Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၃၅)

နိုင်ငံရေးကို ယုံကြည်ချက်ထားမှန်ရင် ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေး လူသားအတွက် တည်ဆောက်ပေးနိုင်ပါတယ်။

ဘယ်ကျင့်စဉ်ရောက်မှ လွတ်မြောက်နိုင်မလဲ

ယနေ့ ကမ္ဘာမှာ နိုင်ငံရေးမျက်နှာစာတွေ အမျိုးမျိုး ပြောင်းလဲလာပါပြီ။ ငြိမ်းချမ်း ရေးနဲ့ လွတ်မြောက်ရေးအတွက် နားလည်လာကြပါပြီ။ ငြိမ်းချမ်းတဲ့ လောကသားဘဝ ရောက်အောင် (ရပိုင်ခွင့်၊ ခံစားပိုင်ခွင့် ရောက်အောင်) လွတ်လပ်ခွင့်၊ မျှတခွင့်၊ ညီမျှခွင့်တွေ ကို စနစ်ကျကျ နေထိုင်စားသောက်နိုင်ကြပြီ။ လွတ်လပ်မှုကို အလိုရှိကြတဲ့ အသိစိတ်ဟာ အကျင့်ကောင်း၊ အကျင့်မြတ်တရား ရရန်(ရဖို့) အခြေခံရပိုင်ခွင့်လို့ ခေါ်နိုင်ပါတယ်။ လူတွေ ဟာ မလေးစားခြင်းကို အလွန် ရွံမုန်းကြပါတယ်။ လေးစားမှုရှိခြင်းကို တန်ဖိုးထားကြတယ်။ လူတွေ တန်ဖိုးထားတဲ့အရာတိုင်းဟာ ဘယ်အရေးမဆို မြင့်မားမှုဖြစ်လာတာပါပဲ။ လူမှုဘဝကို ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးကျင့်စဉ် မပါရင် ဆင်းရဲခြင်း လွတ်ကင်းနိုင်မှာ မဟုတ်ပါ။ ဆင်းရဲခြင်းကို အလိုရှိခြင်းကြောင့် ဆင်းရဲမှုကင်းခြင်း မရနိုင်ပါ။ ဆင်းရဲခြင်း လွတ်မြောက် သော ဘဝဟာ ဘယ်ကျင့်စဉ်ရောက်မှ လွတ်မြောက်နိုင်မလဲ ဆိုတာ စဉ်းစားမိကြမှာပါ။

အမြတ်ဆုံးစိတ်ဓာတ်နဲ့ လုပ်ကျွေးတဲ့သူ

ဒီနေ့ ယုံကြည်စိတ်တွေ ထားပြီး နိုင်ငံရေးအလုပ်တွေ စုပေါင်းပြီး လုပ်နေကြတယ်။ ပစ္စည်းရဖို့၊ ဥစ္စာတိုးဖို့၊ ရာထူးကြီးဖို့၊ ဂုဏ်သတင်းကျော်ဖို့ မဟုတ်တဲ့ ရည်ရွယ်ချက်ထားတဲ့ နိုင်ငံရေးကို အများအကျိုးတာဝန်ကို ဦးဆောင်လုပ်နေတဲ့သူအဖြစ် သတ်မှတ်နေပြီ ဆိုကြ ပါစို့။ မိမိရဲ့လုပ်ငန်းတာဝန်ဟာ ပြည်သူ့ရေးရာ ဖွံ့ဖြိုးဖူလုံရေးအတွက် လုပ်ခဲ့ရတဲ့အလုပ်ကို လုပ်နေရပြီလို့ မှတ်ပါ။ အလွန် ကံကောင်းခြင်းကြောင့် ပြည်သူ့အကျိုးကို သယ်ဆောင် အားထုတ်ရသူအဖြစ် ဖြစ်ပြီလို့သာ မှတ်ပါ။ မွန်မြတ်တဲ့ စွန့်လွှတ်နစ်နာခံခြင်း အမျိုးမျိုးနဲ့ လုပ်ဆောင်ရတဲ့ ဘဝပါရမီနိုင်ငံရေးကို ကျေနပ်မှုပေါင်းစိတ်တွေ၊ ဝမ်းမြောက်အားရမှုပေါင်း စိတ်တွေ၊ ဖြစ်ခွင့်ကြုံရတဲ့ ဘဝရှိသူလို့ မှတ်ယူထိုက်ပါတယ်။ ယနေ့ ကမ္ဘာ့ဖြစ်စဉ်တွေကို ကြည့်ရင် တင်းမာမှုတွေ၊ တိုက်ခိုက်မှုတွေ၊ မကျေနပ်မှုတွေ၊ သိမ်းပိုက်မှုတွေ အလွန်ခေတ်ထ၊ ခေတ်စားလာတဲ့ကာလမှာ မိမိ ကိုယ်ပိုင်အတတ်ပညာရပ်နဲ့ လူထုအားအလုပ်အကျွေးပြုခွင့် ရခဲ့တာဟာ အမြတ်ဆုံးစိတ်ဓာတ်အစွမ်းတွေ ရခဲ့တယ်လို့ပဲ မှတ်ရမယ်။ ဆင်းရဲချမ်းသာ အများသူငါ အလုပ်အကျွေးခွင့်ကို အမြတ်ဆုံးစိတ်ဓာတ်နဲ့ လုပ်ကျွေးမှုရခဲ့တာကြောင့် လူမှုဘဝ နိုင်ငံရေးလောကအတွက် ကောင်းကျိုးလိုရာဆန္ဒများ အထွတ်အထိပ်သို့ ရောက်သွားပါပြီ။

လိုအင်မှု မပြည့်စုံလို့

သတ္တဝါတွေအကျိုးကို အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားတဲ့သူဟာ အလွန် ရှားပါးပါတယ်။ ယနေ့ ထိပ်တန်းရောက်တဲ့သူတွေကို ကြည့်ပါ။ အရည်အချင်း ပြည့်ဝလို့သာ ထိပ်တန်းရောက်နေကြတာပါ။ ထိပ်တန်းမရောက်ဘဲ သတ္တဝါတွေရဲ့ အကျိုးကို မသယ်ပိုးနိုင် ပါ။ ဘဝများစွာ မသယ်ပိုးနိုင်ပါ။ ဘဝများစွာ၊ သတ္တဝါများစွာ၊ အကျိုးများစွာ အရည်အချင်း အပြည့်အဝနဲ့ ကြိုးစားလုပ်ဆောင် အားထုတ်နိုင်တဲ့သူဟာ ငြိမ်ချမ်းရေးကို ပေးသူ၊ လွတ် မြောက်ရေးကို တည်ဆောက်ပေးတဲ့သူလို့ ဆိုနိုင်ပါတယ်။ ယနေ့ ကမ္ဘာ့လူသား (သတ္တဝါ) တွေဟာ ပြိုင်ဆိုင်မှု၊ မမျှတမှု၊ မိမိကိုယ်စိတ်တွေကို မထိန်းသိမ်းနိုင်မှု ဖြစ်နေကြတာဟာ လိုအပ်ချက်မြားမြောင်မှု ရှိကြလို့ပါ။ လိုအပ်ချက်များ၊ လိုအင်မှုများ မပြည့်စုံလို့ လိုရာအားလုံး မပြီးမြောက်နိုင်ပါ။ ချို့ယွင်းချက်များစွာ ဖြစ်နေရခြင်းအပေါ် သတ္တဝါတွေအမျိုးမျိုး ဖြစ်ပျက် မဆုံး ဖြစ်နေကြရတာပါ။

ဆင်းရဲမှုအားလုံးကို လွတ်ကင်းဖို့

အရှင်တို့ နေထိုင်တဲ့ မြန်မာပြည်ဟာ သီလကင်းမဲ့တဲ့ တိုင်းပြည် မဟုတ်ပါ။ အတ္တဝါဒ အယူရှိကြတဲ့တိုင်းပြည် မဟုတ်ပါ။ အာဏာတန်ခိုးကြီးချင်တဲ့တိုင်းပြည် မဟုတ်ပါ။ သီလ (ကိုယ်ကျင့်) စင်ကြယ်ရေးအဖြစ် တည်ထောင်ထားတဲ့ တိုင်းပြည်ဖြစ်လို့ ငြိမ်းချမ်းသော တိုင်းပြည်ကြီးတစ်ပြည်ပါ။ အကျင့်ကောင်းတရားနဲ့ အခြေခံထားတာကြောင့် အရာရာ ပြည့်စုံ သော တိုင်းပြည်တစ်ပြည်ပါ။ လူသားကောင်းကျိုးပြုအလုပ်ကို စုပေါင်းလုပ်ကိုင်ခွင့် (လုပ် ကိုင်မှု)ကို ရကြတဲ့ မြန်မာပြည်သားတွေဟာ မိမိရဲ့ တိုင်းပြည်ကို အရာခပ်သိမ်း ပြည့်စုံမှု၊ ပြည့်ဝသော တိုင်းပြည်ကြီး၊ အခြံအရံအားလုံးကို မည်သို့ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာကို ဆင်ခြင်စဉ်းစားကြပါ။ အရှင်တို့ဟာ မစုရုံးနိုင်လို့၊ မစုစည်းနိုင်လို့၊ မပေါင်း ဖက်နိုင်ကြလို့၊ မရိုသေနိုင်ကြလို့၊ မမြတ်နိုးနိုင်ကြလို့၊ မုန်းတီးမှုအာဃာတစိတ်တွေနဲ့ နေထိုင် ကြလို့ မဟုတ်ဘဲ ခပ်သိမ်းသော အရာဝတ္ထု ဟူသမျှ (အားလုံး)ကို လိုလိုလားလား စွန့်လွှတ် လေ့ကျင့်ထားကြတဲ့သူတွေပါ။ လူသားကောင်းမှု၊ လူသားကောင်းကျိုးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့သူဟာ မိမိရဲ့ ရပိုင်ခွင့် အခွင့်အရေးအားလုံးကို စွန့်လွှတ်ရမယ်။ စွန့်လွှတ်ရတဲ့ ဒီလိုဘဝမျိုးကို အားထုတ်ကြိုးစား လုပ်ကိုင်ရမယ်။ ဒီလိုဘဝမျိုး ကြိုးစားအားထုတ်ခွင့် ရကြတာဟာ ဆင်းရဲမှုအားလုံးကို လွတ်ကင်းဖို့ပဲ ဖြစ်ပါတယ်။

ယှဉ်ပြိုင်လို့ အောင်မြင်တဲ့အလုပ်

ဆင်းရဲမှုအမျိုးမျိုးကို သနားခြင်းတရားနဲ့ ဖြည့်ဆည်းပေးရမယ့်အလုပ်ဟာ လူသား အားလုံးတို့နဲ့ သက်ဆိုင်ပါတယ်။ ဆင်းရဲရေးကို အရေးဆိုတဲ့သူတွေကို သနားကြင်နာမှုအရေးနဲ့ အရေးပြိုင်ဆိုင်ရမှာပဲ။ ထိပ်တိုက်ရင်ဆိုင်ရေးမဟုတ်တဲ့ သည်းခံရေးနဲ့ ပြိုင်ဆိုင်ရင် အနိုင်လို့ မဆိုတဲ့အောင်မြင်မှု ရကြမှာပါပဲ။ ယှဉ်ပြိုင်လို့ အနိုင်ရတဲ့ အလုပ်ဟာ နိုင်ငံရေးလောကမှာ မရှိပါဘူး။ ယှဉ်ပြိုင်လို့ အောင်မြင်တဲ့အလုပ်ပဲ ရှိပါတယ်။

မအောင်မြင်စရာ မရှိပါ

ရင်ဆိုင်ယှဉ်ပြိုင်ခြင်းလို့ ဆိုရပေမယ့် လူသားကောင်းမှု၊ လူသားကောင်းကျိုးလုပ်ငန်း အတွက်နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရတဲ့အလုပ်ဟာ ဂုဏ်ပြုချီးမွမ်းစရာ အလုပ်ပါ။ ရန်ပွဲအလုပ်မဟုတ် ပါ။ တိုက်ခိုက်ဆန့်ကျင်တဲ့ပွဲ မဟုတ်ပါ။ ကောင်းမြတ်သော အကျိုးတူ ပူးပေါင်းလုပ်ဆောင်တဲ့ အလုပ်ကို အရည်အချင်းပါပါနဲ့ ရွေးကောက်မှုပြု ခံယူလိုတာကြောင့် ဒီလူမှုဘဝနိုင်ငံရေး လမ်းစဉ်ကို ရွေးယူပြီး လူသားကောင်းကျိုးလိုရာဆန္ဒတစ်ခုတည်းမှ အခြားဘာမှ မရည်ရွယ်ပါ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာပြည်နိုင်ငံရေးကို ပြုစုပျိုးထောင်လုပ်ကြမယ်ဆိုရင် မအောင်မြင် စရာ မရှိပါ။

လူမှုဘဝနိုင်ငံရေးသာ အဓိက

လူသားအချင်းချင်းကို ဒုက္ခပေးမယ့် အရေးဟာ နိုင်ငံရေး မဟုတ်ပါ။ နိုင်ငံရေးဟာ ဒုက္ခပ္ပားခြင်း၊ ရန်တိုက်ခြင်း၊ အမုန်းစွက်ခြင်း၊ ကျွန်ပြုခြင်း၊ မငြိမ်းချမ်းခြင်း၊ မလွတ်မြောက် ခြင်း မဟုတ်ပါ။ ကြမ်းတမ်းမှု ဟူသမျှဟာ နိုင်ငံရေးမဟုတ်။ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက် ရေးသာ နိုင်ငံရေးလို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးမှန်ရင် “လူမှုဘဝနိုင်ငံရေးသာ အဓိကနိုင်ငံရေး ဖြစ်ပါတယ်။ “လူသားကောင်းမှု လူသားကောင်းကျိုး” နိုင်ငံရေးဟာ ဒုက္ခပွားရေး၊ ရန်တိုက်ရေး၊ အမုန်းစွက်ရေး၊ ကျွန်ပြုရေး၊ မငြိမ်းချမ်းရေး၊ မလွတ်မြောက်ရေးကို ဘယ်တော့မှ မပြုပါ။ လူသားကောင်းမှု၊ လူသားကောင်းကျိုးနိုင်ငံရေးဟာ ကိုယ်ကျိုးအားလုံး စွန့်လွှတ်ရမှ ရနိုင်တယ်။ ပညာဦးစီးမှ အောင်မြင်တယ်။ ဉာဏ်ဦးစီးမှ သိတယ်။ အမှားပယ်ဖျောက်မှ နားလည်တယ်။ အသိအမြင်မမှန်တဲ့သူဟာ “လူမှုဘဝနိုင်ငံရေး ကို သိမြင်မှာ မဟုတ်ပါ။ မှားတဲ့ ဆုံးဖြတ်ချက်ဟာ လူသားတွေအတွက် အန္တရာယ်များပါတယ်။ အန္တရာယ်များတဲ့ နိုင်ငံရေးဟာ လူသားကောင်းမှု လူသားကောင်းကျိုး” နိုင်ငံရေး မဟုတ်။

ရှေးခေတ် မြန်မာ့အမျိုးသားကောင်းတွေရဲ့ ပုံရိပ်

မြန်မာပြည်နိုင်ငံရေးသမိုင်းစာမျက်နှာဟာ နောင်တမရစရာ၊ သံဝေဂ မမှတ်နိုင်စရာ မရှိပါ။ ခက်ခဲတဲ့လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးကို စုပေါင်းလုပ်ဆောင်နိုင်ကြပြီးမှ အာဃာတ အမုန်းအပွားတရားတွေ ထားကြပြီး ကလဲ့စားချေမှု၊ ဒေါသမူ စိတ်ပွားများမှ များပြားခြင်း ကြောင့် အမျိုးသားကောင်းမှု အမျိုးသားကောင်းကျိုးတရားတွေ မမြင်ကြတော့ဘဲ အကျိုးမဲ့တဲ့ ပြုမူချက်တွေဟာ မြင်ကွင်းအလယ်မှာ အထင်အရှား တွေ့မြင်ခဲ့ကြရပြီ။ ဒီမြင်ကွင်းကျယ်ဟာ ယနေ့ တိုင်းပြည်အကျိုးကို ရွက်ဆောင်အားထုတ်ကြတဲ့ အမျိုးကောင်းသားများဟာ နောင်တ မှတ်တိုင်ထားကြရမယ်။ ဘဝမှတ်တိုင်ပြုထားရမယ်။ အမျိုးချစ်လို့ တိုင်းပြည်ချစ်လို့ လွတ်လပ် ရေး၊ ငြိမ်းချမ်းရေးတွေကို ရယူပိုင်ဆိုင်မှ ရောက်အောင် အသက်ပေး စွန့်လွှတ်အနစ်နာခံတဲ့ ရှေးခေတ် မြန်မာ့အမျိုးသားကောင်းတွေရဲ့ ပုံရိပ်ကို ကြည့်ရင် ကြည်လင်အေးမြသန့်စင်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို မြင်ရတိုင်း သတိတရ လွမ်းဆွတ်လို့ မဆုံးပါပဲ။

လွတ်လပ်ရေးအတွက် သမိုင်းဝင်စကား

ဒီနေရာမှာ အလျဉ်းသင့်၍ ပြည်သူ့လွတ်လပ်ရေးအတွက် သမိုင်းဝင်စကား အချို့ကို ထည့်သွင်းရွတ်ဆိုခဲ့ပါမယ်။ (တင်ပြပါတယ်)
“ငါတို့သည် တိုင်းရင်းသားတို့၏ ဘိုးဘွားပိုင်ပစ္စည်း ဖြစ်သော မြန်မာပြည်ကြီးကို ပြန်ပိုင်ရေးနှင့် မြန်မာတိုင်းရင်းသားတိုင်း မိမိ ကောင်းကျိုး၊ ဆိုးကျိုးကို မိမိတို့ဘာသာ ဖန်တီးနိုင်ခွင့်ရရှိရေးတို့အတွက် ကျောင်းသားခေါင်းဆောင်များ၊ သခင်များ၊ ကျောင်းဆရာ များ၊ မျိုးချစ်ပုဂ္ဂိုလ်များထံမှ လက်ရွေးစင်များကို ရွေးချယ်၍ ၁၉၃၉ ခုနှစ်ကပင် စတင်၍ လျှို့ဝှက်ရေးပါတီတစ်ခုဖြင့် တည်ထောင်ခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့စနစ်ကိုလည်း ငါတို့ တော်လှန်ခဲ့သည်။ ဖက်ဆစ်ဂျပန်များ မြန်မာပြည်တွင် အခြေစိုက် အမြစ်မတွယ်အောင် လျှို့ဝှက်ရေးလုပ်ငန်းများဖြင့် ငါတို့ပင် တိုက်ခဲ့ကြသည်”

“(ငါတို့သည်) အခြေအနေပြောင်းလဲသည့်အလျောက် ငါတို့၏နည်းနှင့် ပရိယာယ်ကို အပြန်အလှန် အကျိုးနှင့်အကြောင်း ဝေဖန်သောနည်းအရ ထိုးထွင်းဖန်တီးရမည်။ လျှို့ဝှက် လုပ်ကြံရေး၊ လက်နက်ကိုင်အန်တုရေး၊ အကြမ်းပုန်ကန်ရေးတို့ကို လုံးဝ စွန့်ပစ်ရမည်”
“ငြိမ်းချမ်းရေးကို ရှာနေသော ကမ္ဘာကြီးတွင် အကြမ်းမဖက်သော နိုင်ငံရေးများဖြင့် ငါတို့၏ လွတ်လပ်ရေးကို ရှာကြံရမည်။ လူထုအာဏာလွှမ်းမိုးသော ကမ္ဘာကြီးတွင် လူထု တိုက်ပွဲဖြင့် အောင်ပွဲယူကြရမည်’’

၁။ ထာဝစဉ်ငြိမ်းချမ်းရေး။ ။ မြန်မာပြည်နှင့်တကွ ကမ္ဘာကြီးမှ အဓမ္မစနစ် နိုင်ရာစား ဝါဒကြီး ကွယ်ပျောက်၍ သာတူညီမျှ ကမ္ဘာ့ဒီမိုကရေစီညွန့်ပေါင်း အိမ်ထောင်စုကြီး တည်ထောင်ရေး။
၂။ တိုင်းပြည်လွတ်လပ်ရေး။ ။ မြန်မာပြည်သည် မြန်မာတိုင်းရင်းသားတို့၏ ဘိုးဘွားပိုင်ပစ္စည်း ဖြစ်သည့်အတိုင်း မြန်မာတိုင်းရင်းသားများ ပြန်ပိုင်ရေး။
၃။ လူမျိုးလွတ်လပ်ရေး။ ။ မြန်မာတိုင်းရင်းသားတို့၏ ကောင်းကျိုး၊ ဆိုးကျိုးကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်ခွင့် ရရှိရေး။
၄။ ပြည်သူ့လွတ်လပ်ရေး။ ။ ပြည်သူတိုင်း ရသင့်ရထိုက်သော ပြည်သူ့အင်အား ရရှိ၍ အခွင့်အရေး ကျပ်ပြည့်တင်းပြည့် ခံစားခွင့်ရရှိရေး” (ရည်ရွယ်ချက် – ၄ မျိုး)

 “ငါတို့သည် အပြန်အလှန် အကျိုးနှင့် အကြောင်း ဝေဖန်သောနည်းအရ အချိန် အခါနှင့် ဒေသအလျောက် နည်းနှင့်ပရိယာယ်ကို ထိုးထွင်းဖန်တီးမည့် ထိုးထွင်းဖန်တီးသမား ဖြစ်ကြသည်။ ငါတို့ ပါတီဝင်များ၏ လက်သုံးစကားများမှာ “ငါမှန်လျှင် လိုက်လော့၊ ငါ မှားလျှင် ပြင်လော့” ဆိုသော စကားပင် ဖြစ်သည်။ ဤစကားကို ငါတို့ ကျင့်သုံးမည်ဖြစ်၍ ငါတို့အား စေတနာဖြင့် ဝေဖန်ခြင်း၊ ပြင်ဆင်ခြင်းကို ငါတို့သည် အမြဲ လက်ခံမည်”

“ငါတို့ကား အသက်နှင့် စည်းစိမ်ကို စွန့်လှူ၍ တို့တိုင်းပြည်အား ပူဇော်ခံသူများ ဖြစ်သည်။ နယ်ချဲ့စနစ် ညှဉ်းပန်းမှု၊ ဖက်ဆစ်ဓားပြတို့၏ ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် နပန်းလုံးခဲ့သူများ ဖြစ်သည်။ တိုင်းပြည် လွတ်လပ်ရေးတို့အတွက် ငါတို့၏ အသက်ပေါင်း များစွာ ကျဆုံးခဲ့၏။ သို့သော် ငါတို့ကား မတုန်လှုပ်၊ လျှို့ဝှက်စွာ လုပ်ကိုင်ရမည့်အချိန်တွင် လျှို့ဝှက်ရေးပါတီအဖြစ် ဘယ်လောက်ကြီးလေးသော ဘေးအန္တရာယ်ဖြစ်စေ ငါတို့ မတွန့် မဆုတ်ခဲ့လေပြီ။ ငါတို့သည် မိမိတို့အလုပ်နှင့်ပတ်သက်၍ တစ်ဆိတ်ကို တစ်အိတ်လုပ်သူများ မဟုတ်။ ငါတို့၏ စေတနာ၊ ငါတို့၏ သဘောထားကို အလုပ်ဖြင့် ပြဖို့သာဖြစ်သည်”

“ထို့ကြောင့် မြန်မာပြည်အနှံ့အပြား ဖွဲ့စည်းပြီး ရှိနေကြသော ငါတို့၏ ပါတီဝင် များကို အတိအလင်းလုပ်ငန်းများဖြင့် ပြည်သူတို့အကျိုးကို မားမားမတ်မတ် ရှေ့ဆောင်၍ တိုးတက်ရေးအစဉ်အတိုင်း ချီတက်ကြရန် ငါတို့ ဆင့်ဆိုသည်။ အယူသီးမှုကို စွန့်ပယ်၍(-)ဝါဒကို ကာလဒေသနှင့် လျော်ညီအောင် ထိုးထွင်းဖန်တီးလိုသော လက်ဝဲ ဂိုဏ်းသားများအား ငါတို့ ဖိတ်ခေါ်သည်။ ငြိမ်းချမ်းရေးလိုလားသူ၊ ကိုယ့်တိုင်းပြည်ကို ပြန်လိုသူ၊ မိမိတို့ ကောင်းကျိုး၊ ဆိုးကျိုးကို မိမိတို့ကိုယ်တိုင် ဖန်တီးလိုသူ၊ တိုင်းရင်းသားမျိုးချစ်မှန်သမျှကို ငါတို့ ဖိတ်ခေါ်သည်။ငါတို့နှင့် စုရုံးကြလော့။ ငါတို့သည် တိုးတက်ရေးအစဉ်အတိုင်း ထိုးထွင်းဖန်တီး၍ ချီတက်ကြကုန်အံ့”

(၄င်းတို့၏ မူဝါဒ) အတိတ်ကာလများက မြန်မာအမျိုးသားကောင်းများ ဆောင်ရွက်

လုပ်ကိုင်လာခဲ့တဲ့  –
–  ထာဝစဉ်ငြိမ်းချမ်းရေး၊
– တိုင်းပြည်လွတ်လပ်ရေး၊
– လူမျိုးလွတ်လပ်ရေး၊
– ပြည်သူ့လွတ်လပ်ရေး အားထုတ်ကြိုးပမ်းမှု ဆောင်ရွက်လုပ်ကိုင်ထားခဲ့တဲ့ ပြည်သူ့ ကောင်းမှု၊ ပြည်သူ့အကျိုးနှင့် “လူသားကောင်းမှု၊ လူသားကောင်းကျိုး” နိုင်ငံရေးကို မည်မျှ ကြိုးပမ်းအားထုတ်ခဲ့ရသလဲ ဆိုတာ သိမြင်နိုင်လောက်ပါပြီ။
“အပြစ်မရှိသူ အပြစ်မခံရ၊ အခွင့်အရေး မရသော အုပ်ချုပ်ရေး မဖြစ်စေရ။ ထောင်(အကျဉ်း)များမှာ လောကငရဲ မဖြစ်စေရ။ မိုက်မဲနေသူများကို အသိဉာဏ် အလင်း ရောင် ပေးရာ ဖြစ်စေရမည်” ဆိုတဲ့ မြန်မာပြည် နိုင်ငံရေးအမျိုးသားကောင်းတို့ရဲ့ ရည်ရွယ် ချက် ကျင့်စဉ် နည်းလမ်းကောင်းကို အစဉ်ထာဝရလေးစား တန်ဖိုးထားရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးဟာ ဒုက္ခပွားခြင်း၊ ရန်တိုက်ခြင်း၊ အမုန်းစွက်ခြင်း၊ ကျွန်ပြုခြင်း၊ မငြိမ်းချမ်းခြင်း၊ မလွတ်မြောက်ခြင်း မဟုတ်ပါ။ ကြမ်းတမ်းမှု ဟူသမျှဟာ နိုင်ငံရေး မဟုတ်ပါ။ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးသာ နိုင်ငံရေးလို့ ဆိုနိုင်ပါတယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၇၈-၂၈၃၊ အဝိဟိံသာနိုင်ငံရေး (၃၅)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၅)

လူဖြစ်ရင်-
-အချိုးနှိမ် အနှိပ်စက်ခံရသောဘဝသို့ လည်းကောင်း၊ 
-ကျွန်အပြုခံရသောဘဝသို့ လည်းကောင်း၊
-မုန်းတီးစက်ဆုပ်ခံရသောဘဝသို့ လည်းကောင်း၊
– အပစ်ပယ်ခံဘဝသို့ လည်းကောင်း
ကျရောက်စေသည့် အခြေအနေအားလုံးကို တွန်းလှန်ဖြိုဖျက်ရေးသည် (တာဝန်ရှိသူ တစ်ယောက်အနေဖြင့်) မလွဲမသွေ (မုချ) ပြုလုပ်ရမည့်အရေး ဖြစ်သည်။

မာ့က်စ် (MARXISM )

ဖန်တီးရှင် –

အထက်က စာပိုဒ်ကလေးဟာ လူတွေကို သတိပေးတဲ့ စာပိုဒ်တစ်ပိုဒ်လေးပါ။ လူ့သမိုင်းစဉ် တိုးတက်အောင် လူတွေကပဲ ဖန်တီးရမှာပါ။ လူဟာ အသိဉာဏ်စွမ်းရည်တွေ အပြည့်အဝရှိပါတယ်။ သဘာဝလောကနဲ့ မိမိရဲ့ပတ်ဝန်းကျင်ကို ပြင်ဆင်နိုင်တဲ့သူပါ။ ရယူ နိုင်တဲ့သူပါ။ စွမ်းဆောင်နိုင်တဲ့သူပါ။ ကောင်းအောင်လည်း ဖန်တီးနိုင်တယ်။ ဆိုးအောင်လည်း ဖန်တီးနိုင်တယ်။ အဆိုး၊ အကောင်းဖြစ်အောင် လူတွေကပဲ လုပ်ကြတာပါ။ သို့သော် သဘာဝမှာ ရှိတဲ့ဖြစ်ပျက်မှုကိုတော့ လူတွေ မကျော်လွှားနိုင်ပါ။ လူနဲ့ ဖန်တီးထားတဲ့ အရာခပ်သိမ်းဟာ သဘာဝက မဖန်တီးပေးနိုင်ပေမယ့် သဘာဝလွန်ကဲရင် လူရဲ့စွမ်းရည်သတ္တိတွေလည်း ပျောက် သွားတာပါပဲ။ လူ့စွမ်းရည်၊ လူ့ဂုဏ်သိက္ခာအမှန်ကို ဖော်ပြနေတာဖြစ်လို့ ယနေ့ လူတွေ ဖန်တီးပြုလုပ်ကြတဲ့ ဒီမိုကရေစီနိုင်ငံရေးအကြောင်းကိုလည်း လူတွေ ပြန်ပြီး လေ့လာစူးစမ်း ရပြီ မဟုတ်လား။ စနစ်တစ်ခု ခေတ်စားအောင် လုပ်ထားရင် အဲဒီစနစ်ရဲ့ သမိုင်းဖြစ်စဉ် အဆုံးမရောက်ခင်  တောင့်တလိုလားစမ်းသပ်မှု သက်သက်နဲ့ပဲ ဖြစ်ပျက်မဆုံး နိုင်အောင်ပါ။

လူတန်းစားကွဲပြားမှု

လူတွေဖြစ်လာရင် လူတန်းစားအမျိုးမျိုး ဖြစ်လာရမှာက ဓမ္မတာပါပဲ။ လူတန်းစား ဆိုတာ အရင်းအနှီး၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအပေါ်မှာ သတ်မှတ်နေကြတာပါ။ အဲဒီလို သတ်မှတ်မှုလုပ်တွေ ထားကြလို့သာ “လူတန်းစားကွဲပြားမှု” (ပဋိပက္ခ) ဖြစ်လာတာပါ။

 အဲဒီ ပဋိပက္ခကြောင့် –

(၁) ဓနရှင်က ဓနမဲ့သူအပေါ် ခြယ်လှယ်တယ်၊ လွှမ်းမိုးမှု လုပ်တယ်။ 
(၂) ပညာရှိက ပညာမဲ့သူအပေါ် ခြယ်လှယ်တယ်၊ လွှမ်းမိုးမှု လုပ်တယ်။
(၃) အာဏာရှိက အာဏာမဲ့သူအပေါ် ခြယ်လှယ်တယ်၊ လွှမ်းမိုးမှုလုပ်တယ်။ 
ဒီလို ခြယ်လှယ်မှုကြောင့် လူတန်းစားကွဲပြားပြီး စား၊ ဝတ်၊ နေရေးစတဲ့ ရုပ်ပိုင်း ဆိုင်ရာ လိုအပ်ချက်၊ နာမ်ပိုင်းဆိုင်ရာ ပြီးပြည့်စုံမှုတွေ လုံလုံလောက်လောက် မရကြတော့တာပဲ ဖြစ်တယ်။ အဲဒီလို မရကြတာကြောင့် ဆင်းရဲခြင်း၊ ကြေကွဲခြင်း၊ မခံစားနိုင်တဲ့ အာရုံတရား တွေ ပိုမိုများပြားလာတာပါ။ ဒီလို ဖြစ်စဉ်သဘောမျိုးကို မရှိအောင် လူတန်းစားမထားသော (လူတန်းစားမဲ့သော) လူမှုရေးအတွက် လူထုကြီးတစ်ရပ် (အဖွဲ့အစည်းတစ်ရပ်) ဖြစ်လာအောင် လူကပဲ ကြိုးစားရမယ်။ လူဆိုတာ မိမိဘဝသာယာအောင် ဘယ်တန်ခိုးရှင်ထံကိုမှ ဆုတောင်းအားကိုးလို့ မရပါ။ ညွတ်ကျိုးအားကိုးစရာလည်း မလိုပါ။ မိမိဘဝအတွက် ကျရောက်လာသော ဖြစ်စဉ်ကိုသာ ပြုပြင်ရမယ်။ သဘာဝပတ်ဝန်းကျင်ရော လူမှုပတ်ဝန်းကျင်ပါ လူချင်း ပေါင်းပြီး တော်လှန်ပြုပြင်ယူရမယ်။ လူတွေကြိုးစားမှုနဲ့ နောက်ဆုံး ဓနစည်းစိမ် ပေါများပြီး စိတ်ရှိတိုင်း ခံစားနိုင်တဲ့ လူမှုအဖွဲ့အစည်း ဖြစ်လာအောင် ဆိုတဲ့ စိတ်ကူးယဉ်မှုဟာ လူတိုင်း ရှိကြမှာပါပဲ။ ကိုယ်တွေ့နဲ့ ဆိုရင်တော့ အသက်တွေပါ လဲသွားကြတယ်။

လူမှုစနစ်

လူဆိုတာ-
(၁) သဘာဝလောကနဲ့
(၂) လူ့လောက (တရား)
သဘောတရားနှစ်မျိုးကို လေ့လာသုံးသပ်နိုင်တယ်။လူ့အဖွဲ့အစည်းနယ်ပယ်တစ်ခုဟာ အကြောင်းအရာများ၊ ပြဿနာများ၊ အရာဝတ္ထုများ ပြောင်းလဲပုံ၊ ပြောင်းလဲနည်းလေးကို လေ့လာရင် အဆင့်ဆင့် သိမြင်လာနိုင်ပါတယ်။လူ့လောကဖြစ်စဉ် အကြောင်းအရာထဲက နိုင်ငံရေးအကြောင်းအရာနဲ့ စတင်ခဲ့တဲ့ လူအုပ်စုနိုင်ငံရေးနဲ့ စပြီး နိုင်ငံရေးနဲ့ပဲ ပြီးဆုံးကြတဲ့ သဘောတရားတွေ တွေ့နိုင်ပါတယ်။ အဲဒီလို စတင်လိုက်တဲ့ကိစ္စ (အကြောင်း) တစ်ခုကြောင့် ဖြစ်ခြင်းအတူ၊ ပျက်ခြင်းအတူဖြစ်ကြတဲ့ လူ့လောကကို အခြေခံအကြောင်းရင်းက “လူမှုစနစ်”ပါပဲ။

လူမှုစနစ်(လူ့လောက) တစ်ခုဟာ
(၁) ဆင်းရဲငတ်မွတ်မှု၊
(၂) မမျှတမှု၊
(၃) မတည်ငြိမ်မှု၊
(၄) မအေးချမ်းမှု၊
(၅) အသိဉာဏ်ပညာကျဆင်းမှု၊
(၆) ဘဝမလုံခြုံမှု

စသည်ဖြင့် များပြားလာနေရင် (ကွာဟမှု များပြားနေရင်) ပြဿနာအမျိုးမျိုးအဖုံဖုံ ဖြစ်လာမှာပါပဲ။ ဒီပြဿနာကို ရှင်းနေရခြင်းကြောင့် လူမှုဘဝလောကမှာ သာယာစရာမရှိပါ။ ဘာကြောင့်  ဒီပြဿနာပေါ်ပေါက်လာခဲ့ရသလဲ ဆိုရင် ဒီနိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်များ ဆိုးရွားမှုနဲ့ ဆုတ်ယုတ်မှုကြောင့်ပါပဲ။ ဒီစနစ်ဆိုး၊ စနစ်ယုတ်များကို ပြုပြင်ပြောင်းလဲနိုင်ရင် လူမှုစနစ်တစ်ခု အထက်တန်းရောက်ဖို့ အဟန့်အတား များစွာ ဖြတ်သန်းမှု လုပ်ရမှာပါပဲ။ အောင်မြင်ရေးတစ်ခု တည်ဆောက်လိုတဲ့ လူမှုအဖွဲ့အစည်းတစ်ခုဟာ ဆန့်ကျင်ဘက် အပြန် အလှန် (အနုလောမ-ရှေ့သွား၊ ပဋိလောမ-နောက်ပြန်) ရှိရမယ်။ ဆန့်ကျင်ဘက် အပြန် အလှန် မရှိတဲ့ လူမှုဘဝနိုင်ငံရေးစနစ်ဟာ (လူမှုစနစ်ဟာ) လူမှုစနစ်ကို မတည်ဆောက်နိုင်ပါဘူး။ လူမှုစနစ်ကို မတည်ဆောက်ပေးနိုင်တဲ့ နိုင်ငံရေးစနစ်ကို မြန်မာပြည်မှာ အချိန်လေး ကြာမြင့် ခဲ့တယ်။

အရင်းမဲ့တော်လှန်ရေး

လူမှုစနစ်တစ်ခုဟာ ပုံစံတစ်ခုတည်းနဲ့ မရပ်တည်ပါ။ ကြွယ်ဝမှုနဲ့ ဆင်းရဲမှု၊ ကောင်းမှု နဲ့ မကောင်းမှုများ ဒွန်တွဲစမြဲပါ။ မကောင်းမှု၊ ဆိုးမှု အားကောင်းချိန်မှာ အဲဒီစနစ်အောက် ရောက်ကြရသူ အားလုံးဟာ ဘေးအမျိုးမျိုး ရောက်ကြရစမြဲပါ။ ဒီလို စနစ်ဆိုး ရောက်သွား ရတာဟာ အရင်းရှင်စနစ် လွှမ်းမိုးသွားပြီး အရင်းရှင်အစိုးရ ဖြစ်သွားလို့ပါပဲ။ အဆိုးဘက်ကို ဦးတည်သွားတဲ့ လူမှုစနစ်တစ်ခုကို အခြားသော လူယဉ်ကျေး ပညာတတ်အလွှာ သမားများနဲ့ အခြေခံလူတန်းစားများက စုပေါင်းကြပြီး အဆိုးဖက်တွယ်တဲ့ စနစ်ထဲကို ဝင်ရောက်ပူးပေါင်း (ပေါင်းစည်းဖက်တွယ်) လိုက်ကြမယ်ဆိုရင် (အဆိုးထုတ်လုပ်တဲ့စနစ်) အဆိုးအောင်မြင်တဲ့ စနစ်ဟာ လျင်မြန်စွာ ရပ်ဆိုင်းသွားမှာပဲ။ နိုင်ငံရေးအရ အဆိုးမြင်တဲ့ ဝါဒီသမားတွေနဲ့မပူးပေါင်းဘဲ ငြိမ်နေရင် ဆိုးသူ (ဆိုးမှု)တွေက ပိုကဲလာပြီး ဒုက္ခလည်း ပိုကဲလာမှာပဲ။ မြန်မာတွေက ဒီလိုနိုင်ငံရေးလှည့်ကွက်၊ မြှုပ်ကွက်၊ ထင်ကွက်၊ ဟာကွက်တွေကို စိတ်ရှည်ရှည် မသုံးသပ်နိုင်ကြဘဲ ဖြောင့်ဖြောင့်ဆန့်ကျင်တတ်တဲ့ အကျင့်ကြောင့်၊ တစ်နည်းအားဖြင့် ရဲရဲ လုပ်ရဲသောကြောင့် အပြောင်းအလဲတွေ သိသိသာသာ ပြောင်းလဲသွားတာပါ။ ဒီလို ပြောင်းလဲ သွားအောင် အကွက်ချပြီး ထိန်းကျောင်းတဲ့စနစ် မပါပေမယ့် မြန်မာ့လူ့လောကစနစ် ပြောင်းလဲ သွားတာဟာ အရင်းမဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်စဉ် အောင်ပွဲပါပဲ။ ဒီလို အဖြေရသွားတဲ့ လူမှုစနစ်တစ်ခုကို ရာစုနှစ်ဆယ် ကာလထဲမှာပဲ ပေါ်ထွန်းလာခဲ့တာပါ။

အမြတ်ဆုံးသတ္တဝါ

လူ့လောက၊ လူ့ဘဝ တည်ငြိမ်မှုတော့ ရကြပြီ။ သဘာဝလောကနဲ့ ဖြေရှင်းရတဲ့ ပြဿနာကတော့ အမြဲတမ်း ရှိနေဦးမယ်။ လူ့ဘဝ၊ လူ့လောကစနစ် ရသွားပေမယ့် သဘာဝ လောကနဲ့ ပြိုင်ဆိုင်ရသေးတဲ့ လူဘဝကြီးဟာ မပင်ပန်းဘဲ မရှိပါ။ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံနိုင်တဲ့ သတ္တဝါထဲက လူသားသတ္တဝါဟာ အမာဆုံး၊ အခိုင်ဆုံး သတ္တဝါပါပဲ။ အမြတ်ဆုံး သတ္တဝါပါလို့လည်း တင်စားခေါ်ဆိုလောက်ပေရဲ့။

မြန်မာ့လူ့ဘောင်

လူမှုစနစ်ဟာ တည်ငြိမ်နေတာ မဟုတ်။ ပြောင်းလဲ လည်ပတ်နေပါတယ်။ ပြောင်းလဲ လည်ပတ်နေတဲ့သဘောကို ကြည့်ပြီး ရန်ဘက်ဖြစ်စဉ် မဟုတ်တဲ့ လူမှုစနစ်နဲ့ တွဲပေါင်းကြ ပြီး အနှစ်သာရ ပြည့်ဝတဲ့ “လူမှုဘဝနိုင်ငံရေးကို စုပေါင်းထိန်းကျောင်းတဲ့စနစ်နဲ့ နေရမယ်။ ဆုတ်ခြင်း၊ တက်ခြင်း သဘောတရားကို ကြည့်ပြီး ဆုတ်၊ တက် နှစ်ခုကြားမှာ တည်ငြိမ်မှ ရအောင် နိုင်ငံရေး (ဒိုင်ယာရီ) မှတ်တမ်းကို သေချာလုပ်ထားရမယ်။ နိုင်ငံရေး (ဒိုင်ယာ လက်တစ်) အဆင့်ဆင့် ပြောင်းလဲပြုပြင်ကြမယ့် နက်ရှိုင်းတဲ့မိမိရဲ့ နိုင်ငံရေးစနစ်ကို ခွဲခြမ်း စိတ်ဖြာပြီး အပြန်အလှန် (ပြောင်းလဲမှုမရှိတဲ့) ပေါင်းစည်းကြတဲ့စနစ်နဲ့ (လူယဉ်ကျေးတွေရဲ့ လုပ်တဲ့ အလုပ်မျိုးနဲ့) မြန်မာပြည်နိုင်ငံရေးစနစ်ကို လမ်းပြမြေပုံ ထားရမယ်။ သင်ကြားမှု လုပ်ပေးရမယ်။ တက်ကြွလှုပ်ရှားတဲ့ နိုင်ငံရေးစနစ်ကို ရှောင်ပြီး မြန်မာ့လူ့ဘောင်မှာ မြှုပ်နှံ ထားရမယ်။

လူထုအတွက် အကျိုးမရှိ

နိုင်ငံရေးဆိုတာ သင်ယူတာထက် ကိုယ်တွေ့ဆန်ဖို့ လိုပါတယ်။ ကိုယ်တွေ့မပါတဲ့ နိုင်ငံရေးဟာ မှားကွက်တွေ များပြီး ခက်ခဲမှုတွေ တွေ့ရတတ်တယ်။ အမှားချောင်းပြီးအမှတ်ပေါင်းတဲ့သူ၊ မာယာများတဲ့သူ၊ လှည့်ကွက်များတဲ့သူ၊ ပြကွက်များတဲ့သူ (နိုင်ငံရေး သမား)တွေဟာ နိုင်ငံရေးသမား မဟုတ်ပါ။ နိုင်ငံရေးဆိုတာ မတရားလုပ်တဲ့သူကို မတရား လုပ်တဲ့သူ၊ ဟန်ဆောင်သူကို ဟန်ဆောင်သူလို့ပဲ မြင်ရမယ်။ မတရားသူကို မတရားမှန်း သိပါလျက်နဲ့ ရှောင်လွှဲမှု လုပ်ကြမယ်ဆိုရင် အယောင်များတဲ့ နိုင်ငံရေးပဲ ဖြစ်မယ်။ အယောင် များ၊ အမှောင်များတဲ့ နိုင်ငံရေးဟာ လူထုအတွက် အကျိုးမရှိပါ။

ပြည်သူသာ အခရာ

လူထုအတွက် အကျိုးမများတဲ့နိုင်ငံရေးကို မြန်မာပြည်မှာ အတိတ်က ခံစားခဲ့ဖူး ကြပြီ။ ပစ္စုပ္ပန်မှာ အလွှမ်းမိုးမခံတော့ဘဲ အနာဂတ်ကာလကိုလည်း ပန်းတိုင်မရှိအောင် လုပ်ရမယ်။ နိုင်ငံရေးလုပ်တဲ့သူဟာ ဖိနှိပ်မှုပြင်းထန်တဲ့ နိုင်ငံရေးကို ခံစားခဲ့ဖူးမှ (ခံစားတတ်မှ) လှုပ်ရှားမှု အဓိပ္ပာယ်ရှိမယ်။ အဓိပ္ပာယ်ရှိတဲ့ အလုပ်လုပ်မှ တန်ဖိုးရှိမယ်။ လွယ်ကူစွာရတဲ့ အရာဟာ တန်ဖိုးမရှိပါဘူး။ ဒီထက် ကောင်းတဲ့အရာ ရှိသေးရင်လည်း တန်ဖိုးမရှိပါဘူး။ ဒါကြောင့် နိုင်ငံရေးဆိုတာ ပြည်သူဟာ အခရာပဲ။ ပြည်သူက သြဇာပဲ။ ပြည်သူက အင်အား ပဲ။ ခက်ခက်ခဲခဲရတဲ့အရာဟာ အလွန်တန်ဖိုးရှိပါတယ်။

ပြည်သူ့အစိုးရ မဟုတ်

အချို့သောအစိုးရတွေဟာ ပြည်သူကို လက်အောက်ခံသားအဖြစ် ထားပြီး ဖိနှိပ်မှု၊ ချုပ်ချယ်မှုအမျိုးမျိုး လုပ်တယ်။ အာဏာကို ပြည်သူထဲက မယူဘဲ ရှိတဲ့(ရတဲ့) အာဏာအတိုင်း ပြည်သူကို မထီမဲ့မြင်လုပ်တယ်။ စော်ကားတယ်။ ထိခိုက်အောင် လုပ်တယ်။ လေးစားတန်ဖိုး မှုမထားဘဲ ကျွန်သားများလို ပြည်သူကို ပြုမူဆက်ဆံတယ်။ ဥပဒေကို လေးစားမှု မရှိဘဲ ပြုထားတဲ့ ကတိကဝတ်တွေ ပျက်တယ်။ အများပြည်သူအကျိုးကို ဖျက်ဆီးတယ် ဆိုတဲ့ အစိုးရဟာ ဆန့်ကျင်ဆန္ဒပြစရာ မလိုပါ။ အလိုအလျောက်နဲ့ အရှက်ရပြီး ပျောက်ကွယ်သွား မယ်။ လူ့အဖွဲ့အစည်း လူ့အသိုက်အမြုံ၊ လူသားတို့မိသားစုကို အနိုင်ယူ၊ ဖျက်ဆီး၊ နှောင့်ယှက် သမှုပြုတဲ့ အစိုးရဟာ ပြည်သူ့အစိုးရ မဟုတ်ပါ။ ပြည်သူကို တန်ဖိုးမထားတဲ့ အစိုးရပဲ။ ဥပဒေကို ချိုးဖောက်ရန် ဝန်မလေးသော အစိုးရ၊ ဥပဒေကို ချိုးဖောက်ရဲသော အစိုးရဟာ “လူမှုဘဝနိုင်ငံရေး (ဒီမိုကရေစီ)” ကို ဖျက်ဆီးတာပဲ။

ပြည်သူ့ခေါင်းဆောင်

တိုင်းပြည်တစ်ပြည်မှာ ခေါင်းဆောင်သူက စာရိတ္တအရင်းအမြစ် မြတ်ရမယ်။ အာနိသင်ကောင်းရမယ်။ ဖက်ပြိုင်သူများကို ရဲဝံ့စွာ ယှဉ်ရဲရမယ်။ အရာခပ်သိမ်း ဖျတ်လတ်ရမယ်။ ပွင့်လင်းရမယ်။ တာဝန်မဲ့ မနေသူ ဖြစ်ရမယ်။ အရာဟူသမျှ ဖြေရှင်းရဲသူ ဖြစ်ရမယ်။ အဲဒီလို ခေါင်းဆောင်မျိုးဟာ “ပြည်သူ့ခေါင်းဆောင်”လို့ ခေါ်ထိုက်မယ်။ “ပြည်သူ့ခေါင်းဆောင်” အမည်ကင်ပွန်းတပ်ပြီး အဂတိလိုက်စားသူကို လက်သပ်မွေး၊ အကျင့်ကျွံသူကို မွေးစား၊ အောက်ခြေလူထုကို မတူမတန် ဆက်ဆံ၊ အပြောင်းအလဲ ခဏ ခဏ လုပ်၊ ဆိုးရွားတဲ့ အုပ်ချုပ်သူကို မြှောက်ပင့်၊ အခြေခံလူမှုပြဿနာကို ထိုးဆွတဲ့ ပြည်သူ့ခေါင်းဆောင်ဟာ ဆိုးရွားတဲ့ အခြေခံ ပြဿနာတွေနဲ့ပဲအချည်းနှီးဖြစ်သွားတယ်။ပြည်သူ့ခေါင်းဆောင်ဆိုတာစေ့စပ်ခြင်းအတတ်ပညာ၊အပေးအယူလုပ်ခြင်းအတတ်ပညာ၊ ပြည်သူ့စွမ်းအား မြှင့်တင်ခြင်း အတတ်ပညာ ကျွမ်းကျင်ရမယ်။

ပြည်သူတွေက

(၁) ကိုယ်ပိုင်ယုံကြည်ချက်များ ဖော်ထုတ်ခြင်း၊
(၂) လုပ်ပိုင်ခွင့်များ တောင်းဆိုခြင်း
စတဲ့ စွမ်းရည်နှင့် လုပ်ပိုင်ခွင့် မြှင့်တင်တောင်းဆိုတဲ့အခါ ပြည်သူ့ခေါင်းဆောင်ဟာ ဦးဆောင် လမ်းညွှန်တတ်ရမယ်။ ထောက်ပြချက်တတ်ရမယ်။ ဥပမာ – ပြည်သူလူထုများ လိုလားတောင့်တချက် အရ အစိုးရရဲ့ ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုမရှိရင် ပြည်သူ့ ခေါင်းဆောင်လုပ်တဲ့သူက လူထုလိုလားချက်ကို သိရမယ်။ အာနိသင်သက်ရောက်မှုရှိအောင် တည့်မတ်ပေးရမယ်။

ရေငုံနှုတ်ပိတ်နေခြင်းကြောင့်

ဒီမိုကရေစီ ကူးပြောင်းပြီးတဲ့ တိုင်းပြည်ဟာ ပြည်သူ့စွမ်းအား မြှင့်တင်ရေးအတွက် အခွင့်အရေး၊ အခွင့်အလမ်းပေးရမယ် (နိုင်ငံသားဖြစ်တဲ့ ပြည်သူပြည်သားတွေကို လုပ်ပိုင်ခွင့် အခွင့်အရေးပေးရမယ်)။ လုပ်ပိုင်ခွင့် အခွင့်အရေး မြင့်မြင့်မားမား ပိုင်ဆိုင်နိုင်ရန် ဥပဒေ ပြဋ္ဌာန်းပေးရမယ်။ ဥပဒေပြဋ္ဌာန်းပေး၍ ပြည်သူက သဘောပေါက်နားမလည်ရင် ဦးဆောင်သူ အစိုးရက အကောင်အထည် ဖော်ပြပေးရမယ်။ ဥပမာ- လယ်ယာမြေဥပဒေ ပြဋ္ဌာန်းပေးလိုက် ပေမယ့် လယ်လုပ်သူ လယ်သမားများအခွင့်အရေး၊ အခွင့်အလမ်း မဆုံးရှုံးအောင် အစိုးရ ကိုယ်တိုင်က ထိန်းသိမ်းပေးရမယ်။ စောင့်ရှောက်ပေးရမယ်။ များသောအားဖြင့် ဒီမိုကရေစီ ကူးပြောင်းစ တိုင်းပြည်တိုင်းမှာ နိုင်ငံရေးသမားတွေ ရေငုံနှုတ်ပိတ်နေခြင်းကြောင့် ဆုံးရှုံးမှု များပြားတာကို တွေ့ရတယ်။

ဒီမိုကရေစီအရင်းအမြစ်
ဒီမိုကရေစီတိုင်းပြည်မှန်ရင် –

(၁) ပြည်သူ့အခွင့်အရေးများ၊
(၂) နိုင်ငံရေး အခွင့်အရေးများကို အစိုးရက အာမခံခြင်း၊ လေးစားလိုက်နာခြင်းက အဓိကဖြစ်တယ်။ အစိုးရလုပ်သူကိုယ်တိုင်က အဓိကကျတဲ့အခြေအနေကို မသိ၊ နားမလည်ဘဲ လျစ်လျူရှုနေလိုက်ရင် ဒီမိုကရေစီဖြစ်ထွန်းမှု အညွှန်းကိန်းများ ဘယ်လိုမျိုးပဲ ပြည့်စုံပြည့်စုံ “ပိုးသာကုန် မောင်ပုံစောင်းမတတ်” ဆိုတဲ့ ဆိုညွှန်းချက်စကားပုံနဲ့ တူညီသွားမယ်။ ဒီမိုကရေစီ မှန်ရင် ပြည်သူတွေရဲ့ ပါဝင်မှု၊ ပြည်သူ့အခွင့်အရေး၊ ပြည်သူ့ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်နဲ့ပဲ ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက် မရရင် ဒီမိုကရေစီ ဒဏ်ရာရပြီလို့သာ မှတ်ရမယ်။

အရှင်တို့ရဲ့ တိုင်းပြည်ဟာ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ကို မည်မျှ မြင့်မားလာကြပြီလဲ။ ကိုယ်တိုင်ဘဝ၊ ကိုယ်တိုင်ဖန်တီး၊ ကိုယ်တိုင်စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ချက် အရင်းအမြစ်များ ရုပ်ပိုင်းဆိုင်ရာ အဆင့်အတန်း၊ ပညာရေးအဆင့်အတန်း၊ လူမှုဘဝအဆင့်အတန်း မည်မျှ မြင့်တက်လာကြပြီလဲ။

ဒီမိုကရေစီရဲ့ အရင်းအမြစ်သဘော ဖြစ်တဲ့ –

(၁) စီးပွားရေးအရင်းအမြစ်၊
(၂) ပညာရေး အရင်းအမြစ်၊
(၃)လွတ်လပ်စွာ တွေးခေါ်မှု၊ ယူဆမှု၊ ကြံစည်မှု၊ စိတ်ကူးမှု၊ အရည်အသွေး၊ နိုင်ငံရေးမှာ ပါဝင်မှု အရင်းအမြစ်တွေကော ရကြ၊ ရှိကြပြီလား။

နိုင်ငံရေးလုပ်တဲ့သူဟာ ဖိနှိပ်မှုပြင်းထန်တဲ့ နိုင်ငံရေးကို
ခံစားခဲ့ဖူးမှ (ခံစားတတ်မှ) လှုပ်ရှားမှု အဓိပ္ပာယ်ရှိမယ်။ 
အဓိပ္ပာယ်ရှိတဲ့ အလုပ်လုပ်မှ တန်ဖိုးရှိမယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၁၄-၂၂၀၊ အဝိဟိံသာနိုင်ငံရေး (၂၅)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၄)

သူတစ်ပါး၏ အကျိုးစီးပွားအတွက်ကြောင့် မိမိ၏ အကျိုးစီးပွားကို မဆုတ်ယုတ်ပါစေနှင့်။ မိမိ၏ အကျိုးစီးပွားအတွက် မိမိ၏ အကျိုးစီးပွားကို တိုးပွားအောင် အားထုတ် လုပ်ကိုင်ပါ။

အတောင်ကျွတ်တဲ့ ကြိုးကြာအို

နိုင်ငံရေးသမားဟာ ညည်းတွားလာပြီဆိုရင် အရှိန်ကုန်တဲ့မြားလို၊ အတောင်ကျွတ်တဲ့ ကြိုးကြာအိုလိုပဲ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်း မစောင့်ရှောက်ဘဲ နေကြတာကို တွေ့ရတယ်။ ဒီလို အကျိုးစီးပွားမရှိတဲ့အလုပ်ကို လွယ်လွယ်လေးနဲ့ အလွှမ်းမိုးခံလိုက်ရင် မိမိကိုယ်တိုင်ပဲ အကျိုးမဲ့သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ပျက်စီးအောင် လုပ်တဲ့သူဟာ ပညာမဲ့သူပဲ ခေါ်ရမှာပါ။ ပညာမဲ့တဲ့သူဟာ များသောအားဖြင့် ယုတ်မာတယ်။ ယုတ်မာတဲ့သူဟာ ကောင်းတဲ့အယူ (အတွေးအခေါ်)တွေ မရှိပါ။ အယူဝါဒမကောင်းရင် တရားသဖြင့် အသက်မမွေးမြူပါ။ ကောင်းတဲ့သူတွေရဲ့ စကားကိုလည်း မနာယူပါ။

နောက်ပြန်လှိုင်း

မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲဟာ ထူးထူးခြားခြား ပြောင်းလဲနေသလို ထင်ရ ပေမယ့် ဖြောင့်ဖြောင့်မတ်မတ် သေသေသပ်သပ်တော့ ပြောင်းလဲပုံ မပေါ်ပါ။ အပြောင်းအလဲ တစ်ခုဟာ ဖောက်ပြန်တဲ့ နောက်ပြန်မှုတွေ ဖြစ်လာတတ်တယ်။ နိုင်ငံရေးနောက်ပြန်လှိုင်း (Political Reverse Wave) ဟာ အေဒီ ၁၉၂၂-၄၂ (ပထမ နောက်ပြန်လှိုင်း)နဲ့ အေဒီ ၁၉၅၈-၇၅ ခုနှစ် (ဒုတိယ နောက်ပြန်လှိုင်း) ဖြစ်ပေါ်ခဲ့ဖူးတယ်။ ပထမ နောက်ပြန်လှိုင်း တုန်းက ဒီမိုကရေစီလမ်းကြောင်း သွေဖည်သွားတာတွေ၊ အစဉ်အလာ အာဏာရှင်စနစ်များ၊ရက်စက်တဲ့ ပါတီအာဏာရှင်များ တစ်ကျော့ပြန်လိုက်လို့ လက်ဝဲကဲတဲ့သူတွေ မြူးနေတာပေါ့။ ဒုတိယ နောက်ပြန်လှိုင်းရောက်တော့ အာဏာရှင်စနစ်၊ စစ်တပ်စိုးမိုးမှုစနစ်၊ ဗျူရိုကရက်တစ် တွေ တင်းပြည့်ကျပ်ပြည့် လှိုင်းထန်နေတာပေါ့။ နောက်ပြန်လှိုင်း နိုင်ငံရေးခရီးဟာ တချို့ လက်အောက်ခံ တိုင်းပြည်ငယ်တွေက “လူမှုဘဝနိုင်ငံရေး” ကျင့်သုံးမှုလုပ်တာတွေ ပေါ်လာ တာ ရှိနေတယ်။ အကောင်းနဲ့ အဆိုး ဒွန်တွဲတဲ့သဘောပါ။

ဒီမိုကရက်တစ်အစိုးရကြောင့်

ဒွန်တွဲတဲ့ သဘောတရားတစ်ခုကို ပြောပြမယ်။

ဥပမာ ယနေ့ ကျင့်သုံးနေကြတဲ့ “ဒီမိုကရေစီစနစ်”ဟာ –

(၁) လွတ်လပ်ခွင့် အားကောင်းရင် ဒီမိုကရေစီ မြင့်တက်တယ်။
(၂) လွတ်လပ်ခွင့် အားနည်းရင် ဒီမိုကရေစီ နိမ့်ကျတယ်
ဆိုတဲ့ သဘောမျိုးပါ။ (လွတ်လပ်ခွင့် မရှိရင် ဒီမိုကရေစီမရှိတဲ့ သဘောပါ) တစ်ဦးချင်း အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ရထားရင်တော့ စည်းကမ်းမဲ့တဲ့ လွတ်လပ်ခွင့်တွေ၊ လွန်ကျွံတဲ့သဘောတွေ တွေ့ရမယ်။ နောက်ဆုံး လွတ်လပ်ခွင့်နဲ့ပဲ အလွဲသုံးမှုတွေ လုပ်လာမယ်။ အဲဒီလို ဖြစ်လာရင် အစိုးရဟာ ဒီမိုကရက်တစ် ဖြစ်ရမယ်။ ပြည်သူတွေအပေါ် အကြမ်း မဖက်ဘဲ ပျော့ပျောင်းညင်သာသိမ်မွေ့တဲ့ နိုင်ငံရေးမူဝါဒသဘောကို သွားရမယ်။ အဲဒီလို ဒီမိုကရက်တစ်အစိုးရကြောင့် ဒီမိုကရေစီမူဝါဒတွေ တည်မြဲနေတာပါ။

ဒီမိုကရက်တွေ ဘဝင်မြင့်လွန်းရင်

ဒီမိုကရေစီမူဝါဒတည်မြဲ (ခိုင်မြဲ) လိုကြတဲ့ တိုင်းပြည်တွေဟာ –
(၁) အတိုက်အခံနဲ့
(၂) အမြင်မတူသူများအတွက် လမ်းကြောင်းထားရပါတယ်။

အလျှော့၊ အတင်း လမ်းကြောင်းထားကြတာကြောင့် အကြမ်းဖက်နိုင်မယ့် အခွင့် အလမ်းတွေ မပေါ်လာနိုင်ပါဘူး။ ပေါက်ကွဲမှုတွေ ဖြစ်မလာနိုင်ပါဘူး။ လူတွေကတော့ ဒီမိုကရေစီပျံ့နှံ့မှုဟာ ကမ္ဘာ့ငြိမ်းချမ်းရေး ပျံ့နှံ့မှုပါပဲ ဆိုပြီးတော့ တင်စားကြတယ်။ ဒီမိုကရေစီ တိုင်းပြည်တွေဟာ အာဏာရှင်တိုင်းပြည်တွေနဲ့ စစ်မဖြစ်ခဲ့တာ မရှိပါ။ စစ်ဖြစ်ခဲ့တဲ့စနစ်ဟာ ငြိမ်းချမ်းရေး ဘယ်လိုဖြစ်နိုင်မလဲ ဆိုတာ စဉ်းစားရင် သိနိုင်ပါတယ်။ ဒီမိုကရက်တစ်ကမ္ဘာ မရှိရင် အကြမ်းဖက်မလွတ်မြောက်နိုင်ပါဘူး။ ခေတ်သစ်ကမ္ဘာဟာ ဒီမိုကရက်တစ်ဦးဆောင်တိုင်းပြည်ဖြစ်မှငြိမ်းချမ်းမယ်။ဒါကြောင့်ဒီမိုကရေစီနိုင်ငံရေးမူဝါဒကျင့်သုံးတတိုင်းပြည် တိုင်းဟာ ဘဝင်မြင့်လို့မရပါ။ ဒီမိုကရက်တွေ ဘဝင်မြင့်လွန်းရင် ဒီမိုကရေစီအဖွဲ့အစည်းတွေ အခက်အခဲ အကျပ်အတည်း ဖြစ်တတ်တယ် ဆိုတာ သိထားရမယ်။

ဒီမိုကရေစီလှိုင်း ကူးပြောင်းခါစ

ကမ္ဘာ့နိုင်ငံတွေကို လေ့လာပါ။ ဒီမိုကရေစီမူဝါဒဘက်ကို ကူးပြောင်းလာမှု များလာ ရင် ဒီမိုကရေစီလှိုင်းတွေ ထလာတတ်ပါတယ်။ ဒီမိုကရေစီလှိုင်းထရင် ပဒေသရာဇ်တွေ၊ ဘုရင်စနစ်တွေ၊ ဖက်ဆစ်စနစ်တွေ၊ ကိုလိုနီတွေ၊ တစ်ပါတီကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ၊ စစ်အုပ်ချုပ်ရေးစနစ်တွေ တုန်တုန်လှုပ်လှုပ် ဖြစ်နေတတ်တယ်။ ကူးပြောင်းမှု လှိုင်းကြီးထရင် တော်လှန်ရေးတွေ၊ ဆန့်ကျင်ဘက်တွေ၊ လှုပ်ရှားမှုတွေအမျိုးမျိုး တွေ့ရတတ်တယ်။ ယခု မြန်မာပြည်မှာလည်း ဒီမိုကရေစီလှိုင်း ကူးပြောင်းခါစအချိန် ဖြစ်တာကြောင့် လှိုင်းမကြီး (လှိုင်းမထန်)ဖို့ လိုပါတယ်။ လှိုင်းထတော့မယ်။ ညင်သာတဲ့လှိုင်း ဖြစ်ဖို့ လိုပါတယ်။ ညင်သာတဲ့လှိုင်း မဖြစ်ရင် (၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၁၇၊ ၄၁၈(က)(ခ) နဲ့ မိရင်တော့) ဒီမိုကရေစီအခွင့်အရေးနဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးတစ်ရပ်ရပ်တော့ ဆုံးရှုံးဖို့ သေချာတယ်။ အဲဒီလို အကြိမ်များများ မူလအခွင့်အရေး ဆုံးရှုံးမှုများတဲ့ တိုင်းပြည်များ ဟာ ဒီမိုကရေစီ ဆန့်ကျင်ဘက်လှိုင်းလုံးကြီးတွေ ထန်လာပြီး ဒီမိုကရေစီနိုင်ငံရေး ကျဆုံး သွားတတ်ပါတယ်။ ဒီအတက်အကျသဘောတရားကို နားမလည်ရင် ဒီမိုကရေစီနိုင်ငံရေး ချည်းပဲ အကောင်းဆုံး ဖြစ်နေတယ်လို့ပဲ ထင်နေကြတယ်။ ကျင့်သုံးမှုမရှိတဲ့ မူဝါဒတွေဟာ အောင်မြင်မှု မရသလို အောင်မြင်မှုမရှိတဲ့မူဝါဒဟာ လှိုင်းထလွန်းရင် အခွင့်အရေး ဆုံးပါး သွားတတ်ပါတယ်။

ဖြစ်နိုင်ခြေသဘော

နိုင်ငံရေးသဘောတရားဟာ
(၁) ဖြစ်နိုင်ခြေသဘောတရား probable
(၂) အဖြစ်နိုင်ဆုံး သဘောတရား most possible
ဒီတရားနှစ်ပါးနဲ့ လေ့လာသုံးသပ်နိုင်ပါတယ်။ ယနေ့ မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်းဟာ နိုင်ငံတကာဆက်ဆံရေးတွေ၊ အာဏာခွဲဝေမှုတွေ၊ လူမှုအဖွဲ့အစည်းအပေါ် အကျိုးဖြစ်ထွန်းမှုတွေ ဘာတွေများ ပြောင်းလဲသွားသလဲ။ ဒါမှမဟုတ် အကျိုးအမြတ်ကိုယ်စီ (ဟောက်တိုင်း) ရကြရဲ့လားစတဲ့ ဖြစ်နိုင်ခြေသဘောတရားတွေကို လေ့လာကြည့်ရင် မြင်နိုင် ပါတယ်။ ဖြစ်နိုင်ခြေရှိ မရှိ ဆိုတာလည်း ကျင့်သုံးလိုက်နာတဲ့ လူထုအပေါ်မှာ မူတည်ပါ တယ်။ ကျင့်သုံးမှုမပြုတဲ့ လူထုဖြစ်ရင်တော့ ဖြစ်နိုင်ခြေမရှိ သင်္ကေတတစ်ခုနဲ့ မှတ်သားနိုင်ပါတယ်။

အဖြစ်နိုင်ဆုံးသဘော 

အဖြစ်နိုင်ဆုံးသဘောတရားနဲ့ သုံးသပ်ကြည့်ရင် မြန်မာလူထုဟာ ဒီမိုကရေစီကို စိတ်ဝင်စားမှု အများဆုံး ရှိကြတာကြောင့် ဖြစ်နိုင်ခြေ ရှိတယ်။ အဖြစ်နိုင်ဆုံး ဖြစ်တယ်လို့ သတ်မှတ်နိုင်တယ်။ ဒီမိုကရေစီနိုင်ငံရေးလမ်းကြောင်းပေါ်ကို တက်လာပြီဆိုရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်အုပ်စုကို အရေးမစိုက်ဘဲ မရပါ။ သတိပြုရသေးတယ်။ စီးပွားရေး ပြောင်းလဲ လာရင် နိုင်ငံရေးပုံစံ ပြောင်းလဲလာတာပဲ။ ဒီမိုကရေစီဆိုတာ စီးပွားရေး ရေခံမြေခံ နေရာ ကောင်းရတယ်။ စီးပွားရေးမကောင်းဘဲ ဒီမိုကရေစီတိုင်းပြည် တည်ထောင်ရင် ဆန္ဒပြပွဲ သက်သက်ပဲ အချိန်ကုန်သွားမယ်။

ဆန္ဒပြပွဲနဲ့ အချိန်ကုန်တဲ့ ဒီမိုကရေစီနိုင်ငံတွေဟာ-
စီးပွားရေးဓနကြွယ်ဝမှု၊
ဈေးကွက်စီးပွားရေးကောင်းစားမှု၊
စနစ်ဟောင်းများ ပျက်သုဉ်းမှု၊
အရင်းရှင်အားကောင်းမှု၊
လူလတ်တန်းစားအလွှာ အားကောင်းမှု၊
ပညာရေးမြင့်မားမှု၊
ယဉ်ကျေးမှုအားကောင်းမှု၊
ပညာတတ်အုပ်စု အားကောင်းမှ
စတဲ့ အကြောင်းတရားတွေ အားရှိမှာ မဟုတ်ပါ။

အဲဒီလို အကြောင်းမကောင်းတဲ့ အပြောင်းအလဲများတဲ့ တိုင်းပြည်ဟာ –
(က) လူမှုအခြေခံအားနည်းတာတွေ၊
(ခ) ခေါင်းဆောင်များ အစွန်းရောက်ပေါ်လစီ မကျွတ်တာတွေ၊
(ဂ) စီးပွားရေးဆုတ်ယုတ်တာတွေ၊
(ဃ) စစ်ပွဲကြီးများတာတွေ ဖြစ်ပြီး နိုင်ငံရေး သံသရာလည်ခံနေရတယ်။ ဒီအတွက် သင်ခန်းစာတွေ ယူထားသင့်တယ်။

ခေါင်းဆောင်မဖြစ်ထိုက်သူ

ဒီမိုကရေစီအစိုးရဟာ အစွန်းရောက်တဲ့သူ၊ အဂတိလိုက်စားတဲ့သူ၊ တည်ငြိမ်မှုကို လက်မခံတဲ့သူ ပါလာရင် ခရီးမတွင်ကျယ်ပါ။ ဖြုတ်ချမှု၊ ဝင်စွက်မှု၊ ဖိအားပေးမှုကြောင့် ရွေးကောက်ပွဲ ခဏ ခဏ ခဏ ခဏ လုပ်ရတယ်။ တစ်လှည့်စီစနစ်ကြောင့ကျွံနစ်ကုန်တာပဲ။ဒီလိုကျွံနစ်ရတာဟာခေါင်းဆောင်တဲ့သူ ညံ့ဖျင်းလို့ပါပဲခေါင်းဆောင်ညံ့ဖျင်းရင် အာဏာသိမ်းမှု(ခဏ ခဏ) ဖြစ်ပွားတတ်တယ်။ အာဏာသိမ်းတယ် ဆိုပေမယ့် ဒီမိုကရေစီ အတွေ့အကြုံ ရှိပြီးသား တိုင်းပြည်ဖြစ်ရင်တော့ မစိုးရိမ်ရပါ။ ပွင့်သစ်စ ဒီမိုကရေစီတိုင်းပြည်သာ ဖြစ်မယ်ဆိုရင်တော့ မူလပြန်တတ်တယ်။ (မူလကလာတဲ့ နိုင်ငံရေးပေါ်လစီအတိုင်း ပြန်ဖြစ်တတ် တယ်) အဲဒီလိုမျိုး ပြန်ဖြစ်သွားတဲ့ တိုင်းပြည်ဆိုရင် ညံ့ဖျင်းတဲ့ ခေါင်းဆောင်တွေရဲ့ အဖြစ်က တိုင်းပြည်အတွက် တရားခံအစစ် ဖြစ်သွားကြတာပဲ။ တွေဝေသူ၊ ညံ့ဖျင်းတဲ့သူတွေဟာ ခေါင်းဆောင်မဖြစ်ထိုက်တာ အမှန်ပါပဲ။

ခေါင်းဆောင်သူရဲ့ အရည်အချင်း

တိုင်းပြည်အုပ်ချုပ်တဲ့သူဟာ နိုင်ငံရေးအာဏာ ဆုတ်ယုတ်ကျဆင်းမှု မရှိအောင် ထိန်းသိမ်းနိုင်ရမယ်။ တည်ငြိမ်ရင့်ကျက်ရမယ်။ စီးပွားရေး မထိုင်းမှိုင်းအောင် ထိန်းသိမ်းပေး ရမယ်။ အခက်အခဲမများဖို့ နေတတ်ရမယ်။ ကျင့်သုံးတဲ့ နိုင်ငံရေးမူဝါဒကို ချင့်ချိန်တတ်ရ ) နှင့်လို မယ်။ ကွာခြားချက်သိရမယ်။ မူနဲ့လူ နှစ်မျိုးကို တွေဝေညံ့ဖျင်းမှု မရှိ(မဖြစ်)အောင် ပြင်ဆင် တတ်ရမယ်။ လဲလှယ်မှုတတ်ရမယ်။ အကွက်အကွင်း ဖြည့်စွက်တတ်ရမယ်။ စကားနဲ့တရား (နိုင်ငံရေးသဘော) သဘောကို လက်တွေ့ကျရမယ်။ ကျင့်သုံးနိုင်တဲ့ဥပဒေကို ကျင့်သုံးစေပြီး ကျင့်သုံးအပ်တဲ့ ဥပဒေကို မဆုတ်ယုတ်အောင် ပြဋ္ဌာန်းပေးတတ်ရမယ်။ ပဋိပက္ခပေါ်ရင် ခေါင်းအေးအေးထားပြီး ဖြေရှင်းတတ်ရမယ်။ ပြဿနာဖန်တီးသူကို အရင်းအမြစ် နားလည် ရမယ်။ ဝိရောဓိ (ဆန့်ကျင်မှု) အရင်းအမြစ်ကို ဆက်စပ်တဲ့ ကွန်ချာစက်ဝန်းကျွမ်းကျင်ရမယ်။ သုံးသပ်မှု၊ ဆင်ခြင်မှ မြဲရမယ်။ အလုပ်နဲ့တူသူ ဖြစ်အောင် လုပ်တတ်ရမယ်။ အလုပ်မများသူ ဖြစ်အောင် နေတတ်ရမယ်။ မြင်ရာ၊ ကွယ်ရာ၌ အထင်သေးမှု ပြုမူချက်များ ရှောင်ရှားတတ် ရမယ်။ အကျင့်သဘောကို အလုပ်သဘောမဖြစ်ဖို့ စီမံမှု လိမ္မာရမယ်။ အပြုသဘောကို သေချာမှု၊ ဟုတ်မှန်မှ ရှုမြင်တတ်ရမယ်လို့ ခေါင်းဆောင်သူရဲ့ အရည်အချင်းအချို့ကို တွေ့ရ တယ်။ (အရည်အသွေးအချို့ကို တွေ့ရတယ်)

ပြည်သူတွေ တာဝန်ကျေပွန်ပါ

နိုင်ငံရေးမူဝါဒတစ်မျိုးဟာ ကျင့်သုံးမှုမတတ်ရင် နောက်ပြန် (ဘက်ပြန်)တတ်တယ်။ နိုင်ငံရေးချဲ့ကားတာတွေ၊ အတိုက်အခံတွေ ခြိမ်းခြောက်တာတွေ၊ တစ်ဖက်သတ် ပြုမူမှုတွေ သတိထားရတယ်။ အဲဒီ ပြုမူချက်ဟာ နောက်ပြန်နိုင်တဲ့ နိုင်ငံရေးပဲ။ နိုင်ငံရေးစနစ်ဟာ အားနည်းခြင်း မရှိရပါ။ မှားယွင်းမှု မရှိရပါ။ အတုအယောင် မပါရပါ။ ညံ့ဖျင်းတဲ့အုပ်ချုပ်မှု မဖြစ်ရပါ။ အာဏာသုံး မလွန်ရပါ။ အခွင့်ထူးခံ စီးပွားရေးသမားတွေကို ထိန်းနိုင်ရမယ်။ ငွေများ တရားနိုင် မဖြစ်ရ။ နိုင်ငံသား တာဝန်မယူဘဲ ခေါင်းဆောင်တွေကို အုပ်ချုပ်ရေးမှာမပါရ။ မိသားစုအကျိုးစီးပွားလုပ်သူ မပါရ။ မိမိအသိုက်အဝန်းကြည့်တဲ့သူ မပါရ။ ကျွမ်းကျင်မှ မရှိတဲ့သူတွေ မပါရပါ။ ယောင်မှားမှားလုပ်တတ်သူ၊ တိမ်းညွတ်လွယ်သူ၊ တစ်ပိုင်းသမား (အာဏာရှင်တစ်ပိုင်း၊ စီးပွားရေးတစ်ပိုင်း) မပါဝင်အောင် သတိပြုရမယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဝယ်လိမ် (မဲဝယ်၊ မဲလိမ်) ဖောက်ပြန်တဲ့သူတွေပါ။ ဒီသူတွေ နိုင်ငံရေးဝင်ခွင့်ရလေသမျှ ကာလပတ်လုံး “နိုင်ငံသား”စစ်စစ်ဖြစ်တဲ့ပြည်သူတွေ နိုင်ငံရေးထဲမှာ ဝင်ရောက်နိုင်မှာ မဟုတ်ပါ။ ရွေးကောက်ပွဲမှာ ပြည်သူတွေ မိမိတာဝန်ကို ကျေပွန်ဖို့ လိုပါတယ်။

စံပြနိုင်ငံ မဖြစ်ပါ

ဒီမိုကရေစီကျင့်စဉ်နဲ့ ကျင့်သုံးတဲ့ နိုင်ငံရေးဟာ များသောအားဖြင့် ပြည်သူတွေရဲ့ အသံကို နားထောင်စေတယ်။ (နားထောင်ခိုင်းတယ်) အသံကြောင့် ဖားသေနိုင်ငံရေးမဖြစ်တဲ့ ပုံစံပါ။ နိုင်ငံရေးထဲကို လူထုတွေ ဘယ်လောက် ပူးပေါင်းပါဝင်ကြသလဲ၊ ဘယ်လောက် စိတ်ဝင်စားကြသလဲ ဆိုတာ အမြဲတမ်း ထိတွေ့နေရမယ်။ ထိတွေ့မှု မရှိတဲ့ နိုင်ငံရေးဟာ အရည်အချင်း မတက်ပါ။ အရည်အချင်းမတက်ရင် လိုအပ်ချက်ရှိပြီ ဆိုတာကို သိထားရမယ်။ ဒီမိုကရေစီနိုင်ငံရေးဟာ “ပြည်သူတွေ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ ဘယ်လောက် ကာကွယ် ပေးနိုင်သလဲ” ဆိုတဲ့ စံနှုန်းနဲ့ထားတဲ့ အဆုံးအဖြတ်ပါပဲ။ အဆုံးအဖြတ်မရှိတဲ့ ဒီမိုကရေစီ (လူမှုဘဝနိုင်ငံရေး) ဟာ စံပြနိုင်ငံမဖြစ်ပါ။ စံပြမဖြစ်ရင် ဒီမိုကရေစီကို မယုံကြည်တော့ပါ။ ယုံကြည်မှုပျောက်ကွယ်ရင် ကျင့်သုံးမှုလည်း ပျောက်တယ်။ ကျင့်သုံးမှုမရှိရင် ပျက်သုဉ်းမှုပဲ အဖြေ ရှိတော့တယ်။ ဒီအဖြေဟာ ဒီမိုကရေစီ မဖြစ်ထိုက်သူ (မရထိုက်သူ)တွေရဲ့ လုပ်ရပ် ပါပဲ။ ဆင်းရဲတဲ့တိုင်းပြည်တွေ ဒီမိုကရေစီ နောက်ပြန်ဖြစ်သွားကြတာဟာ ဒီသဘောတရား ရောက်သွားလို့ပါပဲ။

အမြတ်ထုတ်စားတဲ့ နိုင်ငံရေး

ဒီမိုကရေစီတိုင်းပြည်တိုင်းမှာ စီမံအုပ်ချုပ်မှု၊ ထိန်းကျောင်းမှု တော်ရမယ်။ ထိထိမိမိကျွမ်း ကျင်ရမယ်။ မတော်မကျွမ်းကျင်ရင် အကြမ်းဖက်မှုတွေ၊ စီးပွားပျက်မှုတွေ တွေ့ရတတ်တယ်။ စီမံအုပ်ချုပ်မှု မတော်ရင် မတိုးတက်ပါ။ မတိုးတက်ရင် မထိန်းနိုင်ပါ။ အကျင့်ပျက် လာဘ် ပေးမှု၊ လာဘ်ယူမှု၊ လာဘ်စားမှုတွေ များပြားပြီး မျက်နှာလိုက်မှု၊ မသမာမှု၊ ကိုင်တွယ်ဖို့ ပျက်ကွက်မှုတွေ များပြားလာတယ်။ အကျင့်ပျက်တဲ့ အဆိပ်တွေ တက်ပြီး ရှုပ်ထွေးလာတယ်။ တည်ငြိမ်မှု ဘေးမကင်းမှုတွေများလာပြီးညံ့ဖျင်းတဲ့အုပ်ချုပ်ရေးစနစ်တွေထလာတယ်။နိုင်ငံရေးအမြင်မရှိတစရိုက်သမားတွေ ကြီးစိုးလာပြီး လူ့အဖွဲ့အစည်း အကျိုးတွေ အားနည်းလာတယ်။ ကန့်သတ်ပိတ်ပင်မှုများ ပေါ်လာတယ်။ ကိုယ်ကျိုးတွက် ဈေးကွက်ပြိုင်တဲ့သူ၊ခေါင်းပုံဖြတ် အမြတ်ကြီးစားတဲ့သူတွေ များပြားလာတယ်။ အစိုးရသူကိုယ်တိုင်က အပြုအမူ ကြမ်းတမ်းလာပြီး သံသယစိတ်ကြီးလာတယ်။ နိုင်ရှုံးအပြတ် စိန်ခေါ်မှုတွေ ဖြစ်လာတယ်။ တစ်ဖက်စောင်းနင်း မညီမျှမှု၊ ထက်အောက် မှီခိုကင်းမှု၊ လက်သပ်မွေးမှု၊ ဖိနှိပ်မှုတွေ ဖောက်ပြန်တဲ့ လုပ်ရပ်တွေ ပေါ်လာပြီး သူ့ထက်ငါ အာဏာလုပွဲတွေ ကြဲကြတယ်။ မူလ ရည်ရွယ်ချက်များ ပျောက်ကွယ်ပြီး တိုင်းပြည်အပေါ် အမြတ်ထုတ်စားတဲ့ နိုင်ငံရေး ဖြစ်လာ တယ်။ (အမြတ်ထုတ်ခြင်းကို မဆိုလိုပါ)

ကောင်းမွန်တဲ့ ပြည်သူ့လူ့အဖွဲ့အစည်း

ယနေ့မြန်မာပြည်ဟာ လူထုနဲ့ အုပ်ချုပ်သူအကြား နိုင်ရာစားတဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်လာပြီလား။ စွမ်းရည်ထက်မြက်တဲ့ လူ့အဖွဲ့အစည်းတွေ ဖြစ်လာကြပြီလား။ အခြေခံ စီးပွားရေးအတွက် ခိုင်မာတောင့်တင်းနေကြပြီလား။ ရင်းနှီးမြှုပ်နှံသူများ အခွင့်အရေးနဲ့ အခွင့်အလမ်းတွေ စနစ်ကျပြီလား ဆိုတဲ့ မေးခွန်းတွေကို မေးကြည့်ရင် အဖြေများ အမျိုးမျိုး ကြားရဦးမှာပဲ။ မြန်မာပြည်မှာ လူထုတွေ မချမ်းသာပေမယ့် ရိုးသားမှုရှိရင် အာဏာနဲ့ အခွင့်ထူးခံသမားတွေ၊ နိုင်ငံတော်ထံ ခိုးဝှက်တဲ့သူတွေ၊ ခေါင်းပုံဖြတ်သူတွေ၊ ဥပဒေလိမ်လည် တဲ့သူတွေ မပေါ်လာနိုင်ပါ။ ဒါကြောင့် ယနေ့ မြန်မာပြည်သူတွေဟာ တက်ကြွတဲ့ “နိုင်ငံရေး ရပ်ဝန်းအဖြစ် ခံယူကြပြီး ကောင်းမွန်တဲ့ ပြည်သူ့လူ့အဖွဲ့အစည်းဖြစ်အောင် ကြိုးစားရမယ်။ အပြစ်ပေးခံရမယ့်သူတွေကို ပြည်သူတွေ ထိန်းကျောင်းပေးနိုင်ရင် လုပ်နိုင်တဲ့ နိုင်ငံရေး ဖြစ်လာပြီ ဆိုတာကို သေချာစွာ မှတ်သားရမယ်။

မြန်မာပြည် နိုင်ငံရေးအပြောင်းအလဲဟာ
ထူးထူးခြားခြား ပြောင်းလဲနေသလို ထင်ရပေမယ့်
ဖြောင့်ဖြောင့်မတ်မတ် သေသေသပ်သပ်တော့ ပြောင်းလဲပုံ မပေါ်ပါ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၀၇-၂၁၃၊ အဝိဟိံသာနိုင်ငံရေး (၂၄)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ဦးအောင်ဖေ

‎။ သတိရလိုက်ပါ ။

။ သတိရလိုက်ပါ ။
~~~~~~~~~~~~~~
။ နေရတဲ့အချိန်လေးမှာ
ဝန်လေးတဲ့တာဝန်တွေနဲ့
မယူမိဖို့ပါပဲ။

။ ဝန်လေးလံတဲ့သူဟာ
ထမ်းရွက်ရတဲ့ဝန်ကြောင့်
မသက်သာရပါဘူး။

။ အသက်ကလေးရှင်နေစဉ်မှာ
အေးအေးဆေးဆေးနဲ့
တာဝန်သိတတ်တဲ့
အဖော်ကောင်းနဲ့
နေကြရဖို့တွေးမိကြမှာပါ။

။ အတူတူနေကြတဲ့
တစ်အိမ်တည်းကအဖော်တွေ
တစ်မိသားစုတည်းကအဖော်တွေ
ဝန်လေးလေးနဲ့
ဖေးမလက်တွဲရတာ
စိတ်ဒဏ်ရာတွေများနေကြပြီလားပါပဲ။

။ ဘဝဆိုတာ
မေတ်တာ တရားနဲ့
မလုံလောက်ပါဘူး
သစ္စာတရားနဲ့လည်း
မဖြေဖျောက်နိုင်ကြပါဘူး
အကြင်နာတရားတွေနဲ့လည်း
အကုန်မပြည့်စုံနိုင်ကြပါဘူးလေ။

။ ရိုးရိုးရှင်းရှင်းနဲ့
သူတစ်ပါးတွေနဲ့ ကင်းကင်းလေးနဲ့
ကိုယ့်အားနဲ့ကိုယ်နဲ့
စိတ်အလင်းသစ်သစ်လေးနဲ့ပဲ
နေသွားဖို့ပါပဲလေ
နေရဖို့ပါပဲလေ။

ဦးအောင်ဖေ
(၂.၆.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ အတတ်ပညာ သိစေရာ ။

။ အတတ်ပညာ သိစေရာ ။
~~~~~~~~~~~~~~~~~~~

။ ပညာရှိက ပြောတယ်…

. တိုင်းပြည်အတွက်
အရေးကြီးတဲ့ကိစ္စ။
. သေခြင်းနဲ့ရှင်ခြင်းတို့ရဲ့
ရပ်ဝန်း။
. ရှင်သန်ကျန်ရစ်ခြင်းရဲ့
လမ်းတစ်လမ်း။
. စေ့စပ်သေချာစွာ တွေးခေါ်ရမယ့်
အကြောင်းတစ်ရပ်။

။ နှိုင်းယှဉ်သုံးသပ်ဖို့နဲ့
အခြေအနေကို စိစစ်အကဲဖြတ်ဖို့
သေသေချာချာ တွေးဆကြည့်ရမယ့်
အခြေခံအချက် ငါးခု ရှိတယ်။

၁) လမ်းစဉ်၊
၂) ပတ်ဝန်းကျင်၊
၃) နေရာ၊
၄) အမိန့်အာဏာ၊
၅) စည်းကမ်းနည်းလမ်း။

။ ၁) လမ်းစဉ်က
လူသားကို
အုပ်ချုပ်သူနဲ့
တစ်စိတ်တစ်သဘော
ဖြစ်စေတယ်။
နေအတူ သေအတူ ဖြစ်စေတယ်။
ဘယ်သော်မှ
ရှောင်ပြေးပုန်းတာမျိုး မဖြစ်ဘူး။

။ ၂) ပတ်ဝန်းကျင်က
သူ့အချင်းအရာနဲ့သူ
အအေးနဲ့အပူ
ရာသီစက်ဝန်း လှည့်ပတ်နေမှုပါပဲ။

။ ၃) နေရာက
နိမ့်မြင့်နဲ့အကျယ်အဝန်း
အနီးနဲ့အဝေး
စိုးရိမ်မှုနဲ့မစိုးရိမ်မှု
ဟင်းလင်းပြင်နဲ့ ကန့်သတ်မှုမြေသား
အသက်ရှင်ခြင်းနဲ့သေခြင်းတို့ပါပဲ။

။ ၄) အမိန့်အာဏာဆိုတာက
ဉာဏ်ပညာ
သစ္စာ
ကရုဏာ
ရဲစွမ်းသတ္တိ
တိကျပြတ်သားခြင်းပါပဲ။

။ ၅) စည်းကမ်းနည်းလမ်းဆိုတာက
စည်းလုံးရေး
ဆင့်ကဲတာဝန်ယူရေး
ဝတ္တရားခံယူတတ်မှုနဲ့
အသုံးအဆောင်များ
ထိန်းသိမ်းရေးတွေပါပဲ။

။ ဒီအချက်ငါးရပ်ကို
သိတယ်
သိမယ်
နားလည်မယ်
သိကြမယ်ဆိုရင်
ဆုတ်ယုတ်နစ်နာခြင်း မရှိပါ။

( ငယ်ငယ်က ကူးယူခဲ့ဖူးတဲ့မှတ်စု။)

တောင်ကလေးဆရာတော်
(၃.၃.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ကိုယ်တွေ့ဇရာ ။

။ ကိုယ်တွေ့ဇရာ ။
~~~~~~~~~~~~~

နိဒါန်း
။ ဇရာဆိုသော ဝေါဟာရကို ပိဋကတ်စာပေမှာ တွေ့ရှိမှုအကြိမ်ပေါင်း(၈၆၆)ရှိကြောင်း သိရှိရပါသည်။ အဘိဓာန်စကားအရ ဇရာကို ဆွေးမြေ့အိုမင်းရင့်ရော်ခြင်း၊အိုခြင်း၊အိုမင်းခြင်း၊ယွင်းယိုခြင်းဟု ဖွင့်ဆိုပါသည်။ သတ္တဝါတိုင်း၏တောင့်တသောဆန္ဒအမှန်က “ ငါတို့သည် ဇရာသဘောမရှိကြကုန်မူ ကောင်းလေစွ၊ဇရာသည် ငါတို့ထံမရောက်လာမူ ( မလာမူကား) ကောင်းလေစွ” ဟု ဇရာကိုတင်ပြခဲ့သောကျမ်းစာတို့က ပြခဲ့သည်။

ပြထားပါသည်
။ ဇရာသုတ္တနိဒ္ဒေသမှာ ” ဤအသက်သည် နည်းပါး၏၊တိုတောင်း၏၊အနှစ်တစ်ရာအတွင်း၌လည်း သေတတ်၏။အကယ်၍အနှစ်တစ်ရာအတွင်းကိုလွန်၍ အသက်ရှည်စေသော်( စေကာမူ)ထိုသို့အသက်တစ်ရာလွန်၍ အသက်ရှည်ငြားသော်လည်း ထိုသူသည် အိုသဖြင့်လည်း သေရ၏” ဟုပြထားပါသည်။

ခံစားတွေ့မြင်
။ ဤအရှင်ကိုယ်သည် အသက်(၆၀) ပြည့်နှစ်ရောက်သောအခါ ထင်ရှားသောခန္ဓာငါးပါးပြောင်းလဲမှုများကို သိရသည်။ ခန္ဓာငါးပါးသည် သဘာဝကျကျပြောင်းလဲနေသည်ကို အထင်အရှားခံစားရသည်။ မည်သို့မည်ပုံခံစားသိမြင်ရသည်ဆိုသည်မှာ ခန္ဓာငါးပါး၏ ဇရာပိုငျးပွောငျးလဲပုဲသညျ သိသာထင်ရှားစွာ ခံစားတွေ့မြင်ရသည်။

သိရသည်
။ ရင့်ရော်မှုဇရာနှင့်ပတ်သက်၍ စာပေကျမ်းဂန်ထဲကပြထားသည့်အတိုင်း ” သွား,ခြေသည်းလက်သည်းတို၏ကျိုးသည့်အဖြစ်၊ဆံပင်,မွေးညင်းတို့သည်ဖြူသည့်အဖြစ်၊အရေတွန့်သည့်အဖြစ်၊အသက်အရွယ်ဆုတ်ယုတ်လာခြင်းအဖြစ်” အထင်အရှားသိလာသည့်အပြင် မိမိရုပ်ခန္ဓာသည် ရင့်ရော်မှုများ အမျိုးမျိုးပြသည်။ ခံစားရသည်။ သိရသည်။

ပွင့်လင်းစွာ
။ ယင်းအဖြစ်မျိုးကို ခံစားသိမြင်ကြသူများ ရှိ,မရှိ၊တူ,မတူ အသက်အရွယ်ဖြစ်လာကြသူများကို မေးကြည့်သောအခါ အသက်ရရှိသူတိုင်းက ဇရာအကြောင်းကို ကိုယ်တွေ့သိမြင်ခံစားရသည့်အကြောင်းကို ပွင့်လင်းစွာ ရှင်းပြကြပါသည်။

ဝေဖန်ထားသည်
။ အနောက်နိုင်ငံသားအချို့လည်း ဇရာကို တင်ပြခဲကြသည်။ အရာဝတ္ထုမှန်သမျှ မကောင်းသဖြင့်ပြောင်းလဲကြောင်း၊သုခချမ်းသာအတွက်လည်း မကောင်းသဖြင့်ပြောင်းလဲကြောင်း၊ပေါက်ဖွားလာမှုမှန်သမျှအိုမင်းရင့်ရော်မှု၊သေဆုံးမှုတို့၏အကြောင်းဖြစ်ကြောင်း၊ဒုက္ခဖြင့်ချီတက်လေသမျှ အဘယ်မည်သောချမ်းသာမှုများ ရှိနိုင်အံ့ ‘ စသည်ဖြင့်ဝေဖန်ထားသည်ကိုတွေ့ရပါသည်။

အထင်အရှားသိမြင်
။ မှန်ပါသည် ၊ သတ္တဝါမှန်သမျှ ရုပ်ခန္ဓကိုယ်သည် အနာရောဂါဖြစ်လာရေးအတွက်သာ ရှိနေ၏။ ခန္ဓာကြီးသည် အနာရောဂါပေါက်ဖွားလာရာ မြေလွှာများနှင့်တူ၏။ ခန္ဓာငါးပါးသည် ဆင်းရဲခြင်းအစုအပုံဖြစ်သည်မှတစ်ပါး အခြားအဘယ်မှမဟုတ်ပါပြီ, ဆိုသည်ကို မိမိကိုယ်မိမိ အထင်အရှားသိမြင်ခဲ့ရသည်။

သံဝေဂဉာဏ်
။ နှစ်သက်ဖွယ်အာရုံနှင့်ပတ်သက်လျှင်လည်း ပွင့်လာသောပန်းများပမာသာဖြစ်၏။သည်အကြောင်းအရာကို ကိုယ်ပိုင်တွေ့မြင်ခံစားသိလာရသောအခါ ထိပါးပုတ်ခတ်မှုများ၊နာကျင်စွာခံစားရမှုများနှင့် မိမိ၏အသက်တည်ရှိရာကာလအပိုင်းအခြားကို ရှင်ပြီး၊ရှင်နေဆဲ၊ရှင်လတ္တံ့ခန္ဓာအကြောင်းကို သိုမှီးသိမ်းဆည်းထားရခြင်း မဖြစ်နိုင်မှုကို သိမြင်လာ၍ ခန္ဓာငါးပါးဆင်းရဲခြင်းကို သံဝေဂဉာဏ်မြဲစွာယူထားခဲ့ပါသည်။

မတောင့်တ
။ ရင့်ရော်မှုဇရာ၏သဘာဝကျကျဖောက်ပြန်ပြောင်းလဲပုံကို မျက်စိဖြင့်မမြင်ရသော်လည်း ကိုယ်ပိုင်ဆင်ခြင်သောဉာဏ်
ဖြင့် သိနိုင်ကြ၏။ ရေလေတို့ကြောင့်ပျက်စီးသောသစ်ရွက်တို့သည် ပျက်စီးရာလမ်းကြောင်း ထင်ရှားစွာမြင်ရသကဲ့သို့ ခန္ဓာကိုယ် ဣန္ဒြေကြီးရင့်ရော်လာမှုသည် သိသာစွာသိမြင်လာခဲ့ရသည်။ ထင်ရှားစွာရင့်ရော်မှု၊ကွယ်ဝှက်စွာရင့်ရော်မှု သိမြင်လာခဲ့ရသောကြောင့် မိမိသည် ခန္ဓာအဖန်ဖန်ရရှိနေခြင်းကို မတောင့်တမိပြီ။

ရေးသားခဲ့
။ အရှင်သည် ယခုအသက်(၆၅) နှစ်ရောက်လာသောအခါ အရှင်ခန္ဓာသည် အဝိ
စိဇရာ( အကြားမရှိသောဇရာ) နှင့် သဝိစိဇရာ( အကြားရှိသောဇရာ) တို့၏သဘောကို အထင်အရှားပိုမြင်လာခဲ့ရ၏။ ယခုစာရိုက်နေသောအချိန်သည် မိမိ၏ရုပ်ဇရာဖြစ်တည်မျိးကို သိသာထင်ရှားစွာ ဝေဒနာခံစားနေရ၏။ ဖြစ်တတ်သောဇရာကို ကိုယ်တိုင်ခံစားသိမြင်လာခဲ့သည်ကြောင့် ငြိမ်သက်သွာဆင်ခြင်ပွားများလျက် စာလုံးဖြစ်လာအောင် ရေးခဲ့လေ၏။

သတိပြန်ထား
။ ဇရာ၏လက္ခဏာသည်
၁) ခန္ဓာငါးပါး၏ ရင့်ကျက်ခြင်းလက္ခဏာ၊
၂) သေ့ခြင်းသို့ ရှေးရှုခြင်းလက္ခဏာ၊
၃) အရွယ်ကိုဖျက်ဆီးခြင်း အခြင်းအရာသာရှိသည်ကြောင့် သိမြင်ထားပါသည်။ မနေ့က အသက်(၁၈) နှစ်သားအရွယ်ကဓာတ်ပုံကိုပြန်တွေ့မိ၍ မိမိပုံသည် ချစ်မြတ်နိုးဖွယ်ရာပါတည်းဟု နှလုံးသွင်းမိပြီး ‘ အော် ပုံပြောင်းနေပါပြီပေါ့လား’ ဟူ၍ သတိပြန်ထားမိနေသည်။

ဇရာဒုက္ခ
။ ဇရာသည် ဒုက္ခ၏အကြောင်းရင်းဖြစ်သောတရား၊ကိုယ်,စိတ်ဆင်းရဲခြင်း၏ အကြောင်းရင်းတရားဖြစ်သည်။ မိမိသည် လှည်းအိုကြီးပမာကဲ့သို့ အင်အားနည်းလာသည်။ မတ်တတ်ရပ်ဖို့ ၊ လမ်းလျှောက်ဖို့အတွက် ကြီးစွာသောဒုက္ခဖြစ်လာသည်။ တပည့်ဒါယကာ သို့မဟုတ် သားသမီးများက မိမိ၏စကားကိုမမှတ်မသား အရေးမထားလာပြန်သော် စိတ်ဆင်းရဲခြင်း စေတသိကဒုက္ခဖြစ်လာရ၏။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းသည် ” ဇရာဒုက္ခ” ဟူ၍သိထားရမည်ဖြစ်၏။

ဇရာဟူသမျှ
။ အရှင်သည် ကိုယ်လက်အင်္ဂါများ သိသိသာသာလျော့ကျလာနေသည်မှာ ပိုထင်ရှားသည်။ ဣန္ဒြေအမျိုးမျိုးဖောက်ပြန်လာနေသည်ကြောင့် အရွယ်၊သတိ ချို့ယွင်းပျက်ပြားလာနေကြောင်းကို သိလာရသည်။ မေ့တတ်လာကြောင်းကို သိလာသည်။ နောက်ဆုံး၌ ဇရာဟူသမျှ ” ဒုက္ခ” ဖြစ်နေတော့၏။

။ နိဂုံး
ငါ ဟူသော (မာန)
ငါ၏ဥစ္စာဟူသော (တဏှာ)
ငါ၏အတ္တ(ဒိဋ္ဌိ) ဟူသော အတွေးစိတ်ဟူသမျှမှာ ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဏ်တို့ကို စွဲလမ်းမှီတွယ်ပြီးဖြစ်ပေါ်လာသည့် အတွေးတို့သည်သာ ဖြစ်သည်။ စင်စစ် ဇရာကို ယိုးမယ်ဖွဲ့၍ မရပါကြောင်း သိထားနေပါပြီ။

တောင်ကလေးဆရာတော်
(၂.၃.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပြီးသော အရိယာသောတာပန်ပုဂ္ဂိုလ်ဟူသည် ။

။ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပြီးသော အရိယာသောတာပန်ပုဂ္ဂိုလ်ဟူသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နိဒါန်း

။ လူတိုင်းသောတာပန်ဖြစ်နိုင်သည်။ သောတာပန်မဖြစ်နိုင်ကြဟူ၍ မည်သူမှတားဆီးခွင့်မရှိ။(မရ) သောတာပန်ဖြစ်ရန်ကို ကြိုးစားကြသည်။ သောတာပန်ဖြစ်လျှင် အပါယ်လေးဘုံတို့မှလည်း လွတ်မြောက်ရပြီ။

သိမြင်သူ

။ သောတာပန်ပုဂ္ဂိုလ်သည်
၁) မှားယွင်းစွာ ယူဆမှုအမြင်၊
( သက္ကာယဒိဋ္ဌိ)
၂) ယုံမှားသံသယဖြစ်မှု၊
( ဝိစိကိစ်ဆာ)
၃) မှားယွင်းစွာ သုံးသပ်ယူဆမှု၊
(သီလဗ္ဗတပရာမာသ) ဤတရားသုံးပါးကို သိမြင်ထားသူဖြစ်သည်။( နားလည်သည်။)

အပါယ်လွတ်သူ

။ အပါယ်လေးပါးလွတ်မြောက်ကြသူတို့သည်
၁) ဘုရား၊ရုပ်ပွားတော်၊စေတီတော်တို့ကို ရိုသေလေးစားသည်။
၂) တရားတော်ကို ရိုသေလေးမြတ်သည်။
၃) သံဃာတော်ကို ရိုသေလေးမြတ်သည်။
၄) ကိုယ်ကျင့်တရားကို ရိုသေလေးမြတ်သည်။
၅) မကျူးလွန်ထိုက်သော အရာမျိုးကို မကျူးလွန်။
၆) ရှစ်ကြိမ်မြောက်ဘဝမှာ ပဋိသန္ဓေမယူ, ဟု ( အဘိဌာန = ကြမ်းတမ်းရုန့်ရင်းသော အမှုအပြစ် ၆ ပါး) သိရသည်။

တစ်နည်း

။ တစ်နည်းအားဖြင့်လည်း
၁) မိခင်သတ်မှု မကျူးလွန်၊
၂) ဖခင်သတ်မှု မကျူးလွန်၊
၃) ရဟန္တာသတ်မှု မကျူးလွန်၊
၄) ဘုရားကို သွေးစိမ်းတည်အောင် မကျူးလွန်၊
၅) သံဃာသင်းကွဲအောင် မကျူးလွန်၊
၆) ဘုရားမှတစ်ပါး အခြားတစ်ပါးသောကိုးကွယ်မှု မဖြစ်နိုင်, ဟူ၍လည်း တွေ့ရသည်။

မိမိအပြစ်ကိုမဖုံးကွယ်သူ

။ ဤမျှမက သောတာပန်ပုဂ္ဂိုလ်သည် ကိုယ်နှုတ်စိတ်တို့ဖြင့် မကောင်းသောအပြစ်တို့ကိုမပြု။ကျူးလွန်မိလျှင်လည်း မိမိပြုသောမကောင်းမှုကို ကွယ်ကာဖုံးဝှက်ထားသူမဖြစ်နိုင်။မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပြီးသော အရိယာသောတာပန်သည် မိမိပြုသောအပြစ်တို့ကို မဖုံးကွယ်ထိုက်သူဖြစ်ကြောင်း မြတ်ဗုဒ္ဓမိန့်ခဲ့သည်မှာ အထင်အရှားရှိခဲ့သည်။

မဟာစည်ဆရာတော်အမြင်

။ ထို့ကြောင့် သောတာပန်သည်
( အဲဒီလို … ရုပ်နာမ်သင်္ခါရချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို အရိယမဂ်ဉာဏ်ဖြင့်တွေ့မြင်သွားတယ်။ အောက်ထစ်ဆုံး သောတာပတ္တိမဂ်ဉာဏ်ဖြင့် တွေ့မြင်သွားရင် အပါယ်လေးပါးကျစေနိုင်လောက်အောင် ပြင်းထန်တဲ့ကိလေသာကာမတွေ လုံးဝငြိမ်းသွားတယ်။ အဲဒါကို ဘယ်လိုလုပ်ပြီး သိရမလဲဆိုရင် ဘယ်ကိလေသာကိုမှမပယ်ရသေးတဲ့ ပုထုဇဉ်တွေမှာ အလိုရှိတဲ့ကာမဂုဏ်တွေကို ရအောင်သတ်နိုင်တယ်၊ခိုးနိုင်တယ်၊လိမ်နိုင်တယ်၊သောတာပန်မှာတော့ အဲဒီလိုကာမဂုဏ်ရအောင် မသတ်နိုင်တော့ဘူး။ မခိုးနိုင်၊မလိမ်နိုင်တော့ဘူး၊ အဲဒါဟာ သူ့သဘောရင်းအတိုင်းပင် ပြင်းထန်တဲ့ ကိလေသာတွေ ငြိမ်းနေလို့ပါပဲ။
( ကာမသုတ္တန်တရားတော်၊ မဟာစည်ဆရာတော်)

အထင်အရှားသိမြင်

။ ထို့ကြောင့် သောတာပန်မှန်လျှင်
၁) အသက်သတ်ခိုင်းလျှင် မသတ်တော့ပါ။
၂) ခိုးခိုင်းလျှင်လည်း မခိုးတော့ပါ။
၃) ခိုးမိရင်လည်း ခိုးပါကြောင်း လိမ်မပြောတော့ပါကြောင်း သာဓကရှိပါသည်။ ကာမကိလေသာငြိမ်းသူတို့၏ဖြစ်စဉ်အကြောင်းကို သိမြင်လိုလျှင် ဝိပဿနာဉာဏ်ပညာဖြင့် ကိလေသာတွေမည်သို့ပယ်သတ်နိုင်ကြမည်ကို သတိပဋ္ဌာန်တရားလေးပါးကို ပွားများကြလျှင် အထင်အရှားသိမြင်နိုင်သည်သာဖြစ်သည်။

သိနိုင်ကြမည်

။ ထိုကြောင့် ယနေ့ယခုကာလတွင် သောတာပန်ဖြစ်ခြင်းနှင့်ပတ်သက်၍ ယူဆချက်အမျိုးမျိုးဆိုကြပြောနေကြ၍ သောတာပန်သည် မည်သို့သောပုဂ္ဂိုလ်များဖြစ်ကြောင်း သိနိုင်ကြမည်ဖြစ်သည်။

ချီးမွမ်းအပ်သူ

။ နိဂုံးချုပ်ရသော် သောတာပန်ပုဂ္ဂိုလ်သည် မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပြီးသော အရိယာသောတာပန်သည်သာ ချီးမွမ်းအပ်သူဟူ၍ ဆိုရမည်ဖြစ်လေသတည်း။

တောင်ကလေးဆရာတော်
(၁.၃.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ဥပါယာသ ။

။ ဥပါယာသ ။
~~~~~~~~~
( ဥပ+အာယသ+ဥ)
သည်စကားရဲ့အဓိပ္ပာယ်ကို

. ပြင်းစွာဖြစ်သောဒေါသ၊
. လွန်စွာပူပန်ခြင်း၊
. အတိုင်းထက်အလွန် စိတ်ပင်ပန်းခြင်း
ဆိုပြီးတော့ အဘိဓာန်ဆရာတွေက
ဖွင့်ဆိုထားပါတယ်။

။ မိမိပိုင်ဆိုင်ထားကြတဲ့
စည်းစိမ်ဥစ္စာတွေထဲက
အကြောင်းမဲ့တစ်ခုခုနဲ့
ပျက်စီးယိုယွင်းသွားတဲ့အခါ
ပြင်းပြင်းထန်ထန်
ခံစားနေရတဲ့ဒေါသစိတ်ဟာ
” ဥပါယာသ” လို့ခေါ်ပါတယ်။

။ သာမန်ဒေါသစိတ်ဟာ
ကြမ်းတမ်းနေတာ
သတ်ချင်ဖြတ်ချင်တာတွေပဲ
ဖြစ်နေတာပါ
ဥပါယာသစိတ်နဲ့မတူပါ။

။ ဥပါယာသစိတ်က
စိတ်ပူပန်တယ်
တစ်ကိုယ်လုံးထူပူပြီး
မေ့မေ့မြောမြောနဲ့
အပူလုံးဆို့တက်ပြီး
မေ့မြောတတ်တယ်။

။ ငိုချင်ပေမယ့်
ငိုမထွက်ဘဲ
အပူလုံးဆို့တက်သလိုပေါ့။

။ ဒါကြောင့် ဥပါယာသစိတ်ဟာ
သောကစိတ်
ပရိဒေဝစိတ်တွေထက်
အပူပြင်းတယ်။

။ ဥပါယာသဟာ
စိတ်အားငယ်တတ်တဲ့သူတွေ
သူတစ်ပါးကို
အားကိုးယုံကြည်နေတတ်ကြတဲ့သူတွေ
များသောအားဖြင့်
အမျိုးသမီးတွေက
ဖြစ်တတ်ကြတာများပါတယ်။
( မဟာဂန္ဓာရုံဆရာတော်)

။ ဒါကြောင့် မနေ့ကရောက်လာတဲ့
ဒါယိကာမတစ်ဦးရဲ့
ဥပါယာသစိတ်ဖြစ်ပုံလေးတွေကို
မြင်တွေ့ရလို့
ဥပါယာသစိတ်ဟာ
သောက,ပရိဒေဝထက်
ပိုပိုပြီးပြင်းထန်နေတယ်ပါလားဆိုတာကို
သတိထားမိပါလေရဲ့။

။ ကိုင်း တို့တပည့်တွေ
၁) စိတ်အားမငယ်
၂) မိမိကိုယ်သာအားထားပြီး
ပျော်ပျော်ရွှင်ရွှင်နဲ့
သတိတရားနဲ့နေနိုင်ပါစေလို့
သတိပေးပါတယ်။

တောင်ကလေးဆရာတော်
(၂၇.၂.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

Attachment in love is greed,Attachment in hatred is anger.

Attachment in love is greed,
Attachment in hatred is anger.

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သံသရာကြွေး ။

။ သံသရာကြွေး ။
~~~~~~~~~~~~
။ သံသရာကြွေးဆိုတာဟာ
သံသရာထဲမှာရှိနေကြတဲ့
သက်ရှိတို့ရဲ့အကြွေးကို
ဆိုလိုပါတယ်။

။ ဒီအကြွေးကို
ဘယ်လိုများ
ပေါ်ပေါက်လာခဲ့ရသလဲဆိုရင်
ကာမဂုဏ်ကျူးလွန်မှုနဲ့
မကောင်းသောကံအစွဲတွေကြောင့်
ဖြစ်လာတာပါ။

။ သည်ကံအကြွေးများကြောင့်
သက်ရှိတွေဟာ
ပြန်ဆပ်ခြင်းကို
မလွဲမသွေ ကြုံရပါမယ်။

။ တရားသဘောအရ
သံသရာကြွေးကို
၁) ကာမအကြွေး
လူသားအနေနဲ့
လိုချင်မှုတို့ကြောင့်
မကောင်းသောကံတွေ
ပြုမိကြလေ့ရှိတယ်။

။ ဥပမာ = တစ်ဦးတစ်ယောက်ကို
ဖျက်ဆီးမိတာ
သူ့ဥစ္စာကိုခိုးယူမိတာ
သူ့အပေါ်ကိုသစ္စာဖောက်တာ
စတာတွေဟာ
သံသရာအကြွေးတွေ
ဖြစ်လာတာပါ။

၂) စိတ်ပိုင်းဆိုင်ရာ
အကြွေးနဲ့ကတော့
မနာလိုမှု
သဘောမတူမှု
အမြင်မှားမှုတွေကြောင့်
သံသရာအတွင်း
ပြန်ဆုံပြန်တွေ့ကြတယ်။

။ ဥပမာ ရန်ငြိုးထားကြတဲ့သူနှစ်ဦးဟာ
မတူကြတဲ့ဘဝတွေမှာ
ချစ်ကြတဲ့သူတွေ
ပြန်ဖြစ်လာနိုင်ကြပါတယ်။

၃) သံသရာကြွေး
ပြန်ဆပ်တာနဲ့ပတ်သက်ရင်

. သူ့အား
ကျေးဇူးတင်မှုဖြင့်
ပြန်ဆပ်ရမယ်။
. မျှတမှုဖြင့်
အကြွေးကို ပြန်ဆပ်ရမယ်။
. ပင်ပန်းဝမ်းနည်းမှုဖြင့်
သူ့အားပြန်ဆပ်ရမယ်။
. မည်သည့်နည်းဖြင့်မဆို
သူ့ရဲ့အကြွေးကိုပြန်ဆပ်နိုင်တဲ့သူဟာ
သံသရာအကြွေး
နည်းပါးကြပြီး
ဘဝခရီးလမ်း
ဖြောင့်တန်းအေးချမ်းသွားမှာပါ။

။ သည်းခံခြင်းနဲ့
ခွင့်လွှတ်ခြင်းနဲ့
နားလည်မှုနဲ့
အတူတူဆုံကြရတဲ့
သည်လောကအလယ်မှာ
သူ့ကြွေးသူဆပ်
ကိုယ့်ကြွေးကိုယ်ဆပ်ရင်းနဲ့ပဲ
ခွဲခွာကြခြင်းပါပဲလေ။

။ အဲဒီတော့
သံသရာရှည်
သံသရာလည်
သံသရာမှာ
သူသူငါငါ
အကြွေးပေးဆပ်ကြခြင်းနဲ့
စိတ်အေးချမ်းခြင်းနဲ့
ရှိသောအကြွေးတွေ
ရှင်းလင်းနိုင်ကြပါစေလို့ပါပဲ
တပည့်တို့ရေ။

။ ရေးခဲ့တဲ့စာထဲမှာ
( မယ်နုအုတ်ကျောင်းစာအုပ်မှာ)
” သူ့ကြွေးရှိရင်ဆပ်ရမည်” တဲ့?
တပည့်တို့ရေ။

။ ဒါကြောင့်
ငြောင့်တံသင်းနဲ့တူပါသော
ဘဝအကြွေး
ကံအကြွေး
ဝဋ်အကြွေးတွေကို
ဆင်ခြင်နားလည်နိုင်ကြပါစေလေ။

တောင်ကလေးဆရာတော်
(၁၇.၂.၂၀၂၅) ရက်နေ့။

Loading