Categories
ကရင်လူမျိုး သမိုင်းရေးရာ အထွေထွေဗဟုသုတ

အိန္ဒိယပိုင် အက်ဒမန်ကျွန်းစုပေါ်တွင် အခြေချ နေထိုင်သော ကရင်လူမျိုး ၂၆၀၀ ကျော်ရှိ

အက်ဒမန်ကျွန်း ပတ်လမ်း ကြမ်းကြမ်းပေါ်က မထင်မရှား လမ်းခွဲလေးကနေ ခွဲထွက်လာသော လမ်းကျဉ်းကလေးသည် ဘုရားကျောင်းများ၊ စိုက်ခင်းများ၊ လယ်ကွင်းဟောင်းများကို ကွေ့ ကောက်စွာ ဖြတ်သွားလေသည်။ ကားများ၏အလေးချိန်က သံတံတားကို တုန်သွားစေ၏။ တံတားအောက်က ချောင်းမှာ ပြည့်လျှံနေသော ရေများက မုတ်သုံမိုးကြောင့် နွံရောင်ထနေသည်။

အပူပိုင်းတောများက ချောင်းကမ်းနားများကို ခွေယှက်ဖြာကျနေပြီး ရွာကို ပတ်ပတ်လည် ဝန်းရံထားသည်။ သန့်ရှင်းပြီး သပ်သပ်ရပ်ရပ် စတုရန်းပုံစံ အစိမ်းရောင် လယ်ကွင်းများကြားမှာ တည်ရှိသော ဝီဘီရွာမှာ အက်ဒမန်ကျွန်းအလယ်နှင့် အနောက်မြောက်ပိုင်းရှိ ကရင်လူမျိုး အ သိုင်းအဝိုင်းစုလေး နေထိုင်သည့် ရွာ ၁၂ ရွာအနက် တစ်ရွာဖြစ် သည်။

ခရီးသွားမြေပုံထဲမှာ ဝီဘီ ရွာက မပါပါ။ သို့သော်လည်း ဂျွန်အောင်သမ်၏ စိတ်ထဲမှာ အကြံဉာဏ်များဖြင့် စိတ်လှုပ်ရှားနေသည်။
‘‘ကျွန်တော်တို့ ရွှေ့ပြောင်း အခြေချလာပုံနဲ့ ယဉ်ကျေးမှုထုံးစံကို ပြောပြမယ့် ပြတိုက်တစ်ခုကို စလို့ရပြီ။ ရိုးရာကရင်အစားအစာ တွေနဲ့ စားသောက်ဆိုင်တစ်ခုလည်း စလို့ရတယ်။ လူတွေအနေနဲ့ ကျွန်တော်တို့အကြောင်းကို လေ့လာစေချင်တယ်’’

လွန်ခဲ့သော နှစ် ၉၀ ကျော် က ကရင်လူမျိုးများသည် မြန်မာပြည်ကနေ အက်ဒမန်ပင်လယ်ကိုဖြတ်ပြီး ပြောင်းရွှေ့လာကြသည်။ သုတေသီလက်ထောက်ဟောင်းတစ်ဦးဖြစ်ခဲ့သည့် သမ်သည် သိပ္ပံပညာရှင်များကို အက်ဒမန်ကျွန်းစုက မရှာဖွေတွေ့ရှိရသေးသည့် ရောဂါမျိုးစိတ်များ ရှာဖွေရှာမှာ ကူညီပေးခဲ့ဖူးသည်။ ယနေ့တွင် သူသည် သူ၏ ဦးရေ ၂,၅၀၀ ရှိ ခိုင်မာသော ကရင်လူမျိုးစု အသိုင်းအဝိုင်းကို စောင့်ရှောက်ထိန်းသိမ်းဖို့ အလေးထား လုပ်နေ သည်။

သမ်သည် သူ့အိမ်ကိုတော့ ဟီး (ကျွန်းအိမ်)ဟု သူခေါ်သော ဧည့်သည်များ လာနေနိုင်သည့် အပန်းဖြေအိမ်အဖြစ် ပြောင်းလဲခဲ့ သည်။ အိမ်ကတန်းများပေါ်မှာ စာအုပ်များ၊ ကရင်လူမျိုးများအ ကြောင်းရေးထားသော ဆောင်းပါးတွေဖြင့် ပြည့်နေပြီးနံရံများမှာ မြန်မာမှာ လွန်ခဲ့သော နှစ် ၁၀၀ ကျော်က သုံးခဲ့သည့် ရိုးရာခြင်း တောင်းများ၊ လှေများနှင့် စပါး လှေ့စက်များကို ချိတ်ဆွဲထား၏။ ထိုရွာမှာ သူ့အိမ်ကဲ့သို့ နယ်ဝေး ဧည့်သည်များလာလျှင် တည်းနိုင်သောအိမ်အဖြစ် ပြောင်းထားသည့် နောက်ထပ် အိမ်တစ်အိမ်လည်းရှိသည်။

တစ်နေ့တွင် သူတို့ရွာသည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ပြီး အက်ဒမန်ကျွန်း၏ စီးပွားရေးကို တိုးတက်လာအောင် လုပ်ပေးနိုင်မည်ဟု ကရင်များက မျှော်လင့်ကြသည်။ ခရီးသွားဧည့် သည်များနှင့်အတူ လူမှုဘဝများရှိ လာမည်ဟု သူတို့သိကြသည်။

‘‘ကျွန်တော်တို့ ကမ္ဘာ့ခေတ် ရေစီးကြောင်းနဲ့ ခရီးသွားတွေဆီကို ရောက်ဖို့လိုတယ်။ ကျွန်တော် တို့ရဲ့ ရိုးရာနဲ့ယဉ်ကျေးမှုကို ငွေရရှိအောင် အမှီပြုရမယ်။ ဒါကို ကျွန်တော်တို့ ထိန်းသိမ်းစောင့် ရှောက်နိုင်မယ်’’ဟု သမ်ကပြော သည်။

ပုန်းနေသောရွာ
၁၉၆၀ ခုနှစ်များဆီက သူ့ဖခင် ဆောက်ခဲ့သော ပျဉ်နှင့်ကျူ ရွက်မိုး သမ်၏ ကရင်ရိုးရာနှစ်ထပ်အိမ် လသာဆောင်ကနေ ကြည့်လျှင် ဝီဘီရွာက လှပသောရှုမျှော်ခင်းနှင့် ထင်းနေသည်။

မူလအခြေချပြောင်းလာသူ များ မြန်မာပြည်ကနေ ယူဆောင် လာသည့် စပါးမျိုးစုံကို စိုက်ပျိုးထားသည့်လယ်ကွင်းများရှိသည်။ ထောင့်တစ်ခုမှာ ဆေးဖက်ဝင်သီး နှံပင်များနှင့် ဆေးပင်များကို စိုက်ထားသည့် ခြံလေးလည်းရှိ၏။ ဆေးဖက်ဝင်အပင်မျိုးစိတ်အများစုက မြန်မာပြည်ကဖြစ်၏။

ရွာကိုနှစ်ပိုင်းခြားထားသော လမ်းပေါ်တွင် ကလေးတွေက စက်ဘီးများ (သို့မဟုတ်) လမ်းလျှောက်ပြီး အိမ်ကိုပြန်လာနေကြသည်။ သူတို့အိတ်များထဲက ကျောင်းစာအုပ်များမှာ ကရင်ဘာသာဖြင့်ဖြစ်သည်။ အိန္ဒိယတစ်နိုင်ငံလုံးတွင် ကရင်ဘာသာကို ကျောင်းနှစ်ကျောင်းတွင်သာ သင်ပါသည်။ ညနေစောင်းမှာပင် တစ်နေရာဆီက ကရင်စကားသံ များနှင့်အတူ ဘောလိဝုဒ်နှင့် အင်္ဂလိပ်သီချင်းများကို ကျွန်တော် ကြားနေရဆဲဖြစ်၏။

အနှစ် ၁၀၀ သက်တမ်းရှိ ဝီဘီ (ကရင်ဘာသာဖြင့် ပုန်းနေသည့်ရွာ) ရွာသည် ၁၉၅၂ က သည်ကျွန်းစုများပေါ်ကို အခြေချ အမြစ်တွယ်ခဲ့သည်။ မြန်မာပြည်ဟောင်းပုံစံ တစ်စိတ်တစ်ပိုင်းကို အသေအချာ စောင့်ရှောက်ထိန်းသိမ်းထားသည်။ အက်ဒမန်ကျွန်းများပေါ်သို့ ကရင်လူမျိုးများ ရောက်လာခြင်းက မထင်မှတ်ဘဲ ဖြစ်လာခြင်းပင်။

မြန်မာနိုင်ငံက ဗြိတိန်ဘုန်းကြီးတစ်ပါးသည် ၁၉၂၀ ခုနှစ် တွင် အမေရိကန်မှ သင်္ဘောဖြင့် ပြန်လာရင်း ကော်မရှင်နာမင်းကြီး ဖြစ်နေသော ညီအစ်ကိုဝမ်းကွဲတော်သူကို တွေ့ဆုံရန် ဘလဲယာ ဆိပ်ကမ်းတွင်နားဖို့ဆုံးဖြတ်ခဲ့၏။

မြန်မာပြည်သို့ သူပြန်ရောက်သောအခါတွင် ကျွန်းပေါ် တွင် စတင်လုပ်ကိုင်နေသည့် သစ်ကုန်သွယ်မှုလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ရန် ပြောင်းရွှေ့လာသူ မည်သူမဆို တစ်နှစ်စာ ဗြိတိန်အစိုးရက ထောက်ပံ့ကြေး ပံ့ပိုးမည်ဆိုသော ကြေညာချက်တစ်စောင်ကို ဖြန့်ချိခဲ့သည်။

ထိုကြော်ငြာစာကို ဖတ်မိသူ တစ်ဦးမှာ ရီဗာရန်လုဂျီဖြစ်သည်။ သူတို့အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်မည်ဟု ဘုရားကျောင်းတက်ဖော် ကရင်လူမျိုးများကို စည်းရုံး၏။

‘‘မြန်မာပြည်မှာ ပင်ပင်ပန်းပန်း နေကြရသူတွေအတွက် ကောင်းတဲ့ အစပျိုးမှုတစ်ခုပဲလို့ သူကမြင်ခဲ့တယ်။ သူတို့တွေနဲ့ အတူ သူက ဒီကိုလာခဲ့တယ်။ မြေကလည်းကောင်းပြီး ဘဝအခြေချဖို့ ဘာမှလည်း ခြိမ်းခြောက်ခံရစရာ မရှိဘူးဆိုတာကို တွေ့ခဲ့ရတယ်’’ဟု ဦးလုဂျီ၏မြေးဖြစ်သူ အသက် (၆၀)အရွယ် စောအက်ရှဝေရိုဂီက ပြောသည်။
အဘိုးဖြစ်သူ ၁၉၂၅ ခုနှစ် က တည်ထောင်ခဲ့သော ဘုရားကျောင်းမှာ သူက ဘုန်းတော်ကြီးဖြစ်နေသည်။ မြန်မာကနေပြောင်းလာသည့် ပထမဆုံးအသုတ်သည် ကျွန်းစုကမ်းခြေကို ရောက်လာကြသည်မှာ ထိုနှစ် ဧပြီလဖြစ်၏။

နောက်တစ်နှစ်အကြာတွင် နောက်ထပ် အိမ်ထောင်စု ၅၀ ထပ်ပြောင်းလာခဲ့သည်။ သစ်တောများ၊ မြစ်များဖြင့် ဝန်းရံထားသော ဝီဘီသည် သူ့ဘာသာ တစ်သီးသန့်ဆန်မှုကို ရွေးချယ်ခဲ့သည်။ သူတို့ရွာလူထုကို ရန်သူ ဟောင်းများနှင့် ရန်သူသစ်ဖြစ် လာနိုင်သူများဆီကနေ ဖုံးကွယ်လိုခဲ့သည်။

သူတို့၏ တစ်သီးတခြားရှိမှုနှင့် ရှက်ကြောက်သိမ်မွေ့မှုက ကျွန်းစုများကို ရိုက်ခတ်လာသော ကြမ်းတမ်းသောခေတ် သမိုင်းစဉ် ဆက်တစ်လျှောက် သူတို့၏ ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရန် ကူညီပေးခဲ့သည်။ သူတို့သည် ရက်စက်မှုများ၊ သုံးနှစ်ကာလ ဖက်ဆစ်ဂျပန်အစိုးရအုပ်ချုပ်မှု၊ ပြည်မက အုပ်ချုပ်သူများ နှင့် တိုင်းရင်းသားသူပုန်များ၏ တိုက်ပွဲများ၊ ဗြိတိန်အစိုးရ ဆုတ်ခွာခြင်း၊ အိန္ဒိယနိုင်ငံ လွတ်လပ် ရေးရပြီးနောက်ပိုင်း မြန်ဆန်လှသော အပြောင်းအလဲများနှင့် မထိတွေ့ခဲ့ရပါ။

မိခင်ဘာသာစကား
ယခုအခါ ကရင်လူမျိုးအ သိုင်းအဝိုင်းမှာ ၂,၆၀၀ ဦးဝန်းကျင် ထိ အင်အားတောင့်လာပြီး အက် ဒမန်အလယ်ကျွန်းစု မြောက်ပိုင်း နှင့် ကျွန်းစုမြောက်ပိုင်းပေါ်က ဒီ ဂယ်လ်ပူဝါအနီးရှိ ရွာတစ်ရွာထိပင် ပျံ့နှံ့ရောက်ရှိိလာပြီ။ သို့သော်လည်း လူငယ်မျိုးဆက်များ က အလုပ်အကိုင်အတွက် သူတို့၏ နာမည်ကြီး ရေငုပ်ကျွမ်းကျင်မှုကို အလိုရှိသည့် ခမ်းနားလှသော အပန်းဖြေစခန်းများနှင့် မြို့ကြီးများကို မျက်စိကျလာကြ သည်။

ကိုယ့်အသိုင်းအဝိုင်း ပြင်ပက လူများနှင့် အိမ်ထောင်ပြုသည်ကလည်း ထုံးစံလိုဖြစ်လာကြသည့်အတွက် သူတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းကို စောင့်ရှောက်ထိန်းသိမ်းမည့် နည်းလမ်းများကို ကရင်လူမျိုးများက စတင်ရှာဖွေလာကြသည်။

ကျောင်းနံရံပေါ်မှာ အရောင်တောက်တောက် ကာတွန်းများနှင့် ဆုံးမစာများကို ရေးဆွဲ ထားသည့် အစိုးရအလယ်တန်းကျောင်းမှာ ကျွန်းပေါ်ကို စတင်အခြေချလာသော မိသားစုများကို ပညာသင်ပေးရန် ၁၉၂၈ ခုနစ်မှာ လုဂျီမိသားစုက စထောင်ခဲ့ခြင်း ဖြစ်၏။ ယခုအခါတွင် ထိုကျောင်း က သူတို့ ရိုးရာအမွေအနှစ်၏ သြဇာကြီးသော သင်္ကေတတစ်ခု ဖြစ်လာလေသည်။ နှစ်ပေါင်း ၅၀ ကြအောင် ကရင်ဘာသာစကား မှာ အိန္ဒိယမှာ တရားဝင်သင်ကြာ ခဲ့ခြင်းမရှိပါ။ အစဦးတုန်းကမူ ရွာမှ လူကြီးများက အိမ်မှာ ကရင်စကား ပြောနေကြသည့်အတွက်မူလကနဦး ပြောင်းရွှေ့လာသူများအတွက် ဘာသာစကားက ပြဿနာမဟုတ်ခဲ့ဟု အဆိုပါကျောင်းမှာ ကလေးဘဝကတည်းက ပညာသင်ခဲ့သည့် အသက်(၅၉)နှစ်အရွယ် စောမိုလိုကပြောကြား၏။

သို့သော် ၂၀၀၈ ခုနှစ်က သည်ကျောင်းမှာ စောမိုလို ဆရာအဖြစ် တာဝန်ကျသောအခါ လူငယ်မျိုးဆက်များကြားမှာ ကရင်စာကို မဖတ်တတ်၊ မရေးတတ် ဖြစ်နေသည်ကို သူရော လူအတော်များများ သိလာခဲ့ကြ၏။

‘‘လူ့အသိုင်းအဝိုင်းတစ်ခုအနေနဲ့ ကရင်စကားကို ကျွန်တော် တို့ ကောင်းကောင်းထိန်းသိမ်းထားကြတယ်။ ဒါပေမဲ့ ပုံနှိပ်စာအုပ်တွေမရှိရင် ကရင်စာအရေးအဖတ် ပျောက်သွားတော့မှာ သေချာတယ်’’ဟု သူတို့၏ ဌာနေဟောင်း မြန်မာပြည်နှင့် လှိုင်းထန်လှသော အက်ဒမန်ပင်လယ်ကြီးခြားကာ ကီလိုမီတာများစွာ ခွဲခွာနေခဲ့ပြီး ယဉ်ကျေးမှုအပြောင်းအလဲမရှိခြင်းကြောင့် ဘာသာစကားဖွံ့ဖြိုးမှုက တန့်နေခဲ့သည်။ သူတို့၏ တစ်ခုတည်းသောဖတ်စာမှာ ကရင်ဘုရားကျမ်းစာ ဖြစ်သည်။ ကရင်ရိုးရာသီချင်းများကလည်း တဖြည်းဖြည်းပျောက်ကွယ်လာပြီး ဖျော်ဖြေရေးက အိန္ဒိယဘောလိဝုဒ်သီချင်းများနှင့် ရုပ်ရှင်များသာဖြစ်သည်။

ထို့ကြောင့် စောမိုလိုနှင့် ဆရာအချို့က ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကို စည်းရုံးကာ ကော်မတီတစ်ခုကို တည်ထောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံးကရင်ဘာသာဖြင့် ပုံနှိပ်ဖတ်စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုအချိန်ကစပြီး နောက်ထပ်နှစ်မျိုးလောက် ထွက်လာခဲ့သည်။
ဝီဘီက အလယ်တန်းကျောင်းမှာ ရှစ်တန်းအထိ ကရင်စာကို တရားဝင် သင်ကြားပေး သည်။ ယနေ့အချိန်တွင် ကလေး ၇၈ ယောက် ကရင်ဘာသာစကားကို ထိုကျောင်းမှာ သင်နေကြသည်။ ကျောင်းသားများ အင်္ဂလိပ်စာနှင့် ဟိန္ဒူဘာသာဖြင့် ဂဏန်းအလီတွေကို ရွတ်ဆိုချိန်မှာ ကျောင်းတစ်နေရာမှ ကရင်သီချင်းနှင့် ကဗျာရွတ်သံကိုလည်း ကျွန်တော်ကြားရသည်။

လွတ်လပ်စွာ Share နိုင်ပါတယ်
Border Land
Credit: 7 Day News Journal

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး