Categories
စကားလက်ဆောင်

ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားပြုစုသော သူ့အသက်ကိုချစ်ပါလေ စာအုပ်မှ ရသတဏှာ

လွန်လေပြီးသောအခါ မြတ်စွာဘုရားအလောင်းတော်သည် ဗာရာဏသီမင်း ဖြစ်တော်မူစဉ် မင်းဥယျာဉ်၌ သဉ္ဇယ မည်သောသူကို ဥယျာဉ်မှူး ခန့်ထားလေ၏။

ထိုအခါ သမင်တစ်ကောင်သည် တောမှလာ၍ ထိုဥယျာဉ်၌ မြက်နုတို့ကိုစား၏။ ဥယျာဉ်မှူးသည် ထိုသမင်ကို မခြောက်မလှန့်မူ၍ ယဉ်ပါးအောင်ပြု၏။ ဥယျာဉ်၍ဖြစ်သော ပန်းသစ်သီးများကို မင်းကြီးအား ဆက်သရန် နန်းတော်သို့ဝင်၍ မင်းအား ထိုသမင်အကြောင်းကိုပြော၏။ သင်ရအောင် ဖမ်းယူနိုင်ပါမည်လော ဟုမေးရာ ပျားရည် လုံလောက်စွာရပါလျှင် ဖမ်းနိုင်ပါ၏။ နန်းတော်တွင်းသို့ ဝင်အောင်ပင် တတ်နိုင်ပါ၏ ဟုလျှောက်၏။

ပျားရည် လုံလောက်စွာရ၍ ဥယျာဉ်သို့ ပြန်ရောက်လေသော် ထိုသမင်စားရာဌာန၌ မြက်နုတို့ကို ပျားရည်ဆွတ်လူး၍ထား၏။ သမင်သည် ပျားရည်လူးသောမြက်ကိုစား၍ ပျားအရသာ၌ စွဲလန်းသောအခါ တောသို့မပြန်ဘဲ ဥယျာဉ်ထဲမှာသာနေ၍ တခြားမြက်ကိုမစားနိုင် ပျားရည်လူးသော မြက်ကိုသာစား၏။

ထိုအခါ နန်းတောထဲသို့သွင်းရန် မင်းကြီးအား ပြောကြား၍ လမ်းတလျှောက်၌ စိမ်းရှင်သော သစ်ကိုင်းသစ်ခက်တို့ကို ကာရံစေပြီးလျှင် ဥယျာဉ်မှူ းသည် ပျားရည်လူးသော မြက်စိမ်းတို့ကို ကိုင်ယူ၍ သမင်ကိုပြလျက် ရှေ့က သွားလေရာ သမင်သည် နန်းတော်တွင်းသို့ ရောက်လေ၏။ ထိုအခါ များစွာသော လူတွေကိုမြင်၍ ကြောက်လန့်ခြင်း ပြင်းစွာ ဖြစ်သဖြင့် ထိုမှ ဤမှ မရပ်မတည် ပြေး၍ နေ၏။ မင်းကြီး မြင်တော်မူလတ်သော် သနားခြင်းဖြစ်ပြီးလျှင် ရသတဏှာ၏ အပြစ်ကို မြင်တော်မူ၍ မင်းပရိတ်သတ်အပေါင်းအား ဤသို့ ပြောကြားပေ၏။

ပညာရှိစကား ကြားရဖူးသည်ကား ရသာရုံတို့ထက် လွန်၍ ယုတ်မာသောတရားသည် မရှိ။ တိုက်အိမ် ဘုံနန်း စသည်တို့ထက်လည်းကောင်း၊ သားမယားစသော ချစ်ကျွမ်းဝင်သူတို့ထက်လည်းကောင်းရသာရုံတို့သည် သာလျှင် ထောင်သောင်းမက အဆများစွာ သာလွန်ထူးကဲ၍ ယုတ်မာလှကုန်၏။ တောရပ်ဂနိုင် မြိုင်ကြီးအတွင်း၍ မှီတင်းနေထိုင်သော သမင်ပျံကို ဥယျာဉ်မှူ း သဉ္ဇယသည် ပျားရည် ဟူသော ရသာရုံတို့ဖြင့် မိမိအလိုသို့ ဆောင်နိုင်ပါ၏။

အဘယ်ကြောင့် ရသာရုံ ရသတဏှာတို့သည် အယုတ်မာဆုံးဖြစ်ကြသနည်း။ အိမ်ရာတိုက်တာဘုံနန်းဗိမာန်တို့၌ ခင်တွယ်သော အာဝါသတဏှာသည်လည်း တခြားတစ်ပါးသော တဏှာတို့ထက် ယုတ်မာလှ၏။ သားမယား ဆွေမျိုးညာတကာတို့၌ ခင်တွယ်သော တဏှာသည်လည်း အခြားတစ်ပါးသော တဏှာတို့ထက် ယုတ်မာလှ၏။ လျှာအရသာတို့၌ ခင်တွယ်သော ရသတဏှာသည်မူကား ထိုတဏှာတို့ထက်ပင် အဆအရာမက အဆအထောင်မက ယုတ်မာလှ၏။ အဘယ်ကြောင့်နည်း ဆိုသော် အိပ်နေဆဲကို ချန်လှပ်၍ တစ်နာရီမျှ အပြတ်မခံနိုင်ဘဲ အမြဲသုံးဆောင်ရခြင်းကြောင့် လည်းကောင်း၊ အစာအာဟာရမှတစ်ပါး အသက်ကို စောင့်ရှောက်နိုင်သော ဝတ္ထုဟူ၍ တစ်စုံတစ်ခုမျှ မရှိသော အသက်မွေးမှုကြီးဖြစ်နေသောကြောင့်တည်း။

“ အာဝါသတဏှာ ” ၊ “ ညာတိမိတ္တသန္ထဝတဏှာ ” တို့ထက် အဆရာထောင်မက ကြီးကျယ်လှ၏ ဟူသော စကား၌ ပေါရိသာဒမင်းသည် ရသတဏှာ အတွက်နှင့် တိုင်းပြည် နိုင်ငံ ဘုံနန်းဗိမာန်တို့ကို လည်းကောင်း၊ မောင်းမမိဿ ံ၊ မိဖုရား သားတော် သမီးတော် ဆွေတော်မျိုးတော် အလုံးစုံကိုလည်းကောင်း စွန့်ပစ်၍ ရသတဏှာ၏ ကျွန် လုပ်၍နေရ၏။ ရသတဏှာ လွန်ကဲမှုနှင့်စပ်သော ဇာတ်နိပါတ် ဝတ္ထုသက်သေ အများရှိ၏။

အိပ်နေဆဲကိုချန်လှပ်၍ တစ်နာရီမျှ အပြတ်မခံနိုင်ဘဲ အမြဲမှီဝဲသုံးဆောင်ရခြင်း ဆိုသည်ကား ထမင်းအစာအာဟာရ ကိစ္စများလည်းတစ်နေ့လျှင် ၂-ထပ် သို့မဟုတ် ၁-ထပ် နေ့စဉ် မြဲကြရ၏။ တစ်နေ့တစ်ရက်မျှ အလပ်မခံနိုင်ကြ၊ ထမင်းနပ်တို့၏အကြား၌ မုန့်ပဲ သစ်သီးခဲဖွယ် အလှော်အကြော်၊ အဖျော်အရည် အရက်မျိုးရှိတိုင်း တွေ့တိုင်းစားကြရ၊ သောက်ကြရသေး၏။ လက်ဖက်ဆေးကွမ်းတို့မှာ ခံတွင်း၌ မပြတ်ဝါးရန်၊ ငုံရန်၊ သောက်ရန်၊ ရှုရန် အမြဲရှိကြစေရ၏။

ဤသို့လျှင် လျှာခံတွင်းမည်သည် သာယာဖွယ် အာရုံ၊ သာယာဖွယ် တဏှာနှင့် တစ်နာရီမျှ အပြတ်မခံနိုင်ကြသော ဌာနဖြစ်၏။ ကျန်ရှိသော မျက်စိအရာ နားအရာ စသည်တို့မှာကား သာယာဖွယ်သော အဆင်း၊ အသံ၊ အစရှိသော အာရုံ သာယာခြင်း တဏှာတို့နှင့် တစ်ရက်မက တစ်လမက တစ်နှစ်မကပင် အပြတ်ခံနိုင်ကြကုန်၏။ ထိုကြောင့် ရသတဏှာသည် အကြီးအကျယ်ဆုံးသော တဏှာဖြစ်၏ ဟူဆိုသည်။

အသက်မွေးမှုကြီး ဖြစ်နေကြသည်ဟူသောစကား၌ လောကတွင် အသက်မွေးမှုသည် အရေးအကြီးဆုံးဖြစ်၏။ ရေသတ္တဝါ အနန္တ၊ ကုန်း သတ္တဝါ အနန္တတို့မှာ ထိုအမှုကြီးသည် အချုပ်အချာ ဖြစ်၏။

အသက်မွေးမှု ဟူသည်မှာလည်း ကဗဋ္ဌီကာရ အစာအာဟာရဖြည့်စွမ်းမှုကြီးပေတည်း။ ထိုကဗဋ္ဌီကာရ အစာအာဟာရဖြည့်စွမ်းမှုကြီးသည် အသက်ကို ပွားစီးစေခြင်း၊ ရသတဏှာကို ပွားစီးစေခြင်း အကျိုး ၂-ပါးကို အမြဲဆောင်ရွက်ပေ၏။ ဤသို့လျှင် အသက်မွေးမှုသည် တခြားတစ်ပါးသော အမှုခပ်သိမ်းတို့ထက် အဆတစ်ရာမက၊ အဆတစ်ထောင်မက၊ အဆအသောင်းအသိန်းမက ကြီးကြယ်လှသော အမှုကြီး ဖြစ်သောကြောင့် ရသတဏှာသည်လည်း ခပ်သိမ်းသော တဏှာဟူသမျှတို့ထက်အဆအရာ၊ အထောင်၊ အသောင်း၊ အသိန်းမက ကြီးကျယ်လှသော တဏှာကြီး ဖြစ်လေသည်။

ထိုရသတဏှာသည် အဘယ်မျှလောက် ယုတ်မာမှု၊ အကျိုးမဲ့မှု ကြီးကျယ်သနည်းဟူမူကား၊ အသက်ကို ပွားစီးစေခြင်း ကိစ္စသည်လည်း အလွန်အလွန် ကြီးကျယ်သော ဒုစရိုက်နယ်ကြီး တစ်ပါး ဖြစ်၏။ ရသတဏှာ တိုးတက်ပွားစီးခြင်း ကိစ္စသည်လည်း အလွန် ကြီးကျယ်သောဒုစရိုက်နယ်ကြီးတစ်ပါးဖြစ်၏။

ဤငါတို့ ဗုဒ္ဓဘာသာနိုင်ငံမှာပင် နွားသတ်ရုံ၊ သားသတ်ရုံတို့၌ နွားကောင်ရေပေါင်း၊ သားကောင်ကောင်ရေပေါင်း၊ ကြက်ကောင်ရေပေါင်း၊ ငှက်ကောင်ရေပေါင်း တစ်နေ့တစ်ရက်အတွင်းမှာပင် အသောင်းများစွာသေဆုံးရာ၏။ တစ်လတစ်လအတွက်မှာပင် အသိန်းများစွာ သေဆုံးရာ၏။ ဤရသတဏှာ၏ စက်ကြီးပင်တည်း။ ကမ္ဘာပေါ်ရှိ ဘီးလူးသဘက်တို့၏ အတတ်ကြောင့် ကပ်ရောဂါကြီးတွေ ဖြစ်ပေါ်နေခြင်းသည်လည်း ဤတဏှာစက်ကြီးပင်တည်း။

သေဆုံးကြရာ၌လည်း သေဆုံးကြသော သတ္တဝါတို့၏ ခန္ဓာကိုယ်တို့၌ ရှိနေကြသော အသားအသွေး ရသာရုံတို့သည် အတွင်းရန်သူတို့ပေတည်း။ ထိုရသာရုံတို့သည် သတ်သောသူတို့ကိုလည်း တွင်တွင်သတ်အောင် နှိုးဆော်ကုန်၏။ စားသောသူများကိုလည်း တွင်တွင်စားအောင်နှိုးဆော်ကုန်၏။ ဥပမာ အသီးအရွက် စားကောင်းသော သစ်ပင်တို့မှာ အသီးအရွက်သည် အတွင်းရန်သူဖြစ်၏။ အသီးအတွက် အရွက်အတွက် အနှုတ်အချိုင်ခံရ၏။ အသီးအရွက် မစားကောင်းသော သစ်ပင်သည် ချမ်းသာ၏။

ဤဥပမာကဲ့သို့ ရေသတ္တဝါ အနန္တ၊ ကုန်းသတ္တဝါ အနန္တတို့မှာ အသက်လွတ်အစာ အာဟာရစားကြသူ အလွန်နည်းပါး၏။ နိုင်ရာနိုင်ရာ ဖမ်းယူ၍ စားကြသူအလွန်များ၏။ ဤရသတဏှာ၏ စက်ကြီးပင်တည်း။ အဘယ်မျှလောက် နည်းပါးသည် အဘယ်မျှလောက် များပြားသည်ဟူမူ- ဤအရာ၌ မဟာဝဂ္ဂသံယုတ်တွင်လာသော နခသိခသုတ် ဒေသနာကို ထုတ်ဖော်ပြဆိုရာ၏။

ထိုသုတ် ဒေသနာတော်၏ အချုပ်ကို အနည်းငယ်မျှ ပြပေးအံ့။

မြတ်စွာဘုရားသည် လက်သည်းတော် အဖျား၌ မြေမှုန့်ကို တင်ထား၍ ရဟန်းတို့ကို မေးတော်မူ၏။ ရဟန်းတို့- ငါ၏လက်သည်းဖျားမှာ တင်ထားသော မြေမှုန့်စုနှင့် မဟာပထဝီအပြင်မှာရှိသော မြေမှုန့်စုသည် အဘယ်ကများသနည်းဟု မေးတော်မူ၏။ ရဟန်းတို့က လက်သည်းတော်ဖျား၌ တင်ထားသော မြေမှုန့်စုက အလွန်နည်းပါးလှသောကြောင့် မဟာပထဝီမြေပြင်မှာ ရှိနေသော မြေမှုန့်စုက အလွန်များပြားလှပါကြောင်းလျှောက်ကြကုန်၏။ ထိုအခါ ဤသို့ဟောတော်မူ၏။

ဤသတ္တလောကကြီး၌ သူ့အသက်သတ်မှုမှ ကြဉ်ရှောင်သူသည် လက်သည်းတော်ဖျားမှာ တင်ထားသော မြေမှုန့်စုကဲ့သို့ အလွန် နည်းပါ၏။ သူ့အသက်ကို သတ်မှုမှ မရှောင်ကြဉ်သူသည် မဟာပထဝီ မြေပြင်မှာရှိနေသော မြေမှုန့်များကဲ့သို့ များပြား၏ဟု ဟောတော်မူ၏။ အဒိန္နာဒါန် စသည်တို့မှာလည်း ဤနည်းတူ ဟောတော်မူ၏။

ဤဒေသနာတော်များကို ထောက်၍ အသက်သတ်လွတ် အစာအာဟာရကို စားကြသူ ဘယ်မျှလောက် နည်းပါးသည် နိုင်ရာနိုင်ရာ စားကြသူ ဘယ်မျှလောက် များပြားသည်ဟု သိနိုင်ရာ၏။ ဤသည်လည်းရသဏှာစက်ကြီးပင်တည်း။ ဤတွင်လည်း နိုင်ရာနိုင်ရာ စားကြသူများတွင် အသက်လွတ်စားရန်မရှိ၍ အသက်ရှိကို စားရသူများလည်းရှိရာ ရေသတ္တဝါများကိုမြော်လေ။ အသက်သတ်လွတ်စားရန်ရှိလျက်နှင့် ရသတဏှာအတွက် အသက်ရှိကို စားကြသူသည် အလွန်များ၏။ ကုန်းသတ္တဝါ များကိုမြော်လေ။ ဤသို့လျှင် တစ်လောကလုံး ဒုစရိုက်တောကြီး ဖြစ်နေသည်။ ရသတဏှာ ယုတ်မာမှုကြီးပေတည်း။

ထိုကြောင့် ဤအသက်မွေးမှုကြီး၊ ရသတဏှာ မွေးမှုကြီး ၂-ပါးသည် အလွန်ကြီးကျယ်သော ဒုစရိုက်နယ်ကြီး၂-ပါးဖြစ်ကြောင်း၊ အလွန်ယုတ်မာသော တဏှာကြီးဖြစ်ကြောင်း ထင်ရှား၏။ သေကြသည့်အခါ၌လည်း သုဂတိဘဝ၌ ဖြစ်သော သတ္တဝါသည် လက်သည်းတော်ဖျား၌တင်ထားသော မြေမှုန့်ကဲ့သို့ အလွန်နည်းပါး၏။ အပါယ်၌ ဖြစ်ရသော သတ္တဝါသည် မဟာပထဝီ မြေပြင်ကြီးမှာ ရှိနေသော မြေမှုန့်စုကဲ့သို့ အလွန်များပြား၏ဟု သုတ်ဒေသနာတော်များစွာ လာရှိပြန်၏။

ဤဒေသနာတော်များကို ထောက်၍ အပါယ်သို့ ကျရောက်လေသော သတ္တဝါ ဟူသမျှသည် သုဂတိဘဝသို့ ပြန်ရောက်ဖို့ အလွန်ခဲယဉ်းကြောင်း၊ ဘဝတစ်သောင်းနှင့်လည်း ပြန်နိုင်ခွင့်မရှိ၊ ဘဝတစ်သိန်းနှင့်လည်း ပြန်နိုင်ခွင့်မရှိ။ များစွာသော ကျောက်တုံး ကျောက်ခဲတို့ကို သမုဒ္ဒရာရေပြင်မှာ ပစ်ချလိုက်ရာ အောက်သို့သာ နှစ်မြှပ်သွားကြကုန်သကဲ့သို့ ထိုသတ္တဝါတို့သည် တစ်ဘဝထက် တစ်ဘ၀ နစ်မြှုပ်၍သာသွားကြကြောင်းကို သိနိုင်ရာ၏။

ဤအရာ၌ ၎င်းမဟာဝဂ္ဂသံယုတ်၌ပင် လာရှိသော “လိပ်ကန်း” ဥပမာ- ‘ ကာဏကစ္ဆပေါပမသုတ်’ ကိုလည်း ကြည့်ရာ၏။ ဤအလုံးစုံသည်ကား ရသတဏှာသည် ခပ်သိမ်းသော တဏှာတို့ထက် အဆသိန်းသောင်းလွန်ကဲကြောင်း၊ ယုတ်မာကြောင်းကို ဖွင့်ဆိုနိုင်ပေသော ‘ ဝါသမိဂဇာတ် အဋ္ဌကထာ ’ စကားကို ထင်ရှားစေရန် ဝေဖန်ဖော်ပြချက်ပေတည်း။

ယခုအခါ၌ ထိုရသတဏှာသည် ရဟန်းတော်တို့ဘောင်မှာ မင်းမူ၍နေကြ၏။ မင်းမူပုံကား လူတို့မှာ နေ့စဉ် ဟင်းကောင်းကျွေးကောင်းစားနိုင်ကြသူ အလွန်နည်းပါး၏။ အထိုက်အလိုက်နှင့် ပြီးကြသူများ၏။ ရဟန်းတော်တို့မှာ တတ်နိုင်သူတို့က လှူ ဒါန်းကြသည်ဖြစ်၍ နေ့စဉ်ဟင်းကောင်း ကျွေးကောင်း စားရသူများ၏။ မကောင်းလျှင် မစားနိုင်ကြသူများ၏။ ဘုန်တန်ခိုးကြီးလေလေ ဟင်းကောင်းကျွေးကောင်း၊ အစားကောင်းအသောက်ကောင်း ပြည်စုံလေလေဖြစ်၏။ သက်သတ်ဟင်း မပါလျှင်မစားနိုင်သူများ၏။

လောက၌ အာရုံအပေါင်းတို့တွင် ရသာရုံသည် အယုတ်မာဆုံးဖြစ်၏။ သူတစ်ပါး၏အသက်ကို ထိခိုက်သည်ဖြစ်၍ အကြီးအကျယ်ဆုံးအကျိုးမဲ့ကြီး ဖြစ်သည်ဟု ပြဆိုခဲ့သော ပါဠိအဋ္ဌကထာများနှင့် ဘယ်လိုနေကြမည်မသိဟု သံဝေဂယူကြဖို့ ကောင်းလှ၏။

ရသတဏှာတွင်လည်း လူတို့၏ အသက်သခင် စည်းစိမ်သခင်ဖြစ်ကြကုန်သော နွားသတ္တဝါ-ကျွဲသတ္တဝါတို့၏ အသားတို့၌ စွဲလန်းသော တဏှာသည် အယုတ်မာဆုံး ရသာတဏှာမျိုးစုတွင် အတုမရှိသော ဘုရင်ချုပ်ကြီး ဖြစ်ပေ၏။ “ နကိ ရတ္တိ ရသေဟိ ပါပိယော ” ဟူသော ဂါထာပဒကို နှုတ်တက်၍ ရကြဖို့လည်း ကောင်းလှ၏။

အထက်၌ ပြဆိုခဲ့သည့်အတိုင်း ဒုစရိုက်နယ် အပါယ်နယ်ကြီးဖြစ်ချေ၍ အယုတ်မာဆုံး ဖြစ်သော ဤရသတဏှာကြီးသည် ယခုအခါ ရဟန်းတော်များဘောင်မှာ မင်းမူ၍ နေရခြင်း၊ ရဟန်းတော်များ ဖြစ်လျက် တဏှာတကာတို့တက် အယုတ်မာဆုံးကြီးဖြစ်သော ရသတဏှာကြီး၏ ကျွန်ဖြစ်၍ နေကြရခြင်း သည်လည်း ဝမ်းနည်းဖွယ်ကောင်းလှ၏။

ဤကား- ဣဏပရိဘောဂအရာ တဏှာခြောက်ပါးတို့တွင် ရသတဏှာသည် အယုတ်မာဆုံးကြီး ဖြစ်ကြောင်း၊ ဒုစရိုက်နယ်ကြီး အပါယ်နယ်ကြီးဖြစ်ကြောင်း ပါဠစိအဋ္ဌကထာ လာရှိသည့်အတိုင်း ထုတ်ဖော်၍ ပြဆိုခြင်းပေတည်း။ (လယ်တီ ပုစ္ဆာအဖြေပေါင်းချုပ်)။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး