အများနဲ့ဆက်ဆံ
။ဒီနေ့ နေအလွန်ပူပါတယ်။ နေထက်ပိုပူကြတဲ့သူတွေက ကျောင်းကိုစုတိုးပြီးရောက်လာကြတယ်။ အိုမီခရွှန်ရောဂါဝေဒနာကလည်း ခုချိန်ထိ ခံစားနေကြရဆဲဖြစ်လို့ ရောက်လာကြတဲ့ဒါယကာတွေနဲ့ မဆက်ဆံမိကြပြန်တော့လည်း အမြင်မရှင်းကြသူတွေကလည်း အရှိရှိဖြစ်နေတော့ အများတကာနဲ့ဆက်ဆံနေရတဲ့ဒုက္ခက အတော်လေးကို သိသွားပါပြီ။
အသက်အရွယ်
။ အရှင်ဟာ အသက်မငယ်တော့ပါဘူး။ ၆၀ ကျော် ၇၀ နီးပါရှိနေပါပြီ။ ယနေ့ယခုအချိန်ထိ ကိုယ်စိတ်လေး အေးအေးချမ်းချမ်းမနေရသေးဘဲ လူအများတွေနဲ့ပဲ ဆက်ဆံနေထိုင်သွားလာရပါသေးတယ်။ လူတယောက်ဟာ အသက် ၆၀ ပြည့်ကျော်လာရင် ကိုယ့်စိတ်နဲ့ကိုယ် လွတ်လပ်စွာနေရတော့မယ်မဟုတ်လား။
တန်ဖိုးထားမှု
။ သက်တမ်းကာလတစ်လျှောက်လုံးမှာ အပြည့်အဝနားရတယ်ဆိုတာ မရှိဘဲ အမုန်းပွားကြသူတွေကြားမှာပဲ အထင်သေးခံရ၊အမြင်သေးခံကြလို့နဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးကျသူတစ်ယောက်လို ခံစားနေကြရသလားပါပဲ။
လူမှုကမ္ဘာ
။ မိမိအကြောင်းကို စုံစေ့အောင်မသိကြဘဲ အပြစ်တင်ကြမှု၊ရှုတ်ချကြမှု၊စော်ကားမိုက်မဲကြမှုတွေကလည်း အစုံအစုံအောင်ပါပဲ။ အရှင်တို့နေထိုင်ရာ လူမှုကမ္ဘာတွေဟာ ခုတိုင်းလိုပဲ ကဲ့ရဲ့ပစ်တင်ရှုတ်ချနေကြတာနဲ့ အလုပ်ပြီးနေကြတယ်လို့ ထင်မိကြတာလားပါပဲ။
အတင်း
။ အချို့သောလူတွေက သူတစ်ပါးကို ကဲ့ရဲ့ပစ်တင်ရှုတ်ချရမှ အားရကျေနပ်တတ်တယ်။ သူတစ်ပါးအကြောင်းကို မကောင်းကြောင်းသာပြောရရင် တစ်နေကုန်ခံပြီးပြောဆိုနိုင်တာရှိလို့ပဲလား ၊ သည်နေ့ အတင်းပြောကြတဲ့ခေတ်ကြီးလိုဖြစ်နေတယ်။
ဖြစ်နေကြရပါသလဲ
။ ကုန်ကုန်ပြောရရင် လူတွေဟာ ကိုယ့်အလုပ်ကို ဘာလို့တန်ဖိုးမထားကြသလဲ။ ကိုယ့်ကိုယ်ကို ဘာလိုများမဝေဖန်ပါသလဲ။ သူတစ်ပါးကို ကဲ့ရဲ့ပြစ်တင်ရှုတ်ချနေကြရမှဝမ်းသာအားရကျေနပ်ကြရတဲ့အဖြစ်မျိုးတွေဟာ ဘာလို့များ နေကြရပါလဲဆိုတဲ့အဖြစ်မျိုးတွေ ဖြစ်ကြရပါသလဲ?။
အရသာ
။ ဒီနေ့တော့ နေကအရမ်းပူတယ်။ နားချိန်မှာ မနားရ။ မသိတတ်ကြတဲ့သူတွေက ရစ်လုံးတင်လို့ မမြင်ချင်မကြားချင်စရာတွေ မြင်ရကြားရလို့ စိတ်ထဲမှာ ဒေါမနဿဖြစ်မိပါလေရဲ့။ ဒါပေမဲ့ ဒီလိုဖြစ်တာကို ဒါယကာတွေမသိအောင် အကြိမ်များစွာနေခဲ့ရတာကြာနေပါပြီ။ သည်းခံခြင်းရဲ့ အရသာပါ။
တောမှီရဟန်း
(၁၃.၃.၂၀၂၂) ရက်နေ့။