Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၄)

သူတစ်ပါး၏ အကျိုးစီးပွားအတွက်ကြောင့် မိမိ၏ အကျိုးစီးပွားကို မဆုတ်ယုတ်ပါစေနှင့်။ မိမိ၏ အကျိုးစီးပွားအတွက် မိမိ၏ အကျိုးစီးပွားကို တိုးပွားအောင် အားထုတ် လုပ်ကိုင်ပါ။

အတောင်ကျွတ်တဲ့ ကြိုးကြာအို

နိုင်ငံရေးသမားဟာ ညည်းတွားလာပြီဆိုရင် အရှိန်ကုန်တဲ့မြားလို၊ အတောင်ကျွတ်တဲ့ ကြိုးကြာအိုလိုပဲ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်း မစောင့်ရှောက်ဘဲ နေကြတာကို တွေ့ရတယ်။ ဒီလို အကျိုးစီးပွားမရှိတဲ့အလုပ်ကို လွယ်လွယ်လေးနဲ့ အလွှမ်းမိုးခံလိုက်ရင် မိမိကိုယ်တိုင်ပဲ အကျိုးမဲ့သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ပျက်စီးအောင် လုပ်တဲ့သူဟာ ပညာမဲ့သူပဲ ခေါ်ရမှာပါ။ ပညာမဲ့တဲ့သူဟာ များသောအားဖြင့် ယုတ်မာတယ်။ ယုတ်မာတဲ့သူဟာ ကောင်းတဲ့အယူ (အတွေးအခေါ်)တွေ မရှိပါ။ အယူဝါဒမကောင်းရင် တရားသဖြင့် အသက်မမွေးမြူပါ။ ကောင်းတဲ့သူတွေရဲ့ စကားကိုလည်း မနာယူပါ။

နောက်ပြန်လှိုင်း

မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲဟာ ထူးထူးခြားခြား ပြောင်းလဲနေသလို ထင်ရ ပေမယ့် ဖြောင့်ဖြောင့်မတ်မတ် သေသေသပ်သပ်တော့ ပြောင်းလဲပုံ မပေါ်ပါ။ အပြောင်းအလဲ တစ်ခုဟာ ဖောက်ပြန်တဲ့ နောက်ပြန်မှုတွေ ဖြစ်လာတတ်တယ်။ နိုင်ငံရေးနောက်ပြန်လှိုင်း (Political Reverse Wave) ဟာ အေဒီ ၁၉၂၂-၄၂ (ပထမ နောက်ပြန်လှိုင်း)နဲ့ အေဒီ ၁၉၅၈-၇၅ ခုနှစ် (ဒုတိယ နောက်ပြန်လှိုင်း) ဖြစ်ပေါ်ခဲ့ဖူးတယ်။ ပထမ နောက်ပြန်လှိုင်း တုန်းက ဒီမိုကရေစီလမ်းကြောင်း သွေဖည်သွားတာတွေ၊ အစဉ်အလာ အာဏာရှင်စနစ်များ၊ရက်စက်တဲ့ ပါတီအာဏာရှင်များ တစ်ကျော့ပြန်လိုက်လို့ လက်ဝဲကဲတဲ့သူတွေ မြူးနေတာပေါ့။ ဒုတိယ နောက်ပြန်လှိုင်းရောက်တော့ အာဏာရှင်စနစ်၊ စစ်တပ်စိုးမိုးမှုစနစ်၊ ဗျူရိုကရက်တစ် တွေ တင်းပြည့်ကျပ်ပြည့် လှိုင်းထန်နေတာပေါ့။ နောက်ပြန်လှိုင်း နိုင်ငံရေးခရီးဟာ တချို့ လက်အောက်ခံ တိုင်းပြည်ငယ်တွေက “လူမှုဘဝနိုင်ငံရေး” ကျင့်သုံးမှုလုပ်တာတွေ ပေါ်လာ တာ ရှိနေတယ်။ အကောင်းနဲ့ အဆိုး ဒွန်တွဲတဲ့သဘောပါ။

ဒီမိုကရက်တစ်အစိုးရကြောင့်

ဒွန်တွဲတဲ့ သဘောတရားတစ်ခုကို ပြောပြမယ်။

ဥပမာ ယနေ့ ကျင့်သုံးနေကြတဲ့ “ဒီမိုကရေစီစနစ်”ဟာ –

(၁) လွတ်လပ်ခွင့် အားကောင်းရင် ဒီမိုကရေစီ မြင့်တက်တယ်။
(၂) လွတ်လပ်ခွင့် အားနည်းရင် ဒီမိုကရေစီ နိမ့်ကျတယ်
ဆိုတဲ့ သဘောမျိုးပါ။ (လွတ်လပ်ခွင့် မရှိရင် ဒီမိုကရေစီမရှိတဲ့ သဘောပါ) တစ်ဦးချင်း အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ရထားရင်တော့ စည်းကမ်းမဲ့တဲ့ လွတ်လပ်ခွင့်တွေ၊ လွန်ကျွံတဲ့သဘောတွေ တွေ့ရမယ်။ နောက်ဆုံး လွတ်လပ်ခွင့်နဲ့ပဲ အလွဲသုံးမှုတွေ လုပ်လာမယ်။ အဲဒီလို ဖြစ်လာရင် အစိုးရဟာ ဒီမိုကရက်တစ် ဖြစ်ရမယ်။ ပြည်သူတွေအပေါ် အကြမ်း မဖက်ဘဲ ပျော့ပျောင်းညင်သာသိမ်မွေ့တဲ့ နိုင်ငံရေးမူဝါဒသဘောကို သွားရမယ်။ အဲဒီလို ဒီမိုကရက်တစ်အစိုးရကြောင့် ဒီမိုကရေစီမူဝါဒတွေ တည်မြဲနေတာပါ။

ဒီမိုကရက်တွေ ဘဝင်မြင့်လွန်းရင်

ဒီမိုကရေစီမူဝါဒတည်မြဲ (ခိုင်မြဲ) လိုကြတဲ့ တိုင်းပြည်တွေဟာ –
(၁) အတိုက်အခံနဲ့
(၂) အမြင်မတူသူများအတွက် လမ်းကြောင်းထားရပါတယ်။

အလျှော့၊ အတင်း လမ်းကြောင်းထားကြတာကြောင့် အကြမ်းဖက်နိုင်မယ့် အခွင့် အလမ်းတွေ မပေါ်လာနိုင်ပါဘူး။ ပေါက်ကွဲမှုတွေ ဖြစ်မလာနိုင်ပါဘူး။ လူတွေကတော့ ဒီမိုကရေစီပျံ့နှံ့မှုဟာ ကမ္ဘာ့ငြိမ်းချမ်းရေး ပျံ့နှံ့မှုပါပဲ ဆိုပြီးတော့ တင်စားကြတယ်။ ဒီမိုကရေစီ တိုင်းပြည်တွေဟာ အာဏာရှင်တိုင်းပြည်တွေနဲ့ စစ်မဖြစ်ခဲ့တာ မရှိပါ။ စစ်ဖြစ်ခဲ့တဲ့စနစ်ဟာ ငြိမ်းချမ်းရေး ဘယ်လိုဖြစ်နိုင်မလဲ ဆိုတာ စဉ်းစားရင် သိနိုင်ပါတယ်။ ဒီမိုကရက်တစ်ကမ္ဘာ မရှိရင် အကြမ်းဖက်မလွတ်မြောက်နိုင်ပါဘူး။ ခေတ်သစ်ကမ္ဘာဟာ ဒီမိုကရက်တစ်ဦးဆောင်တိုင်းပြည်ဖြစ်မှငြိမ်းချမ်းမယ်။ဒါကြောင့်ဒီမိုကရေစီနိုင်ငံရေးမူဝါဒကျင့်သုံးတတိုင်းပြည် တိုင်းဟာ ဘဝင်မြင့်လို့မရပါ။ ဒီမိုကရက်တွေ ဘဝင်မြင့်လွန်းရင် ဒီမိုကရေစီအဖွဲ့အစည်းတွေ အခက်အခဲ အကျပ်အတည်း ဖြစ်တတ်တယ် ဆိုတာ သိထားရမယ်။

ဒီမိုကရေစီလှိုင်း ကူးပြောင်းခါစ

ကမ္ဘာ့နိုင်ငံတွေကို လေ့လာပါ။ ဒီမိုကရေစီမူဝါဒဘက်ကို ကူးပြောင်းလာမှု များလာ ရင် ဒီမိုကရေစီလှိုင်းတွေ ထလာတတ်ပါတယ်။ ဒီမိုကရေစီလှိုင်းထရင် ပဒေသရာဇ်တွေ၊ ဘုရင်စနစ်တွေ၊ ဖက်ဆစ်စနစ်တွေ၊ ကိုလိုနီတွေ၊ တစ်ပါတီကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ၊ စစ်အုပ်ချုပ်ရေးစနစ်တွေ တုန်တုန်လှုပ်လှုပ် ဖြစ်နေတတ်တယ်။ ကူးပြောင်းမှု လှိုင်းကြီးထရင် တော်လှန်ရေးတွေ၊ ဆန့်ကျင်ဘက်တွေ၊ လှုပ်ရှားမှုတွေအမျိုးမျိုး တွေ့ရတတ်တယ်။ ယခု မြန်မာပြည်မှာလည်း ဒီမိုကရေစီလှိုင်း ကူးပြောင်းခါစအချိန် ဖြစ်တာကြောင့် လှိုင်းမကြီး (လှိုင်းမထန်)ဖို့ လိုပါတယ်။ လှိုင်းထတော့မယ်။ ညင်သာတဲ့လှိုင်း ဖြစ်ဖို့ လိုပါတယ်။ ညင်သာတဲ့လှိုင်း မဖြစ်ရင် (၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၁၇၊ ၄၁၈(က)(ခ) နဲ့ မိရင်တော့) ဒီမိုကရေစီအခွင့်အရေးနဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးတစ်ရပ်ရပ်တော့ ဆုံးရှုံးဖို့ သေချာတယ်။ အဲဒီလို အကြိမ်များများ မူလအခွင့်အရေး ဆုံးရှုံးမှုများတဲ့ တိုင်းပြည်များ ဟာ ဒီမိုကရေစီ ဆန့်ကျင်ဘက်လှိုင်းလုံးကြီးတွေ ထန်လာပြီး ဒီမိုကရေစီနိုင်ငံရေး ကျဆုံး သွားတတ်ပါတယ်။ ဒီအတက်အကျသဘောတရားကို နားမလည်ရင် ဒီမိုကရေစီနိုင်ငံရေး ချည်းပဲ အကောင်းဆုံး ဖြစ်နေတယ်လို့ပဲ ထင်နေကြတယ်။ ကျင့်သုံးမှုမရှိတဲ့ မူဝါဒတွေဟာ အောင်မြင်မှု မရသလို အောင်မြင်မှုမရှိတဲ့မူဝါဒဟာ လှိုင်းထလွန်းရင် အခွင့်အရေး ဆုံးပါး သွားတတ်ပါတယ်။

ဖြစ်နိုင်ခြေသဘော

နိုင်ငံရေးသဘောတရားဟာ
(၁) ဖြစ်နိုင်ခြေသဘောတရား probable
(၂) အဖြစ်နိုင်ဆုံး သဘောတရား most possible
ဒီတရားနှစ်ပါးနဲ့ လေ့လာသုံးသပ်နိုင်ပါတယ်။ ယနေ့ မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်းဟာ နိုင်ငံတကာဆက်ဆံရေးတွေ၊ အာဏာခွဲဝေမှုတွေ၊ လူမှုအဖွဲ့အစည်းအပေါ် အကျိုးဖြစ်ထွန်းမှုတွေ ဘာတွေများ ပြောင်းလဲသွားသလဲ။ ဒါမှမဟုတ် အကျိုးအမြတ်ကိုယ်စီ (ဟောက်တိုင်း) ရကြရဲ့လားစတဲ့ ဖြစ်နိုင်ခြေသဘောတရားတွေကို လေ့လာကြည့်ရင် မြင်နိုင် ပါတယ်။ ဖြစ်နိုင်ခြေရှိ မရှိ ဆိုတာလည်း ကျင့်သုံးလိုက်နာတဲ့ လူထုအပေါ်မှာ မူတည်ပါ တယ်။ ကျင့်သုံးမှုမပြုတဲ့ လူထုဖြစ်ရင်တော့ ဖြစ်နိုင်ခြေမရှိ သင်္ကေတတစ်ခုနဲ့ မှတ်သားနိုင်ပါတယ်။

အဖြစ်နိုင်ဆုံးသဘော 

အဖြစ်နိုင်ဆုံးသဘောတရားနဲ့ သုံးသပ်ကြည့်ရင် မြန်မာလူထုဟာ ဒီမိုကရေစီကို စိတ်ဝင်စားမှု အများဆုံး ရှိကြတာကြောင့် ဖြစ်နိုင်ခြေ ရှိတယ်။ အဖြစ်နိုင်ဆုံး ဖြစ်တယ်လို့ သတ်မှတ်နိုင်တယ်။ ဒီမိုကရေစီနိုင်ငံရေးလမ်းကြောင်းပေါ်ကို တက်လာပြီဆိုရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်အုပ်စုကို အရေးမစိုက်ဘဲ မရပါ။ သတိပြုရသေးတယ်။ စီးပွားရေး ပြောင်းလဲ လာရင် နိုင်ငံရေးပုံစံ ပြောင်းလဲလာတာပဲ။ ဒီမိုကရေစီဆိုတာ စီးပွားရေး ရေခံမြေခံ နေရာ ကောင်းရတယ်။ စီးပွားရေးမကောင်းဘဲ ဒီမိုကရေစီတိုင်းပြည် တည်ထောင်ရင် ဆန္ဒပြပွဲ သက်သက်ပဲ အချိန်ကုန်သွားမယ်။

ဆန္ဒပြပွဲနဲ့ အချိန်ကုန်တဲ့ ဒီမိုကရေစီနိုင်ငံတွေဟာ-
စီးပွားရေးဓနကြွယ်ဝမှု၊
ဈေးကွက်စီးပွားရေးကောင်းစားမှု၊
စနစ်ဟောင်းများ ပျက်သုဉ်းမှု၊
အရင်းရှင်အားကောင်းမှု၊
လူလတ်တန်းစားအလွှာ အားကောင်းမှု၊
ပညာရေးမြင့်မားမှု၊
ယဉ်ကျေးမှုအားကောင်းမှု၊
ပညာတတ်အုပ်စု အားကောင်းမှ
စတဲ့ အကြောင်းတရားတွေ အားရှိမှာ မဟုတ်ပါ။

အဲဒီလို အကြောင်းမကောင်းတဲ့ အပြောင်းအလဲများတဲ့ တိုင်းပြည်ဟာ –
(က) လူမှုအခြေခံအားနည်းတာတွေ၊
(ခ) ခေါင်းဆောင်များ အစွန်းရောက်ပေါ်လစီ မကျွတ်တာတွေ၊
(ဂ) စီးပွားရေးဆုတ်ယုတ်တာတွေ၊
(ဃ) စစ်ပွဲကြီးများတာတွေ ဖြစ်ပြီး နိုင်ငံရေး သံသရာလည်ခံနေရတယ်။ ဒီအတွက် သင်ခန်းစာတွေ ယူထားသင့်တယ်။

ခေါင်းဆောင်မဖြစ်ထိုက်သူ

ဒီမိုကရေစီအစိုးရဟာ အစွန်းရောက်တဲ့သူ၊ အဂတိလိုက်စားတဲ့သူ၊ တည်ငြိမ်မှုကို လက်မခံတဲ့သူ ပါလာရင် ခရီးမတွင်ကျယ်ပါ။ ဖြုတ်ချမှု၊ ဝင်စွက်မှု၊ ဖိအားပေးမှုကြောင့် ရွေးကောက်ပွဲ ခဏ ခဏ ခဏ ခဏ လုပ်ရတယ်။ တစ်လှည့်စီစနစ်ကြောင့ကျွံနစ်ကုန်တာပဲ။ဒီလိုကျွံနစ်ရတာဟာခေါင်းဆောင်တဲ့သူ ညံ့ဖျင်းလို့ပါပဲခေါင်းဆောင်ညံ့ဖျင်းရင် အာဏာသိမ်းမှု(ခဏ ခဏ) ဖြစ်ပွားတတ်တယ်။ အာဏာသိမ်းတယ် ဆိုပေမယ့် ဒီမိုကရေစီ အတွေ့အကြုံ ရှိပြီးသား တိုင်းပြည်ဖြစ်ရင်တော့ မစိုးရိမ်ရပါ။ ပွင့်သစ်စ ဒီမိုကရေစီတိုင်းပြည်သာ ဖြစ်မယ်ဆိုရင်တော့ မူလပြန်တတ်တယ်။ (မူလကလာတဲ့ နိုင်ငံရေးပေါ်လစီအတိုင်း ပြန်ဖြစ်တတ် တယ်) အဲဒီလိုမျိုး ပြန်ဖြစ်သွားတဲ့ တိုင်းပြည်ဆိုရင် ညံ့ဖျင်းတဲ့ ခေါင်းဆောင်တွေရဲ့ အဖြစ်က တိုင်းပြည်အတွက် တရားခံအစစ် ဖြစ်သွားကြတာပဲ။ တွေဝေသူ၊ ညံ့ဖျင်းတဲ့သူတွေဟာ ခေါင်းဆောင်မဖြစ်ထိုက်တာ အမှန်ပါပဲ။

ခေါင်းဆောင်သူရဲ့ အရည်အချင်း

တိုင်းပြည်အုပ်ချုပ်တဲ့သူဟာ နိုင်ငံရေးအာဏာ ဆုတ်ယုတ်ကျဆင်းမှု မရှိအောင် ထိန်းသိမ်းနိုင်ရမယ်။ တည်ငြိမ်ရင့်ကျက်ရမယ်။ စီးပွားရေး မထိုင်းမှိုင်းအောင် ထိန်းသိမ်းပေး ရမယ်။ အခက်အခဲမများဖို့ နေတတ်ရမယ်။ ကျင့်သုံးတဲ့ နိုင်ငံရေးမူဝါဒကို ချင့်ချိန်တတ်ရ ) နှင့်လို မယ်။ ကွာခြားချက်သိရမယ်။ မူနဲ့လူ နှစ်မျိုးကို တွေဝေညံ့ဖျင်းမှု မရှိ(မဖြစ်)အောင် ပြင်ဆင် တတ်ရမယ်။ လဲလှယ်မှုတတ်ရမယ်။ အကွက်အကွင်း ဖြည့်စွက်တတ်ရမယ်။ စကားနဲ့တရား (နိုင်ငံရေးသဘော) သဘောကို လက်တွေ့ကျရမယ်။ ကျင့်သုံးနိုင်တဲ့ဥပဒေကို ကျင့်သုံးစေပြီး ကျင့်သုံးအပ်တဲ့ ဥပဒေကို မဆုတ်ယုတ်အောင် ပြဋ္ဌာန်းပေးတတ်ရမယ်။ ပဋိပက္ခပေါ်ရင် ခေါင်းအေးအေးထားပြီး ဖြေရှင်းတတ်ရမယ်။ ပြဿနာဖန်တီးသူကို အရင်းအမြစ် နားလည် ရမယ်။ ဝိရောဓိ (ဆန့်ကျင်မှု) အရင်းအမြစ်ကို ဆက်စပ်တဲ့ ကွန်ချာစက်ဝန်းကျွမ်းကျင်ရမယ်။ သုံးသပ်မှု၊ ဆင်ခြင်မှ မြဲရမယ်။ အလုပ်နဲ့တူသူ ဖြစ်အောင် လုပ်တတ်ရမယ်။ အလုပ်မများသူ ဖြစ်အောင် နေတတ်ရမယ်။ မြင်ရာ၊ ကွယ်ရာ၌ အထင်သေးမှု ပြုမူချက်များ ရှောင်ရှားတတ် ရမယ်။ အကျင့်သဘောကို အလုပ်သဘောမဖြစ်ဖို့ စီမံမှု လိမ္မာရမယ်။ အပြုသဘောကို သေချာမှု၊ ဟုတ်မှန်မှ ရှုမြင်တတ်ရမယ်လို့ ခေါင်းဆောင်သူရဲ့ အရည်အချင်းအချို့ကို တွေ့ရ တယ်။ (အရည်အသွေးအချို့ကို တွေ့ရတယ်)

ပြည်သူတွေ တာဝန်ကျေပွန်ပါ

နိုင်ငံရေးမူဝါဒတစ်မျိုးဟာ ကျင့်သုံးမှုမတတ်ရင် နောက်ပြန် (ဘက်ပြန်)တတ်တယ်။ နိုင်ငံရေးချဲ့ကားတာတွေ၊ အတိုက်အခံတွေ ခြိမ်းခြောက်တာတွေ၊ တစ်ဖက်သတ် ပြုမူမှုတွေ သတိထားရတယ်။ အဲဒီ ပြုမူချက်ဟာ နောက်ပြန်နိုင်တဲ့ နိုင်ငံရေးပဲ။ နိုင်ငံရေးစနစ်ဟာ အားနည်းခြင်း မရှိရပါ။ မှားယွင်းမှု မရှိရပါ။ အတုအယောင် မပါရပါ။ ညံ့ဖျင်းတဲ့အုပ်ချုပ်မှု မဖြစ်ရပါ။ အာဏာသုံး မလွန်ရပါ။ အခွင့်ထူးခံ စီးပွားရေးသမားတွေကို ထိန်းနိုင်ရမယ်။ ငွေများ တရားနိုင် မဖြစ်ရ။ နိုင်ငံသား တာဝန်မယူဘဲ ခေါင်းဆောင်တွေကို အုပ်ချုပ်ရေးမှာမပါရ။ မိသားစုအကျိုးစီးပွားလုပ်သူ မပါရ။ မိမိအသိုက်အဝန်းကြည့်တဲ့သူ မပါရ။ ကျွမ်းကျင်မှ မရှိတဲ့သူတွေ မပါရပါ။ ယောင်မှားမှားလုပ်တတ်သူ၊ တိမ်းညွတ်လွယ်သူ၊ တစ်ပိုင်းသမား (အာဏာရှင်တစ်ပိုင်း၊ စီးပွားရေးတစ်ပိုင်း) မပါဝင်အောင် သတိပြုရမယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဝယ်လိမ် (မဲဝယ်၊ မဲလိမ်) ဖောက်ပြန်တဲ့သူတွေပါ။ ဒီသူတွေ နိုင်ငံရေးဝင်ခွင့်ရလေသမျှ ကာလပတ်လုံး “နိုင်ငံသား”စစ်စစ်ဖြစ်တဲ့ပြည်သူတွေ နိုင်ငံရေးထဲမှာ ဝင်ရောက်နိုင်မှာ မဟုတ်ပါ။ ရွေးကောက်ပွဲမှာ ပြည်သူတွေ မိမိတာဝန်ကို ကျေပွန်ဖို့ လိုပါတယ်။

စံပြနိုင်ငံ မဖြစ်ပါ

ဒီမိုကရေစီကျင့်စဉ်နဲ့ ကျင့်သုံးတဲ့ နိုင်ငံရေးဟာ များသောအားဖြင့် ပြည်သူတွေရဲ့ အသံကို နားထောင်စေတယ်။ (နားထောင်ခိုင်းတယ်) အသံကြောင့် ဖားသေနိုင်ငံရေးမဖြစ်တဲ့ ပုံစံပါ။ နိုင်ငံရေးထဲကို လူထုတွေ ဘယ်လောက် ပူးပေါင်းပါဝင်ကြသလဲ၊ ဘယ်လောက် စိတ်ဝင်စားကြသလဲ ဆိုတာ အမြဲတမ်း ထိတွေ့နေရမယ်။ ထိတွေ့မှု မရှိတဲ့ နိုင်ငံရေးဟာ အရည်အချင်း မတက်ပါ။ အရည်အချင်းမတက်ရင် လိုအပ်ချက်ရှိပြီ ဆိုတာကို သိထားရမယ်။ ဒီမိုကရေစီနိုင်ငံရေးဟာ “ပြည်သူတွေ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ ဘယ်လောက် ကာကွယ် ပေးနိုင်သလဲ” ဆိုတဲ့ စံနှုန်းနဲ့ထားတဲ့ အဆုံးအဖြတ်ပါပဲ။ အဆုံးအဖြတ်မရှိတဲ့ ဒီမိုကရေစီ (လူမှုဘဝနိုင်ငံရေး) ဟာ စံပြနိုင်ငံမဖြစ်ပါ။ စံပြမဖြစ်ရင် ဒီမိုကရေစီကို မယုံကြည်တော့ပါ။ ယုံကြည်မှုပျောက်ကွယ်ရင် ကျင့်သုံးမှုလည်း ပျောက်တယ်။ ကျင့်သုံးမှုမရှိရင် ပျက်သုဉ်းမှုပဲ အဖြေ ရှိတော့တယ်။ ဒီအဖြေဟာ ဒီမိုကရေစီ မဖြစ်ထိုက်သူ (မရထိုက်သူ)တွေရဲ့ လုပ်ရပ် ပါပဲ။ ဆင်းရဲတဲ့တိုင်းပြည်တွေ ဒီမိုကရေစီ နောက်ပြန်ဖြစ်သွားကြတာဟာ ဒီသဘောတရား ရောက်သွားလို့ပါပဲ။

အမြတ်ထုတ်စားတဲ့ နိုင်ငံရေး

ဒီမိုကရေစီတိုင်းပြည်တိုင်းမှာ စီမံအုပ်ချုပ်မှု၊ ထိန်းကျောင်းမှု တော်ရမယ်။ ထိထိမိမိကျွမ်း ကျင်ရမယ်။ မတော်မကျွမ်းကျင်ရင် အကြမ်းဖက်မှုတွေ၊ စီးပွားပျက်မှုတွေ တွေ့ရတတ်တယ်။ စီမံအုပ်ချုပ်မှု မတော်ရင် မတိုးတက်ပါ။ မတိုးတက်ရင် မထိန်းနိုင်ပါ။ အကျင့်ပျက် လာဘ် ပေးမှု၊ လာဘ်ယူမှု၊ လာဘ်စားမှုတွေ များပြားပြီး မျက်နှာလိုက်မှု၊ မသမာမှု၊ ကိုင်တွယ်ဖို့ ပျက်ကွက်မှုတွေ များပြားလာတယ်။ အကျင့်ပျက်တဲ့ အဆိပ်တွေ တက်ပြီး ရှုပ်ထွေးလာတယ်။ တည်ငြိမ်မှု ဘေးမကင်းမှုတွေများလာပြီးညံ့ဖျင်းတဲ့အုပ်ချုပ်ရေးစနစ်တွေထလာတယ်။နိုင်ငံရေးအမြင်မရှိတစရိုက်သမားတွေ ကြီးစိုးလာပြီး လူ့အဖွဲ့အစည်း အကျိုးတွေ အားနည်းလာတယ်။ ကန့်သတ်ပိတ်ပင်မှုများ ပေါ်လာတယ်။ ကိုယ်ကျိုးတွက် ဈေးကွက်ပြိုင်တဲ့သူ၊ခေါင်းပုံဖြတ် အမြတ်ကြီးစားတဲ့သူတွေ များပြားလာတယ်။ အစိုးရသူကိုယ်တိုင်က အပြုအမူ ကြမ်းတမ်းလာပြီး သံသယစိတ်ကြီးလာတယ်။ နိုင်ရှုံးအပြတ် စိန်ခေါ်မှုတွေ ဖြစ်လာတယ်။ တစ်ဖက်စောင်းနင်း မညီမျှမှု၊ ထက်အောက် မှီခိုကင်းမှု၊ လက်သပ်မွေးမှု၊ ဖိနှိပ်မှုတွေ ဖောက်ပြန်တဲ့ လုပ်ရပ်တွေ ပေါ်လာပြီး သူ့ထက်ငါ အာဏာလုပွဲတွေ ကြဲကြတယ်။ မူလ ရည်ရွယ်ချက်များ ပျောက်ကွယ်ပြီး တိုင်းပြည်အပေါ် အမြတ်ထုတ်စားတဲ့ နိုင်ငံရေး ဖြစ်လာ တယ်။ (အမြတ်ထုတ်ခြင်းကို မဆိုလိုပါ)

ကောင်းမွန်တဲ့ ပြည်သူ့လူ့အဖွဲ့အစည်း

ယနေ့မြန်မာပြည်ဟာ လူထုနဲ့ အုပ်ချုပ်သူအကြား နိုင်ရာစားတဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်လာပြီလား။ စွမ်းရည်ထက်မြက်တဲ့ လူ့အဖွဲ့အစည်းတွေ ဖြစ်လာကြပြီလား။ အခြေခံ စီးပွားရေးအတွက် ခိုင်မာတောင့်တင်းနေကြပြီလား။ ရင်းနှီးမြှုပ်နှံသူများ အခွင့်အရေးနဲ့ အခွင့်အလမ်းတွေ စနစ်ကျပြီလား ဆိုတဲ့ မေးခွန်းတွေကို မေးကြည့်ရင် အဖြေများ အမျိုးမျိုး ကြားရဦးမှာပဲ။ မြန်မာပြည်မှာ လူထုတွေ မချမ်းသာပေမယ့် ရိုးသားမှုရှိရင် အာဏာနဲ့ အခွင့်ထူးခံသမားတွေ၊ နိုင်ငံတော်ထံ ခိုးဝှက်တဲ့သူတွေ၊ ခေါင်းပုံဖြတ်သူတွေ၊ ဥပဒေလိမ်လည် တဲ့သူတွေ မပေါ်လာနိုင်ပါ။ ဒါကြောင့် ယနေ့ မြန်မာပြည်သူတွေဟာ တက်ကြွတဲ့ “နိုင်ငံရေး ရပ်ဝန်းအဖြစ် ခံယူကြပြီး ကောင်းမွန်တဲ့ ပြည်သူ့လူ့အဖွဲ့အစည်းဖြစ်အောင် ကြိုးစားရမယ်။ အပြစ်ပေးခံရမယ့်သူတွေကို ပြည်သူတွေ ထိန်းကျောင်းပေးနိုင်ရင် လုပ်နိုင်တဲ့ နိုင်ငံရေး ဖြစ်လာပြီ ဆိုတာကို သေချာစွာ မှတ်သားရမယ်။

မြန်မာပြည် နိုင်ငံရေးအပြောင်းအလဲဟာ
ထူးထူးခြားခြား ပြောင်းလဲနေသလို ထင်ရပေမယ့်
ဖြောင့်ဖြောင့်မတ်မတ် သေသေသပ်သပ်တော့ ပြောင်းလဲပုံ မပေါ်ပါ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၀၇-၂၁၃၊ အဝိဟိံသာနိုင်ငံရေး (၂၄)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
စကားလက်ဆောင် ပညာသာမိ

။ ကျောင်းတော်မြတ်သို့ ။

။သဘာဝကျကျ
နေကြရသည်
ချမ်းမြပါသော ကျောင်းတော်မြတ်။

။ ကိုယ်စိတ်ဣန္ဒြေ
သိမ်မွေ့ပေသည်
အမွေရကြ ကျောင်းတော်မြတ်။

။ မြတ်စွာဗုဒ္ဓ
ပရိယတ်တည်
ဓမ္မသိကြ ကျောင်းတော်မြတ်။

။ ကြည်နူးအေးရိပ်
တိတ်ဆိတ်ပါသည်
တည်ကြည်အေးမြ ကျောင်းတော်မြတ်။

။ ဤကျောင်းတော်မြတ်
ရောက်ခဲ့ကြသည်
သတိရအောက်မေ့ ကျောင်းတော်မြတ်။

တောမှီရဟန်း
(၃၁.၇.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ဦးအောင်ဖေ

‎။ သတိရလိုက်ပါ ။

။ သတိရလိုက်ပါ ။
~~~~~~~~~~~~~~
။ နေရတဲ့အချိန်လေးမှာ
ဝန်လေးတဲ့တာဝန်တွေနဲ့
မယူမိဖို့ပါပဲ။

။ ဝန်လေးလံတဲ့သူဟာ
ထမ်းရွက်ရတဲ့ဝန်ကြောင့်
မသက်သာရပါဘူး။

။ အသက်ကလေးရှင်နေစဉ်မှာ
အေးအေးဆေးဆေးနဲ့
တာဝန်သိတတ်တဲ့
အဖော်ကောင်းနဲ့
နေကြရဖို့တွေးမိကြမှာပါ။

။ အတူတူနေကြတဲ့
တစ်အိမ်တည်းကအဖော်တွေ
တစ်မိသားစုတည်းကအဖော်တွေ
ဝန်လေးလေးနဲ့
ဖေးမလက်တွဲရတာ
စိတ်ဒဏ်ရာတွေများနေကြပြီလားပါပဲ။

။ ဘဝဆိုတာ
မေတ်တာ တရားနဲ့
မလုံလောက်ပါဘူး
သစ္စာတရားနဲ့လည်း
မဖြေဖျောက်နိုင်ကြပါဘူး
အကြင်နာတရားတွေနဲ့လည်း
အကုန်မပြည့်စုံနိုင်ကြပါဘူးလေ။

။ ရိုးရိုးရှင်းရှင်းနဲ့
သူတစ်ပါးတွေနဲ့ ကင်းကင်းလေးနဲ့
ကိုယ့်အားနဲ့ကိုယ်နဲ့
စိတ်အလင်းသစ်သစ်လေးနဲ့ပဲ
နေသွားဖို့ပါပဲလေ
နေရဖို့ပါပဲလေ။

ဦးအောင်ဖေ
(၂.၆.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ အတတ်ပညာ သိစေရာ ။

။ အတတ်ပညာ သိစေရာ ။
~~~~~~~~~~~~~~~~~~~

။ ပညာရှိက ပြောတယ်…

. တိုင်းပြည်အတွက်
အရေးကြီးတဲ့ကိစ္စ။
. သေခြင်းနဲ့ရှင်ခြင်းတို့ရဲ့
ရပ်ဝန်း။
. ရှင်သန်ကျန်ရစ်ခြင်းရဲ့
လမ်းတစ်လမ်း။
. စေ့စပ်သေချာစွာ တွေးခေါ်ရမယ့်
အကြောင်းတစ်ရပ်။

။ နှိုင်းယှဉ်သုံးသပ်ဖို့နဲ့
အခြေအနေကို စိစစ်အကဲဖြတ်ဖို့
သေသေချာချာ တွေးဆကြည့်ရမယ့်
အခြေခံအချက် ငါးခု ရှိတယ်။

၁) လမ်းစဉ်၊
၂) ပတ်ဝန်းကျင်၊
၃) နေရာ၊
၄) အမိန့်အာဏာ၊
၅) စည်းကမ်းနည်းလမ်း။

။ ၁) လမ်းစဉ်က
လူသားကို
အုပ်ချုပ်သူနဲ့
တစ်စိတ်တစ်သဘော
ဖြစ်စေတယ်။
နေအတူ သေအတူ ဖြစ်စေတယ်။
ဘယ်သော်မှ
ရှောင်ပြေးပုန်းတာမျိုး မဖြစ်ဘူး။

။ ၂) ပတ်ဝန်းကျင်က
သူ့အချင်းအရာနဲ့သူ
အအေးနဲ့အပူ
ရာသီစက်ဝန်း လှည့်ပတ်နေမှုပါပဲ။

။ ၃) နေရာက
နိမ့်မြင့်နဲ့အကျယ်အဝန်း
အနီးနဲ့အဝေး
စိုးရိမ်မှုနဲ့မစိုးရိမ်မှု
ဟင်းလင်းပြင်နဲ့ ကန့်သတ်မှုမြေသား
အသက်ရှင်ခြင်းနဲ့သေခြင်းတို့ပါပဲ။

။ ၄) အမိန့်အာဏာဆိုတာက
ဉာဏ်ပညာ
သစ္စာ
ကရုဏာ
ရဲစွမ်းသတ္တိ
တိကျပြတ်သားခြင်းပါပဲ။

။ ၅) စည်းကမ်းနည်းလမ်းဆိုတာက
စည်းလုံးရေး
ဆင့်ကဲတာဝန်ယူရေး
ဝတ္တရားခံယူတတ်မှုနဲ့
အသုံးအဆောင်များ
ထိန်းသိမ်းရေးတွေပါပဲ။

။ ဒီအချက်ငါးရပ်ကို
သိတယ်
သိမယ်
နားလည်မယ်
သိကြမယ်ဆိုရင်
ဆုတ်ယုတ်နစ်နာခြင်း မရှိပါ။

( ငယ်ငယ်က ကူးယူခဲ့ဖူးတဲ့မှတ်စု။)

တောင်ကလေးဆရာတော်
(၃.၃.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ကိုယ်တွေ့ဇရာ ။

။ ကိုယ်တွေ့ဇရာ ။
~~~~~~~~~~~~~

နိဒါန်း
။ ဇရာဆိုသော ဝေါဟာရကို ပိဋကတ်စာပေမှာ တွေ့ရှိမှုအကြိမ်ပေါင်း(၈၆၆)ရှိကြောင်း သိရှိရပါသည်။ အဘိဓာန်စကားအရ ဇရာကို ဆွေးမြေ့အိုမင်းရင့်ရော်ခြင်း၊အိုခြင်း၊အိုမင်းခြင်း၊ယွင်းယိုခြင်းဟု ဖွင့်ဆိုပါသည်။ သတ္တဝါတိုင်း၏တောင့်တသောဆန္ဒအမှန်က “ ငါတို့သည် ဇရာသဘောမရှိကြကုန်မူ ကောင်းလေစွ၊ဇရာသည် ငါတို့ထံမရောက်လာမူ ( မလာမူကား) ကောင်းလေစွ” ဟု ဇရာကိုတင်ပြခဲ့သောကျမ်းစာတို့က ပြခဲ့သည်။

ပြထားပါသည်
။ ဇရာသုတ္တနိဒ္ဒေသမှာ ” ဤအသက်သည် နည်းပါး၏၊တိုတောင်း၏၊အနှစ်တစ်ရာအတွင်း၌လည်း သေတတ်၏။အကယ်၍အနှစ်တစ်ရာအတွင်းကိုလွန်၍ အသက်ရှည်စေသော်( စေကာမူ)ထိုသို့အသက်တစ်ရာလွန်၍ အသက်ရှည်ငြားသော်လည်း ထိုသူသည် အိုသဖြင့်လည်း သေရ၏” ဟုပြထားပါသည်။

ခံစားတွေ့မြင်
။ ဤအရှင်ကိုယ်သည် အသက်(၆၀) ပြည့်နှစ်ရောက်သောအခါ ထင်ရှားသောခန္ဓာငါးပါးပြောင်းလဲမှုများကို သိရသည်။ ခန္ဓာငါးပါးသည် သဘာဝကျကျပြောင်းလဲနေသည်ကို အထင်အရှားခံစားရသည်။ မည်သို့မည်ပုံခံစားသိမြင်ရသည်ဆိုသည်မှာ ခန္ဓာငါးပါး၏ ဇရာပိုငျးပွောငျးလဲပုဲသညျ သိသာထင်ရှားစွာ ခံစားတွေ့မြင်ရသည်။

သိရသည်
။ ရင့်ရော်မှုဇရာနှင့်ပတ်သက်၍ စာပေကျမ်းဂန်ထဲကပြထားသည့်အတိုင်း ” သွား,ခြေသည်းလက်သည်းတို၏ကျိုးသည့်အဖြစ်၊ဆံပင်,မွေးညင်းတို့သည်ဖြူသည့်အဖြစ်၊အရေတွန့်သည့်အဖြစ်၊အသက်အရွယ်ဆုတ်ယုတ်လာခြင်းအဖြစ်” အထင်အရှားသိလာသည့်အပြင် မိမိရုပ်ခန္ဓာသည် ရင့်ရော်မှုများ အမျိုးမျိုးပြသည်။ ခံစားရသည်။ သိရသည်။

ပွင့်လင်းစွာ
။ ယင်းအဖြစ်မျိုးကို ခံစားသိမြင်ကြသူများ ရှိ,မရှိ၊တူ,မတူ အသက်အရွယ်ဖြစ်လာကြသူများကို မေးကြည့်သောအခါ အသက်ရရှိသူတိုင်းက ဇရာအကြောင်းကို ကိုယ်တွေ့သိမြင်ခံစားရသည့်အကြောင်းကို ပွင့်လင်းစွာ ရှင်းပြကြပါသည်။

ဝေဖန်ထားသည်
။ အနောက်နိုင်ငံသားအချို့လည်း ဇရာကို တင်ပြခဲကြသည်။ အရာဝတ္ထုမှန်သမျှ မကောင်းသဖြင့်ပြောင်းလဲကြောင်း၊သုခချမ်းသာအတွက်လည်း မကောင်းသဖြင့်ပြောင်းလဲကြောင်း၊ပေါက်ဖွားလာမှုမှန်သမျှအိုမင်းရင့်ရော်မှု၊သေဆုံးမှုတို့၏အကြောင်းဖြစ်ကြောင်း၊ဒုက္ခဖြင့်ချီတက်လေသမျှ အဘယ်မည်သောချမ်းသာမှုများ ရှိနိုင်အံ့ ‘ စသည်ဖြင့်ဝေဖန်ထားသည်ကိုတွေ့ရပါသည်။

အထင်အရှားသိမြင်
။ မှန်ပါသည် ၊ သတ္တဝါမှန်သမျှ ရုပ်ခန္ဓကိုယ်သည် အနာရောဂါဖြစ်လာရေးအတွက်သာ ရှိနေ၏။ ခန္ဓာကြီးသည် အနာရောဂါပေါက်ဖွားလာရာ မြေလွှာများနှင့်တူ၏။ ခန္ဓာငါးပါးသည် ဆင်းရဲခြင်းအစုအပုံဖြစ်သည်မှတစ်ပါး အခြားအဘယ်မှမဟုတ်ပါပြီ, ဆိုသည်ကို မိမိကိုယ်မိမိ အထင်အရှားသိမြင်ခဲ့ရသည်။

သံဝေဂဉာဏ်
။ နှစ်သက်ဖွယ်အာရုံနှင့်ပတ်သက်လျှင်လည်း ပွင့်လာသောပန်းများပမာသာဖြစ်၏။သည်အကြောင်းအရာကို ကိုယ်ပိုင်တွေ့မြင်ခံစားသိလာရသောအခါ ထိပါးပုတ်ခတ်မှုများ၊နာကျင်စွာခံစားရမှုများနှင့် မိမိ၏အသက်တည်ရှိရာကာလအပိုင်းအခြားကို ရှင်ပြီး၊ရှင်နေဆဲ၊ရှင်လတ္တံ့ခန္ဓာအကြောင်းကို သိုမှီးသိမ်းဆည်းထားရခြင်း မဖြစ်နိုင်မှုကို သိမြင်လာ၍ ခန္ဓာငါးပါးဆင်းရဲခြင်းကို သံဝေဂဉာဏ်မြဲစွာယူထားခဲ့ပါသည်။

မတောင့်တ
။ ရင့်ရော်မှုဇရာ၏သဘာဝကျကျဖောက်ပြန်ပြောင်းလဲပုံကို မျက်စိဖြင့်မမြင်ရသော်လည်း ကိုယ်ပိုင်ဆင်ခြင်သောဉာဏ်
ဖြင့် သိနိုင်ကြ၏။ ရေလေတို့ကြောင့်ပျက်စီးသောသစ်ရွက်တို့သည် ပျက်စီးရာလမ်းကြောင်း ထင်ရှားစွာမြင်ရသကဲ့သို့ ခန္ဓာကိုယ် ဣန္ဒြေကြီးရင့်ရော်လာမှုသည် သိသာစွာသိမြင်လာခဲ့ရသည်။ ထင်ရှားစွာရင့်ရော်မှု၊ကွယ်ဝှက်စွာရင့်ရော်မှု သိမြင်လာခဲ့ရသောကြောင့် မိမိသည် ခန္ဓာအဖန်ဖန်ရရှိနေခြင်းကို မတောင့်တမိပြီ။

ရေးသားခဲ့
။ အရှင်သည် ယခုအသက်(၆၅) နှစ်ရောက်လာသောအခါ အရှင်ခန္ဓာသည် အဝိ
စိဇရာ( အကြားမရှိသောဇရာ) နှင့် သဝိစိဇရာ( အကြားရှိသောဇရာ) တို့၏သဘောကို အထင်အရှားပိုမြင်လာခဲ့ရ၏။ ယခုစာရိုက်နေသောအချိန်သည် မိမိ၏ရုပ်ဇရာဖြစ်တည်မျိးကို သိသာထင်ရှားစွာ ဝေဒနာခံစားနေရ၏။ ဖြစ်တတ်သောဇရာကို ကိုယ်တိုင်ခံစားသိမြင်လာခဲ့သည်ကြောင့် ငြိမ်သက်သွာဆင်ခြင်ပွားများလျက် စာလုံးဖြစ်လာအောင် ရေးခဲ့လေ၏။

သတိပြန်ထား
။ ဇရာ၏လက္ခဏာသည်
၁) ခန္ဓာငါးပါး၏ ရင့်ကျက်ခြင်းလက္ခဏာ၊
၂) သေ့ခြင်းသို့ ရှေးရှုခြင်းလက္ခဏာ၊
၃) အရွယ်ကိုဖျက်ဆီးခြင်း အခြင်းအရာသာရှိသည်ကြောင့် သိမြင်ထားပါသည်။ မနေ့က အသက်(၁၈) နှစ်သားအရွယ်ကဓာတ်ပုံကိုပြန်တွေ့မိ၍ မိမိပုံသည် ချစ်မြတ်နိုးဖွယ်ရာပါတည်းဟု နှလုံးသွင်းမိပြီး ‘ အော် ပုံပြောင်းနေပါပြီပေါ့လား’ ဟူ၍ သတိပြန်ထားမိနေသည်။

ဇရာဒုက္ခ
။ ဇရာသည် ဒုက္ခ၏အကြောင်းရင်းဖြစ်သောတရား၊ကိုယ်,စိတ်ဆင်းရဲခြင်း၏ အကြောင်းရင်းတရားဖြစ်သည်။ မိမိသည် လှည်းအိုကြီးပမာကဲ့သို့ အင်အားနည်းလာသည်။ မတ်တတ်ရပ်ဖို့ ၊ လမ်းလျှောက်ဖို့အတွက် ကြီးစွာသောဒုက္ခဖြစ်လာသည်။ တပည့်ဒါယကာ သို့မဟုတ် သားသမီးများက မိမိ၏စကားကိုမမှတ်မသား အရေးမထားလာပြန်သော် စိတ်ဆင်းရဲခြင်း စေတသိကဒုက္ခဖြစ်လာရ၏။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းသည် ” ဇရာဒုက္ခ” ဟူ၍သိထားရမည်ဖြစ်၏။

ဇရာဟူသမျှ
။ အရှင်သည် ကိုယ်လက်အင်္ဂါများ သိသိသာသာလျော့ကျလာနေသည်မှာ ပိုထင်ရှားသည်။ ဣန္ဒြေအမျိုးမျိုးဖောက်ပြန်လာနေသည်ကြောင့် အရွယ်၊သတိ ချို့ယွင်းပျက်ပြားလာနေကြောင်းကို သိလာရသည်။ မေ့တတ်လာကြောင်းကို သိလာသည်။ နောက်ဆုံး၌ ဇရာဟူသမျှ ” ဒုက္ခ” ဖြစ်နေတော့၏။

။ နိဂုံး
ငါ ဟူသော (မာန)
ငါ၏ဥစ္စာဟူသော (တဏှာ)
ငါ၏အတ္တ(ဒိဋ္ဌိ) ဟူသော အတွေးစိတ်ဟူသမျှမှာ ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဏ်တို့ကို စွဲလမ်းမှီတွယ်ပြီးဖြစ်ပေါ်လာသည့် အတွေးတို့သည်သာ ဖြစ်သည်။ စင်စစ် ဇရာကို ယိုးမယ်ဖွဲ့၍ မရပါကြောင်း သိထားနေပါပြီ။

တောင်ကလေးဆရာတော်
(၂.၃.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပြီးသော အရိယာသောတာပန်ပုဂ္ဂိုလ်ဟူသည် ။

။ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပြီးသော အရိယာသောတာပန်ပုဂ္ဂိုလ်ဟူသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နိဒါန်း

။ လူတိုင်းသောတာပန်ဖြစ်နိုင်သည်။ သောတာပန်မဖြစ်နိုင်ကြဟူ၍ မည်သူမှတားဆီးခွင့်မရှိ။(မရ) သောတာပန်ဖြစ်ရန်ကို ကြိုးစားကြသည်။ သောတာပန်ဖြစ်လျှင် အပါယ်လေးဘုံတို့မှလည်း လွတ်မြောက်ရပြီ။

သိမြင်သူ

။ သောတာပန်ပုဂ္ဂိုလ်သည်
၁) မှားယွင်းစွာ ယူဆမှုအမြင်၊
( သက္ကာယဒိဋ္ဌိ)
၂) ယုံမှားသံသယဖြစ်မှု၊
( ဝိစိကိစ်ဆာ)
၃) မှားယွင်းစွာ သုံးသပ်ယူဆမှု၊
(သီလဗ္ဗတပရာမာသ) ဤတရားသုံးပါးကို သိမြင်ထားသူဖြစ်သည်။( နားလည်သည်။)

အပါယ်လွတ်သူ

။ အပါယ်လေးပါးလွတ်မြောက်ကြသူတို့သည်
၁) ဘုရား၊ရုပ်ပွားတော်၊စေတီတော်တို့ကို ရိုသေလေးစားသည်။
၂) တရားတော်ကို ရိုသေလေးမြတ်သည်။
၃) သံဃာတော်ကို ရိုသေလေးမြတ်သည်။
၄) ကိုယ်ကျင့်တရားကို ရိုသေလေးမြတ်သည်။
၅) မကျူးလွန်ထိုက်သော အရာမျိုးကို မကျူးလွန်။
၆) ရှစ်ကြိမ်မြောက်ဘဝမှာ ပဋိသန္ဓေမယူ, ဟု ( အဘိဌာန = ကြမ်းတမ်းရုန့်ရင်းသော အမှုအပြစ် ၆ ပါး) သိရသည်။

တစ်နည်း

။ တစ်နည်းအားဖြင့်လည်း
၁) မိခင်သတ်မှု မကျူးလွန်၊
၂) ဖခင်သတ်မှု မကျူးလွန်၊
၃) ရဟန္တာသတ်မှု မကျူးလွန်၊
၄) ဘုရားကို သွေးစိမ်းတည်အောင် မကျူးလွန်၊
၅) သံဃာသင်းကွဲအောင် မကျူးလွန်၊
၆) ဘုရားမှတစ်ပါး အခြားတစ်ပါးသောကိုးကွယ်မှု မဖြစ်နိုင်, ဟူ၍လည်း တွေ့ရသည်။

မိမိအပြစ်ကိုမဖုံးကွယ်သူ

။ ဤမျှမက သောတာပန်ပုဂ္ဂိုလ်သည် ကိုယ်နှုတ်စိတ်တို့ဖြင့် မကောင်းသောအပြစ်တို့ကိုမပြု။ကျူးလွန်မိလျှင်လည်း မိမိပြုသောမကောင်းမှုကို ကွယ်ကာဖုံးဝှက်ထားသူမဖြစ်နိုင်။မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပြီးသော အရိယာသောတာပန်သည် မိမိပြုသောအပြစ်တို့ကို မဖုံးကွယ်ထိုက်သူဖြစ်ကြောင်း မြတ်ဗုဒ္ဓမိန့်ခဲ့သည်မှာ အထင်အရှားရှိခဲ့သည်။

မဟာစည်ဆရာတော်အမြင်

။ ထို့ကြောင့် သောတာပန်သည်
( အဲဒီလို … ရုပ်နာမ်သင်္ခါရချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို အရိယမဂ်ဉာဏ်ဖြင့်တွေ့မြင်သွားတယ်။ အောက်ထစ်ဆုံး သောတာပတ္တိမဂ်ဉာဏ်ဖြင့် တွေ့မြင်သွားရင် အပါယ်လေးပါးကျစေနိုင်လောက်အောင် ပြင်းထန်တဲ့ကိလေသာကာမတွေ လုံးဝငြိမ်းသွားတယ်။ အဲဒါကို ဘယ်လိုလုပ်ပြီး သိရမလဲဆိုရင် ဘယ်ကိလေသာကိုမှမပယ်ရသေးတဲ့ ပုထုဇဉ်တွေမှာ အလိုရှိတဲ့ကာမဂုဏ်တွေကို ရအောင်သတ်နိုင်တယ်၊ခိုးနိုင်တယ်၊လိမ်နိုင်တယ်၊သောတာပန်မှာတော့ အဲဒီလိုကာမဂုဏ်ရအောင် မသတ်နိုင်တော့ဘူး။ မခိုးနိုင်၊မလိမ်နိုင်တော့ဘူး၊ အဲဒါဟာ သူ့သဘောရင်းအတိုင်းပင် ပြင်းထန်တဲ့ ကိလေသာတွေ ငြိမ်းနေလို့ပါပဲ။
( ကာမသုတ္တန်တရားတော်၊ မဟာစည်ဆရာတော်)

အထင်အရှားသိမြင်

။ ထို့ကြောင့် သောတာပန်မှန်လျှင်
၁) အသက်သတ်ခိုင်းလျှင် မသတ်တော့ပါ။
၂) ခိုးခိုင်းလျှင်လည်း မခိုးတော့ပါ။
၃) ခိုးမိရင်လည်း ခိုးပါကြောင်း လိမ်မပြောတော့ပါကြောင်း သာဓကရှိပါသည်။ ကာမကိလေသာငြိမ်းသူတို့၏ဖြစ်စဉ်အကြောင်းကို သိမြင်လိုလျှင် ဝိပဿနာဉာဏ်ပညာဖြင့် ကိလေသာတွေမည်သို့ပယ်သတ်နိုင်ကြမည်ကို သတိပဋ္ဌာန်တရားလေးပါးကို ပွားများကြလျှင် အထင်အရှားသိမြင်နိုင်သည်သာဖြစ်သည်။

သိနိုင်ကြမည်

။ ထိုကြောင့် ယနေ့ယခုကာလတွင် သောတာပန်ဖြစ်ခြင်းနှင့်ပတ်သက်၍ ယူဆချက်အမျိုးမျိုးဆိုကြပြောနေကြ၍ သောတာပန်သည် မည်သို့သောပုဂ္ဂိုလ်များဖြစ်ကြောင်း သိနိုင်ကြမည်ဖြစ်သည်။

ချီးမွမ်းအပ်သူ

။ နိဂုံးချုပ်ရသော် သောတာပန်ပုဂ္ဂိုလ်သည် မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပြီးသော အရိယာသောတာပန်သည်သာ ချီးမွမ်းအပ်သူဟူ၍ ဆိုရမည်ဖြစ်လေသတည်း။

တောင်ကလေးဆရာတော်
(၁.၃.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ဥပါယာသ ။

။ ဥပါယာသ ။
~~~~~~~~~
( ဥပ+အာယသ+ဥ)
သည်စကားရဲ့အဓိပ္ပာယ်ကို

. ပြင်းစွာဖြစ်သောဒေါသ၊
. လွန်စွာပူပန်ခြင်း၊
. အတိုင်းထက်အလွန် စိတ်ပင်ပန်းခြင်း
ဆိုပြီးတော့ အဘိဓာန်ဆရာတွေက
ဖွင့်ဆိုထားပါတယ်။

။ မိမိပိုင်ဆိုင်ထားကြတဲ့
စည်းစိမ်ဥစ္စာတွေထဲက
အကြောင်းမဲ့တစ်ခုခုနဲ့
ပျက်စီးယိုယွင်းသွားတဲ့အခါ
ပြင်းပြင်းထန်ထန်
ခံစားနေရတဲ့ဒေါသစိတ်ဟာ
” ဥပါယာသ” လို့ခေါ်ပါတယ်။

။ သာမန်ဒေါသစိတ်ဟာ
ကြမ်းတမ်းနေတာ
သတ်ချင်ဖြတ်ချင်တာတွေပဲ
ဖြစ်နေတာပါ
ဥပါယာသစိတ်နဲ့မတူပါ။

။ ဥပါယာသစိတ်က
စိတ်ပူပန်တယ်
တစ်ကိုယ်လုံးထူပူပြီး
မေ့မေ့မြောမြောနဲ့
အပူလုံးဆို့တက်ပြီး
မေ့မြောတတ်တယ်။

။ ငိုချင်ပေမယ့်
ငိုမထွက်ဘဲ
အပူလုံးဆို့တက်သလိုပေါ့။

။ ဒါကြောင့် ဥပါယာသစိတ်ဟာ
သောကစိတ်
ပရိဒေဝစိတ်တွေထက်
အပူပြင်းတယ်။

။ ဥပါယာသဟာ
စိတ်အားငယ်တတ်တဲ့သူတွေ
သူတစ်ပါးကို
အားကိုးယုံကြည်နေတတ်ကြတဲ့သူတွေ
များသောအားဖြင့်
အမျိုးသမီးတွေက
ဖြစ်တတ်ကြတာများပါတယ်။
( မဟာဂန္ဓာရုံဆရာတော်)

။ ဒါကြောင့် မနေ့ကရောက်လာတဲ့
ဒါယိကာမတစ်ဦးရဲ့
ဥပါယာသစိတ်ဖြစ်ပုံလေးတွေကို
မြင်တွေ့ရလို့
ဥပါယာသစိတ်ဟာ
သောက,ပရိဒေဝထက်
ပိုပိုပြီးပြင်းထန်နေတယ်ပါလားဆိုတာကို
သတိထားမိပါလေရဲ့။

။ ကိုင်း တို့တပည့်တွေ
၁) စိတ်အားမငယ်
၂) မိမိကိုယ်သာအားထားပြီး
ပျော်ပျော်ရွှင်ရွှင်နဲ့
သတိတရားနဲ့နေနိုင်ပါစေလို့
သတိပေးပါတယ်။

တောင်ကလေးဆရာတော်
(၂၇.၂.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

Attachment in love is greed,Attachment in hatred is anger.

Attachment in love is greed,
Attachment in hatred is anger.

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သံသရာကြွေး ။

။ သံသရာကြွေး ။
~~~~~~~~~~~~
။ သံသရာကြွေးဆိုတာဟာ
သံသရာထဲမှာရှိနေကြတဲ့
သက်ရှိတို့ရဲ့အကြွေးကို
ဆိုလိုပါတယ်။

။ ဒီအကြွေးကို
ဘယ်လိုများ
ပေါ်ပေါက်လာခဲ့ရသလဲဆိုရင်
ကာမဂုဏ်ကျူးလွန်မှုနဲ့
မကောင်းသောကံအစွဲတွေကြောင့်
ဖြစ်လာတာပါ။

။ သည်ကံအကြွေးများကြောင့်
သက်ရှိတွေဟာ
ပြန်ဆပ်ခြင်းကို
မလွဲမသွေ ကြုံရပါမယ်။

။ တရားသဘောအရ
သံသရာကြွေးကို
၁) ကာမအကြွေး
လူသားအနေနဲ့
လိုချင်မှုတို့ကြောင့်
မကောင်းသောကံတွေ
ပြုမိကြလေ့ရှိတယ်။

။ ဥပမာ = တစ်ဦးတစ်ယောက်ကို
ဖျက်ဆီးမိတာ
သူ့ဥစ္စာကိုခိုးယူမိတာ
သူ့အပေါ်ကိုသစ္စာဖောက်တာ
စတာတွေဟာ
သံသရာအကြွေးတွေ
ဖြစ်လာတာပါ။

၂) စိတ်ပိုင်းဆိုင်ရာ
အကြွေးနဲ့ကတော့
မနာလိုမှု
သဘောမတူမှု
အမြင်မှားမှုတွေကြောင့်
သံသရာအတွင်း
ပြန်ဆုံပြန်တွေ့ကြတယ်။

။ ဥပမာ ရန်ငြိုးထားကြတဲ့သူနှစ်ဦးဟာ
မတူကြတဲ့ဘဝတွေမှာ
ချစ်ကြတဲ့သူတွေ
ပြန်ဖြစ်လာနိုင်ကြပါတယ်။

၃) သံသရာကြွေး
ပြန်ဆပ်တာနဲ့ပတ်သက်ရင်

. သူ့အား
ကျေးဇူးတင်မှုဖြင့်
ပြန်ဆပ်ရမယ်။
. မျှတမှုဖြင့်
အကြွေးကို ပြန်ဆပ်ရမယ်။
. ပင်ပန်းဝမ်းနည်းမှုဖြင့်
သူ့အားပြန်ဆပ်ရမယ်။
. မည်သည့်နည်းဖြင့်မဆို
သူ့ရဲ့အကြွေးကိုပြန်ဆပ်နိုင်တဲ့သူဟာ
သံသရာအကြွေး
နည်းပါးကြပြီး
ဘဝခရီးလမ်း
ဖြောင့်တန်းအေးချမ်းသွားမှာပါ။

။ သည်းခံခြင်းနဲ့
ခွင့်လွှတ်ခြင်းနဲ့
နားလည်မှုနဲ့
အတူတူဆုံကြရတဲ့
သည်လောကအလယ်မှာ
သူ့ကြွေးသူဆပ်
ကိုယ့်ကြွေးကိုယ်ဆပ်ရင်းနဲ့ပဲ
ခွဲခွာကြခြင်းပါပဲလေ။

။ အဲဒီတော့
သံသရာရှည်
သံသရာလည်
သံသရာမှာ
သူသူငါငါ
အကြွေးပေးဆပ်ကြခြင်းနဲ့
စိတ်အေးချမ်းခြင်းနဲ့
ရှိသောအကြွေးတွေ
ရှင်းလင်းနိုင်ကြပါစေလို့ပါပဲ
တပည့်တို့ရေ။

။ ရေးခဲ့တဲ့စာထဲမှာ
( မယ်နုအုတ်ကျောင်းစာအုပ်မှာ)
” သူ့ကြွေးရှိရင်ဆပ်ရမည်” တဲ့?
တပည့်တို့ရေ။

။ ဒါကြောင့်
ငြောင့်တံသင်းနဲ့တူပါသော
ဘဝအကြွေး
ကံအကြွေး
ဝဋ်အကြွေးတွေကို
ဆင်ခြင်နားလည်နိုင်ကြပါစေလေ။

တောင်ကလေးဆရာတော်
(၁၇.၂.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ တပို့တွဲလပြည့်နေ့ ။

။ တပို့တွဲလပြည့်နေ့ ။
~~~~~~~~~~~~~~~

နိဒါန်း

။ မနေ့က တပို့တွဲလပြည့်နေ့ဖြစ်ပါတယ်။ လပြည့်နေ့မှာ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့နေရာတိုင်းမှာ ကောင်းမှုကုသိုလ်တွေပြုကြပါတယ်။ အရှင်တို့အရှေ့ပိုးကရင်တိုင်းရင်းသား၊ဗုဒ္ဓဘာသာဝင်တွေအများစုက (စူဠာမဏိစေတီတော်) ကိုရည်မှတ်(ရည်မှန်း) ပြီး မိမိတို့မိဘဘိုးဘွားကြည်ညိုပူဇော်လာခဲ့ကြတဲ့( မီးပုံပူဇော်ပွဲ) မီးပူဇော်ပွဲကျင်းပါပြုလုပ်ကြပါတယ်။

ဗုဒ္ဓဘာသာရေးအရ

။ ဗုဒ္ဓဘာသာရေးအရ တပို့တွဲလပြည့်နေ့ဟာ
၁) ရှင်သာရိပုတ္တရာရဟန္တာဖြစ်တဲ့နေ့၊
၂) ရှင်သာရိပုတ္တရာနဲ့ရှင်မဟာမောဂ္ဂလန်
ဧတဒဂ်ဘွဲ့ထူးရတဲ့နေ့၊
၃) အင်္ဂါလေးရပ်နဲ့ပြည့်စုံတဲ့ရဟန်းပရိတ်သတ်များ အလိုအလျောက်စုမိကြတဲ့နေ့ဖြစ်ခြင်းနဲ့
၄) ဘုရားရှင်တိုင်းရဲ့ ” သြဝါဒပါတိမောက္ခ”
ပြတော်မူတဲ့နေ့ဖြစ်ခြင်း ဖြစ်တဲ့နေ့ပါပဲ။

ဩဝါဒပါတိမောက္ခ

။ ” သြဝါဒပါတိမောက္ခ” ဆိုတာ အပါယ်ဆင်းရဲဘေးမှကင်းဝေးစေသောအဆုံးအမ( ဩဝါဒ) ပါ။

ပထမဂါထာ( ပါဠိဘာသာ)

၁) ခန္တီပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန်ဒိဗုဒ်ဓါ။
နဟိ ဗဗ္ဗဇိတော ပရူပဃာတီ၊
န သမဏော ဟောတိ ပရံ ဝိဝေဌယန္တော။

( မြန်မာဘာသာ)

လွန်စွာချုပ်တည်းမှုဟူသော
သည်းခံခြင်းသည်၊အလွန်မြတ်သော
အကျင့်ပေတည်း။
နိဗ္ဗာန်တရားကိုအမြတ်ဆုံးဟူ၍
ဘုရားရှင်တို့ဟောတော်မူကုန်၏။
သူတပါးကိုသတ်သောသူသည်
စိတ်အညစ်အကြေးကိုနှင်ထုတ်သူမဟုတ်။
သူတပါးကိုညှဉ်းဆဲသောသူသည်
မကောင်းမှုကိုငြိမ်းစေသူမဟုတ်။

ဒုတိယဂါထာ( ပါဠိဘာသာ)
၂) သဗဗှပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ်ဓါန သာသနံ ။

(မြန်မာဘာသာ)

မကောင်းမှုဟူသမျှ မလုပ်ရာ။
ကောင်းမှုဟူသမျှကိုပြည့်စုံစေရာ၏။
မိမိစိတ်ကိုသန့်ရှင်းဖြူစင်စေရာ၏။
ဤသည်ကားဘုရားရှင်တို့၏အဆုံးအမတော်ပေတည်း။

တတိယဂါထာ( ပါဠိဘာသာ)

၃) အနူပဝါဒေါ အနူပဃာတော၊
ပါတိမောက္ခစ သံဝရော။
မတ်တညုတာစ ဘတ်တသ်မိံ၊
ပန္တဉ္စ သယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ၊
ဧတံ ဗုဒ်ဓါန သာသနံ။

( မြန်မာဘာသာ)

သူတပါးကို မစွပ်စွဲမပြစ်မှားရာ။
သူတပါးကို မညှင်းစဲ မနှိပ်စက်ရာ။
မြတ်သောသီလ၌စောင့်စည်းလုံခြုံရာ၏။
စားသုံးဖွယ်၌ပမာဏကိုသိရာ၏။
အစွန်အဖျားကျောင်းအိပ်ရာ၌နေရာ၏။
ထူးမြတ်သောစိတ်၌လွန်စွာအားထုတ်ရာ၏။
ဤသည်ကားဘုရားရှင်တို့၏အဆုံးအမတော်ပေတည်း, လို့လေ့လာမှတ်သားခဲ့ရပါတယ်။

တပို့တွဲလအမည်

။ တပို့တွဲလအမည်ကို ရှေးခေတ်က( တံပိုးတွဲ) (တပိုဝ်တွဲ)( ကျောက်စာမှာတော့ တပိုင်ထွဲ၊တပိုင်တွဲ၊တပိုင်တွယ်၊တပို့ထွယ်) လို့ရေးကြ၊ခေါ်ကြပါတယ်။ သည်ဘက်နောက်ပိုင်းမှာတော့ ” တပို့တွဲ” လို့ပဲရေးသားကြတော့တာကို မြင်ရတယ်။ မြန်မာ(၁၂) လရာသီအညွှန်းမှာတော့ ထန်းဖူးထန်းခိုင်များတွဲကျ( တွဲညွတ်) နေတဲ့ရာသီလလို့ပဲခေါ်ကြတာပါ။

ရာသီအလို

။ ရာသီမှာ မာဃနက္ခတ်စန်းနဲ့ယှဉ်ပြီးတော့ ရာသီရုပ်မှာတော့ ရေထမ်းသမားပုံပါပဲ။ အထိမ်းအမှတ်ပန်းကတော့ ပေါက်ပန်း( Buteamonosperma) လဲပွင့်၊လက်ပံပွင့်တွေပါပဲ။ထမင်းနှဲပွဲကျင်းပကြတဲ့လပါပဲ။ နံနက်(၆:၂၀)မှနေထွက်တာပါ။ ညနေဆိုရင်(၅:၄၀) မိနစ်ရောက်မှနေဝင်တာပါ။ညတာမှာ နေ့တာထက်ပိုရှည်ပါတယ်။ ရက်မစုံ၊လကွယ်ဖြစ်လို့(၂၉) ရက်သာရှိပါတယ်။

ကျန်းမာကြပါစေ

( ကိုးကား မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

တောင်ကလေးဆရာတော်
(၁၃.၂.၂၀၂၅) ရက်နေ့။

Loading