Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁၀)

လူသတ်သမားကို အကာအကွယ် အစောင့်အရှောက်ပေးခြင်းဖြင့် တိုင်းပြည်မှာ တိုးတက်ရမယ်ဆိုရင် အဲဒီအလုပ်မျိုး အများကြီး စဉ်းစားရဦးမယ်။

ခေါင်းဆောင်ဆိုတာ
လုပ်စရာဆိုရင် (၁) မိမိကိစ္စ (ကိုယ်ပိုင်ကိစ္စ)၊ (၂) သူတစ်ပါးကိစ္စ (အများကိစ္စ) နှစ်မျိုးရှိတဲ့အထဲက ထောက်ကူစရာဖြစ်တဲ့ တခြားသူတွေရဲ့ကိစ္စကို စေတနာနဲ့ ဆုံးဖြတ်ချက် ချပြီး လုပ်ပေးရမယ်။

ဒီလိုစေတနာရှင်ဖြစ်လာအောင် အချိန်ပေးပြီး မွေးမြူရမယ်။ များသောအားဖြင့် လူတွေမှာ မိမိအကျိုးနဲ့ မိမိကိစ္စသာ အရေးထားပြီး လုပ်ကိုင်ကြတယ်။ အများအလုပ်ကို ချန်ထားချင်ကြတယ်။

ယနေ့လက်ရှိ လူတကာတွေရဲ့ ခေါင်းဆောင်တွေဟာ အလွဲအမှားဘက်ကို အားပြု ချင်ကြတယ်။ ခေါင်းဆောင်ဆိုတာ လိမ္မာရမယ်။ နားလည်မှု ရှိရမယ်။ ကိုယ်ကျင့် ကောင်း ရမယ်။ သတ္တိအား ပြည့်ဝရမယ်။ အချို့သောခေါင်းဆောင်တွေဟာ အခြယ်အလှယ် အားကြီး လွန်းတယ်။ အမှန်တရားကို အခြေမခံတဲ့ နိုင်ငံရေးမူဝါဒတွေ ပြင်းထန်ကြတယ်။ လူတွေ မညီညွတ်မှုဟာ ခေါင်းဆောင်များ မညီညွတ်ကြလို့ပါပဲ။ ခေါင်းဆောင်ဆိုတာ တရားဂုဏ်တွေ နဲ့ နေရတယ်။ တရားဂုဏ် မစောင့်ရှောက်တဲ့ ခေါင်းဆောင် (အကြီးအကဲ၊ ဦးစီးသူ)ဟာ လုပ်ကိုင်တဲ့အလုပ်နဲ့ အလျင်အမြန် စွန့်ခွာသွားကြရတယ်။ ဒီမြင်ကွင်းဟာ ပြည်သူတစ်ယောက် အနေနဲ့ ခံစားရတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုတာပဲ ဖြစ်ပါတယ်။

ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရား
အရှင်တို့ရဲ့ မြန်မာပြည်ဟာ တရားဂုဏ် လွှမ်းအောင် လုပ်ရမယ်။ တရားစောင့်ထိန်း မှု အခြေအနေပေးရမယ်။ အလုပ်အကျွေး ပြုရမယ်။ တန်ဖိုးထားရမယ်။ စိတ်ဓာတ်စွမ်းရည်၊ တရားစွမ်းရည် ကောင်းရမယ်။ ပတ်ဝန်းကျင်ကောင်းအောင်နေမယ်။ အရှင်တို့ဟာ နောက် လိုက်သူများ မဟုတ်၊ အမှန်မပြောသူ မဟုတ်။ အမှန်မလုပ်သူ မဟုတ်။ အမှန်တရားကို စောင့်ထိန်းသူများ ဖြစ်ကြတယ်။ မိမိတိုင်းပြည် အပေါ်မှာ သွေးသားချင်းမမြင်တဲ့သူ၊ မှန်ကန်မှ လမ်းကြောင်းပေါ် မလျှောက်တဲ့သူ၊ မချေမငံ ဆက်ဆံတတ်တဲ့သူကို ခေါင်းဆောင်မထားပါ။

ကိုယ်ကျင့်ကောင်းတရား ပါတဲ့ဥပဒေ
အရှင်တို့ဟာ အမုန်းမစွက်တဲ့ နိုင်ငံရေးကို မွေးထုတ်ရမယ်။ သတ္တိရှိရှိ မွေးထုတ်ရ မယ်။ အမုန်းမစွက်တဲ့ နိုင်ငံရေးဟာ ငြိမ်းချမ်းတဲ့ နိုင်ငံရေးပဲ။ ဒီနိုင်ငံရေးမူဝါဒဟာ မြန်မာ ပြည်သားတို့ရဲ့ နိုင်ငံရေးလမ်းစဉ်၊ သို့မဟုတ် မူဝါဒ ဖြစ်ရမယ်။ အရှင်တို့ဟာ အမှန်တရားကို လေးစား တန်ဖိုးထားရမယ်။ အမှန်တရားကို လေးစားကြည်ညိုခြင်းဟာ လူသားတွေရဲ့ မွေးရာပါဂုဏ်ရည် ဖြစ်ပါတယ်။ လူသတ္တိ၊ လူသဘာဝဟာ ယုံကြည်ရတဲ့ စွမ်းအားတွေ အပြည့်အဝရှိတာကြောင့် မြန်မာ့လူမှုဘဝ နိုင်ငံရေးကို မွေးရာပါဂုဏ်ရည်ရှိတဲ့သူတွေ မွေး ထုတ်ရမယ်။ အရှင်တို့ဟာ ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရားရဲ့ တန်ဖိုးကို နားလည်တယ်။ ကိုယ်ကျင့်ကောင်းတရားထက် ပိုမမျှော်မှန်းပါဘူး။ မိမိဘဝကို ပျော်ရွှင်မှု အာရုံတစ်ခုတည်းနဲ့ အမှားဆက်တဲ့ စည်းမျဉ်းစည်းကမ်းမျိုး မချိုးဖောက်အောင် ကြိုးစားပြီးနေမယ်။ ယုတ်စွအဆုံး တစ်ခါသုံးတဲ့ စည်းမျဉ်းစည်းကမ်းမျိုးတွေကို သတ်မှတ်ပြဋ္ဌာန်းခြင်း မရှိအောင် တိုင်းပြည် အကျိုးကို ကြည့်ပြီး ကိုယ်ကျင့်ကောင်းတရားပါတဲ့ ဥပဒေမျိုး ပြဋ္ဌာန်းရမယ်။

တည်ကြည်မှုစိတ်ဓာတ်
(အရှင်တို့ဟာ အနှစ်ရာထောင်မက သည်းခံခြင်း၊ တည်ကြည်ခြင်း၊ ခွင့်လွှတ်ခြင်း စတဲ့ တရားကောင်းတွေကို မိဘဘိုးဘွားတွေက လက်ခံကျင့်သုံးလာခဲ့ကြတဲ့သူတွေ ဖြစ်ပါ တယ်။ မိဘဘိုးဘွားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တရားတွေဟာ အရှင်တို့မှာ ရလာခဲ့တယ်။ အရှင်တို့ ရတဲ့အရာဟာ သာမန်မျက်လုံးနဲ့ ဆုံးဖြတ်လို့မရပါ။ ကိုင်တွယ်ထိတွေ့လို့ရတဲ့အရာ မဟုတ်ပါ။ အဲဒီ အသိစိတ်ဟာ အရှင်တို့ နှလုံးအိမ်မှာ ခိုင်ခိုင်မြဲမြဲ ရှိနေတယ်။ အရှင်တို့ရဲ့ တည်ကြည်မှုစိတ်ဓာတ်ဟာ တစ်ခုတည်းသော လူမှုဘဝလမ်းစဉ်ဖြစ်တာကြောင့် မည်သူမျှ ဖျက်ဆီးလို့ မရနိုင်ကြပါ။ အရှင်တို့ဘဝကို ခေတ်ကာလတစ်ခုဆီက ခွဲခြားဆက်ဆံ ပြုမူခဲ့တဲ့ သူတွေ ရှိခဲ့ဖူးတယ်။ သည်းခံကျေနပ်မှုတရားနဲ့ ခင်မင်မှုမပျက် ဆက်ဆံခဲ့တယ်။ သူတို့ရဲ့ အနိုင်ပိုင်းတဲ့ နိုင်ငံရေးကို သိက္ခာမဲ့အောင် မပြုမူဘဲ ချွတ်ယွင်းချက်မရှိ ပြည်သူတစ်ယောက် အနေနဲ့ တာဝန်ကျေခဲ့တယ်။

