လူတိုင်း စွမ်းရည်သတ္တိ ကြီးမားရမည်။
အကျိုးပြုလုပ်ငန်း မဟုတ်
မျက်စိနဲ့ မြင်နိုင်တဲ့လောကကို ကြည့်ရုံလေးနဲ့ ဒီလောကအားလုံးကို သိမြင်နိုင်မယ် မဟုတ်ပါ။ ကောင်းသူ၊ ဆိုးသူတွေရဲ့ အပြုအမူ၊ အကျင့်တရားတွေဟာလည်း သာမန်မျက်စိ ကြည့်ရုံလေးနဲ့ မသိမြင်နိုင်သလို နိုင်ငံရေးမျက်နှာပြင်ပေါ်မှာ ပေါ်ပေါက်လာတဲ့အမိန့် (ပေါ် ပေါက်ခဲ့မည့်အမိန့်) တွေဟာလည်း နိုင်ငံရေးသမားမဟုတ်တဲ့သူတွေ နားလည်နိုင်ကြမှာ မဟုတ်ပါ။ နိုင်ငံရေးလောကထဲက ထွက်ပေါ်လာတဲ့ အမိန့်၊ အာဏာ၊ အုပ်ချုပ်မှု၊ စီမံမှုတွေ ဟာ နှိပ်စက်မှု၊ ညှဉ်းပန်းမှု ကင်းလွတ်ခြင်း မရှိရင် လူသားအတွက် အကျိုးပြုလုပ်ငန်းလို့ မဆိုနိုင်ပါ။
ပျက်သုဉ်းစေပါတယ်
ယနေ့ ကမ္ဘာ့နိုင်ငံရေးကျက်သရေဟာ အခွင့်အရေးဆိတ်သုဉ်းရေးပြဿနာ၊ တန်းတူ ရေးပြဿနာ၊ မညီမျှရေးပြဿနာ၊ မညီညွတ်ရေးပြဿနာ သက်သက်မျှသာ ပြသနိုင်ပါတယ်။ ဒီပြသချက်ဟာ နိုင်ငံရေးကျက်သရေလို့ မဆိုနိုင်ပါ။ နိုင်ငံရေးကျက်သရေဟာ အရာခပ်သိမ်း ငြိမ်းချမ်းရေးပဲ ဖြစ်ရမယ်။ ဘယ်ကာလ၊ ဘယ်ဒေသတွေမှာမဆို မငြိမ်းချမ်းရင် ကျက်သရေ မရှိပါ။ ကြမ်းတမ်းခြင်း၊ ပူပင်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ ပျံ့လွင့်ခြင်း၊ တုန်လှုပ်ခြင်း၊ အကျိုးမဲ့ခြင်း၊ ညှဉ်းဆဲခြင်းစသော ညှဉ်းဆဲမှု မကင်းတဲ့နိုင်ငံရေးဟာ ကျက်သရေ အလွန်မဲ့ရိုင်းနေပါတယ်။ အရာခပ်သိမ်း အကျိုးကောင်းတရားများ ယုတ်မာစေပါတယ်။ ပြဿနာအရပ်ရပ်ကို မွေးထုတ် ပေါက်ပွားစေတဲ့ နိုင်ငံရေးဟာ အကြမ်းဖက်တဲ့နိုင်ငံရေးပါပဲ။ အကြမ်းဖက်ခြင်းဟာ လူသားတွေရဲ့ မူလကျက်သရေ အခွင့်အရေးကို ပျက်သုဉ်းစေပါတယ်။
အဆုံးသတ်နိုင်မှာ မဟုတ်
လောကမှာ တရားဥပဒေစိုးမိုးရေးကို ပညာပေးထိန်းသိမ်းတာ၊ ပြုစုပျိုးထောင်တာ၊ အပြစ်ဒဏ်ပေးတာတွေ လုပ်နေတာဟာ တရားဥပဒေစိုးမိုးရေးအတွက် အကျိုးကောင်း မဟုတ် ပါ။ အကျဉ်းထောင်၊ အချုပ်ခန်း၊ ပြုပြင်ရေးစခန်း ဆိုတာလည်း တရားဥပဒေစိုးမိုးရေးအတွက် အခါခပ်သိမ်း ငြိမ်းချမ်းသာယာစေမည့်အလုပ် မဟုတ်ပါ။ အခြေခံလိုအပ်ချက်များ မဟုတ်တာ ကြောင့် မတရားမှုကို ပို၍တိုးပွားစေနိုင်တယ်။ တကယ်တော့ လူတိုင်းမှာ အရည်အချင်းနဲ့ အရည်အသွေး မမြင့်မားရင် တိုင်းပြည်အတွက် တိုးတက်မြင့်မားအောင် ဘယ်လိုလုပ်လုပ် မတိုးတက်နိုင်ပါ။ တိုင်းပြည်တစ်ပြည်မှာ ကြောက်မက်ဖွယ်ရာ ဆိုးဝါးမှုပြင်းထန်ရင် ရက်စက် အကြမ်းဖက်မှုလုပ်ငန်းတွေ အဆုံးသတ်နိုင်မှာ မဟုတ်ပါ။
ဖြတ်တောက်နိုင်မှာ မဟုတ်ပါ တိုင်းပြည်တစ်ပြည်မှာ
(၁) မတရားသဖြင့် နစ်နာနေသူများကို ကာကွယ်ပေးနိုင်ကြပြီလား။
(၂) ဥပဒေချိုးဖောက်နေတဲ့သူတွေကို ထိန်းချုပ်တားမြစ်နိုင်ကြပြီလား။
(၃) အများပြည်သူ ကိုယ်၊ စိတ်၊ ကျန်းမာ၊ ချမ်းသာရေးအတွက် လုံခြုံစိတ်ချရတဲ့ နယ်ပယ်များ ဖန်တီးပေးနိုင်ကြပြီလား ဆိုတဲ့ လူမှုဘဝ ငြိမ်းချမ်းရေး အခြေခံသုံးပါးကို မဆောင်ရွက်ပေးနိုင်သမျှ အကြမ်းဖက်မှုကို ဘယ်တော့မှ ဖြတ်တောက်နိုင်မှာ မဟုတ်ပါ။
ပြည်သူကို ပစ်မှတ်ထား
ယနေ့အကြမ်းဖက်မှုရဲ့ ပစ်မှတ်ဟာ အရပ်သားပြည်သူကို ပစ်မှတ်မထားဘဲ မရှိပါ။ အာဏာတစ်ခုရယူတဲ့နေရာမှာ ပြည်သူကို ပစ်မှတ်ထားခြင်းဟာ ကောင်းတဲ့နိုင်ငံရေး အစဉ် အလာ မဟုတ်ပါ။ လူ့အဖွဲ့အစည်းတွေဟာ ဒုက္ခဆင်းရဲမှု ကြုံလာရင် ဝင်ရောက်တားဆီးဖို့၊ ကာကွယ်ဖို့ မပျက်ကွက်သင့်ပါ။ အပြည်ပြည်၊ အရပ်ရပ် ငြိမ်းချမ်းရေး မတည်ဆောက်နိုင် ခြင်းဟာ လူမှုအန္တရာယ်ကြီးစိုးမှုခံရမှာ သေချာတယ်။ လူမှုအန္တရာယ် လျော့ပါးဖို့အတွက် မကျိုးလွယ်မပဲ့လွယ်သော လူမှုဘဝနိုင်ငံရေး အခြေခံအုတ်မြစ်ကောင်းကို တည်ဆောက်ပေးနိုင် ရမယ်။ အကြမ်းဖက်တဲ့နိုင်ငံရေးဟာ ဘယ်လှုပ်ရှာမှုမျိုးမဆို ချန်လှပ်ထားခြင်း၊ မပါဝင်ခြင်း၊ မပူးပေါင်းခြင်းနဲ့ ဗဟိုပြုထားရမယ်။ မတရားမှုပြုတဲ့သူကို အရှက်ရစေရမယ်။ အာဏာ စွမ်းရည် တိုးချဲ့တဲ့သူကို ဝိုင်းပယ်မှုနဲ့ အနိုင်ယူရမယ်။ ဖိအားပေးရမယ်။ အရှင်တို့ရဲ့ ရပိုင်ခွင့်များကို ညှဉ်းပန်းနှိပ်စက်မှု ကင်းရမယ်။ ခြိမ်းခြောက်မှု ကင်းရမယ်။ ကြောက်လန့်မှ ကင်းရမယ်။ နားလည်အသိအမှတ်ပြုပေးခြင်း မသိတဲ့ ခေါင်းဆောင်ကို ဥပေက္ခာပြုရမယ်။ စိတ်ရှည်သည်းခံခြင်း မရှိတဲ့ ခေါင်းဆောင်ကို ပညာပေးရမယ်။ စမ်းသပ်ရမယ်။
တရားမျှတမှုကို ဖျက်ဆီးခြင်း
လူတွေဟာ လိုအပ်ချက်မပြည့်စုံရင် တရားမျှတမှုမရှိကြောင်း တွေးထင်လာတတ် စမြဲပါ။ နှိမ့်ချခံရသူ၊ မတရားပြုခြင်း ခံရသူလို့ မြင်လာတတ်ပါတယ်။ စဉ်းစားလာတတ် ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု များပြားလာတဲ့ လူမှုအဖွဲ့အစည်းဟာ ကာကွယ်မှုအမျိုးမျိုးလည်း စဉ်းစားလာတတ်ပါတယ်။ လိုအပ်ချက်များ ငြင်းပယ်ခံရခြင်း၊ လိုချင်တဲ့အရာများ မရခြင်းဟာ အကြမ်းဖက်မှုရဲ့လမ်းစပါပဲ။ အကြမ်းဖက်မှုဆိုတာ တရား မျှတမှုကို ဖျက်ဆီးခြင်းပါပဲ။
မပြီးဆုံးနိုင်တဲ့ အကြမ်းဖက်သံသရာ
လူတွေဟာ လိုအပ်ချက်နဲ့ ရပိုင်ခွင့် မညီမျှရင် သေကျေပျက်စီးမှု အကြံအစည်၊ ဆင်းရဲမှုရောက်အောင် အကြံအစည်တွေ ပြုလုပ်ဖို့ နီးကပ်လာပါတယ်။ ခြားနားမှုများပြားတဲ့ လူမှုရေးဟာ အကြမ်းဖက်မှုကို အားပေးပါတယ်။ အချက်ပေး တပ်လှန့်သလို ဖြစ်တယ်။ လူမှုဘဝအဆောက်အအုံကို အကြမ်းဖက်မှု ခံစားရရင် လူမှုသဘာဝ ယဉ်ကျေးမှုတွေ ထိခိုက် သွားနိုင်ပါတယ်။ လူဆိုတာ အမှန်တရားအပေါ်မှာ အခြေပြုတဲ့ အရည်အသွေးနဲ့ ပြည့်စုံတာကို နေချင်ကြတယ်။ အမှန်တရားကို အခြေပြုပါရက်နဲ့ မိမိရဲ့ အခြေပြုထားတဲ့ အရည်အသွေးကို စော်ကားမှုခံရရင် အကြမ်းဖက်မှုသံသရာ ပြီးဆုံးနိုင်မှာ မဟုတ်ပါ။
အကြမ်းဖက်မှု ဆက်နွှယ်တဲ့ ပြဿနာကြောင့် –
(၁) ပုန်ကန်လှုပ်ရှားမှုများ၊
(၂) အကြမ်းဖက်ဝါဒများ၊
(၃) ပြည်တွင်းစစ်များ၊
(၄) တော်လှန်ပုန်ကန်မှုများ၊
(၅) အာဏာသိမ်းမှုများ၊
(၆) စစ်ပွဲများ မပြီးနိုင်ပါ။ မဆုံးနိုင်ပါ။ မပြီးဆုံးနိုင်တဲ့ အကြမ်းဖက်သံသရာပါ။
အဖျက်အဆီးလုပ်ရပ်
ယနေ့နိုင်ငံရေးကို ခုတုံးလုပ်ပြီး အကြမ်းဖက်လှုပ်ရှားမှုအမျိုးမျိုး ဖောက်ပြန်နေကြတယ်။ ပြည်သူတွေဟာ အကြမ်းဖက်ခြင်းကို ကြောက်လန့်နေကြတယ်။ ခြိမ်းခြောက်ခံရခြင်း ဘေးကိုလည်း ကြောက်ရွံ့နေကြတယ်။ လုပ်ကြံခံရမည့်ဘေးကိုလည်း စိုးရိမ်ပူပင်နေကြတယ်။ ဘေးမကင်းတဲ့ လူမူဘဝဟာ အဓိပ္ပာယ်မဲ့ပါတယ်။ အကြမ်းဖက်မရှိ၊ အန္တရာယ်ကင်းဝေးတဲ့ ငြိမ်းချမ်းရေးဇုန် ဖန်တီးပေးသင့်ပါတယ် မဟုတ်လား။ အမုန်းစိတ်မရှိရင် အရာခပ်သိမ်း အောင်မြင်ပါတယ်။ ငြိမ်းချမ်းပါတယ်။ အကြမ်းဖက်တာဟာ နိုင်ငံရေးအရ မဖြေရှင်းလို့ မရပါ။ ဖြေရှင်းရင်လည်း ဒေါသမပါတဲ့ ဖြေရှင်းမှုနဲပဲ ဖြေရှင်းရမယ်။ ထုထည်ကြီးမားတဲ့ အကြမ်းဖက်မှုဟာ လူထုအတွက် အန္တရာယ်ကြီးမားတယ်။ အပျက်ဆောင်တဲ့သဘောတရားကို မတားဆီးနိုင်ရင် လူတွေအတွက် အကျိုးမဲ့ပါတယ်။ အကျိုးမဲ့ခြင်းအားလုံးဟာ အကြမ်းဖက် ခြင်းပါပဲ။ အဖျက်အဆီးလုပ်ရပ်ပါပဲ။
မဆုံးနိုင်
လူတွေဟာ အချင်းချင်း ခွင့်လွှတ်တတ်ရမယ်။ သင့်မြတ်တတ်ရမယ်။ အခွင့်အရေး ဖန်တီးတတ်ရမယ်။ ခွင့်လွှတ်၊ သင့်မြတ်ခြင်းမရှိတဲ့ လူမှုအသိုင်းအဝိုင်းဟာ မငြိမ်းချမ်းပါ ။ မငြိမ်းချမ်းတဲ့ လူမှုဘဝဟာ အရာခပ်သိမ်းဆုတ်ယုတ်တယ်။ ဆုတ်ယုတ်မှုများပြားတဲ့ လူမှ ဘဝဟာ နက်ရှိုင်းတဲ့ ငြိမ်းချမ်းသာယာမှုကို မရနိုင်ပါ။ မရောက်နိုင်ပါ။ လွတ်လပ်မှုကို ဗဟိုမထားတဲ့နိုင်ငံရေးဟာ ဆုတ်ယုတ်မှု များပြားတယ်။ ဆုတ်ယုတ်မှုများရင် အကြမ်းဖက်မှု များမယ်။ ငြိမ်းချမ်းရေး ပျောက်ကွယ်မယ်။ ငြိမ်းချမ်းရေးမရှိတဲ့နေရာဟာ ထိခိုက်ခံစားမှု ဆုံးမှာ မဟုတ်ပါ။ တုန်လှုပ်ချောက်ချားမှုလည်း ဆုံးမှာမဟုတ်ပါ။ အကြမ်းဖက်မှု၊ ရာဇဝတ်မှု၊ စော်ကားခံရမှုနဲ့ ရက်စက်ဆိုးဝါးမှု အစုံအလင်ဟာ လက်စားချေမှု မဆုံးနိုင်ပါ။ ဆူပူမှုမဆုံးနိုင် ပါ။ လှုံ့ဆော်မှု မဆုံးနိုင်ပါ။
အများဆန္ဒမပါတဲ့ နိုင်ငံရေး
လူတွေဟာ နစ်နာမှု၊ ရှက်ရွံ့မှုဆို လက်မခံပါ။ နာကျင်မှု ဝေဒနာတွေကိုလည်း မခံစားလိုပါ။ သိက္ခာကျဆင်းရခြင်းအလုပ်လည်း မနှစ်မြို့ပါ။ စိတ်အစဉ် ရှင်သန်မှု၊ ငြိမ်းချမ်းမှု တွေကို ဒုက္ခကိုယ်ထည်မထားလိုကြပါ။ နိုင်ငံရေးသဘောမှာ အပြစ်များမြင်လို့ ဝန်ခံမှုပြုကြတဲ့ နိုင်ငံရေး ရှားပါးပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် မျှော်နေတဲ့နိုင်ငံရေးဟာ ဥပဒေချိုးဖောက်မှု ကို မက်လုံးပြသလို ဖြစ်နေတယ်။ နိုင်ငံရေးဆိုတာ လူမှုဘဝရဲ့ အရည်အသွေးလို့ သတ်မှတ် သင့်တယ်။ လေ့ကျင့်သားဖြစ်အောင် ပုံသွင်းထားတဲ့ နိုင်ငံရေးကို ကြိုးစားရမယ်။ နိုင်ငံရေးနဲ့ ဆိုင်တဲ့ တိုးတက်ဖွံ့ဖြိုးရေးဟာ အရေးအကြီးဆုံးက ခေါင်းဆောင်ပဲ။ စွမ်းရည်မရှိတဲ့ ခေါင်း ဆောင်ဟာ စစ်ရေးမဟုတ်တဲ့နိုင်ငံရေးကို ပါဝင်ဆွေးနွေးခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်တတ်မှာ မဟုတ်ပါ။ နိုင်ငံရေးစက်ဝန်းမှာ လုံခြုံရေးဟာ အဓိကကျ တယ်ဆိုပေမယ့် ဆန္ဒသဘောထားအရ ပြည်သူရဲ့အသံကို နားထောင်ရမှာ ဖြစ်တယ်။ အများ ဆန္ဒမပါတဲ့ နိုင်ငံရေးဟာ သိက္ခာကျဆင်းလို့ ဆုံးနိုင်မှာ မဟုတ်ပါ။
နိုင်ငံရေးကို ရှုပ်ထွေးစေတတ်
ယနေ့ကမ္ဘာအရပ်ရပ်က နိုင်ငံရေးနည်းပညာတွေဟာ လွတ်လပ်မှု အခွင့်အရေး ရောက်အောင် မပေးဘဲ လွတ်လပ်မှုကို ကာကွယ်သလိုလိုနဲ့ ရှုပ်ထွေးမှုတွေ ဖြစ်နေကြတယ်။ အမှန်တကယ်တော့ နိုင်ငံရေးက ရှုပ်ထွေးတာ မဟုတ်ဘဲ နိုင်ငံရေးအာဏာကို (အုပ်ချုပ်မှ အာဏာကို) ပိုင်ဆိုင်တဲ့သူက လိုရာဘက်က အဆွယ်၊ အဆွဲများပြီး ရှုပ်ထွေးနေတာပါ။ အုပ်ချုပ်ရေးအာဏာဟာ မျှတမှုသာရှိရင် ရှုပ်ထွေးမှုဖြစ်စရာ အကြောင်းမရှိပါ။ စစ်ပွဲနဲ့ဆိုင်တဲ့ ဝါဒဖြန့်မှုတွေ၊ လူမျိုးနဲ့ဆိုင်တဲ့ ဘက်လိုက်မှုတွေ၊ အကျိုးပျက်စီးဆုံးရှုံးစေတာတွေဟာ နိုင်ငံရေး ကို ရှုပ်ထွေးစေတတ်ပါတယ်။
နိုင်ငံရေးအလုပ် ဆိုတာ
