတ်ရမယ်။ အရှင်တို့ရဲ့ရန်သူဟာ အသိထဲမှာရှိပါတယ်။ အထဲမှာရှိနေတဲ့ရန်သူကို နိုင်ရမယ်။ ဒေါသနဲ့ မုန်းတီးမှုစိတ်ဟာ အရှင်တို့ရဲ့ ရန်သူအစစ်ပါ။ အခြားအရာတွေဟာ ယာယီရန်သူတွေပါ။ ယာယီရန်သူဖြစ်တဲ့ မလိုမုန်းထားစိတ်တွေ လျော့ပါးသွားအောင် လေ့ကျင့်ရပါတယ်။ စိတ်ကို ထိန်းသိမ်းကျင့်ယူမှ စိတ်ရဲ့ အေးချမ်းမှု ရနိုင်မယ်။ ဒေါသဆိုတာ မိမိရဲ့အကျိုးကို ရှေ့တန်း ထားလို့ ဖြစ်လာတာပါ။ ဒီလို အမြစ်တွယ်နေတဲ့ စိတ်မျိုးကို နိုင်ငံရေးလုပ်သူ ဟူသမျှ သိထားရမယ့် အချက်တစ်ရပ်ပါ။

လူတွေရဲ့ တာဝန်

နိုင်ငံရေးလောကမှာ တရားမျှတရမယ်။ တရားမမျှတလို့ ဆန့်ကျင်မှုပြုရင်လည်း ဆန့်ကျင်မှုပြုတဲ့သူကို သူ့မှာတာဝန်ရှိလို့ ဆန့်ကျင်နေရတာပဲလို့ မြင်ရမယ်။ ကြီးမားတဲ့ အန္တရာယ်မရှိအောင် ထိန်းရမယ်။ ပြုပြင်ရမယ့်အရာကို စံနှုန်းပါတဲ့ပုံစံများ ချပြီး ပြုပြင် ပေးရမယ်။ များသောအားဖြင့် နိုင်ငံရေးဟာ ပူးပေါင်းဆောင်ရွက်မှု ပြုကြတာကို ဦးစားပေး တယ်။ ပူးပေါင်းဆောင်ရွက်မှု မလုပ်တဲ့သူကို ပုန်ကန်သူလို့ မမြင်ရဘူး။ ယေဘုယျအားဖြင့် ဆန့်ကျင်သမှုပြုတဲ့သူဟာ တရားမျှတမှုကို လိုလားနေတာပဲ။ တရားမျှတမှု တည်ရှိရေးအတွက် ပုန်ကန်တဲ့သူဟာ လူတွေရဲ့တာဝန်ပဲလို့ မြင်ရမယ်။ နိုင်ငံရေးဆိုတာ လေးနက်မှုထားရတယ်။ မတရားမှု ခံစားရတဲ့ အတိုင်းအတာနဲ့ ချိန်ဆကြည့်ရမယ်။

အရှင်တို့ဟာ အရှင်တို့ကိုယ်တိုင်က အကြမ်းမဖက်တဲ့ နိုင်ငံရေးသမားဖြစ်အောင် ကြိုးစားရမယ်။ အကြမ်းမဖက်တဲ့ နိုင်ငံရေးကို လက်ခံတဲ့သူဟာ လူနည်းစုပါ။ သူ့တာဝန်နဲ့ သူပါပဲ။ အာဏာရှိတဲ့သူတွေရဲ့ ဒေါသဟာ သူ့ကို ပိတ်ပင်လို့ မရပါဘူး။ ဘာတစ်ခုမှ အမည်းစက်မရှိတဲ့ လူပေါင်းသိန်းသောင်းမက မွန်မြတ်ပြီး တရားမျှတရှိနေတဲ့ အကြောင်း ကိစ္စကို ကိုယ်စိတ်ဆင်းရဲမှုခံစားနေရမယ်ဆိုရင် အဲဒီကျင့်သုံးတဲ့နိုင်ငံရေးမူဝါဒကို ဘယ်တော့မှ မထောက်ခံရဘူး။ အားလည်း မပေးရဘူး။ 

တန်ဖိုးကြီးတဲ့အရာ

တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေဟာ ဘာအပြစ်မှမရှိဘဲနဲ့ ဆင်းရဲမှုဝေဒနာ အမျိုးမျိုး မကျရောက်အောင် အသက်ပေးပြီး ကာကွယ်ပေးရမယ်။ အမည်းစက် လုံးဝမရှိတဲ့ ပြည်သူကို အသက်မသေစေရဘူး။ အကြမ်းမဖက်ခြင်းကို မှားယွင်းမှု ကင်းရမယ်။ နစ်နာမှ မရှိအောင် လုပ်ရမယ်။ အလုပ်တစ်ခုမှာ နစ်နာမှု၊ နစ်နာစရာဖြစ်လာရင် မှားယွင်းမှုတစ်ခုက ဖြစ်လာတယ်လို့ သိရမယ်။ နိုင်ငံရေးလောကမှာ ပြည်သူဘဝ လုံခြုံဖို့ အရေးကြီးတယ်။ လောကမှာ အသက်လောက် တန်ဖိုးကြီးတဲ့အရာ မရှိပါဘူး။

ရေလျဉ်များပမာ

နိုင်ငံရေးပညာရှင်ကြီးပုဂ္ဂိုလ်တစ်ဦးက –

“မိမိတို့ ဆန္ဒစွဲလမ်းမှုနောက်ကို ယနေ့လူသားတွေဟာ မျက်စိမှိတ်ပြီး အပြေးလိုက် နေကြတယ်။ ဆန္ဒစွဲလမ်းမှုကို အခြေခံပြီး ဆင်နွှဲနေကြတဲ့ပြိုင်ပွဲတွေ သူတစ်ပါးနိုင်ငံကို ကျူးကျော်သိမ်းပိုက် သူ့ထက်ငါ ပိုပြီး စီးပွားဥစ္စာဓနဂုဏ်၊သြဇာဂုဏ်၊ အာဏာဂုဏ် ဆိုတဲ့ အရာတွေကို ပိုင်ဆိုင်နိုင်ဖို့ ပြိုင်ပွဲတွေ ဆင်နွှဲနေကြတယ်။ ဒီပြိုင်ပွဲဟာ လူ့အဖွဲ့အစည်းမှာ ရှေးဦးကာလက ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ယခုခေတ် ပြိုင်ပွဲမျိုးက ပိုမိုအားကောင်းလာပြီး ကြောက်စရာအဆင့်သို့ ရောက်နေပါတယ်”

လို့ ဆိုမိန့်ခဲ့ပါတယ်။

လူမှုဘဝနိုင်ငံရေးလမ်းစဉ်ခေါ်တဲ့ တိုးတက်ဖွံ့ဖြိုးလာတဲ့ လူမှုရေးလမ်းစဉ်ကောင်းကို အဆိပ်ပမာ အန္တရာယ်ကြီးမားလာနိုင်တဲ့ နိုင်ငံရေးလိမ်လည်လှည့်စားမှုကြီးဟာ တစ်နေ့ တခြား ပိုပြီး အားကောင်းလာတာကို တွေ့ရတယ်။ လူမှုဘဝ ဆင်းရဲဒုက္ခကြီးရဲ့ ဇာစ်မြစ် ဟာ ဒီသဘောတရားအပေါ်မှာ မြစ်ဖျားခံနေပါတယ်။ ယနေ့ အရှင်တို့ တိုင်းပြည်ဟာ ငြိမ်းချမ်းသာယာလှပတဲ့ မြန်မာ့နိုင်ငံရေးလမ်းစဉ်ကို တည်ဆောက်နေတဲ့အချိန်ပါ။ အရှင်တို့ အားလုံးဟာ အကျင့်စာရိတ္တကောင်းနဲ့ တိုင်းပြည်ကို တည်ဆောက်ရမယ်။ ချစ်ခင်မှုနဲ့ ကြင်နာမှု တရားတွေ အဓိက လိုအပ်နေပါတယ်။ စွဲလမ်းမှုတစ်စုံတစ်ခုမှမပါတဲ့ ချစ်ခင်မှုအစစ်အမှန်ကို အရှင်တို့ တည်ဆောက်နိုင်ရမယ်။ ကိုယ်ကျိုးမဖက် အများအကျိုးအတွက်ထားတဲ့ စေတနာဟာ ချစ်ခြင်း၊ ကြင်နာခြင်းပါ။ ချစ်ခြင်းတရားဆိုတာ ဝေဒနာတရားတစ်ပါးပါးကို ခံစားသိမြင် ရခြင်းမှ သက်ရှိသူတွေမှာ ပေါ်ထွက်လာတဲ့ တရားပါ။ လူသားများ ဝေဒနာတရားတစ်ပါးပါး ကို ခံစားရသမျှ ကာလပတ်လုံး ဆင်းရဲခြင်း မလွတ်မချင်း ချစ်ခြင်း၊ ကြင်နာခြင်းတရား ဟာ ရေလျဉ်များပမာ စီးဆင်းနေမှာပါပဲ။ 

မေတ္တာတရားပါတဲ့ လူမှုဘဝ နိုင်ငံရေးလမ်းစဉ်

ခွဲခြားမှုမရှိ၊ အဆုံးအစ မမြင်ရတဲ့မေတ္တာ၊ ကရုဏာတရားဟာ စွဲလမ်းမှု အစိတ် အပိုင်း ပါဝင်နေပါတယ်။ စွဲလမ်းမှုကင်းကင်းဖြစ်တဲ့ ချစ်ခြင်းသည်သာ ချစ်ခင်မှု အကျိုး အမြတ်တရား ရကြမှာ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားဆိုတာ ရန်သူ၊ မိတ်ဆွေ မရှိပါ။ မေတ္တာစိတ်ထားရခြင်းအကြောင်းရင်းဟာ ချမ်းသာခြင်းကို လိုချင်လို့ပါပဲ။ ချမ်းသာခြင်းကို လိုချင်တဲ့စိတ်ဟာ လူတိုင်းမှာ ရှိနေလို့ပါပဲ။ သူ့သဘာဝအတိုင်း ဖြစ်တာပါ။ ဘာမှ မထူးဆန်း ဘူးလို့ ဆိုပေမယ့် မေတ္တာတရားဟာ တန်ဖိုးထားကြတာချည်းပါပဲ။ အရှင်တို့ရဲ့ ဘဝအစနဲ့ အနှောင်းမှာ သူတစ်ပါးရဲ့ သနားကြင်နာမှုအပေါ်မှာ မှီခိုရတာ မဟုတ်လား။ အရှင်တို့ဟာ သူတစ်ပါးအပေါ်မှာ ဘာကြောင့် ကြင်နာသနားမှု ကင်းမဲ့ပြီး ဆက်ဆံရမှာလဲ။ ကြီးမား ကျယ်ပြန့်တဲ့ မြန်မာ့မိသားစုကြီးဟာ သာယာလှပတဲ့၊ ထာဝရအေးချမ်းတဲ့၊ ခိုင်မြဲတဲ့၊ စွမ်းပကား ထက်မြက်တဲ့၊ လုံခြုံမှုအပြည့်အဝပါတဲ့၊ မေတ္တာတရားပါတဲ့ လူမှုဘဝနိုင်ငံရေးလမ်းစဉ်ကို မြန်မာ့လူ့ဘောင်ထဲမှာ ထာဝရ မြဲမြံဖို့ အရေးကြီးပါတယ်။

