Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၂)

အဲးခိုး

အတွဲ(၁၁)၊ အမှတ်(၃၉)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ ပြာသိုလဆန်း ၂၊ ၂၃-၁၂-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက်)

“ကရင်အမျိုးသားတို့နှင့် သက်ဆိုင်သောကိစ္စများတွင် ပြည်ထောင်စုအစိုးရအား ကူညီအကြံပေးရန် ‘ကရင်ရေးရာအဖွဲ့’ တစ်ခုကို ဖွဲ့စည်းရမည် ဆိုပေမယ့် ဖွဲ့စည်းထားပေးတဲ့ ‘ကရင်ရေးရာအဖွဲ့ ရဲ့ ကူညီအကြံပြုချက်တွေကို နိုင်ငံရေးနည်းစနစ်ကျကျ အကြံပြုချက်ပေးနေပေမယ့် ဘာဆိုဘာမှ အရေးမစိုက်ဘဲ ဖြစ်နေခဲ့တာတွေဟာ ဘယ်အဖွဲ့ချုပ်ရဲ့ အမှားတွေလဲ …

ဘုရင်ခံဆန္ဒသဘောထား 

အဲဒီအချက်သုံးချက်ထဲက ဘုရင်ခံက တတိယ (နံပါတ်-၃) အချက်ကို (နည်းလမ်းကို) ရွေးယူဖို့ဆုံးဖြတ်ထား တယ်။ ဘုရင်ခံဟာ မြန်မာပြည်ကိုရောက် လာပြီး စက်တင်ဘာ ၂ ရက်နေ့မှာ ရန်ကုန်မြို့ မြို့တော်ခန်းမမှာ မိန့်ခွန်းပြောပါတယ်။ သူရဲ့ ဆန္ဒသဘောထားကို ခုလိုပဲ လိုရင်းကိုပြောခဲ့ပါတယ်။ 

‘အကျွန်ုပ်ရဲ့ အမှုဆောင်(ဝန်ကြီး) အဖွဲ့ဟာ အဖွဲ့ဝင်တွေအဖြစ် လူထုရဲ့ လေးစားမှုနဲ့ ယုံကြည်မှုကို ရရှိသည့် ပုဂ္ဂိုလ်များ ပါဝင်စေလိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ လူထုကိုယ်စားလှယ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းတဲ့ အဖွဲ့အဖြစ်အနေနဲ့ မြင်တွေ့လိုပါတယ်’။ 

အားလုံးနုတ်ထွက် 

ဘုရင်ခံရောက်လာပြီးတဲ့နောက် စက်တင်ဘာလ ဒုတိယအပတ်မှာ ဆန္ဒပြကြတဲ့ အထွေထွေသပိတ်ကြီးက ပိုပြီး ကျယ်ပြန့်လာတယ်။ ဒီသပိတ်ဟာ ပုလိပ် ရဲဘော်တွေက စတင်ခဲ့တာဖြစ်လို့ စာတိုက်နဲ့ ကြေးနန်းအလုပ်သမားတွေ၊ မီးရထားအလုပ်သမားတွေ၊ အစိုးရဌာနဆိုင်ရာ စာရေးတွေ၊ ကျောင်းအသီးသီးမှ ဆရာဆရာမတွေ သပိတ်မှောက်ခဲ့ ကြတယ်။ အထွေထွေသပိတ်ကြီးကြောင့် နိုင်ငံတော်အုပ်ချုပ်ရေးတွေဟာ တဖြည်းဖြည်းယိုယွင်းလာတယ်။ တိုင်းပြည် ပြန် လည်ထူထောင်ဖို့ အတွက်လည်း အမျိုးမျိုးထိခိုက်လာနေတော့ ဘုရင်ခံရဲ့လက်ရှိ (ဝန်ကြီး) အဖွဲ့ဟာ နိုင်ငံရေးအကျပ် အတည်းကို ဖြေရှင်းဖို့ မတတ်နိုင်တော့ဘဲ အားလုံးနုတ်ထွက်လိုက်ကြရတယ်။ ဒီလို အထွေထွေသပိတ်ကြီး ဖြစ်လာခဲ့ရတာဟာ အဲဒီခေတ်က ဖဆပလအဖွဲ့ ချုပ်ကို မကြေနပ် (မကျေနပ်) နိုင်ကြတဲ့ ဆန့်ကျင်သူ လူတစ်စုတွေက လှုံ့ဆော်တဲ့ ကိစ္စပါပဲ။

တောင်းဆိုချက်(၄)ချက် 

ဘုရင်ခံသစ်က အေဒီ ၁၉၄၆ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့မှာ ဘုရင်ခံ အမှုဆောင်(ဝန်ကြီး)အဖွဲ့သစ်ကို ပြန်ဖွဲ့စည်းလိုက်တယ်။ နိုဝင်ဘာလရောက်တဲ့ အခါ ဖဆပလအဖွဲ့ချုပ်က ဗြိတိသျှ အစိုးရထံကို – 

၁။ မြန်မာနိုင်ငံအား ၁၉၄ရ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့မှ တစ်နှစ်အတွင်းလွတ်လပ်ရေးပေးရန် 
၂။ ဘုရင်ခံကျင့်သုံးနေသော အာဏာများကို အမှုဆောင်(ဝန်ကြီး) အဖွဲ့သို့ လွှဲအပ်ရန်၊ အမှုဆောင်(ဝန်ကြီး) အဖွဲ့သည် အမျိုးသားအစိုးရအဖွဲ့အသွင် ကူးပြောင်းရန် 
၃။ ဧပြီလတွင် ဥပဒေပြုလွှတ် တော်အတွက်မဟုတ်ဘဲ တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ရွေးကောက်ပွဲများ ကျင်းပပေးရန် 
၄။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံအတွက် ချမှတ်ထားသော စီမံကိန်းများကို ပြန်လည်စစ်ဆေးဖို့ သဘောတူရန်

ဆိုတဲ့ တောင်းဆိုချက် လေးချက်ကို တောင်းဆိုခဲ့ပါတယ်။ 

ဧပြီလရွေးကောက်ပွဲ (၁၉၄၇) 

မြန်မာပြည်သူတွေရဲ့ တောင်းဆို ချက်အပေါ်ကို ဗြိတိသျှအစိုးရက ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်နေ့မှာ နန်းရင်းဝန်ကိုယ်တိုင်က ဗြိတိသျှပါလီမန်မှာ မြန်မာနိုင်ငံသို့ အာဏာလွှဲပြောင်း ပေးရေးကိစ္စတွေကို ဗြိတိသျှအစိုးရအဖွဲ့ နဲ့ စေ့စပ်ညှိနှိုင်း၍ အသေးစိတ်ဆွေးနွေး ဆုံးဖြတ်ဖို့အတွက် မြန်မာနိုင်ငံက ကိုယ်စားလှယ်တော်အဖွဲ့တစ်ဖွဲ့ကို လန်ဒန်သို့ ဖိတ်ခေါ်ဖို့ စဉ်းစားထားရှိခဲ့ပါကြောင်း ထုတ်ဖော်ကြေညာခဲ့တယ်။ အဲဒီကြေညာချက်အတိုင်းပဲ မြန်မာကိုယ်စားလှယ် အဖွဲ့က ၁၉၄ရ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ အင်္ဂလန်ကို ထွက်ခွာသွားကြပါတယ်။ အင်္ဂလန်ရောက်ပြီးလို့ ကိုယ်စားလှယ်အဖွဲ့ဟာ ဗြိတိသျှနန်းရင်းဝန်ကိုယ်တိုင် ခေါင်းဆောင်တဲ့ ဗြိတိသျှ မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံကို အာဏာလွှဲပြောင်းရေးကိစ္စ ဆွေးနွေးကြတယ်။ ဆွေးနွေး ပြီးတဲ့နောက် ၁၉၄ရ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့မှာ စာချုပ် လက်မှတ် ရေးထိုးထားကြပါတယ်။ စာချုပ်အရ ၁၉၄ရ ခုနှစ်၊ ဧပြီလအတွင်း မြန်မာတစ်ပြည်လုံးမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ ဖဆပလအဖွဲ့ချုပ်က ၉၅.၃ ရာခိုင်နှုန်း အနိုင်ရခဲ့တယ်။

လူမျိုးစုပြဿနာအစ 

အနိုင်ရတဲ့ ဖဆပလအဖွဲ့ချုပ်ဟာ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး ကို ၁၉၄ရ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ ခေါ်ယူဖို့ စီစဉ်ထားပါတယ်။ အဲဒီအချိန် မတိုင်မီ (မတိုင်ခင်) ဖဆပလ အဖွဲ့ချုပ် ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့အတွက် မေလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပထမအဆင့် ပဏာမ ပြင်ဆင်မှု ညီလာခံကြီး ကျင်းပခဲ့ပါတယ်။ (ဂျူဗလီဟောတွင် ကျင်းပ)။

အဲဒီညီလာခံကျင်းပတဲ့ မေလ ၂ဝ ရက်နေ့ ရဲ့ ဆွေးနွေးဝေဖန်လိုက်တဲ့ စကားတွေကြောင့် မြန်မာပြည်ရှိ ဌာနေတိုင်းရင်းသားများရဲ့ မပေးနိုင်တဲ့ အခွင့်အရေး စကားတွေ၊ လူမျိုးနဲ့ဆိုင်တဲ့ မသတ်မှတ်တဲ့ အယူအဆတွေ၊ ရပိုင်ခွင့်၊ ပြဋ္ဌာန်းခွင့် နဲ့ဆိုင်တဲ့ စကားတွေ တိတိပပကြားရတော့ တိုင်းရင်းသားတွေဟာ အဲဒီအချိန်ကစပြီး နိုင်ငံရေးပြဿနာ စတင်ခဲ့ကြတယ်လို့ပဲ သမိုင်းအထောက်အထားအရ သိရတယ်။

(တိုင်းရင်းသားလူမျိုးများ အရေးနှင့် ၁၉၄၇ အခြေခံဥပဒေတွင် လေ့လာရန်။)

ပြဿနာညီလာခံ 

လူမျိုးကြီး လူနည်းစုနဲ့ပတ်သက်တဲ့ စကားတွေအမျိုးမျိုးကြားရတဲ့ တိုင်းရင်းသားတွေဟာ မူလရည်ရွယ်ထားကြတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် စိတ်ပျက်သွားကြပါတယ်။ လူနည်းစု တိုင်းရင်းသားတွေအတွက် အမျိုးသား ပြည်ထောင်စုကြီး ဖွဲ့စည်းဖို့ အဆိုပြု ထားကြပေမယ့် စစ်မှန်တဲ့ အခွင့်အရေးတွေ မပေးနိုင်ဘူးဆိုပြီးတော့ အသေအပေါက်ငြင်းဆိုခံရတယ်။

နောက်ပိတ်ဆုံး အမျိုးသားပြည်ထောင်စုမဟုတ်သော ပြည်ထောင်စုကို လူနည်းစုတိုင်း ရင်းသားတွေက ဘာမှအကျိုးကောင်း ရပိုင်ခွင့်မရှိနိုင်တော့ဘူးဆိုတာကို သိကြတဲ့အခါ ဖဆပလအဖွဲ့ချုပ်အပေါ်မှာ ယုံမှားသံသယတွေ စဖြစ်လာခဲ့တယ်။ ဒါဟာ နိုင်ငံရေးသမိုင်းအရ ပထမဦးဆုံး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တားဆီးပိတ်ပင်ခဲ့တဲ့ သမိုင်းအထောက် အထားပါပဲ။ ဒီကိစ္စကြောင့် ယနေ့ (၂၀၂၁ ခုနှစ်)ကာလတိုင်အောင် အာဃာတ၊ ပဋိပက္ခတွေ မပြီးဆုံးနိုင်ဘဲ ရှိနေဆဲပါပဲ။

ကုန်ကုန်ပြောရရင် မြန်မာပြည် နိုင်ငံရေး ပဋိပက္ခအစဟာ ဖဆပလအဖွဲ့ချုပ်ရဲ့ ပဏာမပြင်ဆင်ချက် ညီလာခံက စတင် ခဲ့တယ်လို့ပြောရင် မမှားပါဘူး။ တိုင်းရင်းသားတွေရင်ထဲမှာ ယနေ့ချိန်ထိ မမေ့ကြဘဲ ရှိနေပါသေးတယ်။

အဆိုပြုချက် ၁၄ ချက် 

ပဏာမပြင်ဆင်မှုညီလာခံကို ငါးရက်တိတိ ကျင်းပလို့ ပြီးသွားတဲ့အခါ (၂၃ ရက် မေလ) နောက်ဆုံးရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနဲ့ ယင်းအခြေခံဥပဒေရဲ့ သဘောထားတွေဖြစ်ကြတဲ့ အဆိုပြုချက် ၁၄ ချက်ကို အတည်ပြု ပြဋ္ဌာန်းခဲ့ကြတယ်။ အဆိုပြုချက် ၃၊ အပိုဒ် (၁)အရ 

၁။ ပထဝီအနေအထားအရ နယ်နိမိတ် အထင်အရှားရှိခြင်း 
၂။ မြန်မာစကားနှင့် မတူသော ဘာသာစကားတစ်မျိုးတည်းရှိခြင်း 
၃။ ယဉ်ကျေးမှုတစ်မျိုးတည်း ရှိခြင်း 
၄။ ရာဇဝင်အစဉ်အလာ တစ်မျိုးတည်းရှိသော လူစုရှိခြင်း 
၅။ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း 
၆။ လူဦးရေအတော်အတန်ရှိခြင်း 
၇။ ပြည်ထောင်စုအဖွဲ့ဝင် သီးခြား ဒေသတစ်ခုအဖြစ်ဖြင့် မိမိကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေလိုသော ဆန္ဒ ရှိခြင်း ဖြစ်ရင်(ဖြစ်ပါက) ‘ပြည်ထောင်စု ပြည်နယ်’၊ ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်’၊ ‘လူမျိုးစု ပြည်နယ်’ သတ်မှတ်ပေးမယ်

လို့ ဖဆပလ အမှုဆောင်အဖွဲ့ရဲ့အဆိုပြုချက်ထဲမှာ ပါဝင်နေပါရဲ့နဲ့ အဲဒီအဆိုပြုချက်အတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းပေးခဲ့ပါရဲ့လား ဆိုတာကို ပြန်လေ့လာကြည့်ပါ။ 

အဆိုပြုချက် အမှတ်ရ 

အဆိုပြုချက် အမှတ် ၇၊ အပိုဒ် (၁)အရ ဖြစ်တဲ့ တိုင်းရင်းသားလူနည်းစု တွေရဲ့ အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ 

