ဂုဏ်တော်ရှုပွားတယ်ဆိုတာ ဗုဒ္ဓါနုဿတိပါပဲ။
သုဘူတိထေရ အပါဒါန်မှာ သမထဘာဝနာတို့မှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓနုဿတိကိုပွားများကြပါ။
ဤဗုဒ္ဓါနုဿတိပွားများရင် အလိုဆန္ဒရှိသမျှ ပြည့်စုံလိမ့်မည်လို့ ဘုရားရှင် အထင်အရှား ဟောကြားခဲ့ပါတယ်။
ဂုဏ်တော်ကိုရှုပွားလိုသူတွေဟာ——
၁။ မိမိကြည်ညိုလေးမြတ်ရာ ဘုရားဆင်းတုတော်၊ ဒါမှမဟုတ်ဘုရားပုံရှေ့မှောက်မှာ ရိုသေစွာထိုင်ပြီး ဘုရားရှိခိုးပါ။
၂။ ကမ္မဋ္ဌာန်းထိုင်နိုင်ပါတယ်။
အမျိုးသမီးများကတော့ တစောင်းထိုင်နိုင်ပါတယ်။ ကိုယ်ကိုမတ်မတ်ထားပြီးကြွက်သားများကို လျော့ချပါ။ ခြေနှစ်ဘက် မထပ်စေဘဲ ရှေ့နောက်ချထားပြီး သက်သက်သာသာ ဖြစ်အောင်ထိုင်ပါ။
၃။ မြတ်စွာဘုရားရဲ့ ရုပ်ပုံတော်ကို မျက်စိထဲမှာ စွဲအောင် ကြည့်ပြီးမျက်စိမှတ်ကာ ဂုဏ်တော်များကို ဆင်ခြင်ပါ။
ရွတ်ပွားပါ။
ပုံတော်ကို ဂုဏ်တော်လွှမ်းခြုံပါ။
ပုံတော်ကို ဂုဏ်တော်သွင်းပါ။
အရဟံ = မြတ်စွာဘုရားဟာ တစ်ထောင့်ငါးရာ ကိလေသာတို့ ဝါသနာဓလေ့ အထုံငွေ့မျှ မဝေ့မသမ်းအောင် ကင်းဝေးစင်ကြယ်တော်မူလို့ လူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်အထူးကို ခံယူထိုက်ပေတယ်။
သမ္မာသမ္ဗူဒ္ဓေါ = မြတ်စွာဘုရားဟာ အလုံးစုံသောတရားတို့ကို ဆရာမကူ သယမ္ဘူ ဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် သိမြင် တော်မူပါပေတယ်။
ဝိဇ္ဖာစရဏသမ္ပန္နော = ဝိဇ္ဖာဉာဏ်သုံးပါး၊ ရှစ်ပါး၊ အကျင့်စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူပါပေတယ်။
သုဂတော = မြတ်စွာဘုရားဟာ မှန်ကန်အကျိုးရှိတဲ့ စကားကိုသာ ဆိုတော်မူတတ်ပါပေတယ်။
လောကဝိဒူ = သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကတို့ကို အကြွင်းအကျန်မရှိ ဉာဏ်ဖြင့် ထွင်းဖောက်ပြီး သိမြင်တော်မူပါပေတယ်။
အနုတ္တ ရောပုရိသဓမ္မသာရတိ = မြတ်စွာဘုရားဟာ မယဉ်ကျေးကြတဲ့လူ၊ နတ်၊ တိရစ္ဆာန်များကို ယဉ်ကျေးအောင်ဆုံးမတတ်တဲ့ အတုမဲ့ အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူပါပေတယ်။
သတ္တာဒေဝမနုဿာနံ = မြတ်စွာဘုရားဟာ သတ္တဝါများအား သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နိဗ္ဗာန်သို့ ဆိုက်ရောက်အောင် သွန်သင်ညွှန်ပြတတ်တဲ့ လူနတ်တို့ရဲ့ ဆရာတစ်ဆူ ဖြစ်တော်မူပါပေတယ်။
ဗုဒ္ဓေါ = မြတ်စွာဘုရားဟာ သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင် ထိုးထွင်သိမြင်ပြီး သူတစ်ပါးတို့အားလည်း သိစေတော်မူတတ်ပါပေတယ်။
ဘဂဝါ = မြတ်စွာဘုရားဟာ ဣဿရိယ၊ ဓမ္မ၊ ယသ၊ သီရိ၊ ကာမ၊ ပယတ္တ ဆိုတဲ့ ဘုန်းတော်ခြောက်စုံနှင့် ပြည့်စုံတော်မူပါပေတယ်။
အဲသလို ပါဠိကို စိတ်က ရွတ်ရင်း အဓိပ္ပါယ်ကို ထင်မြင်သွားအောင် ဆင်ခြင်ပါ။
စိပ်ပုတီးကို အသုံးပြုရမှ ကျေနပ်အားရတယ် ဆိုရင်လဲ ဂုဏ်တော်တစ်ပါး နှလုံးသွင်းပြီးတိုင်း ပုတီးတစ်လုံးချပါ။
၄။ အရေးကြီးတာက လက်နဲ့စိပ်ပုတီးမှာ အာရုံမထားမိဖို့လိုပါတယ်။
ဂုဏ်တော်မှာ အာရုံထားပါ။
၅။ နေ့စဉ် ပုတီး ၃- ပတ်၊ ၅ – ပါတ်၊ ၇ – ပါတ်၊ ၉ – ပါတ် နိုင်သလောက် အဓိဋ္ဌာန်ပြီး မှန်မှန်စိပ်သွားပါ။
ဒီလိုမှမဟုတ်ဘဲ နေ့စဉ်နာရီဝက်၊ ၁-နာရီ၊ ၂-နာရီ စွမ်းနိုင်သလောက်ရှုပွားပါ။
အထိုင်ကြာလို့ ညောင်းညာ ကိုက်ခဲလာရင် ခြေပြင်ပြီး ထိုင်လို့လဲရပါတယ်။
ပြင်ထိုင်တဲ့အခါမှာလဲ ဂုဏ်တော်ကိုသာ အာရုံပြုထားဖို့ မမေ့ပါနဲ့။
အကောင်းဆုံးကတော့ အိပ်တဲ့အခါမှာကော ထိုင်တဲ့အခါ ရပ်တဲ့အခါ သွားတဲ့အခါ ခပ်သိမ်းတို့မှာ နှုတ်ရော စိတ်ရော ရိုသေမြတ်နိုးစွာ ပွားများကြည်ညိုနေကြပါ။
ဂုဏ်တော်ပွားတဲ့အခါ နှုတ်နဲ့ရွတ်တာ စိတ်နဲ့ရွတ်တာ ပုတီးကိုင်တာ ဆိုတာတွေဟာ အဓိကမကျပါဘူး။ နှုတ်နဲ့ပွားရင်း အရှိန်ကောင်းရင် စိတ်နဲ့ပွားပါ။ အပြန်ပြန် အလှန်လှန် လေ့ကျင့်ပွားများပါ။
နည်း (၃) နည်း
ဂုဏ်တော်ရှုပွားရာမှာ ကုသိုလ်ရတဲ့နည်း၊ သမာဓိရတဲ့နည်း၊
ဥပစာရဈာန်ရတဲ့နည်းရယ်လို့ ၃-မျိုး ရှိပါတယ်။
ခဏတစ်ဖြုတ် ပွားများသူတွေဟာ ကုသိုလ်ပဲရမှာပါ။
နံနက် ၁ နာရီ ၊ ည ၁- နာရီ အဲသလို ဝတ္တရားထားပြီး မှန်မှန် ပုတီးစိပ် မှန်မှန် ပွားများရင်တော့ ကုသိုလ်လဲရ၊ သမာဓိလဲ ဖြစ်ပါလိမ်မယ်။
ပုတီးနဲ့ ပွားများတာဟာ ကာယကံနဲ့ လှုပ်ရှားနေတာမို့ ဥပစာရ စျာန်ရတဲ့အထိ ပေါက်မြောက်မယ် မထင်ပါဘူး။
ဈာန်ဆိုတာ မနောကံသက်သက်မျှ ဖြစ်ပါတယ်။
ပုတီးကိုလွှတ်၊ နှုတ်ကရွတ်ဆိုတာကိုရပ်ဆိုင်းပြီး မိမိနှစ်သက်တဲ့ ဘုရားဂုဏ်တော်တစ်ပါးပါးမှာ သတိနဲ့စိတ်ကို ကပ်ထားပါ။
နှလုံးသွင်းနေစဉ်မှာ သတိမလွတ်ပါစေနဲ့ အပြင်ကိုစိတ်မရောက်သွားပါစေနဲ့။
စိတ်ကိုဂုဏ်တော်မှာပဲ ကပ်ထားပါ။
သမာဓိ တဖြေးဖြေးတက်လာပါလိမ့်မယ်။ ဆိတ်ငြိမ်ရာမှာ ဇွဲကောင်းကောင်းနဲ့ ရှေ့သမာဓိ နဲ့ နောက်သမာဓိဆက်မိအောင် ကြာရှည်စွာ ပွားများအားထုတ်ရင်း နီဝရဏတရားတွေကို ဖြတ်ကျော်ပြီး ဥပစာရ သမာဓိကို ရောက်ပါတယ်။ ဒီသမာဓိကိုပဲ ဥပစာရဈာန်လို့ ခေါ်တာပါ။
ဓာတ်ကမ္မဋ္ဌာန်း ဒါမှမဟုတ် အာနာပါနဿတိနဲ့ ဥပစာရသမာဓိ ထူထောင်ပြီး ဗုဒ္ဓါနုဿတိနဲ့ ဥပစာရသမာဓိထူထောင်ပြီး ဗုဒ္ဓါနုဿတိကို ရှုပွားရင်တော့ ဒီဈာန်ကို ပေါက်ရောက်နိုင်ပါတယ်။
တောင်ကလေးဆရာတော်(တောမှီရဟန်း) ရေးသားပြုစုသော
ဗုဒ္ဓဂုဏ်တော်နှင့်ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ ထုတ်နှုတ်ပူဇော်ပါသည်။