အရှင်တို့ရဲ့ လူမှုအဖွဲ့အစည်းဟာ စည်းကမ်း၊ စည်းမျဉ်း ဥပဒေကို လိုက်နာကြရမယ့် သူတွေပါ။ စနစ်မကြိုက်၊ စည်းကမ်းဥပဒေ မကြိုက်လို့ အင်အားသုံးပြီး မဆန့်ကျင်ပါ။ ယုတ်စွအဆုံး မိဘဘိုးဘွားတွေရဲ့ ကျင့်သုံးလာခဲ့တဲ့စနစ်ဟာ ချွတ်ယွင်းနေပါစေ။ စနစ်အောက် မှာရှိတဲ့ ငါတို့ဟာ ရိုးသားဖြောင့်မတ်သူ ဖြစ်အောင် လုပ်ရမယ်။ အာဏာကို မကြောက် အောင် လုပ်ရမယ်။ မတရားတဲ့ အမိန့်အာဏာကို တာဝန်အရ ဖီဆန်ရမယ်။ (Civil Diso- bedience)။ အရှင်တို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ဟာ ရာထူးမဟုတ်၊ အာဏာရတဲ့လမ်းကြောင်း မဟုတ်၊ မှန်ကန်မှု၊ မျှတမှု (Justice) ဖြစ်တယ်။ အရှင်တို့ကို အခြေမဲ့၊ အနေမဲ့အောင်သာ လုပ်လို့ရမယ်။ အရှင်တို့ရဲ့ စိတ်ဓာတ်ကို ဘယ်တော့မှ ဖျက်ဆီးပစ်လို့ မရပါ။

စက်မှုအန္တရာယ်

မြန်မာပြည်သူတွေဟာ တစ်သွေး တစ်သားတည်းသူတွေပါ။ ခွဲထုတ်ပစ်လို့ မရတဲ့ သူတွေပါ။ နောက်ဆုတ်တဲ့သူ မဟုတ်သလို နောက်လိုက်သူတွေလည်း မဟုတ်ပါ။ မိမိတို့ရဲ့ အကျိုးမဲ့မှုကို မည်သို့ပဲပြုပြု (လုပ်လုပ်) အမြဲတမ်း လျစ်လျူရှုမထားဘဲ နေမယ်။ သတိတရား နဲ့ ကာကွယ်နိုင်တဲ့ အရာအားလုံးကို အမြဲတမ်း ကာကွယ်မယ်၊ စောင့်သိမယ်၊ လေ့လာမယ်၊ ဆည်းပူးမယ်။ အရှင်တို့ဟာ ကျော်တက်သူကို တွေ့တိုင်းလည်း မနာလိုစိတ် မရှိပါ။ နောက် ကျန်နေသူနဲ့လည်း လက်တွဲဖို့ ဝန်မလေးပါ။ အရှင်တို့ရဲ့ စိတ်ဓာတ်ဟာ အမြဲတမ်း ဖျတ်လတ် ပါတယ်။ အများအကျိုး ကူညီဖို့ အချိန်မဖြုန်းပစ်တတ်ပါဘူး။ အစစ်နဲ့ အတု နှစ်မျိုးကို နားလည်စွာ ခွဲခြားတတ်ပါတယ်။

ယခုအရှင်တို့ရဲ့ တိုင်းပြည်ဟာ စက်မှုတွေကို အားကိုးပြီး ကုန်ထုတ်လုပ်ငန်းတွေ ထုတ်လုပ်ကြတယ်။ စက်မှုထုတ်လုပ်တဲ့ ပစ္စည်းတွေဟာ အရှင်တို့လက်နဲ့ ထုတ်လုပ်လို့ ရပါတယ်။ စက်မှုပစ္စည်းသာ ပျောက်သွားစေရမယ်။ လက်မှုပစ္စည်းတွေ မြန်မာပြည်မှာ မပျောက်စေရပါ။ မိဘဘိုးဘွားတွေ တည်ဆောက်လာခဲ့ကြတဲ့ မြန်မာ့ယဉ်ကျေးမှု အမွေပစ္စည်း အားလုံးဟာ လက်မှုပစ္စည်းသက်သက်ပါ။ စက်မှုပစ္စည်း အထောက်အပံ့ကြောင့် ကမ္ဘာ့လူသား များ ယနေ့ ဒုက္ခပေါင်းများစွာ တွေ့လာခဲ့ကြပြီဆိုတာ သတင်းပေးစရာ မလိုပါ။ ကြည်ပြာ လင်းလဲ့တဲ့ အေးမြသန့်စင်တဲ့ ကောင်းကင်ပြင်ကြီးပေါ်မှာ အမှိုက်သရိုက် ဖြစ်အောင် လုပ်တဲ့ စက်မှုအတတ်ပညာဟာ လူကို အန္တရာယ် မများစေဘူးလား ဆိုတာ စဉ်းစားသင့်ပါတယ်။ အထူးအဆန်းနောက်ကို လိုက်ပြီး လူသားတွေ အန္တရာယ်ပေးလာနိုင်တဲ့ စက်မှုအန္တရာယ်ကြီး ကို အရှင်တို့ တိုင်းပြည်မှာ ခုချိန်မှာ မကြုံရသေးပါ။ နောင်တစ်ချိန်မှာ ကြုံရမှာ သေချာတယ်။

စက်မှုအန္တရာယ်ကို ကြုံရတဲ့သူတွေရဲ့နောက်ကို အမီလိုက်ဖို့မလိုဘဲ စက်မှုမပါတဲ့ လှပအောင် ရေးခြယ်နိုင်တဲ့ လက်မှု(ပန်းချီ စသည်) ဘဝကို (လက်မှုအတတ်ပညာကို) ကြိုးစားအားထုတ် ရမယ်။

ပုဂံပြည် လယ်ကွက်ထဲက အိုးခြမ်းကွဲ

အရှင်တို့ရဲ့မိဘ ဘိုးဘွားတွေဟာ မနေ့တစ်နေ့က လူသားတွေ မဟုတ်ကြပါ။ ကမ္ဘာ့လူသားအများစုကပါ။ မိဘဘိုးဘွားတွေရဲ့ အတတ်ပညာနဲ့ အရှင်တို့မှာ ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်ကြမယ်ဆိုရင် အရှင်တို့ရဲ့ဘေးမှာ ငွေဟာ မရောက်လာနိုင်စရာ အကြောင်း မရှိပါ။ အတတ်ပညာဆိုတာ ရိုးရာက ပါလာပြီးသားပါ။ လွတ်လွတ်လပ်လပ်သာ လုပ်ဖို့ပါ။ လွတ်လပ်တဲ့အတတ်ပညာကို တတ်လာကြပြီ ဆိုရင် အသိပညာလည်း မြင့်လာကြရစမြဲပါပဲ။ အသိပညာ မြင့်လာပြီးမှ ကိုယ့်ပိုင်နက် ကိုယ့်တိုင်းပြည်ကို မကာကွယ်၊ မစောင့်ရှောက်နိုင်ဘဲ ဖြစ်နေရင် ပုဂံပြည်လယ်ကွက်ထဲက အိုးခြမ်းကွဲလောက် တန်းဖိုးမရှိတဲ့သူ ဖြစ်လေမှာပဲ။
မြန်မာပြည်မှာ နေထိုင်ကြတဲ့ မြန်မာတွေအားလုံးကို ဒီမေးခွန်းကို မေးချင်ပါတယ်။
မြန်မာပြည်ကို မချစ်တဲ့သူ ရှိပါသလား။
မြန်မာပြည်ကို မချစ်ရလောက်အောင် ငါတို့တွေ ဘာတွေများ ဖြစ်နေကြသလဲ။

အရှင်တို့ဟာ အမုန်းမစွတ်တဲ့နိုင်ငံရေးကို မွေးထုတ်ရမယ်။

သတ္တိရှိရှိ မွေးထုတ်ရမယ်။

အမုန်းမစွက်တဲ့နိုင်ငံရေးဟာ ငြိမ်းချမ်းတဲ့နိုင်ငံရေးပဲ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၃၀-၁၃၃၊ အဝိဟိံသာနိုင်ငံရေး (၁၀)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။
ပျော်ရွှင်မှုကဖီး မှ

ဆာဗာကြေးလှူဒါန်းထားသည်။