Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

ဒကာကြီး ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး-ငြိမ်း)က နဂိုကတည်းက ဒီမိုကရက်

“ဒကာကြီး ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး-ငြိမ်း) က
နဂိုကတည်းက ဒီမိုကရက်”

နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် တောင်ကလေးဆရာတော်ကို လျှောက်ထားမေးမြန်းခြင်း

အတွဲ(၁၂)၊ အမှတ်(၈)၊ မြန်မာသက္ကရာဇ် ၁၃၈၅၊ ဝါခေါင်လပြည့်ကျော် ၁ ။ ၁-၉-၂၀၂၃ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

၂ဝ၂၃ခုနှစ် မေလတွင် တိုင်းရေးပြည်ရေးအခြေနေများနှင့် သာသနာရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တ ပညာသာမိ တောင်ကလေးဆရာတော်(အဲးခိုး)ထံသို့ မြန်မာသံတော်ဆင့် အယ်ဒီတာ သွားရောက်ဖူးမြော်ကာ ဆရာတော်၏အမြင်များကို လျှောက်ထား မေးမြန်းခဲ့စဉ်။ (ယခင်တစ်ပတ်ဖော်ပြခဲ့သော မေးမြန်းခန်းအဆက်)

သံတော်ဆင့် – ဆရာတော်သီတင်း သုံးနေတဲ့ကျောင်းသစ်ကြီးကို အခု နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး လာရောက်ခဲ့တယ် ဘုရား၊ အရင်ကဆိုရင် နိုင်ငံတော်အကြီးအကဲ ထိပ်ဆုံးအဆင့် ဆရာတော်ကျောင်းကို မလာဖူးဘူး။ အခု နိုင်ငံတော်အကြီးအကဲက ဘယ်လိုကြောင့် လာဖြစ်ခဲ့တယ်ဆိုတာ သိပါရစေဘုရား။ 

ဆရာတော် – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ဆရာတော့်ကျောင်းကို ရောက်လာတဲ့အချိန်တုန်းက မထင်ခဲ့ပါဘူး။ ဒကာကြီးက ကရင်ပြည်နယ်ကို ရောက်လာတယ်ဆိုတော့ တောင်ကလေး ဆရာတော် ကျောင်းကိုလည်းရောက်ပြီးတော့ သြဝါဒခံယူချင်ပါတယ် ဆိုပြီးတော့ ဒကာတွေက လာလျှောက်လို့ အေး လာခဲ့ပေါ့လို့။ လာလို့ရပါတယ်လို့။ ဒကာကြီးဒီကို ရောက်လာတဲ့ အချိန်တုန်းက ကျောင်းကလည်း ထွေထွေထူးထူး မပြီးမြောက်သေးတော့ ဒကာကြီးနဲ့ ဦးဇင်းနဲ့ အချိန်အကြာကြီးတော့ စကားမပြောဖြစ်ပါဘူး။ ဒကာကြီးနဲ့စကား ပြောတယ်ဆိုတာကလည်းပဲ ထွေထွေထူးထူးလည်း ဘာမှလည်းပြောခဲ့တာ မရှိတဲ့အခါကျတော့ နိုင်ငံရေးကိစ္စတို့၊ အခြားသာသနာရေးကိစ္စ၊ လူမှုရေးကိစ္စ တွေလည်း ဘာမှထွေထွေထူးထူး မပြောဖြစ်ခဲ့ပါဘူး။ ဒကာကြီး မင်းအောင်လှိုင်က မွန်ပြည်နယ်မှာ၊ တပ်မ ၄၄ မှာ တပ်မမှူးဘဝကတည်းက ခင်မင်ရင်းနှီးခဲ့တဲ့ ဒကာဖြစ်နေတဲ့အတွက်ကြောင့် ဘားအံရောက်တုန်းမှာ ဆရာတော့်ကို ဝင်ရောက်ပြီးတော့ ဖူးမြော်တဲ့အနေနဲ့ လာရောက်ပြီးတော့ ဂါရဝပြုတဲ့အနေနဲ့ပဲ။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အခြားဘာတစ်ခုမှ မိန့်ခဲ့တာမျိုးမရှိဘူး။

သံတော်ဆင့် – အဲဒီတုန်းက ဆရာတော်တို့ နှစ်ယောက်အတော်ရီမော နေကြတယ်။ 

ဆရာတော် – ဟုတ်တယ်။ အဲဒီ အချိန်မှာပဲ တစ်ယောက်နဲ့တစ်ယောက် အဲလိုပဲ မတွေ့တာ ကြာတာလည်းပါတယ်။ မတွေ့တာကြာတယ်အခါ ဒီအတိုင်းပဲ သူပြုံးကိုယ်ပြုံးပါ။ 

သံတော်ဆင့် – အဲဒီအချိန်တုန်းက ကြံ့ခိုင်ရေးပါတီတစ်ခုတည်း အင်အားကြီးတာပေါ့ဘုရား။ ဖလုံစဝေါ်ပါတီ ပေါ်လာတော့ ဆရာတော်က ကရင်ပြည်နယ်ဘက်ကို ဝင်ထိန်းပေးတဲ့သဘော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ဆရာတော်ရဲ့ ဒကာကြီးဆိုတာ သိနေတဲ့သူတွေ သိနေကြတော့ ဒါဟာ ဆရာတော်နဲ့ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေတို့ တိုင်ပင်ပြီး ဖလုံစဝေါ်ပါတီ ကရင်ဒေသမှာ ဖွဲ့လိုက်တာလားလို့ ယူဆစရာဖြစ်ပါတယ် ဆရာတော် ဘုရား။ 

ဆရာတော် – နိုင်ငံရေးကိစ္စနဲ့ ဆောင်ရွက်လာတဲ့ အခါကျတော့ ဒကာကြီး ဦးသန်းရွှေနဲ့ ဆရာတော်နဲ့ဟာ ဆုံဖြစ်ပါတယ်။ ဒကာကြီးဦးသန်းရွှေဟာ နဂိုကတည်းက ဒီမိုကရက်သမား။ ဒီမိုကရေစီကိုလည်း သူကောင်းကောင်း နားလည်ပါတယ်။ ဆိုရှယ်လစ်အကြောင်းကိုလည်း သူကောင်းကောင်း နားလည်တယ်။ ဒီမိုကရက်ပုဂ္ဂိုလ် ဖြစ်တဲ့အခါကျတော့ နိုင်ငံရေးပါတီတွေ၊ ဘယ်လိုနိုင်ငံရေးပါတီတွေ ပေါ်ပေါက်ပေါ်ပေါက်၊ နိုင်ငံရေးအနှစ်သာရနဲ့ နိုင်ငံရေးတကယ်လုပ်တဲ့ ပါတီဆိုလို့ရှိရင် သူကတော့ အားပေးပါတယ်။ ဟို အဆိုးမမြင်ဘူးပေါ့။ အကောင်းဆုံးနဲ့ပဲနေတတ်လို့ ဆရာတော်နဲ့ ဒကာကြီးနဲ့က နိုင်ငံရေးအမြင် တူပါတယ်။ 

သံတော်ဆင့် – ဆရာတော်က ဒီမိုကရက်သမားလို့ မိန့်ပေမယ့် ဗဟိုဦးစီးစနစ်ကိုပဲ အဓိကသွားခဲ့တာ။ 

ဆရာတော် – အဲ ဒကာကြီးဦးသန်းရွှေက နိုင်ငံတော်ကို ဗဟိုဦးစီးစနစ်နဲ့ ဘာကြောင့်လုပ်ရသလဲဆိုတော့ မြန်မာပြည်၊ မြန်မာ့နိုင်ငံရေးဟာ ဗဟိုဦးစီးစနစ်မလုပ်ဘဲ ဘယ်လိုမှလုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးကို တကယ့်၊ အရပ်သားပြည်သူတွေက နိုင်ငံရေးကို နည်းစနစ်ကျကျနဲ့ မလုပ်တတ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗဟုသုတ အားနည်းတယ်။ အတွေ့အကြုံ အားနည်းတယ်။ ဖြစ်သလို၊ အဲ ရှိသလို လုပ်တတ်တာ ဖြစ်သည့်အတွက်ကြောင့် နိုင်ငံရေးက အဲသလိုလုပ်လို့ မရဘူး။ နိုင်ငံရေးက အဲလိုလုပ်လို့မရသေးဘူး ဆိုတာကို ဒကာကြီးဦးသန်းရွှေက နဂိုတည်းက သူသတ်မှတ်ထားပြီးသား။ ဒါကြောင့်မို့ ဗဟိုဦးစီးတဲ့ ဒီနိုင်ငံရေး ဆိုတာကလည်းပဲ သူကိုယ်တိုင်ဦးစီးတဲ့ နိုင်ငံရေးမဟုတ်ပါဘူး။ 

ဆရာတော်  – ကြံ့ခိုင်ရေးမှာ ဘာလိုအပ်သလဲဆိုတော့ မူကောင်းတဲ့လူ တွေလိုတယ်။ 

သံတော်ဆင့် – ဆရာတော် အမိန့်ရှိ ကြံ့ခိုင်ရေးက အင်အားအကောင်းဆုံး။ အန်အယ်ဒီက မှတ်ပုံမတင်တော့။ 

ဆရာတော် – တရားဝင်အနေနဲ့ တစ်နိုင်ငံလုံးယှဉ်ပြိုင်နိုင်မဲ့ နိုင်ငံရေးပါတီလို့ သတင်းစာထဲမှာတော့ ဆရာတော်တို့အနေနဲ့ တွေ့ရတာတွေ ရှိပါတယ်။ ဒါပေမယ့် တွေ့ရတဲ့ တစ်နိုင်ငံလုံး ယှဉ်ပြိုင်နိုင်တဲ့လူတွေက ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီကို ဘယ်လိုနည်းနဲ့မှ ချိုးလို့မရဘူး။ လူအင်အားလည်းချိုးလို့ မရသလို ဓနအင်အားလည်း ချိုးလို့မရဘူး။ ချိုးမနိုင်ဘူး။ ချိုးလို့လည်းမရဘူး။ ချိုးလို့လည်းမနိုင်ဘူး။ ဒါကြောင့်မို့ ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီသည် ဘက်မရှိ။ သူ့ကို ယှဉ်ပြိုင်ဘက် မရှိတာမဟုတ်ဘူး။ သူ့ကို အတိုက်အခံ ဘက်မဲ့နေ့သူဖြစ်တယ်။ 

သံတော်ဆင့် – တရုတ်က စီပီစီ ကွန်ဂရက်လို ဖြစ်လာမှာလားဘုရား။ 

ဆရာတော် – မှန်ပါတယ်။ အဲဒီလို ပုံစံမျိုးသွားလိုတဲ့ နိုင်ငံရေးဖြစ်သည့် အတွက်ကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီဟာ ဒီလိုဖွဲ့လာခဲ့တယ်လို့ ဆရာတော်တို့က ယူဆပြီးသား။ 

၂၀၂၁ခုနှစ် ဘားအံမြို့ တောင်ကလေး ကျောင်းတိုက် မဟာနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တ ပညာသာမိ တောင်ကလေး ဆရာတော် (အဲးခိုး) ထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် နိုင်ငံတော်အစိုးရ တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ (လေ)တို့နှင့် တပ်မတော်အရာရှိကြီးများ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ ရောက်ရှိဖူးမြော်ခဲ့ကြစဉ်။

သံတော်ဆင့် – ပါတီစုံဆိုတဲ့ စနစ် ကတော့ရှိနေဦးမှာပေါ့။ 

ဆရာတော် – ပါတီစုံဒီမိုကရေစီဆိုတဲ့ စကားလုံးကို သုံးနှုန်းထားပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတီစုံဒီမိုကရေစီလို့ သုံးနှုန်းထားပါတယ်။ ဒီမိုကရေစီဆိုတာ ပါတီစုံကို ပြောတာမဟုတ်ဘူး။ တကယ်တမ်းကျတော့ နိုင်ငံရေးအသွင်စုံအောင် ပါတီစုံဆိုတဲ့ စကားလုံးကို သုံးနှုန်းထားတာ။ တကယ်တမ်းတော့ နိုင်ငံရေးလောကမှာ ပါတီများလေ ပိုရှုပ်လေပါပဲ။ အဲဒီတော့ ပါတီစုံ နိုင်ငံရေးဆိုတာက ဒကာကြီးဦးနေဝင်းရဲ့ ဖွင့်လှစ်လိုက်တဲ့စကားလုံး ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ပါတီစုံနိုင်ငံရေးဆိုတာ မရှိပါဘူး။ ပါတီနိုင်ငံရေးပဲ ရှိပါတယ်။ ပါတီနိုင်ငံရေး၊ ပါတီအမျိုးမျိုးပါလာမယ် ဆိုပေမယ့်လည်း ပါတီအများကြီး ပါလာတာမဟုတ်ဘူး။ အဲဒီတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါတီစုံနိုင်ငံရေးလို့ ကျင်းပခွင့်ပေးလိုက်တဲ့ ဆိုတဲ့နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်သာ ပြဋ္ဌာန်းလိုက်တာ။ တကယ်တမ်းကျတော့ ပါတီစုံဆိုတဲ့ စကားလုံး သုံးမယ်ဆိုလို့ရှိရင် ဘယ်ပါတီတွေ လွှတ်တော်ခုံရုံးမှာ ပါရမယ်ဆိုတာ သတ်မှတ်ရမယ်။ သတ်မှတ်ပေးတာ မဟုတ်သည့် အတွက်ကြောင့် အဲဒီ ဥပဒေက ဘာလုပ်မလဲ။ ပြင်ရမယ်။ ပါတီစုံ နိုင်ငံရေးပါရမယ်ဆိုရင် ပါတီအနည်းဆုံး ၅ဝ ပါဝင်ရမယ်။ ပါတီ အနည်းဆုံး ဘယ်လောက်လောက် ပါရမလဲ။ သူက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သာမန်အားဖြင့်တော့ ဒီအတိုင်းသာ ရေးဆွဲထားပြီးတော့ တစ်ပါတီထဲသာ ပါလည်း ပါတီစုံပဲ။ ၂ ပါတီပါလည်း ပါတီစုံပဲ။ ဒါကြောင့်မို့ အဲဒီဥပဒေက ပြင်ဆင်ရမယ်။ 

