Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ

တောမှီရဟန်းရေးသားပြုစုသော ပိဋကတ်တော်နှင့် သုတေသနစာတမ်း

ဝေသာလီမှကုသိနာရုံခရီး

ရှရီကာလိုင်းသည် ပရိနိဗ္ဗာဆင်းတုတော်မှ ပြုတ်ထွက်၍ ပြန့်ကျဲနေသော အပိုင်းအစများကို စုဆောင်းပြီး ဆင်းတုတော်ကြီး၌ နေရာမှန်အတိုင်း ပြန်ရောက်အောင်လုံ့လပြုသည်။ နေသားတကျဖြစ်သောအခါ မျက်နှာတော်၊ လက်တော်၊ ခြေတော်တို့ကို အရောင်တင်သည်။ ဆံတော်ကိုအနက်ရောင်ဆိုးသည်။ သူသည်ကျောင်းတော်မှ ကိုယ်တော်ကြီးကိုမူလအတိုင်း ပြန်ဖြစ်အောင် ပြုပြင်လိုက်လေသည်။ ပြီးလျှင်သူသည် လျောင်းတော်မူကျောင်းတော်၏ အတွင်းပိုင်းတံခါးအနီးတွင် လုပ်ငန်းစပြန်သည်။ တံခါး၏ဘေး (၂) ဘက် (၂) နေရာစလုံး၌ တွင်းငယ် (အပေါက်ငယ်) များတွေ့ရသည်။ မင်းတုံးပေါက်များဟု ထင်ရသည်။ မီးလောင်ထားသော တံခါးမကြီး၊ မီးသွေးများ၊ မီးလောင်ထားသည့် အရိုးများနှင့် မီးလောင်ထားသော အခြားအရာဝတ္ထုအမျိုးမျိုးကို တွေ့ရသည်။ ကျောင်းတော်ကြီးသည် မီးလောင်ခြင်းခံခဲ့ရသည်မှာ သေချာလှ၏။

ရှရီကာလိုင်းသည် သူ၏လုံ့လဖြင့် ကျောင်းတော်၏အမိုးကိုပြန်လည်မွမ်းမံပြင်ဆင်သည်။ ဆင်းတုတော်ကို လေးဘက်လေးတန်မှ သံတိုင်စိုက်၍ ကာကွယ်ထားလိုက်သည်။ တံခါးပေါက်များကိုလည်း သံစကာဖြင့် တပ်ဆင်သည်။ ကျောင်းတော်၏တောင်ဘက်နှင့်မြောက်ဘက်တွင် လက်ရန်း (၂) ခုတပ်ဆင်သည်။

မြောက်ဘက်စင်္ကြံကိုပြန်ပြင်သည်။ ပို၍ခိုင်ခံအောင် သစ်သားလက်ရန်းတပ်ဆင်သည်။ ကျောင်းတော်၏အနောက်ဘက်တွင် အောက်သို့ဆင်းသွားရန်အတွက် ရှေးခေတ်လှေခါးတစ်ခုကိုလည်း ပြင်ဆင်လိုက်သည်။

ကျောင်းတော်၏ နံရံတွင် ကျောက်နက်ဖြင့်ထုလုပ်ထားသော ထိုင်နေပုံ မာယာဒေဝီရုပ်တုတစ်ခုတွေ့ရသည်။ ကျိုးပဲ့နေသော ဗိသျှနိုးရုပ်ထုကိုလည်း တွေ့ရသည်။ ၎င်းမှာ တောင်ဘက်နံရံပေါ်တွင်ရှိသည်။ ရှရီကာလိုင်းသည် ဤရုပ်ထုအားလုံးကို ပရိနိဗ္ဗာနကျောင်းတော်နံရံမှာပင် ပြန်ထားလိုက်သည်။ ၎င်းတို့ကိုယနေ့တိုင် တွေ့မြင်နိုင်သည်။

ထိုနှစ်မှာပင် ပရိနိဗ္ဗာနကျောင်းတော်ရှေ့ရှိ ရေတွင်းကိုတွေ့ကြသည်။ တူးဖော်ကြည့်ရာ (၁၂)ပေရှိသည်။ ရေထွက်နေသော ထိုရေတွင်းကိုလည်း ကောင်းမွန်စွာပြင်ဆင်လိုက်သည်။

ရှရီကာလိုင်းက တရုတ်ဘုန်းတော်ကြီး ဟူအင်ဆင်တွေ့သော ရေတွင်းသည် ဤရေတွင်းပင်ဖြစ်သည်ဟု ယူဆသည်။ ထိုရေတွင်းကို တရုတ်ဘုန်းတော်ကြီးသည် အလွန်အမွှမ်းတင်ခဲ့လေသည်။ ရေတွင်းသည် အောက်ပိုင်း၌ လေးထောင့်သဏ္ဍာန်ရှိပြီး အပေါ်ပိုင်းတွင် အဝိုင်းသဏ္ဍာန်ရှိသည်ကို တွေ့ရသည်။

မြန်မာတို့သိသော ကုသိနာရုံ

မဇ္ဈိမဒေသသို့ ဘုရားဖူးသွားကြသူအပေါင်းသည် အသောကခေတ် တရုတ်ဘုရားဖူးများခေတ်မှ ယနေ့ခေတ်တိုင် ကုသိနာရုံသို့သွားရောက်ဖူးမြော်ကြသည်ချည်းသာဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ကုသိနာရုံသည် စတုသံဝေဇနိယဌာနတွင် အဝင်အပါဖြစ်သောကြောင့်တည်း။

မြတ်စွာဘုရားသည် နောင်အခါ သဒ္ဓါတရားနှင့်ပြည့်စုံသော အမျိုးသားကောင်းသားတို့ ဖူးမြော်ထိုက်၍ လှည့်လည်ဖူးမြော်ရင်း သံဝေဂယူခြင်းဖြင့် ရအပ်သောသဒ္ဓါတရားဖြင့် သေလွန်လျှင် ကောင်းရာသုဂတိသို့ ရောက်နိုင်သော သံဝေဂယူစရာ စတုသံဝေဇနိယ လေးဌာနကို ပရိနိဗ္ဗာန်စံတော်မူခါနီး၌ ရှင်အာနန္ဒာကို ဟောကြားတော်မူခဲ့ပါသည်။ ထိုလေးဌာနကား …

(၁) လုမ္ဗိနီဌာနကားမြတ်စွာဘုရား ဖွားတော်မူရာဌာနဖြစ်ချေ၏။
(၂) မဟာဗောဓိပင်ပေါက်ရာ ဗောဓိမဏ္ဍိုင်ကား မြတ်စွာဘုရားသခင် သဗ္ဗညုတဉာဏ်တော်ကို ရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ချေ၏။
(၃) ဣသိပတနမိဂဒါဝုန်တော်ကား မြတ်စွာ့ဘုရားသခင် ဓမ္မစကြာတရားဟောတော်မူရာဌာန ဖြစ်ချေ၏။
(၄) ကုသိနာရုံကား မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူရာဌာနဖြစ်ချေ၏ ဟု သံဝေဂပွားစရာလေးဌာနပင်တည်း။

အရှည်ပေ ၆၀၀ ၊ အကျယ်ပေ ၁၀၀ မှ ၃၀၀ အထိရှိသော မာထာကိုဝရကုန်း၏ အမြင့်ဆုံးနေရာတွင် ပေ ၃၀၀ခန့်ရှိသည်။ ကျွန်ုပ်တို့၏မှန်းဆချက်အရဆိုလျှင် ၎င်း၏အောက်ပိုင်းတွင် ခရစ် ၁၀၀ မှ ၆၀၀ အကြားကာလတွင် တည်ဆောက်ထားခြင်းဖြစ်ပေလိမ့်မည်။

မာထာကိုဝရသည် ရာမဘာရမှ အနောက်မြောက်ဘက်ကိုက် ၁၆၀၀ခန့်တွင် တည်ရှိခဲ့ပေသည်။ သို့သော် သုတေသီပညာရှင် ဘူခါနန် (Buchanan)ကမူ ကိုက် ၄၀၀ ရှိသည်ဟု ဖော်ပြထားသည်။

ကျောက်မည်းညိုဖြင့် ထုထားသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ညောင်ပင်ကြီးအောက်တွင် တည်ရှိသည်။ ၎င်းကျောက်ဆင်းတုသည် ခရစ် (၁၁) ရာစု၊ သို့မဟုတ် (၁၂) ရာစုလောက်တွင် ထုလုပ်ခြင်းဖြစ်ပေလိမ့်မည်။ စင်စစ် ၎င်းကျောက်ဆင်းတုမှာ အလွန်ရှေးကျသည်မဟုတ်ပေ။

၎င်းမှ ကိုက် ၁၀၀၀ဝေးသော နေရာတွင် အုတ်ချပ်များဖြင့် တည်ဆောက်ထားသော စေတီကြီးတစ်ဆူရှိသည်။ မာထာကုံဝရနှင့် ရာမဘာရအကြားတွင် ကြီးမားသော ကုန်းတန်းကြီးတစ်ခုရှိသည်။ ၎င်းမှာ လေးထောင့်သဏ္ဍာန်ရှိပြီး (အနုရုဒ္ဓါ)ကုန်းတန်းဟုခေါ်ကြသည်။

တရုတ်ဘုန်းတော်ကြီး ဟူအင်ဆင်သည် ကုသိနာရုံမှ လီပေါင်း(၇၀၀)ခန့်သွားသောအခါ ဗာရာဏသီသို့ရောက်သည်ဟု ဆိုထားသည်။ စင်စစ်ကုသိနာရုံနှင့် ဗာရာဏသီမှာ တောင်ဘက်မိုင်ပေါင် (၁၁၂) မိုင်ရှိပေသည်။ ၎င်းကမှန်းဆသည်မှာ မျက်မှောက် မာထာကုံဝရသည်ပင် ဘုရားရှင်၏ ပရိနိဗ္ဗာနဌာနဖြစ်ပြီး အနုရုဒ္ဓါရွာသည်ပင် ကုသိနာရုံမြို့တော်ဖြစ်သည်ဟုဆိုသည်။

ကုသိနာရုံကို တူးဖော်ရာတွင် တွေ့ရှိရသော အချက်အလက်များကို ထောက်ရှု၍ ဂျင်နရယ်ကန်နင်ယန်ညွှန်ပြထားသော ဌာနအားလုံးသည် အမှန်ချည်းပင်ဖြစ်နေပေသည်။ မျက်မှောက်ခေတ်တွေ့ရသော မဟာပရိနိဗ္ဗာနကျောင်းတော်၌ပင်လျှင် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခဲ့ပေသည်။ မာထာကုံဝရသည် ရှေးခေတ် ဥပဝတ္ထနအင်ကြင်းတောဖြစ်ပြီး အနုရုဒ္ဓါရွာ သည် ရှေးခေတ်ကုသိနာရုံနေပြည်တော်ဖြစ်ပေသည်။

ကုသိနာရုံသည် အိန္ဒိယပြည် ဥတ္တရာပဒေသနယ် ဒေဝရိယခရိုင်၌ ပါဝင်သည်။ ဂေါရက္ခပူရ်ဟု အရှေ့ဘက်(၃၂)မိုင်ကွာတွင် ရှိသည်။ ယခုအခါ ကာမိယဟုခေါ်သည်။ ရှေးအမည်အတိုင်း ကုသိနာရလည်းခေါ်သည်။ ကုသိနာရုံလည်းခေါ်သည်။ ထိုကုသိနာရာ (ကုသိနာရုံ)၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူဟန် လျောင်းတော်မူရုပ်ပွားတော်တစ်ဆူရှိသည်။ ထိုရုပ်ပွားတော်ကြီးမှာ အလျားပေ(၂၀)ရှိသည်။ ရုပ်ပွားတော်ကြီးမှာ မြောက်အရပ်သို့ ဦးခေါင်းပြုလျက် လက်ယာလက်တော်ကို ခေါင်းအုံး၍ လက်ဝဲလက်တော်က ရင်ဘတ်ပေါ်တင်လျက်ရှိသည်။ ထို့ကြောင့် ဖူးမြော်ရသူတို့မှာ သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရားသည်မိမိတို့မျက်စိအောက်၌ပင် ပရိနိဗ္ဗာန်စံဝင်တော်မူသကဲ့သို့ထင်ရသဖြင့် ရင်ဝ၌ပူလောင်ကာ မျက်ရည်ဖြိုင်ဖြိုင်ကျရသည်သာဖြစ်ပါသည်။

ပရိနိဗ္ဗာနစေတီကို တူးဖော်ခြင်း

ခရစ် ၁၉၀၇ ခုနှစ်တွင် ဒေါက်တာဂိုဂယ်(လ)က ပရိနိဗ္ဗာနစေတီတွင် ရှေးဟောင်းပစ္စည်းများ ရှာဖွေရန်အတွက် တူးဖော်ရန်သင့်ပြီးဖြစ်ကြောင်း တင်ပြခဲ့၏။

တင်ပြသည့်အတိုင်း ဒေသန္တရ အုပ်ချုပ်ရေးအစိုးရထံမှ အမိန့်ရခဲ့ပါသော်လည်း လောလောဆယ်တူးဖော်ရန်အခြေအနေမပေးသောကြောင့် ဆိုင်းငံ့နေရ၏။

ဤအတော်အတွင်း ကလကတ္တားမြို့ရှိ မြန်မာဗုဒ္ဓဘာသာများသည် ငွေတစ်သောင်း စုဆောင်းရရှိရာ ထိုငွေဖြင့် မြန်မာတို့က ပရိနိဗ္ဗာနစေတီပြန်လည်မွမ်းမံပြုပြင်ရန် သက်ဆိုင်ရာအစိုးရထံ အခွင့်တောင်းခံခဲ့ကြသည်။

အစိုးရသည် ပြင်ဆင်ခွင့်အမိန့်ထုတ်မပေးမီ ရှေးဦးစွာ စေတီတော်၏အတွင်းပိုင်းကို ရှေးဟောင်းသုတေသနဌာနက စစ်ဆေးကြည့်ရှုရန်လိုနေပြီးဖြစ်၍ ခရစ် ၁၉၁၀ ဇန်နဝါရီလတွင် ဒေါက်တာဟိရာနန္ဒကို ဦးဆောင်စေပြီး ပရိနိဗ္ဗာနကျောင်းတော် မြေပုံအမှတ်(ဘီ)အနောက်ဘက်ရှိ မြေကုန်းသင်္ကေတ(အေ)ဖြစ်သော ပရိနိဗ္ဗာနစေတီတော်ကို ထိုအချိန်ကစ၍ တူးဖော်လေသည်။

စတင်တူးဖော်သောအခါ ရှေးဦးစွာ မြေအောက်ခန်းကို အပေါ်မှနေပြီး ဖယ်ရှားပစ်လိုက်ရသည်။ ထိုသို့ဖယ်ရှားပစ်လိုက်သောအခါ စေတီတော်၏အတွင်းပိုင်းတွင် ရုပ်ကြွအုတ်ခွက်များအများအပြားရရှိ၏။ အုတ်ခွက်များနှင့်အတူ ဇယဂုတ္တမင်း၏ ဒင်္ဂါးများလည်းရခဲ့၏။ အောက်ခန်း၏ဝဲဘက်တွင် မြင်းရုပ်(၆)ခုကိုတွေ့ရသည်။ ယာဘက်အပေါ်ပိုင်းတွင် ဖယဂုတ္တဿ ကမ္ဗည်းရေးထိုးထားသည်။ 

စေတီတော်၏အထက်ပစ္စယံ မျက်နှာပြင်အမြင့်မှာ ပေ (၂၀) မြင့်သည်။ ဒေါက်တာဟိရာနန္ဒသည် (၁၀)ပေကျယ်သော အမာခံတိုင် (Shaft)ကို စေတီတော်၏အတွင်းပိုင်း၌ တပ်ဆင်ထားလိုက်သည်။

ပြီးနောက်ထိပ်ပိုင်းမှ တူးဆင်းရာ (၅) ပေအနက်တွင် အုတ်ဖြင့်ပြုလုပ်ထားသော စက်ဝိုင်းပုံ အမှတ်အသား(၂)ခုကို အလယ်မဏ္ဍိုင်ပိုင်း၌ တွေ့ရသည်။ ထို (၂) ခုကို ဘေးတွင်ယှဉ်ထားလိုက်ပြီး ဆက်၍တူးရာ သဲများကိုသာတူးဆျွေနရသည်။ (၁၄)ပေအနက်သို့ရောက်သောအခါ အောက်၌အပေါက်တစ်ပေါက်ကို တွေ့ရသည်။ အပေါက်၏ဝန်းကျင်မှ အုတ်များကို ဖယ်ရှားလိုက်သောအခါ အောက်၌ အဝိုင်းသဏ္ဍာန်အခန်းငယ်တစ်ခုတွေ့ရသည်။ အဝကိုပိတ်ထားသော ကြေးပြားကိုဖွင့်လိုက်သောအခါ ကြေးအိုးတစ်အိုးကို တွေ့ရသည်။

ထိုကြေးအိုးနှင့်အတူ မီးလောင်ထားသော သစ်သားအတိုအစများ၊ မီးသွေးများ၊ တန်ဖိုးထိုက်လျသော ကျောက်သံပတ္တမြား၊ ပုလဲလုံးများလည်းရရှိသည်။ ကုမာရဂုတ္တ၏ ငွေဒင်္ဂါး(၆)ပြားလည်းရရှိသည်။

တူးဖော်ရရှိသော ကြေးအိုးသည် (၁၆ ဒသမ ၂ လက်မ) ရှည်ပြီး (၆ ဒသမ ၂ လက်မ) ကျယ်သည်။ (၁/၈ လက်မ) ထူသည်။ အလေးချိန် (၂ပေါင် ၁/၄ အောင်စ) လေးသည်။

ကြေးညှိအလွန်တက်နေသောကြောင့် ရေးထိုးထားသည့် အက္ခရာများမှာ ပျက်စီးလျက်ရှိနေပေပြီ။ ၎င်း၏အောက်ပိုင်းတွင် စာတန်း(၁၃)တန်းမျှ ရေးထိုးထားသည်။ ထိုအက္ခရာများမှာ ဂုတ္တအက္ခရာများဖြစ်သည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည် –

(၁) ဧဝမ်မယာဂြုတမ် = ဧကသ္မိံ သမယေနဘဂဝါန် ကြသသျှာမ် ဝိဟရတိသ္မ ဇေတဝနေ အနာထပိဏ္ဍ ဒသျာရာမေ

(၂) တတြ(ခလုဘ)ဂဝါန် = ဘိက္ခူနာ (—)မ (ရ်မာဏာမ်ဝေါဘက္ခိဝေ—ဒေဝ) ယိဗျာမိ၊ အပစယမ်စ တစ္စဂြီ (ဏုဘ—သာဓုစ)

(၃) သုမဌုစ မနသိကရုတဘာမိဗျေ (ဓရ်မာ) နော (မာစယး ကဟမောယဒုဟသ္မိံသတိဒါမ်ဘဝ) တိ၊ အသျောတ္ပါဒါဒိ (အဒုတ္ပာဒါတေယဒုတာ)

(၄) အဝိဒျာသြတျယား သံသ္ကာရား သံသ္ကရပြတျယမ်ဝိညာနာမ် (ဝိညာနပြတျယမ်နာမရုပမ်နာမရူပပြတျ) ယ (၁ယမ်) မဍာယတနမ်မဍာ (ယတနပြတျယးသ္ပရ်မး)

(၅) သ္ပရ်ဂပြတျယယာ ဝေဒနာ၊ ဝေဒနာ ပြတျယာတရိမ္ဏာ တရိမ္ဏာ(ပြတျယမ် ဥပါဒါနမ် ဥပါဒါန ပြတျယောဘုဝေါဘုတပြတျယာဇာတိ (ဇာတိပြတျယာဇရာ)

(၆) မရဏဂေါယပရိဒေ၀ ဒုးခဒေါရ်မနသျောပါ (ယာသာဘဝန္တိဧဝမ်အသျကေဝလ)သျမယာ (ကောဒူး) ခသ္ကန္ဓသျသမုဒ (ယောဘဝတိ—အယ)

(၇) (မု)ဈတေဓရ်မာဏာမ် အာစယးဓရ်မာဏာမ်အပစယးကတမ်(—)တဒနဘဝတျသျှနိရောဂါဒိ(—)နိရုဓျတေ (အဝိဒျာနိရောဓါဒ သံသ္ကာရ)

(၈) နိ (ရော) ဓးသံသ္ကာရနိရောဓါဒ ဝိညာန နိရောဓါ် ဝိညာနနိရောဓါနနော (မရုပနိ (ရောဓားနာမရူပနိရောဓါတ် ပဋာယတန နိရောဓါးဗ) ဍယတနနိရောဓါတ်သ္ပရ်ဂနိရောဓါး)

(၉) သ္ပရ်ဂနိရောဓါဒ ဝေဒနာ နိရောဓေါဝေဒနာနိ (ရောဓါယ်ဘရိမ္ဏာ) နိ (ရောဓားတရိမ္ဏာ) နိရောဓား ဥပဒါ(န)နိရောဓါးဥပဒါနနိရောဓါဒ ဘဝနိရောဓါး (ဘုဝနိရောဓါဇာတိနိရောဓေါ)

(၁၀) ဇာ(တိ)နိရောဓါဇရာ မရဏသောက(ပရိဒေဝ)ဒုံးခ(ဒေါရ်မနသျော)ပါရာသာနိရုဇ္ဈန္တေ ဧဝမ်အသျကေဝလသျမဟ(တော)ဒုးခ(သ္ကန္ဓသျ နိရောဓေါ)

(၁၁) ဘဝတိ အယမုဈတေဓရ်မ္မာ(ဏါမ်အပစ)ယးဓရ်မ္မာ ကါမ်ဝေါဘိက္ခဝး အာ(စယ)မ် ဂယိဂျာမိ အပဝယမ်စဣတိမယ (ဒုတ္တမဣဒမေ)။

(၁၂) (တ)တ်ပြတျူတ္တမိ (ဒမအ)ဝေါစဒဘဂဝါနာ(ဣမ)နာသတ္ထေဘိက္ခဝေါ (ဘာမိတမ်အ)ကျနန္ဒ(န်-ဒေ)ယဓရ်မောယံမာနေ (ကဝိဟာရ)သွာမိနောဟရိဗလသျယ (ဒ-အ)

(၁၃) (ဝြာ) ပု (ဏမ်) ဘာ(ဘ)ဝဘုသရ်ဝသတွာနမ် အနုတ္တရညာဏါဝါပတျေ၊ သာကျ(ဘိ)က္ခုဓရ်မာ နန္ဒောသရ်ဝတြာနုမောဒတေ (မဟာပရိနိ)ရ်ဝါဏ်ဝေတျေဘမြပဍိဣတိ။

မြန်မာပြန်သော်

(၁) ကျွန်ုပ်သည် ဤသို့ကြားဖူးပါ၏။ အခါတပါး၌ ဘုရားရှင်သည် သာဝတ္တိပြည် အနာထပိဏ်သေဋ္ဌေးအရာမ်၌ဖြစ်သော ဇေတဝန်ကျောင်း၌နေတော်မူ၏။

(၂) ထိုအခါ ဘုရားရှင်သည် ရဟန်းတို့အား (ခေါ်တော်မူ၏)။ ရဟန်းတို့အရှင်ဘုရားဟု ဆုလျက် ရဟန်းတို့သည် ဘုရားရှင်အား ကြားလျောက်တော်မူကြကုန်၏။မြတ်စွာဘုရားသည် ဤသို့ဟောတော်မူ၏။ ရဟန်းတို့ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ငါဟောတော်မူမည်၊ ၎င်းတို့ကို ရိုသေစွာ (ကောင်းစွာ)နာကြားကြကုန်လော့။

(၃) ဟောတော်မူအပ်သော တရားတော်ကို ကောင်းစွာနှလုံးသွင်းလော့။ ရဟန်းတို့ ….ဘဝသည်အဘယ်သို့ဖြစ်သနည်း။ ၎င်းသည်ပဋိစ္စသမုပ္ပါဒ်စသည်တို့ဖြစ်ပေါ်ခြင်းပင်တည်း။

(၄) အဝိဇ္ဇာ၏အကြောင်းကြောင့် သင်္ခါရဖြစ်၏။ သင်္ခါရ၏အကြောင်းကြောင့် ဝိညာဉ်ဖြစ်၏။ ဝိညာဉ်၏အကြောင်းကြောင့် အာယတနခြောက်ပါးဖြစ်၏။ (ခြောက်ပါးသော အာယတနကြောင့် ဖဿ )

(၅) ဖဿ အကြောင်းကြောင့် ဝေဒနာ၊ ဝေဒနာအကြောင်းကြောင့် တဏှာ၊ တဏှာ၏အကြောင်းကြောင့် ဥပါဒါန်၊ ဥပါဒါန်၏အကြောင်းကြောင့် ဘဝ၊ ဘဝ အကြောင်းကြောင့် ဇာတိ၊ ဇာတိအကြောင်းကြောင့် ဇရာ။

(၆) သေခြင်း စိုးရိမ်ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမချမ်းမြေ့ခြင်း၊ ကြေကွဲဝမ်းနည်းခြင်းတို့ဖြစ်ကုန်၏။ (ဤနည်းတူခပ်သိမ်းသော) ဒုက္ခဆင်းရဲတို့ကောင်းစွာဖြစ်ပေါ်၍ (လာကြကုန်၏)

(၇) ဤတရားတော်ကို ဤသို့ဆိုအပ်၏။ (အဘယ်သို့)ဤတရားမဖြစ်ခြင်းကြောင့် ဤတရားမဖြစ်ပါသနည်း။ ဤတရားချုပ်ငြိမ်းခြင်းကြောင့် ဤတရားချုပ်ငြိမ်းရသနည်း။ အဝိဇ္ဇာချုပ်ငြိမ်းခြင်းကြောင့် သင်္ခါရ …

(၈)ချုပ်ငြိမ်း၏။ သင်္ခါရချုပ်ငြိမ်းခြင်းကြောင့် ဝိညာဉ်ချုပ်ငြိမ်း၏။ ဝိညာဉ်ချုပ်ငြိမ်းခြင်းကြောင့် (နာမ်ရုပ်)ချုပ်ငြိမ်း၏။ နာမ်ရုပ်ချုပ်ငြိမ်းခြင်းကြောင့် အာယတန ခြောက်ပါး ချုပ်ငြိမ်းခြင်းကြောင့် ဖဿ ချုပ်ငြိမ်း၏။

(၉) ဖဿ ချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏။ ဝေဒနာချုပ်ခြင်းကြောင့် တဏှာချုပ်၏။ တဏှာချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်၏။ ဥပါဒါန်ချုပ်ခြင်းကြောင့် ဘဝချုပ်၏။ ဘဝချုပ်ခြင်းကြောင့် ဇာတိချုပ်၏။

(၁၀) ဇာတိချုပ်ခြင်းကြောင့် ဇရာမရဏ သောက(ပရိဒေဝ)ဒုက္ခ(ဒေါမနဿ )နှင့် ပြင်းစွာစိုးရိမ်ငိုကြွေးရခြင်းတို့ ချုပ်ငြိမ်းကုန်သည်။ 

(၁၁) ဖြစ်၏ ဤတရားတော်ကို ငါဟောအပ်၏။ အို…ရဟန်းတို့ငါတရားတော်ကိုဟောအံ့။ ငါဟောသော တရားတော်ကို ရိုသေစွာကြားနာသင့်၏။

(၁၂) ဘုရားရှင်သည် ဤတရားတော်ကို ဟောတော်မူပြီ။ ထိုရဟန်းတို့သည် ဝမ်းမြောက်ကြကုန်လျက် ဘုရားရှင်ဟောတော်မူအပ်သော တရားတော်မြတ်ကို နှစ်သက်ကြကုန်၏။ ဤအရာသည် ကျောင်းပေါင်းများစွာ၏ အရှင်ဟရိဗလ၏ဓမ္မဒါနပင်ဖြစ်သည်။

(၁၃) ဤကုသိုလ်ကောင်းမှုကြောင့် ခပ်သိမ်းသော သတ္တဝါတို့၏(ထက်)အတုမရှိမြင့်မြတ်သော ဉာဏ်တော်ကိုရပါလို၏။ အရာခပ်သိမ်းအကျိုးငှာ ဘိက္ခုဓမ္မနန္ဒသည် အနုမောဒနာပြုတော်မူလေ၏။ ဤကြေးအိုးကား မဟာပရိနိဗ္ဗာနစေတီ၌ရှိ၏။

ကြေးအိုးမှ (၁၂)ကြောင်းမြောက်စာကို ကြည့်ရခြင်းအားဖြင့် ကုမာဂုတ္တခေတ်တွင် သူကြွယ်ဟရိဗလသည် မြတ်စွာဘုရားအား ပရိနိဗ္ဗာန်စံရာနေရာ၌ပရိနိဗ္ဗာနစေတီကြီးကို တည်ထားပူဇော်ခဲ့သည်။ ထူးသည်မှာ ထိုစေတီကြီးအတွင်း၌ ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ကြေးအိုးတွင် ရေး၍ ဓမ္မစေတီအဖြစ် ပူဇော်ခဲ့ခြင်းပင်ဖြစ်သည်။ ဟရိဗလသည် ပရိနိဗ္ဗာနစေတီတော်ကြီးနှင့်ကပ်လျက်ရှိသော ပရိနိဗ္ဗာနလျောင်းတော်မူရုပ်ပွားတော်ကြီးနှင့် ပရိနိဗ္ဗာနကျောင်းတော်၏ဒါယကာလည်းဖြစ်သည်။

ကြေးအိုး၏ (၁၃) ကြောင်းမြောက် စာကြောင်း၌ပါရှိသော ဘိက္ခုဓမ္မနန္ဒာသည် ဟရိဗလ၏ဆရာအရှင်ဖြစ်၍ ငါးရာစုနှစ်ပထမပိုင်းတွင် ကုသိနာရုံပရိနိဗ္ဗာနကျောင်းတော်၏ သံဃနာယကဖြစ်သည်ကို တွေ့ရပေသည်။

ဤကြေးအိုးကို ကုမာရဂုတ္တ(ခရစ်ငါးရာစု)ခန့်က ပစ္စည်းဖြစ်သည်ဟု ပညာရှင်တို့က ဆုံးဖြတ်ကြသည်။ ထို့ကြောင့် အခြားသောရှေးဟောင်းပစ္စည်းများလည်းတွေ့နိုင်စရာအကြောင်း ရှိတန်ရာသည်ဟု ဆုံးဖြတ်ကာ ထိုနေရာအောက်ပိုင်းကို ဆက်လက်တူးဖော်ကြ၏။

ထိပ်ပိုင်းမှ (၃၄) ပေနက်သောနေရာ၏ မျက်နှာပြင်မှ (၉) ပေအရောက်တွင် ဆွေးမြည့်နေသော သစ်တိုသစ်စများမှတပါး ဘာမျှမတွေ့ရ။ ထိုတွင် ရေများစိမ့်ထွက်လာသဖြင့် နောက်ထပ်ဆက်မတူးတော့ဘဲ ရပ်လိုက်ရလေ၏။

ပွဲစားကြီး ဦးချီဇာရှိ

အိန္ဒိယအစိုးရရှေးဟောင်းသုတေသနဌာနမှ ရှရီကာလိုင်း ဦးစီးသောအဖွဲ့သည် ကုသိနာရုံ၌ ပရိနိဗ္ဗာနလျောင်းတော်မူ ရုပ်ပွားတော်ကြီးနှင့်ကျောင်းတော်ကိုပါတည်ဆောက်၍ ပြီးစီးလေပြီ။

အနီးတွင်ရှိနေသော ပျက်စီးယိုယွင်း၍ စေတီငုတ်တိုမျှ ဖြစ်နေသော ပရိနိဗ္ဗာနစေတီတော်ကိုမူ တူးဖော်ဆဲပင်ရှိနေသည်။ ထိုအချိန်တွင် အိန္ဒိယပြည်သားဘိက္ခုမဟာဝီရသည် ကုသိနာရုံသို့ရောက်လာပြီး တဲငယ်ကလေးဆောက်ကာ အနီးအနားရှိ ဆင်းရဲသားများကို အမှီပြု၍ နေ၏။

ခရစ် ၁၉၁၂ ခုနှစ်တွင် စစ်တကောင်းနယ်၊ ပန်းဝါ(ရာမူး)မြို့မှ ပွဲစားကြီးဦးချီဇာရှိ ကုသိနာရုံသို့ ဘုရားဖူးရောက်စဉ် ရပ်ဝေးဘုရားဖူးများ တည်းခိုနိုင်ရန် သာလာယံဇရပ်တစ်ဆောင် ဆောက်လုပ်မှ ဖြစ်တော့မည်ဟု စေတနာပေါ်လာသည်နှင့် စတုဒိသာလာလာသမျှသော ဘုရားဖူးများတည်းခိုရန် ဇရပ်တစ်ဆောင် ဆောက်လုပ်ပါဟု ဘိက္ခုမဟာဝီရအား ငွေတစ်သောင်းလှူဒါန်းခဲ့၏။ 

ယနေ့တွေ့မြင့်ရသော ပရိနိဗ္ဗာနလျောင်းတော်မူကျောင်းအရီး၌ လေးထောင့်အုတ်ဇရပ်ကြီးမှာ ဦးချီဇာရှိ၏ ကောင်းမှုနှင့် ဘိက္ခုမဟာဝီရ၏လုံ့လဝီရိယပင် ဖြစ်ပါသည်။

ထိုအကြောင်းကို အတွင်းပိုင်း တိုက်နံရံတွင် အောက်ပါအတိုင်း ကမ္ဗည်းတင်ထားသည်ကို ဖတ်ရပါသည်။

ကမ္ဗည်းစာ

အရဟံ သာလာယကုသလပုညမော်ကွန်း

လေးသင်္ချေနှင့်ကမ္ဘာတသိန်းအတွင်း ပြည့်အပ်ပြီးသော ပါရမီပုည၊ ဒဗ္ဗရတို့ကြောင့် သင်္ခါရသတ္တသြကာသဟုဆိုအပ်သော လောကသုံးပါး၌အတုမရှိမြတ်သည်ဖြစ်၍ အတုလသေဋ္ဌ၊ ဂေါတမဟု ဗုဒ္ဓမည်တော်မူသော မြတ်စွာဘုရားသခင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူသည်မှာ အာဒိယာဝစ၍တွက်ဖွဲ့၊ လေးဆယ်ငါးဝါကာလပတ်လုံး ဝေနေယျ သတ္တဝါအပေါင်းတို့အား မဟာဂရုဏာတော် နှိုးဆော်ကပ်ချွတ်၊ အပါဝဋ်မှ လွတ်စေတော်မူသောအားဖြင့် တရားရေအေး

တိုက်ကျွေးဆုံးမ သြဝါဒပေးတော်မူပြီးလျှင် သက်တော်ရှစ်ဆယ်သို့အကျ ကဆုန်လပြည့် အင်္ဂါနေ့အခါ ကုသိန္နာရုံပြည်၊ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်နှိုက် အလုံးစုံသော သင်္ခါရတရားတို့၏ ဆိတ်ငြိမ်ရာ နိရောဓသစ္စာကို အာရုံပြုလျက် အဗျာကတဒုက္ခသစ္စာဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူသည်ဖြစ်၍ အလောင်းတော်ကို ပူဇော်ခြင်းဟူသော တေဇောဓါတ်ဈာပနပြုကြပြီးလျှင် နောင်လာနောင်သား အမိုးကောင်းသား အမျိုးသမီးတို့ ပွားစီးအကျိုး တိုးတက်ကြီးဖွဲ့၊ လွန်(—)ရှည်စွာ

သာသနာတော် ၅၀၀၀ ပတ်လုံးကိုးကွယ်ပူဇော်ရာဖြစ်စေခြင်းငှာ ကုသိန္နာရုံအင်ကြင်း ဥယျာဉ်နှိုက်၊ အကြင်ဗုဒ္ဓမည်သော ဂေါတမမြတ်စွာဘုရားအာယုသင်္ခါရ လွှတ်ဟန်ပုံသဏ္ဍာန်ကို သွန်းလုပ်ပြီးလျှင် မလ္လာမင်းများနှင့်ရဟန်းသံဃာတော်တို့ စီမံထားရှိခဲ့သောကြောင့် ဗုဒ္ဓဘာသာဝင်လူရှင်ရဟန်းတို့အဖူးအမြော်၊ ပူဇော်ကြည်ညို၊ ထိုအရပ်ဒေသသို့ သွားလာရောပေါရာ၊ ကပ်ခိုနေထိုင်ရန်၊ လွန်စွာခဲယဉ်းလှသည်ဖြစ်၍၊ ရဟန်းရှင်လူတို့၏၊ မပူမပင်၊ ကြည်လင်ဆန္ဒ၊ ကာယစိတ္တသုခနှစ်ဖြာ၊ ချမ်းသာကြစေရန်၊ ရည်သန်ရင်းနှလုံးသွင်းအကြံရှိတော်မူသော ရက္ခတိုင်း၊ ဓညဝတီပြည် အဝင်အပါ၊ ပင်းဝါနယ်မြိတ်၊ ဖလောင်ချိပ်အရပ်လျှင် ဘွားရာဇာတိ၊ ပဝတ္တိဏကမဇ္ဈိမတိုက်စွန်း၊ အိန္ဒိယနယ်အတွင်း တင်ကားမြို့တွင်၊ ဂုဏ်ဒြပ်နှင့်တကွ၊ ဥစ္စာဓနနှင့်တကွ၊ ကြွယ်ဝပြည့်ဖြိုးခြင်းရှိသော၊ ပွဲစားကြီး ချီဇာရှိနှင့် ပါရမီဖြည့်ဘက်၊ ကုသိုလ်ဆက်အစည်ထင်သော (—)ခင်ပွန်း၊ ပွဲကတော်ကြီး မြချမ်းဥ၊ မျက်ရှုလှထွား၊ ရင်နှိုက်ဘွားသက်၊ အောင်ကျော်ဇံနှင့် (—)သမီး၊ မသာမြဝင်းနှင့် မရွှေဖော့တို့သည် လွန်ခဲ့ပြီးသော ၊ ရှေး(—)ကုသလကြောင့်၊ ယခုဘဝ၊ ပစ္စက္ခနှိုက်လည်း၊ ဥစ္စာဓန၊ ကြွယ်ဝပြည့်စု၊ (—) ရတနာသုံးပါးဂုဏ်ကို၊ ယုံကြည်မြတ်နိုးလှစွာသော၊ ဗုဒ္ဓဘာသာဝင် (—)အမျိုးကောင်းသားဖြစ်လာသည်နှင့်အညီ၊ သဒ္ဓါတရားလျှင် (—) ထက်အလွန်အား

ကြီးကုန်သည်ဖြစ်ရကား၊ ဤကုသိန္နာရုံ ရွှေဘုံမဟာ(—)နန်းသိ(—)မွေ့လျော်ဗုဒ္ဓ၏ သဏ္ဍာန်တော်ကို ဖူးမြော်ရန်လာ(–)ရဟန်းရှင်လူလူပုဂ္ဂိုလ်တို့ တည်းခို နေထိုင်(—)ပြားဒင်္ဂါးငွေပေါင်း (၁၀၀၀)ကျော်ခန့် အကုန်အကျခံ၍ သာလာယတိုက်ဇရပ်ကို ဆောက်လုပ်တည်ပြုလျက် စတုဒိသာအဖြစ်ဖြင့် ကမ္ဘာစွန့်ရှည် တည်စေခြင်းငှာ ဤကမ္ဗည်းကျောက်စာကို ပုဂံပြည်၊ ပုပ္ပါးစောရဟန်းမင်း ဖြိုခွင်းသက္ကရာဇ် ၁၂၆၃ ခု၊ သာသနာတော် ၂၄၄၅ တွင် ဖြတ်သားရေးထိုးထားပါသတည်း။

ဤကဲ့သို့ပြုရသောကောင်းမှုကို ၃၁ဘုံကျင်လည်ကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့အား ကျွနု်ပ်တို့က အမျှပေးဝေပါကုန်၏။ အမျှရကြသည်ဖြစ်စေသောဝ်။

(သတ်ပုံမူရင်းအတိုင်း)

ဟင်္သတမှ ဦးဖိုးကြူး

ဘိက္ခုမဟာဝိရသည် ၁၉၂၀ ဧပြီလတွင် ကွယ်လွန်ခဲ့၏။ ကွယ်လွန်သွားသောအခါ အရှင်စန္ဒြမဏိသည် ဘိက္ခုမဟာဝိရကို ဆက်ဆံရလေသည်။

၁၉၁၄ ခုနှစ်တွင် ဟင်္သာတမြို့မှ ဦးဖိုးကြူးသည် တူးဖော်ဆဲပင်ရှိနေသေးသည့် မဟာရိနိဗ္ဗာနစေတီ(A)ကို အသစ်ပြန်လည်တည်ဆောက်ရန် အလှူငွေတစ်သောင်းကို ဘိက္ခုမဟာဝိရလက်သို့အပ်လိုက်သည်။ စေတီတော်အသစ်ပြန်လည်တည်ဆောက်ရေးအတွက် သက်ဆိုင်ရာသို့ ဦးဖိုးကြူးက စာရေးသည်။ သို့ရာတွင် အိန္ဒိယအစိုးရသည် ၁၉၂၈ ခုနှစ်က ကွယ်လွန်သော ဘိက္ခုမဟာဝိရကိုယ်စား အားလုံးသော တာဝန်ကို ထမ်းရလေသည်။

အရှင်စန္ဒြမဏိတည်သော စေတီတော်သစ်၏ပုံမှာ အာသောကမင်းတည်ထားခဲ့သော ဆံချီစေတီပုံဖြစ်သည်။ လုံးပတ်ပေ(၁၈၀)ရှိသည်။ အောက်ခြေပန္နက်တိမ်ခြင်းကြောင့် အလေးဒဏ်ကို မခံနိုင်ဘဲ တည်ပြီး၍ ရက်အနည်းငယ်အတွင်းမှာပင် စေတီတစ်ဆူလုံး အင်္ဂတေများကွာကျပြီး အစိတ်စိတ်အမွှာမွှာပြိုကျသွားလေ၏။

ပြိုကျသွားသော စေတီကြီးကို ဦးစန္ဒြေမဏိက အသစ်တည်ဆောက်ပြန်သည်။ လုံးပတ်နှင့်ဉာဏ်တော်ကို လျော့ထားသည်။ ထိုကြောင့် လုံးပတ်(၁၆၅)ပေ၊ ဉာဏ်တော်(၇၅)ပေရှိသည်။ ဦးဖိုးကြူးသည် ဤစေတီသစ်တည်ဆောက်ရေးတွင် အလှူငွေ(တစ်သောင်းရှစ်ထောင်) ပါဝင်လှူဒါန်းခဲ့ပြန်သည်။

စေတီတော်ကြီး ပြီးမြောက်သောအခါ ဦးဖိုးကြူးနှင့်ဇနီး ဒေါ်ခင်စုတို့က ရွှေသင်္ကန်းကပ်လှူရန် စေတနာပွားလာကြပြန်သည်။ အချို့ပုဂ္ဂိုလ်က ရွှေသင်္ကန်းကပ်လှူမည့်အစား မကုဋဗန္ဓနစေတီ (ရာမကာရ်)ကိုပြုပြန်ရန်အကြံပေးကြ၏။ ကုသိုလ်ရှင်ဇနီးမောင်နှံသည် ပရိနိဗ္ဗာနစေတီတော်၌ ရွှေသင်္ကန်းဖြင့် ဝင်းနေသည်ကိုဖူးလိုလှသဖြင့် ၁၉၃၄ ခုနှစ်တွင် ငွေ (၂၉၀၀၀)ကျပ်အကုန်ခံပြီး ဤမြင့်မြတ်သော ကုသိုလ်ကောင်းမှုကို ဖြစ်အောင်ပြုလိုက်ကြသည်။ 

သမိုင်းတွင်ရစ်ခဲ့ပြီ

အိန္ဒိယအမျိုးသားဆရာများ၏ ရွှေချမှု မကျွမ်းကျင်ခြင်းနှင့် အပေါ်ရံအင်္ဂတေမခိုင်ခန့်ခြင်းတို့ကြောင့် ချထားသည့်ရွှေမှာ ကြာရှည်မခံပေ။ သို့ပင်ဖြစ်ငြားသော်လည်း ဦးဖိုးကြူးနှင့်ဇနီးဖြစ်သူ ဘုရားအမ ဒေါ်ခင်စုတို့၏အမည်မှာ ကုသိနာရုံသမိုင်းတွင် စွဲမြဲစွာတည်ရစ်ခဲ့ပေပြီ။

နားကြဦးစို့ ….

တောမှီရဟန်း

ကျမ်းကိုးများ

၁။ ကုသိနာရာ၊ စန္ဒန(ဘားအံ)။
၂။ မဇ္ဈိမပဏ္ဏာသ ပါဠိတော်မြန်မာပြန် (ဆဌမူ)။
၃။ အိန္ဒိယ ဗုဒ္ဓစာပေသမိုင်း။
၄။ သီဟိုသာသနာဝင်။
၅။ မဇ္ဈိမဒေသခရီး၊ တောမှီရဟန်း။
၆။ မြတ်ဗုဒ္ဓသာသနာတော်၊ ခေတ်နှင့်သမိုင်းအမြင် ၊ တောမှီရဟန်း။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.