Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၃)

ကောင်းမြတ်သော အကျင့်တရားနဲ့ မိမိကိုယ်မိမိ ယဉ်ကျေးအောင် ဆုံးမကြရမယ်။

နိုင်ငံရေးစံနှုန်းသဘော

လူတွေဟာ ဒဏ်ထိမှာကို ထိတ်လန့်ကြတယ်။ သေရမှာကို ကြောက်ရွံ့ကြတယ်။ ဘယ်သူမဆိုပါ မိမိရဲ့အသက်ကို ချစ်ခင်ကြင်နာကြပါတယ်။ ညှဉ်းဆဲသတ်ဖြတ်တာကို မကြိုက်ကြပါ။ မိမိကိုယ်တိုင်လည်း မညှဉ်းဆဲရပါ။ သူတစ်ပါးတွေကိုလည်း မညှဉ်းဆဲစေ ရပါ။ ချမ်းသာမှု(ချမ်းသာရေး)ကို ရှာကြတဲ့သူချည်းပါ။ ချမ်းသာမှုကို ရှာကြတဲ့သူကို မညှဉ်းဆဲရပါ။ ညှဉ်းဆဲတဲ့သူဟာ ပစ္စုပ္ပန်နဲ့ တမလွန်ဘဝတွေမှာ ချမ်းသာမှု မရနိုင်ပါ။ ဘယ်အရာမဆို မချုပ်ချယ်ရပါ။ ချုပ်ချယ်မှု ဆိုတာ ဆင်းရဲတဲ့အကြောင်းပါ။ ဒါကြောင့် အတုံ့အလှည့်ရှိတဲ့ သဘောတရားကို နားလည်ပြီး ဘယ်သူ့ကိုမှ ကြမ်းတမ်းတဲ့ အမူအရာများ မရှိပါစေနဲ့ ဆိုတဲ့ အကြောင်းအရာတွေအားလုံးကို နိုင်ငံရေးလောကမှာ “စံနှုန်း”ထားသင့် ပါတယ်။

ထောင့်ကပ်ပါပဂြိုဟ်သား

သဘာဝကြောင့် ရင့်ရော်လာတဲ့ သစ်ပင်၊ လူသား(သဘာဝ)တွေကို ကြည့်လိုက် ရင်ပဲ ပြောင်းလဲမှု ဆင့်ကဲဆင့်ကဲ ပုံစံတွေ မြင်ရတော့ လူသားတွေရဲ့ တွေးခေါ်မှုနဲ့အတူ ပြောင်းလဲလာတဲ့ “လူမှုဘဝနိုင်ငံရေး”ဟာ ရင့်ရော်လာတဲ့ သစ်ပင်များလို၊ လူသားတွေလိုပါ ပဲ။ ရင့်ရော်လေ ရင့်ကျက်လေ ဖြစ်တဲ့ (ဘဝပေးနိုင်ငံရေးဟာ) မြန်မာပြည်နိုင်ငံရေးဟာ အတွေးစုံ၊ အမြင်စုံ၊ စွယ်စုံနိုင်ငံရေး ပင်လယ်ကြီးပမာ ကျယ်ပြန့်လာတာကို တွေ့လာရတယ်။

ဒီသဘောကို သိတဲ့လူတွေက လန့်တဲ့သူက လန့်၊ ကြောက်တဲ့သူက ကြောက်နဲ့ စုပေါင်းပြီး တော့ “ထောင့်”မှာကပ်ပြီး (ကြည့်နေပြီးတော့) ငြိမ်နေကြတယ်။ ပွဲမပြီးမီကြည့်နေတဲ့ ပုံစံမျိုး လိုပေါ့။ ရောလည်း ရောချင်တယ်။ ပါလည်း ပါချင်တယ်။ ဒွိဟလေးနဲ့ မှင်တက်တက်နဲ့ ငြိမ်ဝပ်ပိပြားနေကြတယ်။ ထောင့်ရပ်ကနေ တစ်ချက်တလေ အသံပေးထွက်တယ်။ ငြာသံ ပေးတယ်။ ဆူသံပေးတယ်။ ဆဲသံပေးတယ်။ အဲဒီလို ထောင့်ကပ်တဲ့သူတွေရဲ့ လက်ချက်နဲ့ မြန်မာပြည်နိုင်ငံရေးဇာတ်အိမ်ဟာ အငြိမ်ဓာတ်မမြင်ရဘဲ လှုပ်ခါတဲ့ သဘောမျိုးလေး တွေ့ရ တယ်။ ဒါကြောင့် ဘာသာတရားအရ မေတ္တာပို့တဲ့နေရာမှာ “ထောင့်အရပ်၌ရှိသော” ဂုဏ်ပြုရ သော၊ မေတ္တာပို့ရသော အရပ်အဖြစ်နဲ့ ရှိတယ်။ ပါပဂြိုဟ်သား ဆိုတာ အဲဒါမျိုးပေါ့။

ဖွတ်ဖွတ်ကြေမွနေပါပြီ

မြန်မာပြည်ဟာ နိုင်ငံရေးနဲ့ပတ်သက်ရင် ငြိမ်သက်သင့်တာ ကြာလှပါပြီ။ လူမျိုးစု ပြဿနာ၊ ဝါဒရေးရာပြဿနာ၊ အာဏာရှင်စနစ်ကို မွေးထုတ်ပေးတဲ့ ပြဿနာများ စတဲ့ ပြဿနာတွေ အကြီးအကျယ် ရှိနေလို့ပါပဲ။ ဒီလိုပြဿနာတွေကို ရှိနေအောင် (ဖြစ်နေ အောင်) ဘယ်သူဘယ်ဝါက ဖန်တီးထားကြပါသလဲ။ စိစစ်လိုက်ရင် ကွက်ကွက်ကွင်းကွင်း ကြီး မြင်နေကြတာပဲ။ တစ်နေ့တခြား အမုန်းပွားမှု များလာတာကြောင့် ဒီလို ကြီးထွားလာတဲ့ ပြဿနာဟာ တိုင်းပြည်အတွက် ဖွတ်ဖွတ်ကြေမွနေပါပြီ။

မဖြစ်မနေ သွားရမှာ

လူထုတွေ ဆင်းရဲဒုက္ခရောက်ကြရခြင်း အကြောင်းရင်းဟာ စုံတဲ့ပြဿနာ ဖြစ်လို့ ပါပဲ။ မြန်မာပြည်ဟာ မကျေနပ်မှု အမျိုးမျိုးကြောင့် ပေါက်ဖွားလာရတဲ့ တိုင်းပြည်ဖြစ်လို့ အဲဒီ မကျေနပ်မှုတွေက ရှေ့ဆက်ပြီး ကျေနပ်မှု ရကြအောင် (လူထုအခွင့်အရေးဆိုင်ရာများ ဆိတ်သုဉ်းမှု မဖြစ်အောင်) သည်းခံခွင့်လွှတ်ကြဖို့ လိုပါတယ်။ အပြတ်တိုက်၊ အပြတ်မိုက် အမြတ်ထွက်အောင် လုပ်ဆောင်တဲ့နည်းတွေ မသုံးကြဖို့ လိုတယ်။ မြန်မာပြည်လူထုဟာ ယနေ့ ကမ္ဘာမှာ သေးသိမ်ကျဉ်းမြောင်းတဲ့ မူဝါဒ(စနစ်)အောက်က မဟုတ်တော့ပါဘူး။ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတွေလည်း မရှိသင့်တော့ပါဘူး။ အခွင့်အားလုံးကို ပိုင်ဆိုင် ထားတဲ့ နိုင်ငံရေးမူဝါဒအောက်ကို ရောက်လာပါပြီ။ တန်းတူအခွင့်အရေးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်တွေ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ အလင်းတန်းများ သန်းလာကြပြီဖြစ်တဲ့အတွက် အာမခံချက် အပြည့်အဝထားတဲ့ လူမှုဘဝနိုင်ငံရေးစနစ် ထင်ရှားလာပါပြီ။ ဒီအတိုင်းပဲ မဖြစ်မနေ သွားရမှာ ဖြစ်တဲ့အတွက် ဝိုင်းဝန်းပြီး စုပေါင်းအားနဲ့ လုပ်ဆောင်ကြရမှာ ဖြစ် ပါတယ်။

ကင်းကင်းရှင်းရှင်း

အရှင်တို့ဟာ ပြဿနာတွေ လုံးထွေးမသွားအောင် ဖြေလျှော့ရမယ့်အလုပ်ကို လုပ်ရ မှာပါ။ ရေစုန်မျောပါသွားတတ်တဲ့ ဦးစားပေးမဟုတ်တဲ့အရေးကို ဦးထိပ်မထားဖို့ လိုတယ်။ မသိနားမလည်တဲ့ပြဿနာ၊ မရိုးသားတဲ့ စိတ်ဓာတ်တွေဟာ ပြဿနာအဆိပ်ဓာတ်ကို မဖြေရှင်း နိုင်ပါဘူး။ ပြဿနာကို မမြင်၊ မသိ၊ နားမလည်ရင် အကြောက်မပြေတဲ့ နိုင်ငံရေးနည်းတွေ ဝင်လာတတ်တယ်။ အကြောက်မပြေတဲ့ နိုင်ငံရေးကြောင့် ရှုပ်ထွေးမှု၊ လုံးထွေးမှုတွေ ဖြစ်လာ ခဲ့ရတာပါ။ ဒီအကြောင်းတွေကို ကောင်းကောင်း နားလည်သဘောပေါက်ကြပြီဆိုရင် အရှင်တို့ တိုင်းပြည်မှာ ဆိတ်သုဉ်းမှု မဖြစ်သွားအောင် “လူမှုဘဝနိုင်ငံရေး”ကို ပြဿနာကင်းကင်း (ရှင်းရှင်း)နဲ့ တည်ထောင်နိုင်ရမယ်။

ရင်းကြဖို့

နိုင်ငံရေးသဘောတရားမှာ နားမလည်မှု၊ အထင်လွဲမှု၊ မုန်းတီးမှုများ မရှိဖို့ လိုအပ် ပါတယ်။ သူသူငါငါ ရှိတဲ့ပြင်ဆင်ချက်ကို အနာမပျောက်တဲ့နည်းနဲ့ ရှုတ်ချ၊ ဝေဖန်၊ ပိုင်းခြား ပြကြမယ်ဆိုရင် အငြင်းတရားတွေ ပြီးဆုံးမှာ မဟုတ်ဘဲ အမုန်းအစွက်လည်း ပြီးသွားမှာ မဟုတ်ပါ။ ကြီးထွားလာနိုင်တဲ့ ပြဿနာကို ဖြေလျှော့မှု အကြိမ်ကြိမ်သာထားပါ။ အေးမြတဲ့ ရင်တွင်း စကားတွေ၊ ဖြေလျှော့တဲ့ စိတ်ဓာတ်တွေ စိတ်ဓာတ်ကောင်း အပြည့်အဝထားတဲ့ နိုင်ငံရေးတွေဟာ ထိပ်ဆုံးကို ရောက်ကြတယ်။ ဒီလို သည်းခံခြင်း အင်အားကောင်းတဲ့ ခေါင်းဆောင်တွေ မြန်မာပြည်မှာ မရှိမဖြစ် ရှိရမှာ ဖြစ်တဲ့အတွက် အရင်းအနှီးကြီးကြီး ရင်းကြဖို့ လိုပါတယ်။ (နိုင်ငံရေးအရင်းအနှီး)

တူးဆွဖွပြသူ မဟုတ်

အရှင်တို့ဟာ စုစည်းမှုခွန်အားရှိတဲ့တိုင်းပြည်ကို ဆုတ်ယုတ်သွားအောင် အားမထုတ် ပါဘူး။ ဆုတ်ယုတ်နေတဲ့တိုင်းပြည်ကိုလည်း ဖရိုဖရဲ မွဲတေပြာကျသွားအောင် မလိုလားပါဘူး။ အရှင်တို့ရဲ့ တိုင်းပြည်မှာလည်း ကွဲအက်မှု၊ ခွဲထွက်မှု၊ ဖရိုဖရဲ ပျက်စီးခဲ့ရမှုအတွက်ကိုလည်း (လုံးဝ) မလိုလားပါဘူး။

အရှင်တို့ဟာ ဒေသအစွဲ၊ အမျိုးအနွယ်အစွဲ၊ ပုဂ္ဂိုလ်အစွဲထားတဲ့သူတွေ မဟုတ်ပါ။ အစွဲအလမ်းမကင်းကြသူ ဖြစ်ပေမယ့် အကုသိုလ်ဖြစ်တဲ့ အတ္တများတဲ့ အစွဲအလမ်းတရားကို ဘယ်တော့မှ မထားပါ။ အရှင်တို့ဟာ ရင်ဆိုင်ရမယ့်ပြဿနာ မရှိပါ။ ရင်ဆိုင်ရမယ့် ပြဿနာရှိလာရင် ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်ပါတယ်။ စိတ်ပျံ့လွင့်ခြင်းဟာ အရှင်တို့မှာ အလေ့အထ၊ စရိုက်မရှိပါ။ ကိုင်တွယ်ခြင်းကိုလည်း ရှောင်ဖယ်မယ့်သူ မဟုတ်ပါ။ အန္တရာယ်ကိုလည်း နူးညံ့သိမ်မွေ့စွာ ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ တိုင်းပြည်ရဲ့အရေးမှန်သမျှကို တူးဆွ ဖွပြမည့်သူတွေ မဟုတ်ပါ။

လေးနက်သောစိတ်ဓာတ်

ပြဿနာအရပ်ရပ်ကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပါ။ တရားသောနည်းနဲ့သာ ဖြေရှင်း မှာ ဖြစ်ပါတယ်။ မည်သူ့ တိုင်းပြည်ကိုမှ မထိပါးပါ။ မည်သည့်အတွက်မှ ရန်ကြွေးမထားပါ။ `အရှင်တို့ရဲ့အထဲက လေးနက်သော၊ နူးညံ့သိမ်မွေ့သော၊ အကြီးအကျယ်ဆုံးသော၊ စစ်မှန်သော “လူမှုဘဝနိုင်ငံရေးအုတ်မြစ်”ကို တည်ဆောက်ထားပါတယ်။ ဒီအုတ်မြစ်ကို ကံကြမ္မာကြောင့်နဲ့ လည်း ကွဲဖို့၊ ခွာဖို့၊ ခွဲထွက်နိုင်သော အကြောင်းရင်း မရှိပါ။ အကြားမရှိသော အာကာသဓာတ် ပမာ လုံလောက်စွာ စေ့ကျပ်ထားပါတယ်။ ဒီအဆုံးအဖြတ်ဟာ အရှင်တို့ရဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ဖော်ဆောင်ပြထားပါတယ်။ ဒီလိုလေးနက်သော စိတ်ဓာတ်မျိုးဟာ လွယ်ကူစွာ မမှားမယွင်းနိုင်ပါ။ ခိုင်မြဲပါတယ်။ တည်တံ့ပါတယ်။

နိုင်ငံရေးမှန်ရင်

မြန်မာပြည်ဟာ နိုင်ငံရေးအရ သုံးစွဲသော အခွင့်အာဏာ အပြည့်အဝ ရှိပါတယ်။ လေးနက်တည်ငြိမ်စွာ ဥပဒေပိုင်စိုးနိုင်သော အခွင့်အရေးမရသောသူ မရှိပါ။ ဥပဒေပြဋ္ဌာန်း နိုင်သော အခွင့်အရေး ရှိကြပါတယ်။

            ပြည်ထောင်စုတိုင်းပြည် ဖြစ်တာကြောင့် –
(၁) ဥပဒေပြုခွင့်အာဏာ
(၂) အုပ်ချုပ်ခွင့်အာဏာ
(၃) တရားစီရင်ခွင့်အာဏာကိုယ်စီကိုယ်င ရထားကြပါတယ်။ 

ပြည်ထောင်စုစနစ်မှန်သမျှ နိုင်ငံရေးအာဏာ မပေးအပ်ခြင်း မရှိပါ။ ပြည်ထောင်စု စနစ်ရှိတဲ့ တိုင်းပြည်တိုင်းကို လေ့လာရင် ဘယ်လိုနိုင်ငံရေးမူဝါဒနဲ့ ကျင့်သုံးကျင့်သုံး အစိုးရ အဖွဲ့မှာ သင့်လျော်သလို အာဏာခွဲဝေရေး ရှိကြစမြဲပါ။ လူဦးရေပိုများသူကို ပို၍ လွှမ်းမိုး ခြယ်လှယ်တယ်ဆိုတာ မရှိရပါ။ ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လို့မရတဲ့ ပြည်ထောင်စုစနစ် ကို ကျားကန်ပေးတဲ့သူတွေ၊ တင်းကျပ်စွာ အတင်းကျင့်သုံးစေတဲ့သူတွေ အင်အားစုကြီး မရှိတော့ပါ။ နိုင်ငံရေးအရ အခွင့်အရေးကို ပိတ်ပင်တဲ့သူဟာ အစစ်အမှန်ကို မလိုချင်လို့ပါပဲ။ အစစ်အမှန်မရှိတဲ့ နိုင်ငံရေးဟာ ပြဿနာမွေးထုတ်ဖို့သာ ဦးတည်နေကြတယ်။ (တကယ် တော့) နိုင်ငံရေးမှန်ရင် ပြဿနာကို ဘယ်တော့မှ မမွေးမြူရပါ။ (မမွေးပါ)

စစ်မှန်တဲ့စနစ် ရှိရမယ်

လူတွေဟာ (နိုင်ငံရေးသမား)နိုင်ငံရေးပုဂ္ဂိုလ်တွေကို တွေ့ရင် မတူမတန်ပုံနဲ့ မဝံ့မရဲနဲ့ ဆက်ဆံပြောဆိုလိုကြတယ်။ နိုင်ငံရေးမဟုတ်သူ အုပ်ချုပ်တဲ့သူတွေကျတော့ ကိုးကွယ်ရာ အစစ်လို့များ မှတ်ထင်နေကြတယ်။ အမှတ်မှားတဲ့ အကျင့်ပါတဲ့စရိုက်ကြောင့် လိုရာ ပန်းတိုင် မရောက်ဘဲ နောက်ကောက်ကျန်နေကြတဲ့ တိုင်းပြည်တွေ ကမ္ဘာပေါ်မှာ အများကြီးပါပဲ။ ဒီလို နောက်ကောက်ကျန်နေရတာဟာ နိုင်ငံရေးအရ ထားရှိရမယ့် အခွင့်အရေးတွေကို ပိတ်ပင်ထားလို့ပါပဲ။ နိုင်ငံရေးဆိုတာ တော်လှန်ရေး မဟုတ်ပါ။ လူမျိုးရေး မဟုတ်ပါ။ သိမ်းပိုက်ရေး မဟုတ်ပါ။ ပြိုကွဲရေး မဟုတ်ပါ။ အဲဒီအတိုင်းပဲ စုပေါင်းပူးပေါင်းတဲ့နိုင်ငံရေးကို “ပြည်ထောင်စုနိုင်ငံရေး”လို့ပဲ ခေါ်ရမယ်။ ဒါကြောင့် အရှင်တို့ရဲ့တိုင်းပြည်ဟာ စုပေါင်း ပူးပေါင်းထားတဲ့ နိုင်ငံရေး၊ သို့မဟုတ် လူမျိုးတစ်မျိုး၊ လူတန်းစားတစ်ရပ်က တည်ထောင် ထားတဲ့ တိုင်းပြည်မဟုတ်တဲ့ (ပြည်ထောင်စုနိုင်ငံ၊ ပြည်ထောင်စုစနစ်) ပြည်ထောင်စုနိုင်ငံရေး ဖြစ်တာကြောင့် မြန်မာပြည်ဟာ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကြီး ပေါ်ပေါက်လာခဲ့ရတာပါ။ စစ်မှန်တဲ့စနစ်မရှိဘဲ ဘယ်တိုင်းပြည်မှ မတည်တံ့၊ မခိုင်မြဲပါ။ ဘုရင်မိသားစုများ တည် ဆောက်ထားတဲ့ တိုင်းပြည်ဖြစ်နေတာတောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြဋ္ဌာန်းထားရင် ခိုင်မြဲတဲ့ ဘုရင်စနစ်မဖြစ်နိုင်သလို ပြည်ထောင်စုတိုင်းပြည်တိုင်းမှာ စစ်မှန်တဲ့စနစ် ရှိရမယ်။

ပြင်ဆင်ခြင်းသည်သာ ရင့်ကျက်ခြင်း

 နိုင်ငံရေးလောကမှာ ဖွဲ့စည်းပုံမရှိဘဲ (ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘဲ) တိုင်းပြည် အဖြစ် နေထိုင်တဲ့နိုင်ငံ ရှိပါတယ်။ ဗြိတိသျှနဲ့ အစ္စရေးနိုင်ငံကို လေ့လာရင် တွေ့နိုင်တယ်။ တိုင်းပြည်တစ်ပြည်မှာ အဓိက အရေးကြီးဆုံးက အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့ပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ ပြည်သူတွေက မိမိတို့ ပိုင်ဆိုင်တဲ့ အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းဖို့အတွက်ပါပဲ။

လွှတ်တော်ကိုယ်စားလှယ် ဆိုတာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ သုံးရပ်ကို စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့သူတွေ ဖြစ်တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုလည်း ပြင်ဆင်ရန် ပုံဖော်ပိုင်ခွင့်ရှိတဲ့သူတွေ ဖြစ်ပါတယ်။ အခြေခံဥပဒေအရ ရေးဆွဲချိန်ကာလက တွေဝေသည့် အလျောက် သက်ရောက်မှုတစ်ပါးပါးသို့ ရောက်ခဲ့ရင် လွှတ်တော်ကိုယ်စားလှယ်အများဆန္ဒနဲ့ ပြင်ဆင်နိုင်ခွင့် ရှိတယ်။ မပြင်ဆင်ရသော ဥပဒေ၊ ပြင်ဆင်ခြင်းမရှိသောဥပဒေ၊ အခြေခံဥပဒေ မှာ မရှိပါ။ ပြင်ဆင်ရန်ရှိလည်း အများကို အသိပေးရသော ပြင်ဆင်ခြင်းဥပဒေများ ဖြစ်ပါက လွှတ်တော်ကိုယ်စားလှယ်များရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ပြည်သူများ ထောက်ခံမှုပြုရင် ပြဋ္ဌာန်းလိုတဲ့ဥပဒေ တည်သွားတာပါပဲ။    ရေသေလို ဥပဒေမျိုး ရေးဆွဲထားတောင်မှ နိုင်ငံတော်

ရဲ့ အချုပ်အခြာအာဏာကို ထိပါးမှုရှိတဲ့ဥပဒေများ ဖြစ်လာခဲ့ရင် မပြင်ဘဲ မရှိပါ။ ပြင်ဆင်ခြင်း သည်သာ ရင့်ကျက်ခြင်း ဖြစ်လာတယ်။

ပုရွက်ဆိတ်ညိုကိုက်လို့ငို

နိုင်ငံရေး မရင့်ကျက်သေးခင်က လူတွေဟာ စီးချင်း (Political) နိုင်ငံရေးတွေ လုပ်ကြတယ်။ တိုင်းပြည် တစ်ပြည်နဲ့ တစ်ပြည် ကျူးကျော်ကြတယ်။ ဘုရင် ဘုရင်ချင်း၊ ဓားဓားချင်း၊ တုတ်တုတ်ချင်း၊ လှံလှံချင်းနဲ့ သူနိုင်ငါနိုင် အနိုင်စီးလုကြတယ်။ အဲဒီလို စီးချင်းလုကြပေမယ့် ကောက်ကျစ်တဲ့စိတ်ဓာတ်တွေမရှိဘဲ ကတိပေးထားတဲ့အတိုင်း တည်မြဲ ကြတယ်။ တရားမဲ့လုပ်ချင်တိုင်း လုပ်လို့မရပါ။ ယခုခေတ် နိုင်ငံရေးလည်း ဥပဒေမဲ့စွာ လုပ်လို့မရပါ။ တာဝန်ရှိတဲ့အတိုင်း လုပ်ရမယ်။ ပျော့ပျောင်းညင်သာသိမ်မွေ့တဲ့ “လူမှုဘဝ နိုင်ငံရေး”ဟာ ဂိုဏ်းဂဏပြင်းထန်တဲ့ နိုင်ငံရေးသမားတွေ အချိန်စောစွာ ကျဆင်းနိုင်တယ်။ အကျင့်စရိုက်မတူ ကွဲပြားတဲ့လူတွေဟာ အသင်း၊ အဖွဲ့၊ အစည်းဘယ်လို့ပဲ ဖွဲ့စည်းဖွဲ့စည်း အားလုံး ဥပဒေစည်းကမ်းကို လိုက်နာတဲ့သူချည်းပဲ မရှိပါဘူး။ လူမှုဘဝပြောင်းလဲတဲ့အတိုင်း လူတွေလည်း ပြောင်းလဲနေတော့ စည်းဖွဲ့ကမ်းဖွဲ့တဲ့ အဖွဲ့အစည်းတွေလည်း ခေတ်ရေစီးအတိုင်းလိုက်ပါသွားတော့တာပဲ။ အဲဒီလို ဝက်အူလှည့်လို တစ်လှည့်ချင်း လှည့်နေတဲ့ နိုင်ငံရေးကို ဝက်အူလှည့်မလှည့်တတ်တဲ့ နိုင်ငံရေးသမားတွေဆိုရင် “ပုရွက်ဆိတ်ညို ကိုက်လို့ငို”ပါပဲ။

လုပ်ကျွေးမှု ပြုကြပါအံ့

ရုပ်ဝတ္ထုသဘောဟာ တစ်ခဏ အစိုးရခြင်းပါ။ တစ်ခဏ အစိုးရခြင်းဟာ နိုင်ငံရေး အာဏာနဲ့ တူပါတယ်။ ဖြစ်ပြီး ပျောက်ကွယ်သွားတတ်တဲ့ အာဏာကို အကြီးကျယ်ဆုံး၊ အခမ်းနားဆုံးပိုင်ဆိုင်မှု မဟုတ်ပါ။ အထက်မြက်ဆုံးမာန်ဟာ တစ်ခဏလေးရဲ့ အစိုးရခြင်းပါ။ ပိုင်ပြီ၊ နိုင်ပြီ၊ အောင်ပြီ ဆိုတဲ့အရာဟာ နောင်တနဲ့အတူ မထားခင်၊ သံဝေဂ မယူမီလေးမှာ မြန်မာပြည် အင်ပါယာနိုင်ငံကြီးကို စိုးရိမ်ပူဆွေးမဲ့စွာနဲ့ လုပ်ကျွေးမှု ပြုကြပါအံ့။

ပြည်ထောင်စုစနစ်ရှိတဲ့ တိုင်းပြည်တိုင်းကို လေ့လာရင် ဘယ်လိုနိုင်ငံရေးမူဝါဒနဲ့ ကျင့်သုံး ကျင့်သုံး အစိုးရအဖွဲ့မှာ သင့်လျော်သလို အာဏာခွဲဝေရေး ရှိကြစမြဲပါ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၀၁-၂၀၆၊ အဝိဟိံသာနိုင်ငံရေး (၂၃)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၂)

ပကတိအားဖြင့် မရှိတဲ့ ကုသိုလ်၊ အကုသိုလ်တရားကို အထင်သေး
အမြင်သေးမှု မရှိနဲ့။ ဘာလုပ်လုပ် အကျိုးမရှိဘူး မထင်နဲ့။

ယနေ့ နိုင်ငံရေးစည်းဝိုင်း

ယနေ့ကမ္ဘာကြီးဟာ လူသားအချင်းချင်း ထိန်းကျောင်းကြတဲ့ စနစ်ကြီးတစ်ခု ပေါ်ပေါက်လာကြပါပြီ။ ဒီစနစ်ကြီးဟာ ရွေ့မသွားဖို့ (ရွေ့မသွားအောင်) အရေးကြီးပါတယ်။ ထိန်းသိမ်းခြင်း၊ ထိန်းကျောင်းခြင်း ဆိုတဲ့ ဝေါဟာရဟာ တန်ဖိုးကြီးတဲ့ “ဒဿန”တစ်ခုပါ။ ထိန်းကျောင်းခြင်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ လောကမှာ အများကြီး တွေ့နိုင်ပါတယ်။ မြင်နိုင်ပါတယ်။ မထိန်းကျောင်းရဘဲ ပကတိရှိတဲ့(တည်တဲ့)အဖြစ်ဟာ လူသားတွေနဲ့ မဆိုင်ပါ ဘူး။ သဘာဝပတ်ဝန်းကျင်တွေနဲ့ ဆိုင်ပါတယ်။ ထိန်းကျောင်းပြီး အတူတူ အမှီပြုကြတဲ့ စနစ်ဟာ အရေးကြီးလို့ အရာကျယ်လာပါတယ်။ ဒီစနစ်ကို လူသားတွေ ဆန်းသစ်တီထွင်နေကြတာကို တွေ့ရလို့ ယနေ့ နိုင်ငံရေးစည်းဝိုင်းထဲမှာလည်း ထိန်းကျောင်းတဲ့စနစ်များ ရောက်လာတာကို (ဖြစ်လာတာကို) တွေ့ရတယ်။ 

