အသက်သတ်လွတ်စားခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းတောင်အနောက်ပရက္ကမချောင် ဆရာတော်ကြီး၏ အဆိုအမိန့်များကို မတင်မှီ ပရက္ကမချောင် သမိုင်းအကျဉ်းကို ဖော်ပြပါမည်။ အနောက် ပရက္ကမချောင်သည် စစ်ကိုင်းတောင်ရိုး ဥမင်သုံးဆယ် ဘုရား၏ မြောက်ဘက်ချောက်ထဲတွင် တည်ရှိပါသည်။
သမိုင်းဟောင်း
မြန်မာသက္ကရာဇ် ၆၇၄ ခုနှစ်တွင် ပင်းယမြို့ကို စတင်သည်ထောင်သော တစီးရှင် သီဟသူ၏ သားတော်ကြီး ဥစ္စာနာ(ဥဇနာ)မင်း ဖြစ်သောအခါ ‘ ပင်းကျား’ အရပ်၌ စကားခုနစ်ကျောင်းကို ဆောက်လုပ်၍ သက္ကရာဇ် ၇၀၂-ခုနှစ်အတွင်း ထိုစကားကျောင်းများကို အသီးသီးရေစက် သွန်းလောင်း ကျောင်းလွှတ်ပူဇော် သာဓုခေါ်ပွဲ ကျင်းပတော်မူ၏။
စကားခုနစ်ကျောင်း သံဃာတို့အား ဝတ္ထုကံမိုးမြေ အများအပြားကိုလည်း လှူတော်မူ၏။ ယင်းဝတ္ထု ကံမိုးမြေတို့ကို အမှီပြု၍ မြေမှုမြေ ခင်းများ ဖြစ်ကြသောကြောင့် ရဟန်းတော်များသည် ပရိယတ် ပဋိပတ်တည်းဟူသော ရဟန်းတို့ အလုပ်ယုတ်လျော့သည်ကို မနှစ် မြို့သဖြင့် ရှင်သာသနဓဇသည် တူရွင်းတောင်ခြေသို့လည်းကောင်း၊ ရှင်ပရက္ကမညီနောင်တို့သည် တောင်ပလူ(တောင်ဘီလူး) အရပ်သို့လည်းကောင်း ပြောင်း၍ နေထိုင်ကြလေ၏။
ထိုအခါက ‘အင်းဝမြို့’ မတည်ရသေး။ ကျန်စစ်မင်းကြီး ကောင်းမှုထီးလှိုင်ရှင်ဘုရားသာ ရှိသည်။ ထိုဘုရားအနီးတွင် ရွာရှိ၏။ ထိုရွာကို ဆွမ်းခံရွာ ပြု၍ ပရက္ကမကျောင်း သံဃာတို့ သီတင်းသုံးကြ၏။
မြန်မာသက္ကရာဇ် ၇၂၆ – ခုနှစ်၊ သတိုးမင်းဖျား အင်းဝတည်သောအခါ တောင်ပလူ(တောင်ဘီလူး) အရပ်မှာလည်း လူသူနီးကပ်လာ၍ ပရက္ကမညီနောင်တို့သည် စစ်ကိုင်းတောင်ရိုးသို့ ကူးကာ “ အံ့တော်မူဘုရား” အနောက်ချောက်၌အရှေ့အနောက် တစ်ပါးစီ ဧကစာရီ နေကြသည်။ အရှေ့ပရက္ကမ၊ အနောက်ပရက္ကမဟု တွင်သည်။ နောင်သောအခါ စစ်ကိုင်း ချောက် အမည်မှ စစ်ကိုင်းချောင် အမည်သို့ ရွေ့လျောကာ အမည်တွင်ပြီး ပရက္ကမချောင် အနုရုဒ္ဓါချောင် ပိတောက်ချောင် စသဖြင့် ချောက်မှ ချောင်သို့ ပြောင်း၍ ခေါ်လာကြလေသည်။
ပရက္ကမညီနောင်တို့ ပရက္ကမချောက်ထဲ၌ သီတင်းသုံးနေကြစဉ် ဥမင်သုံးဆယ် ဘုရားမတည်ရသေး။ ထိုကြောင့်သာသနာလင်္ကာရ၌ “ စစ်ကိုင်းရှင်ဖြူ ရှင်လှမြောက်၊ အံ့တော်မူဘုရား အနောက်ချောက်မှာ နေကြလေ၏။ အရှေ့အနောက် ၂-တိုက်တည်၍ နေသော ကြောင့် အရှေ့ ပရက္ကမ၊ အနောက်ပရက္ကမတွင်လေသည်။” ဟု ထင်ရှားရှိသော ဘုရားများဖြင့် ချောက်တည်ရာကို ညွှန်ပြထား၏။ ယနေ့ အံ့တော်မူဘုရား မှာ တံတိုင်းမီးတားနှင့် ပစ္စယာမျှသာ ရှိတော့၏။ ယခုနှစ်ဆိုလျှင် ပရက္ကမချောင် တည်ထောင်လာသည်မှာ နှစ်ပေါင်း ၅၃၀-ရှိပြီ ဖြစ်ပါသည်။
အသားစားရှောင်ကြဉ်မှု
၁၃၃၇-ခု၊ တန်ခူးလဆန်း ၂-ရက်နေ့တွင် ပျံတော်မူသော(ရဟန္တာဟု ကျော်ကြားသည့်) အနောက်ပရက္ကမ ဆရာတော်ဘုရားကြီးက “အချို့သူတို့သည် သက်သတ်လွတ်စားခြင်းကို အပြစ်ဆိုကြ၏။ ဒေဝဒတ်ဂိုဏ်းဝင် တိတ္ထိတို့နှင့်ပင် နှိုင်းကြ၏။ အပြစ်ဆိုသူတို့က သာဓကဆောင်ကြသည်မှာ ဒေဝဒတ်က မြတ်စွာဘုရားအား အချက်ငါးချက်တောင်းဆို၏။ မြတ်စွာဘုရားက ခွင့်မပြု။ ယင်း ငါးချက်တို့ကား ပါရာဇိကဏ် ပါဠိတော်၌ အောက်ပါအတိုင်း ဟောထား၏။
(၁) ရဟန်းတော်များ အသက်ထက်ဆုံး တောကျောင်းမှာ နေပါစေ၊ ရွာကျောင်းနေလျှင် အာပတ်သင့်ပါစေ။
(၂) ရဟန်းတော်များ သက်ထက်ဆုံး ဆွမ်းခံစားပါစေ၊ ပင့်ဖိတ်သည့်ဆွမ်းကို စားလျှင် အာပတ်သင့်ပါစေ။
(၃) ရဟန်းတော်များ အသက်ထက်ဆုံး ပံ့သကူသင်္ကန်းဆောင်ပါစေ လူတို့လှူသော သင်္ကန်းဆောင်လျှင် အာပတ်သင့်ပါစေ။
(၄) ရဟန်းတော်များ အသက်ထက်ဆုံး သစ်ပင်အောက်တွင် နေပါစေ အမိုးအောက်နေလျှင် အာပတ်သင့်ပါစေ။
(၅) ရဟန်းတော်များ အသက်ထက်ဆုံး သား ငါး မစားပါစေနှင့် စားသော် အာပတ်သင့်ပါစေ။
ဤငါးချက်တို့ကို ဒေဝဒတ်က စိတ်ယုတ်မာဖြင့် ခွင့်မပြုနိုင်မှန်းသိလျက်နှင့် တောင်းဆိုခြင်း ဖြစ်၏။ အချို့ ပုထုဇဉ် ရဟန်းတို့ကို ဒေဝဒတ်သည် သန္တုဋ္ဌီသလ္လေခကြောင့် ဤငါးချက်တို့ကိုတောင်းဆို၏ ဟု ထင်မှားကြပြီး ဒေဝဒတ်၏ နောက်ပါများဖြစ်သွားကြကာ သံဃာသင်းကွဲ၏။
ဤအချက်ငါးချက်သည် ကျင့်ဆောင်ရန် အလွန်ခက်၏။ ထိုကြောင့် ကျင့်ဆောင်နိုင်သည့် ရဟန်းတော်များ ကျင့်ဆောင်ကြ၍ မကျင့်ဆောင်သည့် ရဟန်းတော်များ မကျင့်ဆောင်ကြရန် ဒေဝဒတ်၏တောင်းခံမှုကို ခွင့်မှုကို ခွင့်မပြု။ ဤငါးချက်စလုံး ကျင့်ရန် အလွန်ခက်ခဲ၏။ ထို့ကြောင့်လည်း မြတ်စွာဘုရားက ကျင့်လိုသူတို့ ကျင့်၍ မကျင့်လိုသူတို့မကျင့်ဘဲနေရန် ခွင့်ပြုခဲ့၏။
ဤ၌ ကျင့်နိုင်၍ ကျင့်နေကြသူတို့ကို အပြစ်မဆိုထိုက်ပါ။ ကျင့်ရန် ခက်ခဲ၍သာ ကျင့်ရမည်ဟု ခွင့်မပြုခဲ့ခြင်း ဖြစ်ပါသည်။
သံသယမဝင်ကြပါနှင့်
သက်သတ်လွတ် စားခြင်း၏ သမိုင်းကို ပြန်လှန် ရှာဖွေသော် မြတ်စွာဘုရား၏ အလောင်းတော်ဘ၀ ကမ္ဘာဦးအခါက ဖြစ်ကြောင်းကို ငါးရာငါးဆယ် ဇတ်တော် အသွယ်သွယ်တို့က သာဓက ပြနေကြပါသည်။
ငါတို့၏ ဆရာစဉ်ဆက်တို့ကလည်း-သက်သတ်လွတ်ဆွမ်းများဘုဉ်ပေးခဲ့ကြ၏။ ထိုဆရာတော်ကြီးတို့မှာ ရဟန္တာဟု ကျော်ကြားသော ဘုန်းတော်ကြီး ဦးသီလ၊ စစ်ကိုင်းမြို့ မဟာဂန္ဓာရုံဆရာတော်၊ မဟာသုခချောင် ဆရာတော်၊ ရွေကျင်သာသနာပိုင် သက်တော်ရာကျော်၊ စံကင်း ဆရာတော်၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိစံသ၊ ဝိပဿ နာချောင် ဆရာတော်နှင့် သံဃာတော်များ၊ စစ်ကိုင်းတောင်ရိုးကမ္မဋ္ဌာနပုဂ္ဂိုလ်များ၊ မဟာဂန္ဓာရုံ ဆရာတော်ကြီးနှင့် ၎င်း၏တပည့်များ၊ ဆရာတော် ဦးရန်ကုန်၊ ရွှေတောင်မြို့ ဆရာတော် ဦးတိက္ခိန္ဒြိယ စသည် စသည် ဆရာတော်ကြီးများကား များပြားလှ၏။ ကျယ်ဝန်းမည်စို၍ မဖော်ပြတော့ပါ။
ဖော်ပြခဲ့သည့် ဆရာတော်ကြီးများတွင် (အမရပူရ) တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသသည် များစွာသော ဘာသာဋီကာကျမ်းကြီးများကို ပြုစုခဲ့သူ ဖြစ်သည်။ အကယ်၍သာ သက်သတ်လွတ်စားခြင်းသည် စာပေနှင့် မညီက ဘုဉ်းပေးမည် မထင်ပါ။ ထို့ကြောင့် သက်သတ်လွတ် စားသူတို့ကို မစားနိုင်သူတို့က အပြစ်မဆိုကြပါနှင့်။ သက်သတ်လွတ်စားသူတို့ကလည်း ဖော်ပြခဲ့ပြီး ဖြစ်သည့် ဆရာတောကြီးများပင် စာပေနှင့်ညီ၍ ဘုဉ်းပေးကြသေးတာပဲ၊ ငါတို့က ဘာသံသယဝင်ရမှာလဲ၊ မပျက်မကွက်ကို စားမှာပဲဟု အဓိဋ္ဌာန်ပြု၍ စားကြပါ။ အနောက်ပရက္ကမချောင် သံဃာတော်များ အားလုံးသည်လည်း ဆရာစဉ်ဆက်၏ သြဝါဒကို ခံယူကြကာ သက်သတ်လွတ် ဘုဉ်းပေးကြပါသည်။
အစွန်းသုံးပါး
ရဟန်းရှင်လူ သူတော်သီလရှင် ဘာသာဝင် အပေါင်းတို့ ဘုန်းပေးသုံးဆောင်ကြရာ၌ ရသတဏှာကို ပယ်ခွာကြပါ။ ရသတဏှာ အတတ်နိုင်ဆုံး နည်းပါးရန် သက်သတ်လွတ် စားကြပါ။ သတ္တဝါများ အပေါ်ကရုဏထားသဖြင့်လည်း သက်သတ်လွတ် စားကြပါ။ “အသားစားသူက သတ္တဝါများကို သနားလိုက်တာ” ဟု ဆိုပါက မှန်မည်မဟုတ်ပါ။ ဘီလူးက သက်သတ်လွတ် စားသည်ဟု ပြောသည်နှင့် တူနေပါသည်။
သတ်သတ်လွတ် စားမှုသည် အကျင့်ထူးတစ်ခု မဟုတ်စေကာမူ သတ္တဝါများကို တကယ် သနားသောအားဖြင့် စားသင့်လှ၏။ သတ္တဝါတို့၏ အသားကို မလွှဲသာ၍ စားကြလျှင်လည်း အစွန်းသုံးပါးလွတ်သော အသားကို စားကြပါ၊ အစွန်းသုံးပါးမှာ -မြင်သော သားငါး၊ ကြားသောသားငါး၊ ငါ့အား ရည်ရွယ်၍ သတ်လေသလားဟု မသင်္ကာဖွယ်ရာသော သားငါးတို့ ဖြစ်၏။
အသားကိုမစားဘဲ
အနောက်ပရက္ကမ ဆရာတော်ကြီးသည် တစ်သက်လုံး ပဲဆွမ်းကိုသာ ဘုဉ်းပေးသွားလေသည်။ အောက်ပါ သြဝါဒကိုလည်း ပေးလေ့ရှိ၏။
“သုံးဆယ့်တစ်ဘုံ အလုံးစုံသော သတ္တဝါတွေ ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ” လို့ အမြဲမေတ္တာပို့ကြတယ်၊ နေ့စဉ် စားသောက်ကြတော့ ဒီသတ္တဝါတွေရဲ့ အသားတွေနဲ့ပဲ။ အဲဒီတော့ သုံးဆယ့်တစ်ဘုံ အလုံးစုံသော သတ္တဝါတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ မေတ္တာပို့နေတာလည်း ဒီပါးစပ်ပဲ။ ဒီသတ္တဝါတွေရဲ့အသားကို နေစဉ်စားနေကြတာလည်း ဒီပါးစပ်ပဲ။ ဒီပါးစပ်နဲ့ စားသောက်နေပြီး ဒီပါးစပ်နဲ့ မေတ္တာပို့နေတော့ လေးနက်မှု မရှိလှဘူး။ မေတ္တာအစွမ်းအစ စူးရှမှုကလည်း နည်းမယ်။ သတ္တဝါတွေရဲ့ အသားမစားဘဲ၊ သတ္တဝါတွေအားလုံး ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေလို့ မေတ္တာပို့မှသာ အစွမ်းအာနုဘော် ပို၍ ရှိသတဲ့၊ ဒါကြောင့် သတ္တဝါတွေရဲ့ အသားမစားဘဲ မေတ္တာပို့နိုင်ကြအောင် အားထုတ်ကြ”
ဖြစ်လေရာဘဝတိုင်း
သက်သတ်လွတ် စားခြင်းနှင့် စပ်လျဉ်း၍ ကုန်းနေသတ္တဝါ၊ ရေနေသတ္တဝါ၊ ကောင်းကင်နေ သတ္တဝါဟု သုံးမျိုးခွဲခြားပါ။ ထိုတွင်ကုန်းနေသတ္တဝါတို့၏ အသားကို မစားဘဲ ရှောင်ကြဉ်ပါက “ ငါသည်ကုန်းနေသတ္တဝါတို့၏ အသားကို မစား၊ ဤအဓိဋ္ဌာန် သစ္စာစကား မှန်ကန်ပါက ယခုဘဝမှစ၍ ဖြစ်လေရာဘဝတိုင်းတို့၌ မြေကြီးအထုနှင့်တူသော ဘုန်းသမ္ဘာ ကံဉာဏ် ပညာနှင့် ပြည့်စုံ၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်နိဗ္ဗာန်ကို လျှင်မြန်စွာ ရရလိုပါ၏။”
ရေ၌နေသော သတ္တဝါတို့၏ အသားကိုမစားပါက “ ငါသည်ရေ၌နေသော သတ္တဝါတို့၏ အသားကိုမစား၊ ဤအဓိဋ္ဌာန် သစ္စာစကားမှန်ကန်ပါက ယခုဘဝမှစ၍ ဖြစ်လေရာဘဝတိုင်းတို့၌ သမုဒ္ဒရာ ရေလှိုင်းနှင့်တူသော ဘုန်းသမ္ဘာ ကံဉာဏ်ပညာနှင့် ပြည်စုံ၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လျှင်မြန်စွာ ရရလိုပါ၏ ”
ကောင်းကင်၌ နေကြကုန်သော ငှက်စသော သတ္တဝါတို့၏ အသားကို မစားက “ငါသည်ကောင်ကင်း၌ နေကြကုန်သောငှက်စသော သတ္တဝါတို့၏ အသားကိုမစား၊ ဤအဓိဋ္ဌာန် သစ္စာစကားမှန်ကန်ပါက ယခုဘဝမှ စ၍ ဖြစ်လေရာ ဘဝတိုင်းတို့၌ အဆုံးမရှိသော ကောင်းကင်ပြင်ကြီးနှင့် တူသော ဘုန်းသမ္ဘာ ကံဉာဏ် ပညာနှင့် ပြည့်စုံ၍ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လျှင်မြန်စွာ မျက်မှောက်ပြုရပါလို၏” လို့ ဆုတောင်းကြပါ၊ မုချ ပြည့်၀ ပါလိမ့်မည်ဟုလည်း သြဝါဒ ပေးပါသည်။
အသက်ရာကျော်
ဖရုံသခွား၊ စသည်အားဖြင့်၊
ကိုးပါးသီးကြီး၊ မငြီးစားဘွယ်၊
သီးငယ်အကုဋေ၊ များမြောင်ထွေ၏။
ကျက်သရေမချို့၊ လျှာရည်စို့သား၊
နို့စမ်းနို့ရည်၊ ရက်တက်ကြည်မှ၊
တလည်ထွေထူး၊ ဆီဦးထောပတ်၊
ငါးပါးမှတ်သည်၊ ကောင်းမြတ်သြဇ၊
ဂေါရသတည့်၊ ဆုံကထွက်လစ်၊
နှင်းဆီသစ်နှင့်၊ အုံဖြစ်ရွှဲရွှဲ၊
ပျားတင်းလဲမူ၊ ထိုကစသည်၊
သုဇာတဆွမ်း၊
နှိုင်းတမ်းလိုက်ဖက်၊ သူ့သက်မပါ၊
မြတ်သြဇာကို၊ မဟာဓမ္မ၊
ပါလရွာသား၊ အတုစားက၊
သက်ပွားရှည်ကြာ၊ ဆယ်ရာပတ်လုံး ” စသဖြင့်သက်သတ်လွတ်ဟင်းလျာတို့သည် ကောင်းမြတ်သည့်အပြင် အသက်ရာကျော်ပင် ရှည်နိုင်ကြောင်းလည်း ဆုံးမတော်မူလေံ ရှိပါသည်။
သက်သတ်လွတ်အစ
အစမထင် ကျင်လည်ခဲ့ရသည့် သံသရာ တစ်လျှောက်မှာ သူတစ်ပါးတို့၏ အသားကို စားသောက်ခဲ့ကြရသည်မှာ များပြားလှပြီ။ ဘဝတိုင်းစားရလို့ အားရသင့်ကြပြီ၊ ထိုသို့ စားကြသည်မှာလည်း အသိဉာဏ် မရင့်သန်ကြ၍ဟု ဆိုရပေမည်။
အသိဉာဏ်ရင်သန်ကြသည့် ဒီလိုဘ၀ ရကြတဲ့ အခါ သူတစ်ပါးအသားတို့ကို မစားကြပါနဲ့တော့၊ မိမိတို့ ပါးစပ်ကို သတ္တဝါတို့သင်္ချု ိင်း မဖြစ်ပါစေနှင့်။
သုတ်ပါထေယျ အဂ္ဂညသုတ်တော်တွင် ကမ္ဘာဦးသူတို့သည် မြေဆီလွှာတို့ကိုသာ စားခဲ့ကြ၏။ ယခုခေတ်အခါ မြေဆီမြေလွှာ မရှိပါလည်း ပကတိ ဟင်းသီးမျိုး ဟင်းရွက်မျိုး ကောင်းနိုးရာရာတို့ကို စားသုံးပါက အလွန်ပေါများလှ၏။ ဤသက်သတ်လွတ် စားမူ ပေါ်ပေါက်ခဲ့သည်မှာ သုတ်ပါထေယျ အဂ္ဂညသုတ်ကို ထောက်သော် ကမ္ဘာဦးကပင် ဖြစ်၏။ ထို့ကြောင့် “သက်သတ်လွတ်အစ — ကမ္ဘာဦးက” ဟု မှတ်တမ်းပြုရပေမည်ဟု မိန့်ပြီးနောက် —
ဂါထာ ၂ – ပုဒ်
ပုဒ်ရေဂါထာ ၄၂၆ – ခုရှိသော “သဗ္ဗမံသ ပဟာနဓမ္မ” ကျမ်းမှ အောက်ပါ ၂ – ဂါထာကိုလည်း အနက်နှင့် တကွ ရွတ်ဆိုပြလေ့ရှိပါသည်။
သုမေဓော တေမိယော ကဏှော၊
အကိတ္တိတာ ပသာဒယော၊
