Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

သာတူညီမျှယှဉ်ပြိုင်၊ သိက္ခာရှိရှိကျင့်သုံး (၂)

အဲးခိုး

(ယခင်တစ်ပတ်မှအဆက်)

နိုင်ငံတော်သမ္မတအသစ်အပေါ် ခန့်အပ်လို့ မကျေနပ်ကြတာတွေ၊ သတင်းမီဒီယာကို အရေးမစိုက်တာတွေ၊ နိုင်ငံရေးလှုပ်ရှားကြတဲ့သူတွေကို အထင်သေးမိခဲ့တာတွေ၊ ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေကို အရေးမစိုက်ကြတာတွေ•• အခုဆိုရင် အုပ်ချုပ်ရေးယန္တရားတွေက မရပ်ဆိုင်းပေမယ့် အကြမ်းဖက်တဲ့ အကြောင်းမဲ့ကိစ္စတွေက နေ့စဉ်နေ့တိုင်း မြင်ရကြားရတယ်။ မဖြစ်သင့်၊ မဖြစ်အပ်တဲ့ ထိတွေ့မှုတွေလည်း ဖြစ်နေကြတယ် …

အတွဲ(၁၁)၊ အမှတ်(၄၅)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ တပို့တွဲလဆန်း ၁၄၊ ၃-၂-၂ဝ၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး 

ဆိုရှယ်လစ်ဝါဒ၊ ဆိုရှယ်လစ်လမ်းစဉ်၊ ဆိုရှယ်လစ်နိုင်ငံရေး အောင်မြင်အောင်

“ဆိုရှယ်လစ်စနစ်နဲ့ လူမှုရေးဗဟုသုတ အတွေ့အကြုံတွေကို လေ့လာ ဆည်းပူးမယ်။ မိမိရဲ့ချွတ်ယွင်းချက်နဲ့ အမှားတွေကို ပြုပြင်နိုင်ဖို့ မိမိကိုယ်မိမိ ဝေဖန်စစ်ဆေးနေရမယ်။ အရာရာတိုင်းကို စိတ်ကောင်း၊ စေတနာ အရင်းကောင်းနဲ့ ရိုးသားစွာ ကြည့်မြင်ပြီး ယထာ ဘူတကျကျ၊ ဓမ္မဒိဋ္ဌာန်ကျကျ တွေးခေါ် မြော်မြင်နိုင်အောင် ကြိုးစားနေကြမယ်”

ဆိုပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အဓိဋ္ဌာန်နဲ့ ကျင့်ဝတ်တွေမှာ တွေ့ရပါတယ်။ နိုင်ငံရေးပါတီ တစ်ခုရဲ့အဓိဋ္ဌာန်နဲ့ ကျင့်ဝတ်တရားတွေ ဒီလို (ခုလို) ချမှတ် ထားခဲ့ကြပေမယ့် ဆိုရှယ်လစ်ဝါဒ နိုင်ငံရေးကို မျက်ကွယ်ပြုပြီး ပါတီဦးဆောင် တဲ့သူက (ပုဂ္ဂိုလ်ကိုက) – 

“ဒီတိုင်းပြည်တစ်ပြည်လုံး လူထုကို ကျွန်တော်သိစေချင်ပါတယ်။ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ်ဆိုရင် တပ်ကို သုံးလို့ရှိရင်တော့ အဲဒါဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော် ဒီကနေ ပြောပါတယ်”

ဆိုပြီး လူထုကို အမျက်ကြီးစွာ စိန်ခေါ်ပြခဲ့တယ်။ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ အရေးပေါ် ညီလာခံ၊ ကျိုက္ကဆံကွင်း၊ ဆရာစံခန်းမ၊ ၂၇-၇-၁၉၈၈ ရက်နေ့) 

တုတ်တုတ်ချင်း ဓားဓားချင်း 

ပြည်သူတွေက ဒီတစ်ပါတီစနစ်ရဲ့ အရေးပေါ်ညီလာခံစကားကို ကြားသည့် ကြားချင်းပါပဲ ပြည်သူလူထုတွေက မိမိတို့ရဲ့ ပြည်သူ့အပေါ်ကို အဓမ္မ ခြိမ်းခြောက်ခြင်းပဲလို့ မှတ်ယူကြပြီး ကြီးစွာသော ခံပြင်းမှု ဒေါသတွေ ထွက်လာမိကြသည်။ (ဒေါသတွေ ထွက်ကြသည်။) အတိတ်ကလည်း “တုတ်တုတ်ချင်း၊ ဓားဓားချင်း” ဆိုတဲ့ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ အရေးအခင်းကာလက ပြောကြားခဲ့တဲ့ မိန့်ခွန်းကိုလည်း သတိပြန်ရကြလို့ အမျိုးမျိုးအစုံစုံ ဖော်ထုတ် ပြောဆိုကြတယ်။ ဒီအတွက်ကြောင့်ပဲ ပြည်သူလူထုတွေဟာ အစိုးရကို အယုံအကြည် မဲ့လာကြပြီး မကျေနပ်စိတ်တွေ၊ ဖီဆန်လိုစိတ်တွေ ကြီးကြီးကျယ်ကျယ် အားကောင်းလာတယ်။ ဒီကိစ္စအတွက်တစ်ခုတွင် သာမကဘဲ ဆိုရှယ်လစ် စီးပွားရေးစနစ်၊ ဆိုရှယ်လစ်လူ့ဘောင်၊ ဆိုရှယ်လစ် ဒီမိုကရေစီကျင့်သုံးလို့ အောင်မြင်မှုမရှိတဲ့ အကြောင်းအရာတွေလည်း နိုင်ငံရေးအင်အားစုတွေက ယုံကြည်မှု မဲ့လာကြတာလည်း ပါဝင်ပါတယ်။ နိုင်ငံရေး ပြဿနာ အကြောင်းအရင်းတွေက အခြေအနေအမျိုးမျိုး ပေါ်ပေါက်နေလို့ မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေ တားမနိုင်လောက်အောင် ဖြစ်လာတယ်။ ဒီညီလာခံစကား ဒီမိန့်ခွန်းစကားကြောင့် ပါတီစုံဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာပြည်ကြီးဟာ ဒီမိုကရေစီ အရေးအတွက်နဲ့ ဝါဒလက်သစ် နိုင်ငံရေးသမားတွေ ဖြစ်လာကြတယ်။ 

အာရုံစိုက်ရုန်းထွက် 

မြန်မာ့နိုင်ငံရေး တောင်းဆိုပွဲနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ကြရတာဟာ အခြေခံ မကျေနပ်မှု အကြောင်းရင်းတွေက အဲဒီတုန်းက ဒီလိုရှိခဲ့တာကို တွေ့ရတယ်။ 

(၁) ငွေစက္ကူတွေ တရားမဝင်ကြောင်း ကြေညာခဲ့တာတွေ၊ 

(၂) တိုင်းပြည်ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေထဲက စာရင်းဝင် ဖြစ်သွားတာတွေ၊ 

(၃) တက္ကသိုလ် (အင်းစိန်စက်မှု) ကျောင်းသားတွေ ကွယ်လွန်သေဆုံး ကြရတဲ့ကိစ္စတွေ၊ 

(၄) ပါတီ (တစ်ပါတီ) ဦးဆောင်သူရဲ့ အရေးပေါ် မိန့်ခွန်းစကားအပေါ် မကျေနပ် ကြတာတွေ၊ 

(၅) နိုင်ငံတော်သမ္မတအသစ် ခန့်အပ်လို့ မကျေနပ်ကြတာတွေ၊ 

(၆) သတင်းမီဒီယာကို အရေး မစိုက်တာတွေ၊ 

(၇) နိုင်ငံရေး လှုပ်ရှားကြတဲ့သူတွေကို အထင်သေးမိခဲ့တာတွေ၊ 

(၈) ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေကို (အခြေအနေ တွေကို) အရေးမစိုက်ကြတာတွေကြောင့်

ဆိုရှယ်လစ်နိုင်ငံရေးအောက်မှာ မနေနိုင်ကြတော့ဘဲ လွတ်မြောက်မှု (လွတ်မြောက်ရေး) (လွတ်မြောက်ပွဲ) ကို အာရုံစိုက်ရုန်းထွက် ကြတယ်လို့ပဲ ဆိုရမယ်။ (မြင်ပါတယ်) 

အိပ်မက်ပမာပါပဲ 

ပြည်သူ့ဆန္ဒဆိုတာ ပြည်သူ့အတွက် အာဏာပါပဲ။ ပြည်သူ့အာဏာကို ပြည်သူကို ပြန်မပေးရင် ဘယ်အစိုးရဖြစ်ဖြစ် ကျဆုံးကြရမှာပါပဲ။ ပြည်သူကို မလိမ့်တပတ်လုပ်တဲ့ အစိုးရဟာ ပြည်သူ့ရဲ့ဆန္ဒ တုံ့ပြန်မှု ရကြစမြဲပါပဲ။ ပြည်သူ့အတွက် နိုင်ငံရေးစနစ် မကောင်းရင် အစိုးရဟာ ပြည်သူ့ရန်သူပါပဲ။ ဒါကြောင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဟာ ပြည်သူအများ အယုံအကြည်မဲ့ ခဲ့ရတယ်။

ပြည်သူကို ပြည်သူလိုမမြင် (မထင်) တဲ့ နိုင်ငံရေး ဝါဒီသမားတွေဟာ နောက်ဆုံးတော့ ဒေါသအကျိုးတရားကို ခံယူ (ခံစား) ကြရတာပါပဲ။ ပကတိရိုးရာ တည်ငြိမ်တဲ့ နိုင်ငံရေးဆိုတာ မရှိရိုးမှန်ရင် နိုင်ငံရေးကို ဦးဆောင်တဲ့သူတွေဟာ နိုင်ငံရေးရဲ့ အရိုးကို သိမြင် နားလည်ရမယ်။ နိုင်ငံရေးကို ခွဲခြားလေ့လာမှု မတတ်ဘဲ အာဏာကြီးစိုးရေးအတွက် ယစ်မူးမှုဖြစ်နေရင်တော့ တုတ်တုတ်ချင်း ဓားဓားချင်း မပြောပါနဲ့ ထာဝရအာဏာဆိုတာ အိပ်မက်ပမာပါပဲ။ ဒါကြောင့် ပြည်သူ့အတွက် ပြည်သူ့ နိုင်ငံရေးကို ပြည်သူတွေကို မစော်ကားမိဖို့ နိုင်ငံရေးသမားတွေ သတိချပ်စရာပါဆိုတာကို သတိပေးပါတယ်။ 

ဆူညံမစဲ 

ယနေ့ ကမ္ဘာနိုင်ငံရေး အခြေအနေဟာ သူတစ်ပါး ပြည်တွင်းရေးကိစ္စတွေ၊ သူတစ်ပါးစီးပွားရေးတွေကို ပိတ်ဆို့ အရေးယူမှုတွေ လိုက်လံပြီး စိန်ခေါ်လို့ရတဲ့ နိုင်ငံရေးခေတ်စနစ်ရှိတဲ့ အခြေအနေခေတ် မဟုတ်တော့ပါဘူး။ တို့မူ တို့ဝါဒနဲ့ မတူလို့ ရန်သူပဲလို့ သတ်မှတ်ကြတဲ့ နိုင်ငံရေးစနစ်လည်း မရှိကြတော့ပါဘူး။ လူလူချင်း ခေါင်းပုံဖြတ်၊ ကျွန်ပြု၊ ကျွန်ပေးဆိုတဲ့ နိုင်ငံရေးစနစ်တွေ ဆိုတာလည်း ဒီခေတ်မှာ မြင်ချင်နေတာတောင်မှ မြင်လို့ မရတော့တဲ့ခေတ်ကြီး ဖြစ်နေပါပြီ။ ဒီလိုအခြေအနေမျိုး ရောက်လာနေတာကို ဒီမိုကရေစီ တောင်းဆိုမှုတွေက ဆူညံမစဲ ဖြစ်နေကြသေးတာကို ထောက်ရင် ယနေ့ကမ္ဘာပေါ်မှာ ဘာတွေများ အလိုဆန္ဒတွေက (လိုအင် တွေက) မပြီးဆုံးနိုင်ကြသေးသလဲ ဆိုတာကို နိုင်ငံရေးအတွေး ရှိကြတဲ့သူတွေမြင်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ 

အခွင့်ကောင်းလိုချင်တပ်မက် 

အရှင်တို့ မြန်မာပြည်ဟာ နိုင်ငံရေး မူတစ်ခုခု သတ်မှတ်ပြီး ကျင့်သုံးရင် ဆယ်စုနှစ်များစွာ မခံပါ။ အစသာကောင်းပြီး အလယ်၊ အဆုံးမှာတော့ နိုင်ငံရေးနဲ့ မထိုက်တန်တဲ့ အဆုံးသတ်ခြင်းတွေနဲ့ပဲ နိဂုံးသွားကြတာကို တွေ့ရတယ်။ ပါလီမန်ခေတ်၊ ပါလီမန်ဒီမိုကရေစီ နိုင်ငံရေး၊ တော်လှန်ရေးခေတ် ဆိုရှယ်လစ် ဒီမိုကရေစီ နိုင်ငံရေး၊ နဝတ၊ နယက ခေတ် နိုင်ငံရေးနဲ့ ပြည်သူ့ နိုင်ငံရေးခေတ် အဆက်ဆက် ဖြစ်ပျက်ခဲ့ကြတဲ့ အဖြစ်တွေဟာ အထိန်းမဲ့ အကွပ်မရှိတဲ့ မင်းမဲ့ တိုင်းပြည် နိုင်ငံရေးလိုပါပဲ။

အခုဆိုရင် အုပ်ချုပ်ရေးယန္တရားတွေက မရပ်ဆိုင်းပေမယ့် အကြမ်းဖက်တဲ့ အကြောင်းမဲ့ ကိစ္စတွေက နေ့စဉ်နေ့တိုင်း မြင်ရကြားရတယ်။ မဖြစ်သင့်၊ မဖြစ်အပ်တဲ့ ထိတွေ့ မှုတွေလည်း ဖြစ်နေကြတယ်။ ပြည်သူပိုင် အဆောက်အအုံတွေ၊ ဖျက်ဆီးမှုအရှိန်တွေ မြင့်မားတဲ့အဆင့်ထိ ဖြစ်လာတယ်။ ဒီလို မင်းမဲ့စရိုက်ဆန်တဲ့ ဖျက်ဆီးမှုဟာ ဒီမိုကရေစီ အခွင့်အရေး သက်သက် တောင်းဆိုချက် မဖြစ်နိုင်တဲ့အပြင် နိုင်ငံရေးကို အခွင့်ကောင်းလိုချင် တပ်မက်ကြတဲ့သူတွေရဲ့ အကြမ်းဖက်မှုလို့ ဆိုနိုင်ပါတယ်။ 

ခက်မသုံးမျိုး 

နိုင်ငံရေးဆိုတာ စီးပွားရေးရဲ့ အခက်အလက်ပါ။ စီးပွားရေး မကောင်းတဲ့ တိုင်းပြည်ဟာ နိုင်ငံရေး (သို့မဟုတ်) လူမှုရေးတည်ငြိမ်မှာ မဟုတ်ပါဘူး။ လူမှုရေး မတည်ငြိမ်တဲ့ တိုင်းပြည်ဟာ စီးပွားရေးစီမံကိန်း မအောင်မြင်နိုင်ပါဘူး။ စီးပွားရေး စီမံကိန်းမရှိတဲ့ တိုင်းပြည်ဟာ နိုင်ငံရေးမူဝါဒကောင်း ဖြစ်ထွန်းမလာပါဘူး။ ဒါကြောင့် တိုင်းပြည်တစ်ပြည် မှာ- 

(က) နိုင်ငံရေး၊ 
(ခ) စီးပွားရေး၊ 
(ဂ) လူမှုရေးဆိုတဲ့

ခက်မသုံးမျိုး အပြန်အလှန် ဆက်စပ်ထိန်းကျောင်း မှီခိုမှု မရှိရင် အဲဒီတိုင်းပြည်ဟာ ဖြစ်ချင်သလို မဖြစ်ဘဲ မဖြစ်ချင်တာတွေပဲ ဖြစ်နေကြတော့မယ်။ မြန်မာပြည် ဘာတွေများ ဖြစ်သွားကြသလဲဆို ပြည်သူတွေ အသိပါပဲ။ 

ဘာတွေများ လိုနေသေးသလဲ 

တော်လှန်ရေး ကောင်စီခေတ်ပြီးလို့ ဆိုရှယ်လစ်နိုင်ငံရေး ဆိုရှယ်လစ်စီးပွားရေးနဲ့ ဆိုရှယ်လစ် လူမှုရေးခေတ်ကို ပြန်ပြီးစဉ်းစားကြည့်ပါ။ အဲဒီတုန်းက မြန်မာပြည် လူ့အဖွဲ့အစည်းတွေဟာ ဆိုရှယ်လစ် စီးပွားရေးအတွက် လိုအပ်တဲ့ ဥပဒေတွေကို လူ့ဘောင်ကောင်းတစ်ခု ဖြစ်လာဖို့အတွက် ဘယ်လောက်အထိ ယုံကြည်ကိုးစား အားထားကြသလဲဆိုတာ ပြည်သူတွေအသိပါပဲ။ ဒီခေတ်ဖြစ်တဲ့ မျက်မှောက်ခေတ်ကာလတွေမှာလည်း ပြည်သူတွေ ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ တောင်းဆိုမှုတွေ၊ ထောက်ခံမှုတွေ၊ အားပေးမှုတွေ ဘယ်လောက်အထိ အယုံအကြည် ထားကြသလဲ ဆိုတာလည်း ပြည်သူတွေအားလုံး အသိပါပဲ။

ပါလီမန်နိုင်ငံရေး စနစ်အောက်၊ ဆိုရှယ်လစ်နိုင်ငံရေး စနစ်အောက်၊ ဒီမိုကရေစီနိုင်ငံရေး စနစ်အောက်မှာ အချိန်ကာလ ကြာညောင်းစွာ (ကြာမြင့်စွာ) ရုန်းကန်လှုပ်ရှား နေကြပေမယ့် မြန်မာပြည်သူတွေရဲ့ ဘဝအဖိုးတန်မှုတွေ ကတော့ သရုပ်မှန်မှု တွေ ထင်လာပေမယ့် ဘဝတစ်သက်တာအတွက် အားကိုးအားထားရမယ့် စီးပွားရေးဆိုင်ရာ နိုင်ငံရေးစနစ်ကောင်း မရ (မရှိ) သေးတာကို ထောက်ရင် အရှင်တို့ မြန်မာတွေဟာ ဘာတွေများ လိုနေသေးသလဲဆိုတာကို စဉ်းစား (သုံးသပ်) ရတော့မယ်။ 

ခေတ်စားဖားကြီးအောက် 

အရှင်တို့ရဲ့ မြန်မာနိုင်ငံ၊ မြန်မာ့ သမိုင်းစဉ်ကို ပြန်ကြည့်ပါ။ နိုင်ငံရေးနဲ့ ဆိုင်တဲ့ ရွေးကောက်မှု (ရွေးကောက်ပွဲ) တွေ အကြိမ်ကြိမ်အခါခါ လုပ်လာခဲ့ပေမယ့် နိုင်ငံရေးစနစ်တွေ ပီပီပြင်ပြင် ဖြစ်လာတာ မတွေ့ရသေးပါဘူး။

အရှင်တို့ တိုင်းပြည် အတိတ်သမိုင်းကို ပြန်ကြည့်ရင် ပဒေသရာဇ်ခေတ် အုပ်ချုပ်ရေးအောက်မှာ နေထိုင်လာခဲ့တဲ့ အခြေအနေနဲ့ မျက်မှောက်ခေတ်ကာလမှာ နေထိုင်ခဲ့ကြတဲ့ အခြေအနေတွေဟာ အထူးအခြားကြီး ကွာခြားမှုတွေ မရှိလှပါဘူး။ ပဒေသရာဇ် အရင်းရှင်သမား လက်ချက်နဲ့ မျက်မှောက်ခေတ် အရင်းရှင်သမားတွေရဲ့လက်ချက်တွေနဲ့ပဲ ကျင်လည် နေကြရတုန်းပါပဲ။

ပဒေသရာဇ် အရင်းရှင်စီးပွားရေးစနစ် ချုပ်ငြိမ်းသွားပေမယ့် ခေတ်သစ် ဒီမိုကရေစီနိုင်ငံရေး အရင်းရှင်စနစ်ရဲ့ ဆိုးကျိုးတွေ နည်းပေါင်းစုံနဲ့ ခါးသီးစွာ ခံစားနေကြရသေးတယ်။

ဒီသာဓကကို ထောက်ပြလို့ ဒီလိုရှိနေသေးတာကို မြန်မာပြည်သူတွေ မသိမမြင် ကြသေးရင်တော့ မြန်မာ့ လူမှုရေးလောကဟာ ရွေးကောက်ပွဲ အကြိမ်များစွာ ရွေးကောက်မှု ပြုနိုင်ခဲ့ကြပေမယ့် (ပွဲစည်ပေမယ့်) အာဏာရှင် လက်သစ်အောက်ကနေ လွတ်မြောက်သွားမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီခေတ် စားဖားကြီးတွေရဲ့ နိုင်ငံရေးခြယ်လှယ်မှုအောက်မှာ ဝပ်ပြားနေကြရဦးမှာပါပဲ။ 

(ဆက်ရန်) 

အဲးခိုး

Loading

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး
သတင်းစုံဖတ်ရှု့ရန်
မဟာပညာသို့ဝင်ခဲ့ပါ။