Categories
လူမှုရေး

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို တောင်ကလေး ဖၠုံပညာ့တ်ုဝါန့်ကွင်းတွင် ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့
၂၅ ကြိမ်မြောက် ငွေရတု ကရင့်အမျိုးသားနှစ်သစ်ကူးနေ့ ဖွင့်ပွဲအခမ်းအနားကိုတောင်ကလေး ဖၠုံပညာ့တ်ုဝါန့်ကွင်းတွင် အောင်မြင်စွာ ကျင်းပပြီစီးခဲ့ပါသည်။ ၂၉.၁၂.၂၀၁၆

ဖွင့်ပွဲအခမ်းအနားကို နံနက် ၆ နာရီအချိန်တွင် စတင်ပြီး မုဒ်ဦးကို ပထမ စတင်ဖွင့်လှစ်ခဲ့ပါသည်။

ဒုတိယဖွင့်ပွဲအဖြင့် မုဒ်ဦးးဖွင့်ပြီးနောက် ဒုံးစင်ကို ဖွင့်ပွဲပြုလုပ်ပြီး ဟောပြောပွဲမိန့်ခွန်း အခမ်းအနားကိုလည်း ဒုံးစင်တွင် တဆက်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။

တတိယဖွင့်ပွဲအဖြင့် ဒုံးစင်ဖွင့်ပွဲပြီးနောက် ဖီ့ဘီးယဝ် ကောက်သစ်စားပွဲဖွင့်ပွဲကို ပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲကို သုံးနေရာ ကျင်းပပြုလုပ်ခဲ့ကြောင်းတင်ပြအပ်ပါသည်။

ဖွင့်ပွဲများ ကျင်းပပြုလုပ်ပြီးနောက်တောင်ကလေးကွင်း၏ ယခုနှစ်တွင် အမှတ်တရအဖြင့် ကောက်ရိုးနှင့်ပြုလုပ်ထားသော တောင်ယာလုပ်တောင်သူဦးကြီး၏ ပုံဆီသို့သွားရောက်ကြပါသည်။

စတုဒီသာအဖြင့် ထမင်းဟင်းနှင့်မုန့်တီကို ဧည့်ခံကျွေးမွေးပါသည်။

ပြခန်းများကိုလည်း ပြသထားပါကြောင်း။

 152 total views

Categories
စကားလက်ဆောင်

။ ငါတို့ကမ္ဘာလေး ငြိမ်းစေချင် ။

။ အစဉ်အလာမေတ္တာတရား
လူသားတိုင်း တန်ဖိုးထားရင်
စစ်ပွဲဆိုတာ မရှိဘူး။

။ လူတိုင်းမေတ္တာ
မြတ်နိုးကြရင်
မတရားခြင်း မရှိဘူး။

။ လူတိုင်း သစ္စာ
မြဲမြံကြရင်
ဒေါသနေရာ မရှိဘူး။

။ အချင်းချင်းသာ
ချစ်ကြပါရင်
စစ်ခင်းစရာ မရှိဘူး။

(ကရင်ပြည်နယ်၊ မဲတဝေါဒေသမှ စစ်ပွဲကို ရည်ညွှန်းပါသည်။)

တောင်ကလေးဆရာတော် (ခေတ္တ/ အမေရိကန်ပြည်ထောင်စု)

 129 total views

Categories
စကားလက်ဆောင်

။ အေးရိပ်သာ ။

။ တကယ်တော့
အေးရိပ်သာဆိုတာ
ရင်ထဲက
အညစ်အကြေးကင်းနေတာကို
ပြောတာပါ။

။ အေးရိပ်သာဆိုတာ
ကျောင်းမဟုတ်
နားခိုရာမဟုတ်
တည်းခိုရာမဟုတ်
စိတ်ချမ်းသာရတာကို
အေးရိပ်သာပါပဲ။

တောင်ကလေးဆရာတော်
ခေတ္တ/ အမေရိကန်ပြည်ထောင်စု
(၂၀-၉-၁၆) ရက်နေ့။

 108 total views

Categories
နံနက်ခင်းသြဝါဒကထာ ဘာသာရေး

တောင်ကလေးဆရာတော်(တောမှီရဟန်း)၏ နံနက်ခင်းသြဝါဒကထာ

။ ယနေ့နံနက်ခင်းချိန် သြဝါဒကထာ( စကား) ။
~~~~~~~
။ မိသားစုများ ချမ်းသာအောင် သီလအကျင့်ဖြင့် နေထိုင်ပါ။
။ မိမိနေထိုင်သည့် ပတ်ဝန်းကျင်နှင့် သင့်မြတ်အောင်နေတတ်ပါစေ။
။ ရှုပ်ထွေးတဲ့ လူမှုရေးအသိုင်းအဝိုင်းများ မဖြစ်ပါစေနှင့်။
။ လူသားတွေတန်ဖိုးထားတဲ့ ကောင်းကျိုးကို မြှင့်တင်ပေးပါ။
။ ဆင်းရဲမျှတမှုမရှိတဲ့ ပတ်ဝန်းကျင်ကို ရှောင်ပါ။
။ မတိုးတက်နိုင်တဲ့ ဆုတ်ယုတ်တဲ့ အသိုင်းအဝိုင်းကို ရှောင်ပါ။
။ မိမိကို မြှောက်ပင့်တတ်တဲ့သူတွေနဲ့ အနေဝေးပါစေ။
။ အကျိုးကောင်းမမြင်တတ်သူကို မချဉ်းကပ်ပါနှင့်။
။ မသိဘဲ အယောင်ဆောင်သူကို သတိပြုပါ။
။ မိမိသီလကို ကြည်ဖြူစွာ ယုံကြည်ပါစေ။

 148 total views

Categories
ပရဟိတ

မြိုင်ကြီးငူဒေသရောက် ကရင်ပြည်နယ်၏ စစ်ဘေးရှောင်ပြည်သူများဆီသို့ တောင်ကလေးဆရာတော်နှင့်တပည့်များ သွားရောက်လှူဒါန်းခြင်း

။ ဒုက္ခရောက်သူဝိုင်းဝန်ကူ ထိုသူချမ်းသာရောက် ။
~~~~~~~~~~
ဘားအံ စက်တင်ဘာ ၁၂

တောင်ကလေးဆရာတော် (တောမှီရဟန်း) နှင့် တပည့်ဒါယကာ/မ များမှ စစ်ဘေးရှောင်ပြည်သူများအတွက်
ဆန်- ၃၀၂ အိတ်
ဆီ – ၁၂ ဖါ
ဆား- ၁၂ အိတ်
ကြက်သွန်နီ- ၁၁ အိတ်
အသားတု- ၁၀ -အိတ်
အာလူး-၁၀ အိတ်
အဝတ်အထည် -၁၄ အိတ်
ရေသန့်- ၅၀ ကဒ်
ပဲငပိ- ၂၀ ပိဿာ
နှင့် ဟင်းချက်အတွက် အသီးအနှံများ သွားရောက် လှူဒါန်းပါသည်။

ဦးဆောင်ဆရာတော် ဘကကျောင်းအုပ် ဥူးဥတ္တမနှင့်အတူ အေးရိပ်သာမိသားစုများအား တွေ့ရစဉ်။

တောင်ကလေးအေးရိပ်သာအဖွဲ့သားများ မြိုင်ကြီးငူသို့ သွားရောက်လှူဒါန်းစဉ်

 136 total views

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။


။ တည်တည်ငြိမ်ငြိမ် စိတ်သန့်ရှင်းပါစေ။
။ စိတ်ကြောင့် စူးငြောင့်မဖြစ်ပါစေနှင့်။
။ အညစ်အကြေးမဖြစ်ပါစေနှင့်။
။ မိမိကိုယ်ကို တန်ဖိုးထားပါ။
။ မိမိအကျင့်မြတ်သီလကို မပျက်တန်း ထိန်းသိမ်းစောင့်ရှောက်ပါ။
။ မလိုမုန်းသူတို့အပေါ် မေတ္တာမပျက် ဆက်ဆံပါ။
။ မိမိရဲ့ အခက်အခဲကို စိတ်အေးအေးထားပြီး ဖြေရှင်းပါ။
။ စိတ်ဆင်းရဲမှုကြောင့် အပြုအမူမမှားပါစေနှင့်။
။ မက်မောမှုတစ်ခုကြောင့် ဆုံးဖြတ်ချက်မမှားပါစေနှင့်။
။ ရိုသေခြင်းတရားမြဲမြံပါစေ။
။ မိမိကိုယ်ကို မာန်မာနတရား မတက်ကြွပါစေနှင့်။
။ သတိပေါ့လျှော့မှုလည်း မဖြစ်ပါစေနှင့်.။

တောင်ကလေးဆရာတော်
(၁၀.၉.၂၀၁၆) ရက်နေ့နံနက်။

 104 total views

Categories
စကားလက်ဆောင်

ကြာအင်းတောင်ပေါ်တွင် သံဃာတော် ၁၀၃၅ ပါးအား တောင်ကလေးဆရာတော်နှင့် အလှူရှင်များ ဆွမ်းဆန်စိမ်းလောင်းလှူ (၂၀၁၆)

ဘားအံ၊ ၂၀၁၆၊ မေလ ၂၁ (စနေနေ့)

တောင်ကလေးဆရာတော် အရှင်ပညာသာမိ (တောမှီရဟန်း) ၏ သာသနာပြုနယ်မြေဖြစ်သော ကရင်ပြည်နယ်၊ ဘားအံမြို့တော် ကျက်သရေဆောင် ကြာအင်း တောင်စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပခဲ့ရာ ၁၃၇၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ နံနက် ၅ နာရီတွင် မဟာ ပဋ္ဌာန်းဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ခြင်းဖြင့် စတင်ခဲ့ပြီး ကဆုန် လပြည့်နေ့ (ဗုဒ္ဓနေ့) နံနက် ၅ နာရီထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ် ပူဇော်ကြသည်။