သဗ္ဗေမံသံ ဝိဝဇ္ဇေတွာ၊
ပူရေသုံ ဗောဓိဟေတဝေ။ ။
သုမေဓော၊ သုမေဓာ ရသေ့သည်လည်းကောင်း။ တေမိယော၊ တေမိရသေ့သည်လည်းကောင်း။ ကဏှော၊ ကဏှ ရသေ့သည် လည်းကောင်း။ အကိတ္တိတာပသာဒယော၊ အကိတ္တိရသေ့စသော ဘုရားလောင်းတို့သည်လည်းကောင်း။ သဗ္ဗမံသံ၊ ဘဲ-ကြက်-ဝက်-နွား- သားငါးစသော သတ္တဝါတို့၏ အသားခပ်သိမ်းတို့ကို။ ဝိဝဇ္ဇေတွာ၊ ရှောင်ကြဉ်ကြကုန်၍။ ဗောဓိဟေတဝေ၊ သဗ္ဗညုတဉာဏ်၏ အကြောင်းရင်းဖြစ်ကုန်သော ပါရမီ အဆောက်အဦတို့ကို ။ ပူရေသုံ၊ ပြည့်ကြကုန်ပြီ။
တသ္မာ သလ္လေခိကော ပေါသော၊
သံပဿ အတ္ထမတ္တနော။
သဗ္ဗမံသံ ဝိဝဇ္ဇေယျ၊
ယောဂက္ခေမဿ ပတ္တိယာ။
တသ္မာ၊ ထိုသို့ ဘဲ- ကြက်- ဝက်-နွား စသော သတ္တဝါ အပေါင်းတို့၏ အသားခပ်သိမ်းတို့ကို ရှောင်ကြဉ်ကြကုန်၍ သဗ္ဗညုတဉာဏ်၏ အကြောင်းရင်း ဖြစ်ကုန်သော ပါရမီ အဆောက်အဦတို့ကို ဖြည့်ကျင့် ကြပါကုန်သောကြောင့်။ သလ္လေခိကော၊ ကိလေသာ ခေါင်းပါးအောင် ကျင့်သော။ အတ္တနော၊ မိမိ၏။ အတ္တံ၊ အကျိုးစီးပွားကို၊ သံပဿံ-သံပဿန္တော၊ ရှုသော။ ပေါသော၊ သတ္တဝါသည်။ ယောဂက္ခေမဿ၊ ယောဂလေးပါးတို့၏ ကုန်ရာဖြစ်သော နိဗ္ဗာန်သို့။ ပတ္တိယာ၊ ရောက်စေခြင်းငှာ။ ဝါ၊ ရောက်အောင်။ သဗ္ဗမံသံ၊ ခပ်သိမ်းသော သတ္တဝါတို့၏ အသွေးအသား အညှီအဟောက်ကို။ ဝိဝဇ္ဇေယျ၊ ရှောင်ကွင်းရာ၏။
မေတ္တာ
သတ္တဝါတို့ကို ချစ်ခင်ကြင်နာ၍ အသားစား ရှောင်ကြဉ်သူတို့သည် မေတ္တာ ကရုဏာ ဗြဟ္မစိုရ်တရား များပြားကြ၏။ ဗြဟ္မစိုရ်တရားလေးပါးကို ပွားများသူတို့မှာ သတ္တဝါတို့ကို အစဉ်သနား ချစ်ခင်၏။ ချမ်းသာမှုစသည်တို့၌ ဝမ်းမြောက်၍ ကောင်းဆိုးနှစ်ဝကို ဥပေက္ခာ ပြုနိုင်ကြ၏။
ဤဗြဟ္မစိုရ်တရား လေးပါးတို့တွင် မေတ္တာသည် သမထဘာဝနာ တွင်ပါဝင်၏။ ကမ္မဋ္ဌာန်းလေးဆယ်တွင် သဗ္ဗတ္ထက ကမ္မဋ္ဌာန်း ဖြစ်၏။ ကမ္မဋ္ဌာန်း လေးဆယ်လုံးနှင့် ဆက်နွယ်သက်ဆိုင်၏။ ထို့ကြောင့် မည်သည့်ကမ္မဋ္ဌာန်း စီးဖြန်းသူ ဖြစ်ဖြစ် မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းရမည် ဖြစ်၏။
လူသားတို့နှင့် သက်ရှိသတ္တဝါတို့မှာ မေတ္တာနှင့် ကင်းသူ မရှိဟုဆိုရချေမည်။ မေတ္တာနည်းပါးသူနှင့် များပြားသူသာ ကွာခြားကြပေ မည်။ မေတ္တာတရားသည် ဗုဒ္ဓဘာသာမှာ သာမက ဘာသာတိုင်းတွင်ပါဝင်သော တရား ဖြစ်၏။ အထူးသဖြင့် ဗုဒ္ဓဘာသာတို့မှာ နေ့စဉ်မပြတ်တလစပ် ပွားများကြရမည် ဖြစ်၏။
အိပ်ရာဝင်စသော အချိန်တို့တွင် ပါဠိမြန်မာ ကြိုက်နှစ်သက်သော ဘာသာတို့ဖြင့် မေတ္တာပို့ကြ၏။ ထို့ကြောင့် ဘာသာဝင်တိုင်း မေတ္တာ ကမ္မဋ္ဌာန်း၊ သဗ္ဗတ္ထက ကမ္မဋ္ဌာန်း စီးဖြန်းကြ၏။ ဘုရားသခင်ကလည်း “ ငါ၏ ချစ်သား ချစ်သမီးတို့ — လက်ဖြစ်တစ်တက်ခန့်မျှ ဖြစ်သော မေတ္တာစိတ်ကို ပွားများအံ့၊ ဈာန်မှ ဆိတ်သုဉ်းခြင်း မရှိမူ၍ ဝါ – ဈာန်ဝင်စားနေသည်ဟူ၍ ဆိုအပ်၏” ဟု မိန့်တော်မူ၏။ (အင်္ဂုတ္တရနိကာယ် ဧကနိပါတ် အစ္ဆရာသင်္ဃာတဝဂ် (နာ -၁၀ ) ရှု။
ဘာသာဝင် အပေါင်းတို့ ဤပါဠိတော်ကို ထောက်၍ မေတ္တာပွားကြပါ။မေတ္တာပွားလျှင် ဈာန်ဝင်စားသည်ဟုပင် အထက်ပါ ပါဠိတော်က ပြနေ၏။ မေတ္တာဘာဝနာပွားများသောအခါ မိမိစွမ်းနိုင်သလို ပွားများနိုင်ပါ၏။
မေတ္တာသည် လူကြီးလူငယ် အားလုံးနှင့် ဆက် နွယ်၏။ ဘာသာဝင်ဟူသမျှ ပွားများကြရမည့် သမထတရား ဖြစ်၏။ မေတ္တာတန်ခိုးကား ကမ္ဘာကို ပါစိုးမိုးနိုင်၏။ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး စသော ဆက်ဆံရေး အ၀၀တို့မှာ မေတ္တာတရားသည် အမြဲပါဝင်၏။ “ တစ်ဦးမေတ္တာ တစ်ဦးမှာ ” ဆိုသည့် ပမာ တစ်ဦးက မေတ္တာရှိမှ တစ်ဦးက ပြန်လည် ရှိ၏။ တစ်ဦးက မေတ္တာအမြဲရှိနေပါက ထိုသူ့အပေါ်၌ မည်သို့ပင် မုန်းမုန်းတစ်နေ့ အမုန်းပျက်ပြီး မေတ္တာသက်စမြဲ ဖြစ်၏။
ကောင်းကင်သည် အဆုံးအစမရှိ ကျယ်ဝန်းသလို မေတ္တာသည်လည်း အဆုံးအစမရှိ ကျယ်ဝန်းကြောင်းကို ရှေးဆရာများက “ မေတ္တာသဒ္ဒေအနန္တော” ဟု မိန့်ကြသည်။ “ မေတ္တာ သဒ္ဒေါ- အကနိဋ္ဌော” ဟုလည်း မေတ္တာပွားထုံလျှင် အကနိဋ္ဌဗြဟ္မာဘုံသို့ ခိုလှုံနိုင်၏ဟု မိန့်ကြသည်။ ထို့အပြင် မေတ္တာတရားသည် ဗြဟ္မဝိဟာရ တရား ဖြစ်၏ဟုလည်း သြဝါဒ ပေးခဲ့ကြပါသေးသည်။
ဆရာတော်၏မှတ်စု
သူ့အသက်ကိုမသတ်၊ သူ့အသားကိုမစားဘဲ နေကြ၍ မေတ္တာဘာဝနာ ပွားများကြရန် တိုက်တွန်းသော ဆရာတော်၏ အမှာစာတွင်-
(၁) မေတ္တာတရား၊ လက်ကိုင်ထား၊ မလားပါယ်လေးရွာ။
(၂) မေတ္တာတရား၊ နေ့စဉ်ပွား၊ ထင်ရှားလာမည်သာ။
(၃) မေတ္တာတရား၊ အမြဲပွား၊ တိုးပွားဉာဏ်ပညာ။
(၄) မေတ္တာပွားများ။ အသားစား၊ တအားရှောင်ကြဉ်ပါ။
(၅) မေတ္တာပွားပြန်၊ မှားမမှန်၊ ဧကန်ချမ်းသာမှာ။
(၆) မေတ္တာကိုဆောင်၊ ကြံတိုင်းအောင်၊ လူ့ဘောင်ကျော်ကြားလာ။
