Categories
စီးပွားရေး ဆောင်းပါး နိုင်ငံရေး ပထဝီနိုင်ငံရေးနှင့်စီးပွားရေး အဲးခိုး

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၃)

အဲးခိုး

… အရှင်တို့တိုင်းပြည်ဟာ လာဘ်ပေး၊ လာဘ်ယူမှု ကဲလွန်းတဲ့ တိုင်းပြည်ကြီးဖြစ်လာတယ်။ ဆင်ခြင်ကြပေါ့ ပြည်သူတို့ရယ် …

အတွဲ(၁၂)၊ အမှတ်(၅)၊ မြန်မာသက္ကရာဇ် ၁၃၈၅၊ ဒုတိယဝါဆိုလဆန်း ၄ ၊ ၂၁ – ၇ – ၂၀၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်အပတ်မှအဆက်)

ငွေကြေးလွတ်လပ်မှု ထိန်းသိမ်းရေး 

မြန်မာဟာ ငွေကြေးအခက်အခဲ (အကျပ်အတည်း)၊ နိုင်ငံရေးပြဿနာ အခက်အခဲတွေ ပိုပြီးပြင်းထန်လာတဲ့အချိန်မှာ အိမ်နီးနားချင်း ဒေသနိုင်ငံတွေက ကူချင်ကယ်ချင်ကြတာတွေမရှိဘဲ ဖက်ချင်၊ ပဲ့ချင်၊ ကျဉ်ကြချင်ကြတာတွေပဲ တွေ့ရတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲရတဲ့ အချိန်မှာ စီးပွားရေးလည်း ခက်ခဲကြရမှာပါပဲ။ ဒီလို အချိန်မျိုးမှာ အာဆီယံမိတ်ဆွေနိုင်ငံတွေကို ပြဿနာပေါ်ပြဿနာဆင့် နေသလိုမျိုး မြန်မာ့ငွေကြေး အခက်အခဲတွေကို မကူညီလိုကြတဲ့ အပြင်ကို ဘုံရန်သူပမာလိုပဲ မြန်မာကို သဘောထားကြတယ်။ ဒီအချက်ဟာ အာဆီယံဒေသအတွင်းထားတဲ့ ကတိကဝတ်တွေရဲ့ ပျက်ယွင်းမှုပါပဲ။

လက်ရှိ မြန်မာ့နိုင်ငံရေးဟာ ငွေကြေးဖောင်းပွစေတဲ့ အမှားတွေကို (အစိုရနဲ့ ပူးကပ် လုပ်နေတဲ့ လုပ်ငန်းရှင်တွေ) သတိထားရမယ်။ နောက်ပြီးတော့ နိုင်ငံခြားတိုင်းပြည်တွေမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မဟုတ်တဲ့ ငွေရင်းနှီး စီးဆင်းမှုတွေလည်း စောင့်ကြည့်၊ ထိန်းသိမ်း၊ စစ်ဆေးမှုတွေ အမြဲမပြတ် လုပ်တတ်ရမယ်။ ဒီအတွက် အကယ်၍များ မလုပ်ပေးနိုင်ရင် စတော့ရှယ်ယာတွေ၊ မြေယာဈေးတွေ၊ အိုးအိမ်အဆောက်အအုံဈေးတွေ၊ ကွန်ဒိုမီဒီယမ်ဈေးတွေ၊ ဈေးကွက်ပေါက်ပျက်ကြပြီး တိုင်းပြည် ဘဏ္ဍာရေး ဈေးကွက်တွေပါ ခက်ခက်ခဲခဲရင်ဆိုင် ရတတ်ပါတယ်။

ကိုယ်တွေ့တွေတော့ မြင်တွေ့ကြရပြီးသားပါပဲ။ ဒါကြောင့် ငွေကြေးလွတ်လပ်မှုဟာ ထိန်းချုပ်ဖို့ (ထိန်းချုပ်မယ့်) စနစ်မထား (မရှိ) ရင် တိုင်းပြည်ကြီးပွားရေး မွဲပြာကျ ဖို့ပဲ ရှိတယ်ဆိုတာကိုတော့ စီးပွားရေး လုပ်ကိုင်သူတိုင်း အသိပါပဲ။ 

အကြံပေးမှုကြောင့် 

အရှင်တို့ မြန်မာပြည်အာဆီယံ အသင်းမဝင်ခင်က အိမ်နီးနားချင်း တိုင်းပြည်တွေဟာ နာမည်ကြီးတဲ့ ဘဏ်တွေဆီကို ငွေကြေးတွေနဲ့ သူတို့တွေ ရပ်တည်နေကြတာတွေကို တွေ့ရမှာပါ။ သူတို့ရပ်တည်နေကြတဲ့ ခြေသလုံးတွေဟာ တစ်ပါးသူတွေဆီက အားပြုကြရတဲ့သူတွေပါ။ သူတို့တွေ လုပ်ရင်းကိုင်ရင်းနဲ့ ငွေကြေးအခက်အခဲတွေ ဘယ်လိုအကျပ်အတည်းတွေ တွေ့နေကြရသလည်း (သလဲ) ဆိုတာကို သူတို့အားလုံးအသိပါပဲ။ ယနေ့ ယခုအချိန်အထိ ဘဏ်ချေးငွေ အတိုးတွေမပေးနိုင်ကြဘဲ စွန့်စားနေကြတယ် မဟုတ်လား။ ပြည်သူတွေဆီက ငွေတိုးနှုန်းတွေ မြှင့်တင်မှုတွေရယူပြီး စတော့နဲ့ မြေယာပစ္စည်းဈေးကွက်တွေကို အမျိုးစုံနေအောင် ကစားနေကြတယ်။ ဒီသဘောတရားဟာ မြန်မာပြည် ယခင် နဝတ၊ နယကခေတ်တွေ လက်ထက်က တွေ့ထားပြီးသားပါပဲ။ ၂ဝ၁ဝ ပြည့်နှစ် တက်လာတဲ့အစိုးရနဲ့ ၂၀၁၅ ခုနှစ် တက်လာတဲ့အစိုးရတွေ ရဲ့လက်ထက် (လက်ထဲ) အထိလည်းတွေ့ကြရတယ် မဟုတ်လား။

တကယ်တော့ (တကယ်ပဲ) တိုင်းပြည်အကျိုးကောင်းကို နားလည်တဲ့အစိုးရဟာ ငွေကြေးတွေ အလွန်အမင်း မသုံးစွဲသင့်ပါ။ ခုတော့ ငွေကြေးတွေကို တရားဝင် အကျွံအလွန် (အလွန်အကျွံ) သုံးထား (သုံးစွဲ) ကြတာကြောင့် ငွေကြေးပြဿနာတွေ ကမောက်ကမဖြစ်လာခဲ့ရပြီး ဆင်ရဲခြင်းတွေလည်း (အခက်အခဲတွေလည်း၊ ခက်ခဲခြင်းတွေလည်း) အမျိုးမျိုးခံစားနေကြရတယ် မဟုတ်လား။

ဒါဟာ ဒီအတွက်နဲ့ ပြဿနာဖြစ်ကြရတဲ့ မြန်မာပြည်ဟာ ဘယ်သူတွေရဲ့ မကျွမ်းကျင်မှု လက်ချက်တွေလည်းဆိုတာ ပြည်သူတွေ အသိပါပဲ။ စီးပွားရေးပညာရှိတွေရဲ့ မတတ်သောပညာရပ်တွေ့ရဲ့ အကြံပေးမှုကြောင့် မြန်မာ့နိုင်ငံရေး၊ မြန်မာ့စီးပွားရေး ပြိုလဲခဲ့ရတယ်လို့ပဲ ဝေဖန်ချင်ပါတယ်။ စိတ်ဆိုးကြရင်လည်း မတတ်နိုင်ပါ။ 

လွန်ကဲတဲ့ တိုင်းပြည် 

နောက်တစ်မျိုးရှိပါသေးတယ်။

ဂုဏ်ပကာသနအတွက်နဲ့ စီမံကိန်းကြီးတွေ လုပ်တဲ့ကိစ္စတွေပါ။ မလိုအပ်ဘဲနဲ့ စီမံကိန်းကြီးတွေ လုပ်ဖို့မလိုပါဘူး။ အလုပ်မရှိလို့ အလုပ်ရှာတဲ့သဘောလို မဖြစ်သင့်ပါ။ မြန်မာပြည်မှာ အစိုးရ တစ်ဖွဲ့ဖွဲ့တက်လာရင် အစဉ်အဆက်က ရှိခဲ့ပြီးတဲ့ စီမံကိန်းတွေကို မလုပ်ကြဘဲ မနိုင်မနင်းတဲ့ စီမံကိန်းကြီးတွေ လုပ်နေကြတာတွေ တွေ့ရတယ်။ အဲဒီစီမံကိန်း အတွက် နိုင်ငံပြင်ပက ငွေကြေးတွေကို ချေးယူတယ်။

အကျိုးတူပူးပေါင်း ဆောင်ရွက်မယ်ဆိုပြီး မလုပ်မရှိတဲ့ အလုပ်တွေလုပ်လို့ တိုင်းပြည်ဟာ ထင်သလို စီးပွားရေးတွေ မအောင်မြင်တဲ့စီမံကိန်းတွေ အများကြီးပါပဲ။ မကျွမ်းကျင်တဲ့အလုပ်ကို ပိုလုပ်ရင်လည်း ပိုပြီး ရှုပ်ထွေးတတ် ပါတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။ နောက်ပြီးတော့ မြန်မာပြည်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာလည်း ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်လို့ အဆင်မပြေတာတွေ တွေ့ရတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်စုကာလက လုပ်ငန်းရှင်တွေဟာ ငွေကြေးနဲ့ပတ်သက်လို့ နှစ်တိုးငွေတွေ ချေးယူထားကြပြီးတော့ နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ လုပ်နေကြတာတွေ တွေ့ရတယ်။

များသောအားဖြင့် မြန်မာပြည်စီးပွားရေး လုပ်ငန်းရှင်တွေဟာ အာရှစီးပွားရေးငွေကြေးကို လုံလုံလောက်လောက် ကောင်းကောင်း နားမလည်ကြတော့ စီးပွားရေးတွေ မအောင်မြင်ကြတာပါ။ ဒီကြားမှာလည်း အစိုးရဝန်ထမ်းနဲ့ အစိုးရအဖွဲ့အစည်းတွေ ရဲ့ အကျင့်ပျက်မှု၊ လာဘ်စားမှု၊ မရိုးသားမှုတွေကြောင့် တိုင်းပြည်စီးပွားရေးအမျိုးမျိုး ဆုတ်ယုတ်ပျက်စီး ထိခိုက်နေတာတွေရှိသလိုပဲ အထူးသဖြင့် မပေါင်းလည်းခက်၊ ပေါင်းလည်းခက်တဲ့ အကျင့်ပျက် လာဘ်စားကြတဲ့ လွှတ်တော်အမတ် အစိုးရအဖွဲ့အစည်းတွေကြောင့်လည်း အရှင်တို့တိုင်းပြည်ဟာ လာဘ်ပေး၊  လာဘ်ယူမှု ကဲလွန်းတဲ့ တိုင်းပြည်ကြီးဖြစ်လာတယ်။ ဆင်ခြင်ကြပေါ့ ပြည်သူတို့ရယ်။

တိုင်းပြည်ရဲ့အသက် 

မြန်မာပြည်ဟာ အကျင့်ပျက်တာ၊ လာဘ်စားတာ၊ ဆွေမျိုးကောင်းစားတာတွေ၊ အခြေခံကျတဲ့ အသိုင်းအဝိုင်းတွေ အလွန်လေး များပြားလာနေပါပြီ။

လာဘ်မပေးတဲ့သူတွေ၊ လာဘ်မယူတဲ့သူတွေ၊ အကျင့်စာရိတ္တကောင်းကြတဲ့ သူတွေဟာ မြန်မာပြည်မှာ နေကြပေမယ့် မကြီးပွားနိုင်ကြပါဘူး။ မကြီးပွား၊ မတိုးတက်တဲ့နောက်ကို လိုက်ကြရတဲ့ အချို့သော မြန်မာပြည်သူတွေဟာ ဈေးကွက် ယှဉ်ပြိုင်နေကြတဲ့သူတွေရဲ့ အနောက်မှာ ခက်ခက်ခဲခဲကျင်လည် နေကြရတာကြောင့် စီးပွားရေးနဲ့ဆိုင်တဲ့ကိစ္စတွေ အကျိုးအောင်မြင်မှုမရကြဘဲ ဆုတ်ယုတ် ပျက်စီးမှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတယ်။

အစိုးရ အဖွဲ့အစည်းတွေ ကိုယ်တိုင်ကလည်း စီးပွားရေးဈေးကွက်မှာ ဝင်ပြိုင်ဆိုင် ကြတာကြောင့် မြန်မာ့စီးပွားရေးဟာ ထင်သလိုဖြစ်မလာဘဲ တဖြည်းဖြည်းနဲ့ ကျပ်တည်းလာတယ်။ အစိုးရအဖွဲ့အစည်းဆိုတာ ဈေးကွက်ယှဉ်ပြိုင် ကြမယ့်သူတွေမဟုတ်ပါ။ အာဏာနဲ့ တာဝန်ကို ပြည်သူ့ကောင်းကျိုးအတွက် လုပ်ဆောင်ပေးရမယ့် သူတွေ (ပုဂ္ဂိုလ်) ပါ။ အစိုးရအဖွဲ့အစည်းဆိုတာ စီးပွားရေး ကောင်းမွန်ရေးအတွက် စီးပွားရေးလုပ်ကြတဲ့ ပြည်သူတွေရဲ့ အကျိုးကောင်းတွေရဖို့ (ပြည့်စုံဖို့) ကာကွယ်ထိန်းသိမ်း စောင့်ရှောက် ပေးရမှာပါ။

ပုဂ္ဂလိကအကျိုးထက် အများအကျိုးနဲ့ အများရဲ့အခွင့်အရေးကို ရဖို့ ကူညီစောင့်ရှောက်ပေးရမယ့် တာဝန်ရှိသူတွေက အစိုးရအဖွဲ့ အစည်းတွေပါပဲ။ မြန်မာ့စီးပွားရေးဂုဏ်သိက္ခာ အဆင့်အတန်းတစ်ခု ဖြစ်လာဖို့ဟာ မြန်မာ့စီးပွားရေးလူမှုအဖွဲ့ အစည်းတွေဟာ စည်းစနစ်ကျဖို့လိုသလို အစိုးရအဖွဲ့အစည်းတွေကလည်း နည်းစနစ်ကျကျ( စည်း/နည်း) အစီအစဉ်၊ အထောက်အပံ့ပေးမှု လိုအပ်ပါတယ်။ ပြည်သူ့အကျိုးမပြုနိုင်တဲ့ စီးပွားရေးကို ပြည်သူအများက လုပ်ကိုင်မိရင် တိုင်းပြည်အတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် စီးပွားရေးဆိုတာ တိုင်းပြည်ရဲ့ အသက်ပါပဲဆိုတာကို သိထားဖို့ပါပဲ။ 

ဆုတ်ယုတ်ပျက်ပြား 

တိုင်းပြည်တစ်ပြည်ဟာ အကျင့်ပျက်သူတွေ များပြားရင် တိုးတက်ဖို့ မလွယ်ကူသလို တိုင်းပြည်တစ်ပြည်ရဲ့ ငွေကြေးတန်ဖိုးမူမှာလည်း အကယ်၍ တန်ဖိုးမူ ပျက်စီးရင် တိုးတက်တဲ့နိုင်ငံတွေကို အမီလိုက်ဖို့ ခဲယဉ်းမှာပါပဲ။ ယနေ့ နိုင်ငံခြား ရှယ်ယာဈေးကွက်တွေ တိုးချဲ့နိုင်တဲ့ တိုင်းပြည်တွေဟာ သူတို့ရဲ့စီးပွားရေး အောင်မြင်မှု ဘယ်လိုရှိကြသလဲ ဆိုတာ သူတို့အသိဆုံးပါပဲ။ အဲဒီလို စီးပွားရေး အောင်မြင်တဲ့ နိုင်ငံတွေနဲ့ ရှယ်ယာ ဈေးကွက်ယှဉ်ပြိုင်လာခဲ့ရင် သတိတော့ထားရမယ်။ အရှင်တို့မြန်မာပြည်ဟာ နိုင်ငံတကာ စီးပွားရေးရှယ်ယာ ဈေးကွက်တွေ တိုးချဲ့နိုင်ခဲ့ပါပြီလား။ အဲဒီလို အကွက်အကွင်းတွေလိုမျိုး လက်ရှိအစိုးရမှာ စီရင်ဆောင်ရွက် လုပ်ကိုင်နေကြပြီလားဆိုတာ မေးချင်လေရဲ့။ မြန်မာပြည်ဟာ အစိုးရအဖွဲ့အစည်း ကောင်းကောင်းဖြစ်ဖို့ လူတော်လူကောင်းတွေ များများဖြစ်ထွန်းဖို့ လိုနေတယ်ဆိုတာကိုတော့ ပြည်သူတွေ အသိပါပဲ။ အစိုးရစနစ်တွေ ဘယ်လိုပဲကောင်းနေပါစေ ခေါင်းဆောင်လုပ်ကြတဲ့သူတွေက မကောင်းရင် (မထူးချွန်ရင်) ပြည်သူတွေ ဒုက္ခတွေ့တာပါပဲ။

တစ်နည်း အစိုးရစနစ် မကောင်းပေမယ့် အုပ်ချုပ်မှုစနစ်ကောင်းရင် တိုင်းပြည်အတွက် ရပ်တည်နိုင်တာပါပဲ။ မြန်မာပြည်ဟာ အစိုးရအဖွဲ့အစည်းက လိုသလား။ ဒါမှမဟုတ် အုပ်ချုပ်မှုဆိုင်ရာ ဥပဒေတွေက လိုနေသလားဆိုတာကို ပြည်သူတွေ သိကြမှာပါ။ မြန်မာပြည်ဟာ ကိုယ့်ဘက်ကိုယ်ယက်ကြတဲ့သူတွေ များပြားလွန်းလို့ပဲ တိုင်းပြည်ဟာ ထင်သလို မအောင်မြင်ဘဲ ဖြစ်နေတယ် မဟုတ်လား။ ရိုးဖြောင့်တဲ့သူတွေ နည်းပါးနေကြတာကြောင့်ရယ်၊ မကြိုးစားတဲ့ သူတွေ များလွန်းနေကြတာကြောင့်ရယ်၊ နောက်ပြီးတော့ သုံးဖြုန်းကြတဲ့သူတွေ များပြားလွန်းနေကြတာကြောင့်ရယ်၊ တိုင်းပြည်ဟာ စနစ်ရောလူပါ အကုန်လုံးနီးပါး ဆုတ်ယုတ်ပျက်ပြားနေကြတယ် မဟုတ်လား။ ဒီအတွက်ကို ဘယ်လို ပြင်ဆင်ကြမည်လည်း၊ (မလဲ) ဆိုတာကို မြန်မာပြည်သားတွေအားလုံး အသိပါပဲ။ 

(ဆက်ရန်)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၁) – မဟာပညာ (mahar.asia)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၂) – မဟာပညာ (mahar.asia)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.