Categories
စကားလက်ဆောင်

အ်ှဆံင်းလာဆာ်ကိုဝ်ဟှာဍေ

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိဘိဝံသ ဘဝဖြစ်စဥ်မှတ်တမ်း

မန္တလေးမြို့ ရွှေရေးဆောင်တိုက် ( တိုက်နာယက ) ရန်ကုန်ကျောင်းနေ ပဋ္ဌာန်းဆ‌ရာတော်သောင်းလျာကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးရွာ၊ ကိုင်းကောင်းရွာ၌ ဦးအေးပြိုင်၊ ဒေါ်ရင်တိုးတို့၏ဝမ်းကြာတိုက်မှ ၁၂၈၃ခု ၊ တော်သလင်းလပြည့်ကျော် ( ၁၂ ) ရက် ဗုဒ္ဓဟူးနေ့ နံနက် ( ၁၀ ) နာရီတွင် ဖွားမြင်ခဲ့သည်။
၁၃၀၂ခု၊တန်ခူလဆန်း (၈) ရက်နေ့တွင် နောင်ဘိုကြီးကျောင်းဆရာတော် ဦးပညာကို ဥပဇ္ဈာယ်ပြုလျက်သထုံခရိုင်ရင်းငြိမ်မြို့ကျောက်သုံးကြီးကျောင်းခဏ္ဍသိမ်၌ရဟန်းအဖြစ်ရောက်ခဲ့သည်။သထုံမြို့ရင်းငြိမ်ဆရာတော်၊ပဲခူးမြို့မြို့မဆရာတော်၊မန္တလေးမြို့တောင်ပြင်ထီလင်းတိုက်၊ရွှေရေးဆောင်တိုက်၊ဘုရားကြီးတိုက်ဆရာတော်တို့နှင့်စစ်ကိုင်းတောင်ရိုးပဋ္ဌာန်းသိပ္ပံဆရာတော်ဦးဣန္ဒကတို့ထံတွင်ပရိယတ္တိ အထက်တန်းစာပေများကို နည်းခံသင်ယူခဲ့သည်။

ပဲခူးမြို့ ဝိနယာဝိက ( ငယ်၊ လတ်၊  )၊  အစိုးရ ( ငယ်၊ လတ်၊ ကြီး )တန်းများ အောင်မြင်ခဲ့ပြီး ၁၃၁၅ခု၌စာချတန်းကိုဂုဏ်ထူးနှင့်အောင်မြင်၍  ( သာသနဓဇ သိရီပဝရ ဓမ္မစရိယ)ဘွဲ့ရရှိခဲ့သည်။ ၁၃၂၈ ခု၌ သကျသီဟ အသင်းမှဆက်ကပ်သော  ( ပရိယတ္တိသာသနဟိတ မူလ ဓမ္မာစာရိယ ) ဘွဲ့ကို ရရှိခဲ့သည်။
၁၃၁၄ခုနှစ်မှ၁၃၅၀ပြည့်နှစ်တိုင် ယမိုက် (၁၀) ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို အထူးစာဝါအဖြစ်ပို့ချခဲ့မှုကြောင့်ညဝါအကျော် ပဋ္ဌာန်းဆ‌ရာတော်အဖြစ်ထင်ပေါ်ခဲ့သည်။ ယမက သင်္ခေပကျမ်းနှင့် ပဋ္ဌာနနယသင်္ခေပကျမ်းများကို စီစဥ်ပို့ချခဲ့သည်။ ကရင်အမျို့သား ဂုဏ်ဆောင် ပဋ္ဌာန်းဆရာတော်သည်၁၃၅၁ခု တန်ခူးလဆန်း ( ၁၃ )ရက် အင်္ဂါနေ့ နံနက် ( ၆ )နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည်။



Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဗုဒ္ဓသာသနာစိရံတိဋ္ဌတု ပဋ္ဌာန်းဆရာတော်ဦးဝဇီရဗုဒ္ဓိထေရုပ္ပတ္တိ ကျောက်စာတော်

မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက်၊ တိုက်ကျောင်းနှင့် ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်း တို့၏ပဓာနနာယကဖြစ်တော်မူသော ညဝါအကျော်
ပဋ္ဌာန်းဆရာတော်ဦးဝဇီရဗုဒ္ဓိသည် ယနေ့ ကရင်ပြည်နယ်အတွင်းပါဝင်သော လှိုင်းဘွဲမြို့နယ်အပိုင်၊ နောင်ဘိုကြီးရွာ၌ မြန်မာကောဇာသက္ကရာဇ် ၁၂၈၂-ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၂)ရက်၊ ဗုဒ္ဓဟူးနေ့  (၂၈၊ ၁၀၊၁၉၂၁)(၁၀)
နာရီတွင် ဖွားမြင်တော်မူပါသည်။ မိဘနှစ်ပါးမှာ ဦးအေးပြိုင်နှင့်ဒေါ်ရင်တိုးဖြစ်သည်။

သက်တော်တစ်ဆယ့်သုံးနှစ်အရွယ်တွင် နောင်ဘိုကြီးကျောင်းဆရာတော်ဦးပညာကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေပြုတော်မူပါသည်။ ပရိယတ္တိအခြေခံရသည်နှင့် ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဣန္ဒာစာရထံ၌ ပရိယတ္တိစာပေကို ဆက်လက်သင်ယူသည်။ မြန်မာကောဇာသက္ကရာဇ် ၁၃၀၂-ခု၊ တန်ခူးလဆန်း (၈)ရက်(၁၄၊၄၊၁၉၄၀)တနင်္ဂနွေနေ့တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဖြင့် နောင်ဘိုကြီးဆရာတော်ဦးပညာကိုပင် ဥပဇ္ဈာယ်ပြု၍ သထုံခရိုင်၊ ရင်းငြိမ်မြို့၊ ကျောက်လုံးကြီးကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့‌ရောက်တော်မူသည်။

ရဟန်းဖြစ်သည်မှစ၍ အထက်တန်းပရိယတ္တိစာပေများကို ရင်းငြိမ်မြို့၊ ကျောက်လုံးကြီးဆရာတော်၊ သထုံမြို့၊ လယ်ဝန်တိုက်ဆရာတော်၊ပဲခူးမြို့၊မြို့မစာသင်တိုက်ဆရာတော်ဦးဣန္ဒာစာရ၊ခရမ်းမြို့၊ ကိုင်းကုန်းဆရာတော်၊ မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက် ဆရာတော်ဦးသူရိယာဘိဝံသ၊ ဆရာတော်ဦးပုညာန္ဒာဘိဝံသ၊ ဆရာတော်ဦးသံဝရမာလာ၊ မန္တလေးရွှေရေးဆောင်တိုက်၊ ဆရာတော်ဦးပဏ္ဏဝ၊ ဘုရားကြီးတိုက် ဆရာတောဦးနာရဒ၊ ဆရာတော်ဦးဣန္ဒကထံတော်တို့၌ ပရိယတ္တိပညာသင်ကြားခဲ့သည်။

အောင်မြင်ခဲ့သောစာမေးပွဲများမှာ ပဲခူးမြို့၊ ဝိနယာဓိက (ငယ်-လတ်)စာမေးပွဲ၊ အစိုးရ (ငယ်-လတ်-ကြီး)ကို အောင်မြင်ခဲ့ပြီး မြန်မာကောဇာသက္ကရာဇ်
၁၃၁၅-ခုနှစ်၌ စာချတန်းကို ဂုဏ်ထူးနှင်အောင်မြင်၍ (သာသနဓဇသီရိပဝရဓမ္မာစရိယ) ဘွဲ့ရရှိသည်။ဆရာတော်သည် မြန်မာကောဇာသက္ကရာဇ် ၁၃၁၄-ခုနှစ်မှ ၁၃၅၀ပြည့်နှစ်တိုင်အောင် (၃၆)နှစ်ကာလအတွင်း တောင်ပြင်ထီးလင်းတိုက်၊ တိုက်ကျောင်းနှင့် ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတို့၌ သီတင်းသုံးစဥ်(ငယ်-လတ်-ကြီး)နှင့်စာချတန်းစာဝါများကို ပို့ချခဲ့သည့်အပြင် ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို အကြိမ်များစွာပို့ချခဲ့ရုံမျှမက နွေရာသီ အထူးစာဝါအဖြစ် ပဋ္ဌာန်းကို ပို့ချတော်မူသေးရာ ကျောင်းမဆန့်သဖြင့် လှေခါးရင်းသစ်ပင် အောက်တို့မှနေ၍ စာဝါလိုက်ကြရသည်။ စာဝါလိုက်သူများပြားကြသဖြင့် ညဝါအကျော် ပဋ္ဌာန်းဆရာတော်အဖြစ် ကျော်ကြားတော်မူပါသည်။

ဆရာတော်ကြီးသည် “ယမကသင်္ခေပကျမ်း”နှင့်“ပဋ္ဌာနနယကသင်္ခေပကျမ်း”
ကိုလည်း ရေးသားပြုစုတော်မူခဲ့၏။ ဤကဲ့သို့ သာသနအကျိုးကို သည်ပိုးရွက်ဆောင်နေစဥ် သက်တော် (၆၈) သိက္ခာတော် (၄၈)ဝါအရ မြန်မာကောဇာ
သက္ကရာဇ်၁၃၅၁ခုနှစ်၊ ဦးတန်ခူးလဆန်း (၁၃)ရက် အင်္ဂါနေ့၊ (၁၈.၄.၈၉) နံနက် (၆)နာရီ၊ မန္တလေးမြို့၊ ‌ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတွင် လွန်တော်မူပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

သာသနဓဇဓမ္မာစရိယ၊ ဒီဃဘာဏက၊ ဝိနယပါရဂူ (ဘီအေ)

ပြည်နယ်ကျက်သရေကျောင်းဆရာတော် – ဘဒ္ဒန္တ – ဝေဒေဟသာမိဘိဝံသ၏

ထေရုပ္ပတ္တိ – အကျဉ်းချုပ်

သက်တော် – ၅၂ – နှစ်၊ သိက္ခာတော် – ၃၃ – ဝါ

“ဖွားမြင်တော်မူခြင်း”

ဆရာတော် – ဘဒ္ဒန္တဝေဒေဟသာမိဘိဝံသသည်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာ အုပ်စု၊ ကော့ဝန်းကျေးရွာ၊ ခမည်းတော် – ဦးမောင်ကောက် (ဝါ) ဦးစိန်၊ မယ်တော် – ဒေါ်မြသင်းတို့မှ ၁၃၀၄ – ခု၊ တန် ဆောင်မုန်းလပြည့်ကျော် (၃) ရက် ဗုဒ္ဓဟူးနေ့တွင် မီးရှူးသန့်စင်ဖွားမြင်တော်မူပါသည်။ မွေးချင်း (၄) ယောက်အနက် – အတိဇာတ၊ ဇေဌပုတ္တသားကြီး ဩရသရတနာဖြစ်သည်။ ငယ်နာမည်မှာ “ စောရင်အေး” ဖြစ်ပါသည်။

“ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း”

ဆရာတော်လောင်းလျာသည် အသက် – (၉) နှစ်အရွယ်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူး ကျေးရွာအုပ်စု၊ ကော့ဝန်းကျောင်းဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရကို ဥပဇ္ဈာယ်ပြု၍၊ မိဘဆွေမျိုးများ၏ ပစ္စယာနုဂ္ဂဟ ဖြင့် – ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဘွဲ့တော်မှာ “ ရှင်ဝေဒေဟသာမိ” ဖြစ်ပါသည်။

တစ်ဖန် – ဆရာတော်လောင်းလျာရျင်ဝေဒေဟသာမိသည် ၁၃၂၃ – ခုနှစ်၊ ကဆုန်လဆန်း (၄) ရက်၊ နံနက် (၈) နာရီ – ၁၅ မိနစ်အချိန်တွင်၊ ကော့ဝန်းကျောင်းခဏ္ဍသိမ်၌၊ ကော့ဝန်းကျောင်းဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓါစာရကို၊ ဥပဇ္ဈာယ်ပြု၍၊ မိဘဆွေမျိုးများ၏ ပစ္စယာနုဂ္ဂဟကို ခံယူပြန်ကာ၊ မြင့်မြတ်သောရစန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ တဖန်၊ ရဟန်း (၄) ဝါအရတွင်၊ ပြည်မြို့၊ ရွှေဟင်္သာမြို့သစ်၊ ဓမ္မိကာရုံစာသင်တိုက်၊ ဆရာကြီး ဒေါ်ပညာနန္ဒီနှင့် မိဘဆွေမျိုးများက၊ သိမ်ထပ်မင်္ဂလာပြုခဲ့ပြီး၊ ၁၃၄၆ – ခုနှစ်တွင်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြု့နယ်၊ အာဇာနည်လမ်း၊ ဦးအောင်ကြည် နှင့် ဒေါ်အေးမြင့်မိသားစုတို့က သိမ်ထပ်မင်္ဂလာပြုခဲ့ပြ်ပါသည်။ ယ္ခုနှစ်ဝိဇာတမင်္ဂလာနေ့တွင် ဆရာငြိမ်းမိသားစု၊ ဦးလပြည့်မိသားစုနှင့် ဒေါ်မြစိန်မိသားစုတို့က၊ သိမ်ထပ်မင်္ဂလာပြုခဲ့ပြန်ပါသသည်။

“စာပေပရိယတ္တိ သင်ကြားဆည်းပူးတော်မူခြင်း”

ဆရာတော်လောင်းလျာသည်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာအုပ်စု၊ ကော့ဝန်း ကျောင်းဆရာတော် – ဘဒ္ဒန္တဝိသုဒ္ဒါစာရ၊ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်အရှေ့ဘက်ကမ်း၊ ဓမ္မာရာမစာသင်တိုက် –  ဆရာတော် – ဘဒ္ဒန္တ – မုနိန္ဒ၊ စာချဆရာတော် – ဘဒ္ဒန္တ သောဘိတ၊ ဘဒ္ဒန္တ ဇနိတ၊ ရန်ကုန်မြို့၊ စတော့ကိတ်လမ်း၊ ဒေဝသာဂရသိမ်ကုန်း ဓမ္မိကာရုံပါဠိတက္ကသိုလ် – နာယကဆရာတော်နှင့် စာချဆရာတော်များ၊ ရန်ကုန်မြို့၊ ဗဟန်း (၃) လမ်း၊ သုဓမ္မဝတီပွဲစားကြီးကျောင်း၊ နာယကဆရာတော်နှင့် စာချဆရာတော်များ၊ မန္တလေးမြို့ တောင်ပြင်ရွှေရေး ဆောင်တိုက် – ဆရာတော် ဦးပဏ္ဍဝ၊ ထီးလင်းတိုက်၊ ဇောတိထါရုံအုဋ္ဌ်ကျောင်း ပဌာန်းအကျော် – ဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိ၊ မန္တလေးမြို့၊ ဓမ္မိကာရုံတိုက်ဆရာတော် ဘဒ္ဒန္တနရိန္ဒ၊ တောင်ပြင်ဘုရားကြီးတိုက် – ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ၊ ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ နာယကဆရာတော်နှင့် စာချဆရာတော်များထံတွင် ပိဋကတ်အခြေခံမှ စ၍ ပါဠိ – အဌကထာ – ဋီကာစသည်များကို သင်ယူခဲ့ပါသည်။

“အောင်မြင်ခဲ့သော စာမေးပွဲများ”

ရန်ကုန်မြို့၊ သာမဏေစာမေးပွဲ၌၊ သာမဏေကျော်ဘွဲ့၊ အစိုးရစာမေးပွဲ၌၊ ဓမ္မာစရိယဘွဲ့၊ ရန်ကုန်မြို့၊ ဝိနယာနု ဂ္ဂဟအသင်းစာမေးပွဲ၌၊ ဝိနယပါရဂူဘွဲ့၊ ရန်ကုန်မြို့ နိကာယ်ထွန်းကားရေးအသင်းစာမေးပွဲ၌ ဒီဃဘာဏကဘွဲ့ နှင့် လောကဓါတ်စာပေ၌၊ ဘီအေ ဝိဇ္ဇာဘွဲ့တို့ကို ရရှိခဲ့ပါသည်။

“စာပေကျမ်းဂန်သင်ကြားပို့ချတော်မူခြင်း”

ဆရာတော်သည်၊ ရဟန်း (၃) ဝါအရွယ်ခန့်မှစ၍၊ မော်လမြိုင်မြို့၊ ဈေးချိုရပ်တော်ကူးကျောင်း၊ ဇာတိချက်မြုပ်ရာ ကော့ဝန်းကျောင်းနှင့်၊ ရန်ကုန်မြို့ ခြောက်ထပ်ကြီးဘုရားကြီးတိုက်တို့တွင်၊ စာမေးပွဲဆိုင်ရာ ကျမ်းစာများကို ယနေ့တိုင်အောင် ပို့ချလျှက်ရှိပါသည်။

“ကြည်ညိုဖွယ်ရာထူးခြားသော ဂုဏ်ရည်များ”

ဆရာတော်သည်၊ ကြီးငယ်မတူ၊ ဆက်ဆံရာ၌၊ အမြဲပြုံးရွှင်လျှက်ရှိခြင်း၊ ပစ္စည်းလေးပါးတို့၌၊ ရောင့်ရဲတင်း တိမ်လွယ်ခြင်း၊ ဂုဏ်မာနမရှိခြင်း၊ လုပ်ငန်းတစ်ခုကိုဆောင်ရွက်ရာ၌ မဖြစ်မနေပြီးစီးအောင်မြင်အောင် ဇွဲလုံးလထက်သန်ခြင်း၊ အနာဂတ်တိုးတက်အောင်မြင်ရေးအတွက် “သွေးသမျှတမြမြ – နေသေးသပါ့ – ချုံထဲက” ဟု စိတ်ဓာတ်အမြဲမွေးမြူလျက်ရှိခြင်း၊ စသောထူးခြားသောဂုဏ်ရည်များကြောင့် နီးဝေးဝန်းကျင်လူရှင် ရစန်းတို့၏ လေးစားကြည်ညိုခြင်းကို ခံယူရရှိတော်မူပါသည်။

“ ဂုဏ်ပြုအပူဇော်ခံယူတော်မူရခြင်း”

ဤသို့လျှင်၊ ဆရာတော်သည်၊ သာသနာတော်၏အကျိုးစီးပွားစသည်များကို သယ်ပိုးဆောင်ရွက်တော်မူခြင်း၊ စသောဂုဏ်ရည်များကြောင့် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်မှာပင် ‘နှစ်ကြိမ်’ တိုင်တိုင် ဂုဏ်ပြုအပူဇော် ခံယူခဲ့ရပြီး ဖြစ်ပါသည်။ ယခုအချိန်အခါတွင်မူကား ကရင်ပြည်နယ် အထူးအားဖြင့် လှိုင်းဘွဲမြို့ရဟန်းဒါယကာကြီး လူပြန်တော်မင်္ဂလာဦးအောင်ကြည်က ဦးဆောင်ဦးရွက်ပြုပြီး၊ ပြည်နယ်သူသားများနှင့် ရန်ကုန်မြို့ရှိ၊ ဒါကာ – ဒါယိကာမအပေါင်းတို့က – ယခုနှစ်တတိယအကြိမ်မြောက်အနေဖြင့် ဤဂုဏ်ပြုပူဇော်ပွဲကို ခံယူတော်မူရခြင်း ဖြစ်ပါ သဖြင့် ဝမ်းမြောက်နူမော်သာဓုခေါ်ဆိုလိုက်ရပါသတည်း။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

 အဝိဟိံသာနိုင်ငံရေး (၇)

 ရိုက်နှက်စေတာထက် ခွင့်လွှတ်ပေးလိုက်တာက ပိုကောင်းတယ်။

ဖြစ်နိုင်မယ့် နိုင်ငံရေးစနစ်

တစ်ချိန်က အရှင်တို့တိုင်းပြည်မှာ အုပ်ချုပ်မင်းပြုတဲ့သူတွေရဲ့ နိုင်ငံရေးလမ်းစဉ် ဟာ VIOLENCE ရှိတယ်။ NON-VIOLENCE မရှိပါ။ အဲဒီလမ်းစဉ်နဲ့ လူတွေကို အုပ်ချုပ်မှ လက်နက်ချ အရှုံးပေးကြမယ်အထင်နဲ့ အကြမ်းဖက်မှုမျိုးစုံနဲ့ သုံးပြီး မြန်မာပြည် တစ်နံတစ်လျား တိုက်ပွဲတွေ ဆင်နွှဲကြတယ်။ သူတို့တွေ အောင်မြင်တယ်အထင်နဲ့ နေ့စဉ် အများ ဆင်းရဲမှုတွေ ပြုလုပ်ကြတယ် ဆိုတာကို မသုံးသပ်ဘဲ လက်ငင်း အောင်မြင်မှုတိုက်ပွဲ ဆိုပြီး ကြွေးကြော်မှု ပြုကြတယ်။

မိမိဂုဏ်သိက္ခာကို မထိန်းကျောင်းနိုင်တဲ့ အဲဒီအောင်မြင်မှုမျိုးကို လက်ရုံးအားကိုးတဲ့ သတ္တဝါတစ်ကောင်လို ဖြစ်နေတယ် ဆိုတာကို မသိလိုက်ဘူး။ နောက်ဆုံး ရေရှည်အကျိုးကို မခံစားလိုက်ရဘဲ ငုပ်လျှိုးသွားရတဲ့ နိုင်ငံရေးဖြစ်စဉ်တွေ မြန်မာပြည်မှာ အကြိမ်ကြိမ်အခါခါ ဖြစ်ပေါ်ခဲ့ဖူးတယ်။ ဘယ်နိုင်ငံရေးမဆို NON-VIOLENCE မရှိရင် မအောင်မြင်ပါဘူး။ နိုင်ငံရေးလမ်းစဉ်အားလုံးဟာ စောစောစီးစီး မချီးမွမ်းရပါ။ အချိန်စောင့်ဖို့ လိုတယ်။ အချိန် ကောင်းရတဲ့ နိုင်ငံရေးဟာ တန်ဖိုးရှိတယ်။ နိုင်ငံရေးလုပ်ရင် မိမိကိုယ်မိမိ သူရဲကောင်းတစ်ဦး လို မသတ်မှတ်ရပါ။ သတ္တိရှိသူ၊ ထက်မြက်သူ၊ သာလွန်သူတစ်ယောက်လိုသာ နေရမယ်။ ခွင့်လွှတ်ခြင်းတရားနဲ့ ပတ်သက်ရင် ဟန်ဆောင်မှု ကင်းကင်းနဲ့ ရှင်းရှင်းခွင့်လွှတ်ရမယ်။

အရှင်တို့တိုင်းပြည်ဟာ ကောင်းတာတွေ အမျိုးမျိုး လိုအပ်နေတယ်။ ရေရှည် တိုင်းပြည်အကျိုးကို မဖြစ်နိုင်တဲ့ အုပ်ချုပ်မှုစနစ်မျိုးနဲ့ သွားလို့ မဖြစ်ပါ။ ဆူလွယ်နပ်လွယ်တဲ့ ရက်တိုအကျိုးစီးပွားဟာ အလုပ်မဖြစ်နိုင်တဲ့ နိုင်ငံရေးစနစ်ပါ။ စုပေါင်းလုပ်လို့ရတဲ့ စိတ်နဲ့ ဒီတိုင်းပြည်ကို မတည်ဆောက်နိုင်ရင် အမှားအယွင်းတွေနဲ့၊ ဒဏ်ရာကြီးတွေနဲ့ ရှိနေမှာပါပဲ။ အချင်းချင်း အငြင်းပွားမှုရှိတဲ့နိုင်ငံရေးဟာ မေ့မရတဲ့ (မမေ့နိုင်တဲ့) သမိုင်းဆိုးတွေ၊ မှတ်တမ်း တွေ ရှိထားတယ်။ မြန်မာလူထုတစ်ရပ်လုံး အကျိုးစီးပွားဖြစ်မယ့် နိုင်ငံရေးမူဝါဒလမ်းစဉ်ကို ဖြစ်နိုင်မယ့် နိုင်ငံရေးစနစ်နဲ့ မုချ ချမှတ်ရမယ်။

ပြည်ထောင်စုတိုင်းပြည်တစ်ပြည်

အရှင်တို့ဟာ တိုင်းပြည်အကျိုးကို သက်သက်မျှ တာဝန်ယူရန် ဆန္ဒရှိကြတယ်။ နက်ရှိုင်းတဲ့ သတ္တိထူးတွေ အပြည့်အဝရှိတယ်။ ယုံကြည်မှု ခံယူချက်တွေ ထာဝရပါပဲ။ သို့သော် နိုင်ငံရေးအားနည်းတဲ့ မြန်မာတိုင်းပြည်ကို ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးမူဝါဒ မဖန်တီးနိုင်တာဟာ စာရွက်ပေါ်မှာ ကျင့်သုံးတဲ့ နိုင်ငံရေးမူဝါဒကြောင့်လို့ မြင်တယ်။ အရှင်တို့ရဲ့ နိုင်ငံရေးဟာ မြို့ကြီးတွေမှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေ မဟုတ်ပါ။ တောရတွေမှာ တည်ဆောက်ထားတဲ့တဲ မဟုတ်ပါ။ လူတန်းစားမြင့်လာအောင် စုရုံးဖွဲ့စည်း ထားတဲ့ လူမှုအကျိုးပြုတဲ့ အဖွဲ့အစည်းမဟုတ်ပါ။ အရှင်တို့တိုင်းပြည်ဟာ ပြည်ထောင်စု တိုင်းပြည်တစ်ပြည်ပါ။ ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုအသိ၊ ပြည်ထောင်စု လူမှုအဖွဲ့ အစည်းတွေ. ဖြစ်ပါတယ်။

