Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၂)

အဲးခိုး

အတွဲ(၁၁)၊ အမှတ်(၃၉)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ ပြာသိုလဆန်း ၂၊ ၂၃-၁၂-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက်)

“ကရင်အမျိုးသားတို့နှင့် သက်ဆိုင်သောကိစ္စများတွင် ပြည်ထောင်စုအစိုးရအား ကူညီအကြံပေးရန် ‘ကရင်ရေးရာအဖွဲ့’ တစ်ခုကို ဖွဲ့စည်းရမည် ဆိုပေမယ့် ဖွဲ့စည်းထားပေးတဲ့ ‘ကရင်ရေးရာအဖွဲ့ ရဲ့ ကူညီအကြံပြုချက်တွေကို နိုင်ငံရေးနည်းစနစ်ကျကျ အကြံပြုချက်ပေးနေပေမယ့် ဘာဆိုဘာမှ အရေးမစိုက်ဘဲ ဖြစ်နေခဲ့တာတွေဟာ ဘယ်အဖွဲ့ချုပ်ရဲ့ အမှားတွေလဲ …

ဘုရင်ခံဆန္ဒသဘောထား 

အဲဒီအချက်သုံးချက်ထဲက ဘုရင်ခံက တတိယ (နံပါတ်-၃) အချက်ကို (နည်းလမ်းကို) ရွေးယူဖို့ဆုံးဖြတ်ထား တယ်။ ဘုရင်ခံဟာ မြန်မာပြည်ကိုရောက် လာပြီး စက်တင်ဘာ ၂ ရက်နေ့မှာ ရန်ကုန်မြို့ မြို့တော်ခန်းမမှာ မိန့်ခွန်းပြောပါတယ်။ သူရဲ့ ဆန္ဒသဘောထားကို ခုလိုပဲ လိုရင်းကိုပြောခဲ့ပါတယ်။ 

‘အကျွန်ုပ်ရဲ့ အမှုဆောင်(ဝန်ကြီး) အဖွဲ့ဟာ အဖွဲ့ဝင်တွေအဖြစ် လူထုရဲ့ လေးစားမှုနဲ့ ယုံကြည်မှုကို ရရှိသည့် ပုဂ္ဂိုလ်များ ပါဝင်စေလိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ လူထုကိုယ်စားလှယ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းတဲ့ အဖွဲ့အဖြစ်အနေနဲ့ မြင်တွေ့လိုပါတယ်’။ 

အားလုံးနုတ်ထွက် 

ဘုရင်ခံရောက်လာပြီးတဲ့နောက် စက်တင်ဘာလ ဒုတိယအပတ်မှာ ဆန္ဒပြကြတဲ့ အထွေထွေသပိတ်ကြီးက ပိုပြီး ကျယ်ပြန့်လာတယ်။ ဒီသပိတ်ဟာ ပုလိပ် ရဲဘော်တွေက စတင်ခဲ့တာဖြစ်လို့ စာတိုက်နဲ့ ကြေးနန်းအလုပ်သမားတွေ၊ မီးရထားအလုပ်သမားတွေ၊ အစိုးရဌာနဆိုင်ရာ စာရေးတွေ၊ ကျောင်းအသီးသီးမှ ဆရာဆရာမတွေ သပိတ်မှောက်ခဲ့ ကြတယ်။ အထွေထွေသပိတ်ကြီးကြောင့် နိုင်ငံတော်အုပ်ချုပ်ရေးတွေဟာ တဖြည်းဖြည်းယိုယွင်းလာတယ်။ တိုင်းပြည် ပြန် လည်ထူထောင်ဖို့ အတွက်လည်း အမျိုးမျိုးထိခိုက်လာနေတော့ ဘုရင်ခံရဲ့လက်ရှိ (ဝန်ကြီး) အဖွဲ့ဟာ နိုင်ငံရေးအကျပ် အတည်းကို ဖြေရှင်းဖို့ မတတ်နိုင်တော့ဘဲ အားလုံးနုတ်ထွက်လိုက်ကြရတယ်။ ဒီလို အထွေထွေသပိတ်ကြီး ဖြစ်လာခဲ့ရတာဟာ အဲဒီခေတ်က ဖဆပလအဖွဲ့ ချုပ်ကို မကြေနပ် (မကျေနပ်) နိုင်ကြတဲ့ ဆန့်ကျင်သူ လူတစ်စုတွေက လှုံ့ဆော်တဲ့ ကိစ္စပါပဲ။

တောင်းဆိုချက်(၄)ချက် 

ဘုရင်ခံသစ်က အေဒီ ၁၉၄၆ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့မှာ ဘုရင်ခံ အမှုဆောင်(ဝန်ကြီး)အဖွဲ့သစ်ကို ပြန်ဖွဲ့စည်းလိုက်တယ်။ နိုဝင်ဘာလရောက်တဲ့ အခါ ဖဆပလအဖွဲ့ချုပ်က ဗြိတိသျှ အစိုးရထံကို – 

၁။ မြန်မာနိုင်ငံအား ၁၉၄ရ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့မှ တစ်နှစ်အတွင်းလွတ်လပ်ရေးပေးရန် 
၂။ ဘုရင်ခံကျင့်သုံးနေသော အာဏာများကို အမှုဆောင်(ဝန်ကြီး) အဖွဲ့သို့ လွှဲအပ်ရန်၊ အမှုဆောင်(ဝန်ကြီး) အဖွဲ့သည် အမျိုးသားအစိုးရအဖွဲ့အသွင် ကူးပြောင်းရန် 
၃။ ဧပြီလတွင် ဥပဒေပြုလွှတ် တော်အတွက်မဟုတ်ဘဲ တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ရွေးကောက်ပွဲများ ကျင်းပပေးရန် 
၄။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံအတွက် ချမှတ်ထားသော စီမံကိန်းများကို ပြန်လည်စစ်ဆေးဖို့ သဘောတူရန်

ဆိုတဲ့ တောင်းဆိုချက် လေးချက်ကို တောင်းဆိုခဲ့ပါတယ်။ 

ဧပြီလရွေးကောက်ပွဲ (၁၉၄၇) 

မြန်မာပြည်သူတွေရဲ့ တောင်းဆို ချက်အပေါ်ကို ဗြိတိသျှအစိုးရက ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်နေ့မှာ နန်းရင်းဝန်ကိုယ်တိုင်က ဗြိတိသျှပါလီမန်မှာ မြန်မာနိုင်ငံသို့ အာဏာလွှဲပြောင်း ပေးရေးကိစ္စတွေကို ဗြိတိသျှအစိုးရအဖွဲ့ နဲ့ စေ့စပ်ညှိနှိုင်း၍ အသေးစိတ်ဆွေးနွေး ဆုံးဖြတ်ဖို့အတွက် မြန်မာနိုင်ငံက ကိုယ်စားလှယ်တော်အဖွဲ့တစ်ဖွဲ့ကို လန်ဒန်သို့ ဖိတ်ခေါ်ဖို့ စဉ်းစားထားရှိခဲ့ပါကြောင်း ထုတ်ဖော်ကြေညာခဲ့တယ်။ အဲဒီကြေညာချက်အတိုင်းပဲ မြန်မာကိုယ်စားလှယ် အဖွဲ့က ၁၉၄ရ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ အင်္ဂလန်ကို ထွက်ခွာသွားကြပါတယ်။ အင်္ဂလန်ရောက်ပြီးလို့ ကိုယ်စားလှယ်အဖွဲ့ဟာ ဗြိတိသျှနန်းရင်းဝန်ကိုယ်တိုင် ခေါင်းဆောင်တဲ့ ဗြိတိသျှ မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံကို အာဏာလွှဲပြောင်းရေးကိစ္စ ဆွေးနွေးကြတယ်။ ဆွေးနွေး ပြီးတဲ့နောက် ၁၉၄ရ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့မှာ စာချုပ် လက်မှတ် ရေးထိုးထားကြပါတယ်။ စာချုပ်အရ ၁၉၄ရ ခုနှစ်၊ ဧပြီလအတွင်း မြန်မာတစ်ပြည်လုံးမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ ဖဆပလအဖွဲ့ချုပ်က ၉၅.၃ ရာခိုင်နှုန်း အနိုင်ရခဲ့တယ်။

လူမျိုးစုပြဿနာအစ 

အနိုင်ရတဲ့ ဖဆပလအဖွဲ့ချုပ်ဟာ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး ကို ၁၉၄ရ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ ခေါ်ယူဖို့ စီစဉ်ထားပါတယ်။ အဲဒီအချိန် မတိုင်မီ (မတိုင်ခင်) ဖဆပလ အဖွဲ့ချုပ် ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့အတွက် မေလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပထမအဆင့် ပဏာမ ပြင်ဆင်မှု ညီလာခံကြီး ကျင်းပခဲ့ပါတယ်။ (ဂျူဗလီဟောတွင် ကျင်းပ)။

အဲဒီညီလာခံကျင်းပတဲ့ မေလ ၂ဝ ရက်နေ့ ရဲ့ ဆွေးနွေးဝေဖန်လိုက်တဲ့ စကားတွေကြောင့် မြန်မာပြည်ရှိ ဌာနေတိုင်းရင်းသားများရဲ့ မပေးနိုင်တဲ့ အခွင့်အရေး စကားတွေ၊ လူမျိုးနဲ့ဆိုင်တဲ့ မသတ်မှတ်တဲ့ အယူအဆတွေ၊ ရပိုင်ခွင့်၊ ပြဋ္ဌာန်းခွင့် နဲ့ဆိုင်တဲ့ စကားတွေ တိတိပပကြားရတော့ တိုင်းရင်းသားတွေဟာ အဲဒီအချိန်ကစပြီး နိုင်ငံရေးပြဿနာ စတင်ခဲ့ကြတယ်လို့ပဲ သမိုင်းအထောက်အထားအရ သိရတယ်။

(တိုင်းရင်းသားလူမျိုးများ အရေးနှင့် ၁၉၄၇ အခြေခံဥပဒေတွင် လေ့လာရန်။)

ပြဿနာညီလာခံ 

လူမျိုးကြီး လူနည်းစုနဲ့ပတ်သက်တဲ့ စကားတွေအမျိုးမျိုးကြားရတဲ့ တိုင်းရင်းသားတွေဟာ မူလရည်ရွယ်ထားကြတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် စိတ်ပျက်သွားကြပါတယ်။ လူနည်းစု တိုင်းရင်းသားတွေအတွက် အမျိုးသား ပြည်ထောင်စုကြီး ဖွဲ့စည်းဖို့ အဆိုပြု ထားကြပေမယ့် စစ်မှန်တဲ့ အခွင့်အရေးတွေ မပေးနိုင်ဘူးဆိုပြီးတော့ အသေအပေါက်ငြင်းဆိုခံရတယ်။

နောက်ပိတ်ဆုံး အမျိုးသားပြည်ထောင်စုမဟုတ်သော ပြည်ထောင်စုကို လူနည်းစုတိုင်း ရင်းသားတွေက ဘာမှအကျိုးကောင်း ရပိုင်ခွင့်မရှိနိုင်တော့ဘူးဆိုတာကို သိကြတဲ့အခါ ဖဆပလအဖွဲ့ချုပ်အပေါ်မှာ ယုံမှားသံသယတွေ စဖြစ်လာခဲ့တယ်။ ဒါဟာ နိုင်ငံရေးသမိုင်းအရ ပထမဦးဆုံး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တားဆီးပိတ်ပင်ခဲ့တဲ့ သမိုင်းအထောက် အထားပါပဲ။ ဒီကိစ္စကြောင့် ယနေ့ (၂၀၂၁ ခုနှစ်)ကာလတိုင်အောင် အာဃာတ၊ ပဋိပက္ခတွေ မပြီးဆုံးနိုင်ဘဲ ရှိနေဆဲပါပဲ။

ကုန်ကုန်ပြောရရင် မြန်မာပြည် နိုင်ငံရေး ပဋိပက္ခအစဟာ ဖဆပလအဖွဲ့ချုပ်ရဲ့ ပဏာမပြင်ဆင်ချက် ညီလာခံက စတင် ခဲ့တယ်လို့ပြောရင် မမှားပါဘူး။ တိုင်းရင်းသားတွေရင်ထဲမှာ ယနေ့ချိန်ထိ မမေ့ကြဘဲ ရှိနေပါသေးတယ်။

အဆိုပြုချက် ၁၄ ချက် 

ပဏာမပြင်ဆင်မှုညီလာခံကို ငါးရက်တိတိ ကျင်းပလို့ ပြီးသွားတဲ့အခါ (၂၃ ရက် မေလ) နောက်ဆုံးရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနဲ့ ယင်းအခြေခံဥပဒေရဲ့ သဘောထားတွေဖြစ်ကြတဲ့ အဆိုပြုချက် ၁၄ ချက်ကို အတည်ပြု ပြဋ္ဌာန်းခဲ့ကြတယ်။ အဆိုပြုချက် ၃၊ အပိုဒ် (၁)အရ 

၁။ ပထဝီအနေအထားအရ နယ်နိမိတ် အထင်အရှားရှိခြင်း 
၂။ မြန်မာစကားနှင့် မတူသော ဘာသာစကားတစ်မျိုးတည်းရှိခြင်း 
၃။ ယဉ်ကျေးမှုတစ်မျိုးတည်း ရှိခြင်း 
၄။ ရာဇဝင်အစဉ်အလာ တစ်မျိုးတည်းရှိသော လူစုရှိခြင်း 
၅။ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း 
၆။ လူဦးရေအတော်အတန်ရှိခြင်း 
၇။ ပြည်ထောင်စုအဖွဲ့ဝင် သီးခြား ဒေသတစ်ခုအဖြစ်ဖြင့် မိမိကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေလိုသော ဆန္ဒ ရှိခြင်း ဖြစ်ရင်(ဖြစ်ပါက) ‘ပြည်ထောင်စု ပြည်နယ်’၊ ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်’၊ ‘လူမျိုးစု ပြည်နယ်’ သတ်မှတ်ပေးမယ်

လို့ ဖဆပလ အမှုဆောင်အဖွဲ့ရဲ့အဆိုပြုချက်ထဲမှာ ပါဝင်နေပါရဲ့နဲ့ အဲဒီအဆိုပြုချက်အတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းပေးခဲ့ပါရဲ့လား ဆိုတာကို ပြန်လေ့လာကြည့်ပါ။ 

အဆိုပြုချက် အမှတ်ရ 

အဆိုပြုချက် အမှတ် ၇၊ အပိုဒ် (၁)အရ ဖြစ်တဲ့ တိုင်းရင်းသားလူနည်းစု တွေရဲ့ အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ 

၁။ လူတို့၏အခွင့်အရေး 
၂။ လူမျိုးနှင့် ယဉ်ကျေးမှုအခွင့်အရေး 
၃။ ယဉ်ကျေးမှုတွင် မိမိတို့၏စရိုက်အရ ပြဋ္ဌာန်းနိုင်ခွင့်နှင့်တကွ လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံနိုင်သော အခွင့်အရေး 
၄။ ဥပဒေပြုရေးအဖွဲ့တွင် ထိုက်သင့်သော ကိုယ်စားလှယ်ဦးရေ ပါဝင် နိုင်ရေးအတွက် (အခွင့်အရေးအတွက်) လွတ်လပ်စွာခံစားခွင့် (ခံစားနိုင်ခွင့်) ရှိရမယ်

လို့ အဆိုပြုထားကြပေမယ့် ဝန်ခံချက်ထားတဲ့ အတိုင်း ဘာမှမလုပ်ပေးနိုင်ပါဘူး။

အထူးသဖြင့် ကရင်အမျိုးသား အတွက်နဲ့ ပတ်သက်လို့ အဆိုပြုချက် အပိုဒ်(၂)အရ – 

“ကရင်အမျိုးသားတို့နှင့် ဆိုင်သော ကိစ္စများတွင် ပြည်ထောင်စု သက် အစိုးရအား ကူညီအကြံပေးရန် ‘ကရင်ရေးရာအဖွဲ့’ တစ်ခုကို ဖွဲ့စည်းရမည် ဆိုပေမယ့် ဖွဲ့စည်းထားပေးတဲ့ ‘ကရင်ရေးရာအဖွဲ့’ ရဲ့ ကူညီအကြံပြုချက်တွေ ကို နိုင်ငံရေးနည်းစနစ်ကျကျ အကြံပြု ချက်ပေးနေပေမယ့် ဘာဆိုဘာမှအရေး မစိုက်ဘဲ ဖြစ်နေခဲ့တာတွေဟာ .. ဘယ် အဖွဲ့ချုပ်ရဲ့ အမှားတွေလဲဆိုတာ ပြန်ပြီး လေ့လာကြည့်ပါ။ မြင်နိုင်ပါတယ်။ 

အဓိဋ္ဌာန်ကို လေးစားမြတ်နိုးရဲ့လား 

အဆိုပြုချက် ၁၄ အရ 

“ကျွန်ုပ်တို့ ချစ်မြတ်နိုးသော နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် တရားသဖြင့် ရသင့်ရထိုက်သည်လည်းဖြစ်၍ ဂုဏ်ကျက်သရေနှင့်လည်း ပြည့်စုံသော အဆင့်အတန်းကို ရရှိ၍ လူသတ္တဝါ … ခပ်သိမ်းတို့၏ အကျိုးစီးပွားကို တိုးတက်စေရန် မိမိ၌ တာဝန်ရှိသည်အလျောက် အစွမ်းကုန် အားထုတ်ဆောင်ရွက်ပြီး လျှင် ပြည်ထောင်စုအချင်းချင်း တရားမျှတမှုနှင့် လောကဝတ္တရားတို့ကိုထောက်ကာ … နိုင်ငံတို့နှင့် ချစ်ကြည်ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မည်ဟု ခိုင်မြဲသော အဓိဋ္ဌာန်ကို ပြုထားလေသည်”

လို့ ပါရှိနေပေမယ့် အဓိဋ္ဌာန်ပြုထားတဲ့ အတိုင်း ယနေ့(ယခု)ချိန်ထိ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ အကုန်အကုန် ဆုံးရှုံးခဲ့ရတာဟာ ဒီအဓိဋ္ဌာန်ကို တည်တည်ကြည်ကြည် မလေးစား မလိုက်နာလို့ပဲပေါ့။

ဝေဖန်ထားခဲ့ 

အဆိုပြုချက် ၁၄ ချက်ကို အကြောင်းပြုပြီး အခန်း ၁၄ ခန်းပါဝင် တဲ့ ၁၉၄ရ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပုဒ်မခွဲတွေမပါဘဲ ရေးဆွဲထားခဲ့တာတွေကို တွေ့ရတယ်။ ပုဒ်မခွဲ ၁၂၇ ခု ပါဝင်တဲ့ အရေးကြီးတဲ့ အခြေခံဥပဒေကို နံပါတ်မတပ်ထားဘဲ ရေးဆွဲတာဟာ ဥပဒေကို အကြံပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့ သတိမမီတဲ့ အားနည်း ချက်ပါပဲ။ အဲဒီတုန်းက တိုင်းရင်းသား လူနည်းစုအဖြစ်ဆိုပြီး ကရင်းတိုင်းရင်း သားတွေကို သတ်မှတ်ခံရတယ်။ (အခြား တိုင်းရင်းသားတွေဆိုရင်တော့ ပြောဖို့ မလိုတော့)။ အဲဒီခေတ်က (အဲဒီအချိန် က) အခြေခံမူကြမ်းကို တိုင်းရင်းသား အများစုက ထောက်ခံခဲ့ကြပေမယ့် နိုင်ငံရေးသမားကြီးတစ်ဦးက –

‘ဖဆပလအခြေခံမူကြမ်းမှာ များသောအားဖြင့် အိန္ဒိယနိုင်ငံ၊ တိုင်းပြည် ပြုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ပုံတူကူးခြင်းသာဖြစ်ကြောင်း၊ အချို့ အချက်အလက်များမှာလည်း ဆိုဗီယက်ယူနီယံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှ ကူးယူထားခြင်းဖြစ်ကြောင်း’ ပြောင်ပြောင်တင်းတင်း ဝေဖန်ထားခဲ့တယ်။

(ဆက်ရန်)

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၁) – မဟာပညာ (mahar.asia)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.