ကဆုန်လပြည့်နေ့ နံနက် ၅ နာရီတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ ပြုလုပ်ကာ စေတီတော်မြတ်အား ဗုဒ္ဓါဘိသေကမင်္ဂလာ အနေကဇာ တင်ခြင်းနှင့် ဗုဒ္ဓပူဇနိယပူဇော်ခြင်း အစီအစဉ်များကို တောင်ကလေး ဘ/ကကျောင်းအုပ်ဆရာတော် ဦးဥတ္တမနှင့် ကြာအင်း တောင်ဆရာတော် ဦးသောဘိတ ဦးဆောင်သော သံဃာတော်အရှင်မြတ်များက ပူဇော်တော်မူကြသည်။ ယင်းနောက် နံနက် ၇ နာရီတွင် တောင်ကလေးဆရာတော် အရှင်ပညာသာမိနှင့် အလှူရှင်များက ရဟန်း၊ ရှင်သာမဏေ စုစုပေါင်း ၁၀၃၅ ပါးတို့အား ဆွမ်းဆန်စိမ်း၊ ဆေးနှင့် လှူဖွယ်ဝတ္ထုများ လောင်းလှူကြည်ညိုပူဇော်ကြသည်။

ဇွဲကပင်မျိုးတင့်လေး

မူလသတင်းရင်းမြစ် ။ ။ ကြာအင်းတောင်ပေါ်တွင် သံဃာတော် ၁၀၃၅ ပါးအား တောင်ကလေးဆရာတော်နှင့်အလှူရှင်များ ဆွမ်းဆန်စိမ်းလောင်းလှူ | မြန်မာသံတော်ဆင့် သတင်းစာ (wordpress.com)

 198 total views

Categories
စကားလက်ဆောင်

။ တောရပ်ရွာကြွပါလေ ။

။ မိဘကိုခွာ
ကျောင်းရောက်လာတော့
ကျမ်းစာဖြာဖြာ သင်အံပေါ့။

။ ငယ်စာအခြေ သင်လို့နေသည်
ကျမ်းတွေစာတွေ စုံပေပေါ့။

။ ပါဠိဘာသာ မြန်မာစာနှင့်
သိတာမသိတာ သင်ရကြာတော့
ရင်မှာပင်ပန်းဖြစ်ရပေါ့။

။ ဆွမ်းမပြည့်စုံ ခြေစုံလှည့်လည်
အိမ်မယ်များများ လှည့်၍သွားလည်း
အရှင်ဘုရား ကန်တော့ဆွမ်း။

။ မိုးရွာနေလျှင်..
မိုးစိုသင်္ကန်း ခြေတွေလှမ်းပေါ့
ပင်ပန်းစိတ်နွမ်းကိုယ်မလန်း။

။ နေပူလျှင်လည်း…
ချွေးစိုသင်္ကန်း ဆွမ်းခံပန်းတော့
ကျောင်းခမ်းပြန်တော့ခြေမပေါ့။

။ စာကတစ်ဖက် စားတစ်ဖက်ပေါ့
ခက်ခဲကာလ တစ်ချိန်ကလျှင်
ဖြစ်ရဘဝ အဝဝကို
ပြောပြရင်လည်း ယုံဘူးပေါ့။

။ ယနေ့ကာလ..
ကျောင်းလေးသာသာ နေရပါလည်း
ရင်မှာအမြဲ ငယ်အကဲကို
ဆင်းရဲမာန်မူ မမေ့သူပါ
ငါဟူမာန ဘယ့်မရှိ။

။ ထိုကြောင့်….
ခုခေတ်အခါ ရဟန်းမှာဖြင့်
လိုရာအပြည့် ဖြည့်အပြည့်နှင့်
လိုသည့်အရာ ပြည့်စုံပါလည်း
ပညာမမက် ကျမ်းမတက်လို့
ကျောင်းထွက်ပြန်လာများကြတော့။

။ ခုခေတ်သာသနာ….
ထီးထမ်းလမ်းလျှောက် သားတိုးပေါက်ပြီး
ဟိုရောက်သည်ကြွ စာမရဘဲ
လှလှပပနေရတော့။

။ မြင်ကြည့်ပါကြ …
ခုချိန်ခုခါ ရှင်တို့ရွာမှာ
ကျမ်းစာပြီးမြောက် ထေရ်မြတ်ပျောက်၍
မပေါက်ကျမ်းရှင် ကျောင်းထိုင်ရှင်ဖြစ်
ရှိရှင်နှင့်သာ ကိုးရပေါ့။

။ ပညာတတ်မွန် ရဟန်းမွန်များ
မြို့ရံမြို့ရပ် နေထိုင်ကြလို့
ရပ်ရွာအရပ် အရှင်ရှား။

။ လျှောက်ကြားတော်မူ….
တောတောင်မြေခြား ရပ်တစ်ပါးသို့
အများဒါယကာ ပင့်လျှောက်ပါသည်
တောရွာသာသနာ…
ပြုပါစေလေ အရှင်တွေ
ဂုဏ်ပြုဝမ်းသာပါရစေ။

တောမှီရဟန်း
(၁၈-၅-၁၆) ရက်နေ့။

 67 total views

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ အခြား

ကရင်ပြည်နယ် ဘားအံမြို့တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားပြုစုသော သူ့အသက်ကိုချစ်ပါလေ စာအုပ်မှ ပရက္ကမဆရာတော်နှင့် သက်သတ်လွတ်

အသက်သတ်လွတ်စားခြင်းနှင့်  ပတ်သက်၍  စစ်ကိုင်းတောင်အနောက်ပရက္ကမချောင်  ဆရာတော်ကြီး၏  အဆိုအမိန့်များကို  မတင်မှီ    ပရက္ကမချောင်  သမိုင်းအကျဉ်းကို  ဖော်ပြပါမည်။  အနောက်  ပရက္ကမချောင်သည်  စစ်ကိုင်းတောင်ရိုး  ဥမင်သုံးဆယ်  ဘုရား၏  မြောက်ဘက်ချောက်ထဲတွင်  တည်ရှိပါသည်။

သမိုင်းဟောင်း

မြန်မာသက္ကရာဇ်  ၆၇၄  ခုနှစ်တွင်   ပင်းယမြို့ကို  စတင်သည်ထောင်သော  တစီးရှင်  သီဟသူ၏  သားတော်ကြီး  ဥစ္စာနာ(ဥဇနာ)မင်း      ဖြစ်သောအခါ  ‘ ပင်းကျား’ အရပ်၌  စကားခုနစ်ကျောင်းကို  ဆောက်လုပ်၍  သက္ကရာဇ် ၇၀၂-ခုနှစ်အတွင်း  ထိုစကားကျောင်းများကို  အသီးသီးရေစက်  သွန်းလောင်း  ကျောင်းလွှတ်ပူဇော်  သာဓုခေါ်ပွဲ  ကျင်းပတော်မူ၏။

စကားခုနစ်ကျောင်း  သံဃာတို့အား  ဝတ္ထုကံမိုးမြေ  အများအပြားကိုလည်း  လှူတော်မူ၏။  ယင်းဝတ္ထု  ကံမိုးမြေတို့ကို  အမှီပြု၍  မြေမှုမြေ ခင်းများ  ဖြစ်ကြသောကြောင့်  ရဟန်းတော်များသည်  ပရိယတ်  ပဋိပတ်တည်းဟူသော  ရဟန်းတို့  အလုပ်ယုတ်လျော့သည်ကို  မနှစ်       မြို့သဖြင့်  ရှင်သာသနဓဇသည်  တူရွင်းတောင်ခြေသို့လည်းကောင်း၊  ရှင်ပရက္ကမညီနောင်တို့သည်  တောင်ပလူ(တောင်ဘီလူး)  အရပ်သို့လည်းကောင်း  ပြောင်း၍  နေထိုင်ကြလေ၏။

ထိုအခါက  ‘အင်းဝမြို့’  မတည်ရသေး။  ကျန်စစ်မင်းကြီး  ကောင်းမှုထီးလှိုင်ရှင်ဘုရားသာ  ရှိသည်။  ထိုဘုရားအနီးတွင်  ရွာရှိ၏။  ထိုရွာကို  ဆွမ်းခံရွာ  ပြု၍  ပရက္ကမကျောင်း  သံဃာတို့  သီတင်းသုံးကြ၏။

မြန်မာသက္ကရာဇ် ၇၂၆ – ခုနှစ်၊  သတိုးမင်းဖျား  အင်းဝတည်သောအခါ  တောင်ပလူ(တောင်ဘီလူး) အရပ်မှာလည်း  လူသူနီးကပ်လာ၍  ပရက္ကမညီနောင်တို့သည်  စစ်ကိုင်းတောင်ရိုးသို့  ကူးကာ  “ အံ့တော်မူဘုရား”    အနောက်ချောက်၌အရှေ့အနောက်  တစ်ပါးစီ  ဧကစာရီ  နေကြသည်။  အရှေ့ပရက္ကမ၊  အနောက်ပရက္ကမဟု  တွင်သည်။  နောင်သောအခါ  စစ်ကိုင်း ချောက်  အမည်မှ  စစ်ကိုင်းချောင်  အမည်သို့  ရွေ့လျောကာ  အမည်တွင်ပြီး  ပရက္ကမချောင်  အနုရုဒ္ဓါချောင်  ပိတောက်ချောင်  စသဖြင့်  ချောက်မှ  ချောင်သို့ ပြောင်း၍  ခေါ်လာကြလေသည်။

ပရက္ကမညီနောင်တို့  ပရက္ကမချောက်ထဲ၌  သီတင်းသုံးနေကြစဉ်  ဥမင်သုံးဆယ်  ဘုရားမတည်ရသေး။  ထိုကြောင့်သာသနာလင်္ကာရ၌    “ စစ်ကိုင်းရှင်ဖြူ  ရှင်လှမြောက်၊  အံ့တော်မူဘုရား  အနောက်ချောက်မှာ  နေကြလေ၏။  အရှေ့အနောက်  ၂-တိုက်တည်၍  နေသော       ကြောင့် အရှေ့ ပရက္ကမ၊  အနောက်ပရက္ကမတွင်လေသည်။” ဟု  ထင်ရှားရှိသော  ဘုရားများဖြင့်  ချောက်တည်ရာကို  ညွှန်ပြထား၏။  ယနေ့  အံ့တော်မူဘုရား  မှာ  တံတိုင်းမီးတားနှင့်  ပစ္စယာမျှသာ  ရှိတော့၏။  ယခုနှစ်ဆိုလျှင်  ပရက္ကမချောင်  တည်ထောင်လာသည်မှာ  နှစ်ပေါင်း  ၅၃၀-ရှိပြီ  ဖြစ်ပါသည်။

အသားစားရှောင်ကြဉ်မှု

၁၃၃၇-ခု၊  တန်ခူးလဆန်း ၂-ရက်နေ့တွင်  ပျံတော်မူသော(ရဟန္တာဟု  ကျော်ကြားသည့်) အနောက်ပရက္ကမ  ဆရာတော်ဘုရားကြီးက “အချို့သူတို့သည်  သက်သတ်လွတ်စားခြင်းကို  အပြစ်ဆိုကြ၏။  ဒေဝဒတ်ဂိုဏ်းဝင်  တိတ္ထိတို့နှင့်ပင်  နှိုင်းကြ၏။  အပြစ်ဆိုသူတို့က  သာဓကဆောင်ကြသည်မှာ  ဒေဝဒတ်က  မြတ်စွာဘုရားအား  အချက်ငါးချက်တောင်းဆို၏။  မြတ်စွာဘုရားက  ခွင့်မပြု။  ယင်း  ငါးချက်တို့ကား  ပါရာဇိကဏ်  ပါဠိတော်၌  အောက်ပါအတိုင်း  ဟောထား၏။

(၁)  ရဟန်းတော်များ  အသက်ထက်ဆုံး  တောကျောင်းမှာ  နေပါစေ၊  ရွာကျောင်းနေလျှင်  အာပတ်သင့်ပါစေ။

(၂)  ရဟန်းတော်များ  သက်ထက်ဆုံး  ဆွမ်းခံစားပါစေ၊  ပင့်ဖိတ်သည့်ဆွမ်းကို  စားလျှင်  အာပတ်သင့်ပါစေ။

(၃)  ရဟန်းတော်များ  အသက်ထက်ဆုံး  ပံ့သကူသင်္ကန်းဆောင်ပါစေ  လူတို့လှူသော  သင်္ကန်းဆောင်လျှင်  အာပတ်သင့်ပါစေ။

(၄)  ရဟန်းတော်များ  အသက်ထက်ဆုံး  သစ်ပင်အောက်တွင်  နေပါစေ  အမိုးအောက်နေလျှင်  အာပတ်သင့်ပါစေ။

(၅)  ရဟန်းတော်များ  အသက်ထက်ဆုံး သား  ငါး   မစားပါစေနှင့်  စားသော်  အာပတ်သင့်ပါစေ။

ဤငါးချက်တို့ကို  ဒေဝဒတ်က  စိတ်ယုတ်မာဖြင့်  ခွင့်မပြုနိုင်မှန်းသိလျက်နှင့်  တောင်းဆိုခြင်း  ဖြစ်၏။  အချို့  ပုထုဇဉ်  ရဟန်းတို့ကို  ဒေဝဒတ်သည်  သန္တုဋ္ဌီသလ္လေခကြောင့်  ဤငါးချက်တို့ကိုတောင်းဆို၏   ဟု  ထင်မှားကြပြီး  ဒေဝဒတ်၏  နောက်ပါများဖြစ်သွားကြကာ  သံဃာသင်းကွဲ၏။

ဤအချက်ငါးချက်သည်  ကျင့်ဆောင်ရန်  အလွန်ခက်၏။  ထိုကြောင့်  ကျင့်ဆောင်နိုင်သည့်  ရဟန်းတော်များ  ကျင့်ဆောင်ကြ၍  မကျင့်ဆောင်သည့်  ရဟန်းတော်များ  မကျင့်ဆောင်ကြရန်  ဒေဝဒတ်၏တောင်းခံမှုကို  ခွင့်မှုကို  ခွင့်မပြု။  ဤငါးချက်စလုံး  ကျင့်ရန်  အလွန်ခက်ခဲ၏။  ထို့ကြောင့်လည်း  မြတ်စွာဘုရားက  ကျင့်လိုသူတို့  ကျင့်၍  မကျင့်လိုသူတို့မကျင့်ဘဲနေရန်  ခွင့်ပြုခဲ့၏။

ဤ၌  ကျင့်နိုင်၍  ကျင့်နေကြသူတို့ကို  အပြစ်မဆိုထိုက်ပါ။  ကျင့်ရန်  ခက်ခဲ၍သာ  ကျင့်ရမည်ဟု  ခွင့်မပြုခဲ့ခြင်း  ဖြစ်ပါသည်။

သံသယမဝင်ကြပါနှင့်

သက်သတ်လွတ်  စားခြင်း၏  သမိုင်းကို  ပြန်လှန်  ရှာဖွေသော်  မြတ်စွာဘုရား၏  အလောင်းတော်ဘ၀  ကမ္ဘာဦးအခါက  ဖြစ်ကြောင်းကို  ငါးရာငါးဆယ်  ဇတ်တော်  အသွယ်သွယ်တို့က  သာဓက  ပြနေကြပါသည်။

ငါတို့၏  ဆရာစဉ်ဆက်တို့ကလည်း-သက်သတ်လွတ်ဆွမ်းများဘုဉ်ပေးခဲ့ကြ၏။  ထိုဆရာတော်ကြီးတို့မှာ  ရဟန္တာဟု  ကျော်ကြားသော  ဘုန်းတော်ကြီး  ဦးသီလ၊  စစ်ကိုင်းမြို့  မဟာဂန္ဓာရုံဆရာတော်၊  မဟာသုခချောင်  ဆရာတော်၊ ရွေကျင်သာသနာပိုင်  သက်တော်ရာကျော်၊  စံကင်း ဆရာတော်၊  တောင်မြို့  မဟာဂန္ဓာရုံဆရာတော်  အရှင်ဇနကာဘိစံသ၊  ဝိပဿ       နာချောင်  ဆရာတော်နှင့်  သံဃာတော်များ၊  စစ်ကိုင်းတောင်ရိုးကမ္မဋ္ဌာနပုဂ္ဂိုလ်များ၊  မဟာဂန္ဓာရုံ  ဆရာတော်ကြီးနှင့်  ၎င်း၏တပည့်များ၊  ဆရာတော်  ဦးရန်ကုန်၊  ရွှေတောင်မြို့  ဆရာတော်  ဦးတိက္ခိန္ဒြိယ  စသည်  စသည်  ဆရာတော်ကြီးများကား  များပြားလှ၏။  ကျယ်ဝန်းမည်စို၍  မဖော်ပြတော့ပါ။

ဖော်ပြခဲ့သည့်  ဆရာတော်ကြီးများတွင်  (အမရပူရ)  တောင်မြို့  မဟာဂန္ဓာရုံ  ဆရာတော်  အရှင်ဇနကာဘိဝံသသည်  များစွာသော  ဘာသာဋီကာကျမ်းကြီးများကို  ပြုစုခဲ့သူ  ဖြစ်သည်။  အကယ်၍သာ  သက်သတ်လွတ်စားခြင်းသည်  စာပေနှင့်  မညီက  ဘုဉ်းပေးမည်  မထင်ပါ။  ထို့ကြောင့်  သက်သတ်လွတ်  စားသူတို့ကို  မစားနိုင်သူတို့က  အပြစ်မဆိုကြပါနှင့်။ သက်သတ်လွတ်စားသူတို့ကလည်း  ဖော်ပြခဲ့ပြီး  ဖြစ်သည့်  ဆရာတောကြီးများပင်  စာပေနှင့်ညီ၍  ဘုဉ်းပေးကြသေးတာပဲ၊  ငါတို့က  ဘာသံသယဝင်ရမှာလဲ၊  မပျက်မကွက်ကို  စားမှာပဲဟု  အဓိဋ္ဌာန်ပြု၍  စားကြပါ။  အနောက်ပရက္ကမချောင်  သံဃာတော်များ  အားလုံးသည်လည်း  ဆရာစဉ်ဆက်၏  သြဝါဒကို  ခံယူကြကာ  သက်သတ်လွတ်  ဘုဉ်းပေးကြပါသည်။

အစွန်းသုံးပါး

ရဟန်းရှင်လူ  သူတော်သီလရှင်  ဘာသာဝင်  အပေါင်းတို့  ဘုန်းပေးသုံးဆောင်ကြရာ၌  ရသတဏှာကို  ပယ်ခွာကြပါ။  ရသတဏှာ  အတတ်နိုင်ဆုံး  နည်းပါးရန်  သက်သတ်လွတ်  စားကြပါ။  သတ္တဝါများ  အပေါ်ကရုဏထားသဖြင့်လည်း  သက်သတ်လွတ်  စားကြပါ။  “အသားစားသူက  သတ္တဝါများကို  သနားလိုက်တာ”  ဟု  ဆိုပါက  မှန်မည်မဟုတ်ပါ။  ဘီလူးက  သက်သတ်လွတ်  စားသည်ဟု  ပြောသည်နှင့်  တူနေပါသည်။

သတ်သတ်လွတ်  စားမှုသည်  အကျင့်ထူးတစ်ခု  မဟုတ်စေကာမူ  သတ္တဝါများကို  တကယ်  သနားသောအားဖြင့်  စားသင့်လှ၏။  သတ္တဝါတို့၏  အသားကို  မလွှဲသာ၍  စားကြလျှင်လည်း  အစွန်းသုံးပါးလွတ်သော  အသားကို  စားကြပါ၊  အစွန်းသုံးပါးမှာ -မြင်သော  သားငါး၊  ကြားသောသားငါး၊  ငါ့အား  ရည်ရွယ်၍  သတ်လေသလားဟု  မသင်္ကာဖွယ်ရာသော  သားငါးတို့  ဖြစ်၏။

အသားကိုမစားဘဲ

အနောက်ပရက္ကမ  ဆရာတော်ကြီးသည်  တစ်သက်လုံး  ပဲဆွမ်းကိုသာ  ဘုဉ်းပေးသွားလေသည်။  အောက်ပါ  သြဝါဒကိုလည်း  ပေးလေ့ရှိ၏။

“သုံးဆယ့်တစ်ဘုံ  အလုံးစုံသော  သတ္တဝါတွေ  ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ၊  ချမ်းသာကြပါစေ”  လို့  အမြဲမေတ္တာပို့ကြတယ်၊  နေ့စဉ်  စားသောက်ကြတော့  ဒီသတ္တဝါတွေရဲ့  အသားတွေနဲ့ပဲ။  အဲဒီတော့  သုံးဆယ့်တစ်ဘုံ  အလုံးစုံသော  သတ္တဝါတွေ  ကျန်းမာကြပါစေ၊  ချမ်းသာကြပါစေ  မေတ္တာပို့နေတာလည်း  ဒီပါးစပ်ပဲ။  ဒီသတ္တဝါတွေရဲ့အသားကို  နေစဉ်စားနေကြတာလည်း  ဒီပါးစပ်ပဲ။  ဒီပါးစပ်နဲ့  စားသောက်နေပြီး  ဒီပါးစပ်နဲ့  မေတ္တာပို့နေတော့  လေးနက်မှု  မရှိလှဘူး။  မေတ္တာအစွမ်းအစ  စူးရှမှုကလည်း  နည်းမယ်။  သတ္တဝါတွေရဲ့  အသားမစားဘဲ၊  သတ္တဝါတွေအားလုံး  ကျန်းမာကြပါစေ၊  ချမ်းသာကြပါစေလို့  မေတ္တာပို့မှသာ  အစွမ်းအာနုဘော်  ပို၍  ရှိသတဲ့၊     ဒါကြောင့်  သတ္တဝါတွေရဲ့  အသားမစားဘဲ  မေတ္တာပို့နိုင်ကြအောင်  အားထုတ်ကြ”

ဖြစ်လေရာဘဝတိုင်း

သက်သတ်လွတ်  စားခြင်းနှင့်  စပ်လျဉ်း၍  ကုန်းနေသတ္တဝါ၊  ရေနေသတ္တဝါ၊  ကောင်းကင်နေ  သတ္တဝါဟု  သုံးမျိုးခွဲခြားပါ။  ထိုတွင်ကုန်းနေသတ္တဝါတို့၏  အသားကို  မစားဘဲ  ရှောင်ကြဉ်ပါက  “ ငါသည်ကုန်းနေသတ္တဝါတို့၏  အသားကို မစား၊  ဤအဓိဋ္ဌာန်  သစ္စာစကား  မှန်ကန်ပါက  ယခုဘဝမှစ၍  ဖြစ်လေရာဘဝတိုင်းတို့၌  မြေကြီးအထုနှင့်တူသော  ဘုန်းသမ္ဘာ  ကံဉာဏ်  ပညာနှင့်  ပြည့်စုံ၍  မဂ်ဉာဏ်ဖိုလ်ဉာဏ်နိဗ္ဗာန်ကို  လျှင်မြန်စွာ  ရရလိုပါ၏။”

ရေ၌နေသော  သတ္တဝါတို့၏  အသားကိုမစားပါက  “ ငါသည်ရေ၌နေသော  သတ္တဝါတို့၏  အသားကိုမစား၊  ဤအဓိဋ္ဌာန်  သစ္စာစကားမှန်ကန်ပါက  ယခုဘဝမှစ၍  ဖြစ်လေရာဘဝတိုင်းတို့၌  သမုဒ္ဒရာ  ရေလှိုင်းနှင့်တူသော  ဘုန်းသမ္ဘာ  ကံဉာဏ်ပညာနှင့်  ပြည်စုံ၍  မဂ်ဉာဏ်  ဖိုလ်ဉာဏ်  နိဗ္ဗာန်ကို  လျှင်မြန်စွာ  ရရလိုပါ၏ ”

ကောင်းကင်၌  နေကြကုန်သော  ငှက်စသော  သတ္တဝါတို့၏  အသားကို  မစားက  “ငါသည်ကောင်ကင်း၌  နေကြကုန်သောငှက်စသော  သတ္တဝါတို့၏  အသားကိုမစား၊  ဤအဓိဋ္ဌာန်  သစ္စာစကားမှန်ကန်ပါက  ယခုဘဝမှ  စ၍  ဖြစ်လေရာ  ဘဝတိုင်းတို့၌  အဆုံးမရှိသော  ကောင်းကင်ပြင်ကြီးနှင့်  တူသော  ဘုန်းသမ္ဘာ  ကံဉာဏ် ပညာနှင့်  ပြည့်စုံ၍  မဂ်ဉာဏ်၊  ဖိုလ်ဉာဏ်  နိဗ္ဗာန်ကို  လျှင်မြန်စွာ  မျက်မှောက်ပြုရပါလို၏” လို့  ဆုတောင်းကြပါ၊  မုချ  ပြည့်၀  ပါလိမ့်မည်ဟုလည်း  သြဝါဒ  ပေးပါသည်။

အသက်ရာကျော်
ဖရုံသခွား၊  စသည်အားဖြင့်၊
ကိုးပါးသီးကြီး၊  မငြီးစားဘွယ်၊
သီးငယ်အကုဋေ၊  များမြောင်ထွေ၏။
ကျက်သရေမချို့၊  လျှာရည်စို့သား၊
နို့စမ်းနို့ရည်၊  ရက်တက်ကြည်မှ၊
တလည်ထွေထူး၊  ဆီဦးထောပတ်၊
ငါးပါးမှတ်သည်၊  ကောင်းမြတ်သြဇ၊
ဂေါရသတည့်၊  ဆုံကထွက်လစ်၊
နှင်းဆီသစ်နှင့်၊  အုံဖြစ်ရွှဲရွှဲ၊
ပျားတင်းလဲမူ၊  ထိုကစသည်၊
သုဇာတဆွမ်း၊
နှိုင်းတမ်းလိုက်ဖက်၊  သူ့သက်မပါ၊
မြတ်သြဇာကို၊  မဟာဓမ္မ၊
ပါလရွာသား၊  အတုစားက၊

သက်ပွားရှည်ကြာ၊  ဆယ်ရာပတ်လုံး ”  စသဖြင့်သက်သတ်လွတ်ဟင်းလျာတို့သည်  ကောင်းမြတ်သည့်အပြင်  အသက်ရာကျော်ပင်  ရှည်နိုင်ကြောင်းလည်း  ဆုံးမတော်မူလေံ  ရှိပါသည်။

သက်သတ်လွတ်အစ

အစမထင်  ကျင်လည်ခဲ့ရသည့်  သံသရာ  တစ်လျှောက်မှာ  သူတစ်ပါးတို့၏  အသားကို  စားသောက်ခဲ့ကြရသည်မှာ  များပြားလှပြီ။  ဘဝတိုင်းစားရလို့  အားရသင့်ကြပြီ၊  ထိုသို့  စားကြသည်မှာလည်း   အသိဉာဏ်  မရင့်သန်ကြ၍ဟု  ဆိုရပေမည်။

အသိဉာဏ်ရင်သန်ကြသည့်  ဒီလိုဘ၀  ရကြတဲ့  အခါ သူတစ်ပါးအသားတို့ကို  မစားကြပါနဲ့တော့၊  မိမိတို့  ပါးစပ်ကို  သတ္တဝါတို့သင်္ချု ိင်း  မဖြစ်ပါစေနှင့်။

သုတ်ပါထေယျ  အဂ္ဂညသုတ်တော်တွင်  ကမ္ဘာဦးသူတို့သည်  မြေဆီလွှာတို့ကိုသာ  စားခဲ့ကြ၏။  ယခုခေတ်အခါ   မြေဆီမြေလွှာ  မရှိပါလည်း  ပကတိ  ဟင်းသီးမျိုး  ဟင်းရွက်မျိုး  ကောင်းနိုးရာရာတို့ကို  စားသုံးပါက  အလွန်ပေါများလှ၏။  ဤသက်သတ်လွတ်  စားမူ  ပေါ်ပေါက်ခဲ့သည်မှာ  သုတ်ပါထေယျ  အဂ္ဂညသုတ်ကို  ထောက်သော်  ကမ္ဘာဦးကပင်  ဖြစ်၏။  ထို့ကြောင့် “သက်သတ်လွတ်အစ — ကမ္ဘာဦးက”  ဟု  မှတ်တမ်းပြုရပေမည်ဟု  မိန့်ပြီးနောက် —

ဂါထာ  ၂ – ပုဒ်

ပုဒ်ရေဂါထာ  ၄၂၆ – ခုရှိသော  “သဗ္ဗမံသ  ပဟာနဓမ္မ” ကျမ်းမှ  အောက်ပါ  ၂ – ဂါထာကိုလည်း  အနက်နှင့်  တကွ  ရွတ်ဆိုပြလေ့ရှိပါသည်။

သုမေဓော   တေမိယော  ကဏှော၊
အကိတ္တိတာ  ပသာဒယော၊
သဗ္ဗေမံသံ  ဝိဝဇ္ဇေတွာ၊
ပူရေသုံ  ဗောဓိဟေတဝေ။   ။

သုမေဓော၊  သုမေဓာ  ရသေ့သည်လည်းကောင်း။  တေမိယော၊  တေမိရသေ့သည်လည်းကောင်း။  ကဏှော၊  ကဏှ  ရသေ့သည်  လည်းကောင်း။  အကိတ္တိတာပသာဒယော၊  အကိတ္တိရသေ့စသော  ဘုရားလောင်းတို့သည်လည်းကောင်း။  သဗ္ဗမံသံ၊  ဘဲ-ကြက်-ဝက်-နွား-  သားငါးစသော  သတ္တဝါတို့၏  အသားခပ်သိမ်းတို့ကို။   ဝိဝဇ္ဇေတွာ၊  ရှောင်ကြဉ်ကြကုန်၍။  ဗောဓိဟေတဝေ၊  သဗ္ဗညုတဉာဏ်၏       အကြောင်းရင်းဖြစ်ကုန်သော  ပါရမီ  အဆောက်အဦတို့ကို ။   ပူရေသုံ၊  ပြည့်ကြကုန်ပြီ။

တသ္မာ သလ္လေခိကော ပေါသော၊
သံပဿ အတ္ထမတ္တနော။
သဗ္ဗမံသံ ဝိဝဇ္ဇေယျ၊
ယောဂက္ခေမဿ ပတ္တိယာ။

တသ္မာ၊  ထိုသို့  ဘဲ- ကြက်- ဝက်-နွား  စသော  သတ္တဝါ  အပေါင်းတို့၏  အသားခပ်သိမ်းတို့ကို  ရှောင်ကြဉ်ကြကုန်၍  သဗ္ဗညုတဉာဏ်၏  အကြောင်းရင်း  ဖြစ်ကုန်သော  ပါရမီ  အဆောက်အဦတို့ကို  ဖြည့်ကျင့်  ကြပါကုန်သောကြောင့်။  သလ္လေခိကော၊  ကိလေသာ  ခေါင်းပါးအောင်  ကျင့်သော။  အတ္တနော၊  မိမိ၏။  အတ္တံ၊ အကျိုးစီးပွားကို၊ သံပဿံ-သံပဿန္တော၊ ရှုသော။  ပေါသော၊  သတ္တဝါသည်။   ယောဂက္ခေမဿ၊  ယောဂလေးပါးတို့၏  ကုန်ရာဖြစ်သော  နိဗ္ဗာန်သို့။  ပတ္တိယာ၊  ရောက်စေခြင်းငှာ။  ဝါ၊  ရောက်အောင်။  သဗ္ဗမံသံ၊  ခပ်သိမ်းသော  သတ္တဝါတို့၏  အသွေးအသား  အညှီအဟောက်ကို။  ဝိဝဇ္ဇေယျ၊  ရှောင်ကွင်းရာ၏။

မေတ္တာ

သတ္တဝါတို့ကို  ချစ်ခင်ကြင်နာ၍  အသားစား  ရှောင်ကြဉ်သူတို့သည်  မေတ္တာ  ကရုဏာ  ဗြဟ္မစိုရ်တရား  များပြားကြ၏။  ဗြဟ္မစိုရ်တရားလေးပါးကို  ပွားများသူတို့မှာ  သတ္တဝါတို့ကို  အစဉ်သနား  ချစ်ခင်၏။  ချမ်းသာမှုစသည်တို့၌  ဝမ်းမြောက်၍  ကောင်းဆိုးနှစ်ဝကို  ဥပေက္ခာ    ပြုနိုင်ကြ၏။

ဤဗြဟ္မစိုရ်တရား  လေးပါးတို့တွင်  မေတ္တာသည်  သမထဘာဝနာ  တွင်ပါဝင်၏။  ကမ္မဋ္ဌာန်းလေးဆယ်တွင်  သဗ္ဗတ္ထက  ကမ္မဋ္ဌာန်း           ဖြစ်၏။  ကမ္မဋ္ဌာန်း  လေးဆယ်လုံးနှင့်  ဆက်နွယ်သက်ဆိုင်၏။  ထို့ကြောင့်    မည်သည့်ကမ္မဋ္ဌာန်း  စီးဖြန်းသူ  ဖြစ်ဖြစ်  မေတ္တာကမ္မဋ္ဌာန်းကို  စီးဖြန်းရမည်  ဖြစ်၏။

လူသားတို့နှင့်  သက်ရှိသတ္တဝါတို့မှာ  မေတ္တာနှင့်  ကင်းသူ  မရှိဟုဆိုရချေမည်။  မေတ္တာနည်းပါးသူနှင့်  များပြားသူသာ  ကွာခြားကြပေ မည်။  မေတ္တာတရားသည်  ဗုဒ္ဓဘာသာမှာ  သာမက  ဘာသာတိုင်းတွင်ပါဝင်သော  တရား  ဖြစ်၏။  အထူးသဖြင့်  ဗုဒ္ဓဘာသာတို့မှာ  နေ့စဉ်မပြတ်တလစပ်  ပွားများကြရမည်  ဖြစ်၏။

အိပ်ရာဝင်စသော  အချိန်တို့တွင်  ပါဠိမြန်မာ  ကြိုက်နှစ်သက်သော  ဘာသာတို့ဖြင့်  မေတ္တာပို့ကြ၏။  ထို့ကြောင့်  ဘာသာဝင်တိုင်း  မေတ္တာ  ကမ္မဋ္ဌာန်း၊  သဗ္ဗတ္ထက  ကမ္မဋ္ဌာန်း  စီးဖြန်းကြ၏။  ဘုရားသခင်ကလည်း  “ ငါ၏  ချစ်သား  ချစ်သမီးတို့ — လက်ဖြစ်တစ်တက်ခန့်မျှ      ဖြစ်သော  မေတ္တာစိတ်ကို  ပွားများအံ့၊  ဈာန်မှ  ဆိတ်သုဉ်းခြင်း  မရှိမူ၍  ဝါ –  ဈာန်ဝင်စားနေသည်ဟူ၍  ဆိုအပ်၏” ဟု  မိန့်တော်မူ၏။ (အင်္ဂုတ္တရနိကာယ်  ဧကနိပါတ်  အစ္ဆရာသင်္ဃာတဝဂ် (နာ -၁၀ ) ရှု။

ဘာသာဝင်  အပေါင်းတို့  ဤပါဠိတော်ကို  ထောက်၍  မေတ္တာပွားကြပါ။မေတ္တာပွားလျှင်  ဈာန်ဝင်စားသည်ဟုပင်  အထက်ပါ  ပါဠိတော်က  ပြနေ၏။  မေတ္တာဘာဝနာပွားများသောအခါ  မိမိစွမ်းနိုင်သလို  ပွားများနိုင်ပါ၏။

မေတ္တာသည်  လူကြီးလူငယ်  အားလုံးနှင့်  ဆက် နွယ်၏။ ဘာသာဝင်ဟူသမျှ  ပွားများကြရမည့်  သမထတရား ဖြစ်၏။ မေတ္တာတန်ခိုးကား  ကမ္ဘာကို  ပါစိုးမိုးနိုင်၏။  ဘာသာရေး၊  လူမှုရေး၊  စီးပွားရေး  စသော  ဆက်ဆံရေး  အ၀၀တို့မှာ  မေတ္တာတရားသည်  အမြဲပါဝင်၏။          “ တစ်ဦးမေတ္တာ  တစ်ဦးမှာ ” ဆိုသည့်  ပမာ  တစ်ဦးက  မေတ္တာရှိမှ  တစ်ဦးက  ပြန်လည်   ရှိ၏။  တစ်ဦးက  မေတ္တာအမြဲရှိနေပါက  ထိုသူ့အပေါ်၌  မည်သို့ပင်  မုန်းမုန်းတစ်နေ့  အမုန်းပျက်ပြီး  မေတ္တာသက်စမြဲ  ဖြစ်၏။

ကောင်းကင်သည်  အဆုံးအစမရှိ  ကျယ်ဝန်းသလို  မေတ္တာသည်လည်း  အဆုံးအစမရှိ  ကျယ်ဝန်းကြောင်းကို  ရှေးဆရာများက “ မေတ္တာသဒ္ဒေအနန္တော” ဟု  မိန့်ကြသည်။  “ မေတ္တာ  သဒ္ဒေါ- အကနိဋ္ဌော”  ဟုလည်း  မေတ္တာပွားထုံလျှင်  အကနိဋ္ဌဗြဟ္မာဘုံသို့  ခိုလှုံနိုင်၏ဟု    မိန့်ကြသည်။  ထို့အပြင်  မေတ္တာတရားသည်  ဗြဟ္မဝိဟာရ  တရား  ဖြစ်၏ဟုလည်း   သြဝါဒ  ပေးခဲ့ကြပါသေးသည်။

ဆရာတော်၏မှတ်စု

သူ့အသက်ကိုမသတ်၊ သူ့အသားကိုမစားဘဲ  နေကြ၍  မေတ္တာဘာဝနာ ပွားများကြရန် တိုက်တွန်းသော  ဆရာတော်၏  အမှာစာတွင်-

(၁)  မေတ္တာတရား၊  လက်ကိုင်ထား၊  မလားပါယ်လေးရွာ။
(၂)  မေတ္တာတရား၊  နေ့စဉ်ပွား၊  ထင်ရှားလာမည်သာ။
(၃)  မေတ္တာတရား၊  အမြဲပွား၊  တိုးပွားဉာဏ်ပညာ။
(၄)  မေတ္တာပွားများ။  အသားစား၊  တအားရှောင်ကြဉ်ပါ။
(၅)  မေတ္တာပွားပြန်၊  မှားမမှန်၊  ဧကန်ချမ်းသာမှာ။
(၆)  မေတ္တာကိုဆောင်၊  ကြံတိုင်းအောင်၊  လူ့ဘောင်ကျော်ကြားလာ။
(၇)  မေတ္တာအကျိုး၊  နေ့တိုင်းတိုး၊  တန်ခိုးပြည့်စုံမှာ။
(၈)  မေတ္တာအတွက်၊  ရန်သူပျက်၊  ဆက်လက်ပွားများပါ။
(၉)  မေတ္တာတန်ခိုး၊  ရန်သူမျိုး၊  ပျက်ရိုးအမှန်ပါ။
(၁၀)  မေတ္တာရေချမ်း၊  အမြဲဖျန်း၊  ဘေးဘျမ်းရှင်းရှင်းကွာ။
(၁၁)  မေတ္တာအတွက်၊  မသတ်ရက်၊  လွတ်ချက်ဧကန်ပါ။
(၁၂)  မေတ္တာရှေ့သွား၊  နှလုံးထား၊  အများချမ်းသာရာ။
(၁၃)  မေတ္တာပို့ပြန်၊  ရန်သူ့ထံ၊   ဒဏ်ပြန်ဆေးမှတ်ပါ။
(၁၄)  မေတ္တာမွှမ်းထုံ၊  ဘေးမျိုးလုံ၊  အကုန်ချမ်းသာရာ။
(၁၅)  နှုတ်ကြမ်းမောက်မာ၊  မဲ့မေတ္တာ၊  ချိုးသာပြေပြစ်၊  လူတိုင်းချစ်။
(၁၆)  ဘေးရန်နှင့်တွေ့၊  မေတ္တာမွေ့၊  ရန်ငွေပျက်ပြုံးမည်။
(၁၇)  မေတ္တာတရား၊  ပွားသူများ၊  ရောက်ငြားဘုံဗြဟ္မာ။
(၁၈)  မေတ္တာအစွမ်း၊  ကမ္ဘာလွမ်း၊  ငြိမ်းချမ်းသာယာမှာ။
(၁၉)  မေတ္တာအဟုန်၊  ကမ္ဘာလုံ၊  လူ့ဘုံအေးချမ်းသာ။
ဟုရေးသားထားပါသည်။

(အရှင်စာရန္ဒ (ဓမ္မစရိယ) ရေး  အနောက်ပရက္ကမ  ဆရာတော်၏  ဖြစ်စဉ်နှင့်  ကျင့်စဉ်များမှ)

နိဂုံး

ဤမျှသော  စကားစဉ်ဖြင့်
စာရေးသူသည်
အရှင်မဟာရဋ္ဌသာရ၏
“ကိုယ်နှင့်လည်းစာ
သတ္တဝါကို
ကြင်နာလှစေ
သူ့အသက်ကို – ချစ်ပါလေ ”
ဟူသော  သြဝါဒကို
ဦးထိပ်ရွက်ဆင်လျက်
နိဂုံးကမ္ပတ်
အဆုံးသတ်အပ်ပါသတည်း။

၁၃၃၅-ခု၊  ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက်   (၅-၈-၁၉၉၃)

ကျမ်းကိုး

၁။  ဝိနည်းမဟာဝါ  ပါဠိတော်

၂။  ဝိသုဒ္ဓိမဂ်  အဋ္ဌကထာ

၃။  သုတ်ပါထေယျ  အဋ္ဌကထာ

၄။  ပါရာဇိကဏ်  အဋ္ဌကထာ

၅။  ဒသကအင်္ဂုတ္တိုရ်  ပါဠိတော်

၆။  အဋ္ဌသာလီနိ   အဋ္ဌကထာ

၇။  မဟာဝဂ္ဂသံယုတ်

၈။  အဂုၤတ္တိုရ်တိကနိပါတ်  ပါဠိတော်

၉။  ဧကနိပါတ်  ဂေါမဇာတ်

၁၀။  သုတ်သီလက္ခန်  အဋ္ဌကထာ

၁၁။  စတုတ္ထအင်္ဂုတ္တိုရ်  အဋ္ဌကထာ

၁၂။  စရိယပိဋကတ်

၁၃။  မနုဓမ္မသတ်

၁၄။  လယ်တီပုစ္ဆာအဖြေပေါင်းချုပ်၊  ဟံသာဝတီပိဋကတ်  ပုံနှိပ်တိုက်  ရန်ကုန်မြို့  (၁၉၅၆ )

၁၅။  အနောက်ပရက္ကမဆရာတော်၏  ဖြစ်စဉ်နှင့်ကျင့်စဉ်များ

၁၆။  လူ့အစာစစ်တမ်း   ‘ Man’s  Food ’  ဇမ္ဗုဝတီ  ပိဋကတ်  စာပုံနှိပ်တိုက်  ရန်ကုန်မြို့ ( ၁၉၆၅ )

၁၇။  သက်သတ်လွတ်စားခြင်းနှင့်  ပတ်သက်၍  နိုင်ငံခြားတိုင်းပြည်များနှင့်မြန်မာပြည်မှ  ထုတ်ဝေသော  စာ-နယ်-ဇင်းများ၊  စာရွက်စာတမ်းများ  ဟောပြောချက်များ။

Photo by Stefan Fluck on Unsplash

 244 total views

Categories
စကားလက်ဆောင်

ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားပြုစုသော သူ့အသက်ကိုချစ်ပါလေ စာအုပ်မှ ရသတဏှာ

လွန်လေပြီးသောအခါ မြတ်စွာဘုရားအလောင်းတော်သည် ဗာရာဏသီမင်း ဖြစ်တော်မူစဉ် မင်းဥယျာဉ်၌ သဉ္ဇယ မည်သောသူကို ဥယျာဉ်မှူး ခန့်ထားလေ၏။

ထိုအခါ သမင်တစ်ကောင်သည် တောမှလာ၍ ထိုဥယျာဉ်၌ မြက်နုတို့ကိုစား၏။ ဥယျာဉ်မှူးသည် ထိုသမင်ကို မခြောက်မလှန့်မူ၍ ယဉ်ပါးအောင်ပြု၏။ ဥယျာဉ်၍ဖြစ်သော ပန်းသစ်သီးများကို မင်းကြီးအား ဆက်သရန် နန်းတော်သို့ဝင်၍ မင်းအား ထိုသမင်အကြောင်းကိုပြော၏။ သင်ရအောင် ဖမ်းယူနိုင်ပါမည်လော ဟုမေးရာ ပျားရည် လုံလောက်စွာရပါလျှင် ဖမ်းနိုင်ပါ၏။ နန်းတော်တွင်းသို့ ဝင်အောင်ပင် တတ်နိုင်ပါ၏ ဟုလျှောက်၏။

ပျားရည် လုံလောက်စွာရ၍ ဥယျာဉ်သို့ ပြန်ရောက်လေသော် ထိုသမင်စားရာဌာန၌ မြက်နုတို့ကို ပျားရည်ဆွတ်လူး၍ထား၏။ သမင်သည် ပျားရည်လူးသောမြက်ကိုစား၍ ပျားအရသာ၌ စွဲလန်းသောအခါ တောသို့မပြန်ဘဲ ဥယျာဉ်ထဲမှာသာနေ၍ တခြားမြက်ကိုမစားနိုင် ပျားရည်လူးသော မြက်ကိုသာစား၏။

ထိုအခါ နန်းတောထဲသို့သွင်းရန် မင်းကြီးအား ပြောကြား၍ လမ်းတလျှောက်၌ စိမ်းရှင်သော သစ်ကိုင်းသစ်ခက်တို့ကို ကာရံစေပြီးလျှင် ဥယျာဉ်မှူ းသည် ပျားရည်လူးသော မြက်စိမ်းတို့ကို ကိုင်ယူ၍ သမင်ကိုပြလျက် ရှေ့က သွားလေရာ သမင်သည် နန်းတော်တွင်းသို့ ရောက်လေ၏။ ထိုအခါ များစွာသော လူတွေကိုမြင်၍ ကြောက်လန့်ခြင်း ပြင်းစွာ ဖြစ်သဖြင့် ထိုမှ ဤမှ မရပ်မတည် ပြေး၍ နေ၏။ မင်းကြီး မြင်တော်မူလတ်သော် သနားခြင်းဖြစ်ပြီးလျှင် ရသတဏှာ၏ အပြစ်ကို မြင်တော်မူ၍ မင်းပရိတ်သတ်အပေါင်းအား ဤသို့ ပြောကြားပေ၏။

ပညာရှိစကား ကြားရဖူးသည်ကား ရသာရုံတို့ထက် လွန်၍ ယုတ်မာသောတရားသည် မရှိ။ တိုက်အိမ် ဘုံနန်း စသည်တို့ထက်လည်းကောင်း၊ သားမယားစသော ချစ်ကျွမ်းဝင်သူတို့ထက်လည်းကောင်းရသာရုံတို့သည် သာလျှင် ထောင်သောင်းမက အဆများစွာ သာလွန်ထူးကဲ၍ ယုတ်မာလှကုန်၏။ တောရပ်ဂနိုင် မြိုင်ကြီးအတွင်း၍ မှီတင်းနေထိုင်သော သမင်ပျံကို ဥယျာဉ်မှူ း သဉ္ဇယသည် ပျားရည် ဟူသော ရသာရုံတို့ဖြင့် မိမိအလိုသို့ ဆောင်နိုင်ပါ၏။

အဘယ်ကြောင့် ရသာရုံ ရသတဏှာတို့သည် အယုတ်မာဆုံးဖြစ်ကြသနည်း။ အိမ်ရာတိုက်တာဘုံနန်းဗိမာန်တို့၌ ခင်တွယ်သော အာဝါသတဏှာသည်လည်း တခြားတစ်ပါးသော တဏှာတို့ထက် ယုတ်မာလှ၏။ သားမယား ဆွေမျိုးညာတကာတို့၌ ခင်တွယ်သော တဏှာသည်လည်း အခြားတစ်ပါးသော တဏှာတို့ထက် ယုတ်မာလှ၏။ လျှာအရသာတို့၌ ခင်တွယ်သော ရသတဏှာသည်မူကား ထိုတဏှာတို့ထက်ပင် အဆအရာမက အဆအထောင်မက ယုတ်မာလှ၏။ အဘယ်ကြောင့်နည်း ဆိုသော် အိပ်နေဆဲကို ချန်လှပ်၍ တစ်နာရီမျှ အပြတ်မခံနိုင်ဘဲ အမြဲသုံးဆောင်ရခြင်းကြောင့် လည်းကောင်း၊ အစာအာဟာရမှတစ်ပါး အသက်ကို စောင့်ရှောက်နိုင်သော ဝတ္ထုဟူ၍ တစ်စုံတစ်ခုမျှ မရှိသော အသက်မွေးမှုကြီးဖြစ်နေသောကြောင့်တည်း။

“ အာဝါသတဏှာ ” ၊ “ ညာတိမိတ္တသန္ထဝတဏှာ ” တို့ထက် အဆရာထောင်မက ကြီးကျယ်လှ၏ ဟူသော စကား၌ ပေါရိသာဒမင်းသည် ရသတဏှာ အတွက်နှင့် တိုင်းပြည် နိုင်ငံ ဘုံနန်းဗိမာန်တို့ကို လည်းကောင်း၊ မောင်းမမိဿ ံ၊ မိဖုရား သားတော် သမီးတော် ဆွေတော်မျိုးတော် အလုံးစုံကိုလည်းကောင်း စွန့်ပစ်၍ ရသတဏှာ၏ ကျွန် လုပ်၍နေရ၏။ ရသတဏှာ လွန်ကဲမှုနှင့်စပ်သော ဇာတ်နိပါတ် ဝတ္ထုသက်သေ အများရှိ၏။

အိပ်နေဆဲကိုချန်လှပ်၍ တစ်နာရီမျှ အပြတ်မခံနိုင်ဘဲ အမြဲမှီဝဲသုံးဆောင်ရခြင်း ဆိုသည်ကား ထမင်းအစာအာဟာရ ကိစ္စများလည်းတစ်နေ့လျှင် ၂-ထပ် သို့မဟုတ် ၁-ထပ် နေ့စဉ် မြဲကြရ၏။ တစ်နေ့တစ်ရက်မျှ အလပ်မခံနိုင်ကြ၊ ထမင်းနပ်တို့၏အကြား၌ မုန့်ပဲ သစ်သီးခဲဖွယ် အလှော်အကြော်၊ အဖျော်အရည် အရက်မျိုးရှိတိုင်း တွေ့တိုင်းစားကြရ၊ သောက်ကြရသေး၏။ လက်ဖက်ဆေးကွမ်းတို့မှာ ခံတွင်း၌ မပြတ်ဝါးရန်၊ ငုံရန်၊ သောက်ရန်၊ ရှုရန် အမြဲရှိကြစေရ၏။

ဤသို့လျှင် လျှာခံတွင်းမည်သည် သာယာဖွယ် အာရုံ၊ သာယာဖွယ် တဏှာနှင့် တစ်နာရီမျှ အပြတ်မခံနိုင်ကြသော ဌာနဖြစ်၏။ ကျန်ရှိသော မျက်စိအရာ နားအရာ စသည်တို့မှာကား သာယာဖွယ်သော အဆင်း၊ အသံ၊ အစရှိသော အာရုံ သာယာခြင်း တဏှာတို့နှင့် တစ်ရက်မက တစ်လမက တစ်နှစ်မကပင် အပြတ်ခံနိုင်ကြကုန်၏။ ထိုကြောင့် ရသတဏှာသည် အကြီးအကျယ်ဆုံးသော တဏှာဖြစ်၏ ဟူဆိုသည်။

အသက်မွေးမှုကြီး ဖြစ်နေကြသည်ဟူသောစကား၌ လောကတွင် အသက်မွေးမှုသည် အရေးအကြီးဆုံးဖြစ်၏။ ရေသတ္တဝါ အနန္တ၊ ကုန်း သတ္တဝါ အနန္တတို့မှာ ထိုအမှုကြီးသည် အချုပ်အချာ ဖြစ်၏။

အသက်မွေးမှု ဟူသည်မှာလည်း ကဗဋ္ဌီကာရ အစာအာဟာရဖြည့်စွမ်းမှုကြီးပေတည်း။ ထိုကဗဋ္ဌီကာရ အစာအာဟာရဖြည့်စွမ်းမှုကြီးသည် အသက်ကို ပွားစီးစေခြင်း၊ ရသတဏှာကို ပွားစီးစေခြင်း အကျိုး ၂-ပါးကို အမြဲဆောင်ရွက်ပေ၏။ ဤသို့လျှင် အသက်မွေးမှုသည် တခြားတစ်ပါးသော အမှုခပ်သိမ်းတို့ထက် အဆတစ်ရာမက၊ အဆတစ်ထောင်မက၊ အဆအသောင်းအသိန်းမက ကြီးကြယ်လှသော အမှုကြီး ဖြစ်သောကြောင့် ရသတဏှာသည်လည်း ခပ်သိမ်းသော တဏှာဟူသမျှတို့ထက်အဆအရာ၊ အထောင်၊ အသောင်း၊ အသိန်းမက ကြီးကျယ်လှသော တဏှာကြီး ဖြစ်လေသည်။

ထိုရသတဏှာသည် အဘယ်မျှလောက် ယုတ်မာမှု၊ အကျိုးမဲ့မှု ကြီးကျယ်သနည်းဟူမူကား၊ အသက်ကို ပွားစီးစေခြင်း ကိစ္စသည်လည်း အလွန်အလွန် ကြီးကျယ်သော ဒုစရိုက်နယ်ကြီး တစ်ပါး ဖြစ်၏။ ရသတဏှာ တိုးတက်ပွားစီးခြင်း ကိစ္စသည်လည်း အလွန် ကြီးကျယ်သောဒုစရိုက်နယ်ကြီးတစ်ပါးဖြစ်၏။

ဤငါတို့ ဗုဒ္ဓဘာသာနိုင်ငံမှာပင် နွားသတ်ရုံ၊ သားသတ်ရုံတို့၌ နွားကောင်ရေပေါင်း၊ သားကောင်ကောင်ရေပေါင်း၊ ကြက်ကောင်ရေပေါင်း၊ ငှက်ကောင်ရေပေါင်း တစ်နေ့တစ်ရက်အတွင်းမှာပင် အသောင်းများစွာသေဆုံးရာ၏။ တစ်လတစ်လအတွက်မှာပင် အသိန်းများစွာ သေဆုံးရာ၏။ ဤရသတဏှာ၏ စက်ကြီးပင်တည်း။ ကမ္ဘာပေါ်ရှိ ဘီးလူးသဘက်တို့၏ အတတ်ကြောင့် ကပ်ရောဂါကြီးတွေ ဖြစ်ပေါ်နေခြင်းသည်လည်း ဤတဏှာစက်ကြီးပင်တည်း။

သေဆုံးကြရာ၌လည်း သေဆုံးကြသော သတ္တဝါတို့၏ ခန္ဓာကိုယ်တို့၌ ရှိနေကြသော အသားအသွေး ရသာရုံတို့သည် အတွင်းရန်သူတို့ပေတည်း။ ထိုရသာရုံတို့သည် သတ်သောသူတို့ကိုလည်း တွင်တွင်သတ်အောင် နှိုးဆော်ကုန်၏။ စားသောသူများကိုလည်း တွင်တွင်စားအောင်နှိုးဆော်ကုန်၏။ ဥပမာ အသီးအရွက် စားကောင်းသော သစ်ပင်တို့မှာ အသီးအရွက်သည် အတွင်းရန်သူဖြစ်၏။ အသီးအတွက် အရွက်အတွက် အနှုတ်အချိုင်ခံရ၏။ အသီးအရွက် မစားကောင်းသော သစ်ပင်သည် ချမ်းသာ၏။

ဤဥပမာကဲ့သို့ ရေသတ္တဝါ အနန္တ၊ ကုန်းသတ္တဝါ အနန္တတို့မှာ အသက်လွတ်အစာ အာဟာရစားကြသူ အလွန်နည်းပါး၏။ နိုင်ရာနိုင်ရာ ဖမ်းယူ၍ စားကြသူအလွန်များ၏။ ဤရသတဏှာ၏ စက်ကြီးပင်တည်း။ အဘယ်မျှလောက် နည်းပါးသည် အဘယ်မျှလောက် များပြားသည်ဟူမူ- ဤအရာ၌ မဟာဝဂ္ဂသံယုတ်တွင်လာသော နခသိခသုတ် ဒေသနာကို ထုတ်ဖော်ပြဆိုရာ၏။

ထိုသုတ် ဒေသနာတော်၏ အချုပ်ကို အနည်းငယ်မျှ ပြပေးအံ့။

မြတ်စွာဘုရားသည် လက်သည်းတော် အဖျား၌ မြေမှုန့်ကို တင်ထား၍ ရဟန်းတို့ကို မေးတော်မူ၏။ ရဟန်းတို့- ငါ၏လက်သည်းဖျားမှာ တင်ထားသော မြေမှုန့်စုနှင့် မဟာပထဝီအပြင်မှာရှိသော မြေမှုန့်စုသည် အဘယ်ကများသနည်းဟု မေးတော်မူ၏။ ရဟန်းတို့က လက်သည်းတော်ဖျား၌ တင်ထားသော မြေမှုန့်စုက အလွန်နည်းပါးလှသောကြောင့် မဟာပထဝီမြေပြင်မှာ ရှိနေသော မြေမှုန့်စုက အလွန်များပြားလှပါကြောင်းလျှောက်ကြကုန်၏။ ထိုအခါ ဤသို့ဟောတော်မူ၏။

ဤသတ္တလောကကြီး၌ သူ့အသက်သတ်မှုမှ ကြဉ်ရှောင်သူသည် လက်သည်းတော်ဖျားမှာ တင်ထားသော မြေမှုန့်စုကဲ့သို့ အလွန် နည်းပါ၏။ သူ့အသက်ကို သတ်မှုမှ မရှောင်ကြဉ်သူသည် မဟာပထဝီ မြေပြင်မှာရှိနေသော မြေမှုန့်များကဲ့သို့ များပြား၏ဟု ဟောတော်မူ၏။ အဒိန္နာဒါန် စသည်တို့မှာလည်း ဤနည်းတူ ဟောတော်မူ၏။

ဤဒေသနာတော်များကို ထောက်၍ အသက်သတ်လွတ် အစာအာဟာရကို စားကြသူ ဘယ်မျှလောက် နည်းပါးသည် နိုင်ရာနိုင်ရာ စားကြသူ ဘယ်မျှလောက် များပြားသည်ဟု သိနိုင်ရာ၏။ ဤသည်လည်းရသဏှာစက်ကြီးပင်တည်း။ ဤတွင်လည်း နိုင်ရာနိုင်ရာ စားကြသူများတွင် အသက်လွတ်စားရန်မရှိ၍ အသက်ရှိကို စားရသူများလည်းရှိရာ ရေသတ္တဝါများကိုမြော်လေ။ အသက်သတ်လွတ်စားရန်ရှိလျက်နှင့် ရသတဏှာအတွက် အသက်ရှိကို စားကြသူသည် အလွန်များ၏။ ကုန်းသတ္တဝါ များကိုမြော်လေ။ ဤသို့လျှင် တစ်လောကလုံး ဒုစရိုက်တောကြီး ဖြစ်နေသည်။ ရသတဏှာ ယုတ်မာမှုကြီးပေတည်း။

ထိုကြောင့် ဤအသက်မွေးမှုကြီး၊ ရသတဏှာ မွေးမှုကြီး ၂-ပါးသည် အလွန်ကြီးကျယ်သော ဒုစရိုက်နယ်ကြီး၂-ပါးဖြစ်ကြောင်း၊ အလွန်ယုတ်မာသော တဏှာကြီးဖြစ်ကြောင်း ထင်ရှား၏။ သေကြသည့်အခါ၌လည်း သုဂတိဘဝ၌ ဖြစ်သော သတ္တဝါသည် လက်သည်းတော်ဖျား၌တင်ထားသော မြေမှုန့်ကဲ့သို့ အလွန်နည်းပါး၏။ အပါယ်၌ ဖြစ်ရသော သတ္တဝါသည် မဟာပထဝီ မြေပြင်ကြီးမှာ ရှိနေသော မြေမှုန့်စုကဲ့သို့ အလွန်များပြား၏ဟု သုတ်ဒေသနာတော်များစွာ လာရှိပြန်၏။

ဤဒေသနာတော်များကို ထောက်၍ အပါယ်သို့ ကျရောက်လေသော သတ္တဝါ ဟူသမျှသည် သုဂတိဘဝသို့ ပြန်ရောက်ဖို့ အလွန်ခဲယဉ်းကြောင်း၊ ဘဝတစ်သောင်းနှင့်လည်း ပြန်နိုင်ခွင့်မရှိ၊ ဘဝတစ်သိန်းနှင့်လည်း ပြန်နိုင်ခွင့်မရှိ။ များစွာသော ကျောက်တုံး ကျောက်ခဲတို့ကို သမုဒ္ဒရာရေပြင်မှာ ပစ်ချလိုက်ရာ အောက်သို့သာ နှစ်မြှပ်သွားကြကုန်သကဲ့သို့ ထိုသတ္တဝါတို့သည် တစ်ဘဝထက် တစ်ဘ၀ နစ်မြှုပ်၍သာသွားကြကြောင်းကို သိနိုင်ရာ၏။

ဤအရာ၌ ၎င်းမဟာဝဂ္ဂသံယုတ်၌ပင် လာရှိသော “လိပ်ကန်း” ဥပမာ- ‘ ကာဏကစ္ဆပေါပမသုတ်’ ကိုလည်း ကြည့်ရာ၏။ ဤအလုံးစုံသည်ကား ရသတဏှာသည် ခပ်သိမ်းသော တဏှာတို့ထက် အဆသိန်းသောင်းလွန်ကဲကြောင်း၊ ယုတ်မာကြောင်းကို ဖွင့်ဆိုနိုင်ပေသော ‘ ဝါသမိဂဇာတ် အဋ္ဌကထာ ’ စကားကို ထင်ရှားစေရန် ဝေဖန်ဖော်ပြချက်ပေတည်း။

ယခုအခါ၌ ထိုရသတဏှာသည် ရဟန်းတော်တို့ဘောင်မှာ မင်းမူ၍နေကြ၏။ မင်းမူပုံကား လူတို့မှာ နေ့စဉ် ဟင်းကောင်းကျွေးကောင်းစားနိုင်ကြသူ အလွန်နည်းပါး၏။ အထိုက်အလိုက်နှင့် ပြီးကြသူများ၏။ ရဟန်းတော်တို့မှာ တတ်နိုင်သူတို့က လှူ ဒါန်းကြသည်ဖြစ်၍ နေ့စဉ်ဟင်းကောင်း ကျွေးကောင်း စားရသူများ၏။ မကောင်းလျှင် မစားနိုင်ကြသူများ၏။ ဘုန်တန်ခိုးကြီးလေလေ ဟင်းကောင်းကျွေးကောင်း၊ အစားကောင်းအသောက်ကောင်း ပြည်စုံလေလေဖြစ်၏။ သက်သတ်ဟင်း မပါလျှင်မစားနိုင်သူများ၏။

လောက၌ အာရုံအပေါင်းတို့တွင် ရသာရုံသည် အယုတ်မာဆုံးဖြစ်၏။ သူတစ်ပါး၏အသက်ကို ထိခိုက်သည်ဖြစ်၍ အကြီးအကျယ်ဆုံးအကျိုးမဲ့ကြီး ဖြစ်သည်ဟု ပြဆိုခဲ့သော ပါဠိအဋ္ဌကထာများနှင့် ဘယ်လိုနေကြမည်မသိဟု သံဝေဂယူကြဖို့ ကောင်းလှ၏။

ရသတဏှာတွင်လည်း လူတို့၏ အသက်သခင် စည်းစိမ်သခင်ဖြစ်ကြကုန်သော နွားသတ္တဝါ-ကျွဲသတ္တဝါတို့၏ အသားတို့၌ စွဲလန်းသော တဏှာသည် အယုတ်မာဆုံး ရသာတဏှာမျိုးစုတွင် အတုမရှိသော ဘုရင်ချုပ်ကြီး ဖြစ်ပေ၏။ “ နကိ ရတ္တိ ရသေဟိ ပါပိယော ” ဟူသော ဂါထာပဒကို နှုတ်တက်၍ ရကြဖို့လည်း ကောင်းလှ၏။

အထက်၌ ပြဆိုခဲ့သည့်အတိုင်း ဒုစရိုက်နယ် အပါယ်နယ်ကြီးဖြစ်ချေ၍ အယုတ်မာဆုံး ဖြစ်သော ဤရသတဏှာကြီးသည် ယခုအခါ ရဟန်းတော်များဘောင်မှာ မင်းမူ၍ နေရခြင်း၊ ရဟန်းတော်များ ဖြစ်လျက် တဏှာတကာတို့တက် အယုတ်မာဆုံးကြီးဖြစ်သော ရသတဏှာကြီး၏ ကျွန်ဖြစ်၍ နေကြရခြင်း သည်လည်း ဝမ်းနည်းဖွယ်ကောင်းလှ၏။

ဤကား- ဣဏပရိဘောဂအရာ တဏှာခြောက်ပါးတို့တွင် ရသတဏှာသည် အယုတ်မာဆုံးကြီး ဖြစ်ကြောင်း၊ ဒုစရိုက်နယ်ကြီး အပါယ်နယ်ကြီးဖြစ်ကြောင်း ပါဠစိအဋ္ဌကထာ လာရှိသည့်အတိုင်း ထုတ်ဖော်၍ ပြဆိုခြင်းပေတည်း။ (လယ်တီ ပုစ္ဆာအဖြေပေါင်းချုပ်)။

 178 total views

မဟာပညာသို့ဝင်ခဲ့ပါ။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းစုံဖတ်ရှု့ရန်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းစုံဖတ်ရှု့ရန်
မဟာပညာသို့ဝင်ခဲ့ပါ။