Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တောင်ကလေးဆရာတော် (အဲးခိုး) ထံသို့ မြန်မာသံတော်ဆင့်အယ်ဒီတာ လာရောက်လျှောက်ထား မေးမြန်း (၁)

နိုင်ငံရေးအရ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သွားတာ ဖြစ်သည့်အတွက်ကြောင့် နိုင်ငံရေးနည်းလမ်းက တစ်ခုထဲသောနိုင်ငံရေးထွက်ပေါက်ကို ပြန်လည်ပြီးတော့ ရနိုင်ဖို့အတွက်ကို ဖြစ်နိုင်စရာအကြောင်းမရှိဘူး …

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တပညာသာမိ
(တောင်ကလေးဆရာတော်)

အတွဲ(၁၂)၊ အမှတ်(၅)၊ မြန်မာသက္ကရာဇ် ၁၃၈၅၊ ဒုတိယဝါဆိုလဆန်း ၄ ၊ ၂၁ – ၇ – ၂၀၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာတွင် (၁၁) နှစ်တိုင် နိုင်ငံရေးသုတေသနဆောင်းပါးများ ရေးသားခဲ့သည့် ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးဆရာတော် (အဲးခိုး) နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တပညာသာမိ မဟာထေရ်ထံသို့ ယခု ၂၀၂၃ ခုနှစ် မေလတွင် မြန်မာသံတော်ဆင့်အယ်ဒီတာ သွားရောက်လျှောက်ထား မေးမြန်းခဲ့ခြင်းဖြစ်ပါသည် …

အယ်ဒီတာ – ယခု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် ဆရာတော်ရေးသားလျက်ရှိသည့် နိုင်ငံရေးဆောင်းပါးများအပေါ် နိုင်ငံတော်အစိုးရ (အာဏာပိုင်) များထံမှ တစ်စုံတစ်ရာ ဝေဖန်သုံးသပ်ခြင်း၊ ဆရာတော်ကို လျှောက်ထားပြောဆိုခြင်းများ ရှိပါသလား။ ရှိလျှင် သိရှိလိုပါတယ် ဘုရား။

တပည့်တော် (မြန်မာသံတော်ဆင့်) သို့ နိုင်ငံတော်အစိုးရတာဝန်ရှိသူ အချို့ထံမှ ပြောဆိုသည်ကို ကြားသိရသည်မှာ ယခင် (ဒီမိုကရေစီ/ရွေးကောက်ခံ) အစိုးရများလက်ထက် မြန်မာသံတော်ဆင့် သတင်းစာရေးသား ဖော်ပြခဲ့သည်များနှင့် ယခု မြန်မာသံတော်ဆင့် ရေးသားဖော်ပြ နေသည်များအပေါ် ဖတ်ရှုရသည်ကို အားလျော့နေသည့် သဘော (ယခင်က ဝေဖန်သုံးသပ်ချက်များ ပြင်းထန်စွာ သတင်းဂျာနယ်ဖော်ပြ ခဲ့ပြီး၊ ယခု ထိုကဲ့သို့ ပြင်းထန်သည့် နိုင်ငံရေးဝေဖန်သုံးသပ်ချက်များ မပါတော့ သည့်အပေါ် ဖတ်ရှု၍မကောင်းကြောင်း) ဆိုလိုကြောင်း ပြောခဲ့ပါသည်။

သို့သော်လည်း ခေတ်ကာလအခြေအနေအရ အတိုင်းအတာတစ်ခု စည်းထား၍ သတင်းဂျာနယ် ရေးသားဖော်ပြ နေရသည့်အပေါ် ယင်းစာဖတ် ပရိသတ်အချို့ အလိုကျ မြန်မာသံတော်ဆင့် ဖော်ပြ၍မရဘဲ သင့်လျော်သလောက်သာ ယခု နစကအစိုးရ (၂) နှစ်ကျော် သက်တမ်းတွင် ရေးသားဖော်ပြခဲ့ရပါသည်။ ထို့အတွက်လည်း မြန်မာသံတော်ဆင့်အပါအဝင် သတင်းစာ၊ ဂျာနယ်များ စာဖတ်ပရိသတ်၏ အားပေးဖတ်ရှုမှု ကျဆင်းခဲ့ရပြီး ပုံမှန်စာနယ်ဇင်းကဏ္ဍကျရာအခန်းမှ မပျောက်ပျက်စေရေး အားထုတ် ကြိုးပမ်းလျက်ရှိသည်တို့အပေါ် ဆရာတော်၏အမြင်နှင့် သုံးသပ်ချက် သိရှိလိုပါသည်။ 

ဆရာတော် – မိမိရဲ့အမြင်တွေ ရှိသလို၊ ထင်သလိုပေါ့နော်။ မိမိရဲ့အမြင်တွေ၊ အထင်တွေရှိသလို ရေးသားဖို့ရန် အတွက်ရာ အခက်အခဲရှိပါတယ်။ ဘာလို့ အခက်အခဲ ရှိသလဲဆိုတော့ အစိုးရအစဉ်အဆက်က လွှတ်တော်ကနေပြီးတော့ ရပ်တည်လာပြီးမှ ဖြစ်လာတဲ့အစိုးရဆိုတော့ အခုက အရေးပေါ်ကာလ၊ ဒီဟာပြီးမှဖြစ်လာတဲ့ လက်ရှိအာဏာထိန်းသိမ်းတဲ့ အစိုးရဖြစ်တဲ့အခါကျတော့ ဆရာတော်တို့ စာရေးသားပြုရတဲ့နေရာမှာ အမျိုးမျိုးချင့်ချိန်ပြီးတော့မှ ရေးသားရတာပေါ့။ အဲတော့ ဒါပဲလားဆိုတော့ မြင်ချင်သလို၊ ထင်ချင်သလို၊ မြင်တဲ့အတိုင်း၊ ထင်တဲ့အတိုင်း ရေးသားမယ်ဆိုရင်လည်းပဲ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဆရာတော်ကြားမိပါသေးတယ်။

ဒီကြားထဲက ဘာတွေကြားမိသလဲဆိုတော့ မြန်မာသံတော်ဆင့်ဂျာနယ်မှာရေးသားတဲ့ အဲးခိုးကိုလည်း ထိန်းပါဦးဆိုပြီးတော့ ဆရာတော်လည်း တစ်ဖန်ပြန်ပြီးတော့ ကြားရပါတယ်။ အဲတော့ ဆရာတော် ဘာမှထွေထွေထူးထူး မြန်မာသံတော်ဆင့်မှာ မရေးခဲ့ပါဘူး။ ပြင်းထန်တဲ့စကားလုံးတွေ၊ ပြင်းထန်တဲ့နိုင်ငံရေးတွေ၊ ပြင်းထန်တဲ့ တစ်ဦးတစ်ယောက် မကောင်းခြင်း ဝေဖန်တာတွေ ဘာမှမပါပါဘူး။ အဲ ခပ်ရှင်းရှင်းနဲ့ ပြောရရင်တော့ ပထမဦးဆုံး ၂ဝ၁ဝ ကာလတုန်းက အစိုးရဖြစ်လာတဲ့ ဦးသိန်းစိန်အစိုးရလောက်ကိုမှ ဆရာတော် ဝေဖန်ခဲ့ပါသေးတယ်။ ဆရာတော် အဲဒီအတိုင်းပဲမြင်ပါတယ်။

ဒါကြောင့် သတင်းစာတို့၊ ဂျာနယ်တို့။ နောက်ထပ် ပေါ်လာတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ စာဖတ်ပရိသတ်တွေအားမရခြင်း အကြောင်းရင်းကတော့ သတင်းစာ၊ ဂျာနယ်တွေရဲ့အပေါ်မှာ ပြင်းထန်တဲ့ ကန့်သတ်ချက်တွေ များစွာရှိတယ်လို့ပဲ ဆရာတော့်အနေနဲ့ နည်းနည်းပြောချင်ပါတယ်။

အယ်ဒီတာ – မြန်မာ့နိုင်ငံရေးတွင် လက်ရှိတပ်မတော်အစိုးရနှင့် ထောက်ခံ သူများ၊ တပ်မတော်အစိုးရ လုပ်ဆောင်ချက်များအပေါ် ဆန့်ကျင်ဘက်အမြင်ဖြင့်ဝေဖန်နေကြသည့် နိုင်ငံရေးအင်အားစုများအကြား ပြေလည်စွာ ပူးပေါင်းပြီး မြန်မာ့အရေး အနာဂတ်နိုင်ငံရေးအတွက် အေးချမ်းတည်ငြိမ်မည့် နိုင်ငံရေးနည်းလမ်း (သို့မဟုတ်) တစ်ခုတည်းသော နိုင်ငံရေးထွက်ပေါက် ရှိလာနိုင်ပါမည်လား။ 

ဆရာတော် – မေးခွန်း နံပါတ် ၃ အနေနဲ့က မြန်မာနိုင်ငံ၊ မြန်မာပြည် မြန်မာနိုင်ငံရေးအနေနဲ့က လက်ရှိတပ်မတော် အနေနဲ့ကလည်း ထောက်ခံတဲ့ တပ်မတော်အစိုးရရဲ့ လုပ်ဆောင်ချက်များအပေါ် ဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေ၊ ဒီအင်အားစု ၂ စု ပြန်လည်ပြီးတော့ အချင်းချင်းပြန်ပြေလည်နိုင်ဖို့ အတွက်ကတော့ ဆရာတော်အနေနဲ့ကတော့ မမြင်နိုင်ပါဘူး။ ပြန်လည်ပြီး ညီညွတ်ကြမယ်လို့တော့ မမြင်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအရ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သွားတာဖြစ်သည့်အတွက်ကြောင့် နိုင်ငံရေးနည်းလမ်းက တစ်ခုထဲသောနိုင်ငံရေးထွက်ပေါက်ကို ပြန်လည်ပြီးတော့ ရနိုင်ဖို့အတွက်ကို ဖြစ်နိုင်စရာအကြောင်းမရှိဘူး။

အေးဟုတ်ပြီ။ နိုင်ငံရေးဦးတည်ချက်။ နစကရဲ့ ကြေညာထားတဲ့ နိုင်ငံရေးဦးတည်ချက်ထဲမှာ အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စု။ ဒါမှမဟုတ် ဖယ်ဒရယ်နိုင်ငံရေးကို တကယ်ပဲ စေတနာအမှန်နဲ့ လမ်းဖွင့်ပေးမယ်ဆိုရင်တော့ ဒါကတော့ တစ်နည်းတစ်လမ်း တစ်နည်းတစ်ဖုံ ပြောင်းလဲနိုင်ပါတယ်။ ဆရာတော်အနေနဲ့ အဲဒီလိုမြင်ပါတယ်။ အကယ်၍ အဲဒီလို ဖယ်ဒရယ်ပြည်ထောင်စုရဲ့ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံရေးမဟုတ်ဘဲနဲ့ ဒီလိုပဲ တစ်ဦးတစ်ဖွဲ့၊ တစ်စုတစ်ဖွဲ့၊ ထောက်ခံလိုက်၊ အားပေးလိုက်၊ လုပ်ဆောင်လိုက်၊ ဒီအစီအစဉ်နဲ့ပဲ သွားနေမယ်ဆိုရင်တော့ မြန်မာ့နိုင်ငံရေးဟာ နည်းလမ်းကျတဲ့ ဒီမိုကရေစီနိုင်ငံရေး၊ နည်းစနစ်ကျတဲ့ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံရေးစနစ်။ အဲလိုနိုင်ငံရေးအပေါ်ကို ဘယ်လိုနည်းနဲ့မှ ရောက်နိုင်စရာ အကြောင်းမရှိပါဘူး။

တပ်မတော်အစိုးရ အနေနဲ့လည်း ဒါကိုဆောင်ရွက်လို့ မလုပ်နိုင်သလို တပ်မတော်အစိုးရမဟုတ်တဲ့ နောက်ထပ်တက်လာမယ့် နိုင်ငံရေး အင်အားစုတွေလည်းပဲ လုပ်ဆောင်နိုင်မယ်လို့ ဆရာတော်အနေနဲ့ မမြင်ဘူး။

ဆက်လက်ဖော်ပြပါမည်။

ဓာတ်ပုံ (မြန်မာသံတော်ဆင့်)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.