Categories
စကားလက်ဆောင်

။ တန်ခူးလ သင်္ကြန်အတာလ ။

။ မြန်မာလအစ ပထမလဟာ တန်ခူးလပါ။ တန်ခူးလကို သင်္ကြန်ပွဲတော်ကျင်းပကြသောလဖြစ်ပါတယ်။တန်ခူးလဟာ နွေဥတုမှာပါဝင်ပါတယ်။ ရက်မစုံသတ်သောလဖြစ်ပါတယ်။နွေလဖြစ်၍ပူပြင်းပါတယ်။မိုးနည်းရေရှားပါးသောဒေသတွေမှာ ရေတွင်း၊ရေကန်တွေ ရေဆုတ်နေပြီး ” တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုပြီးတော့ ဆိုစမှတ်ပြုကြပါတယ်။

။ ” ရွှေတန်ခူး လေရူးဆော်တော့” ဆိုတဲ့စကားအတ်ုင်း၊တန်ခူးလမှာ လေရူးကလေးတွေ မူးမူးမိုက်မိုက်တိုက်ခိုက်နေပါတယ်။သစ်ရွက်တွေမှာ ပူပြင်းတဲ့နေအရှိန်တွေကြောင့် မြစိမ်းအရောင်မှ ရွှေဝါအရောင်သို့ ပြောင်းလဲသောလပါပဲ။ ကြည်နူးဖွယ်၊လွမ်းဆွတ်ဖွယ်သဘာဝအခြေအနေရှိတဲ့လလည်းဖြစ်တာကြောင့် ကောင်းကင်ပြင်မှာ မိုးသားတိမ်တိုက်တွေ မကန်းကြားကွက်လိုပဲ ပြန့်ကျဲနေပါတယ်။

။ မိုးလည်းရွာသွန်းတော့မယ်ဟန်နဲ့ ပြင်ဆင်နေတဲ့လပါပဲ။နေမင်းဟာ အပြင်လမ်းကိုစွန့်ပြီး အလယ်လမ်းခရီးကို ကူးပြောင်းလို့ ကွန့်မြူးထွန်းပနေတဲ့လပါပဲ။

။ အကိုင်းအညှောက် အဖူးအညွှန့်တွေနဲ့ စီရရီထွက်ပြူဖူးသစ်လျက်ရှိတဲ့ ချီချီကြွကြွဖူးပွင့်နေကြတဲ့ ငွေအဆင်းဆောင်တဲ့ကံ့ကော်ပင်မင်းတွေလည်း လေယူရာယိမ်းညွတ်ယိမ်းယိုင်ကိုင်းနေလျက်ပါပဲ။

။ ကြည်လင်တဲ့ရေအလျဉ်၊နှစ်သက်ဖွယ်တသွင်သွင်စီးဆင်းနေတဲ့ မြစ်ကမ်းသဲသောင်စပ်မှာ ကျေးငှက်အပေါင်းတွေဟာလည်း အတောင်တွေဖြန့်ကာဝဲကာနဲ့ ဖိုမယှဉ်တွဲ ချစ်တင်းနွှဲကြလို့ပါပဲ။

။ ဒါကြောင့် ဤတန်ခူးလကို စိတြနက္ခတ်ထွန်းပတဲ့လဖြစ်လို့ပဲ မြန်မာတွေက အတာနှစ်သစ်ကူးလအဖြစ်သတ်မှတ်လာခဲ့ကြပါတယ်။ စာဆိုရှင် ဦးကြင်ဥက
” ဖြေမနိုင် ရင်ဆိုင်ဝဲသို့၊ မှိုင်ပွဲတဲ့သစ်စေ၊ မုတ်ကွန်းဆောင်ပျံနှင့်၊ခြင်္သေ့ခံမှန်ပြတင်းမှာမှ သွင်းတဲ့လေပြည်၊ မျိုလို့သာ ခဲ့ရတယ်၊ သဲနောက်ကျဗျာပွေ ကြေကြေဘွယ့်ဘနန်း၊ နှင်းသတ်အထုံ ဝရတ်ကယ်သဉ္စာဘုံက ထည်ကောဋုံခြုံထွေးသော်လည်း၊ မလုံမခြုံသေးသူတို့၊ ဆွေးဖို့စတမ်း” လို့ဆိုပြီး စာသဘင်ခင်းပြခဲ့တယ်။

။ အဘိဓာန်ကျမ်းအရ
တန်ခူး = ထန်းဆွတ်သည်၊ ထန်းသီးဆွတ်သည်၊ထန်းဆွတ်လ၊ထန်းသီးဆွတ်လ၊ မြန်မာ့တစ်ဆယ့်နှစ်လတို့တွင် ပထမလ၊ မိဿရာသီ လို့ဖွင့်ဆိုထားပါတယ်။

။ တန်းခူးလ မြန်မာ့ယဉ်ကျေးမှုအရ
၁) မိဘကိုကန်တော့ကြခြင်း၊
၂) ရေကုသိုလ်ပြုကြခြင်း၊
၃) ငါးသတ္တဝါများကို ဇီဝိတဒါနပြုကြခြင်း၊
၄) ဘဘိုးဘေးတို့ကို လှူဖွယ်များပေးကမ်းကြခြင်းတို့ ဖြစ်ပါတယ်။

တောင်ကလေးဆရာတော်
(၁၂.၄.၂၀၂၂) ရက်နေ့ညနေခင်း။)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.