အရပ်လေးမျက်နှာဆိုတာ သတင်းလို့ပဲ မှတ်ပါ။
နောက်လိုက်ကောင်းဖို့လို
အရှင်တို့ငယ်ငယ်က အင်္ဂလိပ်စာသင်ခဲ့တဲ့အခါ
(၁) မြောက်အရပ်ကို N= North
(၂) အရှေ့အရပ်ကို E = East
(၃) အနောက်အရပ်ကို W = West
(၄) တောင်အရပ်ကို S = South
ဆိုပြီးတော့ သင်ခဲ့ရတယ်။ အင်္ဂလိပ်စာလုံးပေါင်း NEWS လေးလုံးပေါင်းရင် “သတင်း” ဆိုပြီးတော့ မြန်မာစကားအဓိပ္ပာယ်ထွက်လာတယ်။ ကလေးသဘာဝအရ ‘ဟား… ဟုတ်လှချည်လား’ ဆိုပြီးတော့ အံ့သြမိခဲ့တယ်။
‘လူသတင်း လူချင်းဆောင်၊ ပန်းသတင်း လေညင်းဆောင်’ ဆိုတဲ့ စကားအတိုင်း နိုင်ငံရေးသတင်းအကြောင်းတွေကို ထိုင်နားထောင်နေရင်းနဲ့ တစ်ဖက်စောင်းနင်းတဲ့ နိုင်ငံရေး အကြောင်းကို သတင်းတွေအချို့အဝက်ကြားရတော့ အလွန်စိတ်ပျက်ခြင်း ဖြစ်ခဲ့တယ်။ လိမ်ညာမှုကင်းတဲ့ နိုင်ငံရေးသတင်းကို မကြားရတာကြာပြီမို့ အဝိဟိံသာနိုင်ငံရေးလည်း လိမ်ညာကင်းတဲ့ သတင်းစကားလေးပါး ဆိုရအောင် စတင်ကြဦးစို့။
လူမှုဘဝဟာ အဆင့်အတန်းနိမ့်ကျခြင်းသက်သက် မရှိပါဘူး။ မြင့်မြင့်မားမား အထွတ်အထိပ်ဆုံးကို ရောက်စရာအကြောင်းလည်း မရှိပါဘူး။ သင်္ခါရစက်ဝန်းအရ ပြုပြင် ပြောင်းလဲနေရတာကြောင့် ပြောင်းလဲပြုပြင်ပုံထဲက လူမှုဘဝတွေပါ ပါဝင်နေတယ်။ လူတွေရဲ့ အကြံအစည်တွေက လောကဓာတ်တစ်ခုလုံးကို လူ့စွမ်းအင်နဲ့ တည်ဆောက်ပြမယ် ဆိုတာချည်းပါပဲ။ သူ့နဂိုက လှပနေတဲ့ဒီကမ္ဘာကြီးဟာ ဒီထက်လှပအောင် လုပ်ပေးနိုင်သူ မရှိပါဘူး။ ဒီထက်ရှုပ်ထွေးအောင်ပဲ လုပ်ကြတာတွေ တွေ့ရတယ်။ လူတွေဟာ အပိုအလုပ်ကို ပိုလုပ်ချင် ကြတယ်။ ဒါ လူရဲ့ သဘောသဘာဝပါပဲ။ လူရဲ့နိုင်ငံရေးအကြောင်းကို ကြည့်ပါ။ ဘယ်တုန်း က စတင်ခဲ့တဲ့ နိုင်ငံရေးလဲ။ စခဲ့တဲ့နိုင်ငံရေးတွေအားလုံး အကောင်းဆုံး နိုင်ငံရေးတွေကို တစ်မျိုးပြီးတစ်မျိုး ရွေးထုတ်ကြတာပါပဲ။ အများအကြိုက်ဆုံးဖြစ်တဲ့အချိန်မှာ အဲဒီနိုင်ငံရေး စနစ်ဟာ အလွန်သိက္ခာရှိတာပေါ့။ လိုက်နာကျင့်ကြံသူမရှိတဲ့အချိန်မှာ နိုင်ငံရေးသိက္ခာဟာ ကျဆင်းတော့တာပဲ။ နိုင်ငံရေးစနစ်၊ နိုင်ငံရေးသိက္ခာ၊ နိုင်ငံရေးမူဝါဒ မရှိတဲ့ တိုင်းပြည် တစ်ပြည်ဟာ ပြည်သူ့နိုင်ငံရေးစနစ် တည်ထောင် အားထုတ်ရာမှာ နောက်လိုက်ကောင်းဖို့ လိုပါတယ်။
