Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ အတတ်ပညာ သိစေရာ ။

။ အတတ်ပညာ သိစေရာ ။
~~~~~~~~~~~~~~~~~~~

။ ပညာရှိက ပြောတယ်…

. တိုင်းပြည်အတွက်
အရေးကြီးတဲ့ကိစ္စ။
. သေခြင်းနဲ့ရှင်ခြင်းတို့ရဲ့
ရပ်ဝန်း။
. ရှင်သန်ကျန်ရစ်ခြင်းရဲ့
လမ်းတစ်လမ်း။
. စေ့စပ်သေချာစွာ တွေးခေါ်ရမယ့်
အကြောင်းတစ်ရပ်။

။ နှိုင်းယှဉ်သုံးသပ်ဖို့နဲ့
အခြေအနေကို စိစစ်အကဲဖြတ်ဖို့
သေသေချာချာ တွေးဆကြည့်ရမယ့်
အခြေခံအချက် ငါးခု ရှိတယ်။

၁) လမ်းစဉ်၊
၂) ပတ်ဝန်းကျင်၊
၃) နေရာ၊
၄) အမိန့်အာဏာ၊
၅) စည်းကမ်းနည်းလမ်း။

။ ၁) လမ်းစဉ်က
လူသားကို
အုပ်ချုပ်သူနဲ့
တစ်စိတ်တစ်သဘော
ဖြစ်စေတယ်။
နေအတူ သေအတူ ဖြစ်စေတယ်။
ဘယ်သော်မှ
ရှောင်ပြေးပုန်းတာမျိုး မဖြစ်ဘူး။

။ ၂) ပတ်ဝန်းကျင်က
သူ့အချင်းအရာနဲ့သူ
အအေးနဲ့အပူ
ရာသီစက်ဝန်း လှည့်ပတ်နေမှုပါပဲ။

။ ၃) နေရာက
နိမ့်မြင့်နဲ့အကျယ်အဝန်း
အနီးနဲ့အဝေး
စိုးရိမ်မှုနဲ့မစိုးရိမ်မှု
ဟင်းလင်းပြင်နဲ့ ကန့်သတ်မှုမြေသား
အသက်ရှင်ခြင်းနဲ့သေခြင်းတို့ပါပဲ။

။ ၄) အမိန့်အာဏာဆိုတာက
ဉာဏ်ပညာ
သစ္စာ
ကရုဏာ
ရဲစွမ်းသတ္တိ
တိကျပြတ်သားခြင်းပါပဲ။

။ ၅) စည်းကမ်းနည်းလမ်းဆိုတာက
စည်းလုံးရေး
ဆင့်ကဲတာဝန်ယူရေး
ဝတ္တရားခံယူတတ်မှုနဲ့
အသုံးအဆောင်များ
ထိန်းသိမ်းရေးတွေပါပဲ။

။ ဒီအချက်ငါးရပ်ကို
သိတယ်
သိမယ်
နားလည်မယ်
သိကြမယ်ဆိုရင်
ဆုတ်ယုတ်နစ်နာခြင်း မရှိပါ။

( ငယ်ငယ်က ကူးယူခဲ့ဖူးတဲ့မှတ်စု။)

တောင်ကလေးဆရာတော်
(၃.၃.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ကိုယ်တွေ့ဇရာ ။

။ ကိုယ်တွေ့ဇရာ ။
~~~~~~~~~~~~~

နိဒါန်း
။ ဇရာဆိုသော ဝေါဟာရကို ပိဋကတ်စာပေမှာ တွေ့ရှိမှုအကြိမ်ပေါင်း(၈၆၆)ရှိကြောင်း သိရှိရပါသည်။ အဘိဓာန်စကားအရ ဇရာကို ဆွေးမြေ့အိုမင်းရင့်ရော်ခြင်း၊အိုခြင်း၊အိုမင်းခြင်း၊ယွင်းယိုခြင်းဟု ဖွင့်ဆိုပါသည်။ သတ္တဝါတိုင်း၏တောင့်တသောဆန္ဒအမှန်က “ငါတို့သည် ဇရာသဘောမရှိကြကုန်မူ ကောင်းလေစွ၊ဇရာသည် ငါတို့ထံမရောက်လာမူ ( မလာမူကား) ကောင်းလေစွ”ဟု ဇရာကိုတင်ပြခဲ့သောကျမ်းစာတို့က ပြခဲ့သည်။

ပြထားပါသည်
။ ဇရာသုတ္တနိဒ္ဒေသမှာ ” ဤအသက်သည် နည်းပါး၏၊တိုတောင်း၏၊အနှစ်တစ်ရာအတွင်း၌လည်း သေတတ်၏။အကယ်၍အနှစ်တစ်ရာအတွင်းကိုလွန်၍ အသက်ရှည်စေသော်( စေကာမူ)ထိုသို့အသက်တစ်ရာလွန်၍ အသက်ရှည်ငြားသော်လည်း ထိုသူသည် အိုသဖြင့်လည်း သေရ၏” ဟုပြထားပါသည်။

ခံစားတွေ့မြင်
။ ဤအရှင်ကိုယ်သည် အသက်(၆၀) ပြည့်နှစ်ရောက်သောအခါ ထင်ရှားသောခန္ဓာငါးပါးပြောင်းလဲမှုများကို သိရသည်။ ခန္ဓာငါးပါးသည် သဘာဝကျကျပြောင်းလဲနေသည်ကို အထင်အရှားခံစားရသည်။ မည်သို့မည်ပုံခံစားသိမြင်ရသည်ဆိုသည်မှာ ခန္ဓာငါးပါး၏ ဇရာပိုငျးပွောငျးလဲပုဲသညျ သိသာထင်ရှားစွာ ခံစားတွေ့မြင်ရသည်။

သိရသည်
။ ရင့်ရော်မှုဇရာနှင့်ပတ်သက်၍ စာပေကျမ်းဂန်ထဲကပြထားသည့်အတိုင်း ” သွား,ခြေသည်းလက်သည်းတို၏ကျိုးသည့်အဖြစ်၊ဆံပင်,မွေးညင်းတို့သည်ဖြူသည့်အဖြစ်၊အရေတွန့်သည့်အဖြစ်၊အသက်အရွယ်ဆုတ်ယုတ်လာခြင်းအဖြစ်” အထင်အရှားသိလာသည့်အပြင် မိမိရုပ်ခန္ဓာသည် ရင့်ရော်မှုများ အမျိုးမျိုးပြသည်။ ခံစားရသည်။ သိရသည်။

ပွင့်လင်းစွာ
။ ယင်းအဖြစ်မျိုးကို ခံစားသိမြင်ကြသူများ ရှိ,မရှိ၊တူ,မတူ အသက်အရွယ်ဖြစ်လာကြသူများကို မေးကြည့်သောအခါ အသက်ရရှိသူတိုင်းက ဇရာအကြောင်းကို ကိုယ်တွေ့သိမြင်ခံစားရသည့်အကြောင်းကို ပွင့်လင်းစွာ ရှင်းပြကြပါသည်။

ဝေဖန်ထားသည်
။ အနောက်နိုင်ငံသားအချို့လည်း ဇရာကို တင်ပြခဲကြသည်။ အရာဝတ္ထုမှန်သမျှ မကောင်းသဖြင့်ပြောင်းလဲကြောင်း၊သုခချမ်းသာအတွက်လည်း မကောင်းသဖြင့်ပြောင်းလဲကြောင်း၊ပေါက်ဖွားလာမှုမှန်သမျှအိုမင်းရင့်ရော်မှု၊သေဆုံးမှုတို့၏အကြောင်းဖြစ်ကြောင်း၊ဒုက္ခဖြင့်ချီတက်လေသမျှ အဘယ်မည်သောချမ်းသာမှုများ ရှိနိုင်အံ့ ‘ စသည်ဖြင့်ဝေဖန်ထားသည်ကိုတွေ့ရပါသည်။

အထင်အရှားသိမြင်
။ မှန်ပါသည် ၊ သတ္တဝါမှန်သမျှ ရုပ်ခန္ဓကိုယ်သည် အနာရောဂါဖြစ်လာရေးအတွက်သာ ရှိနေ၏။ ခန္ဓာကြီးသည် အနာရောဂါပေါက်ဖွားလာရာ မြေလွှာများနှင့်တူ၏။ ခန္ဓာငါးပါးသည် ဆင်းရဲခြင်းအစုအပုံဖြစ်သည်မှတစ်ပါး အခြားအဘယ်မှမဟုတ်ပါပြီ, ဆိုသည်ကို မိမိကိုယ်မိမိ အထင်အရှားသိမြင်ခဲ့ရသည်။

သံဝေဂဉာဏ်
။ နှစ်သက်ဖွယ်အာရုံနှင့်ပတ်သက်လျှင်လည်း ပွင့်လာသောပန်းများပမာသာဖြစ်၏။သည်အကြောင်းအရာကို ကိုယ်ပိုင်တွေ့မြင်ခံစားသိလာရသောအခါ ထိပါးပုတ်ခတ်မှုများ၊နာကျင်စွာခံစားရမှုများနှင့် မိမိ၏အသက်တည်ရှိရာကာလအပိုင်းအခြားကို ရှင်ပြီး၊ရှင်နေဆဲ၊ရှင်လတ္တံ့ခန္ဓာအကြောင်းကို သိုမှီးသိမ်းဆည်းထားရခြင်း မဖြစ်နိုင်မှုကို သိမြင်လာ၍ ခန္ဓာငါးပါးဆင်းရဲခြင်းကို သံဝေဂဉာဏ်မြဲစွာယူထားခဲ့ပါသည်။

မတောင့်တ
။ ရင့်ရော်မှုဇရာ၏သဘာဝကျကျဖောက်ပြန်ပြောင်းလဲပုံကို မျက်စိဖြင့်မမြင်ရသော်လည်း ကိုယ်ပိုင်ဆင်ခြင်သောဉာဏ်
ဖြင့် သိနိုင်ကြ၏။ ရေလေတို့ကြောင့်ပျက်စီးသောသစ်ရွက်တို့သည် ပျက်စီးရာလမ်းကြောင်း ထင်ရှားစွာမြင်ရသကဲ့သို့ ခန္ဓာကိုယ် ဣန္ဒြေကြီးရင့်ရော်လာမှုသည် သိသာစွာသိမြင်လာခဲ့ရသည်။ ထင်ရှားစွာရင့်ရော်မှု၊ကွယ်ဝှက်စွာရင့်ရော်မှု သိမြင်လာခဲ့ရသောကြောင့် မိမိသည် ခန္ဓာအဖန်ဖန်ရရှိနေခြင်းကို မတောင့်တမိပြီ။

ရေးသားခဲ့
။ အရှင်သည် ယခုအသက်(၆၅) နှစ်ရောက်လာသောအခါ အရှင်ခန္ဓာသည် အဝိ
စိဇရာ( အကြားမရှိသောဇရာ) နှင့် သဝိစိဇရာ( အကြားရှိသောဇရာ) တို့၏သဘောကို အထင်အရှားပိုမြင်လာခဲ့ရ၏။ ယခုစာရိုက်နေသောအချိန်သည် မိမိ၏ရုပ်ဇရာဖြစ်တည်မျိးကို သိသာထင်ရှားစွာ ဝေဒနာခံစားနေရ၏။ ဖြစ်တတ်သောဇရာကို ကိုယ်တိုင်ခံစားသိမြင်လာခဲ့သည်ကြောင့် ငြိမ်သက်သွာဆင်ခြင်ပွားများလျက် စာလုံးဖြစ်လာအောင် ရေးခဲ့လေ၏။

သတိပြန်ထား
။ ဇရာ၏လက္ခဏာသည်
၁) ခန္ဓာငါးပါး၏ ရင့်ကျက်ခြင်းလက္ခဏာ၊
၂) သေ့ခြင်းသို့ ရှေးရှုခြင်းလက္ခဏာ၊
၃) အရွယ်ကိုဖျက်ဆီးခြင်း အခြင်းအရာသာရှိသည်ကြောင့် သိမြင်ထားပါသည်။ မနေ့က အသက်(၁၈) နှစ်သားအရွယ်ကဓာတ်ပုံကိုပြန်တွေ့မိ၍ မိမိပုံသည် ချစ်မြတ်နိုးဖွယ်ရာပါတည်းဟု နှလုံးသွင်းမိပြီး ‘ အော် ပုံပြောင်းနေပါပြီပေါ့လား’ ဟူ၍ သတိပြန်ထားမိနေသည်။

ဇရာဒုက္ခ
။ ဇရာသည် ဒုက္ခ၏အကြောင်းရင်းဖြစ်သောတရား၊ကိုယ်,စိတ်ဆင်းရဲခြင်း၏ အကြောင်းရင်းတရားဖြစ်သည်။ မိမိသည် လှည်းအိုကြီးပမာကဲ့သို့ အင်အားနည်းလာသည်။ မတ်တတ်ရပ်ဖို့ ၊ လမ်းလျှောက်ဖို့အတွက် ကြီးစွာသောဒုက္ခဖြစ်လာသည်။ တပည့်ဒါယကာ သို့မဟုတ် သားသမီးများက မိမိ၏စကားကိုမမှတ်မသား အရေးမထားလာပြန်သော် စိတ်ဆင်းရဲခြင်း စေတသိကဒုက္ခဖြစ်လာရ၏။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းသည် ” ဇရာဒုက္ခ” ဟူ၍သိထားရမည်ဖြစ်၏။

ဇရာဟူသမျှ
။ အရှင်သည် ကိုယ်လက်အင်္ဂါများ သိသိသာသာလျော့ကျလာနေသည်မှာ ပိုထင်ရှားသည်။ ဣန္ဒြေအမျိုးမျိုးဖောက်ပြန်လာနေသည်ကြောင့် အရွယ်၊သတိ ချို့ယွင်းပျက်ပြားလာနေကြောင်းကို သိလာရသည်။ မေ့တတ်လာကြောင်းကို သိလာသည်။ နောက်ဆုံး၌ ဇရာဟူသမျှ ” ဒုက္ခ” ဖြစ်နေတော့၏။

။ နိဂုံး
ငါ ဟူသော (မာန)
ငါ၏ဥစ္စာဟူသော (တဏှာ)
ငါ၏အတ္တ(ဒိဋ္ဌိ) ဟူသော အတွေးစိတ်ဟူသမျှမှာ ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဏ်တို့ကို စွဲလမ်းမှီတွယ်ပြီးဖြစ်ပေါ်လာသည့် အတွေးတို့သည်သာ ဖြစ်သည်။ စင်စစ် ဇရာကို ယိုးမယ်ဖွဲ့၍ မရပါကြောင်း သိထားနေပါပြီ။

တောင်ကလေးဆရာတော်
(၂.၃.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပြီးသော အရိယာသောတာပန်ပုဂ္ဂိုလ်ဟူသည် ။

။ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပြီးသော အရိယာသောတာပန်ပုဂ္ဂိုလ်ဟူသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နိဒါန်း

။ လူတိုင်းသောတာပန်ဖြစ်နိုင်သည်။ သောတာပန်မဖြစ်နိုင်ကြဟူ၍ မည်သူမှတားဆီးခွင့်မရှိ။(မရ) သောတာပန်ဖြစ်ရန်ကို ကြိုးစားကြသည်။ သောတာပန်ဖြစ်လျှင် အပါယ်လေးဘုံတို့မှလည်း လွတ်မြောက်ရပြီ။

သိမြင်သူ

။ သောတာပန်ပုဂ္ဂိုလ်သည်
၁) မှားယွင်းစွာ ယူဆမှုအမြင်၊
( သက္ကာယဒိဋ္ဌိ)
၂) ယုံမှားသံသယဖြစ်မှု၊
( ဝိစိကိစ်ဆာ)
၃) မှားယွင်းစွာ သုံးသပ်ယူဆမှု၊
(သီလဗ္ဗတပရာမာသ) ဤတရားသုံးပါးကို သိမြင်ထားသူဖြစ်သည်။( နားလည်သည်။)

အပါယ်လွတ်သူ

။ အပါယ်လေးပါးလွတ်မြောက်ကြသူတို့သည်
၁) ဘုရား၊ရုပ်ပွားတော်၊စေတီတော်တို့ကို ရိုသေလေးစားသည်။
၂) တရားတော်ကို ရိုသေလေးမြတ်သည်။
၃) သံဃာတော်ကို ရိုသေလေးမြတ်သည်။
၄) ကိုယ်ကျင့်တရားကို ရိုသေလေးမြတ်သည်။
၅) မကျူးလွန်ထိုက်သော အရာမျိုးကို မကျူးလွန်။
၆) ရှစ်ကြိမ်မြောက်ဘဝမှာ ပဋိသန္ဓေမယူ, ဟု ( အဘိဌာန = ကြမ်းတမ်းရုန့်ရင်းသော အမှုအပြစ် ၆ ပါး) သိရသည်။

တစ်နည်း

။ တစ်နည်းအားဖြင့်လည်း
၁) မိခင်သတ်မှု မကျူးလွန်၊
၂) ဖခင်သတ်မှု မကျူးလွန်၊
၃) ရဟန္တာသတ်မှု မကျူးလွန်၊
၄) ဘုရားကို သွေးစိမ်းတည်အောင် မကျူးလွန်၊
၅) သံဃာသင်းကွဲအောင် မကျူးလွန်၊
၆) ဘုရားမှတစ်ပါး အခြားတစ်ပါးသောကိုးကွယ်မှု မဖြစ်နိုင်, ဟူ၍လည်း တွေ့ရသည်။

မိမိအပြစ်ကိုမဖုံးကွယ်သူ

။ ဤမျှမက သောတာပန်ပုဂ္ဂိုလ်သည် ကိုယ်နှုတ်စိတ်တို့ဖြင့် မကောင်းသောအပြစ်တို့ကိုမပြု။ကျူးလွန်မိလျှင်လည်း မိမိပြုသောမကောင်းမှုကို ကွယ်ကာဖုံးဝှက်ထားသူမဖြစ်နိုင်။မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပြီးသော အရိယာသောတာပန်သည် မိမိပြုသောအပြစ်တို့ကို မဖုံးကွယ်ထိုက်သူဖြစ်ကြောင်း မြတ်ဗုဒ္ဓမိန့်ခဲ့သည်မှာ အထင်အရှားရှိခဲ့သည်။

မဟာစည်ဆရာတော်အမြင်

။ ထို့ကြောင့် သောတာပန်သည်
( အဲဒီလို … ရုပ်နာမ်သင်္ခါရချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို အရိယမဂ်ဉာဏ်ဖြင့်တွေ့မြင်သွားတယ်။ အောက်ထစ်ဆုံး သောတာပတ္တိမဂ်ဉာဏ်ဖြင့် တွေ့မြင်သွားရင် အပါယ်လေးပါးကျစေနိုင်လောက်အောင် ပြင်းထန်တဲ့ကိလေသာကာမတွေ လုံးဝငြိမ်းသွားတယ်။ အဲဒါကို ဘယ်လိုလုပ်ပြီး သိရမလဲဆိုရင် ဘယ်ကိလေသာကိုမှမပယ်ရသေးတဲ့ ပုထုဇဉ်တွေမှာ အလိုရှိတဲ့ကာမဂုဏ်တွေကို ရအောင်သတ်နိုင်တယ်၊ခိုးနိုင်တယ်၊လိမ်နိုင်တယ်၊သောတာပန်မှာတော့ အဲဒီလိုကာမဂုဏ်ရအောင် မသတ်နိုင်တော့ဘူး။ မခိုးနိုင်၊မလိမ်နိုင်တော့ဘူး၊ အဲဒါဟာ သူ့သဘောရင်းအတိုင်းပင် ပြင်းထန်တဲ့ ကိလေသာတွေ ငြိမ်းနေလို့ပါပဲ။
( ကာမသုတ္တန်တရားတော်၊ မဟာစည်ဆရာတော်)

အထင်အရှားသိမြင်

။ ထို့ကြောင့် သောတာပန်မှန်လျှင်
၁) အသက်သတ်ခိုင်းလျှင် မသတ်တော့ပါ။
၂) ခိုးခိုင်းလျှင်လည်း မခိုးတော့ပါ။
၃) ခိုးမိရင်လည်း ခိုးပါကြောင်း လိမ်မပြောတော့ပါကြောင်း သာဓကရှိပါသည်။ ကာမကိလေသာငြိမ်းသူတို့၏ဖြစ်စဉ်အကြောင်းကို သိမြင်လိုလျှင် ဝိပဿနာဉာဏ်ပညာဖြင့် ကိလေသာတွေမည်သို့ပယ်သတ်နိုင်ကြမည်ကို သတိပဋ္ဌာန်တရားလေးပါးကို ပွားများကြလျှင် အထင်အရှားသိမြင်နိုင်သည်သာဖြစ်သည်။

သိနိုင်ကြမည်

။ ထိုကြောင့် ယနေ့ယခုကာလတွင် သောတာပန်ဖြစ်ခြင်းနှင့်ပတ်သက်၍ ယူဆချက်အမျိုးမျိုးဆိုကြပြောနေကြ၍ သောတာပန်သည် မည်သို့သောပုဂ္ဂိုလ်များဖြစ်ကြောင်း သိနိုင်ကြမည်ဖြစ်သည်။

ချီးမွမ်းအပ်သူ

။ နိဂုံးချုပ်ရသော် သောတာပန်ပုဂ္ဂိုလ်သည် မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပြီးသော အရိယာသောတာပန်သည်သာ ချီးမွမ်းအပ်သူဟူ၍ ဆိုရမည်ဖြစ်လေသတည်း။

တောင်ကလေးဆရာတော်
(၁.၃.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ဥပါယာသ ။

။ ဥပါယာသ ။
~~~~~~~~~
( ဥပ+အာယသ+ဥ)
သည်စကားရဲ့အဓိပ္ပာယ်ကို

. ပြင်းစွာဖြစ်သောဒေါသ၊
. လွန်စွာပူပန်ခြင်း၊
. အတိုင်းထက်အလွန် စိတ်ပင်ပန်းခြင်း
ဆိုပြီးတော့ အဘိဓာန်ဆရာတွေက
ဖွင့်ဆိုထားပါတယ်။

။ မိမိပိုင်ဆိုင်ထားကြတဲ့
စည်းစိမ်ဥစ္စာတွေထဲက
အကြောင်းမဲ့တစ်ခုခုနဲ့
ပျက်စီးယိုယွင်းသွားတဲ့အခါ
ပြင်းပြင်းထန်ထန်
ခံစားနေရတဲ့ဒေါသစိတ်ဟာ
” ဥပါယာသ” လို့ခေါ်ပါတယ်။

။ သာမန်ဒေါသစိတ်ဟာ
ကြမ်းတမ်းနေတာ
သတ်ချင်ဖြတ်ချင်တာတွေပဲ
ဖြစ်နေတာပါ
ဥပါယာသစိတ်နဲ့မတူပါ။

။ ဥပါယာသစိတ်က
စိတ်ပူပန်တယ်
တစ်ကိုယ်လုံးထူပူပြီး
မေ့မေ့မြောမြောနဲ့
အပူလုံးဆို့တက်ပြီး
မေ့မြောတတ်တယ်။

။ ငိုချင်ပေမယ့်
ငိုမထွက်ဘဲ
အပူလုံးဆို့တက်သလိုပေါ့။

။ ဒါကြောင့် ဥပါယာသစိတ်ဟာ
သောကစိတ်
ပရိဒေဝစိတ်တွေထက်
အပူပြင်းတယ်။

။ ဥပါယာသဟာ
စိတ်အားငယ်တတ်တဲ့သူတွေ
သူတစ်ပါးကို
အားကိုးယုံကြည်နေတတ်ကြတဲ့သူတွေ
များသောအားဖြင့်
အမျိုးသမီးတွေက
ဖြစ်တတ်ကြတာများပါတယ်။
( မဟာဂန္ဓာရုံဆရာတော်)

။ ဒါကြောင့် မနေ့ကရောက်လာတဲ့
ဒါယိကာမတစ်ဦးရဲ့
ဥပါယာသစိတ်ဖြစ်ပုံလေးတွေကို
မြင်တွေ့ရလို့
ဥပါယာသစိတ်ဟာ
သောက,ပရိဒေဝထက်
ပိုပိုပြီးပြင်းထန်နေတယ်ပါလားဆိုတာကို
သတိထားမိပါလေရဲ့။

။ ကိုင်း တို့တပည့်တွေ
၁) စိတ်အားမငယ်
၂) မိမိကိုယ်သာအားထားပြီး
ပျော်ပျော်ရွှင်ရွှင်နဲ့
သတိတရားနဲ့နေနိုင်ပါစေလို့
သတိပေးပါတယ်။

တောင်ကလေးဆရာတော်
(၂၇.၂.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သံသရာကြွေး ။

။ သံသရာကြွေး ။
~~~~~~~~~~~~
။ သံသရာကြွေးဆိုတာဟာ
သံသရာထဲမှာရှိနေကြတဲ့
သက်ရှိတို့ရဲ့အကြွေးကို
ဆိုလိုပါတယ်။

။ ဒီအကြွေးကို
ဘယ်လိုများ
ပေါ်ပေါက်လာခဲ့ရသလဲဆိုရင်
ကာမဂုဏ်ကျူးလွန်မှုနဲ့
မကောင်းသောကံအစွဲတွေကြောင့်
ဖြစ်လာတာပါ။

။ သည်ကံအကြွေးများကြောင့်
သက်ရှိတွေဟာ
ပြန်ဆပ်ခြင်းကို
မလွဲမသွေ ကြုံရပါမယ်။

။ တရားသဘောအရ
သံသရာကြွေးကို
၁) ကာမအကြွေး
လူသားအနေနဲ့
လိုချင်မှုတို့ကြောင့်
မကောင်းသောကံတွေ
ပြုမိကြလေ့ရှိတယ်။

။ ဥပမာ = တစ်ဦးတစ်ယောက်ကို
ဖျက်ဆီးမိတာ
သူ့ဥစ္စာကိုခိုးယူမိတာ
သူ့အပေါ်ကိုသစ္စာဖောက်တာ
စတာတွေဟာ
သံသရာအကြွေးတွေ
ဖြစ်လာတာပါ။

၂) စိတ်ပိုင်းဆိုင်ရာ
အကြွေးနဲ့ကတော့
မနာလိုမှု
သဘောမတူမှု
အမြင်မှားမှုတွေကြောင့်
သံသရာအတွင်း
ပြန်ဆုံပြန်တွေ့ကြတယ်။

။ ဥပမာ ရန်ငြိုးထားကြတဲ့သူနှစ်ဦးဟာ
မတူကြတဲ့ဘဝတွေမှာ
ချစ်ကြတဲ့သူတွေ
ပြန်ဖြစ်လာနိုင်ကြပါတယ်။

၃) သံသရာကြွေး
ပြန်ဆပ်တာနဲ့ပတ်သက်ရင်

. သူ့အား
ကျေးဇူးတင်မှုဖြင့်
ပြန်ဆပ်ရမယ်။
. မျှတမှုဖြင့်
အကြွေးကို ပြန်ဆပ်ရမယ်။
. ပင်ပန်းဝမ်းနည်းမှုဖြင့်
သူ့အားပြန်ဆပ်ရမယ်။
. မည်သည့်နည်းဖြင့်မဆို
သူ့ရဲ့အကြွေးကိုပြန်ဆပ်နိုင်တဲ့သူဟာ
သံသရာအကြွေး
နည်းပါးကြပြီး
ဘဝခရီးလမ်း
ဖြောင့်တန်းအေးချမ်းသွားမှာပါ။

။ သည်းခံခြင်းနဲ့
ခွင့်လွှတ်ခြင်းနဲ့
နားလည်မှုနဲ့
အတူတူဆုံကြရတဲ့
သည်လောကအလယ်မှာ
သူ့ကြွေးသူဆပ်
ကိုယ့်ကြွေးကိုယ်ဆပ်ရင်းနဲ့ပဲ
ခွဲခွာကြခြင်းပါပဲလေ။

။ အဲဒီတော့
သံသရာရှည်
သံသရာလည်
သံသရာမှာ
သူသူငါငါ
အကြွေးပေးဆပ်ကြခြင်းနဲ့
စိတ်အေးချမ်းခြင်းနဲ့
ရှိသောအကြွေးတွေ
ရှင်းလင်းနိုင်ကြပါစေလို့ပါပဲ
တပည့်တို့ရေ။

။ ရေးခဲ့တဲ့စာထဲမှာ
( မယ်နုအုတ်ကျောင်းစာအုပ်မှာ)
” သူ့ကြွေးရှိရင်ဆပ်ရမည်” တဲ့?
တပည့်တို့ရေ။

။ ဒါကြောင့်
ငြောင့်တံသင်းနဲ့တူပါသော
ဘဝအကြွေး
ကံအကြွေး
ဝဋ်အကြွေးတွေကို
ဆင်ခြင်နားလည်နိုင်ကြပါစေလေ။

တောင်ကလေးဆရာတော်
(၁၇.၂.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ တပို့တွဲလပြည့်နေ့ ။

။ တပို့တွဲလပြည့်နေ့ ။
~~~~~~~~~~~~~~~

နိဒါန်း

။ မနေ့က တပို့တွဲလပြည့်နေ့ဖြစ်ပါတယ်။ လပြည့်နေ့မှာ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့နေရာတိုင်းမှာ ကောင်းမှုကုသိုလ်တွေပြုကြပါတယ်။ အရှင်တို့အရှေ့ပိုးကရင်တိုင်းရင်းသား၊ဗုဒ္ဓဘာသာဝင်တွေအများစုက (စူဠာမဏိစေတီတော်) ကိုရည်မှတ်(ရည်မှန်း) ပြီး မိမိတို့မိဘဘိုးဘွားကြည်ညိုပူဇော်လာခဲ့ကြတဲ့( မီးပုံပူဇော်ပွဲ) မီးပူဇော်ပွဲကျင်းပါပြုလုပ်ကြပါတယ်။

ဗုဒ္ဓဘာသာရေးအရ

။ ဗုဒ္ဓဘာသာရေးအရ တပို့တွဲလပြည့်နေ့ဟာ
၁) ရှင်သာရိပုတ္တရာရဟန္တာဖြစ်တဲ့နေ့၊
၂) ရှင်သာရိပုတ္တရာနဲ့ရှင်မဟာမောဂ္ဂလန်
ဧတဒဂ်ဘွဲ့ထူးရတဲ့နေ့၊
၃) အင်္ဂါလေးရပ်နဲ့ပြည့်စုံတဲ့ရဟန်းပရိတ်သတ်များ အလိုအလျောက်စုမိကြတဲ့နေ့ဖြစ်ခြင်းနဲ့
၄) ဘုရားရှင်တိုင်းရဲ့ ” သြဝါဒပါတိမောက္ခ”
ပြတော်မူတဲ့နေ့ဖြစ်ခြင်း ဖြစ်တဲ့နေ့ပါပဲ။

ဩဝါဒပါတိမောက္ခ

။ ” သြဝါဒပါတိမောက္ခ” ဆိုတာ အပါယ်ဆင်းရဲဘေးမှကင်းဝေးစေသောအဆုံးအမ( ဩဝါဒ) ပါ။

ပထမဂါထာ( ပါဠိဘာသာ)

၁) ခန္တီပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန်ဒိဗုဒ်ဓါ။
နဟိ ဗဗ္ဗဇိတော ပရူပဃာတီ၊
န သမဏော ဟောတိ ပရံ ဝိဝေဌယန္တော။

( မြန်မာဘာသာ)

လွန်စွာချုပ်တည်းမှုဟူသော
သည်းခံခြင်းသည်၊အလွန်မြတ်သော
အကျင့်ပေတည်း။
နိဗ္ဗာန်တရားကိုအမြတ်ဆုံးဟူ၍
ဘုရားရှင်တို့ဟောတော်မူကုန်၏။
သူတပါးကိုသတ်သောသူသည်
စိတ်အညစ်အကြေးကိုနှင်ထုတ်သူမဟုတ်။
သူတပါးကိုညှဉ်းဆဲသောသူသည်
မကောင်းမှုကိုငြိမ်းစေသူမဟုတ်။

ဒုတိယဂါထာ( ပါဠိဘာသာ)
၂) သဗဗှပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ်ဓါန သာသနံ ။

(မြန်မာဘာသာ)

မကောင်းမှုဟူသမျှ မလုပ်ရာ။
ကောင်းမှုဟူသမျှကိုပြည့်စုံစေရာ၏။
မိမိစိတ်ကိုသန့်ရှင်းဖြူစင်စေရာ၏။
ဤသည်ကားဘုရားရှင်တို့၏အဆုံးအမတော်ပေတည်း။

တတိယဂါထာ( ပါဠိဘာသာ)

၃) အနူပဝါဒေါ အနူပဃာတော၊
ပါတိမောက္ခစ သံဝရော။
မတ်တညုတာစ ဘတ်တသ်မိံ၊
ပန္တဉ္စ သယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ၊
ဧတံ ဗုဒ်ဓါန သာသနံ။

( မြန်မာဘာသာ)

သူတပါးကို မစွပ်စွဲမပြစ်မှားရာ။
သူတပါးကို မညှင်းစဲ မနှိပ်စက်ရာ။
မြတ်သောသီလ၌စောင့်စည်းလုံခြုံရာ၏။
စားသုံးဖွယ်၌ပမာဏကိုသိရာ၏။
အစွန်အဖျားကျောင်းအိပ်ရာ၌နေရာ၏။
ထူးမြတ်သောစိတ်၌လွန်စွာအားထုတ်ရာ၏။
ဤသည်ကားဘုရားရှင်တို့၏အဆုံးအမတော်ပေတည်း, လို့လေ့လာမှတ်သားခဲ့ရပါတယ်။

တပို့တွဲလအမည်

။ တပို့တွဲလအမည်ကို ရှေးခေတ်က( တံပိုးတွဲ) (တပိုဝ်တွဲ)( ကျောက်စာမှာတော့ တပိုင်ထွဲ၊တပိုင်တွဲ၊တပိုင်တွယ်၊တပို့ထွယ်) လို့ရေးကြ၊ခေါ်ကြပါတယ်။ သည်ဘက်နောက်ပိုင်းမှာတော့ ” တပို့တွဲ” လို့ပဲရေးသားကြတော့တာကို မြင်ရတယ်။ မြန်မာ(၁၂) လရာသီအညွှန်းမှာတော့ ထန်းဖူးထန်းခိုင်များတွဲကျ( တွဲညွတ်) နေတဲ့ရာသီလလို့ပဲခေါ်ကြတာပါ။

ရာသီအလို

။ ရာသီမှာ မာဃနက္ခတ်စန်းနဲ့ယှဉ်ပြီးတော့ ရာသီရုပ်မှာတော့ ရေထမ်းသမားပုံပါပဲ။ အထိမ်းအမှတ်ပန်းကတော့ ပေါက်ပန်း( Buteamonosperma) လဲပွင့်၊လက်ပံပွင့်တွေပါပဲ။ထမင်းနှဲပွဲကျင်းပကြတဲ့လပါပဲ။ နံနက်(၆:၂၀)မှနေထွက်တာပါ။ ညနေဆိုရင်(၅:၄၀) မိနစ်ရောက်မှနေဝင်တာပါ။ညတာမှာ နေ့တာထက်ပိုရှည်ပါတယ်။ ရက်မစုံ၊လကွယ်ဖြစ်လို့(၂၉) ရက်သာရှိပါတယ်။

ကျန်းမာကြပါစေ

( ကိုးကား မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

တောင်ကလေးဆရာတော်
(၁၃.၂.၂၀၂၅) ရက်နေ့။

Loading

Categories
ကဗျာ စကားလက်ဆောင် ဘုန်းအောင်ဖေ

။ ငြိမ်ပါပြီဘုန်းရေ ။

။ ငြိမ်ပါပြီဘုန်းရေ ။
~~~~~~~~~~~~~~
။ အကုသိုလ်တန်းစီ
ဝဋ်ကြွေးတွေက မကုန်မဆုံး
မုန်းကြတဲ့သူတွေက များပြား
ချစ်ကြတဲ့သူတွေက နည်းပါး
ပါးနပ်တဲ့သူတွေက အကုန်စား
နွမ်းပါးကြတဲ့သူတွေက
သနားကြသူရှားပါးကြတဲ့
သည်လိုလူ့ဘုံမှာ
ခုချိန်တိုင်အောင်
ဘယ်သူမှစိတ်မကုန်ကြသေးဘူး။

။ တဟေးဟေး
တဝါးဝါး
ပျော်းပါးကြ
သူသူငါငါ
ငိုတစ်ခါ
ရယ်တစ်လှည့်နဲ့
မဲ့ရွဲ့ကြတဲ့သူလည်းမရှားပါး။

။ မနာလို
အူတိုသူတွေက
အနာအိုပေးလိုက်ကြလို့
ဝန်တိုပိတ်လှောင်
မာန်ပိုစိတ်ကြောင်သူတွေက
မိုက်ကြတာများ
များမှများပါပဲ။

။ သူ့ခေတ်မို့
သူ့နို့ခဲပဲလေ
သူ့အသဲပဲ။
ပြောမိရင်လည်း
ကိုယ်ပဲငရဲရနေ
အပ်ကြောင်းထပ်
အက်ကြောင်းထပ်
ငရဲထပ်ယူကြတဲ့သူတွေကလည်း
မရပ်မနား။

။ သည်နေ့
ကျောင်းကိုရောက်လာကြတဲ့တပည့်တွေ
အမေဖြစ်သူ
အဖေဖြစ်ကြသူ
အရွယ်စုံ
အသွင်စုံလို့ရယ်
သူတို့အကြောင်း
သူတို့အဖြစ်တွေ။

။ အဖြစ်အပျက်လည်းစုံ
အကွက်လည်းစုံ
အထွက်လည်းစုံပါပဲ။

။ နောက်ပိတ်ဆုံးတော့
အိမ်ပြန်ပါပြီဘုန်းရေ
ငြိမ်ပါပြီဘုန်းရေနဲ့ပဲ….။

( ရယ်ရွှင်ပျော်မြူးနိုင်ကြပါစေသော်။)

ဘုန်းအောင်ဖေ
( ၁၁.၂.၂၀၂၅) ရက်နေ့။

Loading

Categories
ကဗျာ စကားလက်ဆောင် တောင်ကလေးဆရာတော်

။ နေပျော်ပါတယ် ။

။ နေပျော်ပါတယ် ။
~~~~~~~~~~~~~~
။ ကြင်နာတတ်မှ နှလုံးလှတယ်။
နှလုံးလှမှကြင်နာတတ်မယ်။
ချစ်တတ်မှနှလုံးမြတ်မယ်, ဆိုပြီးတော့ တရားစကားတွေ
နေ့တိုင်း ကြားသိမြင်ရပေမယ့်
တခါတလေ
သတိမမူ(မထား) မိလိုက်တာတွေ
အများကြီးပါပဲ။

။ လူ့ဘဝသက်တမ်း
အချိန်တိုလာတာနဲ့အမျှ
တန်ဖိုးထားခဲ့တဲ့အချိန်တွေရယ်
ရခဲ့တဲ့အကျိုးကောင်းတွေရယ်
တွေးတွေးမိရင်
လူဟာအလိုလိုနဲ့
ပေါ့ပါးစွာခံစားမှုဖြစ်တာလေးတွေ
ကျေနပ်မိပါတယ်။

။ များသောအားဖြင့်
လူတွေဟာ
မိမိရဲ့အပြုအမူအကြောင်းတွေကို
ပြန်ပြီးတွေးမိရင်
မတွေးချင်စရာတွေ
( မတွေးရဲတော့တာတွေ)
ဖြစ်နေတော့
မိမိကိုယ်မိမိအားမရမိတော့ဘဲ
စိတ်နှလုံးမသာမယာစွာ
မလန်းမဆန်းနိုင်ဘဲ
တမိုင်မိုင်တထွေထွေနဲ့
တွေဝေလို့
နေပြခဲ့ရတာတွေ
တွေ့ရပါတယ်။

။ လိုရင်းချက်
ပြောပြချင်တာက
မိမိရရ
မိမိဘဝမှာ
ဘာများအခိုင်အမာတရားတွေ
သိမြင်ခဲ့ပါပြီလဲ?
အမြင့်ဆုံးတရားအသိတွေ
ဆင်ခြင်သုံးသပ်နိုင်ပြီလဲ?
ပွားများအားထုတ်နေပါပြီလဲ ? ဆိုတဲ့အချက်တွေပါပဲ။

။ သည်နေ့ညချမ်းချိန်မှာ

သီလခံယူဆောက်တည်မယ်။
ဘာဝနာဉာဏ်ရအောင်တရားပွားများမယ်။
အထူးသဖြင့် မိမိမှာရှိတဲ့အချိန်ကို မြင့်မြတ်တဲ့တရားကိုသာ ပွားများအားထုတ်ဖြစ်မယ်ဆိုရင်
ဘဝမှာနေပျော်ပါတယ်။
ဘဝမှာမြတ်ပါတယ်လို့ပဲ
လက်ဆောင်ပေးပါရစေ။

တောင်ကလေးဆရာတော်
(၅.၂.၂၀၂၅) ရက်နေ့ည။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် နံနက်ခင်းသြဝါဒကထာ ဘာသာရေး

။ မေတ္တာပို့သပါသည် ။

။ မေတ္တာပို့သပါသည် ။
~~~~~~~~~~~~~~~~~
။ နံနက်ချိန်ခါ၊မင်္ဂလာ၊လိုရာဖြာဖြာပြည့်ပါစေ။
။ ကိုယ်လည်းကျန်းမာ၊စိတ်ချမ်းသာ၊ဘယာမျိုးမျိုးကင်းပါစေ။
။ မနှစ်သက်အပ်၊အနိဋ္ဌ၊မုချဝေးဝေးကင်းပါစေ။
။ နှစ်သက်မြတ်နိုး၊အမျိုးမျိုး၊ကောင်းကျိုးဆက်ဆက်ရောက်ပါစေ။
။ တရားဘာဝနာ၊အဖြာဖြာ၊ဉာဏ်မှာအမြဲသိပါစေ။
။ တရားသိထူး၊ထူးကဲထူး၊ကူးခပ်နိဗ္ဗာန်ရောက်ပါစေ။

တောင်ကလေးဆရာတော်
(၃.၂.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သည်နေ့နံနက်မေတ္တာပို့သပါသည် ။

။ သည်နေ့နံနက်မေတ္တာပို့သပါသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~
။ သည်နေ့နံနက်၊မေတ္တာစက်၊အတွက်သူငါပို့ပါသည်။
။ မေတ္တာဖွေးဖြူ၊ကြည်သန့်ဖြူ၊သူငါအားလုံးရပါစေ။
။ ကိုယ်စိတ်ငြိမ်းအေး၊ဘယာဝေး၊ဆိုးဘေးကင်းလွတ်ကြပါစေ။
။ ငါးပါးရန်သူ၊ဒေါသမူ၊သူငါအားလုံးလွတ်ပါစေ။
။ ကိုယ့်စိတ်တည်ကြည်၊အေးမြကြည်၊သန့်တည်ဘဝင်လင်းပါစေ။

တောင်ကလေးဆရာတော်
(၂.၂.၂၀၂၅) ရက်နေ့နံနက်။

Loading

ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။
ပျော်ရွှင်မှုကဖီး မှ

ဆာဗာကြေးလှူဒါန်းထားသည်။