Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

သာတူညီမျှယှဉ်ပြိုင်၊ သိက္ခာရှိရှိကျင့်သုံး (၁)

အဲးခိုး

အတွဲ(၁၁)၊ အမှတ်(၄၄)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ တပို့တွဲလဆန်း ၇၊ ၂၇-၁-၂ဝ၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

စကားချီး 

ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရုံနဲ့ ဥပဒေအနှစ်သာရ ပြည့်စုံနေကြပြီလို့ ထင်နေကြတာလား။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွက် (ဥပဒေများ) ပါတီစုံ ဒီမိုကရေစီထွန်းကားရေးအတွက် သက်သက်ပဲလား၊ တိုင်းပြည်ကို ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းတည်ဆောက်နိုင်လို့ နိုင်ငံရေးလောကမှာ တိုင်းရင်းသားတွေ (တိုင်းရင်းသားပေါင်းစုံ) နိုင်ငံရေး (လွှတ်တော်) ထဲမှာ (ထဲကို) ပါဝင်ခွင့် ရနိုင်ကြပြီလို့ ထင်ကြလား။ ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အနှစ်သာရဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ (အားလုံး)ကို ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံရေးစနစ်ဖြစ်သော တိုင်းရင်းသား အားလုံးတို့ရဲ့ အခွင့်အရေးတွေကို ပေးနိုင်ကြပြီလို့ မြင်ကြပြီလား။

အချောင်ရနိုင်ငံရေးကိုယ်စားလှယ်တွေကြောင့် နိုင်ငံတော်ရဲ့ ဥပဒေပြုရေးတွေ၊ အုပ်ချုပ်ရေးတွေ၊ တရားစီရင်ရေးတွေ ဖြစ်သလိုကျင့်သုံးပြီး အခြေခံမဲ့လွန်းတဲ့ နိုင်ငံရေးစနစ်တွေ ကျင့်သုံးနေကြတဲ့ တိုင်းပြည်တွေ အများကြီးပါ…

နိဒါန်း 

ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံရေး စနစ်ဆိုပြီး သာတူညီမျှမှု မရှိတဲ့ နိုင်ငံရေး ပတ်ဝန်းကျင်တွေ များစွာတွေ့ရပါတယ်။ လွတ်လပ်ပြီး လေလုံးထွားတဲ့ ဒီမိုကရေစီ နိုင်ငံရေးတွေ တစ်ကမ္ဘာလုံးမှာ ရုတ်ရုတ် သဲသဲပါပဲ။ ‘ဒီမိုကရေစီ ရွေးကောက်ပွဲ’ ဆိုပြီး အများပြည်သူ (ပြည်သူအများ)  ကို ကိုယ်စားပြုမှု ဆိုပြီးတော့ နိုင်ငံရေးလုပ်ကိုင် ဆောင်ရွက်ခွင့်ကို ရယူကြတယ်။ နိုင်ငံရေးလုပ်ကိုင် ဆောင်ရွက်ခွင့်ရဖို့ မိမိ ကိုယ်ကိုယ် နိုင်ငံပြုပုဂ္ဂိုလ်များ ဖြစ်ကြတယ်ဆိုတဲ့ သူတွေကလည်း နိုင်ငံရေးစနစ် ကျင့်သုံးနည်းတွေကို ပြည်သူတွေရဲ့ ရှေ့မှောက်မှာ အကျိုးလိုလားချက် စကားတွေ စုံနေအောင် ကြားနေရတယ်။ လွတ်လပ်မျှတမှု၊ ပွင့်လင်းမြင်သာမှု၊ သမာသမတ်ကျမှု မရှိတဲ့ ဒီမိုကရေစီနိုင်ငံရေး အတွက်နဲ့ အရှင်တို့ မြန်မာပြည် တစ်ပြည်လုံး အမျိုးသားအကျိုးစီးပွား ပျက်ပြား (ပျက်ကျေ၊ ပျက်စီး၊ ပျက်ပြို၊ ပျက် ပြုန်း၊ ပျက်ပြယ်၊ ပျက်ယွင်း၊ ပျက်သုဉ်း) ခဲ့ရတာတွေကို ဆုတ်ယုတ် နစ်နာလွန်းတာကို ခံစားရလို့ ဒီစာဆောင်းပါးကို နိဒါန်းပျိုးပါတယ်။ 

ဆုတ်ယုတ်မှု 

ကမ္ဘာ့မျက်နှာစာပေါ်မှာ အသက်ရှင်ခွင့် ရပ်တည်လာခဲ့ကြတဲ့ လူသားတွေဟာ ဘဝအထွေထွေ ဖြတ်သန်းခဲ့ကြရလို့ ယနေ့ ကမ္ဘာတိုင်အောင် (ယခုချိန်တိုင် အောင် လူသားတွေရဲ့ ဘဝဟာ ဝိရောဓိ၊ ပဋိပက္ခ၊ ပြဿနာတွေ ဖြစ်တည်ပျက် မဆုံးနိုင်လောက်အောင်ပါပဲ။ (ဖြစ်ပျက်မှ အစုံအလင်ပါပဲ)။ လူသားကမ္ဘာအတွက် အနှောင့်အယှက် (အဖျက်အဆီး) များစွာ ရှိနေခဲ့ရင် (ရှိနေကြရင်) ယနေ့ ကမ္ဘာ ပေါ်မှာရှိကြတဲ့ သက်ရှိသတ္တဝါ (အထူးသဖြင့် လူသတ္တဝါ) တွေဟာ ကောင်းကျိုး စီးပွားဖြစ်ထွန်းဖို့ ပိုမိုပြီး ခဲယဉ်း နေကြတော့မယ်။ တိုက်ရိုက်ဆုတ်ယုတ်မှုတွေ များကြတော့မယ်လို့ မြင်မိပါတယ်။ 

မျက်လှည့်သဖွယ် 

ယနေ့ကမ္ဘာပေါ်မှာ ကိုယ်စားပြုနိုင်ငံရေး ကိစ္စတွေကြောင့် (နိုင်ငံတော် ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျင့်စရိုက် တွေကြောင့်) အုပ်ချုပ်ရေးစနစ်တွေ အမျိုးမျိုးပဲ အားပြိုင်နေကြတယ်။ သူ့စနစ် ကိုယ့်စနစ် ကောင်းတယ်ဆိုပြီး အုပ်စုနှစ်စုဖွဲ့ပြီးတော့ လွှတ်တော်ရောက်ရေးအတွက် အားခဲကြပြီး ကြိုးစားကြတယ်။ ပါတီနိုင်ငံရေး ဆိုပြီးတော့လည်း အမျိုးမျိုး လှည့်သုံးနေကြတယ်။ နိုင်ငံရေးရဲ့ အနှစ်သာရဟာ ယှဉ်ပြိုင်မှုလား၊ ရွေးကောက်မှုလားဆိုတာကို မဝေခွဲနိုင်လောက်အောင်ပါပဲ။ ဒီခေတ် (ဟိုအရင်ခေတ်) ကာလအချိန် ရောက်နေသည့် တိုင်အောင် နိုင်ငံရေးပဋိပက္ခဟာ မတည်ငြိမ်နိုင်ကြဘဲ လူထုကို မျက်လှည့်သဖွယ် ကျင့်သုံးနေကြတယ်။ 

အချောင်ရနိုင်ငံရေးကိုယ်စားလှယ် 

ဒီမိုကရေစီရဲ့ အခြေခံဟာ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲရဲ့ အခြေခံ ဟာ ယှဉ်ပြိုင်ခြင်း၊ ယှဉ်ပြိုင်မှုဟာ နိုင်ငံရေးဆိုပြီး နိုင်ငံရေးကို ကိုယ်စားပြုမယ့် ပြည်သူ့ကိုယ်စားလှယ် လောင်းကြီးတွေ ရဲ့အသံဟာ မဲဆန္ဒရှင် ပြည်သူလူထုတွေ ဝေခွဲရ ခက်ခဲလွန်းနေတာတော့ အမှန်ပါပဲ။ နိုင်ငံရေးကိုယ်စားလှယ်ကြီး တစ်ယောက်ဖြစ်ဖို့ ပြည်သူတွေရွေးယူရမှာ ပါပဲ။ ပြည်သူ့အကြိုက် ပုဂ္ဂိုလ်မဖြစ်ဘဲနဲ့ ပြည်သူ့ကိုယ်စားပြု (ကိုယ်စားလှယ်) ပုဂ္ဂိုလ်မဖြစ်ရပါဘူး။ သို့သော် (ဒါပေမဲ့) တိုင်းပြုပြည်ပြု ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်က စံထားပြုရသောပုဂ္ဂိုလ် မဖြစ်ရင် (နိုင်ငံရေးအကြောင်းကို ဘာဆိုဘာမှ မသိမမြင်ဘဲ နားမလည်ရင်) နိုင်ငံပြု ကိုယ်စားလှယ်မဖြစ်ထိုက်ပါဘူး။ ဒီခေတ်ကြီးမှာ နိုင်ငံတကာ နိုင်ငံရေးအလွှာကို လေ့လာကြည့်ရင် အချောင်ရ နိုင်ငံရေး ကိုယ်စားလှယ်တွေ ပေါများနေသလားပါပဲ။ 

ခွက်ခေါက်ရသောဘဝ 

အချောင်ရ နိုင်ငံရေးကိုယ်စားလှယ်တွေကြောင့် နိုင်ငံတော်ရဲ့ ဥပဒေပြုရေးတွေ၊ အုပ်ချုပ်ရေးတွေ၊ တရားစီရင်ရေးတွေ ဖြစ်သလိုကျင့်သုံးပြီး အခြေခံမဲ့လွန်းတဲ့ နိုင်ငံရေးစနစ်တွေ ကျင့်သုံးနေကြတဲ့ တိုင်းပြည်တွေ အများကြီးပါပဲ။

နည်းစနစ်အလွဲတွေလည်း ဖော်ဆောင်ကျင့် သုံးနေကြလို့ ဒီမိုကရေစီ နိုင်ငံရေးစနစ်ဟာ တဖြည်းဖြည်းနဲ့ အလွဲတွေစုပုံလာ နေကြတယ်ဆိုတာကို မြင်နေရတယ်။ အရှည်အဝေးကို မကြည့်ဘဲ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကိုပဲ ကြည့်ပါ။ အပြန်အလှန် ထိန်းကျောင်း တည်ဆောက်ရမယ့် နိုင်ငံရေးမဏ္ဍိုင်ကို မထိန်းနိုင် မကျောင်းနိုင်ကြဘဲ ပြည်သူတွေ ခွက်ခေါက်ရမဲ့ ဘဝရောက်အောင် တွန်းပို့နေ ကြတယ်။ 

ဆုတ်ယုတ်ပျက်စီး 

နိုင်ငံရေးဆိုတာ ပြည်သူတွေ ဒုက္ခရောက်ရေး မဟုတ်ပါ။ ပြည်သူ့ဘဝ သာယာဖွံ့ဖြိုး တိုးတက်အောင်မြင်ရေးပါ။ ပြည်သူတွေဆီက ဆင်းသက်လာတဲ့ အချုပ်အခြာ အာဏာအမျိုးမျိုးကို ပြည်သူတွေအတွက် ကိုယ်စားကျင့်သုံး ဖော်ဆောင်ကြရမယ့် အလုပ်ကိုမသိဘဲ ‘ငါ အာဏာရပြီ၊ စိတ်ကြိုက်လုပ်ချင်သလို လုပ်မယ်’ ဆိုတဲ့ အတ္တမာန အသိအမြင်ကြောင့် မြန်မာ့နိုင်ငံရေးဟာ ရေတိမ်တိမ်လေးနဲ့ နစ်နေခံရတယ်ဆိုတာ ကမ္ဘာအသိပါပဲ။ အုပ်ချုပ်ရေး စနစ်ကောင်း ကျင့်သုံးတော့မယ့် တိုင်းပြည်ဟာ အုပ်ချုပ်သူကောင်းဖို့ အထူးလိုအပ်နေသလို အုပ်ချုပ်ခံ ပြည်သူတွေ အပေါ် လေးစား တန်ဖိုးမြတ်နိုးတဲ့ စိတ်ရင်းစိတ်မြတ်ရှိဖို့ လိုအပ်ပါတယ်။ စိတ်ရင်းမြတ် (စိတ်ရင်းလှ) မရှိဘဲ မိမိတစ်ယောက်တည်းရဲ့ အကြိုက် နိုင်ငံရေးနည်းစနစ်ကို ကျင့်သုံးရင် ရေရှည်တစ်မျိုးသားလုံး အကျိုးစီးပွားအတွက် ဆုတ်ယုတ် ပျက်စီးသွားမှာပါပဲ။ မြန်မာပြည်ရလိုက်ကြတဲ့ နိုင်ငံရေး သင်ခန်းစာဟာ ဒီသင်ခန်းစာတွေပဲ မဟုတ်လား။ 

ကြေကွဲမှုသံသရာ 

ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ ကမ္ဘာပေါ်မှာ ခေတ်ထနေမြဲပဲလို့ ထင်နေရပေမယ့် နိုင်ငံ့ယဉ်ကျေးမှု၊ အမျိုးသားအကျိုး စီးပွားပျက်စီးဆုံးရှုံးမှု များပြားလာနေတာကို (ကျင့်သုံးတဲ့နိုင်ငံတွေ မိမိနိုင်ငံအတွက် ဖြတ်သန်းလာခဲ့သော သမိုင်းကြောင်းတွေ ဆုတ်ယုတ်နစ်နာမှု များပြားလာနေတာကို) သတိထားမိ လာကြပါတယ်။ မြန်မာပြည်မှာလည်း ရွေးကောက်ပွဲတွေ အကြိမ်ကြိမ် အခါခါ ကျင်းပပေးခဲ့ပါတယ်။ ကျင်းပပေးခဲ့ပေမယ့် ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ရဲ့ တစ်ပါတီစနစ်နဲ့ အုပ်ချုပ်ပုံ အခြေခံကို ထားပြီး တိုင်းပြည်ရဲ့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်တဲ့အပြင် ထောက်ခံ၊ မထောက်ခံ၊ အစွဲ၊ အခွဲတွေ အမူအရာ မျိုးစုံစွာ ဖြစ်ခဲ့ရပြီး ကြေကွဲမှုသံသရာ (မုန့်မုန့်ညက်ညက်) ဖြစ်ခဲ့ရတဲ့ သာဓက တွေလည်း အထင်အရှားပါပဲ။ 

ပါလီမန်လွှတ်တော်ဖျက်သိမ်း 

မြန်မာပြည် နိုင်ငံရေးသမိုင်းနဲ့ ပတ်သက်လို့ ပထမဦးဆုံး အစနာလာခဲ့တဲ့ အကြောင်းရင်းက ပြည်သူတွေအားလုံး သိကြမှာပါ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ တော်လှန်ရေးကောင်စီကို စတင် ဖွဲ့စည်းကတည်းက တိုင်းပြည်ရဲ့ပဋိပက္ခကြီး အနာဖြစ်လာတယ်လို့ပဲ ပြောရင် ရပါတယ်။

အေဒီ ၁၉၆၂ ခုနှစ်၊ ဧပြီလ ၃ဝ ရက်မှာ ‘မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ’ ကို ချမှတ်ခဲ့တယ် မဟုတ်လား။ မကြာပါ ၄-၆- ၁၉၆၂ ရက်မှာ ‘မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ’ ကို ဖွဲ့စည်း တည်ထောင်ခဲ့တယ်။ တစ်ပါတီစနစ် အခြေခံတဲ့ ပြည်ထောင်စု ဆိုရှယ်လစ် နိုင်ငံရေးဝါဒဟာ အေဒီ ၁၉၄ရ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့၊ တိုင်းပြုပြည်ပြု လွှတ်တော်က အတည်ပြုခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို (၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှ စတင်ပြီး အာဏာတည်ခဲ့တဲ့ နိုင်ငံတော် ဥပဒေကို) ၁၄ နှစ်တာ ကာလသာ သက်တမ်းရှည်ပြီး အေဒီ ၁၉၆၂ ခုနှစ်၊ မတ် လ ၂ ရက်နေ့ ကစပြီး တော်လှန်ရေး ကောင်စီ ဦးဆောင်သူတို့က နိုင်ငံတော်ကြီး အာဏာကို ရယူခဲ့တယ်။ မတ်လ ၃ ရက်နေ့မှာ ပြည်ထောင်စု မြန်မာနိုင်ငံ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်ကို ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်တဲ့ အချိန်ကစပြီး အေဒီ ၁၉၄၈ ခု နှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က သမ္မတကိုယ်တိုင် အတည်ပြုထားတဲ့ ၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလည်း လွှတ်တော်နှင့်အတူ ဖျက်သိမ်းခဲ့ရတယ်။ ဒီသာဓက အထောက်အထားဟာ မြန်မာပြည် နိုင်ငံရေးလောကမှာ အထင်အရှား ရှိနေတဲ့ သမိုင်းစာမျက်နှာပါပဲ။ 

တော်လှန်ရေးကောင်စီဝါဒဖြန့်ဝေ 

တော်လှန်ရေး ကောင်စီဟာ နိုင်ငံရေး အာဏာကို ရယူခဲ့တဲ့နေ့ကစပြီး တော်လှန်ရေး ကောင်စီရဲ့ ဝါဒသဘောထားကို စစ်ဦးစီးပုဂ္ဂိုလ်တွေကို (၁၁) ကြိမ်တိုင်တိုင် တင်ပြခဲ့တယ်။ ၁၉၆၂ ခုနှစ်၊ ဧပြီလ ၃ဝ ရက်နေ့ ရောက်တဲ့ အခါ တော်လှန်ရေးကောင်စီရဲ့ နိုင်ငံရေးဝါဒသဘောထားကို ထုတ်ပြန်ပြီး ‘မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်’ ကို ချမှတ်ခဲ့တယ်။ နိုင်ငံတော်အာဏာကို ရယူလာခဲ့တဲ့ တော်လှန်ရေးကောင်စီဟာ ‘တော်လှန်ရေး ကောင်စီအစိုးရ’ အသစ်ကို ဖွဲ့စည်းခဲ့တယ်။ တော်လှန်ရေးကောင်စီ အစိုးရဟာ တပ်မတော်မှ ဦးစီးဦးဆောင်ကြတဲ့ ပုဂ္ဂိုလ်ဖြစ်ကြတာကြောင့် နိုင်ငံတော်ရဲ့ အာဏာကို ရေရှည်ထိန်းသိမ်းထားဖို့ မဖြစ်နိုင်ကြောင်း၊ နိုင်ငံရေးပါတီတစ်ခု တည်ထောင်သင့်ကြောင်း တော်လှန်ရေးကောင်စီက ခံယူတယ်။ အဲဒီ ခံယူတဲ့ အတိုင်းပါပဲ။ ခေတ်ပြောင်းတော်လှန်ရေး တစ်ရပ်မှာ (တစ်ရပ်ကို) နိုင်ငံရေးပါတီ တစ်စုကသာ ဦးဆောင်သင့်တယ်ဆိုပြီး 

(၁) ဗမာ့နည်းကျ ဆိုရှယ်လစ်ဝါဒ စာတမ်း 

(၂) နာမရူပဝါဒ ခေါ် လူသားတိုးတက်ရေး သဘောတရားစာတမ်း 

(၃) လူနှင့် လူ့ပတ်ဝန်းကျင်တို့၏ အညမည သဘောတရားစာတမ်း 

(၄) မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဝိသေသလက္ခဏာများစာတမ်း (စာအုပ်)ကို အေဒီ ၁၉၆၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှာ ထုတ်ဝေ ဖြန့်ဖြူးခဲ့တယ်။ 

သန္နိဋ္ဌာန်ချမှတ် 

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဟာ အေဒီ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ ‘မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ’ကို ကြေညာ (ထုတ်ပြန်) ပါတယ်။ အမြုတေပါတီ အဖြစ် စတင် တည်ထောင်ကြောင်းလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ပါတီကို ထောက်ခံကြိုဆိုပွဲတွေ၊ ကန့်ကွက်တာ တွေ၊ ထောက်ပြဝေဖန် ကြတာတွေလည်း အများအပြားပါပဲ။ အေဒီ ၁၉၇၁ ခုနှစ် ရောက်တဲ့အခါ အမြုတေပါတီအဆင့် ကနေ ပြည်သူ့ပါတီ အဖြစ်သို့ (အဖြစ်ကို) ပြောင်းလဲဖွဲ့စည်းပြန်တယ်။ ‘လမ်းစဉ်ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း’ ပါ ထုတ်ပြန် ကြေညာခဲ့တယ်။ ယင်းရဲ့ နိဒါန်းအစမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတော်နဲ့ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်မယ်။ ဆိုရှယ်လစ်နိုင်ငံရေးကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အဖြစ်နဲ့ တည်ဆောက်မယ်။ တောင်သူလယ်သမား၊ အလုပ်သမားနဲ့ လုပ်သားပြည်သူတွေရဲ့ အင်အားကို အဓိကထားမယ်။ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို မရမနေ တည်ဆောက်မယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးထားမယ်ဆိုတဲ့ သန္နိဋ္ဌာန် ချမှတ်ခဲ့တာတွေ တွေ့ရတယ်။ 

ဆက်ရန်

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး