Categories
တောမှီရဟန်း

🍀သာအေးပျော်တဲ့နေ့ အမေငိုတဲ့နေ့🍀

🍀သာအေးပျော်တဲ့နေ့ အမေငိုတဲ့နေ့🍀~~~~~~~~~~~~~~~~~~~~~~~~

ရေးသားသူ = တောမှီရဟန်း

(၁.၇.၂၀၂၆) ရက်နေ့။

သရုပ်ဖော်ပုံ=AI

“ သာသနာမှာ ပျော်ရွှင်စွာ နေနိုင်တာကိုပဲ ကြည်နူးမိပါတယ် ကိုရင်ရယ်။ နိ့မို့ရင် သာသနာမှာ ကိုရင်သာမပျော်ပိုက်နေရင် မယ်တော်ကြီး ဝမ်းအနည်းရဆုံးဖြစ်ပြီလေ…”

ဤစကားမှာ မမယ်သာတစ်ယောက် သားငယ် ကိုရင်သာအေးကို ကျောင်းဦးခေါင်းချ လာဖူးတိုင်း ရင်ထဲကလှိုက်လှိုက်လှဲလှဲ ပြောခဲ့မိသည့် ရင်ဖွင့်လွှာ စကားစုလေး ဖြစ်သည်။

လင်ယောကျ်ားဖြစ်သူ ကိုရွှေသီး ကွယ်လွန်သွားပြီးနောက် မမယ်သာ့ပခုံးပေါ်သို့ အိမ်ထောင်ရေးတာဝန်များ ပိကျလာခဲ့သည်။ သားသမီး လေးယောက်လုံးကို ရင်အုပ်မကွာ ပြုစုလုပ်ကျွေးရသည့် ဘဝမှာ အမေဖြစ်သူအတွက်တော့ သွေးမျက်ရည်ကျလုနီးပါးပင်။ သို့သော် သားသမီးများ အရွယ်ရောက်လာကြပြီးနောက်… အငယ်ဆုံးသားလေး သာအေးလေးကိုတော့ ပူလောင်လှသည့် လောကီအိမ်ရာထဲ မကျင်လည်စေချင်တော့ဘဲ သာသနာ့ရိပ်မှာ အေးချမ်းစေချင်သောကြောင့် ရန်ကုန်မြို့ရှိ စာသင်တိုက်ကြီးတစ်ခုသို့ ပို့ကာ ကိုရင်ဝတ်ပေးခဲ့သည်။

ကိုရင်သာအေးက စာတော်သည်။ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများကို တစ်နှစ်တစ်တန်း ပြတ်ပြတ်သားသား အောင်မြင်ခဲ့ပြီးနောက် ဓမ္မာစရိယတန်းသို့ တက်ရောက်နေပြီဖြစ်သည်။ မမယ်သာတစ်ယောက် သားဖြစ်သူ၏ သာသနာ့အောင်မြင်မှုများကို ကြည့်ကာ ပီတိမျက်ရည်ဝဲရင်း “ ငါ့ဘဝရဲ့ အဆင်းရဲဆုံးနေ့တွေဟာ ဒီသားလေးကြောင့် အေးချမ်းရပြီ” ဟု တွေးကာ ကုသိုလ်စိတ်ဖြင့် ပျော်ခဲ့ရသည်။

သို့သော်လည်း… ကံကြမ္မာ၏ အလှည့်အပြောင်းကား ဆန်းကြယ်လှ၏။ ကာမဘုံ၏ ဆွဲငင်အားသည် သာသနာ့အရိပ်ထက် ပိုမိုပြင်းထန်သွားခဲ့သည်ထင်။ တစ်နေ့တွင် ဓမ္မာစရိယတန်း ရောက်ခါမှ ကိုရင်သာအေးတစ်ပါး လူထွက်ခွင့်တောင်းလာခဲ့သည်။ အကြောင်းကတော့ တစ်ခုလပ် အမျိုးသမီးတစ်ဦးနှင့် ငြိစွန်းသွားခဲ့ခြင်းကြောင့်ပင်။

“ သား… ဘာလို့ ဒီလိုဆုံးဖြတ်ရတာလဲ။ သာသနာမှာ မပျော်တော့ဘူးလား…”

မမယ်သာ တားဆီးငိုကြွေးခဲ့သော်လည်း ကိုရင်သာအေး နားမထောင်ခဲ့ပါ။ ကာမဘုံသားတို့၏ ဆုံလည်နွားပမာ ရှေ့ကဆွဲသည့် နှာခေါင်းကြိုးရာအတိုင်း ကိုရင်သာအေးတစ်ပါး ရှေ့သို့သာ တိုးသွားခဲ့သည်။ လူဝတ်လဲပြီးသည်နှင့် မယ်တော်ကြီးကို တစ်ချက်မျှပင် လှည့်မကြည့်အားဘဲ ထိုအမျိုးသမီးနောက်သို့ လိုက်ပါသွားခဲ့လေသည်။

ထိုနေ့က မမယ်သာတစ်ယောက်တည်း တစ်နေကုန်အောင် ရှိုက်ကြီးတငို ငိုနေခဲ့ရသည်။ ဘာဖြစ်လို့ငိုရတာလဲဆိုလျှင်” သာသနာ့မဇ္ဈေမှာ နေတုန်းက သားလေးရဲ့ဘဝက အေးချမ်းတယ်။ နူးညံ့တယ်။ သိပ်သည်းတယ်။ ခုတော့ သားလေးဘဝက ကြမ်းတမ်းတဲ့ လောကအလယ်ကို ရောက်သွားရရှာပြီ…”

ဆိုသည့် မိခင်တစ်ယောက်၏ စိုးရိမ်ပူပန်စိတ်၊ နှမြောတသစိတ်တို့ဖြင့် ရင်ကွဲမတတ် ငိုကြွေးနေရခြင်း ဖြစ်သည်။

အချိန်တွေ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။ မမယ်သာသည် နေ့ရက်တိုင်း သားဖြစ်သူ ကိုရင်ဝတ်ဖြင့် စာအော်နေသည့်အသံ၊ ပထမကြီးတန်းအောင်စဉ်က ပျော်ခဲ့ရသည့် အောင်မြင်မှုများကိုသာ သတိရအောက်မေ့နေမိသည်။အတန်ကြာတော့ သားဖြစ်သူ သာအေးလည်း သားသမီးတွေရလာပြီး ဘဝ၏အပူလှိုင်းများကို တကယ်တမ်း ခံစားရတော့သည်။ ကာမဂုဏ်တဏှာနောက် လိုက်ခဲ့စဉ်က ပျော်စရာဟု ထင်မှတ်ခဲ့သမျှသည် ရုန်းကန်လှုပ်ရှားရသည့် သံသရာဝဲဩဃထဲတွင် အမောဆို့စရာတွေမှန်း သိလာရသည်။

တစ်နေ့တွင် သာအေးတစ်ယောက် ဇနီးနှင့် သားသမီးများကိုခေါ်ကာ မိခင်ကြီးရှိရာ အိမ်သို့ အလည်ပြန်လာခဲ့သည်။ မိခင်၏ ခြေဖမိုးပေါ် ဦးချကန်တော့ရင်း သာအေး ရင်ထဲမှာ အတိတ်ကို တမ်းတမိသည်။ ကြမ်းတမ်းလှသော လောကီလူ့ဘဝဇာတ်ခုံပေါ်တွင် ဖြတ်သန်းခဲ့ရသည့် ဒဏ်ရာဒဏ်ချက်များကြောင့် မိမိ၏ ငယ်ဘဝ သာသနာ့လောကကို ပြန်လည်တမ်းတမိကာ နောင်တကြီးစွာ ရမိလေသည်။ မိမိအပေါ် စေတနာအရင်းခံဖြင့် သာသနာ့ဘောင်မှာ မြဲစေချင်ခဲ့သော မိခင်ကြီးကိုလည်း သနားကရုဏာ သက်မိတော့သည်။

သားဖြစ်သူ သာအေးကတော့ နောင်တမျက်ရည်များနှင့် လောကီအပူထဲမှာ ဆက်လက်ရုန်းကန်နေရဆဲ။မိခင်ဖြစ်သူ မမယ်သာလေးကတော့ ဥပုသ်နေ့တိုင်း ကျောင်းကန်ဘုရားသို့ ရောက်ရှိသွားသည့်အခါ၊ သို့မဟုတ် လမ်းမှာ ဆွမ်းခံကြွလာသည့် သာသနာ့ကိုရင်ငယ်လေးများ၊ ရဟန်းပျိုလေးများကို မြင်ရသည့်အခါတိုင်း… ဓမ္မာစရိယတန်းအထိ သာသနာ့အရိပ်မှာ အေးချမ်းခဲ့ဖူးသော သားဖြစ်သူ သာအေး၏ ကိုရင်ဘဝပုံရိပ်ကို ရင်ထဲက ခံစားရင်း… ယနေ့တိုင် တိတ်တဆိတ် မျက်ရည်စို့နေရဆဲ ဖြစ်ပါတော့သတည်း။

Loading