Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၉)

မြန်မာပြည်သူတွေ အဝိဟိံသာနိုင်ငံရေးသဘော NON-VIOLENCE ကို နားလည်ရင် မတရားတဲ့ အမိန့်အာဏာကို တာဝန်အရ ဖီဆန်ရတဲ့ ကိစ္စဟာ
မရှိမဖြစ် အမြဲတမ်း ရှိနေရမှာပါပဲ။

စေတနာမှန်ဖို့လို
နိုင်ငံရေးအမြင်နဲ့ ပတ်သက်ရင် များသောအားဖြင့် လူတွေက သည်းမခံနိုင်တာ များတယ်။ သည်းမခံနိုင်ခြင်းဟာ အရာအားလုံး အကျိုးကျေးဇူး မများပါဘူး။ နိုင်ငံရေးဆိုတာ ကိုယ့်အတွက် အတ္တကို ဖော်ပြခြင်းမဟုတ်ပါ။ အတ္တများခြင်းဟာ ကြောက်စိတ်တွေ၊ စိတ်မချ တဲ့စိတ်တွေ၊ မလုံခြုံတဲ့စိတ်တွေ ပွားစေပါတယ်။ အသိစိတ်တွေ ထွေပြီးတော့ အများနဲ့ ဆက်ဆံရ ခက်ခဲတယ်။ အများအရေးကို စဉ်းစားဆင်ခြင်တတ်တဲ့သူဟာ ခင်မင်မှ သစ္စာ စောင့်မှု လုံခြုံမှုတွေ ရပါတယ်။ ဘယ်အလုပ်မဆို စေတနာမှန်ဖို့ လိုပါတယ်။ မိမိရဲ့စေတနာ ကို အများက အသိအမှတ်ပြုဖို့ လိုပါတယ်။

ကြိုးကိုင်ပဲ့ကိုင်တဲ့သူ

နိုင်ငံရေးလုပ်ရင် မိတ်ကောင်း ဆွေကောင်း (မိတ်ဆွေကောင်း) ရှိရမယ်။ မိမိကို လေးစားချစ်ခင်မှုရှိတဲ့မိတ်ဆွေ ရှိရမယ်။ မိမိအပေါ် ဖြတ်မှု စားမှု မကောင်းတဲ့ အမြင်အကြံ တွေ ပေးတဲ့ မိတ်ဆွေနဲ့ မပေါင်းမိဖို့ လိုတယ်။ များသောအားဖြင့် နိုင်ငံရေးလုပ်တဲ့သူတွေဟာ အမြင်မှား အကြံအစည်မှားတွေ ဖြစ်တတ်တယ်။ ဘာသာရေးသမားတွေကို အလကားပုဂ္ဂိုလ် ထင်ပြီး စီးပွားရေးသမားတွေကို နိုင်ငံရေးမိတ်ဆွေများလို ထင်တတ်မြင်တတ်တယ်။ နိုင်ငံရေး ကြောင့် ဘာသာရေးပုဂ္ဂိုလ်တွေ အသက်စတေးခံရတာ ရှိကောင်းရှိမယ်။ စီးပွားရေးသမားတွေ နိုင်ငံရေးအတွက်နဲ့ အသက်စတေးခံရတဲ့လောက မရှိသလောက်ပါပဲ။ ဒါကြောင့် နိုင်ငံရေး သမားကို ကြိုးကိုင်၊ ပဲ့ကိုင်တဲ့သူဟာ စီးပွားရေးသမားပါပဲ ဆိုတာ တွေ့မြင်ရမယ်။

ခေတ်ကာလအားဖြင့် “ဒီမိုကရေစီရေး” ဖြစ်တာကြောင့် ခေတ်စားနေတဲ့ နိုင်ငံရေး ဖြစ်တယ်။ ဆိုရှယ်လစ်၊ ကွန်မြူနစ်နိုင်ငံရေးဝါဒတွေ ကျဆင်းသွားကြတယ်။ ဆိုရှယ်လစ်၊ ကွန်မြူနစ် နိုင်ငံရေးမူဝါဒတွေ ကျဆင်းသွားပြီလို့ ဆိုပေမယ့် စစ်မှန်တဲ့ ဒီမိုကရေစီမူဝါဒ ရှိသေးတဲ့ တိုင်းပြည်တိုင်းရဲ့ မူဝါဒကို လေ့လာရင် ဆိုရှယ်လစ်၊ ကွန်မြူနစ်တွေရဲ့မူဝါဒ အငွေ့အသက်တွေ ရှိနေပါသေးတယ်။ လူသားတွေကို အထောက်အကူပြုနိုင်သေးတဲ့ အချက် တွေ အများကြီး ရှိနေပါသေးတယ်။ လူတွေရဲ့ သဘောဟာ များရာကို လိုက်တတ်တဲ့အကျင့် ရှိတတ်တာကြောင့် သဘောတရားအများကို စုပေါင်းပြီး လုပ်ကြတာပါပဲ။ ကာလ၊ ဒေသ၊ ပြည်သူ့ဘဝနဲ့ မတူညီတဲ့အချက်တွေ ပေးလိုက်ရတဲ့ ယဉ်ကျေးမှုတွေ၊ ခက်ခဲတဲ့ ခံပြင်းမှုတွေ နောင်တ စုံလင်စွာ ရသွားကြတဲ့ ဒီမိုကရေစီတွေ အများကြီးပါပဲ။

ခေတ်စားနေတဲ့နိုင်ငံရေး 
အနောက်နိုင်ငံတစ်ခုမှာ ကျင့်သုံးတဲ့ သူတို့ရဲ့နိုင်ငံရေးမူဝါဒကြောင့် သူတို့ယဉ်ကျေးမှု သူတို့လူမျိုးတွေပါ အကျင့်စရိုက်တွေ ပျက်ပြားကြပြီး အုပ်ချုပ်ရေးမူဝါဒပါ လိုက်ပါထိခိုက် လာတယ်။ အုပ်ချုပ်ရေးဥပဒေပါ ပြင်ဆင်ပေးရပြီး နိုင်ငံရေးမဟုတ်တဲ့ လူမှုရေး စီမံအုပ်ချုပ်မှု တွေပါ ပြင်ဆင်ပေးရတယ်။ ခဏ ခဏ ပြောင်းလဲပေးရတဲ့ နိုင်ငံရေးမူဝါဒကြောင့် ပြည်သူ အချို့က တိုင်းပြည်မှာ မနေနိုင်ကြဘဲ တည်ငြိမ်တဲ့ လူမှုဘဝနိုင်ငံရေး မူဝါဒကောင်းတဲ့ တိုင်းပြည်အချို့ကို ထွက်ခွာသွားကြတယ်။ သူတို့တိုင်းပြည်မှာ ပညာရှိတွေ နည်းပါးလာ ခြင်းကြောင့် ယခုအခါ လူမှုဘဝအခက်အခဲ၊ စီးပွားရေးအခက်အခဲ စတဲ့ ခက်ခဲမှု ယန္တရား ကြီးတွေနဲ့ လည်ပတ်နေရတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းတဲ့ ပြည်သူတွေက နိုင်ငံရေး၊ လူမှုရေးပယောဂကြောင့် စိတ်ပိုင်းဆိုင်ရာ အချက်အလက်တွေ မပြည့်စုံတော့ဘဲ လုပ်ချင် တိုင်း လုပ်ပြီး လူဘုံအလယ်၊ လမ်းအပေါ်မှာ (ထင်တိုင်းကြဲတဲ့) အမျိုးမျိုး လက်ရဲဇက်ရဲ ဖြစ်ကြတယ်။

လူ့အခွင့်အရေး ဆိုပြီး တိုင်းပြည်မှာ လိုက်နာရမယ့် တာဝန်ရှိတဲ့ ဥပဒေတွေကို မီးကုန်ယမ်းကုန် ချိုးဖောက်ကြတယ်။ နိုင်ငံမှာ ပြဌာန်းထားတဲ့ဥပဒေကို အထင်အမြင်သေးကြပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမဟုတ်တဲ့ ပုံစံမျိုးတွေ လုပ်လာကြတယ်။ တိုင်းပြည် အတွက် ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ဥပဒေတွေကို ဖောက်ဖျက် ကျူးလွန်ကြပြီး လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေနဲ့ပဲ အစိုးရကို ပြစ်တင်ကြတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဗဟုသုတ ဖြစ်ဖွယ် ရေးပြမယ်။

“လူ့အခွင့်အရေး” ဆိုတာ ၁၉၈၇ ခုနှစ်လောက်က ရေပန်းစားလာတာပါ။

           နိုင်ငံတကာမှာ –
(၁) လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို စောင့်ကြည့်၍ မှတ်တမ်းတင်ခြင်း
( ၂) သတင်းပေးပို့ခြင်း
(၃) အစီရင်ခံစာတင်ခြင်းကြောင့် လူ့အခွင့်အရေးအကြောင်း ကျယ်ပြန့်လာတယ်။

“အပြည်ပြည်ဆိုင်ရာဥပဒေ”ထဲက လူ့အခွင့်အရေးဥပဒေက အရေးကြီးတဲ့နေရာမှာ ပါဝင်လာတာကြောင့် ၁၉၇၆ ခုနှစ်ကစပြီး ပိုမိုပြီး ကျင့်သုံးလာကြတယ်။ လူ့အခွင့်အရေး ပေါ်ပေါက်လာခဲ့ရတာဟာ အခြားမဟုတ်ပါ။ နိုင်ငံရေးအာဏာကို ဗဟိုချုပ်ကိုင်မှုနဲ့ အုပ်ချုပ်တဲ့ အစိုးရတွေရဲ့ ကျင့်သုံးတဲ့ နိုင်ငံရေးပေါ်လစီတွေကြောင့်ပါပဲ။ ဒီအကြောင်းအရာကို ပိုပြီး သိလိုရင် ဆိုဗီယက်အုပ်စုဝင် နိုင်ငံတွေကို လေ့လာရင် မြင်နိုင်ပါတယ်။ 

နိုင်ငံရေးပေါ်လစီတွေကြောင့်

          အရှင်တို့ဟာ –
(၁) လူ့အခွင့်အရေး ဆိုတာ ဘာလဲ၊
( ၂) လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုတာ ဘာလဲ ဆိုတာ သိထားရမယ်။ 

နံပါတ် (၂)ရဲ့ အဖြေက “အာဏာသုံး အကြမ်းဖက်တဲ့သူတွေကို ခေါင်းမဖော်နိုင် အောင် နှိမ်ထားခြင်း”ပါပဲ။ များသောအားဖြင့် “လူ့အခွင့်အရေး ချိုးဖောက်မှုဟာ အစိုးရ အဖွဲ့အစည်းကသာ ကျူးလွန်ကြတာ များပါတယ်”လို့ လေ့လာသူတွေက ဆိုတယ်။

လူ့အခွင့်အရေးဆိုတာ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ လူမှုအခွင့်အရေး များဆိုင်ရာ ကမ္ဘာ့အဓိဋ္ဌာန်ပြု ကြေညာစာတမ်းက စတင်လာခဲ့တယ်။ ကြေညာခဲ့စဉ်က ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့ ရုံးသုံးဘာသာများ ဖြစ်ကြတဲ့ အင်္ဂလိပ်ဘာသာ၊ စပိန်ဘာသာ၊ တရုတ်ဘာသာ၊ ပြင်သစ်ဘာသာနဲ့ ရုရှားဘာသာ ငါးမျိုးနဲ့ ကြေညာထားတဲ့ စာတမ်းကြီး ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဒီစာတမ်းကြီးကို လူတိုင်းလိုလို မသိကြဘဲ ဖြစ်နေ ကြတယ်။

လူ့အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်းကြီးရဲ့ ကြေညာချက်နိဒါန်းကို မြန်မာ ဘာသာဖြင့် ဤသို့ ဖြစ်ပါတယ်။

ကြေညာချက်နိဒါန်း။ ။ လူခပ်သိမ်း၏ မျိုးရိုးဂုဏ်၊ သိက္ခာနှင့်တကွ လူတိုင်း အညီအမျှ ခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊  တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်လည်းကောင်း၊        လူမှုအခွင့်အရေးများကို အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည်းကောင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုမှု၊ လွတ်လပ်စွာ သက်ဝင် ယုံကြည်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူ နိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏ အထက် သန်ဆုံးသော လိုလားချက် ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော်ကြေညာပြီး ဖြစ်သောကြောင့် လည်းကောင်း၊လူခပ်သိမ်းတို့သည် တရားလက်လွတ် နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှဉ်းပန်း မှုတို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာ လက်နက်စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်း မပြုစေရန်၊ လူမှုအခွင့်အရေးများကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည် ဖြစ်သော ကြောင့် လည်းကောင်း၊ပြည်ထောင်စုအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်းကောင်း၊ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလ လူမှုအခွင့်အရေးများကိုလည်းကောင်း၊ လူ၏ ဂုဏ်သိက္ခာကိုလည်းကောင်း၊ မြတ်သော လူ၏ဘဝကိုလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီးတို့၏ တူညီသည့် အခွင့်အရေးများကိုလည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီးသည့်ပြင် လူမှုကြီးပွားတိုးတက်ရေးနှင့်တကွ ပိုမို လွတ်လပ်ကောင်းမွန်သော လူဘဝအဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဋ္ဌာန်ချပြီး ဖြစ်သော ကြောင့် လည်းကောင်း၊ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့် ပူးပေါင်း၍ လူမှုအခွင့် အရေးများကိုလည်းကောင်း၊ မူလလွတ်လပ်မှုအခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာတစ်ဝန်း လုံးတွင် ရိုသေလေးစား ကျင့်သုံးစောင့်စည်းကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးသော ကြောင့် လည်းကောင်း၊ထိုသို့ ကတိပြုသင့်သည့်အတိုင်း အလုံးစုံ ဖြစ်မြောက်ရေးအတွက် အဆိုပါ အခွင့် အရေးများ၊ လွတ်လပ်မှုများနှင့်စပ်လျဉ်း၍ တူညီသော နားလည်မှုကို ရရှိခြင်းသည် အရေးကြီး ဆုံးဖြစ်သောကြောင့် လည်းကောင်း၊ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်းစုံ အစည်းအဝေးကြီးက လူတိုင်း၊ အဖွဲ့အစည်းတိုင်း သည် ဤကြေညာချက်ကို အစဉ် နှလုံးသွင်းလျက် ကမ္ဘာတစ်ဝန်းလုံးတွင် အဆိုပါ အခွင့် အရေးများနှင့် လွတ်လပ်ရေးများကို ရိုသေလေးစားကြစေရန် ဆုံးမသွန်သင်ခြင်းဖြင့် အားထုတ်ကြရမည်ဟု လည်းကောင်း၊ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်နက်အတွင်းရှိ နယ်ပယ် ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါ အခွင့်အရေးနှင့် လွတ်လပ်ရေးကို အနှံ့အပြား ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟု လည်းကောင်း ရည်ရွယ်ပြီးလျှင် “လူမှ အခွင့်အရေးများဆိုင်ရာ ကမ္ဘာ့အဓိဋ္ဌာန်ပြု ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်း တစ်ညီတည်း တစ်ပြေးတည်း ဆောင်ရွက်နိုင်ကြစိမ့်သောငှာ ယခုထုတ်ပြန်
ကြေညာလိုက်သည်။

မှတ်ချက်။    ။၄င်းကြေညာချက်စာတမ်းသည် အပိုဒ်ပေါင်း ၃၀၊ ပိုဒ်ခွဲ
ပေါင်း ၃၂ ပါရှိသည်။ (မြန်မာဘာသာဖြင့်)

လူ့အခွင့်အရေးကြေညာစာတမ်း
လူ့အခွင့်ရေး ကြေညာစာတမ်းထဲကပါတဲ့ အချက်အလက်တွေကို အဖွဲ့ဝင်နိုင်ငံတိုင်း လိုက်နာကြတာရှိသလို မလိုက်နာချင်တဲ့ နိုင်ငံတွေလည်း ရှိတယ်။ “ဒါဟာ အနောက်နိုင်ငံရဲ့ လူ့အခွင့်အရေးအယူအဆ၊ တို့ယဉ်ကျေးမှုနဲ့ မအပ်စပ်ဘူး” ဆိုပြီးတော့ ဝေဖန်ပြောဆိုသွားတာ တွေလည်း တွေ့ရတယ်။ အနောက်အုပ်စုမှာ ရှိတဲ့ တိုင်းပြည်တွေက လူ့အခွင့်အရေးကို ဝေဖန်ပြောဆိုရင် အရှေ့တိုင်းနိုင်ငံတွေက ဒါဟာ ငါတို့ရဲ့ ပြည်တွင်းရေးကို (မှာ) ဝင်ရောက် စွက်ဖက်တာပဲ ဆိုပြီး ပြောသူက ပြောကြတယ်။ ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တော်မှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ညီလာခံမှာ အင်ဒိုနီးရှားသမ္မတ ဆူဟာတို ကိုယ်တိုင်က “လူ့အခွင့်အရေး အခြေအနေတွေ ကောင်းမွန် လာဖို့အတွက် အပြည်ပြည်ဆိုင်ရာက ဖိအားပေးလာတာမျိုးဟာ မလိုအပ်ဘူး”လို့ ပြောသွား ခဲ့ပါတယ်။

တကယ်တော့ လူ့အခွင့်အရေးကို မြှင့်တင်ရပါမယ်။ လူတိုင်းမှာ အခွင့်အရေး အားလုံး၊ လွတ်လပ်မှုအားလုံး ပိုင်ဆိုင်ခွင့် ရှိတယ်။ အမျိုး၊ အသားအရောင်၊ အသွေး၊ ကျား မ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ နိုင်ငံရေးယူဆချက် စတာတွေဟာ ခွဲခြားတာ မရှိရပါ။ အာဏာရှင် တိုင်းပြည်တွေက လူ့အခွင့်
အရေးကို မြတ်နိုးသယောင်နဲ့ ဟန်တွေ ပြကြတယ်။ တချို့နိုင်ငံတွေက လူ့အခွင့်အရေး ဆိုတာ အရေးကြီးဆုံး၊ လူ့အခွင့်အရေးက စားနပ်ရိက္ခာ၊ အဝတ်အစား၊ အိုးအိမ်နဲ့ နိုင်ငံရေးတည်ငြိမ်မှုပဲလို့ ပြောဆိုနေကြတယ်။ လူတွေကို အတင်းအဓမ္မ ပေါ်တာဆွဲတာ၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းတာ၊ မပေးနိုင်ရင် ဒဏ်ငွေ ရိုက်တာ၊ လူတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတာတွေဟာ ဘယ်နိုင်ငံတွေမှာ ကျူးလွန် ခဲ့ဖူးတယ် ဆိုတာ သမိုင်းစာမျက်နှာပေါ်မှာ အများကြီး ရှိနေပါတယ်။ ဒါတွေကို ဖျောက်ဖျက် ပစ်လို့ မရပါ။ ၁၉၉၇ ခုနှစ်က ခမာနီတွေက တိုင်းသူပြည်သား သိန်းနဲ့ သန်းနဲ့ ချီပြီး ကွပ်မျက်နေတဲ့အချိန်က ကမ္ဘောဒီးယားကို အားပေးအားမြှောက်ခဲ့တဲ့ သမ္မတတွေ ပေါ်ပေါက် ခဲ့ဖူးတယ်။ ပြည်တွင်းရေး မစွက်ဖက်ရဘူး ဆိုတဲ့ဝါဒဟာ ဟစ်တလာခေတ်၊ စတာလင် ခေတ်က ဖြစ်မှာပါ။ ဒီခေတ်ကြီးမှာတော့ ဘယ်လိုအစိုးရပဲဖြစ်ဖြစ်၊ တိုင်းသူပြည်သားတွေ အပေါ်မှာ မတရားလုပ်လာလို့ ရှိရင် တခြားနိုင်ငံတွေနဲ့ပါ သက်ဆိုင်လာရတဲ့ ခေတ်ကြီး V ဖြစ်ပါပြီ။ လွယ်လွယ်လေးနဲ့ ပြောရမယ်ဆိုရင် ရွာမှာနေရင် ရွာဥပဒေကို လိုက်နာရမယ်။ 

အိမ်တံခါးပိတ်ပြီ စိတ်ထင်သလို မိမိကလေးတွေကို နှိပ်စက်နေရင် တစ်ရွာလုံးက ကြည့်မနေဘူး ဆိုတဲ့သဘောကို နားလည်ထားရမယ်။

ကမ္ဘာ့မိသားစု
လူတွေမှာ ဥပဒေ လိုက်နာဖို့ဟာ အရေးကြီးတယ်။ လူမှုလောကမှာ အရေးကြီးတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဥပဒေ မရှိမဖြစ်ပါ။ လူတွေဟာ မိမိယုံကြည်ချက်၊ ဘာသာရေး၊ ယဉ်ကျေးမှုစတဲ့ အချက်အပေါ်မှာ တန်ဖိုးထားကြပါတယ်။ အရှင်တို့ဟာ ကမ္ဘာ့မိသားစု ထဲမှာ နေထိုင်ကြတဲ့သူတွေပါ။ ကမ္ဘာ့မိသားစုက ပြဋ္ဌာန်းထားတဲ့ လူ့အခွင့်အရေးဥပဒေကို လိုက်နာဖို့ တာဝန်ရှိပါတယ်။ လူ့အခွင့်အရေးဥပဒေဟာ အစိုးရတိုင်းမှာ လိုက်နာဖို့ တာဝန် ရှိပါတယ်။ လူ့အဖွဲ့အစည်းတိုင်းမှာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံသူ လူတန်းစားနှစ်ရပ်ရှိတယ်။ အုပ်ချုပ်ခံသူ ပြည်သူပြည်သားတွေမှာတော့ မွေးရာပါ အခွင့်အရေးကို အဆုံးအရှုံး မခံပါ။ ဘာကြောင့်လဲဆိုရင် လူ့အခွင့်အရေးဟာ ကမ္ဘာ့ဥပဒေ ဖြစ်လို့ပါပဲ။ ဒီဥပဒေဟာ ဘယ် ယဉ်ကျေးမှု၊ ဘယ်အတွေးအခေါ်ကမှ စလာခဲ့တာ မပါပါ။ မိမိ ယူဆချက်နဲ့ မကိုက်ညီဘူး ဆိုပြီးတော့ လက်မခံဘဲ နေလို့မရပါ။ ဒါကြောင့် အစိုးရအဖွဲ့အစည်းတစ်ခုရဲ့ လုပ်ရပ်ဟာ တရားဝင်၊ မဝင် ဆိုတာ ဒီဥပဒေနဲ့ပဲ တိုင်းတာလို့ ရပါတယ်။ ကမ္ဘာ့လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်တဲ့အစိုးရဟာ တရားမဝင်တဲ့အစိုးရ ဖြစ်သွားနိုင်တယ်။ အစိုးရတိုင်းမှာ ပြည်သူ ပြည်သားအပေါ်မှာ တရားတဲ့ နည်းလမ်းအတိုင်း ဆက်ဆံရမယ်။

ကျင့်သုံးရမယ့်ဝတ္တရား

အပြည်ပြည်ဆိုင်ရာဥပဒေစနစ်မှာ အမိန့်ထုတ်ပြဋ္ဌာန်းထားတဲ့ တစ်ခုတည်းသော အာဏာပိုင်စိုးတဲ့ ဥပဒေ၊ ဥပဒေပြုလွှတ်တော်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေမျိုး မဟုတ်ပါ။ လူ့အခွင့်အရေးဆိုင်ရာဥပဒေဟာ ကမ္ဘာ့မိသားစုဝင် တိုင်းပြည်တိုင်း လိုက်နာဖို့ တာဝန်ရှိတဲ့ ဥပဒေတစ်ရပ်ဖြစ်ပြီး လိုက်နာပါမယ်လို့ သဘောတူထားတဲ့ဥပဒေ ဖြစ်တာကြောင့် နိုင်ငံ တိုင်းမှာ ကျင့်သုံးရမယ့် ဝတ္တရား (တာဝန်) ရှိပါတယ်။ လူမှုဘဝနိုင်ငံရေးဥပဒေမျိုးဖြစ်လာတဲ့ လူ့အခွင့်အရေးဥပဒေဟာ ဓလေ့ထုံးစံဥပဒေလို ဖြစ်နေပါပြီ။ လူလူချင်း ကျွန်မပြုရ၊ မျိုးပြုတ် အောင် အစုလိုက်အပြုံလိုက် မသတ်ဖြတ် မကွပ်မျက်ရ၊ နှိပ်စက်ညှဉ်းပန်းမှု မပြုရ၊ လူမျိုး အသားအရောင် မခွဲခြားရ ဆိုတာတွေဟာ ဓလေ့ထုံးစံဥပဒေပါ။

 ကမ္ဘာ့ကုလသမဂ္ဂမှာ အရေးကြီးတဲ့ စာချုပ်သုံးမျိုး ရှိတယ်။ 
(၁) ကုလသမဂ္ဂပဋိညာဉ်စာချုပ်
(၂) စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးစာချုပ် 
(၃) လူမှုရေးနှင့်နိုင်ငံရေးရာအခွင့်အရေး စာချုပ်တွေပါပဲ။

အရှင်တို့ဟာ လူတိုင်းမှာ အသက်ရှင်သန်ပိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံမှုရပိုင်ခွင့် ရှိရမယ့်သူတွေပါ။ အသက်ရှင်ဖို့တောင်မှ အခွင့်အရေးမရတဲ့ တိုင်းပြည်မျိုးမှာ ကမ္ဘာပေါ်မှာ အလွန်ရှားပါးပါတယ်။ အသက်ရှင်ခွင့်ကို အလေးထားတဲ့ တိုင်းပြည်တိုင်းမှာတော့ တရားရုံးက သေဒဏ်ချမှတ်တဲ့ ဓလေ့အစဉ်အလာကို ဖျက်သိမ်းလိုက်ကြပါပြီ။ အသက်ရှင်ခွင့်တော့ ရနေကြပြီ ဆိုပေမယ့် လွတ်လွတ်လပ်လပ် အသက်ရှင်ခွင့်မရတာဟာ အကျိုးမရှိတာ အမှန် ပါပဲ။ အကျိုးမရှိတဲ့ အသက်ရှင်သန်ရမှုဟာ လုံခြုံမှုအရ ဘယ်တော့မှ ရှိမှာ မဟုတ်ပါ။ ဒါကြောင့် အဝိဟိံသာနိုင်ငံရေးအရ အသက်ရှင်သန်ခွင့်မရှိတဲ့ တိုင်းပြည်ကို အုပ်စိုးစီမံတဲ့ အစိုးရကို အကြမ်းဖက်မှုမပြုဘဲ ရှိတဲ့ တာဝန်အတိုင်း လွတ်လွတ်လပ်လပ် တွန်းအားပေးရမှာ ဖြစ်တာကြောင့် ပြည်သူတွေ နားလည်ရမှာ ဖြစ်ပါတယ်။

 အသက်ရှင်ခွင့်တော့ ရနေကြပြီ ဆိုပေမယ့်

 လွတ်လွတ်လပ်လပ် အသက်ရှင်ခွင့် မရတာဟာ

 အကျိုးမရှိတာ အမှန်ပါပဲ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၂၃-၁၂၉၊ အဝိဟိံသာနိုင်ငံရေး (၉)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။
ပျော်ရွှင်မှုကဖီး မှ

ဆာဗာကြေးလှူဒါန်းထားသည်။