လူတန်ဖိုးမြင့်စနစ်

လူမှုရေးအသိုင်းအဝိုင်းကို လေ့လာပါ။ တစ်ဦးကိုတစ်ဦး ထိန်းကျောင်းတဲ့စနစ်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ထိန်းကျောင်းတဲ့စနစ်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ထိန်းကျောင်းတဲ့စနစ်၊ တစ်ကမ္ဘာလုံး ထိန်းကျောင်းကြတဲ့ စနစ်ကြီးတွေဟာ အံ့သြစရာ ဖြစ်လောက်ပါရဲ့။ ဒီ ထိန်းကျောင်းတဲ့စနစ်ထဲက နိုင်ငံရေးထိန်းကျောင်းတဲ့စနစ်ကို လေ့လာကြည့်ပါ။ မြင်ရ တွေ့ရ တာတွေ အများကြီးပါပဲ။ အဆိုးကို ထိန်းကျောင်းတဲ့စနစ်၊ အကောင်းကို ထိန်းကျောင်းတဲ့စနစ်နဲ့ အချင်းချင်း ထိန်းကျောင်းတဲ့စနစ်တွေဟာ လူ့ဘဝမှာ လူသားတွေရဲ့ နေထိုင်ကျင့်သုံးတဲ့ လူတန်ဖိုးမြင့် စနစ်ကြီးတွေ တွေ့မြင်လာရတယ်။ “လူတန်ဖိုးမြင့်စနစ်” ဆိုတာ အဆိုးကို မဆိုးအောင် ထိန်းကျောင်းပေးပြီး အကောင်းကို မြဲအောင်၊ ပိုကောင်းအောင် ထိန်းကျောင်းပေး နိုင်ကြတဲ့ စနစ်ပါပဲ။ လူမှုရေးဟာ အကောင်းဆုံးသက်သက် မရှိပါ။ ဆိုးမိုက်ဖို့သက်သက် လည်း မရှိပါ။

ထိန်းကျောင်းခြင်းစနစ်

မမှားအောင်၊ မဆိုးအောင် အချင်းချင်း ထိန်းကျောင်းရခြင်းဟာ လူသားတစ်ရပ်လုံးရဲ့ တာဝန်ပဲ။ သူမပိုင် သူမဆိုင်၊ ကိုယ်မပိုင် ကိုယ်နဲ့မဆိုင်တဲ့စနစ်မဟုတ်တဲ့ လောကမို့ အားလုံး က တစ်ခုတည်းသော ပိုင်ဆိုင်ခြင်းနဲ့ တစ်ခုတည်းသော စုပေါင်းခြင်းပါပဲ။ ဒီသဘောတရား ကို နားလည်ရင် နိုင်ငံရေးထိန်းကျောင်းခြင်းစနစ်ဟာ မြင့်တက်လာဖို့ အမှန်ပါပဲ။

လက်နက်နဲ့ အဆုံးသတ်စရာ မလို

ယနေ့ကမ္ဘာတစ်ဖက်စောင်း တင်းကျပ်နေအောင် နေနေတဲ့ နိုင်ငံရေးအသိုင်းအဝိုင်း ရှိပါသေးသလား။ ဒါမှမဟုတ် ခေါင်းမြီးခြုံ ငုံ့တုံ့တုံ့၊ မလှုပ်မယှက်ရတဲ့ နိုင်ငံရေးကော ရှိသေးသလား။ ဓားမိုးလှံမိုး အာဏာတန်ခိုးထွားပြီး အကျင့်ဆိုးစနစ်ဆိုးတဲ့ နိုင်ငံရေးမူဝါဒရော ရှိသေးတယ်လို့ မြင်သေးလို့လား ဆိုတဲ့ အဆိုးတရား မြှင့်တင်တဲ့ နိုင်ငံရေးမူဝါဒတွေဟာ ပကတိလူသားတွေရဲ့အလယ်မှာ အလိုအလျောက် ပျောက်ကွယ်သွားကြပြီ။ ဤမျှလောက် ဆိုးသွမ်းတဲ့စနစ်ကြီး လွယ်ကူစွာ ပျောက်ကွယ်သွားရတာဟာ အကောင်း၊ အဆိုး ထိန်းကျောင်း တဲ့ နိုင်ငံရေးထိန်းကျောင်းပေးကြတဲ့ စနစ်ကြောင့်ပါပဲ။ လက်နက်နဲ့ အဆုံးသတ်စရာမလိုဘဲ ဝိုင်းဝန်းကူညီ ထိန်းကျောင်းပေးလိုက်ရုံနဲ့ လူမှုဘဝ ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ ဒီအချက်ကို နိုင်ငံရေးလေ့လာသုံးသပ်သူများ သိမြင်နိုင်ပါတယ်။

ပြောင်းလဲလုပ်သူများတာဝန်

လူမှုဘဝ ပြောင်းလဲတဲ့နေရာမှာ အစပြောင်းလဲခြင်းတစ်မျိုးကို ပြောပြချင်ပါတယ်။ ဥပမာ မူဝါဒတစ်မျိုး ပြောင်းတိုင်းမှာ လူမှုဘဝ တစ်မျိုးပြောင်းခြင်းပါပဲ။ မူဝါဒတစ်ခုလုံး ပြောင်းအောင် ပါဝင်ပတ်သက်တဲ့သူတွေအားလုံးဟာ နောက်တစ်မျိုးသော လူမှုဘဝ အပြောင်း ကို ရိုးရိုးသားသားနဲ့ ပြောင်းလဲပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ရိုးရိုးသားသား၊ အေးအေး ဆေးဆေးနဲ့ မပြောင်းဘဲ ကဲ့ရဲ့ရှုတ်ချ၊ ပြစ်တင်ဝေဖန်၊ လှုပ်လှုပ်ခါခါ၊ နာနာကျင်ကျင်နဲ့ ပြောင်းလဲသွားအောင် လုပ်ပြီး (စနစ်တစ်ခု ပြောင်းအောင် လုပ်ပြီး) ပါဝင် ပတ်သက်ကြသူအားလုံးဟာ စနစ်နောက်တစ်မျိုးရဲ့ ဖြစ်စဉ်ဖြစ်ရပ် တည်ငြိမ်အောင် နိုင်ငံရေးအပြောင်းအလဲ လုပ်သူများက တာဝန်ရှိပါတယ်။

သတ္တိမွေးရမယ်

မိမိကြောင့် ပြောင်းလဲသွားတဲ့စနစ်တစ်ခုကို နောက် စနစ်တစ်ခု (အသစ်တစ်ခု) သို့ မကူးပြောင်းမီစပ်ကြား ပြည်သူပြည်သားတွေရဲ့ ခံစားရတဲ့ ဝေဒနာအားလုံးဟာ စနစ် တစ်ခုပြောင်းအောင်၊ သို့မဟုတ် ပြောင်းလိုတဲ့သူတွေအားလုံးရဲ့ (အားလုံးမှာ) တာဝန်ရှိသွားပြီ။ ဒီတာဝန်ကို ယူနိုင်သူမဟုတ်ဘဲ ခလောက်ဆန်သက်သက်နဲ့ လုပ်ရင်တော့ သမိုင်းဝင်သူ ဖြစ်မှာပဲ။ ဒီအကြောင်းအရာကို မသိသေးတဲ့ နိုင်ငံရေးသမားတွေက သမိုင်းတရားခံ၊ လူမှ တရားခံ၊ ကံတရားရဲ့တရားခံ လုပ်ချင်နေကြတယ်။ ဘာသာရေးနဲ့ မဆိုင်တဲ့ တရားခံအရာမို့ အများနဲ့ ဆိုင်တဲ့ကံတရားဟာ ငရဲမခံရဘူးလို့ မထင်နဲ့။ လုပ်ရဲရင် ခံရဲဖို့ သတ္တိမွေးရမယ်။

လုပ်ပေးရမယ့်တာဝန်

စနစ်အပြောင်းအလဲတစ်ခု လုပ်တိုင်းမှာ လူမှုဘဝ ဘယ်ရွေ့ဘယ်မျှ ခံစားတွေ့ကြုံရ သလဲ ဆိုတာ (ဥပမာ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ နှစ်အတွင်း မြန်မာပြည်လူမှုဘဝ တွေ့ကြုံရတဲ့ အဖြစ်)ကို တွေ့နိုင်ပါတယ်။ အရှင်တို့တိုင်းပြည်ဟာ ၁၉၈၇ ခုနှစ်ကာလက ရိုးရိုးစားသုံးတဲ့ ဆန်တစ်ပြည်ဟာ နှစ်ကျပ်သာသာလေးပဲ ဈေးရှိတယ်။ အဲဒီ နှစ်ကျပ်သာသာလေးပဲ ရှိတဲ့ ဆန်ဈေးကို ၁၉၈၈ ခုနှစ် စနစ်တစ်ခု ပြောင်းတာနဲ့ ဆန်တစ်ပြည်ဟာ ခုနစ်ကျပ်ဖြစ်သွားပြီး ၂၀၁၂ ရောက်လာတဲ့အခါ သတ်မှတ်ဆန် အကောင်းစား တစ်ပြည်ကို ကျပ်တစ်ထောင့်ခုနစ်ရာ ဈေးရှိသွားပါတယ်။ စားသောက်ကုန်တစ်ခုတည်းနဲ့ ဤမျှဈေးနှုန်းပမာဏများရင် အခြားသော စားသုံးကုန်များ မည်မျှ ဈေးမြင့်တက်လေမလဲ ဆိုတာ စဉ်းစားနိုင်ပါတယ်။ စားဝတ်နေရေး သုံးပါးနဲ့ အမြဲမပြတ် တစ်ဆက်တည်းနေကြရတဲ့ ပြည်သူတွေဟာ မိသားစုအရေး ဘယ်ရွေ့ ဘယ်မျှ ကစဉ့်ကလျားဖြစ်ပြီး ဒုက္ခများစွာ ခံစားနေကြရသလဲ ဆိုတာ မိသားစုကို ထိန်းသိမ်း စောင့်ရှောက်ရတဲ့သူများ သိနိုင်ပါတယ်။ မိသားစုအားလုံးရဲ့ တရားခံဟာ စနစ်ပြောင်းလိုသူ၊ သို့မဟုတ် စနစ်ပြောင်းအောင် တောင်းဆိုသူ၊ ပါဝင်သူတွေ့ရဲ့ လုပ်ဆောင်ချက်ပါပဲ။ ဒီ လုပ်ဆောင်ချက်ကြောင့် လူမှုဘဝ အထိတ်တလန့်ဖြစ်ခဲ့ရတယ်။ အကြောက်မရှိသော၊ အဆင့် ပြောင်းသော၊ စနစ်ပြောင်းသော လူမှုဘဝနိုင်ငံရေး တည်ငြိမ်မှုရောက်အောင် တာဝန်ရှိတဲ့သူ တွေ လုပ်ပေးရမယ့်တာဝန်ကို မမေ့ဖို့ လိုပါတယ်။

မပျောက်ကွယ်သောအရာ

ဒီတာဝန်ကို ပြည်သူတွေက ယူပါလို့ အစကတည်းက မတောင်းဆိုပါ။ ပေးလည်း မပေးထားပါ။ ခံဝန်ပြုထားတဲ့တာဝန် မဟုတ်ပါ။ ဘယ်သူမပြု မိမိမှုဖြင့် ယူထားတဲ့တာဝန် ဖြစ်လို့ ကျေပွန်အောင် ပြည်သူကို ပြန်လုပ်ကျွေးရမယ်။ ပျက်စီးယိုယွင်းသွားခဲ့တဲ့ ပြည်သူ တွေရဲ့ မိသားစုဘဝ အဆောက်အအုံကို ပကတိအတိုင်း ပြန်ဖြစ်အောင် ပြန်လုပ်ပေးရမယ်။ အသက်ဖြင့် သော်လည်းကောင်း၊ ဥစ္စာဖြင့် သော်လည်းကောင်း ရေ၊ မြေ၊ တိုင်းပြည်ဖြင့် သော်လည်းကောင်း ပကတိအတိုင်း ပြန်ဖြစ်အောင် ပြန်လုပ်ပေးရမယ်၊ (ပြန်လုပ်ကျွေးရမယ်)။ ဖျက်ဆီးပစ်ပြီး ပြန်ပြီးမလုပ်ပေးနိုင်ရင် သမိုင်းမှာ အကြွေးတင်တဲ့သူ၊ ကံတရားမှာ အပြစ်ရှိသူ အဖြစ် တည်နေ မှတ်နေမှာပဲ။ ပျောက်ကွယ်သွားတတ်တဲ့အရာ မဟုတ်ဘူးဆိုတာကို နိုင်ငံရေး လုပ်သူများ သိထားရမယ်။

ပြောင်းလဲလိုတဲ့သူတွေ

ကိုလိုနီခေတ်က ကျူးကျော်စစ်နဲ့ ယူထားတဲ့ပိုင်နက်တွေ၊ ပိုင်နက်ထဲကရှိတဲ့လူတွေ ကို မတရားမှုနဲ့ ကျုးခဲ့တာတွေ အများကြီးပါပဲ။ အဲဒီမတရားမှုနဲ့ ကျူးခဲ့ကြတဲ့ အပြစ်တွေဟာ ပြန်ပြီးတော့ ပေးဆပ်မှုမလုပ်ကြဘဲ ခပ်တည်တည်နဲ့ ယနေ့ကမ္ဘာမှာ နေနေကြတယ်။ သေကျေ ပျက်စီးဆုံးရှုံးသွားကြရတဲ့ အပြစ်မဲ့လူသားတွေရဲ့ မိသားစုကို ကျူးကျော်သူတွေက ဘာတွေများ ပြန်လာလုပ်ပေးတာ ရှိခဲ့သလဲ။ အိမ်ရာနေရာများလည်း ဘာတွေများ ပြန်လာပေးတာ ရှိခဲ့ သလဲ။ မတရားမှုတွေအမျိုးမျိုး ကျူးလွန်ခဲ့တာတွေကို သမိုင်းမှာ ပျောက်ကွယ်သွားမယ်လို့ ထင်သလား။ အပြစ်သားဟာ ဘယ်တရားမှ ခွင့်မလွှတ်ပါဘူး။ ကာလသုံးပါးလုံး အကြောင်း ဆက် အကျိုးဆက်(အဆက်ဆက်) အကျိုးပေးလို့ ဆုံးမှာမဟုတ်ဘူး ဆိုတာကိုတော့ ကိုလိုနီ နိုင်ငံရေးသမားတွေကို အသိပေးသလို ခေတ်သစ်၊ စနစ်သစ်ကို ပြောင်းလဲလိုတဲ့သူတွေကို လည်း သတိပြုစေချင်ပါတယ်။

မှားယွင်းမှုနဲ့ ဝိုင်းဝန်းပိတ်ဆို့

ပြုပြင်ပြောင်းလဲမှု ဆိုတာ ပကတိအရာတွေ တည်ငြိမ်မှု ရှိမှ ရတယ်။ ဘယ်အရာမှ မတည်ငြိမ်ဘဲ ပြုပြင်ပြောင်းလဲရင် ထင်သလို မဖြစ်ဘဲ ဖြစ်သလိုပဲ ဖြစ်သွားမယ်။ ပြောင်းလဲ သွားတဲ့ အရာဝတ္ထုကြောင့် ပြောင်းလဲပုံ မူမမှန်ရင် မနိုင်ဝန်ထမ်းရတဲ့သူ မဖြစ်ဘဲ မရှိပါ။ ယခုလည်း ပြောင်းလဲရေးကို လိုလားတဲ့သူနဲ့ ပြုပြင်ရေးကို လိုလားကြတဲ့သူတွေရဲ့ ပူးပေါင်းမှု ကြောင့် မြန်မာပြည်နိုင်ငံရေးပြောင်းလဲမှုဟာ စိန်ခေါ်မှုတွေ အမျိုးမျိုးနဲ့ တွေ့ရတယ်။ အထူး သဖြင့် စီးပွားရေး(ကြီးပွားရေး) ပိတ်ဆို့မှုနဲ့ ရင်ဆိုင်ရတယ်။ ဒီလိုရင်ဆိုင်ရခြင်းဟာ ပြောင်းလဲ လိုသူတွေရဲ့လုပ်ရပ်နဲ့ စေတနာဟာ ရိုးသားမှုအပြည့်အဝ မပါတာရယ်။ မှားယွင်းမှုနဲ့ ဝိုင်းဝန်း ပြီးတော့ ပိတ်ဆို့ကြတာရယ်ကြောင့်ပါပဲ။

မဆုံးနိုင်တဲ့ ပဋိပက္ခတွေ

တကယ်တော့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲလိုသူတွေဟာ ကိုလိုနီသမား၊ ဖက်ဆစ်သမား၊ အာဏာရှင်သမားတွေ မဟုတ်ကြပါဘူး။ အဲဒီပုဂ္ဂိုလ်တွေ မဟုတ်ကြပါရက်နဲ့ ပြောင်းလဲမှုမှာ ဘာကြောင့် နိုင်ငံတကာမှာ ပိတ်ဆို့မှုများ လိုက်လံပြီး တားဆီးပိတ်ပင်ကြရ ပါသလဲ။ ပြောင်းလဲမှု၊ ပြုပြင်လိုတဲ့သူတွေရဲ့ စိတ်ဓာတ်ဟာ လူမှုဘဝနိုင်ငံရေးကို ဂရုမစိုက်လို့ ပါပဲ။ လူမှုဘဝနိုင်ငံရေးကို ဂရုမစိုက်ဘဲရှိနေတဲ့ တိုင်းပြည်ဟာ ပြောင်းလဲမှုကို ပြောင်းချင်တိုင်း ပြောင်းလဲလို့ မရပါ။ ပြဿနာနဲ့ ပြောင်းလဲရတဲ့ နိုင်ငံရေးဟာ မဆုံးနိုင်တဲ့ ပဋိပက္ခတွေနဲ့ပဲ ရှိနေမယ် (ဖြစ်နေမယ်)။ ပဋိပက္ခရှိတဲ့ နိုင်ငံရေးဟာ “နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်း မယ်” ဆိုတဲ့ စကားနဲ့ တူသယောင် ဖြစ်နေတယ်။

ရေသေမှာ သောင်တင်တဲ့ဖောင်

နိုင်ငံရေးကို ငြိမ်းချမ်းရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုရင် ရနိုင်တဲ့ အခွင့်အလမ်း မရှိဘူးလား၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးနည်းနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေးကော မရှိဘူးလား။ ပဋိပက္ခ (နှစ်စု၊ နှစ်ဖွဲ့) အသင်းသင်း ဖြစ်နေကြတဲ့သူတွေရဲ့ စိတ်ဓာတ်ဟာ နိုင်ငံရေးကို ဦးတည်တာလား။ ငြိမ်းချမ်းရေးကို ဦးတည်တာလား။ လူမှုရေးကို ဦးတည်တာလား။ စာပေ၊ လူမျိုး၊ ပိုင်နက် စတာတွေကို ဦးတည်နေကြတာလား။ ဘယ်ကို ဦးတည်နေကြသလဲဆိုတာ ကို နိုင်ငံရေးလုပ်သူများ သိထားရမယ်။ ဦးတည်ချက်မပါဘဲ ငြင်းဆိုတဲ့ နိုင်ငံရေးဟာ ရိုးရှင်းတဲ့နိုင်ငံရေးမဟုတ်။ မရိုးသားတဲ့နိုင်ငံရေးဟာ အငြင်းပွားစရာ များတယ်။ ဦးတည်ချက် လည်း မမှန်၊ လုပ်ဆောင်ချက်လည်း မှန်မည် မဟုတ်။ ဆောင်ရွက်လုပ်ကိုင်မှ မမှန်ရင် ရေသေမှာ သောင်တင်တဲ့ဖောင်နဲ့ တူသွားပြီ။ နိုင်ငံရေးသောင်တင်ရင် လူရောမူပါ ပြင်ရမယ်။ မပြင်ဘဲ ဆက်ပြီး ကျင့်သုံးရင် အသုံးမကျတဲ့ နိုင်ငံရေးစနစ်တွေ ဖြစ်မယ်။ အဲဒီစနစ်နဲ့ တည်နေတဲ့နိုင်ငံရေးဟာ အရာခပ်သိမ်း (အစစအရာရာ) ကို ဆုံးရှုံးတယ်။ ဆုံးရှုံးမှုများတဲ့ နိုင်ငံရေးဟာ တည်ငြိမ်မှု အားနည်းတယ်။ တည်ငြိမ်မှုအားနည်းရင် ဦးတည်ချက်မဲ့တဲ့ (ဦးတည်ရာမဲ့တဲ့) နိုင်ငံရေး ဖြစ်သွားပြီ။

ဦးချိုကျိုးသော နွားလားပမာ

ယနေ့ မြန်မာပြည်နိုင်ငံရေးဟာ မတည်ငြိမ်သေးတဲ့ နိုင်ငံရေးမြေပြင်နေရာလို ဖြစ်နေပါတယ်။ ပြည်သူ့ဘက်ကို ကြည့်ရင် ပြည်သူတွေက မငြိမ်မသက်နဲ့ အုပ်ချုပ်သူတွေ ဘက်ကလည်း ယိမ်းယိုင်ချင်သလို ဖြစ်နေတယ်။ တကယ်တော့ အုပ်ချုပ်သူနဲ့ ပြည်သူတွေဟာ တစ်သွေးတည်း၊ တစ်သားတည်းဖြစ်ဖို့ (ရှိဖို့) လိုပါတယ်။ အများဆန္ဒ သဘောတူထားကြတဲ့ နိုင်ငံတော် (ပြဋ္ဌာန်းထားသော) ဥပဒေကို သူသူငါငါ လိုက်နာရမယ်။ တိုင်းပြည်တည်ထောင် မည့် ဥပဒေကို မလိုက်နာဘဲ နေကြရင် မြန်မာ့လူ့ဘောင်ဟာ ဖရိုဖရဲပြိုကွဲတဲ့ ပုံစံမျိုးလိုပဲ ဖြစ်နေမယ် (ရှိနေမယ်)။ တိုင်းပြည်တစ်ပြည်မှာ အုပ်ချုပ်သူနဲ့ ပြည်သူ (အုပ်ချုပ်ခံ) ကြည်ဖြူမှု အားနည်းကြရင် ညီညွတ်ရေးအတွက် အားပျက်တတ်တယ်။ အားနွဲ့အားပျက်တဲ့ တိုင်းပြည် တစ်ပြည်ဟာ နောက်ပိတ်ဆုံး အစည်းအရုံး (စည်းရုံးမှု)ပါ ပျက်ပြားနိုင်တယ်။ အဲဒီလို အစည်းအရုံး ပျက်မဆုံးနိုင်တဲ့ တိုင်းပြည်မျိုးဟာ ဦးချိုကျိုးသော နွားလားပမာ မာန်နုံပြီး အားယုတ်သွားတတ်တယ်။

ကြေညာမောင်းခတ် သိကြားစေ

အရှင်တို့ရဲ့ တိုင်းပြည်ဟာ သဘာဝရေမြေတောတောင်တွေ၊ ရေထုမြေထုလေထုတွေ ပိုင်စိုးတဲ့ တိုင်းပြည်တစ်ပြည်ပါ။ လူထုအားနဲ့ တည်ထောင်တဲ့ တိုင်းပြည်ပါ။ လူထုနည်းနဲ့၊ သို့မဟုတ် အလိမ္မာနည်းနဲ့ သူတစ်ပါးတို့ရဲ့ လက်ထဲကနေ အရပြန်ယူထားတဲ့တိုင်းပြည်ပါ။

  ဒီတိုင်းပြည်ဟာ-

(၁)စီးပွားရေးခြယ်လှယ်ချင်သောသူ၊
(၂) နိုင်ငံရေးလှည့်ကွက်ဆင်သောသူ၊
(၃) လူမှုရေးဖောက်ပြန်မှု ဖြစ်ပေါ်အောင် အကွက်ဆင်သောသူ၊
(၄) ပြည်ထောင်စုစနစ်ကို ဖုံးကွယ်လိုသောသူ၊
(၅) တိုင်းရင်းသားလူထုအပေါ်မှာ နိုင်ထက်စီးနင်း ပြုမူလိုသောသူများ မြေပြင် နေရာ(တိုင်းပြည်) မဟုတ်ကြောင်း ကြေညာမောင်းခတ် သိကြားစေလိုပါတယ်။
ဦးတည်ချက်မပါဘဲ ငြင်းဆိုတဲ့နိုင်ငံရေးဟာ ရိုးရှင်းတဲ့နိုင်ငံရေး မဟုတ်။
မရိုးသားတဲ့ နိုင်ငံရေးဟာ အငြင်းပွားစရာ များတယ်။ ဦးတည်ချက်လည်း မမှန်၊ လုပ်ဆောင်ချက်လည်း မှန်မည်မဟုတ်။ ဆောင်ရွက်လုပ်ကိုင်မှု မမှန်ရင် ရေသေမှာ သောင်တင်တဲ့ဖောင်နဲ့ တူသွားပြီ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၉၅-၂၀၀၊ အဝိဟိံသာနိုင်ငံရေး (၂၂)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၁)

ငြိမ်းချမ်းရေး ကျင့်သားဖြစ်သွားတဲ့ နိုင်ငံရေးကို လုပ်ပါ။

အဝိဟိံသာမူ

အရှင်တို့ဟာ အလကားနေရင်းနဲ့ ယုတ်မာတဲ့သူကို အပြစ်မတင်ပါ။ မရှုတ်ချပါ။ မကဲ့ရဲ့ပါ။ အဲဒီလူကို အပြစ်တင်ရှုတ်ချကဲ့ရဲ့ရမယ့်အစား မိမိကိုယ်ကိုသာ ပြစ်တင်ရှုတ်ချကဲ့ရဲ့ပါ။ ချွတ်ယွင်းချက်၊ အပြစ်အနာအဆာများတဲ့ သိက္ခာမဲ့တဲ့ နိုင်ငံရေးစနစ်ကို အရှင်တို့တိုင်းပြည် မှာ မကျင့်သုံးပါ။ အထီးကျန် အပြစ်မဲ့နေတဲ့ ပြည်သူတွေကို လူ့အခွင့်အရေးချိုးဖောက်ရအောင်၊ မကောင်းမှုလုပ်ရအောင် မတိုက်တွန်းပါ။ စစ်ပွဲ၊ အကြမ်းဖက်ပွဲကို မုန်းရင် ကလေးတွေကို ကွန်ပျူတာပေါ်မှာ စစ်ကစားပွဲတွေ ပေးမကစားပါနဲ့။ အရှင်တို့ဟာ ခုခံပြီး အနိုင်ယူရမယ့် အကျင့်မျိုး မယူပါ။ အရှင်တို့ ကိုင်ထားတဲ့ အဝိဟိံသာမူ (Non-Violence)ဟာ ယိုင်ငဲ့၊ စောင်းကျတဲ့မူ မဟုတ်ပါ။ ကြောက်တတ်တဲ့မူ မဟုတ်ပါ။ နာကြည်းနစ်နာတဲ့မူ မဟုတ်ပါ။

အဆိပ်ရေကို အမြိုက်ရေလို ထင်

အရှင်တို့ရဲ့ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းဟာ ပြန်မလုပ်ခြင်း မဟုတ်ပါ။ မိမိ ခံစားရတဲ့ စိတ်သောကကို ပထမဦးဆုံး ဖြေချလျှော့ချရမယ်။ ပြီးလျှင် မေတ္တာစိတ်ဝင်စားပါ။ မေတ္တာ ဘာဝနာ ပွားပါ။ တည်တည်ငြိမ်ငြိမ် နေလိုက်ပါ။ မိုက်သူက မိမိအပေါ် ဆက်မိုက်သေးရင် သင့်တော်တဲ့ တုံ့ပြန်မှုမေတ္တာစိတ်နဲ့ တုံ့ပြန်ပါ။ ဒေါသမပါတဲ့ တုံ့ပြန်မှုနဲ့ နေပါ။ မုန်းတီးမှုအစား ချစ်ခင်မှုနဲ့ နေပါ။ အကြမ်းဖက်မှုအစား ကိုယ်ပိုင်စွန့်လွှတ်မှုနဲ့ အစားထိုးပါ။ မိမိရဲ့ မေတ္တာ နှလုံးသားဟာ ကြမ်းတမ်းမှ အင်အားရှိတဲ့သူတွေကို သင်ပြပေးပါ။ မမြတ်တဲ့ အကျင့်တရား တွေကို မသင်ပေးပါနဲ့။ အကျင့်ပါတဲ့ အရသာခံစားမှုအကျင့်ကို မသင်ပေးပါနဲ့။ မကောင်းမှပြုရာမှာ အားရစွာ ကျေနပ်နိုင်မယ့်သူကို မွတ်သိပ်နေတဲ့ အစာပြေဆေး မတိုက်ပါနဲ့။ အဆိပ်ရေကို အမြိုက်ရေလို့ပဲ ထင်နေမယ်။

ကြောက်ရိပ်အောက်က

အရှင်တို့ မြန်မာပြည်နိုင်ငံရေးဟာ ကြောက်ရိပ်အောက်က မရုန်းထွက်လေသမျှ ကာလပတ်လုံး ဖြားယောင်းတဲ့ လှည့်ကွက်ထဲကိုပဲ ရောက်သွားကြမယ်။ မတရားမှုတွေကို ခေါင်းငုံ့ခံပြီး သာဓုခေါ်ဆိုကြတာမျိုးဟာ ခံစားလာခဲ့ကြရတာ ကြာလှပါပြီ။ မိဘဘိုးဘွား တစ်ခေတ်လုံးသာမက ခေတ်ကာလကြီးများစွာ ခံစားလာခဲ့ကြရတဲ့ ဝေဒနာအပြင်းစားတွေဟာ အချင်းချင်း မညီညွတ်ခြင်းကြောင့်ပါပဲ။ အချင်းချင်း ချစ်ခြင်းကင်းကြလို့ပါပဲ။ ညီညွတ်အောင်၊ စည်းလုံးအောင် အမျိုးမျိုးရိုင်းပင်းစွာ ကူညီကြပေမယ့် အတွင်းစိတ်ဓာတ်ဟာ မသန့်ရှင်းခဲ့ကြ တာမို့ ယုံကြည်မှု မတည်ဆောက်နိုင်တာပဲ ဖြစ်ကြတယ်။ မယုံကြည်ခြင်းဟာ အရာသွင်းလို့ မရတာအမှန်ပါပဲ။ ယုံကြည်မှု တည်ဆောက်လို့မရတဲ့ အရှင်တို့ အချင်းချင်း ပြဿနာကို တခြားဘုံသားတွေက လာရောက်ပြီး ညီညွတ်အောင် (ယုံကြည်ကြအောင်) လုပ်ပေးဖို့ ရမယ် မထင်ပါ။

သတိထားမိကြရဲ့လား

အရှင်တို့ဟာ အချင်းချင်း စိတ်မနာအောင် မလုပ်နိုင်ကြဘူးလား။ စိတ်နာရတဲ့အဖြစ် တွေက များကြပြီပဲ။ တွေးကြည့်ရင် တစ်ရပ်တည်းနေ တစ်ရေတည်းသောက် ဆိုပြီးတော့ စေတနာမပါတဲ့စကားတွေ အသိအမှတ်ပြုခဲ့ကြတာဟာ နှစ်အပိုင်းအခြားတွေ ကြာလှပါပြီ။ မြန်မာပြည် မြေပြင်တစ်လွှားမှာရှိတဲ့ စစ်မြေပြင်တွေမှာ သေကျေကြရတဲ့ ငါတို့ရဲ့ ဖြစ်အင်တွေ ဟာ ဘယ်သူမှ သံယောဇဉ်မထားကြဘဲ မေတ္တာရေစင် လာရောက် သွန်းလောင်းတဲ့သူတွေ လည်း တစ်ယောက်မှ မရှိကြတာကို ငါတို့တွေ သတိထားမိကြတာ ကြာလှပါပြီ။

အခါးဓာတ်ပါတဲ့ လုပ်ရပ်အမျိုးမျိုး

အရှင်တို့ဟာ ချစ်ခင်မှု၊ ကြင်နာမှုတရားတွေကို လိုချင်ကြတဲ့သူတွေပါ။ တူညီတဲ့ ရည်မှန်းချက် မတူပေမယ့် ရည်မှန်းချက်ထားတတ်တဲ့စိတ်ရှိသူအဖြစ်ကတော့ အတူတူပါပဲ။ ဒါဆိုရင် တူညီတဲ့ ရည်ရွယ်ချက်ချင်းအတူတူ ထားကြမယ်ဆိုရင် မြန်မာလူမျိုးအချင်းချင်း ညီညွတ်ခြင်းပဲ ဖြစ်ရမယ်။ ငါတို့မညီညွတ်နိုင်ရလောက်အောင် ငါတို့ရဲ့စိတ်ဓာတ်တွေ အလွန် အောက်တန်းရောက်သွား ကြတာလား။ တိုင်းပြည်ဟာ သယံဇာတပစ္စည်းတွေ ကုန်လုနီးပါး ဖြစ်နေပါပြီ။ စားသူစား၊ ဝါးသူဝါးကြလို့ အကြီးစားချမ်းသာသူအဆင့်သို့ ရောက်နေကြပါပြီ။ 

မြန်မာပြည်ဖွား မြန်မာပြည်သားတွေက အကျိုးခံစားရမှု၊ သို့မဟုတ် အာဟာရပြည့်ဝတဲ့ အကျိုးခံစားရမှု တစ်ယောက်မှ မရကြဘဲ ပဒေသရာဇ်မဟုတ်တဲ့၊ ကိုလိုနီမဟုတ်တဲ့ ငွေရည်စိမ် နိုင်ငံရေးလက်သစ်သမားတွေရဲ့ လက်ချက်နဲ့ အေးအေးလူလူ ဝါးကြတဲ့၊ စားကြတဲ့သူတွေရဲ့ အဖြစ်ဟာ မိုးပျံတိုက်တွေ တိမ်ပေါ်ရောက်ကြကုန်ပြီပဲ။ ကုန်းခေါင်ခေါင် ကွင်းပြောင်ပြောင် ထဲမှာ ရိုးသားမှု အပြည့်အဝရှိကြတဲ့ ငါတို့ရဲ့ ပြည်သူပြည်သားတွေကို သနားအကြင်နာ မထားကြဘဲ ရှေးခေတ်က ချစ်တီးအကြွေးနဲ့ မတရား မြေသိမ်းခဲ့တာပဲ ကြားဖူးခဲ့တယ်။ ယခုတော့ ချစ်တီးမဟုတ်တဲ့ ထီးကြီးသမားတွေ ရိုးသားတဲ့ ကိုယ့်ရဲ့ပြည်သူတွေကို အခါးဓာတ် ပါတဲ့ လုပ်ရပ်အမျိုးမျိုး ပေးရက်လိုက်ကြတာကို အရှင် အံ့သြမိပါတယ်။

ပြည့်စုံသော အာဟာရဘုံ

အပင်တစ်ပင်ရှင်သန်ဖို့ မိုးကိုမျှော်တဲ့ ပြည်သူ၊ ရေကြည်တစ်မှုတ် သောက်ရဖို့ ရေကို စောင့်မျှော်ရတဲ့ ငါတို့ရဲ့ ပြည်သူတွေကို ခုထိတိုင် ဘာမှမလုပ်ပေးနိုင်ဘဲ နိုင်ငံရေး ငရဲခန်းဖွင့်ချင်တဲ့ နိုင်ငံရေးသမားတွေ ပြည်သူ့ရင်ပြင်ပေါ်မှာ ညသောက်ရေ၊ သုံးဆောင်ရေတွေ တည်ပေးဖို့ အရင်ဆုံး စဉ်းစားပေးချင်ပါတယ်။ ရေအာဟာရဓာတ်တောင်မှ အပြည့်အဝ မပေးနိုင်ဘဲ အသားဓာတ်ချို့တဲ့ ပြည်သူတွေလို့ မပြောဘဲ နေလိုက်တာပဲ ကောင်းပါတယ်။ ယနေ့မြန်မာပြည်မှာရှိကြတဲ့ ပြည်သူတွေဟာ အာဟာရဓာတ် အပြည့်အဝမပါတဲ့သူတွေပဲ များကြပါတယ်။ ဒီလို အာဟာရဓာတ်ချို့တဲ့သွားအောင် ဘယ်သူ့မှာ တာဝန်ရှိကြပါသလဲ။ အာဟာရဓာတ် မပြည့်စုံရင် အမျိုးမျိုးအဖုံဖုံ ပြဿနာစုံဖို့ပဲ ဖြစ်နေမယ်။ ပြဿနာစုံတဲ့အရပ်ဟာ ငရဲဘုံလို့ မခေါ်ဆိုနိုင်ပေမယ့် လူသားနဲ့ မတန်တဲ့ ဘုံဌာနပါပဲ။ နောက်ဆုံး မြန်မာပြည်ကို ချစ်တဲ့သူတွေ ရေ၊ မြေ၊ အာဟာရတွေပေးဖို့ “ပြည့်စုံတဲ့ ဘုံဝါဒစနစ်တစ်ပါး” တည်ထောင် ပေးဖို့ စဉ်းစားပေးကြပါ။

စည်းရိုးစည်းဝိုင်းထဲကသူ

အရှင်တို့ ပြည်သူတွေဘက်ကို နေကြည့်ပါ။ အရှင်တို့ ပြည်သူတွေဟာ မျက်နှာ တစ်ဖက်သာ ပြတတ်တဲ့ တီဗွီမှန်ပြင် မဟုတ်ပါ။ အမှန်ကို မပြောရဲလို့ မွဲပြာကျရတဲ့သူတွေ အဖြစ်ဟာ အရာတိုင်းကို ဆုံးရှုံးခဲ့ရတယ်။ ယုတ်စွအဆုံး ကောင်းမြတ်တဲ့ လူ့ကျင့်ဝတ်တရား ကိုတောင် မစောင့်ထိန်းနိုင်ဘဲ နေကြရတယ်။ ဒီလိုဘဝမျိုးရောက်အောင် သူတို့ကိုယ်သူတို့ ဖန်တီးလိုက်တာပဲလို့ မမြင်လိုက်ပါနဲ့။ မထင်လိုက်ပါနဲ့။ ဒီလူထုတွေဟာ တစ်ခါမှ မမြင်ခဲ့ ဖူးတဲ့သူတွေ မဟုတ်ပါ။ လူစိမ်းသူစိမ်းတွေ မဟုတ်ပါ။ တိုင်းပြည် လွတ်လပ်ရေးရအောင် တော်လှန်ရေးသားသမီးတွေပါ။ အဝေးကို ထွက်ခွာပြေးသွားကြမယ့်သူတွေ မဟုတ်ပါ။ စည်းရိုးစည်းဝိုင်းထဲကသူတွေပါ။ ဒီသူတွေရဲ့ဘဝကို သနားပေးကြရမယ့်သူတွေပါ။ အကြင်နာ ပေးကြရမယ့်သူတွေပါ။ သူတို့တွေကို ဒုက္ခမပေးကြပါနဲ့။ မဖျက်ဆီးလိုက်ပါနဲ့။ အသက်ရှိတဲ့ လူသားတွေကို မကူမကယ်ဘဲ ရပ်ပြီး ကြည့်မနေပါနဲ့။

ဒီမိုကရေစီတိုင်းပြည်ဖြစ်ဖို့

အရှင်တို့တိုင်းပြည်ဟာ ယနေ့ လူမှုဘဝ စီးပွားရေးခက်ခဲမှု အပြည့်အဝ ရှိကြပါ တယ်။ စီးပွားရေး၊ ကြီးပွားရေးကျပ်တည်းလာတာကြောင့် နိုင်ငံရေးလည်း ကျပ်တည်းလာမယ့် သဘော တွေ့ရတယ်။ ချောင်ချိလေမလားဆိုပြီးတော့ ဥပဒေတွေ တစ်မျိုးပြီးတစ်မျိုး ထွက်ရှိ လို့ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အထိ ဥပဒေအမှတ် ၂၆ ခု ပြဋ္ဌာန်းလိုက်ပြီးပြီ။ ဥပဒေ အမျိုးမျိုး ပြဋ္ဌာန်းထားပေမယ့် အကျင့်ပါလာခဲ့တဲ့ ပြည်သူတွေက ဒီဥပဒေတွေကို တစိုက် မတ်မတ် လိုက်နာကျင့်သုံးဖို့ မေ့နေကြတယ်။ ဒီဥပဒေတွေဟာ လိုက်နာသူမရှိဘဲ ဖြစ်နေရင် ယနေ့ မြန်မာပြည်မှာ ဒီမိုကရေစီလို့ ပြောနေကြတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးဟာ ရှက်စရာ အလွန်ဖြစ်သွားမယ်။ လိုက်နာမှု၊ ကျင့်ကြံမှု၊ လေးစားမှုမရှိတဲ့နိုင်ငံရေးဟာ ဘယ်ဥပဒေပြဋ္ဌာန်း ပြဋ္ဌာန်း စုံလုံးကန်း မသိသလိုပဲ ဖြစ်သွားမယ်။ လူထုက မပါလာရင် ရှေ့ဆောင်လည်း မသာပါဘူး။ ရှေ့ဆောင်သူနဲ့ နောက်လိုက်သူတို့ဟာ ကြည်ကြည်ဖြူဖြူ ဖြစ်ဖိုလိုတယ်။ ပွင့်လင်းဖို့ လိုတယ်။ ပြည်သူတွေဟာ လွတ်လွတ်လပ်လပ် ချောင်ချောင်ချိချိ နေလိုကြတယ်။ ကျပ်ကျပ်ပိတ်ပိတ် သိပ်သိပ်မနေလိုကြပါဘူး။ သို့သော် ဖြစ်ချင်တာနဲ့ ဖြစ်နေတာနဲ့ ကွာခြား လာတာကို တွေ့လာရင် ဒီမိုကရေစီနိုင်ငံရေးအပေါ် မကောင်းတဲ့သဘောတွေ တွေ့လာတတ် တယ်။ အဲဒီလို မြင်လာရင် (မြင်လာတော့) ဥပဒေကို လေးစားရမှန်း၊ လိုက်နာရမှန်း၊ ကျင့်ကြံရမှန်း မသိတော့ဘဲ လုပ်ချင်ရာ လုပ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ တိုင်းပြည်ဖြစ်ဖို့ ဝေးကြဦးမယ်။

ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်သာ မှန်ရင်

အရှင်တို့ဟာ အကောင်းဆုံးနိုင်ငံရေးမူဝါဒကို စုပေါင်းပြီး အတည်ပြု ရွေးချယ် လိုက်ကြပါပြီ။ ဒီနိုင်ငံရေးနဲ့ ဒီနိုင်ငံတော် တိုးတက်ဖို့ လုပ်ကြရတော့မယ်။ ဆုတ်လို့မရပါ။ ခွဲလို့မရပါ။ စိတ်ပျက်စရာဖြစ်လို့ ခိုကတ်လိုက်လို့ မရပါ။ အပြောနဲ့ အလုပ် ပြရမှာဖြစ်လို့ အပြောတခြား အလုပ်တခြား ဖြစ်လို့မရပါ။ အချိန်လည်း အများကြီး ပေးရမှာပါ။ အချိန် မပေးနိုင်ဘဲ ခုစိုက် ခုသီးတဲ့ အကျင့်မျိုးတော့ လုပ်လို့မရတာ အမှန်ပါပဲ။ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်သာ မှန်ရင် တစ်နေ့နေ့မှာ အထွတ်အထိပ်သို့ မရောက်ဘဲ မရှိပါ (မနေပါ)။

မမေ့ပစ်ပါနှင့်

မိဘဘိုးဘွားတွေရဲ့ခေတ်ကာလက လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြတယ်။ ခက်ခဲ နက်နဲတဲ့အရေးကိုတောင် လွတ်မြောက်အောင် လုပ်လာနိုင်ခဲ့ကြတယ်။ တိုးတက်တဲ့ ဒီခေတ် ကြီးထဲ ရောက်နေမှ အရှင်တို့ရဲ့ နိုင်ငံရေးမအောင်မြင်ရင် တွေးခေါ်သုံးခဲ့ကြတဲ့ အသိဉာဏ်တွေ ငတုံးကြီး ဖြစ်နေတယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ်သာ သတ်မှတ်လိုက်ကြပါ။ သူများတွေလုပ်လို့ ဖြစ်ရင် (အောင်မြင်ရင်) ငါတို့ ဘာဖြစ်လို့ မဖြစ် (မအောင်မြင်)ရမှာလဲ။

ထက်သန်တဲ့စိတ်ဓာတ်တွေ အားမလျော့ဖို့ လိုတယ်။ တကူးတက ငတ်ပြတ်ပြတ်နဲ့ ဒီမိုကရေစီကို လိုချင်ကြတယ် မဟုတ်လား။ အရင်က ““လိုချင်တာတွေ မရကြပေမယ့် ဆန္ဒတွေ မစောကြပါနဲ့၊ တစ်နေ့ကျရင် ရကြမပေါ့” ဆိုတဲ့ တို့မြန်မာပြည် ခုနစ်ဆက်မြောက် သမ္မတရဲ့ နိုင်ငံရေးအသိပေးမှု စကားတွေ ရှိခဲ့ဖူးပါတယ်။ မေ့မေ့ပစ်ပစ် နေလို့ မရပါ။

ဆင့်ဆင့်ကဲကဲ

အခုဆိုရင် အရှင်တို့ရဲ့တိုင်းပြည်ဟာ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ ပြည်သူ့အာဏာလို့ ဒီမိုကရေစီတိုင်းပြည်ရဲ့ ပြည့်စုံမှုလက္ခဏာလေးပါး အပြည့်အဝ ရှိနေကြပြီပဲ။ ဘာကြောင့် ဒီမိုကရေစီ ဆိုတာကို ငါတို့တွေ မရကြသေးသလဲ ဆိုတာကို စဉ်းစားကြည့်လိုက်ပါ။ ဒီမိုကရေစီ ဆိုတာ စာအုပ်ထဲက စာလို အလွတ်ကျက်၊ အရကျက်စာမဟုတ်ပါ။ အလွတ်ရတဲ့မူဝါဒ၊ သို့မဟုတ် လိုချင်(လိုအင်)တာတွေကို စည်းကမ်း တကျ ရှိပြီး လူတိုင်း ကိုယ်စီရဲ့ စည်းကမ်းသေဝပ်လိုက်နာရေးဖြစ်တဲ့ နိုင်ငံရေးဖြစ်တာကြောင့် အပြောနဲ့ အနေ၊ အလုပ်နဲ့ အကျင့် ဆင့်ဆင့်ကဲကဲရှိကြရင် ဝပ်ပြားပြီး တွားသွားရမယ့်သူတွေလို ဖြစ်မှာ မဟုတ်ပါ။

မရင်းနှီးဘဲ ရတဲ့အမြတ်

ယနေ့မြန်မာပြည်သူတွေဟာ တကယ်ပဲ ဒီမိုကရေစီကို လိုလားပါသလား။ ဒီမိုကရေစီ နိုင်ငံတော်တစ်ခု တည်ဆောက်ရေးဟာ ခက်ခက်ခဲခဲ မရှိပါဘူး။ ဒီမိုကရေစီကို လိုလားတဲ့ (လိုလားမယ့်) ပြည်သူတွေများများ ရှိဖို့လိုတယ်။ ဒီမိုကရေစီလိုချင်ကြတဲ့သူတွေဟာ သည်းခံ ရပါတယ်။ စည်းကမ်းပြည့်ဝရပါတယ်။ ထိန်းကျောင်းတဲ့ စိတ်ဓာတ်တွေ (အကူအညီပေးတဲ့ စိတ်ဓာတ်တွေ) ထားကြရပါတယ်။ ဒီလို လူသားစနစ်ကြီးတစ်ခု (တစ်မျိုး) ဖြစ်လာဖို့ဟာ အများကြီး ရင်းနှီးရပါတယ်။ အရင်းမရှိဘဲ အမြတ်မရှိတာ အမှန်ပဲ။ မရင်းနှီးဘဲ ရတဲ့ အမြတ်ဟာ မခိုင်၊ မမြဲ၊ မတည်ငြိမ်ပါဘူး။

နေပြ ကျင့်ပြပါ

ခုဆိုရင် မြန်မာပြည်သူတွေဟာ မိမိတို့ မကြိုက်တဲ့စနစ်၊ မိမိတို့ မလိုလားတဲ့ပုဂ္ဂိုလ် တွေ မိမိဘေးမှာ မရှိတော့ပါဘူး။ လွတ်လွတ်လပ်လပ် မိမိ စိတ်ကြိုက်တဲ့စနစ်တွေ၊ စည်းကမ်း တွေ၊ ဥပဒေတွေနဲ့ နေထိုင်နိုင်ပြီ၊ လိုက်နာနိုင်ပြီ၊ ကျင့်သုံးနိုင်ကြပါပြီ။ လူသားနဲ့ တူတန်တဲ့ နိုင်ငံရေးမူဝါဒတွေကို ရွေးယူပိုင်ခွင့်ရှိပါပြီ။ သို့သော် မိမိစိတ်ထား အမှန်ဖြစ်ဖို့ လိုပါလိမ့်မယ်။ ယခင်က နေသားကျခဲ့တဲ့အကျင့်နဲ့ စရိုက်တွေ ဆက်မပါဖို့၊ မိမိတို့ ရွေးထားတဲ့ ပြည်သူ့ဘဝ နိုင်ငံရေးလမ်းစဉ် ရောက်ဖို့ နေပြ၊ ကျင့်ပြဖို့ လိုပါတယ်။

စုပေါင်းထိန်းကျောင်းနိုင်ငံရေး

အရှင်တို့ဟာ နိုင်ငံရေးအင်္ဂဝိဇ္ဇာအတတ်ပညာကို သင်ယူခဲ့ဖူးကြတဲ့သူတွေ မဟုတ် ပါ။ ဘယ်ဂါထာကို စုတ်၊ မန်းမှုတ်ရင် ဒီမိုကရေစီကို ရစေ၊ ပြီးစေတဲ့ ပိုင်စေတဲ့ ဒီမိုကရေစီ တိုင်းပြည်ဖြစ်အောင်လည်း မဖန်တီးပေးနိုင်ပါ။ လူမွေး၊ တပည့်မွေးလုပ်တဲ့ နိုင်ငံရေးအတတ် ပညာကိုလည်း နားမလည်ပါ။ လူတစ်စုကောင်းစားဖို့ မဟုတ်တဲ့ နိုင်ငံရေးကို လူအများ ချမ်းသာဖို့ အရေးကြီးတာကြောင့် မိမိ နေထိုင်မယ့် တိုင်းပြည်နိုင်ငံတော်အတွက် မိမိ ရေးဆွဲ ထားတဲ့ ဥပဒေကို (စည်းကမ်းများကို) လေးစားတန်ဖိုးထားတတ်တဲ့ အကျင့်ရောက်အောင် (ဖြစ်အောင်) စုပေါင်းထိန်းကျောင်းကြတဲ့ ပြည်သူ့နိုင်ငံရေးစနစ် ရောက်အောင် ကြိုးစား အားထုတ်ကြရမယ့် တာဝန်ရှိပါတယ်။

အရင်က “လိုချင်တာတွေမရကြပေမယ့် ဆန္ဒတွေ မစောကြပါနဲ့၊ 
တစ်နေ့ကျရင် ရကြမပေါ့” ဆိုတဲ့ တို့မြန်မာပြည် ခုနစ်ဆက်မြောက် သမ္မတရဲ့ နိုင်ငံရေးအသိပေးမှုစကားတွေ ရှိခဲ့ဖူးပါတယ်။ မေ့မေ့ပစ်ပစ် နေလို့ မရပါ။ 

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၈၉-၁၉၄၊ အဝိဟိံသာနိုင်ငံရေး (၂၁)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၀)

ဘယ်ဟာက အရင်လာသလဲ

နိုင်ငံရေးလောကမှာ နိုင်ငံရေးကို မလှည့်စားတတ်တဲ့သူ ရှားပါးသလောက်ပါပဲ။ နိုင်ငံရေးကို လှည့်စားရင် ယုံကြည်မှုကင်းလာတတ်တယ်။ အရှင်တို့ဟာ မနက်ဖြန်နဲ့ နောက် ဘဝ ဘယ်ဟာက အရင်လာမလဲဆိုတာ မသိရပေမယ့် လှည့်စားသူတွေနဲ့တွေ့ရင် မနက်ဖြန်နဲ့ နောက်ဘဝ ဘယ်ဟာက အရင်လာသလဲ ဆိုတာ ချက်ချင်းပဲ သိသွားတယ်။

စိတ်အမှတ်နဲ့ နေမယ်

အရှင်တို့ဟာ စက်မှုကိရိယာပစ္စည်းတွေရဲ့ ကျေးဇူးကို မခံယူပါ။ ကိုယ့်တိုင်းပြည် မိသားစုလက်နဲ့ ထုတ်လုပ်တဲ့ပစ္စည်းတွေကို သုံးပြီး သုံးဆောင်မှာပါ။ လွတ်လပ်မှုကို အားကိုး မယ်။ အမှန်တရားကို ကျင့်ကြံမယ်။ စောင့်ထိန်းမယ်။ မကောင်းမှုကို မလုပ်ပါ။ သဘာဝ စည်းမျဉ်းကို တန်ဖိုးထားမယ်။ မိမိကိုယ်မိမိ အသိဉာဏ်ပွားမယ်။ သူတစ်ပါး သိက္ခာကို မချပါ။ မိမိသိက္ခာကိုလည်း မကျအောင် နေမယ်။ အရေးကြီးတဲ့နိုင်ငံရေးကိစ္စကို လျစ်လျူရှုမထားဘဲ နေမယ်။ လူ့ဘဝ အခြေခံအသိဉာဏ်ကို လူတိုင်း နားလည်အောင် လူနဲ့ဆိုင်တဲ့ အကျင့်ဝတ္တရားကို လိုက်နာနေအောင် တိုက်တွန်းရမယ်။ အများအကျိုးယုတ်မှုကို အသက်ထက်ဆုံး (ဘယ်တော့မှ မပြုရ) ရှောင်ကြဉ်မယ်။ မကောင်းမှုအကျိုးရပ်တွေ အဆုံးသတ် အောင် (တာဝန်တစ်ရပ်အနေနဲ့) မကောင်းအကျိုး ရပ်တန့်သွားတဲ့ စိတ်အမှတ်နဲ့ နေမယ်။

သတိကြီးစွာ ထားရမယ်

အရှင်တို့ရဲ့စိတ်၊ အရှင်တို့ရဲ့ကိုယ်ဟာ ဖန်တီးရှင်က ပေးခဲ့တာ မဟုတ်ပါ။ ဖန်တီးသူ ဖြစ်တဲ့ ငါတို့ကသာ ရခဲ့တာပါ။ အရှင်တို့တိုင်းပြည်မှာ ကြီးမားတဲ့ ဒုက္ခဘုံလို့ မသတ်မှတ်ပါ။တရားသဘောအရ ဒုက္ခသဘောကို သိထားပါတယ်။ တရားမှုရဲ့ အခက်အခဲ၊ မတရားမှုရဲ့ အခက်အခဲဟာ စွမ်းနိုင်သူကို မပေးပါ။ မိမိမှာသာ တာဝန်မဲ့အောင် မနေပါ။ ကူပါ ကယ်ပါ မတောင်းဆိုပါ။ အမြတ်လမ်းရောက်အောင် တစ်ယောက်မှ မကျန်အောင် ပို့ရမှာပဲ။ အရှင်တို့ မှာ အမျိုးမျိုးသော ခံစားနေရတဲ့ သဘောကို ကိုယ်သိ၊ စိတ်သိ၊ ဉာဏ်သိပါ။ အမှားအမျိုးမျိုး၊ မတရားမှုအမျိုးမျိုးကို မသိဘဲ နေခြင်းဟာ လူမှုဘဝနိုင်ငံရေးရဲ့ အဆန့်ကျင်ဆုံး အမှားမှု၊ မတရားမှု ဖြစ်ပါတယ်။ ဒီလိုပြုမူရေးကြောင့် အလေးဆုံး နိုင်ငံရေးပြစ်ချက်ကို မသွေမလွဲ ခံစားကြရမှာပါ။ အရှင်တို့ သတိကြီးစွာ ထားရမယ်။

လူတိုင်း အများအတွက်

အရှင်တို့ရဲ့အပြုအမူဟာ အားနည်းချက်နဲ့ အမှားအယွင်းများ ဖြစ်နေတာတွေ တွေ့ရ မယ်။ ပြုမူမှုအားနည်းချက်များကို ပြင်ပြီး ကြီးမားမွန်မြတ်တဲ့ကိစ္စတွေကို ဆောင်ရွက်လုပ်ကိုင် ပေးမယ်ဆိုရင် သတ္တဝါအားလုံးအကျိုးအတွက် မဖြစ်ဘဲ မရှိပါ။ သတ္တဝါတိုင်းရဲ့ အကျိုး ကောင်းတွေကို သယ်ပိုးဆောင်ရွက်တဲ့သူဟာ ခန္ဓာမှာ ရတဲ့ ခွန်အားနဲ့ ခွန်အားအပြည့် ဖြစ်လာတဲ့ အသိတရားကို အများအတွက် လုပ်ပေးပါ။ မိမိအကျိုးတစ်ခုတည်းနဲ့ ဒီခန္ဓာကိုယ် ကို အသုံးမပြုပါနဲ့။ ခန္ဓာနဲ့တူတဲ့အလုပ်ကို လုပ်ပါ။ လုပ်တိုင်းအများအတွက် ဖြစ်ပါစေ။

ပေးလိုတဲ့ MSG

အရှင်တို့ဟာ လူတိုင်းကို မက်ဆေ့ (Message) MSG မပေးလိုပါ။ လူတိုင်း MSG ကို လိုချင်မှာ မဟုတ်ပါ။ ပေးသင့်တဲ့သူကိုသာ ပေးရမှာဖြစ်လို့ အရှင်တို့ရဲ့ MSG ကို တန်ဖိုးထားရမယ်။ အရှင်တို့ ပေးလိုတဲ့ MSG ဟာ အုတ်တွေ၊ ကျောက်တွေ ရောဖို့ MSGမဟုတ်ပါ။ လူမှုဘဝနိုင်ငံရေးကို သိစေလိုတဲ့ MSGဖြစ်ပါတယ်။ အရှင်တို့ရဲ့ သမိုင်း တင်ခံရတဲ့အလုပ်ကို လူထုတွေကို ပြောပြဖို့၊ အသိပေးဖို့ အချိန်တန်ရင် လူထုတွေကို MSG ပေးမှာပါ။ ယနေ့နိုင်ငံရေးလောကမှာ ရုပ်ဝတ္ထုပစ္စည်းတွေကို အခြေခံတာတွေ များကြတယ်။ ပြုပြင်ထိန်းသိမ်းနိုင်တဲ့အချိန်မှာ အကျိုးရှိပါတယ်။ အကျိုးမဲ့လာတဲ့အချိန်ရောက်မှ ပြုပြင်မယ် ဆိုရင်တော့ ဖျက်ဆီးလို့နိုင်မှာ မဟုတ်ပါ။ ရုပ်ဝတ္ထု ဖျက်ဆီးပစ်ရတဲ့အကျိုးဟာ စိတ်ထားနဲ့ သဘောထားမှားရင် နိုင်ငံရေးလမ်းပြမြေပုံတွေ ပျောက်ဆုံးသွားမှာ သေချာတယ်။ အဲဒီအချိန် ရောက်မှ အရှင်တို့ဟာ သူတို့ကို MSGပေးမယ်။ “ကိုယ့်လူတွေ ဒါသတိထားဖို့၊ ပညာယူဖို့၊ နောင်တရဖို့” ဆိုတဲ့ အရှင်တို့ရဲ့ MSG ပေးလိုက်မယ်။

လူတိုင်းမှာ ခံယူထားကြတဲ့အမွေ

အရှင်တို့ရဲ့စိတ်ဟာ စည်းကမ်းမဲ့တဲ့အခါကျရင် အလွန်ကြမ်းတမ်းတဲ့သဘောတွေ တွေ့ရလိမ့်မယ်။ ဘယ်အရိုင်းနဲ့မှ မတူတဲ့စိတ်ကို ဘာနဲ့တားဆီးကြမလဲ ဆိုတာကို စဉ်းစား ထားရမယ်။ ကာလကြာရှည်စွာ ခံစားသိမြင်ခဲ့တဲ့ အသိတရားတွေကို အမွေခံပစ္စည်းသဘောလို ထားထားရင် ဆိုးရွားတဲ့အမွေ ဖြစ်လာဖို့ သေချာတယ်။ ဘောင်ခတ်ထားတဲ့အမွေ၊ မပြောင်းလဲ တတ်တဲ့အမွေ၊ အမြဲတည်မြဲမယ်လို့ စည်းကမ်းမဲ့စွာ ထားထားတဲ့အမွေ (နိုင်ငံရေးအမွေ)။ ဒီအမွေတွေဟာ လူတွေကို မမွှေဘဲ မရှိပါ။ လူတိုင်းမှာ ခံယူထားကြတဲ့အမွေ ဖြစ်တာကြောင့် အားလုံးမှာ တာဝန်ရှိကြတယ်။

မပြောင်းလဲနိုင်တဲ့ (သစ္စာ) အမှန်တရား

အရှင်တို့ဟာ အေးချမ်းသာယာတဲ့ လောကမျိုးဖြစ်အောင် တည်ဆောက်ချင်ကြတဲ့သူ တွေပါ။ အမှန်တရားရဲ့ လွတ်လပ်တဲ့ သဘာဝတရားနဲ့ အလေ့အကျင့်ထားရင် ခြားနားမှုတွေ၊ ငါနဲ့သူ ဆိုတဲ့အမြင်တွေ၊ လူလူချင်းအတူတူပါပဲလား ဆိုတဲ့အမြင်တွေ မသင်ဘဲ သိလာကြ မှာပါ။ ကိုယ့်လမ်းကို ကိုယ်တိုင်ပြနိုင်တဲ့ အသိစိတ်ဟာ ပုဂ္ဂိုလ်ရေး၊ လူမှုရေးကင်းပါတယ်။ အရှင်တို့ဟာ ကိုယ့်ဘဝကို ကိုယ်တိုင်မစွန့်ပစ်ဘဲ အေးချမ်းတဲ့အရသာ မရနိုင်ဘူး ဆိုတာကို သိထားကြတဲ့သူတွေပါ။ (အခြားသူတွေအပေါ်) ပတ်ဝန်းကျင်တွေအပေါ် မိမိထားရမယ့် တာဝန်သိမှုကို မမေ့ဖို့ လိုပါလိမ့်မယ်။ ရှေ့ဖြစ်သတ္တဝါတွေ အသက်ကုန်ဆုံးသွားပေမယ့် နောက်ထပ် သက်ရှိသတ္တဝါတွေအပေါ် မသနား၊ မကြင်နာဘဲ နေလို့မရပါ။ အဆက်မပြတ် ပြောင်းလဲတဲ့ လူနေမှုဘဝအမျိုးမျိုးကို ဖြစ်ပျက်ပြောင်းလဲမှုအတိုင်း မပြောင်းလဲနိုင်တဲ့ (သစ္စာ) အမှန်တရားက သက်သေပြနေပါတယ်။ မကောင်းမှုအကျိုး၊ ကောင်းမှုအကျိုး ဆိုတာ ဘယ်တော့မှ မပြောင်းလဲတတ်ပါဘူး။ အမှန်တရားဟာ အမြဲတည်ရှိနေတာကြောင့် နှစ်ခြိုက်စွာ လုပ်လာခဲ့တဲ့ အမှားအမှန်တွေဟာ အမှန်တရားအဖြစ်နဲ့ တည်ရှိနေမယ် ဆိုတာကို သိထားဖို့ လိုပါလိမ့်မယ်။

ကိုယ်တိုင်ပဲ လျှောက်လှမ်း

ဆန့်ကျင်ဘက်အပြုအမူတွေကို ညံ့ဖျင်းတဲ့စိတ်နဲ့ အန်မတုပါဘူး။ တန်းတူမှု အစစ် အမှန်ကို ဖော်ပြနိုင်တဲ့သူကို (တာဝန်ရှိသူကို) “မင်းမှာတာဝန်ရှိတဲ့သူပဲ”လို့ ပြောသွားမှာပါ။ အရှင်တို့ဟာ မတရားမှုတွေကို ကိုယ်တိုင်ခံစားပြီး ကိုယ်တိုင်နားလည်ပါတယ်။ အရှင်တို့ရဲ့စိတ် ထားကို ဘယ်သူမှ သိနိုင်မှာမဟုတ်ပါ။ ကိုယ့်ဒုက္ခ၊ ကိုယ့်ခံစားချက်၊ ကိုယ့်သည်းခံမှုဟာ အတိုင်းအတာ မရှိပါ။ မှားတယ်၊ မှန်တယ်၊ ကောင်းတယ်၊ မကောင်းဘူး ဆိုတာ ကိုယ်တိုင်ပဲလျှောက်လှမ်းရမှာပါ။ အဆုံးစွန်မှာ ဓားစွမ်းနဲ့ ဖော်ထုတ်တဲ့ထုံးစံ မရှိပါ။ သူ့ဂုဏ်သိက္ခာကို မညှိုးနွမ်းစေပါ။ ကိုယ်ကပဲ ဒုက္ခခံပေးသွားမှာပါ။ နောက်ဆုံး အကြမ်းဖက်မှုဟာ စိတ်ပျက် ပြားမှု၊ အမုန်းပွားမှုပဲ ပေးသွားတာကို တွေ့ရမှာပါ။

အရှင်တို့ဟာ လူနေကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ မတရားမှု၊ သတ်ဖြတ်မှုတွေကို ဒီတိုင်း ကြည့်ပြီးနေတဲ့သူတွေ မဟုတ်ပါ။ မတရားသူကို တရားသူအဖြစ် မသတ်မှတ်ပါ။ သတ်ဖြတ် တတ်သူရဲ့ အကျင့်ပါတဲ့ သတ်ဖြတ်မှုစိတ်ကို လက်ရ အာဏာမရနိုင်အောင် စောင့်ထိန်းမှ သီလ ပေးသွားမှာပါ။ စွမ်းအင်ချို့တဲ့တဲ့သူကို ကြောက်မက်ဖွယ် အသိတရားမဲ့အောင် ကုန်းတိုက်သူတွေကို လေးစားဂုဏ်ပြုဖို့ မထောမနာပါ။ နောက်ဆုံး အရှင်တို့ non-violence (အဝိဟိံသာ)ကို non-violence နဲ့ပဲ လုပ်သွားမှာပါ။

အင်အားကောင်းတဲ့ မုန်တိုင်းဟာ တစ်နေ့ လေညင်း ဖြစ်သွားမှာပါ။

ယနေ့နိုင်ငံရေးလောကမှာ ရုပ်ဝတ္ထုပစ္စည်းတွေကို
အခြေခံတာတွေ များကြတယ်။
ပြုပြင်ထိန်းသိမ်းနိုင်တဲ့အချိန်မှာ အကျိုးရှိပါတယ်။
အကျိုးမဲ့လာတဲ့ အချိန်ရောက်မှ ပြုပြင်မယ် ဆိုရင်တော့
ဖျက်ဆီးလို့ နိုင်မှာမဟုတ်ပါ။
ရုပ်ဝတ္ထု ဖျက်ဆီးပစ်ရတဲ့အကျိုးဟာ
စိတ်ထား နဲ့ သဘောထားမှားရင်
နိုင်ငံရေးလမ်းပြမြေပုံတွေ ပျောက်ဆုံးသွားမှာ သေချာတယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၈၅-၁၈၈၊ အဝိဟိံသာနိုင်ငံရေး (၂၀)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁၉)

ကြောက်ရိပ်အောက်က လွတ်အောင် မိမိကိုယ်မိမိ မလှည့်ဖြားဖို့ အရေးကြီးတယ်။

အရှိန်မတူတဲ့ ပြောင်းလဲမှု
အရှင်တို့ဟာ –
(၁) နိုင်ငံရေးဆန္ဒ
(၂) အပြုသဘောဆောင်သည့်ဆန္ဒ

တရားနှစ်ပါးကို အလိုအလျောက် နားလည်ကြပြီး ဖြစ်ကြပါလိမ့်မယ်။ အရှင်တို့ တွေဟာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းထဲက အတူတူ နေထိုင်ကြတဲ့သူတွေ ဖြစ်တာ ကြောင့် အလုပ်နဲ့လည်း အတူတူ လုပ်ကိုင်ကြရမယ့်သူတွေ ဖြစ်ကြပါတယ်။ ယနေ့ မြန်မာ ပြည်နိုင်ငံရေး ပြောင်းလဲပုံ ပြောင်းလဲနည်းဟာ အရှိန်မတူတဲ့ ပြောင်းလဲမှု (ပြောင်းလဲပုံ) ဖြစ်ပါတယ်။ အရှိန်မတူတဲ့ ပြောင်းလဲမှုဟာ-
၁။ နိုင်ငံရေးဆန္ဒရှိသူတွေက သတ္တိရှိရှိနဲ့ ပြောင်းလဲချင်တာကို တွေ့ရတယ်။
၂။အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုအရှိန်ကို လိုချင်တဲ့သူတွေက ပုံ မှန် ပြောင်းလဲမှုကို လိုချင်ကြတယ်။
၃။ မျှော်လင့်ချက်အရှိန်ကို မလျှော့ချနိုင်တဲ့ အရှိန်ပြင်းတဲ့သူတွေက တူညီမျှတသော ဖွံ့ဖြိုးမှုကို ဖော်ဆောင်သော နိုင်ငံရေးမူဝါဒကို အလျင်အမြန် ချမှတ်ပေးဖို့ လိုချင်နှစ်သက်နေကြတာကို တွေ့ရတယ်။

အပြုသဘောဆောင်တဲ့ဆန္ဒ

အရှင်တို့ဟာ လိုလားနှစ်သက် တောင့်တချက် ရှိကြပါတယ်။ အရှင်တို့ရဲ့ ဘဝကိုအသွင်အားလုံး ကူးပြောင်းပေးနိုင်တဲ့ လူမှုဘဝနိုင်ငံရေး (ဒီမိုကရေစီ)ကို အမြန်ဆုံး မြင်နိုင်ရန် လိုပါတယ်။ နိုင်ငံရေးလမ်းစဉ်ကို မမြင်မတွေ့ရဘဲ အလွဲလွဲ အချော်ချော်သော နိုင်ငံရေး လမ်းစဉ်ကို လျှောက်လှမ်းခဲ့ရရင် မြန်မာဟာ တိုးတက်မှုအပေါင်း နောက်ဆုတ်ခြင်း ဖြစ်လာ နိုင်စရာ အများကြီးရှိပါတယ်။ နယ်တွေ၊ အစွန်တွေမှာ ခက်ခဲတဲ့ပြဿနာတွေ အများကြီးပါပဲ။ ဒီပြဿနာတွေဟာ တူညီမှုနဲ့ မျှတမှု အားနည်းတဲ့ အချိန်အခါနဲ့ ရောက်သွားရင် (ဆုံသွားရင်) ကြီးမားတဲ့ စိုးရိမ်မှုများ ဖြစ်လာနိုင်တယ်။ ဒီအကြောင်းအရာတွေဟာ အပြုသဘောဆောင်တဲ့ ဆန္ဒအနေနဲ့သာ သုံးသပ်ပြတာ ဖြစ်ပါတယ်။

ချမှတ်ပေးရမယ်

မကြာမီ အရှိန်ပြင်းတဲ့ နိုင်ငံရေးများ မြန်မာ့လူမှုနယ်ပယ်မှာ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာခဲ့ရင် ငါတို့မြန်မာတွေ အဲဒီပြောင်းလဲတဲ့အရှိန်ကို ဘယ်ပုံ၊ ဘယ်နည်း ဖြေလျှော့ရမယ် ဆိုတာကို ကြိုတင် စဉ်းစားထားရမယ်။ ဥပမာ –

(၁) တရားဥပဒေ စိုးမိုးရေး၊ အထူးသဖြင့် လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံခြင်းနှင့် ပြောဆိုခြင်းတို့ ပါဝင်သော လူ့အခွင့်အရေးများ လေးစားခြင်းကို အခြေခံသည့် အားလုံး ပါဝင်သော လူမှုဘဝနိုင်ငံရေးထုံးတမ်းကျင့်စဉ် (ဒီမိုကရေစီထုံးတမ်း ကျင့်စဉ်)(Democratic Culture) ဖော်ဆောင်ရန်နှင့်

(၂) လူမှုလူတန်းစား အဖွဲ့အစည်းနှင့် လူမျိုးစုများ၏ အခွင့်အရေးများကို ကာကွယ် သည့် ဥပဒေများ၊ ချမှတ်ချက်များ ပြောင်းလဲမှု လုပ်ပေးရမယ်ဆိုရင် လုပ်ဆောင် ပေးနိုင် မပေးနိုင်၊ ဒါမှမဟုတ် ဘယ်လိုစိတ်ထားနဲ့ ဖြေလျှောက်ကြမယ် ဆိုတာကို တွေးမိကြပါသလား။ အရှင်တို့ဟာ အမျိုးသားသင့်မြတ်ရေးအတွက် စိုးရိမ်စရာ မရှိပေမယ့် အမျိုးသားအခွင့်အရေးကော်မရှင် ဖွဲ့စည်းရေးဟာ အစဦးဆုံး စတင်ရမှာ မဟုတ်လား။

အရှင်တို့ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဟာ လူမှုအဖွဲ့အစည်းမျိုးစုံ ပါဝင်နေပါတယ်။ တစ်မျိုးသားလုံး နားလည်မှု၊ စည်းလုံးမှု၊ ပူးပေါင်းဆောင်ရွက်မှုကို လေးစားတန်ဖိုးထားရ မှာပါ။ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် တရားဥပဒေစိုးမိုးမှု လုပ်ရမယ်။

တိုင်းပြည်ငြိမ်းချမ်းတည်ငြိမ်ဖို့အတွက် –
(က) လူ့အခွင့်အရေး
(ခ) ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် (Reform Agenda)
(ဂ) သဘောတရားဆိုင်ရာ ဦးစားပေးချက်များ ချမှတ်ပေးရမယ်။

မတောင်းဆိုပါနှင့်

အရှင်တို့ရဲ့ အမျိုးသားရေးလုပ်ငန်းစဉ်ဟာ လွှတ်တော်မှာ ဆောင်ရွက်နိုင်မှု အခွင့် အရေး (အခွင့်အလမ်း) ပိုမိုရှိပေမယ့် စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး မရှိရင် တစ်မျိုးသား လုံးရဲ့ ကျက်သရေဟာ ညှိုးညှိုးနွမ်းနွမ်း ဖြစ်ကြမှာကို စိုးရိမ်မိပါတယ်။ တကယ်တော့ ပြုပြင်ပြောင်းလဲရေးတစ်ခုဟာ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်နေပါတယ်။ အစိုးရတစ်ဖွဲ့တည်းနဲ့ မလုပ်ဆောင်နိုင်ပါ။ တစ်ပါးသူတွေကို ကူပါကယ်ပါလို့လည်း အကူအညီ မတောင်းကောင်း ပါ။ မျက်နှာအို မျက်နှာငယ်ရသော ကူညီမှုအတွက် တောင်းဆိုတာဟာ မြန်မာပြည်သူတွေမှာ သင်ခန်းစာ မတွေ့ကြစေလိုပါ။ ကူညီရန်အတွက် အဆင်သင့် ရှိတဲ့သူတွေဆီက အကူအညီတောင်းရင် အရန်သင့်၊ အဆင်သင့် ကူညီကြမယ့်သူတွေ အများကြီးပါပဲ။

ပြုပြင်တည်ဆောက်ကြရမှာ

နိမ့်ကျသူကို ကူညီသူများက အပူအကပ်ပါတဲ့ ကူညီမှုမျိုး ရှေးရှေးက မြန်မာအစိုးရ တွေ ခံစားခဲ့ရပြီးပြီ။ ကူညီရန် အသင့်ရှိတဲ့သူကို အကူအညီတောင်းဖို့ မကြိုးစားကြပါနဲ့။ အချင်းချင်း ညီညီညွတ်ညွတ် ဆောင်ရွက်လုပ်ကိုင်ကြပါ။ အမျိုးသား၊ အမျိုးသမီး၊ လူငယ် လူရွယ်၊ ကျေးလက်နေ ရွာသူရွာသား၊ တိုင်းရင်းသားများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုလူတန်းစားများ ကဏ္ဍအသီးသီးမှာ ပါဝင်ကူညီဖို့ ပြင်ဆင်ထားစရာမလို ရှိနေကြပါတယ်။ တူညီမှုနဲ့ တရားမျှတမှုအပေါ် အခြေခံထားတဲ့ ငါတို့ရဲ့ နိုင်ငံရေးအရှိန်ဟာ ဘယ်သူကမှ တည်ဆောက်နိုင်ကြမှာ မဟုတ်။ မိမိ တစ်မျိုးသားလုံးနဲ့သာ ပြုပြင်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

နေ့ညမပြတ်

အရှင်တို့ဟာ ပုဂ္ဂိုလ်စွဲ ကိုးကွယ်မှုအသစ်တစ်မျိုး လုပ်တာတွေ မလုပ်ဖို့ အရေးကြီး တယ်။ ဘာဘဲလုပ်လုပ် ပုဂ္ဂိုလ်အပေါ်မှာ အခြေခံမထားဘဲ ခိုင်မာတဲ့အခြေခံမူများအပေါ်မှာပဲ အခြေပြုကြရမယ်။

နိုင်ငံရေးကို ဦးဆောင်တဲ့သူဟာ –

(၁) ပေးကမ်းစွန့်ကြဲနိုင်ရမယ်၊
(၂) ကိုယ်ကျင့်တရား ကောင်းမွန်ရမယ်၊
(၃) ကိုယ်ကျိုး စွန့်နိုင်ရမယ်၊
(၄) စိတ်ထားဖြောင့်မတ်ရမယ်၊
(၅) ကြင်နာသနားတတ်ရမယ်၊
(၆) (ခြိုးခြံတတ်ရမယ်) (ချွေတာတတ်ရမယ်) ခြိုးခြံနိုင်ရမယ်၊ 
(၇) (အမျက်မထွက်ခြင်း ရှိရမယ်) အမျက်မထွက် အောင်နိုင်ရမယ်၊ 
(၈) (အကြမ်းမဖက်ခြင်း ရှိရမယ်) အကြမ်းမဖက် အောင်နိုင်ရမယ်၊ 
(၉) သည်းခံနိုင်ရမယ်၊
(၁ဝ) ပြည်သူ့အလိုကို မဆန့်ကျင်ခြင်း ရှိရမယ်
ဆိုတဲ့ ဦးဆောင်သူ (မင်း)များ ထားအပ်တဲ့ လူမှုရေးအသိတရားကို နေ့ညမပြတ် နှလုံးသွင်းရမယ်။

လုပ်ကျွေးပေးကမ်းပါ

နေ့စဉ်မပြတ် ပြည်သူ့အကျိုးကို ကောင်းအောင် လုပ်ပေးနိုင်တဲ့သူဟာ သာမန် လူတန်းစားတစ်ယောက် မဟုတ်ပါ။ သာမန်မဟုတ်တဲ့ အုပ်ချုပ်သူတစ်ယောက်ဟာ လူထု အတွက် သာယာလှပ စည်ပင်ဝပြောအောင်၊ နိုင်ငံသူနိုင်ငံသားအားလုံးတို့၏ စားဝတ်နေရေး အလုံအလောက်(လုံလောက်) ရှိအောင်၊ အလုပ်လက်မဲ့ပြဿနာ မရှိအောင်၊ အခြေခံ အခွင့် အရေးများ မဆုံးရှုံးအောင် အလုပ်ပေးနိုင်ရမယ်။ ဒါမှမဟုတ် လုပ်ကျွေးနိုင်ရမယ်။ ပေးကမ်း ဝေငှနိုင်ရမယ်။ တာဝန်သိသော အုပ်ချုပ်ရေးစနစ်တစ်ရပ်ရဲ့ အခြေခံပဓာန အကျဆုံး တာဝန် တစ်ခုမှာ ပြည်သူလူထုတို့ရဲ့ အကျိုးစီးပွားရေး ခိုင်မာမှုပါပဲ။ အကျိုးစီးပွားရေး ခိုင်မာ တောင့်တင်းရင် အကြောင်းဆိုးတွေ ဆက်ဖြစ်လာနိုင်စရာ မရှိပါ။

တိုင်းပြည်အတွက် တည်ငြိမ်

သာမန်မဟုတ်တဲ့ အုပ်ချုပ်သူတစ်ယောက်ဟာ –
(က) အသက်မသတ်ခြင်း၊
(ခ) မခိုးခြင်း၊
(ဂ) အကျင့်မမှားခြင်း၊
(ဃ) စကားမှန်ခြင်း၊
(င) အရက်သေစာမသောက်ခြင်း ဖြစ်တဲ့ ကိုယ်ကျင့်သီလတရား ရှိရမယ်။ 

အကျင့်ကောင်း အကျင့်မြတ် ရှိတာကြောင့် ပြည်သူတွေ ယုံကြည်မှု၊ လေးစားမှု၊ ရိုသေမှု ရတယ်။ ကိုယ်ကျင့်ကောင်းတရားကို မထိန်းသိမ်း မဆောက်တည်တဲ့သူဟာ အကျင့် ကောင်းကို မထိန်းသိမ်း မဆောက်တည်တာကြောင့် ပြည်သူ့အလုပ်ကို ထမ်းဆောင်ဖို့ ဖောက် ပြန်တတ်တယ်။ အလုပ်ပေါ် ဖောက်ပြန်ရင် ပြည်သူအများ ဆင်းရဲခြင်းအမျိုးမျိုး ကြုံရတတ်တယ်။တိုင်းပြည်တစ်ပြည်ရဲ့ ကြမ္မာအဆိုး အမျိုးမျိုး ကြုံကြတဲ့ အခြေခံအရင်းအမြစ်ဟာ အုပ်ချုပ်သူများ ကိုယ်ကျင့်တရား ပျက်ပြားမှုက စတင်နေတာပါ။
ဘေးအမျိုးမျိုး၊ ရန်အသွယ်သွယ် ဖြစ်ပေါ်မှုများတဲ့ တိုင်းပြည်ဟာ အုပ်ချုပ်သူတွေရဲ့ ကိုယ်ကျင့်တရားအပေါ် မူတည်တယ်။ သမာဓိအားကောင်းတဲ့ အုပ်ချုပ်သူဟာ တိုင်းပြည် အတွက် တည်ငြိမ်တယ်။

စွန့်လွှတ်နိုင်သူ

သာမန်မဟုတ်တဲ့ အုပ်ချုပ်သူတစ်ယောက်ဟာ ကိုယ်ကျိုးစွန့်နိုင်ရမယ်။ ကိုယ်ကျိုး စွန့်ခြင်းဟာ ပေးကမ်းစွန့်ကြဲခြင်းပါပဲ။ အများအကျိုး သယ်ပိုးဆောင်ရွက်တဲ့သူဟာ ကိုယ်ကျိုး မစွန့်လွှတ်နိုင်သူ မရှိပါ။ ကိုယ်ကျိုးကို စွန့်မှ မြတ်တယ်။ ကိုယ်ကျိုးစွန့်မှ ကျေနပ်နိုင်ကြမယ် ဆိုရင် အချိန်မရွေးဘဲ စွန့်နိုင်ရမယ်။ မိမိအသက်ခန္ဓာ တိမ်းပါးမှုကို အစဉ်တစိုက် အားထုတ် သူနဲ့ ဆုံရင်လည်း မိမိအသက်ကို ကျေကျေနပ်နပ်နဲ့ စတေးနိုင်ရမယ်။ အသက်နဲ့ ခန္ဓာပါ စွန့်လွှတ်နိုင်တဲ့သူဟာ သူတော်ကောင်းလမ်းစဉ် မဟုတ်ပါလို့ ဘယ်သူမှ မငြင်းဆိုနိုင်ကြပါ။ အသီးအခြား ကြိုးစားအားထုတ်ယူစရာမလိုတဲ့ အမြင့်မြတ်ဆုံးအကျင့်(အလုပ်)ကို (မိမိ သီလကို) ကြည်ညိုခြင်းဖြင့် ပြည်သူ့ဘဝ တိုးတက်အောင် စွန့်လွှတ်နိုင်သူ ဖြစ်ပါစေ။

မဖောက်ဖျက်သူ

သာမန်မဟုတ်တဲ့ အုပ်ချုပ်သူတစ်ယောက်ဟာ စိတ်ထား ဖြောင့်မတ်ရမယ်။ တာဝန် ထမ်းဆောင်ရာမှာ ဖောက်ပြန်မှုမရှိ ကင်းကင်းရှင်းရှင်း ရှိရမယ်။ ဆက်ဆံရေးလည်း ဖြောင့်ဖြောင့် မတ်မတ် ရိုးရိုးသားသား ရှိရမယ်။ ပေးသောကတိ တည်ရမယ်။ အုပ်ချုပ်မှုမှာ သစ္စာတရားကို ထိန်းသိမ်းနိုင်ရမယ်။ သစ္စာတရားနဲ့အညီ အုပ်ချုပ်ရမယ်။ လူထုအများ အထင်မှားမှု၊ အမြင် မှားမှု မရှိရ။ လိမ်လည်မှု မရှိစေရ။ အလုပ်တာဝန်ဝတ္တရား မပျက်ကွက်ရ။ ကိုယ်ကျင့်တရား မဖောက်ဖျက်ရ။