၁။ လူတို့၏အခွင့်အရေး 
၂။ လူမျိုးနှင့် ယဉ်ကျေးမှုအခွင့်အရေး 
၃။ ယဉ်ကျေးမှုတွင် မိမိတို့၏စရိုက်အရ ပြဋ္ဌာန်းနိုင်ခွင့်နှင့်တကွ လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံနိုင်သော အခွင့်အရေး 
၄။ ဥပဒေပြုရေးအဖွဲ့တွင် ထိုက်သင့်သော ကိုယ်စားလှယ်ဦးရေ ပါဝင် နိုင်ရေးအတွက် (အခွင့်အရေးအတွက်) လွတ်လပ်စွာခံစားခွင့် (ခံစားနိုင်ခွင့်) ရှိရမယ်

လို့ အဆိုပြုထားကြပေမယ့် ဝန်ခံချက်ထားတဲ့ အတိုင်း ဘာမှမလုပ်ပေးနိုင်ပါဘူး။

အထူးသဖြင့် ကရင်အမျိုးသား အတွက်နဲ့ ပတ်သက်လို့ အဆိုပြုချက် အပိုဒ်(၂)အရ – 

“ကရင်အမျိုးသားတို့နှင့် ဆိုင်သော ကိစ္စများတွင် ပြည်ထောင်စု သက် အစိုးရအား ကူညီအကြံပေးရန် ‘ကရင်ရေးရာအဖွဲ့’ တစ်ခုကို ဖွဲ့စည်းရမည် ဆိုပေမယ့် ဖွဲ့စည်းထားပေးတဲ့ ‘ကရင်ရေးရာအဖွဲ့’ ရဲ့ ကူညီအကြံပြုချက်တွေ ကို နိုင်ငံရေးနည်းစနစ်ကျကျ အကြံပြု ချက်ပေးနေပေမယ့် ဘာဆိုဘာမှအရေး မစိုက်ဘဲ ဖြစ်နေခဲ့တာတွေဟာ .. ဘယ် အဖွဲ့ချုပ်ရဲ့ အမှားတွေလဲဆိုတာ ပြန်ပြီး လေ့လာကြည့်ပါ။ မြင်နိုင်ပါတယ်။ 

အဓိဋ္ဌာန်ကို လေးစားမြတ်နိုးရဲ့လား 

အဆိုပြုချက် ၁၄ အရ 

“ကျွန်ုပ်တို့ ချစ်မြတ်နိုးသော နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် တရားသဖြင့် ရသင့်ရထိုက်သည်လည်းဖြစ်၍ ဂုဏ်ကျက်သရေနှင့်လည်း ပြည့်စုံသော အဆင့်အတန်းကို ရရှိ၍ လူသတ္တဝါ … ခပ်သိမ်းတို့၏ အကျိုးစီးပွားကို တိုးတက်စေရန် မိမိ၌ တာဝန်ရှိသည်အလျောက် အစွမ်းကုန် အားထုတ်ဆောင်ရွက်ပြီး လျှင် ပြည်ထောင်စုအချင်းချင်း တရားမျှတမှုနှင့် လောကဝတ္တရားတို့ကိုထောက်ကာ … နိုင်ငံတို့နှင့် ချစ်ကြည်ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မည်ဟု ခိုင်မြဲသော အဓိဋ္ဌာန်ကို ပြုထားလေသည်”

လို့ ပါရှိနေပေမယ့် အဓိဋ္ဌာန်ပြုထားတဲ့ အတိုင်း ယနေ့(ယခု)ချိန်ထိ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ အကုန်အကုန် ဆုံးရှုံးခဲ့ရတာဟာ ဒီအဓိဋ္ဌာန်ကို တည်တည်ကြည်ကြည် မလေးစား မလိုက်နာလို့ပဲပေါ့။

ဝေဖန်ထားခဲ့ 

အဆိုပြုချက် ၁၄ ချက်ကို အကြောင်းပြုပြီး အခန်း ၁၄ ခန်းပါဝင် တဲ့ ၁၉၄ရ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပုဒ်မခွဲတွေမပါဘဲ ရေးဆွဲထားခဲ့တာတွေကို တွေ့ရတယ်။ ပုဒ်မခွဲ ၁၂၇ ခု ပါဝင်တဲ့ အရေးကြီးတဲ့ အခြေခံဥပဒေကို နံပါတ်မတပ်ထားဘဲ ရေးဆွဲတာဟာ ဥပဒေကို အကြံပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့ သတိမမီတဲ့ အားနည်း ချက်ပါပဲ။ အဲဒီတုန်းက တိုင်းရင်းသား လူနည်းစုအဖြစ်ဆိုပြီး ကရင်းတိုင်းရင်း သားတွေကို သတ်မှတ်ခံရတယ်။ (အခြား တိုင်းရင်းသားတွေဆိုရင်တော့ ပြောဖို့ မလိုတော့)။ အဲဒီခေတ်က (အဲဒီအချိန် က) အခြေခံမူကြမ်းကို တိုင်းရင်းသား အများစုက ထောက်ခံခဲ့ကြပေမယ့် နိုင်ငံရေးသမားကြီးတစ်ဦးက –

‘ဖဆပလအခြေခံမူကြမ်းမှာ များသောအားဖြင့် အိန္ဒိယနိုင်ငံ၊ တိုင်းပြည် ပြုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ပုံတူကူးခြင်းသာဖြစ်ကြောင်း၊ အချို့ အချက်အလက်များမှာလည်း ဆိုဗီယက်ယူနီယံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှ ကူးယူထားခြင်းဖြစ်ကြောင်း’ ပြောင်ပြောင်တင်းတင်း ဝေဖန်ထားခဲ့တယ်။

(ဆက်ရန်)

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၁)

အဲးခိုး

အတွဲ(၁၁)၊ အမှတ်(၃၈)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ နတ်တော်လပြည့်ကျော် ၉၊ ၁၆-၁၂-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

နိဒါန်း 

“၄-၁-၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံတော် လွတ်လပ်သည့် အခမ်းအနားနေ့ကို (လွတ်လပ်ရေးနေ့ကို) ဝန်ကြီးများရုံး လွှတ်တော်အဆောက်အအုံနှင့် အစိုးရအိမ်တော်တွင် ကျင်းပခဲ့သည်။ ထိုနေ့နံနက် (၄း၂၀)နာရီအချိန်တွင် ရန်ကုန်မြစ်အတွင်း ဆိုက်ကပ်ထားသော ဘာမင်ဟမ်စစ်သင်္ဘောမှ အခါတော်ကြား အမြောက်ပစ်ဖောက်ခဲ့သည်။ လွှတ်တော် အဆောက်အအုံရှေ့ရှိ အလံတိုင်ပေါ်မှ ယူနီယံအင်္ဂလိပ်ဂျက်အလံကို ချ၏။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံတော်ကို လွှင့်တင်ခဲ့သည်။ နံနက်(၆း၅၀) နာရီအချိန်တွင် အလုံလမ်းရှိ အစိုးရအိမ်တော်ရှေ့တွင်ရှိသော အလံတိုင်တွင် မြန်မာ့အလံတော်နှင့် ဗြိတိသျှအလံတော်တို့ကို အချအတင်ပြုလုပ်သည်။ နံနက် (၈း၂ဝ) နာရီတွင် ဘုရင်ခံနှင့် ဇနီးတို့သည် ဘာမင်ဟမ်စစ်သင်္ဘောပေါ်ကို တက်၏။ အင်္ဂလန်သို့ ပြန်လည်ထွက်ခွာသွားသည်။ ဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးမော်ကွန်း ကျောက်တိုင်ကို ထိုနေ့တွင် အုတ်မြစ်စီအခမ်းအနား ကျင်းပခဲ့သည်”ဆိုတဲ့ မြန်မာ့နိုင်ငံရေး လွတ်လပ်သည့် သမိုင်းပြဖြစ်စဉ်အကြောင်းနဲ့ ဤဆောင်းပါးကို ဖွင့်လှစ်ပါတယ်။

မြန်မာနိုင်ငံရေး လွတ်လပ်သည့် သမိုင်းပြဖြစ်စဉ်အကြောင်းနဲ့ ဤဆောင်းပါးကို ဖွင့်လှစ် …

စကားချီး 

မြန်မာပြည်ခေတ်အဆက်ဆက် အုပ်ချုပ်တဲ့အစိုးရတွေရဲ့အပြုအမူ စနစ် မကျတာကို မနှစ်သက်ကြတဲ့ ပြည်သူ တွေက ဆန့်ကျင်အားထုတ် လာခဲ့ကြတာ နှစ်ပေါင်းကြာမြင့်နေပါပြီ။ အေဒီ ၁၉၄၇ ခုနှစ်ကာလထဲက အကြောင်းအရာတွေကို ပြန်လေ့လာရင် မြင်နိုင်ပါတယ်။ အဲဒီတုန်းက ဖဆပလအဖွဲ့ချုပ်ရဲ့ လူထုထောက်ခံ အားပေးမှုကို မနာလိုကြတဲ့ အင်အားစုတွေက ၁၉-ရ-၁၉၄ရ ရက်နေ့မှာ အတွင်းဝန်ရုံးထဲမှာ လုပ်ကြံမှု ဖြစ်ပွားခဲ့ကြတယ်။ အဲဒီလုပ်ကြံမှုကြောင့် ပဲ တစ်နိုင်ငံလုံးမှာရှိကြတဲ့ ပြည်သူတွေ က တုန်လှုပ်ချောက်ချား သွားကြတာမကဘဲ တစ်ကမ္ဘာလုံး မှာရှိကြတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းတွေကပါ အထူးသဖြင့် အံ့ဩကြရတယ်။ ဒီအဖြစ်အပျက်ရဲ့ ဇာစ်မြစ်ကစပြီး မြန်မာ့နိုင်ငံရေးပဋိပက္ခ ဟာ ယနေ့ (ယခု) တိုင်အောင် ဆန့်ကျင် တဲ့ အင်အားစုရှိနေကြတုန်းပါပဲလို့ ဆိုပါ ရစေ။ (ရှိနေကြဆဲပါပဲ။)

သက်သေရှိ

မြန်မာပြည်ဟာ တိုင်းရင်းသားများ နေထိုင်တဲ့ ပြည်နယ်ဒေသနဲ့ ပြည်မတိုင်းဒေသကြီးတွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေဟာ (တောင်ပေါ်၊ မြေပြန့်တွေဟာ) နယ်ချဲ့တဲ့ အင်္ဂလိပ်ကိုလိုနီအစိုးရက သွေးခွဲခဲ့တဲ့ နိုင်ငံရေး စနစ်နဲ့ အုပ်ချုပ်ခဲ့တယ်လို့ ဆိုပြီးတော့ နိုင်ငံရေးလှုပ်ရှားကြတဲ့သူတွေက ယူဆခဲ့ကြတယ်။ တိုင်းရင်းသားအများစုက တော့ အဲဒီအချက်ကို မယုံကြည်ကြပါ ဘူး။ ဘာကြောင့်လဲဆိုရင် အက်တလီ စာချုပ်ချုပ်ဆိုတဲ့စာ (သမိုင်းစာချုပ်) ချုပ် ကို လေ့လာရင် မြင်နိုင်ပါတယ်။ တိုင်းရင်းသားတွေ ကန့်ကွက်မှုလုပ်ခဲ့ပေမယ့် အဆုံးမှာ ပြေလည်သွားကြတာပါပဲ။ အဲ ဒီစာချုပ်ထဲမှာ လုံးဝ (လုံးဝ) သဘောမတူဘဲ ကန့်ကွက်ခဲ့တဲ့ မှတ်ချက်ရေးထားခဲ့တဲ့သူတွေက ဘယ်သူတွေပါလဲဆိုတာကို သမိုင်း (မြန်မာ့) ကို လေ့လာကြတဲ့သူ တွေ အသိဆုံးပါပဲ။

အက်တလီစာချုပ်ရဲ့ အနှစ်သာရ

အဲဒီစာချုပ်အရ(အက်တလီစာချုပ် အရ)ဧပြီလ၊ ၁၉၄၇ မှာ တိုင်းပြုပြည် ပြုရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ အချက်က အဓိကပါပဲ။ ရွေးကောက်ပွဲ ရလဒ်က ဖြစ်ပေါ်လာမယ့် အစိုးရအဖွဲ့ကို (ကြားဖြတ်အစိုးရအဖွဲ့ကို) အခွင့်အာဏာပေးဖို့၊ ဗမာ့တပ်မတော်ကို မြန်မာအစိုးရ ကပဲ တိုက်ရိုက်အုပ်ချုပ်ဖို့၊ ကိုယ်ပိုင်ဘဏ္ဍာရေးကို စီမံခွင့်ပေးဖို့၊ တိုင်းရင်းသားတွေကို မြန်မာပြည်မကြီးနဲ့ပူးပေါင်း လို၊ မလို ဆန္ဒရယူရေးအတွက် ညီလာခံတစ်ရပ် ကျင်းပပေးဖို့ဆိုတဲ့ ဒီ အချက်တွေဟာ အက်တလီစာချုပ်ရဲ့အထူးအနှစ်သာရပါပဲ။ ဒီလိုအချက်အလက်တွေ ပါရှိနေတာကို အဲဒီခေတ်ကသဘောမတူ၊ မကျေနပ်၊ ကန့်ကွက်ခဲ့ကြတဲ့သူတွေက အဲဒီစာချုပ်ထဲမှာ သူတို့တွေ လက်မှတ် ဘယ်လိုရှိနေကြသလဲဆိုတာကို လေ့လာကြည့်ပါ။ မြင်နိုင်ကြပါတယ်မဟုတ်လား။ 

ပြည်ထောင်စုစာချုပ်လား၊ ပင်လုံစာချုပ်လား

အဲဒီစာချုပ် မချုပ်ဆိုပီ တိုင်းရင်း သားအားလုံး ပူးပေါင်းညီညွတ်မှုရှိနေ ကြောင်း အေဒီ ၁၉၄ရ ခုနှစ်၊ ဖေဖော် ဝါရီ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ညီလာခံ ကျင်းပခဲ့ကြတယ်။ အဲဒီအစည်း အဝေးကြီးမှာ တက်ရောက်လာခဲ့ကြတဲ့ တိုင်းရင်းသားအားလုံးဟာ ၁၂-၂- ၁၉၄ရ ရက်နေ့မှာ တိုင်းရင်းသားကိုယ် စားလှယ် အားလုံးတို့က ပြည်ထောင်စု တစ်ဝှမ်းလုံးမှာ တစ်စုတစ်စည်းတည်း နေထိုင်ကြမယ်ဆိုတဲ့ ဆန္ဒနဲ့ ပင်လုံမြို့ ကို ကိုယ်စားပြုပြီး ပင်လုံစာချုပ်လို့ အမည်တပ်ထားပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံး အညီအညွတ် စုပေါင်းစာချုပ် ချုပ်ဆိုကြပါတယ်။

အမှန်တော့ တိုင်းရင်းသားများ စုပေါင်းညီညွတ် ရေး ညီလာခံကို ကျင်းပခဲ့တာဖြစ်နေတာ ကြောင့် ‘ပြည်ထောင်စုစာချုပ်’လို့ သတ်မှတ် ခေါ်ဝေါ်သင့်ပါတယ်။ ဘာကြောင့် ‘ပင်လုံစာချုပ်’လို ခေါ်ဆိုခဲ့ကြသလဲဆိုတာကိုတော့ ဒီအကြောင်းအရာတွေကို လေ့လာကြတဲ့သူတွေကပဲ သိကြမှာပါ။

၁၉၄ရ ခုနှစ် အခြေခံဥပဒေ 

တိုင်းရင်းသားများ အထူးညီလာခံ ကျင်းပကြတဲ့အချိန်မှာ ဘယ်သူတွေက သဘောမတူညီ ကြသလဲ ဆိုတဲ့အချက် က အဲဒီခေတ်က ဆန့်ကျင်နေတဲ့ အင်အားစုဝင်တွေ ရှိခဲ့ပါတယ်။ အဲဒီစာချုပ်ချုပ်ဆိုပြီးလို့ အင်္ဂလိပ်အစိုးရကိုယ်တိုင်က အဲဒီစာချုပ်ကို (ပင်လုံမှာထိုးသော စာချုပ်ကို) အသိအမှတ် ပြုကြောင်း (သဘောတူကြောင်း) အတိအလင်းကြေညာခဲ့တယ် မဟုတ်လား။ စာချုပ်ချုပ်ဆိုပြီးလို့ ဧပြီလရောက်တဲ့အခါ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ ကျင်းပခဲ့တယ်မဟုတ်လား။ အဲဒီအချိန်က ဖဆပလအဖွဲ့ချုပ်က ၉၅ ဒသမ ၃ ရာခိုင်နှုန်း အနိုင်ရခဲ့တယ်ဆိုတာကို လူတိုင်းအသိပါပဲ။ မေလရောက်တဲ့အခါ ဖဆပလ ပထမညီလာခံကို ရန်ကုန်မြို့ရှိ ဂျူဗလီဟော(ခန်းမ)မှာ ကျင်းပခဲ့တယ်။ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူလပထမ မြန်မာနိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ) ကို ရေးဆွဲပြဋ္ဌာန်းခဲ့ကြတယ် မဟုတ်လား။ အဲဒီနှစ် ဇွန်လ ဒုတိယပတ်မှာ တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးကို ကျင်းပကြပြီး မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်း (၁၉၄ရ ခုနှစ်အခြေခံဥပဒေ)ကို တင်သွင်းခဲ့တယ် မဟုတ်လား။ ၂၄-၉-၁၉၄ရ ရက်နေ့ရောက်မှ တိုင်းပြည်ပြည်ပြု လွှတ်တော်ကျင်းပပြီးစီးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လက်ခံအတည်ပြုကြတယ်ဆိုတဲ့ အကြောင်း သမိုင်းစာမျက်နှာမှာ အထင် အရှားရှိခဲ့ပါတယ် မဟုတ်လား။ 

တိုင်းရင်းသားတွေ သိပါတယ် 

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲနေကြတဲ့အချိန်က ရေးဆွဲတဲ့အဖွဲ့ တွေထဲမှာ ဘယ်တိုင်းရင်းသားတွေ ပါဝင်ခဲ့ပါသလဲ။ လေ့လာမိကြပါရဲ့လား။ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်မှာ ၆ လနဲ့ အပြီးသတ်အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တယ်ဆိုတဲ့ အချက်ကိုထောက်ရင် သဘောရိုးသောဥပဒေတစ်ရပ် ဟုတ်နိုင်ပါရဲ့လား။ အဲဒီတုန်းက တိုင်းရင်းသား ခေါင်းဆောင်တွေက လျှို့ဝှက်ဖွဲ့စည်းထားခဲ့တဲ့ ဖဆပလခေါင်းဆောင်တွေကို ဘယ်လိုမြင်နေကြသလဲဆိုတာကိုကော လေ့လာမိကြပါရဲ့လား။ တိုင်းရင်းသားတွေဟာ မိမိတို့ရဲ့ ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေးအတွက်ကို အေဒီ ၁၉၃၉ ခုနှစ်ကာလအတွင်း တိုင်းရင်းသားတွေ လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့အကြောင်းကို ပြန်လေ့လာကြည့်ပါ။ နယ်ချဲ့သူတွေက တစ်မျိုး၊ ဖက်ဆစ်သူတွေကတစ်မျိုး၊ တိုင်းပြည်လှည့်ကွက်ချင်တဲ့သူတွေက တစ်မျိုးနဲ့ တိုင်းရင်းသားတွေဟာ နည်းပေါင်းစုံနဲ့ အလိမ်အညာခံခဲ့ရတယ်ဆိုတဲ့ အချက်တွေဟာ တိုင်းရင်းသားတွေအကုန်လုံး နားလည်ကြပါတယ်။ 

၁၉၄၅ ခုနှစ် သြဂုတ်လ အစည်းအဝေး 

အေဒီ ၁၉၄၄ ခုနှစ်၊ သြဂုတ်လမှာ ဂျပန်ကို တော်လှန်ဖို့နဲ့ ပြည်သူ့ဘဝ အကျပ်အတည်းအားလုံး လွတ်မြောက် ဖို့ဆိုတဲ့ ရည်ရွယ်ချက်ထားတဲ့ တစ်နည်းလွတ်လပ်သော မြန်မာနိုင်ငံအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထု အကူအညီနဲ့ ရေးဆွဲကြဖို့ ကြိုးပမ်းအားထုတ်ကြတဲ့အချိန်က လူနည်းစုတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုတဲ့ ထုတ်ဖော်ပြောဆိုထားခဲ့ကြတဲ့ ကတိစကား တွေဟာ ယနေ့လူနည်းစုတွေများဖြစ်ကြတဲ့ တိုင်းရင်းသားတွေအတွက် ဘာတွေများ လုပ်ပေးနိုင်ခဲ့ကြပါပြီလဲ ဆိုတာကို အားလုံးအသိပါပဲ။ အေဒီ ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ တဲ့ အစည်းအဝေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ပြန်လေ့လာကြည့်ပါ။ ဘာတွေသဘောတူညီခဲ့ကြပါသလဲဆို တာ သမိုင်းအထောက်အထား ရှိခဲ့ကြတယ်။ 

ပြည်သူတွေအသိ 

ဖက်ဆစ်ဂျပန်တွေ မြန်မာနိုင်ငံ ကနေ ထွက်ခွာသွားပြီးတဲ့အခါ စစ်ပြီး ခေတ် မြန်မာပြည်ကို အင်္ဂလိပ်နယ်ချဲ့ တွေက စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့ပြန် တယ်။ စစ်အုပ်ချုပ်ရေးကို မနှစ်သက် ကြတဲ့ တိုင်းရင်းသားပြည်သူလူထုတွေ က ၁၉ သြဂုတ် ၁၉၄၅ ရက်နေ့ ဗဟန်း နေသူရိန်ရုံမှာ စုစည်းပြီး (အစည်းအဝေး ကျင်းပကြပြီး) ကန့်ကွက်ခဲ့ကြတယ်။ ကန့်ကွက်လို့ ၁၉၄၅ ခုနှစ် အောက်တို ဘာလ ၁၅ ရက် (၁၅-၁ဝ-၁၉၄၅) ရက် နေ့မှာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းခဲ့တယ်။ တိုင်းပြည်ထဲကနေ မထွက်မခွာလိုတဲ့ နယ်ချဲ့တွေက စက္ကူဖြူစာတမ်းနဲ့ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ဖို့ ကြိုးစားခဲ့ပြန်တယ်မဟုတ်လား။ လွတ်လပ်သော မြန်မာပြည် တောင်းဆိုသောဆန္ဒနဲ့ ဇွတ်တိုးပြီး အုပ်ချုပ်ဖို့ ကြိုးစားတဲ့ ဗြိတိသျှတွေရဲ့ သဘောထားဟာ ဘယ်လိုများဆန့်ကျင်နေကြသလဲဆိုတာ ပြည်သူတွေအသိပါပဲ။ ဘုရင်ခံလုပ်တဲ့သူနဲ့ ပြည်သူလူထုကို ကိုယ်စားပြုကြတဲ့ ဖဆပလအဖွဲ့ကြီးတွေက သဘောထားတွေကွဲလွဲကြတယ်။ အုပ်ချုပ်ရေးအပိုင်းမှာ သဘောထားကွဲကြလို့ပါပဲ။ နောက်ဆုံး ၁၉၄၆ ခုနှစ် မတ်လနောက်ပိုင်း ရောက်တဲ့အခါ မြန်မာပြည်အခြေအနေဟာ တင်းမာပြီး ဆိုးရွားလာတယ် မဟုတ်ပါလား။ 

ဘုရင်ခံတင်ပြခဲ့ 

ဗြိတိသျှပါလီမန်ဘက်က မြန်မာ နိုင်ငံရေးကို နားလည်ကြတဲ့သူတွေက ဒီလိုသဘောထားကွဲလွဲမှုမျိုးဟာ မဖြစ်သင့်ကြောင်း၊ မသင့်လျော်ကြောင်း၊ ဖဆပလဟာ လူထုရဲ့ ထောက်ခံမှုကိုရရှိနေကြောင်း၊ တစ်နေ့တခြား ဆိုးရွားလာတဲ့ လက်ရှိအခြေအနေကို ဖဆပလတာဝန်ရှိကြတဲ့သူတွေကိုသာ အားပေးသင့်ကြောင်း၊ နိုင်ငံရေးပြဿနာကို စီးပွားရေးထူထောင်ပြီးတဲ့အထိ စောင့်ဆိုင်းဖို့ မနေသင့်ကြောင်း ဗြိတိသျှပါလီမန် မှာ အဆိုတင်သွင်းခဲ့တယ်။ အမတ်အချို့ က (ဗြိတိသျှပါလီမန်) ဘုရင်ခံကို ပြစ် တင်ပြီး အစိုးရမူဝါဒကိုလည်း ဝေဖန်ခဲ့ ကြတယ်။ အဲဒီလိုနဲ့ပဲ ဗြိတိသျှအစိုးရဟာ မြန်မာပြည်ကို ယခင်မူဝါဒအတိုင်းဆက် လက်၍ အုပ်ချုပ်ဖို့ မဖြစ်နိုင်တော့ကြောင်း သိလာကြတဲ့အခါ ဘုရင်ခံကို ဆွေးနွေး ဖို့ ဗြိတိန်ကို ခေါ်လိုက်တယ်။ ဩဂုတ် လမှာ ဘုရင်ခံ နုတ်ထွက်ပြီး သူ့နေရာ ကို ဘုရင်ခံ(ဟူးဗတ်ရန့်စ်)တစ်ယောက် ခန့်အပ်လိုက်တယ်။ ဘုရင်ခံဖြစ်သူက မြန်မာနိုင်ငံရေးကို နားလည်ထားသူမို့ သူ မြန်မာပြည်ကို သူမလာခင်က နန်း ရင်းဝန်နဲ့ဆွေးနွေးခဲ့တယ်။ မြန်မာ့နိုင်ငံ ရေးအကျပ်အတည်းကို လမ်းသုံးသွယ် (နည်းလမ်းသုံးခု)နဲ့ တင်ပြခဲ့တယ်။ 

၁။ ဖဆပလရဲ့ တောင်းဆိုချက် အချို့ သို့မဟုတ် အားလုံးကို လိုက် လျောဖို့၊
၂။ ဖဆပလအဖွဲ့မပါဘဲ ညွန့်ပေါင်း အစိုးရဖွဲ့ဖို့နဲ့၊
၃။ ဖဆပလအဖွဲ့ချုပ်အချိုးကို လိုက်လျော၍ ဖဆပလအဖွဲ့ဝင်အများစု ပါဝင်သော ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ ဆိုတဲ့ အချက်ပါပဲ။

(ဆက်ရန်)

Loading

Categories
စကားလက်ဆောင်

။ ငါတို့နေရာ ပြည်မြန်မာ သည် ။

။ ငါတို့နေရာ
ဤကမ္ဘာသည်
မေတ္တာကင်းကွာ နေကြပြီ။

။ ငါတို့နေရာ
ဤကမ္ဘာသည်
မေတ္တာနုနု လိုနေပြီ။

။ ငါတို့နေရာ
ပြည်မြန်မာသည်
( ဘေးရန်, အနာ
ဆင်းရဲကွာ
ချမ်းသာကိုယ်စိတ်
မြဲပါစေ။)
သာယာငြိမ်းချမ်း လိုနေပြီ။

ဘုန်းသစ်ထူး
(၁၀.၁၂.၂၀၂၂) ရက်နေ့။

Loading

Categories
ဆောင်းပါး နိုင်ငံရေး အမျိုးသားရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (နောက်ဆုံးပိုင်း)

အဲးခိုး

မြန်မာလူမှုရေးဟာ တစ်စုတစ်စည်းတည်း ပြန်ရောက်ဖို့. … ကောင်းမွန်သောအချင်းချင်း သင့်မြတ်ရေးအတွက် အရှင်တို့မဖြစ်မနေ ဆောင်ရွက်လုပ်ကိုင်ရမယ်။ အရေးကြီးတဲ့အရေးကို အရေးမစိုက်ကြဘဲ ဖြစ်နေ (ရှိနေ) ရင် အရှင်တို့ မြန်မာပြည်ဟာ စရိုက်ကြမ်းတဲ့ ဥပဒေမဲ့ပြုမူချက် မူဝါဒရှင်တွေ များစွာဖြစ်လာမှာပါပဲ … 

အတွဲ(၁၁)၊ အမှတ်(၃၇)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ နတ်တော်လပြည့်ကျော် ၂ ၊ ၉ – ၁၂- ၂ဝ၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက်

သတိပြုစရာအချက်များ

လူဆိုတာ ကြွယ်ဝချမ်းသာရေးကို မလိုလားတဲ့သတ္တဝါတွေ မဟုတ်ကြပါ။ လူတန်းစားတူညီတဲ့ သာတူညီမျှရှိတဲ့ အလေ့အကျင့်နဲ့ ကိုယ်ကျိုးစွန့်တဲ့အလေ့ အထရှိတဲ့လူသားတွေပါ။ ဒီလို အကြောင်းအရာတွေဟာ လူသားတွေရဲ့ မူလရည်ရွယ်ချက် ခေတ်စနစ်ပါလို့ ဒီခေတ်ကြီးမှာ ဘယ်လိုပြောပြော၊ ကိုယ်တွေ့အားဖြင့် ဘယ်သူမှ လိုက်လျောကျင့်သုံး ဆောက်တည်လိုကြတဲ့ ဆန္ဒတွေမရှိကြပါ။ လူ့အဖွဲ့အစည်းကို သဘောတရားမဲ့၊ ဝါဒမဲ့ခြင်းကိုသာ အလေးထားချင်ကြတယ်။ အမျိုးသားရေးဝါဒကို ကြိုးစားကာကွယ် ထိန်းသိမ်းရမယ်လို့ပြောရင် ယုံကြည်မှုမရှိကြဘဲ ကဲ့ရဲ့ပြစ်တင်လို့ မဆုံးအောင် ပါပဲ။ ဒီသဘောတရားမျိုးဟာ မြန်မာ့နိုင်ငံရေးလောကနဲ့ မြန်မာ့လူမှုလောကမှာ အများဆုံးမြင်တွေ့ရပါတယ်။ အဲဒီ အတွေးအမြင်တွေကြောင့် မြန်မာဟာ သင့်တင့်လျောက်ပတ်တဲ့ဘဝ မရောက်ကြဘဲ လူတစ်စုသား (လူတစ်စုစား) ထိန်းချုပ်ထားတဲ့ နိုင်ငံရေးလောက ရောက်ခဲ့ရတယ်။ သတိပြုပေါ့ ပြည်သူတို့ရယ်။ 

ကမ္ဘာသိ လူသိဖြစ်လာမည် 

မြန်မာပြည်ဟာ သဘာဝအရင်းအမြစ်တွေလည်း တဖြည်းဖြည်း ရှားပါးလာနေကြပြီ။ အခွင့်ကောင်းယူနိုင်တဲ့ တိုင်းပြည်တွေကလည်း နိုင်ငံပိုင်နက်ထဲမှာ ဝင်လာပြီး အခွင့်အလမ်းကောင်းတွေကို ယူကြလို့ အကြောက်အရွံ့မဲ့ပါပဲ။ လိုချင်တဲ့အတိုင်းရနေတော့ မြန်မာ့စီးပွားရေးဟာ ခေါင်းပုံဖြတ်ခွင့်ပေးတဲ့ အခွင့်အလမ်းတွေ ပေးနေသလိုမျိုးပဲ ၂၀၁၅ မှ ၂ဝ၂ဝ ပြည့်နှစ်တိုင်အောင် တွေ့မြင်ရတယ်။ တချို့အရပ်ဒေသတွေမှာ (ဒေသအချို့) မှာ စိတ်ကြိုက်ခြယ်လှယ်နိုင်တဲ့ အဆင့်အထိ ရောက်သွားတယ်။

နိုင်ငံတော်အတွင်းမှာရှိတဲ့ ဒေသန္တရအရေးကို စုပေါင်းကာကွယ်ရမယ် ဆိုတာကို မသိသလိုလုပ်လို့ ပြင်ပတိုင်းပြည်ကလာတဲ့ အခွင့်ကောင်း ယူချင်တဲ့သူတွေနဲ့ စားကွက်တွေ ဖန်တီးဖော်ဆောင်ပေးကြတယ်။ ဒီကြားမှာ ဘာသာရေးအောင်ပွဲ ဆင်ယင်နေတဲ့သူတွေအတွက် အစိုးရအဖွဲ့အစည်းကိုယ်တိုင်က အခွင့်အရေး ပေးထားတဲ့အတိုင်းပဲ အားမနာတမ်း အခွင့်အရေးတွေ ယူဆောင်ကြတယ်။ နိုင်ငံရေးဈေးကွက်ကို မျက်စိကျနေတဲ့ သူတို့တွေက ငွေရင်းနဲ့ရနိုင်တဲ့ နည်းပညာနဲ့ အစိုးရကို ချည်းကပ်ထားတယ်။ အစိုးရအဖွဲ့အစည်းတွေကလည်း ကြောက်မက်ဖွယ် (ကြောက်မက်စရာ) ဖြစ်တဲ့သူတို့ရဲ့ ချဉ်းကပ်မှုကို မသိမမြင်ကြတော့ နောက်ဆုံးတော့ အရှင်တို့ မြန်မာပြည်ဟာ သမားရိုးကျ ဒီမိုကရေစီကို လိုလားတဲ့ဘဝကို စွန့်လွှတ်ခဲ့ရတဲ့ အခြေအနေအထိ ရောက်ခဲ့ရတယ်။

ယခု ဖော်ပြခဲ့တဲ့ အချက်တွေဟာ ဒီအချိန်မှာ လူတိုင်းလက်မခံနိုင်ပါဘူး။ သို့သော် နောင်တစ်ချိန်မှာ ကမ္ဘာသိ လူသိ ဖြစ်လာမှာပါပဲ။ 

ကစားကွက်ကြီးဒဏ် 

ခေတ်ကာလ အခြေအနေဟာ လည်မျို ညှစ်ထားနိုင်ရေး အတွက်ကို ကြည့်ပြီး ဖြစ်နိုင်သည့်နည်းလမ်းတွေနဲ့ အရာရာတိုင်းကို (လိုချင်တိုင်းကို) စီးပွားရေးမျက်နှာ ဖွင့်ထားကြတယ်။ ပဋိပက္ခတွေကလည်း ကြာလေ ထုထည်ကြီးလေတော့ ပြဿနာပေါင်းစုံလာနေတယ်။ မြန်မာပြည် အခြေအနေကတော့ အဆိုးဆုံးပါပဲ။ ရှည်ကြာသည့် နိုင်ငံရေး ကစားကွက်တွေဟာ နိုင်ငံတိုင်းလိုလို ဖြစ်လာတယ်။

ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ တိုင်းပြည်တွေက နိုင်ငံရေးကစားကွက်ကြီးတဲ့ နိုင်ငံတွေရဲ့ဒဏ်ကို ခံစားလာကြရတယ်။ ဘယ်လို ခံစားနေကြရသလဲဆိုရင် ခုခံ တိုက်ခိုက်နေတဲ့အုပ်စုကို ကူညီထောက်ပံ့ အားပေးအားမြှောက်တဲ့ ဒဏ်၊ အတိုင်းအဆမရှိ ငွေထောက်ပံ့ပေးတဲ့ ဒဏ်၊ လူ့အခွင့်အရေးကို အကြောင်းပြပြီး နည်းပေါင်းစုံ စွက်ဖက်စေတဲ့ဒဏ်အပြင် ဒီမိုကရေစီနိုင်ငံရေးကို ဖယ်ရှားဖို့ ကြိုးစားစေတဲ့ဒဏ်နဲ့ ဒါတွေမကဘဲ ယုတ်စွအဆုံး အခြေခံကျတဲ့ အမျိုးသားအကျိုး စီးပွားကာကွယ်ရေးကို ရှုပ်ထွေးအောင် ဖျက်ဆီးစေတဲ့ဒဏ်ပါ ခံစားလာကြရတယ်။ ဒီလို အမျိုးသားရေးအပေါ် ခေါင်းပုံဖြတ် အသုံးချလာနိုင်တာကြောင့် နိုင်ငံတိုင်းလိုလိုဟာ အမျိုးသားရေး အကျိုးတွေ တဖြည်းဖြည်းနဲ့ စွန့်လွှတ်လာခဲ့ကြရတယ်။ မြန်မာပြည် အနေနဲ့ကတော့ တားမနိုင် ဆီးမရလောက်အောင်ပါပဲ။

နိုင်ငံရေးအဖျက်ကျွမ်းကျင်တဲ့ ရှုပ်ထွေးမူဒဏ်ဟာ တဖြည်းဖြည်း ဆိုက်ရောက်လာတဲ့ ကမ္ဘာကြီးဟာ အနာဂတ်ကာလ အဓိပ္ပာယ်မဲ့စွာ အချည်းနှီး ဖြစ်ကြတော့ မည်လားဆိုတာကို တွေးမိပါလေရဲ့။ 

နိုင်ငံရေးနိမိတ်သစ်

အရှင်တို့နေထိုင်တဲ့ ကမ္ဘာကြီးဟာ ကမ္ဘာကြီးတစ်ပြင်လုံး စစ်တလင်းပြင်ကြီး ဖြစ်လာအောင် ပုံစံသစ် စစ်ပွဲတွေ ကြိုးစားနေကြပြီလားဆိုတာကို တွေးမိကြမှာပါ။ စာရေးဆရာတစ်ဦးက “စစ်ပွဲ ဆိုသည်မှာ မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရသော သာမန်ထူးခြားသည့် လူသတ်ပွဲကြီးဖြစ်သည်” ဟု ‘George Friedman’s The Next 100 Year’ ဆိုထားခဲ့တာ မြင်ရတယ်။ ခေတ်သစ်ကာလမှာ အကယ်၍ ကမ္ဘာ့စစ်ပွဲကြီးများ ဖြစ်လာခဲ့ရင် လူ့အဖွဲ့အစည်းတွေဟာ စစ်အောင်နိုင်ရေးအတွက် ဘယ်လောက်များ သေကျေပျက်စီး ကြရမည်လဲဆိုတာကို ဆန်းသစ် တီထွင်ထားကြတဲ့ အဏုမြူလက်နက်ကို ကြည့်ရင်သိနိုင်ပါတယ်။ အာကာသထဲ စစ်ရေးလှုပ်ရှားပိုင်ခွင့်ရချင်တဲ့ နိုင်ငံတွေက ကြိုတင် ပြင်ဆင်ထားကြတယ်။

စစ်ပွဲရဲ့အရေးကြီးတဲ့ အကျိုးသက်ရောက်မှု ငြိမ်းချမ်းရေး သဘောတူစာချုပ်တွေကိုလည်း လေးစားလိုက်နာမှု မပြုချင်ကြဘဲ အကျိုးစီးပွားရရေးအတွက်ကိုပဲ အရေးစိုက်ကြမယ်။ လူမှုရေးတွေဟာ တဖြည်းဖြည်း မတည်ငြိမ်ကြတော့ဘဲ မိသားစုနေထိုင် မှုပုံစံအဖုံဖုံ ပေါ်ပေါက်လာနိုင်ပြီး ယဉ်ကျေးမှုတန်ဖိုးထားတဲ့ စိတ်ဓာတ်တွေ ပျောက်ကွယ်သွားကြမယ်။ အချင်းချင်း သဘောတရားတွေ တင်းမာကြမယ်။ ယဉ်ကျေးမှုဓလေ့ထုံးစံ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားနိုင်သူတွေကို ရန်သူကြီးလို မြင်ကြမယ်။

ယုတ်စွအဆုံး ကြမ်းကြုတ်သူကို မိတ်ဆွေ၊ သစ္စာဖောက်သူကို ကယ်တင်ရှင်ကြီးပမာ အားထားကြမယ်လို့ ဆိုတဲ့အကြောင်း မဖြစ်သေးတဲ့နိုင်ငံရေး နိမိတ်သစ်တွေ ကြိုတင်ခန့်မှန်း ထားကြတယ်။ 

နောက်နှစ်ပေါင်း ၅ဝဝ ထက် 

၂ဝ၇ဝ ပြည့်နှစ်ကာလကြရင် ရွှေခေတ်ကြီး ဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ထားတဲ့နိုင်ငံက ခေတ်မီစမ်းသပ်မှုတွေ၊ ချုပ်ကိုင်မှုတွေ၊ ခြေလှမ်းကျဲကျဲနဲ့ ကြိုးစားနေကြတယ်။ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုအလွှာသစ် တစ်မျိုး ဖြစ်အောင်လည်း ဆွဲဆောင်မှုအပြည့်နဲ့ တက်တက်ကြွကြွ လှုပ်ရှားနေကြတယ်။ ဒီမိုကရေစီ ကမ္ဘာ့နိုင်ငံရေးဖြစ်ဖို့ (ကမ္ဘာဆန်သည့် နိုင်ငံရေးဖြစ်ဖို့) ပြိုင်ဆိုင်မှု အပြည့်နဲ့ တီထွင်ဖန်တီးထားတယ်။ ယုံကြည် အားကိုးထိုက်တဲ့ နိုင်ငံရေးဖြစ်တယ်ဆိုပြီး တရားမမျှတတဲ့ တက်ကြွမှုတွေ ယှဉ်ပြိုင်စေတယ်။ ထိခိုက်နစ်နာမှုတွေ မြန်ဆန်လာတယ်။ ဆိုးကျိုးရတဲ့ ကြိုးပမ်းချက်ဖြစ်တယ်လို့ ပြောလို့လည်းမရဘဲ ဆိုးသွမ်းတဲ့ နိုင်ငံရေးဂယက်ကို အမျိုးမျိုးလှုံ့ဆော်စေတယ်။

နိုင်ငံရေး ကိုယ်ကျိုး စီးပွားဆန်လာတဲ့ ဒီခေတ်အခြေအနေကို အရှင်တို့ မြန်မာတွေ သတိမထားဘဲရှိနေ (ဖြစ်နေ) ရင် အကျမျိုးစုံနဲ့ ခံစားကြရမှာပါပဲ။ ပိတ်ဆို့တား မြစ်မှုပေါင်းစုံလာတဲ့ မြန်မာပြည်ဟာ အတင်းအကျပ် ပြစ်မှုဒဏ်တွေ ပိုပြီးတော့ များလာတယ်။ နိုင်ငံရေးကြောင့် စီးပွားရေးပိတ်ဆို့ခံရတဲ့ အရှင်တို့တိုင်းပြည်ဟာ ထိခိုက်ဆုံးရှုံးမှု ကြီးမားနေပါပြီ။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးကို ကမ္ဘာ့နိုင်ငံရေးလို ယှဉ်လို( သွားလို) သော ဆန္ဒကြောင့် မြန်မာဟာ ကမ္ဘာပေါ်မှာ အထိအနာဆုံးပါပဲ။

ဒါကြောင့် ရွှေခေတ်ကြီးကို မြန်မာတွေ မျှော်မှန်းချက်များ ရှိခဲ့မယ်ဆိုရင် နောက် (နောင်) နှစ်ပေါင်း ၅ဝဝ ထက်ကပဲ မျှော်မှန်းပါပေတော့။ သို့သော် မျှော်ရည်မှန်းသလိုတော့ မုချ ဖြစ်ချင်မှ (ရချင်မှ) ဖြစ်မယ်လို့ပဲ ဆိုပါရစေ။ 

‘ကမ္ဘာမကျေ၊ မြန်မာပြေ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ’ ဆိုတဲ့ နိုင်ငံတော်သီချင်း (အမျိုးသားသီချင်း) ကို သတိရတိုင်း သီဆိုဖြစ်ခဲ့တဲ့ (ရွတ်ဆိုဖြစ်ခဲ့တဲ့) အရှင်တို့တွေဟာ သည်နေ့ (ယနေ့၊ ဒီနေ့) အတွက် နက်ဖြန် (မနက်ဖြန်) ကို တို့ဘိုးဘွားအမွေစစ်မို့ မြတ်နိုးခဲ့တဲ့ နိုင်ငံချစ်စိတ်တွေဟာ အရှင်တို့ မြန်မာ့လူမှုရေးဟာ တစ်စုတစ်စည်းတည်း ပြန်ရောက်ဖို့ ဘယ်လိုများ သင့်မြတ်ရေး ဖြစ်အောင် လုပ်ကြမည်လဲဆိုတာကို စဉ်းစားခဲ့တဲ့ စဉ်းစားချက်တွေ အမျိုးမျိုး အထွေထွေပါပဲ။

ကောင်းမွန်သော မြန်မာဖြစ်ရေးနဲ့ ကောင်းမွန်သော အချင်းချင်း သင့်မြတ်ရေးအတွက် အရှင်တို့ မဖြစ်မနေ ဆောင်ရွက်လုပ်ကိုင်ရမယ်။ အရေးကြီးတဲ့ အရေးကို အရေးမစိုက်ကြဘဲ ဖြစ်နေ (ရှိနေ) ရင် အရှင်တို့ မြန်မာပြည်ဟာ စရိုက်ကြမ်းတဲ့ ဥပဒေမဲ့ပြုမူချက် မူဝါဒရှင်တွေများစွာ ဖြစ်လာမှာပါပဲ။ ဒါကြောင့် ဒီဆောင်းပါးရဲ့ သုံးသပ်ချက် အချုပ်ဟာ တို့ဘိုးဘွားအမွေစစ်ကို တို့တစ်တွေ ဘယ်လိုချစ်မြတ်နိုးကြမည်လဲ ဆိုတာကိုပဲ သတိပေးရေးသားရတာပါ။ စာရှုသူများ တို့ဘိုးဘွားရဲ့ အမွေစစ်ကို ချစ်မြတ်နိုးတတ်ပါစေ။

အဲးခိုး
(၁၈-၁၁-၂၀၂၁)

စာရေးသူကိုယ်ရေး 

ဆောင်းပါးရှင် “အဲးခိုး” သည် ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေး ပရိယတ္တိ ပဋိပတ္တိကျောင်းတိုက် မဟာနာယကဆရာတော် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ (သီရိပျံချီဘွဲ့ရ) ဒေါက်တာ ဘဒ္ဒန္တပညာသာမိ တောင်ကလေး ဆရာတော်ဘုရား ဖြစ်ပြီး သက်တော် ၆၂ နှစ်၊ သိက္ခာတော် ၄၂ ဝါ ရှိပြီဖြစ်ပါသည်။

တို့ဘိုးဘွားအမွေစစ်မို့ (၉) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၈) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၇) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၆) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၅) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၄) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၃) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၉)

အဲးခိုး

နိုင်ငံရေးအာဏာကြောင့် တိုင်းပြည်မှာရှိတဲ့ အမျိုးသားရေး စည်းရုံးရေးကိစ္စတွေ အစည်းပြေသောဝါးပမာလို ဖြစ်နေကြပါပြီ။ အမျိုးသားလွတ်မြောက်ရေးအတွက် အားတက်စွာ ကြိုးစားအားထုတ်လာခဲ့ကြတဲ့ မိဘဘိုးဘွားတို့ခေတ်ကို ပြန်ပြီးကြည့်လိုက် …

အတွဲ(၁၁)၊ အမှတ်(၃၆)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ နတ်တော်လဆန်း ၁၀ ၊ ၂ – ၁၂- ၂ဝ၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက်

တစ်မျိုးသားလုံးဆင်ခြင် 

အရှင်တို့တိုင်းပြည်ဟာ ဒီမိုကရေစီနိုင်ငံရေးစနစ် တက်ကြွလှုပ်ရှားမှုကြောင့် မဖော်ကျူးနိုင်တဲ့ စနစ်မဲ့နိုင်ငံရေးစနစ်တွေ သံသရာလည်ခဲ့တာ ကြာနေပါပြီ။ အစဉ်အဆက် အာဏာထိန်းကျောင်းကြတဲ့ အုပ်စုတွေရဲ့ ခေါင်းပုံဖြတ် သုံးစွဲနေကြတဲ့ နိုင်ငံရေးအာဏာကြောင့် တိုင်းပြည်မှာရှိတဲ့ အမျိုးသားရေး စည်းရုံးရေးကိစ္စတွေ အစည်းပြေသော ဝါးပမာလို ဖြစ်နေကြပါပြီ။ အမျိုးသား လွတ်မြောက်ရေးအတွက် အားတက်စွာ ကြိုးစားအားထုတ် လာခဲ့ကြတဲ့ မိဘဘိုးဘွားတို့ခေတ်ကို ပြန်ပြီးကြည့်လိုက်ရင် အဓိပ္ပာယ်ပိုပြီးနက်ရှိုင်း နေပါသေးတယ်။

အရှင်တို့တွေဟာ အသုံးမကျတဲ့ နိုင်ငံရေးဖော်ကျူးမှုကြောင့် မုန်းတီးစိတ်တွေနဲ့ အရှုံးအမျိုးမျိုး ရင်ဆိုင်ကြရတယ်။ ရင်ဆိုင်သွားဖို့ ဒီပြဿနာကို ဘယ်တရားခံတွေက မွေးထုတ်ပေးလိုက်ကြသလဲဆိုတာ ပြည်သူတွေ ပြန်ပြီးစဉ်းစားကြဖို့ လိုပြီ။

အရေးကြီးတဲ့ အောင်မြင်မှု ရည်ရွယ်ချက်ရှိတဲ့အလုပ်ကို မလုပ်ကိုင်နိုင်ကြဘဲ အရင်းအမြစ်မဲ့တဲ့ အချေအတင် အကွပ်အဖျက် ပြုကြတာဟာ မြန်မာတစ်မျိုးသားလုံး ဆင်ခြင်ရမယ် မဟုတ်လား။

ရိုးစင်းလွယ်ကူသော စည်းရုံးရေးနည်း

ကမ္ဘာကြီးဟာ လူဦးရေတွေပေါက်ကွဲ မြင့်တက်လာသလိုပဲ မြန်မာ့လူဦးရေဟာလည်း တိုးပွားနှုန်း မြင့်တက်လာနေတယ်။ သဘာဝအရင်းအမြစ်တွေ ရှားပါးလာတာရယ်၊ ပတ်ဝန်းကျင်ပျက်စီးမှုတွေ အမျိုးမျိုးကြုံတွေ့လာရမှုကြောင့် စားနပ်ရိက္ခာတွေ၊ စွမ်းအင်နဲ့ အခြားကုန်ပစ္စည်းတွေ ပိုမိုပြီးသုံးစွဲလာရလို့ ကမ္ဘာကြီးဟာ ပူနွေးလာရာကစပြီး ပူပြင်းမှုတွေ ကြုံတွေ့လာခဲ့ရတယ်။

ဒီအန္တရာယ် စိုးရိမ်ဖွယ် (စရာ) အမျိုးမျိုးကြားက အရှင်တို့ မြန်မာတွေဟာအချင်းချင်း သဘောထား ကွဲလွဲမှုတွေ မရှိ (မဖြစ်) သင့်ပါဘူး။ အရှင်တို့တွေဟာ အစွန်းရောက် ပြောဆိုကြမှုတွေ သတိထားရမယ်။ နောင် ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေကို စဉ်းစားထားရမယ်။ လေ့ကျင့်ထားရမယ်။

လူ့ဘဝသမိုင်းဆိုတာ အလှည့်အပြောင်း မနှေးပါဘူး။ အဖြစ်အပျက်တစ်ခု အကြောင်းကို ပြန်ပြီးတွေးကြည့်လိုက်ရင်ပဲ ဘယ်လိုဖြစ်ပျက် ပြောင်းလဲသွားခဲ့ကြသလဲ ဆိုတာကို မြန်ဆန်ပါတယ်။ ဒါကြောင့် တို့မြန်မာတွေ ရိုးစင်းလွယ်ကူသော စည်းရုံးရေးနည်းကို ပြန်ပြီးစဉ်းစား ကြည့်သင့်ကြတယ် မဟုတ်လား။ 

လူတန်းစားကွာဟမှု

ကမ္ဘာပေါ်မှာ လူနေမှုစနစ် ပြောင်းလဲလာတာကြောင့် နိုင်ငံတိုင်းလိုလိုက မိမိတို့ရဲ့ တိုင်းပြည်လူနေမှု အဆင့်အတန်းစနစ်ကို ဘယ်လိုပြုလုပ်ကြမည်လဲ ဆိုတာကို စဉ်းစားလာနေကြပါပြီ။

လူမှုအဖွဲ့အစည်းဆိုတာ ပညာရေးအဆင့်အတန်း မြင့်တက်လာရင် မြင့်တက်လာတဲ့အတိုင်း လူနေမှုပုံစံတွေမှာလည်း အမျိုးမျိုးကွဲပြား လာနေကြမှာပါပဲ။ စက်မှုထွန်းကားလေ ပိုကွဲပြားလာလေပါပဲ။ လူတန်းစား တစ်ဖက်နဲ့တစ်ဖက် အဆင့်အတန်း မတူညီကြရင် အဲဒီကွာဟမှုကြောင့် လူဦးရေအရွှေ့အပြောင်း ဖြစ်ပေါ်လာတာပါပဲ။

ယနေ့လူဦးရေ အရွှေ့အပြောင်းတွေ ပေါ်လာလို့ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး စည်းရုံးမှုရှိသော လူနေမှုစနစ် ဖြစ်ပေါ်ဖို့ဟာ ဘယ်လောက်ကြာနေကြဦးမည်လဲ ဆိုတာကို စဉ်းစားကြည့်ရင် မြင်နိုင်ပါတယ်။

ဆန်းသစ်တီထွင် 

ကိုယ်ကျင့်တရားကောင်းမွန်ပြီး စည်းလုံးသော လူနေမှုစနစ်တစ်ခု ဖြစ်လာဖို့ အရှင်တို့ မြန်မာတွေ ကြိုးစားရဦးမယ်။ လက်ရှိ ပင်ကိုရှိရင်းစွဲဖြစ်တဲ့ အခွင့်သာမှုနဲ့ဆိုင်တဲ့ လူနေမှုစနစ်ဟာ မလုံလောက်သေးပါဘူး။

ဘာသာရေး အဆုံးအမထက် ဥပဒေပညတ်အဆုံးအမက ပိုလိုက်နာရမယ့် လူနေမှုစနစ်ကို အရှင်တို့ ကျင့်သုံးကြရဦးမယ်။ ဒီခေတ်မှာ စစ်အေးခေတ်သာဆိုနေကြပေမယ့် နိုင်ငံရေးအရ မုန်တိုင်းထန်နေပါတယ်။ တရွေ့ရွေ့ပြောင်းလဲလာတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေဟာ ကာကွယ်နေကြတဲ့လှုပ်ရှားမှုတွေ အမျိုးမျိုးတွေ့ရတယ်။ ရပိုင်ခွင့်တွေ တောင်းဆိုကြတယ်။ ပြောင်းလဲမှုကို လိုချင်ကြတယ်။

ဓလေ့ထုံးစံအတိုင်း ဖြစ်ပေါ်နေတဲ့ လူမှုရေးပုံစံတွေကို ထားပစ်လိုက်ကြဖို့ အာရုံထားကြတယ်။ ရိုးရာဓလေ့ တန်ဖိုးရှိ အခြေခံကျတဲ့ ယဉ်ကျေးမှုကို ဆန်းသစ်တီထွင်လိုကြတယ်။ နည်းပညာတွေကို အခြေခံကနေ ဖယ်ရှားပြီး နည်းလမ်းသစ်တွေ ရှာဖွေချင်ကြတယ်။ အရာဝတ္ထုတိုင်းကို ဆင်ခြင် သုံးသပ်တာမဟုတ်တဲ့ ပညာရပ်တွေကို ပြင်းပြင်းထန်ထန် သင်ယူနေကြတယ်။ သဘာဝအတိုင်းရှိတဲ့ လျှို့ဝှက်နက်နဲမှုတွေ၊ နူးညံ့သိမ်မွေ့မှုနဲ့ နက်နဲခက်ခဲသော အဓိပ္ပာယ်ရှိသော ဘာသာစကားတွေကို အလေးမထားဘဲ ကြဉ်ဖယ်ထားချင်ကြတယ်ဆိုတဲ့ အချက်တွေ တွေ့မြင်လာခဲ့ရတယ်။

ကိုယ်ကျင့်ကောင်းသော မြန်မာလူမှုစနစ်

တကယ်တော့ လူဆိုတာ ဒိဋ္ဌ (လက်ငင်း) အကျိုးကို ကြည့်တဲ့ စဉ်းစားချက်ကိုပဲ (စဉ်းစားဉာဏ်ကိုပဲ) သိအောင်လုပ်ကြရမယ်။ အဓိပ္ပာယ်မရှိတဲ့ အကျိုးအကြောင်းတရားတွေကို ဆင်ခြင်သုံးသပ်ပြီး ဖယ်ထုတ်တတ်ရမယ်။ ယနေ့အကျိုးမရှိတဲ့ အဓိပ္ပာယ်မဲ့မှုတွေကို စံနှုန်းထားပြီး တိုက်ခိုက်ကြတာဟာ မြန်မာတွေ ရဲရဲဝံ့ဝံ့ဆုံးဖြတ်ရတော့မယ်။ မြန်မာတွေဟာ ဦးတည်ချက်ပြောင်းလဲမှုကို သည်းခံနိုင်အောင် အင်အားရှိရမယ်။ ယှဉ်ပြိုင်မှုအတွက် တွန်းအားပေးတဲ့အရာတွေကို (အင်အားတွေကို) ကိုယ်တွေ့ ဆောင်ရွက်တတ်ရမယ်။ အကြင်နာတရားကင်းမဲ့ကြလို့ အကျိုးကျေးဇူးမရှိတဲ့ ပြိုကွဲမယ့်ပုံရိပ်ကို ဖြေရှင်းတတ်အောင် အားထုတ်ရမယ်။ နိုင်ငံရေးဘဝကို ပုံဖော်ပေးနိုင်တဲ့ နည်းစနစ်ကောင်းကို စဉ်းစားပုံနည်းလမ်းတွေ လက်တွေ့ ကျရမယ်။

ယနေ့မြန်မာတွေဟာ ချစ်ခြင်း၊ မုန်းခြင်း၊ ကျိုးကြောင်း ဆင်ခြင်ခြင်းဆိုတဲ့ နေ့စဉ်လူနေမှုစရိုက်အချက် ၃ ချက်နဲ့ မြန်မာ့လူနေမှုစနစ် အသစ်ဖြစ်အောင် ဆုံးဖြတ်ရတော့မယ်။ ၂၁ ရာစုနှစ် လူ့အဖွဲ့အစည်းအသစ်ဟာ ကိုယ်ကျင့်သိက္ခာကောင်းသော လူမှုစနစ် ဖြစ်တာကြောင့် အရှင်တို့မြန်မာတွေလည်း အချင်းချင်းဖြစ်ပွားကြတဲ့ ပဋိပက္ခတွေကို ကိုယ်ကျင့်ကောင်းသော မြန်မာလူမှုစနစ်ကို ကျင့်သုံးဆောက်တည် ကြရတော့မယ်။

ကမ္ဘာ့ပထမဒေသ 

အရှင်တို့မြန်မာလူမှုစနစ်ဟာ ချွတ်ယွင်းမှု အလွန်များပြားလာတာကြောင့် တဖြည်းဖြည်းနဲ့ ပြီးပြည့်စုံမှုမရှိတဲ့ အခြေအနေတွေဘက်ကို ရောက်လာတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှု အနုပညာအပေါ်မှာလည်း အာရုံစူးစိုက်မှု လျော့နည်းလာကြတယ်။ မတည်ငြိမ်တဲ့ အခြေအနေတွေလည်း အမျိုးမျိုးဖြစ်လာကြတယ်။

ကမ္ဘာပေါ်မှာ အသက်ရှည်စွာ၊ အနာမဲ့ရေး၊ ရန်ဘေးကင်းတဲ့ ဒေသကြီး ၅ ခုရှိပါတယ်။ အဲဒီဒေသကြီး ၅ ခုထဲက ပထမဒေသကြီးဖြစ်တဲ့ ပစိဖိတ်မြစ်ဝှမ်းဒေသဟာ အရှင်တို့ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ ဒီဒေသကို မှီခိုနေထိုင်ကြတဲ့သူတွေဟာ ပဋိပက္ခနည်းပါးကြပြီး ကိုယ်စိတ်ချမ်းသာစွာနဲ့ စည်းလုံးညီညွတ်ကြတယ်။ ခုတော့ ဒီဒေသကိုအ နိုင်ကျင့်စိုးမိုးရေးဝါဒသားတွေက စစ်ပွဲနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အမျိုးမျိုး လှည့်ကွက်တွေ လုပ်နေကြတယ်။ ဒီဒေသကို ထိန်းချုပ်ရေးအတွက် ဒေသထဲမှာရှိတဲ့ ပဋိပက္ခဖြစ်ပွားနိုင်တဲ့ နိုင်ငံရေးမီးတွေကိုလည်း တစ်စတစ်စ စတင်ပြီး ရှို့တယ်။ စီးပွားရေးက တစ်မျိုး၊ ထိန်းချုပ်ရေးက တစ်သွယ်၊ အနိုင်ကျင့်ရေးဝါဒမှိုင်းက တစ်သီးနဲ့ ပြဿနာရပ်ဝန်းကြီး ဖြစ်လာအောင် ကြိုးစားနေကြတယ်။

ကမ္ဘာပေါ်မှာ အသက်ရှည်စွာ၊ အနာမဲ့ရေး၊ ရန်ဘေးကင်းတဲ့ ဒေသကြီး ၅ ခုရှိပါတယ်။ အဲဒီဒေသကြီး ၅ ခုထဲက ပထမဒေသကြီးဖြစ်တဲ့ ပစိဖိတ်မြစ်ဝှမ်းဒေသဟာ အရှင်တို့ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ ဒီဒေသကို မှီခိုနေထိုင်ကြတဲ့သူတွေဟာ ပဋိပက္ခနည်းပါးကြပြီး ကိုယ်စိတ်ချမ်းသာစွာနဲ့ စည်းလုံးညီညွတ်ကြတယ်။ ခုတော့ ဒီဒေသကိုအ နိုင်ကျင့်စိုးမိုးရေးဝါဒသားတွေက စစ်ပွဲနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အမျိုးမျိုး လှည့်ကွက်တွေ လုပ်နေကြတယ်။ ဒီဒေသကို ထိန်းချုပ်ရေးအတွက် ဒေသထဲမှာရှိတဲ့ ပဋိပက္ခဖြစ်ပွားနိုင်တဲ့ နိုင်ငံရေးမီးတွေကိုလည်း တစ်စတစ်စ စတင်ပြီး ရှို့တယ်။ စီးပွားရေးက တစ်မျိုး၊ ထိန်းချုပ်ရေးက တစ်သွယ်၊ အနိုင်ကျင့်ရေးဝါဒမှိုင်းက တစ်သီးနဲ့ ပြဿနာရပ်ဝန်းကြီး ဖြစ်လာအောင် ကြိုးစားနေကြတယ်။

ဒီဒေသကို သူတို့တွေ ထိန်းချုပ်နိုင်သွားရင် ဒေသတွင်းမှာရှိတဲ့ နိုင်ငံတိုင်းရဲ့ လူမှုရေး၊ စီးပွားရေးတွေအားလုံးဟာ သူတို့လက်ထဲမှာ ရပ်တည်ရတော့မယ်။ ဒီအတွက် ဒီအကွက်ကို အရှင်တို့မြန်မာပြည်အတွက်က ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမည်လဲ ဆိုတာကို ကြိုတင်သိထား သင့်တယ်မဟုတ်လား။ ခုတိုင်းပဲ မညီမညွတ်ကြဘဲ (မရိုသေကြဘဲ၊ မလေးစားကြဘဲ) ဖြစ်နေကြရင် အနှောင့်အယှက်တွေ ပိုပြီးတော့ ဖြစ်လာတော့မယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားရမယ် မဟုတ်လား။ 

အန္တရာယ်ခေါင်းလောင်းသံ

ကမ္ဘာပေါ်မှာ နိုင်ငံရေးသြဇာချဲ့ကားကြတဲ့ အုပ်စုတွေဟာ သူတစ်ပါး ပြည်တွင်းရေးနိုင်ငံရေး အခြေအနေတွေကို ကြည့်ပြီး သူတို့ရဲ့ နိုင်ငံရေးကျားကွက်တွေပါအောင် အမြဲတမ်းရွေ့နေကြတယ်။ အထူးသဖြင့် အန္တရာယ်များစွာ ကျရောက်နိုင်မယ့် တိုင်းပြည်တွေကို သူတို့တွေ ပိုပြီးအာရုံရောက်ကြတယ်။

နိုင်ငံရေး ပါဝါရဖို့ အလုပ်ရှုပ်နေတဲ့ တိုင်းပြည်တွေ ထဲမှာတော့ ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည်ကလည်း ဆိုတာကိုတော့ သိထားဖို့ပါပဲ။ အရှင်တို့တိုင်းပြည် ပြည်တွင်းရေးဟာ သူတို့အင်အား လျော့နည်းလာနိုင်တာကို ကြည့်ပြီး သူတို့တွေ သွေးလန့်နေကြတယ်။ ပြည်တွင်းထဲမှာ နိုင်ငံရေးအင်ပါယာ တည်ဆောက်နိုင်ဖို့အတွက် နည်းလမ်းတွေအမျိုးမျိုးနဲ့ အကြောင်းပြုပြီးတော့ အထွေထွေအုံကြွမှုကြီးတွေ ဖန်တီးတယ်။

တိုင်းပြည်ထဲမှာရှိတဲ့နိုင်ငံရေး အားနည်းချက်တွေကို အကြံကောင်း ဉာဏ်ကောင်းတွေ မပေးကြဘဲ အားနည်းမှုကိုကြည့်ပြီး အခွင့်ကောင်းယူကြတယ်။ ဒီထက် အခွင့်ကောင်းပိုရမည်လားဆိုတဲ့ နိုင်ငံရေးလှုပ်ရှားသူအချို့က GDP ဒေါ်လာ ၆၆ဝ ဘီလီယံကျော်မှာ ပိုင်ဆိုင်ထားကြတဲ့တိုင်းပြည်ထဲကို ပြေးဝင်ပြီး မိမိနေထိုင်ကြီးလာခဲ့တဲ့ တိုင်းပြည်ကို သူတို့ရဲ့နိုင်ငံရေးအာဏာ ပြန်လည်ကြီးထွားလာဖို့အတွက် သွားရောက်ပြီး အခြေချနေတာကို တွေ့ရတော့ မြန်မာ့နိုင်ငံရေးအန္တရာယ် ခေါင်းလောင်းသံဟာ ရည်ရွယ်ချက်ရှိရှိနဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွား ပျက်သုဉ်းရေးကို အာရုံစူးစိုက် ခြေလှမ်းနေကြပြီဆိုတာကို ဒီအတွက် မြန်မာအစိုးရ သိထားသင့်တဲ့ အချက်ပါပဲ မဟုတ်ပါလား။ 

နယ်စပ်စည်းမျဉ်း သတ်မှတ်ရေး 

အရှင်တို့ မြန်မာနိုင်ငံရဲ့ နယ်စပ်စည်းမျဉ်းဟာ ယနေ့ယခုအချိန်မှာ အလွန်အရေးကြီးလာနေပါပြီ။ ပြည်တွင်းနိုင်ငံရေး မငြိမ်မသက်အောင် လှုပ်ရှားကြတဲ့သူတွေက နိုင်ငံရေးကို ကိုယ်တိုင်အမြတ်တွေထုတ်ပြီး အကြမ်းဖက်လွှမ်းမိုးနိုင်မယ့် နည်းလမ်းတွေ တိုးချဲ့နေကြတာကို တွေ့ရတယ်။ အရှင်တို့တွေဟာ တစ်သီးတခြားနေတတ်မှုနဲ့ အမြင်ကျဉ်းမြောင်းမှုကို ပြင်ရမယ်။ အရပ်မျက်နှာ အမျိုးမျိုးကို ဖြာထွက်နိုင်တဲ့ တိုင်းပြည်တွေရဲ့ အပြုအမူကို သေသေချာချာ သိထားရမယ်။ အရှင်တို့တိုင်းပြည်ကို အတွင်းကျကျ အုပ်စိုးနိုင်သည့် အစိုးရမျိုး ထွက်ပေါ်လာအောင် လုပ်ရမယ်။

ယနေ့ကမ္ဘာပေါ်မှာ ကမ္ဘာ့စီးပွားရေးအင်အားကြီး အဆင့်ရောက်တဲ့ တိုင်းပြည်တွေရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ တိုင်းပြည်နိုင်ငံတွေကို သိမ်းဆည်းရေးမဟုတ်ပါ။ နယ်ချဲ့ရေးလည်း မဟုတ်ပေမယ့် ပိုပြီးသတိထားရတယ်။ ပဋိပက္ခဖန်တီးနိုင်တဲ့ အခွင့်အရေးတွေဟာ ပြည်တွင်းရေးကိုပုံဖော်တဲ့ နိုင်ငံရေးဖြစ်လို့ သွေးကွဲဖြစ်စဉ်အကြောင်းကို လေးလေးနက်နက် သိထားရမယ်။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံရှိတဲ့ နိုင်ငံကြီးဘေးမှာ နေထိုင်ကြတဲ့ အရှင်တို့ဟာ လူမှုရေးနဲ့ နိုင်ငံရေးပြဿနာတွေ ဘယ်လောက်အထိ ရှုပ်ထွေးလာနေကြပြီလဲဆိုတာကို အားလုံးအသိပါပဲ။

အရှင်တို့ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူနိုင်မယ့် တိုင်းပြည်ဟာ အရှင်တို့ရဲ့ အိမ်နီးနားချင်း တိုင်းပြည်ကြီးတွေပါပဲ။ ဒါကြောင့် အရှင်တို့ရဲ့ ကျော်ဖြတ်သွားရမယ့် နိုင်ငံရေးခရီးကို လွတ်လပ်စွာဖြတ်ကျော်တတ်ဖို့ တိုင်းပြည်ရဲ့နယ်စပ်စည်းမျဉ်းကို သေချာစွာ သတ်မှတ်ထားရတော့မယ်။ 

ကြွယ်ဝလာရေးအတွက် 

ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး မြင်ကွင်းဟာ ပဋိပက္ခရပ်ဝန်းကြီး မဖြစ်အောင် ကြိုးစားကြပေမယ့် ရာခိုင်နှုန်း အပြည့်အဝ မအောင်မြင်နိုင်ပါဘူး။ အခွင့်အရေးယူချင်ကြတဲ့သူတွေက အမျိုးမျိုးစွန့်စားကြမှာပါပဲ။ အင်အားကြီးတဲ့ တိုင်းပြည်ကြီးတွေက အရင်းကြီးလေ ပိုချမ်းသာချင်လေမှာပဲ။ ပိုကြွယ်ဝလိုကြတဲ့ ရည်ရွယ်ချက်ကြောင့် အထီးကျန်စေနိုင်တဲ့ အပြုအမူတွေ ရှောင်ရှားရမှာပဲ။ သို့သော် အခွင့်ကောင်းရစရာ ဖြစ်ရင်တော့ အားမနာတမ်း အကုန်သိမ်းကျုံး ယူမှာပါပဲ။

ယနေ့ နယ်စည်းမခိုင်မာတဲ့ တိုင်းပြည်တွေကိုကြည့်လိုက်ရင် စီးပွားရေး၊ လူမှုရေး အမျိုးမျိုး အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်။ သစ္စာရှိခြင်းကို ငွေကြေးဖြင့် ဝယ်လိုကြတဲ့သူတွေက အတင်းအကျပ် လှည့်ပတ်ပြီး လုပ်ကိုင်နေတဲ့ အလုပ်တွေ တွေ့ရတယ်။ လုံလောက်တဲ့ ငွေကြေးတွေမရှိဘဲ အတင်းအကျပ် လုပ်သားတွေကို ခိုင်းစားတယ်။ လူတန်းစားအလွှာတွေကလည်း ဆင်းရဲမှုက ပိုများလာတယ်။ နိုင်ငံရေးဘက်မှာလည်း မတည်မငြိမ်တွေဖြစ်ကြပြီး ယနေ့ မြန်မာပြည် တွေ့ကြုံနေရတဲ့ အခက်အခဲလိုမျိုးလိုပဲ ဖြစ်လာကြတာကို တွေ့ရတယ်။

ရှင်းရှင်းပြောရရင် အရှင်တို့ မြန်မာပြည်ဟာ အတွင်းအပြင် နိုင်ငံတော်အုပ်ချုပ်ရေးနည်းစနစ် လက်တွေ့ကျကျ လိုက်နာကျင့်သုံးခြင်း (ကျင့်သုံးမှု) မပြုနိုင်လေသမျှ ကာလပတ်လုံး သူတစ်ပါးကို အပြစ်ပုံလို့ အချင်းချင်းကို အပြစ်ပုံချလို့ ပြီးဆုံးနိုင်ကြမှာ မဟုတ်။ ဒါကြောင့် မြန်မာဟာ ကြွယ်ဝလာရေးအတွက် ဖန်တီးပေးနိုင်မယ့် နိုင်ငံရေးစနစ်ကောင်းရှိဖို့ လိုအပ်နေပါပြီဆိုတာကို တွေ့ရပါတယ်။

(ဆက်ရန်)

တို့ဘိုးဘွားအမွေစစ်မို့ (၈) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၇) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၆) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၅) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၄) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၃) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
စကားလက်ဆောင်

။ နှုတ်ဆက်တော့မယ် ။

။ များမကြာမီ
၂၀၂၂ ခုနှစ်က
ငါတို့ကို နှုတ်ဆက်တော့မယ်။

။ ငါတို့သည်လည်း
၂၀၂၂ ခုနှစ်ကို
စွန့်ခွာရတော့မယ်။

။ ၂၀၂၂ ခုနှစ်မှာ
အကောင်း,အဆိုး
အခက်အခဲ
ဆင်းရဲချမ်းသာ
အဖြာဖြာတွေကို
မေ့ကျန်လပ်ခဲ့ရတော့မယ်။

။ မေ့ကျန်လို့မရတဲ့
အရာခပ်သိမ်းတွေက
အမေ့တွေ
မေ့နေလို့မရတဲ့
အတွေ့တွေပါ။

။ မေ့များမေ့လို့မရတဲ့
အမေ့တွေ
နေ့နေ့ညည
မေ့မရနိုင်တဲ့
အတွေ့အမေ့တွေ
၂၀၂၂ ခုနှစ်ထဲမှာ
မေ့ထားလိုက်ရတော့မယ်။

။ အဟောင်းအတိတ်တွေဆီက
အကြောင်းအရိပ်တွေ
ဆက်စပ်အားကောင်းနေတဲ့
အကျိုးပုံရိပ်တွေ
တိတ်တိတ်လေးနဲ့
ငါတို့ကို နှုတ်မဆက်တယ်။

။ အနာဂတ်ကာလ
အသစ်အသစ်ဘက်ကို
ဘဝင်အသစ်စိတ်နဲ့အတူ
ပြိုင်တူနဲ့ဆက်ရဦးမယ်။

။ အတိတ်ဆီကအနှစ်ရယ်
ပစ်စက်ခဘဝထဲက
အသစ်အသစ်ထဲက
အနှစ်အနှစ်ရယ်
နှုတ်ဆက်ထားပေမင့်
ထာဝရနယ်
ဘဝနယ်နဲ့
နွယ်ဆက်သစ်တွေရှိကြဦးမယ်။

။ နှစ်ဦးညွှတ်တော့မယ့်
သည်နှစ်ကို
အဖြစ်ကူးရတော့မယ့်
နှစ်သစ်ကို
​ရွှင်ပျမြူးမြူးလေးနဲ့ပဲ
ကူးခပ်ရတော့မယ်မဟုတ်လား။

။ ဘဝလှေ
ဘဝရေ
ငါတို့တွေ
ကူးခပ်နိုင်ကြပါစေလေ။

​ဘုန်းသစ်ထူး
(၁.၁၂.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင် ဗုဒ္ဓဘာသာ

။ ပူဇော်ကန်တော့ခြင်း ။

။ သက်တော် (၉၃ )နှစ်၊ သိက္ခာတော် (၇၃ )ဝါရှိ ကျေးဇူးဂုဏ်ရှင် သာမညတောင်ဆရာတော်ကြီးသည်

၁) ဗုဒ္ဓသာသနာတော်နှစ် ၂၅၄၇ ခုနှစ်၊

၂) ခရစ်နှစ်၂၀၀၃ ခုနှစ်၊နိုဝင်ဘာ(၂၉ )ရက်နေ့၊

၃) မြန်မာကောဇာသက္ကရာဇ် ၁၃၆၅ ခုနှစ်၊နတ်တော်လဆန်း (၆ )ရက်၊စနေနေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်ကို သတိရကြဦးမည်ထင်ပါသည်။

။ သည်နေ့သည် ဆရာတော်ကြီးပျံလွန်တော်မူရာ၌(၁၉) နှစ်တိုင်တိုင်ရှိပြီဖြစ်သော်လည်း ဆရာတော်ကြီး၏ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ကို မြဲစွာအောက်မေ့ပါသည်။

။ ဆရာတော်၏ဂုဏ်တော်ကို ပူဇော်ကန်တော့ပါ၏ဘုရား။

တောင်ကလေးဆရာတော်

(၂၉.၁၁.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ သူတို့နှစ်ယောက် ။

။ သူတို့နှစ်ယောက်
တစ်ယောက်ပျောက်ပြီ
တစ်ယောက်တည်းသာ ကျန်နေခြင်း။

အဲးခိုး(၂၅.၁၁.၂၀၂၂) ရက်နေ့။

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၈)

အဲးခိုး

အမျိုးသားရေးအတွက် သို့မဟုတ် မိမိတစ်မျိုးသားလုံး ဥပဒေအာဏာလွှမ်းမိုးမှု ရှိဖို့အတွက် မိမိတို့အပေါ်မှာ ဘယ်လောက်များ မှားခွင့်ရှိကြမည်လဲ(မလဲ)။ လူတိုင်းအပေါ် မှားယွင်းနိုင်ခွင့်ရှိကြောင်း ဘယ်နိုင်ငံရေးအာဏာက ညွှန်ပြနေကြပါသလဲဆိုတာကို ပြန်တွေးကြပါ … မြန်မာတွေအချင်းချင်း ခေါင်းပုံဖြတ်တဲ့ နိုင်ငံရေးသုံးစွဲခြင်းကို အဆုံးသတ်ကြဖို့ တောင်းဆိုပါတယ် …

အတွဲ(၁၁)၊ အမှတ်(၃၅)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ နတ်တော်လဆန်း ၃ ၊ ၂၅ – ၁၁- ၂ဝ၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက်

မြန်မာအတွက် အာဆီယံအချက်

ဒီနေ့ ကမ္ဘာကြီးဟာ အကျိုးကို ထိခိုက်စေမယ့် မဟာဗျူဟာမြောက်တဲ့ ခြိမ်းခြောက်မှုနိုင်ငံရေးနည်းလမ်းတွေ နိဂုံးမချုပ်နိုင်ကြသေးပါဘူး။ ကမ္ဘာကြီး တစ်ခုလုံးမှာရှိကြတဲ့ နိုင်ငံတိုင်းရဲ့အခြေအနေဟာလည်း တည်တည်ငြိမ်ငြိမ် လွတ်လွတ်လပ်လပ် မရပ်တည်နိုင်ကြသေးပါဘူး။ ပြောတော့သာ အောင်မြင် နေကြတယ်လို့ ပြောနေကြတယ်။ တကယ်တော့ ချွတ်ခြုံကျနေတဲ့ သူတို့ရဲ့ အနိမ့်ရောက်အကြောင်းတွေ ကမ္ဘာမှာရှိကြတဲ့ လူတွေမသိအောင် နည်းပေါင်းစုံနဲ့ ဟန်ဆောင်နေကြတယ်။

အရှည်အဝေးမကြည့်ကြပါနဲ့၊ ယနေ့ ထိပ်တန်းရောက်နေတဲ့ တိုင်းပြည် (နိုင်ငံ) တွေကိုပဲ ကြည့်လိုက်ကြပါ။ သူတို့ပြဿနာဟာ အတောမသတ်နိုင်ကြဘဲ ဖုံးဖိရေးနည်းပေါင်းစုံနဲ့ ရင်ဆိုင်ဖြေရှင်းနေခဲ့ကြရတယ်။ မြန်မာပြည်လည်းပဲ အချင်းချင်းဆန့်ကျင် တိုက်ခိုက်နေကြမှုတွေ ပိုပြီးတော့ ဆက်လာနေတယ်။ ကိုယ်ကျိုးအတွက် နိုင်ငံရေးစစ်ပွဲတွေ အသုံးပြုကြတယ်။

တိုင်းပြည်ဟာ ကြောက်စရာဖြစ်တဲ့ အကျပ်အတည်းတွေ အမျိုးမျိုးအဖုံဖုံ ဖြစ်လာတယ်။ ကြီးမားသော ပြည်တွင်းရေးကိစ္စတွေ မငြိမ်မသက် ခုလိုဖြစ်နေတဲ့အချိန်မှာ အာဆီယံဒေသအတွင်း (ဒေသထဲ) မှာရှိကြတဲ့ အိမ်နီးချင်းတိုင်းပြည်တွေကလည်း မြန်မာပြည်ကို ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်လိုကြတဲ့ ဆန္ဒတွေ တွေ့မြင်ရတယ်။ အိမ်နီးနားချင်း တိုင်းပြည်ကောင်း အင်္ဂါရပ်နဲ့မညီမညွတ် ဖြစ်လာကြတယ်။ ဒီရှုထောင့်ဟာ မြန်မာအတွက် အာဆီယံအချက်ပါပဲ။ 

မုန်းမာန်မကြိုးထားကြ 

ဒီခေတ်ကြီးဟာ စည်းရုံးလှုပ်ရှားမှု အားနည်းတဲ့ တိုင်းပြည်ဟာ ပိုပြီးတော့ အားနည်းကြမယ်။ နိုင်ငံရေးကို အခြေခံတဲ့ မူဝါဒတွေ မတည်ငြိမ်ကြတဲ့ တိုင်းပြည်ဟာလည်း တဖြည်းဖြည်း အဆုံးစွန် ထိခိုက်လာလိမ့်မယ်။ မြန်မာပြည် ဘယ်လိုထိခိုက်လာနေပြီလဲဆိုတာကို လူတိုင်းအသိပါပဲ။

မြန်မာအချင်းချင်း ပဋိပက္ခကြီးထွားလေလေ ဘာသာရေးခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ အင်ပါယာအဖွဲ့အစည်းတွေက နိုင်ငံရေးအာဏာကို အမျိုးမျိုးလုပ်ကြံ ဖန်တီးကြမှာပါပဲ။ တိုင်းပြည်ထဲမှာ ကြီးကျယ်တဲ့ ပဋိပက္ခစစ်ပွဲငယ်တွေဟာ လက်ရှိအစိုးရ နပန်းလုံးနေကြရပြီ မဟုတ်လား။ ဒီစစ်ပွဲငယ်တွေကို အခြေခံထားတဲ့ ပဋိပက္ခဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဆက်မပြတ် ဆင်နွှဲခဲ့ရမယ့် စစ်ပွဲငယ်တွေ ဖြစ်လာနိုင်တယ်။ ဒီပဋိပက္ခတွေ ချုပ်ငြိမ်း သွားစေဖို့ စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရှိတဲ့ နိုင်ငံရေးမူဝါဒ (စနစ်) ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးရမယ်။ အကယ်၍ နိုင်ငံရေးမူဝါဒစနစ်ကို ရွေးချယ်ခွင့်မပေးနိုင်ရင် (မပေးနိုင်ပါက) ပဋိပက္ခကျော်လွှားနိုင်တဲ့ အခြေအနေတွေရှိမှာ မဟုတ်ပါဘူး။

ဒီကိစ္စအတွက် ယခင်အစိုးရအဖွဲ့ အစည်းတွေကို အကြံပေး ဉာဏ်ပေးပြုခဲ့ပေမယ့် အရေးမစိုက်ကြဘဲ အကြံပြု ဉာဏ်ပေးသူ (အရှင်တို့ကို) တွေကို မုန်းမာန်မကြိုး ထားကြတယ်။ 

ပြဿနာရပ်ဝန်းမကူးသွားဖို့ 

တိုင်းပြည်တစ်ပြည်ဟာ အမျိုးသားအင်အားကြီးမားရေးက အဓိကပါပဲ။

အမျိုးသားအင်အား (ပါဝါ) မကြီးမားတဲ့ တိုင်းပြည် (နိုင်ငံ) ဟာ ကြီးကျယ်ခမ်းနားတဲ့ မဟာဗျူဟာမြောက်တဲ့ တိုင်းပြည်ကြီးတစ်ပြည် ဖြစ်မလာနိုင်ပါဘူး။ ပကတိအတိုင်းမဟုတ်တဲ့ အတင်းအကြပ်အားထုတ် ကြိုးစားနေတဲ့အလုပ်ဟာ အဲဒီသဘောတရားတွေနဲ့ သာယာနေကြရင် တစ်နေ့တစ်ချိန်မှာ အမှန်တရား ပျောက်ဆုံးသွားမှာပါပဲ။ ဒါကြောင့် နိုင်ငံရေးဆိုတာ အတင်းအကြပ် မသာယာရပါ။ မလုပ်ကိုင်ရပါ။ ရှုထောင့်အမျိုးမျိုး သုံးသပ်ပြီးမှ လုပ်တတ်ရမယ်လို့ နိုင်ငံရေး ဘိုးအေကြီးတွေက အဆုံးအမပေးခဲ့ကြတယ်။

စစ်ပွဲငယ်တွေနဲ့ လူမှုစီးပွားရေး အတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့ ယနေ့ မြန်မာပြည်အစိုးရဟာ (၂၀၂၁ ခုနှစ်၊ အိမ်စောင့်အစိုးရ။) ပဋိပက္ခဖြစ်လာတဲ့ စစ်ပွဲငယ်တွေကို ဘယ်လိုအားထုတ်ပြီး ဖြေရှင်းကြမည်လဲဆိုတာကို ပထဝီနိုင်ငံရေးနဲ့ ယဉ်ကျေးမှုအခြေအနေတွေကို လေ့လာကြတဲ့သူတွေက ကြည့်နေကြတယ်။ မြင့်တက်လာတဲ့ ပဋိပက္ခတစ်ခုဟာ ဖြေရှင်းချက်မရှိရင် အဲဒီ ပဋိပက္ခဟာ ပြဿနာရပ်ဝန်းဘက်ကို ကူးသွားမှာပါပဲ။ ဒါကြောင့် နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းချက်လုပ်တဲ့အခါ အခြေတည်သွားခဲ့တဲ့ ပြဿနာအရပ်ရပ်ရဲ့အကြောင်းကို စစ်ကိုလိုလားချက် ပြဿနာမရောက်အောင် ဖြေရှင်းပေးနိုင်ရမယ်။ 

နိုင်စားဖို့အကွက်မဆင်မိရန် 

မြန်မာပြည်တွင်းမှာ မွေးဖွားလာခဲ့ကြတဲ့သူတွေဟာ စစ်ပွဲတွေရဲ့ကြားမှာ မွေးဖွားလာခဲ့ကြတဲ့သူတွေ အတော်လေးများနေကြပြီ။ စစ်ပွဲတွင်းမွေးဖွားလာခဲ့ ကြရတဲ့သူတွေဟာ စစ်ကိုမုန်းမိကြမှာပါပဲ။ ဒါမှမဟုတ် မကျေနပ်မှုအပေါ် စစ်တိုက်ခိုက်မှုကို အကြောက်အရွံ့မဲ့ ရှိကြမယ်ဆိုတာ ဓမ္မတာပါပဲ။ သူတို့ရဲ့ ဘဝဟာ ကျေနပ်စရာမရလို့ လုံခြုံမှုမရှိတဲ့ စိုးရိမ်စိတ်တွေ သူတို့တွေ့ဖြစ်ကြမှာပါပဲ။ သူတို့တွေရဲ့ ပြင်းပြတဲ့ သူတို့ရဲ့ ဆန္ဒအခက်အခဲတွေကို သူတို့ပိုင်ဆိုင်လိုကြတဲ့ တစ်ခုတည်းသော ဖက်ဒရယ်ပြည်ထောင်စုကြီးကို အဓိပ္ပာယ်မဲ့အောင်တော့ ခြိမ်းခြောက် ဖျက်ဆီးလို့တော့ မရနိုင်ပါ။ ဒါကြောင့် စစ်အတွင်း မွေးဖွားလာခဲ့ကြတဲ့ သူတွေရဲ့အတွေးဟာ ရှင်းရှင်းနဲ့လင်းလင်းပဲ ပြောရရင် နိုင်စားဖို့အတွက် လိမ်လည်မှုကို မနှစ်သက်ကြတာတော့ အမှန်ပါပဲ။

မြန်မာပြည်အလယ်ပိုင်းဒေသ အခြေအနေ 

မြန်မာပြည် အလယ်ပိုင်းဒေသဟာ ယခင်ကာလက စစ်ရဲ့အနိဋ္ဌာရုံတွေ များများစားစား မခံစားခဲ့ကြရပါဘူး။ ခုတော့ ပဋိပက္ခရပ်ဝန်း ကြီးထွားလာတော့ ပြဿနာတွေအမျိုးမျိုး ဦးတည်နေကြတယ်။ ဒီပြဿနာကို အလျင်အမြန် ဖြေရှင်းသင့်တယ်။ ကြည့်တော့ ဘာမှမဟုတ်ဘူး။ စစ်ပေမယ့် အချိန်ကြာမြင့်လာရင် နယ်မြေပိုင်ဆိုင်မှု တစ်နည်း အုပ်ချုပ်ရေးပိုင်ဆိုင်မှု တစ်ခုခုဖြစ်လာနိုင်လေမည်လား ဆိုတာကို မြင်မိပါတယ်။

လူမှုရေး သဘောသဘာဝအရ အဲဒီဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ဖြူစင်ရိုးသားစွာနဲ့ပဲ မဟာဗျူဟာရှိရှိ သတ်သတ်မှတ်မှတ် နေထိုင်ကြပါတယ်။ ဗိုလ်ကျစိုးမိုးရေး ခြိမ်းခြောက်မှုတွေလည်း အအုပ်အစိုးမခံခဲ့ရပါဘူး။ စဉ်ဆက်မပြတ် ငြိမ်သက်အေးချမ်းစွာ နေထိုင်လာခဲ့ကြရတယ်။ ခုတော့ ကြီးထွားလာတဲ့ ပဋိပက္ခကြောင့် စစ်ပွဲငယ်တွေ ခံစားလာခဲ့ကြရတယ်။ နိုင်ငံရေးအရ အင်ပါယာတစ်ခုခုများ ထူထောင်မယ့်အစီအစဉ်တွေ တစ်စိတ်တစ်ပိုင်းများဖြစ်လာအောင် ကြံစည်အားထုတ်နေကြပြီလား ဆိုတာကို နိုင်ငံရေး သုံးသပ်ကြတဲ့သူတွေက သံသယအဖြစ် ထင်လာကြတယ်။ 

နာကြည်းဒေါသစိတ် 

အခုတော့ တဖြည်းဖြည်းနဲ့ ရေးကြီးခွင်ကျယ်လာတဲ့အသံတွေ ထွက်လာတော့ တိုက်ခိုက်မှုနဲ့ ဆက်နွှယ်နေတဲ့ အကြောင်းတွေကို ကြည့်လိုက်ရင်ပဲ ကြိုတင်ထားတဲ့ နိုင်ငံရေးမဟာဗျူဟာ ရည်မှန်းချက်တွေပါနေတာကို တွေ့ရတယ်။

စနစ်တကျ နိုင်ငံရေးအရသာ တောင်းဆိုမှုပြုလာခဲ့ရင် အရှင်တို့ရဲ့ မြန်မာပြည်ဟာ ပြည်နယ်သစ် နယ်မြေတွေ ထွက်ပေါ်လာခဲ့ကြဦးမယ်။ အရေးမယူ ဂရုမစိုက်ကြတဲ့ သူတွေကတော့ အလွန်ကျယ်ပြန့်တဲ့ ဒီအကြောင်းအရာတွေကို စဉ်စားခဲ့ကြမှာမဟုတ်ပါဘူး။

တရားဥပဒေစိုးမိုးရေးလုပ်ခြင်းဟာ ရှုံးနိမ့်မှုကို လက်ခံတဲ့သူတွေအတွက် ပြဿနာမရှိဘူးလို့ ထင်ကြပေမယ့် ရှုံးရသူတွေရဲ့ ရည်မှန်းချက်မှာ ဘေးဖယ်ထားလို့မရပါ။ ပြဿနာတစ်ခုရဲ့ အဆုံးအဖြတ်ဟာ လွယ်ကူမယ်မဟုတ်လို့ ကြားဝင်စွက်ဖက်မှုတွေ အရှိန်လျော့ဖို့ လိုပါတယ်။ တစ်နည်းအားဖြင့် ကျိုးကြောင်းချင့်ချိန် ဆောင်ရွက်လုပ်ကိုင်တတ်ဖို့ လိုပါတယ်။ ပြဿနာရဲ့အဆုံးအဖြတ်ကို မသုံးစွဲတတ်တဲ့သူဟာ ညီမျှမှုမရှိတဲ့ အင်အားနည်းပါးကြတဲ့သူတွေရဲ့ နစ်နာချက် ပဋိပက္ခတွေ ဖြစ်လာမှာပါပဲ။ ဒါကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြမယ်ဆိုလာခဲ့ကြတဲ့ (ပြောလာခဲ့ကြတဲ့) အပြောသမားတွေရဲ့ လုပ်ရပ်ကြီးဟာ ယခု (အခု) မြန်မာပြည်ကြီးဟာ ဘယ်လိုများ ဖြစ်လာခဲ့ကြပြီလဲဆိုတာကို အားလုံး မြင်တွေ့ရတဲ့အတိုင်းပါပဲ။ ပြဿနာပျက်ယွင်းမှု အဆက်တွေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့တယ်။ နောက်ဆုံးတော့ တစ်နိုင်ငံလုံး နာကြည်း ဒေါသစိတ်တွေ ရကြတယ်မဟုတ်လား။ 

နက်နက်ရှိုင်းရှိုင်း ကြိုးစားရင် 

ညီမျှမှုမရှိတဲ့ ဒီကမ္ဘာကြီးဟာ အင်အားနည်းပါးကြတဲ့ သူတွေမှာ အင်အားကြီးမားကြတဲ့ သူတွေရဲ့ ဖိနှိပ်မှုကို ခံရစမြဲပါပဲဆိုတဲ့ စကားပြောဆိုနေကြတယ်။ အဲဒီစကားဟာ နိုင်ငံရေးအတွေးနဲ့ ပြောခဲ့တဲ့စကား မဟုတ်ပါ။ ဝိရောဓိ (ဆန့်ကျင်ဘက်) ဖြစ်အောင် မွေးထုတ်တဲ့စကားပါပဲ။ အရှင်တို့တွေဟာ ညီမျှမှုမရှိမှုကို မနှစ်သက်သလို အင်အားကြီးမားတဲ့ သူတွေကိုလည်း မဖိနှိပ်ပါဘူး။ အင်အားကြီးမားပြီး ဖိနှိပ်တတ်သူကိုလည်း အရှင်တို့မှာ အရှုံးပေးလိုက်မှာလည်း မဟုတ်ဘူးဆိုတဲ့ သိန္နိဋ္ဌာန်အတွေးတော့ အမြဲရှိကြတဲ့သူတွေပါ။ မညီမျှတဲ့ခံစားမှုဟာ ဆင်းရဲမှုကို ကျော်လွှားနိုင်တာ မဟုတ်လို့ အဲဒီညွှန်ပြချက်ဟာ (ကို) အရှင်တို့အားလုံး တော်လှန်ကြရမှာပါပဲ။ မတရားသဖြင့် တော်လှန်ခြင်းဟာ လူတိုင်းရဲ့တာဝန်ပါပဲ။ မှားယွင်းမှုကို လက်မခံတဲ့သူဟာ သီးသန့်ဘေးဖယ်ထားလို့ မရပါ။ နားကြည်းချက်တွေ၊ ကြောက်လန့်မှုတွေ ဘယ်လောက်ပေးပေး တော်လှန်ရေးကို နက်နက်ရှိုင်းရှိုင်းနဲ့ ကြိုးစားကြရင် ကြောက်မက်ဖွယ် (စရာ) ဖြစ်တဲ့ အခက်အခဲတွေ ကျော်လွှားသွားမှာပါပဲ။

နမော်နမဲ့ မနေဖို့ 

အမျိုးသားရေးအတွက် သို့မဟုတ် မိမိတစ်မျိုးသားလုံး ဥပဒေအာဏာ လွှမ်းမိုးမှု ရှိဖို့အတွက် မိမိတို့အပေါ်မှာ ဘယ်လောက်များ မှားခွင့်ရှိကြမည်လဲ (မလဲ)။ လူတိုင်းအပေါ် မှားယွင်းနိုင်ခွင့်ရှိကြောင်း ဘယ်နိုင်ငံရေးအာဏာက ညွှန်ပြနေကြပါသလဲဆိုတာကို ပြန်တွေးကြပါ။ မှားယွင်းမှုကို အဓိကထားတဲ့ အနိုင်ပိုင်းမှုဟာ ကမ္ဘာပေါ်မှာ လက်လျှော့ကြရတဲ့ သမိုင်းချည်းပဲရှိကြပါတယ်။ အရှင်တို့ဟာ မိမိကိုယ်ကို ပို၍ (ပိုပြီး) ဂရုစိုက်ဖို့လိုပါတယ်။ နမော်နမဲ့နိုင်ချင်တဲ့သူကို စွမ်းဆောင်ရည် ကျဆင်းမှုဖြစ်အောင် လုပ်ဆောင်တတ်ရမယ်။ (မည်သူမျှ မထိခိုက်အောင် လုပ်တတ်ရမယ်)။ ရေရှည်အကျိုးရှိတဲ့ ကြီးပွားတိုးတက်ချမ်းသာမှုကို အစဉ်အမြဲ နှလုံးသွင်းတတ်ရမယ်။ ဆင်းရဲမှုကို ကျော်လွှားနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာခံစားမှုကို လျော့နည်းအောင် မိမိကိုယ်ကို ထိန်းညှိနိုင်သော (နိုင်တဲ့) အရည်အသွေး ရှိရမယ်။ နိုင်ငံရေးပဋိပက္ခ ဖြစ်လာအောင် ဆွဲသွင်း အသုံးပြုခံရတဲ့သူ မဖြစ်အောင် နေတတ်ရမယ်။ မျက်နှာပျက်စရာ နိုင်ငံရေးကို ပြောင်းလဲတတ်အောင် လုပ်တတ်ရမယ်။ အကူအညီမဲ့သွားကြတဲ့ အသိုင်းအဝိုင်းကို ဝိုင်းဖွဲ့ပြီး ကူညီအားထုတ်ပေးနိုင်ရမယ်။ ဒေါသအကျိုးဆက်ပါတဲ့ တုံ့ပြန်မှုကို စက်ဆုပ်ရွံ့ရှာရမယ်။

အဆုံးသတ်ဖို့ တောင်းဆို 

မြန်မာ့နိုင်ငံရေး ဖြစ်ပျက်ပုံတွေဟာ ဘယ်နိုင်ငံရေးစနစ်ကို ပစ်မှတ်ထား ခဲ့ကြသလဲဆိုတာကို ပြည်သူတွေသိကြပြီလား။ (သိကြရဲ့လား)။ နိုင်ငံရေးအစွန်းရောက် ဝါဒီသမားတွေကို နိဂုံးချုပ်ပစ်ဖို့ ပစ်မှတ်ထား ကြတာလား။ ဒါမှမဟုတ် အမျိုးသားရေးအင်အားရှိတဲ့ အကြောင်းကို ပစ်မှတ်ထားပြီး နိုင်ငံရေးပြောင်းလဲအောင် လုပ်နေကြတာလားဆိုတဲ့ စဉ်းစားချက်တွေကို အရှင်တို့ကိုပေးနေတဲ့ နိုင်ငံရေးဖြစ်လာခဲ့ပါပြီ။

ကမ္ဘာပေါ်မှာ မြန်မာတွေဟာ စုစည်းနိုင်တဲ့ အရည်အချင်း မရှိခြင်းကစပြီး ဖြစ်နေကြရင် မြန်မာဟာ လက်တွေ့ (ကိုယ်တွေ့) အရ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ယခင်ကထက် ပိုပြီးတော့ စိတ်ဝမ်းတွေကွဲလာကြမယ်။ အကျိုးမဲ့တဲ့ ပုံပျက်ချက်တွေ၊ သိက္ခာမဲ့တဲ့ဖြစ်ခြင်းတွေ၊ အမုန်းပွားတဲ့ အကြမ်းဖက်မှုတွေ၊ အကျိုးစီးပွား ပျက်စီးတဲ့ စိန်ခေါ်မှုတွေ တစ်နေ့နေ့မှာ ဖော်ကျူးခြင်းခံရတော့မယ် မဟုတ်လား။ ဒီအတွက် မြန်မာတွေအချင်းချင်း ခေါင်းပုံဖြတ်တဲ့ နိုင်ငံရေးသုံးစွဲခြင်းကို အဆုံးသတ်ကြဖို့ တောင်းဆိုပါတယ်။

(ဆက်ရန်)

တို့ဘိုးဘွားအမွေစစ်မို့ (၇) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၆) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၅) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၄) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၃) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
စကားလက်ဆောင်

။ သိပါသည် ။

။ ကျဉ်းမြောင်းတဲ့
ဘဝကို
ဖြတ်သန်းခဲ့။

။ နာကြည်းရတဲ့
နှလုံးသားကို
ခိုကိုး, ကိုးကွယ်ခဲ့ရ။

။ အထင်အမြင်သေး
ခံခဲ့ရတဲ့ဘဝကို
ရုန်းကန်လှုပ်ရှားရ။

။ ဘဝရဲ့ကံအရာ
အားကျစရာရယ်လို့
မရှိခဲ့။

။ ခုတော့
လူတောသူတော
တိုးရတာလည်း
မဝံ့မရဲ။

။ ဒါတွေအားလုံး
ကျွန်တော်သိပါတယ်။
ကျွန်ုပ်နားလည်ပါတယ်။

။ ဒါပေမဲ့
ဘဝရဲ့
ပဋိစ်စသမုပ္ပါဒ်
အကြောင်းစပ်
အကျိုးမရပ်သေးတော့
အကြောင်းမပြတ်
အကျိုးမရပ်နိုင်သေးတော့
ကံကြမ္မာဝဋ်
အတုံ့အပြန်
အတုံ့အလှည့်တော့
အလှည့်ကျ
အလှည့်ပေး
ခံရဦးမှာပါပဲလေ
ဒါတွေကို
ကျွန်ုပ်သိပါတယ်။

။ ကျွန်ုပ်မသိသေးတာက
ကျွန်ပ်သည်
ဘယ်ကလာသလဲ?
ကျွန်ပ်သည်
ဘယ်ကို ပြန်မလဲ?
ကျွန်ပ်ကိုယ်ကို
ကျွန်ုပ်သိပြီလား
ဘယ်လိုဘယ်လို
သိနေသလဲ?
ကျွန်ုပ်ကိုကျွန်ုပ်
မလိမ်ပါ
ကျွန်ုပ်သည်သာ
အခရာပါပဲ။

ကိုရင်ဖိုးနီ ( အညာမြေ )
(၁၉.၁၁.၂၀၂၂)

Loading