။ နံနက်ခင်းဩဝါဒကထာ (စကား) ။
။ အလိုမကျ တစ်ခဏကြောင့်
ဖြစ်ရအပါယ်သတိထား။
။ အသုံးမကျ တစ်ဘဝကြောင့်
နစ်ကျအပါယ်သတိထား။
။ အတည်တကျ ဖြစ်နေရကြောင့်
ပစ်ချအပါယ်သတိထား။
။ အမြဲမပြတ် ကျင်လည်ရကြောင့်
ဒုက္ခအပါယ်သတိထား။
။ အဆက်မပြတ် ခံစားရကြောင့်
ဝဋ်ခအပါယ်သတိထား။
။ အမျက်ဒေါသ မပယ်သတ်ကြောင့်
ဓမ္မအပါယ်သတိထား။
။ အရှက်ဘဝ ရခဲ့ရကြောင့်
လောကအပါယ်သတိထား။
။ အမက်လောက တပ်မက်ရကြောင့်
မာနအပါယ်သတိထား။
။ အဖျက်ဘဝ ပြုကြရကြောင့်
မုချအပါယ်သတိထား။
တောင်ကလေးဆရာတော်
(၁၃.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)
။ နံနက်ခင်းဩဝါဒကထာ (စကား) ။
။ ကောင်းကျိုးဆိုးကျိုး ကိုယ်သာရမည်။
။ လူအဖြစ် ဘယ်သူမှ မဖန်တီးပေးခဲ့။
။ ဆင်းရဲချမ်းသာ ဘယ်သူမှမဖန်တီးပေး။
။ ချစ်ခြင်းသနားခြင်းလည်း ဘယ်သူမှမပေး။
။ ဆင်းရဲကင်းအောင်လည်း ဘယ်သူမှမကယ်။
။ ပတ်သက်သည့်အတိုင်း ဖြစ်ရမည်။
။ လုပ်ခဲ့သည့်အတိုင်း ဖြစ်မည်။
။ သံသယအတိုင်း ရှိမည်။
။ မသိလေ ပိုလေဖြစ်မည်။
။ သိလေအေးမြလေ ရမည်။
။ မသိလေသမျှ ပတ်သက်ကုန်ဆုံးနိုင်မည်မဟုတ်။
။ ဆင်ခြင်သောဉာဏ် မြဲပါစေ။
တောင်ကလေးဆရာတော်
(၁၁.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)
။ နံနက်ခင်းဩဝါဒကထာ (စကား) ။
။ ငွေကြေးကြောင့် အသက်မလဲနှင့်။
။ လူမှုရေးကြောင့် အမည်းစက်မဖြစ်နှင့်။
။ နိုင်ငံရေးကြောင့် အာဏာမမက်နှင့်။
။ ကူညီရေးကြောင့် သနားမပျက်နှင့်။
။ တာဝန်ကြောင့် စိတ်ထားမပြောင်းနှင့်။
။ ပူပန်မှုကြောင့် အတွေးမလွန်နှင့်။
။ ရလိုမှုကြောင့် အပိုမလိုချင်နှင့်။
။ ညစ်နွမ်းမှုကြောင့် သီလမညစ်နှင့်။
။ ညှဉ်းဆဲမှုကြောင့် မေတ္တာမမဲ့နှင့်။
။ ပျက်ကွက်မှုကြောင့် ရိုသေမပျက်နှင့်။
။ သည်နေ့ အပြုံးမပျက်နေတတ်စေ။
တောင်ကလေးဆရာတော်
( ၁၀.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)
။ အိမ်ထောင်ကျတာ ကြာပြီ ဆိုပေမဲ့ သားသမီး မထွန်းကားတဲ့ အိမ်ထောင်သည်ဘဝကို ကောင်းကောင်း နားလည်ပေးနိုင်တယ်။
။ မစ္စတာ အာဘေးတို့စုံတွဲဟာ အိမ်ထောင်သက် ၃၄နှစ်မှာ ကလေးမရခဲ့ဘူး။ ဂျပန်လို မိသားစု ဦးစားပေးတဲ့နိုင်ငံမှာ သူတို့ နှစ်ယောက် ဘယ်လောက်များ ဖိအားပေးခံကြရမလဲ။
။ အာဘေးရဲ့ အဖိုး၊ အဖေက နိုင်ငံရေးသမား ထိပ်ထိပ်ကြဲကြီးတွေ။ အဖိုးက ဝန်ကြီးချုပ်ဟောင်း၊ အဖေက နိုင်ငံခြားရေးဝန်ကြီးဟောင်း။ သူ့ဇနီးဘက်က ဂျပန်ရဲ့ နာမည်အကြီးဆုံး ချောကလက် ကုမ္ပဏီတခု ကိုပိုင်တယ််။ ဒီတော့ နှစ်ဘက်လုံးက မျိုးဆက်လိုချင်ကြမယ်။
အနည်းနဲ့ အများ ဖိအားတွေ ပေးကြမှာပဲ။ ဒါပေမဲ့ မရတော့လည်း ဘယ်တတ်နိုင်မလဲ။
။ UP ဆိုတဲ့ ကာတွန်းကား ထဲက သားသမီးမရတဲ့ ဇနီးမောင်နှံ အကြောင်း ရိုက်ပြထားတဲ့ ဇာတ်လမ်းတိုလေးဆို လူတွေ မကြာမကြာ မျှဝေကြတာ တွေ့ရတတ်တယ်။ နှစ်ယောက်သား သွားချင်တဲ့ ခရီးကို အကြောင်းအမျိုးမျိုးကြောင့် မသွားကြရ။
နှစ်တွေလတွေ ကုန်ဆုံးပြီး အမယ်ကြီးက ရောဂါရပြီး ဆုံးတော့မှ အဖိုးကြီးလည်း မိန်းမနောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကိုယ့်အိမ်ကို မိုးပျံပူဖောင်းတွေ ချိတ်သွားတဲ့ ဇာတ်လမ်း။
။ ငယ်ငယ်က တောင်ကုန်းလေးပေါ် အတူတူ ပြေးတက်ရင် သူမက သူထက် ပိုမြန်မြန် တက်နိုင်တယ်၊ အသက်တွေ ကြီးလာတော့ တဖြည်းဖြည်းနဲ့ သူမက နှေးနှေးလာတယ် ဆိုတာလေး ကြည့်မိတိုင်း ရင်ထဲ ထိတယ်။
။ နှစ်ယောက်တည်းဘဝမှာ ဒါမျိုးလေးတွေက ပိုသိလာတယ်။
အစမရှိ အဆုံးမရှိ မေးခွန်းတွေကို ဖြေတတ်လာတယ်။ စကားမဆုံးခင် ဘာဆိုလိုချင်တယ် ဆိုတာကို နားလည်တယ်။
သူလမ်းလျှောက်နူန်းကို ချိန်တတ်လာတယ်။
။ ဘာပြီးရင် ဘာလုပ်တော့မယ် ဆိုတာ အလိုလိုသိနေတယ်။
စိတ်တူကိုယ်တူ ရူးရူးပေါပေါတွေ လုပ်ရင်းလည်း ကျေနပ်တတ်လာတယ်။
လတိုင်းနေမကောင်း ဖြစ်ရင် ဘယ်လို ပြုစုရင် အဆင်ပြေတယ် ဆိုတာ သိလာတယ်။
သူ့နားထင်က ဆံပင်ဖြူတွေကို ကြည့်ရင်းလည်း
ပြုံးတတ်လာတယ်။
။ မစ္စတာ အာဘေးရဲ့ နောက်ဆုံးနေ့လေးကို တွေးကြည့် မိတယ်။
ခါတိုင်းလိုပဲ မနက်စောစော ထကြမယ်။
အိမ်သူပြင်ပေးတဲ့ မနက်စာ အတူတူစားကြမယ်။
တခြားမြို့ကို သွားမဲ့ အိမ်သားအတွက် ခရီးဆောင်အိတ် ပြင်ပေးမယ်။
သူလိုအပ်မယ် ထင်တဲ့ ဆေးဝါး၊ အသုံးအဆောင်တွေ မကျန်ခဲ့အောင် ထည့်ပေးလိမ့်မယ်။
အိမ်သူကို ဂရုစိုက်ဖို့ အိမ်က ထွက်ခါနီး မှာမယ်၊ အိမ်သူကလည်း သွားလမ်းလာလမ်းသာပါစေလို့ အိမ်က အထွက်မှာ ဆုတောင်းပေးမယ်။
အနမ်းတပွင့်လည်း ပေးကောင်း ပေးလိမ့်မယ်။
။ သူဟာလည်း အဲဒီနေ့မှာ အိမ်ပြန်မလာနိုင်တော့ဘူးလို့ တွေးမိမှာ မဟုတ်သလို သူမဟာလည်း သူနောက်ဆုံး နုတ်ဆက်သွားတယ်လို့ တွေးမိမှာ မဟုတ်ဘူး။
သေခြင်းတရားဟာ အချိန်မရွေးလာနိုင်တယ်ဆိုတာ ယေဘူယျအားဖြင့် လူတိုင်းသိပေမဲ့ ဒီနေ့ဟာ နောက်ဆုံးနေ့ပဲလို့တော့ တွေးခဲကြတယ်။
မထင်မှတ်ဘဲ ခွဲကြရမယ်လို့ ကြိုသိနေရင် ဒီထက် ပိုပြီး သေသေချာချာ နုတ်ဆက်မိကြမှာ။
။ အခုတော့ တယောက်က တယောက်ကို အပြီးထားခဲ့ပြီ။ ဘယ်လောက်ပဲ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံပါစေ၊ ကျန်ခဲ့သူမှာ ဆက်နေရမဲ့ ဘဝတခုလုံး ကွက်လပ်ကြီးတခု ဖြစ်နေခဲ့မှာ။ သားသမီးအတွက် ငါဆက်ရှင်ရဦးမယ် ဆိုတာမျိုးလည်း မရှိတော့ ငါ သူ့နောက်လိုက်သွားရင် ကောင်းမလား ဆိုတဲ့ အတွေးရိုင်းမျိုးတောင် ဝင်လာမှာ။
နောက်ဆုံးတော့ ခွဲသွားသူအတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးပြီး UP ထဲကလို သူ့မလုပ်ဖြစ်ခဲ့ဆန္ဒလေးတွေ သူ့ကိုယ်စား လုပ်ပေးသွားမှာပါ။
။ ကိုယ်လည်း ဆုံးဖြတ်ထားပါတယ်။
နောက်ဆို ဘယ်လောက်တိုတဲ့ ခရီးဖြစ်စေ၊ လမ်းထိပ်မုန့်ထွက်ဝယ်ရင်တောင် သူ့ကိုတော့ အသေအချာ နုတ်ဆက်သွားမယ်လို့။ ဒါဟာ နောက်ဆုံး မဖြစ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ နေ့တိုင်းဟာလည်း နောက်ဆုံးနေ့တွေ ဖြစ်နိုင်တယ်။
မခွဲခွာခင် ချစ်ခင်သူတွေကို အသေအချာ နုတ်ဆက်နိုင်ကြပါစေ။
Credit to Saya Aung Moe
(ဒီနေ့ ဒီဆောင်းပါးကို ဖတ်ဖြစ်ပါသည်။)
(အဲးခိုး)(၉.၇.၂၀၂၁) ရက်နေ့။
<><><><><><><><><><><><><><>
မြန်မာရဟန်းတော်တွေ အနာဂတ်မှာ တွေ့ကြုံရမည့်
အခက်အခဲတွေကို ဖြတ်ကျော်ဖို့ အဆင်သင့်ဖြစ်နေပြီလား
အရှင်သိရီသုမင်္ဂလာသာမိ
(၁)
အမေရိကန်ရဟန်းတော်တစ်ပါးလည်းဖြစ်၊ ဗုဒ္ဓသာသာပညာရှင်တစ်ပါးလည်းဖြစ်တဲ့ ဘိက္ခုဗောဓိက လွန်ခဲ့တဲ့(၂၀၀၂)ခုနှစ်မှာ ထိုင်၀မ်နိုင်ငံံ၊ ဖူယန်ဗုဒ္ဓဘာသာတက္ကသိုလ် (Fuyen Buddhist Institute) မှာ ရဟန်းတော်တွေ၊ သီလရှင်တွေကို “The Challenge to the Samgha in the 21st Century- (၂၁)ရာစုမှာ သံဃာတော်တွေ ကျော်ဖြတ်ရမည့် စိန်ခေါ်မှု””ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောသွားခဲ့ပါတယ်။ အဲဒီဟောပြောချက်ထဲမှာ ရဟန်းတော်တွေ၊ သီလရှင် တွေရဲ့ ပညာရေး အခန်းကဏ္ဍနှင့်ပတ်သက်ပြီးတော့ သတိပေးထားတာတစ်ခုကို တွေ့ရပါတယ်။ အဓိပ္ပာယ် ပေါ်ရုံဖော်ပြရရင်တော့ ““သုတခေတ်ကြီးထဲမှာ နိုင်ငံ တစ်နိုင်ငံရဲ့ လူဦးရေအများစုဟာ တက္ကသိုလ်ပညာရေးတွေကို လေ့လာဆည်းပူးကြပါတယ်။ လူတွေဟာ အတိတ်ကာလကထက်ကို ပိုပြီးတော့ သတင်း အချက်အလက်တွေ၊ ဗဟုသုတတွေ၊ ပညာရပ်တွေကို လွယ်ကူချောမွေ့စွာ ၀င်ရောက်ရှာဖွေ လေ့လာနိုင်နေပြီ ဖြစ်တယ်။ လောကီပညာရပ်တွေကိုမပြောနဲ့၊ ဗုဒ္ဓဘာသာ ပညာရပ်တွေမှာတောင်မှ အတိတ်ကာလထက်ကို ပိုမိုနောကျေစွာ သိရှိနေကြပါပြီ။ (အဆင့်မြင့်ပညာတွေကို ဆည်းပူးထားတဲ့) သူတို့တွေဟာ တရားဓမ္မတွေကို သူတို့တွေ သုတေသနပုံစံနှင့် လေ့လာ၊ သင်ယူခဲ့သလို ပုံစံတွေ၊ စံနှုန်းတွေနဲ့ တိုင်းတာပြီးမှ၊ ဝေဖန်ဆုံးဖြတ် ပြီးမှ လက်ခံကြပါလိမ့်မယ်။
အတိတ်တုန်းက ဘုန်းတော်ကြီးတွေကို ရိုသေ လေးစားမှု၊ ချစ်ကြောက်ရိုသေမှုကြောင့် ဘုန်းတော်ကြီး တွေ ပြောသမျှ ဟောသမျှ တရားဓမ္မတွေကို မေးခွန်း မထုတ်ကြတော့ဘဲ တစ်ခါတည်း လက်ခံခဲ့ကြပေမဲ့ ခုခေတ်မှာတော့ အရင်ကလို ဘုန်းတော်ကြီးတွေ ပြောသမျှကို အသာတကြည်လေး လက်ခံကြတော့မှာ မဟုတ်ဘူး၊ ခေတ်သစ်ပညာရေးစနစ်က သူတို့တွေကို မေးခွန်းတွေ မေးမြန်းဖို့၊ စူးစမ်းလေ့လာဖို့ကို သေသေ ချာချာ လေ့ကျင့်ပေးထားကြတယ်။ ဒါကြောင့် သူတို့တွေ ဟာ ဗုဒ္ဓဘာသာအကြောင်းကို လေ့လာတဲ့အခါမှာ တက္ကသိုလ်ပညာရေးစနစ်အတိုင်း ချဉ်းကပ်ကြပါလိမ့်မယ်။ ဆိုတော့ ရဟန်းတော်တွေ၊ ဘိက္ခုနီ၊ သီလရှင်တွေဟာ အနာဂတ်မျိုးဆက်သစ်တွေ မေးမြန်းလာမည့်၊ စူးစမ်းလာမည့် အမေးတွေ၊ ပြဿနာတွေကို ဖြေနိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားရပါလိမ့်မယ်။ ဘုန်းကြီး၊ သီလရှင်တွေအနေနဲ့ လူတွေထံကနေ ကျိုးနွံမှု၊ လေးစားမှုတွေကို အလွယ်တကူ မျှော်လင့်နေလို့မဖြစ်နိုင်ဘူး။ ဒီလို လေးစားမှု၊ ရိုကျိုးမှုတွေကို လူတွေမေးလာမည့် တရားဓမ္မအမေးတွေ ကို ရှင်းရှင်းလင်းလင်း၊ပြတ်ပြတ်သားသား ဖြေရှင်းပေး ခြင်းဖြင့်သာလျှင် ရရှိလာနိုင်ပါလိမ့်မယ်။ ဒါကြောင့် ရဟန်းတော်တွေ၊ သီလရှင်တွေ ကိုယ်တိုင် အဆင့်မြင့် ပညာရေးတွေကို ရရှိအောင် ကြိုးစားဖို့လိုပါလ်ိမ့်မယ်။ အထူးသဖြင့်တော့ ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီးတော့ပေါ့။ ဒါ့အပြင် တရားဓမ္မနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ ခေတ်သစ် အတွေးအခေါ် ဒဿနိကဘာသာရပ် (Modern Philosophy)၊ စိတ်ပညာဘာသာရပ် (Psychology) တွေနှင့် အခြားသော ဘာသာရပ်တွေကိုပါ တတ်ကျွမ်းစွာ လေ့လာထားသင့်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် စောစောကပြောခဲ့တဲ့ လောကီဘာသာရပ်တွေကို ဘုန်းတော်ကြီးသင်ပညာရေး ပြဋ္ဌာန်းစာအုပ်ထဲမှာ ဘယ်လိုပေါင်းစပ်ထည့်သွင်းမလဲဆိုတဲ့ ပြဿနာရဲ့အဖြေ ကို ဘုန်းတော်ကြီးတွေရဲ့ ပညာရေးအတွက် တာ၀န် အရှိဆုံးဖြစ်တဲ့ ဘုန်းတော်ကြီးတွေကိုယ်တိုင်ကပဲ ဖြေရှင်း ရပါလိမ့်မယ်””တဲ့။
(၂)
ဒီလိုသတိပေးစကားကို ဘိက္ခုဗောဓိထက် အစော ကြီးကတည်းက ပြောဆို၊ မိန့်ကြားသွားတဲ့ ဆရာတော် ဘုရားကြီးတစ်ပါးကို ဂုဏ်ယူစွာ တွေ့ရှိရပါသေးတယ်။ (အမှန်တော့ တစ်ပါးမကပါဘူး၊ ကမ္ဘာ့သာသနာပြု ဆရာတ်ာဘုရားကြီး ဦးသေဋ္ဌိလတို့ကဲ့သို့သော ပုဂ်္ဂိုလ်ထူး တွေကလည်း အလုပ်နဲ့ သက်သေပြသွားခဲ့ကြပါတယ်) သူကတော့ အခြားသူမဟုတ်ပါဘူး၊ မြန်မာ့သာသနာ့ လောကရဲ့ ရတနာတစ်ဆူဖြစ်တော်မူတဲ့ တောင်မြို့၊ မဟာ ဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသပဲ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးက လွန်ခဲ့တဲ့ နှစ်(၅၀-၆၀)လောက်ကတည်းက အနာဂတ်ဘုန်းတော်ကြီးတွေ တွေ့ကြုံရမည့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကြိုမြင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုယ်ကျင့်သီလပိုင်း တွေ ပြုပြင်ပြောင်းလဲဖို့၊ ပညာရေးတွေကို ပြုပြင် ပြောင်းလဲဖို့ သူ့ခေတ်၊ သူ့ကာလကတည်းက အဆို တင်သွင်း၊ လျှောက်ထားတောင်းပန်ခြင်း၊ သတိပေး နှိုးဆော်ခြင်းတွေကို အဆက်မပြတ် ပြုလုပ်ပေးခဲ့ပါ တယ်။ အဲဒီ သတိပေးစကားတွေထဲက တစ်ခုကိုတော့ ““အနာဂတ်သာသနာရေး”” ဆိုတဲ့ စာအုပ်ထဲမှာ အောက်ပါအတိုင်း တွေ့ရှိရပါတယ်။
““အနာဂတ်ကာလ၌ နိုင်ငံနှင့် သာသနာတော်၏ ကျက်သရေကို ဆောင်ကြရမည့် သာသနာ၀င်အရှင် ကောင်းတို့မှာ ယခုလက်ရှိ ရှင်ငယ်၊ ရဟန်းငယ်များပင် ဖြစ်၏။ ထိုသူတို့ကို ယခုနှယ်က အနေအထိုင် ကိုယ်ကျင့်သိက္ခာနှင့် စာပေပညာအမျိုးမျိုးကို တတ်သိအောင် ကြိုးစားပေးဖို့ တာ၀န်ကား ယခုအခါ မိရိုးဖလာ ပို့ချသင်ပြနေခြင်းမျိုးဖြင့် ကျေပွန်ကြမည် မဟုတ်သေး ချေ။ ဘာ့ကြောင့်နည်း။ ယခုသင်နည်းကား ပါဠိကို သင်နေသည်ဟုဆိုလိုပါလျက် ထိုပါဠိကို မပြောတတ်၊ မရေးတတ်ဘဲ ဖတ်တတ်ရုံသာ အဓိပ္ပာယ် သိရုံမျှ ဖြစ်သောကြောင့်တည်း။ အနာဂတ်ကာလ၀ယ် တတ် ဖွယ်, မှတ်ဖွယ်,သိဖွယ်,သာသနာပြုဖွယ်သည်ကား ဧကန် ကျယ်၀န်းလာပေလိမ့်မည်။ ထိုသို့ မချဲ့နိုင်လျှင်လည်း သာသနာ၀င်အရှင်များကို ရှေးခေတ်ကလို လေးစား ကြမည်မဟုတ်၊ လက်ရှိအခြေအနေကိုပင် လေးနက်စွာ စဉ်းစားကြည့်ပါလေ။
(၃)
ဒါတွေကတော့ ပညာရေးလောကမှာ ထင်ရှား ကျော်ကြားတဲ့ ဆရာတော်ဘုရားကြီးနှစ်ပါးရဲ့အနာဂတ် ရဟန်းတော်တွေ၊ သီလရှင်တွေကို စေတနာကြီးစွာနဲ့ သတိပေးစကားပြောကြားထားခြင်းပဲဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကို သေချာစွာ သိရှိ၊ နားလည်၊ သဘော ပေါက်၊ ခန့်မှန်းမိတဲ့ ခေတ်အဆက်ဆက်က မြန်မာ ရဟန်းတော်တွေကလည်း ဘုန်းတော်ကြီးပညာရေးကို နောက်မကျရလေအောင် ညှိယူဖို့ အမျိုးမျိုးကြိုးစားခဲ့ကြ ပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အောင်မြင် သင့်သလောက် မအောင်မြင်ဖြစ်နေခဲ့တယ်။ အကျိုးဆက် အနေနဲ့ကတော့ အနည်းစုကလွဲလို့ အများစုသော မြန်မာ ရဟန်း၊ သာမဏေ၊ သီလရှင်တွေဟာ တဖြည်းဖြည်း အ,အလေးတွေဖြစ်လာကြပါတယ်။ ပါဠိသင်တယ်လို့ လည်းဆိုသေးတယ် ပါဠိလိုမရေးတတ်၊ မပြောတတ်ကြ ဘူး။ တချို့ဆိုလျှင် မြန်မာစာတောင် ဖြောင့်အောင်၊ အဆင့်မီအောင် မရေးနိုင်ကြဘူး။ ပြဋ္ဌာန်းစာလောက်နဲ့ သာ အချိန်ကုန်နေရတဲ့အတွက် အခြားသောပိဋကတ် ကျမ်းစာတွေကိုလည်း မလေ့လာနိုင်ကြဘူး။ ဒီလိုနဲ့ ပိဋကတ်ဗဟုသုတတွေလည်း နည်းပါးလာခဲ့ကြတယ်။ သင်ထားတဲ့ ဗုဒ်္ဓစာပေတွေကို အသုံးချပြီးတော့လည်း သဘာ၀ပတ်၀န်းကျင်ပြဿနာတွေ (Environment Crisis) ၊ လူမှုရေးပြဿနာ (Social Problems) တွေကို ဖြေရှင်းနိုင်မှု အားနည်းခြင်းကြောင့် လူပုဂိ်္ဂုလ်တွေကို ဦးဆောင်နိုင်မှုပါ တဖြည်းဖြည်း လျော့ကျလာပါတယ်။ လောကီစာပေ၊ ဘာသာရပ်တွေနဲ့ ကင်းကွာခဲ့ရတဲ့အတွက် လောကီဘက်မှာလည်း နကန်းတစ်လုံးမျှမသိ ဖြစ်လာခဲ့ကြရှာတယ်။ ဒီလိုနဲ့ ရဟန်း၊ သာမဏေ၊ သီလရှင်တွေဟာ လောကီဘက်ရော၊ လောကုတ္တရာဘက်မှာပါ ဟိုမရောက် ဒီမရောက် မျောက်သစ်ကိုင်းလွတ် ဖြစ်လာခဲ့တော့တယ်။ ပိုဆိုးတာက အချို့ဆိုလျှင် အကျင့်စာရိတ္တပိုင်းတွေပါ ယိုယွင်း ပျက်ပြား လာခဲ့ကြတာပါပဲ။ ဒါတွေကို ခုအချိန်မှာ မပြင်နိုင်ခဲ့ဘူး ဆိုရင် နောင်အချိန်မှာပိုဆိုးတဲ့အနေအထားတွေနဲ့ ရင်ဆိုင်လာရပါလိမ့်မယ်။ ဒီလိုဆိုရင် သာသနာ အတွက်ရော၊ နိုင်ငံအတွက်ပါ အလွန် အန္တရာယ်များ ပါတယ်။
ဆိုတော့ လက်ရှိ သံဃာ့အသိုင်းအဝိုင်းမှာ ဖြစ်ပျက်နေတာတွေကို အကြီးပိုင်းတွေဖြစ်ကြတဲ့ သံဃာ့ ဦးသျှောင် ဆရာတော်ဘုရားကြီးတွေ အောက်ကို ခေါင်းငုံ့ကြည့်သင့်နေပါပြီ။ ဒီအတိုင်း ဆက်ထား လိုက်မယ်ဆိုရင် မြန်မာ့မျိုးဆက်သစ်ရဟန်းငယ်၊ သာမဏေငယ်၊ သီလရှင်ငယ်လေးတွေ လောကီ အတွက်လည်း အသုံးမ၀င်၊ လောကုတ္တရာဘက်မှာ လည်း ဟုတ်တိပတ်တိ မဟုတ်၊ နိုင်ငံတကာနှင့် ယှဉ်ရင်လည်း ရှေ့မတိုးနိုင် ဆက်ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ မျိုးဆက်သစ်တွေကသာ အနာဂတ် သံဃာတော်တွေရဲ့ဂုဏ်၊ သာသနာတော်ကြီးရဲ့ဂုဏ်ကို ဆက်လက် စောင့်ထိန်းသွားကြမှာပါ။ ဒီလိုဂုဏ်သိက္ခာ တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် အနာဂတ် မျိုးဆက်သစ်တွေကို ပညာအမွေ၊ အကျင့်သိက္ခာ အမွေတွေကို ကောင်းကောင်းပေးခဲ့ရပါလိမ့်မယ်။ ခုလက်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်တွေ ဒီအမွေ တွေကို မရလျှင်တောင်မှ အနာဂတ် မျိုးဆက်သစ်တွေ ဒီအမွေတွေကို ရမည်ဆိုလျှင် ကျေနပ်ရပါပြီ။ ဒါကြောင့် ယခုလက်ရှိ သံဃာ အကြီးအကဲ ဆရာတော်ဘုရားကြီး တွေအနေနဲ့ လက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးနဲ့ အကျင့်စာရိတ္တ စည်းကမ်းပိုင်းတွေကို ပြန်လည် သုံးသပ်ပြီး၊ ပြုပြင်သင့်တာတွေကို ပြုပြင်သင့်နေပါပြီ။ ဖြည့်စွက်သင့်တာတွေကို ဖြည့်စွက်သင့်နေပါပြီ။ အထက်မှာ ဆရာတော် ဘိက္ခုဗောဓိ မိန့်ကြားခဲ့သလိုပါပဲ၊ အနာဂတ်ဘုန်းတော်ကြီးတွေရဲ့ ပညာရေးတိုးတက်ဖို့ အတွက် ဘုန်းတော်ကြီးတွေမှာသာ တာ၀န်ရှိပါတယ်၊ ဘုန်းတော်ကြီးတွေအပေါ်မှာပဲ မူတည်နေပါတယ်။ ခုအချိန်မှာ လူပုဂ်္ဂိုလ်တွေက သူတို့တွေရဲ့ လူပညာရေး တွေကို ကောင်းအောင် အမျိုးမျိုးကြိုးစားနေကြတဲ့အချိန် မှာ ဘုန်းတော်ကြီးတွေက ဘုန်းတော်ကြီးပညာရေးကို အဆင့်မြှင့်ဖို့ မကြိုးစားဘဲ အသာလေးငြိမ်မနေသင့်တော့ ပါဘူး။ မှတ်ချက်။ ။ တိပိဋကစာမေးပွဲ၊ သာမဏေကျော်နဲ့ အဘိဝံသစာမေးပွဲတွေဟာ ပိဋကတ်ကို တကယ် နှံ့စပ် ကျွမ်းကျင်တတ်မြောက်စေတဲ့ စာမေးပွဲများပဲ ဖြစ်ပါတယ်။ ဒီစာမေးပွဲတွေဟာ မြန်မာပြည်ရဲ့ အမှတ်အသား လက္ခဏာ (Identity) တစ်ခုပဲ ဖြစ်ပါတယ်။ ဒါတွေ ကိုတော့ သေသေချာချာ ထိန်းသိမ်းစောင့်ရှောက်ထားရမှာ ဖြစ်ပါတယ်။
(၄)
ခေတ်ကြီးက တိုးတက်လာတာနှင့်အမျှ အနာဂတ် သာသနာပြုဖွယ်ကိစ္စတွေကလည်း ကျယ်ပြန့်လာပါ တယ်။ သာသနာ ကျယ်ကျယ်ပြန့်ပြန့် ပြုနိုင်ဖို့အတွက် ဘုန်းတော်ကြီးတွေရဲ့ ပညာရေးဟာ ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ဗုဒ္ဓတရားဓမ္မတွေကို ခေတ်အမြင်နဲ့ ချဉ်းကပ်တတ်ရုံတင်မက၊ အခြားဘာသာစကားတွေ နဲ့ပါ ဟောပြော၊ ပို့ချ၊ သင်ပေးနိုင်အောင် ကြိုးစား ပြင်ဆင်ထားသင့်ပါတယ်။ ဟုတ်ပါတယ်။ အခုခေတ်ကြီးမှာ ဘာသာရေး၊ ပညာရေး၊ စီးပွားရေးတွေ တိုးတက်ဖို့အတွက် ဘာသာစကားတွေ နှစ်ခု၊ သုံးခု တတ်ထားလေ ပိုကောင်းလေပါပဲ။ ဘာသာစကား တစ်ခုတတ်ထားတဲ့သူထက် နှစ်ခု၊ သုံးခုတတ်ထားတဲ့ သူက ပိုပြီးတော့ ထိထိရောက်ရောက် ပညာသင်ယူ နိုင်တာ၊ သာသနာပြုနိုင်တာကို တွေ့ရပါတယ်။ အခြား နိုင်ငံတွေလည်း အခြားသော ဘာသာစကား၊ စာပေတွေ၊ ယဉ်ကျေးမှုတွေကို အကြီးအကျယ် လေ့လာသင်ယူ နေကြပါပြီ။ သိရသလောက်တော့ နာမည်ကြီးတက္ကသိုလ် ကြီးတွေမှာ သက္ကတ၊ ပါဠိနှင့် ဗုဒ္ဓဘာသာဌာနကိုတောင် ထည့်သွင်းနေကြပါပြီ။ နောင်အနာဂတ်မှာတော့ ဒီ့ထက် ပိုမိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ်ထင်ပါတယ်။ ဒါ့ကြောင့် မြန်မာရဟန်းတော်၊ သီလရှင်တွေအနေနဲ့ ပါဠိနှင့် ဗုဒ်္ဓဘာသာပညာရပ်တွေသာမက၊ ဘာသန္တရ စာပေပညာတွေကိုပါ ကျွမ်းကျင်စွာ ပြောဆိုနိုင်ဖို့၊ ရေးသားနိုင်ဖို့၊ သင်ကြားပို့ချနိုင်ဖို့ ပိုမိုလိုအပ်နေပါပြီ။ ဝိပဿနာဘက်မှာပါ ပိုကျွမ်းကျင်မည်ဆိုလျှင် သာသနာ ပြုရတာ ပိုမိုလွယ်ကူပါလိမ့်မယ်။ ဒီလို ပညာရေးတွေ ကောင်းအောင်၊ကိုယ်ကျင့်သိက္ခာပိုင်းတွေကောင်းအောင် လုပ်ထားခြင်းဖြင့်သာလျှင် အနာဂတ်မှာ ဖြစ်ပေါ်လာ မည့်၊ တွေ့ကြုံလာမည့် အခက်အခဲ၊ စိန်ခေါ်မှုတွေကို လွယ်လင့်တကူ ဖြေရှင်း ဖြတ်ကျော်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ရှေးရိုးစွဲသူအချို့က စိုးရိမ်တကြီး ပြောချင်ပြောကြလိမ့်မယ်။ ဘာသန္တရစာပေတွေ၊ လောကီ စာတွေကို သင်ယူတတ်မြောက်ထားရင် လူစိတ်ပေါက်ပြီး၊ လူထွက်ကုန်ကြလိမ့်မယ်လို့။ တကယ်တော့ လူထွက်တာ၊ မထွက်တာက ပညာတတ်တာ၊ မတတ်တာနဲ့ သိပ်မဆိုင် လှပါဘူး။ သဒ္ဓါတရားရှိခြင်း၊ မရှိခြင်းနဲ့ပဲ ဆိုင်မယ်ထင်ပါ တယ်။ သဒ္ဓါတရား ခိုင်မြဲတဲ့သူတွေကတော့ သာသနာမှာ ဆက်ရှိနေမှာပါ။ သဒ္ဓါတရား နည်းပါးသွားကြတဲ့သူတွေ ကတော့ သာသနာကနေ ပြေးထွက်သွားကြမှာပါ။ ဒါပါပဲ။ ဆိုတော့ လူထွက်တယ်ဆိုတာသိပ်ပြီးတော့ အထူးအဆန်း ကြီးတော့ မဟုတ်ပါဘူး။ ခုလိုခေတ်ကြီးထဲမှာ လူထွက် ကုန်တာ အသာထား၊ သာသနာ တိုးတက်ပါတယ်ဆိုတဲ့ ဘုရင်ခေတ်တွေမှာတောင် သာသနာပိုင်တွေတောင် လူထွက်ကြပါသေးတယ်။ ဘယ်လောက်ပဲ လူထွက်ထွက် သာသနာတော်မှာ မြဲနေပြီး သာသနာတော်တိုးတက်ရာ၊ တိုးတက်ကြောင်းတွေကို အားကြိုးမာန်တက် လုပ်ဆောင် ပေးနေတဲ့ ရဟန်း၊ သာမဏေ၊ သီလရှင်တွေကတော့ ရှိမြဲရှိလျက်ပါပဲ။ ဒါကြောင့် ကျွန်ုပ်အနေနဲ့ကတော့ ““လူထွက်ကုန်တာကို မစိုးရိမ်လှဘူး၊ လူမထွက်တဲ့သူတွေ အရည်အချင်း (ပရိယတ်၊ပဋိပတ်)မပြည့်၀မှာကိုပဲ စိုးရိမ်လှပါတယ်။””
ဒီတော့ မြန်မာရဟန်း၊ သာမဏေ၊ သီလရှင်တွေ အနာဂတ်အတွက် အသင့်ဖြစ်နေအောင် ပညာရေးပိုင်း နဲ့ စည်းကမ်းပိုင်းတွေကို သေသေချာချာ ပြင်ဆင်ပေး ဖို့က အရေးကြီးလှပါတယ်။ ပညာရည်ပြည့်၀ဖို့၊ နိုင်ငံ တကာနှင့် ရင်ဘောင်တန်းနိုင်ဖို့ဆိုရင် ခေတ်သစ်ပညာ ရေးပုံစံတွေကို သင်ပေးရဦးတော့၊ သင်ပေးရပါလိမ့်မယ်။ အကယ်၍ ပညာစုံသွားပြီး မပျော်တော့လို့၊ သဒ္ဓါတရား မရှိတော့လို့ လူထွက်သွားဦးတော့ သူတို့တွေရဲ့ လူထွက် သွားခြင်းဟာ သာသနာတော်အတွက် ဆုံးရှုံးပေမဲ့ နိုင်ငံ အတွက် မဆုံးရှုံးပါဘူး။ တကယ်လို့ သူတို့ကိုသာ သင်ယူ သင့် သင်ယူထိုက်တဲ့ ပညာရပ်တွေကို မသင်ပေးခဲ့လိုက် လျှင် သူတို့တွေ သာသနာတော်မှာ ရှိနေဦးတော့ အပိုကြီး သက်သက်သာ ဖြစ်နေမှာပါ၊ စည်းကမ်းပိုင်း ဆိုင်ရာ အားနည်းတဲ့သူဆိုရင်တော့ သာသနာတော်ကြီး သိက္ခာတောင် ကျသွားနိုင်သေးတယ်။ ဘာမှမတတ်ဘဲ လူထွက်သွားရင်လည်း လူ့လောကမှာ အသုံးသိပ်တည့် လှမှာ မဟုတ်ဘူး။ ဆိုတော့ သာသနာအတွက်ရော နိုင်ငံအတွက်ပါ လူသားအရင်းအမြစ် အကြီးအကျယ် ဆုံးရှုံးနေတာပါ။ ဒါ့ကြောင့် ဘုန်းတော်ကြီးသင်ပညာရေး မှာ သင်နည်းစနစ်တွေကို အနည်းငယ် ပြောင်းဖို့၊ လိုအပ် နေတဲ့ ဘာသာရပ်တွေကို ထပ်ဖြည့်စွက်ဖို့ အချိန်တန် နေပါပြီ။
ဒီလိုလုပ်ပေးမှသာလျှင် မြန်မာရဟန်းတော်တွေ အနာဂတ်မှာ တွေ့ကြုံရမယ့် အခက်အခဲတွေကို ရင်ဆိုင် ကျော်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။
(အတ္တုက္ကံသန၊ ပရ၀မ္ဘန သဘောတွေနဲ့ ရေးသားခြင်း မဟုတ်ပါ။ အားလုံးပျော်ရွှင်ကြပါစေ။)
အရှင်သိရီသုမင်္ဂလသာမိ
။ မြန်မာနှင့်ပတ်သက်၍ သူ့စကား ။
။ မြန်မာပြည်ကို သူရောက်ခဲ့တယ်။ သူ့ရဲ့မိသားစုရာဇဝင်သမိုင်းက အထင်အရှားရှိခဲ့တယ်။ သူရဲ့ဝန်ကြီးချုပ်လုပ်ခဲ့စဉ်က မြန်မာနဲ့သူဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ နိုင်ငံရေးဟာ ပုဂ္ဂိုလ်ရေး သို့မဟုတ် သင်းဖွဲ့ဂဏရေးနဲ့ပတ်သက်လာရင် အစွဲပြုကြီးကြတဲ့သူတွေက ဒေါသအမျက်တွေ မထိန်းသိမ်းနိုင်ကြတာများပါတယ်။
။ အာဘေးကွယ်လွန်သွားခဲ့ပေမယ့် သူ့ရဲ့ဘဝစက်ဝန်းအိမ်က သမိုင်းအိမ်ကျယ်ထဲမှာ အကြွင်းမဲ့ကျန်ရှိနေမှာပါ။ ပေးဆပ်သူတွေရဲ့ဘဝဟာ အမြတ်ဆုံးကိုပဲ ပေးဆပ်ကြရတာများပါတယ်။ အာဘေးရဲ့ပေးဆပ်မှုဟာ ဂျပန်ပြည်သူပြည်သားအတွက်သက်သက်သာမဟုတ်ဘဲ အာရှသားပြည်သူပြည်သားတွေအတွက်လည်း သင်ခန်းစာသတိပေးနေသလိုပါပဲလို့ မြင်မိပါလေရဲ့။
။ ကမ္ဘာ့နိုင်ငံရေးဟာ အာရှကမ္ဘာအတွက် မကြာမီပြောင်းလဲမှုတွေ ရှိလာကြတော့မည်လားပါ။ အာရှရေးရာလေ့လာသုံးသပ်ကြတဲ့သူတွေ ပိုသိမှာပါ။ ဘာပဲပြောပြော ဂျပန်ပြည်နိုင်ငံရေးဂယက်ဟာ ခုလိုထလာရင် အာရှနဲ့ဖစိဖိတ်ဒေသလုံခြုံရေးစည်းဟာ ပြန်လည်ဆန်းစစ်သင့်နေပါပြီလို့ မြင်မိပါလေရဲ့။
။ ဒီနေ့မနက်တော့ ဤမျှသာပဲ ကျေနပ်ကြပါ။ အရှင်တို့မြန်မာပြည်လည်းပဲ ဘေးကင်းရန်ကွာ စိတ်ချမ်းသာဖို့ အရေးကြီးနေပါပြီ။
(စာနှင့်ဓာတ်ပုံများကို ယူသုံးပါသည်။)
အဲးခိုး
(၉.၇.၂၀၂၂) ရက်နေ့နံနက်။)
။ နံနက်ခင်းဩဝါဒကထာ (စကား) ။
။ အိုတော့ မကပ်။
။ နာတော့ မလှ။
။ ပူပန်တော့ မငြိမ်။
။ စိုးရိမ်တော့ မသိ။
။ နာကြည်းတော့ မချိ။
။ ကြင်နာတော့ မသက်သာ။
။ ရင်နာတော့ အမြင်တို။
။ ပစ်ထားတော့ ပူဆွေး။
။ ဝေးကြတော့ ပိုမေး။
။ နီးကြတော့ မီးပြ။
။ ခုကျတော့ အမှားအမှန်သိပြီလား။
တောင်ကလေးဆရာတော်
(၉.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)
။ နွေဦးချယ်ရီ ။
။ နွေရောက်တော့
ချယ်ရီတွေပွင့်ပေါ့
ချယ်ရီမြေမှာ
ချယ်ရီချစ်သူတစ်ယောက်
သည်နေ့
ချယ်ရီ့မြေမှာ ခလေပေါ့။
။ အမှတ်တမဲ့
မထင်ခဲ့တဲ့အရာတွေ
ရုတ်တရက်
ဖြစ်ပျက်ခဲ့တဲ့ချယ်ရီတွေ
ရီဝေဝေ ရီဝေပေါ့
သည်နေ့တော့
ချယ်ရီမြေ ကျမျက်ရည်။
။ အော် ….
လူ့ဘုံမှာ
လူ့ကမ္ဘာမှာ
ငြိမ်းချမ်းရာ
အေးမြရာ
ချမ်းသာရာ
အရာရာတိုင်းရဲ့
စွန့်လွှတ်ရာဝိညာဉ်ချုပ်သွားခဲ့တဲ့
ချယ်ရီမြေ
ချယ်ရီချစ်သူတစ်ယောက်
သူ့ရဲ့အကြောင်းကို
အာရှရဲ့ကမ္ဗလာမှာ
တစ်မိုးအောက်မှာ
သူတစ်ယောက်သာ
မြင်ဖူးတော့သည်
ရင်နာရပြီ ချယ်ရီမြေ
ကြေကွဲရပြီ ချယ်ရီရေ
ရီဝေရပြီ ချယ်ရီနွေ။
အဲးခိုး
(၈.၇.၂၀၂၂) ရက်နေ့ညချမ်းချိန်။)
(ဓာတ်ပုံများကို ယူသုံးပါသည်။)
။ နံနက်ခင်းဩဝါဒကထာ (စကား) ။
။ စိတ်တိုင်းကျ မရှိ။
။ လုပ်တိုင်း မအောင်နိုင်။
။ ဖြစ်တိုင်း မလှပ။
။ ရှိတိုင်း မပြည့်စုံ။
။ သိတိုင်း အမှန်မဟုတ်။
။ ရောက်တိုင်း မပြီးနိုင်။
။ မြင်တိုင်း မသိနိုင်။
။ ခင်တိုင်း ထာဝရမဟုတ်။
။ ချစ်တိုင်း အမြဲမတည်။
။ ရှုံးတိုင်း အနိမ့်ချည်းမဟုတ်။
။ လောကမှာ ဖြစ်တည်ပျက်သာ အမှန်။
တောင်ကလေးဆရာတော်
(၈.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)