။ သည်နေ့
ဥပုသ်နေ့ပါ။
ပြန်သွားကြတဲ့
ယောဂီတွေထဲက
မျှော်တလင့်လင့်
ယောဂီရင့်ရင့်တစ်ဦးဟာ
တဖင့်ဖင့်နဲ့
ကျောင်းထဲကနေ
ကျောင်းပြင်ဘက်ကို
ထွက်ခွာလာပြီး
ဖုန်းခေါ်သံဝင်လာလို့
” ဟလို မိန့်ပါရှင့် ” တဲ့။
။ ” သီလရှင်ဝတ်တာ
ဆယ်ရက်ကြာပီလေ
လူမထွက်သေးဘူးလား” တဲ့။
။ ” ဟယ်
ဒီနေ့ပြန်လာမှာပဲဟာ
ဘာလို့များအလောတကြီး
ဖြစ်နေရပါလဲရှင်ရယ်” ဆိုပြီး
ပြောမိလိုက်တဲ့
အချိန်လေးမှာပဲ
ဖုန်း Messages ထဲမှာ
စာရောက်လာပါတယ်။
။ ” နင် ဒီနေ့
သီလရှင်အဖြစ်ကနေ
ထွက်, မထွက်
ဒါပဲသိချင်တယ်နော်
မထွက်ခဲ့ရင်
သိတဲ့အတိုင်း
ငါ့အမှားပါလို့တော့
မပြောနဲ့
ဒါပါပဲ” တဲ့။
။ ” ဟာ ဒုက်ခပဲ
သည်နေ့ပဲ
သီလရှင်ထွက်မဲ့ဟာကို
ဘာလိုများအဲလောက်ထိ
အလောတကြီး
ကြီးကဲနေရတာပါလဲနော်
စိတ်ပျက်လိုက်တာ
ဟင် ” ဆိုပြီး
ယောဂီရောင်
ဝတ်စုံနဲ့
မစွန့်ခွာမီ
လောကီသားရဲ့
နှုတ်ဆက်စကားကို
ကြားသိရတာနဲ့ပဲ
သီလရှင်တစ်ဖြစ်လဲခဲ့ရတဲ့
အချစ်ကဲကဲ
ချစ်သဲလာခဲ့ရသူ
သဲသဲမဲမဲနဲ့
အိမ်ကျယ်ကြီးထဲကို
ပြန်သွားရပြီပေါ့။
။ သီလရှင်ဘဝနဲ့
နေခဲ့ရတဲ့အရသာမှာ
အေးမြတယ်
ငြိမ်းချမ်းတယ်
ဖြူစင်တယ်မဟုတ်လား။
။ ခုတော့
မောင်ခေါ်ရာ
မောင်မောင့်ခေါ်ရာ
လိုက်ပါခဲ့ရပြန်လေတော့
ကိလေသဝဋ်
ကမ္မဝဋ်
ဘဝဝဋ်
ဝဋ်တွင်း
ဝဋ်ခံ
ဝဋ်လည်
ဝဋ်နွယ်ထဲမှာပဲ
တဝဲလည်လည်ပေါ့။
။ သူ့အလိုလိုက်ရ
အလိုက်သိရ
အကြိုက်တူရ
အကြိုက်ညီရ
အကြိုက်သိရ
အမိုက်သိရလို့နဲ့
(မောင့်ကိုဘယ်သူမှ
မချစ်ရပါဘူးကွယ်..)နဲ့
ခေတ်သစ်
ချစ်စပယ်ဘဝ
ပြန်ရောက်ရပေါ့။
။ သူ့အလိုကို
မလိုက်မိရင်
မိုက်လားဟဲ့ တဲ့
သူ့အလိုကျ
အလိုလိုက်ရပြန်ရင်
ကိုယ့်ရင်မှနွယ်
အတွယ်အတာ
မပယ်မခွာရက်လေပေါ့။
မူရာမာယာပိုရတဲ့
အငြိမ့်မင်းသမီးလေးထက်
ပို၍ပို၍
ဆိုးပါသတဲ့ရှင်ရယ်။
။ အော် ဘဝဆိုတာ
ဘုံအားဖြင့်
ဘဝဂ်အဆုံးသတ်
ရောက်နိုင်ပေမယ့်
တရားအားဖြင့်
ဂေါတြဘုတိုင်အောင်
မရောက်လေသမျှ
ကာလပတ်လုံး
သည်အချစ်
သည်အမုန်း
သည်နေရာ
သည်စခန်းတွေနဲ့
အံ့မခန်းပါပဲ
ကျင်လည်ခဲ့ရပေဦးမယ်ပေါ့။
။ ထူးပါဘူးလေ
မေ့အိမ်ကိုပဲ
ချစ်သမီးလွမ်းသလို
မောင့်ကိုပဲ
(ချစ်ရတစ်သက်
လွမ်းလျက်မကွာ)
ရှေ့ချစ်မယ်ချစ်ဦးရေနဲ့ပဲ
သည်နယ်
သည်မြေ
သည်ဘဝတွေနဲ့ပဲ
နေပါတော့မယ်
နေတော့မယ် မောင်ရေ။
( ဤဝတ္ထုတိုသည် မည်သူ့ကိုမျှ မရည်ရွယ်ပါ။)
( ဓာတ်ပုံကိုယူသုံးပါသည်။)
ဘုန်းသစ်ထူး
( ၁၅.၅.၂၀၂၄) ရက်နေ့။