တိုင်းရင်းသားလူမျိုးများဆိုင်ရာ ယဉ်ကျေးမှုအခြေခံဥပဒေ၏ လက္ခဏာများ – အဲးခိုး
ပြည်ထောင်စုနိုင်ငံရေးစနစ်သည် ခေါင်းဆောင်ဖြစ်ရေး သို့မဟုတ် ခေါင်းဆောင်တင်ရေး မဟုတ်။ ဦးဆောင်ကောင်းရေး သို့မဟုတ် စွမ်းနိုင်သူများကျင့်သုံးရေး ဖြစ်သည်။ နိုင်ငံရေးပါတီတစ်ရပ်ကဲ့သို့ ရပ်တည်သော နိုင်ငံရေး မဟုတ်။ လူမျိုးရေးအမြင် သတ်မှတ်မှုရှိသော်လည်း ခွဲခြားသတ်မှတ်ခြင်း (သတ်မှတ်မှု) မရှိ။ လူမျိုးစုံပြည်သူတို့၏ထောက်ခံမှုပြု ရသော နိုင်ငံရေးစနစ်ဖြစ်သည်ကြောင့် ပြည်ထောင်စုနှင့် ပြည်နယ်များ အကြား ဥပဒေပြုရေး အာဏာများကို ခွဲဝေအပ်နှင်းမှုပြုရမည် . . .
● အရင်းခံနိုင်ငံရေးပြဿနာ
မြန်မာပြည်သည် (မြန်မာနိုင်ငံတွင်)
(၁) ဒီမိုကရေစီအခွင့်အရေး ဆိတ်သုဉ်းသည့် ပြဿနာနှင့်
(၂) တိုင်းရင်းသားလူမျိုးတို့၏ တန်းတူအခွင့်အရေးဆုံးရှုံးသည့် ပြဿနာ (နှစ်ပါး၊ နှစ်မျိုး)တို့ကြောင့် အခြေခံ ဥပဒေပြုရန် ခက်ခဲနေသည်ဟု သုံးသပ်ထားကြသည်။
မြန်မာပြည်သည် စစ်အုပ်ချုပ်ရေး စနစ်အောက်တွင် လွတ်မြောက်ရုံသာရှိ သေးသည်။ အခြေခံဥပဒေတစ်ခု (တစ်မျိုး) တည်တံ့ခိုင်မြဲနိုင်ရန်အတွက် အစိုးရတစ်ရပ်၏ အာဏာကို ပြည်သူတို့၏ ဆန္ဒသဘောထားအပေါ်၌သာ အခြေခံတည်ဆောက်ရမည် ဖြစ်သည်ကြောင့် ပြည်ထောင်စုမူ သို့မဟုတ် ပြည်ထောင်စုစနစ်ဖြင့် အခြေခံဥပဒေတစ်ရပ် တည်ဆောက်နိုင်ရန် (ရေးဆွဲနိုင်ရန်) အခြေခံ ဥပဒေရေးရာ နှီးနှော ဖလှယ်မှုမပြုလုပ်ဘဲ အခြေခံဥပဒေကောင်းထွက်ပေါ်လာမည်မဟုတ်ဟု (ဤအရှင်သည်) ယူဆသည်။
● ယဉ်ကျေးမှုဆိုင်ရာဥပဒေ
အခြေခံဥပဒေတစ်ရပ်၌ ဝါဒရေးရာနှင့်ပတ်သက်သော ဥပဒေများ မပါဝင်ရန် (မပါရန်) လို၏။ သမိုင်းပြဥပဒေ စကားလည်းများစွာ မပါဝင်ရန်လို၏။ ခေတ်ကာလ(မျက်မှောက်) အထင်အရှားဖြစ်စဉ် ဖြစ်ရပ်များနှင့် အတူလွယ်ကူစွာပြောင်းလဲ ပြုပြင်နိုင်သော အခြေခံဥပဒေ အမျိုးအစား ဖြစ်အောင် (ရောက်အောင်) ပြုစုရန်လို၏။ တစ်မျိုးသားလုံးတို့၏ မူဝါဒသဘောထားများဆန်ပြီး ပြောင်းလဲပြုပြင်မရသော အခြေခံဥပဒေမျိုး မဖြစ်ရန် ရှောင်ကြဉ် အပ်၏။ ရှုထောင့်အမျိုးမျိုးတို့မှ အခြေပြုနိုင်မည့် ဥပဒေဖြစ်သည် ဆိုသော်ငြားလည်း မိမိတစ်မျိုးသားလုံးတို့နှင့် သက်ဆိုင်နိုင်သည့် ခေတ်စနစ်ဥပဒေဖြစ်ရန်လည်းလို၏။ လူမျိုး သဘောထား၊ ဝါဒသဘောထား၊ အခြေခံမထားသော ဥပဒေမျိုးများဖြစ်ပါက ပြည်ထောင်စု စနစ်ဖြင့်ပြသော ယဉ်ကျေးမှုဆိုင်ရာ ဥပဒေမျိုးကို ပြုစုရေးသားရန် လို၏။ မြန်မာပြည်တွင် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်သော တိုင်းပြည်ဖြစ်သည်ကြောင့် ယဉ်ကျေးမှုဆိုင်ရာ ဥပဒေများရေးဆွဲ အတည်ပြုရန်သင့်၏။