(၇) မေတ္တာအကျိုး၊ နေ့တိုင်းတိုး၊ တန်ခိုးပြည့်စုံမှာ။
(၈) မေတ္တာအတွက်၊ ရန်သူပျက်၊ ဆက်လက်ပွားများပါ။
(၉) မေတ္တာတန်ခိုး၊ ရန်သူမျိုး၊ ပျက်ရိုးအမှန်ပါ။
(၁၀) မေတ္တာရေချမ်း၊ အမြဲဖျန်း၊ ဘေးဘျမ်းရှင်းရှင်းကွာ။
(၁၁) မေတ္တာအတွက်၊ မသတ်ရက်၊ လွတ်ချက်ဧကန်ပါ။
(၁၂) မေတ္တာရှေ့သွား၊ နှလုံးထား၊ အများချမ်းသာရာ။
(၁၃) မေတ္တာပို့ပြန်၊ ရန်သူ့ထံ၊ ဒဏ်ပြန်ဆေးမှတ်ပါ။
(၁၄) မေတ္တာမွှမ်းထုံ၊ ဘေးမျိုးလုံ၊ အကုန်ချမ်းသာရာ။
(၁၅) နှုတ်ကြမ်းမောက်မာ၊ မဲ့မေတ္တာ၊ ချိုးသာပြေပြစ်၊ လူတိုင်းချစ်။
(၁၆) ဘေးရန်နှင့်တွေ့၊ မေတ္တာမွေ့၊ ရန်ငွေပျက်ပြုံးမည်။
(၁၇) မေတ္တာတရား၊ ပွားသူများ၊ ရောက်ငြားဘုံဗြဟ္မာ။
(၁၈) မေတ္တာအစွမ်း၊ ကမ္ဘာလွမ်း၊ ငြိမ်းချမ်းသာယာမှာ။
(၁၉) မေတ္တာအဟုန်၊ ကမ္ဘာလုံ၊ လူ့ဘုံအေးချမ်းသာ။
ဟုရေးသားထားပါသည်။
(အရှင်စာရန္ဒ (ဓမ္မစရိယ) ရေး အနောက်ပရက္ကမ ဆရာတော်၏ ဖြစ်စဉ်နှင့် ကျင့်စဉ်များမှ)
နိဂုံး
ဤမျှသော စကားစဉ်ဖြင့်
စာရေးသူသည်
အရှင်မဟာရဋ္ဌသာရ၏
“ကိုယ်နှင့်လည်းစာ
သတ္တဝါကို
ကြင်နာလှစေ
သူ့အသက်ကို – ချစ်ပါလေ ”
ဟူသော သြဝါဒကို
ဦးထိပ်ရွက်ဆင်လျက်
နိဂုံးကမ္ပတ်
အဆုံးသတ်အပ်ပါသတည်း။
၁၃၃၅-ခု၊ ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက် (၅-၈-၁၉၉၃)
ကျမ်းကိုး
၁။ ဝိနည်းမဟာဝါ ပါဠိတော်
၂။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ
၃။ သုတ်ပါထေယျ အဋ္ဌကထာ
၄။ ပါရာဇိကဏ် အဋ္ဌကထာ
၅။ ဒသကအင်္ဂုတ္တိုရ် ပါဠိတော်
၆။ အဋ္ဌသာလီနိ အဋ္ဌကထာ
၇။ မဟာဝဂ္ဂသံယုတ်
၈။ အဂုၤတ္တိုရ်တိကနိပါတ် ပါဠိတော်
၉။ ဧကနိပါတ် ဂေါမဇာတ်
၁၀။ သုတ်သီလက္ခန် အဋ္ဌကထာ
၁၁။ စတုတ္ထအင်္ဂုတ္တိုရ် အဋ္ဌကထာ
၁၂။ စရိယပိဋကတ်
၁၃။ မနုဓမ္မသတ်
၁၄။ လယ်တီပုစ္ဆာအဖြေပေါင်းချုပ်၊ ဟံသာဝတီပိဋကတ် ပုံနှိပ်တိုက် ရန်ကုန်မြို့ (၁၉၅၆ )
၁၅။ အနောက်ပရက္ကမဆရာတော်၏ ဖြစ်စဉ်နှင့်ကျင့်စဉ်များ
၁၆။ လူ့အစာစစ်တမ်း ‘ Man’s Food ’ ဇမ္ဗုဝတီ ပိဋကတ် စာပုံနှိပ်တိုက် ရန်ကုန်မြို့ ( ၁၉၆၅ )
၁၇။ သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားတိုင်းပြည်များနှင့်မြန်မာပြည်မှ ထုတ်ဝေသော စာ-နယ်-ဇင်းများ၊ စာရွက်စာတမ်းများ ဟောပြောချက်များ။
Photo by Stefan Fluck on Unsplash