Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ

တောမှီရဟန်းရေးသားပြုစုသော ပိဋကတ်တော်နှင့် သုတေသနစာတမ်း

ဝေသာလီမှကုသိနာရုံခရီး

ရှရီကာလိုင်းသည် ပရိနိဗ္ဗာဆင်းတုတော်မှ ပြုတ်ထွက်၍ ပြန့်ကျဲနေသော အပိုင်းအစများကို စုဆောင်းပြီး ဆင်းတုတော်ကြီး၌ နေရာမှန်အတိုင်း ပြန်ရောက်အောင်လုံ့လပြုသည်။ နေသားတကျဖြစ်သောအခါ မျက်နှာတော်၊ လက်တော်၊ ခြေတော်တို့ကို အရောင်တင်သည်။ ဆံတော်ကိုအနက်ရောင်ဆိုးသည်။ သူသည်ကျောင်းတော်မှ ကိုယ်တော်ကြီးကိုမူလအတိုင်း ပြန်ဖြစ်အောင် ပြုပြင်လိုက်လေသည်။ ပြီးလျှင်သူသည် လျောင်းတော်မူကျောင်းတော်၏ အတွင်းပိုင်းတံခါးအနီးတွင် လုပ်ငန်းစပြန်သည်။ တံခါး၏ဘေး (၂) ဘက် (၂) နေရာစလုံး၌ တွင်းငယ် (အပေါက်ငယ်) များတွေ့ရသည်။ မင်းတုံးပေါက်များဟု ထင်ရသည်။ မီးလောင်ထားသော တံခါးမကြီး၊ မီးသွေးများ၊ မီးလောင်ထားသည့် အရိုးများနှင့် မီးလောင်ထားသော အခြားအရာဝတ္ထုအမျိုးမျိုးကို တွေ့ရသည်။ ကျောင်းတော်ကြီးသည် မီးလောင်ခြင်းခံခဲ့ရသည်မှာ သေချာလှ၏။

ရှရီကာလိုင်းသည် သူ၏လုံ့လဖြင့် ကျောင်းတော်၏အမိုးကိုပြန်လည်မွမ်းမံပြင်ဆင်သည်။ ဆင်းတုတော်ကို လေးဘက်လေးတန်မှ သံတိုင်စိုက်၍ ကာကွယ်ထားလိုက်သည်။ တံခါးပေါက်များကိုလည်း သံစကာဖြင့် တပ်ဆင်သည်။ ကျောင်းတော်၏တောင်ဘက်နှင့်မြောက်ဘက်တွင် လက်ရန်း (၂) ခုတပ်ဆင်သည်။

မြောက်ဘက်စင်္ကြံကိုပြန်ပြင်သည်။ ပို၍ခိုင်ခံအောင် သစ်သားလက်ရန်းတပ်ဆင်သည်။ ကျောင်းတော်၏အနောက်ဘက်တွင် အောက်သို့ဆင်းသွားရန်အတွက် ရှေးခေတ်လှေခါးတစ်ခုကိုလည်း ပြင်ဆင်လိုက်သည်။

ကျောင်းတော်၏ နံရံတွင် ကျောက်နက်ဖြင့်ထုလုပ်ထားသော ထိုင်နေပုံ မာယာဒေဝီရုပ်တုတစ်ခုတွေ့ရသည်။ ကျိုးပဲ့နေသော ဗိသျှနိုးရုပ်ထုကိုလည်း တွေ့ရသည်။ ၎င်းမှာ တောင်ဘက်နံရံပေါ်တွင်ရှိသည်။ ရှရီကာလိုင်းသည် ဤရုပ်ထုအားလုံးကို ပရိနိဗ္ဗာနကျောင်းတော်နံရံမှာပင် ပြန်ထားလိုက်သည်။ ၎င်းတို့ကိုယနေ့တိုင် တွေ့မြင်နိုင်သည်။

ထိုနှစ်မှာပင် ပရိနိဗ္ဗာနကျောင်းတော်ရှေ့ရှိ ရေတွင်းကိုတွေ့ကြသည်။ တူးဖော်ကြည့်ရာ (၁၂)ပေရှိသည်။ ရေထွက်နေသော ထိုရေတွင်းကိုလည်း ကောင်းမွန်စွာပြင်ဆင်လိုက်သည်။

ရှရီကာလိုင်းက တရုတ်ဘုန်းတော်ကြီး ဟူအင်ဆင်တွေ့သော ရေတွင်းသည် ဤရေတွင်းပင်ဖြစ်သည်ဟု ယူဆသည်။ ထိုရေတွင်းကို တရုတ်ဘုန်းတော်ကြီးသည် အလွန်အမွှမ်းတင်ခဲ့လေသည်။ ရေတွင်းသည် အောက်ပိုင်း၌ လေးထောင့်သဏ္ဍာန်ရှိပြီး အပေါ်ပိုင်းတွင် အဝိုင်းသဏ္ဍာန်ရှိသည်ကို တွေ့ရသည်။

မြန်မာတို့သိသော ကုသိနာရုံ

မဇ္ဈိမဒေသသို့ ဘုရားဖူးသွားကြသူအပေါင်းသည် အသောကခေတ် တရုတ်ဘုရားဖူးများခေတ်မှ ယနေ့ခေတ်တိုင် ကုသိနာရုံသို့သွားရောက်ဖူးမြော်ကြသည်ချည်းသာဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ကုသိနာရုံသည် စတုသံဝေဇနိယဌာနတွင် အဝင်အပါဖြစ်သောကြောင့်တည်း။

မြတ်စွာဘုရားသည် နောင်အခါ သဒ္ဓါတရားနှင့်ပြည့်စုံသော အမျိုးသားကောင်းသားတို့ ဖူးမြော်ထိုက်၍ လှည့်လည်ဖူးမြော်ရင်း သံဝေဂယူခြင်းဖြင့် ရအပ်သောသဒ္ဓါတရားဖြင့် သေလွန်လျှင် ကောင်းရာသုဂတိသို့ ရောက်နိုင်သော သံဝေဂယူစရာ စတုသံဝေဇနိယ လေးဌာနကို ပရိနိဗ္ဗာန်စံတော်မူခါနီး၌ ရှင်အာနန္ဒာကို ဟောကြားတော်မူခဲ့ပါသည်။ ထိုလေးဌာနကား …

(၁) လုမ္ဗိနီဌာနကားမြတ်စွာဘုရား ဖွားတော်မူရာဌာနဖြစ်ချေ၏။
(၂) မဟာဗောဓိပင်ပေါက်ရာ ဗောဓိမဏ္ဍိုင်ကား မြတ်စွာဘုရားသခင် သဗ္ဗညုတဉာဏ်တော်ကို ရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ချေ၏။
(၃) ဣသိပတနမိဂဒါဝုန်တော်ကား မြတ်စွာ့ဘုရားသခင် ဓမ္မစကြာတရားဟောတော်မူရာဌာန ဖြစ်ချေ၏။
(၄) ကုသိနာရုံကား မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူရာဌာနဖြစ်ချေ၏ ဟု သံဝေဂပွားစရာလေးဌာနပင်တည်း။

အရှည်ပေ ၆၀၀ ၊ အကျယ်ပေ ၁၀၀ မှ ၃၀၀ အထိရှိသော မာထာကိုဝရကုန်း၏ အမြင့်ဆုံးနေရာတွင် ပေ ၃၀၀ခန့်ရှိသည်။ ကျွန်ုပ်တို့၏မှန်းဆချက်အရဆိုလျှင် ၎င်း၏အောက်ပိုင်းတွင် ခရစ် ၁၀၀ မှ ၆၀၀ အကြားကာလတွင် တည်ဆောက်ထားခြင်းဖြစ်ပေလိမ့်မည်။

မာထာကိုဝရသည် ရာမဘာရမှ အနောက်မြောက်ဘက်ကိုက် ၁၆၀၀ခန့်တွင် တည်ရှိခဲ့ပေသည်။ သို့သော် သုတေသီပညာရှင် ဘူခါနန် (Buchanan)ကမူ ကိုက် ၄၀၀ ရှိသည်ဟု ဖော်ပြထားသည်။

ကျောက်မည်းညိုဖြင့် ထုထားသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ညောင်ပင်ကြီးအောက်တွင် တည်ရှိသည်။ ၎င်းကျောက်ဆင်းတုသည် ခရစ် (၁၁) ရာစု၊ သို့မဟုတ် (၁၂) ရာစုလောက်တွင် ထုလုပ်ခြင်းဖြစ်ပေလိမ့်မည်။ စင်စစ် ၎င်းကျောက်ဆင်းတုမှာ အလွန်ရှေးကျသည်မဟုတ်ပေ။

၎င်းမှ ကိုက် ၁၀၀၀ဝေးသော နေရာတွင် အုတ်ချပ်များဖြင့် တည်ဆောက်ထားသော စေတီကြီးတစ်ဆူရှိသည်။ မာထာကုံဝရနှင့် ရာမဘာရအကြားတွင် ကြီးမားသော ကုန်းတန်းကြီးတစ်ခုရှိသည်။ ၎င်းမှာ လေးထောင့်သဏ္ဍာန်ရှိပြီး (အနုရုဒ္ဓါ)ကုန်းတန်းဟုခေါ်ကြသည်။

တရုတ်ဘုန်းတော်ကြီး ဟူအင်ဆင်သည် ကုသိနာရုံမှ လီပေါင်း(၇၀၀)ခန့်သွားသောအခါ ဗာရာဏသီသို့ရောက်သည်ဟု ဆိုထားသည်။ စင်စစ်ကုသိနာရုံနှင့် ဗာရာဏသီမှာ တောင်ဘက်မိုင်ပေါင် (၁၁၂) မိုင်ရှိပေသည်။ ၎င်းကမှန်းဆသည်မှာ မျက်မှောက် မာထာကုံဝရသည်ပင် ဘုရားရှင်၏ ပရိနိဗ္ဗာနဌာနဖြစ်ပြီး အနုရုဒ္ဓါရွာသည်ပင် ကုသိနာရုံမြို့တော်ဖြစ်သည်ဟုဆိုသည်။

ကုသိနာရုံကို တူးဖော်ရာတွင် တွေ့ရှိရသော အချက်အလက်များကို ထောက်ရှု၍ ဂျင်နရယ်ကန်နင်ယန်ညွှန်ပြထားသော ဌာနအားလုံးသည် အမှန်ချည်းပင်ဖြစ်နေပေသည်။ မျက်မှောက်ခေတ်တွေ့ရသော မဟာပရိနိဗ္ဗာနကျောင်းတော်၌ပင်လျှင် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခဲ့ပေသည်။ မာထာကုံဝရသည် ရှေးခေတ် ဥပဝတ္ထနအင်ကြင်းတောဖြစ်ပြီး အနုရုဒ္ဓါရွာ သည် ရှေးခေတ်ကုသိနာရုံနေပြည်တော်ဖြစ်ပေသည်။

ကုသိနာရုံသည် အိန္ဒိယပြည် ဥတ္တရာပဒေသနယ် ဒေဝရိယခရိုင်၌ ပါဝင်သည်။ ဂေါရက္ခပူရ်ဟု အရှေ့ဘက်(၃၂)မိုင်ကွာတွင် ရှိသည်။ ယခုအခါ ကာမိယဟုခေါ်သည်။ ရှေးအမည်အတိုင်း ကုသိနာရလည်းခေါ်သည်။ ကုသိနာရုံလည်းခေါ်သည်။ ထိုကုသိနာရာ (ကုသိနာရုံ)၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူဟန် လျောင်းတော်မူရုပ်ပွားတော်တစ်ဆူရှိသည်။ ထိုရုပ်ပွားတော်ကြီးမှာ အလျားပေ(၂၀)ရှိသည်။ ရုပ်ပွားတော်ကြီးမှာ မြောက်အရပ်သို့ ဦးခေါင်းပြုလျက် လက်ယာလက်တော်ကို ခေါင်းအုံး၍ လက်ဝဲလက်တော်က ရင်ဘတ်ပေါ်တင်လျက်ရှိသည်။ ထို့ကြောင့် ဖူးမြော်ရသူတို့မှာ သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရားသည်မိမိတို့မျက်စိအောက်၌ပင် ပရိနိဗ္ဗာန်စံဝင်တော်မူသကဲ့သို့ထင်ရသဖြင့် ရင်ဝ၌ပူလောင်ကာ မျက်ရည်ဖြိုင်ဖြိုင်ကျရသည်သာဖြစ်ပါသည်။

ပရိနိဗ္ဗာနစေတီကို တူးဖော်ခြင်း

ခရစ် ၁၉၀၇ ခုနှစ်တွင် ဒေါက်တာဂိုဂယ်(လ)က ပရိနိဗ္ဗာနစေတီတွင် ရှေးဟောင်းပစ္စည်းများ ရှာဖွေရန်အတွက် တူးဖော်ရန်သင့်ပြီးဖြစ်ကြောင်း တင်ပြခဲ့၏။

တင်ပြသည့်အတိုင်း ဒေသန္တရ အုပ်ချုပ်ရေးအစိုးရထံမှ အမိန့်ရခဲ့ပါသော်လည်း လောလောဆယ်တူးဖော်ရန်အခြေအနေမပေးသောကြောင့် ဆိုင်းငံ့နေရ၏။

ဤအတော်အတွင်း ကလကတ္တားမြို့ရှိ မြန်မာဗုဒ္ဓဘာသာများသည် ငွေတစ်သောင်း စုဆောင်းရရှိရာ ထိုငွေဖြင့် မြန်မာတို့က ပရိနိဗ္ဗာနစေတီပြန်လည်မွမ်းမံပြုပြင်ရန် သက်ဆိုင်ရာအစိုးရထံ အခွင့်တောင်းခံခဲ့ကြသည်။

အစိုးရသည် ပြင်ဆင်ခွင့်အမိန့်ထုတ်မပေးမီ ရှေးဦးစွာ စေတီတော်၏အတွင်းပိုင်းကို ရှေးဟောင်းသုတေသနဌာနက စစ်ဆေးကြည့်ရှုရန်လိုနေပြီးဖြစ်၍ ခရစ် ၁၉၁၀ ဇန်နဝါရီလတွင် ဒေါက်တာဟိရာနန္ဒကို ဦးဆောင်စေပြီး ပရိနိဗ္ဗာနကျောင်းတော် မြေပုံအမှတ်(ဘီ)အနောက်ဘက်ရှိ မြေကုန်းသင်္ကေတ(အေ)ဖြစ်သော ပရိနိဗ္ဗာနစေတီတော်ကို ထိုအချိန်ကစ၍ တူးဖော်လေသည်။

စတင်တူးဖော်သောအခါ ရှေးဦးစွာ မြေအောက်ခန်းကို အပေါ်မှနေပြီး ဖယ်ရှားပစ်လိုက်ရသည်။ ထိုသို့ဖယ်ရှားပစ်လိုက်သောအခါ စေတီတော်၏အတွင်းပိုင်းတွင် ရုပ်ကြွအုတ်ခွက်များအများအပြားရရှိ၏။ အုတ်ခွက်များနှင့်အတူ ဇယဂုတ္တမင်း၏ ဒင်္ဂါးများလည်းရခဲ့၏။ အောက်ခန်း၏ဝဲဘက်တွင် မြင်းရုပ်(၆)ခုကိုတွေ့ရသည်။ ယာဘက်အပေါ်ပိုင်းတွင် ဖယဂုတ္တဿ ကမ္ဗည်းရေးထိုးထားသည်။ 

စေတီတော်၏အထက်ပစ္စယံ မျက်နှာပြင်အမြင့်မှာ ပေ (၂၀) မြင့်သည်။ ဒေါက်တာဟိရာနန္ဒသည် (၁၀)ပေကျယ်သော အမာခံတိုင် (Shaft)ကို စေတီတော်၏အတွင်းပိုင်း၌ တပ်ဆင်ထားလိုက်သည်။

ပြီးနောက်ထိပ်ပိုင်းမှ တူးဆင်းရာ (၅) ပေအနက်တွင် အုတ်ဖြင့်ပြုလုပ်ထားသော စက်ဝိုင်းပုံ အမှတ်အသား(၂)ခုကို အလယ်မဏ္ဍိုင်ပိုင်း၌ တွေ့ရသည်။ ထို (၂) ခုကို ဘေးတွင်ယှဉ်ထားလိုက်ပြီး ဆက်၍တူးရာ သဲများကိုသာတူးဆျွေနရသည်။ (၁၄)ပေအနက်သို့ရောက်သောအခါ အောက်၌အပေါက်တစ်ပေါက်ကို တွေ့ရသည်။ အပေါက်၏ဝန်းကျင်မှ အုတ်များကို ဖယ်ရှားလိုက်သောအခါ အောက်၌ အဝိုင်းသဏ္ဍာန်အခန်းငယ်တစ်ခုတွေ့ရသည်။ အဝကိုပိတ်ထားသော ကြေးပြားကိုဖွင့်လိုက်သောအခါ ကြေးအိုးတစ်အိုးကို တွေ့ရသည်။

ထိုကြေးအိုးနှင့်အတူ မီးလောင်ထားသော သစ်သားအတိုအစများ၊ မီးသွေးများ၊ တန်ဖိုးထိုက်လျသော ကျောက်သံပတ္တမြား၊ ပုလဲလုံးများလည်းရရှိသည်။ ကုမာရဂုတ္တ၏ ငွေဒင်္ဂါး(၆)ပြားလည်းရရှိသည်။

တူးဖော်ရရှိသော ကြေးအိုးသည် (၁၆ ဒသမ ၂ လက်မ) ရှည်ပြီး (၆ ဒသမ ၂ လက်မ) ကျယ်သည်။ (၁/၈ လက်မ) ထူသည်။ အလေးချိန် (၂ပေါင် ၁/၄ အောင်စ) လေးသည်။

ကြေးညှိအလွန်တက်နေသောကြောင့် ရေးထိုးထားသည့် အက္ခရာများမှာ ပျက်စီးလျက်ရှိနေပေပြီ။ ၎င်း၏အောက်ပိုင်းတွင် စာတန်း(၁၃)တန်းမျှ ရေးထိုးထားသည်။ ထိုအက္ခရာများမှာ ဂုတ္တအက္ခရာများဖြစ်သည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည် –

(၁) ဧဝမ်မယာဂြုတမ် = ဧကသ္မိံ သမယေနဘဂဝါန် ကြသသျှာမ် ဝိဟရတိသ္မ ဇေတဝနေ အနာထပိဏ္ဍ ဒသျာရာမေ

(၂) တတြ(ခလုဘ)ဂဝါန် = ဘိက္ခူနာ (—)မ (ရ်မာဏာမ်ဝေါဘက္ခိဝေ—ဒေဝ) ယိဗျာမိ၊ အပစယမ်စ တစ္စဂြီ (ဏုဘ—သာဓုစ)

(၃) သုမဌုစ မနသိကရုတဘာမိဗျေ (ဓရ်မာ) နော (မာစယး ကဟမောယဒုဟသ္မိံသတိဒါမ်ဘဝ) တိ၊ အသျောတ္ပါဒါဒိ (အဒုတ္ပာဒါတေယဒုတာ)

(၄) အဝိဒျာသြတျယား သံသ္ကာရား သံသ္ကရပြတျယမ်ဝိညာနာမ် (ဝိညာနပြတျယမ်နာမရုပမ်နာမရူပပြတျ) ယ (၁ယမ်) မဍာယတနမ်မဍာ (ယတနပြတျယးသ္ပရ်မး)

(၅) သ္ပရ်ဂပြတျယယာ ဝေဒနာ၊ ဝေဒနာ ပြတျယာတရိမ္ဏာ တရိမ္ဏာ(ပြတျယမ် ဥပါဒါနမ် ဥပါဒါန ပြတျယောဘုဝေါဘုတပြတျယာဇာတိ (ဇာတိပြတျယာဇရာ)

(၆) မရဏဂေါယပရိဒေ၀ ဒုးခဒေါရ်မနသျောပါ (ယာသာဘဝန္တိဧဝမ်အသျကေဝလ)သျမယာ (ကောဒူး) ခသ္ကန္ဓသျသမုဒ (ယောဘဝတိ—အယ)

(၇) (မု)ဈတေဓရ်မာဏာမ် အာစယးဓရ်မာဏာမ်အပစယးကတမ်(—)တဒနဘဝတျသျှနိရောဂါဒိ(—)နိရုဓျတေ (အဝိဒျာနိရောဓါဒ သံသ္ကာရ)

(၈) နိ (ရော) ဓးသံသ္ကာရနိရောဓါဒ ဝိညာန နိရောဓါ် ဝိညာနနိရောဓါနနော (မရုပနိ (ရောဓားနာမရူပနိရောဓါတ် ပဋာယတန နိရောဓါးဗ) ဍယတနနိရောဓါတ်သ္ပရ်ဂနိရောဓါး)

(၉) သ္ပရ်ဂနိရောဓါဒ ဝေဒနာ နိရောဓေါဝေဒနာနိ (ရောဓါယ်ဘရိမ္ဏာ) နိ (ရောဓားတရိမ္ဏာ) နိရောဓား ဥပဒါ(န)နိရောဓါးဥပဒါနနိရောဓါဒ ဘဝနိရောဓါး (ဘုဝနိရောဓါဇာတိနိရောဓေါ)

(၁၀) ဇာ(တိ)နိရောဓါဇရာ မရဏသောက(ပရိဒေဝ)ဒုံးခ(ဒေါရ်မနသျော)ပါရာသာနိရုဇ္ဈန္တေ ဧဝမ်အသျကေဝလသျမဟ(တော)ဒုးခ(သ္ကန္ဓသျ နိရောဓေါ)

(၁၁) ဘဝတိ အယမုဈတေဓရ်မ္မာ(ဏါမ်အပစ)ယးဓရ်မ္မာ ကါမ်ဝေါဘိက္ခဝး အာ(စယ)မ် ဂယိဂျာမိ အပဝယမ်စဣတိမယ (ဒုတ္တမဣဒမေ)။

(၁၂) (တ)တ်ပြတျူတ္တမိ (ဒမအ)ဝေါစဒဘဂဝါနာ(ဣမ)နာသတ္ထေဘိက္ခဝေါ (ဘာမိတမ်အ)ကျနန္ဒ(န်-ဒေ)ယဓရ်မောယံမာနေ (ကဝိဟာရ)သွာမိနောဟရိဗလသျယ (ဒ-အ)

(၁၃) (ဝြာ) ပု (ဏမ်) ဘာ(ဘ)ဝဘုသရ်ဝသတွာနမ် အနုတ္တရညာဏါဝါပတျေ၊ သာကျ(ဘိ)က္ခုဓရ်မာ နန္ဒောသရ်ဝတြာနုမောဒတေ (မဟာပရိနိ)ရ်ဝါဏ်ဝေတျေဘမြပဍိဣတိ။

မြန်မာပြန်သော်

(၁) ကျွန်ုပ်သည် ဤသို့ကြားဖူးပါ၏။ အခါတပါး၌ ဘုရားရှင်သည် သာဝတ္တိပြည် အနာထပိဏ်သေဋ္ဌေးအရာမ်၌ဖြစ်သော ဇေတဝန်ကျောင်း၌နေတော်မူ၏။

(၂) ထိုအခါ ဘုရားရှင်သည် ရဟန်းတို့အား (ခေါ်တော်မူ၏)။ ရဟန်းတို့အရှင်ဘုရားဟု ဆုလျက် ရဟန်းတို့သည် ဘုရားရှင်အား ကြားလျောက်တော်မူကြကုန်၏။မြတ်စွာဘုရားသည် ဤသို့ဟောတော်မူ၏။ ရဟန်းတို့ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ငါဟောတော်မူမည်၊ ၎င်းတို့ကို ရိုသေစွာ (ကောင်းစွာ)နာကြားကြကုန်လော့။

(၃) ဟောတော်မူအပ်သော တရားတော်ကို ကောင်းစွာနှလုံးသွင်းလော့။ ရဟန်းတို့ ….ဘဝသည်အဘယ်သို့ဖြစ်သနည်း။ ၎င်းသည်ပဋိစ္စသမုပ္ပါဒ်စသည်တို့ဖြစ်ပေါ်ခြင်းပင်တည်း။

(၄) အဝိဇ္ဇာ၏အကြောင်းကြောင့် သင်္ခါရဖြစ်၏။ သင်္ခါရ၏အကြောင်းကြောင့် ဝိညာဉ်ဖြစ်၏။ ဝိညာဉ်၏အကြောင်းကြောင့် အာယတနခြောက်ပါးဖြစ်၏။ (ခြောက်ပါးသော အာယတနကြောင့် ဖဿ )

(၅) ဖဿ အကြောင်းကြောင့် ဝေဒနာ၊ ဝေဒနာအကြောင်းကြောင့် တဏှာ၊ တဏှာ၏အကြောင်းကြောင့် ဥပါဒါန်၊ ဥပါဒါန်၏အကြောင်းကြောင့် ဘဝ၊ ဘဝ အကြောင်းကြောင့် ဇာတိ၊ ဇာတိအကြောင်းကြောင့် ဇရာ။

(၆) သေခြင်း စိုးရိမ်ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမချမ်းမြေ့ခြင်း၊ ကြေကွဲဝမ်းနည်းခြင်းတို့ဖြစ်ကုန်၏။ (ဤနည်းတူခပ်သိမ်းသော) ဒုက္ခဆင်းရဲတို့ကောင်းစွာဖြစ်ပေါ်၍ (လာကြကုန်၏)

(၇) ဤတရားတော်ကို ဤသို့ဆိုအပ်၏။ (အဘယ်သို့)ဤတရားမဖြစ်ခြင်းကြောင့် ဤတရားမဖြစ်ပါသနည်း။ ဤတရားချုပ်ငြိမ်းခြင်းကြောင့် ဤတရားချုပ်ငြိမ်းရသနည်း။ အဝိဇ္ဇာချုပ်ငြိမ်းခြင်းကြောင့် သင်္ခါရ …

(၈)ချုပ်ငြိမ်း၏။ သင်္ခါရချုပ်ငြိမ်းခြင်းကြောင့် ဝိညာဉ်ချုပ်ငြိမ်း၏။ ဝိညာဉ်ချုပ်ငြိမ်းခြင်းကြောင့် (နာမ်ရုပ်)ချုပ်ငြိမ်း၏။ နာမ်ရုပ်ချုပ်ငြိမ်းခြင်းကြောင့် အာယတန ခြောက်ပါး ချုပ်ငြိမ်းခြင်းကြောင့် ဖဿ ချုပ်ငြိမ်း၏။

(၉) ဖဿ ချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏။ ဝေဒနာချုပ်ခြင်းကြောင့် တဏှာချုပ်၏။ တဏှာချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်၏။ ဥပါဒါန်ချုပ်ခြင်းကြောင့် ဘဝချုပ်၏။ ဘဝချုပ်ခြင်းကြောင့် ဇာတိချုပ်၏။

(၁၀) ဇာတိချုပ်ခြင်းကြောင့် ဇရာမရဏ သောက(ပရိဒေဝ)ဒုက္ခ(ဒေါမနဿ )နှင့် ပြင်းစွာစိုးရိမ်ငိုကြွေးရခြင်းတို့ ချုပ်ငြိမ်းကုန်သည်။ 

(၁၁) ဖြစ်၏ ဤတရားတော်ကို ငါဟောအပ်၏။ အို…ရဟန်းတို့ငါတရားတော်ကိုဟောအံ့။ ငါဟောသော တရားတော်ကို ရိုသေစွာကြားနာသင့်၏။

(၁၂) ဘုရားရှင်သည် ဤတရားတော်ကို ဟောတော်မူပြီ။ ထိုရဟန်းတို့သည် ဝမ်းမြောက်ကြကုန်လျက် ဘုရားရှင်ဟောတော်မူအပ်သော တရားတော်မြတ်ကို နှစ်သက်ကြကုန်၏။ ဤအရာသည် ကျောင်းပေါင်းများစွာ၏ အရှင်ဟရိဗလ၏ဓမ္မဒါနပင်ဖြစ်သည်။

(၁၃) ဤကုသိုလ်ကောင်းမှုကြောင့် ခပ်သိမ်းသော သတ္တဝါတို့၏(ထက်)အတုမရှိမြင့်မြတ်သော ဉာဏ်တော်ကိုရပါလို၏။ အရာခပ်သိမ်းအကျိုးငှာ ဘိက္ခုဓမ္မနန္ဒသည် အနုမောဒနာပြုတော်မူလေ၏။ ဤကြေးအိုးကား မဟာပရိနိဗ္ဗာနစေတီ၌ရှိ၏။

ကြေးအိုးမှ (၁၂)ကြောင်းမြောက်စာကို ကြည့်ရခြင်းအားဖြင့် ကုမာဂုတ္တခေတ်တွင် သူကြွယ်ဟရိဗလသည် မြတ်စွာဘုရားအား ပရိနိဗ္ဗာန်စံရာနေရာ၌ပရိနိဗ္ဗာနစေတီကြီးကို တည်ထားပူဇော်ခဲ့သည်။ ထူးသည်မှာ ထိုစေတီကြီးအတွင်း၌ ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ကြေးအိုးတွင် ရေး၍ ဓမ္မစေတီအဖြစ် ပူဇော်ခဲ့ခြင်းပင်ဖြစ်သည်။ ဟရိဗလသည် ပရိနိဗ္ဗာနစေတီတော်ကြီးနှင့်ကပ်လျက်ရှိသော ပရိနိဗ္ဗာနလျောင်းတော်မူရုပ်ပွားတော်ကြီးနှင့် ပရိနိဗ္ဗာနကျောင်းတော်၏ဒါယကာလည်းဖြစ်သည်။

ကြေးအိုး၏ (၁၃) ကြောင်းမြောက် စာကြောင်း၌ပါရှိသော ဘိက္ခုဓမ္မနန္ဒာသည် ဟရိဗလ၏ဆရာအရှင်ဖြစ်၍ ငါးရာစုနှစ်ပထမပိုင်းတွင် ကုသိနာရုံပရိနိဗ္ဗာနကျောင်းတော်၏ သံဃနာယကဖြစ်သည်ကို တွေ့ရပေသည်။

ဤကြေးအိုးကို ကုမာရဂုတ္တ(ခရစ်ငါးရာစု)ခန့်က ပစ္စည်းဖြစ်သည်ဟု ပညာရှင်တို့က ဆုံးဖြတ်ကြသည်။ ထို့ကြောင့် အခြားသောရှေးဟောင်းပစ္စည်းများလည်းတွေ့နိုင်စရာအကြောင်း ရှိတန်ရာသည်ဟု ဆုံးဖြတ်ကာ ထိုနေရာအောက်ပိုင်းကို ဆက်လက်တူးဖော်ကြ၏။

ထိပ်ပိုင်းမှ (၃၄) ပေနက်သောနေရာ၏ မျက်နှာပြင်မှ (၉) ပေအရောက်တွင် ဆွေးမြည့်နေသော သစ်တိုသစ်စများမှတပါး ဘာမျှမတွေ့ရ။ ထိုတွင် ရေများစိမ့်ထွက်လာသဖြင့် နောက်ထပ်ဆက်မတူးတော့ဘဲ ရပ်လိုက်ရလေ၏။

ပွဲစားကြီး ဦးချီဇာရှိ

အိန္ဒိယအစိုးရရှေးဟောင်းသုတေသနဌာနမှ ရှရီကာလိုင်း ဦးစီးသောအဖွဲ့သည် ကုသိနာရုံ၌ ပရိနိဗ္ဗာနလျောင်းတော်မူ ရုပ်ပွားတော်ကြီးနှင့်ကျောင်းတော်ကိုပါတည်ဆောက်၍ ပြီးစီးလေပြီ။

အနီးတွင်ရှိနေသော ပျက်စီးယိုယွင်း၍ စေတီငုတ်တိုမျှ ဖြစ်နေသော ပရိနိဗ္ဗာနစေတီတော်ကိုမူ တူးဖော်ဆဲပင်ရှိနေသည်။ ထိုအချိန်တွင် အိန္ဒိယပြည်သားဘိက္ခုမဟာဝီရသည် ကုသိနာရုံသို့ရောက်လာပြီး တဲငယ်ကလေးဆောက်ကာ အနီးအနားရှိ ဆင်းရဲသားများကို အမှီပြု၍ နေ၏။

ခရစ် ၁၉၁၂ ခုနှစ်တွင် စစ်တကောင်းနယ်၊ ပန်းဝါ(ရာမူး)မြို့မှ ပွဲစားကြီးဦးချီဇာရှိ ကုသိနာရုံသို့ ဘုရားဖူးရောက်စဉ် ရပ်ဝေးဘုရားဖူးများ တည်းခိုနိုင်ရန် သာလာယံဇရပ်တစ်ဆောင် ဆောက်လုပ်မှ ဖြစ်တော့မည်ဟု စေတနာပေါ်လာသည်နှင့် စတုဒိသာလာလာသမျှသော ဘုရားဖူးများတည်းခိုရန် ဇရပ်တစ်ဆောင် ဆောက်လုပ်ပါဟု ဘိက္ခုမဟာဝီရအား ငွေတစ်သောင်းလှူဒါန်းခဲ့၏။ 

ယနေ့တွေ့မြင့်ရသော ပရိနိဗ္ဗာနလျောင်းတော်မူကျောင်းအရီး၌ လေးထောင့်အုတ်ဇရပ်ကြီးမှာ ဦးချီဇာရှိ၏ ကောင်းမှုနှင့် ဘိက္ခုမဟာဝီရ၏လုံ့လဝီရိယပင် ဖြစ်ပါသည်။

ထိုအကြောင်းကို အတွင်းပိုင်း တိုက်နံရံတွင် အောက်ပါအတိုင်း ကမ္ဗည်းတင်ထားသည်ကို ဖတ်ရပါသည်။

ကမ္ဗည်းစာ

အရဟံ သာလာယကုသလပုညမော်ကွန်း

လေးသင်္ချေနှင့်ကမ္ဘာတသိန်းအတွင်း ပြည့်အပ်ပြီးသော ပါရမီပုည၊ ဒဗ္ဗရတို့ကြောင့် သင်္ခါရသတ္တသြကာသဟုဆိုအပ်သော လောကသုံးပါး၌အတုမရှိမြတ်သည်ဖြစ်၍ အတုလသေဋ္ဌ၊ ဂေါတမဟု ဗုဒ္ဓမည်တော်မူသော မြတ်စွာဘုရားသခင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူသည်မှာ အာဒိယာဝစ၍တွက်ဖွဲ့၊ လေးဆယ်ငါးဝါကာလပတ်လုံး ဝေနေယျ သတ္တဝါအပေါင်းတို့အား မဟာဂရုဏာတော် နှိုးဆော်ကပ်ချွတ်၊ အပါဝဋ်မှ လွတ်စေတော်မူသောအားဖြင့် တရားရေအေး

တိုက်ကျွေးဆုံးမ သြဝါဒပေးတော်မူပြီးလျှင် သက်တော်ရှစ်ဆယ်သို့အကျ ကဆုန်လပြည့် အင်္ဂါနေ့အခါ ကုသိန္နာရုံပြည်၊ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်နှိုက် အလုံးစုံသော သင်္ခါရတရားတို့၏ ဆိတ်ငြိမ်ရာ နိရောဓသစ္စာကို အာရုံပြုလျက် အဗျာကတဒုက္ခသစ္စာဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူသည်ဖြစ်၍ အလောင်းတော်ကို ပူဇော်ခြင်းဟူသော တေဇောဓါတ်ဈာပနပြုကြပြီးလျှင် နောင်လာနောင်သား အမိုးကောင်းသား အမျိုးသမီးတို့ ပွားစီးအကျိုး တိုးတက်ကြီးဖွဲ့၊ လွန်(—)ရှည်စွာ

သာသနာတော် ၅၀၀၀ ပတ်လုံးကိုးကွယ်ပူဇော်ရာဖြစ်စေခြင်းငှာ ကုသိန္နာရုံအင်ကြင်း ဥယျာဉ်နှိုက်၊ အကြင်ဗုဒ္ဓမည်သော ဂေါတမမြတ်စွာဘုရားအာယုသင်္ခါရ လွှတ်ဟန်ပုံသဏ္ဍာန်ကို သွန်းလုပ်ပြီးလျှင် မလ္လာမင်းများနှင့်ရဟန်းသံဃာတော်တို့ စီမံထားရှိခဲ့သောကြောင့် ဗုဒ္ဓဘာသာဝင်လူရှင်ရဟန်းတို့အဖူးအမြော်၊ ပူဇော်ကြည်ညို၊ ထိုအရပ်ဒေသသို့ သွားလာရောပေါရာ၊ ကပ်ခိုနေထိုင်ရန်၊ လွန်စွာခဲယဉ်းလှသည်ဖြစ်၍၊ ရဟန်းရှင်လူတို့၏၊ မပူမပင်၊ ကြည်လင်ဆန္ဒ၊ ကာယစိတ္တသုခနှစ်ဖြာ၊ ချမ်းသာကြစေရန်၊ ရည်သန်ရင်းနှလုံးသွင်းအကြံရှိတော်မူသော ရက္ခတိုင်း၊ ဓညဝတီပြည် အဝင်အပါ၊ ပင်းဝါနယ်မြိတ်၊ ဖလောင်ချိပ်အရပ်လျှင် ဘွားရာဇာတိ၊ ပဝတ္တိဏကမဇ္ဈိမတိုက်စွန်း၊ အိန္ဒိယနယ်အတွင်း တင်ကားမြို့တွင်၊ ဂုဏ်ဒြပ်နှင့်တကွ၊ ဥစ္စာဓနနှင့်တကွ၊ ကြွယ်ဝပြည့်ဖြိုးခြင်းရှိသော၊ ပွဲစားကြီး ချီဇာရှိနှင့် ပါရမီဖြည့်ဘက်၊ ကုသိုလ်ဆက်အစည်ထင်သော (—)ခင်ပွန်း၊ ပွဲကတော်ကြီး မြချမ်းဥ၊ မျက်ရှုလှထွား၊ ရင်နှိုက်ဘွားသက်၊ အောင်ကျော်ဇံနှင့် (—)သမီး၊ မသာမြဝင်းနှင့် မရွှေဖော့တို့သည် လွန်ခဲ့ပြီးသော ၊ ရှေး(—)ကုသလကြောင့်၊ ယခုဘဝ၊ ပစ္စက္ခနှိုက်လည်း၊ ဥစ္စာဓန၊ ကြွယ်ဝပြည့်စု၊ (—) ရတနာသုံးပါးဂုဏ်ကို၊ ယုံကြည်မြတ်နိုးလှစွာသော၊ ဗုဒ္ဓဘာသာဝင် (—)အမျိုးကောင်းသားဖြစ်လာသည်နှင့်အညီ၊ သဒ္ဓါတရားလျှင် (—) ထက်အလွန်အား

ကြီးကုန်သည်ဖြစ်ရကား၊ ဤကုသိန္နာရုံ ရွှေဘုံမဟာ(—)နန်းသိ(—)မွေ့လျော်ဗုဒ္ဓ၏ သဏ္ဍာန်တော်ကို ဖူးမြော်ရန်လာ(–)ရဟန်းရှင်လူလူပုဂ္ဂိုလ်တို့ တည်းခို နေထိုင်(—)ပြားဒင်္ဂါးငွေပေါင်း (၁၀၀၀)ကျော်ခန့် အကုန်အကျခံ၍ သာလာယတိုက်ဇရပ်ကို ဆောက်လုပ်တည်ပြုလျက် စတုဒိသာအဖြစ်ဖြင့် ကမ္ဘာစွန့်ရှည် တည်စေခြင်းငှာ ဤကမ္ဗည်းကျောက်စာကို ပုဂံပြည်၊ ပုပ္ပါးစောရဟန်းမင်း ဖြိုခွင်းသက္ကရာဇ် ၁၂၆၃ ခု၊ သာသနာတော် ၂၄၄၅ တွင် ဖြတ်သားရေးထိုးထားပါသတည်း။

ဤကဲ့သို့ပြုရသောကောင်းမှုကို ၃၁ဘုံကျင်လည်ကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့အား ကျွနု်ပ်တို့က အမျှပေးဝေပါကုန်၏။ အမျှရကြသည်ဖြစ်စေသောဝ်။

(သတ်ပုံမူရင်းအတိုင်း)

ဟင်္သတမှ ဦးဖိုးကြူး

ဘိက္ခုမဟာဝိရသည် ၁၉၂၀ ဧပြီလတွင် ကွယ်လွန်ခဲ့၏။ ကွယ်လွန်သွားသောအခါ အရှင်စန္ဒြမဏိသည် ဘိက္ခုမဟာဝိရကို ဆက်ဆံရလေသည်။

၁၉၁၄ ခုနှစ်တွင် ဟင်္သာတမြို့မှ ဦးဖိုးကြူးသည် တူးဖော်ဆဲပင်ရှိနေသေးသည့် မဟာရိနိဗ္ဗာနစေတီ(A)ကို အသစ်ပြန်လည်တည်ဆောက်ရန် အလှူငွေတစ်သောင်းကို ဘိက္ခုမဟာဝိရလက်သို့အပ်လိုက်သည်။ စေတီတော်အသစ်ပြန်လည်တည်ဆောက်ရေးအတွက် သက်ဆိုင်ရာသို့ ဦးဖိုးကြူးက စာရေးသည်။ သို့ရာတွင် အိန္ဒိယအစိုးရသည် ၁၉၂၈ ခုနှစ်က ကွယ်လွန်သော ဘိက္ခုမဟာဝိရကိုယ်စား အားလုံးသော တာဝန်ကို ထမ်းရလေသည်။

အရှင်စန္ဒြမဏိတည်သော စေတီတော်သစ်၏ပုံမှာ အာသောကမင်းတည်ထားခဲ့သော ဆံချီစေတီပုံဖြစ်သည်။ လုံးပတ်ပေ(၁၈၀)ရှိသည်။ အောက်ခြေပန္နက်တိမ်ခြင်းကြောင့် အလေးဒဏ်ကို မခံနိုင်ဘဲ တည်ပြီး၍ ရက်အနည်းငယ်အတွင်းမှာပင် စေတီတစ်ဆူလုံး အင်္ဂတေများကွာကျပြီး အစိတ်စိတ်အမွှာမွှာပြိုကျသွားလေ၏။

ပြိုကျသွားသော စေတီကြီးကို ဦးစန္ဒြေမဏိက အသစ်တည်ဆောက်ပြန်သည်။ လုံးပတ်နှင့်ဉာဏ်တော်ကို လျော့ထားသည်။ ထိုကြောင့် လုံးပတ်(၁၆၅)ပေ၊ ဉာဏ်တော်(၇၅)ပေရှိသည်။ ဦးဖိုးကြူးသည် ဤစေတီသစ်တည်ဆောက်ရေးတွင် အလှူငွေ(တစ်သောင်းရှစ်ထောင်) ပါဝင်လှူဒါန်းခဲ့ပြန်သည်။

စေတီတော်ကြီး ပြီးမြောက်သောအခါ ဦးဖိုးကြူးနှင့်ဇနီး ဒေါ်ခင်စုတို့က ရွှေသင်္ကန်းကပ်လှူရန် စေတနာပွားလာကြပြန်သည်။ အချို့ပုဂ္ဂိုလ်က ရွှေသင်္ကန်းကပ်လှူမည့်အစား မကုဋဗန္ဓနစေတီ (ရာမကာရ်)ကိုပြုပြန်ရန်အကြံပေးကြ၏။ ကုသိုလ်ရှင်ဇနီးမောင်နှံသည် ပရိနိဗ္ဗာနစေတီတော်၌ ရွှေသင်္ကန်းဖြင့် ဝင်းနေသည်ကိုဖူးလိုလှသဖြင့် ၁၉၃၄ ခုနှစ်တွင် ငွေ (၂၉၀၀၀)ကျပ်အကုန်ခံပြီး ဤမြင့်မြတ်သော ကုသိုလ်ကောင်းမှုကို ဖြစ်အောင်ပြုလိုက်ကြသည်။ 

သမိုင်းတွင်ရစ်ခဲ့ပြီ

အိန္ဒိယအမျိုးသားဆရာများ၏ ရွှေချမှု မကျွမ်းကျင်ခြင်းနှင့် အပေါ်ရံအင်္ဂတေမခိုင်ခန့်ခြင်းတို့ကြောင့် ချထားသည့်ရွှေမှာ ကြာရှည်မခံပေ။ သို့ပင်ဖြစ်ငြားသော်လည်း ဦးဖိုးကြူးနှင့်ဇနီးဖြစ်သူ ဘုရားအမ ဒေါ်ခင်စုတို့၏အမည်မှာ ကုသိနာရုံသမိုင်းတွင် စွဲမြဲစွာတည်ရစ်ခဲ့ပေပြီ။

နားကြဦးစို့ ….

တောမှီရဟန်း

ကျမ်းကိုးများ

၁။ ကုသိနာရာ၊ စန္ဒန(ဘားအံ)။
၂။ မဇ္ဈိမပဏ္ဏာသ ပါဠိတော်မြန်မာပြန် (ဆဌမူ)။
၃။ အိန္ဒိယ ဗုဒ္ဓစာပေသမိုင်း။
၄။ သီဟိုသာသနာဝင်။
၅။ မဇ္ဈိမဒေသခရီး၊ တောမှီရဟန်း။
၆။ မြတ်ဗုဒ္ဓသာသနာတော်၊ ခေတ်နှင့်သမိုင်းအမြင် ၊ တောမှီရဟန်း။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ

။ နှစ်တစ်ရာတိုင်ပါ့မည်လား ။

ပထမအရွယ်၊ မွေးဖွားခြင်းမှ အသက်(၁၀)နှစ်အထိ (ပမှာ နှံ့နှေး)

ပထမအရွယ်သည် အသိတရားတွေနှံ့နှေးနေသေးတယ်။ ဒုတိယအရွယ် ဆယ်စုနှစ်တစ်ခုအတွင်း (၁၁နှစ်မှ ၂၀နှစ်အတွင်းက သိပ်ပျော်ဖို့ကောင်းဖို့အရွယ်ပါ) အရွယ်လဲကောင်းတုန်းပျော်ရွှင်တုန်း အမုန်းလဲများပါတယ်။ အချစ်ဆုံးလဲများပါတယ်။ အသက်(၂၀)အရွယ်လေးမှာတော့ ပြောစရာလိုသေးလား။ များစွာပြင်ဖို့ဆင်ဖို့လှအောင်ပြင်ဖို့မလိုပါဘူး။ မှန်ရဲ့လား။ ပျော်ရွှင်စရာကောင်းတဲ့အရွယ်လေးတွေ၊ လှတုန်း၊ ပတုန်း ပျော်ရွှင်တုန်းပါပဲလေ။ နှစ်ပေါင်း(၂၀)အတွင်း ဆောင်ပုဒ်ကတော့ … 


ဒုတိယအရွယ်၊ အသက်(၁၁)နှစ်မှ (၂၀)နှစ်အထိ (ဒု ပျော်ရေး)

ဒုတိယအရွယ်မှာ ပျော်ရွှင်စရာကောင်းတဲ့ လောကရောက်လာတော့ ဒီအရွယ်လေးကို ရခဲ့ကြပြီးပါပြီ လွန်လာခဲ့ကြပြီလား။ ပြန်လိုချင်သေးလို ရလို့လား။ မရတော့ပါဘူး။ ပျော်ရွှင်တဲ့အရွယ်လွန်သွားပါပြီ၊ အဲဒီအရွယ်လွန်သွားတော့ အချစ်ဆိုတာကို နားလည်လာပြီ။ အချစ်ဆိုတဲ့ဝေါ်ဟာရရဲ့ တဖြေးဖြေးချဉ်းကပ်သွားတာ တတိယအရွယ်ဝင်လာတယ်။ အဲဒီအရွယ်က အဆင်းတွေလှပတဲ့အရွယ်ပါ။ အဆင်းလှတယ်ဆိုတာ ရောဂါကင်းမှပေါ့၊ အဆင်းလှတယ် မလှဘူးဆိုတာက အရွယ်နဲ့မဆိုင်ဘူး။ ဘာနဲ့ဆိုင်ပါသလဲ ကျန်းမာရေးနဲ့ဆိုင်ပါတယ်။ အရွယ်ဆိုတဲ့စကားကို ဘယ်လိုဘဲ ထည့်ပြီးတော့သုံးနေနေ ကံ၊ စိတ်၊ ဥတု၊ အဟာရ အကြောင်းတရားနှင့်မညီညွတ်ဘူးဆိုရင် အရွယ်လဲသုံးလို့မရပါဘူး။ ကံ၊ စိတ်၊ ဥတု၊ အဟာရအကြောင်းတရားနဲ့ မညီညွတ်ရင် ပထမအရွယ်ဘဲဖြစ်ဖြစ်၊ ဒုတိယအရွယ်ဘဲဖြစ်ဖြစ်သုံးလို့မရပါဘူး။ ဘာတွေချွတ်ယွင်းမှားပါလဲ။ ကံ၊ စိတ်၊ ဥတု၊ အဟာရ (၄)မျိုးထဲမှ တစ်မျိုးမျိုးမှားရင် ဘယ်အရွယ်တွေဘဲရရ ဘာမှ သုံးလို့မရပါဘူး။ အကုသိုလ်ချွတ်ယွင်းသွားရင် အဲဒီပုဂ္ဂိုလ်ဟာ ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဘဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့မှ အဆင်မပြေပါဘူး။ 

ကံနဲ့ပတ်သက်လာရင်တော့

အတိတ်၊ ပစ္စပ္ပုန်၊ အနာဂတ်ကာလ(၃)ပါးနဲ့ အကျိုးပေးပါတယ်။ ပထမ အရွယ်မှာကံမကောင်းလို့၊ ဒုတိယအရွယ်မှာ ကျန်းမာရေးပြန်ကောင်းသွားတာတွေရှိပါသည်။ ဟုတ်ရဲ့လား။ ကံနဲ့ပတ်သက်လာရင်တော့ ပစ္စပ္ပုန်လောကမှာ ကံတရားကို ပြုပြင်သွားမယ်ဆိုရင် အဆင်းလှတဲ့ဘဝတွေကို ရသွားနိုင်ပါတယ်။ တစ်ချို့ကလေးသူငယ်လေးတွေ ပထမအရွယ်မှာ ကျန်းမာရေးမကောင်းလို့ ကုသလိုက်ရင်း ဒုတိယအရွယ်လွန်မြောက်လို့ တတိယအရွယ်မှာ ကံကောင်းပြီ အဆင်းတွေကအစလှပလာပါတယ်။ လှပလာတာရှိပါတယ်။ အချို့ကလေးတွေများကျတော့ ငယ်ငယ်ရွယ်ရွယ်မှာ ထက်ထက်မြက်မြက်လေးထင်ရတယ်။ အသက်(၂၀)ကျော်လာရော ဘိန်းစားသမား၊ မြင်းဆေးသမား မူးယစ်သားကောင်တွေဖြစ်သွားတတ်ကြတယ်။ ကံတရားရဲ့သဘောဟာ ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် အရွယ်တစ်ပါးပါးမှာ သူကလိုက်ပြီးတော့ ချွတ်ယွင်းမှာဘဲ။ တစ်ချိန်လုံးကောင်းမယ်လို့မထင်ပါနဲ့။ စိတ်ဆိုတာ မပြုပြင်ရင် တစ်သက်လုံးအကျင့်ပါသွားတာပါပဲ။ ဥတုမှာနှစ်မျိုးရှိတယ်။ အပြင်ဥတုနှင့်အတွင်းဥတုတို့ဖြစ်ပါတယ်။ အပြင်ဥတုကတော့ ကိုယ်ပြောင်းလိုက်ရွှေ့လိုက် နေပြီးနေလို့ရတယ်။ ခန္ဓာမှာရှိတဲ့အတွင်းဥတုကတော့ဉာဏ်နဲ့ပဲ ဆင်ခြင်ပြီး နေရတော့မှာပါ။ အဟာရက ဦးနှောက်နဲ့ဆိုင်တယ်။ ဒါပေမဲ့ စက်ကွင်းထဲမှာ မိရင်တော့ အဟာရလဲ အဆိပ်ဖြစ်သွားတော့တာပါပဲ။

ဒုတိယအရွယ်ပြီးသွားပါပြီ။


တတိယအရွယ် အသက်(၂၁)မှ (၃၀)အထိ။ (တသွေး အဆင်းလှ)

သည်ဘယ်လိုအရွယ်လို့ သတ်မှတ်ပါသလဲ။ တတိယအရွယ်သည် အသက်(၂၁)မှ (၃၀)နှစ်ထိ ဆယ်စုနှစ်တစ်ခု သတ်မှတ်ထားပါတယ်။ အဲဒီအရွယ်ဟာ သိပ်ချော၊ သိပ်လှ အဆင်းလှပတဲ့အရွယ်ဖြစ်ပါတယ်။ အဲဒီအရွယ်မျိုးလဲဖြတ်သန်းပြီးကြပါပြီ။ 


စတုတ္ထအရွယ် အသက်(၃၁) မှ (၄၀)နှစ်ထိ (စမှာ ခွန်အား)

ခွန်အားတွေ အရမ်းပြည့်ဝတဲ့အရွယ်ဖြစ်ပါတယ်။ ခန္ဓာမှာရှိတဲ့ ကာယခွန်အား၊ ဉာဏ်စွမ်းအားတွေ အပြည့်အဝရှိပြီးတော့ လူတိုင်းလူတိုင်း အလုပ်လုပ်ကိုင်နိုင်သောအရွယ်တစ်ခုဖြစ်တယ်။ အပင်ပမ်းမခံနိုင်ဘူးလား။ လိုချင်တိုင်းမလုပ်နိုင်ဘူးလား။ ကံ၊ စိတ်၊ ဥတု၊ အဟာရအကြောင်းတရား(၄)ပါးနဲ့ညီညွတ်ရင်တော့ လုပ်နိုင်ကြ

ပါတယ်။ လူတစ်ယောက်ဖြစ်လာပြီးဆိုရင် အခြေခံအကြောင်းတရား(၄)ပါးနှင့် ညီညွတ်အောင်နေထိုင်သွားကြပါ။ အဲ့ဒီအကြောင်းတရား(၄)ပါးကတော့ 

၁။ ကံတရားကောင်းအောင်နေရပါမယ်။ 

၂။ စိတ်တရားကောင်းအောင်နေရပါမယ်။ 

၃။ ဥတုကောင်း၊ သင့်မြတ်သောနေရာမှာ နေထိုင်ရပါမယ်။ 

၄။ အဟာရနဲ့ ပတ်သက်ပြီး အသက်ရှည်တာ၊ ကျန်းမာတာ အဟာရနဲ့ ပတ်သက်လို့ အဟာရ ကောင်းအောင်နေရပါမယ်။

စတုတ္ထအရွယ်သည် ခွန်အားအကောင်းဆုံး၊ ဉာဏ်အကောင်းဆုံးအရွယ်ဖြစ်တဲ့အတွက် ဓနစည်းစိမ်ဥစ္စာတွေ ရှာဖွေစုဆောင်နိုင်တဲ့အရွယ်ဖြစ်ပါတယ်။ 


ပဉ္စမအရွယ် အသက်(၄၀)မှ(၅၀)နှစ်ထိ (ပဉ္စ ဉာဏ်ပွား) 

ဒီအရွယ်ရာက်လာပြီးဆိုရင် ဆင်ခြင်တတ်တဲ့စိတ်၊ တရားဘာဝနာအားထုတ်ကောင်းတဲ့အရွယ်လို့ခေါ်ပါတယ်။

အဲ့ဒီအရွယ်မှာ ဘာတွေရှိပါသလဲ။ ဉာဏ်အားတွေ၊ ပညာအားတွေ ကောင်းနေတာပေါ့။ (၅၀)ထိတော့ ဉာဏ်အားတွေ၊ ဆင်ခြင်တုံတရားတွေ၊ ရင်ကျက်မှုတွေပြည့်စုံတဲ့အရွယ်ဖြစ်ပြီးပေါ့။


ဆဌမအရွယ် အသက်(၅၁)မှ (၆၀)နှစ်အထိဟာ (ဆကာ ဆုတ်ယုတ်လာ)

တဖြေးဖြေးဆုတ်ယုတ်လာပါပြီး၊ မျက်စိတွေမှုန်လာမယ်။ နားတွေလေးလာပါမယ်။ အာရုံခြောက်ပါးလုံးဟာ ချို့ယွင်းစပြုလာပါပြီး၊ ဆုတ်ယုတ်နေပါပြီ။ မိမိမျက်နှာကို မှန်ပေါ်တွင်ကြည့်ကြည့်လိုက်ရင် သိသာလာပါတယ်။ ရုပ်ခန္ဓာကိုယ်ကြီးက အလှအပတွေမပြင်ဆင်နိုင်တော့ ဆံပင်တွေဖြူ၊ သွားတွေကျိုးစပြုလာပါပြီး။


သတ္တမအရွယ် အသက်(၆၁)မှ (၇၀)နှစ်ထိ (သတ္တ ရှေ့ကိုင်း)

ဒီအရွယ်မှာ ခန္ဓာဟာ အရှေ့ကို တဖြေးဖြေးခြင်း မသိမသာ ကိုင်းလာပါပြီ။ ဉာဏ်ရည်၊ ပညာရည်၊ သမထ ဝိပဿနာအရာ တွေ ဆုတ်ယုတ်လာပါပြီ။ ခန္ဓာကလဲဟိုကဖောက်ပြန်၊ ဒီကဖောက်ပြန်တတ်တဲ့အရွယ်ပေါ့။


အဌမအရွယ် အသက်(၇၁)မှ (၈၀)နှစ်ထိ (ဌ ကုန်းဆိုင်း)

ခါးတွေကုန်းကျတဲ့အရွယ်ပါပဲ။ ခန္ဓာကိုယ်က ဘာမှသုံးလို့မရတော့ပါဘူး။ အရိုးတွေပွတက်လို့ ထိလို့မရတော့ပါဘူး။ ထိတာနဲ့ကျိုးတော့တာပါပဲ။

နဝမအရွယ် အသက်(၈၁)မှ (၉၀)နှစ်အရွယ် (န၀ ထိုင်းတွေဝေလာ)

နဝမအရွယ် သက်တမ်းသည် ဘယ်ကိုမှမသွားနိုင်တော့တဲ့အရွယ်ပါ။ လှဲလျောင်းနေရတဲ့အရွယ်ပါပဲ။ ပညာရည်လဲ ထိုင်းလာတယ်။ ခန္ဓာကိုယ်တွေ ဖောက်ပြန်လာတယ်။ မျက်လုံးတွေ၊ နားတွေ ထိုင်းလာပြီ နောက်ဆုံးကျတော့ လဲလျောင်းအရွယ်ပေါ့။


ဒသမအရွယ် အသက်(၉၀)မှ (၁၀၀)နှစ်အရွယ် (ဒသ လဲလျောင်းဘဝပြောင်း)

ဒီအရွယ်မှာ လဲလျောင်းအရွယ်ဘဲဖြစ်ပါတော့တယ်။ နှစ်တရာတိုင်ပါ့မည်လား။ နှစ်ပေါင်းတရာတိုင်ပါ့မည်လား။ 

ဒါယကာတွေ မိမိတို့ကိုယ့်ကိုကို ပြန်စဉ်စားကြပေါ့။ နှစ်ပေါင်းတစ်ရာတိုင်ပါ့မလား။ မထင်ပါဘူး။ မှန်ရဲ့လား။ အရွယ်သုံးဖြာအကြောင်းဟောနေတာမဟုတ်ဘူးနော်။ အရွယ်ဆယ်ဖြာကို နှိုင်းယှဉ်ပြီးတော့ အမြဲတမ်းသာ မေတ္တာစိတ်နဲ့နေဖို့လိုပါတယ်။ ဘယ်လိုဘဝမျိုးပဲရောက်ရောက် ဘယ်အရွယ်ပဲရောက်ရောက် မေတ္တာစိတ်နဲ့နေပါ။ မေတ္တာမပျက်ပါနဲ့။ တကယ်လက်တွေ့နေကြတော့။ 

ဤသြဝါဒထူးကိုနာယူရတဲ့အချိန်ကစပြီး ပထမအရွယ်မှ ပဉ္စအရွယ်အကြားဖြစ်တဲ့ ယခုပစ္စုပ္ပန်ကာလမှာဘဲ ဈာန်၊ မဂ်ဖိုလ်တရားများပွားများပြီ မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ္တိတရားတော်မြတ်ကို မျက်မှောက်ပြုနိုင်ကြပြီးလျှင် နှစ်တစ်ရာတိုင်ကြပါစေ။ 


Feature Image: Life silhouette | Free SVG

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ အခြား

ကရင်ပြည်နယ် ဘားအံမြို့တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားပြုစုသော သူ့အသက်ကိုချစ်ပါလေ စာအုပ်မှ ပရက္ကမဆရာတော်နှင့် သက်သတ်လွတ်

အသက်သတ်လွတ်စားခြင်းနှင့်  ပတ်သက်၍  စစ်ကိုင်းတောင်အနောက်ပရက္ကမချောင်  ဆရာတော်ကြီး၏  အဆိုအမိန့်များကို  မတင်မှီ    ပရက္ကမချောင်  သမိုင်းအကျဉ်းကို  ဖော်ပြပါမည်။  အနောက်  ပရက္ကမချောင်သည်  စစ်ကိုင်းတောင်ရိုး  ဥမင်သုံးဆယ်  ဘုရား၏  မြောက်ဘက်ချောက်ထဲတွင်  တည်ရှိပါသည်။

သမိုင်းဟောင်း

မြန်မာသက္ကရာဇ်  ၆၇၄  ခုနှစ်တွင်   ပင်းယမြို့ကို  စတင်သည်ထောင်သော  တစီးရှင်  သီဟသူ၏  သားတော်ကြီး  ဥစ္စာနာ(ဥဇနာ)မင်း      ဖြစ်သောအခါ  ‘ ပင်းကျား’ အရပ်၌  စကားခုနစ်ကျောင်းကို  ဆောက်လုပ်၍  သက္ကရာဇ် ၇၀၂-ခုနှစ်အတွင်း  ထိုစကားကျောင်းများကို  အသီးသီးရေစက်  သွန်းလောင်း  ကျောင်းလွှတ်ပူဇော်  သာဓုခေါ်ပွဲ  ကျင်းပတော်မူ၏။

