Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၄)

အဲးခိုး

အတွဲ(၁၁)၊ အမှတ်(၄၁)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ ပြာသိုလပြည့်ကျော် ၁၊၆-၁-၂၀၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald)

(ယခင်တစ်ပတ်မှအဆက်)

၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကိုမင်တန်ကျူးကျော်မှုကို တင်ပြခဲ့တယ်။ ပြဿနာဟာ မနည်းပါးသွားကြဘဲ ပိုပြီးတော့ ဆိုးရွားသောင်းကျန်းလာတယ်။ မထူးတော့ဘဲ မြန်မာ့တပ်မတော်က ကျူးကျော်ကြသူ တရုတ်ဖြူ ကိုမင်တန်ကို တိုက်ထုတ်ခဲ့တယ် …

တောခိုကြရ 

၁၉၄၆ ခုနှစ်မှာ အလံနီကွန်မြူနစ်ပါတီက တောခိုပြီး ဆူပူသောင်းကျန်း ကြတယ်။ အလံဖြူကွန်မြူနစ်ပါတီတွေက ဖဆပလနဲ့ပေါင်းကြတယ်။ ဝါဆောမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်ညီလာခံကြီးက ချမှတ်တဲ့ လမ်းစဉ်ကိုလိုက်ပြီး အေဒီ ၁၉၄၈ ခုနှစ်၊ မတ်လမှာ တောခိုခဲ့ကြတယ်။ ပျဉ်းမနားကို ဌာနချုပ်ထားကြပြီး ပဲခူး၊ တောင်ငူ၊ မြင်းခြံနဲ့ ပုသိမ်နယ်တွေမှာ ဆူပူသောင်းကျန်းကြတယ်။ မီးရထားလမ်းတွေ ဖျက်တယ်။ ပြည်သူတွေဆီက ရိက္ခာတွေ အဓမ္မနည်းနဲ့ရယူတယ်။ အဲဒီလိုနဲ့ပဲ မြို့ထဲမှာ မနေရဲကြတော့ဘဲ တိမ်းရှောင်ကြပြီးတော့ ပြောက်ကျားတပ် အဖြစ် တောခိုခဲ့ကြတယ်ဆိုတဲ့ သာဓက ကလည်း ပြည်သူတွေအားလုံးအသိပဲမဟုတ်လား။ 

ပြည်သူ့ရဲဘော်အကွဲအပြဲ 

ဖဆပလအဖွဲ့ထဲမှာပါဝင်တဲ့ ပြည်သူ့ရဲဘော်အဖွဲ့တွေကလည်း ခေါင်းဆောင်လုပ်သူမရှိတော့ စည်းကမ်းတွေ မရှိကြတော့ဘဲ တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှာ လက်ဝဲယိမ်းလာကြတယ်။ အေဒီ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီရောက်တဲ့အခါ ပြည်သူ့ရဲဘော်အဖွဲ့ဟာ ရဲဘော်ဖြူ၊ ရဲဘော်ဝါဆိုပြီးတော့ နှစ်ဖွဲ့ (နှစ်ခြမ်း) ကွဲသွားပြန် တယ်။ ဇူလိုင်လမှာ ပုန်ကန်သောင်းကျန်းကြပြီး ပုသိမ်၊ မအူပင်၊ ပြည်၊ ပဲခူးနယ်တွေမှာ အစိုးရငွေတိုက်(ဘဏ်)တွေ ဖောက်တယ်။ ပြည်သူ့ထောက်ပံ့ရေး ပစ္စည်းတွေ သိမ်းယူကြတယ်။ နှစ်ပတ်ကြာပြီးတဲ့အခါ တပ်မတော်မှ တပ်သား အချို့က ကွန်မြူနစ်ဝါဒမှိုင်းတိုက်မှုကြောင့် တောခိုခဲ့ကြတယ်ဆိုတဲ့ သမိုင်း အထောက်အထားတွေက မပျောက်မပျက်ပါဘဲ မဟုတ်လား။ 

တရုတ်ဖြူ၊ ကိုမင်တန်ကျူးကျော်မှု 

အဲဒီတုန်းက မြန်မာပြည်ဟာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲလုမတတ်ပါပဲ။ ရောင်စုံသူပုန်တွေ ထကြတယ်။ အေဒီ ၁၉၄၉ ခုနှစ်မှာတော့ တရုတ် ပြည် မော်စီတုံး ကွန်မြူနစ်တွေ အာဏာရလာတဲ့အခါ သူ့ရဲ့ပြိုင်ဘက် ကိုမင်တန်(တရုတ်ဖြူ)အစိုးရက ထိုင်ဝမ်ကျွန်းကို ထွက်ပြေးရတဲ့အချိန်ပါပဲ။ ယူနန်နယ်မှာရှိကြတဲ့ ကိုမင်တန်တွေက မြန်မာပြည်ထဲမှာ ဝင်ရောက်လာပြီး ကျူးကျော်လာတယ်။ ကိုမင်တန် တပ်သားနှစ်သောင်းခန့် ကျိုင်းတုံနယ်ထဲမှာ ဝင်လာတယ်။ ၁၉၅ဝ ပြည့်နှစ်၊ မေလ မှာ နယ်စပ်မှာရှိတဲ့ ကြူကုတ်မြို့ကို သိမ်းယူပြီး ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်တယ်။ တပ်မတော်က လက်နက်ချ အဖမ်းခံကြရန် ရာဇသံတွေပေးခဲ့ပေ မယ့် လက်မခံပါ။ ၁၉၅၀၊ ၁၉၅၁ ခုနှစ်မှာ တရုတ် ကိုမင်တန်တွေ ပိုပြီးများလာတယ်။ ထိုင်ဝမ်ကျွန်းက စစ်သင်တန်းတွေ လာပေးတယ်။ လက်နက်ရိက္ခာတွေ ဖြည့်တင်းပေးတယ်။ အဲဒီအတွက်နဲ့ နိုင်ငံတော်အစိုးရက အေဒီ ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလမှာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကိုမင်တန်ကျူးကျော်မှုကို တင်ပြခဲ့တယ်။ ပြဿနာ ဟာ မနည်းပါးသွားကြဘဲ ပိုပြီးတော့ ဆိုးရွားသောင်းကျန်းလာတယ်။ မထူး တော့ဘဲ မြန်မာ့တပ်မတော်က ကျူးကျော်ကြသူ တရုတ်ဖြူ ကိုမင်တန်ကို တိုက်ထုတ်ခဲ့တယ်။ ၁၉၅၃ ခုနှစ်၊ စက်တင်ဘာလမှာ ပြည်ပတွေဖိအားနဲ့ပါ ပါလာလို့ ကိုမင်တန်တပ်ဟာ မြန်မာပြည်ကနေ ရုပ်သိမ်းသွားပါတယ်။ ကျန်နေတဲ့ အကြွင်းအကျန်တွေကတော့ ယနေ့အချိန်ထိ ဒုက္ခပေးနေပါသေးတယ်ဆိုတာကို ပြည်သူတွေအသိပါပဲ။ 

ဖဆပလအစိုးရပြယုဂ် 

တရုတ်ဖြူ ကိုမင်တန်ကိစ္စ ပြီးသွားပေမယ့် အာဏာရ ဖဆပလအစိုးရကိစ္စကလည်း မပေါ့မသေးပါဘူး။ ဖဆပလ အစိုးရလည်း သူ့ရဲ့အစိုးရ ထာဝရ (ထာဝစဉ်) အာဏာအမြဲတည်မြဲရေးကို အာဏာရှင်ဆန်ဆန် ဦးတည်ကြိုးစားနေကြတယ်။

ပြည်သူပြည်သားတွေရဲ့အကျိုး ကို ထိထိရောက်ရောက် မလုပ်နိုင် မကိုင်နိုင်ဘဲ ရွေးကောက်ပွဲနီးရင် မဲများများရရေးအတွက်နဲ့ လူထုတွေကို ကတိတွေအမျိုးမျိုးပေးကြတာပေါ့။ တကယ်လည်း အစိုးရဖွဲ့နိုင်တဲ့အခါ (အစိုးရအဖွဲ့ ဖြစ်လာတော့) ပေးထားတဲ့ကတိတွေကို မေ့ပျောက်ကြပြီး ကိုယ်ကျိုးတွေ ရှေ့တန်းမှာထားကြလို့ အဂတိတွေ အမျိုးမျိုးလိုက်ပြီး အစိုးရအဖွဲ့ထဲမှာ ပါဝင်တဲ့ သူတွေက ပိုပြီးတော့ အကျင့်ပျက်ခြစားကြတယ်။ အဂတိလိုက်စားမှု များပြားလာကြလို့ အချင်းချင်းလည်း မသင့်မမြတ်ကြဘဲ ဖြစ်လာကြတယ်။ ဒီဘက် ဒီမိုကရေစီခေတ်က အစိုးရလိုပဲပေါ့။

အစိုးရနဲ့ ရင်းနှီးကြတဲ့သူတွေက (လုပ်ငန်းရှင်တွေက) အခွင့်ထူးတွေ အမျိုးမျိုးရကြလို့ တိုင်းပြည်စီးပွားရေးဟာ ယိုယွင်းမှုတွေ ဖြစ်လာကြတော့တာပါပဲ။ 

သန့်ရှင်းတည်မြဲ 

ဖဆပလ အေဒီ ၁၉၅၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ ဖဆပလ (တတိယအကြိမ်) နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးမှာ ဖဆပလခေါင်းဆောင်တွေဟာ အချင်းချင်း မညီညွတ်ကြတော့ဘဲ သဘောထားတွေလည်း ကွဲလာကြတာကို တွေ့ရတယ်။ ဧပြီလရောက်တဲ့အခါ ဖဆပလအဖွဲ့ချုပ်ဟာ နှစ်စု နှစ်ဖွဲ့ နှစ်ခြမ်း ကွဲသွားကြတယ်။ ကွဲကြပေမယ့် (ကွဲကြတော့) ကွဲကြပြီး ဖြစ်ပေမယ့် အစိုးရအဖွဲ့ကို ကြိုးကိုင်ကြဖို့ (အစိုးရ အာဏာကို ကိုင်ထားကြဖို့) နှစ်အုပ်စုလုံးက ကြိုးစားအားထုတ်နေကြတယ်။ ရှင်းရှင်းပြောရရင် အာဏာရှင်ဖြစ်ဖို့ အာဏာလုနေကြတယ်။ ကိုယ့်အုပ်စုနဲ့ သူ့အုပ်စု သန့်ရှင်းဖဆပလ၊ တည်မြဲဖဆပလဆိုပြီး ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာကြတာပေါ့။ နောက်ဆုံးတော့ သန့် ရှင်းဖဆပလအဖွဲ့ကို အယုံအကြည်မရှိဆိုတဲ့အဆို လွှတ်တော်မှာတင်ပြီး မဲခွဲကြတဲ့အထိ ဖြစ်လာကြတယ်။ မဲခွဲလို့ အနိုင်ရကြပေမယ့် အခြားသော နိုင်ငံရေးအုပ်စုတွေနဲ့လည်း အပေးအယူ လုပ်ရပြန်သေးတယ် မဟုတ်လား။ အဲဒီလိုနဲ့ အုပ်စုကွဲခြင်းရဲ့ အခြေအနေဟာ တဖြည်းဖြည်းနဲ့ တစ်နိုင်ငံလုံးမှာ ပျံ့ သွားတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဖဆပလတွေဟာ အပြန်အလှန် ပုတ်ခတ်ပြောဆိုကြတာပေါ့။ ခုခေတ်ကလိုပဲ အနီ၊ အစိမ်း ပုတ်ခတ်ကြသလိုပေါ့။ နိုင်ငံရေးက မတည်ငြိမ်တော့ ကုန်သွယ်မှုတွေ၊ ကုန်ထုတ်လုပ်မှုတွေ၊ အဖက်ဖက် (အဘက်ဘက်)ကနေ ကျဆင်းလာပါ တယ်။ နိုဝင်ဘာလမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပေးပြီး ကြေညာထားပေမယ့် အလုပ်မဖြစ်တဲ့ (မလုပ်နိုင်ဘဲ) ၁၉၅၉ ခုနှစ်၊ ဧပြီလအထိ ရွှေ့ဆိုင်းလိုက်ရတယ်။ အဲဒီတော့ နိုင်ငံရေးအခြေအနေဟာ ယိမ်းယိုင်လာပြီး မထိန်းနိုင်၊ မသိမ်းနိုင်သောအခါ ၁၉၅၈ ခုနှစ်၊ စက်တင်ဘာ လ ၂၆ ရက်နေ့မှာ တပ်မတော် ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်ကို အုပ်ချုပ်ရေး အာဏာလွှဲအပ်ပေးခဲ့တယ်ဆိုတဲ့အထိ ဖြစ်ခဲ့ရပါတယ် မဟုတ်လား။

ဖဆပလခေတ်အုပ်ချုပ်ရေး 

ဖဆပလခေတ်ရဲ့ အုပ်ချုပ်ရေး အခြေအနေက ဒီလိုတွေ့ ရတယ်။ လွှတ်တော်ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်(ခေါ်) လူမျိုးစု လွှတ်တော်ထားရှိပြီး လွှတ်တော်နှစ်ရပ် ပေါင်းရင် ပြည်ထောင်စုလွှတ်တော်လို့ သတ်မှတ်ကြတယ်။ ဥပဒေပြုမှု၊ အုပ်ချုပ်မှုနဲ့ တရားစီရင်မှု အာဏာတွေ ခွဲဝေထားတယ်။ ပြည်သူ့လွှတ်တော်မှာ အမှတ် ၂၅ဝ ပါဝင်တယ်။ လူမျိုးစု လွှတ်တော်မှာ အမှတ် ၁၂၅ ပါဝင်တယ်။ လွှတ်တော်နှစ်ရပ်ပြီးမှ သမ္မတရွေးတယ်။ သက်တမ်းမှာ ငါးနှစ်ထားတယ်။ သမ္မတမှာ အစည်းအဝေးခေါ်ယူခွင့်၊ ရပ်နား ခွင့်၊ ဖျက်သိမ်းခွင့်ရှိတယ်။ ပြည်သူ့ လွှတ်တော်က ရွေးချယ်ပြီး သမ္မတက အတည်ပြုတယ်။ အတွင်းဝန်ချုပ်၊ ဝန်ကြီးချုပ်က အစိုးရအဖွဲ့ကို ရွေးချယ်ပြီး သမ္မတက အတည်ပြုရတယ်။ နိုင်ငံတော်ရှေ့နေချုပ်၊ နိုင်ငံတော်စာရင်းစစ်ချုပ်ကို ဝန်ကြီးချုပ်က ရွေးချယ်နိုင်တယ်။ တရားရေးဝန်ကြီးချုပ်ကိုတော့ လွှတ် တော်နှစ်ရပ်က (ပါလီမန် နှစ်ရပ်က) ရွေးချယ်ခွင့်ပေးထားတယ်။ ဝန်ကြီးချုပ်မှာ အာဏာအရှိဆုံးပါပဲ။ ဝန်ကြီးဌာနပေါင်း ၂ဝ ကျော်ရှိတယ်။ ဝန်ကြီးဌာနအောက်မှာ အတွင်းဝန်တွေ၊ ဘုတ်အဖွဲ့ တွေ၊ ကော်ပို့ရေးရှင်းတွေက အစိုးရ မူဝါဒတွေကို အကောင်အထည်ဖော်ကြရတယ်။ 

ပြည်ထောင်စုစနစ်ပေါ်လွင်စေဖို့ ပြည်နယ်အုပ်ချုပ်ရေး ဖွဲ့စည်းထားတယ်။ ပြည်သူ့လွှတ်တော်ကို လူဦးရေနဲ့ အခြေခံပြီး ဖွဲ့စည်းတယ်။ လူမျိုးစုလွှတ်တော်ကိုတော့ ရှမ်း၊ ကချင်၊ ကယား၊ ကရင်ပြည်နယ်များ၊ ချင်းဝိသေသတိုင်းနဲ့ အခြားသော ဒေသတွေထဲက အမတ်ဦးရေ ၁၂၅ ဦး ပါဝင်တယ်။

ကချင်ပြည်နယ်မှအပ ကျန်တဲ့ ပြည်နယ်တွေဟာ “၁၉၄၈ ခုနှစ်မှ နောက် ၁ဝ နှစ်လွန် လျှင် (လွန်သောအခါ) ပြည်ထောင်စုမှ ခွဲထွက်ခွင့်ရှိသည်” လို့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းခွင့် ပြုထားတယ်။

အမတ်တွေထဲက ပြည်နယ်ဝန်ကြီးတစ်ဦးစီကို ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်ကောင်စီတွေနဲ့ တိုင်ပင်ပြီး ရွေးချယ်နိုင်တယ်။ သမ္မတက အတည်ပြုရတယ်။ ပြည်နယ်ဝန်ကြီးဟာ ပြည်နယ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်လည်းဖြစ်တယ်။ ဥပဒေပြုတဲ့ကိစ္စတွေ၊ အခွန်ကောက်တဲ့ကိစ္စတွေမှာ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းနိုင်သလို သက်ဆိုင်ရာပြည်နယ်ကောင်စီတွေကလည်း (ပြည်နယ်အစိုးရတွေကလည်း) သတ်မှတ်ပြဋ္ဌာန်းနိုင်တယ်။ (ပိုင်ခွင့်ပေးထား တယ်) အုပ်ချုပ်မှုပုံစံအနေနဲ့က ဗျူရိုကရေစီယန္တရားပုံစံအဖြစ်လိုပါပဲ။ 

ဖဆပလခေတ် စီးပွားရေးအခြေအနေ 

ဖဆပလခေတ်ကာလမှာ စစ်ဘေးစစ်ဒဏ်တွေကြောင့် စီးပွားရေးကျဆင်းနေကြတယ်။ အဲဒီစီးပွားရေးတွေကို ပြန်လည်တည်ထောင်နိုင်ဖို့ အားထုတ်ကြိုးစားကြတဲ့ အစိုးရလို့ ခေါ်ဆိုရမှာပါ။ ပြည်သူတွေဟာ ဆင်းရဲကျပ်တည်းနေကြလို့ နိုင်ငံခြားအရင်းရှင်ကြီးတွေက ပြည်တွင်းမှာ ငွေအရင်းအနှီးတွေ မြှုပ်နှံကြဖို့ ကြိုးစားနေကြတယ်။ ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁ ရက်မှာ စီးပွားရေး နှစ်နှစ်စီမံကိန်းကို ရေးဆွဲတယ်။ အဲဒီမှာ လယ်ယာမြေ နိုင်ငံပိုင်ပြုရေး၊ လယ်လုပ်သူလယ်ပိုင်ရေး၊ နိုင်ငံခြားသို့ ဆန် ပိုမိုတင်ပို့ရောင်းချနိုင်ရေးနဲ့ နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်ပြုလုပ်ရေးတွေ ပါဝင်ပါတယ်။ တချို့လုပ်ငန်းတွေကို လျော်ကြေးပေးပြီး နိုင်ငံပိုင်ပြုလုပ်တယ်။ ရေကြောင်းလုပ်ငန်း၊ သစ်လုပ်ငန်း၊ နိုင်ငံခြားသို့ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းတွေ ကို ပြည်သူပိုင်သိမ်းတယ်။ တိုင်းပြည်အခြေအနေ၊ နိုင်ငံရေးအခြေအနေ မငြိမ်သက်မှုကြောင့် စီးပွားရေး မအောင်မြင်ခဲ့ပါဘူး။ တိုင်းရင်းသားလုပ်ငန်းရှင်တွေများ လုပ်ကိုင်လာနိုင်အောင် ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကို ဖွင့်ပေးပြီး ငွေချေးပေးခဲ့တယ်။ အစိုးရကိုယ်တိုင်က ငွေမရှိလို့ နိုင်ငံခြားဘဏ်တွေနဲ့ ဖက်စပ်လုပ်ရတယ်။ 

အေဒီ ၁၉၅ဝ ပြည့်နှစ်မှာ အမေရိကန်နိုင်ငံ၊ (KTA) စီးပွားရေးလုပ်ငန်း ကုမ္ပဏီရဲ့ အစီရင်ခံစာကို အခြေပြုပြီး “ပြည်တော်သာစီမံကိန်း” ရေးဆွဲတယ်။ နိုင်ငံခြားတိုင်းပြည်တွေနဲ့ စီးပွားရေး ဖက်စပ်လုပ်ကိုင်ရတာကြောင့် အရင်းရှင်လမ်းကြောင်းပေါ် ရောက်ခဲ့တယ်။ အေဒီ ၁၉၅၁ ခုနှစ်မှာ စီးပွားရေးကို လေ့လာပြီး စီမံကိန်းအကောင်အထည်ဖော်ဖို့ KTA ကုမ္ပဏီနဲ့ ရောဘတ်နေသန်တို့ကို နှစ်နှစ်တာဝန်ပေးအပ်တယ်။ အေဒီ ၁၉၅၂ ခုနှစ်၊ သြဂုတ်လမှာ ပြည်တော်သာအစည်းအဝေးကျင်းပတယ်။ နှစ်နှစ်စီမံကိန်းအစား ရှစ်နှစ်စီမံကိန်း ရေးဆွဲတယ်။ ဘတ်ဂျက်လို အပ်ငွေ ၇၅ဝ ကုဋေခန့်မှန်းတယ်။ ပြည်တွင်းအတွက် ၅ဝဝ ကုဋေနဲ့ ၂၅ဝ ကုဋေကိုတော့ ပြည်ပကနေ ချေးယူကြ ဖို့ စီမံကြတယ်။ 

ပြည်တော်သာစီမံကိန်းအရ စက်ရုံ၊ အလုပ်ရုံ၊ ဆေးရုံ၊ အင်ဂျင်နီယာ ကောလိပ်၊ စက်မှုသိပ္ပံကောလိပ်၊ စိုက်ပျိုးရေးကျောင်း၊ ဆေးကျောင်း၊ စာသင်ကျောင်းတွေ ဆောက်လုပ်တည်ထောင်ပေးခဲ့တယ်။ လူတစ်ဦး တိုက်တစ်လုံး၊ ကားတစ်စီး၊ လစဉ်ဝင်ငွေ ၈ဝဝ လို့ ကြွေးကြော်ခဲ့တယ်။ နိုင်ငံခေါင်းဆောင် အချင်းချင်း မညီညွတ်ကြလို့ တစ်ဦးချင်းစိတ်ကြိုက်လုပ်ငန်းကို ဦးစားပေးလုပ်ကိုင်ကြတယ်။ စိုက်ပျိုးရေး၊ စက်မှုသိပ္ပံတည်ထောင်ပေမယ့်လည်း လယ်ယာမြေတိုးချဲ့ရေး မလုပ်နိုင်ခဲ့ပါဘူး။ အရင်းရှင်စနစ်ဘက်ကို ယိမ်းယိုင်သွားကြပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေက အားကောင်းလာတယ်။ တိုင်းရင်းသား အရင်းရှင်တွေက ငွေကိုချေးပြီး လုပ်ကိုင်ရတာကြောင့် နိုင်ငံခြားသားအရင်းရှင်လက်ထဲမှာ ကျရောက်ခဲ့ကြရတယ်။ သွင်းကုန်ထုတ်ကုန်လိုင်စင်ကို တိုင်းရင်းသားအရင်းရှင်ကိုသာ ခွင့်ပြုထားပေမယ့် နိုင်ငံခြားသားအရင်းရှင်တွေကပဲ အကျိုးခံစားကြရတယ်။ လုပ်ငန်းကို အမှန်တကယ်မလုပ်ကိုင်နိုင်ကြဘဲ လိုင်စင်ကို အဆင့်ဆင့်သာ ပြန်ရောင်းစားကြသောကြောင့် နိုင်ငံတော်စီးပွားရေး နာလန်မထူနိုင်တော့ဘဲ ဆင်းရဲသထက်ဆင်းရဲ၊ မွဲသထက် မွဲနေတော့တာပဲ မဟုတ်လား။ 

ဖဆပလခေတ် (၁၉၄၈-၁၉၅၈) ထူးခြားဖြစ်စဉ်အချို့ … ၈-၁-၁၉၄၈ ခုနှစ်၊ ပထမအကြိမ် ပါလီမန်ညီလာခံကျင်းပသည်။ ၈-၁-၁၉၄၈ ခုနှစ်၊ တပ်မတော်စစ်ရုံးချုပ် ဖွင့်သည်။ ဗိုလ်ချုပ်စမစ်ဒွန်း(ကရင် တိုင်းရင်းသား) စစ်ဦးစီးချုပ်ခန့်သည်။ ကာကွယ်ရေးဝန်ကြီးကို ဗိုလ်လက်ျာကို ခန့်သည် ..

ဖဆပလခေတ် လူမှုရေးအခြေအနေ 

ဖဆပလခေတ်ကာလက ကမ္ဘာစစ်ကြီး ပြီးကြတဲ့အချိန်ဖြစ်လို့ ဘယ် နိုင်ငံတွေကိုကြည့်ကြည့် နိမ့်ကျနေကြတာပါပဲ။ စစ်ပြီးချိန် မြန်မာပြည်ဟာ အဘက်ဘက်ကိုကြည့်ရင် နိမ့်ကျနေတယ်။ ပြည်တွင်းရောင်စုံသူပုန်တွေကြောင့် ကျေးရွာတွေမှာနေထိုင်ကြတဲ့ သူတွေက မြို့ပြကို ပြောင်းရွှေ့လာခဲ့ကြတယ်။ စားဝတ်နေရေးတွေ ကျပ်တည်းလာကြတယ်။ အစိုးရက ပြည်သူတွေနေထိုင်မှု ပြဿနာတွေရှင်းဖို့ အိုးအိမ်အဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်နေပေမယ့် မပြေလည်ခဲ့ပါဘူး။ ကျန်းမာရေးကိစ္စတွေဘက်ကို ကြည့်လိုက်ရင်လည်း ဆေးကုသပေးနိုင်ကြတဲ့ ဆရာဝန်တွေ နည်းပါးကြတယ်။ ရပ်တွေရွာတွေမှာ ဆူပူသောင်းကျန်း သတ်ဖြတ်ကြတာကြောင့် ပြည်သူတွေဟာ အခက်အခဲတွေ အမျိုးမျိုးတွေ့ကြရတယ်။ အိန္ဒိယမှာရှိတဲ့ ဆေးဆရာဝန်တွေကို သုံး၊ ငါး နှစ် ကန်ထရိုက်စနစ်နဲ့ ငှားရမ်းခဲ့ရတယ်။ ကျန်းမာရေးမှူးသင်တန်းတွေ ဖွင့်လှစ်ပေးတယ်။ လူနာပြုစုတဲ့ သင်တန်းတွေလည်းဖွင့်ပေးတယ်။ W.H.O အကူအညီနဲ့ ရောဂါကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်။ အထူးသဖြင့် ဆေးဝါးထုတ်လုပ်ရေးကိုလည်း ဆောင်ရွက်လုပ်ကိုင်ခဲ့တယ်။ 

ပညာရေးအတွက်က အေဒီ ၁၉၄၈ ခုနှစ်မှာ ပညာရေးမူဝါဒအတွက် ချမှတ်တယ်။ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ်- မြန်မာကျောင်း၊ မြန်မာတိုင်းရင်းသားကျောင်းလို့ ကွဲပြားနေတဲ့ကျောင်းတွေကို ပယ်ဖျက်ပြီး ကျောင်းတစ်မျိုးတည်းကိုပဲ ထားတယ်။ ပဉ္စမတန်းကနေ အင်္ဂလိပ်စာကို သင်ယူပြီး မြန်မာစာကို သင်ကြားမှုမဏ္ဍိုင်အဖြစ် ထားတယ်။

တက္ကသိုလ်အဆင့်အထိ အခမဲ့ပညာရေးစနစ် ကျင့်သုံးတယ်။ အေဒီ ၁၉၅၂ ခုနှစ်၊ ပြည်တော်သာညီလာခံမှာ “ဘဝသစ်ဖန်တီးမှု” ပညာရေး စီမံကိန်းကို ချမှတ်ခဲ့တယ်။ နိုင်ငံသားတိုင်း “အ” သုံး လုံးကျေရန်၊ နိုင်ငံတော်ထူထောင်ရေးအတွက် လိုအပ်တဲ့ စက်မှုလက်မှုပညာရှင်တွေ အလုံအလောက်မွေးထုတ်ဖို့၊ ဗလငါးတန်ပြည့်စုံတဲ့ နိုင်ငံသားဖြစ်ဖို့ ရည်ရွယ်ပြီးဆောင်ရွက်ခဲ့တယ်။ အသက်မွေးဝမ်းကျောင်းတွေ ဖွင့်လှစ်သင်ကြားပေးတယ်။ အေဒီ ၁၉၄၉ ခုနှစ်မှစပြီး လူထုပညာရေးကောင်စီကိုဖွဲ့တယ်။ နိုင်ငံသားတိုင်း ဗဟုသုတကြွယ်ဝစေဖို့ ကျန်းမာကြံ့ခိုင်စေဖို့၊ ပရဟိတစိတ်တွေ မွေးမြူစေဖို့ ရည်ရွယ်ချက်ထားပြီး လူထုပညာရေးမှူးတွေ လေ့ကျင့်ပျိုးထောင်ပေးခဲ့တယ်။ သူတို့တွေဟာ ကျေးရွာအခြေခံဒေသတွေမှာ ကွင်းဆင်းကြပြီး လူထုအတွက် အကောင်အထည်ဖော် ဆောင်ပေးကြတယ်။ 

ဖဆပလခေတ် ယဉ်ကျေးမှုအခြေအနေ 

ဖဆပလခေတ် မြန်မာပြည်ယဉ်ကျေးမှုလုပ်ငန်းအခြေအနေမှာ သီချင်း ထုတ်လုပ်တဲ့ ဓာတ်ပြားကုမ္ပဏီတွေ နာလန်မထူနိုင်ကြပါဘူး။ အသံလွှင့်ရုံပေါ်က ကာလပေါ်တီးဝိုင်းတွေ၊ သီချင်းဆန်းတွေ ခေတ်စားလာတယ်။ ရုပ်ရှင်လုပ်ငန်းတွေတော့ ကောင်းကောင်းမထူထောင်နိုင်ကြသေးပါဘူး။ အေဝမ်းနဲ့ ဗြိတိသျှဘားမားကုမ္ပဏီတွေက အသံထွက် ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လုပ်ကြတယ်။ ရန်ကုန်မြို့၊ ကျိုတီရုံနဲ့ ဖော်ရုံတွေမှာ ပြဇာတ်ကပြကြတယ်။ ကာဌေးရုံနဲ့ ဝင်းဝင်းရုံပေါ်လာပြီး ပြိုင်ဆိုင်ကြတယ်။ အေဒီ ၁၉၄၇ ခုနှစ်မှာ စာပေဗိမာန်အသင်းပေါ်လာပြီး မြန်မာစာပေ အရှိန်အဟုန်မြင့်လာတယ်။ လူထုအလင်းပြစာစဉ်တွေ၊ လူထုတက္ကသိုလ်စာစဉ်တွေ၊ လူထုအိပ်ဆောင်စာစဉ်တွေ၊ လူထုသိပ္ပံစာစဉ်တွေ ထုတ်ဝေနိုင်ခဲ့တယ်။ မြန်မာ့စွယ်စုံကျမ်းတွေလည်း ထုတ်ဝေတယ်။ အေဒီ ၁၉၄၈ ခုနှစ်ကစပြီး စာပေဆုတွေ တစ်ဆင့်ပြီးတစ်ဆင့်တိုးချဲ့ ချီးမြှင့်ခဲ့တယ်ဆိုတဲ့အကြောင်း လေ့လာတွေ့ရှိရပါတယ်။ 

ဖဆပလခေတ် (၁၉၄၈-၁၉၅၈) ထူးခြားသည့် ဖြစ်စဉ်အချို့ 

  • ၈-၁-၁၉၄၈ ခုနှစ်၊ ပထမအကြိမ် ပါလီမန်ညီလာခံကျင်းပသည်။ 
  • ၈-၁-၁၉၄၈ ခုနှစ်၊ တပ်မတော် စစ်ရုံးချုပ်ဖွင့်သည်။ ဗိုလ်ချုပ်စမစ်ဒွန်း (ကရင်တိုင်းရင်းသား) စစ်ဦးစီးချုပ်ခန့်သည်။ ကာကွယ်ရေးဝန်ကြီးကို ဗိုလ်လက်ျာကို ခန့်သည်။ 
  • ၁-၃-၁၉၄၈ ခုနှစ် သခင်စိုးကို ဗားကရာချောက်အနီး ဖမ်းမိသည်။ 
  • ၁-၃-၁၉၄၈ ခုနှစ်တွင် မြန်မာ နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား ကွန်ကရက် ပျဉ်းမနားတွင်ကျင်းပသည်။ ၂၅-၃-၁၉၄၈ ခုနှစ်တွင် ဗကပ အာဘော် ပြည်သူ့အာဏာဂျာနယ်က အစိုးရကိုတိုက်ခိုက်မည်ဟု အတိအလင်း ရေးသားသဖြင့် ချိတ်ပိတ်ခံရသည်။ 
  • ၂၆-၃-၁၉၄၈ ခုနှစ်တွင် ဗကပကိုအရေးယူရန် ဖဆပလအစိုးရဆုံးဖြတ် သည်။ ပြည်သူ့ရဲဘော်အဖွဲ့က ကြားဝင်စေ့စပ်သဖြင့် ရက်ရွှေ့ဆိုင်းသည်။ 
  • ၂၇-၃-၁၉၄၈ ခုနှစ်တွင် တော်လှန်ရေးနေ့ အခမ်းအနားတွင် သခင်သန်းထွန်းက “အေးအေးနေတဲ့ ဦးနုကို ရေခဲတိုက်ပို့ရမယ်။ ဗားကရာချောက်ကြီးမှာ ဆိုရှယ်လစ်အရိုး တောင်လိုပုံစေရမယ်”ဟု ခြိမ်းခြောက်သည်။ 
  • ၂၈-၃-၁၉၄၈ ခုနှစ်တွင် ဗကပ (အလံဖြူကွန်မြူနစ်)တောခိုသည်။ 
  • ၁၉-၄-၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် လက်ခံသည်။ 
  • ၂၇-၅-၁၉၄၈ ခုနှစ်တွင် ဦးနုက ‘နု-ငြိမ်းချမ်းရေးမူ ၁၅ ချက်’ ရေးဆွဲ ကြေညာသည်။ (လက်ဝဲညီညွတ်ရေး) 
  • ၁၆-၇-၁၉၄၈ ခုနှစ်တွင် ပြည်သူ့ ရဲဘော် (ရဲဘော်ဖြူ) စတင်တောခိုကြ သည်။ 
  • ၁၉-၇-၁၉၄၈ ခုနှစ်တွင် လက်ဝဲ စည်းရုံးရေးကောင်စီဖွဲ့သည်။ ဥက္ကဋ္ဌ ဦးနေဝင်း (တပ်+ရဲဘော်ဖြူ+ဆိုရှယ် လစ်)၊ အတွင်းရေးမှူး ဦးသိန်းဖေမြင့်  (ကွန်မြူနစ်)။ 

အဲးခိုး (ဆက်ရန်)

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၃) – မဟာပညာ (mahar.asia)

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၂) – မဟာပညာ (mahar.asia)

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၁) – မဟာပညာ (mahar.asia)

 1,887 total views,  6 views today

မဟာပညာသို့ဝင်ခဲ့ပါ။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းစုံဖတ်ရှု့ရန်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းစုံဖတ်ရှု့ရန်
မဟာပညာသို့ဝင်ခဲ့ပါ။