Categories
စီးပွားရေး ဆောင်းပါး တောမှီရဟန်း နိုင်ငံရေး ပထဝီနိုင်ငံရေးနှင့်စီးပွားရေး အမျိုးသားရေး

မြန်မာတွေသတိထားစေ …

တောမှီရဟန်း

ကျောင်းသားထု သွေးနဲ့ရေးတဲ့မော်ကွန်း သူရဲကောင်းတို့ တိုင်းပြည်

မြန်မာသံတော်ဆင့်ဂျာနယ် (The Myanmar Herald)၊ အတွဲ(၂)၊ အမှတ်(၁)၊ စာမျက်နှာ ၂၉/၃၀ ပါ ဆောင်းပါးဖြစ်သည်။

၂ဝ၁၃ ခုနှစ်၊ ဒုတိယပိုင်းကာလတစ်ခုခုတွင် တရုတ်နိုင်ငံ အစိုးရပိုင် တရုတ်အမျိုးသား ရေနံကုမ္ပဏီ (C.N.P.C) က မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဖောက်လုပ်ထားသည့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိသော ရေနံပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ အရှေ့အလယ်ပိုင်း ဒေသမှ သင်္ဘောဖြင့် သယ်ဆောင်လာသည့် ရေနံစိမ်းများ ပို့ဆောင်တော့မည်ဖြစ်သည်။ ဤပိုက်လိုင်းမှတစ်ဆင့် တစ်နှစ်လျှင် ရေနံတန်ချိန် သန်း ၂ဝ မျှ တင်ပို့နိုင်မည်ဖြစ်သည်။

ရည်ညွှန်း = (အတွဲ ၂၊ အမှတ်(၂၄)၊ အင်္ဂါနေ့။ မဇ္ဈိမ လွတ်လပ်သော သတင်းဂျာနယ်။ စာမျက်နှာ ၂၀ – ဆောင်းပါး) 

ယနေ့ နိုင်ငံတကာ စီးပွားရေးလောကမှာ အလျင်အမြန် ကြိုးစားအားထုတ်နေကြတယ်။ သူ၊ ငါဦးအောင် နှိုက်ကြ၊ လိုက်ကြလို့ လိုဘတွေများပြီး ကိုးရိုးကားရား ဖြစ်သွားကြတဲ့ တိုင်းပြည်တွေ သနားစရာပါပဲ။ လူဦးရေ သန်းပေါင်းတစ်ထောင် ကျော်ရှိကြတဲ့ တရုတ်နဲ့ အိန္ဒိယတို့ဟာ အိန္ဒိယသမုဒ္ဒရာထဲက စီးပွားရေးကစားပွဲတွေ လုပ်နေကြတယ်။

ဒါတွေမက တောင်တရုတ်ပင်လယ်ထဲမှာ ရှိနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တူးဖော်မှုလုပ်တော့ တရုတ်နိုင်ငံက ဒေါသတကြီး အမျက်တွေထပြနေတယ်။ ဒီအတွက်ကြောင့်လား မသိ။ တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ထဲ စီးပွားရေးလုပ်နေတဲ့ အိန္ဒိယကို ပထမက ရာဇသံ၊ ဒေါသနဲ့ပေါ့။ နောက်တော့ မြန်မာပြည်၊ ဖြတ်သန်းမယ့် ပိုက်လိုင်းကိစ္စ ပေါ်လာတဲ့အခါ တရုတ်အစိုးရက လေသံတွေ ပျော့ပျောင်းပြီး ပြောင်းလာတယ်။ ဗီယက်နမ် ကမ်းလွန်ပင်လယ်ပြင်နေရာအချို့မှာ အိန္ဒိယအစိုးရပိုင် ကုမ္ပဏီကြီး ရေနံရှာဖွေမှုအပေါ်ကိုလည်း တရုတ်အစိုးရက အလွန်အမင်း မနှစ်သက်ချင်လှပါဘူး။

ဒါပေမဲ့ တရုတ်နဲ့ အိန္ဒိယနှစ်ခုရဲ့ ကြားမှာနေတဲ့ မြန်မာကတော့ အပူအပင်မရှိဘဲ အေးအေးလေး နဲ့ ပြုံးပြုံးလေးလို နေကြတယ်။ အံ့ဩစရာပါ။

မြန်မာနဲ့ တရုတ် သွယ်တန်းတဲ့ ရေနံပိုက်လိုင်းလမ်းကြောင်းဟာ – 

၁။ မြန်မာပြည်ဘက်က

(က) ကျောက်ဖြူ (ရခိုင်ပြည်နယ်)
(ခ) မကွေး 
(ဂ) ကျောက်ပန်းတောင်း
(ဃ) ကျောက်ဆည်
(င) မန္တလေး
( စ ) ပြင်ဦးလွင်
(ဆ) သီပေါ
(ဇ) နမ္မတူ
(စျ) နမ့်ခမ်း
(ည) ရွှေလီ (မြန်မာ)

၂။ တရုတ်ပြည်ဘက်

(က) ရွှေလီ (တရုတ်)
( ခ ) ကူမင်း (တရုတ်)
(ဂ) နမ့်နင်း (တရုတ်) အထိ ဆုံးမယ်။

အားလုံးစုစုပေါင်း ကီလိုမီတာ ၉၀၀ ရှိတယ်။ ကီလိုမီတာ ၉ဝဝ မျှ ရှည်လျားတဲ့ ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းလုပ်တဲ့အချိန်မှာ (၂၀၁၂ ခုနှစ်အတွင်းက)

(၁) လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ
(၂) မြေယာသိမ်းမှုတွေ
(၃) မလောက်မဝ လျော်ကြေးပေးမှုတွေ
(၄) ဆိပ်ကမ်းအနီး ပြည်သူများ မကျေနပ်မှုတွေ

အမျိုးမျိုးရှိနေ၊ ဖြစ်နေပေမယ့် ယနေ့တိုင် နေ့နေ့ညည လုပ်နေဆဲပါပဲ။

ယနေ့ တရုတ်ပြည်စီးပွားရေးဟာ အပြည်ပြည်ဆိုင်ရာ အားလုံးကို လွှမ်းမိုးနိုင်အောင် နည်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ နည်းပညာလုံလောက်မှု မရှိသေးပါဘူး။ စီးပွားရေး အလွန်အမင်း ကြိုးစားနေတာကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အခက်အခဲတော့ ရှိလာနိုင်စရာပါ။ အဲဒီအခက်အခဲက လျှပ်စစ်ပိုင်းဆိုင်ရာ အခက်အခဲပါပဲ။ ဒီအခက်အခဲကို ကြိုတင် တားတဲ့အနေနဲ့ ရေနံတင်သင်္ဘောတွေ ဘင်္ဂလားပင်လယ်အော် လမ်းကြောင်းကို လွှဲပြီး မြန်မာပြည်ကမ်းခြေကနေတစ်ဆင့် တင်ပို့ဖို့အတွက် ဒီရေနံပိုက်လိုင်းကြီးကို အသုံးပြုနေတယ်လို့ ပညာရှင်တွေက ခန့်မှန်းကြတယ်။

အဲဒီခန့်မှန်းချက်ဟာ မလွဲပါဘူး။ မြန်မာပြည်ဟာ တရုတ်နဲ့ အိန္ဒိယ မကင်းနိုင်တာမှန်ပေမယ့် အဲဒီနိုင်ငံတွေရဲ့ ငွေနဲ့ မြန်မာတွေ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်း များများစားစား ရင်းနှီးမှုမလုပ်ရခဲ့ပါဘူး။ ယခု အစိုးရသစ်လက်ထက်မှာတော့ ပူးကပ်လုပ်နေတာ အချို့ တွေ့နေရပါတယ်။ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်၊ စီးပွားရေးအရပဲဖြစ်ဖြစ် အကျိုးတူလုပ်ငန်းတွေလုပ်ဖို့ စဉ်းစားနေကြတာတွေ ရှိနေတာတော့ အမှန်ပါပဲ။

တရုတ်နဲ့ အိန္ဒိယစီးပွားရေးအစီအစဉ်တွေကို လေ့လာကြည့်ရင် အားရစရာဘာတစ်ခုမှ မရှိပါဘူး။ အထောက်အပံ့ ကူညီပေးကြမယ်ဆိုပေမယ့် မလောက်မင ဆိုစလောက်လေးသာ။ ဒါဆိုရင် မြန်မာတွေ ဘယ်တိုင်းပြည်က အကူအညီနဲ့ လက်တွဲလုပ်ဖော်ရကြမလဲ။ စက်မှု ပိုင်ဆိုင်ထားပြီးသား လူတွေနဲ့ပေါင်းလို့ နည်းပညာ ငါတို့ရကြမလား။ အလကားဆို၍ မရှိပါ။ ဥရောပနိုင်ငံတွေနဲ့ပေါင်းပြီး မြန်မာတွေ အလုပ်လုပ်ကြမလား။ အမျိုးမျိုးစဉ်းစားကြည့်ပါ။ ထိုးကွက်၊ လှည့်ကွက်များတဲ့ ခုခေတ် စီးပွားရေးခေတ်ဟာ နောက်ပြန်မဆုတ်တဲ့ စီးပွားရေးလောက ထဲကို ရောက်ဖို့ မြန်မာတွေ ကြိုးစားရဦးမယ်။

တရုတ်ရဲ့ စီးပွားရေးကို အားကိုးရနိုးနိုးနဲ့ မြန်မာတွေ ခါးကျိုးနေကြတာများလှပါပြီ။ အရှေ့မျှော်ဝါဒီသမားနဲ့လည်း ဒီအတိုင်းပါပဲ။ ဒါဆိုရင် တို့မြန်မာတွေ ဘာလုပ်ဖို့ စဉ်စားနေကြသလဲ။ ယနေ့ မြန်မာပြည်သားတွေအားလုံးဟာ မိမိအမြင်ကို ရဲရဲတွေး၊ ရဲရဲလုပ်၊ ရဲရဲစွန့်စားကြရဲ့လား။ လက်ရှိအစိုးရအဖွဲ့ အစည်းကိုလည်း စုပေါင်းဝိုင်းဝန်းဖြည့်ဆည်းပေးကြရဲ့လား။ အားပေးကြရဲ့လား။ ပြည်သူပြည်သား ပါမလာရင် ဒီတိုင်းပြည်ဟာ သာယာလာမယ်လို့ရော ထင်သလား။ အစိုးရချည်း သက်သက် အားကိုးလို့ ရမလား။ ပြည်သူတွေကူညီမှ အစိုးရလည်း သက်သာမှာ ဖြစ်မယ်ဆိုတာ သိစေချင်ပါတယ်။ 

အရှင်တို့တိုင်းပြည်ဟာ သူတစ်ပါးလုပ်ကျွေးတဲ့ တိုင်းပြည်မဖြစ်အောင် ကြိုးစားအားထုတ် ဆောင်ရွက်ကြရမယ်။ နေရာတကာမှာ ပြည်သူတွေ လုပ်ကြရမှာပါ။ အခြားတိုင်းပြည်က လူတွေ ငါတို့တိုင်းပြည်ကို ကြီးပွားတိုးတက်အောင် လုပ်မပေးကြပါဘူး။ စီးပွားရေး လာရောက်တူးဖြို၊ သယ်ဆောင်သွားမယ့် သူတွေပါ။ 

အခုဆိုရင် စီးပွားဖြစ်လုပ်ငန်းတွေ နိုင်ငံတကာက လာရောက်လေ့လာနေကြပါပြီ။ လေ့လာရေး အစီအစဉ်နဲ့ သူတို့ အချိန်ယူနေကြပါပြီ။ သူတို့ လေ့လာနေတဲ့အချိန်မှာ အရှင်တို့ မြန်မာပြည်သားတွေဟာ အရင်းအနှီး များများစားစား ရှိဖို့လိုတယ်။

ဒီတိုင်းပြည်ထဲကို ဝင်ရောက်လုပ်ကိုင်လိုတဲ့သူတွေ အများကြီးပါ။ စီးပွားရေးဆိုတာ မလုပ်မီ (မလုပ်ခင်) အရင်ဦးဆုံး လေ့လာရပါတယ်။ လေ့လာမှုပြုလုပ်ပြီးမှ လုပ်ငန်းကို လုပ်ရပါတယ်။ မလေ့လာဘဲလုပ်ရင် ဘာမှ အဆင်မပြေနိုင်ပါ။

မကြာမီ ၂၀၁၅ ခုနှစ်ရောက်တော့မယ်။ အာဆီယံ အလှည့်ကျလုပ်ငန်းလည်း တာဝန်ယူကြရတော့မယ်။ မြန်မာပြည်ဟာ စီးပွားရေး အခွန်ကြေး၊ အကောက်ကြေးတွေ ပုံစံ ပြောင်းလဲတော့မယ်။ အဲဒီအခါကျရင် မြန်မာပြည်တွင်းထဲမှာ အမျိုးမျိုးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံကြမယ်။ အဲဒီအချိန်ကျရင် မြန်မာတွေ လုပ်ငန်းရှင်ဖြစ်ဖို့ လိုတယ်။ အလုပ်သမားမဖြစ်ဖို့ လိုတယ်။ ဒီသတိပေးတဲ့စကားဟာ နောက်မကြာ မြန်မာတွေ ခံစားကြရတော့မယ်။ အရှင်တို့ အနီးအနားမှာရှိတဲ့ တိုင်းပြည်အချို့ဟာ အဲဒီခံစားရမှုတွေ သူတို့တွေ လက်တွေ့ ခံစားနေကြရပါပြီ။ အစက ကိုယ်တော်သလိုလိုနဲ့ နောက်ဆုံး ကူလီဖြစ်သွားတဲ့သူတွေ အများကြီး တွေ့ ရတယ်။

မြန်မာတွေ အဲဒီလိုမဖြစ်ရအောင် ပိုင်ဆိုင်မှုတွေ ထိန်းသိမ်းပါ။ မြေယာတွေ အရမ်းကာရော မရောင်းပစ်သွားပါနဲ့။ ငွေရှင်၊ ကြေးရှင်လက်ထဲမှာ မြေယာတွေရောက်သွားရင် တစ်ပြည်လုံး ကျွန်ပြုခြင်းခံရမယ်။ အထူးသဖြင့် မြန်မာတွေ မြေယာကို ငွေကြေးများပြားတဲ့လူတွေလက်ထဲ မရောက်ဖို့ ခြိုးခြံပြီး နေစားကြပါ။ အရှင်တို့ တိုင်းပြည်ဟာ လူ့အရင်းအမြစ် ပြည့်စုံပြီးသားပါ။ စက်မှုပစ္စည်းဆိုင်ရာ အရင်းအမြစ်သာ အားနည်းနေတာပါ။ နည်းပညာတတ်မြောက်လာရင် အဆင်ပြေသွားမှာပါ။ အလွန်တိုးတက်တဲ့ တိုင်းပြည်တွေကို အားမကျပါနဲ့။ အကျနာတတ်တယ်။ ဖြည်းဖြည်းလုပ်ကြပါ။ ယခု လက်ရှိအစိုးရတွေကိုလည်း မပစ်ပယ်ကြပါနဲ့။ 

ပြည်သူတွေ ဖြစ်ချင်တာတွေကို အစိုးရအဖွဲ့အစည်းတွေကလည်း လိုက်ပြီးလုပ်ပေးပါ။ အားပေးပါ။ စောင့်ရှောက်ပေးပါ။ ပြည်သူတွေကလည်း အစိုးရအပေါ်ချည်း သက်သက်အမြင် မစောင်းကြပါနဲ့။ ပြည်သူလိမ္မာမှ အစိုးရသက်သာမယ်။ ပြည်သူတော်မှ အစိုးရတော်မယ်။ အစိုးရ အဖွဲ့အစည်းဆိုတာ ပြည်သူ့ကို အထောက်အပံ့ပြုပေးတဲ့ အဖွဲ့အစည်းပါ။ ပြည်သူသာ အခရာပါပဲ။ 

အကယ်၍ ပြည်သူက မသိ၊ မလိမ္မာရင် အစိုးရက ပြည်သူ့အတွက် ကာကွယ်ထိန်းသိမ်းပေးရမယ်။ အစိုးရအလုပ်ကို ပြည်သူတွေက လိုက်ပြီး လုပ်ဖို့မလို။ ပြည်သူအလုပ်ကို အစိုးရက လိုက်ပြီး လုပ်ပေးရမယ်။ ခေတ်အဆက်ဆက်က အစိုးရဟာ လုပ်ချင်တဲ့အလုပ်ကို လူထုတွေကို ခိုင်းတယ်၊ စေတယ်၊ လုပ်ခိုင်းတယ်။ မအောင်မြင်ရင် လူထုကို ညှဉ်းဆဲတယ်။ ခုခေတ် အစိုးရလုပ်တဲ့သူတွေ ပြည်သူတွေကို အထောက်အပံ့ ပေးဖို့ မမေ့သင့်ပါ။ လူထုတွေကလည်း ဘာလုပ်လုပ် တရားဥပဒေနဲ့ အလုပ်လုပ်ရမယ်။ ကိုယ်၊ စိတ်ဆင်းရဲခြင်း မရောက်အောင်လုပ်ရမယ်။

အရှင်တို့ ပြည်သူတွေဟာ မသင့်၊ မတော်၊ မလျော် တဲ့နေရာတွေမှာ မနေထိုင်ကြဖို့ လိုတယ်။ မြင်မကောင်း၊ ရှု၊ မကောင်းတဲ့နေရာတွေမှာနေရင် ကျန်းမာရေး၊ စိတ်ဓာတ်၊ စရိုက်တွေ ပျက်ပြားလာတတ်တယ်။ အစိုးရဖြစ်တဲ့ အဖွဲ့အစည်းက ပြည်သူတွေနေထိုင်ကြရတဲ့ အခြေအနေတွေကို ကြည့်ပြီး စောင့်ရှောက်၊ ထိန်းသိမ်း၊ ကယ်တင်ပေးဖို့ လုပ်ရမယ်။ လွယ်လွယ်ယူ၊ လွယ်လွယ်ရ၊ လွယ်လွယ်လုပ်တဲ့ အလုပ်တွေကို မလုပ်ကြဘဲ စည်းကမ်းနဲ့လုပ်တဲ့ အလုပ်တွေကို ပြည်သူတွေ လုပ်ဖို့လိုအပ်တယ်။

အရှင်တို့ဟာ ဥပဒေကို အလွန်ရိုသေရမယ်။ လိုက်နာရမယ်။ မိမိတစ်မျိုးသားလုံး အဆင့်အတန်း မြင့်မားလာဖို့ ပညာရေးကို လေးစားမြတ်နိုး တန်ဖိုးထားရမယ်။ လူနဲ့တန်တဲ့နေရာ၊ အစားအစာ၊ အဝတ်အစားတွေကို ပြင်ဆင်၊ နေထိုင်၊ သုံးဆောင်ရမယ်။ သတိတရား အားကောင်းအောင် မမေ့မလျော့ဘဲ နေရမယ်။ ထင်တိုင်းမကြဲရ။ အများ အထင်သေးစရာတွေ မလုပ်ရ။ တကယ်တော့ ပြည်သူဟာ အခရာပါပဲ။ ပြည်သူဆိုးရင် အစိုးရလည်း တတ်နိုင်မှာ မဟုတ်သလို၊ ပြည်သူမိုက်ရင် အစိုးရလည်း မတတ်နိုင်ပါဘူး။

မြန်မာပြည်ဟာ ချမ်းသာကြွယ်ဝတဲ့သူတွေ အများကြီးပါ။ ရိုးရိုးသားသား ကြိုးစားလို့ အောင်မြင်ကြီးပွားတဲ့သူတွေ နည်းပါးပါတယ်။ အလွန်ချမ်းသာတဲ့သူတွေဟာ ဒုစရိုက်တရားနဲ့ ကင်းတဲ့သူတွေ နည်းပါးပါတယ်။ အစိုးရအဖွဲ့အစည်း၊ အခြားသော အစိုးရဦးစားပေးတဲ့ အဖွဲ့အစည်းတွေနဲ့ ပေါင်းစား၊ လုပ်စားကြလို့သာ ချမ်းသာနေကြတာပါ။ အစိုးရအဖွဲ့အစည်းထဲကို ရောက်တဲ့သူတွေလည်း ရတဲ့လစာနဲ့ မိဘဘိုးဘွားပိုင်ဆိုင်တဲ့ အမွေနဲ့ပေါင်းရင် ငွေကြေးမများပါဘူး။

ဒါပေမဲ့ ရာထူး၊ အာဏာ၊ အရှိန်နဲ့ လုပ်လို့ ပိုင်ဆိုင်မှုတွေကို ကြည့်လိုက်ရင် ပြည်သူတွေကို အားနာဖို့ကောင်းတယ်။ မတော်မတရားနဲ့ ရတဲ့စည်းစိမ်ဟာ မိသားစုကို လုပ်ကျွေးရင်၊ လုပ်ကျွေးသူ၊ စားသုံးသူတွေ အပြစ်မရနိုင်ဘူးလို့ မထင်နဲ့။ သံသရာဝဋ်ကြွေးဟာ လုပ်တဲ့ သူပဲ ခံရမှာပါ။

ယနေ့ မြန်မာတွေဟာ မိသားစုအလိုက် ရုန်းကန်နေကြရပြီး ပညာမတတ်မြောက်ကြလို့ အလုပ်ကို အမျိုးမျိုး လုပ်ကြရတယ်။ “လူမှန်ရင်အလုပ်လုပ်ကြရမယ်” ဆိုပေမယ့် လူနဲ့ တူတန်တဲ့အလုပ်ကိုပဲ လုပ်သင့်တယ်။ တစ်ခါတလေ လူတွေဟာ မလိုအပ်ဘဲနဲ့ ပိုလုပ်တာတွေ လုပ်ကြရတော့ ဒဏ်တွေ ပိလာတယ်။ အဲဒီဒဏ်တွေကြောင့် တဖြည်းဖြည်း ကြောက်လာတယ်။ အလုပ်လုပ်ရမယ်ဆိုရင် ပိုကြောက်လာကြတယ်။

ဒဏ်ကြောက်တဲ့ သတ္တဝါဖြစ်သွားရင် အလုပ်ကိုလုပ်ဖို့ (လုပ်ပါလို့) တောင် မလုပ်ရဲဘဲ ဖြစ်ကြတယ်။ ဒီနေ့ မြန်မာပြည်မှာလည်း နိုင်ငံရေးအလုပ် လုပ်ကိုလုပ်ကြပါ (လုပ်ကြဖို့) လို့ တိုက်တွန်းနေရင်တောင်မှ လုပ်လိုတဲ့သူတွေ ရှားပါးသွားမယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးအလုပ်ဒဏ် ထိထားလို့ပါပဲ။ 

နိုင်ငံရေးကိုလုပ်လို့ နိုင်ငံရေးအလုပ်ဒဏ် ထိသွားတာတော့ ရှားပါးပါတယ်။ နိုင်ငံရေးအလုပ်ထဲက မဟုတ်ဘဲ နိုင်ငံရေးနဲ့ နွှယ်တဲ့၊ အပြစ်ဒဏ်မကင်းတဲ့ အလုပ်နဲ့တွဲမိ လုပ်ကိုင်မိတာကြောင့် နိုင်ငံရေးအလုပ်ဒဏ် ရသွားကြတယ်။ ဒီအဖြစ်မျိုးဟာ ကမ္ဘာပေါ်မှာ ရေတွက်လို့ မကုန်ပါဘူး။ မြန်မာပြည်မှာလည်း နည်းနည်းနောနောလား။ အများကြီးပါပဲ။ ခုချိန်ခါမှာ မြန်မာပြည်နိုင်ငံရေး တံခါးတော့ ပွင့်လာပြီလို့ ဆိုကြပေမယ့် တကယ့်နိုင်ငံရေးအချုပ် တံခါးကတော့ မပွင့်လာသေးပါဘူး။ ရှင်းရှင်းလင်းလင်း ပွင့်လာမှာလည်း မဟုတ်ပါဘူး။

လူထုတွေကတော့ နိုင်ငံရေးတံခါး ပွင့်ပြီလို့ မထင်ကြပါဘူး။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးကို အကြောင်းပြပြီး ပါတီပေါင်းစည်းရေး၊ လူထုကို လိုက်လံဖားရေးနဲ့ပဲ လုပ်နေကြတာပါ။

တကယ်လူထုနားလည်တဲ့ နိုင်ငံရေးကို မြန်မာ့နိုင်ငံရေးမှာ လူထုတွေ တွေ့ချင်နေပြီဆိုကြပေမယ့် နိုင်ငံရေးကိုလုပ်တဲ့ နိုင်ငံရေးဆရာတွေဟာ အိုမင်းရင့်ရော်နေကြပြီး အဆုံးအမ သြဝါဒလေးတောင်မှ မပေးနိုင်တော့တဲ့အဖြစ်ကို ရောက်သွားကြပါပြီ။ ယိုင်လဲနေတဲ့ မြန်မာ့နိုင်ငံရေးကို ကလေးတွေကို လက်ဆင့်ကမ်းဖို့ နိုင်ငံရေးကျောင်းကလေး တစ်ကျောင်းတောင်မှ မဖွင့်လှစ်ပေးနိုင်ကြတဲ့ အစိုးရတွေက သတိလေးထားမိကြမယ် မထင်ပါဘူး။

အိမ်နီးနားချင်း တိုင်းပြည်တွေက ကျောင်းဆိုရင် အမျိုးမျိုးပါပဲ။ ဝါသနာရှိသလို (ကြိုက်သလို) ဘယ်ပညာကြိုက်ကြိုက် သင်ယူလေ့လာ နိုင်ကြပါပြီ။ အဲဒီလို သူတို့တွေ ပညာအမျိုးမျိုး သင်ယူနိုင်ကြတာကို ကြည့်လိုက်ရင် အရှင်တို့မြန်မာပြည်မှာ “ပုရွက်ဆိတ်ညို ကိုက်လို့ လမ်းမှာ ထိုင်ငိုရတဲ့အဖြစ်တွေ မဖြစ်ချင်ကြတော့ပါဘူး။ မြန်မာပြည်ထောင်စု တိုင်းပြည်မှာ ပညာတတ်၊ ထူးချွန်ထက်မြတ်တဲ့ ပုဂ္ဂိုလ်တွေ အထင်အရှား ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာကသူတွေ လေးမြတ်ကြည်ညိုခံရတဲ့ ပုဂ္ဂိုလ်တွေရှိခဲ့တဲ့ ဒီတိုင်းပြည်ကို မြန်မာတွေ ပိုမိုနားလည်ထားသင့်ပါတယ်။

ခေတ်စနစ်အဆက်ဆက်က နိုင်ငံရေးအမည်းစက်တွေကြောင့် ရှည်လျားခဲ့တဲ့ အာဏာရှင်စနစ်ကြီးက ဒီတိုင်းပြည်ကြီးကို နည်းပေါင်းစုံ အုပ်ချုပ်လာခဲ့ပေမယ့် မကြောက်တတ် မရွံ့တတ်တဲ့ မြန်မာပြည်သူတွေရဲ့ သတ္တိလုံ့လအားဟာ ထူးခြားလှပါတယ်။ ဒီထူးခြားမှုကို မြန်မာက ပို၍နားလည်ကြပါတယ်။

မှန်ပါပြီ။ အရှင်တို့ဟာ ရှေ့ဆက်ပြီး နိုင်ငံအကျိုးကို ဘယ်လိုသယ်ပိုးအားထုတ်ကြိုးစားကြမလဲ။ နေခါးခါးကြားက ကြိုးစားရုန်းထွက်လာကြလို့ အေးမြတဲ့ ဘဝရောင်ခြည်အအေးက သတ္တိဓာတ်တွေ ရလာကြတဲ့ အရှင်တို့ မြန်မာတွေ အားလုံး ဟာ အစေးဓာတ်အားကောင်းတဲ့ နိုင်ငံနှစ်ခုရဲ့ကြားက (မှာ) စုပေါင်းပြီးတော့ လွတ်လွတ်လပ်လပ် ရုန်းထွက်ကြရမယ်။ လွတ်လပ်တဲ့ မြန်မာပြည်၊ ထူးမြတ်တဲ့ မိဘဘိုးဘွားတွေရဲ့ တည်ထောင်ဖန်ဆင်းပေးထားကြတဲ့ အရှင်တို့ တိုင်းပြည်ကြီးကို အမှားလမ်း ဖယ်ရှားပေးထားတဲ့ မိမိကိုယ်ပိုင်ဉာဏ်နဲ့ မြန်မာ့ နိုင်ငံရေးလမ်းစဉ်ကို ခင်းထားပေးကြရမယ်။ နိုင်ငံရေး မရင့်ကျက်လို့ မကောင်းသတင်း ထွက်ထားကြပေမယ့် အနာဂတ် မြန်မာ့နိုင်ငံရေး အတွေးအခေါ်ရှင်တွေ ဖြစ်ပေါ်အောင် ကြိုးစားအားထုတ်ကြရမယ်။ အရှင်တို့ တိုင်းပြည်မှာ အမျိုးကောင်းသား များစွာပေါ်ထွက်ဖို့လိုတယ်။ အမျိုးကောင်းသားများများ ဖြစ်ထွန်းပေါ်ပေါက်ရင် 

(၁) လူအားလုံးတို့၏ အကျိုးစီးပွား
(၂) မိဘတို့၏ အကျိုးစီးပွား
(၃) သား၊ မယားတို့၏ အကျိုးစီးပွား
(၄) အလုပ်သမားတို့၏ အကျိုးစီးပွား
(၅) မိတ်ဆွေတို့၏ အကျိုးစီးပွား

စတဲ့ အကျိုးစီးပွားချမ်းသာခြင်းအတွက် ဖြစ်တယ်ဆိုတဲ့ အဆုံးအမစကားတွေ လမ်းညွှန်ချက်ရှိခဲ့တယ်။ 

ဒီ အဆိုစကားဟာ အရှင်တို့ မေ့ပစ်လို့ မရပါ။

အရှင်တို့ရဲ့ ဘဝဖြစ်စဉ် (တိုင်းပြည်ဖြစ်စဉ်) ဟာ အလွန်ကြမ်းတမ်းလှပါတယ်။ ကြမ်းတမ်းခက်မာတဲ့ လူမှုဘဝဖြစ်စဉ်ကို တွေးမိလိုက်ရင် အခြေခံဒီလိုဖြစ်လာခဲ့ရတဲ့ တရားခံက အရင်းစစ်ရင် အရှင်တို့ရဲ့ အားနည်းချက်ကြောင့်ပါပဲ။ ဒီအားနည်းချက်ကို အကြောင်းပြပြီး တိုင်းပြည်ထဲမှာ ထွက်တဲ့ သယံဇာတတွေ၊ အဖိုးတန်ပစ္စည်းတွေ အမျိုးမျိုးကို ပတ်ကွက်၊ လှည့်ကွက် အမျိုးမျိုးနဲ့ ရောင်းသွားကြရတဲ့ ပစ္စည်းတွေ နှစ်ပေါင်းနှစ်ရာ ကျော်တိုင်ခဲ့ပါပြီ။

မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ ကောင်းကင်ပါမကျန် နှိုက်စား၊ လှိုက်စား၊ ဝှိုက်စား၊ ဖက်စားခြင်း ခံရတဲ့ မြန်မာ့သယံဇာတ ပစ္စည်းတွေဟာ အရင်းစစ်ရင် (ဒုတိယအရင်းစစ်ရင်) အရှင်တို့တွေ ဆင်းရဲနေလို့ပါပဲ။ 

ဒီတစ်ခါတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ရေနံဓာတုပစ္စည်းတွေ ကုန်လောက်ပြီလို့ ထင်ပါရဲ့။ မြန်မာပြည်မြေပုံကို ကြည့်ရင် ဖြတ်ကျော်တဲ့ ပိုက်လိုင်းဟာ (မြန်မာ့မြေပုံဟာ) အပိုင်းနှစ်ပိုင်း ဖြစ်သွားသလိုပါပဲ။ မြန်မာတွေ သတိထားစေ။

တောမှီရဟန်း

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး