နမတ္ထု ဝဇိရဉာဏိကဿ ဗုဒ္ဓဿ
ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇိရဗုဒ္ဓိဘိဝံသ မဟာထေရ်၏ ဘဝဖြစ်စဥ်မှတ်တမ်း (မြန်မာဘာသာ) ကျောက်စာ
(၁၂၈၃ – ၁၃၅၁)
မန္တလေးမြို့ ရွှေရေးဆောင်တိုက် (တိုက်နာယက) ရန်ကုန်ကျောင်းနေ ပဋ္ဌာန်းဆရာတော် ဆရာတော်လောင်းလျာကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီး၊ ရွာကိုင်းကောင်းရွာ၌ ဦးအေးပြိုင်၊ ဒေါ်ရင်တိုးတို့၏ ဝမ်းကြာတိုက်မှ ၁၂၈၃ ခု၊ တော်သလင်းလပြည့်ကျော် (၁၂) ရက် ဗုဒ္ဓဟူးနေ့ နံနက်(၁၀) နာရီတွင် ဖွားမြင်ခဲ့သည်။
၁၃ နှစ်အရွယ်တွင် နောင်ဘိုကြီးကျောင်းဆရာတော် ဦးပညာထံ၌ သာမဏေပြုခဲ့သည်။ သာမဏေအဖြစ် ဖြင့် ပဲခူးမြို့သို့ရောက်ခဲ့၍ မြို့မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ (အဘိဓဇ၊ မဟန ဥက္ကဋ္ဌ) ထံ၌ ပရိယတ္တိအခြေပြုစာပေများကို သင်ယူခဲ့သည်။
၁၃၀၂ ခု၊ တန်ခူးလဆန်း (၈)ရက်နေ့တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် ဆရာတော်ဦးပညာကိုပင် ဥပဇ္ဈာယ်လျက် သထုံခရိုင် ရင်းငြိမ်မြို့ ကျောက်လုံးကြီးကျောင်း ခဏ္ဍသိမ်၌ ရဟန်းအဖြစ်ရောက်ခဲ့သည်။
ထိုအခါမှစ၍ သထုံမြို့ ရင်းငြိမ်ဆရာတော်၊ သထုံမြို့လယ်ဝန်ဆရာတော်၊ ပဲခူးမြို့ မြို့မဆရာတော်၊ ခရမ်းမြို့ ကိုင်းကုန်းဆရာတော်၊ မန္တလေးမြို့တောင်ပြင် ထီးလင်းတိုက်မှ ဦးသူရိယာဘိဝံသ၊ ဦးပုညာနန္ဒာဘိဝံသ၊ ဦးသံဝရမာလာ ဆရာတော်များ၊ ရွှေရေးဆောင်တိုက်ဆရာတော် ဦးပဏ္ဏဝ၊ ဘုရားကြီးတိုက် ဆရာတော်ဦးနာရဒ၊ ဆရာတော်ဦးဥက္ကံသ၊ စစ်ကိုင်းတောင်ရိုး ပဋ္ဌာန်းသိပ္ပံဆရာတော် ဦးဣန္ဒက(အဂ္ဂမဟာပဏ္ဍိတ) တို့ထံ၌ နေ့ဝါညဝါ ပရိယတ္တိအထက်တန်းစာပေများကို နည်းခံသင်ကြားခဲ့သည်။
ပဲခူးမြို့ ဝိနယာဓိက (ငယ်၊ လတ်)၊ အစိုးရ (ငယ်၊ လတ်၊ ကြီး) တန်းများအောင်မြင်ခဲ့ပြီး ၁၃၁၅ ခု၌ စာချတန်းကို ဂုဏ်ထူးနှင့်တကွ အောင်မြင်၍ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ဘွဲ့ရရှိခဲ့သည်။ ၁၃၂၀ ခု၌ သကူသီဟ အသင်းမှ ဆက်ကပ်သော (ပရိယတ္တိသာသနဟိတ မူလဓမ္မာစရိယ) ဘွဲ့ကို ရရှိခဲ့သည်။
၁၃၁၄ ခုနှစ်မှ ၁၃၅၀ ပြည့်နှစ်တိုင် (၃၆) နှစ်တာကာလ ငယ်၊ လတ်၊ ကြီး နှင့် စာချတန်းစာဝါများကို ပို့ချခဲ့ သည်။ ယမိုက် (၁၀) ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို ကြိမ်ဖန်များစွာပို့ချခဲ့ပြီးလျှင် နွေရာသီပဋ္ဌာန်းကို အထူးစာဝါအဖြစ် ပို့ချခဲ့မှုကြောင့် ညဝါအကျော် ပဋ္ဌာန်းဆရာတော် အဖြစ်ထင်ပေါ်ခဲ့သည်။
စစ်ကိုင်းတောင်ရိုး ပဋ္ဌာန်းသိပ္ပံဆရာတော်၏နည်းကို မှီငြမ်းပြုလျှက် ယမကသင်္ခေပကျမ်းနှင့် ပဌာန နယသင်္ခေပ ကျမ်းများကို စီစဉ်ဖြန့်ချိပို့ချခဲ့သည်။ ပရိယတ္တိလုပ်ငန်းမှတပါး ပထမအကြိမ်ဂိုဏ်းပေါင်းစုံကာလဝယ် မြို့နယ်ဝိနည်းမိုရ်တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ရသည်။
ထူးခြားသည့်ဆောင်ရွက်ချက်များမှာ ပဋ္ဌာန်းစာဝါပြီးချိန်များ၌ မိမိရရှိထားသည့် ပစ္စည်းများကို စာလိုက်များအား မဲချလှုဒါန်းခြင်း။ ဆွမ်းခံဝတ်မှန်ကန်ခြင်း။ စာဝါပို့ချမှုကို လေးစားခြင်း။ ဝတ်တက်ဝတ်ကပ် မှန်ကန်ခြင်း။ ပဋ္ဌာန်းပါဠိတော်များ ရွတ်ဖတ်ပူဇော်ခြင်းများပင် ဖြစ်သည်။
ယင်းကဲ့သို့သော အတ္တ၊ ပရနှစ်အကျိုး သည်ပိုးထမ်းဆောင်နေစဉ် ပဋ္ဌာန်းဆရာတော်သည် သက်တော် (၆၀) သိက္ခာတော် (၄၀) မြောက်၊ ၁၃၅၁ ခု ဦးတန်းခူးလဆန်း (၁၃) ရက် (၁၈၊ ၄၊ ၈၉) အင်္ဂါနေ့ နံနက် (၆) နာရီတွင် ဘဝ နတ်နန်း ကြွမြန်းစံပျော်တော်မူ ခဲ့ပေသတည်း။
**************************************

