Categories
စကားလက်ဆောင်

။ အနာဂတ် ဗုဒ္ဓသာသနာ ။

။ မနေ့က
တနေ့က
တပည့်ရဟန်းတပါး
သိက္ခာချပြီး
လူပြုလိုက်ပါပြီဆိုတဲ့
သူ့သတင်းကိုကြားကြားချင်းပါပဲ
ရုတ်တရက် မနောဓာတ်က
တစ်ခဏမျှ
ကမ္ဘာကြီးက
တစ်ဖက်ကျစောင်းသွားသလိုပဲ
ခံစားရမိပါလေရဲ့။

။ ရှင်သာမဏေတစ်ပါးဖြစ်ဖို့
မခဲယဉ်းပေမယ့်
ရှင်သာမဏေတစ်ပါးမြဲဖို့
ခုခေတ်ကာလမှာ
ပိုလိုများခက်ခဲလေမလားပါပဲ။

။ သည်ထက်သည်ထက်မက
ပိုပိုပြီးခက်ခဲတာက
ရဟန်းတစ်ပါးမြဲဖို့
ရဟန်းတစ်ပါးသာသနာတော်မှာ
ပျော်ပိုက်ဖို့က
ပိုပိုများခဲယဉ်းလေပြီလားပါပဲ။

။ တပည့်ဖြစ်သူကတော့
သာသနာ့ဝန်ထမ်းဘဝမှ
လူ့ဘဝဝန်ထမ်းလောကသို့
ရောက်နေပြီးဆိုတော့
သာသနာ့ဝန်ထမ်းကာလက
ဒါယကာတွေရဲ့ငြိုငြင်မှုဒဏ်တွေတော့
လွတ်ကျွတ်သွားပြီပေါ့။

။ သာသနာ့ဝန်ထမ်းချိန်က
ပရိယတ္တိပညာရေးကတစ်ဖက်
ပဋိပတ်အကျင့်ရေးကတစ်ဖက်
ပဋိပက္ခခွဲခြားဆက်ဆံခံရတာက
တစ်ဖက်သတ်ဆိုတော့
လောကီရေးစွက်ဖက်ခံစားရတာလည်း
အာပတ်ဖြေလို့ မပြီးနိုင်လောက်အောင်ပါပဲ။

။ လူထွက်လူပြုသွားပြန်တော့လည်း
အများကြားမှာ မျက်နှာငယ်လေးနဲ့
မဝံ့မရဲလူအများကြားမှာ
အဲဒီအဖြစ် ဖြစ်ရတာလည်း
ခံစားဖူးမှ သိကြတာပါ။

။ မိဘဆွေမျိုး
ရဟန်းအမ
ရဟန်းဒါယကာတွေကတော့
နှမြောတသရပေါ့။

။ မိဘနှစ်ပါးရဲ့ရင်လွှာမှာတော့
ရွာဦးကျောင်းမှာ
ဆွမ်းတော်ခံယူဖို့
ဆွမ်းခံကြွရောက်လာကြတဲ့
သံဃာအတန်းကိုကိုကြည့်နေရင်းနဲ့ပဲ
ရင်ထဲမှာမိုးတွေရွာပေါ့။

။ ဪမိဘဆိုတာ
သားသမီးဝတ်ရှိကြပေမို့
သားသမီးတွေအတွက်
သူတော်ကောင်းအမွေကိုပဲ
ဝတ္တရားကျေချင်ကြတယ်မဟုတ်လား?
ခုတော့ သားရဟန်းက
မနေ့က
တနေ့က
ဟိုနေ့ကပဲ
လူပြုခဲ့ပြီဆိုတော့
ကြည်ညိုရပါသော
စေတနာအရင်းခံစိတ်တွေက
မိဘနှစ်ပါးအဖို့ အပူမီးဗျာပါကြွယ်ပေါ့။

။ ဒီနေ့လည်း
မမျှော်လင့်ပဲ
သီလရှင်တစ်ပါးကလည်း
လူပြုဖို့လာလျှောက်ကြားသောအခါ
ဘုရားသာသနာကို
သီလရှင်လည်း မမြဲ
ဖိုးသူတော်လည်း မမြဲ
ရသေ့တွေလည်း မမြဲ
သာမဏေတွေလည်း မမြဲ
ရဟန်းတွေလည်း မမြဲကြတော့ရင်
သာသနာ့ရွှေရောင်နေ့
တစ်နေ့နေ့
တမြေ့မြေ့ပဲ
တမ်းတရမယ့်နေ့တွေပဲ
ဖြစ်ကြရလေမလားပါပဲ။

။ သည်နေ့တော့
ရင်ဝယ်မမြေ့
မချမ်းမြေ့ဘူး
ဘယ်နေ့ သာသနာလင်းတော့မယ်။

( ဓာတ်ပုံကို ယူသုံးပါသည်။ ခွင့်ပြုပါရန်။)
တောမှီရဟန်း
(၂၁.၃.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
စကားလက်ဆောင်

။ မာနသိချိန် ။

။ လူတစ်ယောက်ရဲ့မာနဟာ
ပြိုင်ဆိုင်မှ သိနိုင်တာပါ။

။ ငှက်တစ်ကောင်ရဲ့မာနဟာ
ပျံသန်းမှ သိနိုင်တာပါ။

။ ပညာရှိတစ်ဦးရဲ့မာနဟာ
အခက်အခဲရှိမှ သိမြင်နိုင်တာပါ။

။ လူမိုက်တစ်ယောက်ရဲ့မာနဟာ
လိမ္မာတဲ့အချိန်မှ သိမြင်နိုင်တာပါ။

။ အကျင့်ပျက်ယွင်းကြသူတွေရဲ့မာနဟာ
ဆုတ်ယုတ်ပျက်စီးချိန်မှ သိမြင်နိုင်တာပါ။

။ သူကောင်းတွေရဲ့မာနဟာ
တရားထူးရတဲ့အချိန်မှ သိမြင်ရတာပါ။

။ မိမိထားတဲ့ကိုယ်ပိုင်မာနဟာ
ဆင်းရဲဒုက္ခရောက်မှ သိမြင်နိုင်တာပါ။

တောင်ကလေးဆရာတော်
(၂၀.၃.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
စကားလက်ဆောင်

။ မွေးရပ်မြေ ။

။ တစ်နေ့မှ မမေ့ဘဲ
ရင်ထဲက အလှဖြာပေါ့
ပျော်မွေ့ခဲ့ အမေ့ရွာလေ
ပျော်စရာ့ ဓလေ့ရွာရယ်
ငယ်ငယ်လေးက နေလာခဲ့တာ။

။ အင်းပတ်လည်ဝိုင်းဝိုင်းစက်
ပါရမီတံတားအလှနဲ့ပါ
ညို့ဆိုင်းဆိုင်း ဇွဲကပင်နဲ့
ပင်စပါးစိမ်းလန်းဖြာလို့
ပျော်ရပေါ့ ငယ်ကရွာ။

။ သုံးရာသီ သုံးပန်လှ
သာယာတဲ့ ဇာတိရွာ
သည်နွေဦးမှာ
လာလည်ပါ ဆွေသဟာများ
အေးမြမေတ္တာ ချစ်ကြည်ပါတယ်
ခါတစ်ခေါက်လာစေချင်တာ
တို့လှာကမြင်ရွာပေါ့။

ဘုန်းသစ်ထူး
(၁၈.၃.၂၀၂၂ ရက်နေ့။)
(ကာရံမဲ့ ကဗျာပါ။)

Loading

Categories
စကားလက်ဆောင်

။ ကြွေလေပြီပေါ့ သည်နွေဦး ။

။ ရိုးတံမဲ့ချိန်ကို
ဘယ်သစ်ပင်မှမဖြစ်ချင်ပါဘူး။
အဖိုးတန်မဲ့ချိန်ကို
ဘယ်သူတွေမှမဖြစ်ချင်ပါဘူး။
သို့သော်
အချိန်စေ့တော့
မဲ့ရာမဲ့ပေါ့ သူငယ်ချင်း။

။ လောကမှာ
အတွယ်အတာ
ခင်ရာမင်ရာ
ချစ်စရာတွေအားလုံးဟာ
အချိန်အခါကို
သူမလွန်ဆန်နိုင်ကြပါဘူးလေ။

။ တကယ်တော့
ဒီအကြောင်းလေးတွေဟာ
ရင်မနောရှိသူတိုင်း
အသိဉာဏ်ရှိသူတိုင်းရဲ့
သိရှိခံစားချက်ဝေဒနာတွေပါပဲ။

။ အလှည့်ကျအချိန်
အကွက်ကျအချိန်
တမ်းတမက်မောနေကြပေမယ့်
ကြွေချိန်ရောက်တော့
သူ့သဘောပါပဲ မဟုတ်လား။

။ ခုတော့
နွေဦးအစမှာ
လေတွေတဖြေးဖြေးဖြတ်ကာသွားတော့
တောစက သစ်ပင်အလှတွေက
ရိုးတံမဲ့ချိန်ပေါ့။

။ ခုချိန်မှာ
ဒီချိန်ခါမှာ
သည်နေရာတွေမှာ
ဖိုး တန် မဲ့
အကျိုးတန်ပျက်ချိန်လေးပေါ့။

။ ဒါကြောင့်
အဦးအမွန်အစ
ရာသီစက်ဝန်းဟာ
နွေဦးသစ်စချိန်။
ကြွေဦးဖြစ်စ သည်အချိန်ကို
လေရူးသုန်သုန်
ဖူးငုံမပွင့်နိုင်သေးတဲ့
သည်အချိန်လေးကို
အဝေးသို့သာ
သည်နွေဦးကို တမ်းတမိပြီ။

အဲးခိုး( ၁၈.၃.၂၀၁၉) ရက်နေ့နံနက်ချိန်။
(ကာရံမဲ့ စမ်းသပ်လက်ရာ။)

Loading

Categories
စကားလက်ဆောင်

။ အရိုင်းလေး ။

။အရွယ်ငယ်
ပိန်ညောင်ကိုင်း
ခါးကုန်းကိုင်း
ထူထိုင်းထိုင်းပါ။

။အူရိုင်းရိုင်း
မူကိုင်းကိုင်းလို့
ရိုင်းပျတတ်ပါ။

။ အထင်သေး
အမြင်သေးကြ
ခွေးကလေး
အနှိုင်းခံရ
ဝမ်းနည်းတတ်ပါ။

။ စော်ကားသူ
အများက
နည်းပေါင်းစုံ
ဆဲဆိုကြလည်း
​မတုံ့ပြန်ပါ။

။ သည်းခံခြင်း
ချစ်မေတ္တာ
ရင်လွှာဝယ်အမြဲထား
ဘုရားသာသနာတွက်မို့
အမျိုးသားဘာသာတွက်မို့
အသက်ငယ်
အကိုင်းလေး
အရိုင်းလေး
ရိုင်းပျပါတယ်
ခုတော့ ……..။

အဲးခိုး
(၁၈.၃.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
စကားလက်ဆောင်

။ သည်နေ့ ဓမ္မကိုနှလုံးသွင်းခြင်း ။

။ အသက်ရခြင်းအတူတူ ချမ်းသာခြင်းမတူနိုင်ပါ။
။ အသိရှိခြင်းအတူတူ အသိဉာဏ်ရခြင်းမတူနိုင်ပါ။
။ ပညာတတ်ခြင်းအတူတူ ပညာရခြင်းမတူနိုင်ပါ။
။ လာဘ်ရခြင်းအတူတူ လာဘ်ရမှုမတူနိုင်ပါ။
။ ချမ်းသာခြင်းအတူတူ ခြင်းသာရခြင်းမတူနိုင်ပါ။
။ မေတ္တာရခြင်းအတူတူ မေတ္တာခံယူခြင်းမတူနိုင်ပါ။
။ လှပခြင်းအတူတူ လှနေခြင်းမတူနိုင်ပါ။
။ မြတ်နိုးမှုအတူတူ မြတ်နိုးခြင်းမတူနိုင်ပါ။
။ ငြိမ်းချမ်းခြင်းအတူတူ ငြိမ်းအေးမှုမတူညီနိုင်ပါ။
။ သည်နေ့ အခက်အခဲခြင်းအတူတူ ခံစားရခြင်းမတူညီနိုင်ပါဆိုတဲ့တရားကို ဆင်ခြင်အောက်မေ့ပြီး နှလုံးသွင်းတတ်ပါစေ။

တောင်ကလေးဆရာတော်
(၁၈.၃.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
စကားလက်ဆောင် ဘာသာရေး

။ ရဟန်းဖြစ်တော်မူခြင်း ။

။ အရှင်ဟာ အေဒီ ၁၉၆၀ ပြည့်နှစ်၊ဇူလိုင်လ(၁၄) ရက်၊ကြာသပတေးနေ့၊ ( မြန်မာကောဇာသက္ကရာဇ် ၁၃၂၂ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်နေ့) ညနေ (၅:၅၅) မိနစ်အချိန် ၊ ကရင်ပြည်နယ်၊ဘားအံမြို့၊လှာကမြင်ကျေးရွာမှာ မွေးဖွားပါတယ်။ မွေးချင်း လေးယောက်ရှိသည့်အနက် စတုတ္ထမြောက်ဖြစ်ပါတယ်။ အငယ်ဆုံးဖြစ်လို့ မိဘတွေက ဗိုလ်ဆိုးလို့အမည်ပေးပါတယ်။

။ ဗိုလ်ဆိုးဖြစ်တဲ့အရှင်ဟာ အေဒီ ၁၉၇၀ ပြည့်နှစ်မှာ ရှင်သာမဏေပြုပြီး အေဒီ ၁၉၈၀ ပြည့်နှစ်၊ မတ်လ(၂၁) ရက်၊ စနေနေ့၊ ညနေ(၄:၅၅)မိနစ်( မြန်မာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊တပေါင်းလပြည့်ကျော် ၁ ရက်) အချိန်၊ ကရင်ပြည်နယ်၊ဘားအံမြို့၊အမှတ်(၃) ရပ်ကွက်၊ဓမ္မပီယကျောင်း၊ခဏ္ဍသိမ်မှာ ရဟန်းဖြစ်ပါတယ်။

။ အရှင်ဟာ နှစ်(၄၀) ကျော်ရဟန်းဘဝနဲ့ကျင်လည်ခဲ့ရတဲ့အတွေ့အကြုံဟာ အတော်လေးကိုများလှနေပါပြီ။ သက်တော်(၆၀) ကျော်ကာလအတွင်း ကျင်လည်ခဲ့ရသမျှဖြစ်တဲ့သည်ဘဝတစ်လျှောက်မှာ ကြီးကျယ်တဲ့ ဘယ်အပြစ်ဒေါသမျှ မပြုမှားမိခဲ့လို့ကိုပဲ မိမိကိုယ်မိမိကျေနပ်အားရမိပါလေရဲ့။

။ တစ်ပါးသူတွေကသာ အရှင့်ကို စော်ကားပြစ်မှားနေကြတာပါ။ လုပ်ကြံမှုပြုကြတာပါ။ အရှင်ကတော့ ဘယ်သူ့ကိုမှမပြစ်မှားပါ။ရန်မူမပြုပါ။ ဘယ်တော့မှလည်း ဒေါသအာဃာတ မထားပါ။ အမြဲတမ်းသာ ခွင့်လွှတ်ပါတယ် ။မေတ္တာမပျက် သည်အသက်ပါ။

တောင်ကလေးဆရာတော်
(၁၇.၃.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
စကားလက်ဆောင်

။ ဖခင်ရှိရာ သိပါစေ ။

။ သည်လောကမှာ
လူမှုဆက်ဆံရေး
လူအဖွဲ့အစည်း
မိဘနှင့်သားသမီး
ကျေးဇူးပေး
ကျေးဇူးခံ
အပြန်အလှန်
အဆက်အစပ်
မပြတ်မလပ်
ချစ်မြတ်နိုးကြ
ဦးထားရိုသေရှိနေကြ။

။ ရှည်လျားစွာလူ့သမိုင်း
မိဘကိုမိဘအရာ
လေးစားဝတ်ပြုလုပ်ကျွေးကြ
လူမျိုးတိုင်း
ဘာသာတိုင်း
လက်ခံထားသော
လူ့ကျင့်ဝတ်ပါ။

။ သို့သော်ငြားလည်း
မိဘကို
မိဘလိုအသိအမှတ်ပြုသော
လူ့အဖွဲ့အစည်းရှိကြသလို
အသိအမှတ် မပြုသော
လူ့အဖွဲ့အစည်းတွေလည်း ရှိကြလေရဲ့။

။ ဘဝတူလူတစ်ယောက်လိုသာ
သဘောထားသေးသိမ်ကြသည့်
လူတွေလည်း အရှိအရှိပါပဲလေ။

။ သေရေးရှင်ရေး
ကြုံလာသည့်အခါ
မိဘကိုသာတမ်းတကြတာ
ဓမ္မတာပဲမို့
မိဘကိုပိုသတိရကြနေမှာပါ။

။ အားမငယ်စေရ
အားတက်ဖွယ်ရာ
အားပေးသူမှာ မိဘတွေပါပဲ။

။ မိဘကို
မိဘလိုအသိအမှတ်ပြု
မိဘလိုဆက်ဆံ
ထိုက်တန်အောင်အရေးပေးဖို့
ငါတို့တွေ့
မေ့များမေ့နေကြပြီလား။

။ ဖဝါး လက်တစ်လုံး
ဖခုံး လက်လေးသစ်
ချစ်ခြင်းများစွာ
ကြင်နာယုယလာခဲ့ရသော
မိဘနှစ်ပါးကို
ဘယ်သူမေ့မေ့
ငါမမေ့ဘူး
အမှုမဲ့မဲ့
အမှတ်မဲ့မဲ့
မှုမှုမဲ့မဲ့ငါမနေဘူး
ကျေကျေနပ်နပ်
ကျေးဇူးဆပ်ရ
မြတ်မိဘကို
သည်နေ့
သခင်အရာ
ဂုဏ်ရည်အရာ
ထူးဂုဏ်အရာ
ဦးညွှတ်ခါခါ
ကန်တော့ပါသည်
ဖခင်ရှိရာသိပါစေ။

(ကျေးဇူးရှင် ဖခမည်းတော်မြတ် သခင်အောင်ခင်သို့ ဦးညွှတ်ရိုသေလျက်။)
တောင်ကလေးဆရာတော်
(၁၆.၃.၂၀၂၂) ရက်၊ တပေါင်းလပြည့်နေ့= ဖခင်များနေ့။)

Loading

Categories
စကားလက်ဆောင်

။ နံနက်ခင်းဓမ္မကို နှလုံးသွင်းခြင်း ။

။ စိတ်ကို ကြည်ကြည်လင်လင်ထားမယ်။
။ အားလုံးအပေါ်ကို မေတ္တာထားမယ်။
။ ကိုယ်နှင့်အတူ စာနာမှုထားမယ်။
။ သတ္တဝါများကို ကြင်နာသနားမယ်။
။ လူတိုင်းအပေါ်ကို နားလည်မှုထားမယ်။
။ ဆင်းရဲရောက်သူကို ကူညီမှုပြုမယ်။
။ လမ်းမှားသူကို စောင့်ကြပ်ကူညီမယ်။
။ လမ်းမှန်ရောက်အောင် ဓမ္မဖြင့်ကူညီပံ့ပိုးပေးမယ်။
။ လူတိုင်းအပေါ်ကို နူးညံ့သိမ်မွေ့စွာဆက်ဆံမယ်။
။ သည်နေ့ အကျိုးမဲ့မှုအားလုံးကို ရှောင်ရှားမယ်လို့ပဲ နှလုံးသွင်းလိုက်ပါ။
တောင်ကလေးဆရာတော်
(၁၅.၃.၂၀၂၂) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ သည်နေ့ ဓမ္မကို နှလုံးသွင်းခြင်း ။

။ ခေတ်ဆန်ကို မလိုက်ပါ။
။ ခေတ်သစ်ကို မလိုချင်ပါ။
။ ခေတ်မီလည်း မနှစ်သက်ပါ။
။ ခေတ်နှင့်အတူသာ နှလုံးသွင်းမည်။
။ အပျက်ပဲပြောပြော မပျက်အောင်နေမည်။
။ အဖျက်ပဲလုပ်လုပ် မရှုပ်အောင်နေမည်။
။ အဆွယ်ပဲပြုပြု ငြိမ်ငြိမ်ပဲနေမည်။
။ အကြမ်းပဲဖက်ဖက် အေးအေးစက်နေမည်။
။ သည်အသက်သည်ခန္ဓာ ဘာဝနာဉာဏ်နှင့်သာနေမည်။
။ သည်ဘဝဖြင့်သာ အဖြေရှာမည်။
။ သည်နေ့အတွက် အပြစ်မရှိအောင်သာနေမည်။
တောင်ကလေးဆရာတော်
(၁၄.၃.၂၀၂၂) ရက်နေ့နံနက်။

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး