ကြောင့်ကြမှု
။ကိုယ့်အတွက်ကိုယ်ကြောင့်ကြနေရတဲ့အထဲ သူ့အတွက်ကြောင့်ရတဲ့စိတ်က ဥပါဒါန်တစ်မျိုးပါပဲ။ အဲဒီဥပါန်ဒါန်က ကာမဥပါဒါန်မဟုတ်ပေမယ့် အတ္တဝါဒဥပါဒါန်တစ်မျိုးတစ်မည်များလား ? ဖြစ်နေမည်လားပါပဲ။
ဝဋ်ခင်းဝဋ်နွယ်
။ ဘဝင်စိတ်ဆိုတာ အနှောင်အဖွဲ့တွေများရင် နောင်ဇာတိစိတ်တစ်ခုခုက ဝိပါကအကျိုးစိတ်အခိုက်အတန့်ဖြစ်ရင် ဝိပါက်ဝိပါက်ချင်းစိတ်အကျိုးတွေ ရကြလေမှာပါပဲ။ လူ့စိတ်က အလိုလိုက်ဖန်များရင် ဝဋ်ခင်းဝဋ်နွယ်တွေဖြစ်သွားတာပါပဲ။
ပျော်မိနေကြ
။ အရှင်တို့တွေဟာ အသက်မသေကြသေးဘဲနဲ့ ဝဋ်ဒုက္ခတွေ အမျိုးမျိုးခံနေရတာပါ။ သဘောကျစရာ,သဘောမကျစရာတွေနဲ့ ပင်ပန်းနေကြတာပါ။ ဒီအကြောင်းတရားတွေကို အသေအချာသတိမထားမိကြဘဲ ပျော်နေကြတာပါ။
စိတ်ဓာတ်တွေကျ
။ တခါတခါတလေ မိမိကိုယ်မိမိအားမရဘဲ အမှားချင်းတွေလည်း ထပ်ပြီးထပ်နေတော့ အဲဒီအမှားတွေကိုတွေးမြော်နေရင်းနဲ့ပဲ စိတ်ဓာတ်တွေကျမိကြပါလေရဲ့။
ငြိမ်
။ လူဟာ စိတ်ဓာတ်ကျစရာနဲ့ကြုံရင် မဲ့ပြုံးလေးတောင်မပြုံးနိုင်ပါ။ ပျော်ပျော်ကြီးနေရမယ်ဆိုတဲ့အသိစိတ်ကလေးရှိနေပေမယ့် မနေနိုင်ဘဲ အားအင်ဆုတ်ယုတ်ပြီး ဘာဆိုဘာမှမလုပ်ကိုင်နိုင်ဘဲ ငြိမ်နေတော့တာပါပဲ။
လက်လွတ်ဖို့
။ အတွေးတွေလည်း မမြင်၊ အသွင်တွေလည်း မထင်လေတော့ ကိုယ်ကျင့်တရားတွေလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ အားနည်းမိကြပါလေရဲ့။ ဒီလိုအဖြစ်မျိုးနဲ့အကြိမ်ကြိမ်ဖြစ်နေခဲ့ရင် လူဟာ တွေဝေမိန်းမောမှုတွေဖြစ်ပြီး အရာခပ်သိမ်းကို လက်လွတ်ဖို့ကိုပဲ စဉ်းစားမိတော့တာပါပဲ။
မဖြုံစတမ်း
။ တကယ်တော့ လူဟာ လူသားစင်စစ်အမှန်လိုပဲတွေးပြီးနေထိုင်ရင် စိတ်ဓာတ်ကျစရာတွေ အမျိုးမျိုးပဲဆုံဆုံ လောကဓံကိုမဖြုံစတမ်းစိတ်နဲ့နေရမှာပါ။
သဘာဝမို့
။ ” ဆင်းရဲချမ်းသာ၊ သဘာဝမို့
တွေ့ကြုံနေကြ၊ လူတိုင်းပေ။
ကောင်း, ဆိုးနှစ်တန်၊အစုံတွဲလို့
တစ်လှည့်စီလဲ၊ အမြဲနေ။
လောကဓံကြုံ၊ မဖြုံတမ်းပေါ့
မတုန်စမ်းနဲ့၊စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း
အေးငြိမ်းချမ်းသာပေ” ဆိုတဲ့ လောကသဘာဝက အသိပေးနေတာပါ။
ဒါကြောင့် ” လောကဓံကြုံ မဖြုံတမ်းပေါ့” လို့ပဲ နှလုံးသွင်းဆင်ခြင်ရမှာဖြစ်ပါတယ်။
တောင်ကလေးဆရာတော်
(၂၆.၄.၂၀၂၃) ရက်နေ့နံနက်။)