အမူအကျင့်ကောင်း မကျင့်နိုင်လို့ မရပါ။ လွတ်လပ်ရေးတိုင်းပြည် ရှိတဲ့သူတိုင်း စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လို့ မဖြစ်ပါ။
ကမ္ဘာစစ်ကြီးမွေးထုတ်သူ
ဘယ်သူမဆို လွတ်လပ်မှု (လွတ်လပ်ရေး၊ လွတ်လပ်စွာ)တို့ကို လိုချင်၊ နေချင်ကြ တာချည်းပါပဲ။ လှောင်ချိုင့်တွင်းနေရတဲ့ ငှက်၊ ပခြုပ်တွင်း နေရတဲ့မြွေ၊ အကျဉ်းခံနေရတဲ့ အကျဉ်းသမား လွတ်လပ်မှုကို မလိုချင်ဘဲ မရှိပါ။ လူတိုင်း လွတ်လပ်မှုကို ဘာဖြစ်လို့ လိုချင်ကြပါသလဲ။ ဘာကြောင့် လွတ်လပ်ခြင်းကို မြတ်နိုးကြင်နာကြရပါသလဲ။
အရှင်တို့ မြန်မာပြည်ဟာ လွတ်လပ်ရေးရတာ ကြာပါပြီ။ လွတ်လပ်ရေးရလို့ လွတ်လပ်ရေးကို ထိန်းသိမ်းတဲ့ အတတ်ပညာရေးက လွဲချော်နေကြတယ်။ ရှေးခေတ်ကာလက လွတ်လပ်ရေးကို ထိန်းသိမ်းတဲ့ပညာကို စစ်ပညာလို့ သတ်မှတ်ကြတယ်။ သခင်ပညာလို့လည်း ခေါ်တယ်။ တိုင်းပြည်အတွက် အသက်ပေးတဲ့သူကို သားကောင်းရတနာများ ဆိုပြီး ချီးမွမ်း ကြတယ်။ စစ်မှုထမ်းလျက်နဲ့ ပါလီမန်အမတ်ကြီးတွေ လုပ်ကြတယ်။ ဒီလို လုပ်နိုင်တာကို ထိပ်တန်းရောက်တဲ့ တိုင်းပြည်၊ လွတ်လပ်တဲ့ နိုင်ငံသူ နိုင်ငံသား ပီသပေတယ်လို့ ချီးမွမ်းကြ တယ်။ ဒါပေမဲ့ သူတို့ခေတ်က ထိပ်တန်းရောက်တယ်ဆိုပေမယ့် ကမ္ဘာစစ်ကြီးကို မွေးထုတ်တဲ့ သူတွေ ဖြစ်ကြတာကြောင့် သခင်ပညာပဲခေါ်ခေါ်၊ ဘယ်လိုပညာပဲခေါ်ခေါ် လွဲချော်နေတာတော့ အမှန်ပါပဲ။
ကမ္ဘာဖျက်ပညာ
ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် မွေးထုတ်တဲ့သူတွေဟာ ပဋိပက္ခကမ္ဘာသာမွေးထုတ်နိုင်ခဲ့ကြတာပါ။ ငြိမ်းချမ်းရေးကို မမွေးထုတ်နိုင်ကြပါဘူး။ နပိုလီယံ ဆိုသော ပုဂ္ဂိုလ်ကို ကြည့်ပါ။ စစ်အောင်ပွဲ အလီလီ အောင်မြင်နေတယ် ဆိုပေမယ့် ငြိမ်းချမ်းရေးအောင်မြင်ခြင်း မဟုတ်ပါ။ မေ့လျော့ပြီး အောင်မြင်နေတဲ့သူပါ။ ကြာရှည်တဲ့ အောင်မြင်ခြင်း မဟုတ်ပါ။ စည်းစိမ်ယစ်မူးတဲ့ အောင်မြင်မှုဟာ အထူးအဆန်း မဟုတ်ပါ။ ရာဇဝင်၊ သမိုင်းမှာ လည်း အရိုင်းအစိုင်းသက်သက်မျှသာ ကျန်နေတာပါ။ ဘာမှအကျိုးမရှိတဲ့လုပ်ရပ်ကို (လွှတ် လပ်ရေး)ကို စစ်ပညာ၊ သခင်ပညာနဲ့ နှိုးထ၊ လှုံ့ဆော်ပြပေမယ့် ယခုခေတ်ကာလနဲ့ အလွန် ခြားနားနေပါပြီ။ တကယ်တော့ လွတ်လပ်ရေးဆိုတာ စစ်မတိုက်ဘဲ ရှိနေတာပါ။ မသိမ်းပိုက် ဘဲ ရှိနေတာပါ။ စစ်ကြောင့်နယ်ချဲ့၊ နယ်ချဲ့ကြောင့် ဖျက်ဆီးမှု ပြုလုပ်ကြတာပါ။ ဒီပညာမျိုးကို (သခင်ပညာ၊ အရှင်ပညာခေါ်တဲ့ ကမ္ဘာဖျက်ပညာကို) စစ်နဲ့ ကာကွယ်မှု ပြုနေကြတာဟာ (အားပေးနေတာဟာ) ထိပ်တန်းရောက်တဲ့သူတွေ ဒီအဆိုကို မကြေညာသင့်ပါဘူး။
အကြောက်တရား ရေးဆွဲထားတဲ့ပညာ
တိုင်းပြည်တစ်ပြည်ရဲ့ ဆုတ်ယုတ်မှု အတက်အကျဟာ အကြောင်းကြောင့် အကျိုး တရားတွေပါ။ ကောင်းသောအကြောင်း တရားများကို လိုက်နာတဲ့ ပြည်သူဟာ တိုင်းပြည်၊ လူမျိုး၊ အကျင့်တရား ကောင်းနေမှာပါ။အကျင့်ကောင်းတယ်၊ မကောင်းဘူး ဆိုတာက လွတ်လပ်ရေးနဲ့ မဆိုင်ပါဘူး။ လွတ်လပ်မှုနဲ့ မဆိုင်ပါဘူး။ လွတ်လပ်နေတဲ့ တိုင်းပြည်တစ်ပြည် ကို စစ်ရေးနဲ့ ကြေညာမယ် ဆိုရင်လည်း မထူးပါဘူး။ လွတ်လပ်ရေးအတွက်နဲ့ အသက်ပေး ကြတဲ့ခေတ်ကာလဆိုတာ ရှိခဲ့တယ်။ ဒီမိုကရေစီ၊ ဆိုရှယ်လစ်၊ ကိုလိုနီ၊ ကွန်မြူနစ် စတဲ့ နိုင်ငံရေးလမ်းစဉ်အတွက်နဲ့ အသက်ပေးစွန့်စားတဲ့သူတွေ အများကြီးပါပဲ။ ဒီလမ်းစဉ်၊ ဒီအတွေး ဟာ လူတစ်ဦးတစ်ယောက်ထဲက တွေးခေါ်ဖန်တီးတဲ့ လူမှုပညာပါ။ ဒီလူမှုပညာဟာ လူကို ကောင်းကျိုးပေးတာ ဘာတစ်ခုကောင်းမှ မပါပါ။ အမိန့်၊ စည်းကမ်း၊ ဥပဒေထုတ်ပြီး ခုံရုံး တင်တဲ့ အတတ်ပညာသက်သက်ပါ။ ဒီပညာမျိုးကို မျိုးစေ့ချလို့ ခဏ ခဏ အယူကွဲပြား ခြားနားကြတာဟာ ဘေးကင်းတဲ့ ပညာရေး မဟုတ်ပါ။ ဘေးမကင်းတဲ့ပညာကို လူတွေ ဘယ်လိုတွေးတွေး၊ ဘယ်လို ယူဆယူဆ တွေးလို့၊ ယူဆလို့ မကုန်မဆုံးနိုင်ပါ။ ပုဂ္ဂိုလ်ယူဆမှု ကို ကိုးကွယ်သင်ယူ မှတ်သားထားမှုဟာ ကိုယ်တွင်းဉာဏ်ထဲက အသိအမြင် ဖြစ်မလာပါ။ မကျင့်ဘဲ သိတဲ့ ဉာဏ်ပညာအားလုံးဟာ ဘေးကင်းရန်ကွာတဲ့ ပညာမဟုတ်၊ အကန်းပညာပါ။ လူမှုအခွင့်အလမ်းပညာပါ။ စာရိတ္တ အထောက်အကူပြုတဲ့ ပညာမပါဘဲ အကြောက်တရား ရေးဆွဲထားတဲ့ ပညာမျိုးဟာ လူမှုဘဝနိုင်ငံရေးထဲက လွတ်လပ်ရေးပေးတဲ့ပညာ မဟုတ် ကြောင်း ထင်ရှားပါပြီ။
ကျန်းမာရေးနဲ့ ပညာရေး မပြည့်စုံ
ယနေ့အရှင်တို့ တိုင်းပြည်ဟာ လွတ်လပ်တဲ့ အချုပ်အခြာပိုင်စိုးတဲ့ တိုင်းပြည်ပါ။ လွတ်လပ်ရေးကို ရယူပိုင်ဆိုင်လိုတဲ့ စိတ်ဓာတ်ကြောင့် စုပေါင်း၊ ပူးပေါင်းပြီးတော့ လွတ်လပ် ရေးကို ရယူကြတာပါ။ တစ်ယောက်ကောင်း၊ တစ်ဦးကောင်းနဲ့ ရယူခဲ့တဲ့ လွတ်လပ်ရေး မဟုတ်။ သခင်ပညာနဲ့ လွတ်လပ်ရေးကို ရယူခဲ့ခြင်းမဟုတ်။ အကျင့်ကောင်း၊ စနစ်ကောင်း စည်းကမ်းသေဝပ်စွာနဲ့ ရယူခဲ့တဲ့ လွတ်လပ်ရေး ဖြစ်တယ်။ မှန်ပါပြီ။ လွတ်လပ်ရေးရှိတဲ့ တိုင်းပြည်ကြီး ဖြစ်ပေမယ့် လွတ်လပ်မှုပညာရပ်ဝန်း ကောင်းစွာ (ကောင်းကောင်း) မသင်ယူ ကြရတာကြောင့် လူမှုအတတ်ပညာအမျိုးမျိုးနဲ့ ဝေးကွာကြရတယ်။ ဘာသာတရား၊ ဘာသာ ရေး အတတ်ပညာ အားကောင်းကြပေမယ့် လွတ်လပ်ရေးတရား၊ လွတ်လပ်မှုအတတ်ပညာ သင်ယူတတ်မြောက်မှု နည်းပါးကြတာကြောင့် ယနေ့ချိန်တိုင် နိုင်ငံရေးအတွေးအမြင်များ လွဲမှားတိမ်းချော်နေတုန်းပါပဲ။ ကောင်းသော အကြောင်းတရားကောင်းကို လိုက်နာနိုင်ကြတဲ့ ပြည်သူတွေ နည်းပါးခြင်းကြောင့်နဲ့ လူထုကျန်းမာရေး အတတ်ပညာရပ်များ အသိဉာဏ်များ အသိဉာဏ်ကြွယ်ဝမှု အားနည်းနေကြသေးတာကြောင့် အရှင်တို့ရဲ့ မြန်မာပြည်သူပြည်သားတွေ ဟာ ကျန်းမာရေးနဲ့ ပညာရေး မပြည့်စုံနိုင်ကြဘဲ ရှိနေပါသေးတယ်။
အသိပညာနဲ့ အတတ်ပညာ အားနည်းနေကြလို့
ကျန်းမာရေးစောင့်ရှောက်၊ ထိန်းသိမ်းမှုအားနည်းတဲ့လူမျိုးဟာ ပညာရေး အထွတ် အထိပ်သို့ မရောက်နိုင်ကြပါ။ ပညာရေးအထွတ်အထိပ်သို့ မရောက်နိုင်ကြရခြင်းရဲ့ အကြောင်း ရင်းဟာ အခြေခံကျန်းမာရေးကို မစောင့်ရှောက်၊ မကာကွယ်တတ်လို့ပါပဲ။ ယနေ့ ကမ္ဘာ့ လူဦးရေ သုံးချိုးတစ်ချိုးစာဟာ ကျန်းမာရေးစောင့်ရှောက်ထိန်းသိမ်းမှု အားနည်းနေကြသေး တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတွေက ဝေဖန်ပြောဆိုထားတာကို တွေ့ရတယ်။ အထူး သဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းရခြင်းအကြောင်းရင်းက အခြေခံအတတ်ပညာနဲ့ အသိပညာ အားနည်းနေကြလို့ပါပဲ။ အတတ်ပညာနဲ့ အသိပညာအား နည်းရခြင်းဟာလည်း ကျန်းမာရေး စောင့်ရှောက် ထိန်းသိမ်းမှု အားနည်းနေကြလို့ပါပဲ။
စည်ပင်ဖွံ့ဖြိုးသောတိုင်းပြည် ဖြစ်လာမှာ မဟုတ်
ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာရတဲ့ အမျိုးသားအားလုံးဟာ မရ၊ မထွန်းကားတာ မရှိပါ။ ဘေးများ မကင်းကြတာ မရှိပါ။ ကျန်းမာလို့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးပြီး အထွတ်အထိပ် သိတဲ့ ဉာဏ်ပိုင်ရှင်တွေ ကမ္ဘာပေါ်မှာ မရှားပါ။ လောကီအတွက် ကောင်းကျိုး၊ ဆိုးကျိုး နားလည်တဲ့သူ၊ ဆိုးကျိုးမပါ၊ ကောင်းကျိုးသက်သက် နားလည်တဲ့သူတွေဟာ အခြေခံကြောင်း တောင်ကလေး ဓမ္မစာပေတိုက်ရင်းက ကျန်းမာရေးအာဟာရဓာတ်ပါပဲ။ အာဟာရဓာတ်(အာဟာရပစ္စည်း) အခြေခံအကြောင်း ရင်း မကောင်း(မပြည့်စုံ)တဲ့သူဟာ ထိုးထွင်းမှုဉာဏ်အဆင့်ဆင့် မသိမမြင်နိုင်ပါ။ ထိုးထွင်း ဉာဏ်အားနံ့ရင် အသိဉာဏ်ပညာ အားနည်းတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားနည်း ပြီးဖြစ်ရင် အကျင့်ကောင်း၊ အကျင့်မြတ်တွေ သေချာစွာ မကျင့်ကြံနိုင်ဘဲ အာဟာရပစ္စည်း ဓာတ်တွေ ချို့ယွင်းတယ်။ အာဟာရဓာတ် ချို့ယွင်းမှုကြောင့် ရုပ်နာမ်တရား အထွတ်အထိပ်သို့ ရောက်စေနိုင်တဲ့ ဉာဏ်မူရင်းတွေ ပြတ်စဲပြီး အကျင့်မပါတဲ့ အမူအကျင့်မကောင်းတာတွေ (မကောင်းမှုတွေ) ပြုမူမှု ရဲတင်းပြီး မဆုံးနိုင်တဲ့ အဆုံးအဖြတ်တွေ များလာတယ်။ ဒီဓလေ့ ကြောင့် ဉာဏ်မပါတဲ့ အခြေခံလွတ်လပ်မှုတွေ၊ စည်းမသေကမ်းမသေတဲ့ လူမှုအကျင့်စရိုက် ဆိုးတွေ ဖြစ်လာကြတယ်။ ဒီလိုစိတ်ဓာတ် (စိတ်ထား)မျိုးနဲ့ တိုင်းပြည်ကို တည်ထောင်နေသမျှ ကာကွယ်နေသမျှ စည်ပင်ဖွံ့ဖြိုးသောတိုင်းပြည် ဖြစ်လာမှာ မဟုတ်။ (ဖြစ်မလာပါ။)
ဆင်ခြင်တုံတရားနဲ့ ဆင်ခြင်
ကမ္ဘာပေါ်မှာ လူမျိုးအသီးသီးထဲက လွတ်လပ်တဲ့ လူမျိုးတစ်မျိုးအဖြစ်နဲ့ မြန်မာပြည် မြန်မာလူမျိုး ရှိခဲ့တာ အမှန်ပါပဲ။ လူမျိုး၊ နိုင်ငံ၊ တိုင်းပြည် ထူထောင်ထားနိုင်မှ ရှိပါရက်နဲ့ ယနေ့အချိန်တိုင် တစ်မျိုးသားလုံးရဲ့ အကျင့်စာရိတ္တ ကောင်းမွန်မြင့်မြတ်ရေးအတွက် အထွတ် အထိပ်သို့ ဘာကြောင့် မရောက်ကြရသေးသလဲ။ ဘာကြောင့် ညီညွတ်မှု မရှိကြရသေးသလဲ။ ဘာတွေများ လိုအပ်နေသလဲ။ ဘာတွေများ ဖြည့်ဆည်းပေးကြရမလဲ ဆိုတဲ့အကြောင်း(ကိစ္စ) ကို တွေးကြည့်မိကြမှာပါ။ အရှင်တို့ဟာ ကျန်းမာရေးအာဟာရဓာတ် ပြည့်စုံနိုင်မှုအင်အားနည်း ကြတာကြောင့် ပညာရေးအဆင့်အတန်း၊ တွေးခေါ်ရေး အသိအမြင် အားနည်းနေကြတယ်။ // အားနည်းမှု များပြားတာကြောင့် သည်းခံ၊ ခွင့်လွှတ်မှုစိတ်ဓာတ် နည်းပါးကြတယ်။ တစ်ဦး အပေါ် တစ်ဦးက အတွေးအမြင် လွဲမှားကြတယ်။ အထင်သေးကြတယ်။ အမြင်သေးကြ တယ်။ ရိုသေလေးစားကြမှု၊ ရိုင်းပင်းစွာ ကူညီကြမှု အားနည်းကြတယ်။ မိသားစုအရေး မလုံလောက်မှုကြောင့် တိုင်းပြည်အရေးအတွက် လုံလုံလောက်လောက် မထိန်းသိမ်းမကာကွယ် နိုင်ကြဘဲ အချင်းချင်း လေးစားမှု ကြင်နာချစ်ခင်ရမှုတရားတွေလည်း နည်းပါးကြကုန်တယ်။ ဒီလိုဖြစ်လာရတာဟာ (ဖြစ်လာနေရတာကို) ဦးဆောင်သူတွေရဲ့ အပြစ်သက်သက်တစ်ခုတည်း လို့ မမြင်ကြဘဲ အခြေခံအမာခံ မကောင်းလို့ပဲ။ ဒါမှမဟုတ် မကောင်းလို့သာ ဆင်ခြင်တုံ တရားနဲ့ ဆင်ခြင်ရမယ်။ မြင်ရမယ်။
ဒုက္ခရောက်ကြရတဲ့ တိုင်းပြည်တွေ
မြန်မာတိုင်းပြည်ဟာ အုပ်ချုပ်ရေး ကြမ်းလွန်းတာကြောင့်၊ ဒါမှမဟုတ် အုပ်ချုပ်ရေးညံ့လွန်းတာကြောင့် တိုးတက်မှု နောက်ကျခဲ့ပြီး နောက်ကျကျန်နေကြရတယ်လို့ ပြောဆိုနေ ကြတာကို ကြားရတယ်။ တိုင်းပြည်တိုးတက်မှုဟာ အုပ်ချုပ်ရေးကောင်းဖို့သက်သက်နဲ့မဆိုင် ပါ။ အုပ်ချုပ်ရေး ဘယ်လိုညံ့ညံ့ လူကောင်းဖို့သာ ပဓာနကျပါတယ်။ အုပ်ချုပ်ရေးကောင်းလို့ အရင်းအမြစ်ကမှ မကောင်းရင် တိုးတက်နိုင်စရာ အကြောင်းမမြင်ပါ။ နေရာတကာမှာ တိုးတက်လို့သာ ထင်ရပေမယ့် ဆုတ်ယုတ်ပျက်စီးစရာတွေ အများကြီးနဲ့ ပေးဆပ်ရတယ်။ ပေးဆပ်ရမှုထဲက အကျင့်စာရိတ္တပျက်ယွင်းမှုနဲ့ ပေးဆပ်ကြရတဲ့ တိုင်းပြည်မှာ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးဆုတ်ယုတ်မှု၊ အမိန့်ထုတ်မှုနဲ့ပဲ အချိန်တွေ ကုန်ပြီး ထင်သလို ခရီးမပေါက်ဘဲ ဒုက္ခရောက်ကြရတဲ့ တိုင်းပြည်တွေ အများကြီးပါပဲ။
လွတ်လပ်ရေးလား၊ ငြိမ်းချမ်းရေးလား
၂ဝ၁၂ ခုနှစ်အတွင်း နိုင်ငံတကာမှာရှိကြတဲ့ တိုင်းပြည်အချို့ရဲ့ လူမှုရေး၊ နိုင်ငံရေး အရှုပ်အထွေးတွေကိုကြည့်ရင် အရှင်တို့တိုင်းပြည်နဲ့စာရင် အရှင်တို့တိုင်းပြည်မှာ ပိုပြီး ငြိမ်းချမ်း ပါသေးတယ်။ ငြိမ်းချမ်းရေး ကြွေးကြော်ထားကြတဲ့တိုင်းပြည်တွေ၊ လွတ်လပ်ရေး ကြွေးကြော် ထားကြတဲ့ တိုင်းပြည်တွေ ယခုအချိန်အခါမှာ လွတ်လပ်ရေးရော၊ ငြိမ်းချမ်းရေးပါ သူတို့တွေ ဘာဖြစ်လို့ မခံစားကြရပါသလဲ။ သူတို့တိုင်းပြည် လွတ်လပ်ရေးရခဲ့တာ နှစ်လကြာရှည်စွာ ရှိနေပြီပဲ မဟုတ်လား။ အခုမှ ဆူဆူပူပူနဲ့ တိုက်ခိုက်ကြ၊ ဝေဖန်ကြ၊ ဆဲကြဆူကြ၊ ရန်ဖြစ်ကြနဲ့ အမူအကျင့်ကောင်းတွေ ပျောက်ပြီး၊ ဆိုးတဲ့အမူအကျင့်တွေ ထားပြီး၊ ဒေါသတွေ၊ အာဃာတ တွေ ထားပြီး သောင်းကျန်းမှု ဖြစ်လာကြတယ်။
ဒီလို ဖြစ်လာရခြင်းအကြောင်းရင်းကို ရှာကြည့်ရင် အခြေခံအရ
(၁) လူမှုဘဝဖြစ်စဉ်အကြောင်း (အရေး)(ကိစ္စ)ကို နိုးနိုးကြားကြား ဂရုမစိုက်ခြင်း၊
(၂) လူထုကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်း၊
(၃) အခြေခံပညာရပ်များ ထိရောက်စွာ မသင်ပြနိုင်ခြင်း၊ သင်ယူမှု အားနည်းခြင်း၊
(၄) နိုင်ငံရေးနည်းကို စစ်ရေးအရဖြေရှင်းခြင်း၊
(၅) အစွန်းရောက်သော ထိတွေ့မှု ဘာသာတရားနောက်ကို အားသာခြင်း၊
(၆) အကျင့်စာရိတ္တ စောင့်ထိန်းမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်လာခဲ့တယ်လို့ (များသောအားဖြင့်) ယူဆနိုင်ပါတယ်။
ကျယ်ဝန်းတဲ့ ကောင်းကျိုးတရား
တစ်မျိုးသားလုံးရဲ့ အမျိုးသားရေးအတွက်ကို ငါဟူသော မာန်ယစ်တဲ့ စရိုက်ဆိုး ကြောင့် လူသားကို လူလိုမမြင်ဘဲ (နိုင်ငံသားကို နိုင်ငံသားအဖြစ် မမြင်ဘဲ) ပြည်စိုးပိုင်နက်အုပ်စိုးလိုတဲ့ သမစိတ်မဟုတ်တဲ့စိတ်ကြောင့် စိတ်ဓာတ်ချင်း ကွဲပြားလာကြပြီး တော်လှန်စစ် တွေ ခင်းကျင်းကြတယ်။ အဆိုးတရားတွေနဲ့ နိုင်ထက်စီးနင်း ပြုမူကြတယ်။ အသက်ချကံတွေ ကျူးလွန်ကြတယ်။ မိသားစုတွေ ကွဲကွဲကွာကွာ ဖြစ်ကြရပြီး စားစရာ၊ ခိုစရာတွေ မဲ့ပြီး အားကိုးရာပါ မဲ့သွားကြတဲ့ လွတ်လပ်တဲ့ တိုင်းပြည်အချို့ရဲ့ အဖြစ်အပျက်ကို တွေ့ရတဲ့အခါ စိတ်ချမ်းသာစရာ၊ အတုယူစရာ၊ အားရစရာတစ်ခုမှ မပါဘဲ ဖြစ်နေတယ်။ ဒီလိုအဖြစ်မျိုး မြင်ရ တွေ့ရ ကြုံရတဲ့ နိုင်ငံသားတွေဟာ အဖြစ်စုံ ဒဏ်ရာစုံမှုကြောင့် ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး ပေးနေတာတောင်မယုံဘဲ (အယုံအကြည်မရှိ) ရှိနေကြတယ်။ မိုက်တဲ့အကျင့် စရိုက်ကို ကိုးကွယ်။ နောက်လိုက်ပါများရင် လိမ္မာယဉ်ကျေးဖို့အတွက် ခက်ခက်ခဲခဲ ရှိမယ့်။ ယုံကြည်ချက် ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အသိဉာဏ်ကျယ်ဝန်းတဲ့ ကောင်းကျိုးတရား ရှေးရှုလာတတ်ရေးကို ကြိုးစားရမယ်။
လူတစ်ဦးဟာ –
(၁) အများကောင်းကျိုး ရှေးရှုတတ်ခြင်း၊
(၂) မျှတသောစိတ်ရှိခြင်း၊
(၃) ကိုယ်ချင်းစာတရား ထားတတ်ခြင်း၊
(၄) အမျိုးကို ချစ်ခြင်း (တိုင်းပြည်ကို ချစ်ခြင်း) စိတ်ဓာတ် ထားတတ်ဖို့ လိုတယ်။ မိမိတစ်ဦးတည်း ကောင်းကျိုးပြုတာထက် အများကောင်းကျိုး မပြုဘဲ မရပါ။ အများအကျိုး သယ်ပိုးရွက်ဆောင်နိုင်တဲ့သူဟာ ကိုယ်ကျင့်တရား ကောင်းမွန်လို့ပဲ။ ကိုယ်ကျင့် ကောင်းတရားရှိတဲ့သူဟာ အများအကျိုး ကောင်းကျိုးကိုပဲ ဦးတည်ပါတယ်။ အကျိုးကောင်းကို လိုလားတဲ့စိတ်ဓာတ်ဟာ အလွန်မြင့်မြတ်တဲ့စိတ်ဓာတ် ဖြစ်ပါတယ်။ စိတ်ဓာတ်မြင့်မြတ်သူရဲ့ အလုပ်ဟာ ကျယ်ဝန်းတဲ့ ကောင်းကျိုးတရားပေးတဲ့အလုပ် ဖြစ်ပါတယ်။
မြင့်မားကျော်ကြားသော မြန်မာပြည် ဖြစ်အောင်
နောက်ဆုံး (နောက်ပိတ်ဆုံး) မှာ ရောက်သွားကြတဲ့သူတွေဟာ ထိပ်ဆုံးပြန်ရောက်ဖို့ အလွန်ကြိုးစားရမယ်။ ကျယ်ဝန်းတဲ့ နိုင်ငံရေးလောကကို အရှင်တို့ ပြည်သူပြည်သားတွေ လေ့လာမှတ်သားနိုင်ကြပြီး တိုင်းပြည်၊ လူမျိုး ဆုတ်ယုတ်မှုမရှိ အလျင်အမြန် ဦးမော့လာ အောင် ပူးပေါင်း၊ စုပေါင်းအားထုတ်ကြဖို့ လေးနက်တဲ့ စိတ်အဆုံးအဖြတ် ထားရမယ်။ မြန်မာပြည် တစ်သက်လုံး မပျက်စီးအောင်၊ ဆုတ်ယုတ်မှုမရှိအောင်၊ မူဘောင်စနစ်ကောင်း နဲ့ တည်ထောင်ကြပြီး မြင့်မားသောကျော်ကြားသော “မြန်မာပြည်” ဖြစ်အောင် ဖန်တီးကြဖို့ တိုက်တွန်းပါတယ်။
တိုင်းပြည်တိုးတက်မှုဟာ အုပ်ချုပ်ရေးကောင်းဖို့ သက်သက်နဲ့ မဆိုင်ပါ။ အုပ်ချုပ်ရေး ဘယ်လိုညံ့ညံ့ လူကောင်းဖို့သာ ပဓာနကျပါတယ်။ အုပ်ချုပ်ရေးကောင်းလို့ အရင်းအမြစ်ကမှ မကောင်းရင် တိုးတက်နိုင်စရာအကြောင်း မမြင်ပါ။
ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၉၁-၂၉၇၊ အဝိဟိံသာနိုင်ငံရေး (၃၇)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။