● ဝေဖန်သုံးသပ်ခြင်း
ဤအရှင်သည်
(၁) ၁၉၄၇ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
(၂) ၁၉၇၄ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်
(၃) ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသုံးစောင်(သုံးကျမ်း)စလုံး၌ အချိန်များစွာယူ၍ လေ့လာသုံးသပ်ပါသည်။
အခြေခံဥပဒေ(၁) (၃)သည်။ လူထုသို့ အာဏာလွှဲပြုနိုင်ရန် ရေးဆွဲသော အခြေအနေဥပဒေဖြစ်သည်ကြောင့် ချို့ယွင်းမှု၊ လိုအပ်မှုများစွာရှိသည်။ (၂)ဖြစ်သော ဥပဒေသည်တစ်ပါတီစနစ်ဖြင့် ရေးဆွဲသော ဥပဒေဖြစ်သည်ကြောင့် ကျင့်သုံးဆောက်တည်၍ မရသောဥပဒေ ဖြစ်သည်။ အာဏာလွှဲပြုနိုင်သော ဥပဒေကျမ်း၂စောင် (နှစ် စောင်)မှ အမှတ်(၃) ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမှတ်(၁) ၁၉၄၇ ခုနှစ် ဥပဒေထက် သာလွန် သည်ကို မြင်ရသည်။ ပြုစုရေးအဖွဲ့၏ အားနည်းခြင်း၊ သုံးသပ်မှုအားနည်းခြင်း၊ လွတ်လပ်၍ပြုစုရခြင်း မဟုတ်ခြင်း၊ ပြည်ထောင်စုစနစ်ကို အခြေခံသော ယဉ်ကျေးမှု (နိုင်ငံရေး) ဥပဒေ ဖြစ်အောင် မပြုစုနိုင်ခြင်း၊ ညီလာခံသို့ တက်ရောက်သော အစုအဖွဲ့များ၏ ဥပဒေဆိုင်ရာ ကျွမ်းကျင်မှု မရှိခြင်းတို့ကြောင့် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်သော အခြေခံဥပဒေမဖြစ်လာခြင်းဖြစ်သည်။
● ပြည်ထောင်စုဒီမိုကရေစီ တိုင်းပြည်
မြန်မာပြည်သည် တိုင်းရင်းသားလူမျိုးများ ပေါင်းစုံနေထိုင်၍ ပြည်ထောင်စု စနစ်ဖြင့် တည်ထောင်သော တိုင်းပြည်ဖြစ်သည်။ ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ထောင်သော တိုင်းပြည်ဖြစ်ခြင်းကြောင့် ပထဝီနယ်မြေ သည်လည်း ပြည်ထောင်စုစနစ်ကို အခြေခံသော ပြည်နယ်များဖြစ်သည်။ တိုင်းရင်းသားလူမျိုးတို့၏ ထူးခြားသော အမှတ်အသားများကို ဖျောက်ဖျက်၍ မရဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ စုပေါင်းတည်ဆောက်ထားသော ပြည်ထောင်စုစနစ်တိုင်းပြည်ကြီးဖြစ်သည်။ ပြည်ထောင်စုဖွဲ့စည်းရေးမူဖြင့် တန်းတူရည်တူ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသော ပြည်ထောင်စု အမျိုးသားရေးမူကို တည်ထောင်သော တိုင်းပြည်ဖြစ်သည်ကြောင့်လည်း ကမ္ဘာပေါ်တွင် ထင်ရှားသော ပြည်ထောင်စု ဒီမိုကရေစီတိုင်းပြည်တစ်ပြည်ဖြစ်သည်။
● ပွင့်လင်းစွာရေးဆွဲရန်
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ၏ တည်ထောင်သော တိုင်းပြည်သည် (တိုင်းပြည်တွင်)
(၁) ပြည်ထောင်စုအစိုးရ
(၂) ပြည်ထောင်စုလွှတ်တော်
(၃) ပြည်နယ်/တိုင်းအစိုးရ
(၄) ပြည်နယ်/တိုင်းလွှတ်တော်
စသည်ဖြင့်ထားရှိပြီး ပြည်ထောင်စုနိုင်ငံရေးယဉ်ကျေးမှုကို ကျင့်သုံးဆောက်တည်လာ၍ ကမ္ဘာပေါ်တွင် ဟန်ပြမဟုတ်သော နိုင်ငံရေးဖြစ်ကြောင်း မြင်တွေ့ရသည်။ လူသားတို့၏ ဂုဏ်သိက္ခာကိုတန်ဖိုးထား သည်ကြောင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးစုံစနစ်ဖြင့် ကျင့်သုံး သော မြန်မာပြည်နိုင်ငံရေးစနစ်သည် ကျယ်ပြန့်သောတိုင်းရင်းသားများစွမ်းရည်သတ္တိအပေါ်၌ အခြေတည်ပါသည်။ အရည်အချင်းရှိခြင်းသည်သာ အမြင့်ဆုံးသော ခေါင်းဆောင်အဖြစ်၌ တည်နေသည်ကြောင့် ပြည်ထောင်စုယဉ်ကျေးမှုဆိုင်ရာ တရားဥပဒေကို အခြေခံဥပဒေ၌ ပွင့်လင်းစွာရေးဆွဲနိုင်ရန် အရေးကြီးသည်။ တူညီသော ကာကွယ်စောင့်ရှောက်မှုရှိရမည်။
ပြည်ထောင်စုနိုင်ငံရေးစနစ်သည် ခေါင်းဆောင်ဖြစ်ရေး သို့မဟုတ် ခေါင်းဆောင်တင်ရေးမဟုတ်။ ဦးဆောင်ကောင်းရေးသို့မဟုတ် စွမ်းနိုင်သူများကျင့်သုံးရေး ဖြစ်သည်။ နိုင်ငံရေးပါတီတစ်ရပ်ကဲ့သို့ ရပ်တည်သော နိုင်ငံရေး မဟုတ်။ လူမျိုးရေး အမြင်သတ်မှတ်မှု ရှိသော်လည်း ခွဲခြားသတ်မှတ်ခြင်း (သတ်မှတ်မှု) မရှိ။ လူမျိုးစုံပြည်သူတို့၏ ထောက်ခံမှုပြုရသော နိုင်ငံရေးစနစ်ဖြစ်သည်ကြောင့် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား ဥပဒေပြုရေး အာဏာများကို ခွဲဝေအပ်နှင်းမှုပြုရမည်။ (ပြုထားသည်) ဥပဒေပြုခြင်းအာဏာများကို ကန့်သတ်ခြင်းမထား ရ။ ပြည်ထောင်စု ကို အာဏာလွှဲအပ်ထားခြင်း မရှိရ။ အာဏာခွဲဝေရေးစနစ် ကို ပြည်ထောင်စုဥပဒေစနစ် အတိုင်း ခွဲဝေကျင့်သုံးရမည်။ ဥပဒေခွဲဝေ ကျင့်သုံးရေးအာဏာကို ပေးထားသည်ဆို သော်ငြားလည်း ဗဟိုဦးစီးချုပ်ကိုင်မှု မူကို လက်ခံကျင့်သုံးခြင်းမရှိရ။ ပြည်ထောင်စုနိုင်ငံအဖြစ် စုစည်းနေထိုင် မည့်စနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုစနစ်ကို တည်ဆောက် ကြရန်ဖြစ်သည်ကြောင့် ဥပဒေ လွှမ်းမိုးမှုအောက်၌ တူညီသောကာကွယ်စောင့်ရှောက်မှု ရှိရမည်။
● လွတ်လပ်သော တရားစီရင်ရေး မထိခိုက်ရ
ပြည်ထောင်စုစနစ်ဖြင့် တည်ထောင်သော နိုင်ငံရေးစနစ်သည် တရားစီရင်ရေးအာဏာသည် ဥပဒေပြုရေး အာဏာနှင့် စီမံခန့်ခွဲရေးအာဏာ မပတ်သက်ရန်လိုသည်။ (မပတ်သက်ရ) သီးခြားစွာ (စီ) ထားရမည်။ ပြည် ထောင်စုလွှတ်တော်၏ ဥပဒေပြုပြဌာန်းချက်များနှင့် အညီ ပြည်ထောင်စုတရားရုံးများ ဖွဲ့စည်းရမည်။ တရား သူကြီးများသည် လွတ်လပ်စွာ တရားစီရင်ခွင့်ရှိရမည်။ တရားဥပဒေကို တာဝန်ခံရမည်။ တင်ကူးကြံရွယ်ခြင်းဖြင့် ဥပဒေ ချိုးဖောက်ခြင်းမရှိရ။ တရားသူကြီး၏ တရားစီရင်ခွင့် ရှိသော်လည်း တရားစီရင်ရေးဆိုင်ရာ လုပ်ဆောင်ချက်အများကို အရေးယူတရားစွဲဆိုခံရမည်။ တရားသူကြီးများသည် မိမိတို့၏ရာထူးနေရာအတွက်နှင့် လွတ်လပ်စွာ တရားစီရင်နိုင်ငံရေးအတွက် ဥပဒေပြဋ္ဌာန်းလျက်ကာကွယ်ပေးရမည်။ အရေးပေါ်ကာလအတွင်းမည်သို့သော အရေးပေါ်ကာလ အခြေအနေ အောက်တွင်မဆို တရားစီရင်ရေးအာဏာသည် တရားရုံးများတွင်သာ ရှိရမည်။ အထူးတရားရုံးများဖွဲ့စည်း၍ တရားစီရင်ခြင်းများမရှိစေရ။ လွတ်လပ်သော တရားစီရင်ရေးစနစ်ကို မထိခိုက်စေရ။ ပြည်သူလူထုကို တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပြုရမည်။
● အပ်နှင်းမှုထားပေးရမည်
တည်ငြိမ်အေးချမ်းရေးနှင့် လူ့အခွင့်အရေးများ ပြည့်ဝစွာခံစားနိုင်ရန် ဥပဒေလွှမ်းမိုးရေး (Rule of Law) ၌ အရေးကြီးသည်။ ဥပဒေလွှမ်းမိုးရေး၏အခြေခံများ မည်သူမျှ ဥပဒေ၏အထက်၌ မရှိရေးဖြစ်သည်။ အစိုးရ အဖွဲ့အစည်းဖြစ်စေ၊ မည်သည့် အုပ်ချုပ်ရေးအာဏာပိုင်ဖြစ်စေ၊ ဥပဒေ၏အထက်၌မရှိရ။ အားလုံး ညီညွတ်စွာ တန်းတူရည်တူဥပဒေ၏ လွှမ်းမိုးမှုကို လက်ခံကျင့်သုံးရမည်။ ဥပဒေကို လေးစားလိုက်နာရမည်။ တစ်ဦး တစ် ယောက်သည် ဥပဒေ၏ အထက်၌ရှိနေလျှင် နိုင်ငံသားတစ်ဦးချင်းစီ၏ လွတ်လပ်မှုအတွက်အာမခံ ချက်ရှိ တော့မည်မဟုတ်။ ထို့ကြောင့် ဥပဒေလွှမ်းမိုးရေးကို အစိုးရနှင့် အုပ်ချုပ်ရေး အာဏာပိုင်များသည် အခြေခံဥပဒေ ပြဌာန်းချက်များကို လေးစားလိုက်နာရန် ဥပဒေ နှင့် အညီ ပြုမူလုပ်ဆောင်ရန် တာဝန်ရှိသည်။ နိုင်ငံသားများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းပါရှိသောမိမိတို့၏ အခွင့်အရေးကို ထိပါးခြင်းခံရလျှင် ပြည်ထောင်စုတရားရုံးသို့ တိုင်တန်းခွင့်ရှိသည်။ ယင်းအတွက် စီရင်ပိုင်ခွင့်အာဏာကို ပြည်ထောင်စု တရားရုံးတော်များသို့ အပ်နှင်းမှုထားပေးရမည်။
● တိုင်းပြည်အုပ်ချုပ် ရေးတာဝန်ရှိသူများ
ဥပဒေလွှမ်းမိုးရေး၏ အခြေခံအဖြစ် လွတ်လပ်၍ ရွေးကောက်ပွဲများရှိလာသည်။ တိုင်းပြည်တစ်ပြည်တွင် လွတ်လပ်၍ ရွေးကောက်ပွဲများမရှိလျှင် အာဏာရှင်များ အစဉ်တစ်စိုက်ကြီးစိုး၍ အာဏာရနေမည်။ ယင်းပုဂ္ဂိုလ်တို့ကြောင့် ပြဋ္ဌာန်းသော ဥပဒေများလည်း အာဏာလွှမ်းမိုးသော ဥပဒေဖြစ်မည်။ (ဥပမာ မြန်မာပြည်စစ်အုပ်ချုပ် ရေးကာလများကို ကြည့်ရှုနိုင်သည်။ လေ့လာနိုင်သည်။) တိုင်းပြည်အုပ်ချုပ်ရေးသည် စစ်တပ်မဟုတ်။ စစ်တပ်သည် တိုင်းပြည်ကာကွယ်ရေးသာ တာဝန်ရှိသည်။ ဥပဒေလွှမ်းမိုးမှုကို လက်ခံရမည်။ တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို လူထုကိုယ်စားလှယ်များသာ ဖြစ်ရမည်။ ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးကို ပြည်ထောင်စုတပ်မတော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသူ မည်သူ့ကိုမျှ ခန့်အပ်ခြင်းမရှိရ။ စစ်ဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခြင်းမရှိရ။ လူထုအုပ်ချုပ်ရေး လွှမ်းမိုးမှုသဘောတရားကို ကျင့်သုံးခြင်းဖြစ်သည်ကြောင့် လူထုကိုယ်စားလှယ်သည်သာ တိုင်းပြည်အုပ်ချုပ်ရေး တာဝန်ရှိသည်။
● ပါတီစုံစနစ်မှန်လျှင်
နိုင်ငံရေးစနစ်သည် ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်ဟု မှန်လျှင် နိုင်ငံရေးပါတီများကို လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်၊ နိုင်ငံရေးတွင် လွတ်လပ်စွာပါဝင်ဆောင်ရွက်ခွင့်ရှိစေရန် အာမခံ၍ ဥပဒေနှင့်အညီ ပြဋ္ဌာန်းမှုပြုပေးရမည်။
(၁) ရုပ်သိမ်းခွင့်မရှိသော အခြေခံအခွင့်အရေးများအဖြစ် လွတ်လပ်စွာတွေးခေါ်ခွင့်၊ ယုံကြည်ခွင့်ရှိစေရမည်။
(၂) အခြေခံလွတ်လပ်ခွင့်များအဖြစ် ထုတ်ဖော်ပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ သတင်းဖြန့်ချိခွင့်ရှိရမည်။
(၃)လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းတည်ထောင်ခွင့်နှင့် ပါဝင်ခွင့်ရှိရမည်။
(၄) နိုင်ငံရေးရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခွင့်၊ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်၊ ရွေးချယ်တင် မြှောက် ပိုင်ခွင့်ရှိရမည်ဟု ပြဋ္ဌာန်းပေးရမည်။
● နိဂုံး
လွတ်လပ်သော တိုင်းပြည်တစ်ပြည်၌ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ်
(က) နိုင်ငံရေး
(ခ) အုပ်ချုပ်ရေး
(ဂ) စီမံခန့်ခွဲရေး အာဏာတို့ကို လက်တွေ့ကျင့်သုံးနိုင်ရေးအတွက် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် (နိုင်ခွင့်) ရှိသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (သို့မဟုတ်) ပြည်ထောင်စုနိုင်ငံရေးစနစ်ဖြင့်တည်သော တိုင်းရင်းသားလူမျိုးများဆိုင်ရာ ယဉ်ကျေးမှုဥပဒေကို ရေးဆွဲအတည် ပြု ပြဋ္ဌာန်းပေးနိုင်ရန် မျှော်လင့်ပါသည်။
နိုင်ငံရေးညီမျှမှုသာ အရေးကြီးပါသတည်း။
တောမှီရဟန်း (အဲးခိုး)
(၁၅.၁၂.၂၀၁၅)
Featured Image: Lokal_Profil, CC BY-SA 2.5 https://creativecommons.org/licenses/by-sa/2.5, via Wikimedia Commons