Categories
စကားလက်ဆောင်

။ နှုတ်ဆက်ခြင်း ။

။ ၂၀၂၂ နှစ်
ဒီဇင်ဘာလ ၃၁
၃၁ ဘုံသားတွေကို
နှုတ်ဆက်ပါတယ်။

။ ဘေးကင်းပါစေ
ရန်ကင်းပါစေ
အနာကင်းပါစေ
ဆင်းရဲခြင်းကင်းပါစေ
ချမ်းသာကိုယ်စိတ် မြဲကြပါစေ။

တောင်ကလေးဆရာတော်
(၃၁.၁၂.၂၀၂၂) ရက်နေ့။

 2,376 total views,  8 views today

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၃)

အဲးခိုး

အတွဲ(၁၁)၊ အမှတ်(၄၀)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ ပြာသိုလဆန်း ၉၊ ၃၀-၁၂-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald)

(ယခင်တစ်ပတ်မှအဆက်)

အဖြစ်သဘောဆွေးနွေးထောက်ခံ 

လူနည်းစု အတိုက်အခံတွေရဲ့ အမျိုးမျိုးဝေဖန်ခဲ့ကြပေမယ့် တိုင်းပြည် ပြည်ပြုလွှတ်တော် ပထမဆုံးညီလာခံ ကို ၁၉၄၇ ခုနှစ်၊ ဇွန် ၁ဝ ရက်နေ့မှာ စတင်ပြီး ကျင်းပခဲ့တယ်။ ဇွန် ၁၈ ရက်နေ့မှာ ညီလာခံပြီးစီးပါတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ လမ်းညွှန်အဆိုအရ အချက် ခုနစ်ချက် တွေ့ရတယ်။ နံပါတ် ၁ အချက်အရ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် “ပြည်ထောင်စုနိုင်ငံတော် ဟု ခေါ်တွင်စေသောလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ရမည်” ဆိုတဲ့ တိုင်းပြည်ကို “ပြည်ထောင်စု တိုင်းပြည်” အဖြစ် သတ်မှတ်ဖို့ လမ်းညွှန်အဆိုထဲမှာ ပါဝင်ခဲ့တာတွေ့ရပေမယ့် အခြားသောအဆိုတွေက တိကျပြတ်သားစွာ မဖော်ပြထားတာကြောင့် ဥပဒေတစ်ရပ်ရဲ့ အနှစ်သာရအရ ချို့ယွင်းမှုရှိတတ်ပါတယ်။ ပြောတဲ့အတိုင်းပါပဲ လမ်းညွှန်အဆိုအားနည်းမှုကြောင့် တိုင်းရင်းသားတွေအတွက် သံသယပွားစရာတွေ အမျိုးမျိုးထပ်လာတယ်။ သံသယဖြစ်တဲ့အတိုင်းပါပဲ ဥပဒေရေးဆွဲကြသူထဲက ဦးဆောင်ဦးရွက်ပုဂ္ဂိုလ် အချို့ရဲ့စကားကြောင့် ပြည်ထောင်စုစနစ် နိုင်ငံရေးဥပဒေအပေါ် သံသယထားပြီး ထုတ်မပြောပြဘဲ အဖြစ်သဘော ဆွေးနွေးထောက်ခံနေကြတယ်။

ကျွန်ုပ်တို့မလွန်ဘူး

အဖြစ်သဘောဆွေးနွေးထောက်ခံပြနေတာကို နားမလည်တတ်တဲ့ နိုင်ငံရေး တစ်ဇွတ်ထိုးသမားအချို့က နားမလည်ယောင်ဆောင်ပြီး နေကြတယ်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဖြစ်တဲ့ စဝ်ရွှေသိုက်ကိုယ်တိုင်က ဒီစကားကို ထုတ်ဖော်ပြီး ပြောခဲ့ပါသေးတယ်။

“ကျွန်ုပ်တို့ အင်မတန်မြတ်နိုးတဲ့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲထွက်လိုက ခွဲထွက်နိုင်ခွင့်တွေကိုများ ထိပါးကျူးကျော်ပြုလေမလားလို့လည်း တထင့်ထင့်ဖြစ်တယ်ဆိုလျှင် ဓမ္မတာအတိုင်း ကျွန်ုပ်တို့ မလွန်ဘူးလို့ ထင်ပါတယ်။’’

သံသယစကားအစ

လမ်းညွှန်အဆိုကို သဘောမတူတဲ့ ရှမ်းအမျိုးသား မိုင်းပွန်စော်ဘွားက လည်း ဖဆပလအဖွဲ့ချုပ်ကိုသွားပြီး ရှမ်းပြည်နယ်အနေနဲ့ ပြည်ထောင်စုမှ အချိန်မရွေး ခွဲထွက်နိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ထည့်သွင်းပေးမှပဲ လမ်းညွှန်အဆိုကို ထောက်ခံနိုင်မယ်လို့ တင်ပြခဲ့တယ်။ အဲဒီလို တင်ပြခဲ့တာကို အဲဒီကိစ္စအတွက်နဲ့ ရှင်းပြခဲ့တဲ့ ပုဂ္ဂိုလ်က “ကျွန်တော်တို့သည် အခုတစ်မျိုး၊ အခုတစ်မျိုး ဖဆပလမဟုတ်ပါဘူး” ဆိုပြီးတော့ ပြန်ပြောဆိုသွားတာကို တွေ့ ရပါတယ်။ ဒုတိယညီလာခံကိုတော့ ဇူလိုင်လ ၇ ရက်နေ့မှာ စတင်ကျင်းပနိုင်လိမ့်မယ်လို့ သဘာပတိက ကြေညာထားခဲ့တယ်။ သို့သော် တိုင်းရင်းသားအများစုက “အခုတစ်မျိုး၊ အခုတစ်မျိုး ဖဆပလမဟုတ်ပါဘူး” ဆိုတဲ့ စကားကို ရင်ထဲကအတိုင်း သံသယရှိနေခဲ့ကြတယ်။

ကော်မတီများဖွဲ့စည်းခြင်း 

ဒုတိယညီလာခံကို ဇွန်လိုင်လ ၇ ရက်နေ့မှာ ပြန်ကျင်းပဖို့ ခန့်မှန်းထား ကြပေမယ့် မဖြစ်ဘဲ ဇွန်လ ၂ဝ ရက်မှာတော့ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရေးဆွဲရေးကော်မတီအဖွဲ့က ပထမအကြိမ် အစည်းအဝေးလုပ်ဖြစ်ကြတယ်။ အဲဒီအစည်းအဝေးမှာ 

၁။ ပြည်ထောင်စုနှင့် ပြည်နယ် များဆိုင်ရာ ဆပ်ကော်မတီအဖွဲ့ 
၂။ တရားစီရင်မှုဆိုင်ရာ ဆပ်ကော်မတီအဖွဲ့ 
၃။ မူလအခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီအဖွဲ့နဲ့ 
၄။ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီအဖွဲ့လေးဖွဲ့

ဖွဲ့စည်းခဲ့တာတွေ တွေ့ရပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် အုပ်ချုပ်ရေး အခြေခံဥပဒေဆပ်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ တွေ့ရတယ်။ 

ကရင်ပြည်နယ်သတ်မှတ်ပေးရေး 

တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံကျင်းပတဲ့အချိန်မှာ ကေအင်န်ယူ (ကရင်အမျိုးသားအစည်းအရုံး) အဖွဲ့က တိုင်းပြုပြည်ပြုရွေးကောက်ပွဲကို သပိတ်မှောက်ထားခဲ့တယ်။ လွှတ်တော်မှာ မပါဝင်ခဲ့ကြပါဘူး။ ဖဆပလပဏာမ ညီလာခံ တက်ရောက်ခဲ့ကြတဲ့ ကရင် လူငယ်(ကေဝိုင်အို)အဖွဲ့ဝင် လွှတ်တော်အမတ်တွေကတော့ ကရင်တိုင်းရင်းသားတွေကို တိုင်းရင်းသားအမတ်တွေကတော့ ကရင်တိုင်းရင်းသားတွေကို တိုင်းရင်းသားလူနည်းစု အခွင့်အရေးတွေကို ပေးအပ်ထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံမူကြမ်းကို ထောက်ခံခဲ့ကြတယ်။ ပြည်ထောင်စု ပြည်နယ်တစ်ပြည်နယ် ဖြစ်လာဖို့ ကရင်တိုင်းရင်းသားတွေအတွက် သတ်မှတ်ပြဋ္ဌာန်းပေးထားတာမရှိဘဲ ကရင်ပြည်နယ်သတ်မှတ်ပေးရန် (သတ်မှတ်ပေးဖို့) တောင်ငူကျေးလက်ဒေသ ကရင်တိုင်းရင်းသားများမဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလအမတ် ရွေးချယ်ခံရတဲ့ စောဂျွန်ဆင်ဒီဖိုးမင်းက “ကရင်ပြည်နယ် သတ်မှတ်ပေးရေး” တောင်းဆိုခဲ့တယ်။

ကရင်ဝိသေသနယ် 

စောဂျွန်ဆင်ဒီဖိုးမင်းဟာ ၁၉၄၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ တောင်ငူမြို့မှာ ကျင်းပခဲ့တဲ့ ကရင်တိုင်းရင်းသားများ လူထုအစည်းအဝေးကြီးမှာ ကရင်ပြည်နယ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကရင်အမျိုးသားအတွက် အခွင့်အရေးရဖို့ တောင်းခံလွှာတစ်စောင်ကိုလည်း မေလမှာ ပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာ ဆပ်ကော်မတီမှာ တင်သွင်းခဲ့တယ်။ အဲဒီအခွင့်အရေး တောင်းခံလွှာမှာ (က)တောင်ငူခရိုင်၊ (ခ)သံလွင်ခရိုင်နှင့် (ဂ)ပျဉ်းမနားခရိုင်တွေကို ကရင်ဝိသေသ နယ် Special Karen Region အဖြစ် ထူထောင်ခွင့်ပြုရန် တောင်းဆိုခဲ့တယ်။ 

သမိုင်းမှာ အထင်အရှားရှိနေ 

စောဂျွန်ဆင်ဒီဖိုးမင်းရဲ့ အဆိုပြုတောင်းဆိုချက်ကို အခြားသော ကရင် တိုင်းရင်းသားအမတ်တွေ ထောက်ခံကြဖို့ ပန်ကြားခဲ့တယ်။ 

သံလွင်ခရိုင် လွှတ်တော်အမတ် စောဝီရိကျော်ကလည်း ကရင်ပြည်နယ် သတ်မှတ်ပေးနိုင်ဖို့အတွက်ကို 

၁။ ဇယားဝင်နယ်အပိုင်း ၁ နှင့် ၂ ကရင်တိုင်းရင်းသားတို့ နေထိုင်သော ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသောကရင်ပြည်နယ်အဖြစ် ထူထောင်ပေးရန်၊ 
၂။ တောင်ငူခရိုင်၊ ညောင်လေးပင် ခရိုင်ခွဲ၊ သထုံတောင်တန်းဒေသများနှင့် ကျိုက္ခမီအရှေ့ဘက် တောင်တန်းဒေသများကို ကရင်ဒေသအဖြစ် သတ်မှတ်ပေးရန်၊ 
၃။ မြစ်ဝကျွန်းပေါ် (ဧရာဝတီ) ဒေသကို ကရင်တိုင်းရင်းသားနယ်အဖြစ် သတ်မှတ်ပေးရန်၊ 
၄။ သံလွင်မြစ်နှင့် မော်လမြိုင်တို့ကို နယ်အများဆိုင်မြစ်နှင့် နယ်အများ ဆိုင်ဆိပ်ကမ်းမြို့အဖြစ် သတ်မှတ်ပေးရန်၊ 
၅။ ကျိုက္ခမီနှင့် မြိတ်ခရိုင်တို့အတွင်း မွန်နှင့် ကရင်များနေထိုင်သည့် နယ်များကိုပေါင်းစပ် မွန်၊ ကရင်နယ် ထူထောင်ပေးရန်

တောင်းဆိုခဲ့တယ်။ အဲဒီလို တောင်းဆိုခဲ့ကြပေမယ့် ကရင်ပြည်နယ် သတ်မှတ်ပေးဖို့ အခွင့်အရေးဆုံးရှုံးအောင်လုပ်ခဲ့တာ ဘယ်သူ၊ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့တွေကလဲဆိုတာ သမိုင်းစာမျက်နှာမှာ အထင်အရှားရှိနေပါသေး တယ်မဟုတ်လား။ 

တိုင်းရင်းသားတွေ ကတိစကား 

အဲဒီခေတ်က လန်ဒန်ဆွေးနွေးပွဲ ဂယက်ကြောင့် မြန်မာပြည်မှာ ပင်လုံ ညီလာခံ ၁၉၄၇ ဖြစ်ပေါ်လာခဲ့ရတာမကဘဲ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခဲ့ရပါသေးတယ်။

တောင်တန်း ဒေသစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းဖို့လုပ်တော့ ဘယ်လူမျိုးအဖွဲ့အစည်းက ဖွဲ့စည်းပုံမလိုဘူး ပြောခဲ့တာကို သမိုင်းမှာ အထင်အရှားရှိခဲ့ပါတယ်။

(၁) တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီးအဖွဲ့ 
(၂) ကချင်နယ်မှ ကိုယ်စားလှယ်တွေရဲ့စကား 
(၃) ချင်းတောင်တန်းဒေသမှ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒ 
(၄) ရခိုင်တောင်တန်းဒေသ ကိုယ်စားလှယ်ရဲ့ ပြောဆိုခဲ့တဲ့စကား 
(၅) ချင်းကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်အသစ်စကား 
(၆) သံလွင်ခရိုင်မှ ကရင်တိုင်းရင်းသားကိုယ်စားလှယ်စကား 
(၇) ကရင်လူငယ်များ အစည်းအရုံးရဲ့ သဘောထား 
(၈) ကေအင်န်ယူအဖွဲ့ချုပ်ရဲ့ သဘောထား 
(၉) ကရင်နီနယ် ကိုယ်စားလှယ်တွေရဲ့ သဘောထားနဲ့ 
(၁ဝ) ဆွမ္မရာ၊ သောင်သွတ်၊ ဆင်းကလိန်ခန္တီး၊ ဟုမ္မလင်းတို့မှ ကိုယ်စားလှယ်တွေရဲ့ သဘောထား

ဘယ်လိုရှိခဲ့ကြသလဲဆိုတာ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ရဲ့ တင်သွင်းတဲ့ အစီရင်ခံစာအကြောင်းကို လေ့လာရန် ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်လာဖို့ ပြည်ထောင်စုအရေး သဘောတူညီခဲ့ကြတဲ့ စကားတွေ၊ ကတိတွေ၊ ဆန္ဒတွေ အမျိုးမျိုးထုတ်ဖော်ပြဆိုခဲ့ကြတယ်။ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ ဥပဒေ မဖြစ်ခင်က ဆန္ဒသဘောထား တူညီခဲ့တဲ့ကိစ္စတွေအားလုံးကို တိုင်းရင်းသားအများစုတို့ရဲ့ ဆန္ဒသဘောထားမှတ်ချက်ကို ဘယ်သူတွေမလေး မခန့် ပြုခဲ့ကြသလဲဆိုတာကို သမိုင်းမှာ အထောက်အထားပြည့်ပြည့်စုံစုံ ရှိခဲ့ပါတယ်။ 

ကွန်မြူနစ်အကွဲအပြဲ 

၄-၁-၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့အခါ ဖဆပလအဖွဲ့ချုပ်တစ်ဖွဲ့ တည်းက အစိုးရဖွဲ့စည်းပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲမှာ ဖဆပလအဖွဲ့ချုပ်က အမတ်ဦးရေ အရေအတွက် အများဆုံးရလို့ အစိုးရဖွဲ့နိုင်ခဲ့တာပါပဲ။ ဒါပေမဲ့ ဖဆပလမှာ ကွန်မြူနစ် ဆိုရှယ်လစ် ပြည်သူ့ရဲဘော်စတဲ့ နိုင်ငံရေး ခံယူချက် မတူညီတဲ့ အဖွဲ့အစည်းတွေနဲ့ တည်ဆောက်ထားလို့ နောက်ပိုင်းကာလမှာ စည်းလုံးညီညွတ်မှုတွေ ပြိုကွဲသွားတာပါပဲ။ အဲဒါတွေမကသေးပါ။ ပြည်တွင်းဆူပူသောင်းကျန်းမှုတွေ ပေါ်ပေါက်ခဲ့တယ်။ ကွန်မြူနစ်တွေက ပထမဦးဆုံး ပုန်ကန်သောင်းကျန်းတယ်။ နောက်ပြီး ကွန်မြူနစ်အဖွဲ့အစည်းတွေကပဲ အလံနီကွန်မြူနစ်၊ ကွန်မြူနစ်ပါတီ (ဗမာပြည်)နဲ့ အလံဖြူကွန်မြူနစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီဆိုပြီး နှစ်ဖွဲ့ကွဲသွားပြန်တယ်။ 

ဆက်လက်ဖော်ပြပါမည်။

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၂) – မဟာပညာ (mahar.asia)

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၁) – မဟာပညာ (mahar.asia)

 552 total views

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၂)

အဲးခိုး

အတွဲ(၁၁)၊ အမှတ်(၃၉)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ ပြာသိုလဆန်း ၂၊ ၂၃-၁၂-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald)

“ကရင်အမျိုးသားတို့နှင့် သက်ဆိုင်သောကိစ္စများတွင် ပြည်ထောင်စုအစိုးရအား ကူညီအကြံပေးရန် ‘ကရင်ရေးရာအဖွဲ့’ တစ်ခုကို ဖွဲ့စည်းရမည် ဆိုပေမယ့် ဖွဲ့စည်းထားပေးတဲ့ ‘ကရင်ရေးရာအဖွဲ့ ရဲ့ ကူညီအကြံပြုချက်တွေကို နိုင်ငံရေးနည်းစနစ်ကျကျ အကြံပြုချက်ပေးနေပေမယ့် ဘာဆိုဘာမှ အရေးမစိုက်ဘဲ ဖြစ်နေခဲ့တာတွေဟာ ဘယ်အဖွဲ့ချုပ်ရဲ့ အမှားတွေလဲ …

ဘုရင်ခံဆန္ဒသဘောထား 

အဲဒီအချက်သုံးချက်ထဲက ဘုရင်ခံက တတိယ (နံပါတ်-၃) အချက်ကို (နည်းလမ်းကို) ရွေးယူဖို့ဆုံးဖြတ်ထား တယ်။ ဘုရင်ခံဟာ မြန်မာပြည်ကိုရောက် လာပြီး စက်တင်ဘာ ၂ ရက်နေ့မှာ ရန်ကုန်မြို့ မြို့တော်ခန်းမမှာ မိန့်ခွန်းပြောပါတယ်။ သူရဲ့ ဆန္ဒသဘောထားကို ခုလိုပဲ လိုရင်းကိုပြောခဲ့ပါတယ်။ 

‘အကျွန်ုပ်ရဲ့ အမှုဆောင်(ဝန်ကြီး) အဖွဲ့ဟာ အဖွဲ့ဝင်တွေအဖြစ် လူထုရဲ့ လေးစားမှုနဲ့ ယုံကြည်မှုကို ရရှိသည့် ပုဂ္ဂိုလ်များ ပါဝင်စေလိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ လူထုကိုယ်စားလှယ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းတဲ့ အဖွဲ့အဖြစ်အနေနဲ့ မြင်တွေ့လိုပါတယ်’။ 

အားလုံးနုတ်ထွက် 

ဘုရင်ခံရောက်လာပြီးတဲ့နောက် စက်တင်ဘာလ ဒုတိယအပတ်မှာ ဆန္ဒပြကြတဲ့ အထွေထွေသပိတ်ကြီးက ပိုပြီး ကျယ်ပြန့်လာတယ်။ ဒီသပိတ်ဟာ ပုလိပ် ရဲဘော်တွေက စတင်ခဲ့တာဖြစ်လို့ စာတိုက်နဲ့ ကြေးနန်းအလုပ်သမားတွေ၊ မီးရထားအလုပ်သမားတွေ၊ အစိုးရဌာနဆိုင်ရာ စာရေးတွေ၊ ကျောင်းအသီးသီးမှ ဆရာဆရာမတွေ သပိတ်မှောက်ခဲ့ ကြတယ်။ အထွေထွေသပိတ်ကြီးကြောင့် နိုင်ငံတော်အုပ်ချုပ်ရေးတွေဟာ တဖြည်းဖြည်းယိုယွင်းလာတယ်။ တိုင်းပြည် ပြန် လည်ထူထောင်ဖို့ အတွက်လည်း အမျိုးမျိုးထိခိုက်လာနေတော့ ဘုရင်ခံရဲ့လက်ရှိ (ဝန်ကြီး) အဖွဲ့ဟာ နိုင်ငံရေးအကျပ် အတည်းကို ဖြေရှင်းဖို့ မတတ်နိုင်တော့ဘဲ အားလုံးနုတ်ထွက်လိုက်ကြရတယ်။ ဒီလို အထွေထွေသပိတ်ကြီး ဖြစ်လာခဲ့ရတာဟာ အဲဒီခေတ်က ဖဆပလအဖွဲ့ ချုပ်ကို မကြေနပ် (မကျေနပ်) နိုင်ကြတဲ့ ဆန့်ကျင်သူ လူတစ်စုတွေက လှုံ့ဆော်တဲ့ ကိစ္စပါပဲ။

တောင်းဆိုချက်(၄)ချက် 

ဘုရင်ခံသစ်က အေဒီ ၁၉၄၆ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့မှာ ဘုရင်ခံ အမှုဆောင်(ဝန်ကြီး)အဖွဲ့သစ်ကို ပြန်ဖွဲ့စည်းလိုက်တယ်။ နိုဝင်ဘာလရောက်တဲ့ အခါ ဖဆပလအဖွဲ့ချုပ်က ဗြိတိသျှ အစိုးရထံကို – 

၁။ မြန်မာနိုင်ငံအား ၁၉၄ရ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့မှ တစ်နှစ်အတွင်းလွတ်လပ်ရေးပေးရန် 
၂။ ဘုရင်ခံကျင့်သုံးနေသော အာဏာများကို အမှုဆောင်(ဝန်ကြီး) အဖွဲ့သို့ လွှဲအပ်ရန်၊ အမှုဆောင်(ဝန်ကြီး) အဖွဲ့သည် အမျိုးသားအစိုးရအဖွဲ့အသွင် ကူးပြောင်းရန် 
၃။ ဧပြီလတွင် ဥပဒေပြုလွှတ် တော်အတွက်မဟုတ်ဘဲ တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ရွေးကောက်ပွဲများ ကျင်းပပေးရန် 
၄။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံအတွက် ချမှတ်ထားသော စီမံကိန်းများကို ပြန်လည်စစ်ဆေးဖို့ သဘောတူရန်

ဆိုတဲ့ တောင်းဆိုချက် လေးချက်ကို တောင်းဆိုခဲ့ပါတယ်။ 

ဧပြီလရွေးကောက်ပွဲ (၁၉၄၇) 

မြန်မာပြည်သူတွေရဲ့ တောင်းဆို ချက်အပေါ်ကို ဗြိတိသျှအစိုးရက ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်နေ့မှာ နန်းရင်းဝန်ကိုယ်တိုင်က ဗြိတိသျှပါလီမန်မှာ မြန်မာနိုင်ငံသို့ အာဏာလွှဲပြောင်း ပေးရေးကိစ္စတွေကို ဗြိတိသျှအစိုးရအဖွဲ့ နဲ့ စေ့စပ်ညှိနှိုင်း၍ အသေးစိတ်ဆွေးနွေး ဆုံးဖြတ်ဖို့အတွက် မြန်မာနိုင်ငံက ကိုယ်စားလှယ်တော်အဖွဲ့တစ်ဖွဲ့ကို လန်ဒန်သို့ ဖိတ်ခေါ်ဖို့ စဉ်းစားထားရှိခဲ့ပါကြောင်း ထုတ်ဖော်ကြေညာခဲ့တယ်။ အဲဒီကြေညာချက်အတိုင်းပဲ မြန်မာကိုယ်စားလှယ် အဖွဲ့က ၁၉၄ရ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ အင်္ဂလန်ကို ထွက်ခွာသွားကြပါတယ်။ အင်္ဂလန်ရောက်ပြီးလို့ ကိုယ်စားလှယ်အဖွဲ့ဟာ ဗြိတိသျှနန်းရင်းဝန်ကိုယ်တိုင် ခေါင်းဆောင်တဲ့ ဗြိတိသျှ မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံကို အာဏာလွှဲပြောင်းရေးကိစ္စ ဆွေးနွေးကြတယ်။ ဆွေးနွေး ပြီးတဲ့နောက် ၁၉၄ရ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့မှာ စာချုပ် လက်မှတ် ရေးထိုးထားကြပါတယ်။ စာချုပ်အရ ၁၉၄ရ ခုနှစ်၊ ဧပြီလအတွင်း မြန်မာတစ်ပြည်လုံးမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ ဖဆပလအဖွဲ့ချုပ်က ၉၅.၃ ရာခိုင်နှုန်း အနိုင်ရခဲ့တယ်။

လူမျိုးစုပြဿနာအစ 

အနိုင်ရတဲ့ ဖဆပလအဖွဲ့ချုပ်ဟာ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး ကို ၁၉၄ရ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ ခေါ်ယူဖို့ စီစဉ်ထားပါတယ်။ အဲဒီအချိန် မတိုင်မီ (မတိုင်ခင်) ဖဆပလ အဖွဲ့ချုပ် ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့အတွက် မေလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပထမအဆင့် ပဏာမ ပြင်ဆင်မှု ညီလာခံကြီး ကျင်းပခဲ့ပါတယ်။ (ဂျူဗလီဟောတွင် ကျင်းပ)။

အဲဒီညီလာခံကျင်းပတဲ့ မေလ ၂ဝ ရက်နေ့ ရဲ့ ဆွေးနွေးဝေဖန်လိုက်တဲ့ စကားတွေကြောင့် မြန်မာပြည်ရှိ ဌာနေတိုင်းရင်းသားများရဲ့ မပေးနိုင်တဲ့ အခွင့်အရေး စကားတွေ၊ လူမျိုးနဲ့ဆိုင်တဲ့ မသတ်မှတ်တဲ့ အယူအဆတွေ၊ ရပိုင်ခွင့်၊ ပြဋ္ဌာန်းခွင့် နဲ့ဆိုင်တဲ့ စကားတွေ တိတိပပကြားရတော့ တိုင်းရင်းသားတွေဟာ အဲဒီအချိန်ကစပြီး နိုင်ငံရေးပြဿနာ စတင်ခဲ့ကြတယ်လို့ပဲ သမိုင်းအထောက်အထားအရ သိရတယ်။

(တိုင်းရင်းသားလူမျိုးများ အရေးနှင့် ၁၉၄၇ အခြေခံဥပဒေတွင် လေ့လာရန်။)

ပြဿနာညီလာခံ 

လူမျိုးကြီး လူနည်းစုနဲ့ပတ်သက်တဲ့ စကားတွေအမျိုးမျိုးကြားရတဲ့ တိုင်းရင်းသားတွေဟာ မူလရည်ရွယ်ထားကြတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် စိတ်ပျက်သွားကြပါတယ်။ လူနည်းစု တိုင်းရင်းသားတွေအတွက် အမျိုးသား ပြည်ထောင်စုကြီး ဖွဲ့စည်းဖို့ အဆိုပြု ထားကြပေမယ့် စစ်မှန်တဲ့ အခွင့်အရေးတွေ မပေးနိုင်ဘူးဆိုပြီးတော့ အသေအပေါက်ငြင်းဆိုခံရတယ်။

နောက်ပိတ်ဆုံး အမျိုးသားပြည်ထောင်စုမဟုတ်သော ပြည်ထောင်စုကို လူနည်းစုတိုင်း ရင်းသားတွေက ဘာမှအကျိုးကောင်း ရပိုင်ခွင့်မရှိနိုင်တော့ဘူးဆိုတာကို သိကြတဲ့အခါ ဖဆပလအဖွဲ့ချုပ်အပေါ်မှာ ယုံမှားသံသယတွေ စဖြစ်လာခဲ့တယ်။ ဒါဟာ နိုင်ငံရေးသမိုင်းအရ ပထမဦးဆုံး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တားဆီးပိတ်ပင်ခဲ့တဲ့ သမိုင်းအထောက် အထားပါပဲ။ ဒီကိစ္စကြောင့် ယနေ့ (၂၀၂၁ ခုနှစ်)ကာလတိုင်အောင် အာဃာတ၊ ပဋိပက္ခတွေ မပြီးဆုံးနိုင်ဘဲ ရှိနေဆဲပါပဲ။

ကုန်ကုန်ပြောရရင် မြန်မာပြည် နိုင်ငံရေး ပဋိပက္ခအစဟာ ဖဆပလအဖွဲ့ချုပ်ရဲ့ ပဏာမပြင်ဆင်ချက် ညီလာခံက စတင် ခဲ့တယ်လို့ပြောရင် မမှားပါဘူး။ တိုင်းရင်းသားတွေရင်ထဲမှာ ယနေ့ချိန်ထိ မမေ့ကြဘဲ ရှိနေပါသေးတယ်။

အဆိုပြုချက် ၁၄ ချက် 

ပဏာမပြင်ဆင်မှုညီလာခံကို ငါးရက်တိတိ ကျင်းပလို့ ပြီးသွားတဲ့အခါ (၂၃ ရက် မေလ) နောက်ဆုံးရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနဲ့ ယင်းအခြေခံဥပဒေရဲ့ သဘောထားတွေဖြစ်ကြတဲ့ အဆိုပြုချက် ၁၄ ချက်ကို အတည်ပြု ပြဋ္ဌာန်းခဲ့ကြတယ်။ အဆိုပြုချက် ၃၊ အပိုဒ် (၁)အရ 

၁။ ပထဝီအနေအထားအရ နယ်နိမိတ် အထင်အရှားရှိခြင်း 
၂။ မြန်မာစကားနှင့် မတူသော ဘာသာစကားတစ်မျိုးတည်းရှိခြင်း 
၃။ ယဉ်ကျေးမှုတစ်မျိုးတည်း ရှိခြင်း 
၄။ ရာဇဝင်အစဉ်အလာ တစ်မျိုးတည်းရှိသော လူစုရှိခြင်း 
၅။ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း 
၆။ လူဦးရေအတော်အတန်ရှိခြင်း 
၇။ ပြည်ထောင်စုအဖွဲ့ဝင် သီးခြား ဒေသတစ်ခုအဖြစ်ဖြင့် မိမိကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေလိုသော ဆန္ဒ ရှိခြင်း ဖြစ်ရင်(ဖြစ်ပါက) ‘ပြည်ထောင်စု ပြည်နယ်’၊ ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်’၊ ‘လူမျိုးစု ပြည်နယ်’ သတ်မှတ်ပေးမယ်

လို့ ဖဆပလ အမှုဆောင်အဖွဲ့ရဲ့အဆိုပြုချက်ထဲမှာ ပါဝင်နေပါရဲ့နဲ့ အဲဒီအဆိုပြုချက်အတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းပေးခဲ့ပါရဲ့လား ဆိုတာကို ပြန်လေ့လာကြည့်ပါ။ 

အဆိုပြုချက် အမှတ်ရ 

အဆိုပြုချက် အမှတ် ၇၊ အပိုဒ် (၁)အရ ဖြစ်တဲ့ တိုင်းရင်းသားလူနည်းစု တွေရဲ့ အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ 

၁။ လူတို့၏အခွင့်အရေး 
၂။ လူမျိုးနှင့် ယဉ်ကျေးမှုအခွင့်အရေး 
၃။ ယဉ်ကျေးမှုတွင် မိမိတို့၏စရိုက်အရ ပြဋ္ဌာန်းနိုင်ခွင့်နှင့်တကွ လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံနိုင်သော အခွင့်အရေး 
၄။ ဥပဒေပြုရေးအဖွဲ့တွင် ထိုက်သင့်သော ကိုယ်စားလှယ်ဦးရေ ပါဝင် နိုင်ရေးအတွက် (အခွင့်အရေးအတွက်) လွတ်လပ်စွာခံစားခွင့် (ခံစားနိုင်ခွင့်) ရှိရမယ်

လို့ အဆိုပြုထားကြပေမယ့် ဝန်ခံချက်ထားတဲ့ အတိုင်း ဘာမှမလုပ်ပေးနိုင်ပါဘူး။

အထူးသဖြင့် ကရင်အမျိုးသား အတွက်နဲ့ ပတ်သက်လို့ အဆိုပြုချက် အပိုဒ်(၂)အရ – 

“ကရင်အမျိုးသားတို့နှင့် ဆိုင်သော ကိစ္စများတွင် ပြည်ထောင်စု သက် အစိုးရအား ကူညီအကြံပေးရန် ‘ကရင်ရေးရာအဖွဲ့’ တစ်ခုကို ဖွဲ့စည်းရမည် ဆိုပေမယ့် ဖွဲ့စည်းထားပေးတဲ့ ‘ကရင်ရေးရာအဖွဲ့’ ရဲ့ ကူညီအကြံပြုချက်တွေ ကို နိုင်ငံရေးနည်းစနစ်ကျကျ အကြံပြု ချက်ပေးနေပေမယ့် ဘာဆိုဘာမှအရေး မစိုက်ဘဲ ဖြစ်နေခဲ့တာတွေဟာ .. ဘယ် အဖွဲ့ချုပ်ရဲ့ အမှားတွေလဲဆိုတာ ပြန်ပြီး လေ့လာကြည့်ပါ။ မြင်နိုင်ပါတယ်။ 

အဓိဋ္ဌာန်ကို လေးစားမြတ်နိုးရဲ့လား 

အဆိုပြုချက် ၁၄ အရ 

“ကျွန်ုပ်တို့ ချစ်မြတ်နိုးသော နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် တရားသဖြင့် ရသင့်ရထိုက်သည်လည်းဖြစ်၍ ဂုဏ်ကျက်သရေနှင့်လည်း ပြည့်စုံသော အဆင့်အတန်းကို ရရှိ၍ လူသတ္တဝါ … ခပ်သိမ်းတို့၏ အကျိုးစီးပွားကို တိုးတက်စေရန် မိမိ၌ တာဝန်ရှိသည်အလျောက် အစွမ်းကုန် အားထုတ်ဆောင်ရွက်ပြီး လျှင် ပြည်ထောင်စုအချင်းချင်း တရားမျှတမှုနှင့် လောကဝတ္တရားတို့ကိုထောက်ကာ … နိုင်ငံတို့နှင့် ချစ်ကြည်ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မည်ဟု ခိုင်မြဲသော အဓိဋ္ဌာန်ကို ပြုထားလေသည်”

လို့ ပါရှိနေပေမယ့် အဓိဋ္ဌာန်ပြုထားတဲ့ အတိုင်း ယနေ့(ယခု)ချိန်ထိ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ အကုန်အကုန် ဆုံးရှုံးခဲ့ရတာဟာ ဒီအဓိဋ္ဌာန်ကို တည်တည်ကြည်ကြည် မလေးစား မလိုက်နာလို့ပဲပေါ့။

ဝေဖန်ထားခဲ့ 

အဆိုပြုချက် ၁၄ ချက်ကို အကြောင်းပြုပြီး အခန်း ၁၄ ခန်းပါဝင် တဲ့ ၁၉၄ရ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပုဒ်မခွဲတွေမပါဘဲ ရေးဆွဲထားခဲ့တာတွေကို တွေ့ရတယ်။ ပုဒ်မခွဲ ၁၂၇ ခု ပါဝင်တဲ့ အရေးကြီးတဲ့ အခြေခံဥပဒေကို နံပါတ်မတပ်ထားဘဲ ရေးဆွဲတာဟာ ဥပဒေကို အကြံပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့ သတိမမီတဲ့ အားနည်း ချက်ပါပဲ။ အဲဒီတုန်းက တိုင်းရင်းသား လူနည်းစုအဖြစ်ဆိုပြီး ကရင်းတိုင်းရင်း သားတွေကို သတ်မှတ်ခံရတယ်။ (အခြား တိုင်းရင်းသားတွေဆိုရင်တော့ ပြောဖို့ မလိုတော့)။ အဲဒီခေတ်က (အဲဒီအချိန် က) အခြေခံမူကြမ်းကို တိုင်းရင်းသား အများစုက ထောက်ခံခဲ့ကြပေမယ့် နိုင်ငံရေးသမားကြီးတစ်ဦးက –

‘ဖဆပလအခြေခံမူကြမ်းမှာ များသောအားဖြင့် အိန္ဒိယနိုင်ငံ၊ တိုင်းပြည် ပြုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ပုံတူကူးခြင်းသာဖြစ်ကြောင်း၊ အချို့ အချက်အလက်များမှာလည်း ဆိုဗီယက်ယူနီယံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှ ကူးယူထားခြင်းဖြစ်ကြောင်း’ ပြောင်ပြောင်တင်းတင်း ဝေဖန်ထားခဲ့တယ်။

ဆက်ရန်

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၁) – မဟာပညာ (mahar.asia)

 417 total views,  1 views today

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၁)

အဲးခိုး

အတွဲ(၁၁)၊ အမှတ်(၃၈)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ နတ်တော်လပြည့်ကျော် ၉၊ ၁၆-၁၂-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald)

နိဒါန်း 

“၄-၁-၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံတော် လွတ်လပ်သည့် အခမ်းအနားနေ့ကို (လွတ်လပ်ရေးနေ့ကို) ဝန်ကြီးများရုံး လွှတ်တော်အဆောက်အအုံနှင့် အစိုးရအိမ်တော်တွင် ကျင်းပခဲ့သည်။ ထိုနေ့နံနက် (၄း၂၀)နာရီအချိန်တွင် ရန်ကုန်မြစ်အတွင်း ဆိုက်ကပ်ထားသော ဘာမင်ဟမ်စစ်သင်္ဘောမှ အခါတော်ကြား အမြောက်ပစ်ဖောက်ခဲ့သည်။ လွှတ်တော် အဆောက်အအုံရှေ့ရှိ အလံတိုင်ပေါ်မှ ယူနီယံအင်္ဂလိပ်ဂျက်အလံကို ချ၏။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံတော်ကို လွှင့်တင်ခဲ့သည်။ နံနက်(၆း၅၀) နာရီအချိန်တွင် အလုံလမ်းရှိ အစိုးရအိမ်တော်ရှေ့တွင်ရှိသော အလံတိုင်တွင် မြန်မာ့အလံတော်နှင့် ဗြိတိသျှအလံတော်တို့ကို အချအတင်ပြုလုပ်သည်။ နံနက် (၈း၂ဝ) နာရီတွင် ဘုရင်ခံနှင့် ဇနီးတို့သည် ဘာမင်ဟမ်စစ်သင်္ဘောပေါ်ကို တက်၏။ အင်္ဂလန်သို့ ပြန်လည်ထွက်ခွာသွားသည်။ ဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးမော်ကွန်း ကျောက်တိုင်ကို ထိုနေ့တွင် အုတ်မြစ်စီအခမ်းအနား ကျင်းပခဲ့သည်”ဆိုတဲ့ မြန်မာ့နိုင်ငံရေး လွတ်လပ်သည့် သမိုင်းပြဖြစ်စဉ်အကြောင်းနဲ့ ဤဆောင်းပါးကို ဖွင့်လှစ်ပါတယ်။

မြန်မာနိုင်ငံရေး လွတ်လပ်သည့် သမိုင်းပြဖြစ်စဉ်အကြောင်းနဲ့ ဤဆောင်းပါးကို ဖွင့်လှစ် …

စကားချီး 

မြန်မာပြည်ခေတ်အဆက်ဆက် အုပ်ချုပ်တဲ့အစိုးရတွေရဲ့အပြုအမူ စနစ် မကျတာကို မနှစ်သက်ကြတဲ့ ပြည်သူ တွေက ဆန့်ကျင်အားထုတ် လာခဲ့ကြတာ နှစ်ပေါင်းကြာမြင့်နေပါပြီ။ အေဒီ ၁၉၄၇ ခုနှစ်ကာလထဲက အကြောင်းအရာတွေကို ပြန်လေ့လာရင် မြင်နိုင်ပါတယ်။ အဲဒီတုန်းက ဖဆပလအဖွဲ့ချုပ်ရဲ့ လူထုထောက်ခံ အားပေးမှုကို မနာလိုကြတဲ့ အင်အားစုတွေက ၁၉-ရ-၁၉၄ရ ရက်နေ့မှာ အတွင်းဝန်ရုံးထဲမှာ လုပ်ကြံမှု ဖြစ်ပွားခဲ့ကြတယ်။ အဲဒီလုပ်ကြံမှုကြောင့် ပဲ တစ်နိုင်ငံလုံးမှာရှိကြတဲ့ ပြည်သူတွေ က တုန်လှုပ်ချောက်ချား သွားကြတာမကဘဲ တစ်ကမ္ဘာလုံး မှာရှိကြတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းတွေကပါ အထူးသဖြင့် အံ့ဩကြရတယ်။ ဒီအဖြစ်အပျက်ရဲ့ ဇာစ်မြစ်ကစပြီး မြန်မာ့နိုင်ငံရေးပဋိပက္ခ ဟာ ယနေ့ (ယခု) တိုင်အောင် ဆန့်ကျင် တဲ့ အင်အားစုရှိနေကြတုန်းပါပဲလို့ ဆိုပါ ရစေ။ (ရှိနေကြဆဲပါပဲ။)

သက်သေရှိ

မြန်မာပြည်ဟာ တိုင်းရင်းသားများ နေထိုင်တဲ့ ပြည်နယ်ဒေသနဲ့ ပြည်မတိုင်းဒေသကြီးတွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေဟာ (တောင်ပေါ်၊ မြေပြန့်တွေဟာ) နယ်ချဲ့တဲ့ အင်္ဂလိပ်ကိုလိုနီအစိုးရက သွေးခွဲခဲ့တဲ့ နိုင်ငံရေး စနစ်နဲ့ အုပ်ချုပ်ခဲ့တယ်လို့ ဆိုပြီးတော့ နိုင်ငံရေးလှုပ်ရှားကြတဲ့သူတွေက ယူဆခဲ့ကြတယ်။ တိုင်းရင်းသားအများစုက တော့ အဲဒီအချက်ကို မယုံကြည်ကြပါ ဘူး။ ဘာကြောင့်လဲဆိုရင် အက်တလီ စာချုပ်ချုပ်ဆိုတဲ့စာ (သမိုင်းစာချုပ်) ချုပ် ကို လေ့လာရင် မြင်နိုင်ပါတယ်။ တိုင်းရင်းသားတွေ ကန့်ကွက်မှုလုပ်ခဲ့ပေမယ့် အဆုံးမှာ ပြေလည်သွားကြတာပါပဲ။ အဲ ဒီစာချုပ်ထဲမှာ လုံးဝ (လုံးဝ) သဘောမတူဘဲ ကန့်ကွက်ခဲ့တဲ့ မှတ်ချက်ရေးထားခဲ့တဲ့သူတွေက ဘယ်သူတွေပါလဲဆိုတာကို သမိုင်း (မြန်မာ့) ကို လေ့လာကြတဲ့သူ တွေ အသိဆုံးပါပဲ။

အက်တလီစာချုပ်ရဲ့ အနှစ်သာရ

အဲဒီစာချုပ်အရ(အက်တလီစာချုပ် အရ)ဧပြီလ၊ ၁၉၄၇ မှာ တိုင်းပြုပြည် ပြုရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ အချက်က အဓိကပါပဲ။ ရွေးကောက်ပွဲ ရလဒ်က ဖြစ်ပေါ်လာမယ့် အစိုးရအဖွဲ့ကို (ကြားဖြတ်အစိုးရအဖွဲ့ကို) အခွင့်အာဏာပေးဖို့၊ ဗမာ့တပ်မတော်ကို မြန်မာအစိုးရ ကပဲ တိုက်ရိုက်အုပ်ချုပ်ဖို့၊ ကိုယ်ပိုင်ဘဏ္ဍာရေးကို စီမံခွင့်ပေးဖို့၊ တိုင်းရင်းသားတွေကို မြန်မာပြည်မကြီးနဲ့ပူးပေါင်း လို၊ မလို ဆန္ဒရယူရေးအတွက် ညီလာခံတစ်ရပ် ကျင်းပပေးဖို့ဆိုတဲ့ ဒီ အချက်တွေဟာ အက်တလီစာချုပ်ရဲ့အထူးအနှစ်သာရပါပဲ။ ဒီလိုအချက်အလက်တွေ ပါရှိနေတာကို အဲဒီခေတ်ကသဘောမတူ၊ မကျေနပ်၊ ကန့်ကွက်ခဲ့ကြတဲ့သူတွေက အဲဒီစာချုပ်ထဲမှာ သူတို့တွေ လက်မှတ် ဘယ်လိုရှိနေကြသလဲဆိုတာကို လေ့လာကြည့်ပါ။ မြင်နိုင်ကြပါတယ်မဟုတ်လား။ 

ပြည်ထောင်စုစာချုပ်လား၊ ပင်လုံစာချုပ်လား

အဲဒီစာချုပ် မချုပ်ဆိုပီ တိုင်းရင်း သားအားလုံး ပူးပေါင်းညီညွတ်မှုရှိနေ ကြောင်း အေဒီ ၁၉၄ရ ခုနှစ်၊ ဖေဖော် ဝါရီ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ညီလာခံ ကျင်းပခဲ့ကြတယ်။ အဲဒီအစည်း အဝေးကြီးမှာ တက်ရောက်လာခဲ့ကြတဲ့ တိုင်းရင်းသားအားလုံးဟာ ၁၂-၂- ၁၉၄ရ ရက်နေ့မှာ တိုင်းရင်းသားကိုယ် စားလှယ် အားလုံးတို့က ပြည်ထောင်စု တစ်ဝှမ်းလုံးမှာ တစ်စုတစ်စည်းတည်း နေထိုင်ကြမယ်ဆိုတဲ့ ဆန္ဒနဲ့ ပင်လုံမြို့ ကို ကိုယ်စားပြုပြီး ပင်လုံစာချုပ်လို့ အမည်တပ်ထားပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံး အညီအညွတ် စုပေါင်းစာချုပ် ချုပ်ဆိုကြပါတယ်။

အမှန်တော့ တိုင်းရင်းသားများ စုပေါင်းညီညွတ် ရေး ညီလာခံကို ကျင်းပခဲ့တာဖြစ်နေတာ ကြောင့် ‘ပြည်ထောင်စုစာချုပ်’လို့ သတ်မှတ် ခေါ်ဝေါ်သင့်ပါတယ်။ ဘာကြောင့် ‘ပင်လုံစာချုပ်’လို ခေါ်ဆိုခဲ့ကြသလဲဆိုတာကိုတော့ ဒီအကြောင်းအရာတွေကို လေ့လာကြတဲ့သူတွေကပဲ သိကြမှာပါ။

၁၉၄ရ ခုနှစ် အခြေခံဥပဒေ 

တိုင်းရင်းသားများ အထူးညီလာခံ ကျင်းပကြတဲ့အချိန်မှာ ဘယ်သူတွေက သဘောမတူညီ ကြသလဲ ဆိုတဲ့အချက် က အဲဒီခေတ်က ဆန့်ကျင်နေတဲ့ အင်အားစုဝင်တွေ ရှိခဲ့ပါတယ်။ အဲဒီစာချုပ်ချုပ်ဆိုပြီးလို့ အင်္ဂလိပ်အစိုးရကိုယ်တိုင်က အဲဒီစာချုပ်ကို (ပင်လုံမှာထိုးသော စာချုပ်ကို) အသိအမှတ် ပြုကြောင်း (သဘောတူကြောင်း) အတိအလင်းကြေညာခဲ့တယ် မဟုတ်လား။ စာချုပ်ချုပ်ဆိုပြီးလို့ ဧပြီလရောက်တဲ့အခါ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ ကျင်းပခဲ့တယ်မဟုတ်လား။ အဲဒီအချိန်က ဖဆပလအဖွဲ့ချုပ်က ၉၅ ဒသမ ၃ ရာခိုင်နှုန်း အနိုင်ရခဲ့တယ်ဆိုတာကို လူတိုင်းအသိပါပဲ။ မေလရောက်တဲ့အခါ ဖဆပလ ပထမညီလာခံကို ရန်ကုန်မြို့ရှိ ဂျူဗလီဟော(ခန်းမ)မှာ ကျင်းပခဲ့တယ်။ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူလပထမ မြန်မာနိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ) ကို ရေးဆွဲပြဋ္ဌာန်းခဲ့ကြတယ် မဟုတ်လား။ အဲဒီနှစ် ဇွန်လ ဒုတိယပတ်မှာ တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးကို ကျင်းပကြပြီး မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်း (၁၉၄ရ ခုနှစ်အခြေခံဥပဒေ)ကို တင်သွင်းခဲ့တယ် မဟုတ်လား။ ၂၄-၉-၁၉၄ရ ရက်နေ့ရောက်မှ တိုင်းပြည်ပြည်ပြု လွှတ်တော်ကျင်းပပြီးစီးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လက်ခံအတည်ပြုကြတယ်ဆိုတဲ့ အကြောင်း သမိုင်းစာမျက်နှာမှာ အထင် အရှားရှိခဲ့ပါတယ် မဟုတ်လား။ 

တိုင်းရင်းသားတွေ သိပါတယ် 

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲနေကြတဲ့အချိန်က ရေးဆွဲတဲ့အဖွဲ့ တွေထဲမှာ ဘယ်တိုင်းရင်းသားတွေ ပါဝင်ခဲ့ပါသလဲ။ လေ့လာမိကြပါရဲ့လား။ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်မှာ ၆ လနဲ့ အပြီးသတ်အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တယ်ဆိုတဲ့ အချက်ကိုထောက်ရင် သဘောရိုးသောဥပဒေတစ်ရပ် ဟုတ်နိုင်ပါရဲ့လား။ အဲဒီတုန်းက တိုင်းရင်းသား ခေါင်းဆောင်တွေက လျှို့ဝှက်ဖွဲ့စည်းထားခဲ့တဲ့ ဖဆပလခေါင်းဆောင်တွေကို ဘယ်လိုမြင်နေကြသလဲဆိုတာကိုကော လေ့လာမိကြပါရဲ့လား။ တိုင်းရင်းသားတွေဟာ မိမိတို့ရဲ့ ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေးအတွက်ကို အေဒီ ၁၉၃၉ ခုနှစ်ကာလအတွင်း တိုင်းရင်းသားတွေ လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့အကြောင်းကို ပြန်လေ့လာကြည့်ပါ။ နယ်ချဲ့သူတွေက တစ်မျိုး၊ ဖက်ဆစ်သူတွေကတစ်မျိုး၊ တိုင်းပြည်လှည့်ကွက်ချင်တဲ့သူတွေက တစ်မျိုးနဲ့ တိုင်းရင်းသားတွေဟာ နည်းပေါင်းစုံနဲ့ အလိမ်အညာခံခဲ့ရတယ်ဆိုတဲ့ အချက်တွေဟာ တိုင်းရင်းသားတွေအကုန်လုံး နားလည်ကြပါတယ်။ 

၁၉၄၅ ခုနှစ် သြဂုတ်လ အစည်းအဝေး 

အေဒီ ၁၉၄၄ ခုနှစ်၊ သြဂုတ်လမှာ ဂျပန်ကို တော်လှန်ဖို့နဲ့ ပြည်သူ့ဘဝ အကျပ်အတည်းအားလုံး လွတ်မြောက် ဖို့ဆိုတဲ့ ရည်ရွယ်ချက်ထားတဲ့ တစ်နည်းလွတ်လပ်သော မြန်မာနိုင်ငံအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထု အကူအညီနဲ့ ရေးဆွဲကြဖို့ ကြိုးပမ်းအားထုတ်ကြတဲ့အချိန်က လူနည်းစုတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုတဲ့ ထုတ်ဖော်ပြောဆိုထားခဲ့ကြတဲ့ ကတိစကား တွေဟာ ယနေ့လူနည်းစုတွေများဖြစ်ကြတဲ့ တိုင်းရင်းသားတွေအတွက် ဘာတွေများ လုပ်ပေးနိုင်ခဲ့ကြပါပြီလဲ ဆိုတာကို အားလုံးအသိပါပဲ။ အေဒီ ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ တဲ့ အစည်းအဝေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ပြန်လေ့လာကြည့်ပါ။ ဘာတွေသဘောတူညီခဲ့ကြပါသလဲဆို တာ သမိုင်းအထောက်အထား ရှိခဲ့ကြတယ်။ 

ပြည်သူတွေအသိ 

ဖက်ဆစ်ဂျပန်တွေ မြန်မာနိုင်ငံ ကနေ ထွက်ခွာသွားပြီးတဲ့အခါ စစ်ပြီး ခေတ် မြန်မာပြည်ကို အင်္ဂလိပ်နယ်ချဲ့ တွေက စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့ပြန် တယ်။ စစ်အုပ်ချုပ်ရေးကို မနှစ်သက် ကြတဲ့ တိုင်းရင်းသားပြည်သူလူထုတွေ က ၁၉ သြဂုတ် ၁၉၄၅ ရက်နေ့ ဗဟန်း နေသူရိန်ရုံမှာ စုစည်းပြီး (အစည်းအဝေး ကျင်းပကြပြီး) ကန့်ကွက်ခဲ့ကြတယ်။ ကန့်ကွက်လို့ ၁၉၄၅ ခုနှစ် အောက်တို ဘာလ ၁၅ ရက် (၁၅-၁ဝ-၁၉၄၅) ရက် နေ့မှာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းခဲ့တယ်။ တိုင်းပြည်ထဲကနေ မထွက်မခွာလိုတဲ့ နယ်ချဲ့တွေက စက္ကူဖြူစာတမ်းနဲ့ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ဖို့ ကြိုးစားခဲ့ပြန်တယ်မဟုတ်လား။ လွတ်လပ်သော မြန်မာပြည် တောင်းဆိုသောဆန္ဒနဲ့ ဇွတ်တိုးပြီး အုပ်ချုပ်ဖို့ ကြိုးစားတဲ့ ဗြိတိသျှတွေရဲ့ သဘောထားဟာ ဘယ်လိုများဆန့်ကျင်နေကြသလဲဆိုတာ ပြည်သူတွေအသိပါပဲ။ ဘုရင်ခံလုပ်တဲ့သူနဲ့ ပြည်သူလူထုကို ကိုယ်စားပြုကြတဲ့ ဖဆပလအဖွဲ့ကြီးတွေက သဘောထားတွေကွဲလွဲကြတယ်။ အုပ်ချုပ်ရေးအပိုင်းမှာ သဘောထားကွဲကြလို့ပါပဲ။ နောက်ဆုံး ၁၉၄၆ ခုနှစ် မတ်လနောက်ပိုင်း ရောက်တဲ့အခါ မြန်မာပြည်အခြေအနေဟာ တင်းမာပြီး ဆိုးရွားလာတယ် မဟုတ်ပါလား။ 

ဘုရင်ခံတင်ပြခဲ့ 

ဗြိတိသျှပါလီမန်ဘက်က မြန်မာ နိုင်ငံရေးကို နားလည်ကြတဲ့သူတွေက ဒီလိုသဘောထားကွဲလွဲမှုမျိုးဟာ မဖြစ်သင့်ကြောင်း၊ မသင့်လျော်ကြောင်း၊ ဖဆပလဟာ လူထုရဲ့ ထောက်ခံမှုကိုရရှိနေကြောင်း၊ တစ်နေ့တခြား ဆိုးရွားလာတဲ့ လက်ရှိအခြေအနေကို ဖဆပလတာဝန်ရှိကြတဲ့သူတွေကိုသာ အားပေးသင့်ကြောင်း၊ နိုင်ငံရေးပြဿနာကို စီးပွားရေးထူထောင်ပြီးတဲ့အထိ စောင့်ဆိုင်းဖို့ မနေသင့်ကြောင်း ဗြိတိသျှပါလီမန် မှာ အဆိုတင်သွင်းခဲ့တယ်။ အမတ်အချို့ က (ဗြိတိသျှပါလီမန်) ဘုရင်ခံကို ပြစ် တင်ပြီး အစိုးရမူဝါဒကိုလည်း ဝေဖန်ခဲ့ ကြတယ်။ အဲဒီလိုနဲ့ပဲ ဗြိတိသျှအစိုးရဟာ မြန်မာပြည်ကို ယခင်မူဝါဒအတိုင်းဆက် လက်၍ အုပ်ချုပ်ဖို့ မဖြစ်နိုင်တော့ကြောင်း သိလာကြတဲ့အခါ ဘုရင်ခံကို ဆွေးနွေး ဖို့ ဗြိတိန်ကို ခေါ်လိုက်တယ်။ ဩဂုတ် လမှာ ဘုရင်ခံ နုတ်ထွက်ပြီး သူ့နေရာ ကို ဘုရင်ခံ(ဟူးဗတ်ရန့်စ်)တစ်ယောက် ခန့်အပ်လိုက်တယ်။ ဘုရင်ခံဖြစ်သူက မြန်မာနိုင်ငံရေးကို နားလည်ထားသူမို့ သူ မြန်မာပြည်ကို သူမလာခင်က နန်း ရင်းဝန်နဲ့ဆွေးနွေးခဲ့တယ်။ မြန်မာ့နိုင်ငံ ရေးအကျပ်အတည်းကို လမ်းသုံးသွယ် (နည်းလမ်းသုံးခု)နဲ့ တင်ပြခဲ့တယ်။ 

၁။ ဖဆပလရဲ့ တောင်းဆိုချက် အချို့ သို့မဟုတ် အားလုံးကို လိုက် လျောဖို့၊
၂။ ဖဆပလအဖွဲ့မပါဘဲ ညွန့်ပေါင်း အစိုးရဖွဲ့ဖို့နဲ့၊
၃။ ဖဆပလအဖွဲ့ချုပ်အချိုးကို လိုက်လျော၍ ဖဆပလအဖွဲ့ဝင်အများစု ပါဝင်သော ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ ဆိုတဲ့ အချက်ပါပဲ။

ဆက်ရန်

 434 total views

Categories
စကားလက်ဆောင်

။ ငါတို့နေရာ ပြည်မြန်မာ သည် ။

။ ငါတို့နေရာ
ဤကမ္ဘာသည်
မေတ္တာကင်းကွာ နေကြပြီ။

။ ငါတို့နေရာ
ဤကမ္ဘာသည်
မေတ္တာနုနု လိုနေပြီ။

။ ငါတို့နေရာ
ပြည်မြန်မာသည်
( ဘေးရန်, အနာ
ဆင်းရဲကွာ
ချမ်းသာကိုယ်စိတ်
မြဲပါစေ။)
သာယာငြိမ်းချမ်း လိုနေပြီ။

ဘုန်းသစ်ထူး
(၁၀.၁၂.၂၀၂၂) ရက်နေ့။

 2,855 total views

Categories
စကားလက်ဆောင်

။ နှုတ်ဆက်တော့မယ် ။

။ များမကြာမီ
၂၀၂၂ ခုနှစ်က
ငါတို့ကို နှုတ်ဆက်တော့မယ်။

။ ငါတို့သည်လည်း
၂၀၂၂ ခုနှစ်ကို
စွန့်ခွာရတော့မယ်။

။ ၂၀၂၂ ခုနှစ်မှာ
အကောင်း,အဆိုး
အခက်အခဲ
ဆင်းရဲချမ်းသာ
အဖြာဖြာတွေကို
မေ့ကျန်လပ်ခဲ့ရတော့မယ်။

။ မေ့ကျန်လို့မရတဲ့
အရာခပ်သိမ်းတွေက
အမေ့တွေ
မေ့နေလို့မရတဲ့
အတွေ့တွေပါ။

။ မေ့များမေ့လို့မရတဲ့
အမေ့တွေ
နေ့နေ့ညည
မေ့မရနိုင်တဲ့
အတွေ့အမေ့တွေ
၂၀၂၂ ခုနှစ်ထဲမှာ
မေ့ထားလိုက်ရတော့မယ်။

။ အဟောင်းအတိတ်တွေဆီက
အကြောင်းအရိပ်တွေ
ဆက်စပ်အားကောင်းနေတဲ့
အကျိုးပုံရိပ်တွေ
တိတ်တိတ်လေးနဲ့
ငါတို့ကို နှုတ်မဆက်တယ်။

။ အနာဂတ်ကာလ
အသစ်အသစ်ဘက်ကို
ဘဝင်အသစ်စိတ်နဲ့အတူ
ပြိုင်တူနဲ့ဆက်ရဦးမယ်။

။ အတိတ်ဆီကအနှစ်ရယ်
ပစ်စက်ခဘဝထဲက
အသစ်အသစ်ထဲက
အနှစ်အနှစ်ရယ်
နှုတ်ဆက်ထားပေမင့်
ထာဝရနယ်
ဘဝနယ်နဲ့
နွယ်ဆက်သစ်တွေရှိကြဦးမယ်။

။ နှစ်ဦးညွှတ်တော့မယ့်
သည်နှစ်ကို
အဖြစ်ကူးရတော့မယ့်
နှစ်သစ်ကို
​ရွှင်ပျမြူးမြူးလေးနဲ့ပဲ
ကူးခပ်ရတော့မယ်မဟုတ်လား။

။ ဘဝလှေ
ဘဝရေ
ငါတို့တွေ
ကူးခပ်နိုင်ကြပါစေလေ။

​ဘုန်းသစ်ထူး
(၁.၁၂.၂၀၂၂) ရက်နေ့။

 2,831 total views

မဟာပညာသို့ဝင်ခဲ့ပါ။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းစုံဖတ်ရှု့ရန်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းစုံဖတ်ရှု့ရန်
မဟာပညာသို့ဝင်ခဲ့ပါ။