ဇာတ်အိမ်ပျက်အောင် လုပ်တဲ့အလုပ်
နိုင်ငံရေးဆိုတာ အရည်အချင်းကောင်းသူတွေရဲ့ အသိဉာဏ်များကို စုပေါင်းစုစည်းနိုင်မှ ထိပ်ဆုံးသို့ ရောက်နိုင်မယ်။ နိုင်ငံရေးလောကမှာ ပစ္စည်း၊ ရာထူး၊ အာဏာ၊ ကျော်ကြားခြင်း ဂုဏ်သတင်း ထားလေသမျှ ကာလပတ်လုံး မျှတသော (တရားသဘောအရ မျှတခြင်း(၅)ပါး ရှိသော) နိုင်ငံရေး ဘယ်တော့မှ မရနိုင်ပါ (မရှိပါ)။ လောကမှာ ပေးဝေခြင်း၊ စွန့်ပြုလှူဒါန်းခြင်း၊ ဝေငှမျှတမှုပြုခြင်းဟာ အာဏာပိုင်စိုးသူများ ပြုလုပ်အားထုတ်ကြတဲ့ အလုပ်မဟုတ်ပါ။ ရိုးရိုးသာမန်လူများ လုပ်နေကြတဲ့ အလုပ်ပါ။ ခေတ်ကာလသဘောအရ နိုင်ငံရေးလုပ်မှ ထပြီး ဟိုစွန့် သည်ပေး၊ ဟိုဖေးကယ်မ လုပ်တာဟာ နိုင်ငံရေးဇာတ်အိမ်ပျက်အောင် လုပ်တဲ့ အလုပ်ပါပဲ။ စွန့်ရဲမှ အောင်ပွဲရတယ်ဆိုတာ နိုင်ငံရေး မဟုတ်ပါ။
စည်းကမ်းပြည့်ဝသော လွတ်လပ်ခြင်း
ယနေ့လူသားတွေရဲ့ အတွင်းစိတ်ဓာတ်တွေဟာ ဒေါသ၊ အာဃာတတရား အလွန် (လွန်စွာ) တင်းမာနေကြတယ်။ ချိုသာသော နှုတ်ခွန်းဆက်ကြတာ မရှိသလောက်ပါပဲ။ အတွင်းကောက်တော့ အယူမဖြောင့်တာ များတယ်။ နိုင်ငံရေးအာဏာသိမ်းပိုက်မှုတွေ လုပ် ချင်ကြတယ်။ ယစ်မူးတဲ့ယဇ်တိုင်ပေါ်မှာ ထိုင်နေတဲ့ ယဇ်ပူဇော်သူများပမာ အာဏာတန်ခိုးကို ယဇ်များပူဇော်သလို ယစ်မူးနေကြတယ်။ အဲဒီလို အစုစု အဖွဲ့ဖွဲ့ အလုအယက် ယစ်မူးကြပြီး မကျေနပ်မှုအကြောင်း၊ လုယက်မှုအကြောင်း၊ တိုက်ခိုက်မှုအကြောင်း၊ သိမ်းပိုက်မှုအကြောင်း တထောင်းထောင်းထတဲ့ ဒေါသအာဃာတကြွတဲ့ နိုင်ငံရေးယဇ်ပလ္လင်ကို လုကြတဲ့၊ ငြိမ်းချမ်းရေး လွတ်မြောက်ရေးကျင့်စဉ်မပါတဲ့ ယနေ့နိုင်ငံရေးကျင့်စဉ်တချို့ရဲ့ ပြုမူမှုဟာ လူသားထု တစ်ရပ်လုံးရဲ့ ဘေးကြီးဆိုက်အောင် လုပ်နေကြပြီ ဆိုတာကို မြင်နေကြပြီ။