ငြိမ်းချမ်းတဲ့ တော်လှန်ရေးအရသာ

အရှင်တို့ဟာ မြင်းနှစ်ကောင်ကို တစ်ပြိုင်တည်း ခွမစီးသင့်ပါ။ ဘယ်အရာမဆို ပါ၊ ပတ်ဝန်းကျင်ကို ပြောင်းလဲအောင် လုပ်ပေးနိုင်ရမယ်။ ပူးပေါင်းဆောင်ရွက်မှု လုပ်နိုင်ရ မယ်။ အရှင်တို့ဟာ ရန်သူ၊ မိတ်ဆွေမခွဲခြားဘဲ အစဉ်ထာဝရ ဘေးရန်လုံခြုံမှုကို (စုပေါင်းပြီး) တာဝန်ယူကြရမယ်။ အမှန်တရားနဲ့ တိုင်းပြည်ကို တည်ဆောက်ရမယ်။ အမှန်တရားမပါတဲ့ တည်ဆောက်ရေး (တည်ထောင်ရေး)ဟာ ငြိမ်းချမ်းတဲ့ တော်လှန်ရေးအရသာ မခံစားရပါ။ ငြိမ်းချမ်းတဲ့ အရသာရှိတဲ့ တော်လှန်ရေးဟာ လိမ်လည်လှည့်ဖြားမှုကင်းတဲ့ စစ်မှန်တဲ့ “သစ္စာ တရား”ပါ။ မှန်ကန်တဲ့သစ္စာတရားဟာ မကြိုက်နှစ်သက်တာ မရှိပါ။ လူသားတွေရဲ့ မူလ ပကတိ စိတ်ဓာတ်ပါ၊ မှန်ကန်မှုမပါတဲ့ နိုင်ငံတော် တည်ဆောက်ရေးဟာ လှည့်စားမှုပါတဲ့၊ အင်အားသုံးတဲ့ နိုင်ငံရေးသဘော ပါသွားခဲ့ရင် အဲဒီသဘောတရားနဲ့ အနိုင်ရခဲ့ရင်တောင် နောက်ဆုံး အဆုံးမှာတော့ အရှုံးနဲ့ ရင်ဆိုင်ကြရမှာ သေချာတယ်။ 

အင်္ဂါချို့ယွင်းတဲ့ အမှန်တရား

လူတိုင်းဟာ အမှန်တရားကို လေးစားကြတယ်။ မြတ်နိုးကြတယ်။ ဒီသဘောတရား ဟာ ပဋိသန္ဓေမူလက ရှိတဲ့ သဘောတရားပါ။ မွေးရာပါ ဗီဇတရားပါ။ အမှန်တရားအရသာ မပါတဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးတွေဟာ အင်္ဂါချို့ယွင်းတဲ့အမှန် တရားပါ။ အာမခံချက်မပါတဲ့ အမှန်တရားပါ။ အမှန်တရားဆိုတာ အင်အားများတာနဲ့ နည်းတာနဲ့ မဆိုင်ပါ။ နောက်လိုက်များတာနဲ့ နည်းတာနဲ့ မဆိုင်ပါ။ အမှန်တရားမှန်သမျှ အောင်မြင်ကြရစမြဲပါပဲ။

နိုင်ငံရေးဆိုတာ အမှန်တရား အမြဲတမ်း လိုအပ်နေတယ်။ သစ္စာတရားကို ဖွင့်ဆို ပြတဲ့ နိုင်ငံရေးပုဂ္ဂိုလ်တစ်ဦးရဲ့စကားနဲ့ ပြောရင် ဒီလို တွေ့ရတယ်။

“ကျွန်တော်တို့ နိုင်ငံရေးဘဝမှာ ရံဖန်ရံခါ အမှန်တရားလိုအပ်နေတာကို မကြာခဏ တွေ့ရှိနေရတယ်။ အင်အားကြီးတဲ့နိုင်ငံတွေက အင်အားချို့တဲ့နေတဲ့နိုင်ငံတွေကို ကိုယ်လို သူလို ကိုင်တွယ်နေကြတယ်။ အမျိုးမျိုးသော နည်းပရိယာယ်ကို သုံးစွဲပြီး အမြတ်ထုတ်နေ ကြတယ်။ လူ့အဖွဲ့အစည်းမှာလည်း အင်အားကြီးတဲ့ လူမျိုးတွေက လူနည်းစုအပေါ်မှာ ထင်သလို ခြယ်လှယ်နေကြသလိုပါပဲ။ အခွင့်အာဏာရှိနေတဲ့လူတွေရဲ့ လက်ထက်မှာ အာဏာ မှဲ့တွေဖိနှိပ်ခံနေရတာလည်း မဆန်းသလိုပါပဲ။ ဒါပေမဲ့ တချို့အချိန်မှာ အမှန်တရားကို ဆုပ်ကိုင်ထားခြင်းဟာ မတန်ဘူးလို့ ထင်မြင်ရပေမယ့် သစ္စာအမှန်ဟာ လူတွေရဲ့ အင်အား အစစ်၊ စွမ်းအင်အမှန်ဖြစ်တဲ့အကြောင်းကတော့ ငြင်းမရသလို လူတို့ရဲ့သမိုင်းကို ပုံဖော်တဲ့ နေရာမှာ အဓိကကျတယ်ဆိုတာကိုလည်း ငြင်းပယ်လို့ မရနိုင်ပါ”

အမှန်တရားအရသာမပါတဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေးတွေဟာ အင်္ဂါချို့ယွင်းတဲ့ အမှန်တရားပါ။ အာမခံချက်မပါတဲ့ အမှန်တရားပါ။ အမှန်တရားဆိုတာ အင်အားများတာ၊ နည်းတာနဲ့ မဆိုင်ပါ။ နောက်လိုက်များတာ၊ နည်းတာနဲ့ မဆိုင်ပါ။ အမှန်တရားမှန်သမျှ အောင်မြင် ကြရစမြဲပါပဲ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၈၄-၈၉၊ အဝိဟိံသာနိုင်ငံရေး (၂)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ

သားသမီးနှင့် မိဘ

တောမှီရဟန်း

စာမျက်နှာ ၅၀ – ၅၄၊ သားသမီးနှင့် မိဘ၊ တောင်ကလေး ဓမ္မစာပေတိုက်၊ ၂၀၀၈ ခုနှစ်။

ခုခေတ်ကလေးတွေဟာ ဂရုစိုက်ယုယလွန်းတဲ့ မိဘတွေကို မပေါင်းချင် (အတူတူ) မနေချင်ကြပါ။ လွတ်လွတ်လပ်လပ်နဲ့ မိဘနဲ့ ဝေးသထက် ဝေးအောင် ကင်းသထက် ကင်းအောင်နေလိုကြတယ်။

မိဘက သားသမီးတွေ အပေါ်မှာ ပိုပိုပြီးချစ်တာကို (နားမလည်ဘဲ) အပြစ်တွေမြင်တတ်တဲ့ သားသမီးတွေက ချုပ်ခြယ်တယ်လို့ ဆိုပြီးတော့ မိဘတွေက ထိန်းထိန်းသိမ်းသိမ်း အကြံပေး၊ ဥာဏ်ပေး ပြောပြဆုံးမတာကို သူတို့တွေ ဘဝင်မကျပါ။

မိဘအုပ်ထိန်းမှုဒဏ်ကို သူတို့တွေခံရလို့ သူတို့ရဲ့ စိတ်တွေဟာ မွမ်းကြပ်ပြည့်သိပ် နေကြတယ်။ စိတ်ဖိစီးမှု ဒဏ်ခံရတယ်ဆိုပြီး လုပ်ချင်တာတွေလုပ်၊ ကောင်းမကောင်း အခွင့်ရရင် ရသလိုလုပ်နေပြီး လူငယ်ပီပီ လွတ်လွတ်လပ်လပ်နဲ့ လိုက်ပြီး လုပ်ကြတဲ့အခါ နောက်ဆုံးတော့ အမှားကြီးတွေနဲ့ ရင်ဆိုင်တွေ့ဆုံလာခဲ့ရတယ်။

အသက်ငယ်ငယ် ကျူးလွန်ပြစ်မှားလာတဲ့ပြစ်မှုက ကြီးကြီးဖြစ်တော့ ပိုပြီးတော့ စိတ်ဖိစီးမှုဒဏ်တွေ ခံစားလာရတယ်။ တချို့မိဘတွေ အပေါ်မှာတောင် ပြန်ပြီးတော့ အပြစ်မြင်တတ်ပါတယ်။ 

“(သား) သမီးအပေါ် ဂရုစိုက်ယုယလွန်းသော မိခင်များသည်၊ တကယ်တော့ ၄င်းတို့၏ စိတ်မူမမှန်သော လိုအပ်ချက်များကို မကျေနပ်မှုရအောင် ဖြည့်တင်းနေသူများ ဖြစ်သည်” လို့စိုးမိုးခြယ်လှယ်သော မိခင် (မိဘ) အဖြစ်နဲ့ ဝေဖန်ခံရတယ်။ 

ဗုဒ္ဓတရားတော်မှာ သားသမီးတွေအပေါ် စိုးမိုးခြယ်လှယ်တဲ့ မိခင်မရှိပါ။ (မတွေ့ဘူးပါ) သားသမီးတွေက မိဘကို အဲဒီလိုပုံစံမျိုးနဲ့ မြင်မယ်ဆိုရင် သားသမီးမွေးမြူရတဲ့ မိဘတွေအဖို့ တာဝန်ကျေသူ ဖြစ်ပေမယ့် လောကကဲ့ရဲ့စရာတွေ များစွာပေါ်လာတော့မှာ ဖြစ်ပါတယ်။ 

အနောက်တိုင်းသားတွေက သူတို့ရဲ့ဓလေ့လား၊ ထုံးစံလားတော့ မသိပါ။ သားသမီးအသက် ၁၈-နှစ် ကျော်သွားပြီးဆိုရင် မိဘအုပ်ထိန်းမှု အောက်ကနေ လွတ်မြောက်သွားတယ်၊ သူတို့ကိုယ်သူတို့ ရပ်တည် နေနိုင်အောင် ကြိုးစားကြတယ်။ တချို့မိဘတွေက တကွဲတပြားဖြစ်လို့ ပြန်ဆုံဖို့အတွက်ကို သားသမီးနဲ့ မိဘ ပြန်လည်ဆုံဆည်း ကြတဲ့ပွဲတွေ ပြုလုပ်ကြတယ်။ 

မိဘတွေဟာ မိမိမွေးမြူပြုစုလာခဲ့ရတဲ့ သားသမီးတွေကို ဘယ်တော့မှ လူကြီးတစ်ယောက်လို သူတို့မမြင်ပါ။ ကလေးလေးလိုပဲ မြင်ပါတယ်။

“သင့်မိခင်သည် သင့်အပေါ် ကာကွယ်စောင့်ရှောက်မှု ပိုလွန်ပါက သင်က ကွဲသွားသော ဓာတ်ပြားတစ်ချပ်လို ပြုမူပါ” ဆိုပြီးတော့ မိသားစုရေးရာ အတိုင်းပင်ခံ လုပ်ငန်းရဲ့အတိုင်ပင်ခံ အနောက်နိုင်ငံ ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။ 

နောက်ပြီးတော့ “မိခင်ရဲ့ပေးစွမ်းမှုကို ကျေးဇူးတင်ကြောင်း ပြောကြပါတယ်။ ဒါပေမယ့် ယခု (အခု) ချိန်ကစပြီး မိခင်ရဲ့အကြံဉာဏ်တွေ သင်လက်မခံတော့ဘူးလို့ တစ်လက်စတည်း ဖွင့်ပြောလိုက်ပါ’” ဆိုပြီးတော့ “နင်ဟာအခုထိ ငါ့ကလေးပဲ”လို့ ပြောတဲ့မိခင်ကို အဲဒီအတိုင်းလုပ်ဖို့ သူအကြံပြုခဲ့တယ်။ 

တချို့မိဘတွေ သားသမီးအလုပ်လုပ်တာကို ဘယ်တော့မှ မချီးမွမ်းပါ။ ဒီမိဘမျိုးဟာ များသောအားဖြင့် သားသမီးတွေ မခံနိုင်ပါ။ 

တချို့သိက္ခာလိုက်ချတဲ့ မိဘတွေရှိသေးတယ်။ သားသမီးတွေ ဘာလုပ်လုပ် ရှေ့ကနေ လိုက်ပြီးတော့ ကာတယ်။ ဘာကြောင့်ဒီလို လုပ်ရသလဲလို့ သူတို့ကိုမေးရင်သူတို့ အဖြေက “အလုပ်နဲ့ သူတို့နဲ့ မတန်လို့ဘဲ” ဖြေဆိုကြပါတယ်။ 

အနောက်တိုင်းသားတွေက “ဗိုလ်ကျအနိုင်ကျင့်တဲ့ မိဘတွေကို သူတို့ကိုပြက်လုံး (ထုတ်ပြီး) ပြောပြီးအနိုင်ယူပါ” ဆိုပြီးတော့ စာရေးဆရာမ တစ်ဦးက အကြံဉာဏ်ပေးပါတယ်။ ဘယ်လို ပြောရမလဲဆိုရင် မနေ့ကသမီး (သား) ကို အပြစ်ခုနစ်မျိုးပဲ ပြောခဲ့တယ်၊ ဒီနေ့ဆိုရင် သုံးမျိုးပဲ ပြောရသေးတယ်၊ အမေ့စံချိန်မမီ (မပြည့်) သေးဘူး ဆိုတာမျိုးတွေလို ပြောပါတဲ့။

မြန်မာမိသားစုတွေမှာလည်း အဲဒီလိုမျိုးတွေရှိပါတယ်။ အပြစ်ပြောစရာ ကုန်ပြီးလား၊ ဘာပြောချင်သေးလဲ ဆိုတာမျိုးလိုပေါ့ အဲဒီလိုမိဘနဲ့ သားသမီးတွေ အမြင်အတွေးတွေ လွဲချော်လာကြပြီးဆိုရင် အရှင်ရဲ့ ကိုယ်တွေ့က အပျော်ခရီးတွေထွက်သွားကြပြီး မိသားစုပျော်ပျော်ပါးပါးနဲ့ စားကြသောက်ကြ လုပ်လိုက်ကြရင် အပြစ်မြင်တတ်တဲ့ မိဘတွေက ကိုယ့်ရဲ့ သားသမီးအကြောင်းကို အပျော်သွားတတ်တဲ့ ခရီးထဲမှာ သဘောကျစရာလေးတွေ တွေ့မြင်မှာပါပဲ။ အဲဒီလို မိမိရဲ့သားသမီး အဖြစ်လိုတဲ့ဆန္ဒ၊ လုပ်ချင်တဲ့ ဆန္ဒလေးတွေကိုတွေ့ရင် ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးကို ပေးသာပေးလိုက်ပါ။ 

မိဘဆိုတာ သားသမီးတွေကို အလွန်သံယောဇဉ်ရှိလို့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာစိတ်ဟာ မပြောင်းလဲတတ်ပါ။ မပြောင်းလဲနိုင်တဲ့ မိဘတွေရဲ့ စိတ်ဓာတ်ကို တချို့သားသမီးတွေက နားမလည်တော့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အပြောင်းအလဲတွေ လုပ်ကြတယ်။ အဲဒီလိုလုပ်လိုက်တဲ့အခါမှာ စိတ်ကျရောဂါရှိတဲ့ မိဘတွေဖြစ်ရင် သားသမီးကို အစိုးရိမ်လွန်ပြီးတော့ ကွယ်လွန်သွားကြတဲ့ မိဘတွေများမြောင်လှပြီ။ 

လေ့လာသူတွေက “ငယ်ငယ်က ဆင်းရဲခဲ့ရတဲ့ မိဘတွေဟာ သားသမီးတွေအပေါ်မှာ ချစ်ခြင်းမေတ္တာတွေ များများမပေးနိုင်ဘူးလို့ ပြောကြတယ်။ ဒီစကားအားလုံး မမှန်နိုင်ပါ။ ချစ်ခြင်းမေတ္တာတရားဟာ အခြားသူတွေဆီကရတဲ့ မေတ္တာတရားမရှိပါ။

သားသမီးလုပ်တဲ့ သူတွေဟာ အသက်အရွယ် ရောက်လာကြပြီး ဆိုရင် ကိုယ်ပိုင် လုပ်ဆောင်ချက်တွေလုပ်ဖို့ မိဘကို ဖွင့်ပြောဖို့သင့်တယ်။ မိဘတွေဟာလည်း အလုပ်လုပ်မယ့် သားသမီးတွေကို ပိုပြီးတော့ စိုးရိမ်တယ်။ အမှားနဲ့ တွေ့မလား။ ဘာများဖြစ်မလဲ စတဲ့ သူတို့ရဲ့ စိုးရိမ်လွန်ကဲတဲ့ စိတ်တွေကြောင့် တစ်ခါတလေ သားသမီးတွေက မိဘကို မကြည်မလင်တဲ့ အကြည့်မျိုးတွေနဲ့ လုပ်မိတတ်တယ်။ အဲဒီလို လုပ်တတ်တဲ့ သားသမီးတွေကို မိဘဖြစ်တဲ့သူက ဘာဆိုဘာမျှမပြောဘဲ ဥပေက္ခာသဘောနဲ့ ရှင်းရှင်းကင်းကင်း နေလိုက်ရင် သားသမီးတွေလည်း ငြိမ်းအေးသွားတာပါပဲ။

တောမှီရဟန်း

PM – 03:30
တနင်္လာနေ့ 
(၁၂-၅-၂၀၀၃)

Loading

ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။
ပျော်ရွှင်မှုကဖီး မှ

ဆာဗာကြေးလှူဒါန်းထားသည်။