 ကျင့်ဝတ်ဝတ္တရားနဲ့ သက်ဆိုင်တဲ့ ပညာရပ်

များသောအားဖြင့် လူမှုအဖွဲ့အစည်းတွေဟာ နိုင်ငံ၊ လူမျိုး၊ ဘာသာ စတဲ့ သီးခြား ဖြစ်နေတဲ့ပုံစံနဲ့ ဖွဲ့စည်းစုစည်းထားကြတယ်။ သီးခြားစီ စုစည်းဖွဲ့စည်းတဲ့စနစ်ဟာ အတ္တ ဖက်တွယ်တဲ့ စနစ်မျိုးတွေပါ။ ဒီစနစ်မျိုးလို တည်ထောင်တဲ့တိုင်းပြည်ဟာ မကြာခဏဆိုသလို မကောင်းကျိုးများ၊ ခံစားတွေ့ကြုံနေရတယ်။ မနေမနားဘဲ ကွဲပျက်ကြတယ်။ အရှင်တို့ဟာ လူ့သမိုင်းကို တစ်လျှောက်လုံး လေ့လာရမယ်။ အဆက်မပြတ် ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာ ရမယ်။ လူတို့ရဲ့ သဘောသဘာဝအကြောင်းကို အကုန်အစင်မသိရင် “လူမှုဘဝနိုင်ငံရေး လမ်းစဉ်ကို သိနိုင်မှာ မဟုတ်ပါ။ နိုင်ငံရေးဆက်စပ်ပုံအမျိုးမျိုးကို သိလိုရင် လူမှုဘဝ ဖြစ်စဉ်ဖြစ်ရပ်ကို လေ့လာပါက မြင်နိုင်ပါတယ်။ လူတွေ ကြိုးစားအားထုတ်တဲ့ နိုင်ငံရေးဟာ လူမှုဘာသာရပ်ပညာရေးပါပဲ။ လူမှုဘာသာရပ်ပညာဟာ ကျင့်ဝတ်ဝတ္တရားနဲ့ သက်ဆိုင်တဲ့ ပညာရပ်ဖြစ်တယ်။

ဒါကြောင့် တိုင်းပြည်တစ်ပြည်မှာ
(၁) အချင်းချင်း ချစ်ဖွယ်စကား ပြောခြင်း၊
(၂) ပြန်လည်ပြင်ဆင် သုံးသပ်ခြင်း
(၃) နားလည်မှု ရှိခြင်း၊
(၄) အပေးအယူထားရှိခြင်း
ရှိမှပဲ နိုင်ငံနဲ့ ပြည်သူလူထု ကြီးပွားချမ်းသာတိုးတက်မယ်။

ဒုက္ခပေါင်းစုံရောက်ကြ

ကမ္ဘာပေါ်မှာ လက်နက်ဖျက်သိမ်းရေးကို ကြိုးစားကြပေမယ့် လျှော့ချကြရန် ဆန္ဒမရှိပါ။ လက်နက်အမျိုးမျိုးသာ တိုးတက်တီထွင်စမ်းသပ် ထုတ်လုပ်ကြတယ်။ ဒီပုံဒီနည်း အတိုင်းပဲ လူမှုဘာသာ နိုင်ငံရေးပညာရပ်များကို အကြမ်းဖက်မှုမရှိအောင် မတားဆီး မပိတ်ပင်နိုင်လေသမျှကာလပတ်လုံး နိုင်ငံရေးအုပ်ချုပ်မှုစနစ်ဟာ တာဝန်မကျေသော၊ အသက် ဘေးမကင်းသော နိုင်ငံရေးစနစ်ပဲ ရမယ်၊ ဖြစ်မယ်။ ယနေ့ လူ့ဘုံအလယ်မှာ ဘယ်နိုင်ငံရေး စနစ်က ကောင်းတယ်၊ ဆိုးတယ် ဆိုတာကို လူတွေက ရွေးချယ်နေကြတယ်။ ခေတ်အဆက် ဆက်က ဆင်းသက်လာတဲ့ နိုင်ငံရေးစနစ်ကို (မိမိတို့ကြိုက်နှစ်သက်တဲ့ နိုင်ငံရေးကို) မိမိတို့ တိုင်းပြည်နဲ့ လူမျိုးအတွက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် သင်ယူမှတ်သားကြတယ်။ အချို့ နိုင်ငံရေးစနစ်ကြောင့် တိုင်းပြည်မှာ အဆိပ်အတောက်တွေဖြစ်ပြီး အမျိုးမျိုး ဒုက္ခရောက် ခဲ့ကြတယ်။ အချို့သော တိုင်းပြည်က ခေတ်ကာလအဆက်ဆက် မိဘဘိုးဘွားများ လက်ခံ အတည်ပြုထားတဲ့ ဘုရင်အုပ်စိုးတဲ့စနစ်နဲ့ နေကြတယ်။ ပုဂ္ဂိုလ်ကိုးကွယ်တဲ့စနစ်၊ အကြောက် တရား သက်သက် နေထိုင်ရတဲ့စနစ်၊ ကျွန်သားပမာ အလုပ်လုပ်ရသောစနစ်၊ လုပ်အားပေး ရသော စနစ်ပေါင်းစုံနဲ့ လူသားတွေရဲ့ စုရုံးစုဖွဲ့ အုပ်ချုပ်တဲ့စနစ်တွေအကြောင်းကို လူမှုဘဝ နိုင်ငံရေးသမိုင်းကို လေ့လာကြည့်မိသောအခါ လူတွေရဲ့ ပြင်းထန်တဲ့ ဒေါသအကြောင်းတွေ ကို စိတ်ပျက်ဖွယ်ရာများ မြင်တွေ့ရတယ်။ နေနိုင်တဲ့နည်းနဲ့ နေလို့ရတဲ့ လောကကို စုစည်း ဖွဲ့စည်းတဲ့စနစ်ကြောင့် ဒုက္ခတွေပေါင်းစုံ ရောက်ကြတယ်။

လူ့ဂုဏ်ရည်

လူတွေဟာ စားဝတ်နေရေးအတွက်နဲ့ ရုန်းကန်နေကြတယ်။စားဝတ်နေရေးကြောင့် ကိုယ်ကျိုးဖက်မှုတွေ ကြီးထွားတယ်။ ကြီးထွားတဲ့ကြီးပွားမှုဟာ အများအသုံးဝင်တဲ့ ကောင်း ကျိုး မဟုတ်လေတော့ ဖက်တွယ်သူကပဲ နိမ့်ကျသွားတယ်။ လူတွေဟာ နိမ့်ကျတဲ့အလုပ်ကို ဘာကြောင့် ပျော်ပျော်ကြီး လုပ်နိုင်ကြရတာလဲ။ အဲဒီအလုပ်ကို လုပ်လို့ ဂုဏ်ရည်ထူးတွေ အမျိုးမျိုး ရလာကြပါသလား။ လူ့ကျင့်ဝတ်နဲ့ ဆိုင်တဲ့ဂုဏ်ကို လက်လွတ်စပယ် လုပ်လာရင် အန္တရာယ်ကြီးမားပါသလား။ စဉ်းစားစေချင်ပါတယ်။ လူ့ဂုဏ်ရည်ဖြစ်တဲ့ မေတ္တာတရားနဲ့ လူမှုဘဝ လောကကို ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်တဲ့ နိုင်ငံရေးရည်ရွယ်ချက်မျိုး မြန်မာပြည်မှာ မဖြစ်မနေ တည်ထောင်ပေးရမယ်။

အစစ်အမှန်အလုပ်

          မြန်မာပြည် လူမှုရေးလောကကိုလည်း  – 
(၁) စိတ်စေတနာ ကောင်းခြင်း၊
(၂) လူကျင့်ဝတ် ထိန်းသိမ်းခြင်း၊
(၃) စိတ်စင်ကြယ်ခြင်း၊
(၄) အသိပညာ ဖွံ့ဖြိုးတိုးတက်ခြင်း
လေးမျိုးနဲ့ အလေ့အကျင့် ဓလေ့ထားပေးရမယ်။

လွယ်ကူသော လိုက်နာခြင်းမျိုး၊ ဒါမှမဟုတ် လွယ်ကူစွာ ကျင့်ကြံနိုင်သော အကျင့် သိက္ခာမျိုး စောင့်ထိန်းတတ်ရန် လူထုကို နိုင်ငံရေးလမ်းစဉ်ကောင်း ချမှတ်ပေးနိုင်ရမယ်။

အရှင်တို့တိုင်းပြည်ဟာ ပရိယာယ်ပါတဲ့နိုင်ငံရေးနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်မဟုတ်ပါ။ ပရိယာယ်များတဲ့ခေါင်းဆောင်ကိုလည်း မယုံကြည်ပါ။ ထိမ်ဝှက်ထားတဲ့ နိုင်ငံရေး အကြောင်းအရာတွေကိုလည်း မယုံကြည်ပါ။ အလွန်ဆိုးရွားတဲ့သူကို နိုင်ငံ့ခေါင်းဆောင် မထားပါ။ အသိအမှတ်မပြုပါ။ မိုက်မဲတဲ့စိတ်ဓာတ်ရှိသူ၊ သို့မဟုတ် တိုင်းပြည်နဲ့ မတန်တဲ့သူကို ဘယ်တော့မှ အစိုးရ မဖြစ်ရပါ။ အဲဒီလိုမျိုးသာ အစိုးရဖြစ်လာခဲ့ရင် သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းဟာ အရှင်တို့ရဲ့တရား ဖြစ်လာပြီ။ အဲဒီတရားကို မတရားခြင်းနဲ့ မဆန့်ကျင်ဘဲ တရားသဖြင့်နဲ့ ဆန့်ကျင်မှုများ လုပ်ရမယ်။ ညီညွတ်မှုအတွက် အသက်နဲ့ လဲရမယ်ဆိုရင်လည်း လဲရမှာပဲ။ အတွက်အားလုံးနဲ့ အမြင့်ဆုံးစွန့်လွှတ်ဖို့ မိမိမှာ အဆင်သင့် (အရန်သင့်) ဖြစ်အောင်နေရမယ်။ အသက်နဲ့ ပေးဆပ်ရခြင်းအလုပ်ဟာ အောင်မြင်ခြင်း အစစ်အမှန် အလုပ်ပါ။

               ဒါကြောင့် အရှင်တို့ဟာ – 

               (၁) NON-VIOLENCE ကို သတိကြီးစွာ လက်ကိုင်ထားပြီး
(၂) NON-CO-OPERATION နဲ့ စောင့်ထိန်းမှု လုပ်ရမယ်။
အရှင်တို့ ခံယူချက်ကို အနိုင်ယူတဲ့သူများ သိဖို့ပဲ လိုပါတယ်။   
ဒီနည်း ဒီပုံနဲ့ တိုင်းပြည်၊ လူမျိုး အများသူငါအကျိုးကို သယ်ပိုးဆောင်ရွက်ခွင့် ရတာကြောင့် အရှင်တို့အားလုံး ဝမ်းသာရမယ့်အတွက် အားလုံးနဲ့ အသက်ပေးစွန့်လွှတ်ခဲ့ ကြတဲ့ လူမှုဘဝနိုင်ငံရေးသမားတိုင်း ကောင်းရာဘုံဌာန ရှိရန်မလိုပါ။ ဆုတောင်းခြင်းနဲ့ အသက်ရှင်ခြင်းကိုလည်း မလိုပါ။ ပေးဆပ်မှုမဟုတ်တဲ့ စွန့်လွှတ် အနစ်နာခံမှုအတွက်နဲ့ ပေးခဲ့တဲ့အသက် ဖြစ်တာကြောင့် ကြီးကျယ်စွာ ချီးမွမ်းရန်လည်း မလိုပါ။ နောက်ဆုံး လူမှုဘဝ၊ လူမှုလောကအတွက်နဲ့သာ အသက်ကို စွန့်လွှတ်ပေးကမ်းရခြင်းဟာ လိုရာဆုထူး ရဖို့ပါပဲ။ မြင့်မြတ်သူတို့ရဲ့ တိုင်းပြည်၊ မြင့်မြတ်သူတို့ရဲ့ နှလုံးသား၊ မြင့်မြတ်သူတို့ရဲ့ရင်ခွင်ဟာ ဒီမြန်မာပြည်ပါပဲ ဆိုတာကို လူသားတိုင်း သိဖို့ကိုပဲ လိုချင်ပါတယ်။

အရှင်တို့ သိတဲ့ အသိဉာဏ်ဟာ လူတိုင်း ဆင်းရဲခြင်း လွတ်ကင်းဖို့အတွက်ပါ။ ဆင်းရဲခြင်းလွတ်ကင်းဖို့ မိမိကိုယ်မိမိ ပေးထားပါတယ်။ အရှင်တို့ရဲ့အသိဟာ မိမိကိုချစ်တဲ့သူနဲ့ မိမိကိုနစ်နာအောင် လုပ်တဲ့သူ၊ မိမိကို မကြိုက်တဲ့သူတွေ အားလုံးကို ခွဲခြားထားပြီး ဆောင် ရွက်လုပ်ကိုင်တဲ့နိုင်ငံရေး မဟုတ်ပါ။ တစ်လောကလုံးအတွက်ပါ။ အရှင်တို့ရဲ့နှလုံးသားဟာ သက်ရှိ၊ သက်မဲ့ ဖျက်ဆီးမှုနဲ့ ထိခိုက်နစ်နာမှု၊ ပြုမူမှုကို မလိုလားပါ။

          အရှင်တို့ဟာ – 
(၁) မကောင်းမှုကို ကောင်းမှုဖြင့်
(၂) နစ်နာမှုကို ချစ်ခင်ရင်းနှီးမှုဖြင့်
(၃) မုန်းတီးမှုကို ချစ်ခင်ကြင်နာမှုဖြင့်
(၄) ထိခိုက်နစ်နာမှုကို မေတ္တာထားမှုဖြင့် မြန်မာ့နိုင်ငံရေး အောင်မြင်မှု ကိုအန္တိမ အဖြစ် ထားရှိရန် ကြိုးစားအားထုတ်မယ်။
အရှင်တို့ရဲ့ မြန်မာ့နိုင်ငံရေးဟာ ဘယ်သတ္တဝါ အသက်ဇီဝကိုမှ နစ်နာထိခိုက်ဖျက်ဆီးမှု မရှိရပါ။ သူတော်ကောင်း အတွင်းစိတ်ဓာတ်နဲ့ မေတ္တာထားပြီး စစ်မှန်တဲ့ တိုင်းပြည်မြေနေရာပါ။

         အရှင်တို့ရဲ့စိတ်ဟာ တိမ်းစောင်းမှု လွယ်ကူပါတယ်။ လှုပ်ရှားပြောင်းလဲမှု မြန်ဆန် တယ်။ ဒါပေမဲ့ မိမိရဲ့ရည်ရွယ်ချက်ကိုတော့ မြန်မြန်ဆန်ဆန် . လုပ်ရအောင်လုပ်ပါ။ မိမိ ရယူလိုတဲ့အရာကို ဖိနှိပ်ပြီး မရယူပါ။ မတိုက်ယူပါ။ မူဘောင်ထားပြီး ရယူမယ်။ အများ ဒုက္ခလွတ်ကင်းလိုတဲ့ ဆန္ဒတစ်ခုတည်းနဲ့ပဲ တောင်းဆိုမှုတွေကို လုပ်မယ်။ မရတာကိုလည်း မတောင်းပါ။ ဥပမာ ဥပဒေကို ပြင်ဆင်ပေးဖို့၊ အုပ်ချုပ်မှုစနစ်ကို ပြောင်းလဲပေးဖို့အတွက်ပဲ။ များသောအားဖြင့် လူတွေရဲ့ စိတ်ဓာတ်ဟာ မကျေနပ်မှုနောက်ကို အမြဲတမ်း ရောက်တယ်။ ကလဲ့စားချေမယ်။ မကောင်းမှုနဲ့ တုံ့ပြန်မယ်၊ ကျေမယ်၊ ချေမယ်။ အရှင်တို့ရဲ့စိတ်ဟာ တရားခံကို ကြိုးစင်တင် ကွပ်မျက်ဖို့မဟုတ်။ အယူခံဝင်ခွင့် ပေးထားတဲ့ စိတ်မျိုးပါ။

                အရှင်တို့ဟာ –
 (၁) စည်းလုံးညီညွတ်မှုအမှန်တရားနဲ့
(၂) အကြမ်းမဖက်မှုတရားကို နားလည်ကြသူတွေပါ။ အသိဉာဏ်နိုးကြားတဲ့သူတွေ ပါ။ ဘယ်သူမှ ဟန့်တားနှောင့်ယှက်လို့ မရတဲ့ အရှင်တို့ရဲ့ဆန္ဒကို လွယ်ကူစွာ နောက်ဆုတ် ခြင်း မရှိပါ။ အချည်းနှီးမထားပါ။ လဲရင်လည်း ပြန်ထမယ့်သူတွေပါ။ အရှင်တို့ရဲ့ကိုယ်၊ အရှင်တို့ရဲ့စိတ်ကို ဆင်းရဲခြင်းရောက်အောင် ပြုတဲ့သူကို မလွတ်တမ်း အာရုံထားမှာပါ။ ဒုက္ခဆင်းရဲခြင်းကို ရှုလို့ အရှင်တို့ ဒုက္ခမရ မဖြစ်ပါ။ အေးချမ်းမှုသုခကိုရဖို့ ဆင်းရဲခြင်း အာရုံကို ရှုထားပါ။ လူသားတစ်ရပ်လုံးအတွက် နိုးကြားတဲ့ စိတ်ဓာတ်ပါ။

  –  ကိုယ်ကျိုးမဖက် စေတနာအပြည့်ရှိတဲ့စိတ် – နိုးကြားတဲ့စိတ်
 –   မေတ္တာစိတ်များ
–   တိုင်းပြည်လူမျိုးအပေါ်မှာ ထားနိုင်ကြပါစေ။

 အရှင်တို့ရဲ့ တိုင်းပြည်ဟာ
ပရိယာယ်ပါတဲ့ နိုင်ငံရေးနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည် မဟုတ်ပါ။ပရိယာယ်များတဲ့ ခေါင်းဆောင်ကိုလည်း မယုံကြည်ပါ။
ထိမ်ဝှက်ထားတဲ့ နိုင်ငံရေးအကြောင်းအရာတွေကိုလည် မယုံကြည်ပါအလွန်ဆိုးဝါးတဲ့သူကို နိုင်ငံ့ခေါင်းဆောင် မထားပါ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၁၁-၁၁၆၊ အဝိဟိံသာနိုင်ငံရေး (၇)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၆)

အများအကျိုးစီးပွားကို လုပ်သူသည် ငတ်မွတ်ခြင်းနှင့် ရင်ဆိုင်ကြရစမြဲ ဖြစ်၏။ ထိုသို့ ရင်ဆိုင်ရသောအချိန်၌ မိမိကိုယ်တိုင် စိတ်ဓာတ်မကျရန် လို၏။ နောက်မဆုတ်ရန် လို၏။ အားမလျှော့ရန် လို၏။ စိတ်ဓာတ်ကျ၊ ဆုတ်ခွာအားလျှော့မိလျှင် ကျဆုံးမှုဖြစ်မည်။ ဆက်၍သာ ကြိုးစားရမည်။

သုံးသပ်ဆင်ခြင်

အရှင်တို့ဟာ လွတ်လပ်မှုကို အားကိုးဖို့ အမှန်တရားကို ကျင့်ကြံစောင့်ထိန်းရမယ့် သူတွေပါ။ မိမိရဲ့တိုင်းပြည်ကို မိသားစုကြီးတစ်ခုလို ချစ်ရမယ်။ ပြည်သူလူထုကို လုပ်ကျွေး ပြုရမယ်။ အရှင်တို့တိုင်းပြည်ကို လွတ်လပ်ရေးရယူခဲ့စဉ်က ကိုယ်ထူးကိုယ်ချွန်ခဲ့ရတဲ့သူတွေ ပါ။ ဘယ်သူ့ကိုမှ အမှီမပြုပါ။ ကိုယ့်အားကိုယ်ကိုးခဲ့တဲ့ဘဝကို မမေ့သင့်ပါ။ အရှင်တို့ လက်ရှိဘဝကို သုံးသပ်ပါ။ အားရမှု၊ ရွှင်လန်းမှု၊ စိတ်ပျက်မှု၊ ဝမ်းသာဝမ်းမြောက်နဲ့ ဒုက္ခ ဆင်းရဲမှုတွေဖြစ်ရတာဟာ ဘယ်သူမဆို ခံစားရတာချည်းပါ။ဒီသဘောတရားဟာ ပြုခဲ့တဲ့ အကြောင်းကြောင့်ရတဲ့ အကျိုးတရားပါ။ အရှင်တို့ဟာ လူ့ဘဝကိုအခြေခံတဲ့ မှန်တဲ့အသိဉာဏ် ရှိပါတယ်။ အတွေးမှန်လည်း ရှိပါတယ်။ နက်ရှိုင်းတဲ့အသိပညာနဲ့ မိမိရဲ့တိုင်းပြည်ကို အလုပ် အကျွေးပြုဖို့ မိဘ၊ ဘိုးဘွားတွေက အဆုံးအမပေးခဲ့တယ်။ ချီးကျူးမှု၊ အားပေးမှုတွေ ပေးခဲ့တယ်။

အရှင်တို့ နေ့စဉ် မြင်တွေ့ခံစားနေရတဲ့ ဘဝဖြစ်စဉ်အခြေအနေဟာ ကြမ်းတမ်းတဲ့ ပုံတွေ အများကြီး တွေ့ရတယ်။ မုန်းတီးမှု၊ ပဋိပက္ခ၊ လူမျိုးအချင်းချင်း၊ လူမျိုးကြီးက လူမျိုးငယ်အပေါ် (လူများစုနဲ့ လူနည်းစုအချင်းချင်း) အနိုင်ကျင့်ခြင်း၊ နှိပ်စက်ခြင်း၊ ဖိနှိပ်ခြင်း၊ လုပ်ကြတာတွေဟာ နိုင်ငံရေးအရ အုပ်ချုပ်မှုစည်းမျဉ်းဥပဒေကြောင့်ပါလို့ မမြင်သင့်ပါ။

နေ့စဉ် စီးပွားရေး၊ လူမှုရေးနဲ့ ရောင်းဝယ်ရေးစနစ်တွေကိုလည်း သုံးသပ်ဆင်ခြင်သင့်ပါတယ်။ အရှင်တို့ကိုယ် အရှင်တို့ မသုံးသပ်နိုင်ရင် မျိုသိပ်ခံစားမှုတွေ မထားသင့်ပါ။ မျိုသိပ်ထားမှုတွေ ဟာ ခါးသီးတဲ့ ပေါက်ကွဲမှုတွေ ဖြစ်တတ်တယ်။ လူတွေရဲ့ ဖြစ်စဉ်အကြောင်းကို လေ့လာပါ။များသောအားဖြင့် မျိုသိပ်ထားမှုကြောင့် လှုပ်ရှားမှုတွေ တိုးလာတယ်။ ထိပါးမှုတွေ များလာတယ်။

မေတ္တာကျင့်ဝတ်တရားများ

လူမှုဘဝနိုင်ငံရေးဟာ အစဉ်အမြဲ လည်ပတ်နေပါတယ်။ ရပ်တန့်သွားခြင်း မရှိပါ။ ၂ရပ်တန့်သွားခြင်းမရှိတဲ့နိုင်ငံရေးကို အသိပညာနဲ့ လေ့လာရမယ်။ ဆည်းပူးရမယ်။ လူ့အဖွဲ့ အစည်းများ အသိပညာ ရှိရမယ်။ လိမ္မာရမယ်။ ကျွမ်းကျင်ရမယ်။ ဘယ်အရာမဆို တစ်ခုနဲ့ တစ်ခု အချင်းချင်း ဆက်စပ်မှုရှိနေတယ် ဆိုတာကို လက်ခံရမယ်။

အရှင်တို့ဟာ ဂေဟအဆက်အစပ် လုပ်ဆောင်မှုတွေ ရှိနေရမယ်။ တစ်ဦး တစ် ယောက်တည်း ရပ်တည်ရန်အတွက် အများနဲ့ ဆက်စပ်ရမယ်။ အရှင်တို့ရဲ့ စိတ်ထားကိုလည်း-

  • စွမ်းနိုင်အောင်
  •  ဖြောင့်မတ်အောင်
  •  အလွန်ဖြောင့်မတ်အောင်
  • ဆိုဆုံးမလွယ်ကူအောင်
  • နူးညံ့ပျော့ပျောင်းအောင်
  • မာန်ထောင်လွှားခြင်း မရှိအောင်
  • ရောင့်ရဲလွယ်ကူအောင်
  • ပြုစုမွေးမြူလွယ်ကူအောင်   (လွယ်ကူသူဖြစ်အောင်)
  • ကိစ္စနည်းပါးအောင်
  • ပေါ့ပါးဖျတ်လတ်ဖြစ်အောင် 
  • ငြိမ်ငြိမ်သက်သက်ရှိအောင်
  • ဆင်ခြင်ဉာဏ်များ ရင့်ကျက်အောင်
  • မကြမ်းတမ်း၊ မရိုင်းပျသူဖြစ်အောင်
  • မကပ်ငြိ၊ မတွယ်တာသူဖြစ်အောင်
  • ပညာရှိများ ပြစ်တင်ကဲ့ရဲ့ဖွယ်ဖြစ်စေမယ့် … အသေးအဖွဲ မကောင်းမှုတစ်ခုခုသော်မှ မပြုအောင် (အဘိဓမ္မာကျမ်းများမှ ညွှန်ကြားထားတဲ့) အခြေခံမေတ္တာကျင့်ဝတ်တရားများ လေ့ကျင့်ရမယ်။

ပဋိပက္ခစုံတဲ့တိုင်းပြည်

အရှင်တို့ရဲ့တိုင်းပြည်ရေးဟာ ပဋိပက္ခဖြစ်ပွားမှု အသက်ရင့်နေပါပြီ။ သက်ရင့်တဲ့ ပဋိပက္ခဟာ ကြမ်းတမ်းတဲ့ ပြဿနာတွေသာ မွေးထုတ်တယ်။ လူမျိုးရေးပဋိပက္ခ၊ နှိပ်စက် ၅ ရန်ပြုမှု ပဋိပက္ခ၊ အုပ်ချုပ်ရေးပဋိပက္ခ စတဲ့ ပဋိပက္ခစုံတဲ့ တိုင်းပြည်တစ်ပြည် ဖြစ်လာခဲ့ရ တာဟာ ဖန်တီးသူတွေရဲ့ စိတ်ကူးနောက်ကို လိုက်ပါဖြစ်ရတဲ့ နိုင်ငံရေးကြောင့်ပါ။ “ငါ လုပ်ရင်ဖြစ်တယ်” ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေကြောင့် (ထင်တိုင်းလုပ်တဲ့ အပြုအမူကြောင့်) မြန်မာ့လူမှုဘဝနိုင်ငံရေးဟာ မတည်ငြိမ်ဘဲ ဖြစ်ခဲ့ရတယ်။ ဒီလိုဖြစ်အောင် ဖန်တီးလိုစိတ် မရှိ (မပါ)ပေမယ့် ဖြစ်သွားခဲ့တဲ့ အဆိုးတရားတွေကြောင့် သမိုင်းမှာ ပြင်ဆင်လို့ မရတာတွေ ကျန်ရစ်ခဲ့တယ်။

ထာဝရအေးငြိမ်းရေးအတွက်

အရှင်တို့ဟာ အနာဂတ်ကို မျှော်လင့်မထားကြတဲ့သူတွေ မဟုတ်ပါ။ မျှော်လင့်ချက် ဆိုတာ လွယ်ကူစွာနဲ့ မစွန့်လွှတ်နိုင်ပါ။ မျှော်လင့်ချက်နဲ့ အားနည်းချက် တွေ့ရတာမျိုးဟာ ဘဝမှာ အရှုံးဆုံးပါပဲ။ အရှင်တို့ဘဝဟာ ခေတ္တမဟုတ်ပေမယ့် ထာဝရအေးငြိမ်းရေးအတွက် ကိုတော့ ရည်ရွယ်ချက်ထားပြီး မျှော်လင့်နေကြတယ်။ အားလုံးက လူသားတွေပါ။ ပျော်ပျော် ရွှင်ရွှင် ချမ်းချမ်းသာသာနဲ့ နေထိုင်လိုကြပါတယ်။ မျှော်လင့်သလို မဖြစ်လာတဲ့ကိစ္စများ မဖြစ်လိုကြပါ။ လူ့ရဲ့သဘောမှာ အပျက်အစီးမရှိတဲ့ ဝန်းကျင်ပဲ ဖြစ်ချင်ကြတယ်။ မြင်ချင်ကြ တယ်။ ငြင်းပယ်မှု၊ ထုတ်ပယ်မှုများကို မလိုချင်ကြပါ။

အုတ်မြစ်ကောင်း

ဘယ်မူ၊ ဘယ်ဝါဒ၊ ဘယ်သူတွေမဆို အပြုအမူ မကောင်းမှု ပါတတ်တယ်ဆိုတာ ကို နားလည်ထားရမယ်။ အဲဒီသဘောတရားဟာ မေ့ပစ်လို့ မရတဲ့ သတိပေးသဘောတရား ပဲ။ နိုင်ငံရေးဟာ စုံလင်တဲ့၊ အကြမ်း၊ အနုသဘောတရားတွေ ပါတယ်။ ရန်ငြိုးအာဃာတ ထားတဲ့ နိုင်ငံရေး၊ ပူးပေါင်းလုပ်ဆောင်တဲ့နိုင်ငံရေး၊ ဒဏ်ခတ်မှု အပြစ်ဖို့မှ မပါတဲ့နိုင်ငံရေး စတဲ့ နိုင်ငံရေးမှာ မြန်မာပြည်နိုင်ငံရေးဟာ အခက်ဆုံး အစမ်းသပ်ခံနိုင်ငံရေးမျိုးလို ဖြစ်နေ တယ်။ ရန်သူနောက်ကို လိုက်တဲ့သူဟာ တစ်နေ့နေ့မှာ ရန်သူစက်ကွင်းနဲ့ မလွတ်သလို စည်းစနစ် ယိုယွင်းပျက်စီးတဲ့နိုင်ငံရေးပုံစံ မဖြစ်အောင် မြန်မာ့နိုင်ငံရေးကို အုတ်မြစ်ကောင်း တည်ထားပေးနိုင်ရမယ်။

လေ့လာသုံးသပ်ဖို့လို

မြန်မာပြည်မှာ စေ့စပ်လို့ မရတဲ့ နိုင်ငံရေး မရှိပါ။ မကောင်းဆိုးဝါးလုပ်နေတဲ့ နိုင်ငံရေးလည်း မရှိပါ။ အဆိုးအပြစ်တွေကို ဝေဖန်သုံးသပ် ပိုင်းခြားတတ်တဲ့ နိုင်ငံရေး ဖြစ်အောင် မြန်မာနိုင်ငံရေးလောကကို ဖန်တီးပေးနိုင်ရမယ်။ ကောင်းတဲ့နိုင်ငံရေးကို- ဖန်တီး ပေးတဲ့ အချိန်မှာ လှည့်စားမှုများခံရတတ်တယ်။ လှည့်စားမှုများတဲ့ နိုင်ငံရေးဟာ ယုတ်မာ မှုတွေ ဖြစ်တတ်တယ်။ ယုတ်မာမှုမရှိတဲ့ နိုင်ငံရေးသာ တရားမှန်ဘက်ကို ရပ်တည်တယ်။ အထူးသဖြင့် ယုတ်မာမှုအချင်းချင်း ထောက်ပံ့ကူညီတဲ့နိုင်ငံရေး ဖြစ်လာရင် အဲဒီဖြစ်စဉ် အတိုင်း ရပ်တည်တဲ့နိုင်ငံရေးအားလုံးက တည်မြဲတယ် မရှိပါ။ တည်မြဲသန့်ရှင်းမှု မရှိတဲ့ နိုင်ငံရေးဟာ ယုတ်မာရေးပဲ အကျိုးပေးသွားကြတယ်။

ဒီနေရာမှာ နိုင်ငံရေးမြင်ကွင်းသဘောတရားတစ်မျိုး ဆွေးနွေးလိုပါတယ်။ မကောင်း ဆိုးဝါးကို ကျူးလွန်တဲ့နိုင်ငံရေးကို ဘယ်သူမှ မထောက်ခံပါ။ (အားမပေးပါ။) ဦးဆောင်သူက အာဏာ အပြည့်အဝ အားစိုက်ထည့်ရင် အားစိုက်တဲ့သူကို ရန်ငြိုး(အာဃာတ) မထားဖို့ လိုတယ်။ သူ့ရဲ့လုပ်ငန်းကိုလည်း ဝိရောဓိ (ဆန့်ကျင်ဘက်) မလုပ်ဖို့လိုတယ်။ နောက်ဆုံး ချစ်ခင်မှုတရားမပါတဲ့ အဲဒီနိုင်ငံရေးဟာ သူ့အလိုလို အားကုန်ပြီး ရုပ်သိမ်းသွားမယ် ဆိုတာ နားလည်စေချင်တယ်။ လုပ်နေရင်းနဲ့ ရုပ်သိမ်းရတဲ့ နိုင်ငံရေးဟာ ရည်ရွယ်ချက်မပါတဲ့ နိုင်ငံရေးပါ။ ခေါင်းဆောင်မှု မပါတဲ့ နိုင်ငံရေးပါပဲ။ အဲဒီလို နိုင်ငံရေးမျိုး မြန်မာပြည်မှာ ရှိခဲ့ဖူးပြီလား ဆိုတာ လေ့လာသုံးသပ်ဖို့ လိုပါတယ်။

ကံမြောက်တဲ့နိုင်ငံရေး

လူတွေဟာ နိုင်ငံရေးဘုံသားအဖြစ် နေကြတာကို ကိုယ်တိုင်မသိကြပါ။ အခက်ဆုံး စမ်းသပ်မှုပါတဲ့ နိုင်ငံရေးကိုလည်း နားမလည်ကြပါ။ ပြောင်းလဲလာတဲ့ နိုင်ငံရေးစည်းစနစ် ကိုလည်း အများအပြား နားမလည်နိုင်ကြသေးပါ။ ယိုယွင်းပျက်စီးသွားကြတဲ့ လူမှုကမ္ဘာကို နိုင်ငံရေးရဲ့ စနစ်အောက်ကိုတော့ တဖြည်းဖြည်း ရောက်သွားကြပြီ ဆိုတာကို သိနေကြပါပြီ။ အနှစ်အဖြစ် လိုက်နာကျင့်ကြံမှုရှိတဲ့ နိုင်ငံရေးကို မြန်မာပြည်မှာ ထွန်းကားအောင် လုပ်ပေး ရမယ်။ တည်ထောင်ပေးရမယ်။

အရှင်တို့ မြန်မာပြည်ဟာ အောက်ဘက်ကို စီးဆင်းတဲ့ရေနဲ့ တူတဲ့ နိုင်ငံရေး ရှိနေတယ်။ ထွက်ပေါက်ရတဲ့ရေမို့ အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေကြတယ်။ တကယ်တော့ အဲဒီဥပမာနဲ့တူတဲ့ နိုင်ငံရေးမျိုးလို မြန်မာပြည်မှာ မရှိအောင် ဝိုင်းဝန်းကူညီကြရမယ်။ နိုင်ငံရေးဆိုတာ အရည်အသွေးအဆုံးအစ မမြင်နိုင်ပါ။ မတည်ငြိမ်တဲ့နိုင်ငံရေးကို လှည့်စားမှ ပရိယာယ်များတယ်။ လှည့်စားမှုပါတဲ့နိုင်ငံရေးအားလုံး ကံမြောက်တဲ့ နိုင်ငံရေးတွေချည်းပါပဲ။

လူထုတွေ ရွေးချယ်

ဦးဆောင်တဲ့ (နိုင်ငံရေးသမား) သူဟာ ကံကို မကျူးလွန်ပါဘူးလို့ ယုံလို့မရပါ။ ပြည့်စုံတဲ့ ခံယူမှုမရှိတဲ့သူဟာ ဓားမိုးအုပ်စိုးတဲ့ မင်းစိုးရာဇာတွေရဲ့ဘက်ကို အားပေးတတ် တယ်။ မတရားမှုတွေ၊ အနိုင်ကျင့်မှုတွေ၊ ဖိနှိပ်မှုတွေ လုပ်ရဲတယ်။ ကိုင်ရဲတယ်။ ရတဲ့ အခွင့်အရေးတွေကို မကောင်းမှုနဲ့ အသုံးချရဲတယ်။ ဒီအကြောင်းကို ရင်ဆိုင်နေကြရမယ့် ပြည်သူတွေများရှိရင် ဦးဆောင်တဲ့ ခေါင်းဆောင်ဟာ ပြောင်းလဲနိုင်တဲ့ ပြောင်းလဲချက်ကို အတိအကျ စွမ်းပကား ရှိရမယ်။ အမြင်သစ်တွေ၊ ကြိုးစားအားထုတ်မှုသစ်တွေ နားလည်ရှ မယ်။ ဖျက်ဆီးတဲ့သူတွေက သွယ်ဝိုက်တဲ့နည်းတွေနဲ့ လုပ်နေကြမှာပါပဲ။ သွယ်ဝိုက်မှုအမျိုးမျိုး ထိုးနှက်တဲ့ နိုင်ငံရေးကိစ္စမျိုးကို သိမ်းပိုက်မှု မပြုနိုင်အောင် ဖြစ်ရိုးဖြစ်စဉ်များ ရပ်စဲပစ်ဖို့ ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်တဲ့ နိုင်ငံရေးစကားလုံးကို လူထုထဲရောက်အောင် ပေးပို့နိုင်ရမယ်။ အဲဒီခေါင်းဆောင်ကိုသာ လူထုတွေ ရွေးချယ်ကြရမယ်။

ပရမတ်လူသား

လူ့အဖွဲ့အစည်းသမိုင်းမှာ မိသားစုသမိုင်း၊ နိုင်ငံရေးသမိုင်း၊ နိုင်ငံတကာသမိုင်း စတဲ့ သမိုင်းတင်ပြီး အဆင့်ဆင့် ရှိခဲ့တယ်။ ဒီလို လူ့သမိုင်းအကြောင်းကို အဆင့်ဆင့် မှတ်တမ်းတင်လာနိုင်ခဲ့တာဟာ တိုင်းပြည်ကို ဦးဆောင်တဲ့သူက တော်လို့ပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်သူတို့ရဲ့ အရည်အသွေး (အရည်အချင်း)ဟာ ပြည့်စုံခြင်းမရှိနိုင်ဟု ဆိုပေမယ့် စွမ်းအားပြည့်ဝမှုတော့ ရှိကြတယ်။ ခေါင်းဆောင်သူဟာ အရာရာတိုင်းကို စွန့်ရဲသူများ ဖြစ်တာကြောင့် ပရမတ်လူသားတွေများ ဖြစ်ကြတယ်။)လူတကာတွေအတွက် အသက်ကို သံသရာအဆက်ဆက် ဝတ်မပျက်တမ်း ပေးနိုင်သူရဲ့ဘဝကို ချစ်ခြင်း၊ မုန်းခြင်းနဲ့ ပြည်သူများ အတွက် ဇီဝိတပရိစ္စာဂ (အသက်ကို စွန့်ခြင်း) ပြုတယ်။ အဲဒီအလုပ်ဟာ မြင့်မြတ်သူတို့က ရွေးယူတဲ့အလုပ် ဖြစ်တယ်။ မြင့်မြတ်သူကသာ ပေးဆက်နိုင်ကြတယ်။ 

လူသားတွေရဲ့ ဇာတိအိမ်

မိသားတစ်စု အဆင့်ဆင့် တိုးတက်အောင် တည်ဆောက်နိုင်ဖို့ဟာ မေတ္တာတရားပဲ ရှိပါတယ်။ မေတ္တာတရားဟာ လူ့အရည်အချင်းဂုဏ်ကို မွေးထုတ်တယ်။ လူ့ဘဝတန်ဖိုးကို နားလည်နိုင်တဲ့ အသိစိတ်ဓာတ်ဟာ မေတ္တာတရားပါပဲ။ လူမှုဘဝလောကကို လေ့လာပါ။ ပျော်ရွှင်ချမ်းသာမှုများ ရလာကြပြီဆိုရင် အသိစိတ်ဓာတ်ထားနိုင်တဲ့ အသိပညာများ ရလာပြီလို့ သိနိုင်တယ်။ ပျော်ရွှင်မှုအစစ်အမှန်မျိုး ဖြစ်လာပြီဆိုရင် အေးချမ်းမှု၊ ချမ်းသာမှုများ တစ်ကမ္ဘာ လုံး လွှမ်းခြုံသွားမှာပါပဲ။ လောကမှာ ဘယ်သူမဆို ချစ်ခင်ကြင်နာမှုတရားကို လိုချင်ကြတာ

ချည်းပါပဲ။ လူတွေဟာ တူညီတည်ရှိတဲ့ မေတ္တာတရားရှိဖို့ အမျှဝေငှမှု ရှိကြရမယ်။ ဘဝချင်း တူညီနေခြင်း ဖြစ်လာအောင် ကြိုးစားရမယ်။ တူညီခြင်းဘဝကြောင့် နိုင်ငံရေးပထဝီ ဂြိုဟ်ငယ်တစ်ခု ဖြစ်လာမယ်။ တခြားသီးခြားဂြိုဟ်ငယ်က မဟုတ်တဲ့ ဒီဂြိုဟ် (ဂေဟသိတ) လေးရဲ့ တန်ခိုးဂုဏ်ကြောင့် လူသားတွေရဲ့ ဇာတိအိမ်ဟာ တစ်ခုတည်းနဲ့ လောကလူ့ရွာကို တည်ဆောက်နိုင်ကြတယ်။ “ကမ္ဘာတစ်ခု မိသားစုတစ်စု” ဆိုတာ ဒီသဘောတရားပါပဲ။

အရှင်တို့ဟာ ပွင့်လင်းနွေးထွေးတဲ့ နှလုံးသားကို ဘာကြောင့် မမွေးထားနိုင်ကြပါ သလဲ။ ဘာကြောင့် မုန်းစိတ်တွေ များများစားစား ထားနိုင်ကြသလဲ။ လူ့ဇာတိကို ဘာကြောင့် တစ်ခုတည်း မထားနိုင်ကြပါသလဲ။ တကယ်တော့ ယနေ့ကမ္ဘာမှာ ပွင့်လင်းနွေးထွေးနေတဲ့ နှလုံးသားတွေ ထားသင့်တဲ့အချိန်အခါ ရောက်ပြီ မဟုတ်လား။ လူနေမှုကမ္ဘာမှာ ကျင့်ဝတ် ဆိုင်ရာ၊ သန့်စင်မွန်မြတ်မှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာတာဝန်တော့ မထားသင့်တော့ပါ။ လူသားအားလုံးရဲ့ ရှင်သန်နေထိုင်မှုဆိုင်ရာတာဝန်ကို ဖြစ်လာသင့်ပြီလို့ ထင်ပါတယ်။ 

အလုပ်မဖြစ်တဲ့ ရက်တိုအကျိုးစီးပွားကို ရှောင်ရှားနိုင်ပါစေ။
မိသားတစ်စု အဆင့်ဆင့် တိုးတက်အောင် တည်ဆောက်နိုင်ဖို့ဟာ မေတ္တာတရားပဲ ရှိပါတယ်။ 
မေတ္တာတရားဟာ လူ့အရည်အချင်းဂုဏ်ကို မွေးထုတ်တယ်။ 
လူ့ဘဝတန်ဖိုးကို နားလည်နိုင်တဲ့ အသိစိတ်ဓာတ်ဟာ မေတ္တာတရားပါပဲ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၀၅-၁၁၀၊ အဝိဟိံသာနိုင်ငံရေး (၆)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဘဒ္ဒန္တစန္ဒန၏ ဘဝမှတ်တမ်း

ဆရာတော်ဘဒ္ဒန္တ စန္ဒနငယ်နာမည် စောစံတင်သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ရွာနေ ခမည်းတော် ဦးဘို့နေ မယ်တော် ဒေါ်မုသိန်တို့မှ ၁၂၈၈ ခု ၊ တော်သလင်းလဆန်း (၁၀) ရက်၊ အင်္ဂါနေ့ နံနက် (၄)နာရီအချိန်တွင် ဖွားမြင်ပြီး ၁၃၀၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၅) ရက်နေ့တွင် မြင့်မြတ်သောရဟန်းအဖြစ်ကို ရရှိခဲ့သည်။

ဆရာတော်သည် လောကုတ္တရာပရိယတ်စာပေ၊ ဟိန္ဒီစာပေ၊ သက္ကဋစာပေတို့ကို ကော့ကရိတ်မြို့၊ မော်လမြိုင် မြို့၊ မန္တလေးမြို့နှင့် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသတို့တွင် လေ့လာသင်ယူခဲ့ပါသည်။

၁၃၂၉ ခုနှစ်တွင် ဘားအံမြို့နယ် ကမော့ကစင်ရွာသစ်ကျောင်း၌ သီတင်းသုံး၍ လိက်ထူ့လီရှေးဟောင်း ကရင်စာပေ ဖော်ထုတ်ရေး (သံဃာကော်မတီ) အတွင်းရေးမှူးအဖြစ်တာဝန်ယူပြီး တိမ်မြုပ်နေသော  လိက်ထူ့လီပိုးကရင်     စာပေပြန်လည်ထွန်းကား ပြန့်ပွားရေးကို ဆောင်ရွက်တော်မူယင်း မန်းနဲစန်၊ စန္ဒန (ဘားအံ) ကလောင်အမည်များဖြင့် ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် ကျမ်းပေါင်းဆယ့်တစ်ကျမ်းနှင့် ဝတ္ထု၊ ဆောင်းပါးအမြောက် အမြားကို ရေးသားပြုစုခဲ့သည်။

အိန္ဒိယနိုင်ငံ၊ ဂျဗလ်ပူမြို့တွင် ကျင်းပသော ဗောဓိဓျာခေါ် ဗုဒ္ဓဘာသာအဖြစ်ခံယူပွဲသို့ မြန်မာနိုင်ငံကိုယ်စား လှယ်အဖြစ် တက်ရောက်ခဲ့ပါသည်။ 

အမျိုးဘာသာသာသနာအတွက် အားကြိုးမာန်တက်ဆောင်ရွက်ယင်း ၁၃၅၄ – ခု၊ တော်သလင်းလဆုတ် (၁၄)ရက် သောကြာနေ့တွင် တစ်ဘဝခန္တာကို ရုပ်သိမ်းတော်မူပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဦးစန္ဒန (ဘားအံ)၏ ထေရုပ္ပတ္တိအကျဉ်း

နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘဒ္ဓန္တစန္ဒနသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ကျေးရွာတွင် မြန်မာသက္ကရာဇ် (၁၂၀၀) ခုနှစ်၊ တော်သလင်းလဆန်း(၁) ရက်နေ့၊ အင်္ဂါနေ့တွင် ဖွားမြင်သန့်စင် တော်မူပါသည်။ ဆရာတော်၏ ခမည်းတော်နှင့် မယ်တော်မှာ ဦးဖိုးနေ နှင့် ဒေါ်မုသိန်းတို့ ဖြစ်ပါသည်။

မွေးချင်း(၆) ဦးရှိပါသည်။ အကိုအကြီးဆုံးမှာ ဦးသာလန်းဖြစ်ပြီးလျှင် ဒေါ်ရင်ငွေ၊ ဦးထွန်းဝင်း၊ မနန်းထူ၊ ဦးထွန်းမင်း၊ ဦးအောင်ကြည်နှင့် အထွေးဆုံးမှာ ဆရာတော်ဘုရားဖြစ်သည်။

ဆရာတော်၏ငယ်နာမည်မှာ စောခံတင့်ဖြစ်သည်။ ငယ်စဉ်က ဖြူဖြူဖွေးဖွေး တစ်တစ်ရပ်ရပ်မို့ (တစ်လစ်) ဟူ၍ခေါ်ဆိုသည်။ ဆရာတော်ဘုရားသည် ငါးနှစ်သားအရွယ်တွင် တောင်ကြာအင်းအစိုးရ မူလတန်းကျောင်း (ဦးဝင်းဖေကျောင်းဟုလည်းခေါ်ကြသည်) တွင် မူလတန်းအဆင့်၌ ပညာသင်ကြားခဲ့သည်။

အလယ်တန်းအဆင့်ကို ကော့ကရိတ်မြို့နယ်၊ ရှမ်းကြီးကုန်းအစိုးရအလယ်တန်းကျောင်းတွင် သတ္တမတန်း အထိ ပညာသင်ကြား၍ သာသနာရေး၌ စိတ်ပါဝင်စားလာသဖြင့် ကျောင်းမှထွက်ကာ သာသနာ့ဘောင်သို့ ဝင်ရောက် ခဲ့ပါသည်။ ဆရာတော်ဘုရားစာသင်သားဘဝဖြင့် ပညာရည်နံ့စုံသောက်ခဲ့ရသောကျောင်းတိုက်များမှာ –

– ရတနာဘုံပျံကျောင်း (မော်လမြိုင်မြို့)

– ရန်ကုန်သိမ်ဖြူကျောင်းတိုက်

– ဘုရားကြီးကျောင်းတိုက် (မန္တလေး) တို့ဖြစ်သည်။

ဆရာတော်ဘုရားသည် မန္တလေးမှပြန်ကြွလာကာ မိမိ၏မွေးရပ်ဇာတိဖြစ်သော တောင်ကြာအင်း ကျေးရွာတွင် မွေးမိခင်၏ကျေးဇူးတော်ကိုဆပ်ရင်း (၄) ဝါမှ သီတင်းသုံးခဲ့ပါသည်။

ထိုမှတစ်ခါ အိန္ဒိယသို့သွားပြီး ဟန္ဓိ၊ သက္ကတ၊ ပါဠိဘာသာများကို အိန္ဒိယနိုင်ငံအနှံ့အပြားတွင် (၃) နှစ်တာ လေ့လာဆည်းပူးခဲ့ပြီး မြန်မာနိုင်ငံသို့ ၁၉၆၂ ခုနှစ်တွင် ပြန်ကြွလာသည်။

မော်လမြိုင်တောင်စွန်းကျောင်းတွင် စာချပုဂ္ဂိုလ်အနေဖြင့် စာသင်သားများအား စာပေပို့ချမှုပြုခဲ့သည်။ ထိုကျောင်း၌ပင် ရှေးဟောင်းကရင်စာပေများကို လေ့လာခဲ့သည်။

         ဘားအံအောက်ရေတံခွန်ဆရာတော်၏ မေတ္တာရပ်ခံချက်အရ အောက်ရေတံခွန်ကျောင်းတွင် စာချ ရဟန်းအဖြစ်ရောက်ရှိပြီး အောက်ရေတံခွန်ကျောင်းတွင် ဆက်လက်သီတင်းသုံးခဲ့ပါသည်။

ထို့ကျောင်းမှနေ၍ ကရင်လူငယ်များအား မုက္ကဒိဆရာတော်ဦးဥတ္တမနှင့်အတူ ကရင်စာပေများအား သင်ကြားပို့ချပေးခဲ့သည်။ ဆရာတော်ဘုရား၏ကျေးဇူးကြောင့် တိမ်မြုပ်နေသော ရှေးဟောင်းကရင်စာပေများကို ခေတ်လူငယ်များ ဆက်လက်လေ့လာဆည်းပူးခွင့်ရခဲ့သည်။

ကရင်ပြည်နယ်ဥက္ကဋ္ဌဟောင်း ဒေါက်တာစောလှထွန်း၏ ပင့်လျှောက်ချက်အရ (၁၃၂၉) ခုနှစ်တွင် ကမော့ကစင်(ရွာသစ်)ကျောင်းတွင် ပျံလွန်တော်မူသည့်အချိန်ထိ ၂၅ – နှစ်တိုင်အောင် သီတင်းသုံးခဲ့ပါသည်။

ဆရာတော်ဘုရားသည် ၁၉၇၉/ ဂဝသာသနာသန့်ရှင့်တည်တံ့ပြန့်ပွားရေးတွင် ဘားအံမြို့နယ်ကိုယ်စားလှယ် အဖြစ် အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

၁၉၈၀ – ဘားအံတွင် မြို့နယ်သံဃာနာယကအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတော်သံဃဗဟိုဝန် ဆောင်အဖွဲ့ဝင်ဆရာတော်တစ်ပါးအနေဖြင့် တာဝန်ထမ်းဆောင်ပြီး သက်တော် (၆၆) နှစ်၊ သိက္ခာတော် (၄၇) ဝါရှိပြီး ဖြစ်သော ဆရာတော်သည် (၂၅-၉-၉၂) မွန်းလွှဲ (၁၂) နာရီ (၂၀) မိနစ်အချိန်တွင် (၉၆) ပါးသော ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူပါသည်။ ကရင်ပရိယတ္တိ၊ စာပေများနှင့် ကရင်စာပေတိုးတက်ပြန့်ပွားရေးကဏ္ဍများတွင် ဦးဆောင်ပါဝင် ခဲ့သော အာဇာနည်ရဟန်းတော်တစ်ပါးဖြစ်ပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဦးစန္ဒနထေရုပ္ပတ္တိ ကျောက်စာတော်

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု
ဘားအံမြို့၊ ကမော့ကစင်ရွာသစ်ကျောင်း
ဆရာတော်ဦးစန္ဒနထေရုပ္ပတ္တိ
ကျောက်စာတော်

         ဗုဒ္ဓဘာသာပေရေး ကရင်စာပေထွန်းကားရေးကို ပျံလွန်တော်မူသည်အထိ တစိုက်မတ်မတ်ဆောင်ရွက် တော်မူသော ဆရာတော်ဦးစန္ဒနသည် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရွာ၌ မြန်မာသက္ကရာဇ် – ၁၂၈၈ ခု၊ တော်သလင်း လဆန်း(၈)ရက်၊ (၁၄-၁၀-၁၉၂၆) အင်္ဂါနေ့တွင် ဖွားမြင်တော်မူပါသည်။ ခမည်းတော်နှင့် မယ်တော်မှာ ဦးဖိုးနေနှင့် ဒေါ်မုသိန်ဖြစ်သည်။

         ငယ်စဉ်က တောင်ကြာအင်းရွာ ဆရာတော်ကြီးဦးဝင်းဖေ၏ မူလတန်းကျောင်းတွင် စတုတ္ထတန်းအထိ၊ ကော့ကရိတ်မြို့၊ ရှမ်းကြီးကုန်းရပ် ဆရာကြီးဦးအောင်ရွှေ၏ အလယ်တန်းကျောင်းတွင် သတ္တမတန်းအထိ အောင်မြင်ခဲ့သည်။ သတ္တမတန်းအောင်မြင်ပြီးနောက် မိဘနှစ်ပါး၏ပစ္စယာနုဂ္ဂဟဖြင့် တောင်ကြာအင်းကျောင်း ဆရာတော်ဦးဇဝနကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။

         မြန်မာသက္ကရာဇ် – ၁၃၀၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၅)ရက်၊ (၁၉-၁၁-၁၉၄၅)၊ နံနက်(၁၀)နာရီတွင် တောင်ကြာအင်းရွာကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။ ဥပဇ္ဈာယ်ဆရာတော်မှာ တောင်ကြာအင်းရွာကျောင်းဆရာတော်ဦးဇဝနဖြစ်ပြီး ပစ္စယာနုဂ္ဂဟရဟန်းဒါယကာ၊ ဒါယိကာမမှာ မိဘနှစ်ပါးပင် ဖြစ်သည်။

         လောကုတ္တရာပညာ၊ ပရိယတ္တိစာပေအခြေခံကို တောင်ကြာအင်းရွာကျောင်း၊ ဆရာတော်ဦးဇဝနထံတွင် သင်ကြားပြီးနောက် မော်လမြိုင်မြို့၊ ရတနာဘုံပျံကျောင်းဆရာတော်၊ ဦးကေတုမာလာလင်္ကာရ (မြန်မာပြည်တွင် ပထမဆုံး၊ ပထမကျော်အဂ္ဂမဟာပဏ္ဍိတ)နှင့် ဆရာတော်ဦးတေဇဝန္တတို့ထံတွင်လည်းကောင်း၊ မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက်ဆရာတော် ဦးဝဇီရဗုဒ္ဓိ၊ မန္တလေးမြို့၊ ဘုရားကြီးတိုက်ဇောတိကာရုံကျောင်းဆရာတော် ဦးနာရဒ(အဂ္ဂမဟာပဏ္ဍိတ)၊ မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ပုသိမ်ကျောင်းဆရာတော်ဦးသီလစာရ ထံတို့တွင် အထက်တန်းပရိယတ္တိစာပေများကို သင်ယူပြီး၊ မန္တလေးတက္ကလိုလ်၊ မြန်မာစာကထိကဆရာကြီး ဆန်းထွန်းထံတွင် ဟိန္ဒိစာပေကို သင်ယူခဲသည်။ ထို့နောက် အိန္ဒိယပြည်သို့ကြွ၍ မိဂဒါဝုန်ရှိ မဟာဗောဓိအသင်းတိုက်၊ ဟိန္ဒီပဏ္ဍိ၏ ဗုဒ္ဓ ဘာသာရဟန်းတော်ဦးကစ္စနယထံ၌ ဟိန္ဒီစာပေ ဆက်လက်သင်ကြားသည်။

         မြန်မာပြည်သို့ပြန်လာပြီးနောက် မော်လမြိုင်မြို့၊ တောင်ပေါက်ကျောင်း ဆရာတော်ဦးဓမ္မာဝုဓ၊ ဦးစန္ဒဝ့သတို့ ထံတွင် သက္ကတဘာသာကို နည်းခံသင်ယူသည်။ မော်လမြိုင်မြို့၊ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲတွင် ပ-ဒု-တ အဆင့်များ နှင့် သထုံမြို့၊ သုဝဏ္ဏဘူမ္မိပရိယတ္တိသာသနဂိတအသင်းစာမေးပွဲတွင် “မဟာဝေယျာကရဏိက” တန်းကို နှစ်ချင်း ပေါက် အောင်မြင်သည်။ အစိုးရပထမမြန်မာစာမေးပွဲတွင် ပထမလတ်တန်းအထိ အောင်မြင်ခဲ့သည်။

         မြန်မာသက္ကရာဇ် ၁၃၂၉-ခုနှစ်တွင် မော်လမြိုင်မြို့၊ တောင်စွန်းကျောင်း၌ စာသင်သားရဟန်းသာမဏေ များအား စာပေပို့ချနေစဉ် ကရင်ပြည်နယ်အစိုးရဥက္ကဋ္ဌ၊ ဒေါက်တာစောလှထွန်း၏ ပင့်လျှောက်ချက်အရ ဘားအံမြို့ အနီး ကမော့ကစင်ရွာသစ်ကျောင်းကြီးကို အလှူခံ၍ ပရိယတ္တိစာပေပို့ချသည်။ ဗုဒ္ဓဘာသာပေရေး ကရင်စာပေထွန်း ကားရေးအတွက် သင်တန်းများပို့ချသည်။ စာတန်းများတင်သွင်းဖတ်ကြားသည်။ ကရင်ဘာသာဖြင့် အိန္ဒိယပြည်ကုသိ နာရုံသမိုင်း၊ ဓမ္မပဒစကားပြေ၊ ဓမ္မစကြာနိဿယနှင့် ခက်ဆစ်အဖြေ၊ ဘိက္ခုပါတိမောက်၊ အနတ္တလက္ခဏာသုတ်၊ ခန္ဓာပူရကျမ်းစသည်တို့ကို ရေးသားပြုစုခဲ့သည်။ မြန်မာဘာသာဖြင့်လည်း မင်္ဂလသုတ်နှင့် မင်္ဂလာဇာတ်တော်၊ ကုသိနာရာ၊ သစ္စာတိုင်ဓူဝေ၊ ကရင့်ဖားစည်၊ ဇွဲကပင်စေတီတော်သမိုင်းကို ပြုစုတော်မူသည်။

         ဒေါက်တာအမ်(မ)ဘောယာ၏ ဖိတ်ကြားချက်အရ အိန္ဒိယပြည်၊ ဂျေပူလ်မြို့တွင် အိန္ဒိယပြည် ဗုဒ္ဓဘာသာ အသင်းကြီးမှ ကြီးမှူးကျင်းပသော “ ဗောဓိဓျာ” ခေါ် ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲခံယူပွဲသို့ မြန်မာပြည်မှ ကိုယ်စာလှယ်အဖြစ်တက်ရောက်ခဲ့သည်။ ဆရာတော်ဦးစန္ဒနသည် ကရင်အမျိုးသားများ ဗုဒ္ဓဓမ္မကို နှစ်နှစ်ကာကာ သိနားလည်ရေးကို ကြိုးပန်းရင်း မြန်မာသက္ကရာဇ် – ၁၃၅၄ ခု၊ တော်သလင်းလပြည့်ကျော်(၁၄)ရက် (၁၂-၉-၉၂) သောကြာနေ့၊ မွန်းလွဲ(၁၂း၂၀)မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကမော့ကစင်ရွာသစ်ကျောင်းကြီး၌ သက်တော်(၆၆)၊ ဝါတော်(၄၆) ဝါအရ ပျံလွန်တော်မူပါသည်။

         ဆရာတော်သည် အေဒီ ၁၉၅၉၊ ၈၀ ပြည့်နှစ်တွင် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဘားအံ မြို့နယ်သံဃသမ္မုတိန သံဃာ့ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်တော်မူခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် ၊ ဘားအံမြို့နယ် သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော်အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဗဟို သံဃာ့နာယကအဖြစ် လည်းကောင်း သာသနာ့တာဝန် ထမ်းဆောင်တော်မူခဲ့သည်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ အတတ်ပညာ သိစေရာ ။

။ အတတ်ပညာ သိစေရာ ။
~~~~~~~~~~~~~~~~~~~

။ ပညာရှိက ပြောတယ်…

. တိုင်းပြည်အတွက်
အရေးကြီးတဲ့ကိစ္စ။
. သေခြင်းနဲ့ရှင်ခြင်းတို့ရဲ့
ရပ်ဝန်း။
. ရှင်သန်ကျန်ရစ်ခြင်းရဲ့
လမ်းတစ်လမ်း။
. စေ့စပ်သေချာစွာ တွေးခေါ်ရမယ့်
အကြောင်းတစ်ရပ်။

။ နှိုင်းယှဉ်သုံးသပ်ဖို့နဲ့
အခြေအနေကို စိစစ်အကဲဖြတ်ဖို့
သေသေချာချာ တွေးဆကြည့်ရမယ့်
အခြေခံအချက် ငါးခု ရှိတယ်။

၁) လမ်းစဉ်၊
၂) ပတ်ဝန်းကျင်၊
၃) နေရာ၊
၄) အမိန့်အာဏာ၊
၅) စည်းကမ်းနည်းလမ်း။

။ ၁) လမ်းစဉ်က
လူသားကို
အုပ်ချုပ်သူနဲ့
တစ်စိတ်တစ်သဘော
ဖြစ်စေတယ်။
နေအတူ သေအတူ ဖြစ်စေတယ်။
ဘယ်သော်မှ
ရှောင်ပြေးပုန်းတာမျိုး မဖြစ်ဘူး။

။ ၂) ပတ်ဝန်းကျင်က
သူ့အချင်းအရာနဲ့သူ
အအေးနဲ့အပူ
ရာသီစက်ဝန်း လှည့်ပတ်နေမှုပါပဲ။

။ ၃) နေရာက
နိမ့်မြင့်နဲ့အကျယ်အဝန်း
အနီးနဲ့အဝေး
စိုးရိမ်မှုနဲ့မစိုးရိမ်မှု
ဟင်းလင်းပြင်နဲ့ ကန့်သတ်မှုမြေသား
အသက်ရှင်ခြင်းနဲ့သေခြင်းတို့ပါပဲ။

။ ၄) အမိန့်အာဏာဆိုတာက
ဉာဏ်ပညာ
သစ္စာ
ကရုဏာ
ရဲစွမ်းသတ္တိ
တိကျပြတ်သားခြင်းပါပဲ။

။ ၅) စည်းကမ်းနည်းလမ်းဆိုတာက
စည်းလုံးရေး
ဆင့်ကဲတာဝန်ယူရေး
ဝတ္တရားခံယူတတ်မှုနဲ့
အသုံးအဆောင်များ
ထိန်းသိမ်းရေးတွေပါပဲ။

။ ဒီအချက်ငါးရပ်ကို
သိတယ်
သိမယ်
နားလည်မယ်
သိကြမယ်ဆိုရင်
ဆုတ်ယုတ်နစ်နာခြင်း မရှိပါ။

( ငယ်ငယ်က ကူးယူခဲ့ဖူးတဲ့မှတ်စု။)

တောင်ကလေးဆရာတော်
(၃.၃.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ကိုယ်တွေ့ဇရာ ။

။ ကိုယ်တွေ့ဇရာ ။
~~~~~~~~~~~~~

နိဒါန်း
။ ဇရာဆိုသော ဝေါဟာရကို ပိဋကတ်စာပေမှာ တွေ့ရှိမှုအကြိမ်ပေါင်း(၈၆၆)ရှိကြောင်း သိရှိရပါသည်။ အဘိဓာန်စကားအရ ဇရာကို ဆွေးမြေ့အိုမင်းရင့်ရော်ခြင်း၊အိုခြင်း၊အိုမင်းခြင်း၊ယွင်းယိုခြင်းဟု ဖွင့်ဆိုပါသည်။ သတ္တဝါတိုင်း၏တောင့်တသောဆန္ဒအမှန်က “ငါတို့သည် ဇရာသဘောမရှိကြကုန်မူ ကောင်းလေစွ၊ဇရာသည် ငါတို့ထံမရောက်လာမူ ( မလာမူကား) ကောင်းလေစွ”ဟု ဇရာကိုတင်ပြခဲ့သောကျမ်းစာတို့က ပြခဲ့သည်။

ပြထားပါသည်
။ ဇရာသုတ္တနိဒ္ဒေသမှာ ” ဤအသက်သည် နည်းပါး၏၊တိုတောင်း၏၊အနှစ်တစ်ရာအတွင်း၌လည်း သေတတ်၏။အကယ်၍အနှစ်တစ်ရာအတွင်းကိုလွန်၍ အသက်ရှည်စေသော်( စေကာမူ)ထိုသို့အသက်တစ်ရာလွန်၍ အသက်ရှည်ငြားသော်လည်း ထိုသူသည် အိုသဖြင့်လည်း သေရ၏” ဟုပြထားပါသည်။

ခံစားတွေ့မြင်
။ ဤအရှင်ကိုယ်သည် အသက်(၆၀) ပြည့်နှစ်ရောက်သောအခါ ထင်ရှားသောခန္ဓာငါးပါးပြောင်းလဲမှုများကို သိရသည်။ ခန္ဓာငါးပါးသည် သဘာဝကျကျပြောင်းလဲနေသည်ကို အထင်အရှားခံစားရသည်။ မည်သို့မည်ပုံခံစားသိမြင်ရသည်ဆိုသည်မှာ ခန္ဓာငါးပါး၏ ဇရာပိုငျးပွောငျးလဲပုဲသညျ သိသာထင်ရှားစွာ ခံစားတွေ့မြင်ရသည်။

သိရသည်
။ ရင့်ရော်မှုဇရာနှင့်ပတ်သက်၍ စာပေကျမ်းဂန်ထဲကပြထားသည့်အတိုင်း ” သွား,ခြေသည်းလက်သည်းတို၏ကျိုးသည့်အဖြစ်၊ဆံပင်,မွေးညင်းတို့သည်ဖြူသည့်အဖြစ်၊အရေတွန့်သည့်အဖြစ်၊အသက်အရွယ်ဆုတ်ယုတ်လာခြင်းအဖြစ်” အထင်အရှားသိလာသည့်အပြင် မိမိရုပ်ခန္ဓာသည် ရင့်ရော်မှုများ အမျိုးမျိုးပြသည်။ ခံစားရသည်။ သိရသည်။

ပွင့်လင်းစွာ
။ ယင်းအဖြစ်မျိုးကို ခံစားသိမြင်ကြသူများ ရှိ,မရှိ၊တူ,မတူ အသက်အရွယ်ဖြစ်လာကြသူများကို မေးကြည့်သောအခါ အသက်ရရှိသူတိုင်းက ဇရာအကြောင်းကို ကိုယ်တွေ့သိမြင်ခံစားရသည့်အကြောင်းကို ပွင့်လင်းစွာ ရှင်းပြကြပါသည်။

ဝေဖန်ထားသည်
။ အနောက်နိုင်ငံသားအချို့လည်း ဇရာကို တင်ပြခဲကြသည်။ အရာဝတ္ထုမှန်သမျှ မကောင်းသဖြင့်ပြောင်းလဲကြောင်း၊သုခချမ်းသာအတွက်လည်း မကောင်းသဖြင့်ပြောင်းလဲကြောင်း၊ပေါက်ဖွားလာမှုမှန်သမျှအိုမင်းရင့်ရော်မှု၊သေဆုံးမှုတို့၏အကြောင်းဖြစ်ကြောင်း၊ဒုက္ခဖြင့်ချီတက်လေသမျှ အဘယ်မည်သောချမ်းသာမှုများ ရှိနိုင်အံ့ ‘ စသည်ဖြင့်ဝေဖန်ထားသည်ကိုတွေ့ရပါသည်။

အထင်အရှားသိမြင်
။ မှန်ပါသည် ၊ သတ္တဝါမှန်သမျှ ရုပ်ခန္ဓကိုယ်သည် အနာရောဂါဖြစ်လာရေးအတွက်သာ ရှိနေ၏။ ခန္ဓာကြီးသည် အနာရောဂါပေါက်ဖွားလာရာ မြေလွှာများနှင့်တူ၏။ ခန္ဓာငါးပါးသည် ဆင်းရဲခြင်းအစုအပုံဖြစ်သည်မှတစ်ပါး အခြားအဘယ်မှမဟုတ်ပါပြီ, ဆိုသည်ကို မိမိကိုယ်မိမိ အထင်အရှားသိမြင်ခဲ့ရသည်။

သံဝေဂဉာဏ်
။ နှစ်သက်ဖွယ်အာရုံနှင့်ပတ်သက်လျှင်လည်း ပွင့်လာသောပန်းများပမာသာဖြစ်၏။သည်အကြောင်းအရာကို ကိုယ်ပိုင်တွေ့မြင်ခံစားသိလာရသောအခါ ထိပါးပုတ်ခတ်မှုများ၊နာကျင်စွာခံစားရမှုများနှင့် မိမိ၏အသက်တည်ရှိရာကာလအပိုင်းအခြားကို ရှင်ပြီး၊ရှင်နေဆဲ၊ရှင်လတ္တံ့ခန္ဓာအကြောင်းကို သိုမှီးသိမ်းဆည်းထားရခြင်း မဖြစ်နိုင်မှုကို သိမြင်လာ၍ ခန္ဓာငါးပါးဆင်းရဲခြင်းကို သံဝေဂဉာဏ်မြဲစွာယူထားခဲ့ပါသည်။

မတောင့်တ
။ ရင့်ရော်မှုဇရာ၏သဘာဝကျကျဖောက်ပြန်ပြောင်းလဲပုံကို မျက်စိဖြင့်မမြင်ရသော်လည်း ကိုယ်ပိုင်ဆင်ခြင်သောဉာဏ်
ဖြင့် သိနိုင်ကြ၏။ ရေလေတို့ကြောင့်ပျက်စီးသောသစ်ရွက်တို့သည် ပျက်စီးရာလမ်းကြောင်း ထင်ရှားစွာမြင်ရသကဲ့သို့ ခန္ဓာကိုယ် ဣန္ဒြေကြီးရင့်ရော်လာမှုသည် သိသာစွာသိမြင်လာခဲ့ရသည်။ ထင်ရှားစွာရင့်ရော်မှု၊ကွယ်ဝှက်စွာရင့်ရော်မှု သိမြင်လာခဲ့ရသောကြောင့် မိမိသည် ခန္ဓာအဖန်ဖန်ရရှိနေခြင်းကို မတောင့်တမိပြီ။

ရေးသားခဲ့
။ အရှင်သည် ယခုအသက်(၆၅) နှစ်ရောက်လာသောအခါ အရှင်ခန္ဓာသည် အဝိ
စိဇရာ( အကြားမရှိသောဇရာ) နှင့် သဝိစိဇရာ( အကြားရှိသောဇရာ) တို့၏သဘောကို အထင်အရှားပိုမြင်လာခဲ့ရ၏။ ယခုစာရိုက်နေသောအချိန်သည် မိမိ၏ရုပ်ဇရာဖြစ်တည်မျိးကို သိသာထင်ရှားစွာ ဝေဒနာခံစားနေရ၏။ ဖြစ်တတ်သောဇရာကို ကိုယ်တိုင်ခံစားသိမြင်လာခဲ့သည်ကြောင့် ငြိမ်သက်သွာဆင်ခြင်ပွားများလျက် စာလုံးဖြစ်လာအောင် ရေးခဲ့လေ၏။

သတိပြန်ထား
။ ဇရာ၏လက္ခဏာသည်
၁) ခန္ဓာငါးပါး၏ ရင့်ကျက်ခြင်းလက္ခဏာ၊
၂) သေ့ခြင်းသို့ ရှေးရှုခြင်းလက္ခဏာ၊
၃) အရွယ်ကိုဖျက်ဆီးခြင်း အခြင်းအရာသာရှိသည်ကြောင့် သိမြင်ထားပါသည်။ မနေ့က အသက်(၁၈) နှစ်သားအရွယ်ကဓာတ်ပုံကိုပြန်တွေ့မိ၍ မိမိပုံသည် ချစ်မြတ်နိုးဖွယ်ရာပါတည်းဟု နှလုံးသွင်းမိပြီး ‘ အော် ပုံပြောင်းနေပါပြီပေါ့လား’ ဟူ၍ သတိပြန်ထားမိနေသည်။

ဇရာဒုက္ခ
။ ဇရာသည် ဒုက္ခ၏အကြောင်းရင်းဖြစ်သောတရား၊ကိုယ်,စိတ်ဆင်းရဲခြင်း၏ အကြောင်းရင်းတရားဖြစ်သည်။ မိမိသည် လှည်းအိုကြီးပမာကဲ့သို့ အင်အားနည်းလာသည်။ မတ်တတ်ရပ်ဖို့ ၊ လမ်းလျှောက်ဖို့အတွက် ကြီးစွာသောဒုက္ခဖြစ်လာသည်။ တပည့်ဒါယကာ သို့မဟုတ် သားသမီးများက မိမိ၏စကားကိုမမှတ်မသား အရေးမထားလာပြန်သော် စိတ်ဆင်းရဲခြင်း စေတသိကဒုက္ခဖြစ်လာရ၏။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းသည် ” ဇရာဒုက္ခ” ဟူ၍သိထားရမည်ဖြစ်၏။

ဇရာဟူသမျှ
။ အရှင်သည် ကိုယ်လက်အင်္ဂါများ သိသိသာသာလျော့ကျလာနေသည်မှာ ပိုထင်ရှားသည်။ ဣန္ဒြေအမျိုးမျိုးဖောက်ပြန်လာနေသည်ကြောင့် အရွယ်၊သတိ ချို့ယွင်းပျက်ပြားလာနေကြောင်းကို သိလာရသည်။ မေ့တတ်လာကြောင်းကို သိလာသည်။ နောက်ဆုံး၌ ဇရာဟူသမျှ ” ဒုက္ခ” ဖြစ်နေတော့၏။

။ နိဂုံး
ငါ ဟူသော (မာန)
ငါ၏ဥစ္စာဟူသော (တဏှာ)
ငါ၏အတ္တ(ဒိဋ္ဌိ) ဟူသော အတွေးစိတ်ဟူသမျှမှာ ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဏ်တို့ကို စွဲလမ်းမှီတွယ်ပြီးဖြစ်ပေါ်လာသည့် အတွေးတို့သည်သာ ဖြစ်သည်။ စင်စစ် ဇရာကို ယိုးမယ်ဖွဲ့၍ မရပါကြောင်း သိထားနေပါပြီ။

တောင်ကလေးဆရာတော်
(၂.၃.၂၀၂၅) ရက်နေ့။

Loading

ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။
ပျော်ရွှင်မှုကဖီး မှ

ဆာဗာကြေးလှူဒါန်းထားသည်။