Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒဂါထာ (စကား) ။

။ မြတ်သောကုသိုလ်ပြုပါ။
။ ဖြူစင်သည့်မေတ္တာဘာဝနာပွားပါ။
။ ကျန်းမာရေးအရ အသားငါးစားခြင်း ရှောင်ပါ။
။ အာဟာရကို ရသတဏှာမဖြစ်ပါစေနှင့်။
။ မိမိကိုယ်ကို ကြည်ညိုပါ။
။ လူတိုင်းအတွက် မေတ္တာမပျက်ပါနှင့်။
။ ကာမဂုဏ်အာရုံ အထုံမများပါစေနှင့်။
။ စားဦးစားဖွယ်တွေကို မိဦးဖမြတ်တို့ကိုမမေ့နှင့်။
။ သင်နှင့်ကောင်းသည့်အရာကို ကျေးဇူးမကန်းပါနှင့်။
။ အချင်းချင်းမေတ္တာ မပျက်ပါနှင့်။
။ သက်ကြီးရွယ်အို ဘိုးဘွားတွေကို ကူညီဖို့မမေ့နှင့်။
။ မိဘစဉ်လာရိုးရာတွေကို ထိန်းသိမ်းဖို့လည်းမမေ့နှင့်။
။ အကျင့်မမြတ်ဘဲ မနေပါနှင့်။
။ စည်းစိမ်ကို စွန့်ကမ်းပေးလှူမြဲပါစေ။
။ မိမိကျန်းမာရေးကို သိထားပါစေ။
။ အားနေတဲ့ပါးစပ်ကို မေတ္တာပို့ဖို့ မပျင်းပါနှင့်။
။ မိမိဝမ်းဘိုက်ကို သုသာန်မဖြစ်ပါစေနှင့်။
။ အယူအမြင်မမှားပါစေနှင့်။
။ ဘာသာရေးထက် ကိုယ့်အရေးကို တွေးပါ။
။ လောကသံသရာအေးပါစေ ။

တောင်ကလေးဆရာတော်
(၁၀ .၄ .၂၀၁၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ ပိုက်ကွန်ပမာ ။

ပိုက်ကွန်ပမာ၊ ဤတဏှာသည်

ခန္ဓခရီးဆုံး မပြီးလျှင်

ပူမီးများစွာ ညှဉ်းတော့၏။

တောင်ကလေးဆရာတော်
(၃၀.၁.၂၀၁၅)

Loading

Categories
စကားလက်ဆောင် အနုသာသနီ ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်ပူဇော်ပွဲ

။ ချစ်မိတ်ဆွေ ။

ကြာမြင့်စွာ ခွဲခွါနေ
အိုချစ်မိတ်ဆွေ
ပြန်တွေ့ဆုံ ဝမ်းသာသလို
ကိုယ်ပြုထား ကုသိုလ်များ
ကိုယ် “ အား” ကြိုဆိုတယ်။

တောင်ကလေးဆရာတော် (တောမှီရဟန်း)
(၁၄-၄-၂၀၁၄)

Loading

Categories
စကားလက်ဆောင် အနုသာသနီ ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်ပူဇော်ပွဲ

။ ထွန်းလင်းပါ ။

ငယ်ရွယ်ချိန် မေ့နေလျှင်
ကြီးချိန်မှာ မမေ့နှင့်
တိမ်စင်ကင်း လမင်းလို
လောကကို ထွန်းလင်းပါ။

တောင်ကလေးဆရာတော် (တောမှီရဟန်း)
(၁၄-၄-၂၀၁၄)

Loading

Categories
စကားလက်ဆောင် အနုသာသနီ ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်ပူဇော်ပွဲ

။ အရွယ် ။

အရွယ်ရှိခိုက် အကျင့်မိုက်
မရလိုက် ဥစ္စာလို။
ငါးမရှိတဲ့ အိုင်ထဲလို
အတောင်ကျွတ်တဲ့ ကြိုးကြာလို
အရွယ်သုံးပါး မသိသား များများဒုက္ခပို။

တောင်ကလေးဆရာတော် (တောမှီရဟန်း)
(၁၄-၄-၂၀၁၄)

Loading

Categories
စကားလက်ဆောင် အနုသာသနီ ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်ပူဇော်ပွဲ

။ တစ်ယောက်တည်း ။

တစ်ယောက်တည်းနေ
တစ်ယောက်တည်းအိပ်
တစ်ယောက်တည်းသွား
တစ်စိတ်တည်းထား
တစ်ယောက်တည်းပျော်အောင်နေပါစေ။

တောင်ကလေးဆရာတော် (တောမှီရဟန်း)
(၁၄-၄-၂၀၁၄)

Loading

Categories
စကားလက်ဆောင် အနုသာသနီ ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်ပူဇော်ပွဲ

။ စိတ်​ ။

ဘာမဆို စိတ်ကသာ ပြဋ္ဌာန်းတယ်။
ဘာမဆို စိတ်ကသာ မြင့်မြတ်တယ်။
ဘာမဆို စိတ်ကသာ ပြီးစီးတယ်။

တောင်ကလေးဆရာတော် (တောမှီရဟန်း)
(၁၄-၄-၂၀၁၄)

Loading

Categories
စီးပွားရေး ဆောင်းပါး တောမှီရဟန်း နိုင်ငံရေး ပထဝီနိုင်ငံရေးနှင့်စီးပွားရေး အမျိုးသားရေး

မြန်မာတွေသတိထားစေ …

တောမှီရဟန်း

ကျောင်းသားထု သွေးနဲ့ရေးတဲ့မော်ကွန်း သူရဲကောင်းတို့ တိုင်းပြည်

မြန်မာသံတော်ဆင့်ဂျာနယ် (The Myanmar Herald)၊ အတွဲ(၂)၊ အမှတ်(၁)၊ စာမျက်နှာ ၂၉/၃၀ ပါ ဆောင်းပါးဖြစ်သည်။

၂ဝ၁၃ ခုနှစ်၊ ဒုတိယပိုင်းကာလတစ်ခုခုတွင် တရုတ်နိုင်ငံ အစိုးရပိုင် တရုတ်အမျိုးသား ရေနံကုမ္ပဏီ (C.N.P.C) က မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဖောက်လုပ်ထားသည့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိသော ရေနံပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ အရှေ့အလယ်ပိုင်း ဒေသမှ သင်္ဘောဖြင့် သယ်ဆောင်လာသည့် ရေနံစိမ်းများ ပို့ဆောင်တော့မည်ဖြစ်သည်။ ဤပိုက်လိုင်းမှတစ်ဆင့် တစ်နှစ်လျှင် ရေနံတန်ချိန် သန်း ၂ဝ မျှ တင်ပို့နိုင်မည်ဖြစ်သည်။

ရည်ညွှန်း = (အတွဲ ၂၊ အမှတ်(၂၄)၊ အင်္ဂါနေ့။ မဇ္ဈိမ လွတ်လပ်သော သတင်းဂျာနယ်။ စာမျက်နှာ ၂၀ – ဆောင်းပါး) 

ယနေ့ နိုင်ငံတကာ စီးပွားရေးလောကမှာ အလျင်အမြန် ကြိုးစားအားထုတ်နေကြတယ်။ သူ၊ ငါဦးအောင် နှိုက်ကြ၊ လိုက်ကြလို့ လိုဘတွေများပြီး ကိုးရိုးကားရား ဖြစ်သွားကြတဲ့ တိုင်းပြည်တွေ သနားစရာပါပဲ။ လူဦးရေ သန်းပေါင်းတစ်ထောင် ကျော်ရှိကြတဲ့ တရုတ်နဲ့ အိန္ဒိယတို့ဟာ အိန္ဒိယသမုဒ္ဒရာထဲက စီးပွားရေးကစားပွဲတွေ လုပ်နေကြတယ်။

ဒါတွေမက တောင်တရုတ်ပင်လယ်ထဲမှာ ရှိနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တူးဖော်မှုလုပ်တော့ တရုတ်နိုင်ငံက ဒေါသတကြီး အမျက်တွေထပြနေတယ်။ ဒီအတွက်ကြောင့်လား မသိ။ တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ထဲ စီးပွားရေးလုပ်နေတဲ့ အိန္ဒိယကို ပထမက ရာဇသံ၊ ဒေါသနဲ့ပေါ့။ နောက်တော့ မြန်မာပြည်၊ ဖြတ်သန်းမယ့် ပိုက်လိုင်းကိစ္စ ပေါ်လာတဲ့အခါ တရုတ်အစိုးရက လေသံတွေ ပျော့ပျောင်းပြီး ပြောင်းလာတယ်။ ဗီယက်နမ် ကမ်းလွန်ပင်လယ်ပြင်နေရာအချို့မှာ အိန္ဒိယအစိုးရပိုင် ကုမ္ပဏီကြီး ရေနံရှာဖွေမှုအပေါ်ကိုလည်း တရုတ်အစိုးရက အလွန်အမင်း မနှစ်သက်ချင်လှပါဘူး။

ဒါပေမဲ့ တရုတ်နဲ့ အိန္ဒိယနှစ်ခုရဲ့ ကြားမှာနေတဲ့ မြန်မာကတော့ အပူအပင်မရှိဘဲ အေးအေးလေး နဲ့ ပြုံးပြုံးလေးလို နေကြတယ်။ အံ့ဩစရာပါ။

မြန်မာနဲ့ တရုတ် သွယ်တန်းတဲ့ ရေနံပိုက်လိုင်းလမ်းကြောင်းဟာ – 

၁။ မြန်မာပြည်ဘက်က

(က) ကျောက်ဖြူ (ရခိုင်ပြည်နယ်)
(ခ) မကွေး 
(ဂ) ကျောက်ပန်းတောင်း
(ဃ) ကျောက်ဆည်
(င) မန္တလေး
( စ ) ပြင်ဦးလွင်
(ဆ) သီပေါ
(ဇ) နမ္မတူ
(စျ) နမ့်ခမ်း
(ည) ရွှေလီ (မြန်မာ)

၂။ တရုတ်ပြည်ဘက်

(က) ရွှေလီ (တရုတ်)
( ခ ) ကူမင်း (တရုတ်)
(ဂ) နမ့်နင်း (တရုတ်) အထိ ဆုံးမယ်။

အားလုံးစုစုပေါင်း ကီလိုမီတာ ၉၀၀ ရှိတယ်။ ကီလိုမီတာ ၉ဝဝ မျှ ရှည်လျားတဲ့ ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းလုပ်တဲ့အချိန်မှာ (၂၀၁၂ ခုနှစ်အတွင်းက)

(၁) လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ
(၂) မြေယာသိမ်းမှုတွေ
(၃) မလောက်မဝ လျော်ကြေးပေးမှုတွေ
(၄) ဆိပ်ကမ်းအနီး ပြည်သူများ မကျေနပ်မှုတွေ

အမျိုးမျိုးရှိနေ၊ ဖြစ်နေပေမယ့် ယနေ့တိုင် နေ့နေ့ညည လုပ်နေဆဲပါပဲ။

ယနေ့ တရုတ်ပြည်စီးပွားရေးဟာ အပြည်ပြည်ဆိုင်ရာ အားလုံးကို လွှမ်းမိုးနိုင်အောင် နည်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ နည်းပညာလုံလောက်မှု မရှိသေးပါဘူး။ စီးပွားရေး အလွန်အမင်း ကြိုးစားနေတာကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အခက်အခဲတော့ ရှိလာနိုင်စရာပါ။ အဲဒီအခက်အခဲက လျှပ်စစ်ပိုင်းဆိုင်ရာ အခက်အခဲပါပဲ။ ဒီအခက်အခဲကို ကြိုတင် တားတဲ့အနေနဲ့ ရေနံတင်သင်္ဘောတွေ ဘင်္ဂလားပင်လယ်အော် လမ်းကြောင်းကို လွှဲပြီး မြန်မာပြည်ကမ်းခြေကနေတစ်ဆင့် တင်ပို့ဖို့အတွက် ဒီရေနံပိုက်လိုင်းကြီးကို အသုံးပြုနေတယ်လို့ ပညာရှင်တွေက ခန့်မှန်းကြတယ်။

အဲဒီခန့်မှန်းချက်ဟာ မလွဲပါဘူး။ မြန်မာပြည်ဟာ တရုတ်နဲ့ အိန္ဒိယ မကင်းနိုင်တာမှန်ပေမယ့် အဲဒီနိုင်ငံတွေရဲ့ ငွေနဲ့ မြန်မာတွေ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်း များများစားစား ရင်းနှီးမှုမလုပ်ရခဲ့ပါဘူး။ ယခု အစိုးရသစ်လက်ထက်မှာတော့ ပူးကပ်လုပ်နေတာ အချို့ တွေ့နေရပါတယ်။ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်၊ စီးပွားရေးအရပဲဖြစ်ဖြစ် အကျိုးတူလုပ်ငန်းတွေလုပ်ဖို့ စဉ်းစားနေကြတာတွေ ရှိနေတာတော့ အမှန်ပါပဲ။

တရုတ်နဲ့ အိန္ဒိယစီးပွားရေးအစီအစဉ်တွေကို လေ့လာကြည့်ရင် အားရစရာဘာတစ်ခုမှ မရှိပါဘူး။ အထောက်အပံ့ ကူညီပေးကြမယ်ဆိုပေမယ့် မလောက်မင ဆိုစလောက်လေးသာ။ ဒါဆိုရင် မြန်မာတွေ ဘယ်တိုင်းပြည်က အကူအညီနဲ့ လက်တွဲလုပ်ဖော်ရကြမလဲ။ စက်မှု ပိုင်ဆိုင်ထားပြီးသား လူတွေနဲ့ပေါင်းလို့ နည်းပညာ ငါတို့ရကြမလား။ အလကားဆို၍ မရှိပါ။ ဥရောပနိုင်ငံတွေနဲ့ပေါင်းပြီး မြန်မာတွေ အလုပ်လုပ်ကြမလား။ အမျိုးမျိုးစဉ်းစားကြည့်ပါ။ ထိုးကွက်၊ လှည့်ကွက်များတဲ့ ခုခေတ် စီးပွားရေးခေတ်ဟာ နောက်ပြန်မဆုတ်တဲ့ စီးပွားရေးလောက ထဲကို ရောက်ဖို့ မြန်မာတွေ ကြိုးစားရဦးမယ်။

တရုတ်ရဲ့ စီးပွားရေးကို အားကိုးရနိုးနိုးနဲ့ မြန်မာတွေ ခါးကျိုးနေကြတာများလှပါပြီ။ အရှေ့မျှော်ဝါဒီသမားနဲ့လည်း ဒီအတိုင်းပါပဲ။ ဒါဆိုရင် တို့မြန်မာတွေ ဘာလုပ်ဖို့ စဉ်စားနေကြသလဲ။ ယနေ့ မြန်မာပြည်သားတွေအားလုံးဟာ မိမိအမြင်ကို ရဲရဲတွေး၊ ရဲရဲလုပ်၊ ရဲရဲစွန့်စားကြရဲ့လား။ လက်ရှိအစိုးရအဖွဲ့ အစည်းကိုလည်း စုပေါင်းဝိုင်းဝန်းဖြည့်ဆည်းပေးကြရဲ့လား။ အားပေးကြရဲ့လား။ ပြည်သူပြည်သား ပါမလာရင် ဒီတိုင်းပြည်ဟာ သာယာလာမယ်လို့ရော ထင်သလား။ အစိုးရချည်း သက်သက် အားကိုးလို့ ရမလား။ ပြည်သူတွေကူညီမှ အစိုးရလည်း သက်သာမှာ ဖြစ်မယ်ဆိုတာ သိစေချင်ပါတယ်။ 

အရှင်တို့တိုင်းပြည်ဟာ သူတစ်ပါးလုပ်ကျွေးတဲ့ တိုင်းပြည်မဖြစ်အောင် ကြိုးစားအားထုတ် ဆောင်ရွက်ကြရမယ်။ နေရာတကာမှာ ပြည်သူတွေ လုပ်ကြရမှာပါ။ အခြားတိုင်းပြည်က လူတွေ ငါတို့တိုင်းပြည်ကို ကြီးပွားတိုးတက်အောင် လုပ်မပေးကြပါဘူး။ စီးပွားရေး လာရောက်တူးဖြို၊ သယ်ဆောင်သွားမယ့် သူတွေပါ။ 

အခုဆိုရင် စီးပွားဖြစ်လုပ်ငန်းတွေ နိုင်ငံတကာက လာရောက်လေ့လာနေကြပါပြီ။ လေ့လာရေး အစီအစဉ်နဲ့ သူတို့ အချိန်ယူနေကြပါပြီ။ သူတို့ လေ့လာနေတဲ့အချိန်မှာ အရှင်တို့ မြန်မာပြည်သားတွေဟာ အရင်းအနှီး များများစားစား ရှိဖို့လိုတယ်။

ဒီတိုင်းပြည်ထဲကို ဝင်ရောက်လုပ်ကိုင်လိုတဲ့သူတွေ အများကြီးပါ။ စီးပွားရေးဆိုတာ မလုပ်မီ (မလုပ်ခင်) အရင်ဦးဆုံး လေ့လာရပါတယ်။ လေ့လာမှုပြုလုပ်ပြီးမှ လုပ်ငန်းကို လုပ်ရပါတယ်။ မလေ့လာဘဲလုပ်ရင် ဘာမှ အဆင်မပြေနိုင်ပါ။

မကြာမီ ၂၀၁၅ ခုနှစ်ရောက်တော့မယ်။ အာဆီယံ အလှည့်ကျလုပ်ငန်းလည်း တာဝန်ယူကြရတော့မယ်။ မြန်မာပြည်ဟာ စီးပွားရေး အခွန်ကြေး၊ အကောက်ကြေးတွေ ပုံစံ ပြောင်းလဲတော့မယ်။ အဲဒီအခါကျရင် မြန်မာပြည်တွင်းထဲမှာ အမျိုးမျိုးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံကြမယ်။ အဲဒီအချိန်ကျရင် မြန်မာတွေ လုပ်ငန်းရှင်ဖြစ်ဖို့ လိုတယ်။ အလုပ်သမားမဖြစ်ဖို့ လိုတယ်။ ဒီသတိပေးတဲ့စကားဟာ နောက်မကြာ မြန်မာတွေ ခံစားကြရတော့မယ်။ အရှင်တို့ အနီးအနားမှာရှိတဲ့ တိုင်းပြည်အချို့ဟာ အဲဒီခံစားရမှုတွေ သူတို့တွေ လက်တွေ့ ခံစားနေကြရပါပြီ။ အစက ကိုယ်တော်သလိုလိုနဲ့ နောက်ဆုံး ကူလီဖြစ်သွားတဲ့သူတွေ အများကြီး တွေ့ ရတယ်။

မြန်မာတွေ အဲဒီလိုမဖြစ်ရအောင် ပိုင်ဆိုင်မှုတွေ ထိန်းသိမ်းပါ။ မြေယာတွေ အရမ်းကာရော မရောင်းပစ်သွားပါနဲ့။ ငွေရှင်၊ ကြေးရှင်လက်ထဲမှာ မြေယာတွေရောက်သွားရင် တစ်ပြည်လုံး ကျွန်ပြုခြင်းခံရမယ်။ အထူးသဖြင့် မြန်မာတွေ မြေယာကို ငွေကြေးများပြားတဲ့လူတွေလက်ထဲ မရောက်ဖို့ ခြိုးခြံပြီး နေစားကြပါ။ အရှင်တို့ တိုင်းပြည်ဟာ လူ့အရင်းအမြစ် ပြည့်စုံပြီးသားပါ။ စက်မှုပစ္စည်းဆိုင်ရာ အရင်းအမြစ်သာ အားနည်းနေတာပါ။ နည်းပညာတတ်မြောက်လာရင် အဆင်ပြေသွားမှာပါ။ အလွန်တိုးတက်တဲ့ တိုင်းပြည်တွေကို အားမကျပါနဲ့။ အကျနာတတ်တယ်။ ဖြည်းဖြည်းလုပ်ကြပါ။ ယခု လက်ရှိအစိုးရတွေကိုလည်း မပစ်ပယ်ကြပါနဲ့။ 

ပြည်သူတွေ ဖြစ်ချင်တာတွေကို အစိုးရအဖွဲ့အစည်းတွေကလည်း လိုက်ပြီးလုပ်ပေးပါ။ အားပေးပါ။ စောင့်ရှောက်ပေးပါ။ ပြည်သူတွေကလည်း အစိုးရအပေါ်ချည်း သက်သက်အမြင် မစောင်းကြပါနဲ့။ ပြည်သူလိမ္မာမှ အစိုးရသက်သာမယ်။ ပြည်သူတော်မှ အစိုးရတော်မယ်။ အစိုးရ အဖွဲ့အစည်းဆိုတာ ပြည်သူ့ကို အထောက်အပံ့ပြုပေးတဲ့ အဖွဲ့အစည်းပါ။ ပြည်သူသာ အခရာပါပဲ။ 

အကယ်၍ ပြည်သူက မသိ၊ မလိမ္မာရင် အစိုးရက ပြည်သူ့အတွက် ကာကွယ်ထိန်းသိမ်းပေးရမယ်။ အစိုးရအလုပ်ကို ပြည်သူတွေက လိုက်ပြီး လုပ်ဖို့မလို။ ပြည်သူအလုပ်ကို အစိုးရက လိုက်ပြီး လုပ်ပေးရမယ်။ ခေတ်အဆက်ဆက်က အစိုးရဟာ လုပ်ချင်တဲ့အလုပ်ကို လူထုတွေကို ခိုင်းတယ်၊ စေတယ်၊ လုပ်ခိုင်းတယ်။ မအောင်မြင်ရင် လူထုကို ညှဉ်းဆဲတယ်။ ခုခေတ် အစိုးရလုပ်တဲ့သူတွေ ပြည်သူတွေကို အထောက်အပံ့ ပေးဖို့ မမေ့သင့်ပါ။ လူထုတွေကလည်း ဘာလုပ်လုပ် တရားဥပဒေနဲ့ အလုပ်လုပ်ရမယ်။ ကိုယ်၊ စိတ်ဆင်းရဲခြင်း မရောက်အောင်လုပ်ရမယ်။

အရှင်တို့ ပြည်သူတွေဟာ မသင့်၊ မတော်၊ မလျော် တဲ့နေရာတွေမှာ မနေထိုင်ကြဖို့ လိုတယ်။ မြင်မကောင်း၊ ရှု၊ မကောင်းတဲ့နေရာတွေမှာနေရင် ကျန်းမာရေး၊ စိတ်ဓာတ်၊ စရိုက်တွေ ပျက်ပြားလာတတ်တယ်။ အစိုးရဖြစ်တဲ့ အဖွဲ့အစည်းက ပြည်သူတွေနေထိုင်ကြရတဲ့ အခြေအနေတွေကို ကြည့်ပြီး စောင့်ရှောက်၊ ထိန်းသိမ်း၊ ကယ်တင်ပေးဖို့ လုပ်ရမယ်။ လွယ်လွယ်ယူ၊ လွယ်လွယ်ရ၊ လွယ်လွယ်လုပ်တဲ့ အလုပ်တွေကို မလုပ်ကြဘဲ စည်းကမ်းနဲ့လုပ်တဲ့ အလုပ်တွေကို ပြည်သူတွေ လုပ်ဖို့လိုအပ်တယ်။

အရှင်တို့ဟာ ဥပဒေကို အလွန်ရိုသေရမယ်။ လိုက်နာရမယ်။ မိမိတစ်မျိုးသားလုံး အဆင့်အတန်း မြင့်မားလာဖို့ ပညာရေးကို လေးစားမြတ်နိုး တန်ဖိုးထားရမယ်။ လူနဲ့တန်တဲ့နေရာ၊ အစားအစာ၊ အဝတ်အစားတွေကို ပြင်ဆင်၊ နေထိုင်၊ သုံးဆောင်ရမယ်။ သတိတရား အားကောင်းအောင် မမေ့မလျော့ဘဲ နေရမယ်။ ထင်တိုင်းမကြဲရ။ အများ အထင်သေးစရာတွေ မလုပ်ရ။ တကယ်တော့ ပြည်သူဟာ အခရာပါပဲ။ ပြည်သူဆိုးရင် အစိုးရလည်း တတ်နိုင်မှာ မဟုတ်သလို၊ ပြည်သူမိုက်ရင် အစိုးရလည်း မတတ်နိုင်ပါဘူး။

မြန်မာပြည်ဟာ ချမ်းသာကြွယ်ဝတဲ့သူတွေ အများကြီးပါ။ ရိုးရိုးသားသား ကြိုးစားလို့ အောင်မြင်ကြီးပွားတဲ့သူတွေ နည်းပါးပါတယ်။ အလွန်ချမ်းသာတဲ့သူတွေဟာ ဒုစရိုက်တရားနဲ့ ကင်းတဲ့သူတွေ နည်းပါးပါတယ်။ အစိုးရအဖွဲ့အစည်း၊ အခြားသော အစိုးရဦးစားပေးတဲ့ အဖွဲ့အစည်းတွေနဲ့ ပေါင်းစား၊ လုပ်စားကြလို့သာ ချမ်းသာနေကြတာပါ။ အစိုးရအဖွဲ့အစည်းထဲကို ရောက်တဲ့သူတွေလည်း ရတဲ့လစာနဲ့ မိဘဘိုးဘွားပိုင်ဆိုင်တဲ့ အမွေနဲ့ပေါင်းရင် ငွေကြေးမများပါဘူး။

ဒါပေမဲ့ ရာထူး၊ အာဏာ၊ အရှိန်နဲ့ လုပ်လို့ ပိုင်ဆိုင်မှုတွေကို ကြည့်လိုက်ရင် ပြည်သူတွေကို အားနာဖို့ကောင်းတယ်။ မတော်မတရားနဲ့ ရတဲ့စည်းစိမ်ဟာ မိသားစုကို လုပ်ကျွေးရင်၊ လုပ်ကျွေးသူ၊ စားသုံးသူတွေ အပြစ်မရနိုင်ဘူးလို့ မထင်နဲ့။ သံသရာဝဋ်ကြွေးဟာ လုပ်တဲ့ သူပဲ ခံရမှာပါ။

ယနေ့ မြန်မာတွေဟာ မိသားစုအလိုက် ရုန်းကန်နေကြရပြီး ပညာမတတ်မြောက်ကြလို့ အလုပ်ကို အမျိုးမျိုး လုပ်ကြရတယ်။ “လူမှန်ရင်အလုပ်လုပ်ကြရမယ်” ဆိုပေမယ့် လူနဲ့ တူတန်တဲ့အလုပ်ကိုပဲ လုပ်သင့်တယ်။ တစ်ခါတလေ လူတွေဟာ မလိုအပ်ဘဲနဲ့ ပိုလုပ်တာတွေ လုပ်ကြရတော့ ဒဏ်တွေ ပိလာတယ်။ အဲဒီဒဏ်တွေကြောင့် တဖြည်းဖြည်း ကြောက်လာတယ်။ အလုပ်လုပ်ရမယ်ဆိုရင် ပိုကြောက်လာကြတယ်။

ဒဏ်ကြောက်တဲ့ သတ္တဝါဖြစ်သွားရင် အလုပ်ကိုလုပ်ဖို့ (လုပ်ပါလို့) တောင် မလုပ်ရဲဘဲ ဖြစ်ကြတယ်။ ဒီနေ့ မြန်မာပြည်မှာလည်း နိုင်ငံရေးအလုပ် လုပ်ကိုလုပ်ကြပါ (လုပ်ကြဖို့) လို့ တိုက်တွန်းနေရင်တောင်မှ လုပ်လိုတဲ့သူတွေ ရှားပါးသွားမယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးအလုပ်ဒဏ် ထိထားလို့ပါပဲ။ 

နိုင်ငံရေးကိုလုပ်လို့ နိုင်ငံရေးအလုပ်ဒဏ် ထိသွားတာတော့ ရှားပါးပါတယ်။ နိုင်ငံရေးအလုပ်ထဲက မဟုတ်ဘဲ နိုင်ငံရေးနဲ့ နွှယ်တဲ့၊ အပြစ်ဒဏ်မကင်းတဲ့ အလုပ်နဲ့တွဲမိ လုပ်ကိုင်မိတာကြောင့် နိုင်ငံရေးအလုပ်ဒဏ် ရသွားကြတယ်။ ဒီအဖြစ်မျိုးဟာ ကမ္ဘာပေါ်မှာ ရေတွက်လို့ မကုန်ပါဘူး။ မြန်မာပြည်မှာလည်း နည်းနည်းနောနောလား။ အများကြီးပါပဲ။ ခုချိန်ခါမှာ မြန်မာပြည်နိုင်ငံရေး တံခါးတော့ ပွင့်လာပြီလို့ ဆိုကြပေမယ့် တကယ့်နိုင်ငံရေးအချုပ် တံခါးကတော့ မပွင့်လာသေးပါဘူး။ ရှင်းရှင်းလင်းလင်း ပွင့်လာမှာလည်း မဟုတ်ပါဘူး။

လူထုတွေကတော့ နိုင်ငံရေးတံခါး ပွင့်ပြီလို့ မထင်ကြပါဘူး။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးကို အကြောင်းပြပြီး ပါတီပေါင်းစည်းရေး၊ လူထုကို လိုက်လံဖားရေးနဲ့ပဲ လုပ်နေကြတာပါ။

တကယ်လူထုနားလည်တဲ့ နိုင်ငံရေးကို မြန်မာ့နိုင်ငံရေးမှာ လူထုတွေ တွေ့ချင်နေပြီဆိုကြပေမယ့် နိုင်ငံရေးကိုလုပ်တဲ့ နိုင်ငံရေးဆရာတွေဟာ အိုမင်းရင့်ရော်နေကြပြီး အဆုံးအမ သြဝါဒလေးတောင်မှ မပေးနိုင်တော့တဲ့အဖြစ်ကို ရောက်သွားကြပါပြီ။ ယိုင်လဲနေတဲ့ မြန်မာ့နိုင်ငံရေးကို ကလေးတွေကို လက်ဆင့်ကမ်းဖို့ နိုင်ငံရေးကျောင်းကလေး တစ်ကျောင်းတောင်မှ မဖွင့်လှစ်ပေးနိုင်ကြတဲ့ အစိုးရတွေက သတိလေးထားမိကြမယ် မထင်ပါဘူး။

အိမ်နီးနားချင်း တိုင်းပြည်တွေက ကျောင်းဆိုရင် အမျိုးမျိုးပါပဲ။ ဝါသနာရှိသလို (ကြိုက်သလို) ဘယ်ပညာကြိုက်ကြိုက် သင်ယူလေ့လာ နိုင်ကြပါပြီ။ အဲဒီလို သူတို့တွေ ပညာအမျိုးမျိုး သင်ယူနိုင်ကြတာကို ကြည့်လိုက်ရင် အရှင်တို့မြန်မာပြည်မှာ “ပုရွက်ဆိတ်ညို ကိုက်လို့ လမ်းမှာ ထိုင်ငိုရတဲ့အဖြစ်တွေ မဖြစ်ချင်ကြတော့ပါဘူး။ မြန်မာပြည်ထောင်စု တိုင်းပြည်မှာ ပညာတတ်၊ ထူးချွန်ထက်မြတ်တဲ့ ပုဂ္ဂိုလ်တွေ အထင်အရှား ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာကသူတွေ လေးမြတ်ကြည်ညိုခံရတဲ့ ပုဂ္ဂိုလ်တွေရှိခဲ့တဲ့ ဒီတိုင်းပြည်ကို မြန်မာတွေ ပိုမိုနားလည်ထားသင့်ပါတယ်။

ခေတ်စနစ်အဆက်ဆက်က နိုင်ငံရေးအမည်းစက်တွေကြောင့် ရှည်လျားခဲ့တဲ့ အာဏာရှင်စနစ်ကြီးက ဒီတိုင်းပြည်ကြီးကို နည်းပေါင်းစုံ အုပ်ချုပ်လာခဲ့ပေမယ့် မကြောက်တတ် မရွံ့တတ်တဲ့ မြန်မာပြည်သူတွေရဲ့ သတ္တိလုံ့လအားဟာ ထူးခြားလှပါတယ်။ ဒီထူးခြားမှုကို မြန်မာက ပို၍နားလည်ကြပါတယ်။

မှန်ပါပြီ။ အရှင်တို့ဟာ ရှေ့ဆက်ပြီး နိုင်ငံအကျိုးကို ဘယ်လိုသယ်ပိုးအားထုတ်ကြိုးစားကြမလဲ။ နေခါးခါးကြားက ကြိုးစားရုန်းထွက်လာကြလို့ အေးမြတဲ့ ဘဝရောင်ခြည်အအေးက သတ္တိဓာတ်တွေ ရလာကြတဲ့ အရှင်တို့ မြန်မာတွေ အားလုံး ဟာ အစေးဓာတ်အားကောင်းတဲ့ နိုင်ငံနှစ်ခုရဲ့ကြားက (မှာ) စုပေါင်းပြီးတော့ လွတ်လွတ်လပ်လပ် ရုန်းထွက်ကြရမယ်။ လွတ်လပ်တဲ့ မြန်မာပြည်၊ ထူးမြတ်တဲ့ မိဘဘိုးဘွားတွေရဲ့ တည်ထောင်ဖန်ဆင်းပေးထားကြတဲ့ အရှင်တို့ တိုင်းပြည်ကြီးကို အမှားလမ်း ဖယ်ရှားပေးထားတဲ့ မိမိကိုယ်ပိုင်ဉာဏ်နဲ့ မြန်မာ့ နိုင်ငံရေးလမ်းစဉ်ကို ခင်းထားပေးကြရမယ်။ နိုင်ငံရေး မရင့်ကျက်လို့ မကောင်းသတင်း ထွက်ထားကြပေမယ့် အနာဂတ် မြန်မာ့နိုင်ငံရေး အတွေးအခေါ်ရှင်တွေ ဖြစ်ပေါ်အောင် ကြိုးစားအားထုတ်ကြရမယ်။ အရှင်တို့ တိုင်းပြည်မှာ အမျိုးကောင်းသား များစွာပေါ်ထွက်ဖို့လိုတယ်။ အမျိုးကောင်းသားများများ ဖြစ်ထွန်းပေါ်ပေါက်ရင် 

(၁) လူအားလုံးတို့၏ အကျိုးစီးပွား
(၂) မိဘတို့၏ အကျိုးစီးပွား
(၃) သား၊ မယားတို့၏ အကျိုးစီးပွား
(၄) အလုပ်သမားတို့၏ အကျိုးစီးပွား
(၅) မိတ်ဆွေတို့၏ အကျိုးစီးပွား

စတဲ့ အကျိုးစီးပွားချမ်းသာခြင်းအတွက် ဖြစ်တယ်ဆိုတဲ့ အဆုံးအမစကားတွေ လမ်းညွှန်ချက်ရှိခဲ့တယ်။ 

ဒီ အဆိုစကားဟာ အရှင်တို့ မေ့ပစ်လို့ မရပါ။

အရှင်တို့ရဲ့ ဘဝဖြစ်စဉ် (တိုင်းပြည်ဖြစ်စဉ်) ဟာ အလွန်ကြမ်းတမ်းလှပါတယ်။ ကြမ်းတမ်းခက်မာတဲ့ လူမှုဘဝဖြစ်စဉ်ကို တွေးမိလိုက်ရင် အခြေခံဒီလိုဖြစ်လာခဲ့ရတဲ့ တရားခံက အရင်းစစ်ရင် အရှင်တို့ရဲ့ အားနည်းချက်ကြောင့်ပါပဲ။ ဒီအားနည်းချက်ကို အကြောင်းပြပြီး တိုင်းပြည်ထဲမှာ ထွက်တဲ့ သယံဇာတတွေ၊ အဖိုးတန်ပစ္စည်းတွေ အမျိုးမျိုးကို ပတ်ကွက်၊ လှည့်ကွက် အမျိုးမျိုးနဲ့ ရောင်းသွားကြရတဲ့ ပစ္စည်းတွေ နှစ်ပေါင်းနှစ်ရာ ကျော်တိုင်ခဲ့ပါပြီ။

မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ ကောင်းကင်ပါမကျန် နှိုက်စား၊ လှိုက်စား၊ ဝှိုက်စား၊ ဖက်စားခြင်း ခံရတဲ့ မြန်မာ့သယံဇာတ ပစ္စည်းတွေဟာ အရင်းစစ်ရင် (ဒုတိယအရင်းစစ်ရင်) အရှင်တို့တွေ ဆင်းရဲနေလို့ပါပဲ။ 

ဒီတစ်ခါတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ရေနံဓာတုပစ္စည်းတွေ ကုန်လောက်ပြီလို့ ထင်ပါရဲ့။ မြန်မာပြည်မြေပုံကို ကြည့်ရင် ဖြတ်ကျော်တဲ့ ပိုက်လိုင်းဟာ (မြန်မာ့မြေပုံဟာ) အပိုင်းနှစ်ပိုင်း ဖြစ်သွားသလိုပါပဲ။ မြန်မာတွေ သတိထားစေ။

တောမှီရဟန်း

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၄)

ချစ်ကြည်ရင်းနှီးတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ မေတ္တာတရား ရှိရမယ်။ နောက်ကြောင်းတွေးတဲ့ နိုင်ငံရေးလူ့အဖွဲ့အစည်းတစ်ခုမှာ – 

(၁) အမှန်တရား (Truth) 
(၂) အကြမ်းမဖက်မှု (Non – Violence) ရှိရမယ်။

မြန်မာပြည်ကို စည်းကမ်းသေဝပ်ပြီး ကျင့်ဝတ်သိက္ခာ တရားကောင်းနဲ့ တည် ဆောက်သွားကြဖို့ လိုအပ်တယ်။ မြန်မာ့နိုင်ငံရေးအတတ်ပညာဟာ ရဲရင့်မှု အားနည်းတယ်။ ခေတ်ဟောင်းက ပါလာတဲ့ အမူအကျင့်တွေကြောင့် နောက်ကြောင်းတွေးတဲ့ နိုင်ငံရေးတွေ လုပ်နေကြတယ်။ ရှုပ်ထွေးတဲ့ အမူအကျင့်ပါတဲ့ အတွေးမျိုးတွေ တွေးပြီး ကောင်းတဲ့အာရုံတွေ ဖျက်ဆီးပစ်ကြတယ်။

အရှင်တို့ဟာ နိုင်ငံရေးကို မတွေးဘဲ နေလို့မရပါ။ အဘက်ဘက်မှ ပါဝင်တဲ့ ပညာရေးဟာ နိုင်ငံရေးပါပဲ။ နိုင်ငံရေးကို ကြောက်လို့ ဘေးမှာထိုင်နေလို့ မရပါ။ နေ့စဉ် နေ့တိုင်း ကြံစည်စိတ်ကူးမှုတွေအားလုံးဟာ နိုင်ငံရေးပါ။ အရှင်တို့ဟာ ဘယ်လိုစိတ်ထားမျိုးကို ထားပြီး ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိနေပါတယ်။ လိမ်လို့မရပါ။ စိတ်ဆိုတဲ့ (သဘာဝ)သဘောဟာ အကောင်းဘက်ကို ပြောင်းပေးနိုင်ပါတယ်။ (ဘာဝနာ ပွားပြီး ပြောင်းလဲခြင်း) မေတ္တာစိတ်၊ ဒေါသစိတ် စတဲ့စိတ်တွေကို ဘယ်လိုအကျိုးမျိုးတွေ ပေးတတ်သလဲ ဆိုတာလည်း သိကြပါတယ်။ အသိတရားဆိုတာ ယေဘုယျအားဖြင့် အကောင်း၊ အဆိုးတရားတွေနဲ့ အမြဲ ထိတွေ့ခံစားရတယ်။ ခံစားမှုဆိုတာ ဖျက်ဆီးပစ်လို့ ရပါတယ်။

လွှတ်တော်အသံ

အရှင်တို့ရဲ့ တိုင်းပြည်ဟာ နိုင်ငံရေး ရည်ရွယ်ချက်ပန်းတိုင် ရှိပါသလား။ ရှိရင် ဘယ်ပန်းတိုင်ကို ရည်ရွယ်ချက်ထားတယ် ဆိုတာကိုကော ပြည်သူတွေ သိကြရဲ့လား။ စံထား၊ စံနှုန်း ဘယ်လိုထားခဲ့တယ် ဆိုတာကော ပြည်သူတွေသိရဲ့လား။ ငါတို့ပြည်သူတွေဟာ ခံစားတတ်တဲ့ ပြည်သူဖြစ်တယ် ဆိုတာ သိထားရမယ်။ နိုင်ငံရေးအာဏာကို လုပ်ချင်တိုင်း လုပ်လို့မရပါ။ ပြည်သူရဲ့ အကျိုးကောင်းမပါဘဲ ဥပဒေ ပြဋ္ဌာန်းပိုင်ခွင့် မရှိပါ။ မြန်မာ့နိုင်ငံရေး မြင်ကွင်းဟာ ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ လွှတ်တော်မှာ များသောအားဖြင့် ရေငုံနှုတ်ပိတ်နေကြတယ်။ ပြည်သူ့အသံ လွှတ်တော်အသံ ဖွင့်ထားတာ ကြောင့် လွှတ်တော်မှာ ထွက်လာတဲ့အသံဟာ ပြည်သူ့အတွက် အကျိုးကျေးဇူးများဖို့ လိုတယ်။ 

ဟုတ်မှန်မှုတွေကို ဖော်ထုတ်ပြသတဲ့နေရာ

လွှတ်တော်ရောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ ပြည်သူတွေ ခံယူထားကြတဲ့ အမှန်တရားကို ဖျောက်ဖျက်ပစ်လို့ မရပါ။ နိုင်ငံရေးဇာတ်ခုံပေါ်မှာ အနှစ်အသားပါတဲ့ အမှန်တရားထားတဲ့ နိုင်ငံရေးအကြောင်းကို မပြောရင်၊ သို့မဟုတ် မသုံးသပ်ရင် အမှန်တရား ကို ထိပါးမယ့် နှစ်နာချက်များတဲ့ မြန်မာနိုင်ငံရေးဇာတ်ခုံ ပေါ်လာမယ်။ နိုင်ငံရေးဆိုတာ လိမ်ညာယောင်ဆောင်မှု ကင်းရမယ်၊ ရဲရင့်ရမယ်၊ တည်ကြည်ရမယ်၊ ဖြောင့်မတ်ရမယ်၊ ကိုယ်စိတ်တွေ သန့်ရှင်းရမယ်။ ဟုတ်မှန်မှုတွေကို ဖော်ထုတ်ပြသတဲ့နေရာ ဆိုတာ (နိုင်ငံရေး ပါ) လွှတ်တော်ပါ။ 

စွန့်လွှတ်မှုကို ကြောက်ကြလို့

ပြည်သူတွေက လွှတ်တော်အမတ်တွေကို အားကိုးပြီး လွှတ်တော်ကို ရောက်အောင် ထင်ရှားတဲ့ ပြည်သူ့ဆန္ဒကို ရဲရဲကြီး မဲပြားနဲ့ မိမိရဲ့ ကိုယ်စားလှယ်တွေကို ရွေးယူခဲ့ပြီလေ။ အရွေးခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့အကျိုးပြုမပါတဲ့၊ အမှန်တရား ကင်းမဲ့တဲ့ နိုင်ငံရေးပြဋ္ဌာန်းချက်တွေကို လုပ်ရင် ပြည်သူ့အပေါ်မှာ အမှန်တရားကို ဖောက်ဖျက် တာနဲ့တူ။ ပြည်သူ့အလုပ်အကျွေးကို မလုပ်ဘဲ ရန်သူ၊ မိတ်ဆွေ မခွဲခြားတတ်တဲ့ အမတ် ဖြစ်ရင်တော့ နစ်နာမှုမဆုံး ဖြစ်မှာသေချာတယ်။ အကြမ်းဖက်မှုလည်း တားနိုင်မယ်မဟုတ်ပါ။ 

အရှင်တို့တိုင်းပြည်ဟာ ပြည်တွင်းဖြစ် ပညာတွေကို လက်တွေ့ကျင့်သုံးမှု အားနည်း (ဖြစ်) နေကြတယ်။ ဒီလို အားနည်းရတာဟာ စွန့်လွှတ်မှုကို ကြောက်ကြလို့ပါ။ တကယ်တော့ အရှင်တို့ ရယူထားတဲ့ လွတ်လပ်ရေးဟာ လွတ်လပ်မှုအတွက်၊ ငြိမ်းချမ်းမှုအတွက် ခံစားဖို့ရယူ ခဲ့တာပါ။ အဆင်မပြေမှုကို ခံစားဖို့ မဟုတ်ပါ။ ဒါကြောင့် လွတ်လပ်ရေးကို ရယူခဲ့တဲ့ မြန်မာ့ခေါင်းဆောင်ကြီးတွေရဲ့ မြင်တွေ့လိုတဲ့ နိုင်ငံရေးလမ်းစဉ်ဟာ ပေးဆပ်နေမှုလမ်းစဉ် မဟုတ်ပါ။ ပေးဆပ်မှုစနစ်ကို ကျော်၍ ကျစ်လျစ်ခိုင်မာတဲ့ စိတ်ဆန္ဒအတိုင်း ထားပြီးမယိမ်းမယိုင်တဲ့ သူတော်ကောင်းတိုင်းပြည်ဖြစ်ဖို့ ကြိုးစားအားထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အရှင်တို့တွေဟာ တိုင်းပြည်ရဲ့ အခက်အခဲကို ကျော်ဖြတ်ပြီး အားထုတ်ကြရမယ့်သူတွေပါ။ တစ်ကမ္ဘာလုံးသိအောင် ကြိုးစားရမှာပါ။ အရှင်တို့ရဲ့အဖြေကို လူတိုင်းကို ပေးသိဖို့ မလို ပါ။ ပေးသိရန် အချိန်မတန်သေးပါ။ 

သိထားရမယ့် အကြောင်းတရား

အရှင်တို့ရဲ့ နိုင်ငံရေးမူဝါဒလမ်းစဉ်ကို မုန်းတီးမှု၊ တိုက်ခိုက်မှု မရနိုင်ပါ။ အရှင်တို့ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေဟာ နိုင်သွားတဲ့လူ မရှိပါ။ အကျိုးမများတဲ့၊ နိုင်ခဲ့တဲ့ အနိုင်မျိုးဟာ မြန်မာတိုင်းပြည်မှာ မရှိပါ။ ချမ်းသာသုခတရားမပါတဲ့ အနိုင်မျိုးဟာ လူ့သိက္ခာကို မမြှင့်တင် နိုင်ပါ။ အဲဒီလို အနိုင်မျိုးဟာ အကြမ်းဖက်မှုကို ထုတ်လုပ်တဲ့အနိုင်ပါ။ တစ်ကမ္ဘာလုံး သင်ခန်းစာယူကြရမယ့် အနိုင်ပါ။ အရှင်တို့ရဲ့ နိုင်ငံရေးကြိုးစားမှုဟာ ကွဲပြားနေတဲ့အရာကို တူညီတဲ့ အသိစိတ်ဓာတ်နဲ့ ဖန်တီးထားတဲ့ နိုင်ငံရေးပါ။ နောက်ဆုံး လူ့ကမ္ဘာဟာ ချမ်းသာသုခ အေးမြမှ ဖြစ်မယ်။ လူတိုင်းသိထားရမယ့် အကြောင်းတရားတစ်ပါး ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံရေးအားလုံးရဲ့ အခြေအနေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အချင်းချင်း မှီခိုအားထားကြတဲ့စနစ်ပါ။ ဒီစနစ်ဟာ ခေတ်ဟောင်းစနစ်မဟုတ်ပါ။ အဆင့်အတန်းပြောင်းလဲ လာတဲ့ လူသားအချင်းချင်း အဆင့်ဆင့် နားလည်လာတဲ့စနစ်ပါ။ နိုင်ငံနယ်မြေဟု မခွဲခြားဘဲ ကမ္ဘာတစ်စု၊ မိသားစုတစ်စု ဖြစ်အောင် လုပ်ကြမယ့် နိုင်ငံရေးအစီအစဉ်ဖြစ်လို့ ပြောင်းလဲ ဆက်ဆံမှုကို မကျေနပ်ဘဲ နေလို့မရပါ။ အများက သဘောကျတဲ့အရာကို တစ်ယောက် (တစ်ဦး)တည်းက တားဆီးမရနိုင်တာကြောင့် အများရဲ့လိုအင်ကို စုပေါင်းပြီး အသိအမှတ်ပြု ရမှာပဲ။

ဒါပေမဲ့ ခေတ်ကာလအပြောင်းအလဲ တူညီမှုမရှိ၊ မျှတမှု မရှိတော့တဲ့အခါကျမှ ပြင်သူက ပြင်၊ ဆင်သူက ဆင်၊ နှင်သူကနှင်မှု ပြုကြမယ့် အဝေးပြေးနိုင်ငံရေးမြင်ကွင်းကြီးကို မြန်မာနိုင်ငံရေး ရှုမြင်တတ်တဲ့သူတွေ သိထားဖို့ လိုပါလိမ့်မယ်။ 

မစစ်မမှန်တဲ့ အကူအညီ

နိုင်ငံတကာလူ့အဖွဲ့အစည်းဟာ ယနေ့ ဘာတွေများ နိုင်ငံရေးစနစ်ကို ဖက်တွယ် ထားကြပါသလဲ။ ရာဇဝင်တည်မယ့် ကြေညာချက်တွေ ထုတ်ပြီး လူတွေအစုလိုက်အပုံလိုက် တောင်းပွဲ၊ တိုက်ပွဲဖြစ်အောင် (ဆူပူအောင်) လုပ်ဆောင်နိုင်မယ့် နိုင်ငံရေးကျင့်စဉ် အစီအစဉ် ကို ဖန်တီးလုပ်ကြံနေသလား။ အမျိုးမျိုးသော တစ်ခုတည်းသော အာဏာရယူမှုစနစ်ကို တီထွင်ဖန်တီးနေကြတာလား။ ခေတ်သစ်နိုင်ငံရေးသိပ္ပံစနစ်က အဲဒီအကြောင်းတွေကို မတွေးတောတော့တာ ကြာမြင့်ခဲ့လေပြီ။ ယနေ့ ကမ္ဘာ့ပြဿနာမှာ လူသားအချင်းချင်း မှန်ကန်တဲ့ ထောက်ပံ့ကူညီကြမှု မလုပ်နိုင်ကြသေးပါ။ ယုံကြည်မှု မရှိကြသေးပါ။ တရားမျှတမှုသဘော လည်း ညီမှုရှိအောင် မရှုနိုင်ကြသေးပါ။ ဒီသဘောတရားဟာ တစ်နေ့တခြား ပိုမိုများပြား လာတာကို မြင်ရလိမ့်မယ်။

အရှင်တို့ဟာ အထောက်အပံ့အကူအညီကို လက်ဖြန့်၍ မတောင်းဆိုပါ။ အင်အား သုံးလို့၊ ကြောက်ရလို့ ကူညီမယ့်အကူအညီ အထောက်အပံ့မျိုးလည်း ရယူရန် အကြောင်း မရှိပါ။ အဲဒီလို မစစ်မမှန်တဲ့ အကူအညီမျိုးကို မြန်မာ့မြင်ကွင်းအလယ်မှာ ဘယ်တော့မှ မရှိရပါ။ အရှင်တို့မှာရှိတဲ့ အခက်အခဲဟာ လူသားနဲ့ဆိုင်တဲ့ အခက်အခဲပဲ ရှိပါတယ်။ သီးခြား အခက်အခဲမျိုး (အခွင့်အရေးရယူမှု အခက်အခဲအမျိုးမျိုး) မရှိပါ။ ယနေ့ လူမှုအဖွဲ့ အစည်းတိုင်းမှာ နေထိုင်တဲ့ဘဝကို ကိုယ်စိတ်ချမ်းသာစွာ နေထိုင်တဲ့ အခွင့်ရှိတဲ့ စနစ်ကို လိုချင်ကြတယ်။

လကမ္ဘာပေါ်မှာ သီးခြားနေထိုင်မည့် စနစ်မျိုး မဟုတ်ပါ။ တသီးတခြား မနေလို တာကြောင့် မြန်မာ့လူမှုရေး၊ နိုင်ငံရေးဟာ စနစ်ကွဲပြားတဲ့ လူမှုဘဝနိုင်ငံရေးကို မလိုချင်ကြပါ။

ခွင့်လွှတ်မှု အများဆုံးထားတဲ့ သည်းခံမှု

အရှင်တို့တိုင်းပြည်ဟာ အစုအဖွဲ့၊ အသေးငယ်ဆုံး တိုင်းပြည်တစ်ပြည် မဟုတ်ပါ။ အရာခပ်သိမ်းကို လုံခြုံမှု၊ ချမ်းသာခွင့်ရှိတဲ့ တိုင်းပြည်ပါ။ နိုင်ငံတော်အုပ်ချုပ်မှုစနစ်ကိုလည်း လူ့အဖွဲ့အစည်းများနဲ့ ကိုက်ညီတဲ့စနစ်ကို တည်ထောင်ထားတဲ့ တိုင်းပြည်ပါ။ စစ်မှန်တဲ့ သတ္တိထူးကို စစ်မှန်တဲ့အတိုင်း ဖွင့်ဟရတဲ့ တိုင်းပြည်တစ်ပြည် ဖြစ်ကြောင်း သိစေချင်ပါ တယ်။ အရှင်တို့ဟာ ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ် အကျိုးယုတ်မာမယ့်အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါ။ တိုင်းပြည်ကို လက်နက်ဆင်ပြီး မကာကွယ်ပါ။ ဒုက္ခဝမ်းနည်း ကြေကွဲရမယ့်အလုပ် မျိုး မရှိရပါ။

အမှန်တရားဟာ အမှိုက်ပုံကြီးနဲ့ တူပါတယ်။ အမှိုက်ပုံကြီးလောင်ကျွမ်းဖို့ လူတွေကို လောင်စာအဖြစ် ဘယ်တော့မှ မဖြစ်စေရပါ။ မြန်မာ့နိုင်ငံရေးကြောင့် လူ့အခွင့်ရေးအားလုံး ချိုးဖောက်မှု မဖြစ်စေရပါ။ အင်အားကြီးမားတဲ့သူတွေရဲ့ အခွင့်အရေး၊ အခွင့်အလမ်းတွေကို မတားဆီး၊ မပိတ်ပင်သလို အင်အားရှိတဲ့သူတိုင်းရဲ့ အခွင့်အရေးတွေကိုလည်း လေးစားတန်ဖိုး ထားတဲ့ တိုင်းပြည် ဖြစ်ရမယ်။ အရှင်တို့မှာ အာဏာရှင်စနစ်အောက်က မွေးဖွားလာကြတဲ့ သူတွေ မဟုတ်ပါ။ တိုင်းပြည်နဲ့ လူမျိုးကို အုပ်ချုပ်ချင်တိုင်း အုပ်ချုပ်လို့ရတဲ့ စနစ်မျိုးကို လက်ခံကြတဲ့သူတွေ မဟုတ်ပါ။ လူသားတွေရဲ့ တန်ဖိုး၊ သို့မဟုတ် စွမ်းအင်ကို ဖြုန်းတီး ပစ်ကြတဲ့ စနစ်မျိုးလည်း လိုချင်ကြသူ မဟုတ်ပါ။ အရှင်တို့ဟာ အရာခပ်သိမ်းကို သည်းခံ နိုင်ပါတယ်။ သည်းခံခြင်းကြောင့် အောင်မြင်မှုထိပ်ဆုံးသို့ ရောက်မယ် ဆိုတာကို ယုံကြည်ပါတယ်။

အရှင်တို့တိုင်းပြည်ဟာ ချို့ယွင်းချက် အပြစ်အနာအဆာများပြီး သိက္ခာမဲ့တဲ့သူ ကို ခေါင်းဆောင်တင်ထားတာ မဟုတ်ပါ။ မယုံကြည်လို့ လက်မခံနိုင်တာပါ။ အရှင်တို့ရဲ့ သည်းခံခြင်းဟာ လာဘ်ထိုးပြီး ကြောက်စရာတွေကို လွဲသွားစေတဲ့ သည်းခံခြင်းမျိုး မဟုတ် ပါ။ သတ္တိအရှိဆုံး သည်းခံခြင်းပါ။ အရှင်တို့ရဲ့ သည်းခံခြင်းဟာ စွမ်းအင် ဖြစ်ရမယ်။ အားနုပ်ခြင်းမဟုတ်ပါ။ အရှင်တို့ရဲ့ဘဝကို ဖိစီးနှိပ်စက်တဲ့သူတွေကို သဘောထားမကောင်း ခြင်းနဲ့ မတုံ့ပြန်ပါ။ တစ်နေ့ သူတို့တွေ ငါတို့ရဲ့ သည်းခံခြင်းအကျိုးတရား အကြောင်းတွေ သိလာစေရပါမယ်။ ကြမ်းတမ်းပြစ်မှားတဲ့ တုံ့ပြန်မှုဟာ ခွင့်လွှတ်တဲ့သည်းခံခြင်း မဟုတ်ပါ။ ခွင့်လွှတ်မှု အများဆုံးထားတဲ့ သည်းခံမှုကသာ မိမိလူမျိုးကို ပေးကမ်းသွားရမှာ ဖြစ်ပါတယ်။ မြန်မာတိုင်းပြည်ဟာ မေတ္တာတရားရဲ့ ချစ်ခြင်းသဘောတရားကို တက်ကြွစွာ လက်ခံကျင့်သုံး နိုင်ကြပြီဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မည့်သူတွေ ရှိမှာမဟုတ်ပါ။ ပျက်သုဉ်းမှု အမျိုးမျိုးလည်း ကြုံတွေ့ရမှာ မဟုတ်ပါ။

ပြည်သူတွေက လွှတ်တော်အမတ်တွေကို အားကိုးပြီး လွှတ်တော်ကို ရောက်အောင် ထင်ရှားတဲ့ ပြည်သူ့ဆန္ဒကို ရဲရဲကြီးနဲ့ မဲပြားနဲ့ မိမိရဲ့ကိုယ်စားလှယ်တွေကို ရွေးယူခဲ့ပြီလေ။ အရွေးခံရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူအကျိုးပြုမပါတဲ့၊ အမှန်တရားကင်းမဲ့တဲ့ နိုင်ငံရေးပြဋ္ဌာန်းချက်တွေ လုပ်ရင် ပြည်သူ့အပေါ်မှာ အမှန်တရားကို ဖောက်ဖျက်တာနဲ့ တူ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၉၆-၁၀၀၊ အဝိဟိံသာနိုင်ငံရေး (၄)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၅)

အမျက်မပါတဲ့ တုံ့ပြန်မှု 

နိုင်ငံရေးလောကမှာ (လူမှုရေးလောကမှာ) ဖိစီးနှိပ်စက်ကြမှုကို မကောင်းမှုဖြင့် မတုံ့ပြန်ရပါ။ ခွင့်လွှတ်ပါ၊ သည်းခံပါ။ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ပါ၊ တုံ့ပြန်ပါ။ ဖိစီးတဲ့ သူက ပြောင်းလဲမှု မဖြစ်လာဘဲ ပိုပြီးတော့ မိုက်ကန်းလာရင် အခြေအနေကို ကြည့်ပြီး တုံ့ပြန်မှုပြုပါ။ သဘောထားကောင်းကောင်းနဲ့ တုံ့ပြန်ပါ။ ဒေါသပါတဲ့ တောင်းဆိုမှုများ လုပ်လာခဲ့ရင် အမျက်မပါတဲ့ တုံ့ပြန်မှုနဲ့ လုပ်ပေးသွားပါ။ ဖိစီးနှိပ်စက်မှုကို ရဲရဲရင့်ရင့် ခိုင်ခိုင်မြဲမြဲ ရင်ဆိုင်ပါ။ ဒုက္ခဆင်းရဲမှုဟာ ထာဝရမဟုတ်တာကြောင့် ဖိစီးနှိပ်စက်ကလူပြုတဲ့ အလုပ်ဟာ ထာဝရ မဟုတ်ကြောင်း မြင်ရမယ်။

မြန်မာ့နိုင်ငံရေးဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ တည်ထောင်ထားတဲ့ နိုင်ငံရေးဖြစ်အောင် ကြိုးစားရမှာပါ။ အကြမ်းမဖက်မှုကို သွန်သင်တဲ့နိုင်ငံရေးမျိုး အမွေပေးခဲ့တဲ့နိုင်ငံရေးပါ။ အကြမ်းဖက်မှုကို ဖွဲ့စည်းတဲ့နိုင်ငံရေးဟာ ချီးကျူးထောမနာမှု မရှိပါ။ သူတို့ရဲ့ ရဲစွမ်းသတ္တိကို လည်း မချီးမွမ်းနိုင်ပါ။ နိုင်ငံရေးလမ်းပြမှုအမှားဟာ မြန်မာပြည်မှာ မရှိပါ။ မြန်မာပြည်မှာ သေဆေးနိုင်ငံရေး မရှိပါ။ 

စုပေါင်းထိန်းသိမ်း

အရှင်တို့ဟာ မုန်းတီးမှုကို သွန်သင်ပေးတဲ့ အဆုံးအမမျိုးကို နားထောင်ရန် အသင့် ရှိပါတယ်။ နာခံရန်အတွက် ကောင်းတဲ့ အဆုံးအမမှအပ အခြားသီးခြားနာခံရန် အကြောင်း မရှိပါ။ အရှင်တို့ရဲ့ နှလုံးသားဟာ စွမ်းအင်အပြည့်ပါ။ ကြမ်းတမ်းတဲ့အင်အားတွေကို ရင်ဆိုင် နိုင်တဲ့ စွမ်းအင်အပြည့် ရှိပါတယ်။ အရှင်တို့ဟာ ခေတ်သစ်နိုင်ငံရေးစနစ်ကို မတီထွင်ပါ။ခေတ်ဟောင်းနိုင်ငံရေးစနစ်ကိုလည်း မပစ်ပယ်ပါ။ နိုင်ငံရေးဟာ ယဉ်ကျေးမှုတရားနဲ့ ဆန့်ကျင် လာရင်တော့ ကိုယ်ပိုင်စွန့်လွှတ်မှု အပြည့်အဝထားပြီး လူမျိုးနဲ့တိုင်းပြည်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ပြင်စရာမလိုတဲ့သူပါ။

အရှင်တို့ရဲ့ မြန်မာပြည်နိုင်ငံရေးဟာ မရင့်ကျက် မမှည့်သေးတဲ့ နိုင်ငံရေးပါ။ ဖျက်မယ်ဆိုရင် ပျက်လွယ်တဲ့နိုင်ငံရေးပါ။ ဒီအကြောင်းကို ဒီလိုပြောမိလို့ အချို့က နှစ်သက် ကြမှာ မဟုတ်ပါ။ မရင့်ကျက်သေးတဲ့ ကျင့်ဝတ်တရားဟာ အပေါင်းလက္ခဏာ မဖြစ်ပါ။ အရှင်တို့ဟာ မြင့်မြတ်တဲ့၊ ရိုးဖြောင့်တဲ့ လူမျိုး ဖြစ်ဖို့ လိုပါတယ်။ တိုင်းပြည်စည်းကမ်းလည်း မြင့်မြတ်ပြီး ရိုးဖြောင့်တဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေနဲ့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ အရှင်တို့ရဲ့စည်းကမ်းဟာ ချိုးဖောက်မှု၊ ပျက်သုဉ်းမှု မရှိပါ။ ချိုးဖောက်ခြင်းဟာ ပျက်သုဉ်း ခြင်းပါပဲ။ ပျက်သုဉ်းမှုအမျိုးမျိုးဟာ ဆင်းရဲမှုအမျိုးမျိုးပါပဲ။ အရှင်တို့ရဲ့ နေထိုင်တဲ့ မြန်မာပြည် ကို လှပအောင် ပြင်ဆင်ခြင်းအမျိုးမျိုးနဲ့ အလုပ်အကျွေးပြုရမယ်။ ကြည့်ရှုစောင့်ရှောက်မှု ပြုရမယ်။ တာဝန်မဲ့စွာ မနေအပ်ပါ။ ဖျက်ဆီးတဲ့အင်အား အစွမ်းတွေ လုပ်လာရင် ဖျက်ဆီး နိုင်တဲ့ အင်အားနဲ့ ကာကွယ်ထိန်းသိမ်းကြရမယ်။ မြန်မာပြည်ဟာ တစ်ဖက်စောင်း ယိုယွင်းမှု မရှိအောင် စည်းမျဉ်းဘောင်တွေကို ချိုးဖောက်လာမယ့်အရာတွေ ပေါ်လာရင် အကြမ်းဖက်မှု မပါတဲ့တရားနဲ့ စုပေါင်း ထိန်းသိမ်းကြရမယ်။

သူတော်ကောင်းမွေးဖွားတဲ့ တိုင်းပြည်

အရှင်တို့ရဲ့ နိုင်ငံတော်ဟာ အမြိုက်ဝတ်ရည်ကို သောက်သုံးရမယ့် နိုင်ငံတော် ဖြစ်အောင် အလုပ်အကျွေးပြုရမယ်။ အကြမ်းမဖက်သည့်တရား၊ စွန့်လွှတ်မှုတရား၊ မြင့်မြတ် သော တရားနဲ့ ကြောက်ရွံ့ခြင်းတရားအပေါင်းမှ ကင်းဝေးအောင် အားထုတ်ရမယ်။ အရှင် တို့ဟာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းတဲ့အရသာကို ကိုယ်စီ ခံစားရအောင် မိမိအတွက်ကို ငဲ့ကွက်မှု ကင်းကင်းနဲ့ အကျိုးထူးတရားများ ထွန်းကားအောင် မတွန့်မဆုတ်ဘဲ ကြိုးစားပေးရမယ်။ သူတော်ကောင်း မွေးဖွားတဲ့ တိုင်းပြည်ဖြစ်အောင် ကြိုးစားရမယ်။ သူတော်ကောင်းပုဂ္ဂိုလ်၊ စွမ်းရည်သတ္တိ ထက်မြက်သူများ ထွန်းကားတဲ့တိုင်းပြည် ဖြစ်လာရင် ကြောက်စိတ်ကင်းဝေး လာတဲ့သူတွေ ဖြစ်လာမယ်။ အရှင်တို့ရဲ့ တိုင်းပြည်ဟာ အလွယ်တကူနဲ့ တည်ထောင်ထားတဲ့ တိုင်းပြည် မဟုတ်လေတော့ အလွယ်တကူနဲ့ နှောင့်ယှက်ကလူ ပြုနိုင်ကြမယ့် တိုင်းပြည် မဟုတ်ပါ။

ဒဏ်ထိတဲ့စိတ်

အရှင်တို့ဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို အလွန် တန်ဖိုးထားပါတယ်။တန်ဖိုး မရှိတဲ့ လွယ်ကူမှု အကျင့်တရားတွေ ပြဿနာတွေ မရှိပါ။ မိဘဘိုးဘွားတွေ အစဉ်အဆက် ခံစားလာခဲ့ရတဲ့ အခက်အခဲတွေကို အလွန်နားလည်ပါတယ်။ မမေ့ပါဘူး။ အရှင်တို့ရဲ့စိတ်ကူးမှု ဟာ စိတ်သန့်တွေပါ။ အမျက်မုန်းတဲ့ စိတ်ကူးမျိုးတွေ မရှိပါ။ အရှင်တို့ကို မုန်းတီးကြတဲ့ သူတွေ ရှိမှာပါ။ ပြဿနာရှာတဲ့လူတွေ ရှိမှာပါ။ ဖျက်ဆီးကြမယ့်သူတွေ ရှိကြမှာပါ။ အဲဒီ သူတွေရဲ့ အပေါ်မှာ နွေးထွေးတဲ့ စိတ်ထားနဲ့ ဆက်ဆံသွားမှာပါ။ တစ်ဖက်ရ အနိုင်မျိုး၊ သို့မဟုတ် အသာမျိုးနဲ့ မဆက်ဆံပါ။ မလုပ်ပါ။ လူတိုင်းဟာ ပြောင်းလဲတဲ့အရာကို စိတ်ဝင်စား ကြတယ်။ ဒါပေမဲ့ ပြောင်းလဲမှုကို မတရားတဲ့ ပြောင်းလဲမှုမျိုးကို မလိုလားပါ။ ပြောင်းလဲမှ ဆိုတာ ကောင်းစားရေး လုံခြုံရေးရှိရပါမယ်။ အဲဒီတရားမပါရင် ဆင်းရဲဒုက္ခ မလျော့ပါး နိုင်ပါ။ သက်ရှိအားလုံးဟာ ဆင်းရဲတဲ့ဒဏ်ကို ကြောက်ကြပါတယ်။ သူတို့ရဲ့အတွင်းစိတ်ဟာ အဲဒီဒဏ်ကို ပေးမတွေ့လိုပါ။ ဒဏ်ထိတဲ့စိတ်ဟာ ဒဏ်ရာအမြဲတမ်း စွဲကပ်နေတဲ့အတွက် အားလုံး မလုပ်နိုင်ခြင်းဟာ စိတ်ဒဏ်ရာ ရနေလို့ပါပဲ။

အကျိုးမရှိတဲ့ မျှော်လင့်ခြင်း မဖြစ်အောင်

အရှင်တို့ဟာ လက်ရုံးစွမ်းရည်အားကိုးမှုကို လျှော့ချရမယ်။ စိတ်နှလုံးစွမ်းရည်ကို မြှင့်တင်ရမယ်။ ရိုးဖြောင့်ပြီး အပြစ်အနာဆာ ကင်းစင်ရမယ်။ လူတွေပြုတဲ့အပြစ်ကို နားလည် ရမယ်။ လူတွေစိတ်ကို မနာကြည်းအောင် ပြုပြင်ပေးရမယ်။ နောက်တစ်ခုဆိုတာ မနက်ဖြန် မရှိပါဘူး။ ပြည်သူဘဝကောင်းစားရေးကို ခုချက်ချင်းပဲ လုပ်ကျွေးပါ။ မျှော်လင့်ချက်နဲ့ အသက်ရှင်ခြင်းလို့ ဆိုပေမယ့် အကျိုးမရှိတဲ့မျှော်လင့်ခြင်း မဖြစ်အောင် မျှော်လင့်ကြသူတွေ အတွက်ကိုလည်း စဉ်းစားပေးရမယ်။ အရှင်တို့ဟာ ချမ်းသာကြွယ်ဝတဲ့သူတွေ မဟုတ်ကြပေမယ့် ချမ်းသာကြွယ်ဝတဲ့သူကို မဖျက်ဆီးပါ။ အကယ်၍ ချမ်းသာကြွယ်ဝမှုကြောင့် အများ သူငါ ဒုက္ခပွားမှုဖြစ်ခဲ့ရင်တောင် ကျေနပ်မှုအမျိုးမျိုးနဲ့ ပိုင်ဆိုင်မှုကို မပျက်အောင် စုပေါင်း ၂ ထိန်းသိမ်းပေးဖို့ ဆန္ဒအပြည့်အဝ ရှိပါတယ်။ လူ့ကျင့်ဝတ်နဲ့ ညီညွတ်မှုမရှိတဲ့ ကြွယ်ဝမှုဟာ တိုင်းပြည်မှာ မိုးလိုတောင်လို ပုံလာသည့်တိုင် တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းသွားမယ်။ စိုးရိမ်မှ အမျိုးမျိုး မဖြစ်စေရပါ

အဓိပ္ပာယ်တစ်ခုနဲ့ နေကြတဲ့သူတွေ

အရှင်တို့ရဲ့စိတ်ဟာ ခိုင်မြဲပါတယ်။ တည်ကြည်ပါတယ်။ သန့်ရှင်းပါတယ်။ စင်ကြယ် ပါတယ်။ ယုံကြည်ချက်လည်း မပျက်ပါဘူး။ ကြောက်တဲ့ ကြောက်စိတ်တွေ မရှိပါဘူး။ သည်းခံခြင်း၊ စိတ်ရှည်ခြင်း အမြဲတမ်းထားပါတယ်။ သင့်တော်တဲ့အချိန်တိုင်းမှာ သုံးပါတယ်။ အရှင်တို့ရဲ့စိတ်ဟာ အရာတိုင်းကို မတုံ့ပြန်ပါဘူး။ အရှုံးလည်း မပေးပါဘူး။ ညီမျှပါတယ်။

အရှင်တို့ဟာ အရေးနိမ့်သူ၊ ရှုံးတဲ့သူ မဟုတ်ပါ။ အဓိပ္ပာယ်တစ်ခုနဲ့ နေကြတဲ့သူတွေပါ။ အရှင်တို့ဟာ ဒီတိုင်းပြည်ရဲ့ အကျိုးကို မလုပ်ခဲ့ရလို့ နောင်တကြီးစွာ မျက်စိမှိတ်ရတာမျိုး မဖြစ်ချင်ပါ။ နောင်တ တသသနဲ့ (မသေသွားချင်ပါ) နေနေတဲ့သူ မဟုတ်ပါ။

အထွက်တံခါး မဖြစ်အောင် သတိထား

အရှင်တို့ဟာ အရာရာကို ပေးနိုင်စွမ်းရှိသူ ဖြစ်အောင် စွမ်းနိုင်သူအဖြစ် ခံယူထား ပါတယ်။ သနားကြင်နာမှု၊ ချစ်ခင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ မှန်ကန်မှု၊ တရားမျှတမှုရှိတဲ့ သူတွေပါ။ ကိုယ့်စိတ်နဲ့ အတူတူ ထားတဲ့သူတွေပါ။ အမှန်ကို ရှောင်တဲ့သူ မဟုတ်ပါ။ အသေးအဖွဲကိစ္စနဲ့ ရှုပ်ထွေးအောင် မလုပ်ပါ။ ရတဲ့အခွင့်ကောင်းနဲ့ အခွင့်အရေးတွေကို မပျောက် ပျက်သွားစေချင်ပါ။ အဖိုးတန်တဲ့ဂုဏ်ရည်ကို ကိုယ်ပိုင်ရဖို့ အားထုတ်ကြတဲ့သူတွေပါ။

အရှင်တို့ဟာ ခက်ခဲတဲ့ (နက်နဲတဲ့) နိုင်ငံရေးအတွေးတွေ ရှိကြပါတယ်။ ခက်နေတဲ့ အကြောင်းအရာတွေကို နားမလည်နိုင်လောက်အောင် မရှိပါဘူး။ မှားယွင်းမှုဆိုတာ အခွင့် အရေး မပေးရပါ။ အသေးအဖွဲတောင် မရှိရပါ။ ရှိတဲ့ အခွင့်အရေးကို အလကားအဆုံးရှုံး မခံပါ။ နောက်ဆုံး အရှင်တို့ဟာ ဘယ်လို ပိုင်ဆိုင်မှုမျိုးမဆို အထွက်တံခါး မဖြစ်အောင် သတိထားရမယ်။ 

လောက၌အားကိုးရာမဲ့ လမ်းပြပေးသူ၊
ကူးဖြတ်သူအတွက် တံတားခင်းသူ၊
အသက်အန္တရာယ်အတွက် ဘေးမဲ့ပေးသူ၊
အမှောင်ထုအတွက် အလင်း ပေးသူ၊
လူသားထုအတွက် အလုပ်အကျွေးပြုသူ
ဖြစ်ရမည် မဟုတ်ပါလား။

အဝိဟိံသာနိုင်ငံရေး (၆) – မဟာပညာ (mahar.asia)

Loading