။ ၆၂ အသက်
အိုဘက်ကစလာပြီလား
အိုနေပြီလို့သိသလား။
။ အိုမအိုတော့
မပြောလိုပါ
” မောင်အရင်လိုမဟုတ်တော့ဘူး”
ဆိုတာကိုတော့
သေချာနေပါပြီ။
။ နေရတာလည်း
အပျော်ကြီးမဟုတ်တော့
စားရတာလည်း
အကြိုက်ကြီးမဖြစ်လေတော့
အိပ်ရတာလည်း
အပျော်ကြီးလည်း
မရှိလေတော့
နေ့နေ့ညည
ဒုက္ခတွေက
ပိုများလာနေသလားပါပဲ။
။ စိတ်အလိုမကျတာတွေ
သဘောမကျတာတွေ
အားမရတာတွေ
စိတ်အလုပ်တွေလည်း
အားနည်းနေလို့ပဲလား
လူဟာ အလိုလိုနဲ့
ပိုပိုပြီး တန်ဖိုးမဲ့လာနေသလိုပါပဲ။
။ အများနဲ့နေရတာ
မပျော်တော့သလို
စကားတွေအများကြီး
ပြောနေရတာလည်း
မပြောချင်ကြတော့ပါဘူး။
။ စာဖတ်စာရေး
စာကြည့်စာကူး
စာတွေးစာကြံ
စာအလုပ်တွေနဲ့လည်း
စိတ်မတွေ့တော့
အတွေးအမြင်
ရှုပ်ရှုပ်ထွေးထွေးတွေလည်း
သဘောမတွေ့လေတော့
အငြိမ်အငြိမ်းတွေကိုပဲ
ပိုပိုပြီးမြတ်နိုးလာတယ်။
။ တစ်ယောက်တည်းနေ
တစ်ယောက်တည်းသွား
တစ်ယောက်တည်းအိပ်
တစ်ယောက်တည်းစား
တစ်ယောက်တည်းပျော်အောင်
နေတတ်လာလေတော့
အကျည်းတန်ဆန်တာတွေလည်း
မိမိအတွက်က
ပြဿနာမရှိလေတော့
အားလုံးကိုနားလည်မှု
ပေးတတ်ပါပြီ။
။ ဒီနေ့
အမှတ်ရစကားတစ်ခွန်း
အနေနဲ့ပြောရရင်တော့
” မောင်အရင်လိုမဟုတ်တော့ဘူး”လို့ပဲ
ဆိုပါရစေ။
တောမှီရဟန်း
(၁၁.၆.၂၀၂၂) ရက်နေ့နံနက်။