နိုင်ငံရေးဟာ ခွဲပစ်ခြင်း၊ တားဆီးခြင်းများကို ရှောင်ရမယ်။ ထောက်ခံခြင်း၊ ထောက်မ ခြင်း၊ ပေါင်းစည်းခြင်းကိုလည်း ဆင်ခြင်ရမယ်။ လူ့အသိုင်းအဝိုင်းဟာ ပွင့်ပွင့်လင်းလင်း ရှိရမယ်။ လိုအပ်ချက်၊ ဖြည့်ဆည်းချက်များနဲ့ ပတ်သက်ရင်လည်း ကူညီပေးနိုင်မှုကို ပွင့်လင်း စွာ ရှိရမယ်။ နိုင်ငံရေးနယ်ပယ်ဟာ အယူခံခြင်း၊ အသနားခံခြင်း မဟုတ်ပါ။ အယူအဆနဲ့ အခြေအနေကို လူထုထံသို့ တင်ပြခြင်းသာ ဖြစ်တယ်။ လူ့အဖွဲ့အစည်း အကျပ်အတည်းကို အသေးစိတ် နားလည်ပေးနိုင်ခြင်းအလုပ်ဟာ နိုင်ငံရေးအလုပ်ပါပဲ။ လူစုတွင်း ပြဿနာကို သတိထားတဲ့အလုပ် ဖြစ်ပါတယ်။ ဒီအလုပ်ဟာ အသွင်ပုံစံတွေ အမျိုးမျိုး ပြောင်းလဲနေတာကို တွေ့ရမယ်။ နိုင်ငံရေးဟာ ဖျောင်းဖျခြင်းအလုပ် မဟုတ်။ သွေးဆောင်ခြင်း အလုပ်လည်း မဟုတ်ပါ။ နိုင်လိုမင်းထက်ပြုတဲ့အလုပ် မဟုတ်တာကြောင့် အခြေအနေအရပ်ရပ်ကို ခွဲခြမ်း စိတ်ဖြာ ဆုံးဖြတ်ရမယ့်အလုပ် ဖြစ်ပါတယ်။
ရှောင်ရှားရမယ်
ဥပမာ ဖိနှိပ်ခံရတဲ့ လူမျိုးတစ်စုဟာ လွတ်လပ်ရေးကို လိုလိုလားလား မရှိရင် အဖိနှိပ်ခံမှု လွတ်မြောက်အောင် ခုခံခြင်း၊ ကာကွယ်ခြင်း၊ ဆန့်ကျင်ခြင်းပြုရမှာက ဓမ္မတာပါပဲ။ လူမှုရေးဟာ စိတ်ပိုင်းဆိုင်ရာပညာရေးနဲ့ အလွန်တူတဲ့အတွက်ကြောင့် နိုင်ငံရေးဆိုင်ရာပညာ ရေးဘက်ကို ကူးပြောင်းစေပါတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ ပတ်သက်လာရင် အထီးကျန်စေခြင်း၊ ဖိအားပေးခြင်း၊ အင်အားသုံး အနိုင်ကျင့်ခြင်း၊ နာကျင်ခံစားမှု ရစေခြင်းတွေကို ရှောင်ရှားရမယ်။
တသီတခေါင်း
ယနေ့ကမ္ဘာမှာ နိုင်ငံရေးအနိုင်ကျင့်မှုတစ်ခုဖြစ်တဲ့ စီးပွားရေး ပိတ်ဆို့ခြင်း၊ ဝိုင်း ပယ်ခြင်း၊ အရှက်ရစေခြင်းများ လုပ်နေတာကို တွေ့ရတယ်။ ဒီနိုင်ငံရေးနည်းဟာ ထိရောက်တဲ့ နိုင်ငံရေး ဖြစ်တယ်ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာပညာရေးနဲ့ ကြည့်ရင် အကြမ်းဖက်မှု တစ်မျိုး ပဲ။ ဒီလိုနိုင်ငံရေးနည်းကြောင့် မဆုံးနိုင်တဲ့ပဋိပက္ခ၊ မရှင်းနိုင်တဲ့ ပြဿနာတွေ တသီတခေါင်းပါပဲ။
အတူတူ အကျိုးခံစားရမှာ
နိုင်ငံရေးအဆင့်ဆင့် တည်ဆောက်မှုဟာ ပိတ်ဆို့၊ ဝိုင်းပယ်၊ အရှက်ရအောင်လုပ်တဲ့ နိုင်ငံရေးဟာ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နိုင်ငံရေးနည်းလမ်း မဟုတ်ပါ။ လူတစ်ဦးချင်းစီ စိတ်ဝေဒနာ ခံစားခံရတဲ့ နိုင်ငံရေး ဖြစ်တာကြောင့် ယနေ့မြန်မာပြည်ကို ပိတ်ဆို့၊ ဝိုင်းပယ်၊ အရှက်ရတဲ့ နိုင်ငံရေးအနိုင်ကျင့်မှု ပြုလုပ်ချက်ဟာ တစ်နေ့နေ့မှာ ပြုသူထံ ပြန်မရောက်နိုင် ဘူးလို့ မထင်ပါနဲ့။ လူသားတွေရဲ့ ပြုလုပ်ချက်ဟာ တာဝန်ယူမှုအပေါ်မှာ မူတည်ပါတယ်။ တာဝန်ယူရင် ဒီတာဝန်ကို ဆောင်ရွက်ကြရစမြဲပါပဲ။ အန္တရာယ်ပြုတဲ့ နိုင်ငံရေးဟာ မလုံခြုံ နိုင်ဘဲ ပြုခဲ့တဲ့အတိုင်း အပြန်အလှန် အကျိုးပေးမှာပါပဲ။ ဒီနိုင်ငံရေးကို အားပေးတဲ့သူလည်း အတူတူ အကျိုးခံစားရမှာ သေချာတယ်။
အငတ်ဘေးဆိုက်တဲ့ နိုင်ငံရေး
နိုင်ငံရေးတည်ဆောက်ခြင်းဗျူဟာဟာ လှုံ့ဆော်ရေး၊ သို့မဟုတ် ပိတ်ဆို့ရေး မဟုတ် ပါ။ ပိတ်ဆို့ရေးကို စုစည်းလှုပ်ရှားတဲ့ နိုင်ငံရေးပြုမူချက်ဟာ အလွန်တရာ စက်ဆုပ်စရာပါ။ စုတ်စုတ်နုပ်နုပ် စုတ်ပြတ်တဲ့ နိုင်ငံရေးမျိုးဟာ ဤခေတ်ကာလရောက်မှ တွေ့ရတာ ဖြစ်တာ ကြောင့် ကြီးမားတဲ့ လူသားဆင်းရဲမှုဘေးများ ရောက်စေတဲ့ ဒီလို နိုင်ငံရေးမျိုးကို နိုင်ငံရေး သမိုင်းမှာ အငတ်ဘေးဆိုက်တဲ့ နိုင်ငံရေးလို့ ဆိုရမှာပါပဲ။
လူထုကို ချစ်တဲ့စိတ်လား
ဆိုးသူတစ်စုရဲ့ဒဏ်ကို တစ်မျိုးသားလုံး အကျိုးခံစားချက်ပေးတဲ့ ဒီလိုနိုင်ငံရေးမျိုး ကို အရှင်တို့ မြန်မာပြည်သူပြည်သားတွေ မှတ်သားထားရမယ့် နိုင်ငံရေးလို့ပဲ မြင်ရမယ်။ဒီလိုပြုမူချက်တွေကို ပြုလုပ်တဲ့ နိုင်ငံရေးကို မျိုးချစ်စိတ်ဓာတ်ခေါင်းပါးတဲ့သူတွေရဲ့ လုပ်ရပ်လို့ မဆိုနိုင်ပေမယ့် အသိဉာဏ် ဆင်ခြင်တုံတရား ကင်းမဲ့သူလို့ ဆိုရမယ်။ တိုင်းပြည်နှင့်လူမျိုး၊ သို့မဟုတ် ပြည်သူလူထုကောင်းစားမှုကို မမြင်လိုဘဲ ယုတ်မာမှု စိတ်ထားတဲ့သူဟာ မျိုးချစ် စိတ်၊ ပြည်ချစ်စိတ်၊ လူထုကို ချစ်တဲ့စိတ်လို့ မဆိုနိုင်ပါ။
ယဉ်ကျေးသော လူမှုဘဝ
မိမိလူမျိုးများ၊ ကမ္ဘာ့လူထုများ ဒုက္ခရောက်ကြတာကို ကြည့်ရက်လွန်းတဲ့ နိုင်ငံရေး သမားဟာ ကိုယ်ပိုင်ဉာဏ်မပါတဲ့ လောကသားနဲ့ တူပါတယ်။ အသိဉာဏ်ကင်းမဲ့ခြင်းဟာ မြတ်သောစိတ်ဓာတ် မထားတတ်ခြင်းပါ။ မြတ်သောစိတ်ဓာတ် မရှိရင် လောကကောင်းကျိုး မလုပ်နိုင်ပါ။ လောကကောင်းကျိုး တကယ်လုပ်ရင် အသိဉာဏ်ပါပါနဲ့ ဆင်ခြင်တုံ(ဆင်ခြင်မှ) တရားပါ လက်ကိုင်ထားရမယ်။ အာဏာရယူတဲ့စနစ်တွေဟာ ခေတ်အလျောက် ပေါ်လာကြ ပေမယ့် ယဉ်ကျေးသော လူမှုဘဝနိုင်ငံရေးစနစ်ကို လွန်ဆန်နိုင်မှာ မဟုတ်ပါ။
တရားမျှတသော နည်းဗျူဟာ
အရှင်တို့ဟာ အဖိစီး၊ အနှိပ်စက်ခံရတဲ့အခါ ဝေဒနာများစွာ (အမျိုးမျိုး) ခံစားကြ ရမှာပါပဲ။ ဒီဝေဒနာကို မည်သူမျှ ကုသပေးနိုင်ကြသူ မရှိပါ။ မိမိသည်သာ ဆရာ၊ မိမိဘာသာ ဝေဒနာ ခံစားရသူပါ။ ဒီဝေဒနာအားလုံးကို မျှတစွာ၊ ညီညွတ်စွာ၊ လွတ်လပ်စွာ၊ တရားမျှတစွာ နည်းဗျူဟာနဲ့ အဆင့်ဆင့် ပြောင်းလဲပြုပြင်ပွားများမှ ပြုလုပ်ကြရင် အမှန်ဘက်တစ်ခုသို့ ရောက်ကြမှာ သေချာပါတယ်။ မိမိတို့ရဲ့ဘဝ၊ မိမိတို့ရဲ့အသက်အပေါ်မှာ သစ္စာရှိစွာ ဆောင် ရွက်လုပ်ကိုင်ကြတဲ့ နိုင်ငံရေးလုပ်ငန်းကို အကြမ်းဖက်မှုများ၊ ဆန့်ကျင်ဘက် အစွန်းများ ရှောင်နိုင်ကြပြီး ပြင်းထန်တဲ့ နိုင်ငံရေးကွန်ရက် အစဉ်အဆက်မပြတ် ထာဝရ ငြိမ်းချမ်း သာယာပြီး အများဒုက္ခကို စုပေါင်းဝိုင်းဝန်း အားထုတ်နိုင်သူတစ်ဦးအဖြစ် ကြိုးစားကြပါစို့ရဲ့။
လူတွေဟာ အချင်းချင်း ခွင့်လွှတ်တတ်ရမယ်။
သင့်မြတ်တတ်ရမယ်။ အခွင့်အရေး ဖန်တီးတတ်ရမယ်။
ခွင့်လွှတ်၊ သင့်မြတ်ခြင်း မရှိတဲ့ လူမှုအသိုင်းအဝိုင်းဟာ မငြိမ်းချမ်းပါ။
ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၈၄-၂၉၀၊ အဝိဟိံသာနိုင်ငံရေး (၃၆)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။