သံတော်ဆင့် – ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ဆန္ဒ ဖြစ်စေချင်တာလား။

ဆရာတော် – ဒကာကြီးဦးသန်းရွှေ တစ်ယောက်ထဲရဲ့ ဆန္ဒတော့မဟုတ်ဘူးပေါ့။ ဒကာကြီး ဦးသန်းရွှေအပါအဝင် နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေ ပေါ်ပေါက်အောင် ဦးဆောင်ရေးဆွဲထားတဲ့ ပုဂ္ဂိုလ်အားလုံးပါပါတယ်။ အဲဒီတော့ တိုင်းရင်းသားအခွင့်အလမ်းကို ဖွင့်ပေးတဲ့ပုဂ္ဂိုလ်တွေပါသလို တိုင်းရင်းသားအခွင့်အလမ်းကို အဲအခွင့်အရေးကို ရယူနေတဲ့ပုဂ္ဂိုလ်တွေလည်း ပါပါတယ်။ ဒကာကြီးဦးသန်းရွှေ တစ်ဦးထဲတော့မဖြစ်နိုင်ဘူး။ ဒကာကြီး ဦးသန်းရွှေကတော့ ဟို ဦးဆောင်ပေးတဲ့ ပုဂ္ဂိုလ်လို့ ပြောရမယ်။ ဆရာတော့် အနေနဲ့ကတော့ လွှတ်တော်နိုင်ငံရေး၊ ပါတီနိုင်ငံရေး။ အဲတော့ လွှတ်တော်နိုင်ငံရေး၊ ပါတီနိုင်ငံရေး နှစ်မျိုးထဲမှာ လွှတ်တော်ကိုရောက်သွားတဲ့ နိုင်ငံရေးသည် အဲဒါ ဘုံနိုင်ငံရေးလို့ခေါ်တယ်။ မိမိနဲ့ မသက်ဆိုင်တဲ့၊ ပါတီနိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့အလုပ်တွေ ဘယ်သူမှ လုပ်လို့လည်းမရဘူး။ အမျိုးသားနိုင်ငံရေး သို့မဟုတ် ဘုံဆိုင်နိုင်ငံရေး လုပ်ရတော့မယ့် နိုင်ငံရေးသမားတွေ လွှတ်တော်မှာရောက်သွားပြီ။ ငါတို့တွေက ရောက်လာပြီဆိုတာကို အများပြည်သူ လုပ်ရမဲ့နိုင်ငံရေးကို မလုပ်ဘဲနဲ့ အစွဲအလမ်းမကင်းတဲ့၊ ဥပါဒါန်မကင်းတဲ့။ အစွဲအကင်းတွေပေါ့။ မကင်းတဲ့ပုဂ္ဂိုလ်တွေက နိုင်ငံရေးလွှတ်တော် မျက်မှောက်မှာ၊ လွှတ်တော်ရဲ့နေရာကို ရောက်သွားတဲ့အခါကျတော့ တိုင်းပြည်ကြီးဟာ အခုဖြစ်သွားတဲ့ကိစ္စဟာ ဒီအတိုင်းပဲ။ တကယ်တမ်းကျတော့ နိုင်ငံရေး လွှတ်တော် ရောက်သွားတဲ့လူတွေ အားလုံးသည် လွှတ်တော်ကိုယ်စားလှယ်။ လွှတ်တော်ကိုယ်စားလှယ် ဆိုတာက ပြည်သူ။ ပြည်သူရဲ့ကိုယ်စားလှယ်တွေ။ ပြည်သူ့ အလုပ်ကိုမလုပ်ဘဲနဲ့ ပြည်သူအလုပ်မဟုတ်တဲ့ နိုင်ငံရေး။ သို့မဟုတ် ပါတီအစွဲ အလုပ်လုပ်သည် ဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်ဟာဖြစ်ချင်သလိုဖြစ်နေတာ။ ဒါကြောင့်မို့လို့ အဲတော့ ဥပဒေတစ်ပုဒ်၊ တစ်ပုဒ်ကို ဥပဒေတစ်ပါး၊ တစ်ပါးကို၊ ဥပဒေတစ်မျိုး တစ်မျိုးကို ပြုပြင်မယ် ဆိုရင်လည်းပဲ ဘယ်လိုမှပြင်လို့မရဘူး။ ဘာလို့ပြင်လို့ မရနိုင်သလဲဆိုတော့ အစွဲအလမ်းရှိတဲ့ ပါတီကိုယ်စားလှယ်တွေ ရှိတာကိုး။ အနိုင်ရပါတီ ကိုယ်စားလှယ်မျိုးပေါ့။ လူထုကိုယ်စားလှယ်လို့ ကိုယ့်ကိုယ်ကို … ပေးတာ။ မှားနေတာ။ 

သံတော်ဆင့် – လွှတ်တော်ထဲ ရောက်သွားရင် ကိုယ်စားလှယ်တွေက ပါတီစွဲကင်းဖို့လိုတာပေါ့ဘုရား။ 

ဆရာတော် – ပါတီစွဲ ကင်းဖို့လိုတယ်။ လုံးဝပါတီနဲ့ ပတ်သက်တာတွေ အဲ ထားဖို့မလိုအပ်ဘူး။ 

သံတော်ဆင့် – အဲဒါဆို အဲဒီနည်း ဥပဒေတွေလည်း ပြင်ရမှာပေါ့နော်။ 

ဆရာတော် – နည်းဥပဒေပြင်ရမယ်။ နည်းဥပဒေပြင်ရမယ်။ 

သံတော်ဆင့် – လွှတ်တော်ဥက္ကဋ္ဌ တွေကလည်း ပါတီစွဲကင်းရမယ်။ 

ဆရာတော် – ပါတီစွဲကင်းရမယ်။ 

သံတော်ဆင့် – အရင် ဒီမိုကရေစီ အစိုးရနှစ်ဆက် လွှတ်တော်ဥက္ကဋ္ဌတွေက သူတို့ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွေကို လွှတ်တော်ထဲမှာ ကျင်းပခဲ့ကြတာရှိတယ် ဘုရား။ 

ဆရာတော် – ကျင်းပခဲ့တယ်။ အဲဒါလည်း မှားတယ်။ ဒါပေမဲ့ ဒါတွေက မလုပ်ရဘူး။ ငါသည် ပြည်သူ့ကိုယ်စားလှယ် ဖြစ်နေပြီဆိုတာကို လွှတ်တော်ထဲ ရောက်သွားတဲ့ ပြည်သူ့ကိုယ်စားလှယ် ဖြစ်သည်ဆိုတာကို ပြည်သူ့ကို၊ ပြည်သူကို လေးစားရမယ်။ ပြည်သူ့ ဥပဒေကို လေးစားရမယ်။ ပြည်သူ့သိက္ခာကို ထိန်းသိမ်းရမယ်။ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်သိက္ခာကို စောင့်စည်းရမည်။ 

“စိမ်းနီမဖက် ဝါမဖက်ဘဲ တစ်သက် အကျင့်တရားနဲ့ နေမယ့်ပုဂ္ဂိုလ်တွေ ဒီတိုင်းပြည်ကို နိုင်ငံရေးသိက္ခာရှိရှိနဲ့ ကျင့်သုံးဖို့ လိုအပ်မယ် …”

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် တောင်ကလေးဆရာတော်

သံတော်ဆင့် – တပည့်တော်တို့ ပြည်သူတွေကတော့ အခုအခါမှာ ဆင်းရဲကျပ်တည်း နေကြတာလည်း ရှိပါတယ်။ ဒီအပေါ် ဆရာတော်ဆုံးမဩဝါဒ ပေးလိုတာရှိရင် မိန့်ပါဘုရား။ 

ဆရာတော် – ဆရာတော်တို့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေ အနေနဲ့ကတော့ လက်ရှိအခြေအနေကတော့ စားဝတ်နေရေး အခက်အခဲကတော့ ရှိမှာပဲ။ တိုင်းပြည်မှာ အေးအေးချမ်းချမ်း ငြိမ်ငြိမ်သက်သက်၊ တည်တည်ငြိမ်ငြိမ်နဲ့ မဖြစ်ရင် ပြည်သူပြည်သား တွေကတော့ အခက်အခဲများစွာ ရှိနေဦးမှာပဲ။ အဲတော့ ဆရာတော့်အနေနဲ့ ကတော့ အမျိုးသားနိုင်ငံရေးပဲ ဦးတည် ဦးတည်၊ ဘယ်လိုနိုင်ငံရေးပဲ ဦးတည် ဦးတည်ပေါ့နော်။ မြန်မာပြည်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ ရည်ရွယ်ချက် မပါဘဲနဲ့တော့ သူတစ်မင်း ငါတစ်မင်း၊ သူတစ်လှမ်း ငါတစ်လှမ်း၊ သူတစ်သင်း ငါတစ်သင်း၊ သူတစ်ဖွဲ့ ငါတစ်ဖွဲ့ ရှိနေ ဖြစ်နေသမျှကာလပတ်လုံး ကတော့ မြန်မာပြည်မှာ ပိုပြီးတော့ ခက်ခဲဦးမှာပဲ။ … ဆိုလိုချင်တာက အခုဆိုလို့ရှိရင် အပြင်မှာနေတဲ့သူတွေဟာ အစိမ်း၊ အနီဆိုတဲ့ စကားလုံးသုံးတယ်။ ဒီလိုမသုံးဘဲနဲ့ ဖရဲသီးတဲ့။ ဟုတ်လား။ ဖရဲသီး။ အပြင်မှာကြည့်ရင် အစိမ်း။ အထဲမှာကြည့်ရင် အနီ။ ဟုတ်လား။ တချို့ကျတော့ ဘုန်းကြီးတွေကို လိမ္မော်သီးတဲ့။ အမျိုးစုံအမျိုးစုံ လှည့်ပြီး တော့ခေါ်တယ်ဗျ။ အခုဆိုရင် သင်္ဘောသီးလည်း စားလို့မရတော့ဘူး။ ဖရဲသီး လည်းစားလို့မရတော့ဘူး။ အဲတော့ ဖရဲသီး၊ သင်္ဘောသီးစသဖြင့်ပေါ့နော်။ ဒီအသီးတွေကို ဝယ်ပဲစားစား၊ ဘာပဲ စားစားတော့ မဖြစ်သင့်ဘူး။ အတတ်နိုင်ဆုံး အစိမ်းမဖက်၊ အနီမဖက်၊ စိမ်းနီမဖက်၊ အဝါမဖက်ဘဲ စိမ်းနီမဖက်၊ ဝါမဖက်ဘဲ မိမိတို့ရဲ့လုပ်ဆောင်ချက်၊ တိုင်းပြည်ကောင်းအောင် လုပ်ဆောင်ချက်၊ မိမိတို့ရဲ့တိုင်းပြည်တစ်သက်လုံး၊ ကောင်းစားဖို့အတွက်ကို ကိုယ်တိုင် ရည်ရွယ်ချက် ကြီးကြီးမားမားထားပြီးတော့ လုပ်ဆောင်ကြမဲ့ ပုဂ္ဂိုလ်တွေ များများစားစားပေါ်လာဖို့ပဲ အရေးကြီးတယ်။ စိမ်းနီမဖက် ဝါမဖက်ဘဲ တစ်သက် တိုင်းပြည်ကောင်းစားမဲ့ အကျင့်တရားနဲ့နေမဲ့ ပုဂ္ဂိုလ်တွေ၊ နေနိုင်မဲ့ပုဂ္ဂိုလ် တွေကိုလည်း ဒီတိုင်းပြည်ကို သိက္ခာ ရှိရှိနဲ့၊ နိုင်ငံရေးသိက္ခာရှိရှိနဲ့ ကျင့်သုံးဖို့ လိုအပ်မယ်လို့။ 

သံတော်ဆင့် – ဆရာတော့် ဒီကျောင်းမှာ သံဃာတွေကိုရော ဘယ်လိုဩဝါဒပေးထားပါလဲ ဘုရား။ 

ဆရာတော် – အင်း ကျောင်းတိုက်ထဲမှာနေတဲ့ ကိုရင်၊ ဦးဇင်း၊ ရဟန်းသံဃာတွေ အားလုံး ဘယ်အစိုးရတက်တက်၊ ဘယ်အစိုးရလက်ထက်ပဲ ဖြစ်ဖြစ် ဆရာတော်တို့ကျောင်းကတော့ အမုန်းမစွက်၊ အကြမ်းမဖက် … အနုနည်း အဝိဟိံသာနိုင်ငံရေး၊ ငြိမ်းချမ်းရေးနည်း။ အဲတော့ဘယ်သူ့ကိုမှ အမုန်း တရားလည်းမထားနဲ့။ ဘယ်သူ့ကိုမှ အကြမ်းဖက်လုပ်တဲ့အလုပ်တွေ မလုပ်နဲ့။ မညှဉ်းဆဲတဲ့ အလုပ်မှန်သမျှ မိမိတို့ ရင်ခွင်မှာပိုက်။ အကုန်လုံး အဲဒီအတိုင်း မေတ္တာတရားနဲ့နေရ။ ဒီလိုဩဝါဒပေး ထားတယ်။ 

သံတော်ဆင့် – ဆရာတော်က ဗဟိုဝန်ဆောင်တာဝန်ယူတဲ့အခါကျတော့ သံဃနာယကကိစ္စတွေ အပေါ်ဘာများ မိန့်ချင်ပါသလဲဘုရား။ 

ဆရာတော် – တစ်နိုင်ငံလုံးမှာရှိကြတဲ့ နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင် အပါး ၃ဝဝ လည်းပဲ အလုပ်လုပ်ကြပါတယ်။ နိုင်ငံတော်သံဃမဟာနာယက သံဃနာယကဆရာတော်ကြီးများရဲ့ လုပ်ဆောင်လာခဲ့တဲ့ လုပ်ဆောင်ရမဲ့ အလုပ်တွေကလည်းပဲ များပြားနေတဲ့အတွက်ကြောင့် လုပ်ထုံးလုပ်နည်းတွေ အကောင်အထည် ဖော်တဲ့နေရာမှာ၊ အခက်အခဲတွေရှိကြတာတွေ ဆရာတော်တို့တွေ့ရပါတယ်။ သာသနာသန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး အတွက်ကိုတော့ အားလုံးဆောင်ရွက် ပြီးတော့ ဦးတည်တဲ့ဆရာတော်တွေ ချည်းပါပဲ။ ဝိနည်းဒေသနာတော်တွေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် တစ်ခါတလေ အဲဒီဝိနည်းဒေသနာတော်မှာ ခွင့်ပြု၊ ခွင့်မလွှတ်နိုင်တဲ့၊ ခွင့်မပြုနိုင်တဲ့ သိက္ခာ ပုဒ်တွေနဲ့ နွှယ်သွားတတ်တယ်။ ဒါကြောင့်မို့ သံဃအဖွဲ့အစည်း လုပ်ထုံး လုပ်နည်း ညီညီညွတ်ညွတ် ဆောင်ရွက်တဲ့အခါမှာ မိမိတို့ ဆောင်ရွက်သင့်တယ်။ အကောင်အထည်ဖော်ဆောင်ရွက်တဲ့ နေရာမှာလည်းပဲ ဝိနည်းဓမ္မခံလုပ်ထုံး လုပ်နည်းနဲ့ ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ အဲဒါမှာပဲ ဆရာတော်တွေရဲ့ ဗုဒ္ဓဘာသာ သာသနာတော်သန့်ရှင်းမည်။ … ဒီသာသနာဝန်ထမ်း များစွာရှိတဲ့ အထဲက ရာခိုင်နှုန်းနဲ့အတူ ရွေးကောက်မှုပြုရတဲ့ နေရာမှာ လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်ဖို့သင့်တာပေါ့။ ဥပမာ ဘုန်းဘုန်းတို့ ကရင်ပြည်နယ်မှာ ဆိုရင် ကရင်ပြည်နယ်မှာ သံဃာ၊ ရဟန်းသံဃာတွေရဲ့ ဦးရေစာရင်းအရ ဆိုလို့ရှိရင် သမုတိ သံဃာတော်အချိုး အစားနဲ့ နောက်ပြီးတော့ ဗဟိုဝန်ဆောင် အချိုးအစားနဲ့ ရွေးကောက်ပြုရမယ် ဆိုလို့ရှိရင် ဆရာတော်တို့ ကရင် ပြည်နယ်မှာ ရွေးကောက်မှုပုံစံပြောင်းရမှာ။ နိုင်ငံတော်သံဃမဟာနာယက လုပ်ငန်းစဉ်မှာ ဆောင်ရွက်တဲ့နေရာမှာ ဘုန်းဘုန်းတို့ ကရင်ပြည်နယ်မှာ နိုင်ငံ တော်သံဃမဟာနာယက အဖွဲ့ဝင် တစ်ပါးပဲ ပါဝင်ခွင့်ရတယ်။ ဟို များစွာ ပါဝင်ခွင့်ရလိုတဲ့ ဆန္ဒမဟုတ်ပါဘူး။ လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်မယ် ဆိုလို့ရှိရင် ဘယ်လောက်သံဃာဦးရေနဲ့ သံဃာအပါးရေ ဘယ်လောက်နဲ့ ပါဝင် သင့်တယ်။ … နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် ဆောင်ရွက်တဲ့နေရာမှာ အင်အားနည်းတာ။ အထူးသဖြင့် ဆရာတော်ကြီးတွေက ပင်ပန်းပါတယ်။ အဲတော့ အင်အားနည်းတယ်၊ ပင်ပန်းတယ်ဆိုတော့ အင်အားလည်းများဖို့ရယ်၊ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဆောင်ရွက်တတ်ဖို့ရယ် ဒါ အရေးကြီးတယ်။ 

သံတော်ဆင့် – တပည့်တော်တို့မြန်မာသံတော်ဆင့် ပရိသတ်တွေရော ဆရာတော်အထူးမှာကြားချင်တာ၊ သီးခြားမိန့်ချင်တာ ရှိပါသလားဘုရား။ 

ဆရာတော် – အဲ မြန်မာသံတော်ဆင့် စာဖတ်ပရိသတ်များအနေနဲ့ ဆရာတော့် တစ်ပါးအနေနဲ့ နိုင်ငံရေးဆောင်းပါးတွေကို တွန်းတွန်းတိုက်တိုက်ရေးလိုတဲ့ ဆန္ဒရှိပေမဲ့ အဲဒီတုန်းက အတားအဆီး အပိတ်အပင်ရှိတာကြောင့် မရေးဖြစ်ခဲ့ဘူး။ နစကလက်ထက် ရောက်လာတော့ နိုင်ငံရေးဆောင်းပါးရေးပေမဲ့ အားရပါးရမရေးခဲ့ရတဲ့ အတွက်ကြောင့် ဆရာတော်တို့ တပည့်ဒကာ၊ ဒကာမတွေ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အတွေးကောင်းကောင်း နိုင်ငံရေးတွေ၊ စနစ်ကောင်းကောင်း နိုင်ငံရေးတွေ၊ ဝေဖန်ပိုင်းခြားနိုင်သော နိုင်ငံရေးတွေ ဆရာတော်တို့အနေနဲ့ မရေးဖြစ်ခဲ့ပါဘူး။ မရေးဖြစ်တာ။ မရေးတတ်တာမဟုတ်ဘူး။ ရေးတတ်တယ်။ အခုတော့ ကာလအချိန်အခါအရ ရေးသားတဲ့ နေရာမှာ အကြိုက်ကို လိုက်ရတာလည်း ဆရာတော်တို့အနေနဲ့ မရေးဘူး။ အဲတော့ ဆရာတော်တို့ရဲ့ အကြိုက်ကို ရေးခွင့်၊ ရေးသားဖို့ရာအတွက်အကြောင်း အင်္ဂါမပြည့်စုံသေးတဲ့ အတွက်ကြောင့် နိုင်ငံရေးဆောင်းပါးတွေကို စိတ်ကြိုက် မရေးဖြစ်တာပဲ ဖြစ်ပါတယ်။ ဒီအတွက် တပည့်ဒကာ၊ ဒကာမတွေသည်းခံပေးပါ။ … အကျဉ်းချုံး အနေနဲ့ပြောရရင်တော့ မြန်မာပြည်လူမှုရေးက ရှုပ်ထွေးဦးမှာပါပဲ။ စာပေနယ်ပယ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ စာပေနယ်မှာ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်တွေ၊ စာပေလုပ်ငန်းနဲ့ အသက် မွေးမြူပြုကြတဲ့ ပုဂ္ဂိုလ်တွေ၊ စာပေစာနယ်ဇင်းလုပ်ငန်း ဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးအတွက် နယ်ပယ်မကျယ်တော့ပါဘူး။ … ဒီထက်မက စီးပွားရေးမကောင်း၊ လူဦးရေ မမျှမတဖြစ်ရင် စာပေလုပ်ငန်းနဲ့ အလုပ်လုပ်တဲ့သူတွေ၊ အသက်မွေးပြုကြတဲ့ ပုဂ္ဂိုလ်တွေအတွက် အထူးသဖြင့် အခက်အခဲများစွာ ရှိဦးမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့နိုင်ငံရေး၊ မြန်မာ့စီးပွားရေး၊ မြန်မာ့လူမှုရေးဟာ အားလုံး၊ အားလုံး ဒဏ်ရာဒဏ်ချက် ကြီးကြီးကျယ်ကျယ် ရှိနေတာဖြစ်သည့် အတွက်ကြောင့် စာပေနယ်သမားအတွက်၊ စာပေနယ်သမားအတွက် ကိုလည်းပဲ ထိခိုက်ပါတယ်။ ဒါကြောင့်မို့ မြန်မာသံတော်ဆင့် စာဖတ်ပရိသတ်နဲ့အတူ ဆရာတော်တို့ တစ်တွေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေနယ်ပယ် လွတ်လပ်ရေးဖြစ်လာဖို့ များစွာကြိုးစားရဦးမယ်လို့ မြင်ပါတယ်။ 

သံတော်ဆင့် – မိန့်ကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာတော်။ 

မောင်ရေစက်

ဓာတ်ပုံ (မြန်မာသံတော်ဆင့်)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.