Categories
စကားလက်ဆောင်

။ မေလပြီးရင် ။

အတန်းပညာကိုသင်ခဲ့ဖူးကြတဲ့သူတွေမှတ်မိကြမယ်။ မေလပြီးရင် …….?။ ဧပြီလကုန်ခါနီးမှာ စိန်ပန်းနီနီ၊ ငုပန်းဝါဝါ၊ပိတောက်ဝါရွှေ ကောင်းကင်သစ်သစ်မြင်ရတဲ့အချိန်ပါပဲ။ ဒီအချိန်မှာ ငယ်ငယ်ကလေးက ကျောင်းနေဘက်သူငယ်ချင်းတွေကို အထူးကိုသတိရမိပါလေရဲ့။။ မေလရက်တွေမှာ ပျော်စရာကောင်းသောလအဖြစ်မျိုးနဲ့ဘုရားဖူးသွားတာ၊ အလည်သွားကြတာပေါ့။ ကျောင်းလည်းပိတ်ထားတော့ ရပ်ဝေးသူငယ်ချင်းများနေတဲ့ရွာတွေကို လည်လည်သွားကြလို့ ပျော်စရာကြီးပါပဲ။ သရက်သီးခူး၊ ကနစိုးသီးခူး၊ သစ်တိုသီး၊ မရမ်းသီးများ ပင်လုံးကျွတ်မှည့်ကြလို့ ခူးစားနေကြတဲ့အရသာကို မမေ့မမေ့နိုင်တော့ဘူးလေ။။ သင်္ကြန်အပြီးဆိုပေမယ့် သင်္ကြန်နှုတ်ဆက်တဲ့ပိတောက်ပန်းတွေလည်း တစ်ပင်လုံးဝါဝါဝင်းရွှေပါပဲ။ သင်းပျံ့ပျံ့မွှေးနေသည်ဆိုတဲ့အတိုင်း ပန်းပိတောက်တွေဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း သတိရပေါ့။ လှည့်လည်ကြည့်ရှုခဲ့တဲ့ ဘုရားပွဲတော်တွေလည်း သတိရမှရနေပါပဲ။။ ဇွန်လ(၁)ရက်ဆိုရင် တစ်နိုင်ငံလုံးမှာကျောင်းဖွင့်ပြီးလေ။ ကျောင်းမဖွင့်မီ လည်ရတဲ့ရက်တွေကို သတိတရဖြစ်မိတာက သင်္ကြန်ဘုရားပွဲပဲ။ ညိုရယ်၊ မြရယ်၊ သူရယ်ဆိုပြီး သူတို့ကို အထူးတလည်သတိရအောက်မေ့မိပါလေရဲ့။ သူတို့ဆီကို လှမ်းစာရေးရင် ” ဟေ့ ကိုသူလေးတဲ့ ၊ အလွမ်းအဆွေးကလေးလေးမဟုတ်တော့ပါဘူးတဲ့” ။။ မှန်ပါတယ်။ ဒီချိန်မှာလည်း သူတို့လည်း ကပ်ဘေးပုန်းရှောင်နေရသူမဟုတ်လား။ လွမ်းဖို့နေနေသာသာ ကပ်ဘေးကင်းရာအရပ်မှာ ရှောင်နေကြသူတွေဖြစ်လို့ ငုဝါပိတောက် စိန်ပန်းနီပြာအောက်ကို သတိမရနိုင်အားကြပါဘူး။ ထူးတာက ကိုသူလေးတစ်ယောက်သာပါပဲလေ။။ ဒီအချိန်မှာ နွေအကြောင်းကို ဥဩလေးတွေသိသလို၊ ပန်းအကြောင်းကိုပိတုံးလေးတွေသိတယ်မဟုတ်လား။ ငယ်ငယ်ကလေးကတည်းကဝါသနာရှိတဲ့ ကိုသူလေးရဲ့အကြောင်းကို သူတို့တွေ သိနေသိနေတော့ မလှုပ်ရဲလောက်အောင်ပါပဲ။ ဒါက ငယ်သူငယ်ချင်းတွေရဲ့ တစ်ယောက်အကြောင်းတစ်ယောက်ကသိနေကြတဲ့အကြောင်းတွေပေါ့။။ ပြောပြောဆိုဆိုနဲ့ ကျောင်းရှေ့မှာရှိနေတဲ့ပိတောက်ပင်က မပွင့်ရဲဘဲဖြစ်နေတာလားမသိပါ။ ဒီနှစ်မှာ ပွင့်ကိုမပွင့်သေးတာ။ နောက်ကျမှ စဉ်းစားပြီးမှပွင့်ရင်လည်း ပွင့်ပါစေတော့။ မကြာမီ ကျောင်းပြန်ဖွင့်တော့မယ်ဆိုတာကိုပဲ ကြိုပြီးလွမ်းနေတာ။။ “ ကဲ တပည့်တို့ရေသင်းတို့တစ်တွေကသင်းတို့ရဲ့ဆရာကြီးကိုသတိမရကြဘူးလားမအောက်မေ့ကြဘူးလားမလွမ်းကြဘူးလား” ဆိုတဲ့ ဆရာ့ဆရာတွေရဲ့ ကျောင်းဖွင့်ရက်နေ့နံနက် ပြန်မိတ်ဆက်ပြီးပြောတဲ့စကားကို မမေ့နိုင်ပါဘူး မဟုတ်ဘူးလား သူငယ်ချင်းတို့ရယ်။။ ကိုသူလေးကတော့မေလပြီးရင်လေ …… ?(၂၆.၄. ၂၀၂၀) ရက်နေ့နံနက်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.