Categories
ကျန်းမာရေး စကားလက်ဆောင်

။ ဝါးကျောင်းလေး ။

။ တောရကျောင်းမှာ
နေခဲ့ပါသည်
တောင်ထိပ်ဝါးကျောင်းလေး။

။ ဒီနေ့ မိုးသားရိပ်ရိပ်ဖြစ်နေလို့ အဝေးဝေးကိုကြည့်လိုက်ရင်ပဲ တောတောင်တွေဟာ တိမ်လွှာသိပ်သိပ်ကြားမှာ ပျော်စရာဖြစ်တဲ့နေ့တစ်နေ့ပါပဲ။ ဒီမနက်ခင်းလေးကပဲ ဒါယကာတွေကို
၁) ဒုဒ္ဒ ဒံ ဒ ဒါတိ။
၂) ဒုက္ကရံ ကရောတိ။
၃) ဒုက္ခမံ ခမတိ ,ဆိုတဲ့
(၁) ပေးနိုင်ခဲခြင်း
(၂) ပြုနိုင်ခဲခြင်း
(၃) သည်းခံနိုင်ခဲခြင်း တရားသုံးပါးအကြောင်းကို ချီးမြှင့်ခဲ့ပါတယ်။

။ နံနက်ခင်းဩဝါဒပြီးလို့ ကျောင်းအောက်ကိုမဆင်းမီ ပတ်ဝန်းကျင်အဝေးဝေးကိုကြည့်လိုက်မိတဲ့အချိန်မှာပဲ ကြည်နူးစရာပါပဲ။ အလွန်အေးချမ်းတဲ့နံနက်ခင်း။

။ ကျောင်းဆောင်ထဲပြန်ဝင်လာပြီး ပြုစရာကိစ္စကြီးငယ်တွေပြုပြီးလို့ ဆွမ်းစားနေရာမှာကြွသွားပြီး ဆွမ်းဘုဉ်းပေးပါတယ်။ ဒီနေ့ ဆွမ်းဝိုင်းကိုကြည့်လိုက်မိတဲ့အခါ ဖက်ဆွတ်မိုးကနေ ပေါက်လာတဲ့ဖက်ဆွတ်မှိုဟင်းပါနေတာကိုမြင်ရတော့ ဆွမ်းစားခါနီးဆင်ခြင်ရမယ့်လက္ခဏာတွေ မေ့နေသလိုပါပဲ။

။ ဒီလိုပါ။ အရှင်ကငယ်ငယ်လေးကတည်းက မှိုဟင်းလျာကိုအလွန်နှစ်သက်သူဖြစ်တယ်မဟုတ်လား။ မှိုဟင်းဆိုကတည်းက ကြိုက်ပြီပေါ့။ ပစ္စဝေက္ခဏာဆင်ခြင်ပြီး ဆွမ်းလုတ်ပြုတဲ့အခါ ဆွမ်းကိုဘုဉ်ပေးပါတယ်။ ဆွမ်းဘုဉ်းပေးနေရင်းနဲ့ပါပဲ ဘုဉ်းပေးရတဲ့ ဆွမ်းဟင်းရည်ရဲ့အရသာဟာ ငယ်ငယ်လေးက မိခင်ချက်ပေးခဲ့တဲ့ဆွမ်းဟင်းအရသာနဲ့တူလေတော့ အလိုလိုပဲ မိခင်ကြီးကိုသတိရမိလိုက်တာပေါ့။

။ ဒီနေ့ တစ်နေကုန်အောင် စာဖတ်ဖြစ်ပါတယ်။ ဥပုသ်နေ့ဖြစ်တော့ နားရပါတယ်။ စာရေးတယ်။ စာဖတ်တယ်။ အခန်းသန့်ရှင်းရေးလုပ်တယ်။ ကုဋီနေရာသန့်ရှင်းအောင်လုပ်တယ်။ စာအုပ်ကြားထဲဖုန်တွေသုတ်တယ်။ ခေါင်းအုံး၊ဖျာ၊အိပ်ယာနေရာ စနစ်တကျထားတယ်။ရေးတဲ့စာပြန်ဖတ်တယ်။ ပြန်ပြင်တယ်။

။ ပြီးတော့ လေ့လာသင့်တဲ့အကြောင်းအရာတွေကို ဝပ်ဆိုက်ပေါ်ကိုတက်ပြီး မိမိနှစ်သက်နေတဲ့အကြောင်းတွေကိုဖတ်တယ်။ စုစည်းယူတယ်။ သိမ်းဆည်းယူတယ်။ အချိန်ရသလောက် လိုက်လေ့လာတယ်။ နိုင်ငံရေး၊လူမှုရေး၊စစ်ရေး၊စီးပွားရေးပညာအကြောင်းတွေ အားရင်အားသလို လေ့လာယူခဲ့ပါတယ်။

။ ညချမ်းချိန်မှာတော့ ကမ္မဋ္ဌာန်းထိုင်ပါတယ်။ မေတ္တာဘာဝနာပွားများပါတယ်။ မေတ္တာဘာဝနာဉာဏ်နဲ့နေတယ်။ မကျန်းမမာဖြစ်ချိန်မှအပ မပျက်မကွက်ပြုဖြစ်တဲ့ကျင့်ဝတ်ပါပဲ။

။ ဒီနေ့တော့ တရားတစ်ပါးကိုနှလုံးသွင်းနေရင်းနဲ့ ငယ်ငယ်ကတောရကျောင်း( ဝါးကျောင်းကလေး) ကို သတိပိုရမိပါလေရဲ့။ အကြောင်းက ထွေထွေထူးထူးတော့မဟုတ်ပါဘူး။
တောရကျောင်းမှာ
နေခဲ့ပါသည်
ရင်မှာချမ်းမြေ့စေခဲ့လို့ပါပဲ။

တောမှီရဟန်း
(၆.၆.၂၀၂၂) ရက်နေ့ညနေခင်းချိန်။)

Loading

Categories
စကားလက်ဆောင် ပညာရေး

ဒီနေ့အမှတ်တရစကားပါ။

ပညာကို ဘယ်သူမှခိုးယူလို့မရပါဘူး။

ပညာသင်ယူဖို့မမေ့ကြပါနှင့် တပည့်တို့ရေး။

Loading

Categories
စကားလက်ဆောင်

။ သည်နေ့ မေးချင်တဲ့စကားများ ။

။ မိမိအကြောင်းကို ပြန်စဉ်းစားပါ။
။ တစ်နေ့အတွက် ကောင်းတာတွေ ဘာတွေလုပ်ခဲ့သလဲ။
။ ကုသိုလ်အတွက် ဘာလုပ်ခဲ့လဲ။
။ မိသားစုအတွက် အချိန်များများ ပေးခဲ့ပါသလား။
။ မိမိအတွက် အရေးပါတဲ့အကြောင်းတရားက ဘာတွေပါလဲ။
။ သင့် မိသားစုထဲက သင့်အားမျက်ကွယ်ပြုထားပြီးသူ ရှိနေပြီလား။
။ နေ့တိုင်းလိုလို အလိုမကျဆုံးက ဘာတွေပါလဲ။
။ အဆင်သင့်အရံသင့် သင်လုပ်ထားရမှာက ဘာတွေပါလဲ။

တောင်ကလေးဆရာတော်
( ၂၉.၅.၂၀၂၂ ရက်နေ့နံနက်ခင်း)

Loading

Categories
စကားလက်ဆောင်

။ မှတ်တမ်းဓာတ်ပုံ ။

။ အေဒီ ၁၉၈၇ ခုနှစ်၊ ဇွန်လအတွင်းက ဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့လုံကျွန်းထိပ်က သာသနာရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စအတွက် ဆောင်ရွက်ဖို့ သွားရောက်ခဲ့တဲ့ ခရီးက မှတ်တမ်းဓာတ်ပုံပါ။

အဲဒီတုန်းက ပင်ပန်းခဲ့တဲ့ ကိုယ်စိတ်တွေကို ပြန်စဉ်းမိတိုင်း ….။

တောမှီရဟန်း
၂၂ – ၅ – ၂၀၁၆

Loading

Categories
စကားလက်ဆောင်

။ ပါဒ (ပဒ) စေတီတော် ။

။ အေဒီနှစ် ၁၀၄၀ ခုနှစ်၊ တစ်ခေတ်တစ်ချိန်တစ်ခါက မြန်မာပြည်သည် ပါဒ( ပဒ) စေတီတော်ကိုးကွယ်ယုံကြည်မှုအရ စေတီလေးပါးတွင်ထိုက်သော ပါဒ( ပဒ) စေတီတော်ခေါ်( ဗုဒ္ဓခြေတော်ရာ) သည် မြန်မာပြည်အရပ်တွင် ရှိနေခဲ့ပြီးဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။

။ ယင်းခေတ်ကာလမတိုင်မီကလည်း ပါဒ( ပဒ) စေတီတော်တည်ထားကိုးကွယ်မှုအရ အခြားသောနေရာဒေသအသီးသီးသို့လည်း ထုဆစ်ပူဇော်နေကြပြီလည်း လေ့လာတွေ့ရှိရပါသည်။

။ မြန်မာပြည်၊အိန္ဒိယပြည်၊ထိုင်း၊သီရိလင်္ကာ၊စသည့် ဗုဒ္ဓဘာသာထွန်းကားခဲ့ရာ အရပ်ဒေသအသီးသီးသို့လည်း ထုလုပ်ပူဇော်ခဲ့ကြကြောင်း တွေ့ရှိရသည်။

။ မြန်မာပြည်တွင်
၁) သဲကျောက်သား
၂) စကျင်ကျောက်သား
၃) ကြေးသားပေါ်တွင် ထုလုပ်ပူဇော်ခဲ့ကြသည်ကို တွေ့ရသည်။ အထူးသဖြင့် သဲကျောက်သားပေါ်တွင် မူလအစထုလုပ်ပူဇော်ကြသည်။

။ ယခု ဤခြေတော်ရာသည်
၁) သဲကျောက်သားဖြင့်ထုလုပ်ထားခြင်း၊
၂) အခန်း(၁၀) အဆင့်( ၉) ဆင့်ရှိခြင်း၊
၃) ဘယ်ခြေသန်းမှစ၍ လှံမအမှတ်အသားထားလျက် အစပြုပြီး (၁၀၈) ကွက်စက်တော်ရာပုံပြုခြင်း၊
၄) လက်ရာခန့်မှန်းချက်အရ ပုဂံခေတ်( ပုကံခေတ်) နှောင်းပိုင်းကာလဟုယူဆခြင်း၊
၅) မသမာသူများက ဖျက်ဆီးခြင်းခံရသည်။
၆) သုတေသနပြုလုပ်သင့်ဟု ယူဆသည်။

။ မည်သူမျှအလေးမထားကြတော့သော ပါဒ( ပဒ) စေတီတော်ကို သည်နေ့ သင့်တင့်လျှောက်ပတ်ရာပါဒပလ္လင်တော်မြတ်ထက်တွင် ကပ်လှူပူဇော်ပြုပေးလိုက်ပါပြီ။ သာသနာအတွက် အမှတ်တရနေ့ဖြစ်ပါသည်။
ရင်ကို အေးမြကြပါစေ

တောင်ကလေးဆရာတော်
(၂၂.၅.၂၀၂၂) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ ပြန်တွေးကြည့်မိသည် ။

။ တစ်ခါတစ်ရံ
တွေးမိပြန်သည်
ဒဏ်ရာဒဏ်ချက်တွေ။

။ တစ်ခါတစ်ရံ
ဒေါသထန်သည်
စိတ်မာန်အမှားတွေ။

။ တစ်ခါတစ်ရံ
ခွင့်လွှတ်ပြန်ပြီး
သည်းခံစိတ်မြတ်တွေ။

။ တစ်ခါတစ်လေ
အူမြူးလေသည်
အရူးဖြစ်တာတွေ။

။ တစ်ခါတစ်လေ
မှုန်တွေဝေသည်
စိတ်ပေတေလေတွေ။

။ တစ်ခါတစ်လေ
စိတ်အေးနေသည်
ကျေနပ်နေတာတွေ။

။ သည်နေ့တော့
စိတ်အညစ်တွေ
မပေရေအောင်
အပူသူတွေ ကင်းကင်းနေ။

တောမှီရဟန်း
(၁၁.၅.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
စကားလက်ဆောင် ပညာရေး

။ ပညာလမင်း၊ကြယ်ခပင်းသို့ ။

။ ဒီနေ့တော့
နေတစ်စင်း
လတစ်စင်း
ကြယ်ခပင်းတို့ရဲ့
ကမ္ဘာကိုဝိုင်းရံတဲ့နေ့ပါပဲ။

။ အမျိုးထဲက
တစ်ယောက်
သွေးစုထဲက
သွေးသောက်
မျိုးဆက်ထဲက
သူတစ်ယောက်
ထွန်းတောက်မည့်နေ
ထွန်းပေါက်ဝေမည့်ကြယ်ကလေး။

။ အပြာရောင်ကောင်းကင်ရဲ့
ချစ်စရာ့ကြယ်ကလေး
တစ်မိုးအောက်မှာ
မိုးသောက်ပန်းပမာ
ဒီနေ့တော့
မိသားစုရဲ့
ကြယ်ကလေးတစ်စင်း။

(မြေးကလေး နာကိုင်းကိုင်းသို့ )
တောင်ကလေးဆရာတော်
(၇.၅.၂၀၂၂) ရက်နေ့ညနေခင်း။

Loading

Categories
စကားလက်ဆောင် ဗုဒ္ဓဘာသာ

။ ဝေဠုဝန်ကို မမေ့ဘူး ။

☘️မင်းလှကနေ ပြန်လာပြီးနောက် 🌿🌿🌿

။ 🌿မင်းလှမှာ အေဒီနှစ် ၁၉၈၀/၈၁ မှာ နေခဲ့တယ်။ အစက ပါဠိစာပေသင်ယူဖို့ မြောင်းမြမြို့၊ ပဇ္ဇောတာရုံပါဠိတက္ကသိုလ်မှာ ပါဠိဘာသာအထူးပြုသင်ယူဖို့ပါပဲ။ အဲဒီမှာ မရောက်ဖြစ်ဘဲ မင်းလှကိုရောက်ခဲ့တယ်။ မင်းလှဝေဠုဝန်စာသင်တိုက်မှာ တစ်နှစ်နီးပါး နေခဲ့တယ်။

။ 🌿အဲဒီတုန်းက စာသင်ပေးတဲ့ဆရာတော်က
၁) ဆရာတော် ဥူးကုဏ္ဍလ( ဘုန်းတော်လေး – အများဒါယကာအခေါ်)
၂) စာချဆရာတော် ဥူးပဏ္ဍဝံသ
၃) ဥူးကဝိနန္ဒ တို့ပါ။ အထူးသဖြင့် ဆရာတော်ဘုန်းတော်လေးက အဘိဓမ္မာဘာသာရပ်ကို သင်ပေးပါတယ်။ အခြားသောဘာသာရပ်တွေက စာချဆရာတော် ဥူးပဏ္ဍဝံသက သင်ပေးပါတယ်။

။ 🌿ဆရာတော်တို့ထံမှာ ပညာသင်ယူခွင့်အချိန်ကာလနည်းပါးကြပေမယ့် သင်ကြားလိုတဲ့ဘာသာရပ်တွေသင်ယူခဲ့ရလို့ပဲ ဝမ်းမြောက်မိပါလေရဲ့။ ဒီမှာမနေခင်က မန္တလေးစာသင်တိုက်ကြီးတွေမှာနေခဲ့ဖူးတော့ သင်ယူလိုတဲ့ဘာသာရပ်တွေ မစိမ်းပါဘူး။ ပျော်စရာပါပဲ။

။ 🌿တစ်ခါတစ်လေ ဆရာတော်နဲ့ဆွမ်းစားအတူကြွဖူးပါတယ်။ မြို့ထဲမှာပေါ့။ တစ်ချိန်မှာ ဆွမ်းစားအတူကြွလို့ ဆရာတော်က ဆွမ်းအနုမောဒနာပြုပေးဖို့ တရားချီးမြှင့်စေပါတယ်။ ဆရာတော့်ရှေ့မှောက်မှာပဲ တရားချီးမြှင့်ခဲ့ဖူးတယ်။ ကျောင်းရောက်တော့ ဆရာတော်က ” မဆိုးဘူး” လို့မိန့်ပါတယ်။ အားရှိသွားတာပေါ့။

။ 🌿အမှတ်ရစရာတစ်ခုက သက်ရွယ်ရလာကြတဲ့ဆရာတော်တို့ကို ကြည်ညိုရင်းစိတ်ရှိခဲ့တဲ့အတိုင်း ဆရာတော်တို့ခရီးသွားလာဖို့ အခက်အခဲမရှိအောင် မော်တော်ယာဉ်တစ်စီးလှူဒါန်းပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဆရာတော်ကြီးက တရားချီးမြှင့်ပေးဖို့ မိန့်ပါသေးတယ်။ အဲဒီမှာ တရားမချီးမြှင့်ရဲတော့ပါကြောင်း လျှောက်ကြားတော့ ဆရာတော်က ပြုံးပြပါလေရဲ့။

။ 🌿အသက်(၂၀) ရဟန်းငယ်ဘဝကနေခဲ့ဖူးတဲ့မင်းလှဝေဠုဝန်ကျောင်းဟာ ခုတော့ငယ်ကဆရာတော် လွန်တော်မူသွားပြန်တော့ မင်းလှကိုပြန်မရောက်ဖြစ်တော့မှာကိုလည်းစိုးရိမ်မိပါလေရဲ့။ ဒါပေမဲ့ မမေ့အပ်ရာတစ်ပါးထဲက မိမိပညာသင်ယူခဲ့ရာနေရာကို အသက်ဆုံးတိုင်မမေ့အပ်ဘူးလို့ ပညာရှင်တွေ ဆုံးမဩဝါဒရှိခဲ့လို့ မင်းလှမြို့နဲ့ဝေဠုဝန်ကျောင်းကို မမေ့ပါဘူး။

။ 🌿ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာမှာ ဝေဠုဝန်ကျောင်းတော်ဟာ ပထမအဦးအစဝိဟာရကျောင်းဖြစ်ခဲ့လို့ အိန္ဒိယမှာရှိတဲ့ဝေဠုဝန်ကျောင်းကို မမေ့နေသလိုပဲ ပဲခူးတိုင်း၊မင်းလှမြို့မှာရှိတဲ့ ဝေဠုဝန်ကျောင်းကိုလည်း မမေ့ပါဘူး။ မမေ့နိုင်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ဝေဠုဝန်ကျောင်းတွေဟာ ချမ်းချမ်းမြေ့မြေ့ ရှိနေကြလို့ပါပဲ။

။ 🌿ဒါကြောင့် ဒီနေ့တော့
၁) ပဲခူးတိုင်း၊ မင်းလှမြို့မှာရှိတဲ့ ဝေဠုဝန်ကျောင်းကိုအောက်မေ့နေရသလိုပဲ
၂) အိန္ဒိယမှာရှိတဲ့ ဝေဠုဝန်ကျောင်းမြတ်ကိုလည်း အောက်မေ့တသ သတိရနေမြဲပါပဲ။

☘️☘️ဝေဠုဝန်ကို မမေ့ဘူး။☘️☘️

တောမှီရဟန်း
(၅.၅.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
စကားလက်ဆောင်

။ ကြေကွဲခြင်း ဇာတ်ထုပ် ။

။ ကံမကုန်သရွေ့
ဘယ်သူ့ကိုမှ
တစ်ယောက်နဲ့တစ်ယောက်
မေ့မသွားကြပါဘူး။

။ ကံကုန်သွားကြတော့
တစ်ယောက်နဲ့တစ်ယောက်
သူမေ့ကိုယ်မေ့ပါပဲ။

။ ကံမကုန်ခင်
အကုန်အကျများခဲ့ကြတဲ့
သံယောဇဉ်တွေ
သမုဒယကံအကြောင်းတွေ
အပ်ကြောင်းထပ်ခဲ့ကြပေါ့။

။ ခုတော့
မေ့နေကြ
မုန်းနေကြ
ရှုံးနေကြ
ရုန်းနေကြ
ရွာလည်နေကြ
ပုန်းနေကြပေါ့။

။ အခုတော့
ကံအကွဲ
ကံအမွဲ
ကံအလွဲ
သောက
ပရိဒေဝ
ဒုက္ခ
ဒေါမနဿ
ဥပါယာသတွေနဲ့ပဲ
ကြေကွဲနေရ ပြန်ပြီပေါ့။

တောမှီရဟန်း
(၂၈.၄.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
စကားလက်ဆောင်

။ အချိန်နှင့်နေ ။

။ ဘယ်အချိန်မှာ
နေဝင်ပါတယ်
ကိုယ်သာအသိဆုံးပါပဲ။

။ ဘယ်အချိန်မှာ
နေထွက်ပါတယ်
ကိုယ်သာအသိဆုံးပါပဲ။

။ ဘယ်အချိန်မှာ
နေသာပါတယ်
ကိုယ်သာအသိဆုံးပါပဲ။

။ ဘယ်အချိန်မှာ
နေမြင့်ပါတယ်
ကိုယ်သာအသိဆုံးပါပဲ။

။ ဘယ်အချိန်မှာ
နေတည့်ပါတယ်
ကိုယ်သာအသိဆုံးပါပဲ။

။ ဘယ်အချိန်မှာ
နေကွယ်ပါတယ်
ကိုယ်သာအသိဆုံးပါပဲ။

။ ဘယ်အချိန်မှာ
နေကျော်ပါတယ်
ကိုယ်သာအသိဆုံးပါပဲ။

။ ဘယ်အချိန်မှာ
နေပျော်ပါတယ်
ကိုယ်သာအသိဆုံးပါပဲ။

။ ဘယ်အချိန်မှာ
လမ်းဆုံးပါတယ်
ကိုယ်သာအသိဆုံးပါပဲ။

။ ဘယ်အချိန်မှာ
ခွဲခွာကြမယ်
ကြေကွဲကြမယ်
မုန်းပစ်ကြမယ်
ပူပန်ရမယ်
ဆင်းရဲရမယ်
ချမ်းသာရမယ်
နှုတ်ဆက်ကြမယ်
ကိုယ်သာအသိဆုံးပါပဲ။

တောမှီရဟန်း
(၂၃.၄.၂၀၂၂) ရက်နေ့ညနေချိန်။)

Loading