အများအတွက်သူ

သာမန်မဟုတ်တဲ့ အုပ်ချုပ်သူတစ်ယောက်ဟာ ကြင်နာခြင်း၊ သို့မဟုတ် စိတ်ထား နူးညံ့မှု ရှိရမယ်။ လူထုအကျိုးအတွက် စိုးရိမ်ပူပန်ကြောင့်ကြမှုကို ခံစားနိုင်သူ ဖြစ်ရမယ်။ မိမိ အခွင့်အရေးကို ပယ်သတ်နိုင်ရမယ်။ ငြင်းဆန်ရမယ်။ အများအကျိုးကို ဂရုစိုက်ရမယ်။ တာဝန်ယူရမယ်။ အများအတွက် လုပ်ပေးရဲရမယ်။

သင်ယူလေ့ကျင့်ပေးသူ

သာမန်မဟုတ်တဲ့ အုပ်ချုပ်သူတစ်ယောက်ဟာ ခြိုးခြံနိုင်ရမယ်။ ရိုးသားသောအကျင့် ရှိရမယ်။ လိုက်နာရမယ်။ မိမိကိုယ်မိမိ ထိန်းသိမ်းရမယ်။ ကွပ်ကဲရမယ်။ ကောင်းသော စိတ်ဓာတ် ရှိရမယ်။ စိတ်အလိုမလိုက်ရ။ အလွန်အကျွံ ဖြုန်းတီးတတ်သော ပြည်သူကို ပညာပေးရမယ်။ ချစ်အားမခြား မေတ္တာထားပြီး ခြိုးခြံချွေတာရေး အကျင့်တရားရှိအောင် ပြည်သူပြည်သားကို ကိုယ့်လုပ်အားထဲကဖြစ်တဲ့ ပစ္စည်းကို သုံးဆောင်ဖို့ သင်ယူလေ့ကျင့် ပေးရမယ်။

ဦးတည်သူ

သာမန်မဟုတ်တဲ့ အုပ်ချုပ်သူတစ်ယောက်ဟာ – 
(က) အမျက်မထွက်ခြင်း (ဒေါသကင်းခြင်း)၊ 
(ခ) အကြမ်းမဖက်ခြင်း၊
(ဂ) သည်းခံခြင်း

တရားသုံးပါးနဲ့ အညီအညွတ်ထား၍ နေရမယ်။ မလိုမုန်းစိတ် မပွားရ။ ကာယကံ မြောက်တဲ့ ဒေါသစိတ် မရှိရ။ ထင်သလို ဒေါသထားပြီး အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ရ။ သဘောထားကြီးသူပီပီ စစ်မှန်တဲ့ ခန္တီတရား (သည်းခံခြင်းအကျင့်) ထားရမယ်။ မေတ္တာနဲ့ အောင်ချင်သူသည် ဒေါသထိန်းရမယ်။ သီလနဲ့ မညီညွတ်တဲ့ အင်းအားသုံးခြင်းမျိုး မပြုရ (မကျင့်ရ)။ ကြမ်းတမ်းခက်ထန်မှု မရှိရ။ အရာခပ်သိမ်း အောင်နိုင်ရန် တရားအောင်ခြင်းသာ ဦးတည်ထားရမယ်။

အာမခံနိုင်သူ

သာမန်မဟုတ်တဲ့ အုပ်ချုပ်သူတစ်ယောက်ဟာ ပြည်သူ့အလိုကို မဆန့်ကျင်ရ။ ပြည်သူ့တောင်းဆိုမှုကို အလေးပြုရပါတယ်။ ပြည်သူ သဘောတူညီချက်မပါတဲ့ ပြည်သူပိုင် ပစ္စည်းကို အလွဲသုံးစားခြင်း မပြုရ။ စည်းကမ်းနဲ့ တာဝန်လေးစားရမယ်။ ချို့တဲ့မှု၊ ကြောက်ရွံ့မှ ကင်းဝေးအောင် အာမခံနိုင်ရမယ်။

ကိုယ်ပိုင်အကျိုးစီးပွား မလုပ်

အရှင်တို့ဟာ လူသားစစ်စစ်ထဲက လူတွေပါ။ မည်သည့် နိုင်ငံရေးဝါဒစနစ်နဲ့မှ အရွဲ့အစောင်း တိုက်လို့မရပါ။ အရှင်တို့ ရထားတဲ့ နိုင်ငံရေးတန်ဖိုးဟာ အသက်တန်ဖိုးထား သလို အဆုံးမရှိပါ။ လူသားကို နိုင်ငံ့ကုန်ပစ္စည်းမျိုး မထားပါ။ နိုင်ငံရေးကို ထင်သလိုလုပ်၊ထင်သလို ကိုင်တွယ်မှု မလုပ်ပါ။ အရှင်တို့ဟာ သွေးရူးသွေးတန်း ဖုံးကွယ်ခံထားရသူတွေ မဟုတ်ပါ။ ကျဉ်းမြောင်းသော ကိုယ်ပိုင်အကျိုးစီးပွားတွေ မလုပ်ပါ။

ယုံဇာတ်သွင်းနိုင်ငံရေး မယုံ

အရှင်တို့ဟာ မယုံကြည်မှုရှိတာကို မယုံကြည်ပါလို့ပဲ ပြောမယ်။ လိမ်ပြီး မပြောပါ။ ထပ်တလဲလဲလည်း မမေးပါ။ မဖြေဆိုပါ။ အဆုံးအဖြတ်မပါဘဲ ဟုတ်ပြီ၊ မှန်ပြီလို့ မဆုံးဖြတ် ပါ။ အယုံတိုက်ရင်လည်း ဘယ်တော့မှ မယုံပါ။ အတင်းယုံခိုင်းလည်း ပို၍ မယုံပါ။ ကြားဖူးနားဝရှိရုံနဲ့ မယုံကြည်နိုင်ပါ။ သတင်းစကား၊ အတင်းစကား ကြားရရုံလေးနဲ့ လုံးဝ မယုံပါ။ ကိုယ်တိုင်ကျင့် ကိုယ်တိုင်သိတဲ့ သဘောတရားကသာ အပြီးအပြတ် ယုံကြည်မယ်။ မသိရသော အသိမပါသော အရာအားလုံးကို ဘယ်တော့မှ မှန်တယ်လို့ မယူဆပါ ဆိုတဲ့ ခံယူချက်ဟာ အရှင်တို့ရဲ့ဘဝကို အမြင်ဖွင့်မယ့် နိုင်ငံရေးကိုသာ လေ့လာပြီး ယုံမယ်။ အထပ်ထပ် ယုံဇာတ်သွင်းတဲ့ နိုင်ငံရေးမျိုး မယုံကြည်နိုင်တဲ့အပြင် အလွန်စက်ဆုပ်ပါတယ်။

မသွေဖည်ရေး

အရှင်တို့ဟာ သန္ဓေပါ နိုင်ငံရေးဂုဏ်သိက္ခာကို တန်ဖိုးထားပါတယ်။ အရှင်တို့ (တိုင်းပြည်မှာ နေထိုင်ကြတဲ့) ပြည်သူတွေကို နိုင်ငံသားတိုင်း ခံစားပိုင်ခွင့် ရရှိထိုက်သော အခွင့်အရေးကို ဘယ်တော့မှ အဆုံးရှုံး မဖြစ်စေရ (မခံရ)။ ကြီးမားတဲ့ ကွာဟမှု မရှိရ။ ကြီးမားတဲ့ ခြိမ်းခြောက်မှု မရှိရ။ ကြီးမားတဲ့ ဖိနှိပ်ချုပ်ချယ်မှု မရှိရ။ နေရာတကာမှာ ကြောက်နေရတာတွေ မရှိရ။ အရှင်တို့ရဲ့ ခံစားချက်ကို အများသူငါ သိရမယ်။ ကြေညာ ရမယ်။ ဒီလိုလွတ်လပ်မှုမရှိဘဲ ဆင်းရဲခပ်သိမ်းကို ပေးမယ့် နိုင်ငံရေးမူဝါဒကို မြန်မာပြည်မှာ ရှင်းလင်းစရာမလို ဖြစ်ရမယ်။ ပြည်သူကို တန်ဖိုးမထားတဲ့နိုင်ငံရေး၊ ပြည်သူ့ဘဝကို ညှိုးနွမ်းမှ ဖြစ်အောင် လုပ်တဲ့နိုင်ငံရေး စိုးစိမျှ မရှိရ။ ပြည်သူကို သွေဖည်ကန့်လန့်မှုပြုသော နိုင်ငံရေး အားထုတ်မှုလည်း ဘယ်တော့မှ မရှိရပါ။

နောင်တရရန် အကြောင်းမရှိ

အရှင်တို့ဟာ ကဲ့ရဲ့ခံရခြင်းသက်သက် လောကဓံကို ရင်မဆိုင်ပါ။ ချီးမွမ်းခြင်းခံယူဖို့ သက်သက်လည်း မဟုတ်ပါ။ အကြိုက်လိုက်၊ အကြိုက်ဆောင်၊ အကြိုက်ချီးမွမ်းတာကိုလည်း မလိုလားပါ။ ချီးမွမ်းခံရလို့ ပီတိတွေ အလွန်ဖြစ်မယ့်သူ မဟုတ်သလို လွယ်လွယ်လေးနဲ့ သဘောကျ ကျေနပ်မိတဲ့အကျင့်လည်း မနေပါ။ လူတွေဟာ ပစ္စည်းဥစ္စာ ဆင်းရဲသွားတဲ့ အခါ၊ ရာထူးကျဆင်းသွားတဲ့အခါ(မရှိတော့တဲ့အခါ)ကျော်စောမှုများ မရှိတော့တဲ့အချိန်မှာအရှင်တို့ကို မပေါင်းသင်းချင်တော့တဲ့သူတွေ ရှိမှာပါ။ အဲဒီအချိန်မှာအပေါင်းအသင်းမရှိ တော့တဲ့ လောကသား ဖြစ်သွားပေမယ့် အရှင်တို့အဖို့ နောင်တရရန် အကြောင်းမရှိပါ။ ဝီမံသာ အဓိပတိတရား အပြည့်အဝ ရှိပါတယ်။

ဟန်မဆောင်ပါ

များသောအားဖြင့် နိုင်ငံရေးလောကမှာ သဘောကျလို့ ချီးမွမ်းတာမျိုး မရှိပါ။ ကဲ့ရဲ့ချင်တဲ့သူတွေချည်းပါပဲ။ တစ်ဖက်သား မြှောက်ပင့်မှုကို ကြိုတင် သိထားပြီးပါပြီ။ မိမိရဲ့အကြိုက်ကို လိုက်ပြီး ချီးမွမ်းပြောဆိုတာမျိုး၊ မိမိအကျိုးကို တကယ်လိုလားတဲ့ ပုံစံမျိုး နဲ့ အချိုးမမျှတဲ့သူတွေရဲ့သဘောကို နိုင်ငံရေးလောကမှာ (ပုထုဇဉ်တွေရဲ့လောကမှာ) တွေ့ကြ ရင်လည်း အကြိုက်လုပ်ပြီး ပြန်မချေပပါနဲ့။ ဘက်လိုက်ခြင်းအလုပ်ကို မလုပ်ပါနဲ့။ မနာလို မရှုစိမ့် မဖြစ်နဲ့။ အကျိုးအားလုံးကို လိုလားသယောင် မဖြစ်နဲ့။ အထင်သေးမှု၊ အမြင်လွဲမှ မဖြစ်နဲ့။ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါ။ ရှေ့နောက် အပြုအမူ မှန်ပါစေ။ နှစ်ဖက်သား မျက်နှာအတူတူ လှပပါစေ။ ကျေနပ်ကြည်နူးဝမ်းသာပါ။ မုန်းတီးတဲ့သူ ဒုက္ခရောက်တဲ့စိတ်မျိုး မထားနဲ့။ ပညာသားပါတဲ့ဟန်ဆောင်မှုတွေ ကင်းရမယ်။ ပိပိရိရိနဲ့ ဟန်လုပ်တာမျိုး မဖြစ် စေနဲ့။ မရှိကို အရှိမလုပ်ပါနဲ့။နောက်ဆုံး စိတ်ဓာတ်ပျော့ပျောင်းတဲ့၊ သဘောကောင်းတဲ့ နိုင်ငံရေးသမားလည်း မဖြစ်စေပါနဲ့။

အရှင်တို့ဟာ ပုဂ္ဂိုလ်စွဲကိုးကွယ်မှု အသစ်တစ်မျိုး လုပ်တာတွေ
မလုပ်ဖို့ အရေးကြီးတယ်။
ဘာပဲလုပ်လုပ် ပုဂ္ဂိုလ်အပေါ်မှာ အခြေခံမထားဘဲ
ခိုင်မာတဲ့ အခြေခံမူများအပေါ်မှာပဲ အခြေပြုကြရမယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၇၇-၁၈၄၊ အဝိဟိံသာနိုင်ငံရေး (၁၉)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁၈)

လူတွေသိတဲ့ နိုင်ငံရေးကို လူရှေ့မှာ မမှားနှင့်။

မြန်မာ့နိုင်ငံရေးဇာတ်ခုံ

မြန်မာ့နိုင်ငံရေးအကြာင်းကို ရှေ့မီ၊ နောက်မီသူများကို မေးမြန်းရင် မပြောပြချင်ကြပါ။ မပြောပြချင်ရခြင်းအကြောင်းရင်း ရှိနေမှာပါ။ မြန်မာပြည်နိုင်ငံရေးဟာ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ စတင်တယ်လို့ ဆိုရမယ်။ မြန်မာပြည် ပထမဦးဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင်အတည်ပြုပြဋ္ဌာန်းတဲ့နေ့ ဖြစ်တယ်။ အရှင်တို့တိုင်းပြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာပြီ ဆိုပေမယ့် ညီညွတ်ရေး မရှိခဲ့ပါ။ ဟိုပါတီ ထုတ်ပယ်၊ ဒီပါတီပူးပေါင်းနဲ့ နိုင်ငံရေးမတည်ငြိမ်ပါ။ နိုင်ငံရေးအာဏာ ခွဲဝေမှု မမျှတာကြောင့် မကျေနပ်တဲ့သူက တောခိုကြတယ်။ တိုင်းပြုပြည်ပြ လွှတ်တော် ရွေးကောက်ပွဲ ကျင်းပပြီး အရွေးခံရတဲ့ အမတ်တွေက ပါတီဝင်များ တောခိုကြလို့လွှတ်တော်မတက်ဘဲ နေတယ်။ အမတ်အဖြစ်မှ ထုတ်ပယ်ခံရတယ်။ လက်ဝဲအင်အားစု အချင်းချင်းလည်း တိုက်ခိုက်ဖို့ ဖြစ်နေကြတယ်။ ကဲ့ရဲ့ကြတယ်။ နောက်ဆုံး လုပ်ကြံမှုကြီး ဖြစ်ကြတယ်။ ဒီသမိုင်းဖြစ်ရပ် လေးဟာ တစ်ခဏအတွင်း ဖြစ်ခဲ့ကြပေမယ့် နောက်ပိုင်း မြန်မာ့နိုင်ငံရေးဟာ ပါတီတွေ အမျိုးမျိုး ပေါ်လာပြီး ပူးပေါင်းလိုက်၊ ကွဲလိုက်နဲ့ ပုဂ္ဂိုလ်ရေး၊ ရာထူးရေးတွေ ရှေ့တန်းရောက် လာကြတယ်။ အချို့က နိုင်ငံရေးခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး အချို့က တပ်မတော် ခေါင်းဆောင်အဖြစ် တပ်သို့ ပြန်ကြတယ်။ လွတ်လပ်ရေးအတွက်တိုက်ပွဲ၊ အချင်းချင်း တိုက်ပွဲတွေဆင်နွှဲခဲ့ရတဲ့  မြန်မာ့နိုင်ငံရေးဇာတ်ခုံဟာလက်ဝဲညီညွတ်ရေးအရှုပ်တော်ကြောင့် ဆိုရှယ်လစ်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က ပြိုလဲကျခဲ့ရတယ်။ အဲဒီအချိန်ကစပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေးတာဝန်များကို စစ်အုပ်ချုပ်ရေးအာဏာ စတင်ခဲ့ရတယ်။


ဆေးကောင်းဝါးကောင်း ရှာပေးရမလို

စစ်အုပ်ချုပ်ရေး စတင်နေပြီဖြစ်ပေမယ့် အဆွယ်ကောင်း၊ အသွယ်ကောင်း၊ အပြောအဟောကောင်းတဲ့ ဝန်ကြီးချုပ်လုပ်သူက အမျိုးမျိုး စည်းရုံးသိမ်းသွင်းသေးတယ်။ နောက်ဆုံး အကွဲဂယက် ကြီးထွားလာတာကြောင့် အဖွဲ့အမျိုးမျိုး ကွဲကြပြန်တယ်။ ရိုက်ကြ နှက်ကြတယ်။ စကားစစ်ထိုး၊ နှုတ်ဖြင့်ဝေဖန်၊ ထေ့ငေါ့သရော်၊ ကလော်ကြလို့ အာဃာတ ရန်ငြိုးရန်စတွေ တိုးလာကြတယ်။ နိုင်ငံရေးသမားက လက်နက်ကိုင်အဖွဲ့အစည်းအပေါ် သြဇာလွှမ်းမိုးချင်၊ တာဝန်ကြီးသူက တိုင်းပြည်အာဏာကို အုပ်မနိုင် ထိန်းမရတာကြောင့် နောက်ဆုံး အိမ်စောင့် အစိုးရ လက်ထဲကို ပေးအပ်လိုက်ရတယ်။ နောက်ဆုံး ဆိုရှယ်လစ်တစ်ပါတီစနစ် လက်ချက်နဲ့ ယနေ့ထက်တိုင် အကြောက်တရား၊ အမှောက်တရားနဲ့ ခါးခါးသီးသီး ခံစားကြရတယ်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံအဖြစ် တည်ထောင်ရန် ရည်ရွယ်ချက်ရှိတဲ့ ယခုလက်ရှိအစိုးရကိုလည်း ဆေးကောင်း၊ ဝါးကောင်း ရှာပေးရမလို ဖြစ်နေတယ်။ အကုန် မသိ၊ အမြဲမမှန်၊ သိရန်ရှိသေးတဲ့နိုင်ငံရေးကို အကြမ်းဖက်ရေး အစမ်းသက်သက် တွက်ကြည့် ရမယ်။ ဟက်ဟက်ပက်ပက် ဘယ်လို ရှိသလဲ ဆိုတာပေါ့ ။

ဘာလုပ်လုပ် လူထုမသိဘဲ မလုပ်သင့်

၂ဝ၁ဝ က စလိုက်တဲ့ နိုင်ငံရေး၊ ရက်စွဲမကျန် နေ့စဉ်ရက်စွဲ အမှန်တွေနဲ့ မှတ်တမ်း တင်ထားကြမှာပါ။ ပြည်သူက မှတ်တမ်းမတင်ရင်လည်း အစိုးရလုပ်သူက တင်ရမှာပဲ။ ခေတ်ကာလက မြန်ဆန်တဲ့စနစ် ဖြစ်တော့ ပြုမူတဲ့ ကံသုံးချက်ကို ကြမ်းကြမ်းတမ်းတမ်း မဖြစ်ဖို့ လိုတယ်။ နိုင်ငံရေးလုပ်တဲ့သူတွေ ပုဂ္ဂိုလ်၊ ဂိုဏ်း၊ အဖွဲ့အစည်း၊ အစွဲအလမ်းမကြီး ဖို့ လိုတယ်။ အတ္တဝါဒီ (အတ္တဝါဒ)ကြောင့် ဆုတ်ယုတ်သွားခဲ့ရတဲ့ နိုင်ငံရေး ရှိခဲ့တယ်။ နိုင်ငံရေးမှာ ပြဿနာ မရှိပါ။ လူတွေမှာ ပြဿနာ ရှိတယ်။ ဘာလုပ်လုပ် လူထုမသိဘဲ မလုပ်သင့်ပါ။ လူထုဆန္ဒမယူဘဲ မလုပ်ကောင်းပါ။ အမတ်လောင်းလောကမှာ ပြိုင်ဆိုင်ကြပေမယ့် လွှတ်တော်ရောက်ရင် သူ့ဘက်၊ ကိုယ့်ဘက်မရှိဘဲ အဖွဲ့ဖွဲ့ဖို့၊ အပြိုင်ကြဲဖို့၊ မကောင်းမှ များ မပြုကြဖို့ သတိပြုသင့်တယ်။

သတင်းဆိုတာ ကောင်းတဲ့သတင်းပဲထွက်ထွက်၊ မကောင်းတဲ့သတင်းပဲ ထွက်ထွက် အကျိုးမရှိတဲ့သတင်းဖြစ်ရင် အဆိုးများ ဆက်နွှယ်သွားတတ်တယ်။ လွှတ်တော်သို့ ရောက် သွားတဲ့ အမတ်တွေဟာ လွှတ်တော်အလုပ်ကို စိတ်ဝင်စားဖို့လိုတယ်။ လွှတ်တော်ရောက်ပြီး လူထုအကျိုး၊ တိုင်းပြည်အကျိုးမလုပ်ဘဲ စမ်းတဝါးဝါး အယောင်ယောင် အမှားမှားဖြစ်ကြရင် (လုပ်ကြရင်) ပိုးသာကုန် မောင်ပုံ စောင်းမတတ်ဘဲ ဖြစ်သွားမယ်။ လွှတ်တော်သက်တမ်း ကုန်ဆုံးလို့ အသစ်သက်တမ်း ပြန်စတဲ့အခါ ယခင်ကလို လွယ်လွယ်ကူကူနဲ့ အမတ်ကြီး ဖြစ်လာမယ် မထင်ကြနဲ့။ အမတ်ကြီးနေရာ ရောက်လာမယ့်သူတွေ အများကြီးပဲ။

နိုင်ငံရေးတည်ဆောက်မှု အခြေခံကောင်း

ယနေ့ခေတ်အချိန်အခါအရ မြန်မာ့နိုင်ငံရေးဟာ ကမ္ဘာ့နိုင်ငံရေးခုံပေါ်မှာ တက်ရောက်ရတော့မယ်။ စွမ်းပကား ပြရတော့မယ်။ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာကြားက လူမှုဘဝ နိုင်ငံရေးကို ဆက်ဆံဖွင့်လှစ်ရတော့မှာ ဖြစ်တဲ့အတွက် ကြိုးစားအားထုတ်ထားတဲ့ စေတနာ အမှန်ကို ပိုမိုကျယ်ပြန့်တဲ့ခေတ်အလိုက် စိတ်ဓာတ်ကို ဖြူဖြူစင်စင်ထားပြီး မူပေါင်းစုံရှိတဲ့ သူတွေနဲ့ ပေါင်းသင်းဆက်ဆံကြရတော့မယ်။ အရှင်တို့ဟာ အခုမှ နိုင်ငံရေးကို တည်ဆောက်ကြတယ်လို့မထင်ဘဲ မိဘဘိုးဘွား ပေးလာခဲ့တဲ့ နိုင်ငံရေးအမွေ၊ လေ့လာမှုအတတ်၊ ပူးပေါင်းမှ အသိတရားတွေ၊ နိုင်ငံရေးတည်ဆောက်မှု အခြေခံကောင်းတွေ အားသွန်ခွန်စိုက် ကြိုးစားရတော့မယ်။ အဲဒီအချိန်အခါ ရောက်မှ သဘင်အလယ်မှာ ငါ ဘာဖြစ်နေသလဲ၊ ငါ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ငါ ဘာဖြစ်လို့ ညံ့ရတာလဲ ဆိုတဲ့အဖြေတွေ တစ်ခုပြီးတစ်ခု ထင်လာမယ်။ လေ့လာမှု အားနည်းခဲ့တဲ့အကြောင်းတွေ့၊ လက်တွေ့အသိတရားနဲ့ အများနဲ့ မပူးပေါင်းခဲ့တာတွေ၊ အသိအမြင်ကျယ်ဝန်းတဲ့ နိုင်ငံရေးခေတ်ရေစီးတွေ အမျိုးမျိုး အမည်မည် မြင်တွေ့ လာလိမ့်မယ်။ ခံစားရမှုအပေါ်ကနေ အခြေခံပြီး ခေတ်မီတဲ့စကား၊ ခေတ်မီတဲ့အတတ်၊ မတတ်တတတ် ဖြစ်ခဲ့ရတဲ့ သဘောသဘာဝတွေ မိမိအတွက် ဆုံလာတဲ့ အခါ နိုင်ငံရေးဟာ တိမ်တောင်သဖွယ် အလွန်ကျယ်ဝန်းနေပါလား၊ ရာထူးဂုဏ်သိန်တွေနဲ့ မဆိုင်ပါလား၊ အရည်အချင်းနဲ့ စစ်မှန်တဲ့စေတနာပါလား ဆိုတာ အလိုအလျောက် နားလည်လာမယ်။

ချင့်ချင့်ချိန်ချိန် စဉ်းစား

မြန်မာပြည်ဟာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ခဲ့တဲ့ နိုင်ငံရေးဟာ အမျိုးမျိုးရှိခဲ့တဲ့အထဲကနေ ယနေ့ မြန်မာ့နိုင်ငံရေး စာမျက်နှာသဖွယ် ဖွင့်လှစ်မယ့်နိုင်ငံရေးဟာ စစ်မှန်ပြီး ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ နိုင်ငံရေးအကြောင်းတွေနဲ့ ပူးပေါင်းရတော့မယ်။ (ပြည် ပူးပေါင်းမှု၊ ပူးပေါင်းခြင်း ဆိုတာ သူတစ်ပါး တိုက်တွန်းရုံလေးနဲ့ ထဲထဲဝင်ဝင် ထားသင့် အကျိုးကို မထားသင့်၊ ဖြစ်သင့် မဖြစ်သင့် ချင့်ချင့်ချိန်ချိန် စဉ်းစားရမယ်။ မစဉ်းစား မဆင်ခြင်ဘဲ ဖြူမျှကို အပြုံးပြ သဘောကျရုံနဲ့ နိုင်ငံရေးကို မထိုးကျွေးရပါ။ အတ္တရဲ့ သဘောဟာ ခုခံကာကွယ်မှု မပါခြင်း မဟုတ်။ ထိန်းထိန်းသိမ်းသိမ်းနဲ့ နိုင်ငံရေးကို ကစားခြင်း၊ သို့မဟုတ် သူမနာ ကိုယ်အသာ မဖြစ်ခြင်းကို အမြဲတမ်း တွေးတတ်ရမယ်။ ဘာဖြစ်လို့ ဒီစကားကို ဆိုရပါသလဲ ဆိုရင် မြန်မာပြည်သူ သန်းပေါင်း ၆ဝကို အရေးအစုံအလင် ဒုက္ခပွားမှု မဖြစ်ဖို့ ထိန်းသိမ်း၊ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကို မမေ့ဖို့ပါပဲ။

လွှတ်တော်မှန်ရင် ပြည်သူ့ဘဝမှန်

ဘယ်သူတွေ ဘာပြောပြော “ပြည်သူ့အသံ လွှတ်တော်အသံ” ဆိုကတည်းကိုက ပြည်သူ့အသံကို နားမထောင်လို့ မရပါ။ ပြည်သူ့အသံ၊ ပြည်သူ့စကားဟာ လွှတ်တော်နဲ့ တစ်ထပ်တည်း ဖြစ်ရမှာ ဖြစ်တဲ့အတွက် နိုင်ငံရေးအကြောင်းအရာ တစ်ပါးပါး ဖြစ်မြောက်ဖို့ ပြည်သူ့အသံ(မြန်မာ့အသံ)ကို နားထောင်ပါ။ အာရုံစိုက်ပါ။ လွှတ်တော်မှာ လုပ်ရဲတဲ့ နိုင်ငံရေး ဟာ အမျိုးသားအဆင့် နိုင်ငံရေးဖြစ်တယ်။ ပုဂ္ဂိုလ်ရေး၊ ဂိုဏ်းဂဏရေး၊ အသင်းအဖွဲ့အရေး မဟုတ်။ သံသယ မရှင်းတဲ့ ပါတီနိုင်ငံရေး မဟုတ်။ တစ်မျိုးသားလုံးရေး နိုင်ငံရေးအတွက်ကို မွန်မြတ်သော စေတနာနဲ့ ပင်ပင်ပန်းပန်း အားထုတ်လာခဲ့ရတဲ့ ပီတိဟာ ဘယ်လန်းဆန်းမှုမှ မတူပါ။ လိုရာကိစ္စ တစ်ပါးပါး ပြီးစီးသွားတိုင်း (အလုပ်ကိစ္စတစ်ခုပြီးတိုင်း) မိမိရဲ့နိုင်ငံရေး အရည်အသွေး၊ အရည်အချင်း မည်သည့်အဆင့်မှာ ရောက်လာခဲ့တယ် ဆိုတာ နိုင်ငံရေးအသိ ပေတံလေးဟာ အသိအမှတ် ပြုလာလိမ့်မယ်။ လွှတ်တော်အတွေ့အကြုံဟာ ပြည့်သူ့ဘဝ အတွေ့အကြုံပါ။ ပြည်သူ့လူနေမှု ပုံဖော်တဲ့နေရာဟာ လွှတ်တော်ပါ။ လွှတ်တော် မှန်ရင် ပြည်သူ့ဘဝ မှန်မယ်။ လွှတ်တော် ချော်ရင် ပြည်သူ့ဘဝ ချော်မယ်။ သတိကြီးစွာ ထားပြီး လုပ်ရမယ်။ သနားမှု၊ ကြင်နာမှု ဆိုတာ လွှတ်တော်ရောက်မှ နားလည်လာမယ်။

အလုပ်ကို ချောသထက် ချောအောင် သေချာလုပ်
အရှင်တို့ဟာ ခေါင်းဆောင်မှုအလုပ်ကို လုပ်ရသူတွေဖြစ်ရင် စစ်မှန်တဲ့ခေါင်းဆောင် မှုဉာဏ်၊ မှန်ကန်တဲ့ စစ်မှန်မှုပညာ ရှိရမယ်။ အသိတရားနဲ့ ဉာဏ်ရည်ဉာဏ်သွေး ပြည့်ဝမှုရှိဖို့ လိုတယ်။ အများစုရှေ့မှောက်မှာ ဦးစီးဆောင်ရွက် လုပ်ကိုင်ရသော အလုပ်ကို လုပ်ခဲ့ရတာ ကြောင့် အများရှေ့မှောက်မှာ မိမိကိုယ်မိမိ ငြိမ်းချမ်းသူ၊ ဖွံ့ဖြိုးရေးကို ဆောင်ရွက်သူပါလို့ ဆော်ဩ ဖွင့်ပြောစရာ မလိုပါဘူး။ အလုပ်နဲ့သက်သေပြတဲ့သူဟာ သဘင်အလယ်မှာ သမ္ဘာ (သဘာ) ရှိဖို့ပါပဲ။ “ငါဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး ရှေးရှုနိုင်ရန်၊ နိုင်ငံတကာ အထောက်အပံ့အားပေးမှု ရရှိရန်၊ လူသိရှင်ကြား ဆောင်ရွက်ခဲ့တဲ့သူပါ” ဆိုပြီးတော့ မြန်မာ့ လွှတ်တော် စားပွဲခုံပေါ်မှာ အသံလာပေးတဲ့သူလို မဖြစ်စေနဲ့။ အဲဒီလို စကားမျိုးဟာ အရည် အချင်း၊ အရည်အသွေးစကား မဟုတ်ပါ။ ရှိပြီးသားအလုပ် ပြောရမယ့်စကား ဖြစ်တယ်။ ဒါကြောင့် မြန်မာတွေ သည်းခံတတ်တဲ့ အကျင့်တရား လုံလောက်မှု အပြည့်အဝ ရှိရုံသာမက အားနာတတ်တဲ့ အကျင့်တရားလည်း လွန်နေရောပါပဲ။ လွှတ်တော်အတွင်းမှာ အစုအဖွဲ့နဲ့ မဆိုင်တဲ့အတွက်ကြောင့် နေရာတိုင်းမှာ ပျော့ညံ့လို့ မဖြစ်ကြောင်း သတိနဲ့ယှဉ်၍ အလုပ်ကို ချောသည်ထက် ချောအောင် သေချာလုပ်ရမယ်။

ပြောင်းလဲမှုဟာ အနှစ်အသား ပါပါစေ

ယခု အရှင်တို့ လေ့ကျင့်ပျိုးထောင်တဲ့ မြန်မာ့နိုင်ငံရေးဟာ မြန်မာ့လူမှုဘဝ နိုင်ငံရေး ဖြစ်လို့ နိုင်ငံသားအချင်းချင်း ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေး ခံစားတတ်လာမှုသဘော တရားပါတဲ့ နိုင်ငံရေးကို ဆောင်ရွက်လုပ်ကိုင်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ နိုင်ငံတကာ က အစုံအလင် စုံဝင်လာပြီး သူတစ်မျိုး ဟိုတစ်ပေါက် ပြည်သူ့အသံဘက်က မရပ်တဲ့ အပြင်ဘက်က အသံတွေ ကြားရလွန်းတာကြောင့် လေ့ကျင့်ပျိုးထောင်ပေးတဲ့ နိုင်ငံရေးသဘော သဘာဝတွေ ရောယှက်သွားမှာကို စိုးရိမ်မိတယ်။ အပြင်က စကား ပွင့်ပွင့်လင်းလင်း ပြောသွားတာဟာ တစ်ဆင့်စကားလား၊ အတွင်းစကားလား၊ စေတနာစကားလား၊ မလိုစကား လား သံသယသဘောသဘာဝ မပါဘဲ ထားလို့ မရပါ။

အရှင်တို့ရဲ့ ပြောင်းလဲမှုဟာ ကမ္ဘာကို စိတ်ဓာတ်တက်ကြွစေပါတယ် ဆိုတဲ့စကား ဆွရွပြတဲ့ စကားပဲ မဟုတ်လား။ ဒါကို မြန်မာတွေ နားလည်ကြပါ။ အရှင်တို့ရဲ့ နိုင်ငံရေးပြောင်းလဲမှုဟာ အနှစ်အသားပါပါစေ။ မြန်ဖို့ မလိုပါ။ ကြီးမားတဲ့ပြောင်းလဲမှု မဖြစ်နဲ့။ မျှော်မှန်းထားတဲ့ အတိုင်းတိုင်းသာ ရှိပါစေ။ ငါတို့ရဲ့ ခံစားရတာတွေဟာ ငါတို့ပဲ သိပါတယ်။ ဒီအသိဟာ သူတစ်ပါးဆီက ရတဲ့အသိမဟုတ်ပါ။ ငါတို့ရဲ့အသိဟာ တာဝန်အသိ ဖြစ်တဲ့အတွက် မြန်မာပြည်သူပြည်သားတွေအတွက် နောက်ထပ် ဘယ်တော့မှ ပိတ်ညှပ် ခံစားနေရမယ့်ဒုက္ခ မဖြစ်စေရဘူး ဆိုတာကို လွှတ်တော်ရောက် အမတ်တွေ ခံစားလာရ မှာပါ။

အပြောင်းအလဲ မြန်ဆန်တဲ့ခေတ်ကြီးမှာ မြန်မြန်ဆန်ဆန်ပြောင်းလဲတဲ့ နိုင်ငံရေးကို အလိုက်မီတဲ့သူတွေ ရှိသလို လိုရာကိစ္စ ပြီးမြောက်အောင်မြင်ပြီး ဖြည်းဖြည်းအေးအေး ညင်ညင်သာသာနဲ့ ငြိမ်းချမ်းမှုအပြည့်အဝနဲ့ ချမ်းသာတဲ့ တိုင်းပြည်ဖြစ်အောင် (တို့မြန်မာတွေ တည်ဆောက်ရမယ်) အရှိန်မတန့်တဲ့ ပြောင်းလဲမှုနဲ့ လုပ်ရမယ်။ ခိုင်မာသော ပြောင်းလဲမှုနဲ့ ပြောင်းလဲရမယ်။ အန္တရာယ်အချိုးကွေ့တွေ ဘယ်လောက်များများ စည်းဝါးကိုက်ညီတဲ့ တွန်းအားရုန်းအားမှန်ရင် ဘယ်သူ့စကားကိုမှ နားထောင်စရာ မလိုပါ။

အရှင်တို့ရဲ့ တိုင်းပြည်ဟာ လူသားအရင်းအမြစ် ပြည့်စုံတဲ့ တိုင်းပြည်ဖြစ်သလို သဘာဝအရင်းအမြစ်တွေလည်း ပြည့်စုံ ကုံလုံနေပါတယ်။ ကြီးပွားရေး၊ စီးပွားရေး၊ အရင်း အမြစ် နည်းပါးနေကြသေးတာကလွဲလို့ အားလုံး ပျော်ရွှင်စရာကောင်းတဲ့ တိုင်းပြည်တစ်ပြည် ရှိနေပါသေးတယ်။ နှစ်ပေါင်းရာထောင်မက တည်လာခဲ့တဲ့ အရှင်တို့ရဲ့ တိုင်းပြည်ကို ဗိုလ်ကျ အုပ်ချုပ်စိုးမိုးလိုတဲ့သူတွေရဲ့ ကျွန်ပြုသူတို့ရဲ့ လက်အောက်ကနေ အကူအညီမတောင်း၊ ပူးပေါင်း ဆောင်ရွက်တဲ့ တော်လှန်ရေးနဲ့ ကိုယ်ပိုင်လက်ဆုပ်လက်ကိုင် အပြီးပိုင်ဆိုင်တဲ့ တိုင်းပြည် တစ်ပြည်မှာ စနစ်ကြမ်းတဲ့ နိုင်ငံရေး၊ စနစ်လျော့တဲ့နိုင်ငံရေး သားစဉ်မြေးဆက်သို့ အမွေဘယ်တော့မှ မပေးမိအောင် ခုချိန်မှာ ပြင်ဆင်ထားစရာမလိုတဲ့ လူမှုဘဝနိုင်ငံရေးမူဝါဒကို အကြွင်းမဲ့ ပေးခဲ့ဖို့ ကြိုးစားရမယ်။

နို့နဲ့ရေ တစ်သားတည်း

အရှင်တို့ဟာ အရှင်တို့ရဲ့ နိုင်ငံရေးလမ်းကြောင်းကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ပြုပြင်ပြောင်းလဲပေးခဲ့တာမျိုး၊ ကယ်တင်ခဲ့တာမျိုး မခံယူပါ။ အရှင်တို့မှာ အမြော်အမြင်ရှိကြတဲ့သူတွေပါ။ သတ္တိလည်း အပြည့်အဝရှိသလို ရဲရင့်တဲ့ ကိုယ်ပိုင်ဉာဏ်လည်း ရှိကြပါတယ်။ အခြေခံဥပဒေကို လေးစားသမှု အတူတူ ရှိကြတဲ့အတွက်ကြောင့် အမျိုးသား ပြည်လည် သင့်မြတ်ရေးလမ်းကြောင်းပေါ်ကို အလိုအလျောက် ရောက်ပြီးသား ဖြစ်နေကြပါပြီ။ အရှင်တို့ဟာ နို့နဲ့ရေ တစ်သားတည်း အတူတူနေကြတဲ့သူတွေပါ။ တစ်တန်းတည်း တစ်သားတည်းပါ။ မမြင်ချင်သူ မပေါင်းချင်သူစိတ် မရှိပါ။ ဝေဝေငှငှ မျှမျှတတ ရှိကြတဲ့သူတွေပါ။ မတူကွဲပြားမှု အဖြစ်ဆိုတာ အရှင်တို့အတွက် မဆန်းကြယ်ပါ။ ပြည်သူလူထု အားကိုးမျှော်လင့်နေကြတဲ့ ပြည်သူ့အကျိုးတရားကို ရဲရဲရင့်ရင့် ကြိုးစားအားထုတ်ပြီး လုပ်ကြရမှာပါ။

အရှင့်အနေနဲ့ လွှတ်တော်ရောက် ဒါယကာတွေကို ရင့်ကျက်ကြပါ။ ရဲရင့်စွာ တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်ပါ။ အကြမ်းဖက်မှုတရားကို ကျော်လွှားပြီး လူသား အားလုံးတို့ရဲ့ အမြတ်ဆုံး အကျိုးတရားကို ဆောင်ရွက်ကြဖို့ အမြဲပဲ သတိပေးပါတယ်။

ယခု အရှင်တို့ လေ့ကျင့်ပျိုးထောင်တဲ့ မြန်မာ့နိုင်ငံရေးဟာ
မြန်မာ့လူမှုဘဝနိုင်ငံရေးဖြစ်လို့ နိုင်ငံသားအချင်းချင်း ငြိမ်းချမ်းမှု၊
ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေး ခံစားတတ်လာမှု သဘောတရားပါတဲ့
နိုင်ငံရေးကို ဆောင်ရွက်လုပ်ကိုင်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၇၁-၁၇၆၊ အဝိဟိံသာနိုင်ငံရေး (၁၈)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
ကရင်လူမျိုး တောမှီရဟန်း

။ မန်းနဲစံ (ဖားအံ) ။

။ မြန်မာ့စာပေလောကမှာ
၁) ပါရဂူ
၂) မောင်မဲ
၃) လူထု ဦးလှ
၄) ဒဂု ဦးစန်းငွေ
၅)ငွေတာရီ
၆) ဦးရွှေအောင်
၇) ရွှေဘို မိမိကြီး
၇) ရွှေဘို ဦးသန်းထွန်း
၈) ဆန်းထွန်း(မန်းတက္ကသိုလ်)
၉) ငွေဥဒေါင်းတို့နဲ့အတူ ဗုဒ္ဓစာပန်းချီစာရေးဆရာကြီးထဲက စန္ဒန (ဖားအံ) ဟာ အရှေ့ပိုးကရင်တိုင်းရင်းသား ဆရာတော်တစ်ပါးဖြစ်သည်အလျှောက် သက္ကတ၊ ဟိန္ဒီဘာသာပြန်ကျမ်းစာများလည်း ကျွမ်းကျင်တော်မူသော ဆရာတော်တစ်ပါးဖြစ်ပါတယ်။

(၂၅.၉.၁၉၉၂) ခုနှစ်တွင် ပျံလွန်တော်မူခဲ့ပေလည်း ယနေ့ချိန်တိုင် သတိရနေဆဲ ဖြစ်တော်မူပါသည်ဘုရား။

တောမှီရဟန်း
(၃၁.၅.၂၀၂၅) ရက်နေ့။

ဝီကီပီဒီးယားတွင် ဆက်လက်ဖတ်ရှုရန် – စန္ဒန – ဝီကီပီးဒီးယား (wikipedia.org)

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း ဘာသာရေး

ဒေါသကိုထိန်း ဘေးရန်ငြိမ်း

“ဒေါသကိုထိန်း – ဘေးရန်ငြိမ်း” ဆိုသဖြင့်၊ ဒေါသ အကြောင်းကို ရေးလျှင်၊ ဒေါသ၏ အပေါင်းအသင်း ရောင်းရင်းများ ဖြစ်ကြသော အဝိဇ္ဇာ တဏှာ၊ လောဘ၊ မောဟတို အကြောင်း မလွဲမရှောင်သာဘဲ၊ တွဲ၍ ပါရပေတော့မည်။

ကမ္ဘာဦးကျမ်း၌

ကမ္ဘာဦးအခါ လူတို့သည် ရသတဏှာမပေါ်မီက၊ “ကဗဋီကာဟာရ” ကိုမသုံးဆောင်မီ ကောင်းကင်၌ ပျံသန်းသွားလာ နိုင်ကြကုန်၏။ မိမိ၏ ကိုယ်ရောင်ဖြင့် ထွန်းလင်းတောက်ပလျက်၊ ဤလူ့ပြည်လောကမှာ သွားလာနေထိုင်ကြကုန်၏။

မြေဆီကိုအလုပ်အကျွေးပြု၍ သုံးဆောင်သောအခါမှစ၍၊ ထိုရသတဏှာကြောင့် လူတို့သည် ကိုယ်ရောင်ကိုယ်ဝါနှင့်တကွ၊ အခြားတန်ခိုး ဣဒ္ဓိပါတ်တို့သည် ပျောက်ကွယ်၍ သွားလေတော့၏။ 

ရသတဏှာ ၂မျိုး

ရသတဏှာသည် ဤမျှလောက်တန်ခိုးအာနိသင်တို့ ညံ့ဖျင်းစေ၏။ ထို ရသတဏှာသည် အဝိညာဏက ဖြစ်သောတဏှာ၊ သဝိညာဏကဖြစ်သောတဏှာဟူ၍ ၂ပါးအပြားရှိ၏။ ထိုတွင် အသက်မပါသော (သက်သတ်လွတ်) ဆွမ်းခဲဖွယ်ဘောဇဉ်ကို တတ်မက်သောတဏှာသည်၊ အဝိညာဏကရသတဏှာမည်။  ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ၊ ကျွဲ၊ နွား၊ သားငါးစသော သတ္တဝါတို့၏အသား၌ တက်မက်သော တဏှာသည်၊ သဝိညာဏကရသတဏှာမည်၏။

အသက်များ

ထိုသဝိညာဏက ရသတဏှာကြောင့်ဆိတ်သား၊ ဝက်သား၊ ကြက်သား၊ ဘဲသား၊ နွားသားစသောအားဖြင့် မရေမတွက်နိုင်အောင် များစွာသောအသားကို စားသောက်မှုအမျိုးမျိုးသည် ပေါ်ပေါက်၍ လာလေ၏။ အသားစားမှု အမျိုးမျိုးအတွက်ကြောင့် တစ်နေ့လျှင် မြို့ကြီးပြကြီးများမှစ၍ တောကျေးရွာအဖြာဖြာတို့တွင် ရေ၌ ကျက်စားကြသောသတ္တဝါ၊ ကုန်း၌ကျက်စားကြသောသတ္တဝါ၊ ကောင်းကင်၌ ကျက်စားကြသောသတ္တဝါအပေါင်းတို့သည် မရေမတွက်နိုင်အောင် အကျိုးမဲ့ပျက်စီးခြင်းသည် ဖြစ်ပေါ်၍ လာလေ၏။

အကာလမရဏ

ထိုသတ္တဝါတို့သည် မိမိတို့သက်တမ်းစေ့အောင် မနေ ကြရဘဲ၊ လူတို့၏ပယောဂဖြင့် သေကြရခြင်းမှန်သမျှမှာ အသားစား မှုကို မက်မောသောရသတဏှာကြောင့်သာ ဖြစ်ရပေ၏။

သဝိညာဏကရသတဏှာကြောင့်အသားစားမှု ဖြစ်ပေါ်လာသည်။ အသားစားမှုကြောင့် သတ်ဖြတ်ညဉ်းဆဲမှုများ ပေါ်ပေါက် လာသည်။ သတ်ဖြတ်ညှဉ်းဆဲမှုများကြောင့် သတ္တဝါတို့သည် “အကာလမရဏ” သေခြင်းဖြင့် သနားစဖွယ် သေဆုံးကြရ ရှာသည်။

ရှေးကရောဂါ…သုံးမျိုးသာ

တယောရောဂါ ပုရေအာသုံ၊ ဣစ္ဆာ အနသနံဇရာ။
ပသု နဉ္စ သမာရမ္ဘာ၊ အဋ္ဌနဝုတီ အာဂမုံ။
(ဗြဟ္မဏ ဓမ္မိကသုတ်၊ သုတ္တနိပါတ်ပါဠိတော်)

မြန်မာပြန်လျှင် – ပုရေ- သားသတ်ယောက်ျား၊ အသားစား တို့မပေါ်မီ ရှေးအခါ။ လောကေ- လောက၌။ တယောရောဂါ – အနာ ရောဂါသုံးမျိုး တို့သည်သာလျှင်၊ အာသုံ- ရှိကြကုန်၏။

(၁) ဣစ္ဆာ- မိမိ၌မရှိသေးသော ဥစ္စာဓနကို လိုချင် တောင့်တသော အနာ။
(၂) အနသနီ- စားချိန်ကျ၍၊ မစားရလျှင် ဆာမွတ်သည့်အနာ။ 
(၃) ဇရာ- အိုချိန်ကျက ၊ အိုရခြင်းအနာ၊

ပသုနဉ္စ၊တိရစ္ဆာန်သတ္တဝါတို့ကို။ သမာရမ္ဘ -သတ်ဖြတ်စားသောက်မှုပေါ်ပေါက်လာသောအခါမှ။ အဋ္ဌနဝုတီ- ၉၈-ပါးသော ရောဂါဆိုး၊ ကပ်ဥပါဒ်အမျိုးမျိုးတို့သည်။ အာဂမုံ- လူ့လောကမှာ ပေါ်ပေါက်၍လာကုန်၏။

ဤသည်တို့မှာ သဝိညာဏကရသတဏှာ သောင်းကျန်း ကြသဖြင့် လောက၌သတ္တဝါတို့ ဒုက္ခအဖုံဖုံဖြစ်ရခြင်းအကြောင်း ကမ္ဘာဦးကျမ်း ထွက်ဖြစ်ပါသည်။

ပရိတ်ရွတ်ကြရာ၌
အသားမစားဘဲ . ရှောင်ကြဉ်မှုသည် တရားတော်နှင့် သင့်လျော်သည် မသင့်လျော်သည်ကို စဉ်းစားကြရန်မှာ “အဘိသမာ စာရိတ္တသီလ” ဖြစ်သော “ဇတင်အကျင့်ကိုကျင့်ရမည်၊ မကျင့်လျှင် တစ်စုံတစ်ခုသော အပြစ်ဒေါသရောက်စေ”ဟု မြတ်စွာဘုရား ပညတ်တော်မမူ။ ကျင့်လိုသူ၊ ကျင့်နိုင်ရန်ကိုသာ သဘောထား ခွင့်ပြုတော်မူပါသည်။ ၎င်းဇတင်အကျင့်ကို ကျင့်သောသူသည် မကျင့်သောသူထက်သာသကဲ့သို့ပင် အသက်သတ်ကိုရှောင်ကြဉ်သော သူသည်လည်း၊ မရှောင်ကြဉ်သော သူထက်သာသည်၏ အဖြစ်မှာထင်ရှား လေသည်။

ပရိတ်ရွတ်ကြရာ၌ သူ့အသားမစားဘဲ ရှောင်ကြဉ်သူသည် သာ၍ အာနိသင်ထက်မြက်၏။ ဒီဃနိကာယ်သုတ္တံ ပါဠိတော် မဟာသမယသုတ်ကို ရွတ်ဖတ်သောရဟန်းသည် မရွတ်မီ(၇)ရက်က သက်သတ်လွတ်စားပြီးမှ၊မဟာသမယသုတ်ကိုရွတ်ဖတ်ရမည်ဟု မဟာသမယသုတ်အဋ္ဌကထာတွင်လာသည်။

သူ့အသားကိုစား၍ ရွတ်သောရဟန်း၏ ပရိတ်တန်ခိုးအာဏာတို့သည် အလွန်ကြမ်းတမ်းသော မကောင်းဆိုးဝါးတို့ထွက် ပြေးနိုင်လောက်အောင် မတတ်စွမ်းနိုင်သည်သာမက၊ ထိုသို့ ရွတ်ဖတ်သော ရဟန်းကိုယ်ပင် အန္တရာယ်ဖြစ်စေတတ်သည်။ ဤသည်မှာ မကောင်းဆိုးဝါးတို့ တကယ်ကြမ်းတမ်းစွာ ပူးဝင် ခိုအောင်းလာသောအခါ၊ အသားစားသူနှင့် မစားသူတို့၏ ပရိတ် တန်ခိုးအာဏာကွာခြားပုံတည်း။

ကာလမရဏဒါနအလှူ

ကုန်းသတ္တဝါ – ရေသတ္တဝါတို့သည် မိမိတို့ရရှိသောဘဝတို့၌ ချမ်းသာအေးမြစွာ မိမိတို့တိရစ္ဆာန်မျိုးဆွေအပေါင်းတို့နှင့် ကောင်းစွာ နေထိုင်လိုကြပေသည်။

(၁) ဘေးရန် လွတ်ကင်းချမ်းသာစေချင်သောစိတ် တိရစ္ဆာန်တိုင်း ရှိကြသည်။(၂)  အသက်မသေလိုသောစိတ် တိရစ္ဆာန်တိုင်း ရှိကြသည်။
(၃)အချိန်မစေ့ရောက်ဘဲ၊ အကာလမရဏ၊ လူတို့သတ်ပုတ် ညှဉ်းဆဲ၍သေရခြင်းကို အလျင်းပင်အလိုဆန္ဒ မရှိကြကုန်။ 

အမြို့မြို့အရွာရွာ၊ လူ့ပြည်၌ရှိကြကုန်သော မနုဿလူသားကမ္ဘာသူ၊ ကမ္ဘာသားအားလုံးတို့သည်လည်း ထိုတိရစ္ဆာန်ကဲ့သို့ပင် မိမိတို့ခန္ဓာကိုယ်ကို

(၁)  ဘေးကင်းချမ်းသာလိုသောစိတ် ရှိကြသည်။

(၂)  အသက်မသေလိုသောစိတ် ရှိကြသည်။

(၃) အချိန်မစေ့ဘဲ၊ အကာလမရဏ သူတစ်ပါးသတ်သဖြင့် မသေချင်ကြသောစိတ် လူတိုင်းပင် ရှိကြသည်။

လူ့ပြည် လူ့တိုင်း၌၊ ကုန်းတိရစ္ဆာန် – ရေတိရစ္ဆာန်တို့ကို အကာလ အချိန်မစေ့မီ၊ မသနား ရက်စက်သတ်ဖြတ်၍ သေချင်းဆိုး နှင့် သေကြေပျက်စီးကြရခြင်းသည် –
(၁)  သတ္တဝါတိုင်း ဘေးကင်းချမ်းသာစေချင်လှသောစိတ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
( ၂)  သတ္တဝါတိုင်း အသက်မသေချင်ကြသောစိတ်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
(၃)သတ္တဝါတိုင်း အချိန်မစေ့ရောက်ဘဲ၊ မသေချင်လိုသောစိတ်နှင့်လည်း ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်သည်။

မိမိတို့၏ ကိုယ်ခန္ဓာကို လူတိုင်းပင်အချိန်မစေ့ဘဲ အသက် မသေရ၍ ဘေးကင်းချမ်းသာစွာ နေလိုကြ၏။ ထို့အတူ၊ သား၊ လင်၊ ခင်ပွန်း ချစ်ကျွမ်းဝင်ကုန်ကြသော မိတ်ဆွေဉာတကာအပေါင်း တို့နှင့်လည်း မကွေမကွာ၊ အခါခပ်သိမ်းအေးငြိမ်းချမ်းသာ အမြို့မြို့ အရွာရွာလူများစွာတို့ နေချင်ရှာချင်သလိုပင်၊ ကုန်းတိရစ္ဆာန်-ရေ တိရစ္ဆာန်အပေါင်းတို့မှာလည်း မိမိတို့ဘာသာဘာဝ ရရှိသောမျိုးဆွေတို့နှင့် ကြည်လင်ရွှင်ပျ လူတို့လိုပင် နေထိုင်လိုကြကုန်သည်၊ အမှန်ဖြစ်တော့သည်မှာ မလွဲမုချဧကန်ဖြစ်၏။ သို့ငြားလည်း လူ့ပြည်လူသားတို့အသက်ခန္ဓာမွေးမြူမှုအတွက် စားကြသောက်ကြဖို့အရေး ကိစ္စကြောင့်သူတို့ခမျာမှာ ဘေးဒုက္ခကြီးစွာတွေ့ရသည်၊ အသက် သေရသည့် အချိန်မစေ့မီ – အကာလမရဏသေခြင်းဆိုးဖြင့်၊ ပြင်းပြစွာ နာကျင်၍ မရှုမလှသေဆုံးကုန်ကြရရှာပေသည်။ 

(၁) ငါ – ငါ့သားမယား ဆွေမျိုးဉာတိတို့ဘေးကင်းကြပါစေ။ 
(၂) ငါ – ငါ့သားမယား ဆွေမျိုးဉာတိတို့ အသက်မသေကြပါ စေနှင့်။
(၃) ငါ – ငါ့သားမယား ဆွေမျိုးဉာတိတို့ အချိန်မစေ့ဘဲ၊ အကာလမရဏဖြင့် မသေကြပါစေနှင့်။
(၄)ငါတို့လိုပင် သူတို့ဆွေမျိုးသားချင်းတို့နှင့်တကွ ကွေကွင်းခြင်း ဝိပ္ပယောဂဒုက္ခမဖြစ်ကြပါစေနှင့်ဟူသော စိတ်ထားမျိုး သူတော်ကောင်းမှန်လျှင် ဧကန်မုချရှိရပေမည်။

(၁)  မိမိတို့အတွက်၊ သားမယားအတွက်၊ သတ္တဝါ အပေါင်းအား ဘေးဒုက္ခကင်းရှင်းစေရန် “အဘယဒါန” အလှူကြီးကို ပေးလှူရာသည်။
(၂) မိမိအတွက်၊ သားမယားအတွက် သတ္တဝါတို့အား မသေစေရန် “ဇီဝိတဒါန” အလှူကြီးကို ပေးလှူ ကုန်ရာသည်။
(၃) မိမိအတွက်၊ သားမယားအတွက် အချိန်မစေ့ဘဲ သတ်၍ သေခြင်းအကာလ၊ မရဏတရားကို သေနေ့မစေ့၊ မသေကြပါစေနှင့်ဟူသော “အကာလမရဏဒါန” အလှူကိုပေးလှူကုန် ရာသည်။

မြတ်သောဒါန

ပါဏာတိပါတာ ပဋိဝိရတော ဘိက္ခဝေ အပရိမာဏာနံ၊ 
သတ္တာနံ အဘယံဒေတိ၊ အဝေရံဒေတိ၊ အပရိမာဏာနံ သတ္တာနံ၊ 
အဘယံဒတွာ၊ အဝေရံဒတွာ၊ အပရိမာဏဿ-အဘယဿ၊ 
အဝေရဿ၊ ဘာဂီဟောတိ၊ ဣဒံ ဘိက္ခဝေ၊ ဒါနံမဟာဒါနံ။

( အင်္ဂုတ္တရပါဠိတော် )

ဘိက္ခဝေ – ရဟန်းတို့။ ပါဏာတိပါတာ – သူတစ်ပါးအသက် ကို သတ်ဖြတ်ခြင်းမှ။ ပဋိဝိရတော – ရှောင်ကြဉ်သောသူအား။ အပရိမာဏာနံ – အတိုင်းအရှည်မရှိကုန်သော။ သတ္တာနံ – သတ္တဝါ တို့အား။  အဘယံ-ဘေးမရှိသည်ကို။ ဒေတိ – ပေးလှူသည်မည်၏။ အဝေရံ – ရန်မရှိသည်ကို။ ဒေတိ – ပေးလှူသည်မည်၏။ အပရိမာဏာနံ – သတ္တဝါတို့အား။ အဘယံ – ဘေးမရှိခြင်းကို။ ဒတွာ –  ပေးလှူရသောကြောင့်။ အပရိမာဏဿ – အတိုင်းအရှည်မရှိသော။ အဘယဿ – ဘေးမရှိခြင်း၏။ အဝေရဿ – ရန်မရှိခြင်း၏။ ဘာဂီ – အဖို့ရှိသည်။ ဟောတိ – ဖြစ်၏။ ဘိက္ခဝေ – ရဟန်းတို့။ ဣဒံဒါနံ –  ဤသူတစ်ပါး၏အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်းဟူသောဒါနသည်။ မဟာဒါနံ  – ကြီးကျယ်မွန်မြတ်သော ဒါနကြီးသည်။ ဟောတိ – ဖြစ်၏။

ဘေးမဲ့အလှူ

ဘုရားလောင်းဖြစ်သော မျောက်မင်းသည် ချောက်တွင်း၌ ကျရောက်နေသော ပုဏ္ဏားကြီးအား၊ အကာလမရဏမဖြစ်စေရန် အသက်ကိုကယ်ဆယ်ရခြင်း “ဇီဝိတဒါန” အလှူကြီးကို လှူတော် မူလို၍၊ ကြံဖန်ပြီး ချောက်တွင်းသို့ဆင်းကာ ကယ်ဆယ်တော်မူသည်။ တစ်ဖန် ထိုပုဏ္ဏားကြီးက၊ ပြန်၍ နှိပ်စက်သည်ကိုပင် သည်းခံတော်မူပြီး ဦးခေါင်း၌ သွေးယိုစီးလျက်မသက်မသာရှိရာကပင်၊ ကျားဘေး၊ ဆင်ဘေးဖြင့်၊ ထိုပုဏ္ဏားကြီးသည် တောနက်ကြီးထဲဝယ် မသေပါစေနှင့်ဟူသော “အဘယဒါန” အလှူကြီးကို နောက်တစ်ဖန်အားထုတ်တော်မူပြန်သည်မှာ၊ အသက်ချမ်းသာရာရအောင်လိုက်၍ ပို့ဆောင်ခါဖြင့်၊ လမ်းပြပေးရခြင်းသည် ဘေးမဲ့အလှူကြီးဖြစ်သည်။ ဤသို့လျှင် မျောက်မင်းသည် ပါရမီဆယ်ပါး ပြည့်စုံအောင် ဖြည့်ဆည်းတော်မူခဲ့သည်။

ထိုသို့လျှင် သတ္တဝါတို့အား အသက်ကယ်ဆယ်ရခြင်းသည် ပါရမီဆယ်ပါး အားလုံး သိမ်းကြုံး ငုံမိ – ခြုံမိသည်ဖြစ်၍၊ ထိုအကျိုးသွားသည် လျှမ်းလျှမ်းတောက်အကျိုးသွား ဖြစ်စေ၍ နောက်နောင် ကာလတမလွန်ဘဝတို့ကို မဆိုထားနှင့်ဦး။ ယခုပစ္စက္ခဘဝ၌ပင် မျက်နှာမြင်က ချစ်ခင်ရခြင်း၊ အသံကြားက ကြည်ညိုခြင်း၊ ရောဂါအနာကင်းခြင်း၊ စိတ်ချမ်းသာ – ကိုယ်ချမ်းသာခြင်း၊ ဆွေမျိုး တစ်စုတို့နှင့် အသက်ထက်ဆုံး ကြည်လင်ချမ်းမြ နေထိုင်ရခြင်း၊ သေနေ့မစေ့မီမသေခြင်း၊ သူတစ်ပါးပရောဂဖြင့် သေခြင်းဆိုးနှင့် မသေရခြင်း၊ သွားလေရာရာ မျက်နှာပွင့်လန်းခြင်း စသောယခုဘဝ ဒိဋ္ဌဓမ္မပစ္စက္ခ အကျိုးပေးသန်စွမ်းလှ၏။ ဒိဋ္ဌဓမ္မဝေဒနိယ အကျိုးတည်း။ 

နောင်တမလွန်ဘဝတို့၌လည်း၊ ယခုဘဝအကျိုးပေး သကဲ့သို့ဖြစ်လေရာရာ အသက်ရှည်ခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဩဇာအာဏာထက်မြက်ခြင်း၊ တန်ခိုးကြီးခြင်း၊ သူတစ်ထူး တို့ထက် သွက်လက်လျင်မြန်သောဉာဏ်ရှိခြင်း၊ လူထက်လူ၊ နတ်ထက်နတ်၊ ဗြဟ္မာထက်ဗြဟ္မာ၊အကျော်အမော်ဖြစ်ရခြင်း၊ အဆုံးဘဝ နောက်ကာလ၌လည်း နိဗ္ဗာန်ချမ်းသာမြတ်ကြီးသို့ မပင်မပန်း ချမ်းသာလွယ်ကူရယူနိုင်ခြင်းဟူသော အကျိုးထူးအကျိုးမြတ်ဖြစ်ပေ၍    ရှေးရှေးသူတော်ကောင်းဘုရားလောင်းတို့သည် သတ္တဝါအပေါင်း ချမ်းသာကြောင်းကိုသာ ရှာကြံအားထုတ်ပြုလုပ်သွားကြဖူးကုန်ပြီ။

(လယ်တီဝိနိစ္ဆယသူစိကျမ်း – ၁၄၂ မှ ၁၄၅) 
အသားစားကျူးသော အလေ့ဆိုးကြောင့် ဗြဟ္မစိုရ်တရား ပျက်ကွက်ရပုံမှာ၊ ဓမ္မပဒအဋ္ဌကထာလာ နန္ဒနွားသတ်ယောက်ျား ဝတ္ထုနှင့် နိပါတ်တော်လာဗာရာဏသီပြည့်ရှင်၊ ဗောဓိသာဒဝတ္ထု တို့ဖြင့် ထင်ရှားပါသည်။ သဝိညာဏက – ရသတဏှာ၏ ခြယ်လှယ်ခံရမှုပေတည်း။

နွားသတ်ယောက်ျား

ဤနေရာ၌ “ဇာဂရာဘိဓဇသီရိပဝရာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ၊ ဘုရားကြီးဆရာတော် ရေးသားသော သံဝေဂဝတ္ထုဒီပနီမှ၊ သဝိညာဏက ရသတဏှာကို ခုံမင်လှသည့် နွားသတ်ယောက်ျားဝတ္ထုကိုတင်ပြအပ်ပါသည်။ 

ဘုရားမြတ်စွာသည် သာဝတ္ထိပြည်ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော်နေတော်မူသောအခါ၊ သာဝတ္ထိပြည်သား နွားသတ်ယောက်ျားတစ်ယောက်သည် နွားကိုသတ်ပြီးလျှင် စားချင်ရာအသားတို့ကို လှီးဖြတ်၍ ကြော်ချက်ဖုတ်မြှိုက်ပြီးမှ သမီးသား အိမ်သူတို့နှင့်အတူတကွနေထိုင်လျက် စားသောက်၏။ 

စားသောက်၍မကုန် အလုံးစုံကြွင်းကျန်သော အမဲသား တို့ကိုလည်း သူတစ်ပါးအား ရောင်းစား၏။ ဤသို့သောနည်းဖြင့်နှစ်ငါးဆယ်လုံး နွားသတ်အမှုကို ပြုသည်ဖြစ်၍ အသက်မွေးလျက်နေ၏။

ထိုသူနေရာနှင့်မနီးမဝေးတွင် သံဃာတော်တပည့် အပေါင်းနှင့် ရွှေကျောင်း
ဗိမ္မာန်အတွင်းဝယ် သီတင်းသုံးနေတော် မူသော သဗ္ဗညုဘုရားအားလည်းကောင်း၊ တပည့်သားသံဃာတော် အားလည်းကောင်း၊ ယာဂုတစ်ဇွန်း၊ ဆွမ်းတစ်ယောက်မျှ လှူဒါန်းဖူးသည်မရှိ။ သစ်သီးတစ်လုံး ပန်းတစ်ပွင့်ဖြင့်သော်လည်း ပူဇော်ဖူးသည်မရှိ၊ သည့်ပြင်မှတစ်ပါး အခြားကုသိုလ်ကိုလည်း အနည်းငယ် စိုးစဉ်းမျှ မပြုဖူးလေ။

ထိုနွားသတ်ယောက်ျားသည် နွားသားအမဲဟင်းနှင့် ကင်း၍ ထမင်းကို တစ်ရံတစ်ဆစ်မျှ မစားစဖူး၊ တစ်နေ့သ၌၊ နေ့အဖို့ဝယ် လည်၍ အမဲရောင်းပြီးမှ၊ မိမိအဖို့ချက်ခြင်းငှာ တစ်တုံးသောအမဲ သားကို၊ မယားအားပေးအပ်၍ ရပ်သားရွာသူတို့နှင့်အတူတကွ ရေချိုးခြင်းငှာ သွားလေ၏။

ထိုအခါနွားသတ်ယောက်ျား၏ အဆွေခင်ပွန်းတစ်ယောက် သည် အိမ်သို့လာပြီးသော်၊ နွားသတ်ကတော်ဖြစ်သော မယားကို “ရှင်မ၊ ငါ့အားအမဲရောင်းပါ၊ ငါ၏အိမ်မှာဧည့်သည်လာရောက်၍ ရှိချေသည်”ဟု ဆို၏။

“ရောင်းစရာအမဲမရှိချေ၊ သင်၏အဆွေသည်အမဲရှိသမျှ အလုံးစုံကို အကုန်ရောင်းချခဲ့၍ ယခုပင်ရေချိုးခြင်းငှာသွားပါသည်” ဟုဆို၏။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁၇)

အလိုကျ အကြိုက်ဆောင်တဲ့ နိုင်ငံရေး မရှိရ။

အခွင့်အရေးကို တရားနည်းလမ်းအတိုင်း ကာကွယ်

နိုင်ငံရေးဆိုတာ အပေါ်ယံသွားတဲ့အလုပ် မဟုတ်ပါ။ အနှစ်အသားပါတဲ့အလုပ်ပါ။ ဝါသနာပါတာတောင် အနစ်နာမခံနိုင်ရင် နိုင်ငံရေးစက်ကွင်းထဲကနေ ထွက်ခွာသွားရတာပါပဲ။ တိုင်းပြည်တစ်ခု တည်ထောင်ရင် ပြဋ္ဌာန်းထားတဲ့ အခြေခံ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရပါတယ်။ အခွင့်အရေးဆိုတာ သုံးစွဲတတ်ဖို့၊ ကာကွယ် တတ်ဖို့ လိုပါတယ်။ အခွင့်အရေးရတိုင်း(ရှိတိုင်း) တာဝန်မယူဘဲ ရှောင်ဖယ်နေရင် အခွင့်အရေးဆိုင်ရာ ထိပါးလေမှာပဲ။အခွင့်အရေးကို တရားနည်းလမ်းအတိုင်း ကာကွယ်ထိန်းသိမ်းရ မယ်။ တရားလက်လွတ်နည်းနဲ့ ရတဲ့ အခွင့်အရေးကို ကလဲ့စားချေတာ၊ အကြမ်းဖက်တာတွေ လုပ်လို့ကတော့ အခွင့်အရေးများ မပျောက်ဆုံးဘဲ မရှိပါ။

အခြေခံဥပဒေပါ လူ့ရဲ့အခွင့်အရေးကို ထိပါးကျူးကျော်ကြည့်ပါ။ ကျူးလွန်တဲ့သူ ရတဲ့အပြစ်ဟာ ရာဇဝတ်ဥပဒေအပြစ် မဟုတ်ရင် အခြားသီးခြားအပြစ်ပေးနိုင်စရာ အကြောင်း မရှိပါ။ လွတ်လပ်စွာ ရေးသားနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ လုပ်ကိုင်ခွင့်အခွင့်အရေး တွေကို အလွဲသုံးစားခြင်း၊ ထိပါးစော်ကားခြင်းလုပ်ရင် လုပ်သူ တရားရုံးမရောက်ဘဲ မရှိပါ။ လွတ်လပ်ခွင့်ရတိုင်း (လွတ်လပ်သည်၊ ကောင်းသည်) ကောင်းတယ်လို့ချည်းပဲ မထင်နဲ့။ နိုင်ငံတော်အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ဝန်ထမ်း၊ ပြည်သူပြည်သား များကို အကြည်ညိုပျက်ပြားစေအောင်လုပ်တဲ့ လှုံ့ဆော်မှု၊ ရေးသားမှု၊ ပြောဆိုမှုဟာ လွတ်လပ် မှု အခွင့်အရေးကို အလွဲသုံးစားမှု ထင်ရှားရင် ရာဇဝတ်ပြစ်မှု ကျူးလွန်ရာ ရောက်တယ်။ရာဇဝတ်မြောက်သော ပြစ်ချက်ပြစ်ဒဏ်တွေ အားလုံးဟာ အခွင့်အရေးအမျိုးမျိုး ဆုံးရှုံးကြ ရတာပါပဲ။

အခြေခံဥပဒေကို စောင့်ထိန်းကာကွယ်ရာမှာ လွတ်လပ်မှု (လွတ်လပ်ခြင်း) ဆိုတာ အစိုးရမို့ မမှားနိုင်ဘူး မထင်နဲ့။ ဘယ်တိုင်းပြည်မှာမှ လွတ်လပ်စွာ မှားနိုင်တယ်လို့ မရှိပါ။ မြန်မာပြည်မှာ လွတ်လပ်မှုအတွက် ဥပဒေအမျိုးမျိုး မရှိပါ။ လွတ်လပ်မှုနဲ့ ပတ်သက်ရင် လူမျိုးအဆင့်အတန်းခွဲခြားမှု၊ နှိမ့်ချမှု၊ မုန်းတီးမှုများ မရှိပါ။ အခြေခံလူ့အခွင့်အရေး ထိပါးခြင်းခံရသော ပြည်သူများက ကျူးလွန်သူတို့ကို မည်သို့ အရေးယူရမည်ကို ဥပဒေချိုးဖောက်သူကို နိုင်ငံတော်တရားလွှတ်တော်ချုပ်၊ သို့မဟုတ် ပြည်နယ်၊ တိုင်းတရားလွှတ်တော်ချုပ်ရုံး  ရှိပါတယ်။ အဲဒီရုံးကို သွားပြီး မိမိရဲ့အခွင့်အရေး ဆုံးရှုံးရခြင်းအကြောင်းကို လျှောက်ထားပါ။အခြေခံဥပဒေကို စောင့်ထိန်းကာကွယ်ရာမှာ တရားလွှတ်တော်ချုပ်ဟာ အဓိကပါပဲ။ အခြေခံ ဥပဒေမှ ပြဋ္ဌာန်းချက်များ တစ်ခုခု(တစ်ပါးပါး)မှားရင်၊ သို့မဟုတ် ကျူးလွန်သူရှိရင် တရားလွှတ်တော်ချုပ်က အမှားကို ပြင်ပေးရမယ်။အမှန်ကို ညွှန်ပြပေးရမယ်။ (အရေးယူပေး ရမယ်)။

တရားလွှတ်တော်ချုပ်ဟာ တရားရေးမှာ ဦးသျှောင် ဖြစ်တယ်။ ပြည်သူတိုင်းသွားရောက် လျှောက်ထားခွင့် ရှိတယ်။ ပြည်သူအတွက် ဖွင့်လှစ်ထားတဲ့ တရားရုံးပါ။ဆင်းရဲသူ၊ ချမ်းသာသူ၊ အလွှာစုံအောင် လျှောက်ထားသူမှန်သမျှ တရားလွှတ်တော်ချုပ်ကကြားနာရမယ်။ အစိုးရကိုယ်တိုင်က ချမှတ်တဲ့အမိန့်များ တစ်ခုခုမှားယွင်းနေရင်၊ ဒါမှမဟုတ် အာဏာတစ်ခုခု ကျူးလွန်နေရင် တရားလွှတ်တော်ချုပ်က ပယ်သင့်ရင်ပယ်၊ အရေးယူသင့်ရင် ယူရမယ်။ တရားလွှတ်တော်ချုပ်ဟာ အခြေခံအခွင့်အရေးတစ်မျိုးမျိုး (တစ်ရပ်ရပ်)ကို ထိပါး ကျူးကျော်ထားတာကို တွေ့ရရင် “စာချွန်တော်အမိန့်” ထုတ်ဆင့်နိုင်ပါတယ်။ ပြည်သူလူထု တစ်ယောက်အနေနဲ့လည်း မိမိ နစ်နာချက်ကို ဖော်ပြပြီး ကိုယ်တိုင် လျှောက်လွှာတင်သွင်းနိုင်တယ်။ လျှောက်လဲနိုင်တယ်။ ရုံးတော်က မကြားနာပေးစရာ အကြောင်းမရှိပါ။ ပြည်သူတွေဟာ များသောအားဖြင့် တရားရုံးတွေကို ကြောက်ကြတယ်။ တရားဥပဒေကို လေးစားတဲ့သူဟာ အခွင့်အရေးတစ်ပါးပါးကို ထိပါးရင်၊ ကာကွယ်ဖို့လိုရင် တရားရုံးနဲ့သာ အဖြေရယူ ရမယ်။ အားကိုးရမယ်။

အခြေခံဥပဒေအရ တစ်နည်းတစ်ဖုံ ထိပါးလာရင် မထီမဲ့မြင်ပြုသူကို “ရှေ့တော် သွင်း စာချွန်တော်” ထုတ်ဆင့်နိုင်ပါတယ်။ ဘယ်ဥပဒေနဲ့ ဖမ်းဆီးချုပ်နှောင်ထားပါသလဲ ဆိုတာ ထုချေလွှာရှင်းလင်းရမယ်။ မရှင်းလင်းနိုင်ရင် “လွှတ်စေ”အမိန့်ထုတ်ရမယ်။ ဒါကြောင့် “အာဏာပေး စာချွန်တော်၊ တားမြစ်စာချွန်တော်၊ အာဏာပိုင်စာချွန်တော်၊ အမှုခေါ်စာချွန် တော်”များ ရှိပါလျက် လူထုနည်း၊ လူမိုက်နည်းများ သုံးခြင်း၊ လူစုဖွဲ့တောင်းဆိုခြင်း၊

စည်းကမ်းမဲ့ ဆူပူခြင်း၊ ရိုက်နှက်ခြင်း၊ မင်းမဲ့စရိုက်မျိုးဖြစ်အာင် လူမှုဘဝနိုင်ငံရေး (ဒီမိုကရေစီ နိုင်ငံရေး) တည်ထောင်တဲ့ တိုင်းပြည်တိုင်းမှာ သိမှတ်တန်ဖိုးထားရမယ်။

လေးစားတန်ဖိုးထားတဲ့သူကိုပဲ ခေါင်းဆောင်တင်

 တိုင်းပြည်တစ်ပြည် တည်ရင် –

(၁) ပြည်ထောင်စုလွှတ်တော်များဟာ ဥပဒေပြုရေး မဏ္ဍိုင်ကို တာဝန်ယူရမယ်။
(၂) ပြည်ထောင်စုအစိုးရအဖွဲ့ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ကို တာဝန်ယူရမယ်။
(၃) တရားလွှတ်တော်ချုပ်နဲ့ တရားလွှတ်တော်များဟာ တရားရေးမဏ္ဍိုင်ကို တာဝန် ယူရမယ်။
(၄) ပြည်သူဟာ ပြည်သူ့မဏ္ဍိုင်ဖြစ်သော သတင်းစာ၊ စာအုပ်၊ စာတမ်း၊ မဂ္ဂဇင်း စသော စာအစောင်စောင်မှ အမှန်၊ အမှား ဝေခွဲနိုင်တဲ့ တာဝန်ယူမှု ရှိရမယ်။

ပြည်သူတွေဟာ မိမိရဲ့ တိုင်းပြည် ကောင်းအောင် မိမိတို့ဘဝကို ဦးဆောင်ပေး နိုင်မယ့် ပုဂ္ဂိုလ်ကို ရွေးကောက် တင်မြှောက်ရမယ်။ ရွေးကောက်တင်မြှောက်မယ့်ပုဂ္ဂိုလ်ရဲ့ အကြောင်းအရာ၊ အရည်အချင်း၊ အကျင့်သိက္ခာတရားများကို မသိမမြင်ရတဲ့ သစ္စာမဲ့သူ နိုင်ငံရေးသမား၊ ကိုယ်ကျိုးရှာနိုင်ငံရေးသမား၊ နိုင်ငံရေးမူဝါဒများကို ချင့်ချိန်နိုင်အောင် ပြည်သူကို အလင်းဓာတ် အာရုံပေးနိုင်တဲ့ သတင်းစာ၊ စာအုပ်၊ စာတမ်း၊ မဂ္ဂဇင်း စတဲ့ စာစောင်တွေဟာ သိ၊ ကြား၊ မြင် ပြုပြင်ပေးရတယ်။ ပြည်သူက လေးစားတန်ဖိုးထားတဲ့ အရေးကိစ္စကို ဟန်ဆောင်လှည့်ပတ်တဲ့ နိုင်ငံရေး ဝံပုလွေသားတွေ ပြည်သူ့ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်မိရင် အခွင့်အရေး အကုန်လုံး ဆုံးရှုံး နိုင်တယ်။

အရှင်တို့ဟာ တိုင်းပြည်ကို လေးစားတန်ဖိုးထားတဲ့သူကိုပဲ ခေါင်းဆောင်တင်ရမယ်။ ရွေးချယ်ရမယ်။ ဘုရင်၊ ဘုရင်မ၊ အာဏာရှိ၊ အာဏာရှင် ပုဂ္ဂိုလ်တွေကို မရွေးပါ။ အရှင်တို့ ဖြတ်သန်းလာခဲ့ရတဲ့ လူမှုရေးဘဝဟာ ဘုရင့်သား၊ သူဌေးသား၊ အာဏာရှိသား၊ အဆောင် အယောင် ကြိုက်သူတွေရဲ့ ခြားနားမှုလုပ်တဲ့ကြားက (နိုငံရေးသမားတွေရဲ့ ကြားက) လာခဲ့ ရတာ ဖြစ်တယ်။ ဒီကြားက ခံစားရတဲ့အဖြစ်တွေကို ပြန်မပြောပြချင်တော့ပါ။ အရှင်တို့မှာ ပြည်သူပြည်သား အစစ်အမှန် အုပ်ချုပ်သော၊ ပြည်သူများက ရွေးကောက်တင်မြှောက်ထားသော ပုဂ္ဂိုလ်ကိုသာ အကြီးအကဲ ထားရမယ်။ ဘုရင်စနစ်၊ ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်တွေ အားလုံးဟာ ပြည်သူ့တော်လှန်ရေးနဲ့ ကျဆုံး (ကျဆင်း)နေကြကုန်ပြီ။နေမျိုးနတ်နွယ်ခေတ်မဟုတ်တော့ပါ။ကိုးကွယ်ရသော၊မော်ဖူးရသောစနစ်ကိုလည်း ပြန်မကြည့်ချင်ပါ။ အရှင်တို့ ရွေးချယ်ထားတဲ့ အကြီးအကဲဟာ သစ္စာ၊ သမာဓိရှိသူ ဖြစ်ရမယ်။ ပြည်သူ့အာဏာကိုလေးစားတန်ဖိုးထားသူ ဖြစ်ရမယ်။ ရုပ်ပြ၊ ရုပ်သေး အကြီးအကဲမျိုး မဖြစ်ရ။ ပါတီစွဲကင်းသူ၊ ပဋိပက္ခ ကင်းလွတ်သူ ဖြစ်ရမယ်။

အရွေးအကောက် မမှားဖို့လို

အရှင်တို့ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူတွေဟာ နိုင်ငံရေးအကြောင်းကို ကောင်းကောင်း နားမလည်ကြသေးပါ။ ဘယ်လိုပုဂ္ဂိုလ်မျိုးကို မိမိရဲ့ ကိုယ်စားပြုတဲ့ အမတ်လောင်း (လွှတ်တော် ကိုယ်စားလှယ်လောင်း) ဖြစ်သင့်တယ်၊ ဖြစ်ထိုက်တယ် ဆိုတာ မလေ့လာပါ။

ယခင်က တစ်ပါတီစနစ်မျိုးလို ဟိုထင် ဒီမြင်နဲ့ စုပေါင်းပြီး မဲပေးကြတာမျိုး လုပ်ကြတာကို တွေ့ရသေးတယ်။ အရည်အချင်းမရှိ၊ လူတော်လူကောင်းလည်း မဟုတ်တဲ့ နိုင်ငံရေး လုပ်စားနေကြသော နိုင်ငံရေးသမားများကို ပြည်သူတွေ အရွေးအကောက် မမှားဖို့ လိုတယ်။

“နိုင်ငံရေးလုပ်၍ စားသောက်သောသူများသည် အမတ်ဖြစ်လာလျှင် ရာထူးရဖို့၊ ဝန်ကြီးဖြစ်ဖို့၊ အခွင့်အရေးရဖို့တို့ကို ကြိုးစားကြ၊ ခြေရှုပ်ကြသည်။ ရာထူးပြုတ်ပြန်လျှင်လည်း မနေတတ်၊ မထိုင်တတ် ဝမ်းစာရှာ၍ မစားတတ်ဖြစ်၍ တိုင်းပြည်၏တာဝန်ကို ထမ်းဆောင် ခြင်းမပြုနိုင်ဘဲ တိုင်းပြည်အပေါ်၌သာ ဝန်ပိုတွေ ဖြစ်နေတတ်သည်။ နိုင်ငံရေးသည် ညစ်ပတ်သည်။ ကြမ်းပိုးများအတွက်သာ ဖြစ်သည် ဟူ၍ ပညာတတ် စိတ်ဓာတ်ကောင်းသူတို့က ရှောင်ဖယ်၍ မနေအပ်။ ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံရေးမရှိလျှင် မဖြစ်ပေ။ နိုင်ငံရေးပါတီများ လည်း ရှိရသည်။ ပါတီတွေ မရှိလျှင် ပါတီတစ်ခု၏၊ သို့မဟုတ် လူတစ်စု၏ အာဏာရှင်စနစ် ပေါ်လာမည်။ ထို့ကြောင့် ပါတီတွေ ရှိပါစေ။နိုင်ငံရေးသည် ကျန်းမာသန့်စင်စွာ လှုပ်ရှားသွက်လက်ပါစေ။ လူတော်လူကောင်းတွေလည်း ပါလီမန်သို့ (လွှတ်တော်သို့) အမတ်အဖြစ် တက်ရောက်ကြပါစေ”

(တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ၊ ဒေါက်တာမောင်မောင်၊ စာမျက်နှာ ၁၀၅၊ ၁၀၆) ဆိုတဲ့ သတိပေးစကားကို မှတ်သားသင့်ပါတယ်။

ပညာရှင်တွေ နိုင်ငံရေးလောကထဲကို ဝင်ရောက်ပါ

အရှင်တို့ရဲ့ တိုင်းပြည်ဟာ အာဏာရှင်တိုင်းပြည် မဟုတ်ပါ။ ပြည်သူကို ပိုင်စိုးသော အစိုးရမဟုတ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူကပဲ ပိုင်ရှင် ဖြစ်တယ်။ လူတစ်စုအတွက် နိုင်ငံရေးမဟုတ်။ လူတစ်ဦးအကျိုးအတွက် နိုင်ငံရေးမဟုတ်။ လက်ဝါး ကြီးအုပ်ပြီး ချုပ်ကိုင်တဲ့ နိုင်ငံရေးမဟုတ်။ ပြည်သူ့အကျိုးကို ပျက်စီးအောင်လုပ်တဲ့ နိုင်ငံရေး မဟုတ်။ တစ်စုကောင်းကျိုးကို ကာကွယ်သော နိုင်ငံရေးမဟုတ်။ ပြည်သူများကို ကာကွယ်သော နိုင်ငံရေး ဖြစ်တယ်။ ကိုယ့်ပစ္စည်းကိုယ်ပိုင်၊ ကိုယ်နိုင်တာ ကိုယ်လုပ်၊ ကိုယ့်အခွင့် အရေးကိုယ်သိတဲ့ နိုင်ငံရေး ဖြစ်ပါတယ်။

နိုင်ငံရေးလောကမှာ အာပေါင်အာရင်းကောင်းတဲ့သူတွေကို အလိုကျ အကြိုက်ဆောင်တတ်တဲ့သူတွေ သတိထားရမယ်။ ချောင်းကွက်ရှာတဲ့ နိုင်ငံရေးအချောင်သမားတွေ၊သာရင်သာသလို ဟိုဝင်ဒီထွက် အကွက်ရိုက်တဲ့ အမတ်လောင်းတွေ၊ ပါတီထောင်ပြီး နိုင်ငံ ရေးမလုပ်ဘဲ စီးပွားရေးလုပ်တဲ့သူတွေ၊ လုပ်ကွက်ရှုပ်တဲ့ နိုင်ငံရေးသမားတွေ၊ ရေဝင်တဲ့ အက်ကြောင်းထင်တဲ့ နိုင်ငံရေးသမားတွေ၊ အပြောနဲ့အလုပ် ကိုက်ညီခြင်းမရှိတဲ့ လူမိုက်ဇာတ် ခင်းတဲ့ နိုင်ငံရေးသမားတွေ၊ ရေသာခိုအချောင်လိုက်တဲ့ နိုင်ငံရေးလူမိုက်တွေ နှစ်ရပ်သော လွှတ်တော်ပေါ်ကို မရောက်ဖို့ ပြည်သူပြည်သားတွေမှာ လေ့လာစောင့်ကြည့်ဖို့ လိုပါတယ်။ မြန်မာပြည်ရှိ လူထုတွေဟာ အားနာတတ်တဲ့ အကျင့်တစ်ခု ရှိတယ်။ အဲဒီ အားနာတတ်တဲ့ အကျင့်ကြောင့် နိုင်ငံရေးလောကမှာ နာတယ်။ မတတ်သူ၊ မသိသူ၊ မကျွမ်းကျင်သူ၊ မကောင်း သူ၊ မမြတ်သူများ လူပေါ်လူဇော်လုပ်တာကြောင့် မြန်မာ့နိုင်ငံရေးလောကမှာ မတိုးတက်ဘဲ ဆုတ်ယုတ်ခဲ့ရတယ်။

ရှေးခေတ် မြန်မာ့နိုင်ငံရေးကို လေ့လာကြည့်ရင် အများကြိုက်တဲ့ ဘာသာရေး၊ အသာပါတဲ့ နိုင်ငံရေးတွေ လုပ်ပြတယ်။ ဘာသာရေးနဲ့ချဉ်းကပ်၊ နိုင်ငံရေးအာဏာလုကြတယ်။ မကောင်းသတင်း လွှင့်ကြတယ်။ အတင်းအဖျင်း ဆိုဆဲကြတယ်။ သည်းမခံနိုင်တဲ့အဖွဲ့နဲ့ တုံ့လှည့်ကြတယ်။ အချို့ အသက်ပါ သေကျေတယ်။ ပျက်စီးတယ်။ အတုယူစရာ နိုင်ငံရေး ပညာ၊ နိုင်ငံရေးသိက္ခာ၊ နိုင်ငံရေးအစဉ်အလာ မတွေ့ရဘဲ အကွဲကွဲအပြဲပြဲနဲ့ အဆုံးသတ်ကြတဲ့၊ အခြေခံဥပဒေ မမြဲတဲ့ နိုင်ငံရေးတွေနဲ့ပဲ တွေ့ရတယ်။ တိုင်းပြည်အတွက်နာ၊ လူထုတွေလည်း ကွဲ၊ အာဏာစက်က မတည်၊ ယိုင်လဲတဲ့ နိုင်ငံရေးမျိုး မြန်မာပြည်မှာ နိဂုံးချုပ်ပေးရတယ်။ ဒါကြောင့် ပညာရှင်တွေ နိုင်ငံရေးလောကထဲကို ဝင်ရောက်ပါ။ ပြည်သူကို အလုပ် အကျွေး ပြုပါ။

အခြေခံလူ့အခွင့်အရေး ထိပါးခြင်း ခံရသော ပြည်သူများက ကျူးလွန်သူတို့ကို မည်သို့ အရေးယူရမည်ကို ဥပဒေချိုးဖောက်သူကို နိုင်ငံတော်တရားလွှတ်တော်ချုပ်၊ သို့မဟုတ် နိုင်ငံရေးလုပ်၍စားသောက်သောသူများသည် အမတ်ဖြစ်လာလျှင် ရာထူးရဖို့၊ ဝန်ကြီးဖြစ်ဖို့၊ အခွင့်အရေးရဖို့တို့ကို ကြိုးစားကြ၊ ခြေရှုပ်ကြသည်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၆၆-၁၇၀၊ အဝိဟိံသာနိုင်ငံရေး (၁၇)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁၆)

ဥပဒေပြဋ္ဌာန်းခြင်းနှင့် ပတ်သက်လျှင် အမိန့်၊ အာဏာ ခိုင်းစေသော ဥပဒေပြုခြင်းမရှိစေရပါ။

ဥပဒေပြဋ္ဌာန်းခွင့်
အာဏာအေဒီ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၂)၊ ပုဒ်မ ၂၃ တွင် “မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမှ နောက်ကြောင်းပြန် အာဏာသက်ရောက်မှု မရှိစေရ” ဟူသော နိုင်ငံတော် အခြေခံမူများ ရေးဆွဲတဲ့ ဥပဒေများ တွေ့ရသလို ၂၀၀၈ ခုနှစ် ရေးဆွဲသော ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အခန်း ၁၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၄၃ အရ “မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ” ဟူသော ရေးဆွဲတဲ့ဥပဒေ ပါရှိတာကို တွေ့ရပါတယ်။

ဥပဒေပြဋ္ဌာန်းခွင့် ဆိုတာ အပြစ်တစ်စုံတစ်ရာ ကျူးလွန်ခဲ့သူကို ပြစ်မှုဆိုင်ရာဥပဒေ ဖြင့်သာ အရေးယူဆောင်ရွက်ရမှာဖြစ်တဲ့အတွက် နောက်ကြောင်းပြန်အာဏာသက်ရောက်စေတဲ့ ဥပဒေပြဋ္ဌာန်းမှုဟာ ပြဋ္ဌာန်းခွင့်မပေးသော်လည်း အကျိုးသက်ရောက်မှု မရှိသည်ကြောင့် (ပြဋ္ဌာန်းခွင့် မရှိသော်လည်း) အခြေခံဥပဒေမှာ ဆုတ်ယုတ်အားလျော့သွားခြင်း မရှိပါ။ လူမှုဘဝနိုင်ငံရေး၊ သို့မဟုတ် ဒီမိုကရေစီနိုင်ငံရေးမူဝါဒဟာ အခြေခံဥပဒေပါမှ ပြဋ္ဌာန်းမှ အာဏာသက်ရောက်မှု ရှိတယ်လို့ အဆိုမရှိပါ။ အပြစ်ရှိသူ၊ အပြစ်ကျူးလွန်တဲ့သူကို ဥပဒေဖြင့် သာ အာဏာသက်ရောက်မှု ရှိခဲ့တာကြောင့် အရေးယူ ဆောင်ရွက်ခြင်း မရှိတဲ့ ဒီမိုကရေစီ နိုင်ငံရေးမျိုး မရှိတာကို တွေ့ရတယ်။ ပြစ်မှုဆိုင်ရာဥပဒေဆိုတာ နိုင်ငံတော်အခြေခံဥပဒေမှာ မပြဋ္ဌာန်းပေမယ့်၊ အမိန့်နဲ့ မပြဋ္ဌာန်းစေသော်လည်း ပြစ်မှုဆိုင်ရာဥပဒေ ဖြစ်သည်ကြောင့် နောက်ကြောင်းပြန် အာဏာမသက်ရောက်ဘဲ မရှိပါ။
စဉ်းစားဆွေးနွေးချိန် အလုံအလောက် မပေး

အခြေခံဥပဒေ ဆိုတာ နိုင်ငံသစ် တည်ထောင်ရင် ရေးဆွဲကြတာပါပဲ။ အခြေခံမူများ ကို ဘယ်လို ချမှတ်မယ်။ ရည်မှန်းချက် ဘယ်လိုထားမယ်။ ဘယ်လို ဖွဲ့စည်းတည်ဆောက် မယ်။ ဘယ်လို စီမံခန့်ခွဲကြမယ် စတာတွေကို ပြည်သူ့ကိုယ်စားလှယ်များက တိုင်းပြုပြည်ပြု လွှတ်တော်ကနေ ဆွေးနွေး၊ ညှိနှိုင်း၊ သတ်မှတ်ပြဋ္ဌာန်းကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် တည်ဆောက်တဲ့ ဥပဒေကို “မည်သည့်ဥပဒေတွင် မည်သို့ပင် ဆိုစေကာမူ” ဟူသော ရာဇသံဖြင့် ကြုံးဝါးသိမ်းကျုံးလွှမ်းမိုးသော စကားရပ်မျိုးဖြင့် အထူးဥပဒေများကို လွှတ်တော် သို့ အချိန်တိုတိုနှင့် စဉ်းစားဆွေးနွေးချိန် အလုံအလောက်မပေးဘဲ တင်သွင်းပြဋ္ဌာန်းခြင်းမျိုးကို လည်း ပြုတတ်ကြသည်။ ဤသို့ လုပ်လိုက်ရလျှင် မိမိကိုယ်မိမိ အတော်အထင်ကြီးတတ် ကြသော အစိုးရအဖွဲ့ဝင်အချို့ကို အကြိုက်ပေး ပေါင်းသင်းတတ်ကြသော ဝန်ထမ်း၊ အကြံပေး တို့က ဖျက်သည်။ မပျက်ခင်က ပျက်ချင်ချင် ပုဂ္ဂိုလ်များနှင့် မိတ်ဖက်တွေ့သွားတတ်သည်။ (တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ၊ ဒေါက်တာမောင်မောင် စာ-၂၈) ဆိုတဲ့ သတိပေးစကား ရှိခဲ့တယ်။

မဆုံးနိုင်တဲ့ အနန္တပြဿနာ

ဥပဒေပြဋ္ဌာန်းခြင်း ဆိုတာ ခေတ်နဲ့အညီ ပြဋ္ဌာန်းသင့်ပါတယ်။ ပြဿနာက မရှိ တော့ဘဲ ဥပဒေက ပြဋ္ဌာန်းနေဆဲဖြစ်တဲ့ ဥပဒေမျိုးဟာ အခြေခံဥပဒေကို ထိခိုက်စေပါတယ်။ ဥပဒေဆိုတာ လူ့သဘာဝက ဖြစ်ပေါ်လာတဲ့ ပြဿနာအကြောင်းရင်းပေါ်မှာ ပြဋ္ဌာန်းရမယ်။ လူတွေ မလိုက်နာနိုင်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို ဥပဒေတစ်ရပ်အနေနှင့် ပြဋ္ဌာန်းမယ် ဆိုရင် အလဟဿ ဖြစ်သွားတာပါပဲ။ လူ့သဘာဝက အစဉ်အမြဲ ပြောင်းလဲနေတယ်။ ပတ်ဝန်းကျင် ဆိုတာလည်း အမြဲလိုလို ပြောင်းလဲတယ်။ လူတို့ရဲ့ အဖွဲ့အစည်းဆိုတာလည်း အမြဲမပြတ် ပြောင်းလဲနေတယ်။ ပြဿနာအမျိုးမျိုး ပြောင်းလဲနေတာကို ဥပဒေအမျိုးမျိုး လိုက်လံပြီး မပြောင်းလဲဘဲထားရင် အဲဒီပြဿနာဟာ မဆုံးနိုင်တဲ့ အနန္တပြဿနာ ဖြစ်သွား မှာပဲ။

အခွင့်အရေးနဲ့ တာဝန် သိရန်လို

“လူမှုဘဝနိုင်ငံရေးစနစ်”ဟာ နှစ်သက်သူ များပါတယ်။ ဘာကြောင့်လဲ ဆိုရင် (ဘာဖြစ်လဲ ဆိုရင်) ပြည်သူက တာဝန်ယူ ဆောင်ရွက်သော ပြည်သူ့အစိုးရ ဖြစ်လို့ပါပဲ။ ပြည်သူ့အစိုးရလို့ တာဝန်ယူကြတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ ကျင့်ဝတ်သီလ မြဲရမယ်။ တရားမျှတမှု ရှိရမယ်။ ကိုယ်ချင်းစာနာမှု ရှိရမယ်။ တာဝန်ကျေသူ ဖြစ်ရမယ်။ အစစအရာရာကျွမ်းကျင်လိမ္မာကြရမယ်လို့ နိုင်ငံရေးပညာရှင် ပုဂ္ဂိုလ်တွေက ဝေဖန်ထောက်ပြတာ တွေ့ရ တယ်။ ပြည်သူများ ရေးဆွဲ၍ ပြည်သူများက အပ်နှင်းသော နိုင်ငံတော် တည်ထောင်သော အခြေခံဥပဒေကို မြန်မာပြည်တည်ထောင်တဲ့ အခြေခံဥပဒေများကို လေ့လာရင် ဘယ်ဥပဒေမှ အပြည့်အဝ မဖြစ်ခဲ့တာကို တွေ့ရတယ်။
(၄င်း၊ စာ – ၂၉ တွင် ရှု)

နိုင်ငံတော် တည်ထောင်ရေးမှာ အခြေခံကျတဲ့ အခြေခံဥပဒေကို ရေးဆွဲကြတဲ့အခါ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ဦးဆောင်ပြီးရေးဆွဲတဲ့ ဥပဒေဟာ တည်ခြင်း၊ မြဲခြင်း (ကြာကြာ) မရှိပါ။

အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့ နိုင်ငံတိုင်းမှာ –

(၁) တရားမျှတခြင်း
(၂) လွတ်လပ်ခြင်း
(၃) ညီမျှခြင်းတရားအပေါ် တည်ဆောက်ထားတဲ့ တိုင်းပြည်ကြီးတွေပါပဲ။
လူမှု ရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေမှာ တရားမျှတခြင်း ရှိရမယ်။ လွတ်လပ်မှုနဲ့ ပတ်သက်ရင် ကြိုက်သလို တွေး၊ ကြိုက်သလို ပြော၊ ကြိုက်သလို ရေး၊ ကြိုက်သလို ယုံကြည်၊ ကြိုက်သလို ကိုးကွယ်၊ ကြိုက်သလို လုပ်ကိုင်စားသောက်၊ ကြိုက်သလို စည်းရုံးနိုင်ပြီး ကြိုက်သလို လုပ်ကိုင်ပြုမူနိုင်ပါတယ်” ဆိုတဲ့ လွတ်လပ်မှု အခွင့်အရေးတွေ လူတိုင်း အပြည့်အဝ ခံစားမှု ပေးတယ်။ ခံစားခွင့် ရှိတယ်။ အဆင့်အတန်း မခွဲခြားဘဲ ကြိုးစားရင် ကြိုးစားသလောက် အကျိုးကျေးဇူး ခံစားနိုင်တယ်။ ဥပဒေသဘောနဲ့ ကြည့်ရင် တော့ ဆင်းရဲချမ်းသာ၊ ရာထူးဂုဏ်ထူးမငဲ့၊ မှန်သူကို ဥပဒေကကာကွယ်မယ်။ မတရားသူ၊ အပြစ်ကျူးလွန်တဲ့သူတို့ကိုတော့ ဥပဒေအရ အပြစ်ပေးမှာပဲ။ အခြေခံဥပဒေတည်ရင် အခွင့် အရေး တည်မယ်။ အခြေခံဥပဒေ မတည်ရင် အခွင့်အရေး ဆုံးရှုံးမှာပဲ။ အခွင့်အရေးရှိရင် တာဝန်ရှိရမယ်။ အခွင့်အရေးနဲ့ တာဝန် သိရန် လိုတယ်။

အခြေခံအခွင့်အရေး ဆိုတာ
အခြေခံအခွင့်အရေး ဆိုတာ နိုင်ငံသားတိုင်း (နိုင်ငံခြားသားတွေပါ) ရကြတယ်။ လူမျိုးဘာသာ၊ ကျား မ နိမ့်မြင့်မထားဘဲ တစ်ပြေးညီ အခွင့်အရေး ရှိကြတယ်။ တော်ရင် တော်သလို အခွင့်အရေး၊ အခွင့်အလမ်း ရှိတယ်။ ဆင်းရဲသား၊ ချမ်းသာသား မခွဲခြားဘဲ အရည်အချင်းအလိုက် အခွင့်အရေးရှိတယ်။ မိမိ ပိုင်ဆိုင်တဲ့ အိုးအိမ်စည်းစိမ်တွေကို (ပိုင်နက် ထဲကို) ဥပဒေအရမှတစ်ပါး အခြားကျူးကျော်ဝင်ရောက်တာ၊ သိမ်းဆည်းတာ၊ ချုပ်ချယ်တာ မလုပ်ရ။ (လုပ်ပိုင်ခွင့်မရှိ) အခွင့်အာဏာ အမိန့်မပါဘဲ ဝင်ရောက်ခွင့်၊ ရှာဖွေခွင့်၊ စစ်ဆေး ခွင့်၊ မေးမြန်းခွင့် မရှိစေရ။ နေထိုင်တာ၊ သွားလာတာတွေကိုလည်း ချုပ်ချယ်ဖမ်းဆီးမှုမလုပ်ရ။ အရွယ်ရောက်သူတိုင်း (ကျား၊ မ မဆို) စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်တဲ့ ဥပဒေ တောင်မှ နိုင်ငံအကျိုးမပါရင် ချုပ်ချယ်ပိုင်ခွင့် မရှိရ။

ဘယ်သူမဆို လွတ်လွတ်လပ်လပ် တွေးခေါ် ယုံကြည်နိုင်တယ်။ လွတ်လပ်စွာ ပြောနိုင်တယ်။ တစ်စိတ်တည်း၊ တစ်ဉာဏ်တည်း၊ တစ်သံတည်း မဖြစ်ကြပေမယ့် ကိုယ်စီ အသိဉာဏ်နဲ့ စုပေါင်းပူးပေါင်း ဆောင်ရွက်လုပ်ကိုင်တယ်။ ပြောစရာရှိရင် မထိခိုက်အောင်၊ မနာကျင်အောင် ရှောင်ရှားပြောဆိုပြီး အကျိုးရှိတဲ့စကားကို ပြောတယ်။ ရေးသားခြင်း၊ လှုံ့ဆော်ခြင်းလည်း တာဝန်သိသိနဲ့ ရေးသားလှုံ့ဆော်ရမယ်။ မျက်စိမှိတ်ပြီး ရိုသေထောက်ခံ တာမျိုးလည်း မရှိစေရ။ အားလုံး အကောင်း၊ အားလုံး အမှန်ချည်းပဲ အစိုးရကို မပင့် မမြှောက်ရ။ မှားတယ်ထင်ရင်၊ တရားလက်လွတ် ဖြစ်နေပြီထင်ရင် ရဲရဲဝံ့ဝံ့ ရာထူးဂုဏ်သိက္ခာ မငဲ့ဘဲ ဝေဖန်ရဲရမယ်။ အကျိုးမဲ့သက်သက် ပုတ်ခတ်ခြင်း၊ ဂုဏ်သိက္ခာထိပါးခြင်း၊ ပြည်သူ အကြည်ညိုပျက်အောင် ပြောဆိုရေးသားခြင်းမျိုးကို ရှောင်ရှားရမယ်။

ခိုင်မြဲတဲ့ စုစည်းမှု

ပြည်သူတွေဟာ ချမ်းသာစွာ၊ ငြိမ်းချမ်းစွာ လူစုလူဝေး စုဝေးပိုင်ခွင့် ရှိရမယ်။ စုပေးခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ စုရုံးခြင်းဟာ ပြည်သူများရဲ့ အလုပ်တစ်ခု ဖြစ်တယ်။ ဘာသာရေး၊ ရပ်ရွာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ နိုင်ငံရေးကိစ္စတွေမှာ မစု မဝေးဘဲ၊ မဆွေးမနွေးဘဲ မရပါ။ စုပေါင်းစုဝေးခြင်းဟာလည်း မင်္ဂလာတစ်ပါး ဖြစ်တာ ကြောင့် စုစုဝေးဝေး စည်းရုံးရေးလုပ်မှ ညီညွတ်ရေးရမယ်။ ညီညွတ်ရေးရမှ ပေါင်းစုတဲ့ အင်အား ပြည့်ဝမယ်။ ပေါင်းစု (စုပေါင်း)တဲ့အားကသာ တိုင်းပြည်အတွက် ကာကွယ် နိုင်မယ်။

လူဆိုတာ တစ်ယောက်တည်းနဲ့ မနေနိုင်ပါ။ (နေလို့ မဖြစ်ပါ) အိမ်ထောင်စု၊ အသင်းအဖွဲ့၊ အစုအရုံးနဲ့ နေထိုင်ရမယ်။ အစည်းအရုံး အဖွဲ့အစည်းနဲ့ နေထိုင်ရတာကြောင့် စုရုံးစုဖွဲ့မှုပြုရင် လွတ်လွတ်လပ်လပ် အစည်းအရုံး ဖွဲ့စည်းခွင့်ပေးရမယ်။ ရှိရမယ်။ တရား အသင်းအဖြစ် အသိအမှတ်ပြုရမယ်။ တရားဝင်ဇယားဝင်တဲ့ အစုအဖွဲ့ဖြစ်မှသာ စုစုစည်းစည်း ခိုင်မြဲမယ်။ ခိုင်မြဲတဲ့ စုစည်းမှုဟာ တိုင်းပြည်အတွက် ပြည့်ဝကြံ့ခိုင်နိုင်စေတယ်။

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်

လူဆိုတာ မိမိ ကြိုက်နှစ်သက်ရာ ဒေသမှာ (မြန်မာပြည်) နေထိုင်နိုင်ကြတယ်။ ကြိုက်နှစ်သက်တဲ့အလုပ်ကိုလည်း လုပ်ကိုင်နိုင်ကြတယ်။ ကြိုက်သလို ကူးလူးသွားလာ ရောင်းဝယ်ဖောက်ကား ကုန်ကူးနိုင်ကြတယ်။ လူကို ဟိုပြောင်းဒီရွှေ့၊ ဟိုမောင်းဒီနှင်လို့မရပါ။ အိမ်ထောင်စုဖြိုခွင်းမှု၊ မိသားစု တကွဲတပြားဖြစ်မှု မရှိစေရ။ မိမိ ပိုင်နက်မဟုတ်ဘဲ နှောင့်ယှက်ခြင်း၊ နှင်ထုတ်ခြင်း မရှိစေရ။ တရားဥပဒေအတိုင်း စီစဉ်ဆောင်ရွက်လုပ်ကိုင် ကြရမှာ ဖြစ်ပါတယ်။ ဥပဒေထက် မည်သူမျှ မစော်ကားရ။ မနေရ။ မပြုမမူရ။ မရှိရ။

လူဆိုတာ မိမိ မွေးဖွားရာ တိုင်းပြည်မှာ အခွင့်အရေးမရှိရင်(မရရင်) မိမိ ကြိုက်နှစ်သက်ရာ ဒေသကို ပြောင်းပြီး နေထိုင်ခွင့် ရှိပါတယ်) မိမိ ယုံကြည်ကိုးကွယ်လိုတဲ့ဘာသာ ကိုလည်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိပါတယ်။
မြန်မာပြည်မှာ အခြားတိုင်းပြည်နဲ့ မတူညီမှုတစ်ခုမှာ မိမိ ကိုးကွယ်ယုံကြည်တဲ့ ဘာသာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုးကွယ်ယုံကြည်ရာ ဘာသာများအဖြစ် –
  (၁) ဗုဒ္ဓဘာသာ
(၂) ခရစ်ယာန်ဘာသာ
  (၃) အစ္စလာမ်ဘာသာ
  (၄) ဟိန္ဒူဘာသာ
  (၅) နတ်ကိုးကွယ်သော ဘာသာတို့ကို အသိအမှတ်ပြုထားပါတယ်။ 
ပြဋ္ဌာန်းခွင့်ပေးထားပါတယ်။

အခြေခံဥပဒေမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပေးထားတာကြောင့် စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ လောကီရေးရာ ဆောင်ရွက်မှုကိစ္စတစ်မျိုးမျိုး (တစ်ခုခု) ဆက်စပ်နေပါက ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်များ မပါဝင်စေရပါ။ ဒါ့အပြင် အများ ပြည်သူအကျိုးကိစ္စ၊ ပြုပြင်ရေးကိစ္စတို့အတွက် တိုင်းပြည်ရဲ့ ဥပဒေပြုခြင်းကို မတားမြစ်ရ။ ဒါ့အပြင် အခြေခံဥပဒေပုဒ်မ ၃၄ အရ ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ ` ကိုယ်ကျင့်တရားနှင့် သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် သော်လည်းကောင်း မြန်မာပြည် (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့် သော်လည်းကောင်း ဆန့်ကျင်လျက် နိုင်ငံသားတိုင်း ဘာသာသာသနာရေးမှာ လွတ်လပ်စွာ ကိုးကွယ် ယူဆနိုင်သောအခွင့်အရေး၊ အညီအမျှ မရှိ ဟူ၍ အဓိပ္ပာယ်သက်ရောက်ပါတယ်။ လွတ်လပ်စွာ ဘာသာ ယုံကြည်မှုကိုးကွယ်ခွင့် အားနည်းသော တိုင်းပြည်တွေမှာ မတရားသဖြင့် ဘာသာရေး ကူးပြောင်းမှုတွေ လုပ်ကြတယ်။ စော်ကားအနိုင်ကျင့်ခံရသဖြင့် တခြားဘာသာကို ကူးပြောင်း သွားကြတာတွေလည်း ရှိတယ်။

ဒါကြောင့် ယနေ့ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို နိုင်ငံသူ၊ နိုင်ငံသား အများဆုံး ကိုးကွယ်ရာ ဖြစ်တယ်။ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ၊ သာသနာအဖြစ် နိုင်ငံတော်က (အခြေခံဥပဒေ ပုဒ်မ ၃၆၁ မှာ) အသိအမှတ်ပြုထားပါတယ်။ သို့သော် တင်းကျပ်သော ဘာသာရေးဦးဆောင်ပုဂ္ဂိုလ်တို့ရဲ့ ဟောပြောလုပ်ဆောင်မှုကြောင့် (ကိုးကွယ်၏သူများ ခွဲခြားဆက်ဆံကြတာကြောင့်) ဗုဒ္ဓဘာသာဝင် ကိုးကွယ်သူများ နည်းပါးလာကြတာကို တွေ့ရတယ်။

  နိုင်ငံတော် တည်ထောင်ရေးမှာ
အခြေခံကျတဲ့ အခြေခံဥပဒေကို ရေးဆွဲကြတဲ့အခါ 
ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ဦးဆောင်ပြီး ရေးဆွဲတဲ့ ဥပဒေဟာ
တည်ခြင်း၊ မြဲခြင်း (ကြာကြာ) မရှိပါ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၆၀-၁၆၅၊ အဝိဟိံသာနိုင်ငံရေး (၁၆)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading