Categories
စကားလက်ဆောင်

။ မြန်မာ့ကျာဖြန့် ။

။ မြန်မာ့ကျာဖြန့် ။
~~~~~~~~~~~~~
( ကျာ= အတု)
(ဖြန့်= အလိမ်)
( Zhàpiàn)
( လိမ်လည်မှုများ၊ငွေကြေးလိမ်လည်မှုများ၊ဖြားယောင်းသွေးဆောင်မှုများ)
(အင်္ဂလိပ်ဘာသာ Fraud )
( အရှေ့ပိုးကရင်ဘာသာ အင်းလဝ့်ဆ်ု)

။ သတင်းပြေးနေတာက တရုတ်ကျာဖြန့်ပါ။ လက်တွေ့က မြန်မာပြည်မှာ မြန်မာ့ကျာဖြန့်က ပိုမိုကြီးထွားလာနေပြီဆိုတာကို ရွှေမြန်မာများအထိများလာနေပါပြီ။

။ သည်နေ့ မြန်မာ့အမ်ပီတီတယ်လီဖုန်းမိတ်ဆေ့ပေါက်ကဝင်လာတဲ့သတင်းပြန်ကြားမှုတစ်ခုပါ။ သက်ဆိုင်ရာကိုမေးမြန်းစုံစမ်းကြည့်တဲ့အခါ အဲဒီဟာတွေအားလုံးနီးပါးဟာ ကျာဖြန့်( အတုအလိမ်အညာ) တွေပါပဲတဲ့။

။ ကိုင်း တပည့်တို့ရေ
မြန်မာကျာဖြန့်ကြီးထွားလာနေပြီဆိုတာကို သတိကြီးစွာထားပြီးသိဖို့ပါနော်။ မကြာသေးမီကပဲ ဆရာတော်ရဲ့ဒါယိကာမတစ်ယောက်က မြန်မာကျာဖြန့်နဲ့တဲ့တိုးမိသွားလို့ သိန်း(၁၀၀) ကျော် ပေါ့ပေါ့လေးပါသွားခဲ့ပါတယ်။ သတိထားပေါ့ တပည့်တို့ရယ်။

2 total views

Categories
တောင်ကလေးဆရာတော်

။ ပါရမီရှင် ဖီဖီ့ပုညဝတီ ခန္ဓာဝန်ချပြီ ။

။ ပါရမီရှင် ဖီဖီ့ပုညဝတီ ခန္ဓာဝန်ချပြီ ။
~~~~~~~~~~~~~~~~~~~~~~~~~~~
( ဖီဖီ့ = ဖွားဖွား ။)

။ အေဒီ( ယနေ့)2025 ခုနှစ်၊ဇန်နဝါရီလ(၂၈) ရက်၊အင်္ဂါနေ့၊နံနက်(၈:၅၀) မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊နှောကုန်းရွာရှိ သဲအင်းဂူကမ္မဋ္ဌာန်းတိုက်၌ အသက်(၁၀၃) နှစ်ရှိ မူလသဲအင်းဂူဆရာတော်ကြီး၏ ပါရမီဖြည့်ဖက် ဖွားဖွား( ဖီဖီ့) ပုညဝတီသည် ခန္ဓာဝန်ချခဲ့ပါကြောင်း ကြားသိတော်မူရသည်ကြောင့် သံဝေဂဉာဏ်ဆင်ခြင်တော်မူလျက် မရဏဿတိဘာဝနာဉာဏ်ဆင်ခြင်ပွားများကာ ဖီဖီ့အတွက် သုဂတိသို့လားရောက်ရပါစေကြောင်း ဆုတောင်းပတ္ထနာပြုပေးပါသည်။

။ ရက်လနှစ်များစွာ ခန္ဓာဝန်နှင့်သာသနာ့ဝန်ကို မျှတစွာထမ်းဆောင်လာခဲ့ရပါသော ဖီဖီ့၏ဘဝတစေ့တစောင်းကို အောက်မေ့ဆင်ခြင်လျက်ဖြင့် အတုယူဖွယ်ရာအမျိုးကောင်းသမီးတစ်ဦးအဖြစ် ပါရမီကိုဖြည့်ကျင့်အားထုတ်နိုင်ခဲ့ကြသည်ကို အားရကျေနပ်မိသည်သာမက ချီးမွမ်းချီးအံ့မဆုံးဖြစ်ခဲ့ရပါသည် ဖီဖီ့။

။ ထိုကြောင့်
သဥပါဒိသေသနိဗ္ဗာနဓာတုဝင်တော်မူကြသောရဟန်းမြတ်ပုဂ္ဂိုလ်ထူးတို့၏ ပါရမီဖြည့်ဖက်ဖြစ်ခဲ့ရသည်ကြောင့် ထူးမြတ်သောပါရမီရှင်ဖွားဖွားဟူ၍( ဖီဖီ့ဖြစ်သည်ဟူ၍) အောက်မေ့အမြဲရှိနေကြပါဦးမည်ဟု ဆငခြင်နှလုံးသွင်းပြီး သာသနာတော်အတွက် ခန္ဓာဝန်ဆက်သထားသည့်ဖီဖီ့အား ကြည်ညိုစွာဖြင့် မှတ်တမ်းပြုပါသတည်း။

( ဓာတ်ပုံကိုယူသုံးပါသည်။)

တောင်ကလေးဘုန်းတော်လေး( ဖီဖီ့အခေါ်)
ကရင်ပြည်နယ်
ဖားအံမြို့နယ်
တောင်ကလေးရွာ။

0 total views

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ညချမ်းချိန်ခါ မေတ္တာပို့သပါသည် ။

။ ညချမ်းချိန်ခါ မေတ္တာပို့သပါသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~
။ သည်နေ့ညမှာ၊များသူငါ၊ကျန်းမာကိုယ်စိတ်မြဲပါစေ။
။ နက်ဖြန်မိုးသောက်၊အလင်းရောက်၊ထမြောက်ကြည်သာနိုင်ပါစေ။
။ စိတ်ကူးကြံစည်၊အမည်မည်၊လိုအင်ပြည့်ပါစေ။
။ ဆိုးညစ်ရန်မှု၊မကောင်းပြု၊ဘေးပြုဝေးကွာကြပါစေ။
။ အိပ်မက်ကောင်းခြင်း၊နိုးထခြင်း၊လင်းလင်းသစ်သစ်ကြည်မြစေ။
။ လိုရာကြံဆ၊မှန်သမျှ၊ဒိဋ္ဌဓမ္မရပါစေ။
။ ကုသိုလ်ဘဝင်၊ကြည်ကြည်လင်၊တည်ကြည်ငြိမ်စွာအိပ်ရပါစေ။

တောင်ကလေးဆရာတော်
(၂၅.၁.၂၀၂၅) ရက်နေ့ည။

9 total views

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ တရားအားထုတ်သူများ သတိထား ။

။ တရားအားထုတ်သူများ သတိထား ။

~~~~~~~~~~~~~~~~~~~~~~~~~~~
။ တရားအားထုတ်ကြသူတိုင်း
သတိထားရမယ့်အရာ
သုံးမျိုးရှိပါတယ်။
၁) ကာမဝိတက် = အရာဝတ္ထု တစ်ခုခု
ရလိုတာပဲဖြစ်ဖြစ်
နှစ်သက်မှုပဲဖြစ်ဖြစ်
ကြံစည်စိတ်ကူးမှု၊

၂) ဗျာပါဒဝိတက်= မိမိနဲ့စပ်ဆိုင်တာပဲဖြစ်ဖြစ်
သူတစ်ပါးနဲ့စပ်ဆိုင်တာပဲဖြစ်ဖြစ်
တစ်ခုခုသော
အရာဝတ္ထုကြောင့်ပဲဖြစ်ဖြစ်
စိတ်ဆိုး၊စိတ်တို
စိတ်ပျက်၊အလိုမကျ
ဆုတ်နစ်ကြောက်ရွံ့တာတွေ
တစ်ဖက်သားကို ပျက်စီးစေလိုတာတွေ
စပ်ဆိုင်တဲ့ကြံစည်စိတ်ကူးမှု၊

၃) ဝိဟိံသာဝိတက်= တစ်ဖက်သားကိုနှိပ်စက်ဒုက္ခပေးလိုတဲ့
အကြံအစည်စိတ်ကူးမှု ဆိုတဲ့
သည်တရားသုံးပါးကို
ဖျောက်ဖျက်ပယ်ပြုနိုင်မှ
တရားအားထုတ်လို့
တရားထူးရလွယ်ပါတယ်။

။ စိတ်ကူးနေမှု
များနေတာကြောင့်
သမာဓိအလွယ်မရကြဘဲ
ရိပ်သာကနေ
အိမ်ကိုပြန်လာကြတယ်။
အိမ်ပြန်ရောက်လည်း
အဲဒီစိတ်ကူးနေတာနဲ့ပဲ
အချိန်တွေကုန်ခဲ့ကြတယ်။

။ သည်လိုဖြစ်နေရင်
အစားထိုးဖျောက်တဲ့နည်း
သိထားသင့်မယ်ထင်ပါတယ်။

။အကယ်၍
ယောဂီမှာ
သတ္တဝါနဲ့စပ်ဆိုင်၍
လိုချင်တပ်မက်မှုတွေ
စိတ်ကူးဝင်လာခဲ့မယ်ဆိုရင်
၁) အသုဘကို နှလုံးသွင်းပါ။
ဒါမှမဟုတ်
အနိစ္စသဘော နှလုံးသွင်းပါ။
ဒေါသထွက်လာရင်
မေတ္တာပွားများပါ။
အရာဝတ္ထုတစ်ခုခုဖြစ်ရင်
ဓာတ်ကမ္မဋ္ဌာန်းပွားများပါ။
မောဟနဲ့ပတ်သက်ရင်
ဆွေးနွေးမေးမြန်းမှုပြုပါ။
ဒါက အစားထိုးဖျောက်နည်းဖြစ်ပါတယ်။

၂) အပြစ်ရှုဖျောက်နည်းအနေနဲ့က
ကာမဝိတက်လောဘအတွက်
စက်ဆုပ်ရွံရှာဖွယ်တွေ၊
ကိုယ်ခန္ဓာအတွက်
လောဘအပြစ်ဆင်ခြင်တာတွေ၊
ဒေါသအပြစ်ဆင်ခြင်တာတွေ
ပယ်ဖျောက်ရမယ်။

၃) မေ့ပျောက်ရှောင်လွှဲနည်းအရ
စိတ်ကူးတာတွေကို
မေ့ဖျောက်ထားပြီး
ရသမျှတရားစာတွေကို
ရွတ်အံပါ
ဘုရားဂုဏ်တော်
တရားဂုဏ်တော်
သံဃာဂုဏ်တော်တပါးပါးကို
ပွားများပြီးတော့နေထိုင်ပါ။

၄) နောက်တစ်နည်းမှာက
အကြောင်းရင်းကိုရှာဖွေပြီး
ဖျောက်တဲ့နာ်းပါပဲ၊
ဖြစ်လာတဲ့စိတ်ကူး
မြစ်ဖျားခံလာတဲ့အကြောင်းကို
ရှာဖွေစစ်ထုတ်ပြီးကြည့်ပါ
သတိပွားများပြီးနေရမယ်။

၅) နံပါတ်(၅) နည်းကတော့
အရိုးကြေကြေ
အရေပြတ်ပြတ်
အားအင်နဲ့ဖိနှိပ်အံကြိတ်ပြီး
မနိုင်နိုင်အောင်
ဖျောက်ဖျက်ပြစ်ရမယ်လို့
စာကျမ်းဂန်ထဲမှာပြထားပါတယ်။

။ တပည့်တို့မှာ
ရိပ်သာမှာတရားအားထုတ်လို့
စိတ်ကူးယဉ်များမိပြီး
သမာဓိမရခဲ့သော်
ဖော်ပြထားတဲ့
စိတ်ကူးယဉ်
ဖယ်ဖျောက်တဲ့
နည်းတွေထဲကအတိုင်း
တစ်ပါးပါကို
လေ့ကျင့်ယူကြည့်ပါလို့
အကြံပေးပါတယ်။

တရားထူးမြတ်ရကြပါစေ။

တောင်ကလေးဆရာတော်
(၂၈.၁၂.၂၀၂၄) ရက်နေ့။

4 total views

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သည်နေ့အယောက်တိုင်းဆီသို့ကိုယ်စိတ်ချမ်းသာကြလျက်ဘေးရန်ကင်းကွာကြလျက်မိမိတို့အလိုရှိသမျှသောကောင်းကျိုးချမ်းသာဟူမျှမိမိတို့ အနီးအရပ်အထံအပါး၌ရောက်ရှိနိုင်ကြပါစေဟုဆုတောင်းပေးပါသည်ကျန်းမာချမ်းသာကြပါစေ။

။ သည်နေ့
အယောက်တိုင်းဆီသို့
ကိုယ်စိတ်ချမ်းသာကြလျက်
ဘေးရန်ကင်းကွာကြလျက်
မိမိတို့အလိုရှိသမျှသော
ကောင်းကျိုးချမ်းသာဟူမျှ
မိမိတို့ အနီးအရပ်အထံအပါး၌
ရောက်ရှိနိုင်ကြပါစေဟု
ဆုတောင်းပေးပါသည်
ကျန်းမာချမ်းသာကြပါစေ။

တောင်ကလေးဆရာတော်
(၂၆.၁၂.၂၀၂၄) ရက်နေ့နံနက်။

5 total views

Categories
စကားလက်ဆောင်

။ သတိရပါတယ် ပုဂံမြေ ။

။ သတိရပါတယ် ပုဂံမြေ ။
~~~~~~~~~~~~~~~~~~~
။ အနုပညာရှင်များ
ဖန်ဆင်းထားကြတဲ့
အနုပညာထဲက
လက်မှုပညာဟာ
သေချာဂနလေ့လာကြည့်ရင်
အရင်းအမြစ်တွေ
များစွာပါပဲ။

။ မြန်မာပြည်မှာ
ရှေးဟောင်းယဉ်ကျေးမှု
သတ်မှတ်ထားကြတဲ့
ပုဂံယဉ်ကျေးမှုဒေသဟာ
ထူးခြားလှတဲ့ဒေသပါ။

။ ယဉ်ကျေးမှုသမိုင်း
ရာဇဝင်သမိုင်း
လူမှုသမိုင်း
ခေတ်ကာလပြသမိုင်း
စတဲ့သမိုင်းဆိုင်ရာတွေ
များပြားလှတဲ့ပုဂံဟာ
ယနေ့အရှင်တို့ရဲ့တိုင်းပြည်ရဲ့
တမွတ်ဥသျှောင်
ထိပ်ခေါင်ယဉ်ကျေးမှုဒေသပါ။

။ ပုဂံရောက်ရင်
ပုဂံခေတ်ကိုသတိရမိတာက
မဆန်းဘူးများဆိုပေမယ့်
တချိန်ကပုဂံခေတ်က
ယဉ်ကျေးမှုရပ်ဝန်းဟာ
ဘယ်လောက်များ
ဆန်းပြားထူးထွေနေကြသလဲဆိုတာ
တွေးမိရင်းနဲ့
ပုဂံနဲ့ပတ်သက်တဲ့
တင်ပြချက်အကြောင်းတွေ
ဖတ်မှတ်ခဲ့တာများစွာပါပဲ။

။ ခုချိန်မှာ
ပုဂံကိုပြန်မရောက်ဖြစ်သေးပေမယ့်
ပုဂံရဲ့ပုဂံဒေသကို
တမ်းတမိ
သတိရမိနေမှာပါပဲ။

။ နံနက်ချိန်
နေညိုချိန်
နေ့ခင်းချိန်
ပုဂံကို
လည်ပတ်ခဲ့တဲ့အချိန်တိုင်း
ပုဂံတိုင်းရဲ့
ရာဇဝင်ဖြစ်ရပ်အစုံကို
မလွမ်းဘယ်သူနေတတ်မည်
မတမ်းဘယ်သူနေတတ်မည်
မကျွမ်းဘယ်သူနေတတ်မည်လို့ပဲ
သတိရပါတယ် ပုဂံမြေ။

အဲမွန်ဒြာ( သီရိပစ္စယာ)

4 total views

Categories
စကားလက်ဆောင်

။ အဖြေဆေးပေးပါ ။

။ မိသားစုများ
ငြိမ်းအေးချင်ရင်
မေတ္တာစိတ်နဲ့နေ။

။ အများတကာ
အေးချမ်းချင်ရင်
ခန္တီတရားနဲ့နေ။

။ တစ်ယောက်တည်းသာ
ငြိမ်းချမ်းချင်ရင်
သတိတရားနဲ့နေ။

။ သီတင်းကျွတ်လပြည့်နေ့က
ဆရာတော်ကြီးတစ်ပါးရဲ့
ဩဝါဒစကားကို
ကြားနာခဲ့ရပါတယ်။

။ အဲဒီဩဝါဒကို
သဘောကျမိတယ်
နှစ်သက်မိတယ်
မှတ်သားခဲ့တယ်။

။ မှန်ပါတယ်
မိသားစုများရှိလာကြပြီးဆိုရင်
မေတ္တာတုံးလို့မဖြစ်ဘူး
ဒေါသကြီးလို့မရဘူး
စိတ်ထားနုနု
မေတ္တာစုပြီးနေမှ
အေးချမ်းမှုတွေရကြမယ်
သည်အတွေးလက်ခံတယ်။

။ နောက်ပြီးတော့
အများတကာနဲ့နေရင်
အများသဘောကို
သိမြင်နားလည်မှုထားရမယ်
လေးစားသင့်တာ
လေးစားရမယ်
တန်ဖိုးရှိတာ
တန်ဖိုးထားရမယ်
အများတကာရဲ့အကျိုးကို
အပျက်အစီးမဖြစ်အောင်
အရာခပ်သိမ်းကို
သည်းခံပေးတတ်ရမယ်။

။ တစ်ခါ
တစ်ယောက်တည်းပဲနေရင်
အမှားတွေမပြုမိဖို့
အမှားတွေနှလုံးမသွင်းမိဖို့
သတိပဋ္ဌာန်တရားနဲ့
ပွားများပြီးနေမယ်ဆိုရင်
အေးချမ်းနေမှာပါပဲ။

။ ဒါကြောင့်
မိသားစုတရားက
မေတ္တာတရား၊
အများနဲ့ဆိုင်တဲ့တရားက
ခန္တီတရား၊
တစ်ယောက်နဲ့ဆိုင်တဲ့တရားက
သတိတရားပါပဲဆိုတာကို
သိစေချင်ပါတယ်။

။ ကဲ တပည့်တို့ရေ
မေတ္တာဘယ်လို ထားမည်လဲ
ခန္တီဘယ်လို ပွားမည်လဲ
သတိဘယ်မှာ ထားမည်လဲ
ဆိုတာကို
မေးပါရစေ။

တောင်ကလေးဆရာတော်
(၁၈.၁၀.၂၀၂၄) ရက်နေ့။

5 total views

Categories
စကားလက်ဆောင်

။ ပါရမီချစ် ။

နိဒါန်း

။ လောက၌
၁) ချစ်သူချစ်သော ချစ်ခြင်း
၂) မိသားစုချစ်သော ချစ်ခြင်း
၃) လောကချစ်သော ချစ်ခြင်းဟူ၍
သုံးမျိုးရှိသည်။

တဏှာပေမချစ်ခြင်း
။ တဏှာပေမသည်
တဏှာအရင်းခံသော
( အနင်းခံသော)
ချစ်ခြင်းကိုခေါ်၏။
အကုသိုလ်ဖြစ်၏။
သံယောဇဉ်မကင်း။
ချစ်ရသူသာ ရည်စူး၏။
အကန့်အသတ်ထား၏။
အငတ်ထား၏။
လွှမ်းခြုံ၏။
စိုးမိုး၏။
ကာကွယ်၏။
စောင့်ရှောက်၏။
အသက်ပေး၏။
ပံ့ပိုး၏။
ပဋိပက္ခမွေးထုတ်၏။
ငြိမ်းချမ်းမှုကိုဖျက်ဆီး၏။
လောကသာယာမှုကို
နှောင့်ယှက်၏။
ဟန့်တား၏။
ပြိုကွဲ၏။
ပြိုင်ဆိုင်၏။
(တဏှာပေမသည်)
အသိဉာဏ်မပါသော
ချစ်ခြင်းဖြစ်၏။

ပါရမီချစ်
။ အချစ်အားလုံးသည်
ကန့်သတ်ချက် မရှိရ။
လွတ်လပ်စွာရှိသော
( အသိတရားပါပါ)
ချစ်ခြင်းဖြစ်ရမည်။
ကန့်သတ်ချက်ထားသော
ချစ်ခြင်းသည်
ကြောင်းကျိုးသဘောတရားကို
ဖျက်ဆီး၏။
မျက်နှာများ၏။
ဂုဏ်မဲ့၏။
ရှုထောင့်ပျက်၏။
အရုပ်ဆိုး၏။
ကိုယ်ကျင့်တရားပျက်၏။
သိက်ခာကြ၏။
မမြင့်မြတ်။

ဤခေတ်ချစ်ခြင်း
။ ခုခေတ်ကာလ၌
ချစ်ခြင်းတို့သည်
မည်သို့ချစ်ခြင်းဟူ၍
ခေါ်ဆိုနိုင်ပါမည်နည်း။

။ နိဂုံး
ပါရမီအချစ်သည်
ချစ်ရသူကိုလည်း ချစ်ရမည်
မုန်းရသူကိုလည်း ချစ်ရမည်
ဖြစ်ပါသတည်း။

တောမှီရဟန်း
(၁၅.၁၀.၂၀၂၄) ရက်နေ့။

5 total views

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ မေ တ္တာ ခ ရီး ကြ မ်း ။~~~~~~~~~~~~~~

။ မေ တ္တာ ခ ရီး ကြ မ်း ။
~~~~~~~~~~~~~~~~~

။ မေတ္တာခရီးလို့ပြောရင်
ခရီးကြမ်းမယ်လို့
ဘယ်သူကထင်နေကြမလဲ
သည်နေ့အဖို့
ဖိုးသပြေရဲ့ဘဝက
မေတ္တာခရီးကြမ်းလို့ပဲ
ဆိုပါရစေ။

။ သပြေပင်ရွာမှာ
မွေးဖွားခဲ့လို့
ကျွန်တော်ရဲ့နာမည်ကို
ဖိုးသပြေလို့
မခေါ်ကြပေမယ့်
ကိုယ့်ကိုယ်ကိုပဲ
ဖိုးသဖြေလို့ပဲ
မိတ်ဆက်ပြီးခေါ်ပါရစေ။

။ ကျွန်တော်ဘဝမှာ
တစ်ယောက်တည်းနဲ့
အထီးကျန်
အကျဉ်းတန်
အကျည်းတန်
နေရမယ်လို့
မထင်ခဲ့မိပါဘူးရယ်။

။ ကျွန်တော့်ကို
မွေးဖွားပေးသောမေမေ
ကျွန်တော့်ကို
ပြုစုပျိုးထောင်ပေးသော
ဖေဖေတို့နှစ်ဦးစလုံးဟာ
ဆိုးသောကံအမွေတစ်ခုကြောင့်
မေမေဖေဖေနဲ့ကျွန်တော်
သက်ဆုံးတိုင်
အတူတူမနေကြရဘဲ
မဆုံဆည်းကြရတော့ဘဲ
အတိတ်ကာလက
အတိတ်ဘဝရဲ့ကံတရားအတိုင်း
ကပ်ဘေးကျရောက်တဲ့
ညတစ်ညမှာ
နာနာဘာဝ
ဝိနာဘာဝ
အညတ်ထဘာဝ
ရှင်ကွဲရ
သေကွဲရ
အမျိုးမျိုး
ကြေကွဲရရှာတဲ့
မေတ္တာခရီးလမ်းပေါ်က
မေတ္တာခရီးကြမ်းကို
ကျွန်တော်တစ်ယောက်တည်း
ရှေ့ဆက်နေရတော့မယ်လေ။

။ ကျွန်တော့်မှာ
အမေဆိုလည်းမရှိတော့
အဖေရှိလည်းနတ္ထိဖြစ်တော့
လောကအလယ်မှာ
မေမေဖေဖေဆိုတာ
ခေါ်ရမယ့်သူတွေ
မရှိတော့ပါဘူးလေ။

။ လူဆိုတာ
အမေရှိရတယ်
အဖေရှိရတယ်မဟုတ်လား
ကျွန်တော့်ရဲ့ဘဝမှာ
ဘယ်မှာလဲမေမေ
ဘယ်မှာလဲဖေဖေ။

။ မေတ္တာခရီးမှာ
ကြမ်းတမ်းမည်လား
အေးချမ်းမည်လား
ဆိုတာကို
ကျွန်တော့်ဖိုးသပြေတော့
ခရီးသည်တစ်ဦးဖြစ်နေပြီ။

( ဓတ်ပုံရှင်အား မေတ္တာအပြည့်အဝထားပါသည်။)

တောင်ကလေးဆရာတော်
(၁၇.၉.၂၀၂၄) ရက်နေ့။

4 total views

Categories
စကားလက်ဆောင် တောမှီရဟန်း

။ တကယ်အမြတ် ထာဝရ ။

။ တကယ်အမြတ် ထာဝရ ။
~~~~~~~~~~~~~~~~~~~

။ လသာပါတယ်
ချိန်တန်ကွယ်ရ
မကွယ်ပါနှင့် တားမရ။

။ ရုပ်လှပါတယ်
ချိန်တန်ပယ်ရ
မပယ်ပါနှင့် တားမရ။

။ မေတ္တာရှိတယ်
ချိန်တန်ဖယ်ကြ
ကြဉ်ဖယ်ပါနှင့် တားမရ။

။ မြတ်နိုးကြတယ်
ချိန်တန်လှယ်ကြ
ခြယ်လှယ်ပါနှင့် တားမရ။

။ သစ္စာရှိတယ်
ချိန်တန်လည်ကြ
လှည့်လည်ပါနှင့် တားမရ။

။ သီလကိုးကွယ်
မြင့်မြတ်ခြယ်သ
တကယ်အမြတ် ထာဝရ။

တောမှီရဟန်း
(၉.၉.၂၀၂၄) ရက်နေ့။)

4 total views

ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။
ပျော်ရွှင်မှုကဖီး မှ

ဆာဗာကြေးလှူဒါန်းထားသည်။