စကားခုနစ်ကျောင်း  သံဃာတို့အား  ဝတ္ထုကံမိုးမြေ  အများအပြားကိုလည်း  လှူတော်မူ၏။  ယင်းဝတ္ထု  ကံမိုးမြေတို့ကို  အမှီပြု၍  မြေမှုမြေ ခင်းများ  ဖြစ်ကြသောကြောင့်  ရဟန်းတော်များသည်  ပရိယတ်  ပဋိပတ်တည်းဟူသော  ရဟန်းတို့  အလုပ်ယုတ်လျော့သည်ကို  မနှစ်       မြို့သဖြင့်  ရှင်သာသနဓဇသည်  တူရွင်းတောင်ခြေသို့လည်းကောင်း၊  ရှင်ပရက္ကမညီနောင်တို့သည်  တောင်ပလူ(တောင်ဘီလူး)  အရပ်သို့လည်းကောင်း  ပြောင်း၍  နေထိုင်ကြလေ၏။

ထိုအခါက  ‘အင်းဝမြို့’  မတည်ရသေး။  ကျန်စစ်မင်းကြီး  ကောင်းမှုထီးလှိုင်ရှင်ဘုရားသာ  ရှိသည်။  ထိုဘုရားအနီးတွင်  ရွာရှိ၏။  ထိုရွာကို  ဆွမ်းခံရွာ  ပြု၍  ပရက္ကမကျောင်း  သံဃာတို့  သီတင်းသုံးကြ၏။

မြန်မာသက္ကရာဇ် ၇၂၆ – ခုနှစ်၊  သတိုးမင်းဖျား  အင်းဝတည်သောအခါ  တောင်ပလူ(တောင်ဘီလူး) အရပ်မှာလည်း  လူသူနီးကပ်လာ၍  ပရက္ကမညီနောင်တို့သည်  စစ်ကိုင်းတောင်ရိုးသို့  ကူးကာ  “ အံ့တော်မူဘုရား”    အနောက်ချောက်၌အရှေ့အနောက်  တစ်ပါးစီ  ဧကစာရီ  နေကြသည်။  အရှေ့ပရက္ကမ၊  အနောက်ပရက္ကမဟု  တွင်သည်။  နောင်သောအခါ  စစ်ကိုင်း ချောက်  အမည်မှ  စစ်ကိုင်းချောင်  အမည်သို့  ရွေ့လျောကာ  အမည်တွင်ပြီး  ပရက္ကမချောင်  အနုရုဒ္ဓါချောင်  ပိတောက်ချောင်  စသဖြင့်  ချောက်မှ  ချောင်သို့ ပြောင်း၍  ခေါ်လာကြလေသည်။

ပရက္ကမညီနောင်တို့  ပရက္ကမချောက်ထဲ၌  သီတင်းသုံးနေကြစဉ်  ဥမင်သုံးဆယ်  ဘုရားမတည်ရသေး။  ထိုကြောင့်သာသနာလင်္ကာရ၌    “ စစ်ကိုင်းရှင်ဖြူ  ရှင်လှမြောက်၊  အံ့တော်မူဘုရား  အနောက်ချောက်မှာ  နေကြလေ၏။  အရှေ့အနောက်  ၂-တိုက်တည်၍  နေသော       ကြောင့် အရှေ့ ပရက္ကမ၊  အနောက်ပရက္ကမတွင်လေသည်။” ဟု  ထင်ရှားရှိသော  ဘုရားများဖြင့်  ချောက်တည်ရာကို  ညွှန်ပြထား၏။  ယနေ့  အံ့တော်မူဘုရား  မှာ  တံတိုင်းမီးတားနှင့်  ပစ္စယာမျှသာ  ရှိတော့၏။  ယခုနှစ်ဆိုလျှင်  ပရက္ကမချောင်  တည်ထောင်လာသည်မှာ  နှစ်ပေါင်း  ၅၃၀-ရှိပြီ  ဖြစ်ပါသည်။

အသားစားရှောင်ကြဉ်မှု

၁၃၃၇-ခု၊  တန်ခူးလဆန်း ၂-ရက်နေ့တွင်  ပျံတော်မူသော(ရဟန္တာဟု  ကျော်ကြားသည့်) အနောက်ပရက္ကမ  ဆရာတော်ဘုရားကြီးက “အချို့သူတို့သည်  သက်သတ်လွတ်စားခြင်းကို  အပြစ်ဆိုကြ၏။  ဒေဝဒတ်ဂိုဏ်းဝင်  တိတ္ထိတို့နှင့်ပင်  နှိုင်းကြ၏။  အပြစ်ဆိုသူတို့က  သာဓကဆောင်ကြသည်မှာ  ဒေဝဒတ်က  မြတ်စွာဘုရားအား  အချက်ငါးချက်တောင်းဆို၏။  မြတ်စွာဘုရားက  ခွင့်မပြု။  ယင်း  ငါးချက်တို့ကား  ပါရာဇိကဏ်  ပါဠိတော်၌  အောက်ပါအတိုင်း  ဟောထား၏။

(၁)  ရဟန်းတော်များ  အသက်ထက်ဆုံး  တောကျောင်းမှာ  နေပါစေ၊  ရွာကျောင်းနေလျှင်  အာပတ်သင့်ပါစေ။

(၂)  ရဟန်းတော်များ  သက်ထက်ဆုံး  ဆွမ်းခံစားပါစေ၊  ပင့်ဖိတ်သည့်ဆွမ်းကို  စားလျှင်  အာပတ်သင့်ပါစေ။

(၃)  ရဟန်းတော်များ  အသက်ထက်ဆုံး  ပံ့သကူသင်္ကန်းဆောင်ပါစေ  လူတို့လှူသော  သင်္ကန်းဆောင်လျှင်  အာပတ်သင့်ပါစေ။

(၄)  ရဟန်းတော်များ  အသက်ထက်ဆုံး  သစ်ပင်အောက်တွင်  နေပါစေ  အမိုးအောက်နေလျှင်  အာပတ်သင့်ပါစေ။

(၅)  ရဟန်းတော်များ  အသက်ထက်ဆုံး သား  ငါး   မစားပါစေနှင့်  စားသော်  အာပတ်သင့်ပါစေ။

ဤငါးချက်တို့ကို  ဒေဝဒတ်က  စိတ်ယုတ်မာဖြင့်  ခွင့်မပြုနိုင်မှန်းသိလျက်နှင့်  တောင်းဆိုခြင်း  ဖြစ်၏။  အချို့  ပုထုဇဉ်  ရဟန်းတို့ကို  ဒေဝဒတ်သည်  သန္တုဋ္ဌီသလ္လေခကြောင့်  ဤငါးချက်တို့ကိုတောင်းဆို၏   ဟု  ထင်မှားကြပြီး  ဒေဝဒတ်၏  နောက်ပါများဖြစ်သွားကြကာ  သံဃာသင်းကွဲ၏။

ဤအချက်ငါးချက်သည်  ကျင့်ဆောင်ရန်  အလွန်ခက်၏။  ထိုကြောင့်  ကျင့်ဆောင်နိုင်သည့်  ရဟန်းတော်များ  ကျင့်ဆောင်ကြ၍  မကျင့်ဆောင်သည့်  ရဟန်းတော်များ  မကျင့်ဆောင်ကြရန်  ဒေဝဒတ်၏တောင်းခံမှုကို  ခွင့်မှုကို  ခွင့်မပြု။  ဤငါးချက်စလုံး  ကျင့်ရန်  အလွန်ခက်ခဲ၏။  ထို့ကြောင့်လည်း  မြတ်စွာဘုရားက  ကျင့်လိုသူတို့  ကျင့်၍  မကျင့်လိုသူတို့မကျင့်ဘဲနေရန်  ခွင့်ပြုခဲ့၏။

ဤ၌  ကျင့်နိုင်၍  ကျင့်နေကြသူတို့ကို  အပြစ်မဆိုထိုက်ပါ။  ကျင့်ရန်  ခက်ခဲ၍သာ  ကျင့်ရမည်ဟု  ခွင့်မပြုခဲ့ခြင်း  ဖြစ်ပါသည်။

သံသယမဝင်ကြပါနှင့်

သက်သတ်လွတ်  စားခြင်း၏  သမိုင်းကို  ပြန်လှန်  ရှာဖွေသော်  မြတ်စွာဘုရား၏  အလောင်းတော်ဘ၀  ကမ္ဘာဦးအခါက  ဖြစ်ကြောင်းကို  ငါးရာငါးဆယ်  ဇတ်တော်  အသွယ်သွယ်တို့က  သာဓက  ပြနေကြပါသည်။

ငါတို့၏  ဆရာစဉ်ဆက်တို့ကလည်း-သက်သတ်လွတ်ဆွမ်းများဘုဉ်ပေးခဲ့ကြ၏။  ထိုဆရာတော်ကြီးတို့မှာ  ရဟန္တာဟု  ကျော်ကြားသော  ဘုန်းတော်ကြီး  ဦးသီလ၊  စစ်ကိုင်းမြို့  မဟာဂန္ဓာရုံဆရာတော်၊  မဟာသုခချောင်  ဆရာတော်၊ ရွေကျင်သာသနာပိုင်  သက်တော်ရာကျော်၊  စံကင်း ဆရာတော်၊  တောင်မြို့  မဟာဂန္ဓာရုံဆရာတော်  အရှင်ဇနကာဘိစံသ၊  ဝိပဿ       နာချောင်  ဆရာတော်နှင့်  သံဃာတော်များ၊  စစ်ကိုင်းတောင်ရိုးကမ္မဋ္ဌာနပုဂ္ဂိုလ်များ၊  မဟာဂန္ဓာရုံ  ဆရာတော်ကြီးနှင့်  ၎င်း၏တပည့်များ၊  ဆရာတော်  ဦးရန်ကုန်၊  ရွှေတောင်မြို့  ဆရာတော်  ဦးတိက္ခိန္ဒြိယ  စသည်  စသည်  ဆရာတော်ကြီးများကား  များပြားလှ၏။  ကျယ်ဝန်းမည်စို၍  မဖော်ပြတော့ပါ။

ဖော်ပြခဲ့သည့်  ဆရာတော်ကြီးများတွင်  (အမရပူရ)  တောင်မြို့  မဟာဂန္ဓာရုံ  ဆရာတော်  အရှင်ဇနကာဘိဝံသသည်  များစွာသော  ဘာသာဋီကာကျမ်းကြီးများကို  ပြုစုခဲ့သူ  ဖြစ်သည်။  အကယ်၍သာ  သက်သတ်လွတ်စားခြင်းသည်  စာပေနှင့်  မညီက  ဘုဉ်းပေးမည်  မထင်ပါ။  ထို့ကြောင့်  သက်သတ်လွတ်  စားသူတို့ကို  မစားနိုင်သူတို့က  အပြစ်မဆိုကြပါနှင့်။ သက်သတ်လွတ်စားသူတို့ကလည်း  ဖော်ပြခဲ့ပြီး  ဖြစ်သည့်  ဆရာတောကြီးများပင်  စာပေနှင့်ညီ၍  ဘုဉ်းပေးကြသေးတာပဲ၊  ငါတို့က  ဘာသံသယဝင်ရမှာလဲ၊  မပျက်မကွက်ကို  စားမှာပဲဟု  အဓိဋ္ဌာန်ပြု၍  စားကြပါ။  အနောက်ပရက္ကမချောင်  သံဃာတော်များ  အားလုံးသည်လည်း  ဆရာစဉ်ဆက်၏  သြဝါဒကို  ခံယူကြကာ  သက်သတ်လွတ်  ဘုဉ်းပေးကြပါသည်။

အစွန်းသုံးပါး

ရဟန်းရှင်လူ  သူတော်သီလရှင်  ဘာသာဝင်  အပေါင်းတို့  ဘုန်းပေးသုံးဆောင်ကြရာ၌  ရသတဏှာကို  ပယ်ခွာကြပါ။  ရသတဏှာ  အတတ်နိုင်ဆုံး  နည်းပါးရန်  သက်သတ်လွတ်  စားကြပါ။  သတ္တဝါများ  အပေါ်ကရုဏထားသဖြင့်လည်း  သက်သတ်လွတ်  စားကြပါ။  “အသားစားသူက  သတ္တဝါများကို  သနားလိုက်တာ”  ဟု  ဆိုပါက  မှန်မည်မဟုတ်ပါ။  ဘီလူးက  သက်သတ်လွတ်  စားသည်ဟု  ပြောသည်နှင့်  တူနေပါသည်။

သတ်သတ်လွတ်  စားမှုသည်  အကျင့်ထူးတစ်ခု  မဟုတ်စေကာမူ  သတ္တဝါများကို  တကယ်  သနားသောအားဖြင့်  စားသင့်လှ၏။  သတ္တဝါတို့၏  အသားကို  မလွှဲသာ၍  စားကြလျှင်လည်း  အစွန်းသုံးပါးလွတ်သော  အသားကို  စားကြပါ၊  အစွန်းသုံးပါးမှာ -မြင်သော  သားငါး၊  ကြားသောသားငါး၊  ငါ့အား  ရည်ရွယ်၍  သတ်လေသလားဟု  မသင်္ကာဖွယ်ရာသော  သားငါးတို့  ဖြစ်၏။

အသားကိုမစားဘဲ

အနောက်ပရက္ကမ  ဆရာတော်ကြီးသည်  တစ်သက်လုံး  ပဲဆွမ်းကိုသာ  ဘုဉ်းပေးသွားလေသည်။  အောက်ပါ  သြဝါဒကိုလည်း  ပေးလေ့ရှိ၏။

“သုံးဆယ့်တစ်ဘုံ  အလုံးစုံသော  သတ္တဝါတွေ  ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ၊  ချမ်းသာကြပါစေ”  လို့  အမြဲမေတ္တာပို့ကြတယ်၊  နေ့စဉ်  စားသောက်ကြတော့  ဒီသတ္တဝါတွေရဲ့  အသားတွေနဲ့ပဲ။  အဲဒီတော့  သုံးဆယ့်တစ်ဘုံ  အလုံးစုံသော  သတ္တဝါတွေ  ကျန်းမာကြပါစေ၊  ချမ်းသာကြပါစေ  မေတ္တာပို့နေတာလည်း  ဒီပါးစပ်ပဲ။  ဒီသတ္တဝါတွေရဲ့အသားကို  နေစဉ်စားနေကြတာလည်း  ဒီပါးစပ်ပဲ။  ဒီပါးစပ်နဲ့  စားသောက်နေပြီး  ဒီပါးစပ်နဲ့  မေတ္တာပို့နေတော့  လေးနက်မှု  မရှိလှဘူး။  မေတ္တာအစွမ်းအစ  စူးရှမှုကလည်း  နည်းမယ်။  သတ္တဝါတွေရဲ့  အသားမစားဘဲ၊  သတ္တဝါတွေအားလုံး  ကျန်းမာကြပါစေ၊  ချမ်းသာကြပါစေလို့  မေတ္တာပို့မှသာ  အစွမ်းအာနုဘော်  ပို၍  ရှိသတဲ့၊     ဒါကြောင့်  သတ္တဝါတွေရဲ့  အသားမစားဘဲ  မေတ္တာပို့နိုင်ကြအောင်  အားထုတ်ကြ”

ဖြစ်လေရာဘဝတိုင်း

သက်သတ်လွတ်  စားခြင်းနှင့်  စပ်လျဉ်း၍  ကုန်းနေသတ္တဝါ၊  ရေနေသတ္တဝါ၊  ကောင်းကင်နေ  သတ္တဝါဟု  သုံးမျိုးခွဲခြားပါ။  ထိုတွင်ကုန်းနေသတ္တဝါတို့၏  အသားကို  မစားဘဲ  ရှောင်ကြဉ်ပါက  “ ငါသည်ကုန်းနေသတ္တဝါတို့၏  အသားကို မစား၊  ဤအဓိဋ္ဌာန်  သစ္စာစကား  မှန်ကန်ပါက  ယခုဘဝမှစ၍  ဖြစ်လေရာဘဝတိုင်းတို့၌  မြေကြီးအထုနှင့်တူသော  ဘုန်းသမ္ဘာ  ကံဉာဏ်  ပညာနှင့်  ပြည့်စုံ၍  မဂ်ဉာဏ်ဖိုလ်ဉာဏ်နိဗ္ဗာန်ကို  လျှင်မြန်စွာ  ရရလိုပါ၏။”

ရေ၌နေသော  သတ္တဝါတို့၏  အသားကိုမစားပါက  “ ငါသည်ရေ၌နေသော  သတ္တဝါတို့၏  အသားကိုမစား၊  ဤအဓိဋ္ဌာန်  သစ္စာစကားမှန်ကန်ပါက  ယခုဘဝမှစ၍  ဖြစ်လေရာဘဝတိုင်းတို့၌  သမုဒ္ဒရာ  ရေလှိုင်းနှင့်တူသော  ဘုန်းသမ္ဘာ  ကံဉာဏ်ပညာနှင့်  ပြည်စုံ၍  မဂ်ဉာဏ်  ဖိုလ်ဉာဏ်  နိဗ္ဗာန်ကို  လျှင်မြန်စွာ  ရရလိုပါ၏ ”

ကောင်းကင်၌  နေကြကုန်သော  ငှက်စသော  သတ္တဝါတို့၏  အသားကို  မစားက  “ငါသည်ကောင်ကင်း၌  နေကြကုန်သောငှက်စသော  သတ္တဝါတို့၏  အသားကိုမစား၊  ဤအဓိဋ္ဌာန်  သစ္စာစကားမှန်ကန်ပါက  ယခုဘဝမှ  စ၍  ဖြစ်လေရာ  ဘဝတိုင်းတို့၌  အဆုံးမရှိသော  ကောင်းကင်ပြင်ကြီးနှင့်  တူသော  ဘုန်းသမ္ဘာ  ကံဉာဏ် ပညာနှင့်  ပြည့်စုံ၍  မဂ်ဉာဏ်၊  ဖိုလ်ဉာဏ်  နိဗ္ဗာန်ကို  လျှင်မြန်စွာ  မျက်မှောက်ပြုရပါလို၏” လို့  ဆုတောင်းကြပါ၊  မုချ  ပြည့်၀  ပါလိမ့်မည်ဟုလည်း  သြဝါဒ  ပေးပါသည်။

အသက်ရာကျော်
ဖရုံသခွား၊  စသည်အားဖြင့်၊
ကိုးပါးသီးကြီး၊  မငြီးစားဘွယ်၊
သီးငယ်အကုဋေ၊  များမြောင်ထွေ၏။
ကျက်သရေမချို့၊  လျှာရည်စို့သား၊
နို့စမ်းနို့ရည်၊  ရက်တက်ကြည်မှ၊
တလည်ထွေထူး၊  ဆီဦးထောပတ်၊
ငါးပါးမှတ်သည်၊  ကောင်းမြတ်သြဇ၊
ဂေါရသတည့်၊  ဆုံကထွက်လစ်၊
နှင်းဆီသစ်နှင့်၊  အုံဖြစ်ရွှဲရွှဲ၊
ပျားတင်းလဲမူ၊  ထိုကစသည်၊
သုဇာတဆွမ်း၊
နှိုင်းတမ်းလိုက်ဖက်၊  သူ့သက်မပါ၊
မြတ်သြဇာကို၊  မဟာဓမ္မ၊
ပါလရွာသား၊  အတုစားက၊

သက်ပွားရှည်ကြာ၊  ဆယ်ရာပတ်လုံး ”  စသဖြင့်သက်သတ်လွတ်ဟင်းလျာတို့သည်  ကောင်းမြတ်သည့်အပြင်  အသက်ရာကျော်ပင်  ရှည်နိုင်ကြောင်းလည်း  ဆုံးမတော်မူလေံ  ရှိပါသည်။

သက်သတ်လွတ်အစ

အစမထင်  ကျင်လည်ခဲ့ရသည့်  သံသရာ  တစ်လျှောက်မှာ  သူတစ်ပါးတို့၏  အသားကို  စားသောက်ခဲ့ကြရသည်မှာ  များပြားလှပြီ။  ဘဝတိုင်းစားရလို့  အားရသင့်ကြပြီ၊  ထိုသို့  စားကြသည်မှာလည်း   အသိဉာဏ်  မရင့်သန်ကြ၍ဟု  ဆိုရပေမည်။

အသိဉာဏ်ရင်သန်ကြသည့်  ဒီလိုဘ၀  ရကြတဲ့  အခါ သူတစ်ပါးအသားတို့ကို  မစားကြပါနဲ့တော့၊  မိမိတို့  ပါးစပ်ကို  သတ္တဝါတို့သင်္ချု ိင်း  မဖြစ်ပါစေနှင့်။

သုတ်ပါထေယျ  အဂ္ဂညသုတ်တော်တွင်  ကမ္ဘာဦးသူတို့သည်  မြေဆီလွှာတို့ကိုသာ  စားခဲ့ကြ၏။  ယခုခေတ်အခါ   မြေဆီမြေလွှာ  မရှိပါလည်း  ပကတိ  ဟင်းသီးမျိုး  ဟင်းရွက်မျိုး  ကောင်းနိုးရာရာတို့ကို  စားသုံးပါက  အလွန်ပေါများလှ၏။  ဤသက်သတ်လွတ်  စားမူ  ပေါ်ပေါက်ခဲ့သည်မှာ  သုတ်ပါထေယျ  အဂ္ဂညသုတ်ကို  ထောက်သော်  ကမ္ဘာဦးကပင်  ဖြစ်၏။  ထို့ကြောင့် “သက်သတ်လွတ်အစ — ကမ္ဘာဦးက”  ဟု  မှတ်တမ်းပြုရပေမည်ဟု  မိန့်ပြီးနောက် —

ဂါထာ  ၂ – ပုဒ်

ပုဒ်ရေဂါထာ  ၄၂၆ – ခုရှိသော  “သဗ္ဗမံသ  ပဟာနဓမ္မ” ကျမ်းမှ  အောက်ပါ  ၂ – ဂါထာကိုလည်း  အနက်နှင့်  တကွ  ရွတ်ဆိုပြလေ့ရှိပါသည်။

သုမေဓော   တေမိယော  ကဏှော၊
အကိတ္တိတာ  ပသာဒယော၊
သဗ္ဗေမံသံ  ဝိဝဇ္ဇေတွာ၊
ပူရေသုံ  ဗောဓိဟေတဝေ။   ။

သုမေဓော၊  သုမေဓာ  ရသေ့သည်လည်းကောင်း။  တေမိယော၊  တေမိရသေ့သည်လည်းကောင်း။  ကဏှော၊  ကဏှ  ရသေ့သည်  လည်းကောင်း။  အကိတ္တိတာပသာဒယော၊  အကိတ္တိရသေ့စသော  ဘုရားလောင်းတို့သည်လည်းကောင်း။  သဗ္ဗမံသံ၊  ဘဲ-ကြက်-ဝက်-နွား-  သားငါးစသော  သတ္တဝါတို့၏  အသားခပ်သိမ်းတို့ကို။   ဝိဝဇ္ဇေတွာ၊  ရှောင်ကြဉ်ကြကုန်၍။  ဗောဓိဟေတဝေ၊  သဗ္ဗညုတဉာဏ်၏       အကြောင်းရင်းဖြစ်ကုန်သော  ပါရမီ  အဆောက်အဦတို့ကို ။   ပူရေသုံ၊  ပြည့်ကြကုန်ပြီ။

တသ္မာ သလ္လေခိကော ပေါသော၊
သံပဿ အတ္ထမတ္တနော။
သဗ္ဗမံသံ ဝိဝဇ္ဇေယျ၊
ယောဂက္ခေမဿ ပတ္တိယာ။

တသ္မာ၊  ထိုသို့  ဘဲ- ကြက်- ဝက်-နွား  စသော  သတ္တဝါ  အပေါင်းတို့၏  အသားခပ်သိမ်းတို့ကို  ရှောင်ကြဉ်ကြကုန်၍  သဗ္ဗညုတဉာဏ်၏  အကြောင်းရင်း  ဖြစ်ကုန်သော  ပါရမီ  အဆောက်အဦတို့ကို  ဖြည့်ကျင့်  ကြပါကုန်သောကြောင့်။  သလ္လေခိကော၊  ကိလေသာ  ခေါင်းပါးအောင်  ကျင့်သော။  အတ္တနော၊  မိမိ၏။  အတ္တံ၊ အကျိုးစီးပွားကို၊ သံပဿံ-သံပဿန္တော၊ ရှုသော။  ပေါသော၊  သတ္တဝါသည်။   ယောဂက္ခေမဿ၊  ယောဂလေးပါးတို့၏  ကုန်ရာဖြစ်သော  နိဗ္ဗာန်သို့။  ပတ္တိယာ၊  ရောက်စေခြင်းငှာ။  ဝါ၊  ရောက်အောင်။  သဗ္ဗမံသံ၊  ခပ်သိမ်းသော  သတ္တဝါတို့၏  အသွေးအသား  အညှီအဟောက်ကို။  ဝိဝဇ္ဇေယျ၊  ရှောင်ကွင်းရာ၏။

မေတ္တာ

သတ္တဝါတို့ကို  ချစ်ခင်ကြင်နာ၍  အသားစား  ရှောင်ကြဉ်သူတို့သည်  မေတ္တာ  ကရုဏာ  ဗြဟ္မစိုရ်တရား  များပြားကြ၏။  ဗြဟ္မစိုရ်တရားလေးပါးကို  ပွားများသူတို့မှာ  သတ္တဝါတို့ကို  အစဉ်သနား  ချစ်ခင်၏။  ချမ်းသာမှုစသည်တို့၌  ဝမ်းမြောက်၍  ကောင်းဆိုးနှစ်ဝကို  ဥပေက္ခာ    ပြုနိုင်ကြ၏။

ဤဗြဟ္မစိုရ်တရား  လေးပါးတို့တွင်  မေတ္တာသည်  သမထဘာဝနာ  တွင်ပါဝင်၏။  ကမ္မဋ္ဌာန်းလေးဆယ်တွင်  သဗ္ဗတ္ထက  ကမ္မဋ္ဌာန်း           ဖြစ်၏။  ကမ္မဋ္ဌာန်း  လေးဆယ်လုံးနှင့်  ဆက်နွယ်သက်ဆိုင်၏။  ထို့ကြောင့်    မည်သည့်ကမ္မဋ္ဌာန်း  စီးဖြန်းသူ  ဖြစ်ဖြစ်  မေတ္တာကမ္မဋ္ဌာန်းကို  စီးဖြန်းရမည်  ဖြစ်၏။

လူသားတို့နှင့်  သက်ရှိသတ္တဝါတို့မှာ  မေတ္တာနှင့်  ကင်းသူ  မရှိဟုဆိုရချေမည်။  မေတ္တာနည်းပါးသူနှင့်  များပြားသူသာ  ကွာခြားကြပေ မည်။  မေတ္တာတရားသည်  ဗုဒ္ဓဘာသာမှာ  သာမက  ဘာသာတိုင်းတွင်ပါဝင်သော  တရား  ဖြစ်၏။  အထူးသဖြင့်  ဗုဒ္ဓဘာသာတို့မှာ  နေ့စဉ်မပြတ်တလစပ်  ပွားများကြရမည်  ဖြစ်၏။

အိပ်ရာဝင်စသော  အချိန်တို့တွင်  ပါဠိမြန်မာ  ကြိုက်နှစ်သက်သော  ဘာသာတို့ဖြင့်  မေတ္တာပို့ကြ၏။  ထို့ကြောင့်  ဘာသာဝင်တိုင်း  မေတ္တာ  ကမ္မဋ္ဌာန်း၊  သဗ္ဗတ္ထက  ကမ္မဋ္ဌာန်း  စီးဖြန်းကြ၏။  ဘုရားသခင်ကလည်း  “ ငါ၏  ချစ်သား  ချစ်သမီးတို့ — လက်ဖြစ်တစ်တက်ခန့်မျှ      ဖြစ်သော  မေတ္တာစိတ်ကို  ပွားများအံ့၊  ဈာန်မှ  ဆိတ်သုဉ်းခြင်း  မရှိမူ၍  ဝါ –  ဈာန်ဝင်စားနေသည်ဟူ၍  ဆိုအပ်၏” ဟု  မိန့်တော်မူ၏။ (အင်္ဂုတ္တရနိကာယ်  ဧကနိပါတ်  အစ္ဆရာသင်္ဃာတဝဂ် (နာ -၁၀ ) ရှု။

ဘာသာဝင်  အပေါင်းတို့  ဤပါဠိတော်ကို  ထောက်၍  မေတ္တာပွားကြပါ။မေတ္တာပွားလျှင်  ဈာန်ဝင်စားသည်ဟုပင်  အထက်ပါ  ပါဠိတော်က  ပြနေ၏။  မေတ္တာဘာဝနာပွားများသောအခါ  မိမိစွမ်းနိုင်သလို  ပွားများနိုင်ပါ၏။

မေတ္တာသည်  လူကြီးလူငယ်  အားလုံးနှင့်  ဆက် နွယ်၏။ ဘာသာဝင်ဟူသမျှ  ပွားများကြရမည့်  သမထတရား ဖြစ်၏။ မေတ္တာတန်ခိုးကား  ကမ္ဘာကို  ပါစိုးမိုးနိုင်၏။  ဘာသာရေး၊  လူမှုရေး၊  စီးပွားရေး  စသော  ဆက်ဆံရေး  အ၀၀တို့မှာ  မေတ္တာတရားသည်  အမြဲပါဝင်၏။          “ တစ်ဦးမေတ္တာ  တစ်ဦးမှာ ” ဆိုသည့်  ပမာ  တစ်ဦးက  မေတ္တာရှိမှ  တစ်ဦးက  ပြန်လည်   ရှိ၏။  တစ်ဦးက  မေတ္တာအမြဲရှိနေပါက  ထိုသူ့အပေါ်၌  မည်သို့ပင်  မုန်းမုန်းတစ်နေ့  အမုန်းပျက်ပြီး  မေတ္တာသက်စမြဲ  ဖြစ်၏။

ကောင်းကင်သည်  အဆုံးအစမရှိ  ကျယ်ဝန်းသလို  မေတ္တာသည်လည်း  အဆုံးအစမရှိ  ကျယ်ဝန်းကြောင်းကို  ရှေးဆရာများက “ မေတ္တာသဒ္ဒေအနန္တော” ဟု  မိန့်ကြသည်။  “ မေတ္တာ  သဒ္ဒေါ- အကနိဋ္ဌော”  ဟုလည်း  မေတ္တာပွားထုံလျှင်  အကနိဋ္ဌဗြဟ္မာဘုံသို့  ခိုလှုံနိုင်၏ဟု    မိန့်ကြသည်။  ထို့အပြင်  မေတ္တာတရားသည်  ဗြဟ္မဝိဟာရ  တရား  ဖြစ်၏ဟုလည်း   သြဝါဒ  ပေးခဲ့ကြပါသေးသည်။

ဆရာတော်၏မှတ်စု

သူ့အသက်ကိုမသတ်၊ သူ့အသားကိုမစားဘဲ  နေကြ၍  မေတ္တာဘာဝနာ ပွားများကြရန် တိုက်တွန်းသော  ဆရာတော်၏  အမှာစာတွင်-

(၁)  မေတ္တာတရား၊  လက်ကိုင်ထား၊  မလားပါယ်လေးရွာ။
(၂)  မေတ္တာတရား၊  နေ့စဉ်ပွား၊  ထင်ရှားလာမည်သာ။
(၃)  မေတ္တာတရား၊  အမြဲပွား၊  တိုးပွားဉာဏ်ပညာ။
(၄)  မေတ္တာပွားများ။  အသားစား၊  တအားရှောင်ကြဉ်ပါ။
(၅)  မေတ္တာပွားပြန်၊  မှားမမှန်၊  ဧကန်ချမ်းသာမှာ။
(၆)  မေတ္တာကိုဆောင်၊  ကြံတိုင်းအောင်၊  လူ့ဘောင်ကျော်ကြားလာ။
(၇)  မေတ္တာအကျိုး၊  နေ့တိုင်းတိုး၊  တန်ခိုးပြည့်စုံမှာ။
(၈)  မေတ္တာအတွက်၊  ရန်သူပျက်၊  ဆက်လက်ပွားများပါ။
(၉)  မေတ္တာတန်ခိုး၊  ရန်သူမျိုး၊  ပျက်ရိုးအမှန်ပါ။
(၁၀)  မေတ္တာရေချမ်း၊  အမြဲဖျန်း၊  ဘေးဘျမ်းရှင်းရှင်းကွာ။
(၁၁)  မေတ္တာအတွက်၊  မသတ်ရက်၊  လွတ်ချက်ဧကန်ပါ။
(၁၂)  မေတ္တာရှေ့သွား၊  နှလုံးထား၊  အများချမ်းသာရာ။
(၁၃)  မေတ္တာပို့ပြန်၊  ရန်သူ့ထံ၊   ဒဏ်ပြန်ဆေးမှတ်ပါ။
(၁၄)  မေတ္တာမွှမ်းထုံ၊  ဘေးမျိုးလုံ၊  အကုန်ချမ်းသာရာ။
(၁၅)  နှုတ်ကြမ်းမောက်မာ၊  မဲ့မေတ္တာ၊  ချိုးသာပြေပြစ်၊  လူတိုင်းချစ်။
(၁၆)  ဘေးရန်နှင့်တွေ့၊  မေတ္တာမွေ့၊  ရန်ငွေပျက်ပြုံးမည်။
(၁၇)  မေတ္တာတရား၊  ပွားသူများ၊  ရောက်ငြားဘုံဗြဟ္မာ။
(၁၈)  မေတ္တာအစွမ်း၊  ကမ္ဘာလွမ်း၊  ငြိမ်းချမ်းသာယာမှာ။
(၁၉)  မေတ္တာအဟုန်၊  ကမ္ဘာလုံ၊  လူ့ဘုံအေးချမ်းသာ။
ဟုရေးသားထားပါသည်။

(အရှင်စာရန္ဒ (ဓမ္မစရိယ) ရေး  အနောက်ပရက္ကမ  ဆရာတော်၏  ဖြစ်စဉ်နှင့်  ကျင့်စဉ်များမှ)

နိဂုံး

ဤမျှသော  စကားစဉ်ဖြင့်
စာရေးသူသည်
အရှင်မဟာရဋ္ဌသာရ၏
“ကိုယ်နှင့်လည်းစာ
သတ္တဝါကို
ကြင်နာလှစေ
သူ့အသက်ကို – ချစ်ပါလေ ”
ဟူသော  သြဝါဒကို
ဦးထိပ်ရွက်ဆင်လျက်
နိဂုံးကမ္ပတ်
အဆုံးသတ်အပ်ပါသတည်း။

၁၃၃၅-ခု၊  ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက်   (၅-၈-၁၉၉၃)

ကျမ်းကိုး

၁။  ဝိနည်းမဟာဝါ  ပါဠိတော်

၂။  ဝိသုဒ္ဓိမဂ်  အဋ္ဌကထာ

၃။  သုတ်ပါထေယျ  အဋ္ဌကထာ

၄။  ပါရာဇိကဏ်  အဋ္ဌကထာ

၅။  ဒသကအင်္ဂုတ္တိုရ်  ပါဠိတော်

၆။  အဋ္ဌသာလီနိ   အဋ္ဌကထာ

၇။  မဟာဝဂ္ဂသံယုတ်

၈။  အဂုၤတ္တိုရ်တိကနိပါတ်  ပါဠိတော်

၉။  ဧကနိပါတ်  ဂေါမဇာတ်

၁၀။  သုတ်သီလက္ခန်  အဋ္ဌကထာ

၁၁။  စတုတ္ထအင်္ဂုတ္တိုရ်  အဋ္ဌကထာ

၁၂။  စရိယပိဋကတ်

၁၃။  မနုဓမ္မသတ်

၁၄။  လယ်တီပုစ္ဆာအဖြေပေါင်းချုပ်၊  ဟံသာဝတီပိဋကတ်  ပုံနှိပ်တိုက်  ရန်ကုန်မြို့  (၁၉၅၆ )

၁၅။  အနောက်ပရက္ကမဆရာတော်၏  ဖြစ်စဉ်နှင့်ကျင့်စဉ်များ

၁၆။  လူ့အစာစစ်တမ်း   ‘ Man’s  Food ’  ဇမ္ဗုဝတီ  ပိဋကတ်  စာပုံနှိပ်တိုက်  ရန်ကုန်မြို့ ( ၁၉၆၅ )

၁၇။  သက်သတ်လွတ်စားခြင်းနှင့်  ပတ်သက်၍  နိုင်ငံခြားတိုင်းပြည်များနှင့်မြန်မာပြည်မှ  ထုတ်ဝေသော  စာ-နယ်-ဇင်းများ၊  စာရွက်စာတမ်းများ  ဟောပြောချက်များ။

Photo by Stefan Fluck on Unsplash

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ အခြား

တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားပြုစုသော ဗုဒ္ဓဂုဏ်တော်နှင့် ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ ”ခေါင်းဖြတ်ချင်သူ” ဆောင်းပါး

ခေါင်းဖြတ်ချင်သူ

သုခဝေဒနာ၊  စိမ့်ရည်ဖြာသည့်
ရသာမြိန်ရွှမ်း၊ အစိမ့်မွှန်းက
သွန်းသွန်းဆူကြွ၊  ထိုသုခကို
ပိယဟူသား၊  အချစ်ပွား၍
ခြောက်ပါးဝေဒနာ၊  မြိန်ယှက်စွာကို
လွယ်ကာမနှေး၊ လိုတိုင်းပေးသည်
သူဌေးရတနာ၊  ပမာအလား
ကြင်မယားနဲ့၊ ဝတ်စားရွှေငွေ
လယ်မြေလုပ်ခင်း၊ ထမင်းဘောဇဉ်
သဘင်ပွဲလမ်း၊  အခန်းခန်းတည်း
ပန်းမျိုးနံ့သာ၊  အဖြာဖြာလျှင်
ရူပါရမ္မဏ၊  စသည့်အပုံ
ပဉ္စာရုံနှင့်၊ ခြောက်စုံဖဿ
စက္ခုစသား၊  ဒွါရခြောက်မည်
အကြည်အလင်း၊  ကိုယ်တွင်းဓာတ်စု
အစုစုလျှင်၊  ဗဟုဘေဒါ
များပြားစွာသည်၊  ဓမ္မာရမ္မဏ
ကာမဝတ္ထု၊ အစုအပုံ
ခြောက်အာရုံ  ၊  ခုံတမင်မင်
ခင်တများများ၊ နေ့စဉ်ပွား၍
တရားအချက်၊ သဘောနက်ကို
အိပ်မက်တွင်မျှ၊  မမြင်ကြဘဲ
ကာမထောင်တွင်း၊  ခန္ဓာကင်းသည်
ခြောက်သင်းတဏှာ   စွမ်းရည်တည်း။

(လယ်တီဆရာတော်၊  ပဋိစ္စသမုပ္ပါဒ်ဒီပနီ၊  အပိုဒ် -၇)

ရှင်သာမဏေဘဝက  ကျက်မှတ်ခဲ့ဘူးတဲ့  ဆရာတော်ကြီးရဲ့  သံဝေဂတရားကဗျာတွေထဲက  အကြိုက်နှစ်သက်ဆုံး  ကဗျာတစ်ပိုဒ်ပါ။   ကံတရားအစစ်မှာ  မျက်စိရှေ့တင်ရှိနေပါလျှက်   အရှာရခက်သလို   ရှိနေကြတဲ့  ပုထုဇဉ်  လူသားတွေကို  ရှင်းခနဲ၊  လင်းခနဲမြင်အောင်  ပြလိုက်တဲ့ကဗျာလေးပါ။  သိအောင်မြင်အောင်  နှိုက်နှိုက်ချွတ်ချွတ်  လေ့လာကြဖို့ဝေးလို့  အိပ်မက်တောင်  ယောင်လို့  မမက်ကြပါဘူးတဲ့။

“ကာမဘုံသား   ဆုံလည်နွား   ဆိုတဲ့အတိုင်း   ထောင်ကြီးနဲ့တူတဲ့  ကာမဘုံကြီးထဲမှာပဲ   ဘဝတဏှာရဲ့  အကြိုက်ကိုလိုက်ပြီး  ဒီတဏှာရဲ့  အစီးအပွားကိုပဲ  အားထုတ်ပြီး  လုံ့လပြုုုကြ၊  တဏှာတွေတန်းလန်းနဲ့ပဲ  ဘဝကို  နိဂုံးချုပ်ကြ၊  ဒုက္ခပင်လယ်ကြောမှာ  မျောနေကြတာပဲ  မဟုတ်လား။ ” ဘဝတာတိုတိုမှာ  အရသာချိုချိုရှာရင်း  အချိန်ကုန်ကြမယ်”   ဆိုတဲ့  စကားဟာ  မက်မောစရာကောင်းသယောင်ယောင်နဲ့  ကြောက်စရာကြီးပါလား  ဆိုတာကို  ပုထုဇဉ်တွေ  မရိပ်စားမိကြပါဘူး။

ဗုဒ္ဓ ဟောကြားခဲ့တဲ့  သစ္စာတရား  ဟာ  ဆံချည်တစ်မျှင်  အပ်တစ်ထောက်စာတောင်  မလွဲဘူး။  ကောင်းမှုကုသိုလ်တွေ  လုပ်တော့မယ်ဆိုရင်  ပတ်ဝန်းကျင်အနှောက်အယှက်ရှိတတ်သလို  မိမိစိတ်ရဲ့  မလုံခြုံမှု   အနှောက်အယှက်လည်း   ရှိနေတတ်ပါတယ်။   သံဝေဂဉာဏ်  သတိအသိနဲ့  ယှဉ်ပြီး  ဆင်ခြင်ကြဖို့ပါ။  စစ်မှန်တဲ့တရားကိုသိမှ  ကျင့်မှပဲရင့်သန်တဲ့  ဘဝပါရမီဆိုတာက  ဖြစ်လာစမြဲပါ။  ဓာတ်ခံရအောင်  အလေ့အကျင့်ကောင်းတွေ  များများလုပ်ပေးပါလို့  တိုက်တွန်းချင်တာပါ။   ဒီနေရာမှာ  အထူးပြောချင်တာကတော့  ယောဂီ  အကြောင်းပါပဲ။  ယောဂီ  ဆိုတာရိုးသားဖို့  အရေးကြီးပါတယ်။   မရိုးသားရင်တရားမရနိုင်ပါဘူး။

ယောဂီအင်္ဂါ ၅- ပါး

“ယုံကြည်ကျန်းမာ၊  စိတ်ဖြောင့်စွာနှင့်၊  လွန်စွာအားထုတ်၊  နာမ်နှင့်ရုပ်ကို၊  ဖြစ်ချုပ်ဉာဏ်မြင်၊  ဤငါးအင်၊  မှန်ပင်မဂ်ရကြောင်း”   လို့   ယောဂီအင်္ဂါ ငါးပါးရှိပါတယ်။

“ယုံကြည်” ဆိုတာက   ဗုဒ္ဓဘုရားရှင်အပေါ်မှာရော၊  ဟောကြားတော်မူခဲ့တဲ့  တရားတော်မြတ်တွေကိုရော  မမှိတ်မသုံ  မဝေမဝါးဘဲ   ယုံကြည်အားထားဖို့ကို  ဆိုတာပါ။  ကျန်းမာဆိုတာက  တရားကိုအားထုတ်နိုင်လောက်အောင်   ကျန်းမာရေးနဲ့ ပြည့်စုံရမယ်။  ဒီနေရာမှာ  တွေ့တတ်တာက  ယောဂီကိုယ်တိုင်က  ကျန်းမားရေးချို့ယွင်းနေတာမျိုး၊  မကျန်းမာမမာဘူးလို့  စိတ်ကထင်မြင်ပေမယ့်  တရားအားထုတ်လိုက်တဲ့အခါမှာ  ထင်ထားတာထက်တောင်  ဒေါင်ဒေါင်မြည်အောင်  ကျန်းမာနေတာ၊   ကျန်းမာလာတာတွေကို  တွေ့ရတတ်ပါတယ်။

ယနေ့ကမ္ဘာမှာ  နာမည်ကျော်နေတဲ့  အိန္ဒိယနိုင်ငံက  ဝိပဿ       နာဆရာကြီး  ဂိုအင်ကာဟာ   ဆရာကြီးဦးဘခင်ဆီမှာ  တရားအားထုတ်ခဲ့ရတာဟာ  ကျန်းမာရေးချိုယွင်းလို့ပါ။  ယခုတော့  ဆရာကြီးဟာ  ကျန်းမာရေးကောင်းသလောက်  ထိရောက်အောင်မြင်နေတဲ့  ဝိပဿ       နာတရားပြဆရာကြီး  ဖြစ်နေပါပြီ။   “စိတ်ဖြောင့်စွာ”နှင့်   ဆိုတာက   ယောဂီဟာ  ရိုးသားမှု  ရှိရပါမယ်။  ယောဂီ အချောင်သမား၊  ယောဂီ   အတုအယောင်၊  ယောဂီညာ၊  ယောဂီဖြီး  မဖြစ်ဖို့လိုပါတယ်။  အတွေ့အကြုံထဲက  တစ်ချို့ကိုပြောချင်ပါတယ်။

တရားအလုပ်ကို  လုပ်ကြတဲ့အခါမှာ  ဘယ်ဉာဏ်စဉ်က  ဘယ်လိုခံစားရတယ်။  ဘယ်ဉာဏ်စဉ်က  ဘယ်လို  အရိပ်နိမတ်တွေ  ပြတယ်ဆိုတာကို  တချို့ယောဂီတွေက  သိနေပါတယ်။  စာတွေ့အရရော၊  တစ်ဆင့်စကားအရပေါ့လေ။  အဲဒီတော့  အညံ့မခံချင်တဲ့  သဘောနဲ့  အာကျမခံစိတ်  ဖြစ်လာပြီး  မဖြစ်တာကို  တကယ်ဖြစ်လေသယောင်ယောင် လုပ်ကြံ ပြောတတ်ကြပါတယ်။ မသိတာကိုသိလေသယောင်ယောင် ပြောတတ်ကြပါတယ်။

တစ်ချို့ကြတော့  သူများထိုင်သလို  ထိုင်ပါတယ်။  ကမ္မဋ္ဌာန်းသင်ပြသလို  လုပ်ပါတယ်။  ဒါပေမယ့်  တစ်ရက်၊  ဆယ်ရက်စတဲ့ကြာလို့တောင်မှ  ဘာမှမထူးခြားပါဘူး။  ဆရာသမားတွေကို  အားနာလာပါတယ်။  မျက်နှာပူလာပါတယ်။  အတူတူလုပ်ကြတဲ့  သူတွေကိုလည်း  ရှက်လာပါတယ်။  ဒီတော့  မထူးဘူးဆိုပြီး  သူများပြောသလိုပြော၊  သူများခိုင်းသလိုပြော၊  စာထဲကအတိုင်း  ပြောဆိုတာတွေ  ဖြစ်ကုန်ကြပါတယ်။  ကမ္မဋ္ဌာန်းဆရာမေးရင်  ကိုယ့်မှာဖြစ်သလောက်၊  သိသလောက်ပဲ  ပြောပြစေချင်ပါတယ်။

ဒီလိုပြောမှကောင်းတယ်၊  ဒီလိုပြောမှ  တရားရတယ်လို့  သိထားတော့  ဒီလိုပဲ  ပြောချလိုက်တာတွေ၊  တရားစခန်းက  တရားရှင်ကြီးအဖြစ်  ခပ်တည်တည်ကြီးနဲ့  ထွက်သွားကြတာတွေ  အများကြီး  တွေ့ဖူးကြုံဖူး  ကြပါတယ်။   တကယ်လုပ်ပါ။  တကယ်လုပ်တဲ့  သူဟာ  ကိုယ့်ဘာသာ  အသိဆုံးပါ။  ဘယ်သူကမှ  ဘယ်အဆင့်  ရောက်ပြီ  လို့  “စံ”  သတ်မှတ်မပေးနိုင်ပါ။  တရားအားထုတ်တဲ့ကိစ္စမှာ  အမှတ်ပေးလက်မှတ်  ပေးသလိုမျိုး  လုပ်လို့မဖြစ်နိုင်ပါ။

တတိယအချက်ဖြစ်တဲ့  “လွန်စွာအားထုတ်” ဆိုတာက  ကုသိုလ်တရားတွေ  များလာအောင်  လုံ့လဝီရိယရှိကြဖို့  ဆိုလိုတာပါ။  အမှန်လုပ်ရင်  အကုသိုလ်အလိုလို  နည်းပါးသွားစမြဲပါ။  လျောင်း၊  ထိုင်၊  ရပ်၊  သွားဆိုတဲ့  ဣရိယာပုထ်  ၄ ပါးစလုံးမှာ  အကုသိုလ်ဖြစ်မနေဖို့၊  ကုသိုလ်အမြဲ  ဖြစ်နေဖို့  ထားရတဲ့ဝီရိယကို  လွန်စွာအားထုတ်ဖို့  ဆိုလိုတာပါ။  ထိုင်ပြီး  အားထုတ်နိုင်ချိန်မှာတော့  ငြိမ်သက်လို့ပါပဲ။  ထိုင်ရာက  ထသွားတော့  အချင်းချင်း  စကားပြောကြ၊  အိပ်နေကြရင်  ရှုပွားမှုမှာ  သတိလက်လွတ်သွားတာပါပဲ။  အကုသိုလ်ဝင်တာပါပဲ။  တစ်ကြိမ်လောက်ပဲ  အားထုတ်ပြီး ကျင့်တဲ့အချိန်တွေမှာ  စိတ်တွေပျံ့လွင့်ပြီး  ဗာဟိရအမှုတွေလုပ်၊  စိတ်တွေ  ထွေပြားနေကြမယ်ဆိုရင်လည်း အကုသိုလ်ဝင်တာပဲ။

ဒါကြောင့်   လွန်စွာအားထုတ်ဆိုတဲ့  ဝီရိယဟာ    ဣရိယာပုထ် ၄ ပါးစလုံးမှာ  ကုသိုလ်နဲ့ပဲ  နေဖို့၊ တရားနဲ့သတိနဲ့နေဖို့  ရည်ညွန်းတာဖြစ်ပါတယ်။  “နာမ်နှင့်ရုပ်ကို၊  ဖြစ်ချုပ်ဉာဏ်မြင်”  ဆိုတာက  နာမ်နဲ့ ရုပ်နဲ့  အဖြစ်အပျက်ကို  နိယာမမြင်နိုင်တဲ့ ဉာဏ်ပညာကို  ခေါ်ဆိုခြင်းဖြစ်ပါတယ်။  ဘွဲ့ထူးဂုဏ်ထူးတွေကို  ဆိုလိုတာမဟုတ်ပါ။  ရုပ်နှင့်နာမ်တို့ရဲ့  ဖြစ်ပျက်နှစ်ဝကို  အနိစ္စ၊  ဒုက္ခ၊  အနတ္တဆိုတဲ့  လက္ခဏာရေးသုံးပါးတင်ရှုနိုင်တဲ့  ဉာဏ်ရည်မျိုးကို  ရလာရင်တော့  ဒီပုဂို္ဂလ်ကို  ပေးစရာဘွဲ့ထူးမရှိတော့ဘူးလို့ ပြောရမှာပါ။  သိပ် အဖိုးတန်လွန်းတဲ့ အလုပ်ဆိုတာထင်ရှားလွန်းလို့ပါ။  အဲဒီ  အင်္ဂ ါငါးပါးပြည့်စုံမှ  မဂ်ရဖို့  နီးစပ်ပါလိမ့်မယ်။

မြတ်ဗုဒ္ဓ ရဲ့  ဂုဏ်တော်တရားတော်တွေကို  ယုံကြည်ဖို့  မိမိကိုယ်တိုင်အားထုတ်တဲ့  တရားအပေါ်မှာယုံကြည်ဖို့  သဒ္ဒ ါတရားထက်သန်ဖို့၊ တရားအားထုတ်နိုင်လောက်အောင်  ကျန်းမာဖို့၊ စိတ်ထားဖြူစင်ဖြောင့်မတ်ဖို့  ဒါကတော့  ယောဂီကိုယ်တိုင်  မွေးယူကျင့်ကြံယူမှ  ရနိုင်တဲ့ကိစ္စပါ။  ယောဂီတွေဟာဝီရိယရှိရမယ်။  အချိန်ကျလာရင်  ပျင်းရိနေတာတွေ၊  စိတ်မပါသလိုလို  လုပ်နေတာတွေကိုရှောင်ကြဉ်ကြရပါတယ်။

ဖြစ်ချုပ်ဉာဏ်မြင်ဆိုတဲ့  နာမ်နဲ့ရုပ်နဲ့  အဖြစ်အပျက်ကို  သိမြင်နိုင်စွမ်းရှိတဲ့  ပညာကလည်း  လုပ်ယူလို့ဘယ်တော့မှ မရနိုင်ပါ။  ပဋိသန္ဓေပါ။  ပညာပါ။  အတိတ်က  ကုသိုလ်ကံအကြောင်းတွေ  အများကြီးပါဝင်နေပါတယ်။   မေ့လျော့ပေါ့ဆခြင်းဟာ  သေခြင်းတရားနဲ့  လက်တွေ့ဆိုရင်  စွမ်းနိုင်သူတွေ  နည်းပါးတယ်။  တွေဝေမိန်းမောတာတွေ၊  ကြောက်လန့်တကြား  စိုးရိမ်ချောက်ချားတာတွေ  ဖြစ်တတ်ပါတယ်။ ဘဝကူးကောင်းဖို့  အလွန်ခဲယဉ်းပါတယ်။  ခနာကိုယ်ကို  ဉာဏ်နဲ့ရှုကြ၊  ဆင်ခြင်ကြပြီး  သဒ္ဒါ စေတနာ  ဖြူစင်မှန်ကန်ဖို့  လိုအပ်ပါတယ်။

ဇွဲကပင်မှ  ခြိမ်းခြောက်သံ

ဇွဲကပင်တောင်ပေါ်မှာ  အဓိဋ္ဌာန်  ဝင်ခဲ့ပါတယ်။  အဓိဋ္ဌာန်ရက်ကို  ၉ ရက်သတ်မှတ်ပါတယ်။  အဓိဋ္ဌာန်ရက်  မပြည့်ခင်  ရှစ်ရက်နေ့မြောက်ညမှာ  တောင်တစ်ခုလုံး  ထူးထူးခြားခြား  ငြိမ်သက်နေတာကို  သတိထားမိပါတယ်။  ခါတိုင်းဆိုရင်  ကျေးငှက်ကလေးတွေ အိပ်တန်းပြန်လာကြပြီဆိုရင် ညံမစဲကြားရတယ်။  ဒီညမှာတော့  သစ်ရွက်လှုပ်သံ၊  လေတိုးတဲ့  အသံတွေကလွဲလို့  တိတ်ဆိတ်နေပါတယ်။  တစ်ချက်  တစ်လေတော့  စေတီတော်မြတ်ရဲ့  ဆည်းလဲသံကြားရပါတယ်။  စေတီတော်မြတ်ရဲ့  ရင်ပြင်တော်ပေါ်မှာ  အာနာပါနာ  နုဿ       တိကမ္မဋ္ဌာန်း  စီးဖြန်းပွားများပါတယ်။  အထူးခြားဆုံးကတော့  အရှင်ရဲ့ခန္ဓာကိုယ်ဟာ  ထုရိုက်ထားသလိုပဲ  မခံမရပ်နိုင်လောက်အောင်  နာကျင်တဲ့ဝေဒနာ  ခံစားရပါတယ်။

ခန္ဓာမှာရှိတဲ့ ဓာတ်ကြီးလေးပါး ဖောက်ပြန်မှုတွေကို သတိမလွတ်စေဘဲ သည်းခံစိတ်နဲ့ ရှုမှတ်နေပါတယ်။ ဖောက်ပြန်တဲ့ ရုပ်သဘော၊ ရွေ့လျား၊ လှုပ်ရှားတတ်တဲ့ စိတ်သဘော သို့မဟုတ် နာမ်သဘောကို သတိကပ်ပြီး ရှုမှတ်နေပါတယ်။

ခုလို  ပြင်းပြင်းထန်ထန်  ဝေဒနာခံစားရတာကို  ပဲခူးတိုင်း၊မင်းလှမြို့၊  ဝေဠုဝန်စာသင်တိုက်၊  ပဓာနနာယက  ဆရာတော်ကြီးရဲ့ သြဝါဒကို  သတိရပြန်မိပါတယ်။

“ပရိယတ်ဆိုတာ  သင်ကြားနာယူရတာကွဲ့၊  ပဋိပတ်ဆိုတာကတော့  ကိုယ်တိုင်  ကျင့်ကြံအားထုတ်ရတဲ့အလုပ်ပဲ။  ဝေဒနာကို  မကျော်လွှားနိုင်ရင်  အောင်မြင်မှု  နည်းပါးပြီဆိုတာ  သတိကြပ်ကြပ်ထား၊  တရားများများထိုင်၊  များများရှုပါ။  ဒါမှ  အကျိုးရှိမယ်။  တရားအားထုတ်ပြီဆိုရင်လည်း  “တရားရရင်ရ၊  မရရင်သေ ” ဆိုတဲ့  စိတ်ဓာတ်မျိုးလည်း  ထားရတယ်။  အရိုးပဲကြေကြေ  အရေပဲခန်းခန်း  ကြိုးပမ်းအားထုတ်ရမယ်၊  ကိလေသာကုန်ခမ်းရေး  မဟုတ်လား”

ကမ္မဋ္ဌာန်းဖြုတ်ပြီး  နားနေတဲ့အချိန်မှာ  ဆုံးမခဲ့ဖူးတဲ့  ဆရာတော်ကြီးတွေရဲ့  သြဝါဒ  စကားတော်တွေကို  စဉ်းစားပြီး  နေတတ်တဲ့အကျင့်ရှိပါတယ်။  ဂုဏ်တော်တွေ၊  သံဝေဂဉာဏ်ကဗျာတွေလည်း  နှလုံးအိမ်ထဲမှာသွင်းပြီး  ပွားများလေ့ရှိပါတယ်။  ဝါးကျည်ေတောက်တစ်ခုကို  ခေါင်းအုံးလုပ်ပြီး  လျောင်းနေပါတယ်။  လျောင်းရာကနေ  ပြန်ထိုင်လိုက်မယ်လို့  လုပ်တဲ့အခါ  ထိုင်လို့မရဘဲဖြစ်နေပါတယ်။  တစ်ဦးတစ်ယောက်ကဖိထားသလို  လေးလေးကန်ကန်ကြီးနဲ့ ခံစားရပါတယ်။  ဟိုဘက်ဒီဘက်  နေရာအပြောင်းအရွှေ့  ကြိုးစားကြည့်ပေမဲ့ မရပါ။  ကြာလေလေးလာလေ  ဖြစ်နေပါတယ်။  နောက်ဆုံးဘာမှလှုပ်ရှားလို့မရပါ။  ဆရာတော်ကြီးတွေပြောခဲ့ဖူးတဲ့  ဝေဒနာဆိုတာ  ဒါတွေများလား၊  အကြောအချဉ်တွေ ရပ်ဆိုင်းပြတ်တောက်ကုန်ပြီလို့တောင်  ထင်မိတယ်။

ကိုယ့်ကိုယ်လည်း  “ငါ သရဏဂုံပျက်သွားပြီလား”  လို့ ထင်မိပါတယ်။  ဗုဒ္ဓစာပေမှာတော့ သရဏဂုံပျက်စီးတဲ့  အကြောင်းတရားနှစ်ပါးပြပါတယ်။

၁။  တစ်ခြားသောဘာသာအယူဝါဒကို  ပြောင်းလွဲယုံကြည်ကိုးကွယ်ခြင်းနဲ့
၂။  ကွယ်လွန်သေဆုံးခြင်းတို့ပဲ  ဖြစ်ပါတယ်။

အယူဝါဒ  ပြောင်းလဲလိုက်လို့  သရဏဂုံပျက်သွားရင်  မိစ္ဆ ာ၊  ဒိဋ္ဌိ၊  တဏှာစတဲ့  ကိလေသာတွေ  တိုးပွားလာလို့  အပြစ်များလှပါတယ်။  သေဆုံးသွားလို့   ပျက်တာမျိုးကတော့  အပြစ်မရှိပါဘူး။  ဒီလိုပါပဲ  မိမိဆောက်တည်ထားတဲ့  သရဏဂုံကိုညစ်နွမ်း  ညှိုးနွမ်း  ညှိူးရော် စေတဲ့  အကြောင်းတရား  လေးပါးရှိပါသေးတယ်။  အဲဒါတွေက …

၁။  ရတနာသုံးပါးရဲ့  ဂုဏ်များကို  မသိခြင်း၊
၂။  ရတနာသုံးပါးရဲ့  ဂုဏ်များကို  အသိမှားခြင်း၊
၃။  ရတနာသုံးပါးကို  ယုံမှား  သံသယရှိခြင်း၊
၄။  ရတနာသုံးပါးကို   မရိုမသေ၊  မလေးမစားခြင်း၊  တို့ပဲဖြစ်ပါတယ်။

သရဏဂုံ  ညစ်နွမ်းသွားခဲ့ရင်  ကြီးကျယ်ကောင်းမွန်တဲ့  ကောင်းကျိုးတွေရမှာ  မဟုတ်ပါ။          (ခုဒ္ဒကပါဋ္ဌ၊ ဋ္ဌ၊ ရ )

ဒါတွေသိထားတဲ့ အရှင်ဟာ  ကိုယ့်ကိုယ်ကို  သရဏဂုံ ပျက်လေပြီလားလို့  စိုးရိမ်သွားခဲ့မိတာပါ။  ခနာကိုယ်လှုပ်ရှားလို့  မရတော့တဲ့အခါမှာ  အေးစက်နေတဲ့  လက်အေးကြီးတစ်ဘက်က  အရှင်ရဲ့ဦးခေါင်းကို  အသေအချာ  မိမိရရလာပြီး  ဖိကိုင်ပါတယ်။  သံမံတလင်းနဲ့  တစ်ချက်ကိုင်ဆောင့်ခံထိတယ်။  ကြောက်စိတ်ဝင်သွားတယ်။  နောက်တော့မှ  ကြောက်စိတ်ထက်  သည်းခံခွင့်လွှတ်တဲ့  စိတ်ကိုပဲ  အလေးကဲထားလိုက်ပါတယ်။  လှုပ်ရှားလို့မရအောင်  ဖိထားတဲ့ကြားက  နားဝကိုကပ်ပြီး ခြိမ်းခြောက်  ကြုံးဝါးသွားပါသေးတယ်။

“မင်းကို  ဦးခေါင်း  ဖြတ်ပစ်လိုက်မယ်”

အသံက  မာရေကြောရေ  ရှိပါတယ်။  အရှင်က  သရဏဂုံ  သုံးပါးကိုပဲ  ပွားများပါတယ်။  ငါဖြစ်နေတာ၊  ငါခံစားနေရတာတွေဟာ  အိပ်မက်  မဟုတ်ပါလား၊  စိတ်လှည့်စားနေတာတွေ  မဟုတ်ပါလားဆိုတာကို  သိတော့ဖိနှိပ်ခံထားနေရင်းက  ဗုဒ္ဓဂုဏ်တော်၊ သရဏဂုံသုံးပါးကို  ကြည်ညိုပွားများနေပါတယ်။ ကြာလာတဲ့အခါ  တဖြည်းဖြည်းနဲ့  ပေါ့လာပါတယ်။  လှုပ်ရှားလို့  ရသွားပါတယ်။  လှုပ်လို့  မရတဲ့အချိန်က  ဗုဒ္ဓဂုဏ်တော်ကို  ပွားများနေတဲ့  အချိန်မှာ  ရေစက်၊ ရေပေါက်တွေ  ရုတ်တရက်လာပြီး  စင်ထိတဲ့အခါ  ပိုပြီးတော့ကြောက်မိပါတယ်။အရှင်ဟာ  လူ့ဘဝကိုလူမှန်းသိတတ်တဲ့အရွယ်ကစပြီး  ကံငါးပါးကို  မလွန်ကျူးခဲ့ဘူးပါ။  သစ္စာကိုလည်းပြုမိလိုက်ပါတယ်။

ခေါင်းကိုကိုင်ထားတဲ့  လက်အေးကြီးရဲ့ရန်က  လွတ်သွားပြီဆိုတော့  ထထိုင်လိုက်ပါတယ်။  စိတ်ထဲမှာ  တစ္ဆေ  သရဲဆိုတာ အမှန်ရှိပါတယ်။  ခု ဖြစ်နေတာတွေဟာ  ဘယ်လိုအကျိုးဆက်တွေ၊ အကြောင်းဆက်တွေပါလိမ့်၊ အတွေးချာချာလည်နေပါတယ်။  တကယ်တော့ အရှင်တို့အတွေ့အကြုံဟာ  နက်နဲလှတဲ့  နာမ်လောက  အကြောင်းတွေကို  နားမလည်နိုင်သေးပါ။

စိတ်အေးချမ်းသွားလို့  ပြန်လည် ဆန်းစစ်လိုက်တဲ့အခါကျမှ  မိမိရဲ့  အားနည်းချက်ကို  သိလိုက်ပါတယ်။  အဲဒါကတော့ ” မေတ္တာဘာဝနာ” အားနည်းချက်ပါပဲ။  အဓိဋ္ဌာန်တရားဘာဝနာ  ပွားများအားထုတ်မယ့်သူဟာ  မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို  အလေ့အကျင့်ခိုင်ခိုင်မာမာ  ထူထောင်ထားရပါတယ်။  ဒါမှ  နိက္ခမပါရမီဓာတ် ပြည့်စုံမယ်။

နိက္ခမပါရမီဓာတ်ကို  လိုလားတောင့်တကြတဲ့  သူဟာမေတ္တာ  ဘာဝနာတရားကို  နက်နက်နဲနဲ  အလေးထားပြီး  မပေါ့မဆ၊  မမေ့မလျော့ဘဲလုပ်ကြရမယ်။  သီလရှိ  မရှိ  စမ်းသပ်တာ  မဟုတ်ပေမယ့်  ဆိုင်ရာပိုင်ရာ  နယ်မြေနဲ့ စကားပြောလာပြီဆိုရင်  မေတ္တာဘာဝနာအားနည်းလို့ကတော့  စိတ်မခိုင်ဘဲ  ရူးသွားနိုင်ပါတယ်။  တရားကြောင့်ရူးသွားတာမဟုတ်ပါ။ အပ ကပေးတဲ့  အစွဲအလန်းကြောင့်ပါ။  ကံ၊ စိတ်၊  ဥတု၊  အာဟာရဆိုတဲ့  အကြောင်းတရား  လေးပါးဟာ  လူကို   ပြုပြင်စီရင်စေတဲ့သဘောရှိပါတယ်။  ဒီတရားရှိနေပါလျက်  ဒါတွေကို  လိုအပ်သေးလို့လား  စောဒက  တက်ချင်တက်ကြပါလိမ့်မယ်။  ဓူတင်ဆောက်တည်နေတဲ့ပုဂို္ဂလ်၊  ဗုဒ္ဓဂုဏ်တော်ပွားများနေတဲ့ပုဂို္ဂလ်တွေကို  ဖမ်းစားခြောက်လန့်တတ်တဲ့  တစ္ဆေ၊  သရဲတွေ (ခြောက်လန့်တာတွေ)  တွေ့ကြုံခဲ့ဖူးပါသလားလို့  မေးကြည့်လိုက်ပါ။  အဖြေတစ်ခုရပါလိမ့်မယ်။

အရှင်တို့ရဲ့ဆရာတော်ကြီးက ” ယုံကြည်ချက်နဲ့  စိတ်ဓာတ်ရေးရာရဲ့  အဓိကကျပုံကို  မမေ့ကြပါနဲ့ ” ဆိုတဲ့စကားကို  အမှတ်ရမြဲဖြစ်ပါတယ်။  အနန္တ ငါးပါး  ဂုဏ်ကျေးဇူးတရားကို  မပေါ့မဆဘဲ  ယုံကြည်ကြဖို့နဲ့  ပေါ့ပေါ့တန်တန်မထားဖို့ဖြစ်ပါတယ်။  ဒီနေ့တွေ့ကြုံရတဲ့  အဖြစ်မျိုးဟာ  စိတ်ကူးထဲမှာတောင်မထည့်ခဲ့ဘူးပါ။  စိတ်ကူးထဲမှာ  မရှိခဲ့ဘူးတဲ့  ခုလိုအဖြစ်မျိုးကို  တောရဆောက်တည်  တရားအားထုတ်သွားကြမယ့်  အရှင်သူမြတ်တွေအတွက်  သတိထားစရာ  အချက်တစ်ရပ်ပါပဲ။  ဒီလို  မဖြစ်အောင် …

၁။  မေတ္တာဘာဝနာ  ပွားစီးဖို့မပျက်နဲ့
၂။  ရုပ်၊  နာမ်  နှစ်ပါးကို  ဖြစ်  ပျက်ရှုဖို့  မမေ့ဘဲ
၃။  မိမိခန္ဓာကို  တရားနဲ့အပ်နှံဖို့  မမေ့ဖို့ဘဲ ဖြစ်ပါတယ်။

Photo by veeterzy on Unsplash

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ

အနေမမြတ်ရင်သေတတ်မှာ မဟုတ်ဘူး

တစ်နေ့ ‘ကိုယ်လဲသေရဦးမှာပဲ’ ဆိုတာ ခုကတည်းကသိထားပြီးဖြစ်ပါတယ်။

ရှောင်လွှဲလို့မရတဲ့ ဒီလမ်းအတွက်အသက်သာဆုံး နည်းကောင်းကိုရှာဖွေထားဖို့ အရေးကြီးပါတယ်။

မအို၊ မနာ၊ မသေခင် ရှင်နေစဉ်မှာ မိဘကိုလုပ်ကျွေး။
ဘဝလည်း အေးမြအောင် စိတ်ဓာတ်မြင့်မြင့်ထားမှ တော်မယ်လို့ခံယူလိုက်မိပါတယ်။

ဘဝနေညိုချိန် မရောက်ခင် အင်အားရှိရှိ လုပ်ကိုင်နိုင်တုန်းမှာ ဒါန၊ သီလ၊ ဘာဝနာတွေ လုပ်ထားဖို့၊ ကိုယ်ခံအားကောင်းဖို့ အရေးကြီးပါတယ်။

‘အနေမမြတ်ရင် သေတတ်မှာမဟုတ်ဘူး’

ဆိုတဲ့စကားဟာ လူသားအားလုံးကို မီးမောင်းထိုးပြတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။

တောမှီရဟန်း၏ ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ…

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၄)

ချစ်ကြည်ရင်းနှီးတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ မေတ္တာတရား ရှိရမယ်။ နောက်ကြောင်းတွေးတဲ့ နိုင်ငံရေးလူ့အဖွဲ့အစည်းတစ်ခုမှာ – 

(၁) အမှန်တရား (Truth) 
(၂) အကြမ်းမဖက်မှု (Non – Violence) ရှိရမယ်။

မြန်မာပြည်ကို စည်းကမ်းသေဝပ်ပြီး ကျင့်ဝတ်သိက္ခာ တရားကောင်းနဲ့ တည် ဆောက်သွားကြဖို့ လိုအပ်တယ်။ မြန်မာ့နိုင်ငံရေးအတတ်ပညာဟာ ရဲရင့်မှု အားနည်းတယ်။ ခေတ်ဟောင်းက ပါလာတဲ့ အမူအကျင့်တွေကြောင့် နောက်ကြောင်းတွေးတဲ့ နိုင်ငံရေးတွေ လုပ်နေကြတယ်။ ရှုပ်ထွေးတဲ့ အမူအကျင့်ပါတဲ့ အတွေးမျိုးတွေ တွေးပြီး ကောင်းတဲ့အာရုံတွေ ဖျက်ဆီးပစ်ကြတယ်။

အရှင်တို့ဟာ နိုင်ငံရေးကို မတွေးဘဲ နေလို့မရပါ။ အဘက်ဘက်မှ ပါဝင်တဲ့ ပညာရေးဟာ နိုင်ငံရေးပါပဲ။ နိုင်ငံရေးကို ကြောက်လို့ ဘေးမှာထိုင်နေလို့ မရပါ။ နေ့စဉ် နေ့တိုင်း ကြံစည်စိတ်ကူးမှုတွေအားလုံးဟာ နိုင်ငံရေးပါ။ အရှင်တို့ဟာ ဘယ်လိုစိတ်ထားမျိုးကို ထားပြီး ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိနေပါတယ်။ လိမ်လို့မရပါ။ စိတ်ဆိုတဲ့ (သဘာဝ)သဘောဟာ အကောင်းဘက်ကို ပြောင်းပေးနိုင်ပါတယ်။ (ဘာဝနာ ပွားပြီး ပြောင်းလဲခြင်း) မေတ္တာစိတ်၊ ဒေါသစိတ် စတဲ့စိတ်တွေကို ဘယ်လိုအကျိုးမျိုးတွေ ပေးတတ်သလဲ ဆိုတာလည်း သိကြပါတယ်။ အသိတရားဆိုတာ ယေဘုယျအားဖြင့် အကောင်း၊ အဆိုးတရားတွေနဲ့ အမြဲ ထိတွေ့ခံစားရတယ်။ ခံစားမှုဆိုတာ ဖျက်ဆီးပစ်လို့ ရပါတယ်။

လွှတ်တော်အသံ

အရှင်တို့ရဲ့ တိုင်းပြည်ဟာ နိုင်ငံရေး ရည်ရွယ်ချက်ပန်းတိုင် ရှိပါသလား။ ရှိရင် ဘယ်ပန်းတိုင်ကို ရည်ရွယ်ချက်ထားတယ် ဆိုတာကိုကော ပြည်သူတွေ သိကြရဲ့လား။ စံထား၊ စံနှုန်း ဘယ်လိုထားခဲ့တယ် ဆိုတာကော ပြည်သူတွေသိရဲ့လား။ ငါတို့ပြည်သူတွေဟာ ခံစားတတ်တဲ့ ပြည်သူဖြစ်တယ် ဆိုတာ သိထားရမယ်။ နိုင်ငံရေးအာဏာကို လုပ်ချင်တိုင်း လုပ်လို့မရပါ။ ပြည်သူရဲ့ အကျိုးကောင်းမပါဘဲ ဥပဒေ ပြဋ္ဌာန်းပိုင်ခွင့် မရှိပါ။ မြန်မာ့နိုင်ငံရေး မြင်ကွင်းဟာ ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ လွှတ်တော်မှာ များသောအားဖြင့် ရေငုံနှုတ်ပိတ်နေကြတယ်။ ပြည်သူ့အသံ လွှတ်တော်အသံ ဖွင့်ထားတာ ကြောင့် လွှတ်တော်မှာ ထွက်လာတဲ့အသံဟာ ပြည်သူ့အတွက် အကျိုးကျေးဇူးများဖို့ လိုတယ်။ 

ဟုတ်မှန်မှုတွေကို ဖော်ထုတ်ပြသတဲ့နေရာ

လွှတ်တော်ရောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ ပြည်သူတွေ ခံယူထားကြတဲ့ အမှန်တရားကို ဖျောက်ဖျက်ပစ်လို့ မရပါ။ နိုင်ငံရေးဇာတ်ခုံပေါ်မှာ အနှစ်အသားပါတဲ့ အမှန်တရားထားတဲ့ နိုင်ငံရေးအကြောင်းကို မပြောရင်၊ သို့မဟုတ် မသုံးသပ်ရင် အမှန်တရား ကို ထိပါးမယ့် နှစ်နာချက်များတဲ့ မြန်မာနိုင်ငံရေးဇာတ်ခုံ ပေါ်လာမယ်။ နိုင်ငံရေးဆိုတာ လိမ်ညာယောင်ဆောင်မှု ကင်းရမယ်၊ ရဲရင့်ရမယ်၊ တည်ကြည်ရမယ်၊ ဖြောင့်မတ်ရမယ်၊ ကိုယ်စိတ်တွေ သန့်ရှင်းရမယ်။ ဟုတ်မှန်မှုတွေကို ဖော်ထုတ်ပြသတဲ့နေရာ ဆိုတာ (နိုင်ငံရေး ပါ) လွှတ်တော်ပါ။ 

စွန့်လွှတ်မှုကို ကြောက်ကြလို့

ပြည်သူတွေက လွှတ်တော်အမတ်တွေကို အားကိုးပြီး လွှတ်တော်ကို ရောက်အောင် ထင်ရှားတဲ့ ပြည်သူ့ဆန္ဒကို ရဲရဲကြီး မဲပြားနဲ့ မိမိရဲ့ ကိုယ်စားလှယ်တွေကို ရွေးယူခဲ့ပြီလေ။ အရွေးခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့အကျိုးပြုမပါတဲ့၊ အမှန်တရား ကင်းမဲ့တဲ့ နိုင်ငံရေးပြဋ္ဌာန်းချက်တွေကို လုပ်ရင် ပြည်သူ့အပေါ်မှာ အမှန်တရားကို ဖောက်ဖျက် တာနဲ့တူ။ ပြည်သူ့အလုပ်အကျွေးကို မလုပ်ဘဲ ရန်သူ၊ မိတ်ဆွေ မခွဲခြားတတ်တဲ့ အမတ် ဖြစ်ရင်တော့ နစ်နာမှုမဆုံး ဖြစ်မှာသေချာတယ်။ အကြမ်းဖက်မှုလည်း တားနိုင်မယ်မဟုတ်ပါ။ 

အရှင်တို့တိုင်းပြည်ဟာ ပြည်တွင်းဖြစ် ပညာတွေကို လက်တွေ့ကျင့်သုံးမှု အားနည်း (ဖြစ်) နေကြတယ်။ ဒီလို အားနည်းရတာဟာ စွန့်လွှတ်မှုကို ကြောက်ကြလို့ပါ။ တကယ်တော့ အရှင်တို့ ရယူထားတဲ့ လွတ်လပ်ရေးဟာ လွတ်လပ်မှုအတွက်၊ ငြိမ်းချမ်းမှုအတွက် ခံစားဖို့ရယူ ခဲ့တာပါ။ အဆင်မပြေမှုကို ခံစားဖို့ မဟုတ်ပါ။ ဒါကြောင့် လွတ်လပ်ရေးကို ရယူခဲ့တဲ့ မြန်မာ့ခေါင်းဆောင်ကြီးတွေရဲ့ မြင်တွေ့လိုတဲ့ နိုင်ငံရေးလမ်းစဉ်ဟာ ပေးဆပ်နေမှုလမ်းစဉ် မဟုတ်ပါ။ ပေးဆပ်မှုစနစ်ကို ကျော်၍ ကျစ်လျစ်ခိုင်မာတဲ့ စိတ်ဆန္ဒအတိုင်း ထားပြီးမယိမ်းမယိုင်တဲ့ သူတော်ကောင်းတိုင်းပြည်ဖြစ်ဖို့ ကြိုးစားအားထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အရှင်တို့တွေဟာ တိုင်းပြည်ရဲ့ အခက်အခဲကို ကျော်ဖြတ်ပြီး အားထုတ်ကြရမယ့်သူတွေပါ။ တစ်ကမ္ဘာလုံးသိအောင် ကြိုးစားရမှာပါ။ အရှင်တို့ရဲ့အဖြေကို လူတိုင်းကို ပေးသိဖို့ မလို ပါ။ ပေးသိရန် အချိန်မတန်သေးပါ။ 

သိထားရမယ့် အကြောင်းတရား

အရှင်တို့ရဲ့ နိုင်ငံရေးမူဝါဒလမ်းစဉ်ကို မုန်းတီးမှု၊ တိုက်ခိုက်မှု မရနိုင်ပါ။ အရှင်တို့ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေဟာ နိုင်သွားတဲ့လူ မရှိပါ။ အကျိုးမများတဲ့၊ နိုင်ခဲ့တဲ့ အနိုင်မျိုးဟာ မြန်မာတိုင်းပြည်မှာ မရှိပါ။ ချမ်းသာသုခတရားမပါတဲ့ အနိုင်မျိုးဟာ လူ့သိက္ခာကို မမြှင့်တင် နိုင်ပါ။ အဲဒီလို အနိုင်မျိုးဟာ အကြမ်းဖက်မှုကို ထုတ်လုပ်တဲ့အနိုင်ပါ။ တစ်ကမ္ဘာလုံး သင်ခန်းစာယူကြရမယ့် အနိုင်ပါ။ အရှင်တို့ရဲ့ နိုင်ငံရေးကြိုးစားမှုဟာ ကွဲပြားနေတဲ့အရာကို တူညီတဲ့ အသိစိတ်ဓာတ်နဲ့ ဖန်တီးထားတဲ့ နိုင်ငံရေးပါ။ နောက်ဆုံး လူ့ကမ္ဘာဟာ ချမ်းသာသုခ အေးမြမှ ဖြစ်မယ်။ လူတိုင်းသိထားရမယ့် အကြောင်းတရားတစ်ပါး ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံရေးအားလုံးရဲ့ အခြေအနေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အချင်းချင်း မှီခိုအားထားကြတဲ့စနစ်ပါ။ ဒီစနစ်ဟာ ခေတ်ဟောင်းစနစ်မဟုတ်ပါ။ အဆင့်အတန်းပြောင်းလဲ လာတဲ့ လူသားအချင်းချင်း အဆင့်ဆင့် နားလည်လာတဲ့စနစ်ပါ။ နိုင်ငံနယ်မြေဟု မခွဲခြားဘဲ ကမ္ဘာတစ်စု၊ မိသားစုတစ်စု ဖြစ်အောင် လုပ်ကြမယ့် နိုင်ငံရေးအစီအစဉ်ဖြစ်လို့ ပြောင်းလဲ ဆက်ဆံမှုကို မကျေနပ်ဘဲ နေလို့မရပါ။ အများက သဘောကျတဲ့အရာကို တစ်ယောက် (တစ်ဦး)တည်းက တားဆီးမရနိုင်တာကြောင့် အများရဲ့လိုအင်ကို စုပေါင်းပြီး အသိအမှတ်ပြု ရမှာပဲ။

ဒါပေမဲ့ ခေတ်ကာလအပြောင်းအလဲ တူညီမှုမရှိ၊ မျှတမှု မရှိတော့တဲ့အခါကျမှ ပြင်သူက ပြင်၊ ဆင်သူက ဆင်၊ နှင်သူကနှင်မှု ပြုကြမယ့် အဝေးပြေးနိုင်ငံရေးမြင်ကွင်းကြီးကို မြန်မာနိုင်ငံရေး ရှုမြင်တတ်တဲ့သူတွေ သိထားဖို့ လိုပါလိမ့်မယ်။ 

မစစ်မမှန်တဲ့ အကူအညီ

နိုင်ငံတကာလူ့အဖွဲ့အစည်းဟာ ယနေ့ ဘာတွေများ နိုင်ငံရေးစနစ်ကို ဖက်တွယ် ထားကြပါသလဲ။ ရာဇဝင်တည်မယ့် ကြေညာချက်တွေ ထုတ်ပြီး လူတွေအစုလိုက်အပုံလိုက် တောင်းပွဲ၊ တိုက်ပွဲဖြစ်အောင် (ဆူပူအောင်) လုပ်ဆောင်နိုင်မယ့် နိုင်ငံရေးကျင့်စဉ် အစီအစဉ် ကို ဖန်တီးလုပ်ကြံနေသလား။ အမျိုးမျိုးသော တစ်ခုတည်းသော အာဏာရယူမှုစနစ်ကို တီထွင်ဖန်တီးနေကြတာလား။ ခေတ်သစ်နိုင်ငံရေးသိပ္ပံစနစ်က အဲဒီအကြောင်းတွေကို မတွေးတောတော့တာ ကြာမြင့်ခဲ့လေပြီ။ ယနေ့ ကမ္ဘာ့ပြဿနာမှာ လူသားအချင်းချင်း မှန်ကန်တဲ့ ထောက်ပံ့ကူညီကြမှု မလုပ်နိုင်ကြသေးပါ။ ယုံကြည်မှု မရှိကြသေးပါ။ တရားမျှတမှုသဘော လည်း ညီမှုရှိအောင် မရှုနိုင်ကြသေးပါ။ ဒီသဘောတရားဟာ တစ်နေ့တခြား ပိုမိုများပြား လာတာကို မြင်ရလိမ့်မယ်။

အရှင်တို့ဟာ အထောက်အပံ့အကူအညီကို လက်ဖြန့်၍ မတောင်းဆိုပါ။ အင်အား သုံးလို့၊ ကြောက်ရလို့ ကူညီမယ့်အကူအညီ အထောက်အပံ့မျိုးလည်း ရယူရန် အကြောင်း မရှိပါ။ အဲဒီလို မစစ်မမှန်တဲ့ အကူအညီမျိုးကို မြန်မာ့မြင်ကွင်းအလယ်မှာ ဘယ်တော့မှ မရှိရပါ။ အရှင်တို့မှာရှိတဲ့ အခက်အခဲဟာ လူသားနဲ့ဆိုင်တဲ့ အခက်အခဲပဲ ရှိပါတယ်။ သီးခြား အခက်အခဲမျိုး (အခွင့်အရေးရယူမှု အခက်အခဲအမျိုးမျိုး) မရှိပါ။ ယနေ့ လူမှုအဖွဲ့ အစည်းတိုင်းမှာ နေထိုင်တဲ့ဘဝကို ကိုယ်စိတ်ချမ်းသာစွာ နေထိုင်တဲ့ အခွင့်ရှိတဲ့ စနစ်ကို လိုချင်ကြတယ်။

လကမ္ဘာပေါ်မှာ သီးခြားနေထိုင်မည့် စနစ်မျိုး မဟုတ်ပါ။ တသီးတခြား မနေလို တာကြောင့် မြန်မာ့လူမှုရေး၊ နိုင်ငံရေးဟာ စနစ်ကွဲပြားတဲ့ လူမှုဘဝနိုင်ငံရေးကို မလိုချင်ကြပါ။

ခွင့်လွှတ်မှု အများဆုံးထားတဲ့ သည်းခံမှု

အရှင်တို့တိုင်းပြည်ဟာ အစုအဖွဲ့၊ အသေးငယ်ဆုံး တိုင်းပြည်တစ်ပြည် မဟုတ်ပါ။ အရာခပ်သိမ်းကို လုံခြုံမှု၊ ချမ်းသာခွင့်ရှိတဲ့ တိုင်းပြည်ပါ။ နိုင်ငံတော်အုပ်ချုပ်မှုစနစ်ကိုလည်း လူ့အဖွဲ့အစည်းများနဲ့ ကိုက်ညီတဲ့စနစ်ကို တည်ထောင်ထားတဲ့ တိုင်းပြည်ပါ။ စစ်မှန်တဲ့ သတ္တိထူးကို စစ်မှန်တဲ့အတိုင်း ဖွင့်ဟရတဲ့ တိုင်းပြည်တစ်ပြည် ဖြစ်ကြောင်း သိစေချင်ပါ တယ်။ အရှင်တို့ဟာ ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ် အကျိုးယုတ်မာမယ့်အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါ။ တိုင်းပြည်ကို လက်နက်ဆင်ပြီး မကာကွယ်ပါ။ ဒုက္ခဝမ်းနည်း ကြေကွဲရမယ့်အလုပ် မျိုး မရှိရပါ။

အမှန်တရားဟာ အမှိုက်ပုံကြီးနဲ့ တူပါတယ်။ အမှိုက်ပုံကြီးလောင်ကျွမ်းဖို့ လူတွေကို လောင်စာအဖြစ် ဘယ်တော့မှ မဖြစ်စေရပါ။ မြန်မာ့နိုင်ငံရေးကြောင့် လူ့အခွင့်ရေးအားလုံး ချိုးဖောက်မှု မဖြစ်စေရပါ။ အင်အားကြီးမားတဲ့သူတွေရဲ့ အခွင့်အရေး၊ အခွင့်အလမ်းတွေကို မတားဆီး၊ မပိတ်ပင်သလို အင်အားရှိတဲ့သူတိုင်းရဲ့ အခွင့်အရေးတွေကိုလည်း လေးစားတန်ဖိုး ထားတဲ့ တိုင်းပြည် ဖြစ်ရမယ်။ အရှင်တို့မှာ အာဏာရှင်စနစ်အောက်က မွေးဖွားလာကြတဲ့ သူတွေ မဟုတ်ပါ။ တိုင်းပြည်နဲ့ လူမျိုးကို အုပ်ချုပ်ချင်တိုင်း အုပ်ချုပ်လို့ရတဲ့ စနစ်မျိုးကို လက်ခံကြတဲ့သူတွေ မဟုတ်ပါ။ လူသားတွေရဲ့ တန်ဖိုး၊ သို့မဟုတ် စွမ်းအင်ကို ဖြုန်းတီး ပစ်ကြတဲ့ စနစ်မျိုးလည်း လိုချင်ကြသူ မဟုတ်ပါ။ အရှင်တို့ဟာ အရာခပ်သိမ်းကို သည်းခံ နိုင်ပါတယ်။ သည်းခံခြင်းကြောင့် အောင်မြင်မှုထိပ်ဆုံးသို့ ရောက်မယ် ဆိုတာကို ယုံကြည်ပါတယ်။

အရှင်တို့တိုင်းပြည်ဟာ ချို့ယွင်းချက် အပြစ်အနာအဆာများပြီး သိက္ခာမဲ့တဲ့သူ ကို ခေါင်းဆောင်တင်ထားတာ မဟုတ်ပါ။ မယုံကြည်လို့ လက်မခံနိုင်တာပါ။ အရှင်တို့ရဲ့ သည်းခံခြင်းဟာ လာဘ်ထိုးပြီး ကြောက်စရာတွေကို လွဲသွားစေတဲ့ သည်းခံခြင်းမျိုး မဟုတ် ပါ။ သတ္တိအရှိဆုံး သည်းခံခြင်းပါ။ အရှင်တို့ရဲ့ သည်းခံခြင်းဟာ စွမ်းအင် ဖြစ်ရမယ်။ အားနုပ်ခြင်းမဟုတ်ပါ။ အရှင်တို့ရဲ့ဘဝကို ဖိစီးနှိပ်စက်တဲ့သူတွေကို သဘောထားမကောင်း ခြင်းနဲ့ မတုံ့ပြန်ပါ။ တစ်နေ့ သူတို့တွေ ငါတို့ရဲ့ သည်းခံခြင်းအကျိုးတရား အကြောင်းတွေ သိလာစေရပါမယ်။ ကြမ်းတမ်းပြစ်မှားတဲ့ တုံ့ပြန်မှုဟာ ခွင့်လွှတ်တဲ့သည်းခံခြင်း မဟုတ်ပါ။ ခွင့်လွှတ်မှု အများဆုံးထားတဲ့ သည်းခံမှုကသာ မိမိလူမျိုးကို ပေးကမ်းသွားရမှာ ဖြစ်ပါတယ်။ မြန်မာတိုင်းပြည်ဟာ မေတ္တာတရားရဲ့ ချစ်ခြင်းသဘောတရားကို တက်ကြွစွာ လက်ခံကျင့်သုံး နိုင်ကြပြီဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မည့်သူတွေ ရှိမှာမဟုတ်ပါ။ ပျက်သုဉ်းမှု အမျိုးမျိုးလည်း ကြုံတွေ့ရမှာ မဟုတ်ပါ။

ပြည်သူတွေက လွှတ်တော်အမတ်တွေကို အားကိုးပြီး လွှတ်တော်ကို ရောက်အောင် ထင်ရှားတဲ့ ပြည်သူ့ဆန္ဒကို ရဲရဲကြီးနဲ့ မဲပြားနဲ့ မိမိရဲ့ကိုယ်စားလှယ်တွေကို ရွေးယူခဲ့ပြီလေ။ အရွေးခံရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူအကျိုးပြုမပါတဲ့၊ အမှန်တရားကင်းမဲ့တဲ့ နိုင်ငံရေးပြဋ္ဌာန်းချက်တွေ လုပ်ရင် ပြည်သူ့အပေါ်မှာ အမှန်တရားကို ဖောက်ဖျက်တာနဲ့ တူ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၉၆-၁၀၀၊ အဝိဟိံသာနိုင်ငံရေး (၄)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၅)

အမျက်မပါတဲ့ တုံ့ပြန်မှု 

နိုင်ငံရေးလောကမှာ (လူမှုရေးလောကမှာ) ဖိစီးနှိပ်စက်ကြမှုကို မကောင်းမှုဖြင့် မတုံ့ပြန်ရပါ။ ခွင့်လွှတ်ပါ၊ သည်းခံပါ။ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ပါ၊ တုံ့ပြန်ပါ။ ဖိစီးတဲ့ သူက ပြောင်းလဲမှု မဖြစ်လာဘဲ ပိုပြီးတော့ မိုက်ကန်းလာရင် အခြေအနေကို ကြည့်ပြီး တုံ့ပြန်မှုပြုပါ။ သဘောထားကောင်းကောင်းနဲ့ တုံ့ပြန်ပါ။ ဒေါသပါတဲ့ တောင်းဆိုမှုများ လုပ်လာခဲ့ရင် အမျက်မပါတဲ့ တုံ့ပြန်မှုနဲ့ လုပ်ပေးသွားပါ။ ဖိစီးနှိပ်စက်မှုကို ရဲရဲရင့်ရင့် ခိုင်ခိုင်မြဲမြဲ ရင်ဆိုင်ပါ။ ဒုက္ခဆင်းရဲမှုဟာ ထာဝရမဟုတ်တာကြောင့် ဖိစီးနှိပ်စက်ကလူပြုတဲ့ အလုပ်ဟာ ထာဝရ မဟုတ်ကြောင်း မြင်ရမယ်။

မြန်မာ့နိုင်ငံရေးဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ တည်ထောင်ထားတဲ့ နိုင်ငံရေးဖြစ်အောင် ကြိုးစားရမှာပါ။ အကြမ်းမဖက်မှုကို သွန်သင်တဲ့နိုင်ငံရေးမျိုး အမွေပေးခဲ့တဲ့နိုင်ငံရေးပါ။ အကြမ်းဖက်မှုကို ဖွဲ့စည်းတဲ့နိုင်ငံရေးဟာ ချီးကျူးထောမနာမှု မရှိပါ။ သူတို့ရဲ့ ရဲစွမ်းသတ္တိကို လည်း မချီးမွမ်းနိုင်ပါ။ နိုင်ငံရေးလမ်းပြမှုအမှားဟာ မြန်မာပြည်မှာ မရှိပါ။ မြန်မာပြည်မှာ သေဆေးနိုင်ငံရေး မရှိပါ။ 

စုပေါင်းထိန်းသိမ်း

အရှင်တို့ဟာ မုန်းတီးမှုကို သွန်သင်ပေးတဲ့ အဆုံးအမမျိုးကို နားထောင်ရန် အသင့် ရှိပါတယ်။ နာခံရန်အတွက် ကောင်းတဲ့ အဆုံးအမမှအပ အခြားသီးခြားနာခံရန် အကြောင်း မရှိပါ။ အရှင်တို့ရဲ့ နှလုံးသားဟာ စွမ်းအင်အပြည့်ပါ။ ကြမ်းတမ်းတဲ့အင်အားတွေကို ရင်ဆိုင် နိုင်တဲ့ စွမ်းအင်အပြည့် ရှိပါတယ်။ အရှင်တို့ဟာ ခေတ်သစ်နိုင်ငံရေးစနစ်ကို မတီထွင်ပါ။ခေတ်ဟောင်းနိုင်ငံရေးစနစ်ကိုလည်း မပစ်ပယ်ပါ။ နိုင်ငံရေးဟာ ယဉ်ကျေးမှုတရားနဲ့ ဆန့်ကျင် လာရင်တော့ ကိုယ်ပိုင်စွန့်လွှတ်မှု အပြည့်အဝထားပြီး လူမျိုးနဲ့တိုင်းပြည်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ပြင်စရာမလိုတဲ့သူပါ။

အရှင်တို့ရဲ့ မြန်မာပြည်နိုင်ငံရေးဟာ မရင့်ကျက် မမှည့်သေးတဲ့ နိုင်ငံရေးပါ။ ဖျက်မယ်ဆိုရင် ပျက်လွယ်တဲ့နိုင်ငံရေးပါ။ ဒီအကြောင်းကို ဒီလိုပြောမိလို့ အချို့က နှစ်သက် ကြမှာ မဟုတ်ပါ။ မရင့်ကျက်သေးတဲ့ ကျင့်ဝတ်တရားဟာ အပေါင်းလက္ခဏာ မဖြစ်ပါ။ အရှင်တို့ဟာ မြင့်မြတ်တဲ့၊ ရိုးဖြောင့်တဲ့ လူမျိုး ဖြစ်ဖို့ လိုပါတယ်။ တိုင်းပြည်စည်းကမ်းလည်း မြင့်မြတ်ပြီး ရိုးဖြောင့်တဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေနဲ့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ အရှင်တို့ရဲ့စည်းကမ်းဟာ ချိုးဖောက်မှု၊ ပျက်သုဉ်းမှု မရှိပါ။ ချိုးဖောက်ခြင်းဟာ ပျက်သုဉ်း ခြင်းပါပဲ။ ပျက်သုဉ်းမှုအမျိုးမျိုးဟာ ဆင်းရဲမှုအမျိုးမျိုးပါပဲ။ အရှင်တို့ရဲ့ နေထိုင်တဲ့ မြန်မာပြည် ကို လှပအောင် ပြင်ဆင်ခြင်းအမျိုးမျိုးနဲ့ အလုပ်အကျွေးပြုရမယ်။ ကြည့်ရှုစောင့်ရှောက်မှု ပြုရမယ်။ တာဝန်မဲ့စွာ မနေအပ်ပါ။ ဖျက်ဆီးတဲ့အင်အား အစွမ်းတွေ လုပ်လာရင် ဖျက်ဆီး နိုင်တဲ့ အင်အားနဲ့ ကာကွယ်ထိန်းသိမ်းကြရမယ်။ မြန်မာပြည်ဟာ တစ်ဖက်စောင်း ယိုယွင်းမှု မရှိအောင် စည်းမျဉ်းဘောင်တွေကို ချိုးဖောက်လာမယ့်အရာတွေ ပေါ်လာရင် အကြမ်းဖက်မှု မပါတဲ့တရားနဲ့ စုပေါင်း ထိန်းသိမ်းကြရမယ်။

သူတော်ကောင်းမွေးဖွားတဲ့ တိုင်းပြည်

အရှင်တို့ရဲ့ နိုင်ငံတော်ဟာ အမြိုက်ဝတ်ရည်ကို သောက်သုံးရမယ့် နိုင်ငံတော် ဖြစ်အောင် အလုပ်အကျွေးပြုရမယ်။ အကြမ်းမဖက်သည့်တရား၊ စွန့်လွှတ်မှုတရား၊ မြင့်မြတ် သော တရားနဲ့ ကြောက်ရွံ့ခြင်းတရားအပေါင်းမှ ကင်းဝေးအောင် အားထုတ်ရမယ်။ အရှင် တို့ဟာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းတဲ့အရသာကို ကိုယ်စီ ခံစားရအောင် မိမိအတွက်ကို ငဲ့ကွက်မှု ကင်းကင်းနဲ့ အကျိုးထူးတရားများ ထွန်းကားအောင် မတွန့်မဆုတ်ဘဲ ကြိုးစားပေးရမယ်။ သူတော်ကောင်း မွေးဖွားတဲ့ တိုင်းပြည်ဖြစ်အောင် ကြိုးစားရမယ်။ သူတော်ကောင်းပုဂ္ဂိုလ်၊ စွမ်းရည်သတ္တိ ထက်မြက်သူများ ထွန်းကားတဲ့တိုင်းပြည် ဖြစ်လာရင် ကြောက်စိတ်ကင်းဝေး လာတဲ့သူတွေ ဖြစ်လာမယ်။ အရှင်တို့ရဲ့ တိုင်းပြည်ဟာ အလွယ်တကူနဲ့ တည်ထောင်ထားတဲ့ တိုင်းပြည် မဟုတ်လေတော့ အလွယ်တကူနဲ့ နှောင့်ယှက်ကလူ ပြုနိုင်ကြမယ့် တိုင်းပြည် မဟုတ်ပါ။

ဒဏ်ထိတဲ့စိတ်

အရှင်တို့ဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို အလွန် တန်ဖိုးထားပါတယ်။တန်ဖိုး မရှိတဲ့ လွယ်ကူမှု အကျင့်တရားတွေ ပြဿနာတွေ မရှိပါ။ မိဘဘိုးဘွားတွေ အစဉ်အဆက် ခံစားလာခဲ့ရတဲ့ အခက်အခဲတွေကို အလွန်နားလည်ပါတယ်။ မမေ့ပါဘူး။ အရှင်တို့ရဲ့စိတ်ကူးမှု ဟာ စိတ်သန့်တွေပါ။ အမျက်မုန်းတဲ့ စိတ်ကူးမျိုးတွေ မရှိပါ။ အရှင်တို့ကို မုန်းတီးကြတဲ့ သူတွေ ရှိမှာပါ။ ပြဿနာရှာတဲ့လူတွေ ရှိမှာပါ။ ဖျက်ဆီးကြမယ့်သူတွေ ရှိကြမှာပါ။ အဲဒီ သူတွေရဲ့ အပေါ်မှာ နွေးထွေးတဲ့ စိတ်ထားနဲ့ ဆက်ဆံသွားမှာပါ။ တစ်ဖက်ရ အနိုင်မျိုး၊ သို့မဟုတ် အသာမျိုးနဲ့ မဆက်ဆံပါ။ မလုပ်ပါ။ လူတိုင်းဟာ ပြောင်းလဲတဲ့အရာကို စိတ်ဝင်စား ကြတယ်။ ဒါပေမဲ့ ပြောင်းလဲမှုကို မတရားတဲ့ ပြောင်းလဲမှုမျိုးကို မလိုလားပါ။ ပြောင်းလဲမှ ဆိုတာ ကောင်းစားရေး လုံခြုံရေးရှိရပါမယ်။ အဲဒီတရားမပါရင် ဆင်းရဲဒုက္ခ မလျော့ပါး နိုင်ပါ။ သက်ရှိအားလုံးဟာ ဆင်းရဲတဲ့ဒဏ်ကို ကြောက်ကြပါတယ်။ သူတို့ရဲ့အတွင်းစိတ်ဟာ အဲဒီဒဏ်ကို ပေးမတွေ့လိုပါ။ ဒဏ်ထိတဲ့စိတ်ဟာ ဒဏ်ရာအမြဲတမ်း စွဲကပ်နေတဲ့အတွက် အားလုံး မလုပ်နိုင်ခြင်းဟာ စိတ်ဒဏ်ရာ ရနေလို့ပါပဲ။

အကျိုးမရှိတဲ့ မျှော်လင့်ခြင်း မဖြစ်အောင်

အရှင်တို့ဟာ လက်ရုံးစွမ်းရည်အားကိုးမှုကို လျှော့ချရမယ်။ စိတ်နှလုံးစွမ်းရည်ကို မြှင့်တင်ရမယ်။ ရိုးဖြောင့်ပြီး အပြစ်အနာဆာ ကင်းစင်ရမယ်။ လူတွေပြုတဲ့အပြစ်ကို နားလည် ရမယ်။ လူတွေစိတ်ကို မနာကြည်းအောင် ပြုပြင်ပေးရမယ်။ နောက်တစ်ခုဆိုတာ မနက်ဖြန် မရှိပါဘူး။ ပြည်သူဘဝကောင်းစားရေးကို ခုချက်ချင်းပဲ လုပ်ကျွေးပါ။ မျှော်လင့်ချက်နဲ့ အသက်ရှင်ခြင်းလို့ ဆိုပေမယ့် အကျိုးမရှိတဲ့မျှော်လင့်ခြင်း မဖြစ်အောင် မျှော်လင့်ကြသူတွေ အတွက်ကိုလည်း စဉ်းစားပေးရမယ်။ အရှင်တို့ဟာ ချမ်းသာကြွယ်ဝတဲ့သူတွေ မဟုတ်ကြပေမယ့် ချမ်းသာကြွယ်ဝတဲ့သူကို မဖျက်ဆီးပါ။ အကယ်၍ ချမ်းသာကြွယ်ဝမှုကြောင့် အများ သူငါ ဒုက္ခပွားမှုဖြစ်ခဲ့ရင်တောင် ကျေနပ်မှုအမျိုးမျိုးနဲ့ ပိုင်ဆိုင်မှုကို မပျက်အောင် စုပေါင်း ၂ ထိန်းသိမ်းပေးဖို့ ဆန္ဒအပြည့်အဝ ရှိပါတယ်။ လူ့ကျင့်ဝတ်နဲ့ ညီညွတ်မှုမရှိတဲ့ ကြွယ်ဝမှုဟာ တိုင်းပြည်မှာ မိုးလိုတောင်လို ပုံလာသည့်တိုင် တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းသွားမယ်။ စိုးရိမ်မှ အမျိုးမျိုး မဖြစ်စေရပါ

အဓိပ္ပာယ်တစ်ခုနဲ့ နေကြတဲ့သူတွေ

အရှင်တို့ရဲ့စိတ်ဟာ ခိုင်မြဲပါတယ်။ တည်ကြည်ပါတယ်။ သန့်ရှင်းပါတယ်။ စင်ကြယ် ပါတယ်။ ယုံကြည်ချက်လည်း မပျက်ပါဘူး။ ကြောက်တဲ့ ကြောက်စိတ်တွေ မရှိပါဘူး။ သည်းခံခြင်း၊ စိတ်ရှည်ခြင်း အမြဲတမ်းထားပါတယ်။ သင့်တော်တဲ့အချိန်တိုင်းမှာ သုံးပါတယ်။ အရှင်တို့ရဲ့စိတ်ဟာ အရာတိုင်းကို မတုံ့ပြန်ပါဘူး။ အရှုံးလည်း မပေးပါဘူး။ ညီမျှပါတယ်။

အရှင်တို့ဟာ အရေးနိမ့်သူ၊ ရှုံးတဲ့သူ မဟုတ်ပါ။ အဓိပ္ပာယ်တစ်ခုနဲ့ နေကြတဲ့သူတွေပါ။ အရှင်တို့ဟာ ဒီတိုင်းပြည်ရဲ့ အကျိုးကို မလုပ်ခဲ့ရလို့ နောင်တကြီးစွာ မျက်စိမှိတ်ရတာမျိုး မဖြစ်ချင်ပါ။ နောင်တ တသသနဲ့ (မသေသွားချင်ပါ) နေနေတဲ့သူ မဟုတ်ပါ။

အထွက်တံခါး မဖြစ်အောင် သတိထား

အရှင်တို့ဟာ အရာရာကို ပေးနိုင်စွမ်းရှိသူ ဖြစ်အောင် စွမ်းနိုင်သူအဖြစ် ခံယူထား ပါတယ်။ သနားကြင်နာမှု၊ ချစ်ခင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ မှန်ကန်မှု၊ တရားမျှတမှုရှိတဲ့ သူတွေပါ။ ကိုယ့်စိတ်နဲ့ အတူတူ ထားတဲ့သူတွေပါ။ အမှန်ကို ရှောင်တဲ့သူ မဟုတ်ပါ။ အသေးအဖွဲကိစ္စနဲ့ ရှုပ်ထွေးအောင် မလုပ်ပါ။ ရတဲ့အခွင့်ကောင်းနဲ့ အခွင့်အရေးတွေကို မပျောက် ပျက်သွားစေချင်ပါ။ အဖိုးတန်တဲ့ဂုဏ်ရည်ကို ကိုယ်ပိုင်ရဖို့ အားထုတ်ကြတဲ့သူတွေပါ။

အရှင်တို့ဟာ ခက်ခဲတဲ့ (နက်နဲတဲ့) နိုင်ငံရေးအတွေးတွေ ရှိကြပါတယ်။ ခက်နေတဲ့ အကြောင်းအရာတွေကို နားမလည်နိုင်လောက်အောင် မရှိပါဘူး။ မှားယွင်းမှုဆိုတာ အခွင့် အရေး မပေးရပါ။ အသေးအဖွဲတောင် မရှိရပါ။ ရှိတဲ့ အခွင့်အရေးကို အလကားအဆုံးရှုံး မခံပါ။ နောက်ဆုံး အရှင်တို့ဟာ ဘယ်လို ပိုင်ဆိုင်မှုမျိုးမဆို အထွက်တံခါး မဖြစ်အောင် သတိထားရမယ်။ 

လောက၌အားကိုးရာမဲ့ လမ်းပြပေးသူ၊
ကူးဖြတ်သူအတွက် တံတားခင်းသူ၊
အသက်အန္တရာယ်အတွက် ဘေးမဲ့ပေးသူ၊
အမှောင်ထုအတွက် အလင်း ပေးသူ၊
လူသားထုအတွက် အလုပ်အကျွေးပြုသူ
ဖြစ်ရမည် မဟုတ်ပါလား။

အဝိဟိံသာနိုင်ငံရေး (၆) – မဟာပညာ (mahar.asia)

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁) 

အကြမ်းဖက်မှုမပါဘဲ (နှလုံးရည်သက်သက်) တရားဥပဒေဘောင် အတွင်းသက်သက်နဲ့ အောင်မြင်လာတဲ့ နိုင်ငံရေးဟာ အဟိံသာ၊ သို့မဟုတ် အဝိဟိံသာ၊ သို့မဟုတ် သစ္စာဂရဟ၊ သို့မဟုတ် အကြမ်းမဖက်တဲ့ မေတ္တာတရား အောင်နည်း နိုင်ငံရေးလို့ ပဏာမနိဒါန်းအဖြစ် ဖွင့်ဆိုပြလိုက်ချင်ပါတယ်။ 

အကင်းပါးတဲ့ ပြုပြင်ပြောင်းလဲရေး 

ထင်ရှားပေါ်လွင်တဲ့ အဖြေတစ်ခုရဖို့ (ဘယ်သူမဆို မိမိ) အလုပ်နဲ့ သက်သေပြရတယ်။ ကိုယ်တိုင်လည်း ဆုံးဖြတ်ရတယ်။ စောင့်ကြည့်တဲ့သူတွေကတော့ ဖြစ်ပျက်မှုအပြီးမှာ ဆုံးဖြတ်ပေးကြမှာပဲ။ စိတ်တိုင်းကျ၊ မကျတော့ မဆိုနိုင်ပါ။ အကြမ်းဖက်မှုမပါတဲ့ နှလုံးရည် သက်သက် လုပ်တဲ့ အလုပ်တွေအားလုံးဟာ ဘယ်သူမှတော့ အားရကျေနပ်ကြမယ် မထင်ပါ။ ဉာဏ်နီဉာဏ်နက်များတဲ့သူတွေဆိုရင် ပိုဆိုးတာပေါ့။ အကြမ်းမဖက် (မပါ) တဲ့ အလုပ်ဟာ ဟန့်တားလို့လည်း မရနိုင်ပါ။ ပိတ်ပင်တားဆီးလို့လည်း မရပါ။ အကြမ်းမဖက်တဲ့ အလုပ်ဟာ သင်္ချာနည်းပုံစံလိုမျိုးလည်း သေချာပေါက် တွက်ချဲ့ (တွက်ချက်) ထားလို့လည်း မရပါ။ 

အဖြစ်အပျက်တစ်ခု၊ သို့မဟုတ် အခြေအနေတစ်ရပ်ကို (ပြုပြင်) ပြောင်းလဲဖို့ဟာ အကြမ်းဖက်မှုမပါတဲ့နည်းနဲ့ ပြုပြင်ပြောင်းလဲမှုပြုမယ်ဆိုရင် အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာ မပြောနိုင်ပါ။ အခွင့်အလမ်းကို ကြည့်ပြီး လုပ်စရာရှိသမျှကို လုပ်ဖို့ပဲ အရေးကြီး ပါတယ်။ အကင်းပါးတဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်အောင်တော့ လုပ်ရမယ်။

အများကြိုက်တဲ့ ငြိမ်းချမ်းရေး 

ဉာဏ်ထက်မြက်တဲ့သူ၊ ပညာရှိတဲ့သူ၊ လူရည်လူသွေးသွက်လက်တဲ့ လူတစ်ယောက် ဖြစ်ပေမယ့် ဒီအကြမ်းမဖက်တဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ကိုင်နိုင်ဖို့ဟာ အရေးကြီးတယ်။ အကြမ်းမဖက်တဲ့ နိုင်ငံရေးသဘောတရားဟာ ရေရှည်လုပ်ဆောင်ကြတဲ့ နိုင်ငံရေးသိပ္ပံ နည်းလမ်း မဟုတ်ပေမယ့် မိမိခံယူချက်နဲ့ ညီညွတ်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို အများပြည်သူ လက်ခံကျင့်သုံးနိုင်တဲ့ နည်းစနစ်ဖြစ်အောင် ပြုပြင်ပြောင်းလဲမှု လုပ်ပေးနိုင်မယ် ဆိုရင်၊ တစ်နည်း ပြည်သူ့သဘောရှိတဲ့ (သဘောထား) အတိုင်း နိုင်ငံရေးလမ်းစဉ်များကို ပြုလုပ်ပေး နိုင်မယ်ဆိုရင် လက်နက်မပါတဲ့ ပြုပြင်ပြောင်းလဲမှ နိုင်ငံရေးသမိုင်းဟာ အများကြိုက်တဲ့ ငြိမ်းချမ်းရေးပြုပြင်ပြောင်းလဲမှ ဖြစ်မှာပါပဲ။

ဒီနေရာမှာ –
(၁) လက်နက်ကိုင်တဲ့ နိုင်ငံရေးခံယူချက်နဲ့
(၂) လက်နက်ကိုင်ခြင်းမရှိတဲ့ နိုင်ငံရေးလမ်းစဉ် 
နှစ်မျိုးကို လေ့လာကြည့်ရှုနိုင်ပါတယ်။

လူတွေဟာ အကြမ်းမဖက်တဲ့၊ လက်နက်မကိုင်တဲ့ နိုင်ငံရေးလမ်းစဉ်ကို ကိုယ်စီ ကိုယ်င နားလည်ကြမယ် ဆိုရင်၊ သို့မဟုတ် ကျင့်သုံးကြမယ် ဆိုရင် အသက်သေကျေမှု ကင်းမဲ့တဲ့ နိုင်ငံရေးမူဝါဒကောင်းတွေ ဖြစ်လာမှာပါပဲ။ လူသားတို့ရဲ့ အရင်းအမြစ် နိုင်ငံရေး လမ်းစဉ်ဟာ အကြမ်းမဖက်တဲ့ နိုင်ငံရေးလမ်းစဉ်မှအပ အခြားသော နိုင်ငံရေးလမ်းစဉ်ဟာ အဆုံးအဖြတ်ပေးခြင်း မကောင်းတာ အမှန်ပါပဲ။

လူမှုဘဝနိုင်ငံရေးမူဝါဒ

အဆုံးအဖြတ်ပေးခြင်းမကောင်းတဲ့ လူမှုဘဝနိုင်ငံရေးလမ်းစဉ်ဟာ ဒီမိုကရေစီ လမ်းစဉ် မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံရေးလမ်းစဉ် ဆိုတာလည်း အကြမ်းဖက်မှုကင်းမဲ့တဲ့ နိုင်ငံရေးလမ်းစဉ် မဟုတ်လေတော့ လူမှုဘဝနိုင်ငံရေးလမ်းစဉ်၊ သို့မဟုတ် လူမှုဘဝနိုင်ငံရေး မူဝါဒ မဟုတ်သေးကြောင်း တွေ့မြင်နိုင်တယ်။ နိုင်ငံရေးကို အများအားဖြင့် တောင်းပွဲ၊ တိုက်ပွဲလုပ်လို့ရတဲ့ အနိုင်ရခြင်းကို နိုင်ငံရေးလို့ ဂုဏ်တင်ချင်ကြတယ်။ နိုင်ငံရေးဆိုတာ တောင်းပွဲ၊ တိုက်ပွဲမပါဘဲ အကြမ်းဖက်မှုမပါတဲ့ ညင်ညင်သာသာ လှလှပပ ပြုပြင်ပြောင်းလဲ တတ်တဲ့ နိုင်ငံရေးသည်သာ လူမှုဘဝကို အထောက်အကူပြုတဲ့ နိုင်ငံရေးလို့ ဆိုရမှာ ဖြစ်ပါတယ်။

လှည့်ကွက်

ခေတ်ကာလအခြေအနေကို သုံးသပ်ကြည့်တဲ့အခါ အခြားသော နိုင်ငံရေး လမ်းပြ မြေပုံတွေဟာ စုပေါင်း ပူးပေါင်း လုပ်ဆောင်တဲ့ နိုင်ငံရေးလမ်းပြမြေပုံအနေနဲ့ ရေးဆွဲတင်ပြလက်ခံကြတယ်။ ဒီနည်းဟာ နိုင်ငံရေးနည်းလမ်း မှန် မမှန်၊ ဟုတ် မဟုတ် သေချာစွာ မစဉ်းစားကြဘဲ ကြားခံလိုက်လံဆောင်ရွက်လုပ်ကိုင်တဲ့ နိုင်ငံရေးပါ။ အကျိုးအမြတ် ရယူ လိုကြတဲ့သူတွေရဲ့ လုပ်ကွက်၊ လှည့်ကွက် နိုင်ငံရေးပါပဲ။ အဲဒီလို နိုင်ငံရေးမျိုးဟာ အစိုးရနဲ့ ပြည်သူများ ခံစားရတဲ့ နိုင်ငံရေးပါ။ နိုင်ငံရေးပေါင်း တော်တော်များများ ခံစားခဲ့ကြရတယ်။ ဒီအပြောင်းအလဲဟာ တကယ့်ဒီမိုကရေစီကျင့်သုံးတဲ့ တိုင်းပြည်ကြီးတောင်မှ အလူးအလဲ ခံစားကြရတယ်။ ဒီလို ခံစားနေကြရတာကို လူတိုင်း နားလည်အောင်၊ သိအောင် အကင်း ပါးပါးလေးနဲ့ ပြုပြင်ပြောင်းလဲပေးရတာကြောင့် လူမှုဘဝနိုင်ငံရေးလမ်းစဉ်ဟာ အလွန် ခက်ခဲပြီး အလွန်သိမ်မွေ့အောင် ဆောင်ရွက်ရပါတယ်။

အခြေခံဥပဒေအစစ်

များသောအားဖြင့် ယနေ့ကျင့်သုံးနေကြတဲ့ နိုင်ငံရေးလမ်းစဉ်ဟာ စံနှုန်းမပါတဲ့ နိုင်ငံရေးလမ်းစဉ်တွေ တွေ့ရတယ်။ မူရင်း မိမိတိုင်းပြည်ရဲ့ အခြေခံဥပဒေကို အားထားရမှာကို မတွေ့မမြင်ကြဘဲ အပြည်ပြည်ဆိုင်ရာက အခွင့်အရေးဥပဒေကို ပိုမိုပြီး လေးစားလိုက်နာရခြင်းမျိုး လုပ်နေကြရတယ်။ အဲဒီလို တက်လာမည့် နိုင်ငံရေးလမ်းစဉ်မျိုးဟာ မိမိတိုင်းပြည်အတွက် နိုင်ငံရေးလမ်းစဉ်မူဝါဒ အားနည်းပြီး တစ်ယောက်လာတစ်မျိုး၊ တစ်ဖွဲ့လာတစ်မျိုးနဲ့ လိုက်လံပြုပြင်ရေးဆွဲရတဲ့ ဥပဒေတွေ အမျိုးမျိုးဖြစ်လာပြီး အခြေအမြစ် မပိုင်တဲ့ အခြေခံတိုင်းပြည်အတွက် အခြေခံဥပဒေအစစ်တွေ ပျောက်သွားတတ်တယ်။

အခြေခံဥပဒေအစစ် ဆိုသည်မှာ မိမိလူမျိုးစရိုက်၊ အလေ့အကျင့်၊ တရားနဲ့ လျော်ကန်တဲ့ ဥပဒေပဲ ဖြစ်ရမယ်။ မိမိလူမျိုး အကျင့်စရိုက်နဲ့ မလျော်ညီတဲ့ အခြေခံဥပဒေ များကို ပြဋ္ဌာန်းကျင့်သုံးကြမည်ဆိုလျှင် ထိုဥပဒေကြောင့် နည်းလမ်းတွေ ပျက်စီးပြီး ပြည်သူ တွေပါ အမူအကျင့်တွေ ပျက်စီးကြကုန်တယ်။ လူတွေကို အုပ်ချုပ်တဲ့ပညာရေးဟာ နည်းဗျူဟာပညာရေးစနစ် ဖြစ်သည်ကြောင့် နိုင်ငံရေးနည်းဗျူဟာစနစ်ကို လိုက်နာခြင်း နည်းပညာဖြစ်အောင် နိုင်ငံတော် အခြေခံဥပဒေ ရေးဆွဲသည့်အချိန်မှာ စေ့စေ့စပ်စပ် သေသေချာချာ ရေးဆွဲရမှာ ဖြစ်ပါတယ်။

နည်းပညာ

ဒီနေရာမှာ ဒီလို စကားကို ဆိုချင်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ လွတ်လပ်ရေးဟာ မှန်ကန်တဲ့ အဓိပ္ပာယ်ရှိတဲ့ လွတ်လပ်ရေးလိုပဲ တန်ဖိုးထားရင် မိမိရဲ့ အမျိုးသားနိုင်ငံရေး မူဝါဒကိုလည်း မိမိရဲ့ လွတ်လပ်ရေးလိုပဲ၊ သို့မဟုတ် မိမိ တိုင်းပြည်လွတ်လပ်ရေးနေ့လိုပဲ တန်ဖိုးထားရမယ်။ နိုင်ငံရေးနည်းပညာဟာ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ နိုင်ငံပေါင်းစုံအသင်းကြီး မပေါ်ပေါက်မီက နိုင်ငံရေးအတွေ့အကြုံရှိတဲ့ နိုင်ငံရေးခေါင်းဆောင်အချို့က ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတိုင်းကို မိမိ တွေးခေါ်ထားတဲ့ နိုင်ငံရေးမူဝါဒလမ်းစဉ်ကို လိုက်နာကျင့်သုံးနေထိုင် ကြအောင် ပြည်သူလူထုတွေကို သင်ကြားမှုပြုခဲ့တယ်။ သင်ကြားပေးထားတဲ့ နိုင်ငံရေးမူဝါဒ လမ်းစဉ်ဟာ လူမှုဘဝပြောင်းလဲမှု၊ ရပ်တည်မှု ဖွံ့ဖြိုးမှု၊ တိုးတက်မှုမပါတဲ့ နိုင်ငံရေးပညာ ဖြစ်သည့်အတွက်ကြောင့် အချို့နိုင်ငံရေးလမ်းစဉ်ဟာ အသုံးမဝင်တော့ဘဲ လူဘုံအလယ်မှာ ပျောက်ကွယ်သွားကြရတယ်။

တာဝန်မဲ့လွန်းတာကြောင့်

ယနေ့တော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်အရ လူတိုင်းနှုတ်ဖျားက ဒီမိုကရေစီသက်သက်ပဲ ဆိုကြပြောကြတယ်။ ဒီမိုကရေစီ ခေတ်ရေစီးကြောင်းအရ ဒီနိုင်ငံရေး မူဝါဒဟာ လူသားဆန်တဲ့ နိုင်ငံရေးလို့၊ ဒါမှမဟုတ် လူသားအားလုံးကို အခွင့်အလမ်းနည်း ကောင်း နည်းမှန်ပေးတဲ့ နိုင်ငံရေးလို့ ဆိုလို့ ဖြစ်၊ မဖြစ် လေ့လာရမယ်။ များသောအားဖြင့် မြန်မာပြည်သူတွေဟာ တစိုက်မတ်မတ် လေ့လာရမယ့် နိုင်ငံရေးအကြောင်းကို နှစ်ပေါင်း များစွာက သင်ကြားရမယ် ဆိုတာကို အလေးမမူ ဂရုမထားဘဲ ခေတ်ရေစီးအတိုင်း သူထ ကိုယ်ထ၊ သူထိုင်ကိုယ်ထိုင် ပုံစံမျိုးနဲ့ နိုင်ငံရေးကို အကင်းမပါးကြတာကြောင့် နိုင်ငံတကာ နိုင်ငံရေး အပြောင်းအလဲကြောင့် အလူးအလဲနဲ့ ခံကြရတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးအကြောင်းကို ကောင်းကောင်းသိတဲ့ ရှေးခေတ် အဆက်ဆက်က မြန်မာနိုင်ငံရေးပညာကို နားလည်တဲ့ နိုင်ငံရေးပညာရှင်တွေဟာ လူးလူး လွန့်လွန့် နိုင်ငံရေးအတွေးအခေါ်တွေ မသင်၊ မပြပေးတာကြောင့် ယနေ့ မြန်မာလူထုတွေဟာ နိုင်ငံရေးအတွေးအမြင်တွေ အားနည်းကြပြီး ကမ္ဘာ့နိုင်ငံရေးမြင်ကွင်းကျယ်အလယ်မှာ မျက်နှာ ငယ်ရတယ်။ ဒီလို မျက်နှာငယ်ရလို့ အပြစ်တင်စောဒကတက်တာ မဟုတ်ပါ။ တာဝန်ရှိတဲ့ သူတွေဟာ တာဝန်မဲ့လွန်းတာကြောင့် ပြောရခြင်း ဖြစ်ပါတယ်။

သမိုင်းပြသောစကား

ယနေ့လည်း အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ မြန်မာ့လူငယ်တွေဟာ နိုင်ငံရေးအတွေး အမြင် အားနည်းနေကြတာကို တွေ့ရတယ်။ နိုင်ငံရေး အလျင်အမြန် ပြန်လည်နိုးကြားလာ အောင် စည်းရုံးဟောပြောပြရသော လူငယ်အချို့ရဲ့ စကားတွေချည်း ကြားရတော့ အကြမ်း ဖက်မှုမပါတဲ့ နိုင်ငံရေးနည်း၊ သို့မဟုတ် မြန်မာလူမှုဘဝ နိုင်ငံရေးနည်းလမ်းကို ညွှန်ပြနိုင်တဲ့ နိုင်ငံရေးစကားတွေ မပြောတတ် မဆိုတတ် ဖြစ်နေတာကို တွေ့ရတယ်။

ဝေဖန်ရေးအတိုင်းသာ ပြောရမယ်ဆိုရင် 
(၁) အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံ အားနည်းခြင်း။ 
(၂) စာပေ၊ ဗဟုသုတ ဆည်းပူးမှု အားနည်းခြင်းကြောင့်
ပြောစကား ဆိုစကားတွေမှာ အညာအဖျင်းတွေပါတယ်။ အတည်စကားကို ဆိုတတ် ခြင်းကြောင့် နိုင်ငံရေးစကားကို ဆိုနိုင်မယ်။ နိုင်ငံရေးစကားဟာ သမိုင်းပြသောစကား ဖြစ်ရမယ်။ အဆင့်ကျော်ပြီး စိတ်လောလောလားလား ပြောဟောတဲ့ စကားဟာ နိုင်ငံရေး မဟုတ်ပါ။ 

ခနော်ခနဲ့နိုင်ငံရေး

နိုင်ငံရေးအမြင်ဟာ လူတိုင်းမှာ ရှိဖို့လိုပေမယ့် လူတိုင်း နိုင်ငံရေးကို စိတ်မဝင်စား ပါ။ နိုင်ငံရေးပညာ ဆိုတာ မိမိ နေထိုင်တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ အဓိကပညာရေးပါပဲ။ မိမိတိုင်းပြည်ကို ခနော်ခနဲ့နိုင်ငံရေးပညာနဲ့ အုပ်ချုပ်ပြီးနေရင် နိုင်ငံရေးဝါးဝတဲ့သူတွေရဲ့ လက်ချက်ကြောင့်နဲ့ လူမျိုးရော၊ တိုင်းပြည်၊ နိုင်ငံပါ ပျောက်ကွယ်သွားနိုင်တယ်။ အကြိမ်ကြိမ် အခါခါ ကျွန်သက်ရှည်ရတဲ့ မြန်မာပြည်သူတွေရဲ့ ဘဝသမိုင်းကို ပြန်ကြည့်ရင် မိမိတိုင်းပြည် ကို အုပ်ချုပ်စီမံတဲ့ မြန်မာပြည်နိုင်ငံရေး အုပ်ချုပ်မှုစီမံမှု အားနည်းနေသည်ကြောင့် ဆိုးကျိုးမှု တွေ အမျိုးမျိုး ခံစားနေရတယ်။ ယခုလည်း မြန်မာနိုင်ငံရေး နည်းပညာစွမ်းအင်ကို တိုးမြှင့် နိုင်ရန် မြန်မာနိုင်ငံမှာ နိုင်ငံရေးသင် တက္ကသိုလ်ကျောင်းများ တည်ထောင်ဖန်တီးသင့်လောက် ပြီလို့ မြင်ပါတယ်။ မြန်မာ့နန်းစဉ်အုပ်ချုပ်မှု မြန်မာနိုင်ငံရေး ဗဟုသုတစာပေတွေဟာ ယနေ့တိုင် ထင်ရှားနေဆဲ ရှိပါသေးတယ်။ မြန်မာ့နိုင်ငံရေး ပညာသင်ကျောင်း ဖွင့်လှစ်မယ် ဆိုရင် လုံလောက်မှု အပြည့်အဝ ရှိပါတယ်။ ဘာကြောင့် စိတ်မဝင်စားကြပါသလဲ။ 

မြင့်မြတ်တဲ့ ဦးတည်ချက်

နိုင်ငံရေးဆိုတာ ယုတ်မာမှုရဲ့ စွမ်းအားတစ်မျိုး ဖြစ်တာကြောင့် ယုတ်မာမှု စွမ်းအား တွေ မတိုးတက်မီ လူမှုဘဝအဖွဲ့အစည်းတွေကို မလွှမ်းမိုးနိုင်တဲ့ နိုင်ငံရေးပညာသင်ကျောင်း တစ်ကျောင်း မြန်မာ့လူ့အဖွဲ့အစည်းလောကမှာ တည်ထောင်ဖန်တီးသင့်ပါတယ်။ လူမှုအဖွဲ့ အစည်းဟာ ပုံစံတွေ အမျိုးမျိုး ပြောင်းလဲတတ်တယ်။ နိုင်ငံရေးနည်းလမ်းဟာလည်း ပုံစံ၊ စနစ် ပြောင်းလဲနေတယ်။ ပြောင်းလဲမှုအခြေခံသဘောတရားကို နားမလည်ရင် နားလည် သူတွေက လူတွေရဲ့ ပြုမူမှု အချက်အလက်တွေနဲ့ပဲ ခံစားရမယ်။

ပြည်သူတွေဟာ ခေတ်ပညာတွတ်မြောက်မှု များစွာ ရှိဖို့လိုတယ်။ အမြော်အမြင် ရှိဖို့ လိုတယ်။ ခေတ်ပညာ၊ အမြော်အမြင်အားနည်းရင် အုပ်ချုပ်မှု မူဝါဒတစ်ခုခုနဲ့ ထိတွေ့ လာရင် အုပ်စိုးမှုဒဏ် မခံမရပ်နိုင်ဘဲ တစ်ပါးသော အဖွဲ့အစည်းများ အပြစ်တင်ဖွယ်တွေ၊ ဆန့်ကျင်ဘက်တွေ လုပ်လာတတ်တယ်။ စိတ်ပျက်အားလျော့နေတဲ့ ပြည်သူတွေကို ရဲရင့်မှု၊ တည်ကြည်မှု၊ သတ္တိရှိမှုများ နည်းမျိုးစုံ ပညာပေးရမယ်။

ဘယ်သူမဆို စိတ်ဓာတ်ကြံ့ခိုင်မှု ရှိရမယ်။ မြင့်မြတ်တဲ့ ဦးတည်ချက် ထားရမယ်။ မိမိတိုင်းပြည်ရဲ့ အခြေအနေကို လက်တွေ့အကောင်အထည်ဖော်ရမယ်။ တိုင်းပြည်နဲ့ ပတ်သက် လာရင် ဘယ်လိုပဲ ကိုယ်၊ စိတ်ဆင်းရဲမှုတွေ ခံရခံရ အားလုံးအတွက်ဖြစ်အောင် အဲဒီဒုက္ခမျိုး ကို မငြင်းဆန်ဘဲ အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းလမ်းကို ထိုးဖောက်ပြီးတော့ တိုင်းပြည်ရဲ့ ကြမ္မာကောင်းရောက်အောင် စွန့်စားရမယ်။ စတေးရမယ်။

လောကပဓာန

ဦးတည်ချက်နဲ့ ပတ်သက်လို့ –
(၁) မိမိအကျိုးကို ပဓာနထားသူ
(၂) လောကအကျိုးကို ပဓာနထားသူ နှစ်မျိုး ရှိပါတယ်။

ဦးတည်သူက အကျင့်မှားရင် ဒုစရိုက်သို့ရောက်သွားနိုင်တယ်။ ဒုစရိုက်သို့ ရောက် သွားတဲ့ ဦးတည်ချက်မှန်သမျှဟာ မှန်သောအကျင့်ကောင်း မဟုတ်။ အတ္တပဓာန ဖြစ်ပါတယ်။ လောကပဓာန မဟုတ်ပါ။ ဦးတည်ချက်မှန်သမျှဟာ ဝဋ်ချမ်းသာလို့ ဦးမတည်ရ။ (ဦးတည် ခြင်း မဖြစ်ရ)

လူဟာ ပတ်ဝန်းကျင်ချင်း တူညီပေမယ့် အလုပ်လုပ်ချင်း မတူညီပါ။ အလုပ် လုပ်ချင်း တူညီသော်လည်း ဦးတည်ချက်ခြင်း မတူညီပါ။ မြင့်မြတ်သောသူက လောကပဓာန ထားတယ်။ လောကကို မသိမ်းပိုက်၊ လောကကို ခုတုံးမလုပ်၊ မျက်နှာဖုံးမလုပ်။ ငါမပါ၊ ငါမထား။

လောကအကျိုးအတွက် ကိုယ်ကို စွန့်သော သတ္တိ ရှိရမယ်။
(၁) စိုးရိမ်ခြင်း။
(၂) ကြောက်ရွံ့ခြင်းတရား မရှိရ။ (မထားရ)

မိမိဘဝ၊ မိမိစည်းစိမ်ကို အများအတွက်ဖြစ်အောင် စွန့်လွှတ်နိုင်ရမယ်။ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းကြောင့် သတ္တိမဲ့တဲ့ အမှတ်အသားတွေ ဖြစ်လာမယ်။

နိုင်ငံရေးကို လုပ်တဲ့သူဟာ ချစ်စိတ်၊ မုန်းစိတ်၊ တွေဝေစိတ် မထားရ။ မြင့်မြတ် သော အကျိုးတရားကို ဆောင်ရွက်တဲ့သူဟာ (တစ်လမ်း)တစ်ခုတည်းကိုသာ မြင်ရမယ်။ ကြည့်ရမယ်။ ဘောင်ရှိတဲ့သဘော၊ ဘောင်မဲ့တဲ့သဘောကို မြင်ရမယ်။ မြင့်မြတ်တဲ့သူဟာ အရေအတွက် မဟုတ်ပါ။ အရည်အချင်းပါ။ 

“လောကမှာ အချင်းချင်း ကွဲပြားမှု ရှိ၏။ တူသည် ဟူ၍ မရှိ။ ကွဲပြားကြ၏။ ကံ၊ ဉာဏ်ချင်းလည်း ကွဲပြားကြ၏။ အကျိုးပေးချင်း၊ စရိုက်ချင်းများလည်း ကွဲပြား၏။ တူသောအချက်ကား သံသရာခရီးသည်ချင်း တူ၏။ ဝဋ်ဒုက္ခချင်း တူ၏” 

(တောမှီရဟန်း၊ ပါရမီဆယ်ပါး သြဝါဒများ)

စွန့်လွှတ်မှုတရားနဲ့ စိတ်ဓာတ်

သစ္စာဂရဟီ – အကြမ်းမဖက်တဲ့ နိုင်ငံရေးသမားတစ်ယောက်ဟာ ဘယ်သူ့ကိုမှ မညှဉ်းပန်းဘဲ လုပ်နေတဲ့ နိုင်ငံရေးအလှကိုသာ ဆင်ခြင်ပြီး ဉာဏ်စွမ်းအကုန် ကြိုးစားနေမှာပါ။ မာန်မာန ထောင်လွှားဖို့၊ ဒဏ်ခံရဖို့အကြောင်း မစဉ်းစားပါ။ ကြောက်လို့ မိမိတာဝန်ကို သွေဖည်သွားမှာ မဟုတ်ပါ။ စွန့်လွှတ်မှုတရားနဲ့ စိတ်ဓာတ် တည်မြဲ (ခိုင်တည်)နေမှာပါ။ သူ့မှာ ခံစားနေရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို မည်သို့မည်မျှ ပြင်းပြခံစားနေရပါတယ်လို့ ပြောပြမှာ မဟုတ်ပါ။ နက်ရှိုင်းတဲ့ သတ္တိတွေလည်း ဖော်ပြမှာ မဟုတ်ပါ။

အဲဒီလို စွန့်လွှတ်နိုင်တဲ့ မိမိဘဝတစ်ခုလုံးကို အပြီးအပိုင် အပ်နှံလိုက်သော နိုင်ငံရေး သမားကို ပြည်သူတွေ မကူညီလည်း Civil Disobedience ဆိုတဲ့ သူ့ရဲ့အလုပ်က နောက် မဆုတ်ဘဲ လုပ်နေမှာပါပဲ။

နိုင်ငံရေးအမြင်ဟာ လူတိုင်းမှာ ရှိဖို့လိုပေမယ့် လူတိုင်းနိုင်ငံရေးကို စိတ်မဝင်စားပါ။ နိုင်ငံရေးပညာဆိုတာ မိမိ နေထိုင်တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ အဓိက ပညာရေးပါပဲ။ မိမိတိုင်းပြည်ကို ခနော်ခနဲ့ နိုင်ငံရေးပညာနဲ့ အုပ်ချုပ်ပြီးနေရင် နိုင်ငံရေးပါးဝတဲ့သူတွေရဲ့ လက်ချက်ကြောင့်နဲ့ လူမျိုးရော၊ တိုင်းပြည်၊ နိုင်ငံပါ ပျောက်ကွယ်သွားနိုင်တယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၇၇-၈၃၊ အဝိဟိံသာနိုင်ငံရေး (၁)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂)

တရားရေးဆိုတာ ဘာသာရေးတစ်ခုကို ဆိုလိုတာ မဟုတ်သလို နိုင်ငံရေး ဆိုတာလည်း ဘာသာရေးတစ်ခုကို ဆိုလိုတာ မဟုတ်ကြောင်း နားလည်ထားသင့်တယ်။

လူ့ဘဝတန်ဖိုး

လူ့ဘဝမှာ လူရဲ့အခြေခံတရားက လူတိုင်းလိုလို ချမ်းသာပျော်ရွှင်မှုကို လိုလား ကြတယ်။ လူတိုင်း မိမိရဲ့ဘဝကို ရှင်သန်နိုင်ဖို့ ကြိုးစားနေကြတယ်။ ချမ်းသာပျော်ရွှင်အောင်၊ ဘဝရှင်သန်အောင် ကြိုးပမ်းရေးအတွက်ဟာ သူတစ်ပါး ပျော်ရွှင်မှု၊ ရှင်သန်မှု မထိခိုက်အောင် သတိကြီးစွာနဲ့ ထားရမယ်။ မိမိပျော်ရွှင်မှု၊ ချမ်းသာမှု၊ ရှင်သန်မှုက အများအတွက် ကိုယ် စိတ် ဆင်းရဲမှုမဖြစ်အောင် သတိကြီးစွာ ထားရမယ်။ တိုတောင်းတဲ့ အချိန်ကာလအတွက်၊ ရေရှည်အတွက် ဖြစ်ထွန်းမယ့် အကျိုးကျေးဇူးကို အချင်းချင်း ခြားနားမှု မရှိအောင် အထူး သိရမယ်။ ဘယ်အရာမဆို ရေရှည်အတွက် အကျိုးဖြစ်ထွန်းမှု အားကောင်းဖို့ဟာ အရေး ကြီးပါတယ်။

အရှင်တို့တစ်တွေဟာ လူသားတွေပါ။ စက်ရုပ်မဟုတ်ပါ။ အရှင်တို့ရဲ့ အတွင်း စွမ်းအင်နဲ့ အရည်အချင်းတွေကို လေးနက်စွာ စဉ်းစားပြီးမှ နက်ရှိုင်းလေးနက်တဲ့ လူ့ဘဝ တန်ဖိုးကို နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ အရှင်တို့ရဲ့ အတွင်းအားဟာ ဘာသာ တရားနဲ့ ဆက်စပ်ထားတဲ့အား မဟုတ်ပါ။ လူသားတို့ရဲ့ မွန်မြတ်ကောင်းမွန်တဲ့ အရည်အချင်း အားပါ။

အရည်အချင်း ဆိုတာ – 
(၁) ချစ်ခင်မှ 
(၂) ရိုးသားမှ
(၃) စည်းကမ်းလိုက်နာမှ
(၄) မွန်မြတ်သော အသိစိတ်ဓာတ်ရှိမှုတို့ကို ဆိုလိုပါတယ်။

ဘာသာရေးဟာ အရှင်တို့ကို အစဉ်အလာအရ လူကောင်း၊ လူတော်များဖြစ်ကြဖို့၊ စိတ်ဓာတ်ကောင်းတွေ မွေးမြူကြဖို့ သွန်သင်ပေးတာချည်းပါပဲ။ ဒါကြောင့် အရှင်တို့ မွေးရာပါ ကောင်းတဲ့အရည်အသွေးတွေ ပိုမိုခိုင်မြဲအောင်၊ အားရှိအောင် ဘာသာတရားတွေက သွန်သင် ပေးနေတာပေါ့။

လျှောက်လှမ်း

ခေတ်အချိန်အခါအရ တရားဥပဒေဆိုတာ ဘယ်နေရာ၊ ဒေသမှာမဆို စိုးမိုးမှ ကင်းမဲ့နေတဲ့အချိန်မှာ ထားကြရစမြဲပါ။ တာဝန်အရ မတရားတဲ့ အမိန့်အာဏာတွေ မသုံးမိဖို့ လည်းလိုပါတယ်။ ဆန့်ကျင်လှုပ်ရှားမှု ပြုနေတဲ့သူတွေကိုလည်း အချိန်ပေးပြီး စောင့်ဆိုင်းဖို့ လိုတယ်။ အဲဒီလို စိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီး လူတွေရဲ့လှုပ်ရှားမှုတွေကိုပေးရင် ကြမ်းတမ်းမှ တွေ အားလျော့စေပါတယ်။

မှန်ကန်မှုကို အခြေခံတဲ့မူဝါဒဟာ အကြမ်းမဖက်မှုကို လျှောက်လမ်းအဖြစ် ထားကြ တယ်။ ဘယ်နိုင်ငံရေးမူဝါဒ မဆို –
(၁) အမှန်တရား (Truth)
(၂) မညှဉ်းဆဲမှု (Ahimsa) တရားပါမှသာ ဖီဆန်မှု ကင်းတယ်။ ကောင်းမွန်မှ မြင့်မယ်။ နားလည်မှု ရှိမယ်။ ဘယ်လုပ်ရပ်မဆို အချင်းချင်း(လူမျိုး)အကြားမှာ အကြမ်းဖက်မှု များ ပေါက်ကွဲစေအောင် မီးစာမဖြစ်သင့်ပါ။ ဘယ်လုပ်ရပ်မှာမဆို တရားဥပဒေစိုးမိုးရေး အတွက် အထောက်အပံ့ဖြစ်နိုင်တဲ့လုပ်ရပ်မျိုး ဖြစ်နေဖို့ လိုမယ်။ ဘယ်နိုင်ငံရေးသမားမဆို အကြမ်းမဖက်မှု မူဝါဒကို လက်ခံထားသူ မှန်ရင် ငြိမ်ဝပ်ပိပြားမှုနဲ့ တရားဥပဒေစိုးမိုးမှ ကင်းမဲ့အောင် ရှောင်ရှားရမယ်။ စိတ်နေစိတ်ထားအရ ပြောရရင် မိမိရဲ့ရှေ့မှောက်မှာ ဖြစ်ပျက်တဲ့အခြေ အနေတစ်ခုကို ပိုမဆိုးသွားအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောင်းလာ နိုင်အောင် လုပ်နိုင်တဲ့သူ ဖြစ်အောင် ကြိုးစားအားထုတ်ရမယ်။

လူထုဟာ အကြမ်းမဖက်တဲ့မူဝါဒကို လက်ခံရမယ်။ စွဲလမ်းရမယ်။ မြဲမြံစွာ လက်ခံကျင့်သုံးရမယ်။ ဒီမူကို စွဲမြဲစွာ လက်ခံကျင့်သုံးနိုင်ကြပြီဆိုရင် မတရားတဲ့အမိန့်တွေ ရုပ်သိမ်းပျောက်ကွယ်သွားမှာ သေချာတယ်။ ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်သို့ ပြောင်းလဲ သွားမှာ သေချာတယ်။

ဒီနေရာမှာ – 
(၁) အပြင်အန္တရာယ်နဲ့
(၂) အတွင်းအန္တရာယ် နှစ်မျိုးထဲက အတွင်းအန္တရာယ် မဖြစ်ဖို့ သိထားရမယ်။ အတွင်းအန္တရာယ် ဖြစ်ပေါ်ခဲ့ရင် အမှန်တရားနဲ့ အကြမ်းမဖက်မှုတရားနှစ်ပါး ပျက်စီးဆုံးရှုံး မှာ သေချာတယ်။ 

ရန်သူအစစ်

အရှင်တို့ဟာ ဒေါသနဲ့ မုန်းတီးမှုကို ရန်သူအစစ် ဖြစ်ကြောင်း မြင်တတ်ရမယ်။ အရှင်တို့ရဲ့ရန်သူဟာ အသိထဲမှာရှိပါတယ်။ အထဲမှာရှိနေတဲ့ရန်သူကို နိုင်ရမယ်။ ဒေါသနဲ့ မုန်းတီးမှုစိတ်ဟာ အရှင်တို့ရဲ့ ရန်သူအစစ်ပါ။ အခြားအရာတွေဟာ ယာယီရန်သူတွေပါ။ ယာယီရန်သူဖြစ်တဲ့ မလိုမုန်းထားစိတ်တွေ လျော့ပါးသွားအောင် လေ့ကျင့်ရပါတယ်။ စိတ်ကို ထိန်းသိမ်းကျင့်ယူမှ စိတ်ရဲ့ အေးချမ်းမှု ရနိုင်မယ်။ ဒေါသဆိုတာ မိမိရဲ့အကျိုးကို ရှေ့တန်း ထားလို့ ဖြစ်လာတာပါ။ ဒီလို အမြစ်တွယ်နေတဲ့ စိတ်မျိုးကို နိုင်ငံရေးလုပ်သူ ဟူသမျှ သိထားရမယ့် အချက်တစ်ရပ်ပါ။

လူတွေရဲ့ တာဝန်

နိုင်ငံရေးလောကမှာ တရားမျှတရမယ်။ တရားမမျှတလို့ ဆန့်ကျင်မှုပြုရင်လည်း ဆန့်ကျင်မှုပြုတဲ့သူကို သူ့မှာတာဝန်ရှိလို့ ဆန့်ကျင်နေရတာပဲလို့ မြင်ရမယ်။ ကြီးမားတဲ့ အန္တရာယ်မရှိအောင် ထိန်းရမယ်။ ပြုပြင်ရမယ့်အရာကို စံနှုန်းပါတဲ့ပုံစံများ ချပြီး ပြုပြင် ပေးရမယ်။ များသောအားဖြင့် နိုင်ငံရေးဟာ ပူးပေါင်းဆောင်ရွက်မှု ပြုကြတာကို ဦးစားပေး တယ်။ ပူးပေါင်းဆောင်ရွက်မှု မလုပ်တဲ့သူကို ပုန်ကန်သူလို့ မမြင်ရဘူး။ ယေဘုယျအားဖြင့် ဆန့်ကျင်သမှုပြုတဲ့သူဟာ တရားမျှတမှုကို လိုလားနေတာပဲ။ တရားမျှတမှု တည်ရှိရေးအတွက် ပုန်ကန်တဲ့သူဟာ လူတွေရဲ့တာဝန်ပဲလို့ မြင်ရမယ်။ နိုင်ငံရေးဆိုတာ လေးနက်မှုထားရတယ်။ မတရားမှု ခံစားရတဲ့ အတိုင်းအတာနဲ့ ချိန်ဆကြည့်ရမယ်။

အရှင်တို့ဟာ အရှင်တို့ကိုယ်တိုင်က အကြမ်းမဖက်တဲ့ နိုင်ငံရေးသမားဖြစ်အောင် ကြိုးစားရမယ်။ အကြမ်းမဖက်တဲ့ နိုင်ငံရေးကို လက်ခံတဲ့သူဟာ လူနည်းစုပါ။ သူ့တာဝန်နဲ့ သူပါပဲ။ အာဏာရှိတဲ့သူတွေရဲ့ ဒေါသဟာ သူ့ကို ပိတ်ပင်လို့ မရပါဘူး။ ဘာတစ်ခုမှ အမည်းစက်မရှိတဲ့ လူပေါင်းသိန်းသောင်းမက မွန်မြတ်ပြီး တရားမျှတရှိနေတဲ့ အကြောင်း ကိစ္စကို ကိုယ်စိတ်ဆင်းရဲမှုခံစားနေရမယ်ဆိုရင် အဲဒီကျင့်သုံးတဲ့နိုင်ငံရေးမူဝါဒကို ဘယ်တော့မှ မထောက်ခံရဘူး။ အားလည်း မပေးရဘူး။ 

တန်ဖိုးကြီးတဲ့အရာ

တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေဟာ ဘာအပြစ်မှမရှိဘဲနဲ့ ဆင်းရဲမှုဝေဒနာ အမျိုးမျိုး မကျရောက်အောင် အသက်ပေးပြီး ကာကွယ်ပေးရမယ်။ အမည်းစက် လုံးဝမရှိတဲ့ ပြည်သူကို အသက်မသေစေရဘူး။ အကြမ်းမဖက်ခြင်းကို မှားယွင်းမှု ကင်းရမယ်။ နစ်နာမှ မရှိအောင် လုပ်ရမယ်။ အလုပ်တစ်ခုမှာ နစ်နာမှု၊ နစ်နာစရာဖြစ်လာရင် မှားယွင်းမှုတစ်ခုက ဖြစ်လာတယ်လို့ သိရမယ်။ နိုင်ငံရေးလောကမှာ ပြည်သူဘဝ လုံခြုံဖို့ အရေးကြီးတယ်။ လောကမှာ အသက်လောက် တန်ဖိုးကြီးတဲ့အရာ မရှိပါဘူး။

ရေလျဉ်များပမာ

နိုင်ငံရေးပညာရှင်ကြီးပုဂ္ဂိုလ်တစ်ဦးက –

“မိမိတို့ ဆန္ဒစွဲလမ်းမှုနောက်ကို ယနေ့လူသားတွေဟာ မျက်စိမှိတ်ပြီး အပြေးလိုက် နေကြတယ်။ ဆန္ဒစွဲလမ်းမှုကို အခြေခံပြီး ဆင်နွှဲနေကြတဲ့ပြိုင်ပွဲတွေ သူတစ်ပါးနိုင်ငံကို ကျူးကျော်သိမ်းပိုက် သူ့ထက်ငါ ပိုပြီး စီးပွားဥစ္စာဓနဂုဏ်၊သြဇာဂုဏ်၊ အာဏာဂုဏ် ဆိုတဲ့ အရာတွေကို ပိုင်ဆိုင်နိုင်ဖို့ ပြိုင်ပွဲတွေ ဆင်နွှဲနေကြတယ်။ ဒီပြိုင်ပွဲဟာ လူ့အဖွဲ့အစည်းမှာ ရှေးဦးကာလက ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ယခုခေတ် ပြိုင်ပွဲမျိုးက ပိုမိုအားကောင်းလာပြီး ကြောက်စရာအဆင့်သို့ ရောက်နေပါတယ်”

လို့ ဆိုမိန့်ခဲ့ပါတယ်။

လူမှုဘဝနိုင်ငံရေးလမ်းစဉ်ခေါ်တဲ့ တိုးတက်ဖွံ့ဖြိုးလာတဲ့ လူမှုရေးလမ်းစဉ်ကောင်းကို အဆိပ်ပမာ အန္တရာယ်ကြီးမားလာနိုင်တဲ့ နိုင်ငံရေးလိမ်လည်လှည့်စားမှုကြီးဟာ တစ်နေ့ တခြား ပိုပြီး အားကောင်းလာတာကို တွေ့ရတယ်။ လူမှုဘဝ ဆင်းရဲဒုက္ခကြီးရဲ့ ဇာစ်မြစ် ဟာ ဒီသဘောတရားအပေါ်မှာ မြစ်ဖျားခံနေပါတယ်။ ယနေ့ အရှင်တို့ တိုင်းပြည်ဟာ ငြိမ်းချမ်းသာယာလှပတဲ့ မြန်မာ့နိုင်ငံရေးလမ်းစဉ်ကို တည်ဆောက်နေတဲ့အချိန်ပါ။ အရှင်တို့ အားလုံးဟာ အကျင့်စာရိတ္တကောင်းနဲ့ တိုင်းပြည်ကို တည်ဆောက်ရမယ်။ ချစ်ခင်မှုနဲ့ ကြင်နာမှု တရားတွေ အဓိက လိုအပ်နေပါတယ်။ စွဲလမ်းမှုတစ်စုံတစ်ခုမှမပါတဲ့ ချစ်ခင်မှုအစစ်အမှန်ကို အရှင်တို့ တည်ဆောက်နိုင်ရမယ်။ ကိုယ်ကျိုးမဖက် အများအကျိုးအတွက်ထားတဲ့ စေတနာဟာ ချစ်ခြင်း၊ ကြင်နာခြင်းပါ။ ချစ်ခြင်းတရားဆိုတာ ဝေဒနာတရားတစ်ပါးပါးကို ခံစားသိမြင် ရခြင်းမှ သက်ရှိသူတွေမှာ ပေါ်ထွက်လာတဲ့ တရားပါ။ လူသားများ ဝေဒနာတရားတစ်ပါးပါး ကို ခံစားရသမျှ ကာလပတ်လုံး ဆင်းရဲခြင်း မလွတ်မချင်း ချစ်ခြင်း၊ ကြင်နာခြင်းတရား ဟာ ရေလျဉ်များပမာ စီးဆင်းနေမှာပါပဲ။ 

မေတ္တာတရားပါတဲ့ လူမှုဘဝ နိုင်ငံရေးလမ်းစဉ်

ခွဲခြားမှုမရှိ၊ အဆုံးအစ မမြင်ရတဲ့မေတ္တာ၊ ကရုဏာတရားဟာ စွဲလမ်းမှု အစိတ် အပိုင်း ပါဝင်နေပါတယ်။ စွဲလမ်းမှုကင်းကင်းဖြစ်တဲ့ ချစ်ခြင်းသည်သာ ချစ်ခင်မှု အကျိုး အမြတ်တရား ရကြမှာ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားဆိုတာ ရန်သူ၊ မိတ်ဆွေ မရှိပါ။ မေတ္တာစိတ်ထားရခြင်းအကြောင်းရင်းဟာ ချမ်းသာခြင်းကို လိုချင်လို့ပါပဲ။ ချမ်းသာခြင်းကို လိုချင်တဲ့စိတ်ဟာ လူတိုင်းမှာ ရှိနေလို့ပါပဲ။ သူ့သဘာဝအတိုင်း ဖြစ်တာပါ။ ဘာမှ မထူးဆန်း ဘူးလို့ ဆိုပေမယ့် မေတ္တာတရားဟာ တန်ဖိုးထားကြတာချည်းပါပဲ။ အရှင်တို့ရဲ့ ဘဝအစနဲ့ အနှောင်းမှာ သူတစ်ပါးရဲ့ သနားကြင်နာမှုအပေါ်မှာ မှီခိုရတာ မဟုတ်လား။ အရှင်တို့ဟာ သူတစ်ပါးအပေါ်မှာ ဘာကြောင့် ကြင်နာသနားမှု ကင်းမဲ့ပြီး ဆက်ဆံရမှာလဲ။ ကြီးမား ကျယ်ပြန့်တဲ့ မြန်မာ့မိသားစုကြီးဟာ သာယာလှပတဲ့၊ ထာဝရအေးချမ်းတဲ့၊ ခိုင်မြဲတဲ့၊ စွမ်းပကား ထက်မြက်တဲ့၊ လုံခြုံမှုအပြည့်အဝပါတဲ့၊ မေတ္တာတရားပါတဲ့ လူမှုဘဝနိုင်ငံရေးလမ်းစဉ်ကို မြန်မာ့လူ့ဘောင်ထဲမှာ ထာဝရ မြဲမြံဖို့ အရေးကြီးပါတယ်။

ငြိမ်းချမ်းတဲ့ တော်လှန်ရေးအရသာ

အရှင်တို့ဟာ မြင်းနှစ်ကောင်ကို တစ်ပြိုင်တည်း ခွမစီးသင့်ပါ။ ဘယ်အရာမဆို ပါ၊ ပတ်ဝန်းကျင်ကို ပြောင်းလဲအောင် လုပ်ပေးနိုင်ရမယ်။ ပူးပေါင်းဆောင်ရွက်မှု လုပ်နိုင်ရ မယ်။ အရှင်တို့ဟာ ရန်သူ၊ မိတ်ဆွေမခွဲခြားဘဲ အစဉ်ထာဝရ ဘေးရန်လုံခြုံမှုကို (စုပေါင်းပြီး) တာဝန်ယူကြရမယ်။ အမှန်တရားနဲ့ တိုင်းပြည်ကို တည်ဆောက်ရမယ်။ အမှန်တရားမပါတဲ့ တည်ဆောက်ရေး (တည်ထောင်ရေး)ဟာ ငြိမ်းချမ်းတဲ့ တော်လှန်ရေးအရသာ မခံစားရပါ။ ငြိမ်းချမ်းတဲ့ အရသာရှိတဲ့ တော်လှန်ရေးဟာ လိမ်လည်လှည့်ဖြားမှုကင်းတဲ့ စစ်မှန်တဲ့ “သစ္စာ တရား”ပါ။ မှန်ကန်တဲ့သစ္စာတရားဟာ မကြိုက်နှစ်သက်တာ မရှိပါ။ လူသားတွေရဲ့ မူလ ပကတိ စိတ်ဓာတ်ပါ၊ မှန်ကန်မှုမပါတဲ့ နိုင်ငံတော် တည်ဆောက်ရေးဟာ လှည့်စားမှုပါတဲ့၊ အင်အားသုံးတဲ့ နိုင်ငံရေးသဘော ပါသွားခဲ့ရင် အဲဒီသဘောတရားနဲ့ အနိုင်ရခဲ့ရင်တောင် နောက်ဆုံး အဆုံးမှာတော့ အရှုံးနဲ့ ရင်ဆိုင်ကြရမှာ သေချာတယ်။ 

အင်္ဂါချို့ယွင်းတဲ့ အမှန်တရား

လူတိုင်းဟာ အမှန်တရားကို လေးစားကြတယ်။ မြတ်နိုးကြတယ်။ ဒီသဘောတရား ဟာ ပဋိသန္ဓေမူလက ရှိတဲ့ သဘောတရားပါ။ မွေးရာပါ ဗီဇတရားပါ။ အမှန်တရားအရသာ မပါတဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးတွေဟာ အင်္ဂါချို့ယွင်းတဲ့အမှန် တရားပါ။ အာမခံချက်မပါတဲ့ အမှန်တရားပါ။ အမှန်တရားဆိုတာ အင်အားများတာနဲ့ နည်းတာနဲ့ မဆိုင်ပါ။ နောက်လိုက်များတာနဲ့ နည်းတာနဲ့ မဆိုင်ပါ။ အမှန်တရားမှန်သမျှ အောင်မြင်ကြရစမြဲပါပဲ။

နိုင်ငံရေးဆိုတာ အမှန်တရား အမြဲတမ်း လိုအပ်နေတယ်။ သစ္စာတရားကို ဖွင့်ဆို ပြတဲ့ နိုင်ငံရေးပုဂ္ဂိုလ်တစ်ဦးရဲ့စကားနဲ့ ပြောရင် ဒီလို တွေ့ရတယ်။

“ကျွန်တော်တို့ နိုင်ငံရေးဘဝမှာ ရံဖန်ရံခါ အမှန်တရားလိုအပ်နေတာကို မကြာခဏ တွေ့ရှိနေရတယ်။ အင်အားကြီးတဲ့နိုင်ငံတွေက အင်အားချို့တဲ့နေတဲ့နိုင်ငံတွေကို ကိုယ်လို သူလို ကိုင်တွယ်နေကြတယ်။ အမျိုးမျိုးသော နည်းပရိယာယ်ကို သုံးစွဲပြီး အမြတ်ထုတ်နေ ကြတယ်။ လူ့အဖွဲ့အစည်းမှာလည်း အင်အားကြီးတဲ့ လူမျိုးတွေက လူနည်းစုအပေါ်မှာ ထင်သလို ခြယ်လှယ်နေကြသလိုပါပဲ။ အခွင့်အာဏာရှိနေတဲ့လူတွေရဲ့ လက်ထက်မှာ အာဏာ မှဲ့တွေဖိနှိပ်ခံနေရတာလည်း မဆန်းသလိုပါပဲ။ ဒါပေမဲ့ တချို့အချိန်မှာ အမှန်တရားကို ဆုပ်ကိုင်ထားခြင်းဟာ မတန်ဘူးလို့ ထင်မြင်ရပေမယ့် သစ္စာအမှန်ဟာ လူတွေရဲ့ အင်အား အစစ်၊ စွမ်းအင်အမှန်ဖြစ်တဲ့အကြောင်းကတော့ ငြင်းမရသလို လူတို့ရဲ့သမိုင်းကို ပုံဖော်တဲ့ နေရာမှာ အဓိကကျတယ်ဆိုတာကိုလည်း ငြင်းပယ်လို့ မရနိုင်ပါ”

အမှန်တရားအရသာမပါတဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေးတွေဟာ အင်္ဂါချို့ယွင်းတဲ့ အမှန်တရားပါ။ အာမခံချက်မပါတဲ့ အမှန်တရားပါ။ အမှန်တရားဆိုတာ အင်အားများတာ၊ နည်းတာနဲ့ မဆိုင်ပါ။ နောက်လိုက်များတာ၊ နည်းတာနဲ့ မဆိုင်ပါ။ အမှန်တရားမှန်သမျှ အောင်မြင် ကြရစမြဲပါပဲ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၈၄-၈၉၊ အဝိဟိံသာနိုင်ငံရေး (၂)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၃)

အရှင်တို့ရဲ့လူနေကမ္ဘာကြီးကို ပိုမိုပြီး မေတ္တာတရားနဲ့ သနားကြင်နာမှ ရှိတဲ့ လူ့ကမ္ဘာကြီးအဖြစ် တည်ဆောက်ချင်ကြတယ်ဆိုရင် သူတစ်ပါးအပေါ် မိမိတို့ရဲ့ တာဝန်ရှိမှု အသိပညာကို တိုးချဲ့ဖွင့်လှစ်ပေးရမယ်။

မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်များ

ယနေ့ မြန်မာပြည်နဲ့ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့လူတွေဟာ ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှု ကို လိုချင်ကြတဲ့သူတွေ များတယ်။ ဒီတောင်းဆိုမှုဟာ လူသားတို့ရဲ့ဆန္ဒပါ။ ဒီအခြေခံဟာ လည်း လူသားတွေရဲ့ အခြေခံစိတ်ဓာတ်ပါ။ လူတွေရဲ့ စိတ်နှလုံးသားဟာ အဆင့်ဆင့် သန့်ရှင်း စင်ကြယ်မှု အဆက်မပြတ်ဖြစ်ရမယ်။ လူအချင်းချင်းစိတ်နှလုံးသားတွေ ထိတွေ့နိုင်ဖို့ စည်းကမ်းရှိခြင်း၊ စိတ်ချုပ်တည်းခြင်းတရားတွေကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်ထားရမယ်။ အရှင်တို့ရဲ့ တိုင်းပြည်ဟာ ယခုလို တိုးတက်မှုတွေ နှေးကွေးရတာဟာ အချင်းချင်း ကွဲပြားနေလို့သာ ဖြစ်ကြတာပါ။

အကယ်၍ အရှင်တို့ဟာ ကျယ်ပြန့်တဲ့ ညီညွတ်မှု၊ ခိုင်မာမှုတွေကို တည်ဆောက်နိုင် ကြပြီဆိုရင် စုပေါင်းတဲ့ အမျိုးသားရေးစိတ်ဓာတ်ကို လက်ခံအသိအမှတ်ပြုကြမှာ ဖြစ်ပါတယ်။ အရှင်တို့အချင်းချင်း ခြားနားတဲ့စိတ်တွေ မွေးမြူနေကြတာဟာ စိတ်ခံစားမှု၊ နာကြည်းမှုတရား တွေ များများထားကြလို့သာ ဖြစ်ကြတာပါ။ ဒီနာကြည်းမှုတရားကို ကြပ်ကြပ်လေး သတိ ထားပြီး နေကြမယ် ဆိုရင် အရှင်တို့ရဲ့ အသိတရားဟာ တကယ့်မြင့်မြတ်တဲ့ နှလုံးသား တရားတွေ ဖြစ်လာမှာပါ။ မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်များ ဖြစ်ကြပြီဆိုရင် တစ်ဦးနဲ့တစ်ဦး အသိအမှတ်ပြုချင်ကြတဲ့ ယုံကြည်မှုစိတ်တွေ အားသစ်လောင်းပြီး နားလည်လာကြမှာပါ။

ရှောင်ကြဉ်ရမယ့်တရား

အချင်းချင်း ဆန့်ကျင်ကြတဲ့အလုပ်ဟာ ရေရှည်ခံနိုင်တဲ့အလုပ် မဟုတ်ပါ။ လူမှုရေး အရ၊ ဒါမှမဟုတ် နိုင်ငံရေးသဘောတရားအရ ဝိုင်းပယ်ခြင်း၊ ကြဉ်ခြင်းစတဲ့ အပြုအမူအလုပ် ဟာလည်း ထိပ်ဆုံးက ရှောင်ကြဉ်ရမယ့်တရားပါ။ အရှင်တို့ဟာ ပြည်သူလူထုကို ချုပ်တည်း နိုင်စွမ်းရှိတဲ့သူတွေ မဟုတ်ပါ။

အရှင်တို့ဟာ စုပေါင်း(ပူးပေါင်း) ဆောင်ရွက်မှုကို ငြင်းပယ်ကြတဲ့သူတွေ မဟုတ် ပါ။ ချစ်ကြည်မှုတရားတွေကို နှလုံးသွင်းနိုင်ကြတဲ့သူတွေ မဟုတ်လား။ မုန်းတီးရွံရှာတဲ့ တရားတွေကြောင့်၊ ဒါမှမဟုတ် အဲဒီတရားတွေကို လက်ခံထားရှိကြလို့သာ မပူးပေါင်းနိုင်ကြ တာပါ။ မုန်းတီးမှုကြောင့် ပူးပေါင်းဆောင်ရွက်မှုကို ငြင်းပယ်ကြမယ်ဆိုရင် တရားမျှတမှု၊ မှန်ကန်မှုတရားတွေ တည်ဆောက်နိုင်ကြမှာ မဟုတ်ပါ။

အရှင်တို့ဟာ မုန်းတီးမှုနဲ့ ကြမ်းတမ်းမှု တရားအားလုံးကို ငြိမ်းချမ်းမှုတရား နဲ့ ချစ်ကြည်မှု တရားအောက်ကို မရောက်ရောက်အောင် ကြိုးစားပြီး သွင်းယူရမှာ ဖြစ်ပါ တယ်။ လူတွေရဲ့ လုပ်ရပ်ဟာ တရားမျှတမှု မရောက်ရောက်အောင် စိတ်အေးလက်အေး နဲ့ ဆောင်ရွက်လုပ်ကိုင်ပေးကြမယ် ဆိုရင် မအောင်မြင်တဲ့အရာတွေ အလိုလို ဖယ်ရှားသွား မှာပါ။

အပြစ်မရှိတဲ့ အတတ်ပညာ

အရှင်တို့ဟာ လူတွေရဲ့အားနည်းချက်ကို နည်းလမ်းပေးနိုင်အောင် နည်းလမ်းကောင်း အတတ်ပညာကို ရှာကြပြီး အသိပညာ၊ အတတ်ပညာ ပေးရဲရမယ်။ အမှားပါတဲ့ အရေခြုံတဲ့ ပညာရပ်တွေ သင်မပေးကြဖို့ စုပေါင်းကာကွယ်တိုက်တွန်းရမယ်။ ကြောက်မက်ဖွယ်ဖြစ်တဲ့ အစဉ်အလာပညာရပ်တွေကိုလည်း သင်ယူမှုမပြုနိုင်အောင် တားဆီးမှုပြုရမယ်။ တကယ်တော့ လူ့အဖွဲ့အစည်းဟာ အပြစ်မရှိတဲ့ အတတ်ပညာအားလုံးကို သင်ယူကြရမှာ ဖြစ်ပါတယ်။ အပြစ်ရှိ(အပြစ်ပါ)တဲ့ အတတ်ပညာကို သင်ယူပေးခဲ့တာကြောင့် လူသားတွေဟာ သိက္ခာ စောင့်ထိန်းမှု အားနည်းလာတာပါ။

ကျင့်ဝတ်စည်းကမ်း

လူတွေဟာ လူမှုကိစ္စအမျိုးမျိုးကို လုပ်ကြတဲ့သူတွေပါ။ လူမှုကိစ္စကို ဆောင်ရွက် လုပ်ကိုင်ကြလို့ လူတွေရဲ့အကြောင်းကို၊ ဒါမှမဟုတ် လူတွေရဲ့အခြေအနေတွေကို ကောင်း၊ မကောင်း သိနေကြမှာပါ။ လူမှုကျင့်ဝတ်စည်းကမ်းတရားနဲ့အညီ နေ မနေ ၊ ကျင့် မကျင့်၊ လိုက်နာမှု ရှိ မရှိ၊ စိတ်ဆန္ဒကောင်းနဲ့ အလုပ်လုပ် မလုပ် အမြဲတမ်း စောင့်ကြည့် လေ့လာရမယ်။ လူမဆန်တဲ့ အစွန်းရောက်တဲ့ အမူအကျင့်တစ်ခုခု ပါလာခဲ့ပြီဆိုရင် ကျင့်သုံးဖို့ အခွင့်အာဏာမရအောင် စုပေါင်းပြီး ပညာပေးရမယ်။

စိတ်ဓာတ်အေးမြပြီး ပွင့်လင်းဖို့လို

လူတွေဟာ မျက်နှာချင်း မဆိုင်နိုင်ကြအောင် ခါးသီးတဲ့ ဝိရောဓိတရားတွေ မထား ရပါ။ သည်းမခံမှုနဲ့ ဆန္ဒစောနေမှုဟာ အချင်းချင်း အမုန်းပွားမှုကြီး ဖြစ်ပွားစေနိုင်ပါတယ်။ ဒီပုံဒီနည်းနဲ့ နေကြတဲ့သူတွေဟာ အရာခပ်သိမ်း နစ်နာမှု ဖြစ်ရတယ်။ ဆုတ်ယုတ်မှု တွေ့ရ တယ်။ အရှင်တို့ရဲ့ မြန်မာပြည်လူထုတွေဟာ ခါးသီးတဲ့စိတ် မရှိပါ။ ခါးသီးအောင် လုပ်လိုတဲ့ သူတွေရဲ့ အမူအကျင့်နဲ့သာ တိုင်းပြည်ဆုတ်ယုတ်မှု ဖြစ်ခဲ့ရတာပါ။ တကယ်တော့ အရှင်တို့ရဲ့ တွေ့ကြုံရတဲ့ ဆင်းရဲမှုဟာ ကန့်သတ်ချက်အပြည့်အဝရှိတဲ့ ဆင်းရဲမှု မဟုတ်ပါ။ ပြောင်းလဲမှ အပြည့်အဝပါတဲ့ ဆင်းရဲမှုပါ။ အဲဒီလို စိတ်ထားဖြူစင်ပြီး ရိုးသားမှုအပြည့်ရှိတဲ့ မြန်မာလူမှု နယ်ပယ်ကို သမိုင်းတင်ကာလမှာ ယနေ့တိုင်အောင် ဖဲ့ချိုးဖျက်ဆီးမယ့်သူများ မအောင်မြင်နိုင် ကြတာဟာ အရှင်တို့ရဲ့ခိုင်မြဲတဲ့ စိတ်နှလုံးသားရဲ့ သီလ၊ သမာဓိပါ။ အရှင်တို့ဟာ တွေဝေ ထိုင်းမှိုင်းနေတဲ့၊ ထင်ရာမြင်ရာလုပ်တတ်တဲ့ နိုင်ငံရေးလမ်းစဉ်ကို မလိုက်မိဖို့ အရေးကြီးတယ်။ အရှင်တို့ရဲ့ နေ့စဉ်အမြဲ အသက်ရှင်အောင် လှုပ်ရှားနေတဲ့ အပြုအမူဟာ အသိတရား မြဲမြံဖို့ လိုတယ်။ သမာဓိ တည်ကြည်ဖို့ လိုတယ်။ စိတ်ဓာတ်အေးမြပြီး ပွင့်လင်းဖို့ လိုတယ်။

သူတော်ကောင်းတိုင်းပြည်

အရှင်တို့ရဲ့ နေ့စဉ်ပွားများတဲ့ မေတ္တာတရားဟာ လူသားတွေရဲ့ နှလုံးသားထဲက အလိုလို ဖြစ်လာတဲ့တရားပါ။ နက်ရှိုင်းမှု အပြည့်အဝထားတဲ့ မေတ္တာတရားနဲ့ အရှင်တို့ တိုင်းပြည်ကို တည်ဆောက်ကြရမှာပါ။ နက်ရှိုင်းတဲ့ မေတ္တာတရားနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်မှာ မိတ်ဆွေ၊ ရန်သူ မရှိပါ။ နောက်ဆုံး ဒီတိုင်းပြည်ကို ချမ်းသာသုခ ဖြစ်စေနိုင်မယ့် စိတ်ဓာတ်တွေ မွေးထုတ်ပြီး သူတော်ကောင်းတိုင်းပြည် ဖြစ်အောင် တည်ထောင်ကြရမှာ ဖြစ်ပါတယ်။ သူတော်ကောင်းတိုင်းပြည်ဖြစ်မှ အေးချမ်းသာယာမှာ ဖြစ်ပါတယ်။

တရားမျှတမှု ရှိရမယ်

အရှင်တို့ဟာ နယ်ချဲ့တွေရဲ့ အနှောင်အဖွဲ့ လက်အောက်မှ လွတ်မြောက်ခဲ့ပြီးတဲ့သူ တွေပါ။ နယ်ချဲ့တွေပညာရပ်ကြောင့် နိုင်ငံရေးသမိုင်း၊ လူမှုရေးသမိုင်း စာမျက်နှာပေါင်းများစွာ မှတ်တမ်းအမျိုးမျိုး ထွက်ရှိခဲ့ပေမယ့် မဟာလူသားဆန်တဲ့ မှတ်တမ်းမျိုး မရခဲ့ပါ။ အချင်းချင်း အပြန်အလှန် ပဋိပက္ခ (နှစ်စု၊ နှစ်ဖွဲ့)ကွဲဖို့ကိုသာ ရခဲ့ကြပါတယ်။ အဲဒီအတွက်နဲ့ နောင်တနဲ့သင်ခန်းစာ မရခဲ့ကြသေးပါ။ အချင်းချင်း ပဋိပက္ခဖြစ်အောင် စီမံလုပ်ကိုင်ထားပေးတဲ့ သူတို့ရဲ့စီမံတတ်တဲ့ပညာကို ခုချိန်ခါကြီးမှာ အချင်းချင်း နားလည်ပေးကြဖို့ သင့်ပါပြီ။

တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိနေဖို့ စကားတစ်ခွန်း ပြောချင်ပါ တယ်။ လူတိုင်း လူတိုင်းဟာ တရားမျှတမှု ရှိရမယ်။ တရားမျှတမှုအကြောင်းကို ကွင်းဆင်း ပြီး လူမှုဆက်သွယ်တဲ့ နည်းလမ်း(မီဒီယာဝါဒ)နဲ့ လုပ်စရာမလိုတဲ့ ခေတ်ကြီးမှာ ကိုယ်၊ စိတ် ပင်ပန်းအောင် အော်ကြီးဟစ်ကျယ်နဲ့ လိုက်လံပြောဟောစရာမလိုပါ။ လူမှုဆက်သွယ်တဲ့ နည်းပညာ(မီဒီယာ)နဲ့ တစ်ခဏအတွင်းမှာ လုပ်ဖို့ ရှိတာတွေကို လူထုကို အလွယ်တကူနဲ့ အသိပေးနိုင်ပါတယ်။ အဲဒီလို ပေးသိတဲ့အသိမျိုးထဲက မိမိ ပေးသိလိုတဲ့အကြောင်းအရာဟာ ဘယ်လိုမျိုး အကြောင်းအရာတွေပါလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။ တရားမျှတမှုအကြောင်း ပြောကြားလိုတယ်ဆိုရင် ပုံကားကြီးချဲ့ပြီး ပြောကြားဖို့ မလိုပါဘူး။ လူတွေဟာ တရားမျှတမှု ရှိရမယ်ဆိုတာ နဂိုက နားလည်ထားကြတဲ့သူတွေပါ။ 

ပေါင်းသင်းနေထိုင်ရေးနည်းလမ်း

လူတွေဟာ တရားမျှတမှုသာ ရှိနေပါ။ တရားမျှတမှုသာ ရှိနေမယ်ဆိုရင် စည်းလုံး ညီညွတ်မှုရှိနေဖို့ ပြောဟောစရာမလိုပါ။ လူတွေကို စိတ်ချအာမခံမှုရှိတဲ့ တရားမျှတမှုရှိမယ် ဆိုရင် အရှင်တို့ရဲ့ မြန်မာပြည်ဟာ ခွဲထွက်တဲ့အက်ကြောင်းတွေ ပေါ်လာနိုင်စရာမရှိပါ။ အားလုံး ကျေကျေနပ်နပ်နဲ့ တိုင်းပြည်ကြီးကို ချစ်ကြမယ့်စိတ်ဓာတ် ရှိနေမှာပါပဲ။ အရှင်တို့ဟာ မကောင်းမှုလုပ်ခဲ့တာတွေကို မေ့ပစ်လိုက်ဖို့၊ ဒါမှမဟုတ် နောက်ဆက်မလုပ်ဖို့ မိမိစိတ်ကို သွန်သင်ရမှာ ဖြစ်ပါတယ်။

အရှင်တို့ရဲ့တိုင်းပြည်ဟာ လူထုအားနဲ့ တည်ထောင်ထားတဲ့ ပြည်ထောင်စုတိုင်းပြည် ပါ။ တစ်ပြည်ထောင်တိုင်းပြည် မဟုတ်ပါ။ စစ်မှန်တဲ့ စည်းကမ်းပြည့်ဝတဲ့ တိုင်းပြည်ကြီး ရောက်အောင် အားသွန်ကြိုးပမ်းကြတဲ့အချိန်မှာ အားနည်းစေမယ့်လုပ်ရပ်တွေ မဖန်တီးသင့်ပါ။ အရှင်တို့ရဲ့ တိုင်းပြည်ဆက်ဆံရေးဟာ နိုင်ငံခြားအင်အားတွေကို အလွန်အမင်း အားထားတဲ့ တိုင်းပြည်မဟုတ်ပါ။ နိုင်ငံကောင်းအောင် ပေါင်းသင်း ဆက်ဆံရမယ့် နည်းလမ်းရှိလို့သာ နိုင်ငံရပ်ခြားတိုင်းပြည်တွေနဲ့ ဆက်ဆံနေတာပါ။ နိုင်ငံကို ကောင်းကျိုးမဖြစ်စေတဲ့သူတွေ တိုင်းပြည်တွေ အရှင်တို့ကို လိုလိုလားလားနဲ့ လက်ခံအားပေးတာ မဟုတ်တာကြောင့် အဆိုးတရားအမျိုးမျိုး ပေါ်လာနိုင်တဲ့အလုပ်မျိုး တိုင်းပြည်မှာ မပေါက်ပွားလာအောင် ပေါင်းသင်းနေထိုင်ရေးနည်းလမ်းကို အရှင်တို့မှာ နားလည်ထားရမယ်။ အရှင်တို့တိုင်းပြည်ဟာ လူများစု၊ လူနည်းစု ခွဲခြားဆက်ဆံတာမျိုး မရှိခဲ့သလို တရားမျှတမှုကို လေးစားတန်ဖိုးထား တဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ဒီတန်ဖိုးကို အရေးတကြီး တည်ဆောက်စရာလည်း မလိုသလို ပုံမှန်အားဖြင့် တည်ဆောက်နိုင်တဲ့ အလုပ်မျိုးသာ ဖြစ်တယ်။ ဒါကြောင့် ဘယ်အရာမဆို နည်းလမ်းမကျတဲ့ လူများစု၊ လူနည်းစုစကားတွေ မြန်မာ့တိုင်းရင်းသားလောကမှာ ပုံကြီးချဲ့ပြီး ဆိုမှတ်ပြုစရာ မလိုကြောင်း ဖြစ်ပါတယ်။ 

စိတ်

အရှင်တို့ရဲ့စိတ်ဟာ ရိုင်းစိုင်းအောင်၊ ကောင်းအောင် အမျိုးမျိုး လုပ်နိုင်ပါတယ်။ ချမ်းသာသူတွေကို ဆင်းရဲအောင်၊ ဆင်းရဲသူတွေကို ချမ်းသာအောင် ဖန်တီးနိုင်ပါတယ်။ ထိန်းချုပ်မှုမရှိတဲ့စိတ်ဟာ ဆိုးရွားတဲ့အကျင့်ပိုင်ရှင်အဖြစ်ကို ပို့ပေးနိုင်ပါတယ်။ ရွံရှာခြင်း ဘောင်ထဲကိုလည်း ရောက်သွားနိုင်ပါတယ်။ စိတ်ဆိုတာ ခံစားမှုနဲ့ အတွေးတွေအပေါ်ကို လိုက်ပြီး ပြောင်းလဲတတ်တဲ့သဘောရှိကြောင်းကို သိထားရမယ်။ ဒါကြောင့် စိတ်ကို ချစ်ခင် စိတ်ပွားများလာအောင် ကျင့်ကြံယူရမှာ ဖြစ်ပါတယ်။ မိမိစိတ် မိမိ ဖြေရှင်းနိုင်ကြပြီဆိုရင် မိမိကိုယ်ပိုင်နိုင်ငံရေးပဋိပက္ခများကိုလည်း ဖြေရှင်းရန် ခက်ခဲလိမ့်မယ် မထင်ပါ။ 

အရှင်တို့ဟာ စိတ်ဓာတ်ထကြွလှုပ်ရှားတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားကြပါသလား။ အရှင်တို့ရဲ့ အသိစိတ်ဟာ အကျယ်အဝန်း၊ အတိုင်းအတာ ရှိပါသလား။ သုံးသပ်ပြီးပြန်လေ့လာသင့်တယ်။ အရှင်တို့စိတ်ကြောင့် အကြိမ်ပေါင်း မြောက်များစွာ သွေးမြေစွန်းခဲ့ပြီး ဖြစ်ပါတယ်။ အရှင်တို့ဟာ သနားကြင်နာမှု၊ ကိုယ်ချင်းစာမှုတရားတွေ ထားကြပါသလား။ မျှော်မှန်းတဲ့ အေးချမ်းသာယာတဲ့ မြန်မာ့လောကမျိုး တည်ဆောက်ရန် ရှိပါသလား။ အမှန်တရားရဲ့ လွတ်လပ်တဲ့သဘောထားတွေကို ကိုယ်စီ နှလုံးသွင်း ပွားများခဲ့ကြပြီလား။ ခြားနားတဲ့ သူနဲ့ငါ အမြင်တွေ လျော့ပါးသွားကြပြီလား။ ပုဂ္ဂိုလ်ရေးကိစ္စ၊ လူမှုရေးကိစ္စတွေမှာ မေတ္တာစိတ်နဲ့ လမ်းပြဆွဲဆောင်နိုင်ပြီလား။ တိုင်းပြည်အတွက် ကိုယ်စီတာဝန်ရှိကြတာကို နိုင်ငံရေးနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် နားလည်ကြပြီလား။ အသစ်အဆန်း မဟုတ်တဲ့ ငါတို့ရဲ့ ခံယူချက်စိတ်ဓာတ်တွေ အမြဲတမ်း ရှင်သန်နေပြီလားဆိုတဲ့ မေးခွန်းတွေဟာ အရှင်တို့ အတိအကျ အဖြေပေးရမှာ ဖြစ်ပါတယ်။

အရှင်တို့ရဲ့ အသိစိတ်ဓာတ်ဟာ စွန့်ပစ်ဖို့၊ တီထွင်ဖို့ မဟုတ်ပါ။ တစ်နေ့တခြား ကောင်းမွန်အောင် ပြုပြင်ကြရမှာပါ။ အရှင်တို့ဟာ လူလူချင်း ဆက်စပ်မှုရှိတဲ့ အခြေခံ စိတ်ဓာတ်ကောင်း ရှိဖို့လိုတယ်။ လူလူချင်း ဆက်စပ်မှုမရှိတဲ့ စိတ်ဓာတ်ဟာ အမြဲတမ်း ညစ်ညမ်းနေမှာပါပဲ။ လူသားအကျိုးကောင်းတရားကို ဖျက်ဆီးတဲ့စိတ်ထားဟာ ဝေဒနာ အမျိုးမျိုး ကူးစက်သွားမှာပါပဲ။ အရှင်တို့ဟာ တရားမျှတပြီး ခွဲခြားမှုမပါ (မရှိ)တဲ့ အကျင့် တရားနဲ့ စုပေါင်းလုပ်ဆောင်၊ စုပေါင်းနေထိုင်ကြဖို့ အရေးကြီးတယ်။

– သင်ဟာ မိမိ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအားလုံးကို မိတ်ဆွေပြုနိုင်ခဲ့ပြီလား။

– သင့်ပတ်ဝန်းကျင်၊ အိမ်နီးချင်းတွေက သင့်ကို ချစ်လို့ လေးစားတာလား။ ဒါမှမဟုတ် ကြောက်လို့လား။ (မြှောက်ပေးနေတာလား)။ 

လူမှုကျင့်ဝတ်စည်းကမ်းတရားနဲ့အညီ နေ မနေ၊ ကျင့် မကျင့်၊ လိုက်နာမှု ရှိ မရှိ၊ စိတ်ဆန္ဒကောင်းနဲ့ အလုပ်လုပ် မလုပ် အမြဲတမ်း စောင့်ကြည့်လေ့လာရမယ်။ လူမဆန်တဲ့ အစွန်းရောက်တဲ့ အမူအကျင့်တစ်ခုခု ပါလာခဲ့ပြီဆိုရင် ကျင့်သုံးဖို့ အခွင့်အာဏာမရအောင် စုပေါင်းပြီး ပညာပေးရမယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၉၀-၉၅၊ အဝိဟိံသာနိုင်ငံရေး (၃)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading