လူတွေသိတဲ့ နိုင်ငံရေးကို လူရှေ့မှာ မမှားနှင့်။
မြန်မာ့နိုင်ငံရေးဇာတ်ခုံ
မြန်မာ့နိုင်ငံရေးအကြာင်းကို ရှေ့မီ၊ နောက်မီသူများကို မေးမြန်းရင် မပြောပြချင်ကြပါ။ မပြောပြချင်ရခြင်းအကြောင်းရင်း ရှိနေမှာပါ။ မြန်မာပြည်နိုင်ငံရေးဟာ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ စတင်တယ်လို့ ဆိုရမယ်။ မြန်မာပြည် ပထမဦးဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင်အတည်ပြုပြဋ္ဌာန်းတဲ့နေ့ ဖြစ်တယ်။ အရှင်တို့တိုင်းပြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာပြီ ဆိုပေမယ့် ညီညွတ်ရေး မရှိခဲ့ပါ။ ဟိုပါတီ ထုတ်ပယ်၊ ဒီပါတီပူးပေါင်းနဲ့ နိုင်ငံရေးမတည်ငြိမ်ပါ။ နိုင်ငံရေးအာဏာ ခွဲဝေမှု မမျှတာကြောင့် မကျေနပ်တဲ့သူက တောခိုကြတယ်။ တိုင်းပြုပြည်ပြ လွှတ်တော် ရွေးကောက်ပွဲ ကျင်းပပြီး အရွေးခံရတဲ့ အမတ်တွေက ပါတီဝင်များ တောခိုကြလို့လွှတ်တော်မတက်ဘဲ နေတယ်။ အမတ်အဖြစ်မှ ထုတ်ပယ်ခံရတယ်။ လက်ဝဲအင်အားစု အချင်းချင်းလည်း တိုက်ခိုက်ဖို့ ဖြစ်နေကြတယ်။ ကဲ့ရဲ့ကြတယ်။ နောက်ဆုံး လုပ်ကြံမှုကြီး ဖြစ်ကြတယ်။ ဒီသမိုင်းဖြစ်ရပ် လေးဟာ တစ်ခဏအတွင်း ဖြစ်ခဲ့ကြပေမယ့် နောက်ပိုင်း မြန်မာ့နိုင်ငံရေးဟာ ပါတီတွေ အမျိုးမျိုး ပေါ်လာပြီး ပူးပေါင်းလိုက်၊ ကွဲလိုက်နဲ့ ပုဂ္ဂိုလ်ရေး၊ ရာထူးရေးတွေ ရှေ့တန်းရောက် လာကြတယ်။ အချို့က နိုင်ငံရေးခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး အချို့က တပ်မတော် ခေါင်းဆောင်အဖြစ် တပ်သို့ ပြန်ကြတယ်။ လွတ်လပ်ရေးအတွက်တိုက်ပွဲ၊ အချင်းချင်း တိုက်ပွဲတွေဆင်နွှဲခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံဟာလက်ဝဲညီညွတ်ရေးအရှုပ်တော်ကြောင့် ဆိုရှယ်လစ်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က ပြိုလဲကျခဲ့ရတယ်။ အဲဒီအချိန်ကစပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေးတာဝန်များကို စစ်အုပ်ချုပ်ရေးအာဏာ စတင်ခဲ့ရတယ်။
ဆေးကောင်းဝါးကောင်း ရှာပေးရမလို
စစ်အုပ်ချုပ်ရေး စတင်နေပြီဖြစ်ပေမယ့် အဆွယ်ကောင်း၊ အသွယ်ကောင်း၊ အပြောအဟောကောင်းတဲ့ ဝန်ကြီးချုပ်လုပ်သူက အမျိုးမျိုး စည်းရုံးသိမ်းသွင်းသေးတယ်။ နောက်ဆုံး အကွဲဂယက် ကြီးထွားလာတာကြောင့် အဖွဲ့အမျိုးမျိုး ကွဲကြပြန်တယ်။ ရိုက်ကြ နှက်ကြတယ်။ စကားစစ်ထိုး၊ နှုတ်ဖြင့်ဝေဖန်၊ ထေ့ငေါ့သရော်၊ ကလော်ကြလို့ အာဃာတ ရန်ငြိုးရန်စတွေ တိုးလာကြတယ်။ နိုင်ငံရေးသမားက လက်နက်ကိုင်အဖွဲ့အစည်းအပေါ် သြဇာလွှမ်းမိုးချင်၊ တာဝန်ကြီးသူက တိုင်းပြည်အာဏာကို အုပ်မနိုင် ထိန်းမရတာကြောင့် နောက်ဆုံး အိမ်စောင့် အစိုးရ လက်ထဲကို ပေးအပ်လိုက်ရတယ်။ နောက်ဆုံး ဆိုရှယ်လစ်တစ်ပါတီစနစ် လက်ချက်နဲ့ ယနေ့ထက်တိုင် အကြောက်တရား၊ အမှောက်တရားနဲ့ ခါးခါးသီးသီး ခံစားကြရတယ်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံအဖြစ် တည်ထောင်ရန် ရည်ရွယ်ချက်ရှိတဲ့ ယခုလက်ရှိအစိုးရကိုလည်း ဆေးကောင်း၊ ဝါးကောင်း ရှာပေးရမလို ဖြစ်နေတယ်။ အကုန် မသိ၊ အမြဲမမှန်၊ သိရန်ရှိသေးတဲ့နိုင်ငံရေးကို အကြမ်းဖက်ရေး အစမ်းသက်သက် တွက်ကြည့် ရမယ်။ ဟက်ဟက်ပက်ပက် ဘယ်လို ရှိသလဲ ဆိုတာပေါ့ ။
ဘာလုပ်လုပ် လူထုမသိဘဲ မလုပ်သင့်
၂ဝ၁ဝ က စလိုက်တဲ့ နိုင်ငံရေး၊ ရက်စွဲမကျန် နေ့စဉ်ရက်စွဲ အမှန်တွေနဲ့ မှတ်တမ်း တင်ထားကြမှာပါ။ ပြည်သူက မှတ်တမ်းမတင်ရင်လည်း အစိုးရလုပ်သူက တင်ရမှာပဲ။ ခေတ်ကာလက မြန်ဆန်တဲ့စနစ် ဖြစ်တော့ ပြုမူတဲ့ ကံသုံးချက်ကို ကြမ်းကြမ်းတမ်းတမ်း မဖြစ်ဖို့ လိုတယ်။ နိုင်ငံရေးလုပ်တဲ့သူတွေ ပုဂ္ဂိုလ်၊ ဂိုဏ်း၊ အဖွဲ့အစည်း၊ အစွဲအလမ်းမကြီး ဖို့ လိုတယ်။ အတ္တဝါဒီ (အတ္တဝါဒ)ကြောင့် ဆုတ်ယုတ်သွားခဲ့ရတဲ့ နိုင်ငံရေး ရှိခဲ့တယ်။ နိုင်ငံရေးမှာ ပြဿနာ မရှိပါ။ လူတွေမှာ ပြဿနာ ရှိတယ်။ ဘာလုပ်လုပ် လူထုမသိဘဲ မလုပ်သင့်ပါ။ လူထုဆန္ဒမယူဘဲ မလုပ်ကောင်းပါ။ အမတ်လောင်းလောကမှာ ပြိုင်ဆိုင်ကြပေမယ့် လွှတ်တော်ရောက်ရင် သူ့ဘက်၊ ကိုယ့်ဘက်မရှိဘဲ အဖွဲ့ဖွဲ့ဖို့၊ အပြိုင်ကြဲဖို့၊ မကောင်းမှ များ မပြုကြဖို့ သတိပြုသင့်တယ်။
သတင်းဆိုတာ ကောင်းတဲ့သတင်းပဲထွက်ထွက်၊ မကောင်းတဲ့သတင်းပဲ ထွက်ထွက် အကျိုးမရှိတဲ့သတင်းဖြစ်ရင် အဆိုးများ ဆက်နွှယ်သွားတတ်တယ်။ လွှတ်တော်သို့ ရောက် သွားတဲ့ အမတ်တွေဟာ လွှတ်တော်အလုပ်ကို စိတ်ဝင်စားဖို့လိုတယ်။ လွှတ်တော်ရောက်ပြီး လူထုအကျိုး၊ တိုင်းပြည်အကျိုးမလုပ်ဘဲ စမ်းတဝါးဝါး အယောင်ယောင် အမှားမှားဖြစ်ကြရင် (လုပ်ကြရင်) ပိုးသာကုန် မောင်ပုံ စောင်းမတတ်ဘဲ ဖြစ်သွားမယ်။ လွှတ်တော်သက်တမ်း ကုန်ဆုံးလို့ အသစ်သက်တမ်း ပြန်စတဲ့အခါ ယခင်ကလို လွယ်လွယ်ကူကူနဲ့ အမတ်ကြီး ဖြစ်လာမယ် မထင်ကြနဲ့။ အမတ်ကြီးနေရာ ရောက်လာမယ့်သူတွေ အများကြီးပဲ။
နိုင်ငံရေးတည်ဆောက်မှု အခြေခံကောင်း
ယနေ့ခေတ်အချိန်အခါအရ မြန်မာ့နိုင်ငံရေးဟာ ကမ္ဘာ့နိုင်ငံရေးခုံပေါ်မှာ တက်ရောက်ရတော့မယ်။ စွမ်းပကား ပြရတော့မယ်။ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာကြားက လူမှုဘဝ နိုင်ငံရေးကို ဆက်ဆံဖွင့်လှစ်ရတော့မှာ ဖြစ်တဲ့အတွက် ကြိုးစားအားထုတ်ထားတဲ့ စေတနာ အမှန်ကို ပိုမိုကျယ်ပြန့်တဲ့ခေတ်အလိုက် စိတ်ဓာတ်ကို ဖြူဖြူစင်စင်ထားပြီး မူပေါင်းစုံရှိတဲ့ သူတွေနဲ့ ပေါင်းသင်းဆက်ဆံကြရတော့မယ်။ အရှင်တို့ဟာ အခုမှ နိုင်ငံရေးကို တည်ဆောက်ကြတယ်လို့မထင်ဘဲ မိဘဘိုးဘွား ပေးလာခဲ့တဲ့ နိုင်ငံရေးအမွေ၊ လေ့လာမှုအတတ်၊ ပူးပေါင်းမှ အသိတရားတွေ၊ နိုင်ငံရေးတည်ဆောက်မှု အခြေခံကောင်းတွေ အားသွန်ခွန်စိုက် ကြိုးစားရတော့မယ်။ အဲဒီအချိန်အခါ ရောက်မှ သဘင်အလယ်မှာ ငါ ဘာဖြစ်နေသလဲ၊ ငါ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ငါ ဘာဖြစ်လို့ ညံ့ရတာလဲ ဆိုတဲ့အဖြေတွေ တစ်ခုပြီးတစ်ခု ထင်လာမယ်။ လေ့လာမှု အားနည်းခဲ့တဲ့အကြောင်းတွေ့၊ လက်တွေ့အသိတရားနဲ့ အများနဲ့ မပူးပေါင်းခဲ့တာတွေ၊ အသိအမြင်ကျယ်ဝန်းတဲ့ နိုင်ငံရေးခေတ်ရေစီးတွေ အမျိုးမျိုး အမည်မည် မြင်တွေ့ လာလိမ့်မယ်။ ခံစားရမှုအပေါ်ကနေ အခြေခံပြီး ခေတ်မီတဲ့စကား၊ ခေတ်မီတဲ့အတတ်၊ မတတ်တတတ် ဖြစ်ခဲ့ရတဲ့ သဘောသဘာဝတွေ မိမိအတွက် ဆုံလာတဲ့ အခါ နိုင်ငံရေးဟာ တိမ်တောင်သဖွယ် အလွန်ကျယ်ဝန်းနေပါလား၊ ရာထူးဂုဏ်သိန်တွေနဲ့ မဆိုင်ပါလား၊ အရည်အချင်းနဲ့ စစ်မှန်တဲ့စေတနာပါလား ဆိုတာ အလိုအလျောက် နားလည်လာမယ်။
ချင့်ချင့်ချိန်ချိန် စဉ်းစား
မြန်မာပြည်ဟာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ခဲ့တဲ့ နိုင်ငံရေးဟာ အမျိုးမျိုးရှိခဲ့တဲ့အထဲကနေ ယနေ့ မြန်မာ့နိုင်ငံရေး စာမျက်နှာသဖွယ် ဖွင့်လှစ်မယ့်နိုင်ငံရေးဟာ စစ်မှန်ပြီး ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ နိုင်ငံရေးအကြောင်းတွေနဲ့ ပူးပေါင်းရတော့မယ်။ (ပြည် ပူးပေါင်းမှု၊ ပူးပေါင်းခြင်း ဆိုတာ သူတစ်ပါး တိုက်တွန်းရုံလေးနဲ့ ထဲထဲဝင်ဝင် ထားသင့် အကျိုးကို မထားသင့်၊ ဖြစ်သင့် မဖြစ်သင့် ချင့်ချင့်ချိန်ချိန် စဉ်းစားရမယ်။ မစဉ်းစား မဆင်ခြင်ဘဲ ဖြူမျှကို အပြုံးပြ သဘောကျရုံနဲ့ နိုင်ငံရေးကို မထိုးကျွေးရပါ။ အတ္တရဲ့ သဘောဟာ ခုခံကာကွယ်မှု မပါခြင်း မဟုတ်။ ထိန်းထိန်းသိမ်းသိမ်းနဲ့ နိုင်ငံရေးကို ကစားခြင်း၊ သို့မဟုတ် သူမနာ ကိုယ်အသာ မဖြစ်ခြင်းကို အမြဲတမ်း တွေးတတ်ရမယ်။ ဘာဖြစ်လို့ ဒီစကားကို ဆိုရပါသလဲ ဆိုရင် မြန်မာပြည်သူ သန်းပေါင်း ၆ဝကို အရေးအစုံအလင် ဒုက္ခပွားမှု မဖြစ်ဖို့ ထိန်းသိမ်း၊ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကို မမေ့ဖို့ပါပဲ။
လွှတ်တော်မှန်ရင် ပြည်သူ့ဘဝမှန်
ဘယ်သူတွေ ဘာပြောပြော “ပြည်သူ့အသံ လွှတ်တော်အသံ” ဆိုကတည်းကိုက ပြည်သူ့အသံကို နားမထောင်လို့ မရပါ။ ပြည်သူ့အသံ၊ ပြည်သူ့စကားဟာ လွှတ်တော်နဲ့ တစ်ထပ်တည်း ဖြစ်ရမှာ ဖြစ်တဲ့အတွက် နိုင်ငံရေးအကြောင်းအရာ တစ်ပါးပါး ဖြစ်မြောက်ဖို့ ပြည်သူ့အသံ(မြန်မာ့အသံ)ကို နားထောင်ပါ။ အာရုံစိုက်ပါ။ လွှတ်တော်မှာ လုပ်ရဲတဲ့ နိုင်ငံရေး ဟာ အမျိုးသားအဆင့် နိုင်ငံရေးဖြစ်တယ်။ ပုဂ္ဂိုလ်ရေး၊ ဂိုဏ်းဂဏရေး၊ အသင်းအဖွဲ့အရေး မဟုတ်။ သံသယ မရှင်းတဲ့ ပါတီနိုင်ငံရေး မဟုတ်။ တစ်မျိုးသားလုံးရေး နိုင်ငံရေးအတွက်ကို မွန်မြတ်သော စေတနာနဲ့ ပင်ပင်ပန်းပန်း အားထုတ်လာခဲ့ရတဲ့ ပီတိဟာ ဘယ်လန်းဆန်းမှုမှ မတူပါ။ လိုရာကိစ္စ တစ်ပါးပါး ပြီးစီးသွားတိုင်း (အလုပ်ကိစ္စတစ်ခုပြီးတိုင်း) မိမိရဲ့နိုင်ငံရေး အရည်အသွေး၊ အရည်အချင်း မည်သည့်အဆင့်မှာ ရောက်လာခဲ့တယ် ဆိုတာ နိုင်ငံရေးအသိ ပေတံလေးဟာ အသိအမှတ် ပြုလာလိမ့်မယ်။ လွှတ်တော်အတွေ့အကြုံဟာ ပြည့်သူ့ဘဝ အတွေ့အကြုံပါ။ ပြည်သူ့လူနေမှု ပုံဖော်တဲ့နေရာဟာ လွှတ်တော်ပါ။ လွှတ်တော် မှန်ရင် ပြည်သူ့ဘဝ မှန်မယ်။ လွှတ်တော် ချော်ရင် ပြည်သူ့ဘဝ ချော်မယ်။ သတိကြီးစွာ ထားပြီး လုပ်ရမယ်။ သနားမှု၊ ကြင်နာမှု ဆိုတာ လွှတ်တော်ရောက်မှ နားလည်လာမယ်။
အလုပ်ကို ချောသထက် ချောအောင် သေချာလုပ်
အရှင်တို့ဟာ ခေါင်းဆောင်မှုအလုပ်ကို လုပ်ရသူတွေဖြစ်ရင် စစ်မှန်တဲ့ခေါင်းဆောင် မှုဉာဏ်၊ မှန်ကန်တဲ့ စစ်မှန်မှုပညာ ရှိရမယ်။ အသိတရားနဲ့ ဉာဏ်ရည်ဉာဏ်သွေး ပြည့်ဝမှုရှိဖို့ လိုတယ်။ အများစုရှေ့မှောက်မှာ ဦးစီးဆောင်ရွက် လုပ်ကိုင်ရသော အလုပ်ကို လုပ်ခဲ့ရတာ ကြောင့် အများရှေ့မှောက်မှာ မိမိကိုယ်မိမိ ငြိမ်းချမ်းသူ၊ ဖွံ့ဖြိုးရေးကို ဆောင်ရွက်သူပါလို့ ဆော်ဩ ဖွင့်ပြောစရာ မလိုပါဘူး။ အလုပ်နဲ့သက်သေပြတဲ့သူဟာ သဘင်အလယ်မှာ သမ္ဘာ (သဘာ) ရှိဖို့ပါပဲ။ “ငါဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး ရှေးရှုနိုင်ရန်၊ နိုင်ငံတကာ အထောက်အပံ့အားပေးမှု ရရှိရန်၊ လူသိရှင်ကြား ဆောင်ရွက်ခဲ့တဲ့သူပါ” ဆိုပြီးတော့ မြန်မာ့ လွှတ်တော် စားပွဲခုံပေါ်မှာ အသံလာပေးတဲ့သူလို မဖြစ်စေနဲ့။ အဲဒီလို စကားမျိုးဟာ အရည် အချင်း၊ အရည်အသွေးစကား မဟုတ်ပါ။ ရှိပြီးသားအလုပ် ပြောရမယ့်စကား ဖြစ်တယ်။ ဒါကြောင့် မြန်မာတွေ သည်းခံတတ်တဲ့ အကျင့်တရား လုံလောက်မှု အပြည့်အဝ ရှိရုံသာမက အားနာတတ်တဲ့ အကျင့်တရားလည်း လွန်နေရောပါပဲ။ လွှတ်တော်အတွင်းမှာ အစုအဖွဲ့နဲ့ မဆိုင်တဲ့အတွက်ကြောင့် နေရာတိုင်းမှာ ပျော့ညံ့လို့ မဖြစ်ကြောင်း သတိနဲ့ယှဉ်၍ အလုပ်ကို ချောသည်ထက် ချောအောင် သေချာလုပ်ရမယ်။
ပြောင်းလဲမှုဟာ အနှစ်အသား ပါပါစေ
ယခု အရှင်တို့ လေ့ကျင့်ပျိုးထောင်တဲ့ မြန်မာ့နိုင်ငံရေးဟာ မြန်မာ့လူမှုဘဝ နိုင်ငံရေး ဖြစ်လို့ နိုင်ငံသားအချင်းချင်း ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေး ခံစားတတ်လာမှုသဘော တရားပါတဲ့ နိုင်ငံရေးကို ဆောင်ရွက်လုပ်ကိုင်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ နိုင်ငံတကာ က အစုံအလင် စုံဝင်လာပြီး သူတစ်မျိုး ဟိုတစ်ပေါက် ပြည်သူ့အသံဘက်က မရပ်တဲ့ အပြင်ဘက်က အသံတွေ ကြားရလွန်းတာကြောင့် လေ့ကျင့်ပျိုးထောင်ပေးတဲ့ နိုင်ငံရေးသဘော သဘာဝတွေ ရောယှက်သွားမှာကို စိုးရိမ်မိတယ်။ အပြင်က စကား ပွင့်ပွင့်လင်းလင်း ပြောသွားတာဟာ တစ်ဆင့်စကားလား၊ အတွင်းစကားလား၊ စေတနာစကားလား၊ မလိုစကား လား သံသယသဘောသဘာဝ မပါဘဲ ထားလို့ မရပါ။
အရှင်တို့ရဲ့ ပြောင်းလဲမှုဟာ ကမ္ဘာကို စိတ်ဓာတ်တက်ကြွစေပါတယ် ဆိုတဲ့စကား ဆွရွပြတဲ့ စကားပဲ မဟုတ်လား။ ဒါကို မြန်မာတွေ နားလည်ကြပါ။ အရှင်တို့ရဲ့ နိုင်ငံရေးပြောင်းလဲမှုဟာ အနှစ်အသားပါပါစေ။ မြန်ဖို့ မလိုပါ။ ကြီးမားတဲ့ပြောင်းလဲမှု မဖြစ်နဲ့။ မျှော်မှန်းထားတဲ့ အတိုင်းတိုင်းသာ ရှိပါစေ။ ငါတို့ရဲ့ ခံစားရတာတွေဟာ ငါတို့ပဲ သိပါတယ်။ ဒီအသိဟာ သူတစ်ပါးဆီက ရတဲ့အသိမဟုတ်ပါ။ ငါတို့ရဲ့အသိဟာ တာဝန်အသိ ဖြစ်တဲ့အတွက် မြန်မာပြည်သူပြည်သားတွေအတွက် နောက်ထပ် ဘယ်တော့မှ ပိတ်ညှပ် ခံစားနေရမယ့်ဒုက္ခ မဖြစ်စေရဘူး ဆိုတာကို လွှတ်တော်ရောက် အမတ်တွေ ခံစားလာရ မှာပါ။
အပြောင်းအလဲ မြန်ဆန်တဲ့ခေတ်ကြီးမှာ မြန်မြန်ဆန်ဆန်ပြောင်းလဲတဲ့ နိုင်ငံရေးကို အလိုက်မီတဲ့သူတွေ ရှိသလို လိုရာကိစ္စ ပြီးမြောက်အောင်မြင်ပြီး ဖြည်းဖြည်းအေးအေး ညင်ညင်သာသာနဲ့ ငြိမ်းချမ်းမှုအပြည့်အဝနဲ့ ချမ်းသာတဲ့ တိုင်းပြည်ဖြစ်အောင် (တို့မြန်မာတွေ တည်ဆောက်ရမယ်) အရှိန်မတန့်တဲ့ ပြောင်းလဲမှုနဲ့ လုပ်ရမယ်။ ခိုင်မာသော ပြောင်းလဲမှုနဲ့ ပြောင်းလဲရမယ်။ အန္တရာယ်အချိုးကွေ့တွေ ဘယ်လောက်များများ စည်းဝါးကိုက်ညီတဲ့ တွန်းအားရုန်းအားမှန်ရင် ဘယ်သူ့စကားကိုမှ နားထောင်စရာ မလိုပါ။
အရှင်တို့ရဲ့ တိုင်းပြည်ဟာ လူသားအရင်းအမြစ် ပြည့်စုံတဲ့ တိုင်းပြည်ဖြစ်သလို သဘာဝအရင်းအမြစ်တွေလည်း ပြည့်စုံ ကုံလုံနေပါတယ်။ ကြီးပွားရေး၊ စီးပွားရေး၊ အရင်း အမြစ် နည်းပါးနေကြသေးတာကလွဲလို့ အားလုံး ပျော်ရွှင်စရာကောင်းတဲ့ တိုင်းပြည်တစ်ပြည် ရှိနေပါသေးတယ်။ နှစ်ပေါင်းရာထောင်မက တည်လာခဲ့တဲ့ အရှင်တို့ရဲ့ တိုင်းပြည်ကို ဗိုလ်ကျ အုပ်ချုပ်စိုးမိုးလိုတဲ့သူတွေရဲ့ ကျွန်ပြုသူတို့ရဲ့ လက်အောက်ကနေ အကူအညီမတောင်း၊ ပူးပေါင်း ဆောင်ရွက်တဲ့ တော်လှန်ရေးနဲ့ ကိုယ်ပိုင်လက်ဆုပ်လက်ကိုင် အပြီးပိုင်ဆိုင်တဲ့ တိုင်းပြည် တစ်ပြည်မှာ စနစ်ကြမ်းတဲ့ နိုင်ငံရေး၊ စနစ်လျော့တဲ့နိုင်ငံရေး သားစဉ်မြေးဆက်သို့ အမွေဘယ်တော့မှ မပေးမိအောင် ခုချိန်မှာ ပြင်ဆင်ထားစရာမလိုတဲ့ လူမှုဘဝနိုင်ငံရေးမူဝါဒကို အကြွင်းမဲ့ ပေးခဲ့ဖို့ ကြိုးစားရမယ်။
နို့နဲ့ရေ တစ်သားတည်း
အရှင်တို့ဟာ အရှင်တို့ရဲ့ နိုင်ငံရေးလမ်းကြောင်းကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ပြုပြင်ပြောင်းလဲပေးခဲ့တာမျိုး၊ ကယ်တင်ခဲ့တာမျိုး မခံယူပါ။ အရှင်တို့မှာ အမြော်အမြင်ရှိကြတဲ့သူတွေပါ။ သတ္တိလည်း အပြည့်အဝရှိသလို ရဲရင့်တဲ့ ကိုယ်ပိုင်ဉာဏ်လည်း ရှိကြပါတယ်။ အခြေခံဥပဒေကို လေးစားသမှု အတူတူ ရှိကြတဲ့အတွက်ကြောင့် အမျိုးသား ပြည်လည် သင့်မြတ်ရေးလမ်းကြောင်းပေါ်ကို အလိုအလျောက် ရောက်ပြီးသား ဖြစ်နေကြပါပြီ။ အရှင်တို့ဟာ နို့နဲ့ရေ တစ်သားတည်း အတူတူနေကြတဲ့သူတွေပါ။ တစ်တန်းတည်း တစ်သားတည်းပါ။ မမြင်ချင်သူ မပေါင်းချင်သူစိတ် မရှိပါ။ ဝေဝေငှငှ မျှမျှတတ ရှိကြတဲ့သူတွေပါ။ မတူကွဲပြားမှု အဖြစ်ဆိုတာ အရှင်တို့အတွက် မဆန်းကြယ်ပါ။ ပြည်သူလူထု အားကိုးမျှော်လင့်နေကြတဲ့ ပြည်သူ့အကျိုးတရားကို ရဲရဲရင့်ရင့် ကြိုးစားအားထုတ်ပြီး လုပ်ကြရမှာပါ။
အရှင့်အနေနဲ့ လွှတ်တော်ရောက် ဒါယကာတွေကို ရင့်ကျက်ကြပါ။ ရဲရင့်စွာ တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်ပါ။ အကြမ်းဖက်မှုတရားကို ကျော်လွှားပြီး လူသား အားလုံးတို့ရဲ့ အမြတ်ဆုံး အကျိုးတရားကို ဆောင်ရွက်ကြဖို့ အမြဲပဲ သတိပေးပါတယ်။
ယခု အရှင်တို့ လေ့ကျင့်ပျိုးထောင်တဲ့ မြန်မာ့နိုင်ငံရေးဟာ
မြန်မာ့လူမှုဘဝနိုင်ငံရေးဖြစ်လို့ နိုင်ငံသားအချင်းချင်း ငြိမ်းချမ်းမှု၊
ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေး ခံစားတတ်လာမှု သဘောတရားပါတဲ့
နိုင်ငံရေးကို ဆောင်ရွက်လုပ်ကိုင်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။
ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၇၁-၁၇၆၊ အဝိဟိံသာနိုင်ငံရေး (၁၈)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။