နိုင်ငံရေးဆိုတာ ပြည်သူတွေရဲ့ ဖြစ်စဉ်ဘဝကို (နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲမှုကို) ဖြေရှင်းပေးနိုင်တဲ့ လူမှုဆိုင်ရာ ကျင့်စဉ် အပြည့်အဝ ထားရှိနိုင်တဲ့ (အာမခံပေးနိုင်မယ့်) နိုင်ငံရေးကိုပဲ ရွေးရမယ်။ လူထုက ဒါတွေ ဖြစ်လာပြီဆိုရင် ဘယ်ဥပဒေနဲ့ ကာကွယ်ပေးရ မယ်။ ဒါမှမဟုတ် လူထုအတွက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မယ့် ဥပဒေဟာ ပြည်သူလိုလားတဲ့ဥပဒေက ဘာလဲ။ ပြည်သူနဲ့ တစ်သားတည်းကျတဲ့ (လှတဲ့) ဥပဒေကို ပြဋ္ဌာန်းခွင့်ရအောင် အားထုတ်ပေးရတယ်။ ပြည်သူ့ရဲ့ဆန္ဒက အများကို နစ်နာရန် ရှိရင် ပြည်သူတွေ ဝေဖန်ပိုင်းခြားတတ်လာအောင် ပြည်သူတွေကို အသိပေးတဲ့စာတမန် (သတင်းစာ၊ သတင်းလွတ်လပ်ခွင့်) လွတ်လွတ်လပ်လပ် ရေးသားပြောဆိုခွင့် ပေးရတယ်။ (စည်းကမ်း ပြည့်ဝသော လွတ်လပ်ခြင်းကို ဆိုပါတယ်။) ရေးလိုတိုင်း ရေးနိုင်တယ် ဆိုပေမယ့် လူ့သိက္ခာ ထိပါးစေတတ်တဲ့အရာကိုတော့ ရှောင်ကြဉ်သင့်ပါက ရှောင်ရမယ်။
သတင်းစကားပါးတဲ့သူ၊ ရေးတဲ့သူ၊ လွှင့်တဲ့သူ၊ ဖြန့်တဲ့သူတွေဟာ တာဝန်အရှိဆုံးက ဘာတွေလဲ။ ကျင့်ဝတ်စည်းကမ်း ရိုသေဖို့ပါပဲ။ များသောအားဖြင့် ကောင်းကင်ဖန်သားပြင် ကျောက်သင်ပုန်းပေါ်မှာ အများ စုပေါင်းရေးသားကြတဲ့နေရာမှာ သူတစ်ပါးအကြောင်းကို အတင်းအဖျင်း ရေးသားကြတော့မယ်ဆိုရင် ဇာစ်မြစ်ခိုင်လုံမှ မရှိတဲ့ အကြောင်းအရာကို စိတ်စောပြီး မရေးသားမိပါစေနဲ့။ အကြောင်းအရာမှန်ပြီ ဆိုပေမယ့် အများသိသင့်တဲ့ အချက် တစ်ပါး ဖြစ်တယ်ဆိုရင် လောကဓာတ်တစ်ခုလုံး သိနိုင်သူအားလုံးကို ပေးသိပါ။ စောင့်ထိန်း စရာ မလိုဘဲ လွတ်လပ်မှု ပြည့်ပြည့်ဝဝ ပေးသိနိုင်ပါတယ်။
နှလုံးသားအမှန်တရား
လူဆိုတာ အမှားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားမှု မပြုတတ်ခင် ကိုယ်ကျင့်သိက္ခာပိုင်း ဆိုင်ရာ ဘဝအမျိုးမျိုးနဲ့ တည်ဆောက်လာခဲ့ကြရတယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာ ရေးနဲ့ ပညာရေးဆင်းရဲမှုများရင် အမှားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားမှု သိမြင်ရန် ခဲယဉ်းတယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ်ဟာ သိက္ခာပိုင်းဆိုင်ရာ လိမ္မာယဉ်ကျေးရန်အတွက် လူ့စိတ်ခန္ဓာ (နာမ်ခန္ဓာ) မဖွံ့ဖြိုး၊ မသိမြင်လေသမျှ ကာလပတ်လုံး ကောင်းကင်ဖန်သားပြင် ကျောက်သင် ပုန်းပေါ်မှာ၊ သို့မဟုတ် မြေပြင်တစ်လွှား စာအစောင်စောင်မှာ ပွင့်ပွင့်လင်းလင်း ရှုတ်ချဝေဖန် ကြတာဟာ လူတွေရဲ့ ဆန္ဒသဘောအတိုင်းသာ ဖြစ်တယ်။ မထိမ်မဝှက် မချန်တဲ့ စာတမန် ပွင့်လင်းမှုဟာ သတင်းအဖြစ်ပေးလို့ နိုင်ငံရေးမူဝါဒမှာ ထားတဲ့ လူမှုရေးဆိုင်ရာ နိုင်ငံရေး ကျင့်စဉ်ဟာ နှလုံးသားက အမှန်တရားကို ပြညွှန်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။
နိုင်ငံရေးလုပ်ရင် သည်းခံတတ်ရမယ်
နိုင်ငံရေးဆိုတာဟာ လူသားအချင်းချင်းကို ဒုက္ခပေးခြင်းအလုပ် မဟုတ်ပါ။ ယှဉ် ပြိုင်ခြင်း၊ ပူးကပ်ခြင်း၊ အားပြိုင်ခြင်းမဟုတ်ပါ။ အမှန်တရားကို ပွင့်လင်းစွာ အသိတရား အထွတ်အထိပ်ရောက်အောင် ကြိုးစားအားထုတ်ခြင်းပညာလို့ ဆိုချင်ပါတယ်။ နိုင်ငံရေးပညာ အပြည့်အဝမရှိသေးတဲ့လူဟာ နိုင်ငံရေးသိက္ခာကို ထိန်းဖို့လိုတယ်။ ဒုက္ခပေးနိုင်တဲ့ နိုင်ငံရေး အတွေးကို အလေးအနက်ထားပြီး ရှောင်ကြဉ်ရမယ်။ ယခုခေတ်ကာလမှာ မြန်မာပြည်နိုင်ငံ ရေးဟာ တစ်ခေတ်ဆန်း နိုင်ငံရေး စန်းထတဲ့ခေတ်ပါလို့ ပြောရင် အချို့အဝက် မှန်ပါတယ်။ နိုင်ငံရေးကို လုပ်လိုတဲ့သူတွေက အပြေးကလေးနဲ့ ဟိုသူကပ်၊ ဟိုအဖွဲ့အစည်းကပ်နဲ့ ဒုက္ခတွေ များကြတယ်။ အသက်အရွယ်က ကြီးရင့် အို ကုန်းကွပြီဖြစ်တော့ ဝါသနာက မစွန့်နိုင်သေးဘဲ နိုင်ငံရေးလောဘသားတွေရဲ့ မြင်ကွင်းလေးကိုတွေ့တော့ အားရမှုက တစ်ဖက်၊ ကျေနပ်မှုက တစ်ဝက်လေးနဲ့ အဘက်ဘက်မှ မပြည့်စုံတဲ့ နိုင်ငံရေးခွက် (ချိုင့်ခွက်)ထဲမှာ ဟက်ဟက် ပက်ပက်နဲ့ ကြိုးစားတဲ့ နိုင်ငံရေးသမားတွေ တကယ်မော်ကွန်းထိုးလောက်ပေရဲ့။ တို့ဘိုးဘွား တွေ မြန်မာပြည်နိုင်ငံရေးအတွက် မြန်မာပြည်လွတ်လပ်ရေးအတွက် သူတို့တွေ ဘယ်လောက် များ ခက်ခက်ခဲခဲ အားထုတ်ကြိုးစားခဲ့ကြရသလဲ ဆိုတာ အရှင်တို့တွေ သိထားရမယ်။ဘယ်အရေး၊ ဘယ်အရာမှာ မဆိုပါ။ ဆက်ဆံကြတဲ့ နေရာမှာ အများအားဖြင့် (များသောအားဖြင့်) ကိုယ်ကျင့်ကင်းမဲ့စွာနဲ့ အတ္တထားခြင်းတို့အပေါ်မှာ ရှိကြတာချည်းပါပဲ။ အများအတွက်နဲ့ အများအသက်အတွက်၊ နိုင်ငံရေးကို လုပ်ရင် သည်းခံတတ်ရမယ်။
အလုပ်ဆိုတာ အားထုတ်မှု၊ သည်းခံမှုမပါဘဲ မပြီးစီး၊ မအောင်မြင်ပါဘူး။ အကျိုးရှိ၊ အများ လက်ခံရမယ့်အလုပ်ဟာ အနှောင့်အယှက် များပါတယ်။ အောင်မြင်မှု နည်းတယ်။ အောင်မြင်မှု နည်းရခြင်းဟာ မြတ်သော အောင်မြင်မှု ဖြစ်လို့ပါပဲ။ ဒါကြောင့် အခက်အခဲကို နည်းနည်းတွေ့ရင် အားထုတ်မှု များများလုပ်ရမယ်။ တွန့်ဆုတ်မှ ဆိုတာ အခက်အခဲကို ကျော်ဖြတ်နိုင်တဲ့အလုပ် မဟုတ်ပါ။ အကျိုးရှိမယ့်အလုပ်သာ ဖြစ်ရင် တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ပါ။ အသက်ပါ စွန့်ပါ။ အကျိုးအားလုံးအတွက် အသက်ခန္ဓာ စွန့်ပြုတဲ့သူဟာ လူသား တွေပဲ ရှိပါတယ်။ အရာရာတိုင်းရဲ့ အားလုံး ဆုံးရှုံးမှုဟာ သည်းမခံနိုင်ခြင်းပါပဲ။
အရှင်တို့ဟာ ဘယ်အရာမဆို သည်းမခံရတာ မရှိပါ။ သည်းခံလို့သာ ထူးမြတ်တဲ့ အသက်ခန္ဓာ ရနေတာ ဖြစ်တယ်။ အကျင့်တရားတစ်ပါးနဲ့ သည်းခံနေတာ မဟုတ်။ အရာ ခပ်သိမ်းကို သည်းခံနေတာပါ။
“ခန္တီမူလ
မာန်ကို ချ
ဒေါသကို ပယ်
မေတ္တာလွယ်”ကြရင် မြန်မာပြည်နိုင်ငံရေးဟာ မအောင်မြင်နိုင်စရာ အကြောင်းမရှိ။
တစ်ဖက်စောင်းနင်းတဲ့ နိုင်ငံရေးအကြောင်းကို
သတင်းတွေ အချို့အဝက် ကြားရတော့
အလွန်စိတ်ပျက်ခြင်း ဖြစ်ခဲ့တယ်။
လိမ်ညာမှုကင်းတဲ့ နိုင်ငံရေးသတင်းကို
မကြားရတာ ကြာပြီမို့ အဝိဟိံသာနိုင်ငံရေးလည်း
လိမ်ညာကင်းတဲ့ သတင်းစကားလေး ပါးဆိုရအောင်။
ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၃၉-၁၄၃၊ အဝိဟိံသာနိုင်ငံရေး (၁၂)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။