Categories
လူမှုရေး အခြား

။ လွမ်းသူ့ပန်းခွေအပြန် ။

။ တက္ကဆက်ပြည်နယ် ၊ ရော့ဘ်မူလတန်းကျောင်းပစ်ခတ်မှုမှာ ဆရာမ အာမာဂါစီယာကွယ်လွန်ခဲ့ပြီး၂ ရက်အကြာမှာပဲ ဆရာမရဲ့ခင်ပွန်းဖြစ်သူ ဂျိုးဂါစီယာဟာ နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ပြန်ပါတယ်လေ။

။ ချစ်သော ဇနီးသည် ကွယ်လွန်သွားလို့ ယူကျုံးမရဖြစ်နေတဲ့ စိတ်နှလုံးထိခိုက်သွားခဲ့တဲ့ ဂျိုးဂါစီယာဟာ ဇနီးသည်ရဲ့ အမှတ်တရအုတ်ဂူကိုသွားရောက်ပြီး လွမ်းသူ့ပန်းခွေချပြီး အပြန်မှာပဲ သူလည်း ရင်ကွဲနာကျ ပြီးတော့ သေဆုံးခဲ့ရပြန်လေတော့ တယ်လေ။ လောကကြီးမှာ သူတို့ရဲ့အလှ၊သူတို့ရဲ့ဘဝကြီးဟာ ဘယ်လိုများဖန်တီးခဲ့ထားကြလေသလဲလေ။

။ သူတို့နှစ်ဦးဟာ အထက်တန်းကျောင်းသားကတည်းက ချစ်ကြတဲ့သူတွေပါ။ သူတို့အိမ်ထောင်သက်လည်း ၂၄ နှစ် ရှိနေကြပြီလေ။ သူတို့မှာ သားလေး၂ ယောက်၊ သမီးလေး၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။

။ ဆရာမ အာမာဂါစီယာ ကွယ်လွန်ခဲ့ပြီးလို့ ကျန်ရစ်သူမိသားစုအတွက် ရည်ရွယ်တည်ထောင်ထားခဲ့တဲ့ GoFundMe ရန်ပုံငွေဟာ အမေရိကန်ဒေါ်လာ ၁.၆ သန်းကျော် ရရှိထားပါတယ်။ GoFundMe ရန်ပုံငွေကို တည်ထောင်ခဲ့တဲ့ အာမာဂါစီယာရဲ့ ညီမဝမ်းကွဲ ဒီဘရာအော်စတင်ကတော့ ” ဂျိုးက ရင်ကွဲနာကျပြီး သေဆုံးခဲ့ရတာလို့ ကျွန်မ လေးလေးနက်နက် ယုံကြည်ပါတယ်”လို့ ဆိုပါတယ်။

။ ပြီးခဲ့တဲ့အင်္ဂါနေ့က တက္ကဆက်ပြည်နယ် ၊ ယူဗယ်ဒီမြို့မှာရှိတဲ့ ရော့ဘ်မူလတန်းကျောင်းကို အသက် ၁၈ နှစ်အရွယ် လက်နက်သမားတစ်ယောက်ရဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဆရာမ ၂ ယောက်နဲ့ ကျောင်းသားကျောင်းသူ ၁၉ ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်ဆိုတဲ့ဒီသတင်းဟာ တစ်ကမ္ဘာလုံးက အံ့ဩလို့မဆုံးအောင်ပါပဲ။

။ လွမ်းသူ့ပန်းခွေအပြန်
ဂျိုးရဲ့အဖြစ်
လူသားဒိုင်း
ဂျိုးအာမာဂါစီယာအဖြစ်
သည်လိုဘဝမျိုးအဖြစ်မျိုးဟာ ကင်းဝေးရသူများဖြစ်ကြပါစေလို့ပဲ ဆုတောင်းပေးပါရစေ။

။ မိဘနှစ်ပါးမရှိတော့တဲ့ ကျန်ရစ်နေကြတော့တဲ့ သားကလေးနှစ်ဦးနဲ့ သမီးလေးနှစ်ဦးတို့ရဲ့အဖြစ်ကလည်း မတွေးဝံ့စရာ၊ကြေကွဲစရာတွေပါပဲ စာဖတ်သူတို့ရေ။
ဘဝတိုင်းမှာ သည်အဖြစ်မျိုး ဝေးပါစေ။

တောင်ကလေးဆရာတော်
(၂၇.၅.၂၀၂၂) ရက်နေ့ညနေခင်း)

Loading

Categories
ပညာရေး လူမှုရေး အခြား

။ လူသားဒိုင်းအဖြစ် အသက်စွန့်သွားခဲ့တဲ့ ဆရာမ ဂါစီယာ ။

။ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ယူဗယ်ဒီမြို့ကို အမြဲတမ်းလိုလို ဖြတ်ကျော်ပြီးသွားရတဲ့မြို့တစ်မြို့ပေါ့။ ဒီမြို့လေးကိုရောက်ရင် စိတ်ထဲက သတိရစရာတွေရှိနေသလိုလိုပါပဲ။ ဘာတွေသတိကိုရနေသလဲတော့ မပြောတတ်ပါ။ ဒီမြို့ကိုကျော်ပြီးလို့ တောင်မို့မို့လေးတစ်ခုပေါ်မှာ နားပြုရတဲ့နေရာရောက်ပါတယ်။ နားပြုတဲ့နေရာရောက်ရင် ပတ်ဝန်းကျင်လေးဖက်လေးတန်ကိုကြည့်လိုက်ရရင်ပဲ အတော်လေးကိုပျော်စရာပါ။ လူတွေက တက္ကဆက်ပြည်နယ်ကို မသွားလိုကြဘူးလေ။ အရမ်းပူအရမ်းခရီးကြမ်းတယ်ဆိုပြီးပြောကြတာပေါ့။

။ ပထမဦးဆုံးသွားခဲ့တဲ့နှစ်တုန်းက ဒီနေရာလေးမှာထိုင်နားခဲ့သလိုပဲ ဒုတိယအကြိမ်လည်း ဒီနေရာကို အမှတ်ရရနဲ့နားခဲ့ပါသေးတယ်။ လေညင်းကအမြဲလိုလိုတိုက်နေတော့ ရင်ထဲအေးမြမြပါပဲ။ အမာရီလိုမြို့ကိုမရောက်သေးပေမယ့် တစ်ထောက်နားရတဲ့အရသာဟာ မေ့မရနိုင်တဲ့နေရာလေးပါပဲ။ ခုချိန်မှာ ပိုပြီးတော့ သတိရပေါ့။

။ မနေ့က သတင်းတစ်ခုကြားရလို့ စိတ်ထဲမှာ အတော်လေးမကောင်းမိပါ။ အခြားတော့မဟုတ်ပါဘူး။ယူဗယ်ဒီမြို့၊ရော့ဘ်မူလတန်းကျောင်း ပစ်ခတ်ခံရချိန်မှာ ဆရာမ အာမာဂါစီယာတစ်ယောက် အတန်းထဲမှာရှိကြတဲ့ ကျောင်းသားသူတွေကို လူသားဒိုင်းအဖြစ် ကာကွယ်ပေးပြီး သူရဲကောင်းဆန်ဆန် အသက်စွန့်သွားခဲ့တဲ့သတင်းကို ကြားခဲ့ရလို့ပါ။

။ ဆရာမအာမာဂါစီယာဟာ အသက် ၄၆ နှစ်သာရှိပါသေးတယ်လေ။သူအသက်၂၃ နှစ်သမီးကတည်းက ဒီရော့ဘ်မူလတန်းကျောင်းမှာ စာသင်လာခဲ့သူပါ။ ၂၀၁၉ ခုနှစ်မှာ ကျောင်းခရိုင်ရဲ့တစ်နှစ်တာအထူးချွန်ဆုံး ဆရာမအဖြစ် ရွေးချယ်ခံခဲ့ရသူပါ။ စိတ်ထားအလွန်မြင့်မြတ်သူပါ။

။ ဆရာမ အာမာဂါစီယာဟာ လက်နက်ကိုင်သမားကျောင်းသားကျောင်းသူတွေကို ပစ်ခတ်တိုက်ခိုက်တဲ့အချိန်မှာ သူ့ရဲ့တပည့်တွေအားလုံးမထိအောင် သူ့ကိုယ်နဲ့ကာကွယ်ပေးထားခဲ့တယ်လေ။ ဒီအကြောင်းကိုပြောပြတဲ့သူက ပစ်ခတ်မှုဖြစ်ပွားနေတုန်း စာသင်ကျောင်းကို ရောက်လာတဲ့ တရားဥပဒေစိုးမိုးရေးအရာရှိက ပြန်ပြောပြခဲ့တာလေ။

။ ဆရာမအာမာဂါစီယာဟာ အိမ်ထောင်သက်တမ်း ၂၄ နှစ်ပါ။ သူက အားလပ်ချိန်မှာဆိုရင် သူ့ခင်ပွန်းနဲ့ အတူတူ အသားကင်လုပ်စားရတာ၊ သီချင်းနားထောင်ရတာကို အရမ်းကို နှစ်သက်တဲ့သူပါ။ အခုတော့ သူမြတ်နိုးလှစွာသော သူ့ရဲ့ခင်ပွန်းနဲ့သားသမီး ၄ ယောက်ကို စွန့်ခွာသွားခဲ့ပါပြီလေ။ ဒီပစ်ခတ်မှုမှာ သူနဲ့အတူတူကျောင်းသားကျောင်းသူ ၁၉ဦးနဲ့ သူ့ရဲ့အဖော်ဆရာမနှစ်ဦးပါ ကွန်လွန်သေဆုံးကြရပါတယ်။

။ ဒီသတင်းကို တွေ့တွေ့ချင်းပါပဲ။ အရင်က ဖြတ်ကျော်ခဲ့တဲ့ယူဗယ်ဒီမြို့ရယ်၊ ဆရာမအာမာဂါစီယာရယ်၊ကွယ်လွန်ခဲ့ကြရတဲ့ကျောင်းသားကျောင်းသူဆရာမတွေရယ်၊ ဝမ်းနည်းစွာ အထူးနှမြောတသမိပါလေရဲ့။ ရင်ထဲမှာ မချမ်းသာစွာစာရေးရတာမို့ “ဆရာမ ဂါစီယာရယ် ၊ မဟာလူသားတံတိုင်းကြီးပိုင်ရှင်ကြီးရယ်” လို့ပဲ ခေါ်ပါရစေ နော်။

တောင်ကလေးဆရာတော်
(၂၆.၅.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
စကားလက်ဆောင်

။ မှတ်တမ်းဓာတ်ပုံ ။

။ အေဒီ ၁၉၈၇ ခုနှစ်၊ ဇွန်လအတွင်းက ဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့လုံကျွန်းထိပ်က သာသနာရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စအတွက် ဆောင်ရွက်ဖို့ သွားရောက်ခဲ့တဲ့ ခရီးက မှတ်တမ်းဓာတ်ပုံပါ။

အဲဒီတုန်းက ပင်ပန်းခဲ့တဲ့ ကိုယ်စိတ်တွေကို ပြန်စဉ်းမိတိုင်း ….။

တောမှီရဟန်း
၂၂ – ၅ – ၂၀၁၆

Loading

Categories
စကားလက်ဆောင်

။ ပါဒ (ပဒ) စေတီတော် ။

။ အေဒီနှစ် ၁၀၄၀ ခုနှစ်၊ တစ်ခေတ်တစ်ချိန်တစ်ခါက မြန်မာပြည်သည် ပါဒ( ပဒ) စေတီတော်ကိုးကွယ်ယုံကြည်မှုအရ စေတီလေးပါးတွင်ထိုက်သော ပါဒ( ပဒ) စေတီတော်ခေါ်( ဗုဒ္ဓခြေတော်ရာ) သည် မြန်မာပြည်အရပ်တွင် ရှိနေခဲ့ပြီးဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။

။ ယင်းခေတ်ကာလမတိုင်မီကလည်း ပါဒ( ပဒ) စေတီတော်တည်ထားကိုးကွယ်မှုအရ အခြားသောနေရာဒေသအသီးသီးသို့လည်း ထုဆစ်ပူဇော်နေကြပြီလည်း လေ့လာတွေ့ရှိရပါသည်။

။ မြန်မာပြည်၊အိန္ဒိယပြည်၊ထိုင်း၊သီရိလင်္ကာ၊စသည့် ဗုဒ္ဓဘာသာထွန်းကားခဲ့ရာ အရပ်ဒေသအသီးသီးသို့လည်း ထုလုပ်ပူဇော်ခဲ့ကြကြောင်း တွေ့ရှိရသည်။

။ မြန်မာပြည်တွင်
၁) သဲကျောက်သား
၂) စကျင်ကျောက်သား
၃) ကြေးသားပေါ်တွင် ထုလုပ်ပူဇော်ခဲ့ကြသည်ကို တွေ့ရသည်။ အထူးသဖြင့် သဲကျောက်သားပေါ်တွင် မူလအစထုလုပ်ပူဇော်ကြသည်။

။ ယခု ဤခြေတော်ရာသည်
၁) သဲကျောက်သားဖြင့်ထုလုပ်ထားခြင်း၊
၂) အခန်း(၁၀) အဆင့်( ၉) ဆင့်ရှိခြင်း၊
၃) ဘယ်ခြေသန်းမှစ၍ လှံမအမှတ်အသားထားလျက် အစပြုပြီး (၁၀၈) ကွက်စက်တော်ရာပုံပြုခြင်း၊
၄) လက်ရာခန့်မှန်းချက်အရ ပုဂံခေတ်( ပုကံခေတ်) နှောင်းပိုင်းကာလဟုယူဆခြင်း၊
၅) မသမာသူများက ဖျက်ဆီးခြင်းခံရသည်။
၆) သုတေသနပြုလုပ်သင့်ဟု ယူဆသည်။

။ မည်သူမျှအလေးမထားကြတော့သော ပါဒ( ပဒ) စေတီတော်ကို သည်နေ့ သင့်တင့်လျှောက်ပတ်ရာပါဒပလ္လင်တော်မြတ်ထက်တွင် ကပ်လှူပူဇော်ပြုပေးလိုက်ပါပြီ။ သာသနာအတွက် အမှတ်တရနေ့ဖြစ်ပါသည်။
ရင်ကို အေးမြကြပါစေ

တောင်ကလေးဆရာတော်
(၂၂.၅.၂၀၂၂) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ ပြန်တွေးကြည့်မိသည် ။

။ တစ်ခါတစ်ရံ
တွေးမိပြန်သည်
ဒဏ်ရာဒဏ်ချက်တွေ။

။ တစ်ခါတစ်ရံ
ဒေါသထန်သည်
စိတ်မာန်အမှားတွေ။

။ တစ်ခါတစ်ရံ
ခွင့်လွှတ်ပြန်ပြီး
သည်းခံစိတ်မြတ်တွေ။

။ တစ်ခါတစ်လေ
အူမြူးလေသည်
အရူးဖြစ်တာတွေ။

။ တစ်ခါတစ်လေ
မှုန်တွေဝေသည်
စိတ်ပေတေလေတွေ။

။ တစ်ခါတစ်လေ
စိတ်အေးနေသည်
ကျေနပ်နေတာတွေ။

။ သည်နေ့တော့
စိတ်အညစ်တွေ
မပေရေအောင်
အပူသူတွေ ကင်းကင်းနေ။

တောမှီရဟန်း
(၁၁.၅.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
စကားလက်ဆောင် ပညာရေး

။ ပညာလမင်း၊ကြယ်ခပင်းသို့ ။

။ ဒီနေ့တော့
နေတစ်စင်း
လတစ်စင်း
ကြယ်ခပင်းတို့ရဲ့
ကမ္ဘာကိုဝိုင်းရံတဲ့နေ့ပါပဲ။

။ အမျိုးထဲက
တစ်ယောက်
သွေးစုထဲက
သွေးသောက်
မျိုးဆက်ထဲက
သူတစ်ယောက်
ထွန်းတောက်မည့်နေ
ထွန်းပေါက်ဝေမည့်ကြယ်ကလေး။

။ အပြာရောင်ကောင်းကင်ရဲ့
ချစ်စရာ့ကြယ်ကလေး
တစ်မိုးအောက်မှာ
မိုးသောက်ပန်းပမာ
ဒီနေ့တော့
မိသားစုရဲ့
ကြယ်ကလေးတစ်စင်း။

(မြေးကလေး နာကိုင်းကိုင်းသို့ )
တောင်ကလေးဆရာတော်
(၇.၅.၂၀၂၂) ရက်နေ့ညနေခင်း။

Loading

Categories
စကားလက်ဆောင် ဗုဒ္ဓဘာသာ

။ ဝေဠုဝန်ကို မမေ့ဘူး ။

☘️မင်းလှကနေ ပြန်လာပြီးနောက် 🌿🌿🌿

။ 🌿မင်းလှမှာ အေဒီနှစ် ၁၉၈၀/၈၁ မှာ နေခဲ့တယ်။ အစက ပါဠိစာပေသင်ယူဖို့ မြောင်းမြမြို့၊ ပဇ္ဇောတာရုံပါဠိတက္ကသိုလ်မှာ ပါဠိဘာသာအထူးပြုသင်ယူဖို့ပါပဲ။ အဲဒီမှာ မရောက်ဖြစ်ဘဲ မင်းလှကိုရောက်ခဲ့တယ်။ မင်းလှဝေဠုဝန်စာသင်တိုက်မှာ တစ်နှစ်နီးပါး နေခဲ့တယ်။

။ 🌿အဲဒီတုန်းက စာသင်ပေးတဲ့ဆရာတော်က
၁) ဆရာတော် ဥူးကုဏ္ဍလ( ဘုန်းတော်လေး – အများဒါယကာအခေါ်)
၂) စာချဆရာတော် ဥူးပဏ္ဍဝံသ
၃) ဥူးကဝိနန္ဒ တို့ပါ။ အထူးသဖြင့် ဆရာတော်ဘုန်းတော်လေးက အဘိဓမ္မာဘာသာရပ်ကို သင်ပေးပါတယ်။ အခြားသောဘာသာရပ်တွေက စာချဆရာတော် ဥူးပဏ္ဍဝံသက သင်ပေးပါတယ်။

။ 🌿ဆရာတော်တို့ထံမှာ ပညာသင်ယူခွင့်အချိန်ကာလနည်းပါးကြပေမယ့် သင်ကြားလိုတဲ့ဘာသာရပ်တွေသင်ယူခဲ့ရလို့ပဲ ဝမ်းမြောက်မိပါလေရဲ့။ ဒီမှာမနေခင်က မန္တလေးစာသင်တိုက်ကြီးတွေမှာနေခဲ့ဖူးတော့ သင်ယူလိုတဲ့ဘာသာရပ်တွေ မစိမ်းပါဘူး။ ပျော်စရာပါပဲ။

။ 🌿တစ်ခါတစ်လေ ဆရာတော်နဲ့ဆွမ်းစားအတူကြွဖူးပါတယ်။ မြို့ထဲမှာပေါ့။ တစ်ချိန်မှာ ဆွမ်းစားအတူကြွလို့ ဆရာတော်က ဆွမ်းအနုမောဒနာပြုပေးဖို့ တရားချီးမြှင့်စေပါတယ်။ ဆရာတော့်ရှေ့မှောက်မှာပဲ တရားချီးမြှင့်ခဲ့ဖူးတယ်။ ကျောင်းရောက်တော့ ဆရာတော်က ” မဆိုးဘူး” လို့မိန့်ပါတယ်။ အားရှိသွားတာပေါ့။

။ 🌿အမှတ်ရစရာတစ်ခုက သက်ရွယ်ရလာကြတဲ့ဆရာတော်တို့ကို ကြည်ညိုရင်းစိတ်ရှိခဲ့တဲ့အတိုင်း ဆရာတော်တို့ခရီးသွားလာဖို့ အခက်အခဲမရှိအောင် မော်တော်ယာဉ်တစ်စီးလှူဒါန်းပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဆရာတော်ကြီးက တရားချီးမြှင့်ပေးဖို့ မိန့်ပါသေးတယ်။ အဲဒီမှာ တရားမချီးမြှင့်ရဲတော့ပါကြောင်း လျှောက်ကြားတော့ ဆရာတော်က ပြုံးပြပါလေရဲ့။

။ 🌿အသက်(၂၀) ရဟန်းငယ်ဘဝကနေခဲ့ဖူးတဲ့မင်းလှဝေဠုဝန်ကျောင်းဟာ ခုတော့ငယ်ကဆရာတော် လွန်တော်မူသွားပြန်တော့ မင်းလှကိုပြန်မရောက်ဖြစ်တော့မှာကိုလည်းစိုးရိမ်မိပါလေရဲ့။ ဒါပေမဲ့ မမေ့အပ်ရာတစ်ပါးထဲက မိမိပညာသင်ယူခဲ့ရာနေရာကို အသက်ဆုံးတိုင်မမေ့အပ်ဘူးလို့ ပညာရှင်တွေ ဆုံးမဩဝါဒရှိခဲ့လို့ မင်းလှမြို့နဲ့ဝေဠုဝန်ကျောင်းကို မမေ့ပါဘူး။

။ 🌿ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာမှာ ဝေဠုဝန်ကျောင်းတော်ဟာ ပထမအဦးအစဝိဟာရကျောင်းဖြစ်ခဲ့လို့ အိန္ဒိယမှာရှိတဲ့ဝေဠုဝန်ကျောင်းကို မမေ့နေသလိုပဲ ပဲခူးတိုင်း၊မင်းလှမြို့မှာရှိတဲ့ ဝေဠုဝန်ကျောင်းကိုလည်း မမေ့ပါဘူး။ မမေ့နိုင်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ဝေဠုဝန်ကျောင်းတွေဟာ ချမ်းချမ်းမြေ့မြေ့ ရှိနေကြလို့ပါပဲ။

။ 🌿ဒါကြောင့် ဒီနေ့တော့
၁) ပဲခူးတိုင်း၊ မင်းလှမြို့မှာရှိတဲ့ ဝေဠုဝန်ကျောင်းကိုအောက်မေ့နေရသလိုပဲ
၂) အိန္ဒိယမှာရှိတဲ့ ဝေဠုဝန်ကျောင်းမြတ်ကိုလည်း အောက်မေ့တသ သတိရနေမြဲပါပဲ။

☘️☘️ဝေဠုဝန်ကို မမေ့ဘူး။☘️☘️

တောမှီရဟန်း
(၅.၅.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
ဗုဒ္ဓဘာသာ

။ ဘန်တေ ခမထ ။

။ အတီတံ ဒေါသံ၊ ပစ္စုပ္ပန္နံ ဒေါသံ ၊ အနာဂတံ ဒေါသ၊ သဗ္ဗဒေါသံ ဘန္တေ ခမထ ။

Loading

Categories
ဗုဒ္ဓဘာသာ အခြား

အရှင်တို့၏ ဆရာအရှင်ကျေးဇူးတော်အရှင်သူမြတ်ကြီးသည် တစ်ဘဝတစ်ခန္ဓာ ငြိမ်းတော်မူခဲ့ပါလေပြီ။

အရှင်တို့၏ ဆရာအရှင်ကျေးဇူးတော်အရှင်သူမြတ်ကြီးသည် တစ်ဘဝတစ်ခန္ဓာ ငြိမ်းတော်မူခဲ့ပါလေပြီ။

(မှတ်ချက်။ ဖော်ပြသောဓာတ်ပုံကို မှတ်တမ်းတင်သူကို အသိအမှတ်ပြုပါသည်။)

Loading

Categories
စကားလက်ဆောင်

။ ကြေကွဲခြင်း ဇာတ်ထုပ် ။

။ ကံမကုန်သရွေ့
ဘယ်သူ့ကိုမှ
တစ်ယောက်နဲ့တစ်ယောက်
မေ့မသွားကြပါဘူး။

။ ကံကုန်သွားကြတော့
တစ်ယောက်နဲ့တစ်ယောက်
သူမေ့ကိုယ်မေ့ပါပဲ။

။ ကံမကုန်ခင်
အကုန်အကျများခဲ့ကြတဲ့
သံယောဇဉ်တွေ
သမုဒယကံအကြောင်းတွေ
အပ်ကြောင်းထပ်ခဲ့ကြပေါ့။

။ ခုတော့
မေ့နေကြ
မုန်းနေကြ
ရှုံးနေကြ
ရုန်းနေကြ
ရွာလည်နေကြ
ပုန်းနေကြပေါ့။

။ အခုတော့
ကံအကွဲ
ကံအမွဲ
ကံအလွဲ
သောက
ပရိဒေဝ
ဒုက္ခ
ဒေါမနဿ
ဥပါယာသတွေနဲ့ပဲ
ကြေကွဲနေရ ပြန်ပြီပေါ့။

တောမှီရဟန်း
(၂၈.၄.၂၀၂၂) ရက်နေ့နံနက်။)

Loading

ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။
ပျော်ရွှင်မှုကဖီး မှ

ဆာဗာကြေးလှူဒါန်းထားသည်။