Categories
စီးပွားရေး ဆောင်းပါး နိုင်ငံရေး ပထဝီနိုင်ငံရေးနှင့်စီးပွားရေး အမျိုးသားရေး အဲးခိုး

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (နောက်ဆုံးပိုင်း)

အဲးခိုး

အတွဲ(၁၂)၊ အမှတ်(၇)၊ မြန်မာသက္ကရာဇ် ၁၃၈၅၊ ဝါခေါင်လဆန်း ၂ ။ ၁၈ – ၈ – ၂ဝ၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်အပတ်မှအဆက်)

မဖြတ်နိုင်တဲ့အရာ 

ခေတ်အဆက်ဆက်က အရှက်တရား၊ အကြောက်တရားနဲ့ဆိုင်တဲ့ လူမှုရေးတရား ထိန်းသိမ်းနေထိုင်လာခဲ့ကြတဲ့ မြန်မာအမျိုးသမီးတွေဟာ အခုတော့ အမြင်မတော်၊ အကြားမတော်တဲ့ နေရာတွေမှာ ကိုယ့်ကိုယ်ကို ကျွန်လုပ်စားနေကြတဲ့အဖြစ်ဟာ မဖြစ်သင့်တာ အမှန်ပါပဲ။ ဒီလို (ခုလို) ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကို ကြည့်လိုက်ရင်လည်း မိမိတို့ရဲ့ တိုင်းပြည်အပေါ်မှာ ဦးဆောင်ဦးရွက်ကြတဲ့ သူတွေရဲ့ သတိမမူနိုင်မှု တွေပါပဲ။

လိင်ကျွန်၊ ငွေကျွန်၊ လူမှုကျွန် နစ်ကျွံနေကြရတဲ့ အရှင်တို့ရဲ့ မြန်မာလူမှု ဘဝအရေးဟာ အရေးမစိုက်လို့ မရတော့ပါဘူး။ အဆိုးဘက်ကို အားကြီးသွားတဲ့ လူမှုရေးကို အကောင်းဘက်ကို မတည့်ပေးနိုင်ရင် အနာဂတ် အရှင်တို့ရဲ့ မြန်မာလူမှုရေးဟာ ကြီးကျယ်တဲ့ ခက်ခဲမှုတွေ ရင်ဆိုင်နေရ လိမ့်မယ်။

ဒီရင်ဆိုင်ချက်ဟာ အပျက်ရာ အားလုံးထဲက မဖျက်နိုင်တဲ့ အရာတွေ ဖြစ်လို့ သတိကြီးစွာထား အားထုတ်ရတော့မယ်။ စာရေးနေရင်းနဲ့ ဒီအကြောင်းအရာဘက်ကို ရောက်သွားလို့ စေတနာအပိုလို့ပဲ မှတ်စေချင် ပါတယ်။

ငွေကျွန်သမားဘဝ 

စီးပွားရေးအကြောင်းကို ပြန်ပြောပြပါမယ်။ အရှင်တို့ မြန်မာ့စီးပွားရေးတွေ အောင်မြင်ဖို့ မြန်မာပြည်ထုတ်ကုန်ပစ္စည်းတွေ ဈေးကွက်ကောင်းကောင်းရဖို့ အရေးကြီးပါတယ်။ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ အဆင့်အတန်းမြင့်မားဖို့ အာမခံနိုင်ဖို့ (ပေးဖို့) လိုပါတယ်။

ကုန်ချောတစ်ခု (တစ်မျိုး) ထုတ်လုပ်လို့ မြန်မာပြည် ဈေးကွက်ဟောင်းနဲ့ အောင်မြင်တဲ့စီးပွားရေးတစ်ခု (တစ်ရပ်) လို့ မယူဆနိုင်သေးပါဘူး။ အပြည်ပြည် အရပ်ရပ်က လက်ခံသုံးစွဲတဲ့ ပစ္စည်းတစ်ခုဖြစ်မှ ဈေးကွက်ကောင်းရတဲ့ ကုန်ပစ္စည်းတစ်ခုလို့ သတ်မှတ်လို့ရမယ်။

ယနေ့ မြန်မာပြည်တွင်းဖြစ် ထုတ်လုပ်မှု ကုန်ပစ္စည်းတွေဟာ မြန်မာပြည် တစ်ပြည်လုံးက လက်ခံသုံးစွဲနေကြပြီလား ဆိုတာကို လေ့လာကြည့်ပါ။ မိမိ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ ဈေးကွက်ထဲကို အများသူငှာ သုံးစွဲနေပြီ ဆိုပေမယ့် မိမိကိုယ်ပိုင် အရင်းအနှီးတစ်ခု မိမိ ထုတ်လုပ်မယ့် (မည့်) ပစ္စည်းရဲ့တန်ဖိုးကို ငွေအား (ရင်းအား) တောင့်တင်းခိုင်မာ ပြည့်စုံ ဖို့လိုပါတယ်။ ဈေးကွက်ကောင်း တစ်ခုဖြစ်လာတဲ့ (ဝင်လာတဲ့) ပစ္စည်းဟာ နည်းဗျူဟာအဆင့် ရောက်အောင် ဈေးကွက်ဖြန့်တတ် (ရှာတတ်) ဖို့လည်း လိုပါတယ်။ ဈေးကွက်ရပေမယ့် အကြိမ် ၁၀ (တစ်ဆယ်) လောက် ဈေးကျခံရရင် အဲဒီစီးပွားရေးလုပ်ငန်းဟာ ဈေးကွက်စီးပွားရေးဖြစ်ပြီလို့သာ သိရမယ်။

ဈေးကွက်ပျက်ရင် ရှေ့ဆက်ဖို့ အားမရှိပါ။ အဲဒီလို ဈေးကွက်တစ်ခုမှာ ဖြစ်လာခဲ့ပြီဆိုရင် ကိုယ့်တွေ့ မဟာဗျူဟာ ကျင့်သုံးရမယ်။ စီးပွားရေးအရ နည်းပြန် စစ်ဆေးရမယ်။ ဈေးကွက်ရှာတဲ့၊ ကြေညာတဲ့လုပ်ငန်းတွေကို ရပ်ထားရမယ်။ ဒါမှမဟုတ် အရင်းစိုက်ထားတဲ့ ငွေအားလုံးကို ဘဏ်မှာ ရပ်ထားရမယ်။ ငွေအားသာရှိပြီး ပစ္စည်းတန်ဖိုး ဈေးကွက်ပျက်ရင် အမြတ်ပျက်တဲ့ လုပ်ငန်းလို့သာ သိထားရမယ်။ 

ဒါကြောင့် ယနေ့ မြန်မာပြည်မှာ ရှိကြတဲ့ ကုန်သည်တွေဟာ ဈေးကွက်ရှာ ကုန်သည်ကြီးတွေ မဖြစ်ကြသေးတော့ စီးပွားရေးအရ မပင်ပန်းကြပါဘူး။ ထုတ်လုပ်ကုန်ပစ္စည်းလုပ်ပြီး ဈေးကွက်ရှာတဲ့ ကုန်သည်ဖြစ်ရင်တော့ ပင်ပန်းကြမှာပါပဲ။ ဈေးကွက်မရမချင်း နားလို့မရပါဘူး။ ကုန်ပစ္စည်း နားထားပေမယ့် အရင်းငွေမြှုပ်ပြီး အတိုးငွေ မနိုင်ကြလို့ စီးပွားကူးသန်းကြတဲ့သူတွေ (တစ်နည်း) ဈေးကွက်ရှာတဲ့ စီးပွားရေးသမားတွေ ငွေကျွန်သမားဘဝနဲ့ အချိန်ကုန်သွားတတ်ပါတယ် ဆိုတာကို သတိပေးပါရစေ။

နိဂုံး

  • စကားများသော နိုင်ငံရေးသမား။
  • ဈေးကွက်ရှာသော ကုန်သည် 
  • မာနကြီးသော ပညာရှိ 
  • အမှားများသော ပုဂ္ဂိုလ်တွေကို

နီးနီးဝေးဝေးမပေါင်းအပ်သလိုပဲ စကား၊ ချေး၊ မာန၊ အမှားတွေ မများကြဘဲ ဆင်ခြင်ဉာဏ်အား နှလုံးသွင်းတတ်ဖို့ လိုပါတယ်။

သင်သာကောင်းရင် နောက်လိုက် မကောင်းစရာမရှိသလိုဘဲ လုပ်ရပ်မှန်ရင် ဘေးရန်မရှိ (မမည်) ပါဘူး။ စနစ်ကောင်းရင် ဘယ်တိုင်းပြည်မဆို မဆင်းရဲနိုင်ပါဘူး။ တိုင်းပြည်အကျိုးကို ငဲ့ကွက်ရင် ဘယ်တိုင်းပြည်အကျိုးမှ မပြည့်စုံတာ မရှိပါဘူး။ ဒါကြောင့် အရှင်တို့ရဲ့ ချစ်လှစွာသော မြန်မာပြည်ကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင့်တော်ဆုံးသော နိုင်ငံရေးမူဝါဒ၊ အကောင်းဆုံးသော လွှတ်တော်၊ အတော်ဆုံးသောအစိုးရ၊ အကြီးအမြတ်ဆုံးသော စီးပွားရေး၊ ဘယ်နေ့၊ ဘယ်ကာလ၊ ဘယ်အချိန်လောက်မှာ ပြီးပြည့်စုံလေမည်လဲ ဆိုတာကိုပဲ မြင်ချင်ပါတော့တယ်။ စာဖတ်ကြသူများ ကိုယ်စိတ်အေးမြကြပါစေ။ 

အဲးခိုး

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၁) – မဟာပညာ (mahar.asia)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၂) – မဟာပညာ (mahar.asia)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၃) – မဟာပညာ (mahar.asia)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၄) – မဟာပညာ (mahar.asia)

Loading

Categories
ကရင်လူမျိုး နိုင်ငံရေး အမျိုးသားရေး

ကရင်ပြည်နယ် အလံ၊ တံဆိပ်၊ ဆောင်ပုဒ်

ပြည်နယ်အလံ

ပြည်နယ်တံဆိပ်

ပြည်နယ်ဆောင်ပုဒ်

“ဆ်ုတဝ်ဆ်ုလံင်ယ်ုအဲလ်ှ”

“ဖြောင့်မတ်ခြင်းကိုငါတို့ချစ်မြတ်နိုးသည်။”

“The Rectitude We Love”

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

KNU နှင့် ငြိမ်းချမ်းရေး အတွေ့အကြုံ တောင်ကလေးဆရာတော်နှင့် ဆွေးနွေးခြင်း

(တောင်ကလေးဆရာတော် (အဲးခိုး) ထံသို့ မြန်မာသံတော်ဆင့်အယ်ဒီတာ လာရောက်လျှောက်ထား မေးမြန်း (၁) မှအဆက်)

(မြန်မာသံတော်ဆင့် စာတွဲ(၁၂)၊ အမှတ်(၅)မှအဆက်)

အတွဲ(၁၂)၊ အမှတ်(၇)၊ မြန်မာသက္ကရာဇ် ၁၃၈၅၊ ဝါခေါင်လဆန်း ၂ ၊ ၁၈ – ၈ – ၂ဝ၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးခေတ်မှ ယနေ့ နစကအစိုးရခေတ်ထိ နှစ်ပေါင်း ၇၅ နှစ်တိုင်အောင် သက်တမ်းအရှည်ကြာဆုံးနှင့် စိတ်ဓာတ်အင်အား အပြင်းထန်ဆုံး တောတွင်းလက်နက်ကိုင်အဖွဲ့အဖြစ် ရပ်တည်နေသော KNU အဖွဲ့နှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့သည်မှာလည်း ယနေ့တိုင်အောင်ပင် ဖြစ်သည်။ KNU နှင့် မငြိမ်းချမ်း၍ မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်ပိုင်းဒေသများ လုံခြုံရေးထိခိုက်ပျက်စီးမှုဒဏ်ကိုလည်း ပြည်သူများ နှစ်ပေါင်းကာလရှည်ကြာစွာ ခံစားခဲ့ကြရသည်။ လမ်းစဉ်ပါတီခေတ်ကို အဆုံးသတ်ခဲ့သော ၁၉၈၈ ရှစ်လေးလုံး အရေးအခင်းပြီးနောက် နိုင်ငံတော်ကို တာဝန်ယူ ထိန်းသိမ်း အုပ်ချုပ်ခဲ့သော နဝတ (တပ်မတော်) အစိုးရ၊ နအစ (တဖြစ်လည်း) နယကအစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေတ်တွင်မတော့ KNU နာမည်ကြီး ဗိုလ်ချုပ်ကြီး စောဘိုမြ ရန်ကုန်မြို့တော်သို့ ခရီးပေါက် ဆိုက်ရောက်လာခဲ့ကြောင်း၊ ပြည်သူအများ သတင်းစကား အချိန်လွန်မှ သိခဲ့ရသည်။ ထိုအကျိုးဆက်ကြောင့်လည်း ယနေ့ နစကအစိုးရခေတ်တွင် KNU အဖွဲ့ ခေါင်းဆောင်ပိုင်းနှင့် တပ်မတော်၊ အစိုးရ ခေါင်းဆောင်များ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးနေနိုင်ကြသည်မှာ အထင်အရှားဖြစ်သည်။ KNU တို့၏ (ကွယ်လွန်ခဲ့ပြီးသော) ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် မြန်မာနိုင်ငံမှ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ရန်ကုန်မြို့တွင် ၂၀၀၄ ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ (နယက) လက်ထက် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်စေခဲ့ရာ၌ အဓိကဦးဆောင် ပါဝင်စီစဉ်ပေးခဲ့သည်မှာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ကရင်ပြည်နယ်၊ ဘားအံမြို့ တောင်ကလေးဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာသာမိ (ယခု မြန်မာသံတော်ဆင့် ပင်တိုင်ဆောင်းပါးရှင် – အဲးခိုး )ဖြစ်ကြောင်း သိရှိရ၍ ယင်း KNU အဖွဲ့ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနှင့် မြန်မာခေါင်းဆောင်များ စတင်တွေ့ဆုံဖြစ်ခဲ့ပုံ နိုင်ငံရေးသမိုင်း ကွက်လပ်တစ်ခုကို မြန်မာသံတော်ဆင့်မှ မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။ 

(မောင်ရေစက်)

သံတော်ဆင့် – ယခင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဦးမူတူးဆေးဖိုး အနားယူသွားတဲ့အပေါ် ဆရာတော် ဘယ်လိုမြင်လဲဘုရား။

ဆရာတော် – ပြီးခဲ့တဲ့ ကေအန်ယူအဖွဲ့ ဗဟိုဥက္ကဋ္ဌအပြောင်းအလဲ ပြောင်းလဲမှုနဲ့ ပတ်သက်တာနဲ့ ဆရာတော်အနေနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးက အသက်အရွယ်ကြီးတာလည်း ပါတာပေါ့။ ပြီးတော့ နိုင်ငံရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ဒီအဖွဲ့အစည်းရဲ့ကိစ္စတွေမှာ ဆောင်ရွက်တဲ့၊ ဆောင်ရွက်တာ၊ ဆောင်ရွက်လုပ်ကိုင်မှု . . . ဘူးပေါ့။ အဲတော့ ကေအန်ယူဥက္ကဋ္ဌအသစ် ပြောင်းသွားတဲ့အပေါ်မှာ ဆရာတော်အနေနဲ့ ဖြစ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကေအန်ယူဥက္ကဋ္ဌကြီးလုပ်ဆောင် လာခဲ့တဲ့ ဒကာကြီးမူတူးဆေးဖိုးဟာ အသက်အရွယ်ကြီးရင့်တာက တစ်ကြောင်း၊ ဒီအသင်းနဲ့ပတ်သက်ပြီးတော့၊ အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်မှုမှာလည်း သူ့မှာလည်းအားနည်းတာက တစ်ကြောင်း၊ အဲတော့ ပြောင်းသွားတယ်။ ပြောင်းလဲသွားတာကိုလည်း ဆရာတော်အနေနဲ့ ကြိုဆိုပါတယ်။ ကေအန်ယူအဖွဲ့ဗဟိုဥက္ကဋ္ဌ ဦးစောကွယ်ထူးဝင်းအနေနဲ့ သူဥက္ကဋ္ဌနေရာ ရသွားတာကိုလည်းပဲ ဆရာတော်အနေနဲ့ ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောင်းလဲသင့်နေပြီ ဆိုတာကိုလည်းပဲ ဆရာတော်တို့ ဒီ ကေအန်ယူ ကွန်ဖရင့်တွေမှာ ပြုလုပ်ဖို့ရာကြာပါပြီ။ မလုပ်ဖြစ်သေးတာ ဒီကြားထဲမှာ ဒီလိုလုပ်ဖို့ ဒီလိုပြောင်းလဲသွားတာကို အင်မတန်ကောင်းပါတယ်လို့ ဆရာတော်အနေနဲ့ ဒီလိုပဲပြောချင်ပါတယ်။ ဦးစောကွယ်ထူးဝင်းက နိုင်ငံရေးကို စိတ်ဝင်စားတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးကိုလည်းပဲ သူကလည်း သူကိုယ်တိုင်ကလည်း စိတ်ဝင်စားပါတယ်။ သူ့လက်ထဲမှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးတွေ ဆက်လုပ်မယ်လို့ . . . . လို့ဆရာတော်အနေနဲ့ ယုံပါတယ်။

သံတော်ဆင့် – စစ်ရေးမပါဘူးလား ဘုရား။

ဆရာတော် – ဦးစောကွယ်ထူးဝင်းက စစ်ရေးနဲ့ပတ်သက်တာကို အဲဒီ လောက်ထိစိတ်မဝင်စားဘူး။ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကိုသာ ပိုပြီးတော့ စိတ်ဝင်စားပါတယ်။ 

သံတော်ဆင့် – ဆရာတော်က အကြံမပေးတော့ဘူးလို့ အစောပိုင်းက မိန့်သွားပါတယ်။ … 

ဆရာတော် – ကရင်ပြည်နယ်တစ်ခုတည်း အနေနဲ့ကတော့ ကရင်ပြည်နယ်မှာ နိုင်ငံရေးပဋိပက္ခမရှိဘူး။ စီးပွားရေးပဋိပက္ခလည်းမရှိဘူး။ ငြိမ်းချမ်းရေး ပဋိပက္ခလည်းမရှိဘူး။ ဆိုတော့ ပဋိပက္ခကင်းတဲ့ဒေသ ဖြစ်တယ်။ ဒီကြားထဲမှာ ဖြစ်ပျက်လာတဲ့ ၂ဝ၂ဝ ဖြစ်ပျက်လာတဲ့ ကိစ္စဝိစ္စတွေက ပေါ်ပေါက်လာလို့သာ ကရင်ပြည်နယ်မှာ မအေးချမ်း၊ မသာယာဖြစ်နေတာ။

နိုင်ငံတော်ငြိမ်းချမ်းရေးနဲ့ ပိတ်သဟာယအဖွဲ့ဆိုတာရှိတယ် … 
နဝတ၊ နယက (၂) ခေတ် နှစ်သုံးဆယ်ကျော် အစိုးရနှင့် ကေအင်န်ယူ ငြိမ်းချမ်းရေးလုပ်ဖို့ရာအတွက် အဲ့ဒီခေတ်ကာလတုန်းက တောင်ကလေးဆရာတော် ဘယ်လိုဆောင်ရွက်ခဲ့သလဲဆိုတာ သူတို့အကုန်လုံးသိပါတယ် …

တကယ်တမ်းကျတော့ ကရင်ပြည်နယ် အတွင်းထဲမှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံးဟာ အေးအေးချမ်းချမ်းပဲ နေထိုင်ကြပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ ဒီဘက်အစိုးရနဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေ အားလုံးရော … လက်နက်ကိုင် အဖွဲ့အစည်းတွေရော အေးအေးချမ်းချမ်းနဲ့ပဲ နေနေကြမှာဖြစ်ပါတယ်။ ဒီကြားထဲမှာ ပဋိပက္ခရပ်ဝန်းက ကြီးထွားလာတဲ့အခါကြတော့ အဲဒီပဋိပက္ခရပ်ဝန်းကို မွေးထုတ်လာတဲ့ ပုဂ္ဂိုလ်တွေကပဲ ဒီကရင်ပြည်နယ် အတွင်းထဲမှာ နည်းပေါင်းစုံနဲ့ မကျေနပ်ချက်တွေကို ဆောင်ရွက်လုပ်ကိုင်လာလို့ ပြဿနာတွေ အနည်းငယ် ဖြစ်လာကြတာပေါ့။ တကယ်တမ်းကြတော့ ဒီပြဿနာတွေကလည်း နိုင်ငံရေးအဖြေရှာနိုင်တဲ့ တစ်နေ့ကျရင် အဆင်ပြေသွားမှာပါ။ အေးချမ်းသွားမှာပါ။

သံတော်ဆင့် – အချိန်ကာလ ဘယ်လောက်ဆိုရင် ပြေလည်သွားနိုင်လဲ။ 

ဆရာတော် – အချိန်ကာလ ဘယ်လောက်အထိ ခန့်မှန်းနိုင်လဲဆိုတော့ အနိမ့်ဆုံး ၂၀၂၃၊ ၂ဝ၂၄ အတွင်း လောက်ဆိုရင်တော့ ပြေလည်သွားနိုင်ပါတယ်။ … 

သံတော်ဆင့် – နိုင်ငံတော်ကနေ ဘွဲ့တံဆိပ်တွေ ပေးတဲ့အခါမှာ ဆရာတော်ကို သီရိပျံချီဘွဲ့ ပထမဆုံး ဘာလို့ပေးတယ်လို့ ဆိုတာသိရင် မိန့်ကြား ပေးပါဘုရား။

ဆရာတော် – ဆရာတော့်အနေနဲ့ကတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့  ဆောင်ရွက်ချက်တွေ မရှိပါဘူး။ ဆရာတော်ရဲ့ အမေ၊ ဆရာတော်ရဲ့ ခမည်းတော်၊ ဆရာတော့်ရဲ့မယ်တော်ကတော့ သူတို့ခေတ်နဲ့ သူတို့ အချိန်တုန်းက နိုင်ငံတော် လွတ်လပ်ရေးရဖို့ရန်အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်တဲ့အထဲမှာ အဖေသည်။ ခမည်းတော်သည် သခင်။ မယ်တော်ကျပြန်တော့လည်းပဲ သခင်မ။ နိုင်ငံတော်လွတ်လပ်ရေး ကြိုးပမ်းအားထုတ်တဲ့အထဲမှာ မိခင်နဲ့ဖခင်။ ခမည်းတော်နဲ့ မယ်တော်တို့ကတော့ သူတို့တွေက နိုင်ငံတော်လွတ်လပ်ရေး ဆောင်ရွက် ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ ဝံသာနု ရက္ခိတ၊ ဝံသာနုခေတ် တစ်လျှောက်လုံးက သခင်မျိုးဟေ့ ဒို့ မြန်မာဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဆရာတော်အနေနဲ့ ကတော့ သီရိပျံချီဘွဲ့ ရဖို့၊ မရဖို့ ဆိုတာထက် ဆရာတော့်အနေနဲ့ ပထမဦးဆုံး ဘာမှမသိခဲ့ဘူး။ နိုင်ငံတော်က ကြေညာလိုက်တဲ့ အခါကျတော့ တောင်ကလေးဆရာတော်လည်း ပါတယ်ဆိုတဲ့အခါကျတော့ ဆရာတော်ကလည်း ပြန်လေ့လာတယ်။ ဒီ သီရိပျံချီဘွဲ့ကို ရဟန်း သံဃာတော်တွေ၊ ဗုဒ္ဓဘာသာရဟန်း သံဃာတော်တွေ ချီးမြှင့်ခဲ့တာမရှိခဲ့ဘူး ဆိုတာတော့ အဲဒါလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီသီရိပျံချီ ချီးမြှောက်မှု ပြုလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆရာတော်တို့ နိုင်ငံတော် ငြိမ်းချမ်းရေးအတွက် နဝတ၊ နအဖခေတ် တစ်လျှောက်လုံးမှာ ဆရာတော်တို့ မြန်မာနိုင်ငံတော်မှာ မြန်မာနိုင်ငံတော် ငြိမ်းချမ်းရေးမိတ်သဟာယ ဆိုတာရှိပါတယ်။ အဲဒီ နိုင်ငံတော်ငြိမ်းချမ်းရေးနဲ့ မိတ်သဟာယအဖွဲ့မှာ ခရစ်ယာန်ဆရာတော်တွေနဲ့ ဗုဒ္ဓဘာသာဆရာတော်တွေ ဖွဲ့စည်းပြီးမှ တိုင်းပြည်မှာ အနာဂတ်ကာလ ငြိမ်းချမ်းသွားအောင် ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဆောင်ရွက်တဲ့ အသင်းအဖွဲ့ဆိုတာရှိတယ်။ ဒါကြောင့်မို့ ဒီ နိုင်ငံတော်ကပေးတဲ့ သီရိပျံချီဘွဲ့သည် မြန်မာနိုင်ငံတော် မိတ်သဟာယ၊ ငြိမ်းချမ်းရေး မိတ်သဟာယက ပါဝင်တဲ့ပုဂ္ဂိုလ်တွေ ကြည့်ပြီးတော့ သီရိပျံချီဘွဲ့ချီးမြှင့်တယ်လို့ ဆရာတော်တို့ အဲဒီအတိုင်းသိရပါတယ်။ ဆရာတော် ကရင်ပြည်နယ်မှာ ဆရာတော်ပါပါတယ်။ ကချင်ပြည်နယ်မှာ သိက္ခာတော်ရဆရာတော် …  စသည်အားဖြင့် ပါဝင်ပါတယ်။ ဒါ ဆရာတော်တို့ အနေနဲ့ကတော့ မြန်မာနိုင်ငံတော်ငြိမ်းချမ်းရေး မိတ်သဟာယအဖွဲ့အနေနဲ့ နိုင်ငံတော်က ချီးမြှင့်တယ်လို့ ဆရာတော်က ယူဆတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နဝတခေတ် တစ်ခေတ်၊ နယကခေတ် တစ်ခေတ်။ ဒီ ခေတ် ၂ ခေတ်စလုံးကို ဆရာတော်တို့ကိုယ်တိုင်က နှစ်ပေါင်း ၃ဝ ကျော် မြန်မာနိုင်ငံငြိမ်းချမ်းသွားအောင် ငြိမ်းချမ်းရေးကို လိုက်လံပြီးတော့ နိုင်ငံရေးငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး၊ ခရစ်ယာန်ဘုန်းတော်ကြီး အဲဒီအသင်းက ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး မိတ်သဟာယအဖွဲ့ဆို တာရှိတယ်။ အေး အဲဒါကို ကြည့်ပြီးတော့ပဲ ပေးသင့်တယ်ထင်လို့ ပေးတယ်လို့ပဲ ဆရာတော်ကတော့ ယူဆတယ်။ 

သံတော်ဆင့် – အဲဒီအဖွဲ့လည်း အခုထိရှိနေတုန်းပဲပေါ့နော်။ 

ဆရာတော် – မြန်မာနိုင်ငံမိတ်သဟာယအဖွဲ့က မရှိတော့ဘူး။ ဘာလို့လည်းဆိုတော့ အသက်ကြီးသွားကြပြီ။ ကွယ်လွန်သွားကြပြီ။ အဲ ကရင်ပြည်နယ်မှာဆိုရင် ဦးဇင်းတစ်ပါးလောက်၊ နှစ်ပါးလောက်ပဲ ကျန်တော့တယ်။ ကျန်တာတော့ ကွယ်လွန်ကုန်ပြီ။ ငြိမ်းချမ်းရေးမိတ်သဟာယအဖွဲ့မှာ ဆရာတော်တို့ လုပ်ဆောင်ကြတာ။ ယနေ့အထိ ကချင် ပြည်နယ်မှာရှိပါသေးတယ်။

သံတော်ဆင့် – အဲဒီတုန်းက ဗိုလ်ချုပ်ကြီးဘိုမြနဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ တွေ့ ဆုံဆွေးနွေး ခဲ့ကြတဲ့ကိစ္စ။ 

ဆရာတော် – ဆရာတော်တို့လုပ်ဆောင်ခဲ့တာ။

သံတော်ဆင့် – အဲဒီ ငြိမ်းချမ်းရေး မိတ်သဟာယအဖွဲ့က လုပ်ဆောင်ခဲ့တာလား။

ဆရာတော် – အဲဒီ မိတ်သဟာယအဖွဲ့အပါအဝင် ဆရာတော်တို့ လုပ်ဆောင်ခဲ့တာ။ အဲဒီအစီအစဉ်အားလုံးသည် ဆရာတော်ကိုယ်တိုင်က ဗိုလ်ချုပ်ကြီးဘိုမြရယ်၊ နဝတ၊ ၂၀၀၄ မတိုင်ခင်မှာ ဆရာတော်ကိုယ်တိုင်က အကုန်လုံးလုပ်တာဖြစ်ပါတယ်။

သံတော်ဆင့် – အဲဒီတုန်းက အတွင်းရေးမှူး ၁ နဲ့လေ။ 

ဆရာတော် – အတွင်းရေးမှူး ၁ နဲ့။ 

သံတော်ဆင့် – ရန်ကုန်မြို့ထဲမှာ တွေ့တာလား။

ဆရာတော် – ရန်ကုန်မြို့ထဲမှာ တွေ့ပါတယ်။ အင်းလျားကန်ဟိုတယ်မှာ တွေ့ကြပါတယ်။ အဲဒီ အစီအစဉ်အားလုံးသည် ဆရာတော်ကိုယ်တိုင် ရေးဆွဲထားတဲ့ ဆရာတော်ကိုယ်တိုင် ရေးဆွဲထားတဲ့ အလုပ်မှန်သမျှ ဆရာတော် ကိုယ်တိုင်စီစဉ်ထားတဲ့ အလုပ်တွေပါ။ 

သံတော်ဆင့် – ဗိုလ်ချုပ်ကြီး စောဘိုမြ ကွယ်လွန်သွားပြီးနောက် ဗိုလ်ချုပ်ကြီး တာမလာဘော တက်လာတဲ့ အခါကျတော့ရော လုပ်ဖြစ်သေးလား။ 

ဆရာတော် – ဗိုလ်ချုပ်ကြီး တာမလာဘော မတက်လာခင်ကတည်းကိုက အဲဒီ အစီအစဉ်လုပ်ဆောင်ခဲ့တာပါ။ 

သံတော်ဆင့် – ဦးတာမလာဘော ရော ရန်ကုန်လာခဲ့လားဘုရား။ 

ဆရာတော် – တာမလာဘော မရောက်ခဲ့ဘူး။ ….. မရောက်ခဲ့ဘူး။ ဗိုလ်ချုပ်ကြီးစောမူတူးတစ်ယောက်ပဲ ရောက်ခဲ့တယ်။ ကျန်တဲ့အဖွဲ့အစည်းပါ ပါတာပေါ့။ ကော်သူလေးကအစ အကုန်ပါပါတယ်။ ဆရာတော်ငြိမ်းချမ်းရေး သွားရောက်ပြီးတော့ ဟောနေတဲ့အချိန်မှာ ဒီ နဝတအစိုးရနဲ့ ကေအန်ယူတွေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ရာအတွက်ဆရာတော်က အကြိမ်ကြိမ်သွားပြီးတော့ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် တစ်ယောက်ရဲ့အိမ်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ ဆရာတော် တရားဟောခဲ့ပါတယ်။ အဲဒီငြိမ်းချမ်းရေးတရား ဟောနေတဲ့အချိန်အခါမှာ ကေအန်ယူဥက္ကဋ္ဌ မူတူးဆေးဖိုး၊ စောမူတူးဆေးဖိုးက အဲဒီအချိန်တုန်းက အကြီးအကဲမဖြစ်သေးဘူး။ ဗိုလ်ချုပ်ကြီးအရာမှာ မရှိသေးပါဘူး။ အဲဒီအိမ်မှာ ဆရာတော် တရားဟောနေရင်းနဲ့ နိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တရားဒေသနာကို ဟောနေရင်းနဲ့ ဥက္ကဋ္ဌကြီးမူတူးဆေးဖိုး ကိုယ်တိုင်က မျက်ရည်ကျပြီးတော့။ ဆရာတော်ရဲ့ရှေ့မှာ မျက်ရည်ကျပြီးတော့။ လူသူလေးပါးရှေ့မှောက်မှာ မျက်ရည်ကျပြီးတော့ ဒီငြိမ်းချမ်းရေးဟာလုပ်မှ ဖြစ်မယ်ဆိုတာကို သူကိုယ်တိုင် ထုတ်ပြောခဲ့တယ်။ ဆရာတော် ကိုယ်တိုင်လည်း မြင်ခဲ့ရတယ်။ ဒါကြောင့်မို့ ဒီ နဝတ၊ နအဖအစိုးရနဲ့ ကေအန်ယူနဲ့ဟာ ငြိမ်းချမ်းရေးဟာ အဲဒီကနေစပြီးတော့ အကောင်အထည် ဖော်ခဲ့တာ။ အဲဒီကနေစပြီးတော့ ခရီးရောက်သွားတော့ ၂ဝ၁ဝ အစိုးရ ပေါ်လာတဲ့အခါ ကျတော့လည်း ဆရာတော်က ဒီကြားထဲမှာ သက်သေအနေနဲ့ ဆရာတော်က ဆောင်ရွက်တဲ့အနေနဲ့ပဲ၊ ကျန်တဲ့ ဒကာတွေကလည်း ငြိမ်းချမ်းရေးပွဲစားတွေက ဝင်ဝင်လာတဲ့အခါကျတော့ ဆရာတော်တို့က အေးဆေးနေတယ်။ ရဟန်းသံဃာတွေဆိုတော့။ ကိုယ့်ဘာသာကိုယ် အေးဆေးနေလိုက်တယ်။ ကျန်တဲ့လူတွေကတော့ သူ့ဟာသူဝင်ပြီးတော့ သူ့ဟာသူ နေရာယူကြတယ်။ နေရာယူကြတယ်။ နေရာလုကြတယ်။ အဲလိုပေါ့။ နောက်ပြီးတော့ သူ့ဟာသူ သွားကြတာပဲ။

သံတော်ဆင့် – အဲဒါကတော့ လူတွေ ဖြစ်သွားတာပေါ့။

ဆရာတော် – လူတွေဖြစ်သွားကြတာ။ ဆရာတော်တို့ကတော့ ကိုယ့် ဣန္ဒြေနဲ့ကိုယ် အေးဆေးပဲနေမယ်။ အဲတော့ ဆရာတော်မှာ ဒီ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူအဖွဲ့အစည်းတွေ အားလုံးနီးပါး၊ ဒါပေမယ့် အခု ကေအန်ယူ တက်လာပြီးတဲ့နောက်ပိုင်း ကေအန်ယူတွေကတော့ သိတာမဟုတ်ဘူး။ ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ်မြ။ ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်ချုပ်ရွှေဆိုင်း၊ ဗိုလ်ချုပ်တန်တဘော၊ ဖဒိုမန်းရှာ။ အဲဒီခေတ်ကာလတုန်းက တောင်ကလေး ဆရာတော်နဲ့ ဘယ်လို ဆောင်ရွက်ထားခဲ့သလဲဆိုတာ သူတို့ အကုန်လုံး သိပါတယ်။

သံတော်ဆင့် – ဗိုလ်ချုပ်ထိန်မောင် ငြိမ်းချမ်းရေးယူတော့ရော ဆရာတော် လုပ်ပေးတာပဲလား။

ဆရာတော် – ဒကာကြီးဦးထိန်မောင်က နောက်ပိုင်းမှ ဝင်ပါတယ်။ နောက်ပိုင်းက ဝင်တယ်။ ဦးထိန်မောင်လည်းပဲ ဆရာတော်နဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အချိန်တုန်းက ငြိမ်းချမ်းရေး သွားဆွေးနွေးတဲ့အချိန်မှာ သူတို့အကုန် ပါပါတယ်။

သံတော်ဆင့် – ဆရာတော်အဲဒီကို သွားတရားဟောတဲ့အချိန်မှာ အခုဗိုလ် ချုပ်ကြီးလုပ်နေတဲ့ ဦးစောဂျော်နီရှိပါလား။

ဆရာတော် – အမ်း ဂျော်နီက သူက ငယ်သေးတယ်။ ငယ်တဲ့အခါကျတော့ သူတော့ သူကတော့ အပြင်အနေနဲ့က နားထောင်တဲ့အနေနဲ့တော့ ပါပါတယ်။ ဆွေးနွေးတဲ့အထဲမှာ သူကတော့ မပါသေးဘူး။

သံတော်ဆင့် – သူကတော့အတွင်း သိနေမှာပေါ့။

ဆရာတော် – သိပါတယ်။ သူကတော့ သိပါတယ်။ ငြိမ်းချမ်းရေးဟောပြော ပွဲလုပ်တဲ့အချိန်မှာ သူတို့သိပါတယ်။ 

(မောင်ရေစက်)

ဆရာတော် နိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ တရားဒေသနာကို ဟောနေရင်းနဲ့ ဥက္ကဋ္ဌကြီး မူတူးဆေးဖိုးကိုယ်တိုင်က ဆရာတော်ရဲ့ရှေ့မှာ … လူသူလေးပါးရှေ့မှောက်မှာ မျက်ရည်ကျပြီးတော့ ဒီငြိမ်းချမ်းရေးဟာလုပ်မှ ဖြစ်မယ်ဆိုတာကို သူကိုယ်တိုင်ထုတ်ပြောခဲ့တယ် … အခုဗိုလ်ချုပ်ကြီး စောဂျော်နီက ငယ်သေးတယ်။ သူက နားထောင်တဲ့အနေနဲ့တော့ ပါ, ပါတယ် …

Loading

Categories
စီးပွားရေး ဆောင်းပါး နိုင်ငံရေး ပထဝီနိုင်ငံရေးနှင့်စီးပွားရေး အဲးခိုး

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၄)

အဲးခိုး

မြန်မာအစိုးရကို အကြံပြုချင်တာက အကျိုးအမြတ်ထုတ်ယူတဲ့ ကုန်သည်ကြီးတွေကို စီးပွားရေး မူဝါဒကောင်းကောင်းနဲ့ ချမှတ်ပေးပြီး စစ်မှန်တဲ့ စီးပွားရေးတွေကို လုပ်ကြဖို့တိုက်တွန်းပါရစေ …

အတွဲ(၁၂)၊ အမှတ်(၆)၊ မြန်မာသက္ကရာဇ် ၁၃၈၅၊ ဒုတိယဝါဆိုလပြည့်ကျော် ၃ ။ ၄ – ၈ – ၂ဝ၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်အပတ်မှအဆက်)

အခြေခံဥပဒေအတိုင်း အုပ်ချုပ်ပါ

တိုင်းပြည်တစ်ပြည်ဟာ ဝင်ငွေနည်းပါးပြီး ကုန်ထုတ်လုပ်မှုမရှိရင် အရာခပ်သိမ်း ပူပန်ရမှာပါပဲ။

အမြတ်ငွေထဲက ဝင်ငွေတိုးအောင် စီးပွားရေးအကွက်အကွင်း ဘယ်လိုဖန်တီးရမယ်ဆိုတာကို အစိုးရအဖွဲ့အစည်း ဖြစ်တဲ့သူတွေက သိရမယ်။ ဒါမှမဟုတ်ဘဲ ပြည်သူ့စီးပွားရေး ကုန်သည်ကြီးတွေက သိရမယ်။ တိုင်းပြည်တစ်ပြည်မှာ ပညာတတ် ဒီမိုကရက်တစ်တွေ များများရှိဖို့လိုသလို ကုန်သွယ်ရေးမှာလည်း နိုင်ငံရေးအမြင်ရှိတဲ့ ကုန်သည်ကြီးတွေဖြစ်ဖို့ လိုပါတယ်။ စီးပွားရေးပညာအကြောင်း (မသိ) နားမလည်ဘဲ ယဉ်ကျေးမှုမတူညီတဲ့ တစ်ပါးနိုင်ငံသားတွေကို ခေါ်ယူပြီး တိုင်းပြည်ကို အုပ်ချုပ်စေတာကတော့ မလုပ်သင့်တဲ့အလုပ်ပါပဲ။ တိုင်းပြည်တိုင်းရဲ့ အတွင်းရေးဟာ ပေါက်ကြား (ဖောက်ပြား) လို့မရပါ။ (မပေါက်ကြားရပါ။)

တိုင်းပြည်တစ်ပြည်ဟာ ပြည်သူ့အာဏာပိုင် ယဉ်ကျေးမှုတွေ ရှိရမယ်။ ထုံးတမ်းစဉ်လာကောင်းတွေနဲ့ နေရမယ်။ အမျိုးသားရေးအပေါ် သစ္စာရှိသော (တည်သော) နိုင်ငံတော်တစ်ခု တည်ထောင်နိုင်ဖို့အတွက် ရိုးသားဖြောင့် တည်ကြည်ကြတဲ့သူတွေ ဖြစ်ရမယ်ဆိုတာကို နိုင်ငံ့ဝန်ကို ထမ်းရွက်ကြမယ့်သူတွေ သိထားရမယ်။ မြန်မာပြည်ဟာ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ရပ်တည်မယ်ဆိုရင် ပြည်သူတိုင်း ဒီမိုကရက်တစ် ဖြစ်ရမယ်။ ယနေ့ ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ တိုင်းပြည်တွေကို ကြည့်လိုက်ပါ။ သူတို့တိုင်းပြည် အတွက်နှင့် အုပ်ချုပ်တဲ့ အခြေခံဥပဒေ တွေနဲ့ပဲ အုပ်ချုပ်နေကြတယ် မဟုတ်လား။ အခြေခံဥပဒေအတိုင်း မအုပ်ချုပ်တဲ့ တိုင်းပြည်တွေကို ကြည့်လိုက်ပါ။ ရုန့်ရင်းဆန်ခတ်မှုတွေ၊ အာဏာသိမ်းမှုတွေ၊ တော်လှန်ပုန်ကန်မှုတွေ၊ အဆက်မပြတ်ဖြစ်လို့ နိုင်ငံပြိုကွဲစရာ အကြောင်းအရင်းတွေပါ ဖြစ်နေကြလို့ အမျိုးမျိုး ပဋိပက္ခတွေနဲ့ ပြဿနာတွေနဲ့ ဖြစ်နေကြရတယ် မဟုတ်လား။ မြန်မာပြည်လည်း အခြေခံဥပဒေကို မလေးမခံတဲ့ပုံစံနဲ့ အုပ်ချုပ်ကြလို့ တိုင်းပြည်ဟာ ထင်သလိုဖြစ်မလာဘဲ မထင်မှတ်ခဲ့တာတွေ ဖြစ်လာခဲ့ရတယ် မဟုတ်လား။ ဒါကြောင့် အာဏာရသူတိုင်း အာဏာကို အလွဲမသုံးဖို့ သတိပေးပါရစေလားပါ။ 

လူမှုစီးပွားရေး 

ဒီစာကိုရေးနေတဲ့အချိန်မှာပဲ ဆူဘန်ဒရီယို (အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး)နဲ့ လီကွမ်ယူ (စင်္ကာပူဝန်ကြီးချုပ်) နှစ်ဦး (နှစ်ယောက်) တစ်နေရာမှာ တွေ့ဆုံကြတဲ့ အကြောင်းကို သွားပြီး သတိရမိတယ်။

“စင်္ကာပူက မိုးထိတိုက်တွေကို ကြည့်စမ်းပါဦး၊ ဒီအဆောက်အအုံတွေကို အင်ဒိုနီးရှားငွေကြေးတွေနဲ့ ဆောက်ထားခဲ့တာလေ။ အင်ဒိုနီးရှားက ခိုးယူသွားတဲ့ ငွေတွေပေါ့။ မှောင်ခိုလုပ်ငန်းနဲ့ ခိုးသွားတဲ့ ငွေတွေပေါ့လေ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ တစ်နေ့ကြရင် အင်ဒိုနီးရှားနိုင်ငံက ဒီကို လာရောက်စောင့်ရှောက်ရမှာပါ။ အဲဒီအခါကျမှတော့ ဒါတွေ အမှန်တိုင်းပြန်ဖြစ်အောင် လုပ်ရမှာပေါ့။”

ဆိုတဲ့ စကားလေးပါ။ မှောင်ခိုလုပ်ငန်းကနေ တစ်ဆင့် ငွေကြေးတွေ ခိုးယူသွားတယ်ဆိုတဲ့ ဆူဘန်ဒရီယိုစကားဟာ အရှင်တို့ တိုင်းပြည်လည်း (တစ်ချိန်က) ယခုလည်း ကြီးကြီးကျယ်ကျယ် ခံစားနေကြရတယ် မဟုတ်လား။ အဲဒီလို ထုတ်ဖော်ပြောဆိုရတဲ့ ခေါင်းဆောင်မျိုးလို အရှင်တို့ တိုင်းပြည်မှာ မရှိခဲ့သလို အဲဒီလို အမြင်ရှိတဲ့ခေါင်းဆောင်တွေ မမြင် (မတွေ့) ရသလောက်ပါပဲ။

မှောင်ခိုလုပ်ငန်းကနေတစ်ဆင့် ငွေကြေးတွေ အမြတ်ယူစားထားကြတဲ့ ကုန်သည်ပွဲစား၊ အစိုးရအမှုဆောင်လူကြီး၊ အမတ်မင်းတွေ ကမ္ဘာပေါ်မှာ မရှားသလောက်ရှိနေသလိုပဲ ယနေ့အရှင်တို့ တိုင်းပြည်မှာလည်း အကြီးအကျယ် လုပ်စားနေကြတဲ့ ဒီအလေ့အထတွေဟာ ပယ်သတ်သင့် ကြတယ် မဟုတ်လား။ တရားဝင်စည်းနဲ့၊ ကမ်းနဲ့၊ ဘောင်နဲ့ ကုန်သွယ်တာမက တိုင်းပြည်အတွက် ဘဏ္ဍာတိုးတက် ပါတယ်မဟုတ်လား။

အရှင်တို့ရဲ့ လူနေမှုဘဝအခြေအနေဟာ ဘယ်လောက်အထိ ဆိုးဝါးနေကြ ပြီလဲဆိုတာ အားလုံးအသိပါပဲ။ လူမြင်ကွင်းအလယ် တူးမြောင်းထဲမှာ ရေချိုး၊ အဝတ်လျှော်၊ ဆန်ဆေး၊ ရေသောက်၊ စားသောက်နေထိုင်ကြတဲ့ အပြုအမူဟာ လူသားနဲ့ တူတန်တဲ့ အပြုအမူတွေ မဟုတ်ပါဘူး။ ဒါကြောင့် တိုင်းပြည်ကို အုပ်ချုပ်တဲ့အစိုးရ (မြန်မာအစိုးရ) ကိုအကြံပြုချင်တာက အကျိုးအမြတ် ထုတ်ယူတဲ့ ကုန်သည်ကြီးတွေကို စီးပွားရေးမူဝါဒ ကောင်းကောင်းနဲ့ ချမှတ်ပေးပြီး စစ်မှန်တဲ့ စီးပွားရေးတွေကိုလုပ်ကြဖို့ တိုက်တွန်းပါရစေ။

ဒေသလူငယ်ရေးရာ 

နောက်တစ်မျိုးတင်ပြချင်ပါသေးတယ်။ အရှင်တို့ နေထိုင်တဲ့ ကရင်ပြည်နယ်ဟာ ဒေသစီးပွားရေးအရ ကြီးကျယ်တဲ့ လုပ်ငန်းကြီးတွေ မရှိပါဘူး။

အေဒီ ၁၉၈၈ ခုနှစ်နောက်ပိုင်း ကရင်ပြည်နယ် လူဦးရေဟာ အလျင်အမြန် တိုးနှုန်းမြန်ဆန်လာတာကြောင့် ပြည်နယ်ထဲက လူမှုရေးကိစ္စတွေဟာ အခက်အခဲတွေ အမျိုးမျိုးပဲ တွေ့ရတယ်။ အထူးသဖြင့် ရွှေ့ပြောင်းနေထိုင် မိသားစုတွေက အဆပေါင်းများစွာ ပြောင်းရွှေ့နေထိုင်လာ ကြတာကြောင့် အလုပ်လက်မဲ့ပြဿနာတွေက တဖြည်းဖြည်း များပြား လာနေတာကို တွေ့ရတယ်။ အဲဒီအထဲမှာ အရွယ်ရောက်တဲ့ လူငယ်၊ လူရွယ်တွေက ပညာရေးကို စိတ်ပါဝင်စားမှုမရှိကြဘဲ ငွေကြေးနောက်ကိုပဲ အားခဲရှာဖွေနေကြလိုတဲ့ စိတ်တွေများကြတယ်။ တချို့ လူငယ်တွေက အလုပ်အကိုင်တွေကို စိတ်မဝင်စားကြဘဲ မူးယစ်လောကသား ဘဝ ဖြစ်သွားကြတယ်။ အထိန်းမဲ့ အကွပ်မဲ့တဲ့ ကလေးတွေဖြစ်ပြီး လေလွင့် ဆုံးရှုံးခဲ့တာတွေ တွေ့ရတယ်။ 

ဒီလိုမျိုးမဖြစ်အောင် 

လူငယ်ဆိုင်ရာ တရားဥပဒေမူဝါဒတွေ ပြဋ္ဌာန်းပြီး ထိန်းသိမ်း စောင့်ရှောက်သင့်တယ်။ လေလွင့်ယွင်းပါးသွားကြတဲ့ ကလေးတွေကို ကြည့်ပြီး မိဘတွေဘက်ကလည်း ထိန်းသိမ်းစောင့်ရှောက်မှု နည်းပါးနေသလို နိုင်ငံတော်အစိုးရတွေ ဘက်ကလည်း အရေးစိုက်မှု နည်းပါးနေကြတာတွေ တွေ့ရတယ်။ ဒီလိုပဲ အားထုတ်မှု၊ အရေးစိုက်မှု မရှိကြရင် မြန်မာပြည်မှာ မူဝါဒကင်းမဲ့နေကြမယ့် (မည့်) ကလေးတွေ များပြားကြပြီး သိမ်းမနိုင်၊ ထိန်းမနိုင်ဘဲ ရှိတော့မယ်။ ထွေထွေထူးထူး (ရှည်ရှည်ဝေးဝေး) မပြောလိုတော့ ပါဘူး။ မိဘမဲ့တဲ့ကလေးတွေ၊ စွန့်ပစ်ခံကလေးတွေ မြန်မာပြည်မှာ ဘယ်လောက်အထိ များပြားနေကြပြီလည်း ဆိုတာကို မိဘမဲ့ကလေးဂေဟာ သို့မဟုတ် ရင်ခွင်မဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဘယ်လောက်ကာကွယ် ထိန်းသိမ်းစောင့်ရှောက် ပေးခဲ့ရပြီလဲဆိုတာ ပြည်သူတွေအသိပါပဲ။ အနာဂတ်လူငယ်လေးတွေ ဘဝအတွက် မိဘနဲ့ နိုင်ငံတော်ထိန်းသိမ်းပြုပြင် စောင့်ရှောက်ပေးကြဖို့ အသိပေးတိုက်တွန်းပါတယ်။ 

လက်ဦးအုပ်ထားမှုစနစ် သတိပြု

စီးပွားရေးအကြောင်းရေးနေရင်နဲ့ လူငယ်ရေးရာအကြောင်း ပါဝင်သွားလို့ စာဖတ်သူများ အရှင့်ကို နားလည်ခွင့်လွှတ်ပေးကြပါ။ မလေးစားလို့ မဟုတ်ပါ။ ဆက်စပ်မိတဲ့ ကိစ္စတွေကြောင့်ပါပဲ။ အရှင်က အာဆီယံဒေသဆိုင်ရာ စီးပွားရေးအကြောင်းတွေ ဒီလို (ခုလို) ရေးပြတော့ သက်ဆိုင်ကြတဲ့သူတွေက အရှင့်ကို အမြင်ကြည်လင်ကြမယ်မထင်ပါဘူး။ ဒါပေမဲ့ (ဒါပေမယ့်) နိုင်ငံတော်ဆိုင်ရာ အကြောင်းအရာတွေဟာ နိုင်ငံတိုင်းမှာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပိုင်ခွင့်ရှိကြတာကြောင့် ဝေဖန်ရေးသားတာပါ။

မကြာမီ ၂၀၁၉ ခုနှစ်ရောက်ရင် အိမ်နီးနားချင်းနိုင်ငံတွေဟာ သူတို့ရဲ့ စီးပွားရေး အချက်အချာတွေကို နိုင်ငံနယ်နိမိတ် (နယ်စပ်နယ်နိမိတ်) နယ်ခြားမြို့တွေမှာ အဓိကထားပြီးတော့ စီးပွားရေးလုပ်ငန်းတွေ အကောင်အထည် ဖော်ဆောင်ကြတော့မယ်။ မသိကြတဲ့သူတွေကတော့ ဒေသဆိုင်ရာ စီးပွားရေးအကွက်ပဲလို့ပဲ ထင်နေကြမယ်။ နိုင်ငံရေးအမြင်နဲ့ ပြောရရင်တော့ အရင်းရှင်လက်သစ်တွေ လက်ဦးအုပ်ထားမှု စနစ်အတွက်ပါပဲ။

ဒီအမြင်လေးကို ဥပမာအနေနဲ့ ကြည့်လိုက်ပါ။ 

(၁) ကမ္ဘောဒီးယားနိုင်ငံဘက်၊ အန်ကောဒေသ ဖွံ့ဖြိုးရေးအတွက် ကားလမ်း၊ ရထားလမ်း၊ နယ်စပ်စီးပွား ရေးလမ်းအဖြစ် ကမ္ဘောဒီးယားဘက်မှာ ဖောက်လုပ်ထားတာတွေ၊

(၂) မြန်မာပြည်ဘက်မှာ ကရင်ပြည်နယ်၊ မြဝတီလမ်း၊ တနင်္သာရီ၊ ထားဝယ်လမ်း၊ တိုးချဲ့ဖောက်လုပ်မှု စီစဉ်ခဲ့တာတွေဟာ စီးပွားရေးအကွက် အကွင်းတွေအတွက်ပါသလို ဒေသအတွင်း လုံခြုံရေးအတွက်လည်း ပါဝင်ပါတယ်။

ဒီလမ်းတွေကောင်းသွားလို့ စီးပွားရေး ဝါးမျိုမယ့်သူတွေ ဘယ်လောက် များပြားလာကြမည်လည်း (မလဲ) ဆိုတာ လူတိုင်းတော့ သိကြမယ် မထင်ပါဘူး။ ဒီဒေသတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်စုကာလက ဘာမှ မဖွံ့ဖြိုးသေးပေမယ့် ခုတော့ ထင်နေတာထက်ပိုပြီးတော့ ကြီးကျယ်လာတယ်။

အာဆီယံဒေသ စီးပွားရေးသမားတွေက ထဲထဲဝင်ဝင် ရောက်လာကြလို့ ဌာနေလုပ်ငန်းရှင်ပေါက်စတွေက မယှဉ်နိုင်သလို ဖြစ်နေပြီဆိုတာ ပြည်သူတွေအသိပါပဲ။ ဥပမာ ထားဝယ်ရေနက်ဆိပ်ကမ်းကြီး အကောင်အထည်ဖော်လို့ အောင်မြင်ရင် (ပြီးစီးရင်) ဌာနေစီးပွားရေး လုပ်ငန်းရှင်တွေ ယှဉ်နိုင်မယ်မထင်ဘူး။ ဒါကြောင့် မြန်မာ့စီးပွားရေး အချက်အချာ (အချဲ့အချာ) ကျတဲ့ နေရာဒေသတိုင်းလိုလိုမှာ ဌာနေလုပ်ငန်းရှင်တွေ အရင်းအနှီးများများ အားကောင်းဖို့လိုတယ်ဆိုတာ သိထားဖို့ပါပဲ။ 

စိတ်မချမ်းသာမိ

ဒီနေ့ ဒီအချိန်မှာ မြန်မာဘက်ကဒေသ အတော်များများဟာ နယ်စပ်ဒေသ (နယ်ခြားမြို့တွေ) မှာ မြို့ပြငယ်တွေတည်နေကြပြီး (အရင်းများကြတဲ့ သူတွေနဲ့ပေါင်းပြီး) စီးပွားဖြစ်လုပ်ငန်းတွေ လုပ်ကိုင်နေကြတယ်။

ဒေသထွက်ကုန် အရင်းအနှီးလုပ်တဲ့ လုပ်ငန်းတွေမပါဘဲ အလောင်းအစား ကစားတဲ့မြို့ငယ် (မြို့ပြ) တွေလုပ်ကိုင်လာကြတယ်။ ဒီတိုးတက်မှုဟာ ဒေသထွက်ကုန်တွေ မထိခိုက်ပေမယ့် လူတွေရဲ့ အကျင့်စာရိတ္တနှင့်ဆိုင်တဲ့ အရင်းအမြစ်တွေတော့ မတွေးဝံ့စရာပါဘဲ။ လူကုန်ကူးမှုထက် ဆိုးသွမ်းကြတဲ့ လူမှုဆိုင်ရာကိစ္စတွေ နည်းပေါင်းစုံ ဖြစ်ပျက်နေကြတယ်။ အရွယ်ငယ်၊ အရွယ်ရှိ အမျိုးသမီး အသီးသီးတွေကလည်း လိင်မှုကိစ္စတွေ အမျိုးမျိုးဖြစ်ပျက်ကြလို့ မကောင်းသတင်းတွေလည်း လူမှုမီဒီယာတွေပေါ်မှာ ပျံ့နှံ့နေကြတယ်။ မြင်ရ၊ ကြားရ၊ သိရလို့၊ မချမ်းသာ မိတာ (မိပါ) အမှန်ပါပဲ။ 

(ဆက်ရန်)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၁) – မဟာပညာ (mahar.asia)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၂) – မဟာပညာ (mahar.asia)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၃) – မဟာပညာ (mahar.asia)

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး