။ ငယ်ငယ်က အကြောင်းကို ပြန်ပြောရင် မယုံနိုင်စရာပါပဲ။ တတ်နိုင်ဘူးလေ။ သိချင်တဲ့သူတွေကမေးတော့ မိမိအကြောင်းကို ပြောပြရတာပါပဲ။ မိမိအကြောင်းကို ပေးမသိရဲတဲ့သူတွေက အုပ်လို့ဖုံးလို့ပေါ့။ ကိုင်း… ကိုရင့်ဖိုးသူလေးအကြောင်းကို ပြောပြလိုက်ပါပြီ။
။ ကိုရင့်လေးမဖြစ်ခင် အတန်းကျောင်းမှာပညာသင်ယူခဲ့စဉ်က ”သူ” အဆုံးနာမယ်ရတဲ့ကျောင်းသားကျောင်းသူတွေအထဲက ကျော်သူ၊ နန်းအေးသူ၊ ဖိုးသူဆိုပြီးတော့ သူသုံးသူအမည်ရကြတဲ့သူ အထဲက ”ဖိုးသူ” ဆိုတဲ့နာမယ်ဟာ ငယ်ငယ်က နာမယ်ပါပဲ။ ဒီနာမယ်ကို အဘိုးက မှည့်ပေးတာပါ။ ကျောင်းနေနာမယ်က ”ကိုသူ” ပါ။
။ ကျောင်သားငယ်ဘဝက နာမယ်နဲ့လူနဲ့လိုက်ပါတယ်။ တစ်ကျောင်းလုံးနာမယ်ကြီးလို့ ကိုသူဆိုတဲ့နာမယ်ကို ဘယ်သူမှမခေါ်ကြဘဲ ဖိုးသူဆိုတဲ့နာမယ်ကိုပဲခေါ်ကြတယ်။ ကျောင်းနေတဲ့အချိန်က အသက်အလွန်ငယ်ပါသေးတယ်။ မိဘတွေက ကျောင်းပျော်အဖြစ်ထားရာကနေ ကျောင်းတက်မြဲတာကြောင့် ကျောင်းပညာရေးကို အလွန်စိတ်ဝင်စားတယ်။ အရွယ်နဲ့မလိုက်အောင် ကျောင်းပညာကို စိတ်ဝင်စားလွန်းလို့ အသက်အငယ်ဆုံးကျောင်းသားထဲက အတန်းပိုင်ဆရာကြီးတွေက အသားပေးအားပေးခဲ့ပေါ့။
။ ဟုတ်ပါတယ်။ အတန်းမှာပြဋ္ဌာန်းထားတဲ့စာတွေကို အလွတ်ရနေတာကြောင့် ဆရာကြီးတွေက မကြာခဏဆိုသလို ဆရာရှေ့ကို ခေါ်ပြီး အလွတ်စာ ဖတ်ပြစေတယ်။ သင်္ချာတွက်ချက်ရာမှာလည်း နှုတ်တွက်၊ စိတ်တွက် အမျိုးမျိုး ဆရာက စမ်းသပ်တယ်။ စာဆိုတဲ့နေရာမှာ အဖြတ်အတောက်မမေ့ အထောက်မလို ရွတ်ဆိုနိုင်လို့ ဆရာကြီးကိုယ်တိုင်က မုန့်ဖိုးပေးပါတယ်။ ဆယ်ပြားပေါ့ကွယ်။
။ မုန့်ဖိုးငွေဆယ်ပြားဆိုတာ ခုခေတ်ကလေးတွေ မမြင်ဖူးကြပါဘူး။ ရယ်စရာကြီးပေါ့။ ဒါပေမယ့် ဟိုခေတ်က ငွေဆယ်ပြားဟာ ဘိတ်မုန့် (ဘိန်းမုန့်) နှစ်ချပ် (နှစ်ခု) ရတယ်။ ကြံပိုင်းဆိုရင်နှစ်ပိုင်းပေါ့ကွယ်။ ကျောင်းသားကျောင်းသူတိုင်း နေ့တိုင်းမုန့်မဝယ်စားနိုင်ကြပါဘူး။ ဖိုးသူလေးတို့ကတော့ မိဘတွေက တတ်နိုင်တော့ နေ့တိုင်းမုန့်ဖိုး တစ်မတ် (နှစ်ဆယ့်ငါးပြား) ရနေကြပေါ့။ ဒါပေမယ့် ဝယ်စားဖို့မလိုတော့ စုဗူးထဲကို ပုံမှန်ထည့်နေပေါ့။ စုဗူးထဲက အကြွေစေ့လေးများလာရင် စုဗူးဖောက်ပြီး ကျောင်းအတွက်လိုရာသုံးပေါ့။ မိဘတွေဘာမှ ပေးစရာမလိုပါဘူး။
။ ခုခေတ်ကလေးတွေက ကား၊ ဆိုင်ကယ်ကျောင်းသွားကြလို့ပါပဲ။ စက်ဘီးနင်းပြီးကျောင်းတောင်မတက်ချင်ကြဘူးလေ။ ဒါက သူ့ခေတ်နဲ့သူပေါ့။ ခေတ်အသုံးအဆောင်မြင့်မားလာတော့ ကုန်ကျမှုတွေများနေပေါ့။ မတတ်နိုင်တဲ့မိဘတွေက စိတ်ဆင်းရဲပေါ့။ မသိတတ်တဲ့ သားသမီးတွေကြောင့် တစ်ချို့မိဘတွေဟာ စိတ်ဝေဒနာတွေရကြပြီး မိမိကိုယ်ကို စီရင်သွားကြတဲ့အဖြစ်တွေ အများကြီးမြင်ကြရပေါ့။
။ ခုခေတ်ဆရာနဲ့အရင်ခေတ်ဆရာတွေ မတူကြပါ။ ဒီခေတ်ဆရာတွေက ခေတ်မီပညာတတ်ကြလို့ အသုံးအဆောင်ပစ္စည်းတွေက အားလုံးခေတ်ပညာတတ်ပစ္စည်းတွေပါပဲ။တပည့်တွေကိုလည်း ပညာတော်အောင်သင်ပြနိုင်ကြသလို ထူးချွန်ထက်မြက်အောင်လည်း အတတ်သင်ပေးနိုင်ပါတယ်။ ပညာကိုစိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေဆိုရင်တော့ အထူးပြောစရာမလိုတော့အောင်ပါပဲ။
။ ဒါကြောင့် ယခင်နဲ့ယခု ပညာရေးဟာ အလွန်ကွာခြားနေတာကြောင့် ယခုခေတ်ပညာရေးကို ပိုမိုတတ်မြောက်ကြဖို့ လိုပါတယ်။ ဖိုးသူလေးတို့ခေတ်တုန်းကလိုတော့ ပြန်မတွေးပါနှင့်ဦးပါပဲ။ ခေတ်အတတ်ပညာရပ်ကို သင်ယူလေ့လာဆည်းပူးအားထုတ်ကြတဲ့ ကျောင်းသားကျောင်းသူလေးတွေဟာ မိမိရည်ရွယ်ချက်ထားတဲ့ပညာရပ်ကို ရအောင်အားထုတ်ရယူဖို့ တိုက်တွန်းပါတယ်။
။ ဖိုးသူလေးတို့လို ခေတ်အတတ်ပညာ၊ ခေတ်ကာလပညာ၊ ခေတ်အမြူးပညာရပ်တွေကို ငယ်ငယ်က ပြီးပြည့်စုံအောင်မသင်ကြားခဲ့ရလို့ ဒီခေတ်ပညာရပ်တွေကို မနည်းပဲလိုက်ရပါတယ်။ မလိုက်နိုင်သည့်အဆုံး အိုကုန်းကွနေပြီလို့ စိတ်ပျက်ပေါ့ကွယ်။ စိတ်ဓာတ်တော့ မကျပါဘူး။
။ ကိုင်း… ပညာလိုချင် ခေတ်အမြင်ကို သင်သည်မည်သို့ရအောင်သင်ယူကြရမည်လဲ ဆိုတာကို ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းအားထုတ်သင်ယူကြဖို့ စေတနာစေတသိက်နဲ့တိုက်တွန်းပါတယ်။ ပညာအားလုံးတတ်ကြပါစေ။
။ တောင်ကလေးဆရာတော် (၁၄/၁၂/၂၀၁၅) ရက်နေ့။
Featured Photo: Free photo Burma Child Asia Schoolboy School Monk Myanmar – Max Pixel