ခေါင်းဖြတ်ချင်သူ
သုခဝေဒနာ၊ စိမ့်ရည်ဖြာသည့်
ရသာမြိန်ရွှမ်း၊ အစိမ့်မွှန်းက
သွန်းသွန်းဆူကြွ၊ ထိုသုခကို
ပိယဟူသား၊ အချစ်ပွား၍
ခြောက်ပါးဝေဒနာ၊ မြိန်ယှက်စွာကို
လွယ်ကာမနှေး၊ လိုတိုင်းပေးသည်
သူဌေးရတနာ၊ ပမာအလား
ကြင်မယားနဲ့၊ ဝတ်စားရွှေငွေ
လယ်မြေလုပ်ခင်း၊ ထမင်းဘောဇဉ်
သဘင်ပွဲလမ်း၊ အခန်းခန်းတည်း
ပန်းမျိုးနံ့သာ၊ အဖြာဖြာလျှင်
ရူပါရမ္မဏ၊ စသည့်အပုံ
ပဉ္စာရုံနှင့်၊ ခြောက်စုံဖဿ
စက္ခုစသား၊ ဒွါရခြောက်မည်
အကြည်အလင်း၊ ကိုယ်တွင်းဓာတ်စု
အစုစုလျှင်၊ ဗဟုဘေဒါ
များပြားစွာသည်၊ ဓမ္မာရမ္မဏ
ကာမဝတ္ထု၊ အစုအပုံ
ခြောက်အာရုံ ၊ ခုံတမင်မင်
ခင်တများများ၊ နေ့စဉ်ပွား၍
တရားအချက်၊ သဘောနက်ကို
အိပ်မက်တွင်မျှ၊ မမြင်ကြဘဲ
ကာမထောင်တွင်း၊ ခန္ဓာကင်းသည်
ခြောက်သင်းတဏှာ စွမ်းရည်တည်း။
(လယ်တီဆရာတော်၊ ပဋိစ္စသမုပ္ပါဒ်ဒီပနီ၊ အပိုဒ် -၇)
ရှင်သာမဏေဘဝက ကျက်မှတ်ခဲ့ဘူးတဲ့ ဆရာတော်ကြီးရဲ့ သံဝေဂတရားကဗျာတွေထဲက အကြိုက်နှစ်သက်ဆုံး ကဗျာတစ်ပိုဒ်ပါ။ ကံတရားအစစ်မှာ မျက်စိရှေ့တင်ရှိနေပါလျှက် အရှာရခက်သလို ရှိနေကြတဲ့ ပုထုဇဉ် လူသားတွေကို ရှင်းခနဲ၊ လင်းခနဲမြင်အောင် ပြလိုက်တဲ့ကဗျာလေးပါ။ သိအောင်မြင်အောင် နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြဖို့ဝေးလို့ အိပ်မက်တောင် ယောင်လို့ မမက်ကြပါဘူးတဲ့။
“ကာမဘုံသား ဆုံလည်နွား ဆိုတဲ့အတိုင်း ထောင်ကြီးနဲ့တူတဲ့ ကာမဘုံကြီးထဲမှာပဲ ဘဝတဏှာရဲ့ အကြိုက်ကိုလိုက်ပြီး ဒီတဏှာရဲ့ အစီးအပွားကိုပဲ အားထုတ်ပြီး လုံ့လပြုုုကြ၊ တဏှာတွေတန်းလန်းနဲ့ပဲ ဘဝကို နိဂုံးချုပ်ကြ၊ ဒုက္ခပင်လယ်ကြောမှာ မျောနေကြတာပဲ မဟုတ်လား။ ” ဘဝတာတိုတိုမှာ အရသာချိုချိုရှာရင်း အချိန်ကုန်ကြမယ်” ဆိုတဲ့ စကားဟာ မက်မောစရာကောင်းသယောင်ယောင်နဲ့ ကြောက်စရာကြီးပါလား ဆိုတာကို ပုထုဇဉ်တွေ မရိပ်စားမိကြပါဘူး။
ဗုဒ္ဓ ဟောကြားခဲ့တဲ့ သစ္စာတရား ဟာ ဆံချည်တစ်မျှင် အပ်တစ်ထောက်စာတောင် မလွဲဘူး။ ကောင်းမှုကုသိုလ်တွေ လုပ်တော့မယ်ဆိုရင် ပတ်ဝန်းကျင်အနှောက်အယှက်ရှိတတ်သလို မိမိစိတ်ရဲ့ မလုံခြုံမှု အနှောက်အယှက်လည်း ရှိနေတတ်ပါတယ်။ သံဝေဂဉာဏ် သတိအသိနဲ့ ယှဉ်ပြီး ဆင်ခြင်ကြဖို့ပါ။ စစ်မှန်တဲ့တရားကိုသိမှ ကျင့်မှပဲရင့်သန်တဲ့ ဘဝပါရမီဆိုတာက ဖြစ်လာစမြဲပါ။ ဓာတ်ခံရအောင် အလေ့အကျင့်ကောင်းတွေ များများလုပ်ပေးပါလို့ တိုက်တွန်းချင်တာပါ။ ဒီနေရာမှာ အထူးပြောချင်တာကတော့ ယောဂီ အကြောင်းပါပဲ။ ယောဂီ ဆိုတာရိုးသားဖို့ အရေးကြီးပါတယ်။ မရိုးသားရင်တရားမရနိုင်ပါဘူး။
ယောဂီအင်္ဂါ ၅- ပါး
“ယုံကြည်” ဆိုတာက ဗုဒ္ဓဘုရားရှင်အပေါ်မှာရော၊ ဟောကြားတော်မူခဲ့တဲ့ တရားတော်မြတ်တွေကိုရော မမှိတ်မသုံ မဝေမဝါးဘဲ ယုံကြည်အားထားဖို့ကို ဆိုတာပါ။ ကျန်းမာဆိုတာက တရားကိုအားထုတ်နိုင်လောက်အောင် ကျန်းမာရေးနဲ့ ပြည့်စုံရမယ်။ ဒီနေရာမှာ တွေ့တတ်တာက ယောဂီကိုယ်တိုင်က ကျန်းမားရေးချို့ယွင်းနေတာမျိုး၊ မကျန်းမာမမာဘူးလို့ စိတ်ကထင်မြင်ပေမယ့် တရားအားထုတ်လိုက်တဲ့အခါမှာ ထင်ထားတာထက်တောင် ဒေါင်ဒေါင်မြည်အောင် ကျန်းမာနေတာ၊ ကျန်းမာလာတာတွေကို တွေ့ရတတ်ပါတယ်။
ယနေ့ကမ္ဘာမှာ နာမည်ကျော်နေတဲ့ အိန္ဒိယနိုင်ငံက ဝိပဿ နာဆရာကြီး ဂိုအင်ကာဟာ ဆရာကြီးဦးဘခင်ဆီမှာ တရားအားထုတ်ခဲ့ရတာဟာ ကျန်းမာရေးချိုယွင်းလို့ပါ။ ယခုတော့ ဆရာကြီးဟာ ကျန်းမာရေးကောင်းသလောက် ထိရောက်အောင်မြင်နေတဲ့ ဝိပဿ နာတရားပြဆရာကြီး ဖြစ်နေပါပြီ။ “စိတ်ဖြောင့်စွာ”နှင့် ဆိုတာက ယောဂီဟာ ရိုးသားမှု ရှိရပါမယ်။ ယောဂီ အချောင်သမား၊ ယောဂီ အတုအယောင်၊ ယောဂီညာ၊ ယောဂီဖြီး မဖြစ်ဖို့လိုပါတယ်။ အတွေ့အကြုံထဲက တစ်ချို့ကိုပြောချင်ပါတယ်။
တရားအလုပ်ကို လုပ်ကြတဲ့အခါမှာ ဘယ်ဉာဏ်စဉ်က ဘယ်လိုခံစားရတယ်။ ဘယ်ဉာဏ်စဉ်က ဘယ်လို အရိပ်နိမတ်တွေ ပြတယ်ဆိုတာကို တချို့ယောဂီတွေက သိနေပါတယ်။ စာတွေ့အရရော၊ တစ်ဆင့်စကားအရပေါ့လေ။ အဲဒီတော့ အညံ့မခံချင်တဲ့ သဘောနဲ့ အာကျမခံစိတ် ဖြစ်လာပြီး မဖြစ်တာကို တကယ်ဖြစ်လေသယောင်ယောင် လုပ်ကြံ ပြောတတ်ကြပါတယ်။ မသိတာကိုသိလေသယောင်ယောင် ပြောတတ်ကြပါတယ်။
တစ်ချို့ကြတော့ သူများထိုင်သလို ထိုင်ပါတယ်။ ကမ္မဋ္ဌာန်းသင်ပြသလို လုပ်ပါတယ်။ ဒါပေမယ့် တစ်ရက်၊ ဆယ်ရက်စတဲ့ကြာလို့တောင်မှ ဘာမှမထူးခြားပါဘူး။ ဆရာသမားတွေကို အားနာလာပါတယ်။ မျက်နှာပူလာပါတယ်။ အတူတူလုပ်ကြတဲ့ သူတွေကိုလည်း ရှက်လာပါတယ်။ ဒီတော့ မထူးဘူးဆိုပြီး သူများပြောသလိုပြော၊ သူများခိုင်းသလိုပြော၊ စာထဲကအတိုင်း ပြောဆိုတာတွေ ဖြစ်ကုန်ကြပါတယ်။ ကမ္မဋ္ဌာန်းဆရာမေးရင် ကိုယ့်မှာဖြစ်သလောက်၊ သိသလောက်ပဲ ပြောပြစေချင်ပါတယ်။
ဒီလိုပြောမှကောင်းတယ်၊ ဒီလိုပြောမှ တရားရတယ်လို့ သိထားတော့ ဒီလိုပဲ ပြောချလိုက်တာတွေ၊ တရားစခန်းက တရားရှင်ကြီးအဖြစ် ခပ်တည်တည်ကြီးနဲ့ ထွက်သွားကြတာတွေ အများကြီး တွေ့ဖူးကြုံဖူး ကြပါတယ်။ တကယ်လုပ်ပါ။ တကယ်လုပ်တဲ့ သူဟာ ကိုယ့်ဘာသာ အသိဆုံးပါ။ ဘယ်သူကမှ ဘယ်အဆင့် ရောက်ပြီ လို့ “စံ” သတ်မှတ်မပေးနိုင်ပါ။ တရားအားထုတ်တဲ့ကိစ္စမှာ အမှတ်ပေးလက်မှတ် ပေးသလိုမျိုး လုပ်လို့မဖြစ်နိုင်ပါ။
တတိယအချက်ဖြစ်တဲ့ “လွန်စွာအားထုတ်” ဆိုတာက ကုသိုလ်တရားတွေ များလာအောင် လုံ့လဝီရိယရှိကြဖို့ ဆိုလိုတာပါ။ အမှန်လုပ်ရင် အကုသိုလ်အလိုလို နည်းပါးသွားစမြဲပါ။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄ ပါးစလုံးမှာ အကုသိုလ်ဖြစ်မနေဖို့၊ ကုသိုလ်အမြဲ ဖြစ်နေဖို့ ထားရတဲ့ဝီရိယကို လွန်စွာအားထုတ်ဖို့ ဆိုလိုတာပါ။ ထိုင်ပြီး အားထုတ်နိုင်ချိန်မှာတော့ ငြိမ်သက်လို့ပါပဲ။ ထိုင်ရာက ထသွားတော့ အချင်းချင်း စကားပြောကြ၊ အိပ်နေကြရင် ရှုပွားမှုမှာ သတိလက်လွတ်သွားတာပါပဲ။ အကုသိုလ်ဝင်တာပါပဲ။ တစ်ကြိမ်လောက်ပဲ အားထုတ်ပြီး ကျင့်တဲ့အချိန်တွေမှာ စိတ်တွေပျံ့လွင့်ပြီး ဗာဟိရအမှုတွေလုပ်၊ စိတ်တွေ ထွေပြားနေကြမယ်ဆိုရင်လည်း အကုသိုလ်ဝင်တာပဲ။
ဒါကြောင့် လွန်စွာအားထုတ်ဆိုတဲ့ ဝီရိယဟာ ဣရိယာပုထ် ၄ ပါးစလုံးမှာ ကုသိုလ်နဲ့ပဲ နေဖို့၊ တရားနဲ့သတိနဲ့နေဖို့ ရည်ညွန်းတာဖြစ်ပါတယ်။ “နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်” ဆိုတာက နာမ်နဲ့ ရုပ်နဲ့ အဖြစ်အပျက်ကို နိယာမမြင်နိုင်တဲ့ ဉာဏ်ပညာကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဘွဲ့ထူးဂုဏ်ထူးတွေကို ဆိုလိုတာမဟုတ်ပါ။ ရုပ်နှင့်နာမ်တို့ရဲ့ ဖြစ်ပျက်နှစ်ဝကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါးတင်ရှုနိုင်တဲ့ ဉာဏ်ရည်မျိုးကို ရလာရင်တော့ ဒီပုဂို္ဂလ်ကို ပေးစရာဘွဲ့ထူးမရှိတော့ဘူးလို့ ပြောရမှာပါ။ သိပ် အဖိုးတန်လွန်းတဲ့ အလုပ်ဆိုတာထင်ရှားလွန်းလို့ပါ။ အဲဒီ အင်္ဂ ါငါးပါးပြည့်စုံမှ မဂ်ရဖို့ နီးစပ်ပါလိမ့်မယ်။
မြတ်ဗုဒ္ဓ ရဲ့ ဂုဏ်တော်တရားတော်တွေကို ယုံကြည်ဖို့ မိမိကိုယ်တိုင်အားထုတ်တဲ့ တရားအပေါ်မှာယုံကြည်ဖို့ သဒ္ဒ ါတရားထက်သန်ဖို့၊ တရားအားထုတ်နိုင်လောက်အောင် ကျန်းမာဖို့၊ စိတ်ထားဖြူစင်ဖြောင့်မတ်ဖို့ ဒါကတော့ ယောဂီကိုယ်တိုင် မွေးယူကျင့်ကြံယူမှ ရနိုင်တဲ့ကိစ္စပါ။ ယောဂီတွေဟာဝီရိယရှိရမယ်။ အချိန်ကျလာရင် ပျင်းရိနေတာတွေ၊ စိတ်မပါသလိုလို လုပ်နေတာတွေကိုရှောင်ကြဉ်ကြရပါတယ်။
ဖြစ်ချုပ်ဉာဏ်မြင်ဆိုတဲ့ နာမ်နဲ့ရုပ်နဲ့ အဖြစ်အပျက်ကို သိမြင်နိုင်စွမ်းရှိတဲ့ ပညာကလည်း လုပ်ယူလို့ဘယ်တော့မှ မရနိုင်ပါ။ ပဋိသန္ဓေပါ။ ပညာပါ။ အတိတ်က ကုသိုလ်ကံအကြောင်းတွေ အများကြီးပါဝင်နေပါတယ်။ မေ့လျော့ပေါ့ဆခြင်းဟာ သေခြင်းတရားနဲ့ လက်တွေ့ဆိုရင် စွမ်းနိုင်သူတွေ နည်းပါးတယ်။ တွေဝေမိန်းမောတာတွေ၊ ကြောက်လန့်တကြား စိုးရိမ်ချောက်ချားတာတွေ ဖြစ်တတ်ပါတယ်။ ဘဝကူးကောင်းဖို့ အလွန်ခဲယဉ်းပါတယ်။ ခနာကိုယ်ကို ဉာဏ်နဲ့ရှုကြ၊ ဆင်ခြင်ကြပြီး သဒ္ဒါ စေတနာ ဖြူစင်မှန်ကန်ဖို့ လိုအပ်ပါတယ်။
ဇွဲကပင်မှ ခြိမ်းခြောက်သံ
ဇွဲကပင်တောင်ပေါ်မှာ အဓိဋ္ဌာန် ဝင်ခဲ့ပါတယ်။ အဓိဋ္ဌာန်ရက်ကို ၉ ရက်သတ်မှတ်ပါတယ်။ အဓိဋ္ဌာန်ရက် မပြည့်ခင် ရှစ်ရက်နေ့မြောက်ညမှာ တောင်တစ်ခုလုံး ထူးထူးခြားခြား ငြိမ်သက်နေတာကို သတိထားမိပါတယ်။ ခါတိုင်းဆိုရင် ကျေးငှက်ကလေးတွေ အိပ်တန်းပြန်လာကြပြီဆိုရင် ညံမစဲကြားရတယ်။ ဒီညမှာတော့ သစ်ရွက်လှုပ်သံ၊ လေတိုးတဲ့ အသံတွေကလွဲလို့ တိတ်ဆိတ်နေပါတယ်။ တစ်ချက် တစ်လေတော့ စေတီတော်မြတ်ရဲ့ ဆည်းလဲသံကြားရပါတယ်။ စေတီတော်မြတ်ရဲ့ ရင်ပြင်တော်ပေါ်မှာ အာနာပါနာ နုဿ တိကမ္မဋ္ဌာန်း စီးဖြန်းပွားများပါတယ်။ အထူးခြားဆုံးကတော့ အရှင်ရဲ့ခန္ဓာကိုယ်ဟာ ထုရိုက်ထားသလိုပဲ မခံမရပ်နိုင်လောက်အောင် နာကျင်တဲ့ဝေဒနာ ခံစားရပါတယ်။
ခန္ဓာမှာရှိတဲ့ ဓာတ်ကြီးလေးပါး ဖောက်ပြန်မှုတွေကို သတိမလွတ်စေဘဲ သည်းခံစိတ်နဲ့ ရှုမှတ်နေပါတယ်။ ဖောက်ပြန်တဲ့ ရုပ်သဘော၊ ရွေ့လျား၊ လှုပ်ရှားတတ်တဲ့ စိတ်သဘော သို့မဟုတ် နာမ်သဘောကို သတိကပ်ပြီး ရှုမှတ်နေပါတယ်။
ခုလို ပြင်းပြင်းထန်ထန် ဝေဒနာခံစားရတာကို ပဲခူးတိုင်း၊မင်းလှမြို့၊ ဝေဠုဝန်စာသင်တိုက်၊ ပဓာနနာယက ဆရာတော်ကြီးရဲ့ သြဝါဒကို သတိရပြန်မိပါတယ်။
“ပရိယတ်ဆိုတာ သင်ကြားနာယူရတာကွဲ့၊ ပဋိပတ်ဆိုတာကတော့ ကိုယ်တိုင် ကျင့်ကြံအားထုတ်ရတဲ့အလုပ်ပဲ။ ဝေဒနာကို မကျော်လွှားနိုင်ရင် အောင်မြင်မှု နည်းပါးပြီဆိုတာ သတိကြပ်ကြပ်ထား၊ တရားများများထိုင်၊ များများရှုပါ။ ဒါမှ အကျိုးရှိမယ်။ တရားအားထုတ်ပြီဆိုရင်လည်း “တရားရရင်ရ၊ မရရင်သေ ” ဆိုတဲ့ စိတ်ဓာတ်မျိုးလည်း ထားရတယ်။ အရိုးပဲကြေကြေ အရေပဲခန်းခန်း ကြိုးပမ်းအားထုတ်ရမယ်၊ ကိလေသာကုန်ခမ်းရေး မဟုတ်လား”
ကမ္မဋ္ဌာန်းဖြုတ်ပြီး နားနေတဲ့အချိန်မှာ ဆုံးမခဲ့ဖူးတဲ့ ဆရာတော်ကြီးတွေရဲ့ သြဝါဒ စကားတော်တွေကို စဉ်းစားပြီး နေတတ်တဲ့အကျင့်ရှိပါတယ်။ ဂုဏ်တော်တွေ၊ သံဝေဂဉာဏ်ကဗျာတွေလည်း နှလုံးအိမ်ထဲမှာသွင်းပြီး ပွားများလေ့ရှိပါတယ်။ ဝါးကျည်ေတောက်တစ်ခုကို ခေါင်းအုံးလုပ်ပြီး လျောင်းနေပါတယ်။ လျောင်းရာကနေ ပြန်ထိုင်လိုက်မယ်လို့ လုပ်တဲ့အခါ ထိုင်လို့မရဘဲဖြစ်နေပါတယ်။ တစ်ဦးတစ်ယောက်ကဖိထားသလို လေးလေးကန်ကန်ကြီးနဲ့ ခံစားရပါတယ်။ ဟိုဘက်ဒီဘက် နေရာအပြောင်းအရွှေ့ ကြိုးစားကြည့်ပေမဲ့ မရပါ။ ကြာလေလေးလာလေ ဖြစ်နေပါတယ်။ နောက်ဆုံးဘာမှလှုပ်ရှားလို့မရပါ။ ဆရာတော်ကြီးတွေပြောခဲ့ဖူးတဲ့ ဝေဒနာဆိုတာ ဒါတွေများလား၊ အကြောအချဉ်တွေ ရပ်ဆိုင်းပြတ်တောက်ကုန်ပြီလို့တောင် ထင်မိတယ်။
ကိုယ့်ကိုယ်လည်း “ငါ သရဏဂုံပျက်သွားပြီလား” လို့ ထင်မိပါတယ်။ ဗုဒ္ဓစာပေမှာတော့ သရဏဂုံပျက်စီးတဲ့ အကြောင်းတရားနှစ်ပါးပြပါတယ်။
၁။ တစ်ခြားသောဘာသာအယူဝါဒကို ပြောင်းလွဲယုံကြည်ကိုးကွယ်ခြင်းနဲ့
၂။ ကွယ်လွန်သေဆုံးခြင်းတို့ပဲ ဖြစ်ပါတယ်။
အယူဝါဒ ပြောင်းလဲလိုက်လို့ သရဏဂုံပျက်သွားရင် မိစ္ဆ ာ၊ ဒိဋ္ဌိ၊ တဏှာစတဲ့ ကိလေသာတွေ တိုးပွားလာလို့ အပြစ်များလှပါတယ်။ သေဆုံးသွားလို့ ပျက်တာမျိုးကတော့ အပြစ်မရှိပါဘူး။ ဒီလိုပါပဲ မိမိဆောက်တည်ထားတဲ့ သရဏဂုံကိုညစ်နွမ်း ညှိုးနွမ်း ညှိူးရော် စေတဲ့ အကြောင်းတရား လေးပါးရှိပါသေးတယ်။ အဲဒါတွေက …
၁။ ရတနာသုံးပါးရဲ့ ဂုဏ်များကို မသိခြင်း၊
၂။ ရတနာသုံးပါးရဲ့ ဂုဏ်များကို အသိမှားခြင်း၊
၃။ ရတနာသုံးပါးကို ယုံမှား သံသယရှိခြင်း၊
၄။ ရတနာသုံးပါးကို မရိုမသေ၊ မလေးမစားခြင်း၊ တို့ပဲဖြစ်ပါတယ်။
သရဏဂုံ ညစ်နွမ်းသွားခဲ့ရင် ကြီးကျယ်ကောင်းမွန်တဲ့ ကောင်းကျိုးတွေရမှာ မဟုတ်ပါ။ (ခုဒ္ဒကပါဋ္ဌ၊ ဋ္ဌ၊ ရ )
ဒါတွေသိထားတဲ့ အရှင်ဟာ ကိုယ့်ကိုယ်ကို သရဏဂုံ ပျက်လေပြီလားလို့ စိုးရိမ်သွားခဲ့မိတာပါ။ ခနာကိုယ်လှုပ်ရှားလို့ မရတော့တဲ့အခါမှာ အေးစက်နေတဲ့ လက်အေးကြီးတစ်ဘက်က အရှင်ရဲ့ဦးခေါင်းကို အသေအချာ မိမိရရလာပြီး ဖိကိုင်ပါတယ်။ သံမံတလင်းနဲ့ တစ်ချက်ကိုင်ဆောင့်ခံထိတယ်။ ကြောက်စိတ်ဝင်သွားတယ်။ နောက်တော့မှ ကြောက်စိတ်ထက် သည်းခံခွင့်လွှတ်တဲ့ စိတ်ကိုပဲ အလေးကဲထားလိုက်ပါတယ်။ လှုပ်ရှားလို့မရအောင် ဖိထားတဲ့ကြားက နားဝကိုကပ်ပြီး ခြိမ်းခြောက် ကြုံးဝါးသွားပါသေးတယ်။
အသံက မာရေကြောရေ ရှိပါတယ်။ အရှင်က သရဏဂုံ သုံးပါးကိုပဲ ပွားများပါတယ်။ ငါဖြစ်နေတာ၊ ငါခံစားနေရတာတွေဟာ အိပ်မက် မဟုတ်ပါလား၊ စိတ်လှည့်စားနေတာတွေ မဟုတ်ပါလားဆိုတာကို သိတော့ဖိနှိပ်ခံထားနေရင်းက ဗုဒ္ဓဂုဏ်တော်၊ သရဏဂုံသုံးပါးကို ကြည်ညိုပွားများနေပါတယ်။ ကြာလာတဲ့အခါ တဖြည်းဖြည်းနဲ့ ပေါ့လာပါတယ်။ လှုပ်ရှားလို့ ရသွားပါတယ်။ လှုပ်လို့ မရတဲ့အချိန်က ဗုဒ္ဓဂုဏ်တော်ကို ပွားများနေတဲ့ အချိန်မှာ ရေစက်၊ ရေပေါက်တွေ ရုတ်တရက်လာပြီး စင်ထိတဲ့အခါ ပိုပြီးတော့ကြောက်မိပါတယ်။အရှင်ဟာ လူ့ဘဝကိုလူမှန်းသိတတ်တဲ့အရွယ်ကစပြီး ကံငါးပါးကို မလွန်ကျူးခဲ့ဘူးပါ။ သစ္စာကိုလည်းပြုမိလိုက်ပါတယ်။
ခေါင်းကိုကိုင်ထားတဲ့ လက်အေးကြီးရဲ့ရန်က လွတ်သွားပြီဆိုတော့ ထထိုင်လိုက်ပါတယ်။ စိတ်ထဲမှာ တစ္ဆေ သရဲဆိုတာ အမှန်ရှိပါတယ်။ ခု ဖြစ်နေတာတွေဟာ ဘယ်လိုအကျိုးဆက်တွေ၊ အကြောင်းဆက်တွေပါလိမ့်၊ အတွေးချာချာလည်နေပါတယ်။ တကယ်တော့ အရှင်တို့အတွေ့အကြုံဟာ နက်နဲလှတဲ့ နာမ်လောက အကြောင်းတွေကို နားမလည်နိုင်သေးပါ။
စိတ်အေးချမ်းသွားလို့ ပြန်လည် ဆန်းစစ်လိုက်တဲ့အခါကျမှ မိမိရဲ့ အားနည်းချက်ကို သိလိုက်ပါတယ်။ အဲဒါကတော့ ” မေတ္တာဘာဝနာ” အားနည်းချက်ပါပဲ။ အဓိဋ္ဌာန်တရားဘာဝနာ ပွားများအားထုတ်မယ့်သူဟာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို အလေ့အကျင့်ခိုင်ခိုင်မာမာ ထူထောင်ထားရပါတယ်။ ဒါမှ နိက္ခမပါရမီဓာတ် ပြည့်စုံမယ်။
နိက္ခမပါရမီဓာတ်ကို လိုလားတောင့်တကြတဲ့ သူဟာမေတ္တာ ဘာဝနာတရားကို နက်နက်နဲနဲ အလေးထားပြီး မပေါ့မဆ၊ မမေ့မလျော့ဘဲလုပ်ကြရမယ်။ သီလရှိ မရှိ စမ်းသပ်တာ မဟုတ်ပေမယ့် ဆိုင်ရာပိုင်ရာ နယ်မြေနဲ့ စကားပြောလာပြီဆိုရင် မေတ္တာဘာဝနာအားနည်းလို့ကတော့ စိတ်မခိုင်ဘဲ ရူးသွားနိုင်ပါတယ်။ တရားကြောင့်ရူးသွားတာမဟုတ်ပါ။ အပ ကပေးတဲ့ အစွဲအလန်းကြောင့်ပါ။ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရား လေးပါးဟာ လူကို ပြုပြင်စီရင်စေတဲ့သဘောရှိပါတယ်။ ဒီတရားရှိနေပါလျက် ဒါတွေကို လိုအပ်သေးလို့လား စောဒက တက်ချင်တက်ကြပါလိမ့်မယ်။ ဓူတင်ဆောက်တည်နေတဲ့ပုဂို္ဂလ်၊ ဗုဒ္ဓဂုဏ်တော်ပွားများနေတဲ့ပုဂို္ဂလ်တွေကို ဖမ်းစားခြောက်လန့်တတ်တဲ့ တစ္ဆေ၊ သရဲတွေ (ခြောက်လန့်တာတွေ) တွေ့ကြုံခဲ့ဖူးပါသလားလို့ မေးကြည့်လိုက်ပါ။ အဖြေတစ်ခုရပါလိမ့်မယ်။
အရှင်တို့ရဲ့ဆရာတော်ကြီးက ” ယုံကြည်ချက်နဲ့ စိတ်ဓာတ်ရေးရာရဲ့ အဓိကကျပုံကို မမေ့ကြပါနဲ့ ” ဆိုတဲ့စကားကို အမှတ်ရမြဲဖြစ်ပါတယ်။ အနန္တ ငါးပါး ဂုဏ်ကျေးဇူးတရားကို မပေါ့မဆဘဲ ယုံကြည်ကြဖို့နဲ့ ပေါ့ပေါ့တန်တန်မထားဖို့ဖြစ်ပါတယ်။ ဒီနေ့တွေ့ကြုံရတဲ့ အဖြစ်မျိုးဟာ စိတ်ကူးထဲမှာတောင်မထည့်ခဲ့ဘူးပါ။ စိတ်ကူးထဲမှာ မရှိခဲ့ဘူးတဲ့ ခုလိုအဖြစ်မျိုးကို တောရဆောက်တည် တရားအားထုတ်သွားကြမယ့် အရှင်သူမြတ်တွေအတွက် သတိထားစရာ အချက်တစ်ရပ်ပါပဲ။ ဒီလို မဖြစ်အောင် …
၁။ မေတ္တာဘာဝနာ ပွားစီးဖို့မပျက်နဲ့
၂။ ရုပ်၊ နာမ် နှစ်ပါးကို ဖြစ် ပျက်ရှုဖို့ မမေ့ဘဲ
၃။ မိမိခန္ဓာကို တရားနဲ့အပ်နှံဖို့ မမေ့ဖို့ဘဲ ဖြစ်ပါတယ်။