Categories
ဗုဒ္ဓဘာသာ အောင်ဖေတို့စကားဝိုင်း

။ လူသားမျိုးစေ့က ဘယ်ကဖြစ်လာပါသလဲ ။ ( ၂ )

။ မမေးလို့မသိကြ မတိကျရင် ခဏခဏစကားတွေများကြရလို့ ဒီနေ့အောင်ဖေတို့ စဉ်းစားစရာမေးခွန်းတစ်ခု (တစ်မျိုး) ဖြစ်လာပြန်တာပေါ့။အောင်ဖေတို့ လူ့ဘဝရလာတာ (လူလာဖြစ်တာ) အကြောင်းအကျိုးတရားနဲ့ကင်းကြမယ်မထင်ပါဘူး။ အကြောင်းမလွတ်တော့အကျိုးလည်းမလွတ်နိုင်ကြတဲ့ လူ့လောကသတ္တဝါမှာ အသက်ရလာကြဖို့ အသက်လို့သတ်မှတ်ခေါ်ဆိုထားကြတဲ့ မျိုးစေ့နဲ့လည်းမကင်းကြပါဘူး။ အဲဒီတော့ မျိုးစေ့နဲ့ပတ်သက်လာကြပြီးဆိုရင်

၁ ။ မူလဗီဇ = အမြစ်မျိုးစေ့
၂ ။ ခန္ဓဗီဇ = ပင်စည်မျိုးစေ့
၃ ။ ဖဠုဗီဇ = အဆစ်မျိုးစေ့
၄ ။ အဂ္ဂဗီဇ = အညွှန့်မျိုးစေ့
၅ ။ ဗီဇဗီဇ = အစေ့မျိုးစေ့ဆိုပြီး ၅ ပါးပြထားတာတွေ့ရပါတယ်။

မေးခွန်းလွှာ ။ ။ လူတွေရလာတဲ့အသက်နဲ့မျိုးစေ့ဟာ ဘယ်ကဖြစ်လာတဲ့ မျိုးစေ့ပါလဲဆိုတာကို မေးပါရစေ။ ဖြေကြားပေးပါ။

။ သိသလိုပဲ ဖြေကြားကြည့်လိုက်ကြပါဦး။ ပျော်ပျော်ပါးပါးစကားဝိုင်းဆိုတော့ ဘယ်သူကအမှားအမှန်ဆိုတာ တိတိကျကျမသိကြရပေမယ့် ဗဟုသုတလေးတော့ တိုးနေမှာပါ။ အေးမြကြပါစေ ။

အောင်ဖေတို့စကားဝိုင်း
(၂၈-၁၀-၁၇) ရက်နေ့။

Feature image: This artwork was created with the help of Artificial Intelligence. Create your own AI-generated artworks using NightCafe Creator.

Loading

Categories
စာအုပ်ကောက်နုတ်ချက်များ ဗုဒ္ဓဘာသာ

ဂုဏ်တော်ရှုပွားနည်း

ဂုဏ်တော်ရှုပွားတယ်ဆိုတာ ဗုဒ္ဓါနုဿတိပါပဲ။
သုဘူတိထေရ အပါဒါန်မှာ သမထဘာဝနာတို့မှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓနုဿတိကိုပွားများကြပါ။
ဤဗုဒ္ဓါနုဿတိပွားများရင် အလိုဆန္ဒရှိသမျှ ပြည့်စုံလိမ့်မည်လို့ ဘုရားရှင် အထင်အရှား ဟောကြားခဲ့ပါတယ်။

ဂုဏ်တော်ကိုရှုပွားလိုသူတွေဟာ——

၁။ မိမိကြည်ညိုလေးမြတ်ရာ ဘုရားဆင်းတုတော်၊ ဒါမှမဟုတ်ဘုရားပုံရှေ့မှောက်မှာ ရိုသေစွာထိုင်ပြီး ဘုရားရှိခိုးပါ။

၂။ ကမ္မဋ္ဌာန်းထိုင်နိုင်ပါတယ်။
အမျိုးသမီးများကတော့ တစောင်းထိုင်နိုင်ပါတယ်။ ကိုယ်ကိုမတ်မတ်ထားပြီးကြွက်သားများကို လျော့ချပါ။ ခြေနှစ်ဘက် မထပ်စေဘဲ ရှေ့နောက်ချထားပြီး သက်သက်သာသာ ဖြစ်အောင်ထိုင်ပါ။

၃။ မြတ်စွာဘုရားရဲ့ ရုပ်ပုံတော်ကို မျက်စိထဲမှာ စွဲအောင် ကြည့်ပြီးမျက်စိမှတ်ကာ ဂုဏ်တော်များကို ဆင်ခြင်ပါ။
ရွတ်ပွားပါ။
ပုံတော်ကို ဂုဏ်တော်လွှမ်းခြုံပါ။
ပုံတော်ကို ဂုဏ်တော်သွင်းပါ။

အရဟံ = မြတ်စွာဘုရားဟာ တစ်ထောင့်ငါးရာ ကိလေသာတို့ ဝါသနာဓလေ့ အထုံငွေ့မျှ မဝေ့မသမ်းအောင် ကင်းဝေးစင်ကြယ်တော်မူလို့ လူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်အထူးကို ခံယူထိုက်ပေတယ်။

သမ္မာသမ္ဗူဒ္ဓေါ = မြတ်စွာဘုရားဟာ အလုံးစုံသောတရားတို့ကို ဆရာမကူ သယမ္ဘူ ဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် သိမြင် တော်မူပါပေတယ်။

ဝိဇ္ဖာစရဏသမ္ပန္နော = ဝိဇ္ဖာဉာဏ်သုံးပါး၊ ရှစ်ပါး၊ အကျင့်စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူပါပေတယ်။

သုဂတော = မြတ်စွာဘုရားဟာ မှန်ကန်အကျိုးရှိတဲ့ စကားကိုသာ ဆိုတော်မူတတ်ပါပေတယ်။

လောကဝိဒူ = သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကတို့ကို အကြွင်းအကျန်မရှိ ဉာဏ်ဖြင့် ထွင်းဖောက်ပြီး သိမြင်တော်မူပါပေတယ်။

အနုတ္တ ရောပုရိသဓမ္မသာရတိ = မြတ်စွာဘုရားဟာ မယဉ်ကျေးကြတဲ့လူ၊ နတ်၊ တိရစ္ဆာန်များကို ယဉ်ကျေးအောင်ဆုံးမတတ်တဲ့ အတုမဲ့ အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူပါပေတယ်။

သတ္တာဒေဝမနုဿာနံ = မြတ်စွာဘုရားဟာ သတ္တဝါများအား သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နိဗ္ဗာန်သို့ ဆိုက်ရောက်အောင် သွန်သင်ညွှန်ပြတတ်တဲ့ လူနတ်တို့ရဲ့ ဆရာတစ်ဆူ ဖြစ်တော်မူပါပေတယ်။

ဗုဒ္ဓေါ = မြတ်စွာဘုရားဟာ သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင် ထိုးထွင်သိမြင်ပြီး သူတစ်ပါးတို့အားလည်း သိစေတော်မူတတ်ပါပေတယ်။

ဘဂဝါ = မြတ်စွာဘုရားဟာ ဣဿရိယ၊ ဓမ္မ၊ ယသ၊ သီရိ၊ ကာမ၊ ပယတ္တ ဆိုတဲ့ ဘုန်းတော်ခြောက်စုံနှင့် ပြည့်စုံတော်မူပါပေတယ်။

အဲသလို ပါဠိကို စိတ်က ရွတ်ရင်း အဓိပ္ပါယ်ကို ထင်မြင်သွားအောင် ဆင်ခြင်ပါ။
စိပ်ပုတီးကို အသုံးပြုရမှ ကျေနပ်အားရတယ် ဆိုရင်လဲ ဂုဏ်တော်တစ်ပါး နှလုံးသွင်းပြီးတိုင်း ပုတီးတစ်လုံးချပါ။

၄။ အရေးကြီးတာက လက်နဲ့စိပ်ပုတီးမှာ အာရုံမထားမိဖို့လိုပါတယ်။
ဂုဏ်တော်မှာ အာရုံထားပါ။

၅။ နေ့စဉ် ပုတီး ၃- ပတ်၊ ၅ – ပါတ်၊ ၇ – ပါတ်၊ ၉ – ပါတ် နိုင်သလောက် အဓိဋ္ဌာန်ပြီး မှန်မှန်စိပ်သွားပါ။

ဒီလိုမှမဟုတ်ဘဲ နေ့စဉ်နာရီဝက်၊ ၁-နာရီ၊ ၂-နာရီ စွမ်းနိုင်သလောက်ရှုပွားပါ။
အထိုင်ကြာလို့ ညောင်းညာ ကိုက်ခဲလာရင် ခြေပြင်ပြီး ထိုင်လို့လဲရပါတယ်။
ပြင်ထိုင်တဲ့အခါမှာလဲ ဂုဏ်တော်ကိုသာ အာရုံပြုထားဖို့ မမေ့ပါနဲ့။

အကောင်းဆုံးကတော့ အိပ်တဲ့အခါမှာကော ထိုင်တဲ့အခါ ရပ်တဲ့အခါ သွားတဲ့အခါ ခပ်သိမ်းတို့မှာ နှုတ်ရော စိတ်ရော ရိုသေမြတ်နိုးစွာ ပွားများကြည်ညိုနေကြပါ။
ဂုဏ်တော်ပွားတဲ့အခါ နှုတ်နဲ့ရွတ်တာ စိတ်နဲ့ရွတ်တာ ပုတီးကိုင်တာ ဆိုတာတွေဟာ အဓိကမကျပါဘူး။ နှုတ်နဲ့ပွားရင်း အရှိန်ကောင်းရင် စိတ်နဲ့ပွားပါ။ အပြန်ပြန် အလှန်လှန် လေ့ကျင့်ပွားများပါ။

နည်း (၃) နည်း

ဂုဏ်တော်ရှုပွားရာမှာ ကုသိုလ်ရတဲ့နည်း၊ သမာဓိရတဲ့နည်း၊
ဥပစာရဈာန်ရတဲ့နည်းရယ်လို့ ၃-မျိုး ရှိပါတယ်။

ခဏတစ်ဖြုတ် ပွားများသူတွေဟာ ကုသိုလ်ပဲရမှာပါ။

နံနက် ၁ နာရီ ၊ ည ၁- နာရီ အဲသလို ဝတ္တရားထားပြီး မှန်မှန် ပုတီးစိပ် မှန်မှန် ပွားများရင်တော့ ကုသိုလ်လဲရ၊ သမာဓိလဲ ဖြစ်ပါလိမ်မယ်။
ပုတီးနဲ့ ပွားများတာဟာ ကာယကံနဲ့ လှုပ်ရှားနေတာမို့ ဥပစာရ စျာန်ရတဲ့အထိ ပေါက်မြောက်မယ် မထင်ပါဘူး။

ဈာန်ဆိုတာ မနောကံသက်သက်မျှ ဖြစ်ပါတယ်။

ပုတီးကိုလွှတ်၊ နှုတ်ကရွတ်ဆိုတာကိုရပ်ဆိုင်းပြီး မိမိနှစ်သက်တဲ့ ဘုရားဂုဏ်တော်တစ်ပါးပါးမှာ သတိနဲ့စိတ်ကို ကပ်ထားပါ။

နှလုံးသွင်းနေစဉ်မှာ သတိမလွတ်ပါစေနဲ့ အပြင်ကိုစိတ်မရောက်သွားပါစေနဲ့။

စိတ်ကိုဂုဏ်တော်မှာပဲ ကပ်ထားပါ။
သမာဓိ တဖြေးဖြေးတက်လာပါလိမ့်မယ်။ ဆိတ်ငြိမ်ရာမှာ ဇွဲကောင်းကောင်းနဲ့ ရှေ့သမာဓိ နဲ့ နောက်သမာဓိဆက်မိအောင် ကြာရှည်စွာ ပွားများအားထုတ်ရင်း နီဝရဏတရားတွေကို ဖြတ်ကျော်ပြီး ဥပစာရ သမာဓိကို ရောက်ပါတယ်။ ဒီသမာဓိကိုပဲ ဥပစာရဈာန်လို့ ခေါ်တာပါ။

ဓာတ်ကမ္မဋ္ဌာန်း ဒါမှမဟုတ် အာနာပါနဿတိနဲ့ ဥပစာရသမာဓိ ထူထောင်ပြီး ဗုဒ္ဓါနုဿတိနဲ့ ဥပစာရသမာဓိထူထောင်ပြီး ဗုဒ္ဓါနုဿတိကို ရှုပွားရင်တော့ ဒီဈာန်ကို ပေါက်ရောက်နိုင်ပါတယ်။

တောင်ကလေးဆရာတော်(တောမှီရဟန်း) ရေးသားပြုစုသော
ဗုဒ္ဓဂုဏ်တော်နှင့်ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ ထုတ်နှုတ်ပူဇော်ပါသည်။

Loading

Categories
စာအုပ်ကောက်နုတ်ချက်များ ဗုဒ္ဓဘာသာ

။ တရားရှာကိုယ်မှာ တွေ့ပါသတဲ့ ။

သူလိုငါလို လူဖြစ်လာကြ၊ သူလိုငါလို နေထိုင်သွားကြပြီး
သူလိုငါလို ငါလိုပဲ ရခဲတဲ့ဘဝကို
အဆုံးရှုံးခံပြီး ကြွေသွားကြတော့မှာလား။

မိရိုးဖလာ ကိုးကွယ်မှုတွေ၊ ဘယ်သူ့ကိုမှ အကျိုးမပြုတဲ့ ယုံကြည်မှုတွေ၊
ပ, သ ပူဇော်မှုတွေနဲ့ ဘဝကို ရေစုန်မျှောပစ်ကြတော့မှာလား။

ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီး လက်တစ်ကမ်းမှာ ရှိနေတဲ့ အစစ်အမှန်၊ အမွန်မြတ်ဆုံးဖြစ်တဲ့ ရတနာကို မိမိရရ ဆုပ်ကိုင်နိုင်ဖို့ အချိန်တန်ပါပြီ။

‘တရားရှာ ကိုယ်မှာ တွေ့ပါသတဲ့’

တောမှီရဟန်း၏ ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ…

Loading

Categories
ကဗျာ စကားလက်ဆောင် ဗုဒ္ဓဘာသာ

အင်းၰူ့ဝယ်

ယှာႋထင်းယှာလင် ထုဂ်ယှာလင်ဏ
ဝိင်ဝင့်လ်ုၰေဝ် လောဒ်ႋကာဖိုင်၊
ဍိင်ႋယှာႋဍိင်အိုင် ဆ်ုလင်လိုင်ဖိုင်
မုက်လိုင်ဏ်ုသာ လ်ုၜှ်လိုင်။

ၰုဲးဖၠဟ်ထံင်းဆာႋ မဲဖေါတ်ခါႋဏ်ှ
ဏေဝ်ႋလာႋသ္တာ် မၞီႋၜေ့ဏ်ု
ဆ်ုစုဂ်ဆ်ုဆာ့ ဆ်ုနုင်းဏါဏ်ှ
သှ်ေယါ့ထဝယ် ၜးလဝ့်ဏေး။

နိုင့်အူးနိုင့်အံင် ၜးၯာၯံင်ဏ်ှ
အ်ုဖၠံင်ဆံင့်မံင်း ထီ့ၯဝ့်ဏေး။
ယှာႋဆာ့ဍေသီ့ ဓဝ်ႋသိုင့်ထီးဏ်ှ
ထီ့ထီ့ဆာဆာ သှ်ေယါ့လာႋၜှ်။

သီ့လာအ်ုဖၠံင် ဒါနၜံင်ထိုဝ်
အ်ုဍံင်ၰီ့လာ ဘာႋဝနာ (ဖျာႋဝနာ) ဏ်ှ
ပညာ့ဉာဏ်ႋကၠဝ် ပ္ကုံဝယ်၊
သ္တါ်ဉာဏ်ႋဖဝ့် ဖံင်းထဝယ်၊
သမာဓိဓဝ်ႋ အင်းၰူ့ဝယ်။

မာန်နာဲပညာသာမိ
(၂၀၀၀၊ ထေါဟ်လုဲႋအွာ)

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဦးစန္ဒန (ဘားအံ)၏ ထေရုပ္ပတ္တိအကျဉ်း

နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘဒ္ဓန္တစန္ဒနသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ကျေးရွာတွင် မြန်မာသက္ကရာဇ် (၁၂၈၈) ခုနှစ်၊ တော်သလင်းလဆန်း(၁) ရက်နေ့၊ အင်္ဂါနေ့တွင် ဖွားမြင်သန့်စင် တော်မူပါသည်။ ဆရာတော်၏ ခမည်းတော်နှင့် မယ်တော်မှာ ဦးဖိုးနေ နှင့် ဒေါ်မုသိန်းတို့ ဖြစ်ပါသည်။

မွေးချင်း(၆) ဦးရှိပါသည်။ အကိုအကြီးဆုံးမှာ ဦးသာလန်းဖြစ်ပြီးလျှင် ဒေါ်ရင်ငွေ၊ ဦးထွန်းဝင်း၊ မနန်းထူ၊ ဦးထွန်းမင်း၊ ဦးအောင်ကြည်နှင့် အထွေးဆုံးမှာ ဆရာတော်ဘုရားဖြစ်သည်။

ဆရာတော်၏ငယ်နာမည်မှာ စောစံတင့်ဖြစ်သည်။ ငယ်စဉ်က ဖြူဖြူဖွေးဖွေး တစ်တစ်ရပ်ရပ်မို့ (တစ်လစ်) ဟူ၍ခေါ်ဆိုသည်။ ဆရာတော်ဘုရားသည် ငါးနှစ်သားအရွယ်တွင် တောင်ကြာအင်းအစိုးရ မူလတန်းကျောင်း (ဦးဝင်းဖေကျောင်းဟုလည်းခေါ်ကြသည်) တွင် မူလတန်းအဆင့်၌ ပညာသင်ကြားခဲ့သည်။

အလယ်တန်းအဆင့်ကို ကော့ကရိတ်မြို့နယ်၊ ရှမ်းကြီးကုန်းအစိုးရအလယ်တန်းကျောင်းတွင် သတ္တမတန်း အထိ ပညာသင်ကြား၍ သာသနာရေး၌ စိတ်ပါဝင်စားလာသဖြင့် ကျောင်းမှထွက်ကာ သာသနာ့ဘောင်သို့ ဝင်ရောက် ခဲ့ပါသည်။

ဆရာတော်ဘုရားစာသင်သားဘဝဖြင့် ပညာရည်နံ့စုံသောက်ခဲ့ရသောကျောင်းတိုက်များမှာ –

– ရတနာဘုံပျံကျောင်း (မော်လမြိုင်မြို့)

– ရန်ကုန်သိမ်ဖြူကျောင်းတိုက်

– ဘုရားကြီးကျောင်းတိုက် (မန္တလေး) တို့ဖြစ်သည်။

ဆရာတော်ဘုရားသည် မန္တလေးမှပြန်ကြွလာကာ မိမိ၏မွေးရပ်ဇာတိဖြစ်သော တောင်ကြာအင်း ကျေးရွာတွင် မွေးမိခင်၏ကျေးဇူးတော်ကိုဆပ်ရင်း (၄) ဝါမှ သီတင်းသုံးခဲ့ပါသည်။

ထိုမှတစ်ခါ အိန္ဒိယသို့သွားပြီး ဟန္ဓိ၊ သက္ကတ၊ ပါဠိဘာသာများကို အိန္ဒိယနိုင်ငံအနှံ့အပြားတွင် (၃) နှစ်တာ လေ့လာဆည်းပူးခဲ့ပြီး မြန်မာနိုင်ငံသို့ ၁၉၆၂ ခုနှစ်တွင် ပြန်ကြွလာသည်။

မော်လမြိုင်တောင်စွန်းကျောင်းတွင် စာချပုဂ္ဂိုလ်အနေဖြင့် စာသင်သားများအား စာပေပို့ချမှုပြုခဲ့သည်။ ထိုကျောင်း၌ပင် ရှေးဟောင်းကရင်စာပေများကို လေ့လာခဲ့သည်။

ဘားအံအောက်ရေတံခွန်ဆရာတော်၏ မေတ္တာရပ်ခံချက်အရ အောက်ရေတံခွန်ကျောင်းတွင် စာချ ရဟန်းအဖြစ်ရောက်ရှိပြီး အောက်ရေတံခွန်ကျောင်းတွင် ဆက်လက်သီတင်းသုံးခဲ့ပါသည်။

ထို့ကျောင်းမှနေ၍ ကရင်လူငယ်များအား မုက္ကဒိဆရာတော်ဦးဥတ္တမနှင့်အတူ ကရင်စာပေများအား သင်ကြားပို့ချပေးခဲ့သည်။ ဆရာတော်ဘုရား၏ကျေးဇူးကြောင့် တိမ်မြုပ်နေသော ရှေးဟောင်းကရင်စာပေများကို ခေတ်လူငယ်များ ဆက်လက်လေ့လာဆည်းပူးခွင့်ရခဲ့သည်။

ကရင်ပြည်နယ်ဥက္ကဋ္ဌဟောင်း ဒေါက်တာစောလှထွန်း၏ ပင့်လျှောက်ချက်အရ (၁၃၂၉) ခုနှစ်တွင် ကမော့ကစင် (ရွာသစ်)ကျောင်းတွင် ပျံလွန်တော်မူသည့်အချိန်ထိ ၂၅ – နှစ်တိုင်အောင် သီတင်းသုံးခဲ့ပါသည်။

ဆရာတော်ဘုရားသည် ၁၉၇၉/၈ဝ သာသနာသန့်ရှင့်တည်တံ့ပြန့်ပွားရေးတွင် ဘားအံမြို့နယ်ကိုယ်စားလှယ် အဖြစ် အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

၁၉၈၀ – ဘားအံတွင် မြို့နယ်သံဃာနာယကအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတော်သံဃဗဟိုဝန် ဆောင်အဖွဲ့ဝင်ဆရာတော်တစ်ပါးအနေဖြင့် တာဝန်ထမ်းဆောင်ပြီး သက်တော် (၆၆) နှစ်၊ သိက္ခာတော် (၄၇) ဝါရှိပြီး ဖြစ်သော ဆရာတော်သည် (၂၅-၉-၉၂) မွန်းလွှဲ (၁၂) နာရီ (၂၀) မိနစ်အချိန်တွင် (၉၆) ပါးသော ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူပါသည်။ ကရင်ပရိယတ္တိ၊ စာပေများနှင့် ကရင်စာပေတိုးတက်ပြန့်ပွားရေးကဏ္ဍများတွင် ဦးဆောင်ပါဝင် ခဲ့သော အာဇာနည်ရဟန်းတော်တစ်ပါးဖြစ်ပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ပဋ္ဌာန်းဆရာတော်ဦးဝဇီရဗုဒ္ဓိထေရုပ္ပတ္တိ ကျောက်စာတော်

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ပဋ္ဌာန်းဆရာတော် ဦးဝဇီရဗုဒ္ဓိ ထေရုပ္ပတ္တိ ကျောက်စာတော်

မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက်၊ တိုက်ကျောင်းနှင့် ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတို့၏ ပဓာန နာယကဖြစ်တော်မူသော ညဝါအကျော်ပဋ္ဌာန်းဆရာတော်ဦးဝဇီရဗုဒ္ဓိသည် ယနေ့ ကရင်ပြည်နယ်အတွင်းပါဝင်သော လှိုင်းဘွဲမြို့နယ်အပိုင်း၊ နောင်ဘိုကြီးရွာ၌ မြန်မာကောဇာသက္ကရာဇ် ၁၂၈၃ – ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့ (၂၈၊ ၁၀၊ ၁၉၂၁) နံနက် (၁၀) နာရီတွင် ဖွားမြင်တော်မူပါသည်။ မိဘနှစ်ပါးမှာ ဦးအေးပြိုင်နှင့် ဒေါ်ရင်တိုးဖြစ်သည်။

သက်တော်တစ်ဆယ့်သုံးနှစ်အရွယ်တွင် နောင်ဘိုကြီးကျောင်းဆရာတော် ဦးပညာကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေပြုတော်မူပါသည်။ ပရိယတ္တိအခြေခံရသည်နှင့် ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဣန္ဒာစာရထံ၌ ပရိယတ္တိစာပေကို ဆက်လက်သင်ယူသည်။ မြန်မာကောဇာသက္ကရာဇ် ၁၃၀၂ – ခုနှစ်၊ တန်ခူးလဆန်း (၈)ရက် (၁၄-၄-၁၉၄၀)တနင်္ဂနွေနေ့တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် နောင်ဘိုကြီးဆရာတော် ဦးပညာကိုပင် ဥပဇ္ဈာယ်ပြု၍ သထုံခရိုင်၊ ရင်းငြိမ်မြို့၊ ကျောက်လုံးကြီးကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့‌ရောက်တော်မူသည်။

ရဟန်းဖြစ်သည်မှစ၍ အထက်တန်းပရိယတ္တိစာပေများကို ရင်းငြိမ်မြို့၊ ကျောက်လုံးကြီးဆရာတော်၊ သထုံမြို့၊ လယ်ဝန်တိုက်ဆရာတော်၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော် ဦးဣန္ဒာစာရ၊ ခရမ်းမြို့၊ ကိုင်းကုန်းဆရာတော်၊ မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက် ဆရာတော်ဦးသူရိယာဘိဝံသ၊ ဆရာတော်ဦးပုညာန္ဒာဘိဝံသ၊ ဆရာတော်ဦးသံဝရမာလာ၊ မန္တလေးရွှေရေးဆောင်တိုက်၊ ဆရာတော်ဦးပဏ္ဏဝ၊ ဘုရားကြီးတိုက်ဆရာတော် ဦးနာရဒ၊ ဆရာတော်ဦးဣန္ဒက ထံတော်တို့၌ ပရိယတ္တိပညာ နည်းခံသင်ကြားခဲ့သည်။

အောင်မြင်ခဲ့သောစာမေးပွဲများမှာ ပဲခူးမြို့၊ ဝိနယာဓိက (ငယ်-လတ်) စာမေးပွဲ၊ အစိုးရ (ငယ်-လတ်-ကြီး)ကိုအောင်မြင်ခဲ့ပြီး၊ မြန်မာကောဇာသက္ကရာဇ် ၁၃၁၅ ခုနှစ်၌ စာချတန်းကို ဂုဏ်ထူးနှင့် အောင်မြင်၍ (သာသနဓဇသီရိပဝရဓမ္မာစရိယ) ဘွဲ့ရရှိသည်။

ဆရာတော်ကြီးသည် မြန်မာကောဇာသက္ကရာဇ် ၁၃၁၄ ခုနှစ်မှ ၁၃၅၀ ပြည့်နှစ်တိုင်အောင် (၃၆) နှစ်ကာလအတွင်း တောင်ပြင်ထီးလင်းတိုက်၊ တိုက်ကျောင်းနှင့် ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတို့၌ သီတင်းသုံးစဥ် (ငယ်-လတ်-ကြီး) နှင့် စာချတန်းစာဝါများကို ပို့ချခဲ့သည့်အပြင် ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို အကြိမ်များစွာ ပို့ချခဲ့ရုံမျှမက နွေရာသီ အထူးစာဝါအဖြစ် ပဋ္ဌာန်းကိုပို့ချတော်မူသေးရာ ကျောင်းမဆန့်သဖြင့် လှေခါးရင်းသစ်ပင်အောက်တို့မှနေ၍ စာဝါလိုက်ကြရသည်။ စာဝါလိုက်သူများပြားလှသဖြင့် ညဝါအကျော် ပဋ္ဌာန်းဆရာတော်အဖြစ် ကျော်ကြားတော်မူပါသည်။

ဆရာတော်ကြီးသည် “ယမကသင်္ခေပကျမ်း” နှင့် “ ပဋ္ဌာနနယသင်္ခေပကျမ်း” ကိုလည်း ရေးသားပြုစုတော် မူခဲ့၏။ ဤကဲ့သို့ သာသနအကျိုးကို သည်ပိုးရွက်ဆောင်နေစဥ် သက်တော် (၆၈) သိက္ခာတော် (၄၈) ဝါအရ မြန်မာကောဇာသက္ကရာဇ် ၁၃၅၁ ခုနှစ်၊ ဦးတန်ခူးလဆန်း (၁၃) ရက် အင်္ဂါနေ့၊ (၁၈.၄.၈၉) နံနက် (၆) နာရီတွင် မန္တလေးမြို့၊ ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတွင် လွန်တော်မူပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိဘိဝံသ ဘဝဖြစ်စဥ်မှတ်တမ်း

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိဘိဝံသ ဘဝဖြစ်စဥ်မှတ်တမ်း

မန္တလေးမြို့ ရွှေရေးဆောင်တိုက် (တိုက်နာယက) ရန်ကုန်ကျောင်းနေ ပဋ္ဌာန်းဆ‌ရာတော် လောင်းလျာကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးရွာ၊ ကိုင်းကောင်းရွာ၌ ဦးအေးပြိုင်၊ ဒေါ်ရင်တိုးတို့၏ဝမ်းကြာတိုက်မှ ၁၂၈၃ ခု၊ တော်သလင်းလပြည့်ကျော် (၁၂) ရက် ဗုဒ္ဓဟူးနေ့ နံနက် (၁၀) နာရီတွင် ဖွားမြင်ခဲ့သည်။

၁၃၀၂ခု၊ တန်ခူလဆန်း (၈) ရက်နေ့တွင် နောင်ဘိုကြီးကျောင်းဆရာတော် ဦးပညာကို ဥပဇ္ဈာယ်ပြုလျက် သထုံခရိုင် ရင်းငြိမ်မြို့ ကျောက်သုံးကြီးကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်ရောက်ခဲ့သည်။ သထုံမြို့ ရင်းငြိမ်ဆရာတော်၊ ပဲခူးမြို့ မြို့မဆရာတော်၊ မန္တလေးမြို့ တောင်ပြင်ထီလင်းတိုက်၊ ရွှေရေးဆောင်တိုက်၊ ဘုရားကြီးတိုက်ဆရာတော်တို့နှင့် စစ်ကိုင်းတောင်ရိုး ပဋ္ဌာန်းသိပ္ပံဆရာတော်ဦးဣန္ဒက တို့ထံတွင်ပရိယတ္တိ အထက်တန်းစာပေများကို နည်းခံသင်ယူခဲ့သည်။

ပဲခူးမြို့ ဝိနယာဝိက (ငယ်၊ လတ်)၊ အစိုးရ (ငယ်၊ လတ်၊ ကြီး) တန်းများ အောင်မြင်ခဲ့ပြီး ၁၃၁၅ ခု၌ စာချတန်းကို ဂုဏ်ထူးနှင့် အောင်မြင်၍ (သာသနဓဇ သိရီပဝရ ဓမ္မစရိယ) ဘွဲ့ရရှိခဲ့သည်။ ၁၃၂၈ ခု၌ သကျသီဟအသင်းမှ ဆက်ကပ်သော (ပရိယတ္တိသာသနဟိတ မူလ ဓမ္မာစာရိယ) ဘွဲ့ကို ရရှိခဲ့သည်။

၁၃၁၄ ခုနှစ်မှ ၁၃၅၀ ပြည့်နှစ်တိုင် ယမိုက် (၁၀) ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို အထူးစာဝါအဖြစ်ပို့ချခဲ့မှုကြောင့် ညဝါအကျော် ပဋ္ဌာန်းဆ‌ရာတော်အဖြစ်ထင်ပေါ်ခဲ့သည်။ ယမက သင်္ခေပကျမ်းနှင့် ပဋ္ဌာနနယသင်္ခေပကျမ်းများကို စီစဥ်ပို့ချခဲ့သည်။ ကရင်အမျို့သား ဂုဏ်ဆောင် ပဋ္ဌာန်းဆရာတော်သည် ၁၃၅၁ ခု တန်ခူးလဆန်း (၁၃) ရက် အင်္ဂါနေ့ နံနက် (၆) နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇိရဗုဒ္ဓိဘိဝံသ မဟာထေရ်၏ ဘဝဖြစ်စဥ်မှတ်တမ်း (မြန်မာဘာသာ) ကျောက်စာ

နမတ္ထု ဝဇိရဉာဏိကဿ ဗုဒ္ဓဿ

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇိရဗုဒ္ဓိဘိဝံသ မဟာထေရ်၏ ဘဝဖြစ်စဥ်မှတ်တမ်း (မြန်မာဘာသာ) ကျောက်စာ
(၁၂၈၃ – ၁၃၅၁)

မန္တလေးမြို့ ရွှေရေးဆောင်တိုက် (တိုက်နာယက) ရန်ကုန်ကျောင်းနေ ပဋ္ဌာန်းဆရာတော် ဆရာတော်လောင်းလျာကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီး၊ ရွာကိုင်းကောင်းရွာ၌ ဦးအေးပြိုင်၊ ဒေါ်ရင်တိုးတို့၏ ဝမ်းကြာတိုက်မှ ၁၂၈၃ ခု၊ တော်သလင်းလပြည့်ကျော် (၁၂) ရက် ဗုဒ္ဓဟူးနေ့ နံနက်(၁၀) နာရီတွင် ဖွားမြင်ခဲ့သည်။

၁၃ နှစ်အရွယ်တွင် နောင်ဘိုကြီးကျောင်းဆရာတော် ဦးပညာထံ၌ သာမဏေပြုခဲ့သည်။ သာမဏေအဖြစ် ဖြင့် ပဲခူးမြို့သို့ရောက်ခဲ့၍ မြို့မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ (အဘိဓဇ၊ မဟန ဥက္ကဋ္ဌ) ထံ၌ ပရိယတ္တိအခြေပြုစာပေများကို သင်ယူခဲ့သည်။

၁၃၀၂ ခု၊ တန်ခူးလဆန်း (၈)ရက်နေ့တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် ဆရာတော်ဦးပညာကိုပင် ဥပဇ္ဈာယ်လျက် သထုံခရိုင် ရင်းငြိမ်မြို့ ကျောက်လုံးကြီးကျောင်း ခဏ္ဍသိမ်၌ ရဟန်းအဖြစ်ရောက်ခဲ့သည်။

ထိုအခါမှစ၍ သထုံမြို့ ရင်းငြိမ်ဆရာတော်၊ သထုံမြို့လယ်ဝန်ဆရာတော်၊ ပဲခူးမြို့ မြို့မဆရာတော်၊ ခရမ်းမြို့ ကိုင်းကုန်းဆရာတော်၊ မန္တလေးမြို့တောင်ပြင် ထီးလင်းတိုက်မှ ဦးသူရိယာဘိဝံသ၊ ဦးပုညာနန္ဒာဘိဝံသ၊ ဦးသံဝရမာလာ ဆရာတော်များ၊ ရွှေရေးဆောင်တိုက်ဆရာတော် ဦးပဏ္ဏဝ၊ ဘုရားကြီးတိုက် ဆရာတော်ဦးနာရဒ၊ ဆရာတော်ဦးဥက္ကံသ၊ စစ်ကိုင်းတောင်ရိုး ပဋ္ဌာန်းသိပ္ပံဆရာတော် ဦးဣန္ဒက(အဂ္ဂမဟာပဏ္ဍိတ) တို့ထံ၌ နေ့ဝါညဝါ ပရိယတ္တိအထက်တန်းစာပေများကို နည်းခံသင်ကြားခဲ့သည်။

ပဲခူးမြို့ ဝိနယာဓိက (ငယ်၊ လတ်)၊ အစိုးရ (ငယ်၊ လတ်၊ ကြီး) တန်းများအောင်မြင်ခဲ့ပြီး ၁၃၁၅ ခု၌ စာချတန်းကို ဂုဏ်ထူးနှင့်တကွ အောင်မြင်၍ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ဘွဲ့ရရှိခဲ့သည်။ ၁၃၂၀ ခု၌ သကူသီဟ အသင်းမှ ဆက်ကပ်သော (ပရိယတ္တိသာသနဟိတ မူလဓမ္မာစရိယ) ဘွဲ့ကို ရရှိခဲ့သည်။

၁၃၁၄ ခုနှစ်မှ ၁၃၅၀ ပြည့်နှစ်တိုင် (၃၆) နှစ်တာကာလ ငယ်၊ လတ်၊ ကြီး နှင့် စာချတန်းစာဝါများကို ပို့ချခဲ့ သည်။ ယမိုက် (၁၀) ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို ကြိမ်ဖန်များစွာပို့ချခဲ့ပြီးလျှင် နွေရာသီပဋ္ဌာန်းကို အထူးစာဝါအဖြစ် ပို့ချခဲ့မှုကြောင့် ညဝါအကျော် ပဋ္ဌာန်းဆရာတော် အဖြစ်ထင်ပေါ်ခဲ့သည်။

စစ်ကိုင်းတောင်ရိုး ပဋ္ဌာန်းသိပ္ပံဆရာတော်၏နည်းကို မှီငြမ်းပြုလျှက် ယမကသင်္ခေပကျမ်းနှင့် ပဌာန နယသင်္ခေပ ကျမ်းများကို စီစဉ်ဖြန့်ချိပို့ချခဲ့သည်။ ပရိယတ္တိလုပ်ငန်းမှတပါး ပထမအကြိမ်ဂိုဏ်းပေါင်းစုံကာလဝယ် မြို့နယ်ဝိနည်းမိုရ်တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ရသည်။

ထူးခြားသည့်ဆောင်ရွက်ချက်များမှာ ပဋ္ဌာန်းစာဝါပြီးချိန်များ၌ မိမိရရှိထားသည့် ပစ္စည်းများကို စာလိုက်များအား မဲချလှုဒါန်းခြင်း။ ဆွမ်းခံဝတ်မှန်ကန်ခြင်း။ စာဝါပို့ချမှုကို လေးစားခြင်း။ ဝတ်တက်ဝတ်ကပ် မှန်ကန်ခြင်း။ ပဋ္ဌာန်းပါဠိတော်များ ရွတ်ဖတ်ပူဇော်ခြင်းများပင် ဖြစ်သည်။

ယင်းကဲ့သို့သော အတ္တ၊ ပရနှစ်အကျိုး သည်ပိုးထမ်းဆောင်နေစဉ် ပဋ္ဌာန်းဆရာတော်သည် သက်တော် (၆၀) သိက္ခာတော် (၄၀) မြောက်၊ ၁၃၅၁ ခု ဦးတန်းခူးလဆန်း (၁၃) ရက် (၁၈၊ ၄၊ ၈၉) အင်္ဂါနေ့ နံနက် (၆) နာရီတွင် ဘဝ နတ်နန်း ကြွမြန်းစံပျော်တော်မူ ခဲ့ပေသတည်း။

**************************************

Loading

Categories
ကရင်လူမျိုး ဗုဒ္ဓဘာသာ ရိုးရာဓလေ့ သမိုင်းရေးရာ

ကရင်ရာမာယဏကျမ်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဇွဲကပင်ခန်းမ၌ ကျင်းပ (၁၉၈၄-ခုနှစ်)

စာပေလောကတွင် စာပေဖခင်ဖြစ်တော်မူသော ကရင်ပြည်နယ် ဘားအံမြို့ ကမော့ကစင်ရွာသစ် တိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒန (မန်းနဲစံ – ဖားအံ) စာရေးဆရာပညာရှင်ကြီး ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါသည်။

ဆရာတော်သည် သီဟိုဠ်(သီရိလင်္ကာ) နိုင်ငံသို့ ဟိန္ဒီဘာသာ သက္ကဋဘာသာ ပါဠိဘာသာ ကျမ်းစာများကို ကျွမ်းကျင်တတ်မြောက်လိုသော ဆန္ဒတော်ဖြင့် (၄) နှစ်တိတိ ကြွရောက်လေ့လာသင်ကြားတော် မူသည်။

ဟိန္ဒီဘာသာဖြင့် ရေးသားသော ရာမာယဏဇာတ်တော်၏အဆိုအမိန့် ရည်ရွယ်ချက် လုပ်ဆောင်ချက်များကို တတ်ကျွမ်း နားလည် သဘောပေါက်သော ဆရာတော်တစ်ပါးဖြစ်သည်။ ဆရာတော်သည် ကုသိနာရာ သိန္ဒီဘာသာစာအုပ်နှင့် တစ်ခြား သောဟိန္ဒီဘာသာ စာအုပ်များကိုလည်း ဘာသာပြန်ထုတ်ဝေခဲ့ပြီး ထူးခြားရှားပါးသော ကျမ်းတတ်ပုဂ္ဂိုလ်ကျော် ဆရာတော်တစ်ဆူဖြစ်သည်။

ကရင်ပြည်နယ်သို့ ပြန်လည်ကြွရောက် သီတင်းသုံးတော်မူသည့်အခါ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ စောလှထွန်း က ဒါယကာ ခံယူပြီး ရှေးဟောင်းကရင်စာပေကို ပြန်လည်ပြု စုပေးနိုင်ရန် တောင်းပန်တော်မူခဲ့ပြီး ကရင်ရာမာယဏကျမ်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို (၁၃၄၅ – ခုနှစ်) (၁၉၈၄-ခုနှစ်)တွင် ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

ရင်းမြစ် ။ ။ တိုင်းရင်းသားများအခွင့်အရေး

Loading