Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိဘိဝံသ ဘဝဖြစ်စဥ်မှတ်တမ်း

မန္တလေးမြို့ ရွှေရေးဆောင်တိုက် ( တိုက်နာယက ) ရန်ကုန်ကျောင်းနေ ပဋ္ဌာန်းဆ‌ရာတော်သောင်းလျာကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးရွာ၊ ကိုင်းကောင်းရွာ၌ ဦးအေးပြိုင်၊ ဒေါ်ရင်တိုးတို့၏ဝမ်းကြာတိုက်မှ ၁၂၈၃ခု ၊ တော်သလင်းလပြည့်ကျော် ( ၁၂ ) ရက် ဗုဒ္ဓဟူးနေ့ နံနက် ( ၁၀ ) နာရီတွင် ဖွားမြင်ခဲ့သည်။
၁၃၀၂ခု၊တန်ခူလဆန်း (၈) ရက်နေ့တွင် နောင်ဘိုကြီးကျောင်းဆရာတော် ဦးပညာကို ဥပဇ္ဈာယ်ပြုလျက်သထုံခရိုင်ရင်းငြိမ်မြို့ကျောက်သုံးကြီးကျောင်းခဏ္ဍသိမ်၌ရဟန်းအဖြစ်ရောက်ခဲ့သည်။သထုံမြို့ရင်းငြိမ်ဆရာတော်၊ပဲခူးမြို့မြို့မဆရာတော်၊မန္တလေးမြို့တောင်ပြင်ထီလင်းတိုက်၊ရွှေရေးဆောင်တိုက်၊ဘုရားကြီးတိုက်ဆရာတော်တို့နှင့်စစ်ကိုင်းတောင်ရိုးပဋ္ဌာန်းသိပ္ပံဆရာတော်ဦးဣန္ဒကတို့ထံတွင်ပရိယတ္တိ အထက်တန်းစာပေများကို နည်းခံသင်ယူခဲ့သည်။

ပဲခူးမြို့ ဝိနယာဝိက ( ငယ်၊ လတ်၊  )၊  အစိုးရ ( ငယ်၊ လတ်၊ ကြီး )တန်းများ အောင်မြင်ခဲ့ပြီး ၁၃၁၅ခု၌စာချတန်းကိုဂုဏ်ထူးနှင့်အောင်မြင်၍  ( သာသနဓဇ သိရီပဝရ ဓမ္မစရိယ)ဘွဲ့ရရှိခဲ့သည်။ ၁၃၂၈ ခု၌ သကျသီဟ အသင်းမှဆက်ကပ်သော  ( ပရိယတ္တိသာသနဟိတ မူလ ဓမ္မာစာရိယ ) ဘွဲ့ကို ရရှိခဲ့သည်။
၁၃၁၄ခုနှစ်မှ၁၃၅၀ပြည့်နှစ်တိုင် ယမိုက် (၁၀) ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို အထူးစာဝါအဖြစ်ပို့ချခဲ့မှုကြောင့်ညဝါအကျော် ပဋ္ဌာန်းဆ‌ရာတော်အဖြစ်ထင်ပေါ်ခဲ့သည်။ ယမက သင်္ခေပကျမ်းနှင့် ပဋ္ဌာနနယသင်္ခေပကျမ်းများကို စီစဥ်ပို့ချခဲ့သည်။ ကရင်အမျို့သား ဂုဏ်ဆောင် ပဋ္ဌာန်းဆရာတော်သည်၁၃၅၁ခု တန်ခူးလဆန်း ( ၁၃ )ရက် အင်္ဂါနေ့ နံနက် ( ၆ )နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည်။



Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဗုဒ္ဓသာသနာစိရံတိဋ္ဌတု ပဋ္ဌာန်းဆရာတော်ဦးဝဇီရဗုဒ္ဓိထေရုပ္ပတ္တိ ကျောက်စာတော်

မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက်၊ တိုက်ကျောင်းနှင့် ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်း တို့၏ပဓာနနာယကဖြစ်တော်မူသော ညဝါအကျော်
ပဋ္ဌာန်းဆရာတော်ဦးဝဇီရဗုဒ္ဓိသည် ယနေ့ ကရင်ပြည်နယ်အတွင်းပါဝင်သော လှိုင်းဘွဲမြို့နယ်အပိုင်၊ နောင်ဘိုကြီးရွာ၌ မြန်မာကောဇာသက္ကရာဇ် ၁၂၈၂-ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၂)ရက်၊ ဗုဒ္ဓဟူးနေ့  (၂၈၊ ၁၀၊၁၉၂၁)(၁၀)
နာရီတွင် ဖွားမြင်တော်မူပါသည်။ မိဘနှစ်ပါးမှာ ဦးအေးပြိုင်နှင့်ဒေါ်ရင်တိုးဖြစ်သည်။

သက်တော်တစ်ဆယ့်သုံးနှစ်အရွယ်တွင် နောင်ဘိုကြီးကျောင်းဆရာတော်ဦးပညာကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေပြုတော်မူပါသည်။ ပရိယတ္တိအခြေခံရသည်နှင့် ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဣန္ဒာစာရထံ၌ ပရိယတ္တိစာပေကို ဆက်လက်သင်ယူသည်။ မြန်မာကောဇာသက္ကရာဇ် ၁၃၀၂-ခု၊ တန်ခူးလဆန်း (၈)ရက်(၁၄၊၄၊၁၉၄၀)တနင်္ဂနွေနေ့တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဖြင့် နောင်ဘိုကြီးဆရာတော်ဦးပညာကိုပင် ဥပဇ္ဈာယ်ပြု၍ သထုံခရိုင်၊ ရင်းငြိမ်မြို့၊ ကျောက်လုံးကြီးကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့‌ရောက်တော်မူသည်။

ရဟန်းဖြစ်သည်မှစ၍ အထက်တန်းပရိယတ္တိစာပေများကို ရင်းငြိမ်မြို့၊ ကျောက်လုံးကြီးဆရာတော်၊ သထုံမြို့၊ လယ်ဝန်တိုက်ဆရာတော်၊ပဲခူးမြို့၊မြို့မစာသင်တိုက်ဆရာတော်ဦးဣန္ဒာစာရ၊ခရမ်းမြို့၊ ကိုင်းကုန်းဆရာတော်၊ မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက် ဆရာတော်ဦးသူရိယာဘိဝံသ၊ ဆရာတော်ဦးပုညာန္ဒာဘိဝံသ၊ ဆရာတော်ဦးသံဝရမာလာ၊ မန္တလေးရွှေရေးဆောင်တိုက်၊ ဆရာတော်ဦးပဏ္ဏဝ၊ ဘုရားကြီးတိုက် ဆရာတောဦးနာရဒ၊ ဆရာတော်ဦးဣန္ဒကထံတော်တို့၌ ပရိယတ္တိပညာသင်ကြားခဲ့သည်။

အောင်မြင်ခဲ့သောစာမေးပွဲများမှာ ပဲခူးမြို့၊ ဝိနယာဓိက (ငယ်-လတ်)စာမေးပွဲ၊ အစိုးရ (ငယ်-လတ်-ကြီး)ကို အောင်မြင်ခဲ့ပြီး မြန်မာကောဇာသက္ကရာဇ်
၁၃၁၅-ခုနှစ်၌ စာချတန်းကို ဂုဏ်ထူးနှင်အောင်မြင်၍ (သာသနဓဇသီရိပဝရဓမ္မာစရိယ) ဘွဲ့ရရှိသည်။ဆရာတော်သည် မြန်မာကောဇာသက္ကရာဇ် ၁၃၁၄-ခုနှစ်မှ ၁၃၅၀ပြည့်နှစ်တိုင်အောင် (၃၆)နှစ်ကာလအတွင်း တောင်ပြင်ထီးလင်းတိုက်၊ တိုက်ကျောင်းနှင့် ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတို့၌ သီတင်းသုံးစဥ်(ငယ်-လတ်-ကြီး)နှင့်စာချတန်းစာဝါများကို ပို့ချခဲ့သည့်အပြင် ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို အကြိမ်များစွာပို့ချခဲ့ရုံမျှမက နွေရာသီ အထူးစာဝါအဖြစ် ပဋ္ဌာန်းကို ပို့ချတော်မူသေးရာ ကျောင်းမဆန့်သဖြင့် လှေခါးရင်းသစ်ပင် အောက်တို့မှနေ၍ စာဝါလိုက်ကြရသည်။ စာဝါလိုက်သူများပြားကြသဖြင့် ညဝါအကျော် ပဋ္ဌာန်းဆရာတော်အဖြစ် ကျော်ကြားတော်မူပါသည်။

ဆရာတော်ကြီးသည် “ယမကသင်္ခေပကျမ်း”နှင့်“ပဋ္ဌာနနယကသင်္ခေပကျမ်း”
ကိုလည်း ရေးသားပြုစုတော်မူခဲ့၏။ ဤကဲ့သို့ သာသနအကျိုးကို သည်ပိုးရွက်ဆောင်နေစဥ် သက်တော် (၆၈) သိက္ခာတော် (၄၈)ဝါအရ မြန်မာကောဇာ
သက္ကရာဇ်၁၃၅၁ခုနှစ်၊ ဦးတန်ခူးလဆန်း (၁၃)ရက် အင်္ဂါနေ့၊ (၁၈.၄.၈၉) နံနက် (၆)နာရီ၊ မန္တလေးမြို့၊ ‌ရွှေရေးဆောင်တိုက်၊ ရန်ကုန်ကျောင်းတွင် လွန်တော်မူပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

သာသနဓဇဓမ္မာစရိယ၊ ဒီဃဘာဏက၊ ဝိနယပါရဂူ (ဘီအေ)

ပြည်နယ်ကျက်သရေကျောင်းဆရာတော် – ဘဒ္ဒန္တ – ဝေဒေဟသာမိဘိဝံသ၏

ထေရုပ္ပတ္တိ – အကျဉ်းချုပ်

သက်တော် – ၅၂ – နှစ်၊ သိက္ခာတော် – ၃၃ – ဝါ

“ဖွားမြင်တော်မူခြင်း”

ဆရာတော် – ဘဒ္ဒန္တဝေဒေဟသာမိဘိဝံသသည်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာ အုပ်စု၊ ကော့ဝန်းကျေးရွာ၊ ခမည်းတော် – ဦးမောင်ကောက် (ဝါ) ဦးစိန်၊ မယ်တော် – ဒေါ်မြသင်းတို့မှ ၁၃၀၄ – ခု၊ တန် ဆောင်မုန်းလပြည့်ကျော် (၃) ရက် ဗုဒ္ဓဟူးနေ့တွင် မီးရှူးသန့်စင်ဖွားမြင်တော်မူပါသည်။ မွေးချင်း (၄) ယောက်အနက် – အတိဇာတ၊ ဇေဌပုတ္တသားကြီး ဩရသရတနာဖြစ်သည်။ ငယ်နာမည်မှာ “ စောရင်အေး” ဖြစ်ပါသည်။

“ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း”

ဆရာတော်လောင်းလျာသည် အသက် – (၉) နှစ်အရွယ်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူး ကျေးရွာအုပ်စု၊ ကော့ဝန်းကျောင်းဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရကို ဥပဇ္ဈာယ်ပြု၍၊ မိဘဆွေမျိုးများ၏ ပစ္စယာနုဂ္ဂဟ ဖြင့် – ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဘွဲ့တော်မှာ “ ရှင်ဝေဒေဟသာမိ” ဖြစ်ပါသည်။

တစ်ဖန် – ဆရာတော်လောင်းလျာရျင်ဝေဒေဟသာမိသည် ၁၃၂၃ – ခုနှစ်၊ ကဆုန်လဆန်း (၄) ရက်၊ နံနက် (၈) နာရီ – ၁၅ မိနစ်အချိန်တွင်၊ ကော့ဝန်းကျောင်းခဏ္ဍသိမ်၌၊ ကော့ဝန်းကျောင်းဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓါစာရကို၊ ဥပဇ္ဈာယ်ပြု၍၊ မိဘဆွေမျိုးများ၏ ပစ္စယာနုဂ္ဂဟကို ခံယူပြန်ကာ၊ မြင့်မြတ်သောရစန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ တဖန်၊ ရဟန်း (၄) ဝါအရတွင်၊ ပြည်မြို့၊ ရွှေဟင်္သာမြို့သစ်၊ ဓမ္မိကာရုံစာသင်တိုက်၊ ဆရာကြီး ဒေါ်ပညာနန္ဒီနှင့် မိဘဆွေမျိုးများက၊ သိမ်ထပ်မင်္ဂလာပြုခဲ့ပြီး၊ ၁၃၄၆ – ခုနှစ်တွင်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြု့နယ်၊ အာဇာနည်လမ်း၊ ဦးအောင်ကြည် နှင့် ဒေါ်အေးမြင့်မိသားစုတို့က သိမ်ထပ်မင်္ဂလာပြုခဲ့ပြ်ပါသည်။ ယ္ခုနှစ်ဝိဇာတမင်္ဂလာနေ့တွင် ဆရာငြိမ်းမိသားစု၊ ဦးလပြည့်မိသားစုနှင့် ဒေါ်မြစိန်မိသားစုတို့က၊ သိမ်ထပ်မင်္ဂလာပြုခဲ့ပြန်ပါသသည်။

“စာပေပရိယတ္တိ သင်ကြားဆည်းပူးတော်မူခြင်း”

ဆရာတော်လောင်းလျာသည်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာအုပ်စု၊ ကော့ဝန်း ကျောင်းဆရာတော် – ဘဒ္ဒန္တဝိသုဒ္ဒါစာရ၊ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်အရှေ့ဘက်ကမ်း၊ ဓမ္မာရာမစာသင်တိုက် –  ဆရာတော် – ဘဒ္ဒန္တ – မုနိန္ဒ၊ စာချဆရာတော် – ဘဒ္ဒန္တ သောဘိတ၊ ဘဒ္ဒန္တ ဇနိတ၊ ရန်ကုန်မြို့၊ စတော့ကိတ်လမ်း၊ ဒေဝသာဂရသိမ်ကုန်း ဓမ္မိကာရုံပါဠိတက္ကသိုလ် – နာယကဆရာတော်နှင့် စာချဆရာတော်များ၊ ရန်ကုန်မြို့၊ ဗဟန်း (၃) လမ်း၊ သုဓမ္မဝတီပွဲစားကြီးကျောင်း၊ နာယကဆရာတော်နှင့် စာချဆရာတော်များ၊ မန္တလေးမြို့ တောင်ပြင်ရွှေရေး ဆောင်တိုက် – ဆရာတော် ဦးပဏ္ဍဝ၊ ထီးလင်းတိုက်၊ ဇောတိထါရုံအုဋ္ဌ်ကျောင်း ပဌာန်းအကျော် – ဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိ၊ မန္တလေးမြို့၊ ဓမ္မိကာရုံတိုက်ဆရာတော် ဘဒ္ဒန္တနရိန္ဒ၊ တောင်ပြင်ဘုရားကြီးတိုက် – ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ၊ ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ နာယကဆရာတော်နှင့် စာချဆရာတော်များထံတွင် ပိဋကတ်အခြေခံမှ စ၍ ပါဠိ – အဌကထာ – ဋီကာစသည်များကို သင်ယူခဲ့ပါသည်။

“အောင်မြင်ခဲ့သော စာမေးပွဲများ”

ရန်ကုန်မြို့၊ သာမဏေစာမေးပွဲ၌၊ သာမဏေကျော်ဘွဲ့၊ အစိုးရစာမေးပွဲ၌၊ ဓမ္မာစရိယဘွဲ့၊ ရန်ကုန်မြို့၊ ဝိနယာနု ဂ္ဂဟအသင်းစာမေးပွဲ၌၊ ဝိနယပါရဂူဘွဲ့၊ ရန်ကုန်မြို့ နိကာယ်ထွန်းကားရေးအသင်းစာမေးပွဲ၌ ဒီဃဘာဏကဘွဲ့ နှင့် လောကဓါတ်စာပေ၌၊ ဘီအေ ဝိဇ္ဇာဘွဲ့တို့ကို ရရှိခဲ့ပါသည်။

“စာပေကျမ်းဂန်သင်ကြားပို့ချတော်မူခြင်း”

ဆရာတော်သည်၊ ရဟန်း (၃) ဝါအရွယ်ခန့်မှစ၍၊ မော်လမြိုင်မြို့၊ ဈေးချိုရပ်တော်ကူးကျောင်း၊ ဇာတိချက်မြုပ်ရာ ကော့ဝန်းကျောင်းနှင့်၊ ရန်ကုန်မြို့ ခြောက်ထပ်ကြီးဘုရားကြီးတိုက်တို့တွင်၊ စာမေးပွဲဆိုင်ရာ ကျမ်းစာများကို ယနေ့တိုင်အောင် ပို့ချလျှက်ရှိပါသည်။

“ကြည်ညိုဖွယ်ရာထူးခြားသော ဂုဏ်ရည်များ”

ဆရာတော်သည်၊ ကြီးငယ်မတူ၊ ဆက်ဆံရာ၌၊ အမြဲပြုံးရွှင်လျှက်ရှိခြင်း၊ ပစ္စည်းလေးပါးတို့၌၊ ရောင့်ရဲတင်း တိမ်လွယ်ခြင်း၊ ဂုဏ်မာနမရှိခြင်း၊ လုပ်ငန်းတစ်ခုကိုဆောင်ရွက်ရာ၌ မဖြစ်မနေပြီးစီးအောင်မြင်အောင် ဇွဲလုံးလထက်သန်ခြင်း၊ အနာဂတ်တိုးတက်အောင်မြင်ရေးအတွက် “သွေးသမျှတမြမြ – နေသေးသပါ့ – ချုံထဲက” ဟု စိတ်ဓာတ်အမြဲမွေးမြူလျက်ရှိခြင်း၊ စသောထူးခြားသောဂုဏ်ရည်များကြောင့် နီးဝေးဝန်းကျင်လူရှင် ရစန်းတို့၏ လေးစားကြည်ညိုခြင်းကို ခံယူရရှိတော်မူပါသည်။

“ ဂုဏ်ပြုအပူဇော်ခံယူတော်မူရခြင်း”

ဤသို့လျှင်၊ ဆရာတော်သည်၊ သာသနာတော်၏အကျိုးစီးပွားစသည်များကို သယ်ပိုးဆောင်ရွက်တော်မူခြင်း၊ စသောဂုဏ်ရည်များကြောင့် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်မှာပင် ‘နှစ်ကြိမ်’ တိုင်တိုင် ဂုဏ်ပြုအပူဇော် ခံယူခဲ့ရပြီး ဖြစ်ပါသည်။ ယခုအချိန်အခါတွင်မူကား ကရင်ပြည်နယ် အထူးအားဖြင့် လှိုင်းဘွဲမြို့ရဟန်းဒါယကာကြီး လူပြန်တော်မင်္ဂလာဦးအောင်ကြည်က ဦးဆောင်ဦးရွက်ပြုပြီး၊ ပြည်နယ်သူသားများနှင့် ရန်ကုန်မြို့ရှိ၊ ဒါကာ – ဒါယိကာမအပေါင်းတို့က – ယခုနှစ်တတိယအကြိမ်မြောက်အနေဖြင့် ဤဂုဏ်ပြုပူဇော်ပွဲကို ခံယူတော်မူရခြင်း ဖြစ်ပါ သဖြင့် ဝမ်းမြောက်နူမော်သာဓုခေါ်ဆိုလိုက်ရပါသတည်း။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဘဒ္ဒန္တစန္ဒန၏ ဘဝမှတ်တမ်း

ဆရာတော်ဘဒ္ဒန္တ စန္ဒနငယ်နာမည် စောစံတင်သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ရွာနေ ခမည်းတော် ဦးဘို့နေ မယ်တော် ဒေါ်မုသိန်တို့မှ ၁၂၈၈ ခု ၊ တော်သလင်းလဆန်း (၁၀) ရက်၊ အင်္ဂါနေ့ နံနက် (၄)နာရီအချိန်တွင် ဖွားမြင်ပြီး ၁၃၀၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၅) ရက်နေ့တွင် မြင့်မြတ်သောရဟန်းအဖြစ်ကို ရရှိခဲ့သည်။

ဆရာတော်သည် လောကုတ္တရာပရိယတ်စာပေ၊ ဟိန္ဒီစာပေ၊ သက္ကဋစာပေတို့ကို ကော့ကရိတ်မြို့၊ မော်လမြိုင် မြို့၊ မန္တလေးမြို့နှင့် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသတို့တွင် လေ့လာသင်ယူခဲ့ပါသည်။

၁၃၂၉ ခုနှစ်တွင် ဘားအံမြို့နယ် ကမော့ကစင်ရွာသစ်ကျောင်း၌ သီတင်းသုံး၍ လိက်ထူ့လီရှေးဟောင်း ကရင်စာပေ ဖော်ထုတ်ရေး (သံဃာကော်မတီ) အတွင်းရေးမှူးအဖြစ်တာဝန်ယူပြီး တိမ်မြုပ်နေသော  လိက်ထူ့လီပိုးကရင်     စာပေပြန်လည်ထွန်းကား ပြန့်ပွားရေးကို ဆောင်ရွက်တော်မူယင်း မန်းနဲစန်၊ စန္ဒန (ဘားအံ) ကလောင်အမည်များဖြင့် ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် ကျမ်းပေါင်းဆယ့်တစ်ကျမ်းနှင့် ဝတ္ထု၊ ဆောင်းပါးအမြောက် အမြားကို ရေးသားပြုစုခဲ့သည်။

အိန္ဒိယနိုင်ငံ၊ ဂျဗလ်ပူမြို့တွင် ကျင်းပသော ဗောဓိဓျာခေါ် ဗုဒ္ဓဘာသာအဖြစ်ခံယူပွဲသို့ မြန်မာနိုင်ငံကိုယ်စား လှယ်အဖြစ် တက်ရောက်ခဲ့ပါသည်။ 

အမျိုးဘာသာသာသနာအတွက် အားကြိုးမာန်တက်ဆောင်ရွက်ယင်း ၁၃၅၄ – ခု၊ တော်သလင်းလဆုတ် (၁၄)ရက် သောကြာနေ့တွင် တစ်ဘဝခန္တာကို ရုပ်သိမ်းတော်မူပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဦးစန္ဒန (ဘားအံ)၏ ထေရုပ္ပတ္တိအကျဉ်း

နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘဒ္ဓန္တစန္ဒနသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ကျေးရွာတွင် မြန်မာသက္ကရာဇ် (၁၂၀၀) ခုနှစ်၊ တော်သလင်းလဆန်း(၁) ရက်နေ့၊ အင်္ဂါနေ့တွင် ဖွားမြင်သန့်စင် တော်မူပါသည်။ ဆရာတော်၏ ခမည်းတော်နှင့် မယ်တော်မှာ ဦးဖိုးနေ နှင့် ဒေါ်မုသိန်းတို့ ဖြစ်ပါသည်။

မွေးချင်း(၆) ဦးရှိပါသည်။ အကိုအကြီးဆုံးမှာ ဦးသာလန်းဖြစ်ပြီးလျှင် ဒေါ်ရင်ငွေ၊ ဦးထွန်းဝင်း၊ မနန်းထူ၊ ဦးထွန်းမင်း၊ ဦးအောင်ကြည်နှင့် အထွေးဆုံးမှာ ဆရာတော်ဘုရားဖြစ်သည်။

ဆရာတော်၏ငယ်နာမည်မှာ စောခံတင့်ဖြစ်သည်။ ငယ်စဉ်က ဖြူဖြူဖွေးဖွေး တစ်တစ်ရပ်ရပ်မို့ (တစ်လစ်) ဟူ၍ခေါ်ဆိုသည်။ ဆရာတော်ဘုရားသည် ငါးနှစ်သားအရွယ်တွင် တောင်ကြာအင်းအစိုးရ မူလတန်းကျောင်း (ဦးဝင်းဖေကျောင်းဟုလည်းခေါ်ကြသည်) တွင် မူလတန်းအဆင့်၌ ပညာသင်ကြားခဲ့သည်။

အလယ်တန်းအဆင့်ကို ကော့ကရိတ်မြို့နယ်၊ ရှမ်းကြီးကုန်းအစိုးရအလယ်တန်းကျောင်းတွင် သတ္တမတန်း အထိ ပညာသင်ကြား၍ သာသနာရေး၌ စိတ်ပါဝင်စားလာသဖြင့် ကျောင်းမှထွက်ကာ သာသနာ့ဘောင်သို့ ဝင်ရောက် ခဲ့ပါသည်။ ဆရာတော်ဘုရားစာသင်သားဘဝဖြင့် ပညာရည်နံ့စုံသောက်ခဲ့ရသောကျောင်းတိုက်များမှာ –

– ရတနာဘုံပျံကျောင်း (မော်လမြိုင်မြို့)

– ရန်ကုန်သိမ်ဖြူကျောင်းတိုက်

– ဘုရားကြီးကျောင်းတိုက် (မန္တလေး) တို့ဖြစ်သည်။

ဆရာတော်ဘုရားသည် မန္တလေးမှပြန်ကြွလာကာ မိမိ၏မွေးရပ်ဇာတိဖြစ်သော တောင်ကြာအင်း ကျေးရွာတွင် မွေးမိခင်၏ကျေးဇူးတော်ကိုဆပ်ရင်း (၄) ဝါမှ သီတင်းသုံးခဲ့ပါသည်။

ထိုမှတစ်ခါ အိန္ဒိယသို့သွားပြီး ဟန္ဓိ၊ သက္ကတ၊ ပါဠိဘာသာများကို အိန္ဒိယနိုင်ငံအနှံ့အပြားတွင် (၃) နှစ်တာ လေ့လာဆည်းပူးခဲ့ပြီး မြန်မာနိုင်ငံသို့ ၁၉၆၂ ခုနှစ်တွင် ပြန်ကြွလာသည်။

မော်လမြိုင်တောင်စွန်းကျောင်းတွင် စာချပုဂ္ဂိုလ်အနေဖြင့် စာသင်သားများအား စာပေပို့ချမှုပြုခဲ့သည်။ ထိုကျောင်း၌ပင် ရှေးဟောင်းကရင်စာပေများကို လေ့လာခဲ့သည်။

         ဘားအံအောက်ရေတံခွန်ဆရာတော်၏ မေတ္တာရပ်ခံချက်အရ အောက်ရေတံခွန်ကျောင်းတွင် စာချ ရဟန်းအဖြစ်ရောက်ရှိပြီး အောက်ရေတံခွန်ကျောင်းတွင် ဆက်လက်သီတင်းသုံးခဲ့ပါသည်။

ထို့ကျောင်းမှနေ၍ ကရင်လူငယ်များအား မုက္ကဒိဆရာတော်ဦးဥတ္တမနှင့်အတူ ကရင်စာပေများအား သင်ကြားပို့ချပေးခဲ့သည်။ ဆရာတော်ဘုရား၏ကျေးဇူးကြောင့် တိမ်မြုပ်နေသော ရှေးဟောင်းကရင်စာပေများကို ခေတ်လူငယ်များ ဆက်လက်လေ့လာဆည်းပူးခွင့်ရခဲ့သည်။

ကရင်ပြည်နယ်ဥက္ကဋ္ဌဟောင်း ဒေါက်တာစောလှထွန်း၏ ပင့်လျှောက်ချက်အရ (၁၃၂၉) ခုနှစ်တွင် ကမော့ကစင်(ရွာသစ်)ကျောင်းတွင် ပျံလွန်တော်မူသည့်အချိန်ထိ ၂၅ – နှစ်တိုင်အောင် သီတင်းသုံးခဲ့ပါသည်။

ဆရာတော်ဘုရားသည် ၁၉၇၉/ ဂဝသာသနာသန့်ရှင့်တည်တံ့ပြန့်ပွားရေးတွင် ဘားအံမြို့နယ်ကိုယ်စားလှယ် အဖြစ် အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

၁၉၈၀ – ဘားအံတွင် မြို့နယ်သံဃာနာယကအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတော်သံဃဗဟိုဝန် ဆောင်အဖွဲ့ဝင်ဆရာတော်တစ်ပါးအနေဖြင့် တာဝန်ထမ်းဆောင်ပြီး သက်တော် (၆၆) နှစ်၊ သိက္ခာတော် (၄၇) ဝါရှိပြီး ဖြစ်သော ဆရာတော်သည် (၂၅-၉-၉၂) မွန်းလွှဲ (၁၂) နာရီ (၂၀) မိနစ်အချိန်တွင် (၉၆) ပါးသော ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူပါသည်။ ကရင်ပရိယတ္တိ၊ စာပေများနှင့် ကရင်စာပေတိုးတက်ပြန့်ပွားရေးကဏ္ဍများတွင် ဦးဆောင်ပါဝင် ခဲ့သော အာဇာနည်ရဟန်းတော်တစ်ပါးဖြစ်ပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဦးစန္ဒနထေရုပ္ပတ္တိ ကျောက်စာတော်

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု
ဘားအံမြို့၊ ကမော့ကစင်ရွာသစ်ကျောင်း
ဆရာတော်ဦးစန္ဒနထေရုပ္ပတ္တိ
ကျောက်စာတော်

         ဗုဒ္ဓဘာသာပေရေး ကရင်စာပေထွန်းကားရေးကို ပျံလွန်တော်မူသည်အထိ တစိုက်မတ်မတ်ဆောင်ရွက် တော်မူသော ဆရာတော်ဦးစန္ဒနသည် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရွာ၌ မြန်မာသက္ကရာဇ် – ၁၂၈၈ ခု၊ တော်သလင်း လဆန်း(၈)ရက်၊ (၁၄-၁၀-၁၉၂၆) အင်္ဂါနေ့တွင် ဖွားမြင်တော်မူပါသည်။ ခမည်းတော်နှင့် မယ်တော်မှာ ဦးဖိုးနေနှင့် ဒေါ်မုသိန်ဖြစ်သည်။

         ငယ်စဉ်က တောင်ကြာအင်းရွာ ဆရာတော်ကြီးဦးဝင်းဖေ၏ မူလတန်းကျောင်းတွင် စတုတ္ထတန်းအထိ၊ ကော့ကရိတ်မြို့၊ ရှမ်းကြီးကုန်းရပ် ဆရာကြီးဦးအောင်ရွှေ၏ အလယ်တန်းကျောင်းတွင် သတ္တမတန်းအထိ အောင်မြင်ခဲ့သည်။ သတ္တမတန်းအောင်မြင်ပြီးနောက် မိဘနှစ်ပါး၏ပစ္စယာနုဂ္ဂဟဖြင့် တောင်ကြာအင်းကျောင်း ဆရာတော်ဦးဇဝနကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။

         မြန်မာသက္ကရာဇ် – ၁၃၀၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၅)ရက်၊ (၁၉-၁၁-၁၉၄၅)၊ နံနက်(၁၀)နာရီတွင် တောင်ကြာအင်းရွာကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။ ဥပဇ္ဈာယ်ဆရာတော်မှာ တောင်ကြာအင်းရွာကျောင်းဆရာတော်ဦးဇဝနဖြစ်ပြီး ပစ္စယာနုဂ္ဂဟရဟန်းဒါယကာ၊ ဒါယိကာမမှာ မိဘနှစ်ပါးပင် ဖြစ်သည်။

         လောကုတ္တရာပညာ၊ ပရိယတ္တိစာပေအခြေခံကို တောင်ကြာအင်းရွာကျောင်း၊ ဆရာတော်ဦးဇဝနထံတွင် သင်ကြားပြီးနောက် မော်လမြိုင်မြို့၊ ရတနာဘုံပျံကျောင်းဆရာတော်၊ ဦးကေတုမာလာလင်္ကာရ (မြန်မာပြည်တွင် ပထမဆုံး၊ ပထမကျော်အဂ္ဂမဟာပဏ္ဍိတ)နှင့် ဆရာတော်ဦးတေဇဝန္တတို့ထံတွင်လည်းကောင်း၊ မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက်ဆရာတော် ဦးဝဇီရဗုဒ္ဓိ၊ မန္တလေးမြို့၊ ဘုရားကြီးတိုက်ဇောတိကာရုံကျောင်းဆရာတော် ဦးနာရဒ(အဂ္ဂမဟာပဏ္ဍိတ)၊ မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ပုသိမ်ကျောင်းဆရာတော်ဦးသီလစာရ ထံတို့တွင် အထက်တန်းပရိယတ္တိစာပေများကို သင်ယူပြီး၊ မန္တလေးတက္ကလိုလ်၊ မြန်မာစာကထိကဆရာကြီး ဆန်းထွန်းထံတွင် ဟိန္ဒိစာပေကို သင်ယူခဲသည်။ ထို့နောက် အိန္ဒိယပြည်သို့ကြွ၍ မိဂဒါဝုန်ရှိ မဟာဗောဓိအသင်းတိုက်၊ ဟိန္ဒီပဏ္ဍိ၏ ဗုဒ္ဓ ဘာသာရဟန်းတော်ဦးကစ္စနယထံ၌ ဟိန္ဒီစာပေ ဆက်လက်သင်ကြားသည်။

         မြန်မာပြည်သို့ပြန်လာပြီးနောက် မော်လမြိုင်မြို့၊ တောင်ပေါက်ကျောင်း ဆရာတော်ဦးဓမ္မာဝုဓ၊ ဦးစန္ဒဝ့သတို့ ထံတွင် သက္ကတဘာသာကို နည်းခံသင်ယူသည်။ မော်လမြိုင်မြို့၊ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲတွင် ပ-ဒု-တ အဆင့်များ နှင့် သထုံမြို့၊ သုဝဏ္ဏဘူမ္မိပရိယတ္တိသာသနဂိတအသင်းစာမေးပွဲတွင် “မဟာဝေယျာကရဏိက” တန်းကို နှစ်ချင်း ပေါက် အောင်မြင်သည်။ အစိုးရပထမမြန်မာစာမေးပွဲတွင် ပထမလတ်တန်းအထိ အောင်မြင်ခဲ့သည်။

         မြန်မာသက္ကရာဇ် ၁၃၂၉-ခုနှစ်တွင် မော်လမြိုင်မြို့၊ တောင်စွန်းကျောင်း၌ စာသင်သားရဟန်းသာမဏေ များအား စာပေပို့ချနေစဉ် ကရင်ပြည်နယ်အစိုးရဥက္ကဋ္ဌ၊ ဒေါက်တာစောလှထွန်း၏ ပင့်လျှောက်ချက်အရ ဘားအံမြို့ အနီး ကမော့ကစင်ရွာသစ်ကျောင်းကြီးကို အလှူခံ၍ ပရိယတ္တိစာပေပို့ချသည်။ ဗုဒ္ဓဘာသာပေရေး ကရင်စာပေထွန်း ကားရေးအတွက် သင်တန်းများပို့ချသည်။ စာတန်းများတင်သွင်းဖတ်ကြားသည်။ ကရင်ဘာသာဖြင့် အိန္ဒိယပြည်ကုသိ နာရုံသမိုင်း၊ ဓမ္မပဒစကားပြေ၊ ဓမ္မစကြာနိဿယနှင့် ခက်ဆစ်အဖြေ၊ ဘိက္ခုပါတိမောက်၊ အနတ္တလက္ခဏာသုတ်၊ ခန္ဓာပူရကျမ်းစသည်တို့ကို ရေးသားပြုစုခဲ့သည်။ မြန်မာဘာသာဖြင့်လည်း မင်္ဂလသုတ်နှင့် မင်္ဂလာဇာတ်တော်၊ ကုသိနာရာ၊ သစ္စာတိုင်ဓူဝေ၊ ကရင့်ဖားစည်၊ ဇွဲကပင်စေတီတော်သမိုင်းကို ပြုစုတော်မူသည်။

         ဒေါက်တာအမ်(မ)ဘောယာ၏ ဖိတ်ကြားချက်အရ အိန္ဒိယပြည်၊ ဂျေပူလ်မြို့တွင် အိန္ဒိယပြည် ဗုဒ္ဓဘာသာ အသင်းကြီးမှ ကြီးမှူးကျင်းပသော “ ဗောဓိဓျာ” ခေါ် ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲခံယူပွဲသို့ မြန်မာပြည်မှ ကိုယ်စာလှယ်အဖြစ်တက်ရောက်ခဲ့သည်။ ဆရာတော်ဦးစန္ဒနသည် ကရင်အမျိုးသားများ ဗုဒ္ဓဓမ္မကို နှစ်နှစ်ကာကာ သိနားလည်ရေးကို ကြိုးပန်းရင်း မြန်မာသက္ကရာဇ် – ၁၃၅၄ ခု၊ တော်သလင်းလပြည့်ကျော်(၁၄)ရက် (၁၂-၉-၉၂) သောကြာနေ့၊ မွန်းလွဲ(၁၂း၂၀)မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကမော့ကစင်ရွာသစ်ကျောင်းကြီး၌ သက်တော်(၆၆)၊ ဝါတော်(၄၆) ဝါအရ ပျံလွန်တော်မူပါသည်။

         ဆရာတော်သည် အေဒီ ၁၉၅၉၊ ၈၀ ပြည့်နှစ်တွင် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဘားအံ မြို့နယ်သံဃသမ္မုတိန သံဃာ့ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်တော်မူခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် ၊ ဘားအံမြို့နယ် သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော်အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဗဟို သံဃာ့နာယကအဖြစ် လည်းကောင်း သာသနာ့တာဝန် ထမ်းဆောင်တော်မူခဲ့သည်။

Loading

ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။
ပျော်ရွှင်မှုကဖီး မှ

ဆာဗာကြေးလှူဒါန်းထားသည်။