Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၈)

(၁) သည်းခံခြင်း
(၂) မေတ္တာ၊ ကရုဏာထားခြင်း
(၃)မကောင်းမှု ဒုစရိုက်များကို ရှက်၊ ကြောက် ရှောင်ကြဉ်ခြင်းတို့သည် တိုင်းပြည်အတွက် ငြိမ်းချမ်းသာယာမှုနှင့် တိုးတက်မှုတို့ကို အထောက်အကူပြုနိုင်သော နည်းလမ်း၊ သို့မဟုတ် တရားတော်(ဓမ္မ) ဖြစ်သည်။

တာဝန်ရှိတဲ့လူသား
လူဟာ မကောင်းမှုကို ရှက်ကြောက်တတ်ရမည်။ မကောင်းမှုကို မရှက်၊ မကြောက်ဘဲ ရဲရဲကြီးပြုတဲ့သူဟာ လောကအကျိုးကို ဖျက်ဆီးတဲ့သူလို့ပဲ မြင်ကြမယ်။ ယနေ့ခေတ်ဟာ ကိုယ်ကျင့်တရားနဲ့ပတ်သက်ရင် အလွန်ကို ဆုတ်ယုတ်ကြပြီ။ လျော့ရဲကျ ဆင်းကြပြီ။ အဲဒီလို စိတ်နေစိတ်ထားဆုတ်ယုတ်ကျဆင်းမှု ဖြစ်လာကြရင် တောင့်တမှုတွေ၊ လိုအပ်မှုတွေ များပြားလာကြတော့မှာပဲ။ တောင့်တမှု၊ လိုအပ်မှု များပြားမှု ရှိလေသမျှ လောကတစ်ခုလုံး ချမ်းသာအေးမြမယ် မဟုတ်။ မချမ်းသာသော လူမှုဘဝ ရှိလေသမျှ ကာလပတ်လုံး သည်းခံခွင့်လွှတ်ကြခြင်း စိတ်ထားများ ရှိနိုင်ကြမှာ မဟုတ်။

လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို လူသားတွေ ဘယ်အထိ ကြိုးစားဆောင် ရွက်လာခဲ့ကြပြီလဲ ဆိုတာ မြင်နိုင်ပါတယ်။ အဲဒီအတွေ့အကြုံနဲ့ လူတွေ နောင်တမရကြပါ။ လက်ရှိ ကမ္ဘာပေါ်မှာ လူသားတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို အစိုးရက လုပ်ပေးနိုင်ကြပြီ လား။ သူ့အကျိုး၊ ကိုယ့်အကျိုးမပျက်အောင် ယနေ့မြင်ကွင်းအစုံမှာ ရှိနေတဲ့ လူထုစီးပွားရေးကို အတူတူ ကာကွယ်ရန် လုပ်နိုင်ကြပြီလား။ ဒါမှမဟုတ် တိုင်းပြည်ရဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေ ဆောင်ရွက် လုပ်ကိုင်နိုင်ကြပြီလား။တိုင်းပြည်အကျိုးကို ရွက်ဆောင်တဲ့သူတွေ စီမံဦးစီးမှု လုပ်တတ်ကြပြီလား။
အရှင်တို့ လက်ရှိအခြေအနေဟာ အများက ချမ်းသာကြွယ်ဝတဲ့ သူလို့ပဲမြင်မြင်၊ ဆင်းရဲသူလို့ပဲပြောပြော မိမိကိုယ်မိမိ ချမ်းသာသူ၊ ဆင်းရဲသူအဖြစ်နဲ့ မခံယူစေချင်ပါ။ အရှင်တို့ဟာ လူသားတွေ ဖြစ်ကြပါတယ်။ အမှား၊ အမှန်ကို နားလည်တယ်။ ဆင်းရဲ၊ ချမ်းသာ နားလည်တယ်။ ချစ်ခင်မှု ကြင်နာမှုတရားနဲ့ နားလည်တယ်။ ရိုးသားမှု ဖြူစင်မှု တရား ရှိတယ်။ လူသားနဲ့တူတဲ့တရား ရှိပါလျက်နဲ့ တစ်ဖက်က လူသားတွေက ဖိနှိပ် နှောင့်ယှက်ကလူပြုကြတာဟာ လူ့တာဝန်မသိတဲ့သူကို အရှင်တို့ မေတ္တာမပျက်ပါလို့ ဆိုနိုင် စရာရှိပေမယ့် မေတ္တာပျက်တဲ့သူတွေရဲ့ ပြုမူမှုအားလုံးကို တာဝန်ရှိတဲ့လူသားတွေက ရှိရသော တာဝန်နဲ့ ကျေပွန်ကြရမည့် တာဝန်ကိုတော့ မေ့သွားလို့ မရပါ။

ဘေးမဖြစ်အောင် အမြဲထား
လူတွေဟာ မဟာလူ မဟာသွေးများဆန်လာရင် လူအများကို ကျွန်သပေါက်လိုပဲ မြင်တတ်ကြတယ်။ အဲဒီလို ထားတဲ့စိတ်ကို လူလို့ သတ်မှတ်ခေါ်ဝေါ်ကြတာဟာ အမှတ်နာ မနေကြဘူးလား။ အချို့ မဟာသွေးဆန်လာတဲ့ နိုင်ငံရေးသမားတွေ မြင်ဖူးတွေ့ဖူးကြမှာပါ။ ခြေထောက် တကြွကြွ၊ လူပုံအလယ်မှာ တရွရွနဲ့ ဟန်ကျလိုက်လေ ဆိုပြီး အားကိုးရာ တောင်ဝှေးလေးတစ်ချောင်းတောင်မှ မပါတဲ့ နိုင်ငံရေးစော်ကဲကြီး၊ ပွဲကြီးလည်း ပြီးရော မြေကြီး ခြေတိုင်လျှောက်ရတဲ့အဖြစ် မြင်ဖူးခဲ့ကြမှာပါ။ အာဏာရစဉ်က ဟက်ဟက်ပက်ပက် အပြောညက်ပြီး ဟန်လုံးထွားတဲ့အကွက်တွေနဲ့ လူအထင်ကြီးခဲ့တယ်လေ။ မြှုပ်ကွက်တွေ၊ လုပ်ကွက်တွေ၊ လှည့်ကွက်တွေကြောင့် အသက်ရှင်နေပါလျက်နဲ့ အရှက်ကွဲရတဲ့ နိုင်ငံရေး သမားကြီး ဟန်လုံးပျောက်သွားခဲ့ရတာ တစ်သက်လုံးပဲ။ ဒါဟာ မြန်မာ့နိုင်ငံရေးမြင်ကွင်းပါ။ ခနဲ့ပြတာ မဟုတ်ပါ။ တကယ်အမှန်ပါ။

အရှင်တို့ဟာ နိုင်ငံရေးစိတ်ဓာတ်မပါဘဲ မွေးဖွားလာကြတဲ့သူတွေလို့ ပြောလို့မရပါ။ အရှင်တို့ ပဋိသန္ဓေစိတ်ဟာ မြင့်မြတ်တဲ့ တိဟိတ်ပဋိသန္ဓေစိတ်ပါ။ တိဟိတ်ပဋိသန္ဓေစိတ်နဲ့ မွေးဖွားလာကြတဲ့သူကို သူအ သူနုံလို့ ပြောလို့မရပါ။ ဒါကြောင့် နိုင်ငံရေးနဲ့ အရှင်တို့ကို လှည့်ပတ်လို့ မရကြောင်း သိထားရန်လိုပါလိမ့်မယ်။ အရှင်တို့မှာ မိမိ လိုလားချက် ရှိသည့် အတိုင်း ဆုံးခန်းတိုင် ရောက်အောင် အားထုတ်ပူပန်မှုကိုလည်း အညီအမျှ ခံစားကြမယ်။ စိုးရိမ်မှုများကိုလည်း မျှမျှတတ တားဆီးကြမယ်။ ဘေးရန်အမျိုးမျိုး မရှိအောင်လည်း စုပေါင်း ကာကွယ်နိုင်ကြမယ်လို့ မျှော်လင့်ထားကြသူများ ဖြစ်ကြပါတယ်။ အရှင်တို့ရဲ့ အသိစိတ် (သိစိတ်)ဟာ ဘယ်တော့မှ ဘေးဖြစ်ရာကို မထားပါ။ ဘေးမဖြစ်အောင် အမြဲထားမယ်။ တာဝန်မဲ့အောင် မနေပါ။ လောကကို လှပအောင် ထားမယ်။ လူ့ကျင့်ဝတ်သိက္ခာကိုလည်း မြှင့်တင်၍ နေမယ်။

ဖြူစင်မြင့်မြတ်တဲ့ ရည်ရွယ်ချက်

လူ့ကျင့်ဝတ်တရားအရ ပြောင်းလဲခြင်းသဘောကို လိုလားကြတယ်။ လူသိက္ခာ တရားအရ မတွေဝေအောင် နေကြတယ်။ ထိန်းကြတယ်။ ပြောင်းလဲတဲ့သဘောနဲ့ ကြုံလာတဲ့ အခါ မကျေနပ်တာ၊ ညည်းတွားတာ၊ စိုးရိမ်တာ၊ ဝမ်းနည်းပူဆွေးဖြစ်ကြရတာဟာ ဓမ္မတာပါ။ သို့သော် ပြောင်းလဲခြင်းနဲ့ ချမ်းသာမှုကို ခံစားနေလိုသမျှတော့ ရတဲ့ ချမ်းသာခြင်းဟာ စစ်မှန်တဲ့ ချမ်းသာမှု မဖြစ်နိုင်ပါ။ စစ်မှန်တဲ့ ချမ်းသာမှုမဖြစ်ရင် (မရရင်) ဆန့်ကျင်ဘက် တရားသဘောကတော့ ဖြစ်ပေါ်လာနေမှာပါပဲ။

နိုင်ငံရေးပြုမူအားထုတ်ခြင်းဟာ –
(၁) ဖြူစင်မြင့်မြတ်သည့် ရည်ရွယ်ချက်
(၂) အပြစ်သက်ရောက်မှု ရည်ရွယ်ချက်
(၃) ကောင်းကျိုးများကို ပေးသော ရည်ရွယ်ချက် ထားရမယ်။

ဝမ်းမြောက်ဝမ်းသာ ဉာဏ်နဲ့ယှဉ်တဲ့၊ မတိုက်တွန်းရဘဲ ထက်သန်မှုရှိတဲ့စိတ်နဲ့ နိုင်ငံရေးကို လုပ်ရင် ဖြူစင်မြင့်မြတ်တဲ့ ရည်ရွယ်ချက်ကို ဖော်ပြနေတယ်။ အဲဒီရည်ရွယ်ချက် နဲ့ နိုင်ငံအကျိုး၊ ပြည်အကျိုးတွေကို ရွက်ဆောင်ပါက အစွန်းရောက်တဲ့အလုပ် မဖြစ်နိုင်ပါ။ မကြိုက်တဲ့သူက ဆိုလို့ ပြောလို့သာ ဖြစ်နေကြတာ ဖြစ်ပါတယ်။
အဲ့ဒီလို လုပ်နည်းလုပ်ဟန် မမှန်တဲ့ နိုင်ငံ‌ရေးနည်းလမ်းတွေကြောင့် (အက်ကြောင်းပေါ်အောင်) (ပဋိပက္ခ) လူထုအချင်းချင်း ပြဿနာ၊ သင်းဖွဲ့အချင်းချင်း ပြဿနာ၊ လူတန်းစားအချင်းချင်း ပြဿနာတွေ ထလာတယ်။ တစ်ဖက်သူတို့ရဲ့ အပြစ်အနာအဆာတွေကို ပြတယ်။ ထုတ်ပြတယ်။ ဟုတ် မဟုတ်၊ မှန် မမှန် ဦးသူစနစ်နဲ့ လူထုဆက်သွယ်မှ နည်းပညာ(မီဒီယာ)နဲ့ လိုသလို (ကြိုက်သလို) ထုတ်ပြောတယ်။ အတင်းအဖျင်းတွေ ပြော တယ်။ မကောင်းသတင်း ကျော်အောင် ပြောတယ်။ ရစရာမရှိအောင် ဝေဖန်တယ်။ ဒီလို နည်းလမ်းတွေ သုံးတဲ့ နိုင်ငံရေးဟာ လူထုကို လိမ်ညာတာပါပဲ။ လူထုကိုလိမ်တဲ့ နိုင်ငံရေး စနစ်ဟာ နောက်ဆုံး လူထုကပဲ အမှိုက်ပြန်ကျုံးရတယ်။

သတိထားစရာ

လူမှုဘဝနေထိုင်ရေး ဆိုတာ အနှောင့်အယှက် ကင်းရမယ်။ နှိပ်စက်မှု လွှမ်းမိုးမှု အထက်စီးမှုမရှိအောင် လိုတယ်။ နိုင်ငံရေးကို အမြတ်ထုတ်သူတွေက လူထုကို ပိုးမွေးသလိုမွေးတယ်။ လူထုက ဗဟုသုတကြွယ်ဝမှု လိုတယ်။ ဆွယ်ကောင်းသူရဲ့ နောက်ကို မလိုက်ဘဲ နေရတယ်။ ဆွယ်သူကလည်း ရွယ်သလို ရောက်အောင် ဆော်သြတယ်။ မက်လုံးပြတယ်။ အကြိုက်ပြတယ်။ ဘာမှမပါတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ စကားကို လိုသလို ဟောတယ်။ အဟုတ်မှတ်ပြီး အထင်တစ်လုံးနဲ့ တိုးကြတယ်။ ဒီလို အာဏာရတဲ့အကွက်တွေ ဆင်ယူတဲ့ နိုင်ငံရေးပုံစံလိုမျိုးဟာ နိုင်ငံရေးအဝါး မဝသေးတဲ့ ပြည်သူတွေကို အမက်ပြပြီး လှည့်ကွက် တွေနဲ့ နိုင်ငံရေးအာဏာကို ယူတယ်။ ဒီလိုလုပ်ရပ်မျိုးနဲ့ ရတဲ့အာဏာဟာ နိုင်ငံရေးအစဉ်အလာ ကောင်းသူ မဟုတ်။ နိုင်ငံရေးနည်းလမ်းကောင်းတွေကို ပြောင်းပစ်ချင်တဲ့သူတွေရဲ့ လုပ် ကွက်ပဲ။ ဒီပုံစံမျိုးကို ကမ္ဘာအရပ်ရပ်က မြင်နိုင်ပါတယ်။

လူတွေကပြောတယ်။မြန်မာပြည်နိုင်ငံရေးပြောင်းလဲမှုဟာညင်သာတယ်တဲ့။နိုင်ငံရေးပြောင်းလဲမှုသာတော်တယ်။ လူမှုရေးပြောင်းလဲမှုမပါတဲ့နိုင်ငံရေးကို ဘယ်လိုတော်တယ်လို့ ဆိုနိုင်မှာလဲ။ နိုင်ငံရေးပြောင်းလဲတယ် ဆိုတာ အကြောက်တရားပါတဲ့ ပြောင်းလဲလိုက်ရတဲ့ နိုင်ငံရေးမျိုးဟာ ဘယ်လိုလုပ်ပြီး ကောင်းတယ်လို့ ဆိုနိုင်ရမှာလဲ။ နိုင်ငံရေးအပြောင်းအလဲလုပ်လို့ အကုန်ကောင်းသွားမယ်လို့မထင်ပါနဲ့ ။ နိုင်ငံရေးဝါသနာပါတဲ့ စိတ်ကူးယဉ်သမား
(နိုင်ငံရေးသမား)တွေရဲ့ လက်ချက်နဲ့ သတိထားစရာတွေ အများကြီး ရှိနေသေးတယ်။ မပွင့်လင်းတဲ့နိုင်ငံရေး၊ မြှုပ်ကွက် လှည့်ကွက်များတဲ့ နိုင်ငံရေးကြောင့် တိုင်းပြည်တိုးတက်ဖို့ နောက်ကျကျန်နေခဲ့တယ်။

ငြိမ်းချမ်းရေးတစ်ဖက် အပြုတ်တိုက်တစ်ဖက်
ယနေ့ မြန်မာပြည်မှာ ပါတီတွေ အစုံအလင် တည်ထောင်ခွင့်ပြုထားတဲ့ တိုင်းပြည် ဖြစ်တယ်။ ပါတီတွေများပြီး တိုင်းပြည်ကို အလုပ်အကျွေးပြုတဲ့ပါတီတွေ နည်းတယ်။ နိုင်ငံရေးပါတီတွေကို အစိုးရက ထောက်ပံ့ပေးတာတွေ မရှိတော့ နိုင်ငံရေးဖွံ့ဖြိုးမှု အားနည်းတယ်။ ဝါသနာရှိလို့သာ နိုင်ငံရေးကို လုပ်နေကြတယ်။ ပြည့်စုံမှု အားနည်းနေကြတယ်။ မပြည့်စုံတဲ့အလုပ်ဟာ အောင်မြင်မှုအမျိုးမျိုး မရှိပါ (မဖြစ်ပါ)။ အချို့သော ပါတီတွေဟာ အင်အားမရှိဘဲ ချို့တဲ့နေကြတယ်။ အချို့သော ပါတီတွေက သုံးဖြုန်းလို့ မကုန်အောင် တောင်လိုပုံနေတယ်။ ဒီလို ပါတီတွေအမျိုးမျိုးကွဲ၊ သဘောထားတွေကွဲ၊ မူဝါဒတွေ အဖုံဖုံ ကွဲလွဲနေတာကြောင့် ရောင်စုံသူပုန်အဖြစ်နဲ့ တစ်ချိန်က မြန်မာ့သမိုင်းမှာ ရှိခဲ့ဖူးတယ်။ သူ့လူ ကိုယ့်လူ၊ သူ့မူ ကိုယ့်မူ ဝိဝါဒကွဲပြားကြပြီး အကျိုးတူ ဆောင်ရွက်မှုတွေ မဖြစ်ကြတော့ဘဲ နိုင်ငံရေးအစွန်းရောက်သမားအဖြစ် မိမိကိုယ်မိမိ ခံယူလိုက်ကြတယ်။ တောဝင်တောခို လုပ်ကြတယ်။ အချင်းချင်း ဆန့်ကျင်ကြတယ်။ လက်နက်ကိုင်ပြီး တော်လှန်ကြတယ်။ မရနိုင် မဖြစ်နိုင်တဲ့ လိုချင်မှုတွေကို တောင်းတယ်။ ရနိုင် ဖြစ်နိုင်တဲ့ လိုအင်တွေကိုမတောင်းဘဲ ဆန့်ကျင်တယ်။ သိလျက်နဲ့ မျက်ကွယ်ပြုတယ်။ တိုင်းပြည်အတွက် ရေနက်ထဲကို နှစ်ကုန်တယ်။

    “ဖဆပလ၊ ကွန်မြူနစ် ညီညွတ်ကြ”
  “ပြည်တွင်းစစ်ကို တားဆီးကြ”

“အချင်းချင်း မတိုက်နဲ့”
ဆိုနေ ပြောနေတဲ့ကြားထဲကပဲ မြန်မာပြည်ဟာ ပါတီကွဲ၊ လူမျိုးကွဲ၊ ဝါဒတွကွဲပြီး အမျိုးသားရေးပါ နောက်ဆုံးမှာ ကွဲသွားကြတယ်။ တစ်ယောက်နဲ့
တစ်ယောက် ဖမ်းဆီးကြ ကွပ်မျက်ကြတယ်။ ငြိမ်းချမ်းရေး၊ တော်လှန်ရေး၊လက်ဝဲညီညွတ်ရေး၊ (၉)ဦး ကော်မတီ၊ ထကြွသူ၊ လှုပ်ရှားသူ၊ စေ့စပ်သူ၊ ပြည်တွင်းစစ်ရပ်စဲရေး စတဲ့ အမျိုးမျိုး ပေါ်ပေါက်ခဲ့ဖူးတဲ့ မြန်မာပြည်
မဟုတ်ပါလား။ တစ်ပြည်လုံး ဟုန်းဟုန်းတောက်တဲ့မီးပမာ တိုင်းပြည်ဥစ္စာ ပျက်စီးဆုံးရှုံးခဲ့ရပြီး အသက်လည်း ထောင်ပေါင်းများစွာ သေကျေခဲ့ရတယ်။

ငြိမ်းချမ်းရေး မရှိ၊ မိသားစု တကွဲတပြား၊ ဖရိုဖရဲ အကွဲကွဲ အကွာကွာနဲ့ တရားဝင် ရပ်တည်ခွင့်မရကြတဲ့ အသင်းအဖွဲ့တွေ ဖြစ်လာကြတဲ့အခါ အင်အားစုများအချင်းချင်း တွေ့ဆုံ ဆွေးနွေးမှုပြုကြတယ်။ နိုင်ငံရေးယုံကြည်သူက ယှဉ်ပြိုင်မှုကို လိုချင်တယ်။ ဒီမိုကရေစီ နည်းအရ ယှဉ်ပြိုင်ဖို့ဟာ အဓိကဖြစ်တယ်။ သူမသာကိုယ်မနာတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို စိတ်ဝင်စားလာကြပြီး “ငြိမ်းချမ်းရေး တကယ်ရမယ်ဆိုရင် ရာဇဣန္ဒြေပဲ့ရုံမက ကြေမွသွား ပါစေ” စတဲ့ စကားတွေ ဆိုသူကဆိုနဲ့ ငြိမ်းချမ်းရေးတစ်ဖက် အပြုတ်တိုက်တစ်ဖက်နဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းမှာ အထင်အရှား ရှိခဲ့ဖူးတယ်။

နုတင်နဲ့ ဆွေငြိမ်း အကြိတ်အနယ် ကြဲကြ။ နုတင်တို့က –
        – ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးမည်။
        – ဒီမိုကရေစီ အခွင့်အရေးများ ပေးမည်။
         – လူမျိုးစုများ လိုလားချက်ကို ပေးမည်။
        – ကြားနေရေးဝါဒ ကျင့်သုံးမည်လို့ ဆိုခဲစကား ဆိုပြတယ်။

သတင်းစာက အမျိုးမျိုးရေး၊ ဝါဒတွေလည်း အမျိုးမျိုး ဖြန့်ကြတယ်။ နိုင်သူ့အပေါ် ကို သဘောထားမကြီး၊ အယုံအကြည်မရှိ အဆိုသွင်းသူက သွင်း၊ လွှတ်တော်မှာ မဲခွဲသူက ခွဲနဲ့ မြန်မာပြည်ရဲ့ မြန်မာ့နိုင်ငံရေး မြင်ကွင်းဟာကွပ်မျက်ပွဲ၊ဖြတ်ပွဲ၊ဆော်ပွဲ၊ကလော်ပွဲများ များခဲ့တာဟာတစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်ခဲ့တာတွေကို ထိခိုက်ခဲ့တာအမှန်ပါပဲ။
      “တရားစစ်မှန် ကျင့်ကြံကြမှ
        ချမ်းသာသုခ ရနိုင်မည်။
        တရားတုတွေ ကျင့်နေကြလို့

        ဆင်းရဲဒုက္ခ ရောက်ရသည်။
        ယခုတစ်ဖန် အမှန်လမ်းသို့
        အမြန်လှမ်းဖို့ ချိန်တန်ပြီ။
        သို့မှ တိုင်းပြည်(နိုင်ငံရေးကြောင့်) ဘာသာရေးကြောင့်
        သာယာအေးဆေး ရှိလိမ့်မည်”

ဆိုတဲ့တောင်မြို့ဆရာတော် လင်္ကာဆောင်ပုဒ်နဲ့ မြန်မာတစ်မျိုးသားလုံးအတွက် သတိပေးလိုက်ပါတယ်။

                                    မြန်မာ့နိုင်ငံရေးမြင်ကွင်းဟာ
                              ကွပ်မျက်ပွဲ၊ဖြတ်ပွဲ၊ဆော်ပွဲ၊ကလော်ပွဲတွေ
                              များခဲ့တာဟာ တစ်မျိုးသားလုံးရဲ့ 

                               စည်းလုံးညီညွတ်ခဲ့တာတွေကို
                              ထိခိုက်ခဲ့တာ အမှန်ပါပဲ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၁၇-၁၂၂၊ အဝိဟိံသာနိုင်ငံရေး (၈)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

 အဝိဟိံသာနိုင်ငံရေး (၇)

 ရိုက်နှက်စေတာထက် ခွင့်လွှတ်ပေးလိုက်တာက ပိုကောင်းတယ်။

ဖြစ်နိုင်မယ့် နိုင်ငံရေးစနစ်

တစ်ချိန်က အရှင်တို့တိုင်းပြည်မှာ အုပ်ချုပ်မင်းပြုတဲ့သူတွေရဲ့ နိုင်ငံရေးလမ်းစဉ် ဟာ VIOLENCE ရှိတယ်။ NON-VIOLENCE မရှိပါ။ အဲဒီလမ်းစဉ်နဲ့ လူတွေကို အုပ်ချုပ်မှ လက်နက်ချ အရှုံးပေးကြမယ်အထင်နဲ့ အကြမ်းဖက်မှုမျိုးစုံနဲ့ သုံးပြီး မြန်မာပြည် တစ်နံတစ်လျား တိုက်ပွဲတွေ ဆင်နွှဲကြတယ်။ သူတို့တွေ အောင်မြင်တယ်အထင်နဲ့ နေ့စဉ် အများ ဆင်းရဲမှုတွေ ပြုလုပ်ကြတယ် ဆိုတာကို မသုံးသပ်ဘဲ လက်ငင်း အောင်မြင်မှုတိုက်ပွဲ ဆိုပြီး ကြွေးကြော်မှု ပြုကြတယ်။

မိမိဂုဏ်သိက္ခာကို မထိန်းကျောင်းနိုင်တဲ့ အဲဒီအောင်မြင်မှုမျိုးကို လက်ရုံးအားကိုးတဲ့ သတ္တဝါတစ်ကောင်လို ဖြစ်နေတယ် ဆိုတာကို မသိလိုက်ဘူး။ နောက်ဆုံး ရေရှည်အကျိုးကို မခံစားလိုက်ရဘဲ ငုပ်လျှိုးသွားရတဲ့ နိုင်ငံရေးဖြစ်စဉ်တွေ မြန်မာပြည်မှာ အကြိမ်ကြိမ်အခါခါ ဖြစ်ပေါ်ခဲ့ဖူးတယ်။ ဘယ်နိုင်ငံရေးမဆို NON-VIOLENCE မရှိရင် မအောင်မြင်ပါဘူး။ နိုင်ငံရေးလမ်းစဉ်အားလုံးဟာ စောစောစီးစီး မချီးမွမ်းရပါ။ အချိန်စောင့်ဖို့ လိုတယ်။ အချိန် ကောင်းရတဲ့ နိုင်ငံရေးဟာ တန်ဖိုးရှိတယ်။ နိုင်ငံရေးလုပ်ရင် မိမိကိုယ်မိမိ သူရဲကောင်းတစ်ဦး လို မသတ်မှတ်ရပါ။ သတ္တိရှိသူ၊ ထက်မြက်သူ၊ သာလွန်သူတစ်ယောက်လိုသာ နေရမယ်။ ခွင့်လွှတ်ခြင်းတရားနဲ့ ပတ်သက်ရင် ဟန်ဆောင်မှု ကင်းကင်းနဲ့ ရှင်းရှင်းခွင့်လွှတ်ရမယ်။

အရှင်တို့တိုင်းပြည်ဟာ ကောင်းတာတွေ အမျိုးမျိုး လိုအပ်နေတယ်။ ရေရှည် တိုင်းပြည်အကျိုးကို မဖြစ်နိုင်တဲ့ အုပ်ချုပ်မှုစနစ်မျိုးနဲ့ သွားလို့ မဖြစ်ပါ။ ဆူလွယ်နပ်လွယ်တဲ့ ရက်တိုအကျိုးစီးပွားဟာ အလုပ်မဖြစ်နိုင်တဲ့ နိုင်ငံရေးစနစ်ပါ။ စုပေါင်းလုပ်လို့ရတဲ့ စိတ်နဲ့ ဒီတိုင်းပြည်ကို မတည်ဆောက်နိုင်ရင် အမှားအယွင်းတွေနဲ့၊ ဒဏ်ရာကြီးတွေနဲ့ ရှိနေမှာပါပဲ။ အချင်းချင်း အငြင်းပွားမှုရှိတဲ့နိုင်ငံရေးဟာ မေ့မရတဲ့ (မမေ့နိုင်တဲ့) သမိုင်းဆိုးတွေ၊ မှတ်တမ်း တွေ ရှိထားတယ်။ မြန်မာလူထုတစ်ရပ်လုံး အကျိုးစီးပွားဖြစ်မယ့် နိုင်ငံရေးမူဝါဒလမ်းစဉ်ကို ဖြစ်နိုင်မယ့် နိုင်ငံရေးစနစ်နဲ့ မုချ ချမှတ်ရမယ်။

ပြည်ထောင်စုတိုင်းပြည်တစ်ပြည်

အရှင်တို့ဟာ တိုင်းပြည်အကျိုးကို သက်သက်မျှ တာဝန်ယူရန် ဆန္ဒရှိကြတယ်။ နက်ရှိုင်းတဲ့ သတ္တိထူးတွေ အပြည့်အဝရှိတယ်။ ယုံကြည်မှု ခံယူချက်တွေ ထာဝရပါပဲ။ သို့သော် နိုင်ငံရေးအားနည်းတဲ့ မြန်မာတိုင်းပြည်ကို ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးမူဝါဒ မဖန်တီးနိုင်တာဟာ စာရွက်ပေါ်မှာ ကျင့်သုံးတဲ့ နိုင်ငံရေးမူဝါဒကြောင့်လို့ မြင်တယ်။ အရှင်တို့ရဲ့ နိုင်ငံရေးဟာ မြို့ကြီးတွေမှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေ မဟုတ်ပါ။ တောရတွေမှာ တည်ဆောက်ထားတဲ့တဲ မဟုတ်ပါ။ လူတန်းစားမြင့်လာအောင် စုရုံးဖွဲ့စည်း ထားတဲ့ လူမှုအကျိုးပြုတဲ့ အဖွဲ့အစည်းမဟုတ်ပါ။ အရှင်တို့တိုင်းပြည်ဟာ ပြည်ထောင်စု တိုင်းပြည်တစ်ပြည်ပါ။ ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုအသိ၊ ပြည်ထောင်စု လူမှုအဖွဲ့ အစည်းတွေ. ဖြစ်ပါတယ်။

 ကျင့်ဝတ်ဝတ္တရားနဲ့ သက်ဆိုင်တဲ့ ပညာရပ်

များသောအားဖြင့် လူမှုအဖွဲ့အစည်းတွေဟာ နိုင်ငံ၊ လူမျိုး၊ ဘာသာ စတဲ့ သီးခြား ဖြစ်နေတဲ့ပုံစံနဲ့ ဖွဲ့စည်းစုစည်းထားကြတယ်။ သီးခြားစီ စုစည်းဖွဲ့စည်းတဲ့စနစ်ဟာ အတ္တ ဖက်တွယ်တဲ့ စနစ်မျိုးတွေပါ။ ဒီစနစ်မျိုးလို တည်ထောင်တဲ့တိုင်းပြည်ဟာ မကြာခဏဆိုသလို မကောင်းကျိုးများ၊ ခံစားတွေ့ကြုံနေရတယ်။ မနေမနားဘဲ ကွဲပျက်ကြတယ်။ အရှင်တို့ဟာ လူ့သမိုင်းကို တစ်လျှောက်လုံး လေ့လာရမယ်။ အဆက်မပြတ် ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာ ရမယ်။ လူတို့ရဲ့ သဘောသဘာဝအကြောင်းကို အကုန်အစင်မသိရင် “လူမှုဘဝနိုင်ငံရေး လမ်းစဉ်ကို သိနိုင်မှာ မဟုတ်ပါ။ နိုင်ငံရေးဆက်စပ်ပုံအမျိုးမျိုးကို သိလိုရင် လူမှုဘဝ ဖြစ်စဉ်ဖြစ်ရပ်ကို လေ့လာပါက မြင်နိုင်ပါတယ်။ လူတွေ ကြိုးစားအားထုတ်တဲ့ နိုင်ငံရေးဟာ လူမှုဘာသာရပ်ပညာရေးပါပဲ။ လူမှုဘာသာရပ်ပညာဟာ ကျင့်ဝတ်ဝတ္တရားနဲ့ သက်ဆိုင်တဲ့ ပညာရပ်ဖြစ်တယ်။

ဒါကြောင့် တိုင်းပြည်တစ်ပြည်မှာ
(၁) အချင်းချင်း ချစ်ဖွယ်စကား ပြောခြင်း၊
(၂) ပြန်လည်ပြင်ဆင် သုံးသပ်ခြင်း
(၃) နားလည်မှု ရှိခြင်း၊
(၄) အပေးအယူထားရှိခြင်း
ရှိမှပဲ နိုင်ငံနဲ့ ပြည်သူလူထု ကြီးပွားချမ်းသာတိုးတက်မယ်။

ဒုက္ခပေါင်းစုံရောက်ကြ

ကမ္ဘာပေါ်မှာ လက်နက်ဖျက်သိမ်းရေးကို ကြိုးစားကြပေမယ့် လျှော့ချကြရန် ဆန္ဒမရှိပါ။ လက်နက်အမျိုးမျိုးသာ တိုးတက်တီထွင်စမ်းသပ် ထုတ်လုပ်ကြတယ်။ ဒီပုံဒီနည်း အတိုင်းပဲ လူမှုဘာသာ နိုင်ငံရေးပညာရပ်များကို အကြမ်းဖက်မှုမရှိအောင် မတားဆီး မပိတ်ပင်နိုင်လေသမျှကာလပတ်လုံး နိုင်ငံရေးအုပ်ချုပ်မှုစနစ်ဟာ တာဝန်မကျေသော၊ အသက် ဘေးမကင်းသော နိုင်ငံရေးစနစ်ပဲ ရမယ်၊ ဖြစ်မယ်။ ယနေ့ လူ့ဘုံအလယ်မှာ ဘယ်နိုင်ငံရေး စနစ်က ကောင်းတယ်၊ ဆိုးတယ် ဆိုတာကို လူတွေက ရွေးချယ်နေကြတယ်။ ခေတ်အဆက် ဆက်က ဆင်းသက်လာတဲ့ နိုင်ငံရေးစနစ်ကို (မိမိတို့ကြိုက်နှစ်သက်တဲ့ နိုင်ငံရေးကို) မိမိတို့ တိုင်းပြည်နဲ့ လူမျိုးအတွက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် သင်ယူမှတ်သားကြတယ်။ အချို့ နိုင်ငံရေးစနစ်ကြောင့် တိုင်းပြည်မှာ အဆိပ်အတောက်တွေဖြစ်ပြီး အမျိုးမျိုး ဒုက္ခရောက် ခဲ့ကြတယ်။ အချို့သော တိုင်းပြည်က ခေတ်ကာလအဆက်ဆက် မိဘဘိုးဘွားများ လက်ခံ အတည်ပြုထားတဲ့ ဘုရင်အုပ်စိုးတဲ့စနစ်နဲ့ နေကြတယ်။ ပုဂ္ဂိုလ်ကိုးကွယ်တဲ့စနစ်၊ အကြောက် တရား သက်သက် နေထိုင်ရတဲ့စနစ်၊ ကျွန်သားပမာ အလုပ်လုပ်ရသောစနစ်၊ လုပ်အားပေး ရသော စနစ်ပေါင်းစုံနဲ့ လူသားတွေရဲ့ စုရုံးစုဖွဲ့ အုပ်ချုပ်တဲ့စနစ်တွေအကြောင်းကို လူမှုဘဝ နိုင်ငံရေးသမိုင်းကို လေ့လာကြည့်မိသောအခါ လူတွေရဲ့ ပြင်းထန်တဲ့ ဒေါသအကြောင်းတွေ ကို စိတ်ပျက်ဖွယ်ရာများ မြင်တွေ့ရတယ်။ နေနိုင်တဲ့နည်းနဲ့ နေလို့ရတဲ့ လောကကို စုစည်း ဖွဲ့စည်းတဲ့စနစ်ကြောင့် ဒုက္ခတွေပေါင်းစုံ ရောက်ကြတယ်။

လူ့ဂုဏ်ရည်

လူတွေဟာ စားဝတ်နေရေးအတွက်နဲ့ ရုန်းကန်နေကြတယ်။စားဝတ်နေရေးကြောင့် ကိုယ်ကျိုးဖက်မှုတွေ ကြီးထွားတယ်။ ကြီးထွားတဲ့ကြီးပွားမှုဟာ အများအသုံးဝင်တဲ့ ကောင်း ကျိုး မဟုတ်လေတော့ ဖက်တွယ်သူကပဲ နိမ့်ကျသွားတယ်။ လူတွေဟာ နိမ့်ကျတဲ့အလုပ်ကို ဘာကြောင့် ပျော်ပျော်ကြီး လုပ်နိုင်ကြရတာလဲ။ အဲဒီအလုပ်ကို လုပ်လို့ ဂုဏ်ရည်ထူးတွေ အမျိုးမျိုး ရလာကြပါသလား။ လူ့ကျင့်ဝတ်နဲ့ ဆိုင်တဲ့ဂုဏ်ကို လက်လွတ်စပယ် လုပ်လာရင် အန္တရာယ်ကြီးမားပါသလား။ စဉ်းစားစေချင်ပါတယ်။ လူ့ဂုဏ်ရည်ဖြစ်တဲ့ မေတ္တာတရားနဲ့ လူမှုဘဝ လောကကို ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်တဲ့ နိုင်ငံရေးရည်ရွယ်ချက်မျိုး မြန်မာပြည်မှာ မဖြစ်မနေ တည်ထောင်ပေးရမယ်။

အစစ်အမှန်အလုပ်

          မြန်မာပြည် လူမှုရေးလောကကိုလည်း  – 
(၁) စိတ်စေတနာ ကောင်းခြင်း၊
(၂) လူကျင့်ဝတ် ထိန်းသိမ်းခြင်း၊
(၃) စိတ်စင်ကြယ်ခြင်း၊
(၄) အသိပညာ ဖွံ့ဖြိုးတိုးတက်ခြင်း
လေးမျိုးနဲ့ အလေ့အကျင့် ဓလေ့ထားပေးရမယ်။

လွယ်ကူသော လိုက်နာခြင်းမျိုး၊ ဒါမှမဟုတ် လွယ်ကူစွာ ကျင့်ကြံနိုင်သော အကျင့် သိက္ခာမျိုး စောင့်ထိန်းတတ်ရန် လူထုကို နိုင်ငံရေးလမ်းစဉ်ကောင်း ချမှတ်ပေးနိုင်ရမယ်။

အရှင်တို့တိုင်းပြည်ဟာ ပရိယာယ်ပါတဲ့နိုင်ငံရေးနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်မဟုတ်ပါ။ ပရိယာယ်များတဲ့ခေါင်းဆောင်ကိုလည်း မယုံကြည်ပါ။ ထိမ်ဝှက်ထားတဲ့ နိုင်ငံရေး အကြောင်းအရာတွေကိုလည်း မယုံကြည်ပါ။ အလွန်ဆိုးရွားတဲ့သူကို နိုင်ငံ့ခေါင်းဆောင် မထားပါ။ အသိအမှတ်မပြုပါ။ မိုက်မဲတဲ့စိတ်ဓာတ်ရှိသူ၊ သို့မဟုတ် တိုင်းပြည်နဲ့ မတန်တဲ့သူကို ဘယ်တော့မှ အစိုးရ မဖြစ်ရပါ။ အဲဒီလိုမျိုးသာ အစိုးရဖြစ်လာခဲ့ရင် သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းဟာ အရှင်တို့ရဲ့တရား ဖြစ်လာပြီ။ အဲဒီတရားကို မတရားခြင်းနဲ့ မဆန့်ကျင်ဘဲ တရားသဖြင့်နဲ့ ဆန့်ကျင်မှုများ လုပ်ရမယ်။ ညီညွတ်မှုအတွက် အသက်နဲ့ လဲရမယ်ဆိုရင်လည်း လဲရမှာပဲ။ အတွက်အားလုံးနဲ့ အမြင့်ဆုံးစွန့်လွှတ်ဖို့ မိမိမှာ အဆင်သင့် (အရန်သင့်) ဖြစ်အောင်နေရမယ်။ အသက်နဲ့ ပေးဆပ်ရခြင်းအလုပ်ဟာ အောင်မြင်ခြင်း အစစ်အမှန် အလုပ်ပါ။

               ဒါကြောင့် အရှင်တို့ဟာ – 

               (၁) NON-VIOLENCE ကို သတိကြီးစွာ လက်ကိုင်ထားပြီး
(၂) NON-CO-OPERATION နဲ့ စောင့်ထိန်းမှု လုပ်ရမယ်။
အရှင်တို့ ခံယူချက်ကို အနိုင်ယူတဲ့သူများ သိဖို့ပဲ လိုပါတယ်။   
ဒီနည်း ဒီပုံနဲ့ တိုင်းပြည်၊ လူမျိုး အများသူငါအကျိုးကို သယ်ပိုးဆောင်ရွက်ခွင့် ရတာကြောင့် အရှင်တို့အားလုံး ဝမ်းသာရမယ့်အတွက် အားလုံးနဲ့ အသက်ပေးစွန့်လွှတ်ခဲ့ ကြတဲ့ လူမှုဘဝနိုင်ငံရေးသမားတိုင်း ကောင်းရာဘုံဌာန ရှိရန်မလိုပါ။ ဆုတောင်းခြင်းနဲ့ အသက်ရှင်ခြင်းကိုလည်း မလိုပါ။ ပေးဆပ်မှုမဟုတ်တဲ့ စွန့်လွှတ် အနစ်နာခံမှုအတွက်နဲ့ ပေးခဲ့တဲ့အသက် ဖြစ်တာကြောင့် ကြီးကျယ်စွာ ချီးမွမ်းရန်လည်း မလိုပါ။ နောက်ဆုံး လူမှုဘဝ၊ လူမှုလောကအတွက်နဲ့သာ အသက်ကို စွန့်လွှတ်ပေးကမ်းရခြင်းဟာ လိုရာဆုထူး ရဖို့ပါပဲ။ မြင့်မြတ်သူတို့ရဲ့ တိုင်းပြည်၊ မြင့်မြတ်သူတို့ရဲ့ နှလုံးသား၊ မြင့်မြတ်သူတို့ရဲ့ရင်ခွင်ဟာ ဒီမြန်မာပြည်ပါပဲ ဆိုတာကို လူသားတိုင်း သိဖို့ကိုပဲ လိုချင်ပါတယ်။

အရှင်တို့ သိတဲ့ အသိဉာဏ်ဟာ လူတိုင်း ဆင်းရဲခြင်း လွတ်ကင်းဖို့အတွက်ပါ။ ဆင်းရဲခြင်းလွတ်ကင်းဖို့ မိမိကိုယ်မိမိ ပေးထားပါတယ်။ အရှင်တို့ရဲ့အသိဟာ မိမိကိုချစ်တဲ့သူနဲ့ မိမိကိုနစ်နာအောင် လုပ်တဲ့သူ၊ မိမိကို မကြိုက်တဲ့သူတွေ အားလုံးကို ခွဲခြားထားပြီး ဆောင် ရွက်လုပ်ကိုင်တဲ့နိုင်ငံရေး မဟုတ်ပါ။ တစ်လောကလုံးအတွက်ပါ။ အရှင်တို့ရဲ့နှလုံးသားဟာ သက်ရှိ၊ သက်မဲ့ ဖျက်ဆီးမှုနဲ့ ထိခိုက်နစ်နာမှု၊ ပြုမူမှုကို မလိုလားပါ။

          အရှင်တို့ဟာ – 
(၁) မကောင်းမှုကို ကောင်းမှုဖြင့်
(၂) နစ်နာမှုကို ချစ်ခင်ရင်းနှီးမှုဖြင့်
(၃) မုန်းတီးမှုကို ချစ်ခင်ကြင်နာမှုဖြင့်
(၄) ထိခိုက်နစ်နာမှုကို မေတ္တာထားမှုဖြင့် မြန်မာ့နိုင်ငံရေး အောင်မြင်မှု ကိုအန္တိမ အဖြစ် ထားရှိရန် ကြိုးစားအားထုတ်မယ်။
အရှင်တို့ရဲ့ မြန်မာ့နိုင်ငံရေးဟာ ဘယ်သတ္တဝါ အသက်ဇီဝကိုမှ နစ်နာထိခိုက်ဖျက်ဆီးမှု မရှိရပါ။ သူတော်ကောင်း အတွင်းစိတ်ဓာတ်နဲ့ မေတ္တာထားပြီး စစ်မှန်တဲ့ တိုင်းပြည်မြေနေရာပါ။

         အရှင်တို့ရဲ့စိတ်ဟာ တိမ်းစောင်းမှု လွယ်ကူပါတယ်။ လှုပ်ရှားပြောင်းလဲမှု မြန်ဆန် တယ်။ ဒါပေမဲ့ မိမိရဲ့ရည်ရွယ်ချက်ကိုတော့ မြန်မြန်ဆန်ဆန် . လုပ်ရအောင်လုပ်ပါ။ မိမိ ရယူလိုတဲ့အရာကို ဖိနှိပ်ပြီး မရယူပါ။ မတိုက်ယူပါ။ မူဘောင်ထားပြီး ရယူမယ်။ အများ ဒုက္ခလွတ်ကင်းလိုတဲ့ ဆန္ဒတစ်ခုတည်းနဲ့ပဲ တောင်းဆိုမှုတွေကို လုပ်မယ်။ မရတာကိုလည်း မတောင်းပါ။ ဥပမာ ဥပဒေကို ပြင်ဆင်ပေးဖို့၊ အုပ်ချုပ်မှုစနစ်ကို ပြောင်းလဲပေးဖို့အတွက်ပဲ။ များသောအားဖြင့် လူတွေရဲ့ စိတ်ဓာတ်ဟာ မကျေနပ်မှုနောက်ကို အမြဲတမ်း ရောက်တယ်။ ကလဲ့စားချေမယ်။ မကောင်းမှုနဲ့ တုံ့ပြန်မယ်၊ ကျေမယ်၊ ချေမယ်။ အရှင်တို့ရဲ့စိတ်ဟာ တရားခံကို ကြိုးစင်တင် ကွပ်မျက်ဖို့မဟုတ်။ အယူခံဝင်ခွင့် ပေးထားတဲ့ စိတ်မျိုးပါ။

                အရှင်တို့ဟာ –
 (၁) စည်းလုံးညီညွတ်မှုအမှန်တရားနဲ့
(၂) အကြမ်းမဖက်မှုတရားကို နားလည်ကြသူတွေပါ။ အသိဉာဏ်နိုးကြားတဲ့သူတွေ ပါ။ ဘယ်သူမှ ဟန့်တားနှောင့်ယှက်လို့ မရတဲ့ အရှင်တို့ရဲ့ဆန္ဒကို လွယ်ကူစွာ နောက်ဆုတ် ခြင်း မရှိပါ။ အချည်းနှီးမထားပါ။ လဲရင်လည်း ပြန်ထမယ့်သူတွေပါ။ အရှင်တို့ရဲ့ကိုယ်၊ အရှင်တို့ရဲ့စိတ်ကို ဆင်းရဲခြင်းရောက်အောင် ပြုတဲ့သူကို မလွတ်တမ်း အာရုံထားမှာပါ။ ဒုက္ခဆင်းရဲခြင်းကို ရှုလို့ အရှင်တို့ ဒုက္ခမရ မဖြစ်ပါ။ အေးချမ်းမှုသုခကိုရဖို့ ဆင်းရဲခြင်း အာရုံကို ရှုထားပါ။ လူသားတစ်ရပ်လုံးအတွက် နိုးကြားတဲ့ စိတ်ဓာတ်ပါ။

  –  ကိုယ်ကျိုးမဖက် စေတနာအပြည့်ရှိတဲ့စိတ် – နိုးကြားတဲ့စိတ်
 –   မေတ္တာစိတ်များ
–   တိုင်းပြည်လူမျိုးအပေါ်မှာ ထားနိုင်ကြပါစေ။

 အရှင်တို့ရဲ့ တိုင်းပြည်ဟာ
ပရိယာယ်ပါတဲ့ နိုင်ငံရေးနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည် မဟုတ်ပါ။ပရိယာယ်များတဲ့ ခေါင်းဆောင်ကိုလည်း မယုံကြည်ပါ။
ထိမ်ဝှက်ထားတဲ့ နိုင်ငံရေးအကြောင်းအရာတွေကိုလည် မယုံကြည်ပါအလွန်ဆိုးဝါးတဲ့သူကို နိုင်ငံ့ခေါင်းဆောင် မထားပါ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၁၁-၁၁၆၊ အဝိဟိံသာနိုင်ငံရေး (၇)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၆)

အများအကျိုးစီးပွားကို လုပ်သူသည် ငတ်မွတ်ခြင်းနှင့် ရင်ဆိုင်ကြရစမြဲ ဖြစ်၏။ ထိုသို့ ရင်ဆိုင်ရသောအချိန်၌ မိမိကိုယ်တိုင် စိတ်ဓာတ်မကျရန် လို၏။ နောက်မဆုတ်ရန် လို၏။ အားမလျှော့ရန် လို၏။ စိတ်ဓာတ်ကျ၊ ဆုတ်ခွာအားလျှော့မိလျှင် ကျဆုံးမှုဖြစ်မည်။ ဆက်၍သာ ကြိုးစားရမည်။

သုံးသပ်ဆင်ခြင်

အရှင်တို့ဟာ လွတ်လပ်မှုကို အားကိုးဖို့ အမှန်တရားကို ကျင့်ကြံစောင့်ထိန်းရမယ့် သူတွေပါ။ မိမိရဲ့တိုင်းပြည်ကို မိသားစုကြီးတစ်ခုလို ချစ်ရမယ်။ ပြည်သူလူထုကို လုပ်ကျွေး ပြုရမယ်။ အရှင်တို့တိုင်းပြည်ကို လွတ်လပ်ရေးရယူခဲ့စဉ်က ကိုယ်ထူးကိုယ်ချွန်ခဲ့ရတဲ့သူတွေ ပါ။ ဘယ်သူ့ကိုမှ အမှီမပြုပါ။ ကိုယ့်အားကိုယ်ကိုးခဲ့တဲ့ဘဝကို မမေ့သင့်ပါ။ အရှင်တို့ လက်ရှိဘဝကို သုံးသပ်ပါ။ အားရမှု၊ ရွှင်လန်းမှု၊ စိတ်ပျက်မှု၊ ဝမ်းသာဝမ်းမြောက်နဲ့ ဒုက္ခ ဆင်းရဲမှုတွေဖြစ်ရတာဟာ ဘယ်သူမဆို ခံစားရတာချည်းပါ။ဒီသဘောတရားဟာ ပြုခဲ့တဲ့ အကြောင်းကြောင့်ရတဲ့ အကျိုးတရားပါ။ အရှင်တို့ဟာ လူ့ဘဝကိုအခြေခံတဲ့ မှန်တဲ့အသိဉာဏ် ရှိပါတယ်။ အတွေးမှန်လည်း ရှိပါတယ်။ နက်ရှိုင်းတဲ့အသိပညာနဲ့ မိမိရဲ့တိုင်းပြည်ကို အလုပ် အကျွေးပြုဖို့ မိဘ၊ ဘိုးဘွားတွေက အဆုံးအမပေးခဲ့တယ်။ ချီးကျူးမှု၊ အားပေးမှုတွေ ပေးခဲ့တယ်။

အရှင်တို့ နေ့စဉ် မြင်တွေ့ခံစားနေရတဲ့ ဘဝဖြစ်စဉ်အခြေအနေဟာ ကြမ်းတမ်းတဲ့ ပုံတွေ အများကြီး တွေ့ရတယ်။ မုန်းတီးမှု၊ ပဋိပက္ခ၊ လူမျိုးအချင်းချင်း၊ လူမျိုးကြီးက လူမျိုးငယ်အပေါ် (လူများစုနဲ့ လူနည်းစုအချင်းချင်း) အနိုင်ကျင့်ခြင်း၊ နှိပ်စက်ခြင်း၊ ဖိနှိပ်ခြင်း၊ လုပ်ကြတာတွေဟာ နိုင်ငံရေးအရ အုပ်ချုပ်မှုစည်းမျဉ်းဥပဒေကြောင့်ပါလို့ မမြင်သင့်ပါ။

နေ့စဉ် စီးပွားရေး၊ လူမှုရေးနဲ့ ရောင်းဝယ်ရေးစနစ်တွေကိုလည်း သုံးသပ်ဆင်ခြင်သင့်ပါတယ်။ အရှင်တို့ကိုယ် အရှင်တို့ မသုံးသပ်နိုင်ရင် မျိုသိပ်ခံစားမှုတွေ မထားသင့်ပါ။ မျိုသိပ်ထားမှုတွေ ဟာ ခါးသီးတဲ့ ပေါက်ကွဲမှုတွေ ဖြစ်တတ်တယ်။ လူတွေရဲ့ ဖြစ်စဉ်အကြောင်းကို လေ့လာပါ။များသောအားဖြင့် မျိုသိပ်ထားမှုကြောင့် လှုပ်ရှားမှုတွေ တိုးလာတယ်။ ထိပါးမှုတွေ များလာတယ်။

မေတ္တာကျင့်ဝတ်တရားများ

လူမှုဘဝနိုင်ငံရေးဟာ အစဉ်အမြဲ လည်ပတ်နေပါတယ်။ ရပ်တန့်သွားခြင်း မရှိပါ။ ၂ရပ်တန့်သွားခြင်းမရှိတဲ့နိုင်ငံရေးကို အသိပညာနဲ့ လေ့လာရမယ်။ ဆည်းပူးရမယ်။ လူ့အဖွဲ့ အစည်းများ အသိပညာ ရှိရမယ်။ လိမ္မာရမယ်။ ကျွမ်းကျင်ရမယ်။ ဘယ်အရာမဆို တစ်ခုနဲ့ တစ်ခု အချင်းချင်း ဆက်စပ်မှုရှိနေတယ် ဆိုတာကို လက်ခံရမယ်။

အရှင်တို့ဟာ ဂေဟအဆက်အစပ် လုပ်ဆောင်မှုတွေ ရှိနေရမယ်။ တစ်ဦး တစ် ယောက်တည်း ရပ်တည်ရန်အတွက် အများနဲ့ ဆက်စပ်ရမယ်။ အရှင်တို့ရဲ့ စိတ်ထားကိုလည်း-

  • စွမ်းနိုင်အောင်
  •  ဖြောင့်မတ်အောင်
  •  အလွန်ဖြောင့်မတ်အောင်
  • ဆိုဆုံးမလွယ်ကူအောင်
  • နူးညံ့ပျော့ပျောင်းအောင်
  • မာန်ထောင်လွှားခြင်း မရှိအောင်
  • ရောင့်ရဲလွယ်ကူအောင်
  • ပြုစုမွေးမြူလွယ်ကူအောင်   (လွယ်ကူသူဖြစ်အောင်)
  • ကိစ္စနည်းပါးအောင်
  • ပေါ့ပါးဖျတ်လတ်ဖြစ်အောင် 
  • ငြိမ်ငြိမ်သက်သက်ရှိအောင်
  • ဆင်ခြင်ဉာဏ်များ ရင့်ကျက်အောင်
  • မကြမ်းတမ်း၊ မရိုင်းပျသူဖြစ်အောင်
  • မကပ်ငြိ၊ မတွယ်တာသူဖြစ်အောင်
  • ပညာရှိများ ပြစ်တင်ကဲ့ရဲ့ဖွယ်ဖြစ်စေမယ့် … အသေးအဖွဲ မကောင်းမှုတစ်ခုခုသော်မှ မပြုအောင် (အဘိဓမ္မာကျမ်းများမှ ညွှန်ကြားထားတဲ့) အခြေခံမေတ္တာကျင့်ဝတ်တရားများ လေ့ကျင့်ရမယ်။

ပဋိပက္ခစုံတဲ့တိုင်းပြည်

အရှင်တို့ရဲ့တိုင်းပြည်ရေးဟာ ပဋိပက္ခဖြစ်ပွားမှု အသက်ရင့်နေပါပြီ။ သက်ရင့်တဲ့ ပဋိပက္ခဟာ ကြမ်းတမ်းတဲ့ ပြဿနာတွေသာ မွေးထုတ်တယ်။ လူမျိုးရေးပဋိပက္ခ၊ နှိပ်စက် ၅ ရန်ပြုမှု ပဋိပက္ခ၊ အုပ်ချုပ်ရေးပဋိပက္ခ စတဲ့ ပဋိပက္ခစုံတဲ့ တိုင်းပြည်တစ်ပြည် ဖြစ်လာခဲ့ရ တာဟာ ဖန်တီးသူတွေရဲ့ စိတ်ကူးနောက်ကို လိုက်ပါဖြစ်ရတဲ့ နိုင်ငံရေးကြောင့်ပါ။ “ငါ လုပ်ရင်ဖြစ်တယ်” ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေကြောင့် (ထင်တိုင်းလုပ်တဲ့ အပြုအမူကြောင့်) မြန်မာ့လူမှုဘဝနိုင်ငံရေးဟာ မတည်ငြိမ်ဘဲ ဖြစ်ခဲ့ရတယ်။ ဒီလိုဖြစ်အောင် ဖန်တီးလိုစိတ် မရှိ (မပါ)ပေမယ့် ဖြစ်သွားခဲ့တဲ့ အဆိုးတရားတွေကြောင့် သမိုင်းမှာ ပြင်ဆင်လို့ မရတာတွေ ကျန်ရစ်ခဲ့တယ်။

ထာဝရအေးငြိမ်းရေးအတွက်

အရှင်တို့ဟာ အနာဂတ်ကို မျှော်လင့်မထားကြတဲ့သူတွေ မဟုတ်ပါ။ မျှော်လင့်ချက် ဆိုတာ လွယ်ကူစွာနဲ့ မစွန့်လွှတ်နိုင်ပါ။ မျှော်လင့်ချက်နဲ့ အားနည်းချက် တွေ့ရတာမျိုးဟာ ဘဝမှာ အရှုံးဆုံးပါပဲ။ အရှင်တို့ဘဝဟာ ခေတ္တမဟုတ်ပေမယ့် ထာဝရအေးငြိမ်းရေးအတွက် ကိုတော့ ရည်ရွယ်ချက်ထားပြီး မျှော်လင့်နေကြတယ်။ အားလုံးက လူသားတွေပါ။ ပျော်ပျော် ရွှင်ရွှင် ချမ်းချမ်းသာသာနဲ့ နေထိုင်လိုကြပါတယ်။ မျှော်လင့်သလို မဖြစ်လာတဲ့ကိစ္စများ မဖြစ်လိုကြပါ။ လူ့ရဲ့သဘောမှာ အပျက်အစီးမရှိတဲ့ ဝန်းကျင်ပဲ ဖြစ်ချင်ကြတယ်။ မြင်ချင်ကြ တယ်။ ငြင်းပယ်မှု၊ ထုတ်ပယ်မှုများကို မလိုချင်ကြပါ။

အုတ်မြစ်ကောင်း

ဘယ်မူ၊ ဘယ်ဝါဒ၊ ဘယ်သူတွေမဆို အပြုအမူ မကောင်းမှု ပါတတ်တယ်ဆိုတာ ကို နားလည်ထားရမယ်။ အဲဒီသဘောတရားဟာ မေ့ပစ်လို့ မရတဲ့ သတိပေးသဘောတရား ပဲ။ နိုင်ငံရေးဟာ စုံလင်တဲ့၊ အကြမ်း၊ အနုသဘောတရားတွေ ပါတယ်။ ရန်ငြိုးအာဃာတ ထားတဲ့ နိုင်ငံရေး၊ ပူးပေါင်းလုပ်ဆောင်တဲ့နိုင်ငံရေး၊ ဒဏ်ခတ်မှု အပြစ်ဖို့မှ မပါတဲ့နိုင်ငံရေး စတဲ့ နိုင်ငံရေးမှာ မြန်မာပြည်နိုင်ငံရေးဟာ အခက်ဆုံး အစမ်းသပ်ခံနိုင်ငံရေးမျိုးလို ဖြစ်နေ တယ်။ ရန်သူနောက်ကို လိုက်တဲ့သူဟာ တစ်နေ့နေ့မှာ ရန်သူစက်ကွင်းနဲ့ မလွတ်သလို စည်းစနစ် ယိုယွင်းပျက်စီးတဲ့နိုင်ငံရေးပုံစံ မဖြစ်အောင် မြန်မာ့နိုင်ငံရေးကို အုတ်မြစ်ကောင်း တည်ထားပေးနိုင်ရမယ်။

လေ့လာသုံးသပ်ဖို့လို

မြန်မာပြည်မှာ စေ့စပ်လို့ မရတဲ့ နိုင်ငံရေး မရှိပါ။ မကောင်းဆိုးဝါးလုပ်နေတဲ့ နိုင်ငံရေးလည်း မရှိပါ။ အဆိုးအပြစ်တွေကို ဝေဖန်သုံးသပ် ပိုင်းခြားတတ်တဲ့ နိုင်ငံရေး ဖြစ်အောင် မြန်မာနိုင်ငံရေးလောကကို ဖန်တီးပေးနိုင်ရမယ်။ ကောင်းတဲ့နိုင်ငံရေးကို- ဖန်တီး ပေးတဲ့ အချိန်မှာ လှည့်စားမှုများခံရတတ်တယ်။ လှည့်စားမှုများတဲ့ နိုင်ငံရေးဟာ ယုတ်မာ မှုတွေ ဖြစ်တတ်တယ်။ ယုတ်မာမှုမရှိတဲ့ နိုင်ငံရေးသာ တရားမှန်ဘက်ကို ရပ်တည်တယ်။ အထူးသဖြင့် ယုတ်မာမှုအချင်းချင်း ထောက်ပံ့ကူညီတဲ့နိုင်ငံရေး ဖြစ်လာရင် အဲဒီဖြစ်စဉ် အတိုင်း ရပ်တည်တဲ့နိုင်ငံရေးအားလုံးက တည်မြဲတယ် မရှိပါ။ တည်မြဲသန့်ရှင်းမှု မရှိတဲ့ နိုင်ငံရေးဟာ ယုတ်မာရေးပဲ အကျိုးပေးသွားကြတယ်။

ဒီနေရာမှာ နိုင်ငံရေးမြင်ကွင်းသဘောတရားတစ်မျိုး ဆွေးနွေးလိုပါတယ်။ မကောင်း ဆိုးဝါးကို ကျူးလွန်တဲ့နိုင်ငံရေးကို ဘယ်သူမှ မထောက်ခံပါ။ (အားမပေးပါ။) ဦးဆောင်သူက အာဏာ အပြည့်အဝ အားစိုက်ထည့်ရင် အားစိုက်တဲ့သူကို ရန်ငြိုး(အာဃာတ) မထားဖို့ လိုတယ်။ သူ့ရဲ့လုပ်ငန်းကိုလည်း ဝိရောဓိ (ဆန့်ကျင်ဘက်) မလုပ်ဖို့လိုတယ်။ နောက်ဆုံး ချစ်ခင်မှုတရားမပါတဲ့ အဲဒီနိုင်ငံရေးဟာ သူ့အလိုလို အားကုန်ပြီး ရုပ်သိမ်းသွားမယ် ဆိုတာ နားလည်စေချင်တယ်။ လုပ်နေရင်းနဲ့ ရုပ်သိမ်းရတဲ့ နိုင်ငံရေးဟာ ရည်ရွယ်ချက်မပါတဲ့ နိုင်ငံရေးပါ။ ခေါင်းဆောင်မှု မပါတဲ့ နိုင်ငံရေးပါပဲ။ အဲဒီလို နိုင်ငံရေးမျိုး မြန်မာပြည်မှာ ရှိခဲ့ဖူးပြီလား ဆိုတာ လေ့လာသုံးသပ်ဖို့ လိုပါတယ်။

ကံမြောက်တဲ့နိုင်ငံရေး

လူတွေဟာ နိုင်ငံရေးဘုံသားအဖြစ် နေကြတာကို ကိုယ်တိုင်မသိကြပါ။ အခက်ဆုံး စမ်းသပ်မှုပါတဲ့ နိုင်ငံရေးကိုလည်း နားမလည်ကြပါ။ ပြောင်းလဲလာတဲ့ နိုင်ငံရေးစည်းစနစ် ကိုလည်း အများအပြား နားမလည်နိုင်ကြသေးပါ။ ယိုယွင်းပျက်စီးသွားကြတဲ့ လူမှုကမ္ဘာကို နိုင်ငံရေးရဲ့ စနစ်အောက်ကိုတော့ တဖြည်းဖြည်း ရောက်သွားကြပြီ ဆိုတာကို သိနေကြပါပြီ။ အနှစ်အဖြစ် လိုက်နာကျင့်ကြံမှုရှိတဲ့ နိုင်ငံရေးကို မြန်မာပြည်မှာ ထွန်းကားအောင် လုပ်ပေး ရမယ်။ တည်ထောင်ပေးရမယ်။

အရှင်တို့ မြန်မာပြည်ဟာ အောက်ဘက်ကို စီးဆင်းတဲ့ရေနဲ့ တူတဲ့ နိုင်ငံရေး ရှိနေတယ်။ ထွက်ပေါက်ရတဲ့ရေမို့ အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေကြတယ်။ တကယ်တော့ အဲဒီဥပမာနဲ့တူတဲ့ နိုင်ငံရေးမျိုးလို မြန်မာပြည်မှာ မရှိအောင် ဝိုင်းဝန်းကူညီကြရမယ်။ နိုင်ငံရေးဆိုတာ အရည်အသွေးအဆုံးအစ မမြင်နိုင်ပါ။ မတည်ငြိမ်တဲ့နိုင်ငံရေးကို လှည့်စားမှ ပရိယာယ်များတယ်။ လှည့်စားမှုပါတဲ့နိုင်ငံရေးအားလုံး ကံမြောက်တဲ့ နိုင်ငံရေးတွေချည်းပါပဲ။

လူထုတွေ ရွေးချယ်

ဦးဆောင်တဲ့ (နိုင်ငံရေးသမား) သူဟာ ကံကို မကျူးလွန်ပါဘူးလို့ ယုံလို့မရပါ။ ပြည့်စုံတဲ့ ခံယူမှုမရှိတဲ့သူဟာ ဓားမိုးအုပ်စိုးတဲ့ မင်းစိုးရာဇာတွေရဲ့ဘက်ကို အားပေးတတ် တယ်။ မတရားမှုတွေ၊ အနိုင်ကျင့်မှုတွေ၊ ဖိနှိပ်မှုတွေ လုပ်ရဲတယ်။ ကိုင်ရဲတယ်။ ရတဲ့ အခွင့်အရေးတွေကို မကောင်းမှုနဲ့ အသုံးချရဲတယ်။ ဒီအကြောင်းကို ရင်ဆိုင်နေကြရမယ့် ပြည်သူတွေများရှိရင် ဦးဆောင်တဲ့ ခေါင်းဆောင်ဟာ ပြောင်းလဲနိုင်တဲ့ ပြောင်းလဲချက်ကို အတိအကျ စွမ်းပကား ရှိရမယ်။ အမြင်သစ်တွေ၊ ကြိုးစားအားထုတ်မှုသစ်တွေ နားလည်ရှ မယ်။ ဖျက်ဆီးတဲ့သူတွေက သွယ်ဝိုက်တဲ့နည်းတွေနဲ့ လုပ်နေကြမှာပါပဲ။ သွယ်ဝိုက်မှုအမျိုးမျိုး ထိုးနှက်တဲ့ နိုင်ငံရေးကိစ္စမျိုးကို သိမ်းပိုက်မှု မပြုနိုင်အောင် ဖြစ်ရိုးဖြစ်စဉ်များ ရပ်စဲပစ်ဖို့ ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်တဲ့ နိုင်ငံရေးစကားလုံးကို လူထုထဲရောက်အောင် ပေးပို့နိုင်ရမယ်။ အဲဒီခေါင်းဆောင်ကိုသာ လူထုတွေ ရွေးချယ်ကြရမယ်။

ပရမတ်လူသား

လူ့အဖွဲ့အစည်းသမိုင်းမှာ မိသားစုသမိုင်း၊ နိုင်ငံရေးသမိုင်း၊ နိုင်ငံတကာသမိုင်း စတဲ့ သမိုင်းတင်ပြီး အဆင့်ဆင့် ရှိခဲ့တယ်။ ဒီလို လူ့သမိုင်းအကြောင်းကို အဆင့်ဆင့် မှတ်တမ်းတင်လာနိုင်ခဲ့တာဟာ တိုင်းပြည်ကို ဦးဆောင်တဲ့သူက တော်လို့ပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်သူတို့ရဲ့ အရည်အသွေး (အရည်အချင်း)ဟာ ပြည့်စုံခြင်းမရှိနိုင်ဟု ဆိုပေမယ့် စွမ်းအားပြည့်ဝမှုတော့ ရှိကြတယ်။ ခေါင်းဆောင်သူဟာ အရာရာတိုင်းကို စွန့်ရဲသူများ ဖြစ်တာကြောင့် ပရမတ်လူသားတွေများ ဖြစ်ကြတယ်။)လူတကာတွေအတွက် အသက်ကို သံသရာအဆက်ဆက် ဝတ်မပျက်တမ်း ပေးနိုင်သူရဲ့ဘဝကို ချစ်ခြင်း၊ မုန်းခြင်းနဲ့ ပြည်သူများ အတွက် ဇီဝိတပရိစ္စာဂ (အသက်ကို စွန့်ခြင်း) ပြုတယ်။ အဲဒီအလုပ်ဟာ မြင့်မြတ်သူတို့က ရွေးယူတဲ့အလုပ် ဖြစ်တယ်။ မြင့်မြတ်သူကသာ ပေးဆက်နိုင်ကြတယ်။ 

လူသားတွေရဲ့ ဇာတိအိမ်

မိသားတစ်စု အဆင့်ဆင့် တိုးတက်အောင် တည်ဆောက်နိုင်ဖို့ဟာ မေတ္တာတရားပဲ ရှိပါတယ်။ မေတ္တာတရားဟာ လူ့အရည်အချင်းဂုဏ်ကို မွေးထုတ်တယ်။ လူ့ဘဝတန်ဖိုးကို နားလည်နိုင်တဲ့ အသိစိတ်ဓာတ်ဟာ မေတ္တာတရားပါပဲ။ လူမှုဘဝလောကကို လေ့လာပါ။ ပျော်ရွှင်ချမ်းသာမှုများ ရလာကြပြီဆိုရင် အသိစိတ်ဓာတ်ထားနိုင်တဲ့ အသိပညာများ ရလာပြီလို့ သိနိုင်တယ်။ ပျော်ရွှင်မှုအစစ်အမှန်မျိုး ဖြစ်လာပြီဆိုရင် အေးချမ်းမှု၊ ချမ်းသာမှုများ တစ်ကမ္ဘာ လုံး လွှမ်းခြုံသွားမှာပါပဲ။ လောကမှာ ဘယ်သူမဆို ချစ်ခင်ကြင်နာမှုတရားကို လိုချင်ကြတာ

ချည်းပါပဲ။ လူတွေဟာ တူညီတည်ရှိတဲ့ မေတ္တာတရားရှိဖို့ အမျှဝေငှမှု ရှိကြရမယ်။ ဘဝချင်း တူညီနေခြင်း ဖြစ်လာအောင် ကြိုးစားရမယ်။ တူညီခြင်းဘဝကြောင့် နိုင်ငံရေးပထဝီ ဂြိုဟ်ငယ်တစ်ခု ဖြစ်လာမယ်။ တခြားသီးခြားဂြိုဟ်ငယ်က မဟုတ်တဲ့ ဒီဂြိုဟ် (ဂေဟသိတ) လေးရဲ့ တန်ခိုးဂုဏ်ကြောင့် လူသားတွေရဲ့ ဇာတိအိမ်ဟာ တစ်ခုတည်းနဲ့ လောကလူ့ရွာကို တည်ဆောက်နိုင်ကြတယ်။ “ကမ္ဘာတစ်ခု မိသားစုတစ်စု” ဆိုတာ ဒီသဘောတရားပါပဲ။

အရှင်တို့ဟာ ပွင့်လင်းနွေးထွေးတဲ့ နှလုံးသားကို ဘာကြောင့် မမွေးထားနိုင်ကြပါ သလဲ။ ဘာကြောင့် မုန်းစိတ်တွေ များများစားစား ထားနိုင်ကြသလဲ။ လူ့ဇာတိကို ဘာကြောင့် တစ်ခုတည်း မထားနိုင်ကြပါသလဲ။ တကယ်တော့ ယနေ့ကမ္ဘာမှာ ပွင့်လင်းနွေးထွေးနေတဲ့ နှလုံးသားတွေ ထားသင့်တဲ့အချိန်အခါ ရောက်ပြီ မဟုတ်လား။ လူနေမှုကမ္ဘာမှာ ကျင့်ဝတ် ဆိုင်ရာ၊ သန့်စင်မွန်မြတ်မှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာတာဝန်တော့ မထားသင့်တော့ပါ။ လူသားအားလုံးရဲ့ ရှင်သန်နေထိုင်မှုဆိုင်ရာတာဝန်ကို ဖြစ်လာသင့်ပြီလို့ ထင်ပါတယ်။ 

အလုပ်မဖြစ်တဲ့ ရက်တိုအကျိုးစီးပွားကို ရှောင်ရှားနိုင်ပါစေ။
မိသားတစ်စု အဆင့်ဆင့် တိုးတက်အောင် တည်ဆောက်နိုင်ဖို့ဟာ မေတ္တာတရားပဲ ရှိပါတယ်။ 
မေတ္တာတရားဟာ လူ့အရည်အချင်းဂုဏ်ကို မွေးထုတ်တယ်။ 
လူ့ဘဝတန်ဖိုးကို နားလည်နိုင်တဲ့ အသိစိတ်ဓာတ်ဟာ မေတ္တာတရားပါပဲ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၀၅-၁၁၀၊ အဝိဟိံသာနိုင်ငံရေး (၆)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

အဝိဟိံသာနိုင်ငံရေး (၅) – မဟာပညာ (mahar.asia)

အဝိဟိံသာနိုင်ငံရေး (၇) – မဟာပညာ (mahar.asia)

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း

။ အဓိဋ္ဌာန်ပါရမီ ။

။ အဓိဋ္ဌာန်ပါရမီ ။
~~~~~~~~~~~~~
။ အဓိဋ္ဌာန( ပါဠိဘာသာစကား)= ဆုံးဖြတ်ချက်၊ပြုလုပ်မှု၊ဆောက်တည်မှု၊အကြောင်း၏တည်ရာ, လို့ မြန်မာဘာသာဖြင့်ပြန်ဖွင့်ဆိုနိုင်ပါတယ်။ (တစ်နည်း)စိတ်ပဋိညာဉ် မရွှေ့ပြောင်းခြင်းသည် အဓိဋ္ဌာန်ပါရမီဖြစ်သည်။( လယ်တီဆရာတော်)

အဓိဋ္ဌာနပါရမီသည်

= မယိုင်မလဲ ကြံ့ခိုင်ခြင်းလက္ခဏာရှိ၏။
= ဆန့်ကျင်ဘက်ကို ပယ်ရှားခြင်ကိစ္စရှိ၏။
= မတုန်မလှုပ် တည်မြဲ၏။
= ခိုင်မာ၏။
= ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်၏။
= အရာအားလုံး( ပါရမီအားလုံး)ကို အားဖြည့်ပေး၏။
= ပံ့ပိုးပေး၏။

စိတ်ဓာတ်

။ မည်သူမဆို မိမိ၏
ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို
ကျော်လွှားနိုင်ရမည်။
ရည်ရွယ်ချက်ကို
ဖြောင့်မတ်ရမည်။
ဖြောင့်တန်းရမည်။
စိတ်ဓာတ်ဖြူစင်ရမည်။
ဗီဇကောင်းရမည်။
မတရားခြင်းမပြုဟု
စိတ်ဓာတ်ခိုင်ရမည်။
စိတ်ဓာတ်မခိုင်လျှင်
ဆုံးဖြတ်ချက်ပျော့မည်။
ဆုံးဖြတ်ချက်ပျော့လျှင်
အဓိဋ္ဌာန်ပါရမီပျက်မည်။

အဓိဋ္ဌာန်သုံးမျိုး

။ အဓိဋ္ဌာန်သုံးမျိုးရှိသည်
(၁) ပုဗ္ဗနိမိတ္တအဓိဋ္ဌာန်
( ရှေးဦးနိမိတ်ပြရန် စိတ်ဆောက်တည်ခြင်း။)
(၂) အာသီသအဓိဋ္ဌာန်
( လိုလားသောအကြောင်းအရာအတွက် စိတ်ဆောက်တည်ခြင်း။)
(၃) ဝတအဓိဋ္ဌာန်
(ကျင့်ဝတ်တရားကိုကျင့်ကြံရန် စိတ်ဆောက်တည်ခြင်း။)
သုံးမျိုးရှိသည်။

မြင့်မြတ်သူများအဓိဋ္ဌာန်

။ မြင့်မြတ်သူတို့သည်
မိမိကိုယ်ခန္ဓာကို
အစွဲမထား။
အလိုရှိသူဟူသမျှ
မတုန်မလှုပ်
စွန့်လွှတ်လှူဒါန်း၏။
မြတ်သောအကျင့်တရားများကို
အပျက်မခံဘဲ
မိမိ၏အသက်ခန္ဓာကို
အလိုရှိသူဟူသမျှ
မတုန်မလှုပ်
စွန့်လွှတ်၏။
မြင့်မြတ်သူတို့၏
နှလုံးသားမှမြင်ရသော
အဓိဋ္ဌာန်ချက်သည်
လေးမြတ်ကြည်ညို၍
မဆုံးဖြစ်၏။

တိုက်တွန်း

။ ဤအရှင်သည်
အဓိဋ္ဌာန်နှင့်ပတ်သက်၍
ငယ်ရွယ်သောကာက
တောရဆောက်တည်လျက်
ဈာနအဓိဋ္ဌာန်အနေဖြင့်
ဆောက်တည်ပွားများခဲ့ဖူးပါသည်။
ဘဝအတွက်ကျေးဇူးများသော
ပါရမီဖြစ်သည်ကြောင့်
တစ်နည်း
အထောက်အပံ့
အားကောင်းသည်ကြောင့်
(မလိုချင်လေရလေ)
ဟူသောအရာသည်
မည်သည့်လုပ်ငန်းစဉ်များ
ဖြစ်သည်ကို
အဓိဋ္ဌာန်ဖြင့်နေသောသူသည်သာ
သိမြင်နိုင်ကြသည်။
ထို့ကြောင့်
လုပ်ငန်းတိုင်းအောင်
လုပ်မြဲတိုင်းပြီး
အကျိုးစီးပွားဖြစ်ထွန်း
အားထုတ်တိုင်းရ
ဟူသောပါရမီကို
မိမိ၏ဘဝပါရမီကို
လိုလားနှစ်သက်မြတ်နိုးသူများ
ပွားများအားထုတ်သင့်ပါသည်ဟူ၍
အာသီသဆန္ဒပေးပါသည်။

တောမှီရဟန်း
( ၁၅.၈.၂၀၂၄) ရက်နေ့။

( ဒါယိကာမ ဒေါ်စင်မြတ်မွန်( အိသျှန်)၏ ဓမ္မပရိသတ်များသို့ ရည်ညွှန်းပြုပါသည်။)

Loading

Categories
စာအုပ်ကောက်နုတ်ချက်များ တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ နိုင်ငံရေး

လူသားအားလုံးတို့ရဲ့ ရန်သူ

လူ့ဘုံလောကမှာ လူသားအားလုံးတို့ရဲ့ ရန်သူဟာ အကြမ်းဖက်ခြင်းတရား၊ သို့မဟုတ် ဒေါသဖြစ်ပါတယ်။ ဒေါသဟာ အမျက်ကို မဖျက်ဆီးနိုင်တာကြောင့် ကြောက်မယ် ဖွယ် ရက်စက်ကြမ်းကြုတ်မှုတွေ များစွာပေါ်ပေါက်လာတယ်။ လွန်ကျူးမှုလည်း ရေတွက်လို့ မကုန်နိုင်အောင် ဖြစ်ပျက်တယ်။

လူတွေဟာ
(၁) လက်နက်ပြိုင်ဆိုင်မှု၊
(၂) အာဏာပြိုင်ဆိုင်မှုများ မက်မက်မောမော ဖြစ်နေကြတယ်။ 

နယ်မဲ့၊ အတားအဆီးမဲ့၊ တရားမဲ့အောင် ပြုမူလုပ်နေကြတယ်။ လက်နက်၊ စည်းစိမ်အင်အားတွေ သုံးပြီး အကျင့်ကောင်း၊ အကျင့်မြတ် လမ်းစဉ်၊ သို့မဟုတ် မိဘ ဘိုးဘွားအဆုံးအမ အသွန်အသင် ပေးထားခဲ့တဲ့ ဓလေ့ထုံးစံတရားများကို ကျောခိုင်းပြီး ထင်ရာစိုင်း မိုက်ကြတယ်။ စရိုက်ချင်းတူ၊ ဝါသနာချင်းတူကြသူတွေက အကြမ်းဖက်တဲ့ လုပ်ကွက်တွေ အုပ်စုဖွဲ့ပြီး သတ္တဝါအမျိုးမျိုး သေကျေတဲ့ ကွန်ရက်တွေ ဆက်စပ်ပူးပေါင်း ကြတယ်။ ရက်စက်တဲ့လုပ်ကွက်ကို လက်ရဲ၊ ဇက်ရဲအောင် လှုံ့ဆော်ပြီး အပြစ်ရှိတဲ့ အတတ်ကိုပါ သင်ကြားပေးခဲ့တယ်။ ဒီအကုသိုလ်ကွန်ရက်ထဲကို ရောက်သွားတဲ့ နိုင်ငံရေးအစုအဖွဲ့တွေ အားလုံး စုဖွဲ့ပြီး သင်တန်းတွေပေးကြတယ်။ သင်တန်းတွေ ယူကြတယ်။ ဒီအချက်ကို မြန်မာ့နိုင်ငံရေးလောကသားများ လေးနက်စွာ သိထားဖို့ လိုပါတယ်။

တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၄၅-၁၄၆၊ အဝိဟိံသာနိုင်ငံရေး (၁၃)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
စာအုပ်ကောက်နုတ်ချက်များ တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ နိုင်ငံရေး

ဖြူစင်မြင့်မြတ်တဲ့ ရည်ရွယ်ချက်

လူကျင့်ဝတ်တရားအရ ပြောင်းလဲခြင်းသဘောကို လိုလားကြတယ်။ လူသိက္ခာတရားအရ မတွေဝေအောင် နေကြတယ်။ ထိန်းကြတယ်။ ပြောင်းလဲတဲ့သဘောနဲ့ ကြုံလာတဲ့အခါ မကျေနပ်တာ၊ ညဥ်းတွားတာ၊ စိုးရိမ်တာ၊ ဝမ်းနည်းပူဆွေးဖြစ်ကြရတာဟာ ဓမ္မတာပါ။ သို့သော် ပြောင်းလဲခြင်းနဲ့ ချမ်းသာမှုကို ခံစားနေလိုသမျှတော့ ရတဲ့ ချမ်းသာခြင်းဟာ စစ်မှန်တဲ့ ချမ်းသာမှု မဖြစ်နိုင်ပါ။ ချမ်းသာမှုမဖြစ်ရင် (မရရင်) ဆန့်ကျင်ဘက် တရားသဘောကတော့ ဖြစ်ပေါ်လာနေမှာပါပဲ။ 

နိုင်ငံရေးပြုမှုအားထုတ်ခြင်းဟာ – 

(၁) ဖြူစင်မြင့်မြတ်သည့် ရည်ရွယ်ချက် 
(၂) အပြစ်သက်ရောက်မှု ရည်ရွယ်ချက် 
(၃) ကောင်းကျိုးများကို ပေးသော ရည်ရွယ်ချက် ထားရမယ်။ 

ဝမ်းမြောက်ဝမ်းသာ ဉာဏ်နဲ့ယှဉ်တဲ့၊ မတိုက်တွန်းရဘဲ ထက်သန်မှုရှိတဲ့စိတ်နဲ့ နိုင်ငံရေးကို လုပ်ရင် ဖြူစင်မြင့်မြတ်တဲ့ ရည်ရွယ်ချက်ကို ဖော်ပြနေတယ်။ အဲဒီရည်ရွယ်ချက်နဲ့ နိုင်ငံအကျိုး၊ ပြည်အကျိုးတွေကို ရွက်ဆောင်ပါက အစွန်းရောက်တဲ့အလုပ် မဖြစ်နိုင်ပါ။ မကြိုက်တဲ့သူက ဆိုလို့ ပြောလို့သာ ဖြစ်နေကြတာ ဖြစ်ပါတယ်။ 

အဲဒီလို လုပ်နည်းလုပ်လုပ်ဟန် မမှန်တဲ့ နိုင်ငံရေးနည်းလမ်းတွေကြောင့် (အက်ကြောင်းပေါ်အောင်) (ပဋိပက္ခဖြစ်အောင်) လူထုအချင်းချင်း ပြဿနာ၊ သင်းဖွဲ့အချင်းချင်း ပြဿနာ၊ လူတန်းစားအချင်းချင်း ပြဿနာတွေ ထလာတယ်။ တစ်ဖက်သူတို့ရဲ့ အပြစ်အနာအဆာတွေကို ပြတယ်။ ထုတ်ပြတယ်။ ဟုတ် မဟုတ်၊ မှန် မမှန် ဦးသူစနစ်နဲ့ လူထုဆက်သွယ်မှု နည်းပညာ(မီဒီယာ)နဲ့ လိုသလို (ကြိုက်သလို) ထုတ်ပြောတယ်။ အတင်းအဖျင်းတွေ ပြောတယ်။ မကောင်းသတင်း ကျော်အောင် ပြောတယ်။ ရစရာမရှိအောင် ဝေဖန်တယ်။ ဒီလိုနည်းလမ်းတွေ သုံးတဲ့ နိုင်ငံရေးဟာ လူထုကို လိမ်ညာတာပါပဲ။ လူထုကိုလိမ်တဲ့ နိုင်ငံရေးစနစ်ဟာ နောက်ဆုံး လူထုကပဲ အမှိုက်ပြန်ကျုံးရတယ်။ 

တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၁၉၊ အဝိဟိံသာနိုင်ငံရေး (၈)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
ကရင်လူမျိုး တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ ဘာသာဗေဒ ဝါစဿရဗေဒ (စကားသံလေ့လာမှုပညာရပ်)

အရှေ့ပိုးကရင်ဘာသာစကား၏ စကားသံဖွဲ့ပုံ

အရှင်ပညာသာမိ၏ “မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဥ်ကျေးမှုဓလေ့ထုံးစံနှင့် စာပေ၊ စာမျက်နှာ ၉၈-၁၀၀၊ အခန်း (၄) အရှေ့ပိုးကရင်လူမျိုးတို့၏ စာပေအက္ခရာများ၊ ၄(က)။ ပိုးကရင်စာပေသမိုင်း” မှပြန်လည်ရေးသားဖော်ပြခြင်းဖြစ်သည်။

ကရင်ဘာသာစကား၌ အသံအနိမ့်၊ အလတ်၊ အမြင့်ဟူ၍ ရှိသည်။ စာရေးရာ၌ အသံအလေးညွှန်းရန် ပျူ၊ မြန်မာ၊ မွန်များကဲ့သို့ပင် အစက်ဗိန္ဒုလုံးကလေးများကို အသုံးပြုကြသည်။

ရှိုပိုးကရင်တို့၏ စကားတွင် အသံအနိမ့်အမြင့်ကိုလိုက်၍ စကားလုံး အဓိပ္ပာယ် ပြောင်းလဲသွားတတ်သည်။ ပုံစံအားဖြင့် ‘အ’ သရ၏ အုပ်စုကို ပြောင်းလဲတတ်သော အသံအနိမ့်အမြင့်ကို စိစစ်လျှင် အာ၊ အာ့၊ အာႋ၊ အး ဟူ၍ အသံပြောင်းလေးမျိုးကို တွေ့နိုင်သည်။ အာမှာ မြန်မာအသံထွက် အာနှင့်တူသည်။ အာ့မှာ မြန်မာအသံထွက် အာ့နှင့် တူသည်။ အာႋမှာ ထူးခြားသည်။ ယင်းအသံထွက်မှာ မြန်မာအသံထွက် အာနှင့် အား ဟူသော အသံတို့ ကြားတွင်ရှိသော အသံတစ်သံ ဖြစ်သည်။ ယင်းအသံမှာ မြန်မာတွင် မရှိပေ။ အး မှာ မြန်မာအသံထွက် အားနှင့် တူသည်။

အသံအလေးအပေါ့ပြောင်းသဖြင့် ဖော်ပြပါအတိုင်း စကားလုံး အဓိပ္ပာယ်ပြောင်းလဲသွားသည် –

ပိုးကရင်အသံထွက်သံမြန်မာအသံထွက်
ဏာ (အာသရ)ငှက်ကြီးတောင်ဓား၊ သန်လျက်ဓားရှည်
ဏာ့ (အာ့သရ) နှာခေါင်း
ဏာႋ (အာႋသရ) နားရွက်
ဏး (အားသရ) ရေတွက်သည်
ဆာ (အာသရ) ပိုက်ကွန်
ဆာ့ (အာ့သရ) နာသည်
ဆာႋ (အာႋသရ)ပြောသည်
ဆး (အားသရ) အစားအစာ

ဤသို့ ဖော်ပြချက်မှာ အာသရ၏ ပြောင်းလဲချက်အချို့ပင် ဖြစ်သည်။ ‘အူ’ သရအသံ အုပ်စုပြောင်းလဲချက်များလည်း ရှိသည်။ ယင်း အူသရအသံ အုပ်စုမှာလည်း အစက်-ဗိန္ဒုလုံးများကို သုံးခြင်းဖြင့် ဖြစ်ပေါ်လာသော အသံအနိမ့်အမြင့်အရ အဓိပ္ပာယ် ပြောင်းလဲသွားသည်ကို တွေ့မြင်ရသည်။

အူ-အူ့-အူႋ-အူး ဟူသော အူးသရ အုပ်စုတွင် အူမှာ မြန်မာအသံထွက် အူနှင့် ဆင်တူသည်။

အူ မှာမြန်မာအသံထွက် အူနှင့် ဆင်သည်။

အူ့ မှာ မြန်မာအသံထွက် အူ့နှင့် ဆင်သည်။

အူႋ မှာ မြန်မာအသံထွက် ‘အူ’ နှင့် ‘အူး’ တို့၏အကြားတွင်ဖြစ်သော ကြားသံဖြစ်သည်။

အူး မှာ မြန်မာအသံထွက် အူးနှင့် ဆင်သည်။

ဤ အူ သရအုပ်စုတွင် အစက် ဗိန္ဒုကို သုံးသဖြင့် ဖြစ်ပေါ်လာသော အသံ အနိမ့်၊ အမြင့်၊ အလေး၊ အပေါ့ကြောင့် စကားလုံးတစ်လုံး၏ အဓိပ္ပာယ်မှာ ဖော်ပြပါအတိုင်း ပြောင်းလဲသွားသည် –

ပိုးကရင်အသံထွက်မြန်မာအဓိပ္ပာယ်
ဆူ (အူသရ)ဆိုင်ဆူခေါ်သော ဒိုင်းအကတစ်မျိုး
ဆူ့ (အူ့သရ) ရေလောင်းသည်။ စာရေးသည်။
ဆူႋ (အူႋသရ) ရေတိမ်သည်။
ဆူး (အူးသရ)ဆူးပင်မှ ဆူးများ

အလားတူပင် အခြားသရအုပ်စုများသည်လည်း အသံ အလေး အပေါ့ကိုလိုက်၍ အဓိပ္ပာယ်ပြောင်းလဲချက်ရှိသည်။

ရှင်းလင်းချက်

၁။ ဆး ကို အဆး ဟူ၍လည်း ခေါ်သည်။

အရှေ့ပိုးကရင်ဘာသာစကားနှင့် ပတ်သက်သည့်ဆောင်းပါးများ

အရှေ့ပိုးကရင်လူမျိုး သုံးစွဲပြောဆိုသော ဘာသာစကား၏ ဝါကျတည်ဆောက်ဖွဲ့စည်းပုံ – မဟာပညာ (mahar.asia)

Loading

Categories
ကရင်လူမျိုး စာအုပ်ကောက်နုတ်ချက်များ တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ ဘာသာဗေဒ

အရှေ့ပိုးကရင်လူမျိုး သုံးစွဲပြောဆိုသော ဘာသာစကား၏ ဝါကျတည်ဆောက်ဖွဲ့စည်းပုံ

အရှင်ပညာသာမိ၏ “ မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဥ်ကျေးမှုဓလေ့ထုံးစံနှင့် စာပေ၊ စာမျက်နှာ ၉၇-၉၈၊ အခန်း (၄) အရှေ့ပိုးကရင်လူမျိုးတို့၏ စာပေအက္ခရာများ၊ ၄(က)။ ပိုးကရင်စာပေသမိုင်း” မှပြန်လည်ရေးသားဖော်ပြခြင်းဖြစ်သည်။

ကရင်လူမျိုးအတွင်း၌ မျိုးနွယ်စုများ များစွာရှိသည်။ ကရင်မျိုးနွယ်စုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း အမျိုးမျိုးခွဲခြားဖော်ပြမှုများ ရှိကြသည်။ သို့သော် ၁၉၆၅ ခုနှစ်၊ (၁၈) ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် လမ်းစဥ်ပါတီ တိုင်းကြီးကြပ်ရေးကော်မတီ တိုင်းခွဲ (၁၀) ကော်သူးလေနယ်မှ တင်ပြသော “ တိုင်းရင်းသား ကရင်လူမျိုးများအကြောင်း” စာတမ်းတွင် ကရင်မျိုးနွယ်စုများကို (၁၁) မျိုး ခွဲခြားဖော်ပြသည်။ ၎င်းတို့မှာ စကောကရင်၊ ပိုးကရင်၊ ပကူးကရင်၊ ဘွဲကရင်၊ မော်နေပွာ ခေါ်သော ပကူးကရင်အနွယ်ဝင်၊ သလယ်ပွာဟုခေါ်သော ပကူးအနွယ်ဝင်၊ ကယ်ခိုဟုခေါ်သော ပကူးအနွယ်၊ ကယ်ဘားဟုခေါ်သော ဘွဲကရင်အနွယ်ဝင်၊ ပလေချီးဟုခေါ်သော ဘွဲကရင်အနွယ်ဝင်၊ မိုးပွားနှင့် ကရင်ဖြူတို့ ဖြစ်သည်။

ကရင်လူမျိုး သုံးစွဲပြောဆိုသော ဘာသာစကား၏ ဝါကျတည်ဆောက် ဖွဲ့စည်းပုံ မြန်မာဘာသာစကား ပြောဆိုရေးသားရာတွင် အသုံးပြုသော ပုံစံနှင့် ကွာခြားသည်။
ဥပမာ –

“ ဘကြီးသည် ထမင်းကို စားသည်။” ဆိုသော ဝါကျတစ်ခုကို ပိုးကရင်တို့က အောက်ပါအတိုင်း ကတ္တား၊ ကြိယာ၊ ကံ အစီအစဥ်ဖြင့် “ ဘကြီး စား ထမင်း” ဟူ၍ ဝါကျဖွဲ့သည်ကို တွေ့ရသည်။

ကတ္တားကြိယာကံ
မင်စဝ်အင်းမေဝ်
ဘကြီးစားထမင်း

မြန်မာတို့ကမူ အောက်ပါ ကတ္တား၊ ကံ၊ ကြိယာ အစီအစဥ်ဖြင့် “ ဘကြီးသည် ထမင်းကို စားသည်။” ဟူ၍ ဖွဲ့စည်းတည်ဆောက်ထားသည်။

ကတ္တားကံကြိယာ
ဘကြီးထမင်းကိုစားသည်။

ရှင်းလင်းချက်

၁။ ကရင်ပြည်နယ်

Loading

Categories
ကရင်လူမျိုး တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ မြန်မာနိုင်ငံအတွင်းရှိအရှေ့ပိုးကရင်လူမျိုးတို့၏ယဉ်ကျေးမှုဓလေ့ထုံးစံနှင့်စာပေ သမိုင်းရေးရာ

အရှေ့ပိုးကရင်လူမျိုးတို့၏ ဝိညာဥ်လိပ်ပြာကောင် အယူအဆနှင့် လက်ချည်သောဓလေ့ 

အရှင်ပညာသာမိ၏ “ မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဥ်ကျေးမှုဓလေ့ထုံးစံနှင့် စာပေ၊ စာမျက်နှာ ၆၆-၇၂၊ အခန်း (၃) ရိုးရာဓလေ့ထုံးစံ၊ ၃(က)။ လူနေမှုဓလေ့ထုံးစံ၊ ၃(က-၄)။​ ဝိညာဥ်လိပ်ပြာကောင် အယူအဆနှင့် လက်ချည်သောဓလေ့” မှပြန်လည်ရေးသားဖော်ပြခြင်းဖြစ်သည်။

ပိုးကရင်လူမျိုးတို့သည် လူ၏ခန္ဓာကိုယ်တွင်ကပ်၍ ဝိညာဥ်လိပ်ပြာကောင်ရှိသည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာဝင်များဖြစ်သည့်တိုင်အောင် ဘိုးဘွားစဥ်ဆက် စွဲမြဲယုံကြည်လာခဲ့ကြသည်။ ပိုးကရင်ဘာသာဖြင့် ‘အဝီးအလာ’ ဟုခေါ်သော ဝိညာဥ်လိပ်ပြာကောင်သည် မိမိခန္ဓာကိုယ်နှင့် အမြဲမပြတ် နေထိုင်နေမှသာ ထိုသူသည် ကျန်းမာသန်စွမ်း၍ အသိပညာ တိုးပွားနိုင်သည်။ ဝိညာဥ်လိပ်ပြာကောင်သည် အကြောင်းတစ်ခုခုကြောင့် ခန္ဓာကိုယ်မှ ထွက်ခွာသွားပါက ထိုသူသည် လိပ်ပြာလွင့်စဥ်ပြီး ဖျားနာတတ်သည်ဟု ယုံကြည်ကြသည်။

ထို့ကြောင့် ပိုးကရင်လူမျိုးတို့သည် ရုတ်တရက် လန့်ဖျပ်သွားပါက တိုးတိုးတိတ်တိတ် အသံထွက်၍ဖြစ်စေ၊ စိတ်ထဲတွင်ဖြစ်စေ ‘ပလူးဝီးလာ ဟှယ့်ထိုင်ၯယ့်ထိုင်’ ဟုရွတ်တက်ကြသည်။

၁။ လန့်ဖျပ်သွားသော လိပ်ပြာကောင် ပြေးသွားမည်ကို ကြောက်၍ ဖလူးလိပ်ပြာရေ မပြေးပါနှင့် ပြန်လာပါ၊ ပြန်လာပါဟု ခေါ်ခြင်းဖြစ်သည်။ [ပါတီဌာနချုပ်၊ ယဥ်ကျေးမှု (ကရင်)၊ စာ ၂၃၂]

လိပ်ပြာကောင်သည် တစ်စုံတစ်ဦးနှင့် အတူတကွ အနေကြာလာသောအခါ မိမိမှီခိုနေထိုင်သူနှင့်သာမက ယင်းအိပ်ထောင်စုမှ ညီအစ်ကို မောင်နှမများနှင့်ပါ သံယောဇဥ်ရှိလာသည်။ ထို့နောက် လိပ်ပြာကောင်မှီနေသော သူသည် သေဆုံးသွားသောအခါတွင် အခြားအရပ်ဒေသသို့ မသွားတတ်ဘဲ သေဆုံးသူ၏ မိသားစုနှင့် ဆက်လက်နေထိုင်သွားတတ်သည်။ ထိုသေဆုံးသူ၏ မိသားစုနှင့် ဆက်လက်နေထိုင်သွားတတ်သည်။ ထိုသေဆုံးသူ၏ လိပ်ပြာကောင်သည် ကျန်ရှိသော မိသားစုအတွင်း မှီခိုတွယ်ကပ်နေခြင်းကြောင့် ငယ်ရွယ်သူများသည် မကြာခဏ လန့်ဖျပ်ခြင်း၊ ဖျားနာခြင်း၊ အိပ်မက်ဆိုးများ မြင်မက်ခြင်းတို့ ဖြစ်တတ်သည်။ ထို့ကြောင့် ပိုးကရင်လူမျိုးတို့သည် သေဆုံးသွားသူ၏ လိပ်ပြာနှင့် ကျန်ရစ်သူတို့၏ လိပ်ပြာအတူတကွမနေသင့်ဟု ယူဆပြီး လိပ်ပြာခွဲလေ့ရှိသည်။ ယင်းသို့ လိပ်ပြာခွဲရာတွင် နတ်စားသည့်အခါဖြစ်စေ၊ လက်ကြိုးချည် လိပ်ပြာခေါ်သည့် အခါတွင်ဖြစ်စေ ဓလေ့ထုံးစံအတိုင်း လိပ်ပြာခေါ်ယူ၍ ကျန်ရစ်သူ၏ လိပ်ပြာကို ခွဲထုတ်လိုက်ခြင်းဖြင့် ကျန်ရစ်သူမိသားစုတို့သည် ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ကြသည်ဟု အယူရှိကြသည်။

ပိုးကရင်လူမျိုးတို့၏ လိပ်ပြာခေါ် လက်ချည်သောဓလေ့မှာ ယေဘုယျအားဖြင့် သုံးမျိုးရှိသည်။ ၎င်းတို့မှာ (၁) လိပ်ပြာလွင့်၍ လက်ချည်ခြင်း၊ (၂) ဝါခေါင်လ လက်ချည်ခြင်းနှင့် (၃) မင်္ဂလာဆောင် လက်ချည်ခြင်းတို့ဖြစ်သည်။

၃။ မြတ်ကျော်၊ ကရင်ရိုးရာ၊ စာ ၂၁၁-၂၁၂။ 

ကရင်ရိုးရာ လက်ချည်ခြင်းကို ‘လာဟှာခိုင်စူး’ ဟူ၍လည်းကောင်း၊ ထိမ်းမြားမင်္ဂလာ လက်ချည်ခြင်းကို ‘အောဂေါက်ခိုင်စူး’ သို့မဟုတ် ‘အောဂေါက်တိုင်ဂေခိုင်စူး’ ဟူ၍လည်းကောင်း၊ ဝါခေါင်လ လက်ချည်ခြင်းကို ‘လာခေါက်ခိုင်စူး’ ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ လက်ချည်ခြင်းပြုလုပ်ရာတွင် ဒေသကိုလိုက်၍ လုပ်နည်းလုပ်ဟန် အယူအဆ အနည်းငယ်ကွဲလွဲသော်လည်း ရည်ရွယ်ချက်မှာ အတူတူပင် ဖြစ်သည်။ 

၄။ နန်းစန်းကေသီ၊ ပိုးကရင်စာပေ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးစံသမိုင်း၊ စာ ၆၁။ 

ပိုးကရင်လူမျိုးတို့၏ ယုံကြည်မှုတစ်ရပ်မှာ လူတို့တွင် ရုပ်နှင့် ဒွန်တွဲနေသော ဝိညာဥ်လိပ်ပြာရှိသည်။ ယင်းလိပ်ပြာသည် ကြောက်မက်ဖွယ်မြင်ကွင်း၊ ထိတ်လန့်ဖွယ်မြင်ကွင်းတို့နှင့် ကြုံတွေ့ရသောအခါ လိပ်ပြာလွင့်သည်ဟု ယူဆကြသည်။ လိပ်ပြာလွင့်သူသည် ထိတ်လန့်၍ စိတ်အားငယ်တတ်သည်။ စိတ်ချောက်ချား၍ ကိုယ်လက်မအီမသာဖြစ်ကာ တဖြည်းဖြည်းပိန်ချုံးလာပြီး ရောဂါစွဲကပ်လာတတ်သည်။ သို့ဖြစ်၍ မူလအတိုင်း ပြန်လည်ကျန်းမာလာစေရန် ပိုးကရင်တို့၏ ဘိုးစဥ်ဘောင်ဆက် ရိုးရာဓလေ့တစ်ခုဖြစ်သော လိပ်ပြာခေါ်၍ လက်ချည်ခြင်းကို ပြုလုပ်ပေးရသည်။ ဝိညာဥ်လိပ်ပြာခေါ်ရာတွင် ညနေစောင်း အိပ်ရာဝင်ချိန်၌ အိမ်ပေါ်တွင်ရှိသော လှေကားဘောင်ကို ဖြည်းညင်းစွာခေါက်၍ ခေါ်ယူရသည်။ ယင်းသို့ ခေါ်ယူရာတွင် အောက်ပါအတိုင်း ရွတ်ဆိုပေးရသည်။ 

‘ဝိညာဥ်ရေ ပြန်လာပါ။ အိမ်တွင်ပြန်လာပါ။​ မိဘနှင့်အတူ ပြန်လာနေပါ။ ဖခင်နှင့်အတူ ပြန်လာနေပါ။ ညီအစ်ကို မောင်နှမနှင့်အတူ ပြန်လာနေပါ။ သုသာန်တွင် မနေပါနှင့်။ အရိုးကောက်နားတွင် မနေပါနှင့်။ နောင်းလော့၊ နောင်းခလော့ခေါ်သည့် နတ်မိစ္ဆာတို့၏စကားကို မယုံပါနှင့်။ အိမ်တွင် ပျော်ရွှင်ချမ်းမြေ့စွာ ပြန်လာနေပါ။ ဝိညာဥ်ရေ ပြန်လာပါ။ ပြန်လာပါ’ ဟု ရွတ်ဆိုပေးရသည်။

၅။ နန်းစန်းကေသီ၊ ပိုးကရင်စာပေ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးစံသမိုင်း၊ စာ ၆၁။ 

ထိုသို့ ရွတ်ဆိုပြီးလျှင် မီးဖိုခန်းအဝင် တံခါးပေါင်၏ အပေါ်ဘက်ပေါက်ကို ယောက်မဖြင့် တစ်ဖန် ဖြည်းညင်းစွာခေါက်၍ ယခင်အတိုင်း ရွတ်ဆိုရပြန်သည်။​ ထို့နောက် သားသမီးများကို ဝိညာဥ်ခုနစ်ပါးအကုန်ပြန်ရောက်ပြီးလားဟု မေးရသည်။ ထိုအခါ သားသမီးတို့က အကုန်ပြန်ရောက်ပါပြီဟု ဖြေကြားရသည်။ ဤသို့ ဝိညာဥ်ပြန်လာရန် သုံးညတိုင်တိုင် ခေါ်ယူရသည်။ ဗျပ်ထဲ၌ ထမင်းခုနှစ်ဆုပ်၊ ပန်းခုနစ်ခက်၊ ကောက်ညှင်းထုပ်ခုနစ်ထုပ်နှင့် ချည်ဖြူနှင့် ရေတစ်ခွက်ကို ပြင်ဆင်ထားရသည်။​ လိပ်ပြာလွင့်သူ၏ ဝိညာဥ်လိပ်ပြာကို ပြန်ခေါ်ရန် လက်ချည်ရာတွင် လက်နှစ်ဖက်ကို ထမင်းဆုပ်၊ ကောက်ညှင်းထုပ်နှင့် ပန်းသုံးခက်ကိုင်ကာ လက်ကို ပက်လက်ထားပြီး ဆန့်ထားပေးရသည်။ ထိုအခါ လက်ချည်ပေးမည့် အသက်အရွယ်ကြီးသော ပုဂ္ဂိုလ်နှစ်ဦးက ချည်ဖြူကို တစ်ယောက်တစ်မျှင်စီယူ၍ ချည်စကို ရေဖြင့်ဆွတ်ကာ လိပ်ပြာလွင့်သွားသူ၏ လက်ကောက်ဝတ်ကို ချည်ဖြူဖြင့် စွဲကပ်နေသော ဝေဒနာများ ကင်းစေရန် သပ်ချပေးရသည်။ ယင်းသို့ပြုလုပ်ချိန်တွင် လက်ချည်ပေးသူက လိပ်ပြာခေါ်သည့် ရွတ်ဆိုမှုမျိုးအတိုင်း ရွတ်ဆိုရပြန်သည်။ ထို့နောက် လက်ချည်ပေးသူသည် မိမိလက်တွင်ကိုင်ထားသော ချည်ဖြူဖြင့် လိပ်ပြာလွင့်သူ၏ လက်ကောက်ဝတ်ကို တစ်ယောက်တစ်ဖက်စီ လက်ယာရစ်သုံးပတ်တိတိ ကြိုးစနှစ်ခုကို မြဲအောင်ချည်ကာ ပိုနေသောကြိုးစနှစ်ခုကို ဆွဲဖြုတ်၍ ထမင်းဆုပ်၊ ကောက်ညှင်းထုပ်နှင့် ပန်းတို့ကို အနည်းငယ်စီ ဖဲ့ယူကာချည်စနှစ်ခုနှင့်အတူ လက်ချည်ခံရသူ၏ ခေါင်းပေါ်သို့ တင်ပေးရသည်။

ထိုအခါ ‘လိပ်ပြာရေ ခေါင်းပေါ်ကဆံပင်များ ကြိုးစကဲ့သို့ အကုန်ဖြူသည်အထိပြန်လာနေပါ’ ဟု ရွတ်ဆိုပေးရသည်။ 

၇။ မြတ်ကျော်၊ ကရင်ရိုးရာ၊ စာ ၂၁၂-၂၁၅။​ 

လိပ်ပြာခေါ် လက်ချည်သောဓလေ့သည် ဒေသကိုလိုက်၍ ကွဲပြားမှုရှိသည်။ အချို့ဒေသများတွင် ဗျပ်ထဲ၌ ထမင်းဆုပ်၊ ပန်း၊ ကောက်ညှင်းထုပ်တို့နှင့်အတူ  ချည်မျှင်ရှည်တစ်ချောင်းကို ကန့်လန့်ဖြတ်၍ ချထား၏။ ချည်စတစ်ဖက်မှာ ဗျပ်၏အပြင်ဘက်သို့ ရောက်သည်အထိ အရှည်ထားရ၏။ ထို့နောက် ဗျပ်ကို လိပ်ပြာလွင့်သူ ထိတ်လန့်ခဲ့သော၊ လဲကျခဲ့သော နေရာသို့ ယူသွား၍ ဗျပ်၏ အပြင်ဘက်ထွက်နေသောအစကို မီးဖြင့် အလယ်မှဖြတ်လိုက်သည်။ လိပ်ပြာကိုလည်း နှုတ်မှ ရေရွတ်ကာ ခေါ်ရသည်။ ထိုအခါ ဗျပ်ထဲတွင်ရှိသော ချည်မျှင်စဘက်သို့ မီးမကူးပါက လိပ်ပြာမလာသေးဟု ယူဆ၍ လိပ်ပြာမလာမချင်း ထပ်၍ လုပ်ရလေသည်။ အချို့ဒေသများတွင်မူ လိပ်ပြာလွင့်သူ ထိတ်လန့်ခဲ့နေရာ၊ လဲကျခဲ့သောနေရာသို့သွား၍ ငွေဒင်္ဂါးပြား ဒေါင်လိုက်ထားရသည်။ အချို့ဒေသများတွင် ကြက်ဥကို ထောင်ထားသည်။ ကြက်ဥသည် မတ်မတ်ရှိနေပါက လိပ်ပြာပြန်ပြီဟု ယူဆပြီး ကြက်ဥလဲကျပါက လိပ်ပြာပြန်မလာသေးဟု ယူဆကြသည်။ ဤသည်တို့ကား ပိုးကရင်လူမျိုးတို့၏ လိပ်ပြာလွင့်သူတို့ကို လိပ်ပြာခေါ်ပေးသည့် ယုံကြည်ချက်ဓလေ့တစ်မျိုး ဖြစ်သည်။ 

ထိမ်းမြားမင်္ဂလာလက်ချည်ခြင်း

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်ရှိ ကရင်လူမျိုးတို့၏ မင်္ဂလာလက်ချည်ပွဲမြင်ကွင်း
Photo Credit: Experiencing an Authentic Chiang Mai Hill Tribe Tour and Homestay – Tieland to Thailand

ပိုးကရင်လူမျိုးတို့၏ ထိမ်းမြားမင်္ဂလာလက်ချည်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ သတို့သား၊ သတို့သမီးတို့ကို အကြင်လင်မယားအဖြစ် အသိအမှတ်ပြုခြင်းတို့နှင့်အတူ လက်ချည်ခြင်းတို့ဖြင့် ဆုတောင်းချီးမြှင့်ပေးခြင်း ဖြစ်သည်။​ တစ်နည်းအားဖြင့် ထိမ်းမြားမင်္ဂလာဆောင်သူတို့ကို ကာယသုခ၊ စိတ္တသုခ နှစ်ဖြာပြည့်ဝပြီး ရာသက်ပန်၊ သက်ဆုံးတိုင် ပေါင်းဖက်နိုင်စေရန် ဆုတောင်းပေးခြင်းလည်း ဖြစ်သည်။ ထိမ်းမြားမင်္ဂလာလက်ချည်ရာတွင် ဗျပ် သို့မဟုတ် လင်ပန်းကျယ်တစ်ချပ်တွင် ထမင်းဆုပ်၊ ကောက်ညှင်းထုပ်၊ ခေါပြင်နှင့် ပန်းများအပြင် မုန့်နှင့် စားသောက်ဖွယ်ရာမျိုးစုံကို ထည့်ထားရပြီး ချည်ဖြူများကို ဖြန့်ခင်းထားရသည်။ လက်ချည်ပေးရာတွင် ငယ်လင် ငယ်မယားအစုံသာ ချည်ပေးရသည်။ ထိမ်းမြားမင်္ဂလာလက်ချည်ရာတွင် လိပ်ပြာခေါ် လက်ချည်ပေးခြင်းမှ ရွတ်ဆိုမှုများပြုလုပ်ပေးခြင်း ဆိုဆုံးမစကား၊ ဆုတောင်းစကားတို့ပါ ချီးမြှင့်ပေးရသည်။ သို့ရာတွင် လိပ်ပြာခေါ် လက်ချည်ခြင်းကဲ့သို့ လှေကားနှင့် မီးဖိုအဝင်တံခါးပေါင်တို့၌ ယောက်မနှင့်ခေါက်၍ လိပ်ပြာခေါ်ခြင်း မရှိချေ။ သတို့သား၊ သတို့သမီးတို့ကလည်း မိမိတို့လက်ထပ်စဥ်က ဂုဏ်သရေရှိလူကြီးများက လက်ချည်ပေးခဲ့၍ သာယာသောအိမ်ထောင်ရေးကို ထူထောင်နိုင်မည်ဟု ယုံကြည်ကြသည်။

ဝါခေါင်လ လက်ချည်ခြင်း (သို့)
ဝါခေါင်လလိပ်ပြာခေါ်ခြင်း

ပိုးကရင်လူမျိုးတို့သည် ဝါခေါင်လရောက်လျှင် အချို့ဒေသများ၌ ရွာလုံးကျွတ်လက်ချည်ခြင်း ပြုလုပ်ကြသည်။ ဝါခေါင်လ လက်ချည်ခြင်းသည် ဝါခေါင်လလိပ်ပြာခေါ်ခြင်းဟုလည်း ခေါ်ဆိုနိုင်သည်။ ပိုးကရင်လူမျိုးတို့သည် ဝါခေါင်လတွင် ယခင်လများထက်ပို၍ ထမင်းစားကြသည်။ ဝါခေါင်လသည် မကောင်းဆိုးဝါးများမြူးထူးပျော်ပါးကြသော လဖြစ်သည်ဟု ယုံကြည်ကြသည်။ ဝါခေါင်လတွင် ယခင်လများထက်ပို၍ ထမင်းစားနိုင်ခြင်းမှာ မကောင်းဆိုးဝါးတို့က မိမိတို့နှင့်အတူ ကပ်၍ စားသောက်ကြသည်ဟု ရှေးအချိန်ကာလကပင် ပိုးကရင်တို့ ယုံကြည်ထားကြသည်။ ထိုသို့ မကောင်းဆိုးဝါးများက လူနှင့်အတူကပ်စား၍ မိမိတို့သားသမီးများလိပ်ပြာသည် အဝေးသို့ ပျံ့လွင့်သွားမည်ကို စိုးရိမ်ကြသည်။​ထို့ကြောင့် မကောင်းဆိုးဝါးများ မှီခိုစားသောက်ခြင်းကြောင့် ဝိညာဥ်လိပ်ပြာကိုသော်လည်းကောင်း၊ မိမိတို့သားသမီးဆီ ပြန်လာရန်အတွက် ဝါခေါင်လ လက်ချည်ခြင်းဖြစ်သည်။​ ဤသို့ လိပ်ပြာခေါ်ပေးခြင်းဖြင့် သားသမီးများတွင် အနာရောဂါ မစွဲကပ်နိုင်ဘဲ ကျန်းမာသန်စွမ်းကြသည်ဟု ယုံကြည်ကြသည်။ ခေတ်အမြင်နှင့်ကြည့်လျှင် ကျန်းမာရေးကို ဂရုစိုက်ရန် ရှေးပိုးကရင် လူကြီးတို့က သားသမီးတို့ကို ပညာတစ်ရပ်အနေဖြင့် သတိပေးထားခြင်းဖြစ်သည်။ ဝါခေါင်လသည် မိုးများသောလ ဖြစ်သည်။ ရောဂါထူပြောသည်။ ရောဂါဘယသည် လူတို့ထံသို့ အလွယ်တကူစွဲကပ်နိုင်သော ကာလလည်းဖြစ်သည်။ ထို့ကြောင့် ရောဂါဘယ အလွယ်တကူ မစွဲကပ်နိုင်စေရန် အနေအထိုင်၊ အစားအသောက်များကို သတိဝီရိယနှင့် ဆင်ခြင်စားသောက် နေထိုင်ကြရန် သတိပေးခြင်းအားဖြင့် ဝါခေါင်လ လက်ချည်ပွဲကို ပြုလုပ်ခြင်း ဖြစ်သည်။၁၀ 

ဝါခေါင်လ စုပေါင်းလက်ချည်ပွဲများသည် ကွဲကွာနေသော မိသားစုများ ပြန်လည်ဆုံတွေ့ရခြင်း၊ လူမှုရေးကိစ္စရပ်များကို ညှိနှိုင်းရခြင်းနှင့် လူငယ်များ သွေးစည်းချစ်ကြည်မှုလည်း ရရှိနိုင်ပေသည်။ မျက်မှောက်ခေတ်တွင် ဝါခေါင်လပြည့်နေ့ကျရောက်တိုင်း ပိုးကရင်လူငယ်များ ဦးဆောင်၍ လက်ချည်ပွဲကို ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် အစဥ်အလာမပျက် နှစ်စဥ်ကျင်းပလေ့ရှိကာ ရိုးရာဓလေ့ကောင်းတစ်ရပ်ကို အမြတ်တနိုး ထိန်းသိမ်းထားကြသည်။၁၁

အမေရိကန်ပြည်ထောင်စု၊ ဟူရွန်မြို့၊ တောင်ဒါကိုတာပြည်နယ်တွင် ရောက်ရှိနေထိုင်နေကြသော ကရင်လူမျိုးတို့၏ ရိုးရာလက်ချည်ပွဲ ဖျော်ဖြေတင်ဆက်မှုအခမ်းအနား။ (08/11/2019)
Photo Credit: Karen Culture Organization of Omaha

ယှောတ်ဝိကိုဝ်လါ

ပြူး – ဝိနိုဲၯာ လာနိုဲၯာ၊ ၯယ့်ထါင် ၯယ့်ထါင်၊ ၯယ့်ထါင်အှ်ဍေ မောဝ်ႋ၊ ၯယ့်ထါင်အှ်ဍေဖါႋ၊ ၯယ့်ထါင်အှ်ဍေဖီ့၊ ၯယ့်ထါင်အှ်ဍေဖူ့၊ ၯယ့်ထါင်အှ်ဍေ ဖူႋဝဲါထီသိုဝ်၊ ၯယ့်ထါင်အှ်ေဍေၜုဂ်ထိင်ႋဆါင့်ဆာႋ။

ပြူး – လာၯယ့်ထါင်ႋ ၯယ့်ထါင်၊ ၯယ့်ထါင်အှ်လ်ုၯိင်း၊ ၯယ့်ထါင် အှ်လ်ုၰင့်၊ ၯယ့်ထါင်ပါတၠာက်ုဆင့်၊ ၯယ့်ထါင် ပါတၠာဝဝ်ၜိင်း၊ ၯယ့်ထါင်တာင်ဍောဟ်ၜူးမောဝ်ႋၜူးဖင့်၊ ၯယ့်ထါင် အှ်လ်ုၯိင်း ခၠံင်ႋထဝ့်ဖိုင်ယိုဝ်။

ပြူး – ဝိနိုဲၯာ လာနိုဲ့ၯာသီးၯေး ၯယ့်ထါင်၊ ၯယ့်ထါင်ပါတၠာက်ုသှ်ေ၊ ၯယ့်ထါင်ပါတၠာက်ုဆင့်၊ ၯယ့်ထါင်ပါတၠာ ၜူးမောဝ်ႋၜူးဖင့်၊ ၯယ့်ထါင်ပါတၠာ စေဝ်လူႋဓံင့်ဖဝ့်၊ ၯယ့်ထါင်ပါတၠာၰုဂ်ကၠေါဝ်။

ပြူး – လာၯယ့်ထါင် ၯယ့်ထါင်၊ နာန်ႋလဝ့်အင်းလိက်ဏယ်ၜးၰေဝ်၊ နာန်ခၠဝ်ႋအင်းလိက် ဏယ်ၜးၰေဝ်၊ ခၠုံးဆာင်းကျာမာန်ဏယ်ၜးၰေဝ်၊ ပြူးလာၯယ့်ထါင် ၯယ့်ထါင်၊ အှ်လ်ုဍုံဖိုင် ဌါန့်ဖိုင်၊ အှ်ၜးသွး ခေါဟ်ၰေဝ်၊ အှ်ၜးလံင့်ထာ်ၰေဝ်။

ပြူး – လာၯယ့်ထါင်၊ ၯယ့်ထါင်အှ်ဆံင်း၊ ၯယ့်ထါင်အှ်ခၠါင့်၊ အာင်းလုံႋထေံ၊ အာင်းထါခါႋ ဆံင်းၜေ့ခၠီး၊ ဖၠဲၜေဖၠာႋ၊ ယုက်ထဝ့်လာႋလ်ုယာလ်ုကါ။

ပြူး – လာၯယ့်ထါင် ၯယ့်ထါင်၊ ၯယ့်ထါင် ပါတၠါယုက်၊ ၯယ့်ထါင် ပါတၠာသာ၊ လ်ုအှ်လိုင် ဆ်ုစုဂ်ဆ်ုဆာ့၊ ပြူး လာၯယ့်ထါင်၊ ၯယ့်ထါင်၊ ခေါဟ်အွာယင်ႋလူးထိုဝ်၊ ပြူး လာၯယ့်ထါင် ၯယ့်ထါင်ခေါဟ်အွာယင်ႋလူးထိုဝ်။

ဆောဟ်ဖးဖှ်ေဝေ့ ၜေ့ဏှ်သိုဝ်ၯံင်၊ ဆောဟ်ဖ​ဖှ်ေဆာႋဏှ် “ ဝိနိုဲ့ၯာ၊ လာနိုဲ့ၯာ၊ ၯယ့်ထာင်ထံင်ႋယုဂ်ၯး” သိုဝ်ထီးအင်းစာ ၜေ့ဏှ်တာႋ၊ ခါင်ႋစူးဆာႋဏှ်၊ ၜါ်ထင်းစူးဆီ့ၜံင်၊ “ ၯယ့်ထာင်ယုဂ်” လဝ်ထင်းဖှ်ေထာင် မွာဲၜိုဝ်လှ်။

Wp/kjp/ဖၠုံလါခုဂ်ခါင်ႋစူး – Wikimedia Incubator Wikimedia ဖၠုံလါခုဂ်ခါင်ႋစူး စာမျက်နှာမှ ပြန်လည်ရေးသာဖော်ပြသည်။

ကျမ်းကိုးစာရင်း
(၃(က-၄)။​ ဝိညာဥ်လိပ်ပြာကောင် အယူအဆနှင့် လက်ချည်သောဓလေ့)

၁။ လန့်ဖျပ်သွားသော လိပ်ပြာကောင် ပြေးသွားမည်ကို ကြောက်၍ ဖလူးလိပ်ပြာရေ မပြေးပါနှင့် ပြန်လာပါ၊ ပြန်လာပါဟု ခေါ်ခြင်းဖြစ်သည်။ [ပါတီဌာနချုပ်၊ ယဥ်ကျေးမှု (ကရင်)၊ စာ ၂၃၂]
၂။ ပါတီဌာနချုပ်၊ ယဥ်ကျေးမှု (ကရင်)၊ စာ ၂၃၂-၂၃၃။ 
၃။ မြတ်ကျော်၊ ကရင်ရိုးရာ၊ စာ ၂၁၁-၂၁၂။ 
၄။ နန်းစန်းကေသီ၊ ပိုးကရင်စာပေ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးစံသမိုင်း၊ စာ ၆၁။ 
၅။ နန်းစန်းကေသီ၊ ပိုးကရင်စာပေ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးစံသမိုင်း၊ စာ ၆၁။ 
၆။ ခုနစ်ရက်သားသမီးတို့၏ ဝိညာဥ် သို့မဟုတ် လိပ်ပြာ။ 
၇။ မြတ်ကျော်၊ ကရင်ရိုးရာ၊ စာ ၂၁၂-၂၁၅။​ 
၈။ မြတ်ကျော်၊ ကရင်ရိုးရာ၊ စာ ၂၁၅-၂၁၆။​ 
၉။ နောင်၊ ပိုးကရင်၊ စာ ၃၅၄-၃၅၅။
၁၀။ မြတ်ကျော်၊ ကရင်ရိုးရာ၊ စာ ၂၁၇-၂၁၈။​ 
၁၁။ နောင်၊​ ပိုးကရင်၊ စာ ၃၅၉။ 

Feature Image: Northwest Communities of Burma (NWCB)

မှတ်ချက် ။ ။ ကရင်ရိုးရာလက်ချည်သောဓလေ့နှင့်သက်ဆိုင်သည့် မိမိကိုယ်ပိုင်ဖန်တီးရိုက်ကူးထားသော ဓာတ်ပုံများရှိပါက ပေးပို့ဝေမျှနိုင်ပါသည်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ

၂၀၂၀ ပြည့်နှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ

မြန်မာ့ယဥ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုတွင် ပထမဆုကိုအရှင်ပညာသာမိ၏ မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဥ်ကျေးမှုဓလေ့ထုံးစံနှင့်စာပေက ရရှိပါသည်။

မူရင်း ။ ။ 11-11-2021 mmal 300.pdf (moi.gov.mm) 
မြန်မာ့အလင်း (ကြာသပတေး၊ နိုဝင်ဘာ ၁၁၊ ၂၀၂၁)
မူရင်း ။ ။ 1 December 21.indb (moi.gov.mm)
ကြေးမုံ (ဗုဒ္ဓဟူး ၊ဒီဇင်ဘာ ၁၊ ၂၀၂၁)
မူရင်း ။ ။ အတွဲ(၁၀)၊ အမှတ် (၂၉)၊ မြန်မာ့သံတော်ဆင့် (ဒီဇင်ဘာ ၁၀၊ ၂၀၂၁)

ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိ (မြန်မာ့သံတော်ဆင့်ပင်တိုင်ဆောင်းပါးရှင် အဲးခိုး) သည် ၂၀၂၀ ပြည့်နှစ် ‘မြန်မာ့ယဥ်ကျေးမှုနှင့် အနုပညာဆိုင်ရာ’ စာပေဗိမာန် စာမူဆုကို ဆရာတော်ကိုယ်တိုင် လေ့လာရေးသားပြုစုခဲ့သည့် ‘မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဥ်ကျေးမှုဓလေ့ထုံးစံနှင့်စာပေ’ စာတမ်းဖြင့် ပထမဆု ရွေးချယ်ခံရပြီး ၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (ဒီဇင်ဘာ ၄) စာဆိုတော်နေ့  ရန်ကုန်မြို့ မြဝတီမီဒီယာစင်တာတွင် ကျင်းပသည့် အခမ်းအနား၌ ဆုချီးမြှင့်ခြင်း ခံရသည်။ တောင်ကလေးဆရာတော်ကိုယ်စား ဆရာတော်၏ တပည့်ရင်းတစ်ဦးဖြစ်သူ ဦးစောဝင်း(ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ) (အပေါ်ပုံ) အခမ်းအနားတက်ရောက်၍ ဆုလက်ခံရယူခဲ့သည်။ 

မူရင်း ။ ။ အတွဲ(၁၀)၊ အမှတ် (၂၉)၊ မြန်မာ့သံတော်ဆင့် (ဒီဇင်ဘာ ၁၀၊ ၂၀၂၁)
မူရင်း ။ ။ အတွဲ(၁၀)၊ အမှတ် (၂၉)၊ မြန်မာ့သံတော်ဆင့် (ဒီဇင်ဘာ ၁၀၊ ၂၀၂၁)

Loading